News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းက ဘာ့ကြောင့် မရဏတံခါးဝ ဖြစ်နေတာလဲ

    မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းက ဘာ့ကြောင့် မရဏတံခါးဝ ဖြစ်နေတာလဲ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    hpa kant
    ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်မှုမှ မြင်ကွင်းတစ်ခု

    – ဘ၀ကံကြမ္မာကို ပြောင်းလဲနိုင်မည့် ကျောက်စိမ်းတုံးလေးများ တွေ့လိုတွေ့ညား ရှာဖွေရင်းဖြင့် မြန်မာနိုင်ငံမှ ပြည်သူများမှာ အသုံးမတည့်သည့် မြေစာပုံများအကြားတွင် အသက်ပျောက်ကြရသည်။

    နိုဝင်ဘာ ၂၁ ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် မြေစာပုံပြိုကြမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ နောက်တစ်နေ့မနက်တွင်တော့ မြေစာပုံများအောက်မှ အလောင်းပေါင်းများစွာ ဆွဲထုတ်ခဲ့ရလေသည်။

    ဒီဇင်ဘာ ၂၆ ရက်နေ့တွင်လည်း ထိုဒေသ၌ပင် မြေစာပုံပြိုကျမှုကြောင့် ဒါဇင်နှင့်ချီသော လူများ သေဆုံးမည့် အန္တရာယ် ရှိနေလေသည်။ ရုတ်တစ်ရတ်ဖြစ်ပွားသော အဆိုပါ ဖြစ်ရပ်ဆိုးကြီးများက မြန်မာနိုင်ငံရှိ ကြောက်စရာကောင်းပြီး ခြစားမှုပြည့်နေသည့် ကျောက်စိမ်းလုပ်ငန်းအား ကမ္ဘာတစ်ဝှမ်းမှ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့သည်။

    မြန်မာနိုင်ငံရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများမှာ အာရှတစ်ဝှမ်းလုံးတွင် စိတ်ပျက်စရာအကောင်းဆုံး နေရာများထဲမှ တစ်ခုဖြစ်လေသည်။ ထိုဒေသများတွင် သေခြင်းတရား မင်းမူနေပြီး၊ ဥပဒေမဲ့မှုက မြင်မကောင်းအောင်ဖြစ်နေသည်။ ထိုအကြောင်းကြောင့်ပင် အစိုးရက ပြင်ပမှလူများကို ထိုနေရာသို့ လာရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

    မြေစာပုံပြိုကျမှုများက ကချင်ပြည်နယ်မှ ဖုန်ထူပြီး သီးသန့်ဖြစ်နေသော ဖားကန့်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တစ်ချိန်က စိမ်းစိုခဲ့သော တောင်တန်းများမှာ ယနေ့တွင်တော့ အ၀ိစိချောက်နက်ကြီး ဖြစ်နေလေသည်။ အကျယ်က ဘောလုံးကွင်းကြီးများလောက် ရှိနေပြီး လကမ္ဘာမှ ချိုင့်ခွက်ကြီးများနှင့် တူနေသည်။ ကျောက်စိမ်းအတိုအစကလေးများ ရရှိမလားဟူသော မျှော်လင့်ချက်ဖြင့် ထိုတွင်းနက်ကြီးများသို့ ဆင်းရှာကြသူများလည်း နေ့စဉ် ရှိကြလေသည်။

    ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို စစ်တပ်မှ ထိပ်သီးပုဂ္ဂိုလ်များ၊ ၎င်းတို့နှင့် ပတ်သက်သက်သူများက လွှမ်းမိုးချုပ်ကိုင်ထားကြပြီး ၎င်းတို့၏ ကုမ္ပဏီများက ကျောက်စိမ်းများကို ဧရာမစက်ကြီးများသုံးကာ တူးဖော် ထုတ်ယူနေကြသည်။

    ကျောက်စိမ်းလုပ်ငန်းမှရရှိသည့် အကျိုးအမြတ်က ကြောက်စရာပင်ဖြစ်၏။ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရရှိခဲ့သည်ဟု အကျိုးအမြတ်မယူသည့် Global Witness အဖွဲ့၏ စုံစမ်းဖော်ထုတ်မှုများအရ သိရသည်။ ထိုအဖွဲ့က ဖားကန့်ကို “စိတ်ဆင်းရဲစရာ စွန့်ပစ်မြေ” ဟု ကင်ပွန်းတပ်ခဲ့သည်။

    ကျောက်စိမ်းမှာ မြန်မာနိုင်ငံအတွက် သဘာဝကပေးသော ဆုလာဘ်ဖြစ်သော်လည်း လူတစ်စုက မဟားဒယား အကျိုးခံစားနေသည်။ မဖြစ်စလောက်သော ပမာဏကသာ တိုင်းပြည်ရှိ ပျက်ဆီးယိုယွင်းနေသော လမ်းများ၊ ဆေးရုံများနှင့် ကျောင်းများအား ပြင်ဆင်မှုဘက်သို့ ရောက်ရှိလေသည်။ အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ခြေညှပ်ဖိနပ်စီးကာ ကျောက်တွင်းတူးရသည့် အလုပ်သမားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသုံးပြုမှုမှာ မရှိသလောက်ပင်ရှား၏။

    စစ်တပ်နှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများက ကျောက်စိမ်းမှရရှိသော အကျိုးအမြတ်များကို အငမ်းမရဖြစ်နေချိန်တွင် ထိုစီးပွားရေးက ဘ၀မျှော်လင့်ချက်ကင်းမဲ့နေသည့် အမျိုးသားနှင့် အမျိုးသမီးများကို ကျောက်စိမ်းတွင်း၏ အနားသို့ ရောက်ရှိအောင် ဆွဲခေါ်နေလသည်။ ၎င်းတို့မှာ စက်ကြီးများနှင့် တူးဖော်ပြီး ကျန်ခဲ့သော မြေများတွင် တစ်နိုင်တစ်ပိုင် ကျောက်စိမ်းလိုက်ရှာသူများ ဖြစ်သည်။

    မြေစာပုံပြိုကျမှုဒဏ်ကို ခံရသူများတွင် အများစုမှာလည်း ၎င်းတို့ပင်ဖြစ်သည်။ ထိုကဲ့သို့ ကျောက်စိမ်းရှာဖွေမှုမှာ တရားမ၀င်။ ကျောက်စိမ်းတူဖော်မည့်မြေနေရာနှင့် တူးဆွပြီနောက် ကျန်ခဲ့သော မြေစာပုံများအား ပိုင်ဆိုင်ခွင့်မှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ကုမ္ပဏီများတွင်ပင် ရှိသည်။ သို့သော်လည်း ပြည်သူအများစုက တစ်နေ့လျှင် ကန် ၂ ဒေါ်လာအောက်ဖြင့်သာ အသက်ရှင်နေထိုင်ရသည့် မြန်မာနိုင်ငံတွင် ကျောက်စိမ်းကုမ္ပဏီများက မတွေ့၍ ကျန်ခဲ့သော ကျောက်စိမ်းတုံးလေးများကို လိုက်ရှာရန်အတွက် မြေစာပုံပြိုကျမှု၊ လုံခြုံရေးအစောင့်များ၏ ရိုက်နှက်မှု စသည့်အန္တရာယ်များကို အရဲစွန့်ရင်ဆိုင်ခြင်းမှာ ထိုက်တန်သည်ဟု အချို့က ယုံကြည်နေကြလေသည်။

    “ခင်ဗျားကို မီလီယံနာဖြစ်စေနိုင်တဲ့ ကျောက်တုံးလား၊ ဘာမှအဖိုးမတန်တဲ့ ကျောက်တုံးလားဆိုတာ အပြင်ကနေကြည့်ရင် ခွဲခြားမသိနိုင်ဘူးလေ” ဟု ကျောက်တူးသမားတစ်ဦးဖြစ်သူ မျိုးအောင်က GlobalPost သို့ ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့သည်။

    “အဲဒီကျောက်တုံးကို စုတ်ပျက်နေတဲ့ ကောင်မလေးတစ်ယောက်လို သဘောထားကြည့်ပေါ့ဗျာ။ သူက ရေလည်းမချိုးဘူး၊ အလှလည်းမပြင်ဘူး။ တကယ်လို့ ကိုယ်ထူကိုယ်ထ ကျောက်တူးသမားတစ်ယောက်ဟာ အဲလိုကျောက်တုံးမျိုးကို အရောင်တင်ပြီး သွားရောင်းနိုင်တယ်လေ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့ပြီး ၀င်ငွေမှာ ဘ၀တစ်ခုလုံး ပြောင်းလဲသွားနိုင်သည်ဟု ဆိုသည်။

    ကန်ဒေါ်လာ ၃ သောင်းနှင့်အထက် တန်ကြေးရှိမည့် ကျောက်စိမ်းတုံးလေးများ တွေ့မလားဟူသော ထိုမျှော်လင့်ချက်က ကျောက်စိမ်းတွင်း၏ ဆင်ခြေဖုံးဒေသများသို့ ကိုယ်ထူကိုယ်ထ ကျောက်တူးသမားများကို ရောက်ရှိစေခဲ့သည်။ ထိုသူများက ၎င်းတို့ အဓိကရှာဖွေမည့်နေရာများနှင့် မလှမ်းမကမ်းတွင် တဲများထိုးကာ နေထိုင်ကြသည်။

    စခန်းငယ်လေးပုံစံမျိုးဖြစ်နေသည့် ၎င်းတို့၏တဲများက ပေ ၅၀၀၀ မြင့်သည့် မြေစာပုံကြီး၏ အရိပ်အောက်တွင် ရှိနေလေသည်။ ပြီးခဲ့သည့်စနေနေ့ အာရုဏ်တက်ချိန် ထိုမြေစာပုံကြီး ပြိုကျသည့်အချိန်တွင်တော့ ၎င်းတို့အားလုံးလည်း နစ်မြုပ်ကုန်ကြလေသည်။ ကျောက်တူးသမားအများစုမှာ အိပ်နေရင်းပင် သေဆုံးသွားခဲ့ကြသည်။

    အဆိုပါ စခန်းချရာနေရာများက ဆင်းရဲသားများ နေထိုင်သည့် ရပ်ကွက်ကဲ့သို့ဖြစ်သည်ဟု Reuters မှ ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံ ကျောက်တူးသမားတစ်ဦးက ပြောလေသည်။ နိုင်ငံတော်ပိုင် သတင်းစာကတော့ အဆိုပါ ကျောက်တူးသမားများကို ယခင်က နေရာရွှေ့ပြောင်းရန် သတိပေးပြီးဖြစ်သည်ဟု ဆိုသည်။

    ဖားကန့်ဒေသအား နိုင်ငံခြားသားအားလုံးနီးပါး မ၀င်ရသည့် နယ်မြေအဖြစ် စစ်တပ်က သတ်မှတ်ထားသောကြောင့် အချက်အလက်အသေးစိတ်ကို ရရှိရန်မှာ ခက်ခဲလေသည်။ (ချွင်းချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဝယ်လာဘ်ဖြစ်သည့် တရုတ်နိုင်ငံမှ အ၀ယ်တော်များကတော့ တံခါးမရှိ ဓားမရှိ ၀င်ရောက်ခွင့်ရလေသည်။)

    အဆိုပါဘေးအန္တရာယ်များက လူ့အသက်ကို ဂရုမစိုက်သော ထိုလုပ်ငန်းများကို စစ်တပ်က ဆက်လက်လွှမ်းမိုးထားသည်ဟု သတိပေးနေခြင်းပင်ဖြစ်သည်။

    မြန်မာစစ်တပ်၏ ဘဏ္ဍာရေးစက်ကွင်းက ကျောက်စိမ်းလုပ်ငန်း၌ပင် ရှိနေသည်မဟုတ်။ GlobalPost မှ စုံစမ်းခဲ့ပြီး Asia’s Meth Wars အမည်ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အာရှ၏ ဒေါ်လာဘီလီယံနှင့်ချီသော စိတ်ကြွဆေး ကုန်သွယ်မှုတွင် အဓိကနေရာမှ ပါဝင်နေသော စစ်တပ်နှင့် ပြည်သူစစ်များအကြား ဆက်နွယ်မှုကို ဖော်ပြထားလေသည်။

    ၎င်းတို့၏ အဓိကထွက်ကုန်ဖြစ်သော စိတ်ကြွဆေးပြားများမှာ လက်နက်ကိုင်အုပ်စုများရှိရာ တောင်တန်းဒေသများတွင် ပြန့်နှံ့နေသည်။ ကျောက်စိမ်းတူးဖော်သည့် ဒေသများတွင်လည်း ထိုစိတ်ကြွဆေးနှင့် ဘိန်းဖြူတို့က တရားဝင်ပုံစံ ဖြစ်နေပြီး ရဲတပ်ဖွဲ့ကလည်း လစ်လျူရှုထားသည်။

    ကျောက်စိမ်းထွက်ရာဒေသနှင့် စိတ်ကြွဆေးထွက်ရှိရာ ဒေသများသို့ ဦးတည်နေသောလမ်းများတွက် စစ်တပ် စစ်ဆေးရေးစခန်းများစွာ ရှိနေခြင်းကလည်း အကြောင်းရှိသည်။

    တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံမှာ ဆိုးရွားသော စစ်အာဏာရှင်စနစ်မှာ ပိုမိုလွတ်လပ်သော ဒီမိုကရေစီနိုင်ငံသို့ ပြောင်းလဲတော့မည်ဟု ယူဆနေချိန်တွင် စစ်တပ်က ၎င်းတို့နှင့် ဆက်နွယ်နေသူ လုပ်ငန်းရှင်ကြီးများ ဂုပ်သွေးစုပ် အမြတ်ထုတ်နေကြသော နေရာများအား ပြင်ပမှလူများ ကြည့်ရှုခြင်းကို တားဆီးချင်သောကြောင့်ပင် ဖြစ်လေသည်။

    (USA Today မှ ဖော်ပြသည့် Why Myanmar’s massive jade industry is so deadly ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • လူမှန်နေရာမှန် (အပိုင်း -၁)

    လူမှန်နေရာမှန် (အပိုင်း -၁)

    ဒီဇင်ဘာ ၂၈ ၊ ၂၀၁၅
    M-Media
    ဆောင်ပါးရှင် – ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)

    လူမှန်နေရာမှန် (အပိုင်း -၁) Right man in the right place

    Bogyoke Aung San and U Pe Kin at Inlay Lake

    “အဲတော့ ဒီကပုဂ္ဂိုလ်တွေကလည်း တစ်ချို့ ကျွန်တော်ကိုယ်တိုင် သိခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ခုနက ရက်ရက်စက်စက်နှိပ် ကွပ်ခံနေရတုန်းကပါခဲ့တဲ့ ပုဂ္ဂိုလ်တွေ ရှိသလို၊ နောက်ပိုင်းမှ ပါခဲ့တဲ့ပုဂ္ဂိုလ်တွေရှိပါတယ်။ အဲတော့ဘယ်လိုပဲရှိရှိ အခုကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည်ပြီးတော့မှ ပြုစုပျိုးထောင်ရမယ့် အခြေအနေတွေ ပြောင်းလဲရမယ့် အခြေအနေတွေ ရောက်တဲ့အခါမှာ အားလုံးဟာ ဒီကဏ္ဍနဲ့သင့်တော်တယ်လို့ ကျွန်တော်ယူဆတယ်။”

    ဟု (၁၈.၁၂.၂၀၁၅) ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းများ စွမ်းရည်မြှင့်သင်တန်းအပါတ်စဉ် (၁) ဆင်းပွဲအခမ်းအနားမှာ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဦးဝင်းထိန်က ပြောကြားခဲ့ပါတယ်။

    အဲဒီလိုပြောကြားရာမှာ ဗိုလ်ချုပ်အောင်ဆန်းက ဦးဖေခင်ကိုတိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်စေခဲ့တာကို ဥပမာပေးပြီး ပြောကြား ခဲ့ပါတယ်။
    pe khin2
    အဲဒီလို ဗိုလ်ချုပ်အောင်ဆန်းရွေးချယ်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ဖေဖော်ဝါရီ (၁၁) ရက်နေ့အထိ မသေချာ လိပ်ခဲတည်းလည်း ဖြစ်ပြီး၊ ဗိုလ်ချုပ်လည်း ရန်ကုန်ပြန်ဖို့လေယာဉ်ပျံ စီစဉ်ခိုင်းနေတဲ့အခြေအနေမှာ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်အောင် ညှိနိုင်းဆောင်ရွက်ခဲ့ကြတဲ့ အဓိကပုဂ္ဂိုလ်တွေထဲမှာ ဦးဖေခင်ဟာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။

    ၁၉၄၆ ခုနှစ်၊ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပတဲ့ ဖဆပလညီလာခံကို တက်ရောက်ခဲ့တဲ့ ဗမာမွတ်စလင်မ် ကွန်ဂရက် (ဗ.မ.က) ဒုဥက္ကဌ ဖြစ်သူ ဦးဖေခင်က “ပြည်နယ်/ပြည်မ ပူးပေါင်းရေး” (အဆို အမှတ် – ၇ ) အဆိုတင်သွင်းခဲ့ပါတယ်။ ဦးဖေခင်က အဲဒီအဆိုတင်သွင်းပြီး မကြာခင်မှာ ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ခဲ့ပါတယ်။ တွေ့ဆုံစဉ် ဗိုလ်ချုပ်က “ကိုဖေခင် – ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစားရှိတယ်။ ခင်ဗျားသိလား၊ ပထမတစ်မျိုးက လက်နက်ကိုင်ပြီး
    တိုက်ရဲတယ်၊ သတ်ရဲ ဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယအမျိုးအစားက လက်နက်ကိုင်ပြီး မတိုက်ရဲ၊ မခိုက်ရဲ မသတ်ရဲ မဖြတ်ရဲဘူး၊ အသေလဲ မခံရဲဘူး။ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက် အပင်ပန်းခံ အဆင်းရဲခံပြီးစည်းရုံးရေး လုပ်နိုင်တယ်။ စားစရာ ရရင်စား၊ မရရင် မစားဘဲ ဇွဲနပဲ နဲ့ အငတ်ခံနိုင်တယ်။ တတိယအမျိုးစားက တိုက်လဲမတိုက်ရဲ အသေလည်းမခံရဲ အပင်ပန်းအဆင်းရဲ အငတ်အပတ်လဲ မခံနိုင်ဘူး။ ခပ်ကြော့ကြော့လေးဝတ်စားပြီး ဦးနောက်သုံးပြီး တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲ၊ လုပ်ပေးနိုင်တဲ့ဆိုတဲ့ လူစားမျိုးဖြစ်တယ်။ ခင်းဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျားကို ကျုပ်တာဝန်ပေးစရာရှိတယ်။” ပြောခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာ ဖဆပလဌာနချုပ်၊ နယ်ခြားဒေသခွဲ ဖွင့်လှစ်ပြီး ဦးဖေခင်ကို အတွင်းရေးမှုးတာဝန်ပေးခဲ့ပါတယ်။ “ဦးဖေခင်သည် ရွှေတိဂုံ အလယ်ပစ္စယံညီလာခံကြီးမှသည် ၁၂-၂-၄၇ နေ့ ပင်လုံစာချုပ်လက်မှတ်ရေးထိုးချုပ်ဆို ပြီးသည်အထိ သူကိုယ်တိုင် တောက်လျှောက် ပါဝင်ခဲ့သော တိုင်းရင်းသား စည်းလုံးညီညွှတ်မှုများ အကြောင်းကို ကွက်ကွက်ကွင်းကွင်း အသေးစိတ် ရေးသားဖော်ပြခဲ့ပါတယ်” လို့ ဗိုလ်ချုပ်အောင်ဆန်းအပါးတော်မြဲ အတွင်းဝန်ဟောင်း ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)၊ နိုင်ငံဂုဏ်ရည် ပထမဆင့် က ချီးကျုးခဲ့ပါတယ်။

    254785_270685116278536_100000111498246_1168218_7646605_n
    ဦးဖေခင်သည် ၁၉၄၆ ခုနှစ် ပထမ ပင်လုံညီလာခံ၊ ၁၉၄၇ ခုနှစ် ဒုတိယ ပင်လုံညီလာခံ များတွင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၂၈.၁.၁၉၈၉ ရက်နေ့မှ ၁၀.၂.၁၉၈၉ ရက်နေ့အထိ “ရွှေတိဂုံညီလာခံ-ပင်လုံစာချုပ်၏ မျိုးစေ့” အခန်းဆက်ဆောင်းပါးရှည်ကြီးကိုလည်း အင်္ဂလိပ်/မြန်မာ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာများမှာ ရေးသားခဲ့ပါတယ်။ ပင်လုံညီလာခံအကြောင်း ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်နိုင်သူ ဖြစ်ပါတယ်။

    ဦးဖေခင်သည် မဟာသရေစည်သူ၊ နိုင်ငံဂုဏ်ရည်ပထမဆင့်၊ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မတီဝင် ဖြစ်ခဲ့တယ်။ ၁၉၄၇ ခုနှစ်မှာ ပထမဦးဆုံး ပါကစ္စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်းကောင်း၊ ၁၉၅၃ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နောက်ပိုင်းမှာ လာအို၊ ကမ္ဘောဒီးယား၊ ရုရှား၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေးရှား နဲ့ စင်ကာပူနိုင်ငံများမှာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းက လူရွေးတဲ့နေရာမှာ လည်း အင်မတန်တော်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ သူရွေးတဲ့ ဦးဖေခင်လို ပုဂ္ဂိုလ်မျိုးဟာ မြန်မာနိုင်ငံ့သားကောင်းအဖြစ် မြန်မာနိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပုံများကို သိမြင် နိုင်ပါတယ်။
    ကျွန်တော်တို့ရဲ့ အထက်လူကြီးများက မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူများရဲ့ ရွှေသမိုင်းများဖြစ်ပါတယ်။

    ဆက်လက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရွေးခဲ့တဲ့ လူတော် လူကောင်း နောက်ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို “လူမှန် နေရာမှန်” (အပိုင်း ၂) အဖြစ် ဆက်လက်ဖော်ပြပါဦးမယ်။

    အားလုံးကို ကျေးဇူးတင်ပါတယ်။
    ဦးခင်မောင်ချို

    ဆက်စပ် အကြောင်း အရာများ ဖတ်ဖို့

    http://www.m-mediagroup.com/news/tag/uphaykhin

  • အစ္စရေး၏ လူမဆန်မှုကို အံတုနေကြသည့် ဂါဇာမှ ပါလက်စတိုင်းခရစ်ယာန်များ

    အစ္စရေး၏ လူမဆန်မှုကို အံတုနေကြသည့် ဂါဇာမှ ပါလက်စတိုင်းခရစ်ယာန်များ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    church

    – ဂါဇာမှ နှစ်ပေါင်း ၁၆၀၀ သက်တမ်းရှိပြီဖြစ်သည့် စိန့် ပေါ်ဖိုင်ရီးစ် ခရစ်ယာန်ဘုရားကျောင်းတွင် ရှိနေကြသည့် ၀တ်ပြုဆုတောင်းသူများဘက်သို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးက မျက်နှာလှည့်လိုက်သည့်အချိန်တွင် ခုံတန်းများတွင် ထိုင်နေကြသော ၀တ်ပြုသူများက တစ်ညီတစ်ညွတ်တည်း မတ်တတ်ထရပ်ကြသည်။

    စက္ကန့်အနည်းငယ်အကြာတွင် ဘုန်းတော်ကြီးက အနောက်ပြန်လှည့်သည့်အခါတွင်တော့ ၀တ်ပြုသူများမှာ သစ်သားခုံတန်းများတွင် အစဉ်လိုက် ပြန်၍ ထိုင်ကြလေသည်။ ဂါဇာမှ ရာပေါင်းများစွာသော ခရစ်ယာန်များမှာ အဆိုပါ ဘုရားကျောင်းတွင် ပြွတ်သိပ်ကြပ်ညပ်နေပြီး ၎င်းတို့၏ ဓမ္မတေးသီဆိုမှု၊ ဘုရားဝတ်ပြုမှုနှင့် လှုပ်ရှားသွားလာမှုများက ရှေးဟောင်း အစီအစဉ်အတိုင်းပင် ဖြစ်လေသည်။

    ဘုရားကျောင်း၏ အတွင်းဘက်တွင်တော့ သူတော်စဉ်များ၊ သမ္မာကျမ်းစာတွင် ပါရှိသည့် အကြောင်းအရာများအား အ၀တ်ပေါ်တွင် ပိုးသားဖြင့်ထိုးထားသည့် ပိတ်ကားတန်းများဖြင့် ဆင်ယင်ချယ်သထားသည်။ လူလျှောက်လမ်းနှင့် နံရံများတွင် ဖယောင်းတိုင်များကို ထွန်းညှိထားပြီး ရာစုနှစ်ပေါင်းများစွာ ကြညောင်းနေပြီဖြစ်သည့် အနုပညာလက်ရာများမှာ ထိုအလင်းရောင်ကြောင့် သက်ဝင်လှုပ်ရှားသကဲ့သို့ ရှိနေလေ၏။

    ယခုခရစ္စမတ်ကာလမှာ ဂါဇာဒေသမှ ခရစ်ယာန်များအပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်အားလုံးအတွက် နှစ်တစ်နှစ်တွင် အထူးခြားဆုံး အချိန်ကာလဖြစ်သည်။

    ကမ္ဘာ့ခရစ်ယာန်များက ခရစ္စမတ်ပွဲတော်အား ပျော်ရွှင်စွာ ဆင်နွှဲနေချိန်တွင် အစ္စရေးက ပိတ်ဆို့ထားသော ဂါဇာကမ်းမြှောင်ရှိ ခရစ်ယာန်ဘာသာဝင်များကတော့ နေ့စဉ်ဘ၀ ရုန်းကန်ကြိုးစားနေရမှုမှ ငြိမ်းအေးမှုရှာဖွေရန် အချိန်ကာလအဖြစ် မှတ်ယူကြလေသည်။

    စိန့် ပေါ်ဖိုင်ရီးစ် ခရစ်ယာန်ဘုရားကျောင်းကြီးတွင် ၀တ်ပြုမှုများ၊ ဆုတောင်းမှုများက ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘုရောင်းများတွင် ပြုလုပ်သည့်အတိုင်းပင် ဖြစ်လေသည်။

    သို့သော်လည်း ထိုဘုရားကျောင်းမှ လူများရှုပ်ထွေနေသည့် ဂါဇာရှိလမ်းမများပေါ်သို့ ခြေချလိုက်သည့်အခါတွင်တော့ ဂါဇာပြည်သူများဖြစ်သော မွတ်စလင်များ၊ ခရစ်ယာန်များ နိစ္စဓူဝ ကြုံတွေ့နေရသော ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ထင်းကနဲ ရှင်းကနဲ မြင်တွေ့ရမည်ဖြစ်ပေသည်။

    အချို့သော ခရိုင်များတွင် အိမ်များမှာ ၂၀၁၄ ခုနှစ် နွေရာသီက အစ္စရေ၏ ဗုံးကြဲမှုကြောင့် အုတ်ပုံများအဖြစ် ပြောင်းလဲနေသည်ကို တွေ့ရပေမည်။ ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့သည့် အဆိုပါဗုံးကြဲမှုနှင့် မြေပြင်တပ် တစ်စိတ်တစ်ပိုင်းဖြင့် ၀င်ရောက်ကျူးကျော်တိုက်ခိုက်မှုက ဂါဇာပြည်သူများ ၈၀ ရာခိုင်နှုန်းအား ဆင်းရဲတွင်း နက်စေခဲ့လေသည်။

    အစ္စရေးက ဂါဇာကမ်းမြှောင်အား ပိတ်ဆို့ထားမှုကလည်း လွတ်လပ်စွာ လှုပ်ရှားသွာလာမှုနှင့် ကုန်ပစ္စည်းစီးဆင်းမှုကို ပြတ်တောက်လုမတတ် ဖြစ်စေသည်။ ဂါဇာတွင် အလုပ်လက်မဲ့နှုန်းက ၄၃ ရာခိုင်နှုန်းအထိ ရှိနေပြီး လူငယ်များ၏ ၆၀ ရာခိုင်နှုန်းမှာ အလုပ်အကိုင်မရှိဘဲ ကမ္ဘာပေါ်တွင် လူငယ်များ အလုပ်လက်မဲ့နှုန်း အမြင့်မားဆုံးဟု ယခုနှစ်စောပိုင်းတွင် ကမ္ဘာ့ဘဏ်မှထုတ်ပြန်သော ကြောငြာချက်၌ ဖော်ပြထားသည်။

    ယခုကဲ့သို့ အခြေအနေများ၊ ပိတ်ဆို့မှုများဖြင့် စခန်းသွားနေရပါက ၂၀၂၀ ခုနှစ်အရောက်တွင် ဂါဇာကမ်းမြှောင်မှာ လုံးဝ ရပ်တည်နိုင်တော့မည်မဟုတ်ဟု ကုလသမဂ္ဂက ပြောဆိုထားလေသည်။

    “ကျွန်တော်တို့အတွက်တော့ ခရစ္စမတ်ဟာ မိသားစုနဲ့အတူတကွရှိဖို့၊ ကျွန်တော်တို့ရဲ့ ဘာသာတရားကို ကျင့်သုံးဖို့ အမြဲတမ်း အရေးပါတဲ့အချိန် ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလို ခက်ခဲကြပ်တည်းနေတဲ့အချိန်မှာ ခရစ္စမတ်အခါသမယက ကျွန်တော်တို့ကို အင်အားတွေ ပေးပါတယ်။ ဒါပေမယ့် ဂါဇာက ကျွန်တော်တို့ရဲ့ အခြေအနေကိုတော့ ကျွန်တော်တို့ မမေ့ပါဘူး။ ခရစ်ယာန်ဖြစ်ဖြစ်၊ မွတ်စလင်ဖြစ်ဖြစ်၊ လူကြီးလူငယ် အားလုံးဟာ ဒီအခြေအနေကြောင့် ထိခိုက်ခံစားနေကြရပါတယ်” ဟု စိန့် ပေါ်ဖိုင်ရီးစ် ဘုရားကျောင်းသို့ လာရောက်၍ ၀တ်ပြုဆုတောင်းသူ မီခေးလ် တာရာဇီက ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် နှစ်အနည်းငယ်က ဂါဇာတွင် ခရစ်ယာန်ဦးရေ ၃၀၀၀ ၀န်းကျင် ရှိခဲ့သော်လည်း ယခုအချိန်တွင်တော့ ၁၂၀၀ ခန့်သာ ရှိတော့လေသည်။ အခြားနေရာတွင် ပိုမိုကောင်းမွန်သော ဘ၀တစ်ခု ရရှိရေးအတွက် ဂါဇာအားစွန့်ခွာရန် မည်သည့်အခွင့်အရေးကိုမဆို စောင့်ဆိုင်းနေကြသောကြောင့် ခရစ်ယာန်လူဦးရေမှာ ဆက်လက်လျော့ကျဖို့သာ ရှိနေ၏။

    နေအိမ်များတွင် ပြင်ဆင်ချယ်သခြင်း၊ မိသားစုများ စုစည်းခြင်းနှင့် ခရစ္စမတ်ပွဲတော်များကို အပြည့်အ၀ ဆင်နွှဲကျင်းပခြင်းများ ရှိနေသော်လည်း ပါလက်စတိုင်းခရစ်ယာန်များမှာ ၎င်းတို့၏ အခြေအနေဆိုးကို မေ့လျော့မည်မဟုတ်ဟု အာရဘီနှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ ဟန်နာ ဂါကစ်က ပြောကြားခဲ့လေသည်။ ပွဲတော်ကာလက ဂါဇာခရစ်ယာန်များအတွက် ခဏတာငြိမ်းအေးမှုကို ရရှိစေသော်လည်း တော်လှန်မှုအတွက် အားလျော့သွားမည်မဟုတ်ဟု သင်းအုပ်ဆရာက ထပ်လောင်းပြောကြားခဲ့သည်။

    နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြဿနာများ၊ အစ္စရေးက ပိတ်ဆို့ထားမှုကို ရင်ဆိုင်နေရသည့် အခြေအနေများတွင် ပွဲတော်ရက်များအတွင်း ဘာသာတရားအဆုံးအမကို လိုက်နာကျင့်သုံးခြင်းက ၎င်းတို့၏ အားတင်းမှု ပုံစံ ဖြစ်နေလေ၏။

    “ခက်ခဲကြမ်းတဲ့တဲ့ အခြေအနေမျိုးတွေမှာ တတ်နိုင်သလောက် ဘ၀ကို ဆက်လက်ရှင်သန်နေဖို့ဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ပြီးတော့ ဒါဟာ အစ္စရေးက ကျွန်တော်တို့ကို ချိုးနှိမ်လို့မရဘူးဆိုတာကို ပြသတာလည်းဖြစ်ပါတယ်” ဟု ဟန်နာဂါကစ်က ထည့်သွင်းပြောကြားခဲ့သည်။

    အီဂျစ်နိုင်ငံသားတစ်ဦးဖြစ်သော ဂါကစ်မှာ ဂါဇာသို့ ၂၀၁၁ ခုနှစ်တွင် ရောက်ရှိလာသူဖြစ်သည်။ သူက ကမ္ဘာပေါ်တွင် အချို့တဲ့ဆုံးသောဒေသ၌ အမှုတော်ထမ်းရွက်သွားမည်ဟု ဘုရားသခင်အား ကတိပေးထားသည်ဟု ဆိုသည်။

    “ဂါဇာကိုလာရောက်ခဲ့ခြင်းဟာ ကျွန်တော်တို့ရဲ့ ကတိက၀တ်ကို ဖြည့်ဆည်းလိုက်တာပါပဲ”

    ဂါဇာသို့ရောက်ပြီးနောက် ဂါကစ်မှာ ၀တ်ပြုရန်လာရောက်ကြသူများ၏ မိသားစုများအား စာရင်းပြုစုခဲ့သည်။ ဂါဇာတွင် ခရစ္စမတ်ပွဲတော်ကျင်းပကြသည့် ခရစ်ယာန်များ၏ ဇာတိမှာ ဂါဇာမဟုတ်။ ပါလက်စတိုင်းပိုင်နက်၌ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ထူထောင်သည့်အချိန် ၎င်းတို့၏ နေအိမ်များမှ ဂျူးများ၏ မောင်းထုတ်ခြင်းခံရကာ ဂါဇာသို့ ဒုက္ခသည်အဖြစ် ရောက်ရှိလာကြသော ခရစ်ယာန်များမှ ဆင်းသက်လာသူများသာဖြစ်သည်။

    ရှေ့လာမည့် ခရစ္စမတ်ပွဲတော်များကို ဂါဇာရှိခရစ်ယာန်များက ဆက်လက်ဆင်နွှဲနေမည်ဖြစ်သော်လည်း ထိုပွဲတော်အား ၎င်းတို့၏ ဇာတိချက်ကြွေတွင်ပင် ဆင်နွှဲခွင့်ရှိသင့်သည်ဆိုသော ခံယူချက်များက ၎င်းတို့ရင်ထဲတွင် ကိန်းဝပ်နေလေသည်။

    “ဒီမိသားစုတွေလိုပဲ ပါလက်စတိုင်းပြည်သူတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ အရင်က သူတို့ရဲ့အိမ်တွေကနေ မောင်းထုတ်ခြင်း ခံခဲ့ရတယ်။ အခုအချိန်မှာလည်း အစ္စရေးရဲ့ ကျူးကျော်ပိတ်ဆို့မှုကြောင့် ပြည်သူတွေက လူချင်းတူတူ သူချင်းမျှမျှ မနေရပါဘူး။ သူတို့မှာ ဘာအခွင့်အရေးမှ မရှိဘူး။ သူတို့ရဲ့ဇာတိကို သူတို့ ပြန်ချင်ကြတယ်။ သူတို့မြေကို သူတို့ပြန်ဖို့လည်း သူတို့မှာ အခွင့်အရေးရှိပါတယ်” ဟု ဂါကစ်က ဆိုသည်။

    “အပြင်ကလူတွေကတော့ (ပါလက်စတိုင်းပြဿနာဟာ) မွတ်စလင်တွေနဲ့ ဂျူးတွေရဲ့ ဘာသာရေးပြဿနာလို့ ထင်ကောင်းထင်ကြမယ်။ အစ္စရေးက ဒါမျိုးဖြစ်အောင် ပုံသွင်းနေတာကြောင့် တစ်ချို့ကလည်း ဒီလိုပဲမြင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘူးဗျ။ ပါလက်စတိုင်းတွေက သူတို့ရဲ့မြေကနေ အတင်းအဓမ္မ မောင်းထုတ်ခံလိုက်ရတာ” ဟု အဆိုပါ သင်းအုပ်ဆရာက ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင်နက်များရှိ ခရစ်ယာန်များကတော့ ကမ္ဘာကြီးက ၎င်းတို့နှင့် အခြားသော ပါလက်စတိုင်းပြည်သူများကို လစ်လျူရှုထားကြသည်ဟု ခံယူထားကြလေသည်။

    ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနှင့် ခရစ်ယာန်များက ခရစ္စမတ်ပွဲတော် ဆင်နွှဲသည့်အချိန်၊ ခရစ်တော်မွေးဖွားရာ ဘက်သလီဟမ်ကဲ့သို့ ပါလက်စတိုင်းမြို့များတွင် ပျော်ရွင်စွာ ဓာတ်ပုံများရိုက်ကူးခြင်း၊ မြူးမြူးကြွကြွသီချင်းများ သီဆိုခြင်းဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြချိန်တွင် တာရာဇီကဲ့သို့ ဂါဇာမှ ခရစ်ယာန်များမှာမူ ထိုအခွင့်အရေးမျိုး မရကြ။

    “ပါလက်စတိုင်းပြည်သူတစ်ယောက်အနေနဲ့၊ ပါလက်စတိုင်းခရစ်ယာန်တစ်ယောက်အနေနဲ့ အမေရိကန်တွေ၊ ဥရောပသားတွေကို ပြောချင်တာက “ကျွန်တော်တို့မှာ ဘာအခွင့်အရေးမှ မရှိဘူး” ဆိုတာပါပဲ။ ဂါဇာမှာ ကျွန်တော်တို့ဟာ နောက်ထပ်စစ်ဖြစ်မှာကို ကြောက်ရွံ့နေတယ်။ ကလေးအတွက်လည်း အလုပ်မရှိဘူး။ ဘ၀ဆိုတာလည်း မရှိပါဘူး။ ဒီအခြေအနေအတွက် အဖြေရှာရေး၊ ငြိမ်းချမ်းရေးမှာ ကူညီဖို့ လူတွေလိုအပ်တယ်။ ဒါကသာ ပါလက်စတိုင်းပြည်သူတွေဖြစ်တဲ့ ဒီကခရစ်ယာန်တွေ၊ မွတ်စလင်တွေနဲ့ အစ္စရေးနိုင်ငံသားတွေနဲ့ လူတိုင်းအတွက် အကူအညီ ဖြစ်စေပါလိမ့်မယ်” ဟု တာရာဇီက ထည့်သွင်းပြောကြားခဲ့လေသည်။

    (Aljazeera သတင်းဌာနမှ ဖော်ပြသည့် Gaza’s Christians : Israel can’t beat us down ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • အစ္စလာမ်ကမ္ဘာ၏ ထိပ်တန်းသိပ္ပံဆိုင်ရာဆုကို စင်ကာပူမှ တရုတ်မွတ်စလင် ပရော်ဖက်ဆာအမျိုးသမီးတစ်ဦး ရရှိ

    အစ္စလာမ်ကမ္ဘာ၏ ထိပ်တန်းသိပ္ပံဆိုင်ရာဆုကို စင်ကာပူမှ တရုတ်မွတ်စလင် ပရော်ဖက်ဆာအမျိုးသမီးတစ်ဦး ရရှိ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    sg

    – အစ္စလာမ်ကမ္ဘာအတွက် ထိပ်တန်း သိပ္ပံနှင့် နည်းပညာဆိုင်ရာဆုကို စင်ကာပူနိုင်ငံမှ ဇီဝအင်ဂျင်နီယာနှင့် နာနိုနည်းပညာဆိုင်ရာ ပရော်ဖက်ဆာဖြစ်သူ တရုတ်မွတ်စလင်အမျိုးသမီးက ရရှိခဲ့သည်ဟု သိရသည်။

    အသက် ၄၉ နှစ်အရွယ် ပရော်ဖက်ဆာ ဂျက်ကီယင်ဖြစ်ပြီး စင်ကာပူ ဇီဝအင်ဂျင်နီယာနှင့် နာနိုနည်းပညာအသင်း IBN ၏ အမှုဆောင်ဒါရိုက်တာတစ်ယောက်လည်း ဖြစ်သည်။ သူမမှာ အီရန်နိုင်ငံကပေးအပ်သော Mustafa Prize မှ သိပ္ပံဆိုင်ရာ ထိပ်တန်းအောင်မြင်မှုကဏ္ဍအတွက် ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုမှာ လူသားများ၏ ဘ၀အတွက်တိုးတက်စေသောနည်းလမ်းများ ရှာဖွေစူးစမ်းကာ၊ ကမ္ဘာကြီးအား သိမြင်နိုင်မှုကို ချဲ့ထွင်ပေးသူများကို ပေးအပ်ချီးမြှင့်ခြင်းဟု သိရသည်။

    ပရော်ဖက်ဆာယင်၏ သိပ္ပံဆိုင်ရာ တွေ့ရှိမှုမှာ အမြောက်အများ ရှိခဲ့ပြီး ဆီးချိုရောဂါသည်များ၏ သွေးအတွင်း၌ ဂလူးကို့စ်ဓာတ် မြင့်တက်လာသည့်အခါတွင် ကုသပေးနိုင်သည့် ဂလူးကို့စ်တုန့်ပြန်နိုင်သော နာနိုအမှုန်အသုံးပြု အင်ဆူလင်ကို လေ့လာဖော်ထုတ်ပေးနိုင်သည့်အတွက် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ယင်၏ အဆိုပါတွေ့ရှိချက်က ဆီးချိုရောဂါသည်များအား သွေးဖောက်စစ်ရန်မလိုတော့ဘဲ အင်ဆူလင်ကိုလည်း ဆေးထိုးအပ်ဖြင့် ထိုးသွင်းမည့်အစား သောက်သုံးခြင်း၊ နှာခေါင်းမှ ပိုက်ဖြင့်ထည့်သွင်းခြင်းတို့ကို ပြုလုပ်လာနိုင်ခဲ့သည်။

    သူမ၏ သုတေသနပြုမှုများက ဆေးဘက်ဆိုင်ရာ၊ ဓာတုဗေဒနှင့် စွမ်းအင်ကဏ္ဍများတွင် ပြီးပြည့်စုံသည့်လုပ်ဆောင်ချက်များ၊ စွမ်းဆောင်ရည်များ ပါဝင်သော စနစ်သစ်၊ ပုံစံသစ် အများအပြားကို ပေါ်ထွက်လာစေခဲ့သည်။

    ပရော်ဖက်ဆာ ဂျက်ကီ ယင်မှာ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်သို့ ၁၉၉၂ ခုနှစ်တွင် တက်ရောက်ခဲ့ပြီး ထိုတက္ကသိုလ်၌ ဓာတုဗေဒဆိုင်ရာ အင်ဂျင်နီယာ ပါမောက္ခအဖြစ် ၂၀၀၅ ခုနှစ်အထိ လုပ်ဆောင်ခဲ့သည်။၂၀၀၃ ခုနှစ်တွင် IBN အား စတင်ဖွဲ့စည်းသည့် အမှုဆောင်ဒါရိုက်တာများတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေသည်။

    ယင်မှာ သိပ္ပံဆိုင်ရာ စာတမ်းပေါင်းများစွာကိုလည်း ရေးသားခဲ့သူဖြစ်ပြီး ယခုနှစ်အတွင်း အမေရိကန်သိပ္ပံဆိုင်ရာ အသင်းအဖွဲ့များမှအပါအ၀င် သိပ္ပံနှင့်ပတ်သက်သည့် ဂုဏ်ပြုဆုပေါင်း အမြောက်အများ ရရှိခဲ့သည်။

    Mustafa Prize ၏ သိပ္ပံဆိုင်ရာကော်မတီအကြီးအကဲ ပရော်ဖက်ဆာ ဟိုစိန် ဇူဟိုရ်ကမူ ပရော်ဖက်ဆာ ဂျက်ကီယင်၏ လက်ဖျားခါလောက်သော တွေ့ရှိချက်များက “လူသားထု၏ ဘ၀အဆင့်အတန်းကို တိုးတက်စေရန်အတွက် ကြီးမားသည့် ကတိက၀တ်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Mustafa Prize ၏ နာနိုသိပ္ပံနှင့် နာနိုနည်းပညာဆိုင်ရာကဏ္ဍတွင် ကယ်လီဖိုးနီးယာတက္ကသိုလ်၏ Kavli Energy နာနိုသိပ္ပံအသင်းမှ ပူးတွဲဒါရိုက်တာဖြစ်သူ ဂျော်ဒန်ဓာတုဗေဒပညာရှင် အိုမာရ် ယဂ်ဟီက ရရှိခဲ့သည်။ ဂျက်ကီယင်နှင့် အိုမာရ်ယဂ်ဟီတို့မှာ နာနိုသိပ္ပံနယ်ပယ်အတွက် နိုဘယ်ဆုပါအ၀င် သိပ္ပံဆိုင်ရာ ထိပ်တန်းဆုပေါင်း ၆၀၀ တွင် အမည်စာရင်း တင်သွင်းခံရသူများဖြစ်သည်။

    Mustafa Prize မှာ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ သုတေသနပညာရှင်များနှင့် သိပ္ပံပညာရှင်များ၊ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်း မွတ်စလင် သုတေသနပညာရှင်များကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

    ပရော်ဖက်ဆာယင်မှာ ထိုင်ပေတွင်မွေးဖွားသူဖြစ်ပြီး စင်ကာပူနှင့် နယူးယောက်တို့တွင် ကြီးပြင်းကာ အသက် ၃၀ ကျော်အရွယ်တွင် အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သည်။ သူမကမူ Mustafa Prize အတွက် သူမရရှိခဲ့သည့် ကန်ဒေါ်လာ ၅ သိန်းမှ အချို့ကို ကျောင်းသားများ သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာမှုများ ပြုလုပ်ရေးကဏ္ဍနှင့် ကျောင်းဓာတ်ခွဲခန်းများ၌ ပိုမိုကောင်းမွန်သည့် ပစ္စည်းများ တပ်ဆင်ပေးရေးတွင် အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။ သူမ၏ ထိုလုပ်ဆောင်မှုကို စင်ကာပူရှိ Raffles မိန်းကလေးကျောင်းတွင်
    စတင်ပြုလုပ်သွားမည်ဖြစ်သည်။

    Ref: Straitstimes

  • နိုင်ငံရပ်ခြားမှ စိတ်ဝင်စားမှုမြင့်တက်လာသည့် မြန်မာ့လက်ဝှေ့

    နိုင်ငံရပ်ခြားမှ စိတ်ဝင်စားမှုမြင့်တက်လာသည့် မြန်မာ့လက်ဝှေ့

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    lw 1
    မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် အမေရိကန်မှ ဆိုင်းရပ်စ်တို့၏ပွဲမှ ပုံရိတ်တစ်ခု

    – မြန်မာ့လက်ဝှေ့ချန်ပီယံက ၎င်း၏ အမေရိကန်ပြိုင်ဘက် မျက်နှာအား ညာလက်သီးပစ်သွင်းလိုက်သည့် အချိန်တွင် ရန်ကုန်မြို့ရှိ လက်ဝှေ့ရုံအတွင်း သြဘာပေးသည့်အသံကြီး ဟိန်းထွက်သွားသည်။ ပထမအချီတွင်ပင် ထိထိမိမိရှိခဲ့သည့် ထိုလက်သီးချက်ကြောင့် အမေရိကန်လက်ဝှေ့သမား၏ မျက်နှာမှာ ကြိုးဝိုင်းကြမ်းပြင်နှင့် မိတ်ဆက်သွားလေတော့သည်။

    သို့သော်လည်း ထိုအမေရိကန်လက်ဝှေ့သမားနှင့် အခြားသော နိုင်ငံခြား တိုက်ခိုက်ရေးသမားများအတွက် လက်ဗလာခြေဗလာနှင့် အလဲလဲအကွဲကွဲ ထိုးသတ်ရသည့် မြန်မာ့လက်ဝှေ့အားကစားက ၎င်းတို့၏ အနာခံနိုင်မှုနှင့် တိုက်ခိုက်မှုစွမ်းရည်တို့ကို မှတ်ကျောက်တင်ရာ အကြောင်းအရင်းပင် ဖြစ်နေတော့သည်။

    ခေါင်းဖြင့်တိုက်မှုပါအ၀င် အလွန်နာကျင်စေသည့် တိုက်ခိုက်မှုပုံစံများကို ခွင့်ပြုထားသည့် မြန်မာလက်ဝှေ့က အရှေ့တောင်အာရှ၏ လက်ဝှေ့အားကစားနည်းများတွင် အပြင်းထန်ဆုံးသော အားကစားနည်းဖြစ်သည်ဟု လက်ဝှေ့သမားများက ဆိုကြသည်။ မြန်မာ့လက်ဝှေ့က မွေထိုင်းဟု လူသိများသည့် ထိုင်းလက်ဝှေ့ထက်ပင် ပြင်းထန်လေသည်။

    ပြိုင်ဘက်များ အရှုံးပေးသည်အထိ ထိုးသတ်ရသည့် မြန်မာ့လက်ဝှေ့တွင် ထိုးသတ်သူများမှာ ၎င်းတို့၏လက်များကို အကာအကွယ်အဖြစ် အ၀တ်များပတ်ထားရသော်လည်း လက်အိတ်မ၀တ်ရ။ ပြိုင်ဘက်အား အလဲထိုးနိုင်မှသာ အနိုင်ရလေသည်။

    lw 3
    အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ်

    ထိုညက ကြိုးဝိုင်းအတွင်းရှိခဲ့သည့် အမေရိကန်လက်ဝှေ့သမားမှာ ၀ါရှင်တန်မှ ဆိုင်းရပ်စ်ဖြစ်သည်။ လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးလာခဲ့ပြီး ဆုကြေးငွေကလည်း မြင့်တက်လာသည့် မြန်မာနိုင်ငံတွင် ဆိုင်းရပ်စ်မှာ အကြိမ်ကြိမ်အခါခါ လက်ဝှေ့ကြိုးဝိုင်းထဲသို ၀င်ရောက်ဖူးသူဖြစ်သည်။

    “ခေါင်းနဲ့တိုက်တာလား။ သိပ်အန္တရာယ်များတာပေါ့။ ဒါပေမယ့် လက်ဝှေ့ထိုးတဲ့ ပုံစံအားလုံးလည်း အန္တရာယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခေါင်းတိုက်တာ၊ ခြေထောက်နဲ့ အားရပါးရကန်တာ၊ အခြားသော ရုပ်ပိုင်းဆိုင်ရာတွေနဲ့ တိုက်ခိုက်တာတွေ အားလုံးဟာ ကြိုးဝိုင်းထဲမှာ အန္တရာယ်ရှိတာပါပဲ” ဟု မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် မထိုးသတ်ခတ် အသက် ၃၃ နှစ်အရွယ် ဆိုင်းရပ်စ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ထိုးသတ်ပွဲတွင် ဆိုင်းရပ်စ်စိုးရိမ်နေသည့် ခေါင်းတိုက်ချက်ပင် မလာလိုက်။ ကြိုးဝိုင်းအတွင်းဝင်ရောက်ပြီး တစ်မိနစ်ကျော်ကျော်အကြာ၌ပင် ထွန်းထွန်းမင်း၏ လျင်မြန်ပြင်းထန်သည့် ညာလက်သီးကြောင့် ဆိုင်းပ်ရက်စ်တစ်ယောက် အရုပ်ကြိုးပြတ်ဖြင့် ပွဲသိမ်းခဲ့ရပြီး သင်ခန်းစာကောင်းကောင်း ရခဲ့လေသည်။

    ထိုင်းနိုင်ငံမှ မွေထိုင်းချန်ပီယံများမှာလည်း အိမ်နီးချင်းမြန်မာနိုင်ငံသို့သွားရောက်၍ ထိုးသတ်မှုများမှာ ယခုနောက်ပိုင်းတွင် မြင့်တက်လာခဲ့သည်။ ထွန်းထွန်းမင်းကတော့ မွေထိုင်းသမား ၂ ဦးနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲစလုံး အနိုင်ယူခဲ့သည်။

    ထို့ပြင် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း စောငမန်း၊ နာမည်ကြီးလက်ဝှေ့သမား တူးတူးတို့နှင့်လည်း ထွန်းထွန်းမင်းတစ်ယောက် တွေ့ဆုံထိုးသတ်ခဲ့ပြီး ဖြစ်သည်။

    မြန်မာလှက်ဝှေ့၏ သမိုင်းကြောင်းမှာ အလွန်ရှည်ကြာ ခိုင်မာလေသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံမှ စေတီပုထိုးများရှိ ပန်းပုလက်ရာများတွင် အမျိုးသားနှစ်ဦး တိုက်ခိုက်မည့်ဟန်ပန်များကို တွေ့ရပြီး၊ မြန်မာလက်ဝှေ့သက်တမ်းမှာ နှစ်ပေါင်းထောင်ကျော် ကြာမြင့်နေပြီဆိုသည်ကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။

    ယနေ့ခတ်တွင် မြန်မာလက်ဝှေ့က နိုင်ငံအရှေ့ပိုင်းရှိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရှင်သန်နေသည်။ ထိုဒေသများ၌ ဘုန်းကြီးပျံပွဲမှအစ နှစ်သစ်ကူးပွဲများအထိ လက်ဝှေ့ပွဲများက မပါမဖြစ်ပါကြသည်။

    ကြိုးဝိုင်းနှင့်အနီးဆုံးတွင် ကြည့်ရှုသည့် ပရိတ်သတ်များမှာ အရိုးကြိုသံများကို ကြားရလောက်သည်အထိ၊ သွေး၊ ချွေးနှင့် တံတွေးများ မြင်ရလောက်သည်အထိ မြန်မာ့လက်ဝှေ့က ပြင်းထန်လေသည်။ ထိုလက်ဝှေ့ပွဲများတွင် အသက် ၁၀ နှစ်အရွယ် ယောက်ျာလေးငယ်များ ပါဝင်ထိုးသတ်မှုမှာလည်း မြန်မာနိုင်ငံတွင် အဆန်းမဟုတ်တော့။

    ၃ မိနစ် ငါးချီပြည့်တွင် မည်သူမှ အလဲမထိုးနိုင်ပါက ပွဲကို သရေအဖြစ် သတ်မှတ်သည်။

    မကြာသေးမီကာလအထိ မြန်မာ့လက်ဝှေ့ကြိုးဝိုင်းများတွင် နိုင်ငံခြားသားများ ၀င်ရောက်ထိုးသတ်မှုမှာ နည်းပါးသော်လည်း ယခုနောက်ပိုင်းတွင်တော့ ပြောင်းလဲမှုများ လျင်လျင်မြန်မြန်ပင် ဖြစ်လာခဲ့သည်။

    လက်ဝှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဇင်လင်းထွန်းက မြန်မာ့လက်ဝှေ့တွင် နိုင်ငံခြားသားများ ပထမဆုံး ပါဝင်ထိုးသတ်မှုမှာ ၁၉၉၀ ပြည့်နှစ်များတွင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အိမ်နီးချင်းထိုင်းနိုင်ငံမှ အဓိကလာရောက်ကြခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ သြစတေးလျ၊ မက္ကဆီကိုနှင့် ကော်စတာရီကာတို့မှ လက်ဝှေ့သမားများကလည်း ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်၍ မြန်မာနိုင်ငံသို့ လာရောက်ထိုးသတ်ကြသည်။

    စစ်အာဏာရှင်အုပ်ချုပ်သည့် စနစ်မှ အရပ်သားတစ်ပိုင်း ဒီမိုကရေစီစနစ်သို့ ပြောင်းလဲလာသည့် နိုင်ငံရေးအရွေ့ကလည်း မြန်မာ့လက်ဝှေ့လားရာ ပြောင်းလဲမှုကို အကူအညီဖြစ်စေခဲ့သည်။

    “သူတို့က ဒါဟာ အပြင်းထန်ဆုံး ကိုယ်ခံပညာလို့ ထင်ကြတယ်။ ပြီးတော့ မြန်မာ့လက်ဝှေ့မှာအနိုင်ရပြီး သူတို့ ဘယ်လောက် ကြံ့ခိုင်သန်မာစေတယ်ဆိုတာကို ပြချင်ကြတယ်လေ” ဟု ဇင်လင်းထွန်းက ပြောကြားခဲ့သည်။

    ရည်မှန်းချက်ကြီးမား

    lw 2
    မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းအား လေ့ကျင့်ရေးရုံ၌ တွေ့ရစဉ်

    ထွန်းထွန်းမင်း၏ ယခုနှစ်အတွင်းထိုးသတ်မှုများက မြန်မာလက်ဝှေ့လောက ပြောင်းလဲမှု၏ သက်သေပင်ဖြစ်သည်။

    “အခုနှစ်အတွင်းမှာ ကျွန်တော် ၉ ပွဲထိုးခဲ့တယ်။ မြန်မာနိုင်ငံကပြိုင်ဘက် တစ်ယောက်မှ မပါပါဘူး။ အားလုံး တစ်ခြားနိုင်ငံတွေကပဲ” ဟု ထွန်းထွန်းမင်းက ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်က မြန်မာ့လက်ဝှေ့ချန်ပီယံဖြစ်ခဲ့သည့် ထွန်းထွန်းမင်းကဲ့သို့ မြန်မာလက်ဝှေ့သမားများအတွက် နိုင်ငံခြားပြိုင်ဘက်များက မြန်မာ့လက်ဝှေ့အဆင့်အတန်းအား နိုင်ငံတကာက အသိအမှတ်ပြုမှု တိုးတက်လာစေရေးတွင် အထောက်အကူဖြစ်စေလေသည်။

    ချို့ချို့တဲ့တဲ့ဖြင့် မွေးဖွားကြီးပြင်းခဲ့ရပြီး လက်ဝှေ့သမားတစ်ယောက်၏ သားဖြစ်သူ ထွန်းထွန်းမင်းမှာ လက်ဝှေ့စတင်ထိုးသတ်သည့်အချိန်က ၁၀၀၀ ကျပ်သာ ရရှိခဲ့သည်။

    “အခုတော့ တစ်ပွဲကို ၆၅ သိန်းလောက် ကျွန်တော်ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံက လက်ဝှေ့သမားတစ်ယောက်အတွက် အမြင့်ဆုံးကြေးပါပဲ” ဟု ထွန်းထွန်းမင်းက ဖွင့်ဟခဲ့သည်။

    မြန်မာ့လက်ဝှေ့အားကစားအား ကမ္ဘာအဆင့်အထိရောက်ရှိအောင် ဆောင်ရွက်သွားရန်လည်း ထွန်းထွန်းမင်းက ရည်ရွယ်ထားသည်။

    မြန်မာ့လက်ဝှေ့မှာ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်း ခံရရန် အချိန်ကြာမြင့်အုံးမည်ဖြစ်သည်။

    “မြန်မာ့လက်ဝှေ့ ကမ္ဘာ့အဆင့်အထိရောက်ဖို့ဆိုရင် အစိုးရနဲ့ အခြားသော အသင်းအဖွဲ့တွေက အားပေးကူညီ ပံ့ပိုးမှုတွေ လိုအပ်ပါတယ်” ဟု မြန်မာ့လက်ဝှေ့အဖွဲ့ချုပ်မှ စိုင်းဇော်ဇော်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကို အားပေးလာခြင်းနှင့်အတူ တနင်္ဂနွေနေ့ လက်ဝှေ့ပွဲများအား ကြည့်ရှုအားပေးသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်လာခဲ့သည်။

    အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သော ဂျူလီယန် အဲလက်စ်ကတော့ ခံစားမှုမျိုးစုံ ရှိနေ၏။

    “မြန်မာ့လက်ဝှေ့ကို ကျွန်တော်ကြိုက်ပေမယ့် လှလှပပ ထိုးသတ်တာမျိုးကို ကျွန်တော် ကြည့်ချင်ပါတယ်။ ဒါပေမယ့် မြန်မာလက်ဝှေ့သမားတွေက ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုပြီး အရမ်းလည်း သတ္တိရှိကြပါတယ်” ဟု အဲလက်စ်က ပြောကြားခဲ့လေသည်။

    (Dailymail တွင် ဖော်ပြသည့် Foreigners drawn to Myanmar’s bone-crunching kickboxing ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)