News @ M-Media

Category: သုတ၊ရသ

ကဗျာ၊ ဝထ္ထု၊ ကာတွန်း၊ ရုပ်ရှင်၊ ဓတ်ပုံ စသဖြင့်

  • “သိချင်စမ်းပါဘိ”

    “သိချင်စမ်းပါဘိ”

    ကျနော်တို့သိတဲ့ မြန်မာပြည်မြေပုံကို ချဆွဲလိုက်ပါ… ပြီးရင် ကျနော်က မြန်မာနိုင်ငံမြေပုံထဲက အစိတ်အပိုင်းတစ်ခုမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ရုံးသုံး ဘာသာစကားဖြစ်တဲ့ ဗမာစကားကို ရုံးသုံးဘာသာ စကားအဖြစ်မသုံးဘူး ကျနော်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ တရားဝင် ငွေကြေးကို အဲ့ဒီအစိတ်အပိုင်းမှာ တရားဝင် ငွေကြေးအဖြစ်မသုံးဘူး… စာသင်ကျောင်းမှာတောင် မြန်မာစာကို အရေး အဖတ်တင်မဟုတ်ပဲ အပြောပါသင်ကြားပေးနေရတဲ့ ဒေသတစ်ခုရှိတယ်ဆိုရင် သင်လက်ခံပါမလား…

    အဆိုပါအရပ်ဒေသသည် ပင်လုံစာချုပ်မှာပင်လက်မှတ်မရေးထိုးခဲ့သော ပုဂ္ဂိုလ်များရဲ့ဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏အပြည့်ဝဆုံးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုယ်ပိုင်စစ်တပ်နှင့် တိုင်းရင်းသားနယ်မြေဆိုရင် သင်သိပါသလား…

    အဆိုပါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေလူမျိုးအမည်မှာ မြန်မာတစ်နိုင်ငံထဲမှာသာရှိပြီး အဆိုပါလူမျိုးအမည်ဖြင့် အခြားသောမည်သည့်နိုင်ငံမှာမှ မရှိဟုဆိုလျှင် သင်လက်ခံနိုင်ပါမည်လော…

    အကယ်၍အဆိုပါတိုင်းရင်းသားလူမျိုးအမည်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နှစ်ပေါင်း၆၀ကျော်မှ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ တိုင်းရင်းသားစာရင်းတွင် ထည့်သွင်းခံရပါသည်ဆိုလျှင် သင်လက်ခံပါသလား…

    အကယ်၍ ကျနော်တို့နိုင်ငံအရှေ့ဘက်မှ နိုင်ငံကြီးတစ်ခုသည် သူတို့၏လူမျိုးများကို အဆိုပါအရပ်ဒေသမှ တိုင်းရင်းသားများအဖြစ်ခံယူပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် လွတ်လပ်စွာ အခြေချနေထိုင်ခွင့်ရရှိပြီးဆိုလျှင် သင်မည်သို့ခံစားရပါမည်နည်း…

    သိချင်စမ်းပါဘိ…

     

  • သင်မကောင်းလည်း ကျွန်ုပ်မဆိုးပါ

    “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ”ဆိုတဲ့ စာတမ်းလေးကို အိမ်တွေ ဆိုင်တွေမှာ ချိတ်ဆွဲထားတာ မကြာခဏ တွေ့ရတတ်ပါတယ်။ အဆိုးကို အဆိုးနဲ့ တုံ့ပြန်မယ် ဆိုတဲ့ သဘောထားပါပဲ။ အမှန်ဆို “သင်မကောင်းလည်း ကျွန်ုပ်မဆိုးပါ” လို့သာ ဖြစ်သင့်ပါတယ်။ အဆိုးကို အကောင်းနဲ့ ရင်ဆိုင်ခြင်းဟာ မြင့်မြတ်သူတို့ရဲ့ နှလုံးရည်ပါ။

    တမန်တော်မြတ်မုဟမ္မဒ် (ဆွ)က အဲဒီနှလုံးရည်မျိုးနဲ့ ရန်သူကိုတောင် မိတ်ဆွေဖြစ် စေခဲ့တယ်။ ကိုယ်တော့် အပေါ်တစ်ချိန်က အမုန်းဆုံးပါလို့ ကြွေးကြော်ခဲ့တဲ့သူတွေဟာ နောက်ဆုံးတော့ အချစ်ဆုံးပါလို့ လှိုက်လှိုက် လှဲလှဲ ရင်ဖွင့်လာကြတဲ့ အထိပါပဲ။ မက္ကာဟ်မှာ အစ္စလာမ်ကို အစဦးဟောကြားစဉ်ကာလမှာ မိစ္ဆာဝါဒီတွေက ကိုယ်တော့်ကို အနှောင့်အယှက်အတားအဆီး အမျိုးမျိုးပေးကြတယ်။ ကိုယ်တော်သွားရာလမ်းမှာ အိမ်ပေါ်ကနေ ဆူးညှောင့်ခလုတ်တွေ အညစ်အကြေးတွေ ပစ်ချတယ်။ တချို့ဆို ဇွဲကောင်းကောင်းနဲ့ကို နေ့စဉ်လုပ်နေတာ။ တစ်နေ့ အဲဒီလူတစ်ယောက်ရဲ့ အိမ်ဘေးက ကိုယ်တော်ဖြတ်လျှောက်တဲ့အခါ ဘာမှ ပစ်ချတာမတွေ့ရလို့ ကိုယ်တော်က အံ့သြသွားတယ်။ တစ်ဆက်တည်းမှာပဲ ဒီလူကျန်းမာရေးမှ ကောင်းရဲ့လားလို့ သူ့အတွက် စိုးရိမ်မိတယ်။ ဒါကြောင့် သတင်းသွားမေးသတဲ့။ ကိုယ်တော့်ကိုတွေ့တော့ အဲဒီလူက အံ့သြသွားတယ်။ ကိုယ့်ကို နေ့စဉ်ရက်ဆက်ဒုက္ခပေးနေတဲ့ လူကိုတောင် စိတ်မနာဘဲ တစ်နေ့မတွေ့ရတာနဲ့ စိုးရိမ်ပြီး သတင်းလာမေးတယ်ဆိုတဲ့ မေတ္တာရှင်မျိုးကို မတွေ့စဖူးမို့ အထူး တဆန်းဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ မေတ္တာ တရားရဲ့ ရောင်ပြန်ဟပ်မှု၊ အဆိုးကို အကောင်းနဲ့ တုံ့ပြန်မှုကြောင့် အဲဒီသူဟာ ကိုယ်တော့်လမ်းစဉ်ကို သက်ဝင်ယုံကြည်သူ ဖြစ်လာခဲ့တယ်။

    တစ်ရက် ကိုယ်တော်ဟာ လမ်းမှာတွေ့တဲ့ အဖွားအိုတစ်ယောက် မနိုင်မနင်းသယ်နေတဲ့ အထုပ်အပိုးတွေကို ကူညီသယ်ပိုးပေးခဲ့တယ်။ “အမေကြီး ဘယ်သွားမှာလဲ”မေးတော့ အဖွားအိုက ဒီမြို့ကနေခွာပြီး တခြားဒေသကို အပြီး ပြောင်းဖို့ ထွက်လာတဲ့အကြောင်း၊ ဒီလို ပြောင်းဖို့လုပ်ရတာကလည်း ဒီမြို့မှာ မုဟမ္မဒ်ဆိုတဲ့ ပုဂ်္ဂိုလ်တစ်ဦး ပေါ်လာတဲ့အတွက်ဖြစ်ကြောင်း၊ သူက တို့အစဉ်အလာ ကိုးကွယ်နေတဲ့ နတ်ဘုရားတွေကို မကိုးကွယ်ဖို့နဲ့ အလ္လာဟ်တစ်ပါးတည်းကိုသာ ကိုးကွယ်ဖို့ ပြောကြောင်း၊ သူ့ကြောင့် ဒီမြို့မှာ မငြိမ်မသက်ဖြစ်ရကြောင်း၊ သူ့တရားတွေကြောင့် လူတွေ စိတ်ဒုက္ခရောက်နေရကြောင်းစသဖြင့် အဆိုးမြင် ရှုထောင့်ကနေ ၀ါဒဖြန့်ထားတဲ့ စကားတွေကို သူကြားထားသမျှ ပြန်ပြောပြရင်း ခရီးအတော် ရောက်လာခဲ့တယ်။ ကိုယ်တော်ကတော့ တစ်လမ်းလုံး ဘာမှမပြောဘဲ ပြုံးပြီး လိုက်လာခဲ့တယ်။ အဖွားအိုလည်း သွားလိုရာကို ရောက်ပြီဆိုတော့ ကိုယ်တော်က နှုတ်ဆက်စကားဆိုတယ်။ အဖွားအိုကလည်း “အေးကွယ်၊ ကျေးဇူးပါပဲ၊ ဒါနဲ့ မောင်ရင့်နာမည်လေး တဆိတ်လောက်ပြောခဲ့ပါဦး”လို့ မေးတယ်။ ဒီတော့မှ “အမေတစ်လမ်းလုံး အပြစ်တင်ပြောဆိုလာတဲ့ မုဟမ္မဒ်ဆိုတာ ကျွန်တော်ပါပဲ”လို့ ရယ်ရယ်ပြုံးပြုံးနဲ့ ဖြေလိုက်သတဲ့။ အဖွားအိုဟာ မထင်မှတ်ထားတဲ့စကားကြောင့် အံ့သြခြင်းကြီးစွာဖြစ်ခဲ့ရတယ်။ ဒီလောက်ဖော်ရွေရည်မွန်ပြီး စိတ်ကောင်းရှိတဲ့ သူငယ်ဟာ ငါမုန်းတယ်ဆိုတဲ့ မုဟမ္မဒ်တဲ့လား။ အဖွားအိုဟာ သူမမြင်မတွေ့ဖူးဘဲ တစ်ဆင့်ကြား ကောလဟလစကားတွေနဲ့ အထင်မှားပြီး အပြစ်ဖွဲ့မိခဲ့တာတွေကို ချက်ချင်း နောင်တရသွားရှာတယ်။ ပြီးတော့ ကိုယ်တော့်လမ်းစဉ်ကို သက်ဝင်ယုံကြည်သူ တစ်ဦး ဖြစ်လာခဲ့တယ်။

    မက္ကာဟ်မှာ မိစ္ဆာဝါဒီတွေက ကိုယ်တော့်ရဲ့နောက်လိုက် သူတော်စင်တွေကို ဒုက္ခအမျိုးမျိုးပေး၊ နေအိမ်တွေကနေ နှင်ထုတ်၊ မနေနိုင်အောင် အမျိုးမျိုးလုပ်ကြ တော့ အမှန်တရားကို အနှောင့်အယှက်ကင်းကင်း ကျင့်သုံးဖို့ လွတ်မြောက် နယ်မြေကို စွန့်ခွာကြရတယ်။ နောက်လိုက်တွေကို အရင်စေလွှတ်ပြီးမှ မိမိက အဘူဗကရ် သခင်နဲ့အတူ စွန့်ခွာတယ်။ ဖြစ်ချင်တော့ အဲဒီညက မိစ္ဆာဝါဒီတွေဟာ ကိုယ်တော့် ရဲ့အိမ်ကို ၀ိုင်းပြီး ကိုယ်တော့်ကို သတ်ဖြတ်လုပ်ကြံဖို့ စီစဉ်ထားတယ်။ တစ်ညလုံး ၀ိုင်းရံထားပေမယ့် ကိုယ်တော်ထွက်သွားတဲ့အချိန်မှာ သူတို့ ငိုက်မျည်း နေကြပြီ။ ဘယ်သူမှ မတွေ့လိုက်ကြဘူး။ ဒါကလည်း အလ္လာဟ်အရှင်ရဲ့ အကူအညီ တော်ကြောင့်ပါ။

    ကိုယ်တော်ထွက်သွားပေမယ့် ညီတော်အလီကို အိမ်မှာထားခဲ့တယ်။ ထားခဲ့ရတဲ့ အကြောင်းကလည်း ရှိတယ်။ ကိုယ်တော့်ကို မုန်းပါတယ်၊ သတ်ချင်ပါ တယ်ဆိုတဲ့ လူတွေအတွက် သူတို့ရဲ့ ဥစ္စာပစ္စည်းကို အပ်နှံဖို့ ယုံကြည်ရတဲ့သူက လည်း တစ်မြို့လုံးမှာ ကိုယ်တော်တစ်ဦးတည်းသာ ရှိတယ်။ ဒါကြောင့် သူတို့အပ်နှံထားတဲ့ ပစ္စည်းတွေကို စာရင်းအင်းနဲ့တကွ ပြန်အပ်ဖို့ ညီတော်အလီကို ကိုယ်စား ထားခဲ့တာတဲ့။ ဘယ်လောက်အံ့သြစရာကောင်းလိုက်ပါသလဲ။ ကိုယ့်ကိုသတ်မယ့် ရန်သူရဲ့ ပစ္စည်းကိုတောင် အသက်လုပြီး ပြေးရတဲ့အချိန်မှာ မျက်နှာလွဲခဲပစ် မထားခဲ့ဘူး။ တစ်ဖက်က အဆိုးပြုနေပေမဲ့ ကိုယ်တော်ကတော့ အကောင်းနဲ့သာ တုံ့ပြန်ခဲ့တယ်။

    ကိုယ်တော်ထွက်သွားပြီလို့ ကြားတဲ့အခါမှာ မိစ္ဆာတွေဟာ ဒေါသပုန် ထပြီး ဘယ်သူမဆို ကိုယ်တော့်ကို ဖမ်းဆီးသတ်ဖြတ် ပေးနိုင်ရင် တန်ဖိုးကြီး ကုလားအုတ်အနီတစ်ရာ ဆုချမယ်လို့ မောင်းကြေးနင်းခတ်လိုက်တယ်။ အဲဒီအခါ မှာ ဆုဒကာဆိုတဲ့ လောဘသား ငနဲတစ်ယောက်က မှန်တာမှားတာ ဘေးချိတ် ထား ကုလားအုတ်တစ်ရာကနည်းသလားဆိုတဲ့အတွေးနဲ့ ဆုကြီးမျှော်ပြီး ငတေ မာရင်ပြီးရောဇာတ်ကို ဘီလူးဆိုင်းနဲ့ ကားလိပ်ဖွင့်လိုက်တယ်။

    ဆုဒကာဟာ ကိုယ်တော့်နောက်ကို လောဘအဆိပ် တရိပ်ရိပ်တက်ပြီး လိုက်နေတုန်း လမ်းခုလတ်တစ်နေရာမှာ သူ့မြင်းက ခြေချော်ပြီးလဲကျခဲ့တယ်။ ဒါဟာ ကံမကောင်းခြင်း နိမိတ်ပဲလို့ သူတွေးမိတယ်။ အရဗ်တို့ရဲ့ ထုံးဓလေ့အတိုင်း ဆက်လိုက်သင့် မလိုက်သင့် ကို မြားမဲနှိုက်ပြီး အဆုံးအဖြတ်ခံကြည့်တယ်။ “မလိုက်နဲ့”ဆိုတဲ့ အဖြေရတယ်။

    တစ်ဖက်မှာလည်း ကုလားအုတ်တစ်ရာ ဆုမဟာက လက်မလွှတ် ချင်စရာ။ မထူးပါဘူးဆက်သာလိုက်လို့ ကိုယ့်ကိုယ်ကိုယ် ကြိတ်မှိတ်အားပေးပြီး လိုက်ပြန်တယ်။ မြင်းက နောက်တစ်ကြိမ် ခြေချော်ကျပြန်တယ်။ မြားမဲက “မလိုက်နဲ့”ပဲ အဖြေထုတ်တယ်။ လောဘကလည်း အတောသတ်မရ။

    ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ဆက်လိုက်ပြန်တော့ နောက်ဆုံးတစ်ခေါက်မှာ ကိုယ်တော်နဲ့ အဘူဘကရ်သခင် နှစ်ဦးသားရဲ့အနီး နီးနီးကပ်ကပ်ရောက်သွားကာမှ မြင်းခြေချော်ချက်က တော်တော်ကြီးကို အထိနာတယ်။ အရှိန်နဲ့ပြုတ်ကျတာ ကိုယ်တော့်ရဲ့ ခြေတော်ရင်းနား ပြားပြားဝပ်အနေအထားပါပဲ။

    ရန်သူမှန်း ရိပ်စားမိတဲ့ အဘူဗကရ်သခင်က ဆောင်ဓားကို အသင့်ရွယ် ထားလိုက်ပြီ။ ဒီအခါမှာ ငမိုက်သား ဆုဒကာက ပျာပျာသလဲ တောင်းပန်ရှာတယ်။ အခုတော့လည်း သနားစရာပဲလေ။ သူဟာ လောဘတက်မိပြီး ကိုယ်တော့်ကို သတ်ဖို့လိုက်လာခဲ့မိ ကြောင်းကိုလည်း ၀န်ခံရှာတယ်။ ခွင့်လွှတ်ဖို့လည်း အသနားခံတယ်။ ကိုယ်တော်ကလည်း ခွင့်လွှတ်လွယ်သူလေ။ ခွင့်လွှတ်ပါတယ်။ စိတ်အေးအေးပြန်တော့ပေါ့။ ဒါပေမဲ့ ဆုဒကာက အမြော်အမြင်တော့ရှိတယ်။ စိတ်မအေးနိုင်ရှာဘူး။ နောင်တစ်ချိန် ကိုယ်တော် မရှိတဲ့နောက်မှာ ကိုယ်တော့်ရဲ့ အသက်ကို သူရန်ရှာဖူးတာ တခြားမွတ်စလင်တွေ သိသွားရင် သူ့ကို အသက် အန္တရာယ်ပြု လာကြလေမလားလို့ သူတွေးပူနေမိတယ်။

    အဲဒီအတွက် ကိုယ်တော်က ခွင့်လွှတ်ခဲ့ပြီးသားပါဆိုတဲ့ ထောက်ခံချက် လက်မှတ်လေး ရေးပေးထားဖို့ တောင်းဆိုပြန်တယ်။ ဒါကိုလည်း ကိုယ်တော်က ကြည်ကြည်ဖြူဖြူပဲ ဆောင်ရွက်ပေးလိုက်တယ်။ အဲဒီလို ရှာမှရှားတဲ့ အနှိုင်းမဲ့ မေတ္တာတော်ရှင်ရဲ့ အဆိုးကို အကောင်းနဲ့တုံ့ပြန်မှုကြောင့် ဆုဒကာဟာ ကိုယ်တော့်ကို ချစ်မြတ်နိုးတဲ့ ယုံကြည်သူတစ်ယောက် ဖြစ်လာခဲ့ပြန်ပါတယ်။

    နောက်တစ်ခု သာဓကပြချင်ပါသေးတယ်။ တမန်တော်မြတ်က ဟစ်ဂျရီ ၈ ခုနှစ်မှာ မက္ကာဟ်ကို ပြန်လည်အောင်နိုင်ခဲ့ပါတယ်။ ဒီအခါမှာ မွတ်စလင်တွေဟာ ရှစ်နှစ်လောက်ခွဲခွာခဲ့ရတဲ့ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်ရောက်ကြရပြီ။ ကိုယ့်အိမ်၊ ကိုယ့်ခြံကို ပြန်တွေ့ကြရပြီ။

    ဒါပေမဲ့ အဲဒီနေအိမ်တွေပေါ်မှာ မယုံကြည်သူတွေက မတရားသိမ်းပိုက် ပြီး တက်နေနေကြတာ တော်တော်တောင် အခြေကျနေခဲ့ပါပြီ။ ဒါကြောင့် ကိုယ်တော်က အမိန့်ထုတ်တယ်။ အဲဒီအိမ်တွေကို ငါတို့အိမ်ပဲဆိုပြီး ပြန်သိမ်းယူခြင်း မပြုရဘူးတဲ့။

    ဘာကြောင့်လဲဆိုရင် ဒီအိမ်တွေပေါ်မှာ မွေးဖွားလာတဲ့ ကလေးတွေဟာ သူ့မိဘတွေမတရားသိမ်းပိုက်ပြီးတက်နေကြတာကို သိကြမှာ မဟုတ်ဘူး။ သူတို့က ဒီအိမ်ပေါ်မှာ မွေးဖွားကြီးပြင်းလာကြတာဆိုတော့ သူတို့အိမ်ပဲလို့မှတ်နေမှာ။ မွတ်စလင်တွေက ကိုယ့်အိမ်ကိုယ်ပြန်ယူတာကို သူတို့က ငါတို့အိမ်ကို ဒီလူကြီးတွေ သိမ်းပိုက်သွားပါလားလို့ အမှတ်မှားကုန်မယ်။

    ဒါကြောင့် အခြေကျပြီးသားအတိုင်း နေမြဲနေပါစေ၊သူတို့လေးတွေရဲ့ နုနယ်တဲ့စိတ်ထဲမှာ စိတ်ဒဏ်ရာမရစေချင်တဲ့ စာနာစိတ်နဲ့ ပြန်မယူဖို့ တားမြစ်ခဲ့ တယ်။ ဒါဟာလည်း အဆိုးကို အကောင်းနဲ့ တုံ့ပြန်လိုက်တဲ့ မြင့်မြတ်တဲ့နှလုံးရည် ပိုင်ရှင်တို့ရဲ့ အပြုအမူပါပဲ။

    ကိုယ်တော်ဟာ စံပြတမန်တော်ဖြစ်တယ်။ ကိုယ်တော်ရဲ့သမိုင်းကို လေ့လာ ကြည့်ရင် ကိစ်္စရပ်တိုင်းအတွက် ကျွန်တော်တို့ အတုယူလိုက်နာနိုင်မယ့် စံနမူနာတွေနဲ့ ပြည့်နှက်နေတယ်။ အခု သာဓကပြခဲ့တာတွေက “အဆိုးကို အကောင်းနဲ့တုံ့ပြန်”တဲ့ ကိုယ်တော်ရဲ့ စံနမူနာတချို့ဖြစ်တယ်။ ဒီကျင့်စဉ်က ဘယ်က လာပါသလဲ။ ကိုယ်တော်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော် ကျမ်းမွန်ကုရ်အာန်အတိုင်း တစ်သဝေမတိမ်းလျှောက်လှမ်း ကျင့်မူသူဖြစ်တယ်။ ကျမ်းတော်မြတ်ကုရ်အာန် ၂၃း ၉၆ မှာ-

    “အဆိုးကို အကောင်းဖြင့် တုံ့ပြန်လော့”

    လို့ အတိအလင်း လမ်းညွှန်ချက်ရှိနေပါတယ်။

    အချုပ်ဆိုရရင် “အဆိုးကို အကောင်းနဲ့တုံ့ပြန်ရေး”ဆိုတာ အစ္စလာမ်က သင်ကြားတဲ့ မွတ်စလင့်ကျင့်ဝတ်တရားပါပဲ။ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီတရား ပြန့်နှံ့ရင် ဥယျာဉ်ဘုံနန်းတမျှ ငြိမ်းအေးခြင်းသန်္တိသုခအမြိုက်ရသကို ခံစားကြရမှာ သေချာပါတယ်။ ဒီတရားခေါင်းပါးရင်တော့ မင်းဘာလဲ၊ ငါဘာလဲနဲ့ အတ္တတွေ၊ မာနတွေ ကြီးထွားရှင်သန်လာမှာဖြစ်တဲ့အတွက် လောကဟာ ငရဲတမျှပါပဲ။ အွမ္မသ်ညီညွတ်ရေးဆိုတာဟာလည်း အဆိုးကို အကောင်းနဲ့တုံ့ပြန်ပြီးတော့သာ တည်ဆောက်ယူလို့ ရနိုင်မယ်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမြဲတမ်း ဆောင်ထားရမယ့်ဆောင်ပုဒ်က “သင်မကောင်းလည်း ကျွန်ုပ်မဆိုးပါ” ဆိုတာပါပဲ။

    သန်းမင်းထိုက်(မြန်မာစာ)

    (ဒီရေထဲက ပန်းကလေးများ-အစ္စလာမ့်ဓမ္မရသစာစုများ မှ)

  • နေရာ……

    ကားစထွက်တော့ ခြောက်နာရီထိုးပြီး ဆယ်မိနစ်ခန့်ပင် စွန်းနေလေပြီ။ အိပ်ယာထနောက်ကျ၍ ကားကိုမှီလုမီခင်ပင် ဖြစ်ပေသည်။ တနင်္ဂနွေမို့ ကားလက်မှတ်ကလည်း ၀ယ်ရကျပ်လေသည်။ ကြိုဝယ်မထားမိသည်က အမှားပင်။ မိုးတွင်းဖြစ်သည်မို့ တစ်ပြောက်နှစ်ပြောက်သော မိုးရေစက်များက ကားစထွက်သည်နှင့် ၀ရုန်းသုန်းကား ရွာချလိုက်လေတော့သည်။ ဘားအံ-မော်လမြိုင် လိုင်းကားလေးကတော့ ခရီးဆက်နေဆဲပင်ဖြစ်သည်………………..။

    မူလတန်းပြဆရာမတစ်ယောက်အတွက်တော့ တနင်္ဂနွေနေ့ဖြစ်သော်လည်း ရှောင်တခင်အလုပ်တာဝန်တစ်ခုပေါ်လာ၍ မလွဲရှောင်သာလှပေ။ ကားက နံနက်ခြောက်နာရီအခေါက်ဖြစ်သည်မို့ ဈေးသည်များပါမက အိမ်ပြန်ကြသည့် တက္ကသိုလ်ကျောင်းသူများဖြင့်ပါ ပြည့်သိပ်ကျပ်နေသည်မှာ ခြေချစရာပင်မကျန်တော့ချေ။ မော်လမြိုင်မြို့မှ ဘားအံမြို့ထိဆိုလျှင် တစ်နာရီခွဲကျော်ခန့်သာ စီးရသော်လည်း ကျွန်မလိုနေရာမရ၍ မတ်တပ်ရပ်စီးရသည့် လူတစ်ယောက်အတွက်တော့ မထောင်းသာလှပေ။ သို့သော်လည်း ခရီးရောက်ဖို့က အရေးကြီးနေသည်မို့ သွားရပေဦးမည်။

    ကျွန်မလိုပင် မတ်တပ်ရပ်စီးကြရသည့် ခရီးသည်များက အပုံအပင်။ သို့သော် သူတို့ဘယ်လမ်း၊ ဘယ်ခရီးတစ်ထောက်တွင် ဆင်းကြမည်ဆိုသည်ကိုတော့ ကျွန်မ မသိချေ။ ကံဆိုးသည်ကတော့ ကျွန်မနံဘေးတွင် မတ်တပ်ရပ်လိုက်ပါလာသူတစ်ဦးမှာ အရက်စော်များနံစော်နေ၍ ကိုယ့်ကိုယ်ကိုပင် မတ်မတ်မရပ်နိုင်ဘဲ ဇက်က ကျိုးကျလုနီးပါးဖြစ်နေပေသည်။ ကျွန်မနှင့် မလှမ်းမကမ်းတစ်ခုံကျော်ရှိ လူကုံထံမိန်းမကြီးတစ်ယောက်ကတော့ သူမအတွက် တစ်ယောက်စာကို ထိုင်ခုံနှစ်ခုံဝယ်ထားသည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကြီးမားလှသော လက်ကိုင်အိတ်ကြီးကို ကျန်ခုံအလွတ်ပေါ်တွင်တင်၍ ဖုန်းပြောနေပါသည်။ သည်းကြီးမည်းကြီးရွာနေသော မိုးသံတွေကိုတော့ သူမ၏အသံက အံ့သြစရာကောင်းလွန်းလှအောင် ဖြိုခွဲလိုက်နိုင်ပါသည်။ ကိုယ်ပိုင်ကားက စက်တခုခုချို့ယွင်းသွား၍ လိုင်းကားနှင့်သာ ခရီးသွားလိုက်ရသည့်အကြောင်းကို သူမ၏ အယောက်ငါးဆယ်မျှရှိသော မိတ်ဆွေများထံသို့ သေရေးရှင်ရေးတမျှ အကြောင်းကြားလျက်ရှိနေလေသည်။

    လိုင်းကားကြီးသည် ကားလမ်းကြမ်းကို ဖြတ်ကျော်တိုင်း ဘယ်ညာယိမ်းထိုးလျက်ရှိရာ ကျွန်မခေါင်းအပေါ်တည့်တည့်ရှိ ကားအမိုး၏ အပေါက်အပြဲကြောင်းမှတဆင့် မိုးပေါက်များက ခေါင်းပေါ်သို့ တဖြောက်ဖြောက်ကျနေပေသည်။ ခံစားတတ်သူအဖို့တော့ ဂီတသံတစ်ခုနှင့်ပင် တူနေသေးပေဦးမည်။ ကျွန်မခြေထောက်အရှေ့တည့်တည့်တွင်တော့ မျှစ်ချဉ်တောင်းများ ဖြစ်မည်ထင်သည်။ မိုးနှင့်အတူ လေတချက်တချက်ဝေ့တိုင်း မျှစ်ချဉ်နံ့က စူးစူးရှရှ ထွက်လာလေသည်။ မျှစ်ချဉ်သည်၊ ငါးခြောက်ငါးပိသည်များနှင့် အမျိုးအမည်အတိအကျမသိသော ကုန်ပစ္စည်းများကို ထုပ်ပိုးကိုင်ဆောင်လာသူ ခရီးသွားများလည်း များစွာရှိလေသည်။ ကားစပယ်ယာတစ်ယောက်၏အသံမှလွဲ၍ ကျန်လူများ၏အသံက တိတ်ဆိတ်လွန်းလှပေသည်။ နံနက်စောစောဖြစ်သည့်အပြင် မိုးကလည်း အေးစိမ့်လှသည်မို့ ကိုယ့်အတွေးနှင့်ကိုယ်မျောနေကြသည့် သူများသာဖြစ်လေသည်။ အချို့ခရီးသွားများ၏ မျက်နှာတွင် ပရိယေသန၀မ်းစာရေးအတွက် အပြင်းအထန်ရုန်းကန်လှုပ်ရှားနေရမှုကြောင့် ပရိဒေ၀အရိပ်အယောင်များက အထင်းသားရှိနေပေသည်။

    ကားနောက်ဆုံးတန်းရှိ တောင်းကြီးဘေးတွင် ထိုင်နေသူမိန်းမကြီးတစ်ယောက်၏ နေလောင်ထားသောမျက်နှာပြင်ပေါ်တွင် ပါးကွက်ကြားကြီးများက နေရာယူထားလေသည်။ မိုးငွေ့တွေက အေးစိမ့်နေသည့်တိုင်အောင် သူမရင်ထဲရှိ သောကမီးကို မငြိမ်းသတ်နိုင်သည့်အလား ပါးကွက်ကြီးပေါ်သို့ နဖူးဆံစမှ ချွေးကြောင်းကြီးများက စီးကျနေပေသည်။ သို့သော် ကြည့်တတ်သူအဖို့ မြင်၏ဟုပင် ပြောရလေမလား သို့မဟုတ် အလှတရားကို မြင်အောင်ကြည့်လျှင် မြင်နိုင်သည်ဟူ၍ပဲ ပြောရလေမလား မသိချေ။ ကျွန်မ၏ မျက်လုံးများထဲတွင်တော့ ထိုပါးကွက်ကြားကြီးများပေါ်ရှိ ချွေးကြောင်းကြီးများသည် သံလွင်မြစ်ကြီးစီးဆင်းနေသယောင်အလား ပသာဒရှိလှပေသည်။ သူမ၏ဘေးတွင်တော့ စာကလေးအကြွပ်ကြော်ခွေရောင်းသည့် ကောင်လေးသည် ပလတ်စတစ်အိတ်ဖြင့် စွပ်၍ချည်ထားသော သူ၏ စာကလေးခွေကြော်များပေါ်ရှိ မိုးရေစက်များကို အပြင်းအထန်ခါချလျက်ရှိကာ ထိုင်ခုံနောက်တန်းက သံတိုင်လေးများကို အပြေးအလွှား ဆုပ်ကိုင်ထားလျက်ရှိပေသည်။ ကားတစ်ချက်ခုန်တိုင်း လွတ်ထွက်သွားလုမတတ်ဖြစ်သော သူ၏လက်များကို ဂရုစိုက်မနေအားဘဲ စာကလေးခွေကြော်များ ကြေမွသွားရတော့မည့်အရေးကိုသာ အာရုံပေးစူးစိုက်နေရသည့် သူ၏ဘ၀ပေးတာဝန်ကိုတော့ ကိုယ့်ကိုယ်ကိုထက်ပင် ကျွန်မ ပိုသနားသွားမိလေသည်။

    မိုးတွေသည်းကာ ပတ်ဝန်းကျင်တစ်ခွင်လုံး မှုန်မှိုင်းနေသည့်အပြင် ကားကလည်း အသက်လုမောင်းနေရသည့်အတွက် ပတ်ဝန်းကျင်မြင်ကွင်းများကတော့ သဲကွဲမနေပါ။ ရိပ်ကနဲရိပ်ကနဲ ကျန်ခဲ့သော အပင်စိမ်းစိမ်းများ၊ လယ်ကွင်းပြင်များ၊ ဘုရားငုတ်တိုလေးများ၊ ဘုန်းကြီးကျောင်းများနှင့် တောင်တန်းငယ်လေးများကတော့ အတော်ကြည့်ကောင်းလှပေသည်။ ခရီးတထောက်နားလိုက်၊ ခရီးသည်များတက်လိုက်ဆင်းလိုက်ဖြင့်ပင် ကားလေးက ခရီးဆက်နေဆဲ…….။ အမှန်တကယ်တမ်းတော့ လူတစ်ယောက်၏ တာဝန်နှင့်ဝတ္တရာများသည် ပျားတစ်ကောင်ကဲ့သို့ပင် ရှုပ်ထွေးများပြားနေပေသည်။ သည်လိုနှင့်ပင် ဘားအံမြို့နားသို့ ရောက်လုရောက်ခင်ဖြစ်သော ကော့ကျိုက်ကျေးရွာလေးသို့ပင် ဆိုက်ရောက်ခဲ့ချေပြီ။ ကော့ကျိုက်ကျေးရွာမှ ဘားအံမြို့သို့ ကားဖြင့်သွားမည်ဆိုလျှင် တစ်ဆယ့်ငါးမိနစ်ခန့်မျှ ကြာမြင့်ပေလိမ့်မည်။ ကော့ကျိုက်ကျေးရွာအရောက် ကျွန်မ၏ ညာဘက်ဘေးခုံတွဲရှိ လူတစ်ယောက်ဆင်းသွားလေသည်။ ထိုသူထသွားတော့ ထိုင်ခုံနေရာအလွတ်လေးတစ်လုံး ကျန်ခဲ့ပေသည်။

    ထိုအချိန်တွင် မတ်တပ်ရပ်စီးသူများထဲမှ လူရွယ်တစ်ယောက်နှင့် အသက်ခပ်ကြီးကြီးလူကြီးတစ်ယောက်တို့သည် ကျန်လူအားလုံးကို နင်းဖြတ်ကျော်လွှားလာကာ ထိုထိုင်ခုံနားသို့ ဒရောသောပါးဖြင့် ပြေးဝင်လာကြပါသည်။ ထိုအချိန်တွင် မထင်မှတ်သည့် ကိစ္စတစ်ခုက ဖြစ်ပွားလာခဲ့လေသည်။ အသက်ခပ်ကြီးကြီးလူကြီးက ထိုင်ခုံလုပွဲတွင် ပန်းဝင်သွားပြီး ၀င်ထိုင်လုဆဲဆဲ ခြေလှမ်းပြင်နေသည်ကို အစောက လူရွယ်က ခြေဖြင့်လှမ်းထိုးလိုက်ရာ ထိုလူကြီးက ဟန်ချက်ပျက်သွားပြီး ရှေ့သို့အနည်းငယ်ယိုင်သွားကာ မှောက်ကျလုမတတ်ဖြစ်သွားလေသည်။ ပြုတ်ကျမသွားဖို့အရေး ကျန်လူများက ၀ိုင်း၍ ဖမ်းဆုပ်ပေးထားကြရပါသည်။ ထိုရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူ၍ လူရွယ်က ၀င်ထုင်လိုက်လေသည်။ ထိုအခါ ခပ်အုပ်အုပ်ရယ်သံများ ကားထဲမှ လွင့်ပျံလာပါသည်။ ရယ်သောသူအများအပြားမှာ ထိုင်ခုံနေရာရထားပြီးသူများနှင့် အစောက လူရွယ်လည်း အပါအ၀င်ပင်ဖြစ်လေသည်။

    ကျွန်မကတော့ အတော်ပင် အံ့သြမှင်သက်မိလေသည်။ တစ်ဆယ့်ငါးမိနစ်မျှသော ခရီးအကွာအဝေးသည် အဘယ်မျှရှိမည်ကိုတော့ ကျွန်မ အတိအကျမသိချေ။ သို့သော် တစ်ဆယ့်ငါးမိနစ်မျှသောအချိန်သည် အလွန်တိုတောင်းနေမှန်းတော့ ကျွန်မ သေချာသိပါသည်။ ထိုတိုတောင်းလှသောအချိန်လေးအတွင်းတွင် ထိုင်စရာနေရာမရတော့ကော ဘာအရေးနည်း။ ဘာတွေများနစ်နာဆုံးရှုံးစရာ ရှိနိုင်မည်နည်း……..။

    ကားနှင့်သွားနေရသည့်ခရီးကို “ဘ၀ခရီး” ဟုပြောလျှင် ကားပေါ်မှခရီးသည်များသည်လည်း “ဘ၀ခရီးသည်” များပင်ဖြစ်လေသည်။ သည်လိုဆိုလျှင် ထိုတိုတောင်းလှသော ဘ၀ခရီးအတွက် ထိုင်စရာနေရာတစ်နေရာကို အများသူငါ မှောက်ရက်လဲအောင် ခြေထိုးပြီး ရှာရမည်လား။ ကျွန်မကတော့ သူများအထုပ်ဖြည်ပြပြီးမှ ရလာမည့်နေရာတစ်ခုကို တမ်းမက်ခြင်းမရှိသည်မှာ သေချာလှပေသည်။ ကျွန်မ၏ ဘ၀ခရီးတွင် ခြေစုံချပြီးပဲ မတ်တပ်ရပ်ရရပ်ရ၊ ခြေတစ်ချောင်းထောက်၍ပဲ မတ်တပ်ရပ်ရရပ်ရ၊ ကျွန်မ၏ ဖြစ်တည်မှုအတွက် ရိုးသားစွာရပ်တည်ခွင့်တစ်နေရာကိုပဲ အာသာငမ်းငမ်းလိုချင်နေမိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် ဘ၀ခရီးကို တစ်ဆယ့်ငါးမိနစ်ခန့်မျှသာ သွားရသော ခရီးတိုတစ်ခုဟုပင် ယူဆနေမိသောကြောင့် ဖြစ်လေသည်။

    Khalay

  • ဆရာကြီး ဦး(အဗ္ဗဒူလ်) ရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ

    အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က သူရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) စာအုပ်ကို စာရေးသူထံ လက်ဆောင် ပို့လိုက်ပါသည်။ ဆရာ့ စာအုပ်ထဲတွင် အာဇာနည်တစ်ဦး ဖြစ်သော ဆရာကြီး ဦးရာဇတ်၏ အကြောင်းလည်း ပါသည်။ ဦးရာဇတ် ရေးသည့် ရတုပိုဒ်စုံ ကိုလည်း ဖော်ပြထားသည်။ ထိုရတု ပိုဒ်စုံကို ဖတ်ရသော အခါ စာရေးသူထံတွင် ရှိသော ဒဂုံပ ဦးဘတင်၏ မှတ်စုမှ ဦးရာဇတ်၏ ရတုပိုဒ်စုံကို သွား၍ သတိရသည်။

    ဦးလေးတင် (ဒဂုံပ ဦးဘတင်)၏ မှတ်စုတွင် ဆရာကြီး ဦးရာဇတ်၏ ရတုပိုဒ်စုံကို ဆရာကြီး၏ ငယ်ပေါင်းမိတ်ဆွေ တစ်ဦးဖြစ်သော ဦးခင်မောင်လတ် (နောင် ပြန်ကြားရေး အတွင်းဝန် ဖြစ်ခဲ့သူ) ထံသို့ ရေးပို့ခဲ့သဖြင့် ဦးခင်မောင်လတ်ထံမှ ရရှိခဲ့ကြောင်း၊ ရေးသား ထားသည်ကို တွေ့ရပါသည်။ (more…)

  • ရွှေခေတ်ကို ပြန်လည်ရယူလိုပါလျှင် …

    ရွှေခေတ်ဟု ကျော်ကြားသော အစ္စလာမ်သာသနာဝင်မုစ်လင်မ်တို့၏အတိတ်ကာလသည် ဂုဏ်ယူစ၀င့်ကြွားဖွယ်ရာ အကြောင်းတစ်ရပ် ဖြစ်လျက်ရှိပါသည်။ စာရေးဆရာများနှင့်ဟောပြောသူများအဖို့ လက်၊လျှာ၊အာတွေ့ မဆုံးနိုင်အောင် ဖြစ်နေကြ၏။ အတိတ်မျှော်ဂုဏ်ဖော်နေခြင်းအား ယခုနေရာတွင် တန့်လိုက်ကြပြီး ခမ်းနားကြီးကျယ်လှသည့် ထိုခေတ်ကြီး မည်သို့ဖြစ်တည်လာခဲ့ကြောင်း အတွေးအမြင်အချို့ကို ဆွေးနွေးကြည့်ကြပါစို့။

    ကြွားဝါမာန်တက်ရေးအတွက် အဖြစ်အပျက်များမှ ရိက္ခာထုတ်ဖော်ခြင်းသည် အစ္စလာမ့်အနှစ်သာရနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေပါသည်။ ဖြစ်ရပ်များကို သုံးသပ်ရာတွင် အစ္စလာမ့်နည်းလမ်းသည် ထိုအရာများမှ သင်ခန်းစာ ရယူခြင်းဖြစ်သည်။ အရှိတရားကို မြင်အောင်ကြည့်ရှုစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား အမှန်တကယ်သင်ပေးလိုက်သည့်အချက်သည် အဘယ်အရာဟူသည်ကို ကောက်ချက်ချနိုင်ရပါမည်။ အကြောင်းအချက်များမှာ အရှိတရားအပေါ်အခြေမခံပါက စိတ်နှလုံးအတွက် ဓါတ်စာမဖြစ်၊ တလွဲမာန သွတ်သွင်းလိုက်သလိုသာ ဖြစ်ရပေ၏။

    အတိတ်ကာလမုစ်လင်မ့်သမိုင်းကို လေ့လာဆန်းစစ်ကြည့်သော်  – ၄င်းရွေခေတ်ကြီးသည် ယနေ့ခေတ်မုစ်လင်မ်များ လုပ်ဆောင်နေသလိုမျိုး အခွင့်အရေးတိုက်ပွဲဝင်မှုမှ ထွက်ပေါ်လာခဲ့ခြင်း မဟုတ်သည်ကို တွေ့ရ၏။ ၄င်းခေတ်ကာလ၏ အောင်မြင်မှုသည် သူတစ်ပါးတို့အပေါ် ကျွန်ုပ်တို့၏အသုံးကျမှု ( ကောင်းကျိုးဖြစ်ထွန်းစေမှု ) ဖြင့် သတ်မှတ်နိုင်ပေသည်။ ယင်းအရည်အသွေး၏ဂုဏ်ရည်က မုစ်လင်မ်တို့အား ယင်းသို့သော ထိပ်တန်းအောင်မြင်မှုသို့ ရောက်ရှိသွားစေခဲ့ပါသည်။

    ယနေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ရုရှ(ဆိုဗီယက်)တို့မှာ ခေတ်သစ်ယဉ်ကျေးမှု၏ဗဟိုဌာနများအဖြစ် ထင်ပေါ်ကျော်ကြား၏။ သို့သော် ထိုအရာများ၏ဘူမိနက်သန်သည် ထိုနိုင်ငံများ မဟုတ်ချေ။ အသိပညာပြန်လည်ထွန်းကားမှုသည် ထိုဒေသများမှ အစပြုခဲ့သည်မဟုတ်ပါ။ ဥရောပတွင် အသိပညာနှင့်လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာသည် စပိန်၊ စစ္စလီနှင့် အီတလီ ဖြစ်ခဲ့ကြောင်းတွေ့ရလေသည်။ ဖော်ပြပါကမ်းရိုးတန်းဒေသများမှ အသိပညာပြန်လည်ရှင်သန်ခြင်း စတင်ခဲ့၏။ ၄င်းနောက် ခေတ်သစ်ယဉ်ကျေးမှု၏မျိုးစေ့များကို ကြဲဖြန့်ခဲ့၏။ ထိုမှတစ်ဆင့် အခြားဥရောပတိုင်းပြည်များသို့ ပျံ့နှံ့သွားခဲ့ပေသည်။

    အသိပညာနှင့်ယဉ်ကျေးမှုများသည် ဥရောပသို့ မုစ်လင်မ်တို့မှတစ်ဆင့် ရောက်ရှိခဲ့ခြင်းသာဖြစ်သည်။ မုစ်လင်မ်တို့၏ခေတ် မတိုင်မီက ဥရောပတိုက်သည် အမှောင်ကမ္ဘာကြီးဖြစ်ခဲ့၏။ ထိုကာလမှာ   မှောင်မိုက်ခြင်းနေ့ရက်များ ဟု သမိုင်းတွင် ထင်ရှား၏။  မုစ်လင်မ်တို့သည် ပင်လယ်ကိုဖြတ်ကာ အာဖရိကမှ ဥရောပသို့ ဦးစွာဝင်ရောက်ခဲ့ကြ၏။ မော်ရိုကိုမှ စပိန်သို့ ရေကြောင်းခရီးဖြင့် ရောက်ခဲ့ကြ၏။ အလားတူပင် တူနီးရှားမှ မြေထဲပင်လယ်ကို ကျော်ဖြတ်ပြီး စစ္စလီနှင့် အီတလီသို့ ၀င်ခဲ့ကြသည်။ ၄င်းနောက် မုစ်လင်မ်တို့သည် ယင်းဥရောပနိုင်ငံများအတွင်း ပညာနှင့်ယဉ်ကျေးမှု၏အုတ်မြစ်ကို ချခဲ့ကြကုန်၏။   အနောက်ဥရောပ တစ်ခွင်သို့ လက်ဆင့်ကမ်းပျံ့နှ့ပြီး နောင်သောအခါ အမေရိကန်ပြည်ထောင်စုသို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ လေ့လာသင်ကြားခြင်းဟူသော အလင်းတန်းကို ဥရောပသို့ ထုတ်လွှတ်ပေးခဲ့သူများမှာ မုစ်လင်မ်များဖြစ်ကြကြောင်း မည်သူမျှ  မငြင်းနိုင်ခဲ့ပါ။

    ထိုခေတ်ကာလတွင် မုစ်လင်မ်တို့သည် ကမ္ဘာကိုခါးစောင်းတင်ခဲ့ကြသူများဖြစ်၏။ ထိုခေတ်မုစ်လင်မ်တို့အနေနှင့် ကမ္ဘာမြေ၀ယ် ခြေတစ်လှမ်း လှမ်းလေတိုင်း ထိုနေရာမှ ပညာရေစမ်း ပန်းထွက်လာ၏၊  သမိုင်းထဲက အမှောင်နေ့ရက်များကို ယဉ်ကျေးမှုထွန်းတောက်သည့်ကာလအဖြစ်  လှည့်ပြောင်းပေးခဲ့ကြ၏။ နေရာတစ်ခုခုတွင် မုစ်လင်မ်တို့ အခြေချသည့်အခါတိုင်း ခြောက်သွေ့မြေပေါ် နတ်ဘုံရေစင်ဆိုက်ရောက်သကဲ့သို့ ဖြစ်ရသည်အထိ  သူတို့၏အသိပညာဖြန့်ချိရေးစွမ်းရည် မြင့်မားခဲ့ကြလေသည်။

    လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်ကြီးဝယ် ခရစ်သက္ကရာဇ်(774)ခုနှစ်က သွန်းလုပ်ခဲ့သော ရွှေဒင်္ဂါးတစ်ချပ်ရှိ၏။ ရှေးဟောင်းအင်္ဂလန်ပြည့်ရှင် Offa Rax (757 – 796 ) လက်ထက်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုဒင်္ဂါး၏မျက်နှာစာတစ်ဖက်တွင် ထိုဘုရင်၏အမည်ကို တွေ့ရပြီး အခြားတစ်ဖက်တွင်မူကား မုစ်လင်မ်တို့၏ယုံကြည်ချက်သက်သေခံစကားရပ်ကို အရဘီဘာသာဖြင့် တွေ့ရလေသည်။ ပရော်ဖက်ဆာ Philip K.Hitti က မိမိ၏စာအုပ်  History of the Arabs(1979)၊ စာမျက်နှာ(၃၁၆)တွင် ထိုဒင်္ဂါး၏ဓါတ်ပုံကို အောက်ပါကဲ့သို့ ခေါင်းစဉ်တပ်လျက် ဖော်ပြထားပါသည်။

    အာရဗ် ဒီနာရ်(ဒင်္ဂါး)ကို တုပထားသော (၇၇၄)ခုနှစ်မှ အင်္ဂလို ဆက်ဆွန် ရွှေဒင်္ဂါး

    (၈)ရာစုနှစ်မုစ်လင်မ်တို့သည် ဂရိဆေးဝါးပညာယူဆချက်များကို လိုက်စားခဲ့ကြ၏။ သို့သော်  ၄င်းလမ်းကြောင်းပေါ် တစိုက်မတ်မတ် ရည်မှန်းချက်ဖြင့် စွမ်းစွမ်းတမံ အားထုတ်ခဲ့မှုကြောင့် နောင်တစ်ချိန်ဝယ် ကြောက်ခမန်းလိလိ တိုးတက်မှုများ ဖြစ်ပေါ်လာ၏။ နောက်ဆုံးတွင် သူတို့သည် သူတို့၏ခေတ်ကာလအတွင်း ကမ္ဘာ့ဆေးးပညာလောက၏ ဦးဆောင်သူများအဆင့်သို့ ရောက်ခဲ့ကြကုန်၏။ သမားတော်ကြီး Avicenna က ဗြိတိသျှစွယ်စုံကျမ်း(၁၉၈၄)တွင် ကျမ်းတစ်စောင်အကြောင်းကို  ဖော်ပြထားပုံမှာ –

    (မုစ်လင်မ်တို့ပြုစုခဲ့သော) ဆေးဝါးနှင့် ကုထုံးနိသျှကျမ်းကြီးသည် ဆေးပညာသမိုင်းတွင် အကျော်ကြားဆုံး ကျမ်းဂန်များအနက် အပါအ၀င်ဖြစ်နေဆဲပင်                                                                        (I/681)

    စစ္စလီ၏ဘုရင် ရော်ဂျာ – ၂(၁၀၉၅ – ၁၁၅၄)သည် သူ့ခေတ်ကာလတွင် ဥရောပ၏လျှမ်းလျှမ်းတောက် ဘုရင်များအနက် တစ်ဦးဖြစ်သည်။ သူသည် မိမိပိုင်နက်၏တည်နေရာအမှန်(နယ်နမိတ်)ကို အတိအကျ ဖော်ပြနိုင်သော ကမ္ဘာ့မြေပုံ တစ်ခုရေးဆွဲရန် အထူးစိတ်ဝင်စားခဲ့၏။ ထိုရည်ရွုယ်ချက်အကောင်အထည်ဖော်ရန် ပညာအပြည့်အ၀ဆုံးသူကို ရှာဖွေစေရာ  အလ်အိဒ်ရိစီ ကို တွေ့လေ၏။ သူသည် မော်ရိုကိုနိုင်ငံတွင် မွေးဖွားခဲ့ပြီး စပိန်ရှိ မုစ်လင်မ်တက္ကသိုလ်များမှ ပညာသင်ကြားခဲ့သူဖြစ်သည်။ ထို့နောက် သူသည် အာရှ၊ အာဖရိကနှင့် ဥရောပတစ်လျှေုာက် ကျယ်ပြောသောခရီးစဉ်ကြီးတစ်ခုထွက်ခဲ့၏။ ယဉ်ကျေးမှုဖြစ်ထွန်းစ ထိုခေတ်၏ အထက်မြက်ဆုံး ပထ၀ီဗေဒပါရဂူမှာ အလ် အိဒ်ရိစီ ပင်ဖြစ်ပေသည်။ ဗြိတိသျှစွယ်စုံကျမ်းတွင် သူနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားထားပေသည်။

    အလ် အိဒ်ရိစီသည် စစ္စလီနိုင်ငံ၊ နော်မန်ဘုရင် ရော်ဂျာ ၂ ၏အရင်းနှီးဆုံးမိတ်ဆွေ၊ ၄င်းအပြင် အကြံတော်ပေးလည်း ဖြစ်၏။ နန်းတွင်းဝယ် ပထ၀ီဝင်ဗေဒပညာရှင်အဖြစ် အမှုထမ်းခဲ့၏။ ရော်ဂျာ ၂ က မိမိလိုချင်သော ကမ္ဘာ့မြေပုံတစ်ခုဖန်တီးရန် အလ်အိဒ်ရိစီအား စစ္စလီသို့ ဖိတ်ကြားခေါ်ယူခဲ့ခြင်း ဖြစ်သည်။  (9/198)

    ကျွန်ုပ်တို့ ဘိုးဘေးဘီဘင် ရှေးအဆက်အနွယ်များ၏အခြေအနေမှာ ယင်းသို့ ဖြစ်ပါသည်။ ယနေ့သော်ကား ပြောင်းပြန်ဇောက်ထိုး ဆန့်ကျင်ဖက်အခြေအနေသို့ ဆိုက်ရောက်နေပါ၏။ ကမ္ဘာတစ်ဝှန်းရှိ မုစ်လင်မ်တို့မှာ ပြသနာ၏အရင်းခံများ ဖြစ်နေကြ၏။ အဖိုးထိုက်တန်လွန်းသူများ မဟုတ်ကြလေတော့။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကဏ္ဍတိုင်းတွင် နောက်ကောက် ကျခဲ့ကြကုန်၏။ ရှေးအတိတ် မုစ်လင်မ်တို့ဆောင်ရွက်ခဲ့ကြကုန်သည့် သြဇာအရှိန်အ၀ါအခြေအနေမျိုးဆိုလျှင် မိမိတို့ဘ၀၏ မည်သည့် အခန်းကဏ္ဍမျှ ရှိမနေကြတော့ပါလေ။ ခေါင်းဆောင်ဆိုသူများကလည်း မိမိတို့ဖာသာ ဖန်တီးပုံဖော်ထားသော စိတ်ကူးယဉ် သုခဘုံ အတွင်း ရောက်ရှိစေအံ့ ဟု လူတို့အား ချော့သိပ်မှိုင်းတိုက်လျက် ရှိကြကုန်၏။

    အချုပ်အားဖြင့် လက်ရှိမုစ်လင်မ်(အများစု)တို့မှာ ရယူသူများ ဖြစ်ကုန်ပြီး ပေးဆပ်သူများ အလျဉ်းမဟုတ်ကြတော့။ ယှဉ်ပြိုင်ရင်ဆိုင်ခြင်းနှင့် ကြိုးပမ်းရုန်းကန်ခြင်းတို့ဖြင့် အတိပြီးသော ယခုကမ္ဘာကြီးဝယ် တကယ်လို့များ သူတို့သည် ဂုဏ်ယူဖွယ် အနေအထားတစ်ရပ်သို့ မည်သည့်အခါမျှ ပြန်လည်မရောက်ရှိတော့ပါလျှင် …………………….

    မိမိတို့၏လုပ်ရပ်သည် မိမိတို့၏အကျိုးသာ ဖြစ်ရပေအံ့။

    မောင်လာနာ ၀ဟီဒုဒ္ဒီးန် ခန်း ၏  Getting What One Deserves   ကို မြန်မာပြန်ဆိုတင်ပြခြင်း ဖြစ်သည်။

    စလာမ်၊ ဒုအာအ်ဖြင့်

    ဂျူလိုင်ရဲရင့်