News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ဆီးရီးယားမှ ပါလက်စတိုင်းဒုက္ခသည် ဂီတပညာရှင်တစ်ဦး ဘီသိုဘင်ဆု ရရှိ

    ဆီးရီးယားမှ ပါလက်စတိုင်းဒုက္ခသည် ဂီတပညာရှင်တစ်ဦး ဘီသိုဘင်ဆု ရရှိ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    ples

    – ဆီးရီးယားနိုင်ငံ ဒမတ်စကပ်က ယာရ်မွတ် ဒုက္ခသည်စခန်း ဖျက်ဆီးခံရချိန်မှာ ၀ရုန်းသုန်းကားဖြစ်မှုကို အန်တုရင်း ငြိမ်သက်စွာ စန္တယားတီးနေတဲ့ ဗီဒီယို အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့သွားပြီးတဲ့နောက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ ပါလက်စတိုင်း ဒုက္ခသည်တစ်ဦးဟာ ဂျာမနီက ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုတစ်ခုကို ရရှိခဲ့ပါတယ်။

    အသက် ၂၇ နှစ်အရွယ် အေဟမ် အဟ်မဒ်ဆိုသူဖြစ်ပြီး လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ပူးပေါင်းပါဝင်ရေးနဲ့ ဆင်းရဲမွဲတွေမှု တိုက်ဖျက်ရေးဆိုင်ရာ ဘီသိုဗင်ဆု (Beethoven Prize) ကို ပြီးခဲ့တဲ့သောကြာနေ့က ဂျာမနီနိုင်ငံ ဘွန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ရရှိခဲ့တာဖြစ်ပါတယ်။

    ယာရ်မွတ်ဒုက္ခသည်စခန်းမှာ ကျန်ရှိနေတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေရဲ့ အခြေအနေဟာ မြန်မြန်ဆန်ဆန်ဆိုးဝါးလာတဲ့အချိန် အဟ်မဒ်ရဲ့ စန္တယားတီးတဲ့ဗီဒီယိုဟာ ၂၀၁၄ ခုနှစ်အတွင်း ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။

    အဲဒီဗီဒီယိုက ပတ်ပတ်လည် ယိုယွင်းနေတဲ့ အိမ်တွေ၊ အပျက်အဆီးတွေပြန့်ကျဲနေတဲ့ လမ်းမတွေကြားမှာ အဟ်မဒ်တစ်ယောက် အိုမင်းဟောင်းနွမ်းနေတဲ့ စန္တယားတီးနေတာကို မြင်ရမှာဖြစ်ပါတယ်။ အခြားဗီဒီယိုတွေမှာတော့ တိုက်ပွဲတွေဖြစ်နေတဲ့ အဲဒီစခန်းကသူတွေဟာ သူနဲ့အတူ လာရောက်ပူးပေါင်းပြီး သီချင်းတွေဆိုတာကို မြင်တွေ့ရပါတယ်။

    စက်တင်ဘာမှတော့ အဟ်မဒ်ဟာ ယာရ်မွတ်စခန်းကို စွန့်ခွာခဲ့ပြီး အန္တရာယ်များတဲ့ ရေလမ်းကြောင်းကတစ်ဆင့် တူရကီကနေ ဂရိကို သွားရောက်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် နောက်ဆုံးမှာတော့ သူဟာ ဂျာမနီကို ရောက်ရှိခဲ့ပါတယ်။

    ဧပြီလမှာ IS အဖွဲ့ဟာ ယာရ်မွတ်ဒုက္ခသည်စခန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး စခန်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ခဲ့ပါတယ်။ ရက်အနည်းငယ်မှာ သူတို့ ထွက်သွားခဲ့ပေမယ့် မထွက်သွားခင် အဟ်မဒ်ရဲ့ စန္တယားကို လမ်းပေါ်ထုတ်ပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။

    စက်တင်ဘာလအတွင်း ဂရိရဲ့ လက်စ်ဘော့စ်ကျွန်းကနေ ပြုလုပ်တဲ့ အင်တာဗျူးမှာ အဟ်မဒ်က “ယာရ်မွတ်ကိုစွန့်ခွာရတာဟာ ဆိုးရွားတဲ့အတွေ့အကြုံပါပဲ။ ကျွန်တော့်အိမ်က မီးလောင်သွားတယ်။ ဒါ့ကြောင့် မိသားစုနဲ့အတူ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ဒီစခန်းဟာ ဂီတသံစဉ်တွေ ဖန်တီးဖို့နေရာ ထပ်မဖြစ်နိုင်တော့ပါဘူး။ သီချင်းတွေကို ဖန်တီးနိုင်မယ့် ပိုကောင်းတဲ့နေရာတစ်ခုကို ရရှိနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်မှာတော့ အဲဒီစခန်းမှာ အလ်-နူဆရာတပ်ဦး ရှိနေပြီး ပတ်ဝန်းကျင်က ပတ်ပတ်လည်နေရာတွေကိုတော့ IS က ထိန်းချုပ်ထားပါတယ်။ ဧပြီလကစလို့ အလ်-နူဆရာတပ်ဦးရော IS အဖွဲ့ကပါ ပါလက်စတိုင်းနိုင်ငံရေးခေါင်းဆောင်တွေကို လုပ်ကြံခဲ့ကြပါတယ်။

    “ဧပြီလပထမပတ် IS က ယာရ်မွတ်စခန်းကို မသိမ်းပိုင်ခင်မှာ ကုလအတွင်းရေးမှူးချုပ်က အဲဒီဒုက္ခသည်စခန်းဟာ မရဏစခန်းဖြစ်နေပြီး ငရဲနဲ့ ဘာမှမခြားတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်” လို့ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ် ဂန်းနက်စ်က ပြောကြားခဲ့ပါတယ်။

    အဲဒီအချိန်ကတည်းကစလို့ စခန်းထဲကို မိမိတို့ ၀င်ရောက်လို့မရတော့ဘဲ အဲဒီမှာကျန်ရှိနေတဲ့ သောကပင်လယ်ပိုင်းနေသူတွေဟာ မစဉ်းစားနိုင်လောက်တဲ့ ကျိုးယုတ်ရှက်ရမှုကို ခံစားနေရမှာအတွက် စိုးရိမ်မိတယ်လို့ ဂန်းနက်စ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မြက်ပင်များပင် စားခဲ့ရ

    ဆီးရီးယားနိုင်ငံတစ်ဝှမ်းက ပြည်သူတွေလိုပဲ ယာရ်မွတ်အပါအ၀င် ပါလက်စတိုင်းဒုက္ခသည်စခန်းတွေဟာ အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အတိုက်အခံတွေအကြား တိုက်ခိုက်မှုတွေအတွင်းမှာ ကြားညပ်ခဲ့ရပါတယ်။

    (ဒီဇင်ဘာ ၂၃ ရက်နေ့) ဗုဒ္ဓဟူးနေ့မှာတော့ ယာရ်မွတ်စခန်းကို ဆီးရီးယားအစိုးရက ပိတ်ဆို့မှုဟာ ၃ နှစ်တင်းတင်း ပြည့်ပြီ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ပြည်သူအများအပြားသေဆုံးခဲ့တဲ့ ဗုံးကြဲမှုတွေအပြီးမှာ ဆီးရီးယားစစ်တပ်ဟာ စခန်းတစ်ခုလုံးမှာ စစ်ဆေးရေးဂိတ်တွေ ချခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်မှာတော့ ဆီးရီးယားစစ်သားတွေက အစားသောက်၊ ရေနဲ့ ဆေးဝါးတွေဝင်ရောက်မှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့တဲ့အတွက် စခန်းက ပြည်သူတွေဟာ အလွန်အမင်းအဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အသက်ရှင်ဖို့အတွက် မျက်စိလည်လမ်းမှားလာတဲ့ တိရစ္ဆာန်တွေနဲ့ မြက်ပင်တွေကိုတောင် စားသုံးနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

    ဂန်းနက်စ်ကတော့ ယာရ်မွတ်ဟာ ဆေးဝါးတွေမရှိတာကြောင့် အမျိုးသမီးတွေ မီးဖွားရင်းသေဆုံးတဲ့နေရာ၊ ကလေးငယ်တွေအပါအ၀င် လူ့အဖွဲ့အစည်းတွေဟာ မြက်ပင်တွေကို စားသောက်ခဲ့ရတဲ့နေရာလို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ချက်ခြင်းဝင်ရောက်ဖို့ တိုက်တွန်းဆော်သြခဲ့ပါတယ်။ ဒီလို အင်မတန်ဆိုးဝါးတဲ့ အခြေအနေက ဘယ်တုန်းကမှနဲ့မတူတဲ့ အကူအညီကို တောင်းဆိုနေပါတယ်” လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကုလဟာ ဇူလိုင်လမှာ ယာရ်မွတ်အခြေအနေကို ပိတ်ဆို့ခံထားရတဲ့အခြေအနေအဖြစ် သတ်မှတ်ခဲ့ပေမယ့် နေထိုင်သူတွေကတော့ စခန်းကထွက်ဖို့ ငြင်းဆိုခဲ့ပြီး စခန်းထဲကအခြေအနေကလည်း ဆိုးရွားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    တစ်ချိန်က လူပေါင်း ၂ သိန်းလောက် နေထိုင်ရာနေရာဖြစ်တဲ့တဲ့ ယာရ်မွတ်ဒုက္ခသည်စခန်းဟာ အခုအချိန်မှာတော့ လူ ၅၀၀၀ ကနေ ၈၀၀၀ လောက်အထိသာ ရှိနေတယ်လို့ ယာရ်မွတ်ဒုက္ခသည်စခန်းမှာ အလုပ်လုပ်နေတဲ့ လူငယ်အဖွဲ့အစည်း Jafra ဖောင်ဒေးရှင်းက ဆိုပါတယ်။

    သြဂုတ်လနဲ့ စက်တင်ဘာလတွင်း အဲဒီဒုက္ခသည်စခန်းမှာ တိုက်ဖိုက်ရောဂါ ပြန့်နှံ့ဖြစ်ပွားခဲ့ပါသေးတယ်။ ဆီးရီးယားနိုင်ငံ မတည်မငြိမ်စဖြစ်ကတည်းက သေဆုံးခဲ့သူ ဆီးရီးယားက ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၃၀၈၃ ဦး ရှိခဲ့ပြီလို့ ယူကေအခြေစိုက် Action Group for Palestinians of Syria အဖွဲ့က ပြောကြားခဲ့ပါတယ်။

    အစိုးရအကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၁၀၁၈ ဦး ရှိပြီး၊ ၂၈၂ ဦးကိုတော့ ဘယ်သူဘယ်ဝါမှန်း ဖော်ထုတ်လို့မရသေးဘူးလို့ ဒီအဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ဆီးရီးယားက ပဋိပက္ခဟာ ၂၀၁၁ ခုနှစ်မှာ ငြိမ်းချမ်းစွာ စတင်ခဲ့ပေမယ့် လက်နက်ကိုင်ပဋိပက္ခအဖြစ် ပြောင်းလဲခဲ့ပြီး လူပေါင်း ၂၅၀၀၀၀ လောက် သေဆုံးခဲ့ပြီလို့ ကုလကထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာ ဖော်ပြထားပါတယ်။

    (Aljazeera တွင်ဖော်ပြသည့် Palestinian refugee pianist given Beethoven Prize သတင်းဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ဘဝကိုပြောင်းလဲစေနိုင်သော တွန်အား တစ်ခုသည် အချစ်

    ဘဝကိုပြောင်းလဲစေနိုင်သော တွန်အား တစ်ခုသည် အချစ်

    ဒီဇင်ဘာ ၂၅ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်
    love-can-change-anything
    လူအမျိုးမျိုး စိတ်သည်လည်း အမျိုးမျိုးအထွေထွေပါလို့ ဆိုလေ့ရှိကြတယ်။ အထူးသဖြင့်တော့ မိန်းမတွေရဲ့စိတ်။ ငယ်ငယ်လေးကတည်းက အကျင့်တွေ၊ ဗီဇတွေဆိုတာ သေခါမှ ပျောက်တတ်တယ်။ ကျောက်သား ကျောက်စိုင်လို ရင်ထဲမှာ စွဲနေတတ်တာပါလို့လည်း သတ်မှတ်ကြတယ်။ ဆိုလိုတာကတော့ ပြုပြင်ဖို့ ခဲယဉ်းတယ်ဆိုတာကို ထင်ရှားစေတဲ့သဘော။

    မိန်းမတစ်ယောက်ရဲ့ ပင်ကိုမွေးရာပါစိတ်ဓာတ်က နူးညံ့ပြီးသား။ သနားလွယ်တယ်၊ ယုံလွယ်တယ်။ အကြင်နာမေတ္တာဆိုတာတွေနဲ့ အချစ်ကို ဒလဟော ဖောဖောသီသီကြီး ပေးပစ်တတ်ကြတယ်။ လူတိုင်း၊ မိန်းမတိုင်းတော့ မဟုတ်ဘူးပေါ့။ များသောအားဖြင့်ကတော့ လွယ်လွယ်နဲ့ သနားတတ်တယ်လေ။ တစ်ခုရှိတာက သူများပြောတိုင်း အကြင်နာအသနားပိုပြီး စေတနာတွေ ရေစီးကမ်းပြိုမလိုက်တတ်တဲ့ မိန်းမတွေလည်း ဒုနဲ့ဒေးပါ။ ဘယ်အသေးအဖွဲ့ကိုမဆို အကြီးကြီး အသိဥာဏ်နဲ့ချင့်ပြီးယုံလေ့ရှိတယ်။ ပေးကမ်းလေ့ရှိတယ်။ ကိုယ့်ရှေ့မှာ မျက်ရည်ကျပြတိုင်း လွယ်လွယ်နဲ့ အရည်ပျော်သွားတတ်တာမျိုး မရှိဘူး။ နောက်ပြီး သူတို့ရဲ့အကျင့်စရိုက်နဲ့ ပင်ကိုသဘာဝကို ခံယူချက်တစ်ခုအပေါ် အမြဲထိန်းထားပြီး ယိမ်းယိုင်ဖို့ မစဉ်းစားသူတွေလို့ ဆိုရမလားဘဲ။ ဆိုလိုတာက တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ရဲ့ပင်ကိုစိတ်ကို အလိုက်သင့်ပြောင်းလဲမပစ်ချင်တဲ့ မိန်းမဦးရေလည်း ရှိတန်သလောက် ရှိတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ ကိုယ့်သံယောဇဉ်ကြီးတဲ့သူတွေကို အလေးထားစိတ်၊ ရိုသေလေးစားစိတ်တွေကြောင့် ပင်ကိုစရိုက်သဘာဝနဲ့ စိတ်ဓာတ်ကို ပြောင်းလဲပစ်လေ့ရှိကြတယ်။ အဲဒီအထဲမှာ အင်အားအကြီးဆုံးသော တွန်းအားတစ်ခုက အချစ်ပါလို့ ဆိုပါရစေ။

    ကျွန်မကြုံဆုံဖူးတဲ့ မိန်းမသားတွေထဲမှာ ဒီလိုအကျင့်စရိုက် ပြောင်းလဲသွားတာမျိုးတွေ ထင်ထင်ရှားရှား ရှိခဲ့ဖူးပါတယ်။

    ကျွန်မရဲ့ လမ်းလျှောက်ဖော် မိတ်ဆွေထဲမှာ ဂန္တဝင်တေးသံရှင်တစ်ယောက်ကို အမှတ်မထင် သိကျွမ်းရင်းနှီးခဲ့ပါတယ်။ ဆယ်ကျော်သက်ဘဝတုန်းကပေါ့။ သီချင်းစာအုပ်တွေကို မက်မက်မောမောဝယ်ပြီး မြန်မာ့အသံ (ရေဒီယိုကလွှင့်ပေးတဲ့) သီချင်းတွေကိုဖတ်ကြ၊ အလွတ်ကျက်ကြ တာမျိုးရှိကြတယ်။ အဲဒီမှာ တေးသံရှင်တွေရဲ့ ဓာတ်ပုံတွေလည်း တွဲပါတာမို့ သူငယ်ချင်းတစ်စု အလုအယက် ကြည့်ကြရဖူးတယ်။ အဲဒီကတည်းက တော်တော်လေးကို လှတယ်လို့ပြောရမယ့် တေးသံရှင်ကို အခုချိန်မှာ (ကိုယ့်အသက်နဲ့ မတိမ်းမယိမ်း) ပြန်တွေ့ပြီး ရင်းနှီးခင်မင်ခွင့်ရလို့ တော်တော်လေးဝမ်းသာကြည်နူးခဲ့ရတယ်။ သူကတော့ အခုထိလှတုန်း၊ ကျက်သရေရှိတုန်း။ အရွယ်လည်း ကျမသွားဘူးလို့ ပြောရမယ်။

    တစ်နေ့လမ်းလျှောက်ရင်း သူကစပြောတယ်။ “မနှင်းဆီရေ မိန်းမတစ်ယောက်ဟာ အချစ်ကြောင့် ပြောင်းလဲသွားတယ် ဆိုတာ ဖြစ်နိုင်သလား။ အနုပညာသမားချင်းမို့ မေးကြည့်တာနော်” တဲ့။ “သိပ်ဖြစ်နိုင်တာပေါ့ မမရယ်။ ဘာလဲ မမက လက်တွေ့မို့လို့လား”
    “အင်း အဲဒီလိုပဲ ပြောရမယ် ထင်တယ်”။  တကယ်တော့ မမခင်ပွန်းဆုံးပါးသွားခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မနဲ့ဆုံတိုင်း သူတို့မိသားစု ဘဝလေးကို တသသ ပြန်ပြီးပြောနေကျ။

    “ဒီလိုလေ မမက ရုံးဝန်ထမ်းတစ်ဖက်၊ အဆိုတော်က တစ်ဖက်၊ လုပ်ခဲ့တာဆိုတော့ သီချင်းတွေဆိုဖို့ ပရိသတ်ရှေ့ ထွက်ရတဲ့သူလေ။ ဒီတော့ အလှအပကို တအားကြီး ဂရုစိုက်ခဲ့တာလား”
    “မမက ခုချိန်ထိ ဂရုစိုက်တုန်းပါပဲနော်” ဆိုတော့
    “ဟုတ်တယ် သန့်ပြန့်သပ်ရပ်ရုံလေးပါနော်။ စိတ်လည်း ကြည်လင်အောင်လို့ပါကွယ်” တဲ့။

    “မမက တီဗီမှာရော စတိတ်ရှိုးတွေမှာပါ ဆိုနေရတော့ ကိုယ့်ကိုယ်ကိုယ် သနေခဲ့တာ။ နောက်ပြီး မောင်နှမတွေထဲမှာလည်း အငယ်ဆုံး။ အမေတို့ အဖေတို့ကလည်း အချစ်ဆုံးပေါ့။ မမကြီးကဆို အမေ့ကို မီးဖိုချောင် အမြဲကူတယ်။ မမကိုတော့ ညည်းလက်သည်းလေးတွေ ကျိုးကုန်မယ်၊ ဆီပူငွေ့ဟက်မယ်နဲ့ပြောပြီး ထမင်းပွဲရှေ့ရောက် နေခဲ့ရတာ။ လက်ဆေးစားဆိုတာထက် မကဘူး။ မမတစ်ယောက်တည်း ကို ဇွန်း၊ ခက်ရင်းနဲ့ပဲ အမြဲစားခိုင်းတာ။ အမေကလည်း ငါ့သမီးလေး အသံပျက်မယ်။ ဘာမစားနဲ့ ဘာပဲစားဆိုပြီး စုံနေအောင် စီစဉ်ချက်ပြုတ်ပေးတာ။ ရှိသေးတယ်။ ရုံးရောက်လို့ ထမင်းစားချိန်မှာ ထမင်းစုစားကြတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေက ဘာဟင်းလဲလို့မေးရင် မသိပါဘူး။ အမေ ဘာချက်ပေးလိုက်သလဲဆိုတာလို့ ဖြေနေကျ။ အင်း အဲဒီလိုနေခဲ့တဲ့ မမဟာ သူနဲ့အိမ်ထောင်ကျတော့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တယ်။ ”

    “ဘယ်လိုပြောင်းလဲသွားတာလဲဟင်”

    “သူနဲ့လက်မထပ်ခင်ကတည်းက ပြောပါတယ်။ မမက အဆိုတော်၊ သီချင်းဆိုတာပဲ အားသန်တာ။ ချက်ရေးပြုတ်ရေး လုံးဝမကျွမ်းဘူးလို့။ သူ ထက် (၈) နှစ်ကျော်ကျော်ကြီးတယ်။ တော်တော်လေးလည်းချစ်ပြီး အလိုလိုက်တယ်။ သူကဘာပြောတယ်မှတ်လဲ မနှင်းဆီ”
    “ငါစင်ရိုင်းကို ဗိုက်မဖောက်ဘဲ ချက်ကျွေးရင် စာကောင်းပါတဲ့။ ကဲ အဲဒီအကြောင်း အမေ့ကို ပြန်ပြောတော့ ညည်းလူတော့တော်တော် သည်းခံရမှာ မြင်ယောင်နေတယ်တဲ့လေ။ တကယ်တမ်း အိမ်ထောင်ကျတော့ မမ အင်မတန်အမြတ်တနိုးထားခဲ့တဲ့ လက်သည်းရှည်ရှည်လေးတွေကို ဖြတ်ပစ်လိုက်တယ်။ ပြီးတော့ ကိုယ်တိုင်ချက်ပြုတ်ကျွေးဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အမေတို့၊ မမကြီးတို့က အံ့သြလို့ မဆုံးဘူး။”

    “အိမ်ထောင်ကျတာနဲ့ မမက သူ့တိုက်ခန်းကို ပြောင်းနေတယ်။ သူကတော့ ပြောရှာပါတယ်။ ဆိုင်မှာ ချိုင့်ဆွဲစားကြမယ်။ ဘာမှမချက်ပြုတ်မနေနဲ့တဲ့။ ဒါပေမယ့် မမရဲ့စိတ်ထဲမှာ ကိုယ်တိုင်ချက်ပြုတ်ထားတာတွေကို သူမြိန်ရေယှက်ရေစားတာကို မြင်ချင်တယ်။ အဲဒီတော့ ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ကူးတာကြောင့် ရုံးရောက်ရင် သူများတွေချက်လာတဲ့ ဟင်းတွေကို ချက်နည်းမေး၊ စာအုပ်နဲ့ ရေးမှတ်တာကို အပြင်းအထန်လုပ်တယ်။ အပေါင်းအသင်းတွေကလည်း တော်ကြပါပေတယ်။ ဟင်းတစ်မည် ချက်ရင် လျှို့ဝှက်ချက်လေးတွေပါ ပြောပြကြတာ ။ ကန်စွန်းရွက်သင်ပြီးရင် ဆန်ကာနဲ့ ရေဆေးတာကအစ၊ ဘယ်ညာပွတ်ပြီး ဆေးတာအပြင် ထက်အောက်မပြီးဆေးမှ သဲစင်တာကအစပေါ့ မနှင်းဆီရယ်”။

    “သူက မမကို အရမ်းချီးကျူးတယ်။ ထမင်းမြိန်အောင် အမျိုးမျိုးစီမံချက်ပြုတ်ပေးတဲ့ မမကို သူတော်တော်လေး ချီးကျူးပြီး ပြောလေ့ရှိတယ်။ မှတ်မှတ်ရရ ပြောရဦးမယ် မနှင်းဆီရေ။”

    “ပြောပါဦး ဘာများလဲ”

    “တစ်နေ့တော့ မမကြီးလာလည်တယ်။ ရန်ကုန်မှာ ကုန်ဝယ်လာရင်း အိမ်မှာတည်းတယ်လေ။ အဲဒါ မမတစ်ယောက် တကယ့်အိမ်ရှင်မကြီဖြစ်လို့ မီးဖိုခန်းဝင်နေတာတွေ့တော့ ညီမလေးရယ် ရုံးတစ်ဖက်နဲ့ ချက်နေလိုက်တာ ပင်ပန်းတာပေါ့။ မမကြီး ရောက်တုန်းရောက်ခိုက် ချက်ပေးမယ်။ ညီမလေး သွားနားချည်ဆိုတာကို ဧည့်ခန်းမှာ သတင်းစာဖတ်နေတဲ့ မမရဲ့ယောင်္ကျားက ကြားသွားတော့ ဘာလှမ်းပြောတယ်မှတ်လဲ”

    “ဘာများလဲ”

    “ကျွန်တော့်မိန်းမချက်တာပဲ စားချင်တာဗျတဲ့။ ကဲ…”

    မမကြီးကတော့ မကျေမနပ်နဲ့ ပွစိပွစိ လုပ်တာပေါ့။ မမကတော့ ဘာမှပင်ပန်းသလို မတွေ့ပါဘူး။ သွက်သွက်လက်လက်ကြီး ချက်ပြုတ်နေလိုက်တယ်။ မမကြီးက ကျိတ်မေးတယ်။ ညီမလေးရယ် ညီမလေး ဘာဖြစ်လို့ ဒီလောက်ကြီး မြန်မြန် ဆန်ဆန် ပြောင်းလဲသွားရတာလဲ။ အပျိုတုန်းကဆို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေခဲ့ရတာ။ ချစ်လို့ပေါ့လို့။ ကဲဒီတော့ မနှင်းဆီ လက်ခံနိုင်ပြီလား။ အချစ်ဆိုတာ မိန်းမတစ်ယောက်ကို အပြောင်းလဲကြီး ပြောင်းလဲ ပစ်နိုင်တယ်ဆိုတာကိုလေ။

    မငြင်းပါဘူး မမရယ် ဆိုတဲ့ ကျွန်မအဖြေကို မမက ကျေကျေနပ်နပ်ပြုံးရင်း ကျွန်မရဲ့ပခုံးကို ညင်ညင်သာသာလေးပုတ်လိုက်တယ်။

    မမနဲ့ဆုံအပြီးမှာ အိမ်ပြန်ရောက်တော့ အမေ့အကြောင်းခေါင်းထဲပေါ်လာပြန်တယ်။ အဒေါ်ဝမ်းကွဲ တစ်ယောက် ပြောပြထားသလောက် အရတော့ အမေက မိသားစုမှာ အထွေးဆုံးသမီး၊ ပိုက်ဆံလည်း ချမ်းသာတယ်။ အိမ်အကူတွေ တလှေကြီးမို့ ဘာဆိုဘာမှ တာဝန်မယူခဲ့ရဘူး။ ပြီးတော့ အိမ်မှုကိစ္စလည်း ဘာမှမတတ်ဘူးတဲ့။ အမေနဲ့ အဖေ အိမ်ထောင်ကျတော့ အိမ်မှုကိစ္စမှန်သမျှ အဆင်ပြေအောင် ကူမယ့်သူကို တစ်ပါတည်းပဲ အဘွားက စီစဉ်ပေးလိုက်တယ်လို့ သိရတယ်။

    ဒါပေမယ့် အိမ်ထောင်ကျစကတည်းကဆိုသလို အမေက အဒေါ်တို့ဆီမှာ ဟင်းချက်နည်းတွေသင်တယ်။ ပြီးတော့ အဖေ့အကြိုက်တွေ ကိုယ်တိုင်ချက်တော့တာပဲ။ ကူမယ့်သူကို ဗာရီရကိစ္စတွေပဲ ခိုင်းတယ်။ အမေဟင်းချက်ကောင်းတာတော့ မပြာနဲ့ အဖေ့သက်တမ်းတစ်လျှောက်မှာ ဆိုင်ကဝယ်စားတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။

    အမေက အဖေပါးစပ်ဟရုံရှိသေး အဆင်သင့်ဖြစ်အောင် စီစဉ်ဖို့ ဝန်မလေးဘူး။ ကျွန်မတို့မိသားစုမှာ အဖေ့စိတ်ကြိုက်၊ နောက်ပြီး သားသမီးတွေအကြိုက် ချက်ရတာ။ မြိန်ရေယှက်ရေ စားကြတာကိုကြည့်ပြီး အမေကပျော်နေတတ်တာ။ အမေစားတော့ နည်းနည်းလေးမှ တကယ့်ကိုနည်းနည်းလေး။

    တစ်ခါတစ်ခါပေါ့ ကျွန်မတွေးကြည့်မိတယ်။ အမေက ငါးခြောက်ဟေ့ လို့ဆိုရင် ဖုတ်ပြီးအဆင့်ထက်ကျော်ပြီး ခွံ့ကျွေးပြီးသား အဆင့်ကိုပါရောက်အောင် တာဝန်ကျေလွန်းတဲ့ မိန်းမသားမျိုးမှာ ပါမယ်ထင်တယ်။ အိမ်မှုကိစ္စ ဘာတစ်ခုမှမတတ်ခဲ့တဲ့ အမေဟာ ကျွန်မတို့မိသားစုအတွက် အရမ်းကိုကျွမ်းကျင်ပြီး သိမ်းထုတ်သေချာတဲ့ အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ခဲ့တာောတ့ အမှန်ပါပဲ။ အဲဒီအကြောင်းကိုလည်း အဖေက သူ့ညီအစ်ကိုမောင်နှမတွေကို အားပါးတရ ဂုဏ်ပြုပြီး ပြောခဲ့တာလို့ အဒေါ်ပြန်ပြောပြတာ သိရတယ်။

    အဲဒီအကြောင်းတွေကို အမေ့ကို တစ်နေ့မေးကြည့်ရာက အမေက ဘာဖြစ်လို့ ပြောင်းလဲသွားတာလဲဟင်။ အဖေ့ကို ချစ်လို့မဟုတ်လားဆိုတော့ အမေက ရှက်ရှက်နဲ့ ပြောလိုက်တယ်။

    “တယ် ဒီကောင်မလေးနော် ဘာတွေလျှောက်ပြောနေတာလဲ” တဲ့။ ဒါပေမယ့် အမေ့အပြုံးကို ခုထိမြင်ယောင်နေတုန်း။ မိန်းမတစ်ယောက်ဟာ သူချစ်တဲ့သူတွေအတွက် ပြောင်းလဲသွားတတ်တယ်ဆိုတာကို စာဖတ်သူလည်း ပြုံးဖူးမှာပါနော်။

    နှင်းဆီခင်

  • အစားအသောက်ဓလေ့နှင့် ဖန်ထည်များ – ကမ္ဘာ့ လူ့အဖွဲ့အစည်းတွင် ယနေ့တိုင် ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၂)

    အစားအသောက်ဓလေ့နှင့် ဖန်ထည်များ – ကမ္ဘာ့ လူ့အဖွဲ့အစည်းတွင် ယနေ့တိုင် ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၂)

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    ရာဇာ (M-Media) မှ တင်ဆက်သည်
    အပတ်စဉ်ကဏ္ဍ – (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    diet 2

    အစားအသောက်ဓလေ့နှင့် ဖန်ထည်များ

    တစ်နေ့ အစာသုံးနပ်စားဖို့ အလေ့အထကို ဥရောပမှာ မိတ်ဆက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမယ့်သူကတော့ မဟူရာငှက် (Black Bird) လို့ အမည်ပြောင်ပေးထားထဲ့ အဘူ-ဟာဆန် အလီ အစ်ဗနေ့ နာဖီ (Abul-Hasan Ali ibn Nafi) ဆိုတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ ၉ ရာစုမှာ အန်ဒါလူစီယာ (Andalusia- စပိန်တွင်ရှိသည်) ကို နာဖီ ခြေချခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဥရောပတစ်ခုလုံးရဲ့ အစားသောက် စားသောက်မှု အလေ့အထဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ သူက အစာစစားရင် ဟင်းချိုနဲ့စသင့်ပြီး အဓိကဟင်းလျာက အသား၊ ငါး  ဒါမှမဟုတ် ကြက်သား၊ ဘဲသားတွေ ပါရမယ်။ စားသောက်ပြီးတဲ့အခါမှာ အသီးအနှံ ဒါမှမဟုတ် မြေပဲတို့နဲ့ အချိုတည်းရမယ်ဆိုတဲ့ ဓလေ့ကို အသက်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

    အလယ်ခေတ်မွတ်စလင်တွေဟာ အခြားသူတွေလိုပဲ ရာသီအလိုက် ပေါ်လာတဲ့ အစားသောက်တွေကိုပဲ စားသောက်ကြတာ များပါတယ်။ ဆောင်တွင်းဘက်မှာ ကိုက်လံ၊ ပဲအမျိုးမျိုး၊ မုန်လာဥအမျိုးမျိုး၊ သံလွင်သီး၊ ဂျုံနဲ့ မြေပဲတွေလို အစားအသောက်တွေကို ပုံမှန်စားသောက်ကြပြီး၊ အသားဟင်းလျာတွေလည်း ပါဝင်ပါတယ်။ သဖန်းသီး၊ စွန်ပလွန်သီး၊ စပျစ်သီးခြောက်တွေကို အချိုပွဲအဖြစ် သုံးဆောင်ပြီး၊ သကာ၊ ရှားစောင်းလက်ပတ်၊ ဆေးပေါင်းစုံ၊ သစ်သီးစုံတို့နဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကို သောက်သုံးကြပါတယ်။

    နွေရာသီမှာတော့ တူညီမှုမရှိတော့ဘဲ အစိမ်းရောင်ပဲတွေ၊ မုန်လာဥ၊ ဆလတ်ရွက်၊ ချီကိုရီ၊ ခရမ်းသီး၊ ကျောက်ဖရုံသီး၊ သခွားဖရုံသီးနဲ့ ဆန်တို့ကို အဓိကထား စားသုံးကြပြီး ဒါတွေနဲ့အတူ ကြက်ဘဲ၊ ငှက်ကုလားအုပ်နဲ့ အမဲသား စတဲ့ အသားဟင်းလျာတွေကို တွဲဖက်လေ့ရှိပါတယ်။ အာရပ်တွေရဲ့ နွေရာသီ အချိုပွဲတွေကတော့ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ဥသျှစ်သီး၊ မက်မွန်သီး၊ ပိုးစားသီး၊ ချယ်ရီသီး၊ ဇီးသီး၊ ဇီးချိုသီး၊ စပျစ်သီး၊ သလဲသီး၊ ဖရဲသီး၊ သစ်တော်သီး၊ ပန်းသီးနဲ့၊ သခွားမွှေးတို့ ဖြစ်ကြပါတယ်။ အချိုရည်ကိုတော့ သကာ၊ သစ်သီးစုံ၊ ရှောက်ချိုသီး၊ နှင်းဆီ၊ စံပယ်၊ ဂျင်းနဲ့ စမုံနက်တွေကို ပုံစံအမျိုးမျိုး ဖန်တီးပြီး သောက်သုံးကြပါတယ်။

    အစားအသောက်မျိုးစုံ၊ အသီးမျိုးစုံနဲ့ ဖျော်ရည်တွေကို အာရပ်တွေက စာပွဲခင်းပေါ်မှာ တည့်ခင်း သုံးဆောင်တတ်ပြီး အဲဒီဓလေ့ဟာ အန်ဒါလူစီယာကို အဘူ-ဟာဆန် အလီ အစ်ဗနေ့ နာဖီ ကနေ တစ်ဆင့် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကော်ဒိုဘာ နန်းတော်က ညစာစားပွဲတွေမှာ အဖျော်ယမကာတွေ သောက်သုံးရာမှာ သတ္တုခွက်ကြီးတွေ၊ ရွှေခွက်တွေ အသုံးပြုမှုကို နာဖီကပဲ ဖန်ထည်တွေနဲ့ အစားထိုးပေးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ ဥရောပရဲ့ ဂုဏ်သရေရှိအသိုင်းအ၀ိုင်းမှာ အာရှကဟင်းလျာတွေ၊ အရသာတွေကို တောင်းဆိုမှုဟာ အလျင်အမြန်ပဲ မြင့်တက်လာခဲ့ပါတယ်။ ၁၄ ရာစုက အာဗစ်ဂ်နွန် (Avignon) က ပုပ်ရဟန်းမင်းတစ်ပါး ရေးသားခဲ့တဲ့ သမိုင်းမှတ်တမ်းမှာ ဘေရွတ်က ရောက်ရှိလာတဲ့ သင်္ဘောတွေဟာ ယိုမျိုးစုံ၊ တာရှည်ခံအစားအသောက်၊ ဆန်၊ ကိတ်မုန့်လုပ်တဲ့ အရသာမှုန့်တွေ စသဖြင့် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒိန်းမတ်ဘုရင်မ ခရစ္စတီးနား (Christina) က မွတ်စလင်တွေရဲ့ အစားအသောက်ဓလေ့ကို လက်ခံကျင့်သုံးခဲ့ပြီး၊ သူတို့ရဲ့ ထွက်ကုန်တွေ၊ သစ်သီးဝလံတွေကိုလည်း တင်သွင်းခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတွေလည်း ရှိနေပါတယ်။ ဒီလိုတင်သွင်းမှုကတစ်ဆင့် ဒိန်းမတ်နိုင်ငံဟာ ပန်းသီးနဲ့ ဂျုံတွေကို အများအပြား ရရှိတာကြောင့် Danish Pastry လို့ခေါ်တဲ့ နာမည်ကျော် ဒိန်းမတ်အချို့မုန်တွေရဲ့ မူလအစဟာ အဲဒီအချိန်ကနေ စတင်တယ်လို့ မှတ်ယူကြပါတယ်။

    ဖန်ထည်များ

    5JD49a3VC2Ye8QMWFTDg2Yr5
    သက္ကရာဇ် ၁၀ ရာစုနဲ့ ၁၁ ရာစု ဖာတီမိုက်ဘုရင်များ ကြီးစိုးချိန် အီဂျစ်နိုင်ငံ ကိုင်ရိုမှ ဖန်ထည် ရေတကောင်း

    ဧည့်ခန်း၊ ထမင်းစားခန်းတွေကို ပိုမိုစိုပြေစေမယ့် ဖန်ထည်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ဖန်ချက်လုပ်ငန်းဟာလည်း မွတ်စလင်တစ်ဦးဖြစ်တဲ့ အဘတ်စ် အစ်ဗနေ့ ဖီရ်နက်စ် (Abbas ibn Firnas) ရဲ့ ကြိုးပမ်းမှုကြောင့် အန်ဒါလူစီယာဒေသမှာ ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ဖီရ်နက်စ်ဟာ သဲနဲ့ ကျောက်တုံးတွေကိုအသုံးပြုပြီး ဖန်သားဖြစ်လာဖို့အတွက် စမ်းသပ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့သူပါ။ နောက်ပိုင်းမှာတော့ ဘာဒါဂျို့စ် မြောက်ပိုင်းက ကျောက်မိုင်းတွင်း တစ်ခုနားမှာ ဖန်ချက်စက်ရုံတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အန်ဒါလူစီယာက ထွက်တဲ့ ဖန်ထည်လက်ရာ အများစုကို ဥရောပတစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တွေ့ရပြီး၊ စပိန်နိုင်ငံက Astorga Cathedral ကက်သလစ် ဘုရားကျောင်းက ရောင်စုံမှန်တွေနဲ့ လုပ်ထားတဲ့ လက်ရာတွေကတော့ အကျော်ကြားဆုံးပါပဲ။ အဲဒီလက်ရာတွေထဲမှာ အပင်ပုံသဏ္ဍာတွေကို အခြေခံပြီး ဖန်တီးထားတဲ့ ကနုတ်လက်ရာတွေ (vegetal patterns) နဲ့ ရှေးဟောင်း အာရဘီလက်ရေးလက်သားအလှ (Kufic) တွေ ပါဝင်ပါတယ်။

    အချိုရည်သောက်သုံးရာမှာ အသုံးပြုတဲ့ ဖန်ခွက်တွေကို မိတ်ဆက်ပေးခဲ့သူကလည်း ဖီရ်နက်စ်ပဲဖြစ်ပြီး ဖန်သားနဲ့ တိမ်တိုက်ပုံတူ၊ မိုးကြိုး၊ လျှပ်စီး စတာတွေကို အရိုးရှင်းဆုံးဖန်တီးပြီး နက္ခတ်တာရာပြခန်း တည်ဆောက်ကာ ပြည်သူတွေကို ကမ္ဘာပြင်ပက ကိစ္စတွေနဲ့ မိတ်ဆက်ပေးခဲ့တာလည်း သူပဲဖြစ်ပါတယ်။ ဖီရ်နက်စ်ရဲ့ ဒီပြသမှုဟာ ၉ ရာစုက ပြည်သူတွေကို အံ့သြမှင်သက်စေခဲ့ပါတယ်။

    မွတ်စလင်အိုးလုပ်သူတွေက ကြွေနဲ့ စဥ့်ကိုအသုံးပြုကာ ပန်ုးကန်ခွက်ယောက်တွေကို ဖန်တီးခဲ့ပြီး အစားအသောက်စားပွဲကို ပိုမိုစတိုင်ကျစေခဲ့ပါတယ်။ မာလာဂါနဲ့ ဗလင်စီယာတို့ဟာ အိုးလုပ်ငန်းရဲ့ အချက်အခြာဒေသတွေဖြစ်ခဲ့ပြီး မွတ်စလင်တွေဟာ အရောင်စိုတဲ့ စဥ့်တွေကိုအသုံးပြုကာ အိုးလုပ်ငန်းကို တော်လှန်ပြောင်းလဲခဲ့ပါတယ်။ အဲဒီဒေသနှစ်ခုက အိုးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့အိုးတွေကို ခရစ်ယာန်အများစုရှိရာ ဒေသတွေဖြစ်တဲ့ စပိန် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို တင်ပို့ခဲ့ကြပါတယ်။  မာလာဂါက မွတ်စလင်အိုးလုပ်သူတွေဟာ အီတလီရဲ့ ကြွေထည်မြေထည်လုပ်ငန်းမှာ တစ်ချိန်က နာမည်ကြီးလွှမ်းမိုးခဲ့တဲ့ Majolica လက်ရာတွေကို အုတ်မြစ်ချပေးခဲ့သူတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

    J0bS09779a8WQRaJBBaTH7M6
    ပုံ ၁

    (ပုံ ၁ – မွတ်စလင်စာရေးဆရာ ဂီလီဘိုလူလူ မွတ်စ်တာဖာ အလီ (Gelibolulu Mustafa Ali ) ရဲ့ Nusratame လက်ရေးမူထဲက ပန်းချီဖြစ်ပါတယ်။ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ လာလာ မွတ်စ်တာဖာ ပက်စ်ဟာ (Lala Mustafa Pasha) ဟာ အစ်ဇ်မစ် (Izmit) မှာရှိတဲ့ စစ်တပ်က အရာရှိတွေနဲ့ စားသောက်ပွဲ ကျင်းပနေတဲ့ပုံဖြစ်ပါတယ်။ စားပွဲထိပ်ဆုံးမှာ ထိုင်နေသူက ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်မှာ ထိုင်နေသူတွေကတော့ ဗိုလ်ချုပ်တွေပါ။ စစ်သားတွေစားသောက်နေကြချိန် အစေခံတွေက နှစ်ဆီဖျော်ရည် ထည့်ထားတဲ့ ရေခရားတွေကို ကိုင်ကာ ၀န်ဆောင်မှုပေးနေတာကိုလည်း ဒီပန်းချီမှာ တွေ့မြင်နိုင်ပါတယ်။ စားပွဲပေါ်မှာ ဇွန်းခက်ရင်းနဲ့ လက်ကိုင်ပုဝါတွေကိုလည်း တွေ့မြင်ရပြီး ဒီပန်းချီဟာ အဲဒီခေတ်အဲဒီအခါက မွတ်စလင်တွေရဲ့ အဆင့်အတန်းကို ထင်ဟပ်စေပါတယ်။)

     

    မဟူရာငှက် (The Blackbird)

    nafi

    အမည်အရင်း အဘူ-ဟာဆန် အလီ အစ်ဗနေ့ နာဖီ (Abul-Hasan Ali ibn Nafi) ဖြစ်ပြီး သူ့ရဲ့ မည်းနက်တဲ့ အသားနဲ့ ချိုမြတဲ့ အသံကြောင့် ဇီရ်ယဘ် (Ziryab – မဟူရာငှက်) လို့ အမည်ပြောင်ပေးခြင်း ခံရသူပါ။ ဂီတနဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ နာဖီဟာ ၉ ရာစုမှာ အဲဒီခေတ်က မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဆိုင်ရာ အချက်အခြာနေရာဖြစ်တဲ့ စပိန်က ကော်ဒိုဘာနဲ့ အန်ဒါလူစီယာကို အီရတ်ကနေ ရောက်လာခဲ့သူပါ။ အဲဒီမှာ နာဖီတစ်ယောက် စားသောက်မှု၊ လောက၀တ်၊ အ၀တ်အစားနဲ့ ဂီတနယ်ပယ်တွေမှာ ဆန်းသစ်မှုကို ဖော်ဆောင်ပေးခဲ့ပြီး သူ့ရဲ့ အမွေအနှစ်တွေဟာ ယနေ့အချိန်အထိ ယှဉ်သန်နေဆဲဖြစ်ပါတယ်။

    နာဖီဟာ ဒီနေ့ခေတ်ဖက်ရှင်ဆန်းဆန်းတွေဖြစ်လာဖို့ အစောဆုံး လမ်းဖောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူရဲ့ ပါရမီကြောင့် စပိန်ကိုအုပ်စိုးတဲ့ မူးရ်လူမျိုးတွေဟာ သူ့ကိုတစ်လေးတစ်စားနဲ့ ဖိတ်ခေါ်ခဲ့ပြီး တစ်လကို ရွှေဒင်္ဂါး ၂၀၀ နဲ့ အဆောင်အယောင် အပြည့်အစုံကို ချီးမြှင့်ခဲ့ပါတယ်။ နာဖီဟာ လောက၀တ်၊ ချက်နည်းပြုတ်နည်း၊ ဖက်ရှင်နဲ့ သွားတိုက်ဆေးစတဲ့ နယ်ပယ်တွေမှာပါ ဆန်းသစ်မှုတွေကို ဆောင်ကျဉ်း ယူဆောင်လာခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁) – ကို ဖတ်ရှုရန်

  • အစိုးရဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည်၏ သိုသိုသိပ်သိပ် ခြေလှမ်းများ

    အစိုးရဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည်၏ သိုသိုသိပ်သိပ် ခြေလှမ်းများ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    daw su
    – မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးချိန်မှစ၍ အပြောအဆိုနှင့် လူထုရှေ့ထွက်ခြင်းများကို အနည်းငယ်မျှသာ ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် သူမ၏မဲဆန္ဒနယ်၌ လူလုံးပြထွက်ပေါ်လာသောအခါ လာမည့်လပိုင်း လွှတ်တော်သစ်ဖွဲ့ပြီးနောက် သူမ၏ပါတီမှ မည်သို့ကိုင်တွယ်အုပ်ချုပ်သွားမည်ကို အရိပ်အမြွက် သိလိုဇောဖြင့် သတင်းထောက်များသည် သူမအား ၀ိုင်းရံမေးမြန်းခဲ့ကြ၏။

    ယင်းသို့ လူထုရှေ့ထွက်လာခြင်းမှာ အခြားကိစ္စများကြောင့် မဟုတ်။ အမှိုက်ကောက်ရန် ဖြစ်နေသည်။ ကိုယ်စီကိုယ်ငှတာဝန်ယူတတ်သည့် လုပ်ရပ်များအားဖြင့် အပြောင်းအလဲကိုဖော်ဆောင်နိုင်ရန်အလို့ငှာ သူမ၏ပါတီမှ
    လက်တွေ့ကျင့်သုံးဖော်ပြချက်တစ်ရပ်ဖြစ်ပေသည်။

    ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏သဲပြင်ပေါ်ဖုံးလွှမ်းနေသော အမှိုက်သရိုက်များကို အပင်ခြုံနွယ်များအကြား ကုန်းရုန်းသိမ်းနေရင်း “ဓာတ်ပုံတွေချည်း ရိုက်မနေကြပါနဲ့။ ၀ိုင်းဝန်းပြီး အမှိုက် ကောက်သိမ်းပေးကြပါဦး” ဟု သူမက ဓာတ်ပုံဆရာများအား မြည်တွန်တောက်တီးခဲ့သေး၏။

    လူဦးရေ ၅၁ သန်းရှိနိုင်ငံ၌ သြဇာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ပေါ်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်သည် ရက်သတ္တပတ် ခြောက်ပတ်တာအတွင်း – နှစ်ပေါင်းငါးဆယ်ကျော် စစ်အုပ်ချုပ်ရေးမှ သူမ၏ဒီမိုကရေစီလှုပ်ရှားမှုထံသို့ တိုင်းပြည်အာဏာလွှဲပြောင်းရေးဆိုင်ရာ ကိစ္စများကို အသေးစိတ်မှအစ စိစစ်ကိုင်တွယ်နေသည်။

    သူမသည် ၀ိပဿနာတရားအားထုတ်ခြင်း များစွာပြုလုပ်ကြောင်း သူမ၏နီးစပ်သူ ပါတီ၏ဘတ်ဂျက်ကော်မတီအဖွဲ့ဝင် ဦးဖြိုးမင်းသိန်းက ဆိုသည်။

    “အတွေးအာရုံတွေ နောက်ကျိရှုပ်ထွေးလာပြီဆိုရင် သူမဟာ ၀ိပဿနာ တရားအားထုတ်လေ့ရှိပါတယ်။ ဒီအားထုတ်မှုကို သူမကို ကြည်လင်အေးချမ်းမှုနဲ့ ရိုးရှင်းတဲ့အဖြေတွေကို ရရှိစေတယ်လို့ သူမက ပြောပါတယ်”

    မည်သို့ပင်ဆိုစေကာမူ ဤမြင်ကွင်းများ၏နောက်ကွယ်တွင် အသွင်ကူးပြောင်းမှုတစ်ရပ်မှာ တဖြည်းဖြည်းနှင့် ပုံပေါ်ရန် အစပြုနေလေပြီ။

    ဒေါ်အောင်ဆန်းစုကြည်(၇၀ နှစ်)သည် လူနည်းစုဝင်တိုင်းရင်းသားအဖွဲ့များနှင့်လည်းကောင်း၊ သူမ၏ပါတီဝင်များနှင့်လည်းကောင်း၊ အာဏာမျှဝေရမည့် စစ်တပ်မှ အဓိကရပုဂ္ဂိုလ်များနှင့်လည်းကောင်း အနီးကပ်တွေ့ဆုံကာ တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်၏။ တွေ့ဆုံကြသူများဖက်က ပြည်သူလူထုထံသို့ မည်သည်ကိုပြောဆိုဆွေးနွေးကြောင်း မဆိုစလောက်မျှသာ ပေးသိသော်လည်း နှစ်ဖက်စလုံးရှိ ထိပ်တန်းတာဝန်ရှိသူများနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးများအရ သူမသည် ပရမ်းပတာမဖြစ်အောင်
    တည်ငြိမ်သိမ်မွေ့စွာ အမြန်ဆုံး ကိုင်တွယ်သွားလိမ့်မည်ဟု သုံးသပ်ရပေသည်။

    နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် နိုဗယ်ဆုရှင် နောက်တစ်ဦးဖြစ်သော နဲလ်ဆင် မင်ဒဲလားကဲ့သို့ပင် သူမသည် သူမအား အကျဉ်းချခဲ့သူများနှင့် ဆက်ဆံရေးခိုင်မာအောင်တည်ဆောက်ရန် အားသန်နေသည်ကို တွေ့ရသည်။

    “ပထမဆုံးရည်ရွယ်ချက်ကတော့ သူတို့ကို ထိခိုက်နစ်နာအောင် လုပ်မှာမဟုတ်တဲ့အကြောင်း နှစ်သိမ့်မှုပေးခြင်းပါပဲ။ ကျွန်တော်တို့ဟာ ကလဲ့စားချေလိုစိတ်မရှိဘူး၊ ပုဂ္ဂိုလ်ရေးအာဃာတ မရှိကြဘူး၊ ကျွန်တော်တို့ ရှေ့ဆက်လျှောက်ကြမယ်၊ အနာဂတ်ရေးရာကို ဆွေးနွေးမယ်လို့သာ ကျွန်တော်တို့ ပြောဆိုခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်ဆုံးလက်တွဲဖော်နှင့် ပါတီ၏ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောကြားသည်။

    စစ်တပ်အား ချက်ခြင်း အကျဉ်းအကြပ်ဖြစ်စေခြင်းမှာ အမျှော်အမြင်နည်းပါးရာရောက်ကြောင်း၊ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရထားသော်လည်း ၁၉၉၀ ကြားဖြတ်ရွေးကောက်ပွဲဖြစ်အင်ကို ပါတီဝင်များအနေနှင့် သတိမမေ့သင့်ကြောင်း၊ ၎င်း၏နောက်တွင် ပါတီခေါင်းဆောင်များအဖမ်းခံခဲ့ရပြီး နှစ်ပေါင်း ၂၀ ကျော် အာဏာရှင်အုပ်ချုပ်ရေးအောက်သို့ ပြန်လည်ရောက်ရှိသွားကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ပါတီသို့ ပြောဆိုမှာကြားခဲ့သည်ဟု သူက ဆို၏။

    စစ်တပ်အရာရှိဟောင်းများနှင့် ခွဲမရအောင်ဖြစ်နေသည့် ဗျူရိုကရေစီကြိုးနီစနစ်ကိုလည်း သူမက ထပ်မံအားပေးထားသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အကြီးတန်းလူထုဝန်ထမ်းများနှင့် တွေ့ဆုံခဲ့စဉ်က အလုပ်မှဖယ်ရှားခံရမည်ကို စိုးရိမ်စရာ မလိုကြောင်း သူမက ၎င်းတို့အား ပြောဆိုခဲ့သည်။

    “မည်သည့်အစိုးရ၀န်ထမ်းကိုမှ လုပ်ငန်းရပ်စဲလိုက်ရေး အစီအစဉ် မရှိပါဘူး၊ လုံးဝလည်း ပြုလုပ်မှာမဟုတ်ဘူးလို့ သူမက ပြောကြားခဲ့ပါတယ်” ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ NLD လွှတ်တော်အမတ် ဦးဝင်းမြင့်မှ ပြောပြ၏။

    သူမသည် အမျိုးသားရင်ကြားစေ့ညီညွတ်ရေးကိုသာ လိုလားကြောင်း၊ ကလဲ့စားမချေလိုကြောင်း၊ သို့သော် စနစ်ကိုတော့ အခြေခံကျကျပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း နှစ်အတန်ကြာကတည်းကပင် အခိုင်အမာပြောဆိုနေခဲ့သည်။

    ကျစ်လစ်၍အားကောင်းသောအစိုးရဖွဲ့နိုင်ရန် ၀န်ကြီးဋ္ဌာနများလျှော့ချရေး အဆိုကို NLD ပါတီ၏ မူဝါဒမှ တိုက်တွန်းထား၏။ သူမသည် ရွေးကောက်ပွဲမတိုင်မီက သူမအား အုပ်ချုပ်မှုနေရာမရအောင်တားမြစ်ထားသည့် – စစ်တပ်ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြောင်းလဲရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုစည်းရုံးခဲ့သည်။

    ယခုသော် သူမ၏ပါတီမှာ လိုလိုလားလား စောင့်ဆိုင်းနေသည်ကို တွေ့ရပြန်ပါသည်။

    “လက်ရှိအနေအထားအရ စစ်တပ်သြဇာလျော့ကျသွားစေမယ့်ကိစ္စ တစ်စုံတစ်ရာမှ ကျွန်တော်တို့ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အမျိုးသားသင့်မြတ်ရေးအတွက်သာ အမှန်တကယ် ရည်ရွယ်ထားကြောင်း သူတို့ကို နားလည်လက်ခံအောင် ပြုလုပ်သွားရမှာဖြစ်ပါတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

    ပါတီအနေဖြင့် တိုင်းရင်းလူနည်းစုဝင်များ ၀န်ကြီးဋ္ဌာနအချို့၌ ဦးဆောင်သွားနိုင်ရန်၊ သူမ၏အစိုးရအတွက် ပိုမို ထောက်ခံအားပေးမှု ရအောင် တည်ဆောက်သွားရန်၊ ၎င်းအပြင် စွမ်းအင်ဝန်ကြီးဋ္ဌာနကဲ့သို့သော အရေးပါသည့်ဝန်ကြီးဋ္ဌာနအချို့အား ကိုင်တွယ်လည်ပတ်ရေးအတွက် ပါတီပြင်ပရှိ ကျွမ်းကျင်သူများနှင့် လက်တွဲဆောင်ရွက်ရန် ဦးတည်ကြိုးပမ်းသွားမည်ဟု သူ၏အဆိုအရ သိရ၏။

    ပါတီ၏ဘတ်ဂျက်ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်မှာ ပါတီသည် မိမိ၏ကတိအတိုင်း နှစ်များစွာဖြစ်တည်နေသော ရာထူးကြီးစဉ်ငယ်လိုက်အုပ်ချုပ်ရေးမှသည် အာဏာခွဲဝေအုပ်ချုပ်ရေးစနစ်ဖြစ်လာအောင် ကြိုးပမ်းသွားမည်ဖြစ်သည်။

    “လက်ရှိမှာတော့ အထက်မှအောက် စနစ်မျိုးဖြစ်နေပါသေးတယ်”

    ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီပါတီကိုလည်း အထက်မှအောက် ထိန်းချုပ်မှုစနစ်ဖြစ်နေကြောင်း ထင်ထင်ရှားရှား တွေ့မြင်နေရသည်။ ထိပ်တန်းပါတီဝင်အချို့မှအပ ပါတီတစ်ခုလုံးသည် စတင်တည်ထောင်သည့် ၁၉၈၈ ခုနှစ်ကပင် သူမ၏အဆုံးအဖြတ်က အခရာ ဖြစ်နေခဲ့၏။

    နေအိမ်အကျယ်ချုပ်နှစ်များစွာအတွင်း သူမ၏ယုံကြည်ရသော အနီးကပ်အကြံပေးအုပ်စုများနှင့်သာ ထိတွေ့ဆက်ဆံမှုဖြင့် ကျင့်သားရနေခဲ့သည်။

    မူးယစ်ဆေးကုန်ကူးမှု၊ အကျင့်ပျက်ခြစားမှု၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်မှု၊ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးနှင့်ပညာရေးစနစ်မပြည့်ဝမှု စသည့် မြန်မာနိုင်ငံ၏ယိုယွင်းပျက်ပြားနေသောပြဿနာများကြောင့် သူမ ထဲထဲဝင်ဝင်ကိုင်တွယ်ရမည့်အခန်းကဏ္ဍ အလွန်များပြားသည့်အပေါ် သူမ၏အနီးကပ်လူယုံများပင်လျှင် စိုးရိမ်မကင်း ရှိနေကြ၏။

    ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေတဖြစ်လဲ ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းက “သူမမှာ ကောင်းမွန်သင့်မြတ်တဲ့ အသင်းအပင်းအစုအဖွဲ့တစ်ရပ် လိုအပ်နေပါတယ်။ ခုချိန်ထိ မရှိသေးဘူး။ ဒါတကယ့်ပြဿနာတစ်ရပ်ပါ” ဟု ဆိုပါသည်။

    စစ်အစိုးရမှ ဒီမိုကရေစီအရေးဖြိုလှဲရန် ကြိုးပမ်းစဉ် သူမ၏ အကျဉ်းစံကာလများတစ်လျှောက် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သစ္စာရှိလူယုံများကိုသာ အလွန်အကျွံအားကိုးအားထားပြုခဲ့ရကြောင်း ၀ါရင့်ပါတီဝင်များက ဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် ယင်းအနီးဆုံးလူယုံတို့ကို မီဒီယာများနှင့် ပြောဆိုမှုမပြုရန် ညွှန်ကြားထားပေသည်။

    လွှတ်တော်၌ ပြောရေးဆိုခွင့်ရှိသော သမားတော်တစ်ဦးဖြစ်သူ ဒေါ်တင်မာအောင်အား တွေ့ဆုံမေးမြန်းရန် ကမ်းလှမ်းသောအခါ သူမ အလျဉ်းမပြုလုပ်နိုင်ကြောင်း ငြင်းဆိုခဲ့ပေသည်။

    (The New York Times မှ Thomas Fuller ရေးသားသော After Victory in Myanmar, Aung Sn Suu Kyi quietly
    shapes a transition ဆောင်းပါးကို လှိုင်းသစ်အောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)

  • ဘာသာရေး လူမျိုးရေး ပြဿနာဖြစ်အောင် ဖန်တီးသူတွေရှိနေပြီလား

    ဘာသာရေး လူမျိုးရေး ပြဿနာဖြစ်အောင် ဖန်တီးသူတွေရှိနေပြီလား

    500

    By ထက်အာကာကျော်ဖြိုးဝေလင်း
    .
    မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးအား အခြားဘာသာဝင် ညီအစ်ကိုနှစ်ဦးက အဓမ္မပြုကျင့်ဆိုသော သတင်းတစ်ပုဒ် ၂၀၁၄ ဇွန်လ ၃၀ ရက်တွင် အင်တာနက်၊ လူမှုကွန်ရက် စာမျက်နှာများ၌ ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ သတင်း နောက်ဆက်တွဲရလဒ်အဖြစ် မန္တလေးမြို့၌ ဘာသာရေး၊ လူမျိုးရေးအသွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် ဒဏ်ရာရရှိသူများ၊ အဆောက်အအုံများနှင့် မော်တော်ယာဉ် ဖျက်ဆီးခံရမှုများ ဖြစ်ပွားခဲ့သည်။ အဆိုးဆုံးမှာ ယဉ်ကျေးမှုမြို့တော် မန္တလေး၏ ပုံရိပ်ကို ထိခိုက်ခဲ့ရပြီး စည်းလုံးလှသော မြို့ခံများကြား သံသယပွားစေခဲ့ခြင်းဖြစ်သည်။ အဖြစ်မှန် ပေါ်ပေါက်လာသောအခါ အမှုမှာ လိမ်လည်တိုင်ကြားထားခြင်းဖြစ်သည်။

    သည်ဖြစ်ရပ်က လူမှုကွန်ရက်တွင် အစပြုခဲ့သည့် သတင်းအမှားတစ်ပုဒ်ကြောင့် မန္တလေးမြို့ကို ရုပ်ဆိုးအကျည်းတန်သည့် ဖြစ်ရပ် တစ်ခုဖြစ်ပွားသွားစေခြင်းဖြစ်သည်။ ထိုစဉ်က အဆိုပါသတင်းကို သစ်ထူးလွင်ဝက်ဘ်ဆိုက်က ရဲမှတ်တမ်းနှင့်တကွ အဦးဆုံးဖော် ပြခဲ့ခြင်းဖြစ်သည်။ ထူးခြားသည်က ထိုကဲ့သို့ လူမျိုးရေး၊ ဘာသာရေးအသွင် ပြဿနာများ ဖြစ်ပွားစေနိုင်သော သတင်းများ၊ ကောလာဟလများ ဖြန့်ချိခဲ့သူများမှာ ဘယ်သောအခါမှ အရေးယူ မခံရခြင်းဖြစ်သည်။ အစိုးရက ထိုကဲ့သို့ အမုန်းစကားများ၊ အန္တရာယ်စကား များ ဖြန့်ဝေသူများ၊ အွန်လိုင်းမှ သွေးထိုးလှုံ့ဆော်သူများကို မျက်ကွယ်ပြုထားခဲ့သည်။

    ဦးသိန်းစိန်အစိုးရလက်ထက်တွင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခ၊ မိတ္ထီလာ အဓိကရုဏ်း၊ ဥက္ကံ၊ လားရှိုး စသည့် လူမျိုးရေး၊ ဘာသာရေးအသွင်ပဋိပက္ခများ တွင် လှုံ့ဆော်သူများက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အများဆုံးအသုံးချလှုံ့ဆော်ခဲ့သည်။ မန္တလေးတွင် ဖြစ်ပွားပြီးနောက်ပိုင်း၌ လူမှုကွန်ရက်များမှ လှုံ့ဆော်မှုများ တဖြည်းဖြည်း လျော့ပါးခဲ့သည်။ ရွေးကောက်ပွဲ ကာလတစ်လျှောက်လုံးတွင်လည်း လူမျိုးရေး၊ ဘာသာရေးပြဿနာ ပေါ်ပေါက်မည်ကို စိုးရိမ်သော်လည်း သိသာထူးခြားသည့် ဘာသာရေးပဋိပက္ခအသွင် ဆောင်စေမည့် လုပ်ဆောင်မှုမျိုး အလွန်နည်းပါးခဲ့သည်။

    သို့သော် သွေးထိုးလှုံ့ဆော်မှုများသည် ရွေးကောက်ပွဲပြီးဆုံးသည်နှင့် ပြန်လည်ခေါင်းထောင်လာသည်ဟုဆိုရအောင် သံသယဖြစ်ဖွယ်အဖြစ်အပျက်အချို့ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ အစ္စလာမ် ဘာသာဝင်များနှင့် ပတ်သက်၍ အစဉ်တစိုက် ဆန့်ကျင်ရေးသားနေသည့် အကောင့်ပေါင်း များစွာက ပြဿနာများကို အစဆွဲထုတ်လာသည့် အခြေအနေများ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။

    ယခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် လုပ်ကြံဖန်တီးသည့် မမှန်သတင်းများ၊ ကောလာဟလ သတင်းများကြောင့် ဘာသာရေးအဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့ဝင်များ အလုပ်ရှုပ်ခဲ့ရသည်။

    ဒီဇင်ဘာ ၁၀ ရက်က အဆင့်မြင့်လူနေတိုက်ခန်းတစ်ခုမှ အမည်းရောင်အလံလွှင့်ထူထားမှုကို ‘‘ဒီအလံဟာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုရဲ့ အလံပုံစံဖြစ်ပါတယ်။ အမျိုးသားရေး စိတ်ဓာတ်ရှိသူများ မေးမြန်းစုံစမ်းကြပါ။ အများသိအောင်လည်း Share (မျှ ဝေ)ပေးကြပါ’’ဟု ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခုက ဖော်ပြခဲ့သည်။ ယင်းပို့စ်ကို Like ပြုလုပ်သူ တစ်ထောင်ကျော်နှင့် ပြန်လည် မျှဝေသူ ထောင်ပေါင်း များစွာ ရှိခဲ့သည်။ အဆိုပါပို့စ်ကို ယုံကြည်၍ဖြစ်စေ၊ မယုံကြည်၍ဖြစ်စေ Like ပြုလုပ်ထားသူနှင့် မျှဝေထားသူ အရေအတွက်ကို ကြည့်ရှုလျှင် သေချာသည်မှာ ယင်းပို့စ်မှာ အွန်လိုင်းပေါ်သို့ ပျံ့နံှ့မှုနှုန်းများခဲ့သည်။

    သို့သော်ဖြစ်စဉ်အမှန်မှာ ရှီးဟိုက်မွတ်စလင်များ နှစ်စဉ်ပြုလုပ်နေကျ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် လွှင့်ထူထားခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့လည်း တရားဝင်ခွင့်ပြုချက်ရယူခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မီဒီယာများအား ရှင်း လင်းပြောကြားခဲ့သည်။

    ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်တစ်ဦးပိုင် လက်ဖက်ရည်ဆိုင်တွင် ဗုဒ္ဓဘာသာဝင်တစ်ဦးက လက်ဖက်ရည်ဖိုးပေးချိန်၌မပေးဘဲ ဆိုင်ရှင်အား မိုက်ကြေးခွဲစိန်ခေါ်ခဲ့ပြီး နောက် တစ်ခေါက် ပြန်ရောက် လာချိန်တွင် မဘသ အဖွဲ့ဝင်များက နောက်မှလိုက်လာကာ အုပ်စုဖွဲ့အနိုင်ကျင့်ခဲ့သည်ဟု ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုက ဖော်ပြခဲ့သည်။ သို့သော် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ 7Day News ဂျာနယ်အား အတည်ပြုပြောကြားသည်။

    ထို့အပြင် ဒီဇင်ဘာလဆန်းကလည်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များ အစုလိုက်အပြုံလိုက်တွေ့ရှိရပြီး ၎င်းတို့အထဲတွင် IS အကြမ်းဖက်သမားများ ပါဝင်လာပါက အန္တရာယ်ရှိကြောင်း ရေးသားထားသည့် ပို့စ်တစ်ခုကို လူမှုကွန်ရက်၌ မျှဝေသူအများအပြားရှိခဲ့သည်။ ဖြစ်စဉ်အမှန်မှာ အစ္စလာမ်ဘာသာဝင်များမဟုတ်ဘဲ ဟိန္ဒူဘာသာဝင်များဖြစ်ပြီး လူအရေအတွက်မှာလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပြောသကဲ့သို့ မများကြောင်း သက်ဆိုင်ရာက အတည်ပြုသည်။

    အလားတူဖြစ်စဉ်မျိုး ယခုလအတွင်းမှာပင် ပုသိမ်မြို့၌ အစ္စလာမ်ဘာသာရေး အဆောက်အအုံတစ်ခုတွင် လူအများအပြားစုဝေးကာ လက်ထဲတွင်လည်း မသင်္ကာစရာ အထုပ်များတွေ့မြင်ရကြောင်း လူမှုကွန်ရက်တွင်ပျံ့နှံ့ ခဲ့ပြန်သည်။ ဖြစ်ရပ်မှန်မှာ အစ္စလာမ်ဘာသာဝင် မင်္ဂလာအခမ်းအနားတစ်ခုတွင် နှစ်ဖက်အမျိုးများက လက်ဖွဲ့ပစ္စည်းကိုင်ဆောင်ထားခြင်းဖြစ်သည်။ ယင်းအပေါ် တမင်တကာလုပ်ကြံချဲ့ထွင် ရေးသား၍ သတင်းအမှားဖြန့်ချိခဲ့ခြင်းလည်းဖြစ်သည်။

    မြန်မာနိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် ဘာသာရေးပဋိပက္ခများတွင် ဗုဒ္ဓဘာသာနှင့်အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားမှုက အရေအတွက် အများဆုံးဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ဘာသာကြီးနှစ်ခု၏ နှစ်ဖက်ခေါင်းဆောင်များအပါအ၀င် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး စသော အဖွဲ့အစည်းများက ပြည်တွင်း၌ မည်သည့်ပြဿနာ၊ မည်သည့်ပဋိပက္ခကိုမျှ မဖြစ်ပွားစေရန် လုပ်ဆောင်နေပြီး ဘာသာရေးလှုံ့ဆော်မှုများရှိလာပါကလည်း အပြန်အလှန် ယုံကြည်မှုရှိစွာဖြင့် ပူးပေါင်းဖြေရှင်းကြရန် တိုက်တွန်း ပြောကြားထားကြသည်။

    ‘‘ဖေ့စ်ဘွတ်ခ်ကိုနိုင်ငံရေးမှာ အသုံးချတာတွေရှိတယ်။ အဲဒါတွေကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေ ကိုယ်တိုင်ရော၊ အသုံးမပြုတဲ့သူတွေရောကို ဖေ့စ်ဘွတ်ခ်ပေါ်မှာရှိတဲ့ လော်ဘီတွေရဲ့အလှော်တွေကို သိပ်ပြီးတော့ ယုံကြည်မှုတွေမထားဖို့ သတိပေးချင်တယ်’’ ဟု ရွှေည၀ါဆရာတော်က မိန့်ကြားသည်။

    အမုန်းတရားဖြစ်ပွားစေမည့် စကားလုံးများကိုလည်း မည်သည့်ဘာသာဝင်ဖြစ်စေ မသုံးစွဲ၊ မပြောဆိုဘဲ ရှောင်ကြဉ်ပါက မြန်မာနိုင်ငံသည် ငြိမ်းချမ်းသည့်တိုင်းပြည်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်းနှင့် အစွန်းမရောက်သော ဘာသာရေးအမြင်၊ သေချာစွာ ဆင်ခြင်သုံးသပ် ခြင်းဖြင့် အွန်လိုင်းစာမျက်နှာမှ အကြောင်းအရာများကို ချင့်ချိန်ယုံကြည်စေချင်ကြောင်း ရွှေညဝါဆရာတော်က ဆက်လက်မိန့်ကြားသည်။

    အလားတူ ဒီဇင်ဘာ ၁၀ရက်၌ပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဗလီတစ်ခုတွင် အထောက်အထားမဲ့ အစ္စလာမ်ဘာသာဝင် ၁၀၀ ကျော် တွေ့ရှိဟူ၍ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး သုံးစွဲကြသူများအကြား ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။ သို့သော်လည်း အုပ်ချုပ်ရေးပိုင်းက သွားရောက်စစ်ဆေးရာတွင် ကလေးငယ်များ စာသင်ကြားနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ချက်ချင်းသတင်းထုတ်ပြန်ပေးခဲ့သည်။

    ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဗလီအတွင်း ဘာသာရေး စာသင်ကျောင်းနှင့် တွဲဖက်ကာ ဘာသာရေးစာပေများကို နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးလျက်ရှိကြောင်း၊ စာသင်ကျောင်းသားများသည် အသက် (၁၀) နှစ်မှ (၂၀)နှစ်အတွင်းရှိပြီး ရန်ကုန်နှင့် အခြားမြို့နယ်များမှ လာရောက်သင်ကြားသူများဖြစ်ကြောင်း တရားမဝင် ခိုးဝင်လာသူများမရှိကြောင်း စစ်ဆေးတွေ့ရှိချက် ကို ဖော်ပြထားသည်။

    ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူများအကြား သတင်းအမှားများ မပျံ့နှံ့စေရန် တာဝန်ရှိသူများက ဖြစ်ရပ်အမှန်ကို အချိန်မီသတင်းထုတ်ပြန်ခဲ့သော်လည်း အွန်လိုင်းစာမျက်နှာထက်တွင် သတင်းအမှားများက အချိန်တိုအတွင်း ပျံ့နှံ့ခဲ့သည်။

    အထက်ပါ သတင်းအမှားများထွက်ပေါ်ချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးအချိန်ဖြစ်သော အာဏာလွှဲပြောင်းရေး ကာလဖြစ်သည်။ ထိုသို့ သတင်းအမှား ဖြန့်ချိသူများသည် တိုင်းပြည်အကျိုးမလိုလားသူများက ဖျက်ဆီးလိုသည့်စိတ်ဖြင့် လုပ်ဆောင်နေ သည်ဟုယူဆပြီး ပြည်သူများ အလွယ်တကူ မယုံကြည်ကြရန်နှင့် ပဋိပက္ခတစ်ခုဖြစ်ပွားစေရန် လမ်းစတစ်ခုကို တမင်ဖန်တီးသူများရှိနေကြောင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအေးလွင်က သုံးသပ်သည်။

    ‘‘အဲဒါတိုင်းပြည်အကျိုးမလိုလားသူတွေရဲ့စနက်လို့ ကျွန်တော်ထင်တယ်။ ဒါကိုပြည်သူတွေ မယုံကြည်ကြဖို့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။ ဆန်းစစ်လို့ရပါတယ်။ ဗလီမှာဖြစ်တယ်ဆို ဗလီကို လိုက်လေ့လာလို့ ရပါတယ်။ ပြီးမှအမှန်တရားလေးကို ဖော်ထုတ်ပေးဖို့ပါ’’ဟု အစ္စလာမ်ဗိမာန်ဦးဆောင်ဆော်သြရေးမှူးလည်းဖြစ်သူ ဦးအေးလွင်ကပြောသည်။

    ပြည်သူအများစုစိုးရိမ်ခဲ့သော ၂၀၁၅ ရွေးကောက်ပွဲသည် ငြိမ်းချမ်းစွာ ပြီးဆုံးသွားပြီဖြစ်သော်လည်း ရွေးကောက်ပွဲရလဒ်မှာ အကောင်အထည်မပေါ်သေးသည့်အတွက် (တစ်နည်းအားဖြင့်) အစိုးရအကူးအပြောင်းကာလ မပြီးဆုံးသေးသည့်အတွက် ပြည်သူလူ ထုအနေဖြင့် သွေးထိုးလှုံ့ဆော်မှုများရှိလာပါက ဘာသာမတူသူ၊ လူမျိုးမတူသူတို့အကြား အပြန်အလှန်သည်းခံမှု၊ နားလည်မှုတို့ရရှိရန်လိုအပ်ကြောင်း အနိုင်ရတိုင်းဒေသကြီးလွှတ်တော်အမတ် ဘလော့ဂါ ကိုနေဘုန်းလတ်က တိုက်တွန်းပြောကြားသည်။

    ရွေးကောက်ပွဲအကြိုကာလတွင် ဘာသာရေးနှင့်ပတ်သက်၍ သတင်းအမှားများ အင်တာနက်စာမျက်နှာထက်တွင် ကြိမ်ဖန်များစွာ ဖော်ပြမှုများရှိခဲ့သလို ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ဖေ့စ်ဘွတ်ခ်သုံးစွဲသူဦးရေမှာ ရှစ်သန်းခန့်ရှိနေသော်လည်း လူတစ်ဦးလျှင် ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခုထက်မက သုံးစွဲနေခြင်းကလည်း သတင်းအမှားများကို ထိန်းချုပ်ရန် အခက်တွေ့စေသည်။

    သို့သော်  ရည်ရွယ်ချက်ရှိရှိ သတင်းအမှားဖြန့်ချိနေမှုကို တားဆီးရန်နှင့် အရေးယူမှုအပိုင်းမှာ လက်ရှိအစိုးရသက်တမ်း တစ်လျှောက် မစွမ်းဆောင်နိုင်ခဲ့ပေ။ ၂၀၁၀ အစိုးရသက်တမ်းကုန်ခါနီးအချိန်တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို မလျော်ကန်စွာ ရေးသားချက်များ နှင့်ပတ်သက်၍သာ ဆက်သွယ်ရေး ဥပဒေ၊ အီလက်ထရွန်နစ်ဥပဒေတို့ဖြင့် အရေးယူမှုရှိခဲ့သည်။ လူမျိုးရေး၊ ဘာသာရေးပြဿနာ ဖြစ်စေနိုင်သော ကောလာဟလများဖြန့်ချိမှုနှင့်ပတ်သက်၍ အရေးယူမှုအပိုင်း အားနည်းခဲ့သည်။

    အရေးယူမှုအားနည်းခြင်းမှာ ဆိုက်ဘာလုံခြုံရေး၊ ဆိုက်ဘာရာဇဝတ်မှုများ စသည့်ဥပဒေများ မရှိသေးခြင်း၊ အွန်လိုင်းတွင်အသုံးပြုသည့် မြန်မာစာဖောင့်စနစ်မှာ စံစနစ်အဖြစ် တညီတညွတ်တည်းဖြစ်မနေခြင်း မိုဘိုင်းဆင်းမ်ကတ် စတင်ဝယ်ယူချိန်တွင်မှတ်ပုံတင်ခြင်း မပြုလုပ်မှုများတို့ကြောင့်လည်းဖြစ်ကြောင်း ပြည်တွင်းနည်းပညာနှင့် ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုသည်။

    ‘‘အရင်ခေတ်က သတင်းအမှောင်ချခဲ့ခြင်းရဲ့ အကျိုးရလဒ်က ကောလာဟလတွေဆိုရင် အယုံလွယ်နေကြတာပဲ။ အခုနောက်ပိုင်းတော့ လူတွေက ဆင်ခြင်တုံတရားပိုရှိလာတယ်။ ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးသူတချို့ရှိနိုင်ကြပေမယ့် အလွယ်တကူ မယုံကြည်ကြတော့ဘူး’’ ဟု Myanmar Expert EU South East Asia IPR Help desk မှ ဦးမင်းတေဇညွန့်တင်က သုံးသပ်သည်။

    ထို့အတွက် ဖေ့စ်ဘွတ်ခ်နှင့် အွန်လိုင်းပေါ်မှ သတင်းဖြန့်ချိမှုများကို ယုံကြည်သင့်၊ မသင့်သည် မူလဖော်ပြသူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် သုံးစွဲသူတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေသည့်သဘောဖြစ်သည်။ ထို့ကြောင့်ပန်းစကားကဲ့သို့ အရပ်ဘက်အဖွဲ့ အစည်းများက ‘‘လူသားအချင်းချင်းအမုန်းမပွားဖို့ ငါတို့နှုတ်ကိုစောင့်စည်းစို့’’ စသည်ဖြင့် လှုပ်ရှားမှုကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအကြား တိုက်ရိုက်မိတ်ဆက်ခဲ့ကြ သည်။

    ‘‘အွန်လိုင်းက အကြောင်းအရာတွေကို အယုံမလွယ်ရအောင် သတိထားရမယ်။ ဒါတွေကို ပျောက်သွားအောင်၊ လျော့နည်း သွားအောင် တစ်ဖက်ကလုပ်ရမှာ ဖြစ်သလို သတင်းစားသုံးသူတွေ၊ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေအနေနဲ့လည်း စိတ်ရှည်ပြီး ချင့်ချိန်ယုံကြဖို့လည်း အသိပညာပေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်’’ ဟု ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်သည့် MIDO အဖွဲ့အစည်းမှ မထိုက်ထိုက်အောင်က အကြံပြုပြောကြားသည်။

    ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ များတွင် ဖြစ်ပွားခဲ့သည့် ရခိုင်၊ မိထ္တီလာနှင့် မန္တလေးဘာသာရေး အဓိကရုဏ်းများကို ပြန်ကြည့်လျှင် အွန်လိုင်းမှ စတင်ကာ တဖြည်းဖြည်း ပြဿနာကြီးထွားလာသည်ကို ကြုံခဲ့ရဖူးပြီဖြစ်သည်။

    မြန်မာနိုင်ငံ၏ဘာသာရေး ပဋိပက္ခဖြစ်စဉ်များကို ပြန်ကြည့်လျှင် အွန်လိုင်းမှ သွေးထိုးလှုံ့ဆော်မှုများသည် ထိပ်ဆုံးမှ ပါဝင်သည်။  ဖေ့စ်ဘွတ်ခ် ယဉ်ကျေးမှုနှင့် အသားမကျသေးသည့် ပြည်သူများအား အွန်လိုင်းမှတစ်ဆင့် ဘာသာရေး မှိုင်းတိုက်ခြင်းမှာ အောင်မြင်သည့် အသုံးချ နည်းလမ်းတစ်ခုလည်းဖြစ်သည်။ တိုင်းပြည်မငြိမ်မသက်ရန်နှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုကို ထိုးနှက်တိုက်ခိုက်ရန် အကောင့်တု၊ အကောင့်ပုန်းများဖြင့် ဝါဒဖြန့်ခြင်းမှာ မြန်ဆန် ထိရောက်ခဲ့သည်။ ယင်းဖြစ်စဉ်များမှာ လက်ရှိအစိုးရလက်ထက်တွင် အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။

    အစိုးရအနေဖြင့် တိုင်းပြည်တစ်ခုလုံးဆူပွက်စေရန် မဟုတ်မမှန်လှုံ့ဆော်နေသည့်ဖေ့စ်ဘွတ်ခ် အကောင့်များနှင့် ဖန်တီးနေသူများကို ဖော်ထုတ်အရေးယူရန် လိုအပ်နေကြောင်း အထက်ပါပုဂ္ဂိုလ်များက သုံးသပ်ပြောကြားသည်။

    7Days မှ တဆင့် ကူးယူဖော်ပြပါသည်။

    http://www.7daydaily.com/story/53816