News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ကောင်းကင်ဘုံ

    ကောင်းကင်ဘုံ

    ကျွန်တော့်ကိုယ်ပွားလေးရေ…

    လောကကြီးကို ကျွန်တော်စွန့်ခွာခဲ့တာ အခုဆိုရင် လေးလကျော်ကြာခဲ့ပြီနော်။ အခုလို စောစောစီး စီးထွက်ခွာသွားမှုက ကျွန်တော့်ကို ပိုပြီးရင့်ကျက်သူတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ခင်ဗျားကို အခု လိုမျိုး စာပြန်ရေးနိုင်လောက်တဲ့အထိ ရင့်ကျက်စေခဲ့ပါတယ်ဆိုပါတော့ဗျာ။ ကျွန်တော်ဆိုတာကအ ခြားသူမဟုတ်ပါဘူး။ အလန်ကာဒီ (Alan Kurdi) ပါဗျ။ တူရကီနိုင်ငံရဲ့ ဘိုဒရမ် (Bodrum) ကမ်းခြေမှာ သောင်တင်သေဆုံးခဲ့တဲ့ သုံးနှစ်အရွယ်ဆီးရီးယားနိုင်ငံသား ကမ္ဘာကျော်လေးပါဗျ။ အခု ကျွန်တော်က အသက်၄၅ နှစ်ရှိနေမှာဖြစ်တဲ့ ကမ္ဘာမြေက ကျွန်တော့်ကိုယ် ကျွန်တော် (ခင်ဗျားကို) စာရေးလိုက်ပါတယ်ဗျာ။

    ချစ်ရပါသော ကျွန်တော့်ကိုယ်ပွားလေးရေ…

    ကျွန်တော်ကတော့ အခုကောင်းကင်ဘုံမှာဗျ။ ဘယ်လောက်တောင် ထွန်းလင်းတောက်ပပြီး စွဲမက် ဖွယ်ကောင်းတဲ့နေရာလဲဗျာ။ ဒီမှာက နေ့တွေ ညတွေ ဆိုပြီး ခွဲခြားရှိမနေဘူးဗျ။ နေ၊လ နဲ့ကြယ်တွေက ကြည်လင်နေတဲ့ ကောင်းကင်ပြင်မှာ အတူတကွ ဝင်းလက်နေလိုက်တာများဗျာ။ အမေနဲ့အစ်ကိုလား? သူတို့လည်း အခြားသူတွေနဲ့အတူ ပြုံးလို့ပျော်လို့ဗျ။ ဒီမှာဆို နိုင်ငံတွေ၊ နယ်စပ်တွေဆိုပြီးလည်း ခွဲခြားကန့်သတ်ထားတာမျိုးမရှိသလို ရွှေ့ပြောင်းနေထိုင်မှုတွေ၊ ဘာသာရေးခွဲခြားမှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အကြမ်းသမားတွေလည်းမရှိကြဘူးဗျ။ အားလုံးက တန်းတူရည်တူတွေပါပဲဗျာ။ ကျွန်တော်တို့ ဝိညာဉ်အားလုံးက အေးအေးချမ်းချမ်း ညီညီ ညွတ်ညွတ်ပဲနေထိုင်ကြတာဗျ။

    အခု ခင်ဗျားတို့ ကမ္ဘာကြီးရဲ့ နှစ်သစ်ကူး အခါသမယကို ကျွန်တော်တို့ရဲ့ ကြည်နူးစရာကောင်းကင် ဘုံကနေ ကောင်းကောင်းမြင်နေရတယ်ဗျ။ ခင်ဗျားတို့ရဲ့ ခမ်းနားတဲ့ မီးရှုး၊မီးပန်းတွေကို မြင်နေရ သလို ခေါင်းလောင်းသံချိုတွေကိုလည်း ကြားနေရတယ်ဗျ။ ခင်ဗျားတို့ရဲ့ ကမ္ဘာကြီးကတော့ (ထုံးစံ အတိုင်း) ဆန့်ကျင်ဘက်တွေကို ဖြီးလိမ်းဆဲပါပဲလား။ ကမ္ဘာရဲ့တစ်ချို့နေရာတွေက လင်းလို့ထင်းလို့ နေပေမယ့် တစ်ချို့နေရာတွေကျပြန်တော့ မှောင်ဆဲမိုက်ဆဲပါလား။ ကြည်နူးဖွယ်ခေါင်းလောင်းသံ တွေနဲ့ ချောက်ချားဖွယ်သေနတ်သံတွေကလည်း ရောထွေးဆဲပါလား။ ပျော်ရွှင်မှုတွေရဲ့ နောက်မှာလည်း ဝမ်းနည်းပူဆွေးမှုတွေက ကပ်လျက်ပါဆဲပါလား။ အမုန်းတရားတွေကလည်း မေတ္တာတရားနဲ့ လက်တွဲညီညီလျှောက်လှမ်းဆဲပါလား။ အလိုလေးဗျာ… လူ့ဘဝဆိဆုတာကြီးက အဲ့လိုကြီးပါပဲဗျာ။ ကျွန်တော်နဲံတော့ ဒီအရာတွေ အကုန်လုံးက အဝေးကြီးဝေးခဲ့ပါညပီဗျာ။

    ကိုယ်ပွားလေးရေ…

    ကျွန်တော့်အဖြစ်ကိုရော မှတ်မိသေးလားဗျ။ ဥရောပ သုခကမ္ဘာကို မျှော်ရည်မှန်းပြီး ဇာတိမြေ ကိုဘာနီ (Kobani) ရဲ့ အကြမ်းဖက်မှုကနေလွတ်မြောက်ဖို့ မိဘတွေနဲ့အတူ ထွက်ပြေးခဲ့ကြတာကို လေဗျာ။ လှေထွက်ပြီး မိနစ်အစိတ်လောက်အကြာမှာ ကျွန်တော်တိုရဲ့ စိတ်ကူးအိမ်မက်လေး အဆုံး သတ်ခဲ့ရတယ်လေဗျာ။ ကြီးမားတဲ့ လှိုင်းလုံးတွေကြားမှာ ကျွန်တော်တို့စီးခဲ့တဲ့ လှေကလေးမှောက် တော့ ကျွန်တော့်လက်က အမေ့ဆီကနေ လွတ်သွားခဲ့တယ်လေ။ ကျွန်တော်က “သားကိုချန်မထားခဲ့ပါနဲ့ ဖေဖေ”လို့ အော်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့်ဗျာ လှိုင်းလုံးကြီးတွေကြား မှာ လူးလွန့်ရင်း မျှော်လင့်ချက်ရောင်နီလေးကို ဆုပ်ကိုင်ဖို့ မရှုမလှ ကြိုးစားရင်းပေါ့။ မှောင်မိုက်နေ တဲ့ ပင်လယ်ကျယ်ကြီးထဲမှာ သုံးနှစ်သား ဒီကောင်လေးက ဘယ်လောက်များတတ်စွမ်းနိုင်မှာ မို့လို့ လဲဗျာ။ နောက်ဆုံးမှာတော့ သမုဒ္ဒရာကြီးက ကျွန်တော့်ကို လက်ကမ်းပေးပြီး သူမရဲ့ရင်ခွင်ထဲမှာ သိမ်မွေ့စွာ ပွေ့ဖက်ထားပေးပါတယ်။ သူမရဲ့ကြင်နာလိုက်ပုံများဗျာ… နောက်ပြီးတော့ဗျာ ကျွန်တော့်ကို သူမက ဟိုးအောက်အထိ ဆွဲနှစ်မချဘဲ အပေါ်ဘက် ကမ်းစပ်ကို ပို့ပေးခဲ့ရှာသေး တယ်ဗျ။ အဲ့ဒီနေ့ကို ခင်ဗျားသေချာမှတ်မိပါတယ်နော်။ အနီရောင်ရှပ်အင်္ကျီလေးနဲ့ အပြာရောင် ဘောင်းဘီလေးဝတ်ထားပြီး ဖိနပ်ကလေးပါစီးထားတဲ့။ မျက်နှာကိုလည်း ကမ်းခြေမှာမှောက်လျက် အပ်လို့ အိပ်ပျော်နေတဲ့ ကျွန်တော်လေဗျာ။ လှိုင်းကြပ်ခွပ်ကလေးတွေကတောင် ကျွန်တော့်ကို ချော့ မော့နေခဲ့သေးတယ်ဗျာ။ အဲ့ဒီနေ့က အိပ်စက်ခြင်းကတော့ ကျွန်တော့်အတွက် ထာဝရအိပ်စက်ခြင်း ပါပဲဗျာ။

    ကျွန်တော့်ရဲ့အဲ့ဒီပုံလေးက လူမှုကွန်ယက်တွေနဲ့ သတင်းမီဒီယာတွေကြားမှာ တော်တော်လေးပျံ့နှံ့ ခဲ့တယ်လေဗျာ။ လူတွေက ဘာတွေများပြောခဲ့ကြသလဲဗျာ။ ကမ္ဘာ့လူသားဆန်မှု ဘေးဒုက္ခလား။ လွတ်မြောက်ရေးအတွက် ဆိုးဆိုးဝါးဝါးကြိုးစားခဲ့တဲ့ ဆီးရီးယားလူမျိုးတွေရဲ့ နာကျင်မှုသင်္ကေတ လား။ အဲဒီပုံက ကမ္ဘာကြီးကို ဆွံ့အသွားစေခဲ့တာလား။ လူတွေရဲ့ အသိစိတ်ကိုရော နိုးဆွစေခဲ့သလား။ သူတို့တွေကျွန်တော့်အတွက် နတ်သားတောင်ပံတွေတပ် ပေးခဲ့ကြသေးတယ်။ ဒါတွေဟာ တကယ်တော့ကျွန်တော့်ရဲ့သေခြင်းကို အကျယ်ချဲ့ အလွမ်းသယ်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ နာကျင်မှုကို သူတို့ဘာသာ နှစ်သိမ့်ခဲ့ကြတာပါ။ အမှန်တော့ (သူတို့ဘယ်လိုပဲလုပ်လုပ်) အသက်တစ်ချောင်းကတော့ ဘယ်တော့မှ ပြန်လည်ရှင်သန်လာမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်က ထာဝရသုံးနှစ်သားလေးပဲပေါ့ဗျာ။ ကျွန်တော်တို့မိသားစုက ကျည်ဆံမိုးတွေ၊ ဗုံးမုန်တိုင်းတွေကြား မငြိမ်းချမ်းတဲ့ ဆီးရီးယားက လွတ်မြောက်အသက်ရှင်ဖို့ ရုန်းကန်ခဲ့ကြတယ်။ တည်ငြိမ်အေးချမ်းတဲ့မြေမှာ အခြေချဖို့ကြိုးစားရင်း ကျွန်တောတို့ဘဝတွေ အခုလို ဆုံးရှုံးခဲ့ကြရတယ်ဗျာ။ ဒီလိုသေဆုံးမှုတွေကြောင့် အလွန်ပဲနာကျင်ရပါတယ်။ မထိုက်တန်လှပါဘူး။ အလိုလေးလေး… စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်ရဲ့သုံးနှစ်ဆိုတဲ့ သက်တမ်း က အလွန်တိုတောင်းလွန်းမနေဘူးလားဗျာ။

    အကယ်၍ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေသာ မရှိခဲ့ဘူးဆိုရင်…

    အကယ်၍ ပိုကောင်းတဲ့ လှေတစ်စီးသာ ကျွန်တော်တို့ စီးခွင့်ရခဲ့မယ်ဆိုရင်…

    အကယ်၍ ကျွန်တော့်အဖေသာ အသက်ကယ် အင်္ကျီဝတ်ထားခဲ့မယ်ဆိုရင်…

    အကယ်၍ ဥရောပနိုင်ငံတွေက သူတို့ရဲ့နှလုံးသားနဲ့ အတူ သူတို့ရဲ့နယ်စပ်တွေကို ဖွင့်ထားခဲ့မယ် ဆိုရင်… ကျွန်တော်သေရပါ့မလားဗျာ။

    အခုတော့ဗျာ ကျွန်တော့်ရဲ့(အသက်မဲ့) ခန္ဓာကိုယ် ကျွန်တော်ရဲ့အမိမြေ (ကျွန်တော်ထွက်ပြေးခဲ့တဲ့ နေရပ်ပေါ့ဗျာ) ဆီကို သယ်ဆောင်သွားကြပြီ။ ကျွန်တော့်ခန္ဓာကိုယ် အဲဒီမှာမြေချခဲ့ကြတယ်။ တကယ်တော့ ကျွန်တော့်ရဲ့ဘဝဟာ အပေါစား ကံကြမ္မာနဲ့ ဆိုးဝါးတဲ့ဘဝတစ်ခုပါပဲဗျာ။

    ကျွန်တော်ကတော့ဗျာ အနည်းဆုံး လူသိများခဲ့ရပြီး နှစ်သိမ့်ခံခဲ့ရပါတယ်။ အခြားထောင်ပေါင်းများ စွာ ဒုက္ခသည် တွေကတော့ အမေ့ခံတွေပေါ့ဗျာ။ ထောင်ချီတဲ့ရွှေ့ပြောင်းနေထိုင်သူတွေဟာ (ကျွန်တော်တို့လိုပဲ) မြေထဲပင်လယ်ကိုကျော်ဖြတ်ရင်း သေနေကြတယ်။ များစွာသော ကလေးသူငယ်တွေကလည်း အငတ်ဘေးနဲ့ အအေးဒဏ်တွေကြောင့် သေနေကြတယ်။ ရာနဲ့ချီတဲ့ လူတွေဟာလည်း အကြမ်းဖက်မှုကြောင့် သေနေကြသေးတယ်။ (ဖြတ်ပြောရဦးမယ်) ရေမနစ်ခင်က ကျွန်တော်နဲ့ တစ်နယ်တည်းသား သူငယ်ချင်းက ပြောခဲ့တယ်။ သူက သမုဒ္ဒရာကြီးကို အရမ်းကျေး ဇူးတင်ပါသတဲ့။ ဘာကြောင့်ဆို သူ့ကိုသမုဒ္ဒရာကြီးက ဗီဇာလည်းမစစ်ဘဲ၊ ကိုးကွယ်တဲ့ဘာသာလည်း မမေးဘဲ လက်ခံခဲ့လို့ပါတဲ့။ အေးဗျာ… ကျွန်တော်တို့လို နှစ်သိမ့်ခံ သတိရခံရတဲ့ သေသူတွေရှိသလို အပယ်ခံ၊ အမေ့ခံပြီး သေသွားတဲ့သူတွေလည်းရှိပါတယ်။ အိုဗျာ… တကယ်တော့ သေခြင်းတရားဟာ တရားမှ တရားရဲ့လားဗျာ။

    ဒီနေရာမှာ မေးစရာရှိတာက နာကျင်စွာသေဆုံးခဲ့ရပြီး ငြိမ်းချမ်းလှတဲ့ သုခဘုံရောက်ကလေးတစ် ယောက်ဟာ ဘာကြောင့်များ ကမ္ဘာမြေက (၄၅) နှစ်ရှိတဲ့ ခင်ဗျားဆီကို စာရေးရသလဲဆိုတာကိုပါ။ (၄၅)နှစ်ဆိုတဲ့ အသက်အရွယ်ကိုမှ ဘာကြောင့်ရွေးချယ်ပြီး စာရေးရသလဲ။ အမှန်ကတော့ (၄၅) နှစ် ဆိုတဲ့ အရွယ်ဟာ ဘဝမှာ ပြည့်စုံတည်ငြိမ်တဲ့ အရွယ်မဟုတ်လားဗျာ။ ကျွန်တော်သာ အသက်ရှင်ပြီး အခုလို (၄၅) နှစ်အရွယ်ကို ရောက်မယ်ဆိုရင် ကျွန်တော်ဘာများဖြစ်နေမလဲ မသိဘူးနော်။

    အဖေတစ်ယောက်လား? ဒါမှမဟုတ် အရာရှိတစ်ယောက်လား ? ဒါမှမဟုတ် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မယ့် အထင်ကရတစ်ယောက်လား? ဒါနဲ့ စကားမစပ်ဗျာ Apple ကုမ္ပဏီရဲ့ CEO စတီးဗ်ဂျော့ ကလည်း ရွှေ့ပြောင်းနေထိုင်သူ တစ်ယောက်ဆိုတာ ခင်ဗျားသိပါတယ်နော်။ ကျွန်တော်သာ အသက်ရှင်ခဲ့ရင် ကျွန်တော်ဘယ်နေရာမှာများ ရောက်နေမှာလဲ။ အမိမြေဆီးရီးယား ကို ပြန်ရောက်နေမှာလား? ဒါမှမဟုတ် ဥရောပနိုင်ငံတစ်ခုခုကိုများ ရောက်နေမလား။ ကမ္ဘာကြီးကရော ဘယ်လိုအခြေအနေမှာ ရှိနေမလဲ? ကျွန်တော်အခုရောက်နေတဲ့ နိဗ္ဗာန်ဘုံနဲ့ ကမ္ဘာ ကြီးက တူနေမှာလား? တကယ်တော့ဗျာ အသက်တွေကြီးဖို့နဲ့ (၄၅) နှစ်ရောက်ဖို့ဆိုတာ သဘာဝပဲ မဟုတ်လားဗျာ။ ဒါပေမယ့်လူတော်တော်များများနဲ့ ကျွန်တော် အတွက်တော့ လုံးဝမဟုတ်ပါဘူး။ အသက်(၄၅)နှစ်ဆိုတာ ကျွန်တော်တို့အတွက် ထာဝရအိမ်မက်တစ်ခုပါဗျာ။ ဘယ်တော့မှဖြစ်လာ မျာမဟုတ်တဲ့ အိမ်မက်တစ်ခုပေါ့ဗျာ။ ဘယ်သူကများ ကျွန်တော်နဲ့ ကျွန်တော့်လိုကလေးတွေကို (၄၅) နှစ်ဆိုတဲ့ အသက်ကို ရအောင်လုပ်ပေးနိုင်မှာလဲဗျာ။ ဘယ်သူကများ ကျွန်တော်တို့တွေရဲ့ အသက်တွေကို ပြန်ပေးနိုင်မှာလဲဗျာ။ ကျွန်တော်တို့တွေအသက် (၄၅) နှစ်၊ (၅၅) နှစ်နဲ့ နောက်ထပ် နှစ်များစွာအထိ ဘယ်လိုလုပ်နေထိုင်ခွင့်ရနိုင်တော့မှာလဲဗျာ။ ဒီမေးခွန်းကို ဘယ်သူကများ ဖြေပေး နိုင်မှာလဲ ကိုယ်ပွားလေးရာ။

    ချစ်ခြင်းအားဖြင့်
    ကျွန်တော်
    ဗီယက်နမ်နိုင်ငံမှ ၁၅ နှစ်အရွယ်ရှိကျောင်းသူလေး “ငုယင်သီသူထရန်” ၏ ရွှေတံဆိပ်ဆုရ
    “အသက် ၄၅ နှစ်ရှိသော သင့်ကိုယ်သင်စာတစ်စောင်ရေးပါ” ဟူသောပေးစာကို ဆီလျော်အောင် ဘာသာပြန်သည်။

    စန္ဒာမြင့် (ပညာရေး)

  • နက္ခတ္တဗေဒဦးသျှောင် အလယ်ခေတ် မွတ်စလင်ပညာရှင်ကြီးများ

    နက္ခတ္တဗေဒဦးသျှောင် အလယ်ခေတ် မွတ်စလင်ပညာရှင်ကြီးများ

    စက်တင်ဘာ ၁၂၊ ၂၀၁၇

    M-Media

    နက္ခတ္တဗေဒရဲ့ ဦးသျှောင်တွေဖြစ်တဲ့ အလယ်ခေတ် မွတ်စလင်ပညာရှင်ကြီးတွေ ဒီလို လေ့လာဖို့ နောက်ကွယ်မှာရှိနေတဲ့ တွန်းအားက ဘာလဲ

  • အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်

    စက်တင်ဘာ ၁၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။

    ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း ကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပြီး အကြမ်းဖက်နှိမ်နှင်းရာမှာ အပြစ်မဲ့ ပြည်သူများ ထိခိုက်နှစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။

    ကြေညာချက် အပြည်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

    အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာချက်

    ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

    ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အကြမ်းဖက်ဝါဒကို မည်သည့်အချိန်ကမှ လက်ခံခဲ့ခြင်း မရှိပါ။ အစ္စလာမ်တရားတော်တွင် အပြစ်မဲ့ပြည်သူများ ထိခိုက်နှစ်နာစေသည့် အကြမ်းဖက်လုပ်ရပ်ကျူးလွန်ခြင်း မပြုရန် အတိအလင်း တားမြစ်ထားပါသည်။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများအားလုံး၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှပင် ဝမ်းနည်းကြေကွဲရပါသည်။ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာကြရသူ အပြစ်မဲ့ပြည်သူများအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပါသည်။

    ၂။ ထိုအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါသည်။ ၎င်းအကြမ်းဖက်အဖွဲ့အစည်းသည် နေပြည်တော်၊ ရန်ကုန်နှင့် မနလေးအပါအဝင် မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသဖြင့် လွန်စွာ စိုးရိမ်မကင်းဖြစ်ရပါသည်။ ယခုကဲ့သို့သော အခြေအနေတွင် လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်အောင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှ လှုံ့ဆော်ရေးသားနေသည်များကိုလည်း အစိုးရအနေဖြင့် ကြပ်မတ် ကာကွယ်တာဆီး ဆောင်ရွက်ရန် လိုအပ်ပါသည်။

    ၃။ အကြမ်းဖက်မှုကို နှိမ်နှင်းရာတွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်နှစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်အပ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်တားဆီးရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးသည် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ နိုင်ငံသား ပြည်သူအားလုံးနှင့်အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

    အိုလမာ-သာသနာ့ပညာရှင်များအဖွဲ့
    အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်
    မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် (ဗဟို)
    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့ မ-မ-လ ဌာနချုပ်
    မြန်မာမွတ်စလင် အမျိုးသားရေးရာဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ်

  • နက္ခတ္တဗေဒ-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၆)

    နက္ခတ္တဗေဒ-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၆)

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    အလယ်ခေတ် မွတ်စလင်ပညာရှင်ကြီးများ နက္ခတ္တဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုကို သရုပ်ဖော်ထားပုံ

    – မွတ်စလင်တွေဟာ မိုးကောင်းကင်ကို စူးစမ်းလေ့လာမှုအတွက် ဘာ့ကြောင့် အချိန်တွေအများကြီး သုံးစွဲခဲ့လဲဆိုတာ သင်သိပါသလား။ ပထမဆုံးအကြောင်းအရင်းက တစ်နှစ်တာပတ်လုံး နေ့စဉ် ၀တ်ပြုချိန်တွေကို သတ်မှတ်ဖို့ လိုအပ်တာကြောင့်ဖြစ်ပါတယ်။ ၀တ်ပြုချိန်တွေဟာ အာရုဏ်တက်၊ နေ့လည်၊ မွန်းလွဲ၊ နေ၀င်ပြီးချိန်နဲ့ ညဉ့်ဦးယံတို့မှာ ဖြစ်တာကြောင့် ဒီအချိန်တွေကို သတ်မှတ်ဖို့ဟာ နေရဲ့ ရွေ့လျားမှုအပေါ်မှာ မူတည်နေပါတယ်။ မွတ်စလင်တွေဟာ ၀တ်ပြုရာမှာ ကမ္ဘာ့နေရာတိုင်းကနေ မက္ကာမြို့ဖက်ကို အတိအကျ မျက်မှာမူဖို့ လိုအပ်တာကြောင့် ဒါကိုလည်း နေနဲ့ လတို့ရဲ့ အနေအထားတွေကို ကြည့်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်မှာ စူးစမ်းလေ့လာရမယ့် အာကာသ အကြောင်းတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ပို့ချချက်တွေ ရှိနေကာ နောက်ဆုံး အကြောင်းအရင်းတစ်ခုကတော့ ပြက္ခဒိန်ဖန်တီးရေး ဖြစ်ပါတယ်။

    အစ္စလာမ့်ပြက္ခဒိန်ဟာ လကို အခြေခံတွက်ချက်တာကြောင့် လမင်းကြီး အ၀င်အထွက်ကိုလိုက်ကာ ပြက္ခဒိန်က လတွေကလည်း ပြောင်းလဲနေပါတယ်။ တစ်လချင်းစီကို ဆန်းဦးစလကြည့်ရှုခြင်းနဲ့ စတင်ရပြီး တစ်လတာ ဥပုသ်သီလ ဆောက်တည်ရတဲ့ မွတ်စလင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လမှာ အဲဒီလို လကြည့်တာက တော်တော် အရေးပါပါတယ်။

    ဒီလို ဘာသာရေးဆိုင်ရာတွန်းအားတွေကြောင့် နက္ခတ္တဗေဒဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်အရင်က မွတ်စလင်ပညာရှင်တွေ အဓိကထား လေ့လာခဲ့တဲ့ ပညာရပ်ဖြစ်ခဲ့ပြီး  သူ့တို့ရဲ့ စူးစမ်းဖော်ထုတ်မှုတွေကလည်း ရာစုနှစ်နဲ့ချီ တည်တံ့ခဲ့ပါတယ်။ ဥရောပ ဉာဏ်သစ်လောင်းအရေးတော်ပုံ အတွင်း ၁၅ ရာစုရဲ့ နာမည်ကျော် သင်္ချာနဲ့ နက္ခတ္တဗေဒပညာရှင် ရီဂျီယိုမွန်တာနက်စ် (Regiomontanus) ဟာ မွတ်စလင်တွေရဲ့ နက္ခတ္တဗေဒဆိုင်ရာ စာအုပ်စာတမ်းတွေကို ကိုးကားခဲ့သလို၊ နီကိုလက်စ် ကော့ပါးနီးကပ်စ် (Nicolaus Copernicus) ကလည်း သူ့ရဲ့ De Revolutionibus စာအုပ်မှာ ၁၀ ရာစုနဲ့ ၁၁ ရာစုက မွတ်စလင်နက္ခတ္တဗေဒ ပညာရှင်တွေဖြစ်တဲ့ အလ်-ဇာကာလီ (Al-Zarqali) နဲ့ အလ်-ဘတ္တာနီ (Al-Battani) တို့ကို ထပ်ခါတလဲလဲ ရည်ညွှန်းခဲ့ပါတယ်။

    နက္ခတ္တဗေဒဆိုင်ရာ အကြီးကျယ်ဆုံး ရှာဖွေတွေ့ရှိမှုတွေဟာ အရှေ့တိုင်းက သုတေသန စင်တာတွေမှာ ဖြစ်ခဲ့ပေမယ့် စပိန်က တော်လေဒိုဒေသကို မွတ်စလင်တွေရဲ့ နှစ်ပေါင်း ၃၀၀ အုပ်စိုးမှုအတွင်း အဲဒီဒေသဟာ ကမ္ဘာ့ နက္ခတ္တဗေဒရဲ့ အချက်အခြာနေရာ ဖြစ်ခဲ့ပါတယ်။ တော်လေဒိုမှာ တီထွင်ဖန်တီးခဲ့တဲ့ နက္ခတ္တဗေဒဆိုင်ရာ ဇယားတွေကို ဥရောပမှာ ရာစုနှစ် ၂ ခုလောက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။

    အာကာသမိုးကောင်းကင်ကို လေ့လာမှုဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ နေနဲ့ လတို့ဟာ မိုးကောင်းကင်တစ်ဝှမ်းမှာ ရွေ့လျားနေတာကြောင့် နေ့စဉ်နေ့တိုင်း စူးစမ်းမှုတွေ ပြုလုပ်ရပါတယ်။ ဒါ့ကြောင့် နေ၀င်နေထွက် သတ်မှတ်မှုတွေ၊ နှစ်ပတ်တစ်ခါတိုင်းမှာ ပြန်လည် တိုင်းတာသတ်မှတ်ရတဲ့ ဂြိုဟ်တွေရဲ့ လတ္တီကျု၊ လောင်ဂျီကျု အတိုင်းအတာတွေ ပေါ်ထွက်လာပါတယ်။

    ၉ ရာစု ဘဂ္ဂဒတ်ပြည့်ရှင် အလ်-မာမွန် (Al-Mamun) ဟာ ‘ပညာ့ရိပ်မြုံ’ (House of Wisdom) လို့ခေါ်တဲ့ အသိပညာ အကယ်ဒမီတစ်ခုကို တည်ထောင်ခဲ့ပြီး ယခင်က အသိအပညာတွေကို ဘာသာပြန်ဆိုခဲ့ပါတယ်။ ဒီ ပညာ့ရိပ်မြုံရဲ့ ပထမဆုံး အာရဘီဘာသာပြန် လက်ရာတွေထဲမှာ နက္ခတ္တဗေဒ ပညာရှင်ကြီး တော်လမီ (Ptolemy) ရဲ့ Great Work စာအုပ်လည်း ပါဝင်ခဲ့ပါတယ်။ ဒီစာအုပ်ကြီးမှာ နေ၊ လ၊ ဂြိုဟ်တွေ၊ ကြယ်တွေဟာ ကမ္ဘာ့ပတ်ဝန်းကျင်မှာ လည်ပတ်နေကြတယ်လို့ ရေးသားထားပါတယ်။ အာရပ်ပညာရှင်တွေက Almagest လို့သိကြတဲ့ ဒီ ဘာသာပြန်ကျမ်းဟာ နောက်ထပ် နှစ်ပေါင်း ၅၀၀ လောက် နက္ခတ္တဗေဒရဲ့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီစာအုပ်ကြီးမှာ တွေ့ခဲ့တဲ့ ဂရိတွေရဲ့ သင်္ချာဆိုင်ရာနည်းလမ်းတွေကို ကျော်လွန်ပြီး မွတ်စလင်တွေက ရှာဖွေစူးစမ်း ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် ထရီဂိုနော်မေတြီ နယ်ပယ်မှာဖြစ်ပြီး မွတ်စလင်တွေကြီးစိုးတဲ့ ဒေသတွေမှာ ပေါ်ထွက်လာခဲ့တဲ့ တိုးတက်မှုတွေက ဥရော ဉာဏ်သစ်လောင်းအရေးတော်ပုံ ကာလ နက္ခတ္တဗေဒ ၏ပညာရပ်အတွက် တန်ဖိုးဖြတ်မရတဲ့ နည်းလမ်းတွေ ဖြစ်ခဲ့ပါတယ်။

    အာကာသမိုးကောင်းကင်ကို စူးစမ်းလေ့လာရေးနယ်ပယ်နဲ့ အနာဂတ် နက္ခတ္တနယ်ပယ်အတွက် အခြေခံအုတ်မြစ်တွေချပေးရာမှာ ထင်ရှားတဲ့ မွတ်စလင် နက္ခတ္တဗေဒပညာရှင်တွေ အမြောက်အများရှိနေပြီး အဲဒီအထဲက အထင်ရှားဆုံး ပညာရှင်အချို့အကြောင်းကို အကျဉ်းချုံး ဖော်ပြလိုပါတယ်။

    အလ်-ဘတ္တာနီ (Al-Battani)

    အနောက်တိုင်းမှာ အလ်ဘာတဂ်နီယက်စ် (Albategnius) လို့သိကြတဲ့ သူဟာ သက္ကရာဇ် ၉၂၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့သူပါ။ အလ်-ဘတ္တာနီဟာ The Sabian Tables ကို တည်ဆောက်ခဲ့ပြီး ဒီ ဇယားဟာ ရာစုနှစ်တော်တော်ကြာတဲ့အထိ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ သူ့ရဲ့ ဖော်ထုတ်မှုတွေထဲမှာ လ၀င်၊ လထွက် အချိန်အတိအကျကို တွက်ချက်တာ၊ နေရဲ့ အကွာအဝေးကို တိုင်းတာတာ၊ နေကြတ်မှုကို ခန့်မှန်းတာ၊ အာကာသအရာဝတ္ထုတွေအပေါ် အမြင်အာရုံထွေပြားမှု (parallax) ဖြစ်စဉ်တွေ  ပါဝင်ပါတယ်။ ထရီဂိုနော်မေတြီအယူအဆကို လူကြိုက်များလာအောက် လုပ်ပေးခဲ့တာကလည်း အလ်-ဘတ္တာနီပဲဖြစ်ပြီး အဲဒီအချိန်တုန်းက နက္ခတ္တဗေဒနယ်ပယ်မှာ အဓိကထားအသုံးပြုနေရတဲ့ တော်လမီရဲ့ သီအိုရီတွေကို သိသိသာသာ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အလ်-ဘတ္တာနီဟာ နေရဲ့လှုပ်ရှားသွားလာမှု လမ်းကြောင်း၊ နေဟာ ကမ္ဘာမြေကနေ အဝေးဆုံးကို ရောက်သွားတဲ့အချိန်မှာ ကြယ်တာရာတွေကြား နေရဲ့ အကွာအဝေး စတဲ့ အရေးပါတဲ့တွေ့ရှိချက်တွေကိုလည်း စူးစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီတွေ့ရှိချက်တွေဟာ တော်လမီလက်ထက်မှာ မရှိခဲ့ပါဘူး။ ဂရိနက္ခတ္တဗေဒ ပညာရှင်တွေက နေဟာ လောင်ဂျီကျု ၆၅ ဒီဂရီမှာ ရှိတယ်လို့ ယူဆခဲ့ပြီး အလ်-ဘတ္တာနီက ၈၂ ဒီဂရီမှာ ရှိတယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။

    အလ်-ဘီရူနီ (Al-Biruni)

    သက္ကရာဇ် ၉၇၃ ကနေ ၁၀၅၀ အထိ အသက်ရှင်နေထိုင်ခဲ့တဲ့ အလ်-ဘီရူနီက ကမ္ဘာကြီးဟာ သူ့ရဲ့ ၀င်ရိုးပေါ်မှာ လည်ပတ်နေတယ်ဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့ စက်ဝန်းမျဉ်းကို တွက်ချက်ပြခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကနေ မက္ကာမြို့ကို မျက်နှာမူရမယ့် အရပ်တွေကို သိပ္ပံနည်းကျ ပုံသေ သတ်မှတ်နိုင်ခဲ့ပါတယ်။ အလ်-ဘီရူနီဟာ ကျမ်းပေါင်း ၁၅၀ လောက် ရေးသားခဲ့ပြီး အဲဒီအထဲမှာ ၃၅ ခုလောက်က နက္ခတ္တဗေဒ သီးသန့်ကျမ်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ သူ့ရဲ့လက်ရာ ၆ အုပ်လောက်သာ ကျန်ရှိပါတော့တယ်။

    အစ်ဗနေ့ ယူနွတ်စ် (Ibn Yunus)

    အစ်ဗနေ့ယူနွတ်စ်ဟာ ၄.၆ ပေအချင်းရှိတဲ့ နက္ခတ္တဗေဒကြည့် အိမ်မြှောင်နဲ့ သက္ကရာဇ် ၉၇၇ ကနေ နှစ်ပေါင်း ၃၀ နီးပါးလောက်အထိ အာကာသကို စူးစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး ဒီနှစ်တွေအတွင်းမှာ နေရဲ့ တည်နေရာပေါင်း တစ်သောင်းကျော်လောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    အလ်-ဖာ့ဂ်ဟာနီ (Al-Farghani)

    အဘ္ဘာစစ်မင်းဆက် ပြည့်ရှင် အလ်-မာမွမ်ရဲ့ လက်စွဲတော် နက္ခတ္တဗေဒပညာရှင်တွေထဲက တစ်ဦးပါ။ အလ်-ဖာ့ဂ်ဟာနီဟာ နက္ခတ္တဗေဒသုံး အိမ်မြှောင်အကြောင်း၊ ဒီကိရိယာနောက်ကွယ်က သင်္ချာဆိုင်ရာ သီအိုရီအကြောင်း ရေးသားဖော်ထုတ်ခဲ့သူပါ။ ပြီးတော့ သူ့ခေတ်သူ့အခါက အဲဒီအိမ်မြှောင်မှာ ရှိခဲ့တဲ့ ဂျီသြမေတြီဆိုင်ရာ မှားယွင်းချက်တွေကိုလည်း ပြင်ဆင်ပေးခဲ့ပါတယ်။ သူ့ရဲ့ အကျော်ကြားဆုံး စာအုပ်က Book on Sun Movement and Encyclopedia of Star Science (နေရွေ့လျားမှုနှင့် ကြယ်တာယာသိပ္ပံဆိုင်ရာ စွယ်စုံကြမ်း) ဖြစ်ပြီး စကြ၀ဠာဗေဒနဲ့ ပတ်သက်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ အခန်းပေါင်း ၃၀ လောက်ပါဝင်တဲ့ ဒီစာအုပ်မှာ ကမ္ဘာကြီးအကြောင်းနဲ့ အရွယ်အစား၊ ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဂြိုဟ်တွေရဲ့ အကွာအဝေး၊ အရွယ်အစားတွေကို ဖော်ပြထားပါတယ်။

    အလ်-ဇာကာလီ (Al-Zarqali)

    စပိန်နိုင်ငံတွင် ထုတ်ဝေသည့် ဇာကာလီ အထိမ်းအမှတ် တံဆိပ်ခေါင်း

    သက္ကရာဇ် ၁၀၈၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့သူ့ကို ဥရောပက အာရ်ဇာခီ (Arzachel) ဒါမှမဟုတ် အဇာကွီလ် (Azarquiel) လို့ သိကြပါတယ်။ သူဟာ နက္ခတာယာဇယား Toledan Tables ကို တည်ဆောက်ခဲ့ပြီး ဘယ်လို ပထ၀ီအခြေအနေမျိုးမှာမဆို အသုံးပြုလို့ရတဲ့ အဆင့်မြင့် နက္ခတ္တဗေဒကြည့် အိမ်မြှောင်ကို တီထွင်ခဲ့သူပါ။

    ဂျာဘီရ် အစ်ဗနေ့ အဖ်လာ (Jabir ibn Aflah)

    ဂျာဘီရ်ဟာ သက္ကရာဇ် ၁၁၄၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အာကာသ ကိုသြဒိနိတ်တွေကို တိုင်းတာဖို့အတွက် ဂြိုဟ်ပုံတူတွေကို ပထမဆုံး ဒီဇိုင်းဆွဲ ဖန်တီးခဲ့သူပါ။ စက်လုံးဆိုင်ရာ ဂျီသြမေတြီပညာရပ်မှာ ဂျာဘီရ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း ကျော်ကြားပါတယ်။

    အစ်ဗနေ့ ရူရှဒ် (Ibn Rushd)

    ၁၂ ရာစု ကော်ဒိုဘာက မွတ်စလင်ပညာရှင်တစ်ယောက်ဖြစ်ပြီး အနောက်တိုင်းမှာတော့ အဗာရို့စ် (Averroes) အဖြစ် ကျော်ကြားပါတယ်။ သူဟာ ကော်ဒိုဘာမှာ နာမည်ကျော် ဆရာဝန်တစ်ယောက် ဖြစ်ပြီး၊ နက္ခတ္တဗေဒမှာလည်း ကျွမ်းကျင်ပါတယ်။ သူဟာ နေက အစက်အပျောက် (sunspot) တွေကို ရှာဖွေတွေ့ရှိခဲ့သူလို့ မှတ်ယူခံထားရပါတယ်။

    အစ်ဗနနေ့ အလ်-ရှာတီရ် (Ibn al-Shatir)

    ၁၄ ရာစုက မွတ်စလင် နက္ခတ္တဗေဒပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ လရဲ့ လှုပ်ရှားသွားလာမှုမှာ တော်လမီရဲ့ အယူအဆကို ပြင်ဆင်ခဲ့ပြီး လက အမှန်တကယ် ကမ္ဘာနဲ့ နီးကပ်တာထက်ပိုပြီး ကြီးနေတယ်လို့ လူတွေက မြင်နေရတယ်ဆိုတဲ့ အချက်ကို ပထမဆုံး စဉ်းစားခဲ့ပါတယ်။ အခြားသော မွတ်စလင်နက္ခတဗေဒပညာရှင်တွေလိုပဲ ဂရိတွေရဲ့ ဂြိုဟ်နက္ခတ်ဆိုင်ရာ သီအိုရီမှာ လိုအပ်ချက်တွေကိုလည်း အလ်-ရှာတီရ်က ပြင်ဆင်ခဲ့ပါတယ်။

    “လိုအပ်နေတာအတွက် အောင်မြင်မှုရမယ့် နည်းနာတွေကို ဖော်ထုတ်နိုင်ရေး အားထုတ်ကြိုးပမ်းလိုစိတ်နဲ့ ကူညီစောင်မဖို့ ကြီးမြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ဆုမွန်ကောင်း တောင်းခံခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ ကျွန်တော်ဟာ လောင်ဂျီကျု၊ လတ္တီကျုတွေ၊ ဂြိုဟ်တွေရဲ့လှုပ်ရှားမှုကို ဖော်ထုတ်နိုင်မယ့် အခြားနည်းလမ်းတွေနဲ့အတူ  ဂြိုဟ်နက္ခတ် သွားလာလည်ပတ်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာစံတွေကို ကျွန်တော် တီထွင်နိုင်ခဲ့ပါတယ်။ ဒီနည်းစနစ်အသစ်တွေက နည်းလမ်းအဟောင်းတွေမှာ ရှိနေတဲ့ မပြည့်စုံမှုတွေကို ချေဖျက်ပစ်လိုက်ပါတယ်” လို့ အလ်-ရှာတီရ်က ရေးသားခဲ့ပါတယ်။

    အလယ်ခေတ် အစ္စလာမ့် နက္ခတ္တဗေဒနယ်ပယ်ရဲ့ အမွေအနှစ်တွေကို ယနေ့ထိတိုင် တွေ့နေရတုန်းပါ။ Zenith၊ Azimuth ဆိုတဲ့ စကားလုံးတွေ၊ Summer Triangle၊ Vega၊ Altair၊ Deneb စတဲ့ ကြယ်အမည်တွေ အားလုံးဟာ အာရဘီဝေါဟာရတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

    ခေတ်သစ် နက္ခတ္တဗေဒပညာရပ် မွေးဖွားလာခြင်း

    ဂရိတွေနဲ့အတူ သေဆုံးပျောက်ကွယ်တဲ့ နက္ခတ္တဗေဒပညာကို ကော်ပါးနီးကပ်စ်က ပြန်လည် အသက်သွင်းပေးခဲ့တယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ ၁၅ ရာစုက ဒီ ပိုလန်ပညာရှင်ကြီးဟာ ခေတ်သစ်နက္ခတ္တဗေဒရဲ့ အစလို့ ပြောလို့ရတဲ့ နေကိုဗဟိုပြုတဲ့ နေ့အဖွဲ့အစည်းစနစ်ကို စတင်မိတ်ဆက်ခဲ့မှုအတွက် ကျော်ကြားပါတယ်။

    ဒါပေမယ့် သူ့ရဲ့ ဒီဖော်ပြချက်ဟာ သူ့အရင် နှစ်ပေါင်း ၁၀၀ ကျော်က မွတ်စလင်ပညာရှင်ကြီး အလ်-ရှာတီရ် ဖော်ထုတ်ခဲ့တဲ့ ဂြိုဟ်နက္ခတ်ဆိုင်ရာ သီအိုရီနဲ့ တွက်ချက်မှုဆိုင်ရာမှာ သွားတူနေတာဟာ တိုက်ဆိုက်မှု မဟုတ်လောက်ဘူးလို့ သမိုင်းပညာရှင်တွေက နောက်ပိုင်းမှာ ယူဆလာကြပါတယ်။ ကော်ပါးနီးကပ်စ်ဟာ အလ်-ဘတ္တာနီ ရေးသားခဲ့တဲ့ ကြယ်တရာနဲ့ ဂြိုဟ်နက္ခတ်ဇယားတွေ ပါဝင်တဲ့ နက္ခတ္တဗေဒဆိုင်ရာ ကျမ်းကြီးကို တော်တော်လေး မှီခိုအားထားခဲ့တယ်လို့ သိရပါတယ်။

    ကော်ပါးနီးကပ်စ်အသုံးပြုခဲ့တဲ့ သင်္ချာဆိုင်ရာ ကိရိယာတွေကလည်း သူ့အရင်က မွတ်စလင် ပညာရှင်ကြီးတွေ တီထွင်ထားတဲ့ ကိရိယာတွေ ဖြစ်ပါတယ်။ ကော်ပါးနီးကပ်စ်နဲ့ မွတ်စလင်ပညာရှင်ကြီးတွေအကြား အရေးပါတဲ့ တစ်ခုတည်းသော ကွာခြားချက်ကတော့ မွတ်စလင်တွေရဲ့ ကမ္ဘာကြီးကို ပုံဖော်မှုဟာ အသေဖြစ်နေပြီး ကော့ပါးနီးကပ်စ်က နေကို လှည့်ပတ်နေတယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ prallactic ruler လို အရှေ့တိုင်းက အသုံးပြုတဲ့ နက္ခတ္တဗေဒ ကိရိယာတွေကိုလည်း ကော်ပါးနီးကပ်စ်က အသုံးပြုခဲ့ပါတယ်။ အဲဒီ ကိရိယာကို ဆမာရ်ကန်နဲ့ မာရဂ်ဟာက သုတေသန စင်တာတွေမှာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်