News @ M-Media

Category: သုတ၊ရသ

ကဗျာ၊ ဝထ္ထု၊ ကာတွန်း၊ ရုပ်ရှင်၊ ဓတ်ပုံ စသဖြင့်

  • “ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မာတင်လူသာကင်း (ဂျူနီယာ)

    M-Media

    မာတင်လူသာကင်း (ဇန်နဝါရီ ၁၅၊ ၁၉၂၉ – ဧပြီ ၄၊ ၁၉၆၈) ဟာ အာဖရိကန်-အမေရိကန် နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ခေါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သူဟာ အကြမ်းမဖက်တဲ့နည်းနာတွေနဲ့ နိုင်ငံသားအခွင့်အရေး တိုးတက်ရရှိရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူဖြစ်တယ်။

    ၁၉၅၅ ခုနှစ်မှာ မောင်ဂိုမာရီ ဘတ်စ်ကား သပိတ်မှောက်မှုကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ Southern Christian Leadership Conference (SCLC) ကိုဖွဲ့စည်းခဲ့ပြီး၊ အဲဒီအဖွဲ့အစည်းရဲ့ ပထမဆုံး ဥက္ကဌအဖြစ်ဆောင်ရွက် ခဲ့ပါတယ်။ တဖန် သူဟာ ၁၉၆၃ ခုနှစ် မတ်လ၊ ဝါရှင်တန် လူထုဆန္ဒပြပွဲကြီးကိုလည်း ဦးဆောင်ခဲ့ပြန်တယ်။ အဲဒီ လူထု ဆန္ဒပြပွဲကြီးမှာဘဲ သူ့ရဲ့သမိုင်းဝင် “I Have a Dream” ဆိုတဲ့ မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်အောက်တိုဘာလမှာတော့ မာတင်လူသာကင်းဟာ ငြိမ်းချမ်းရေးနိုဗဲလ်ဆုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဆင်းရဲမှု နဲ့ ဗီယက်နမ် စစ် ဆန့်ကျင်ရေးတွေအပေါ် အာရုံစိုက်လာပါတယ်။ ၁၉၆၇ ခုနှစ်မှာ “Beyound Vietnam” ဆိုတဲ့ မိန့်ခွန်းပြောခဲ့ပါတယ်။ ဆက်လက်ပြီး ဆင်းရဲသားများ လှုပ်ရှားမှုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ တဲန်နာဆီပြည်နယ် မဲမ်ဖီစ်မြို့မှာ မာတင်လူသာကင်းဟာ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ၎င်း သေဆုံးပြီးနောက် ၁၉၇၇ ခုနှစ်မှာ ၎င်းအား သမ္မ္မတ မှ လွတ်လပ်မှုဆိုင်ရာ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်မှာ ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ မာတင်လူသာကင်းကို ဂုဏ်ပြုတဲ့အနေနဲ့ မာတင်လူသာကင်းနေ့ ကို အမေရိကန် နိုင်ငံတဝှမ်း အားလပ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။

    မာတင် လူသာကင်းရဲ့ “ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မိန့်ခွန်း

    မာတင်လူသာကင်း(ဂျူနီယာ)

    သြဂုတ်လ ၂၈ ရက်၊ ၁၉၆၃ ခုနှစ်။

     

    Civil rights leader Martin Luther King waves to a crowd estimated at 250,000 during his speech on the Mall in Washington DC during the ''March on Washington'' on Aug. 28, 1963. As he spoke, King envisioned a future of racial equality with his ''I Have a Dream'' speech. (AFP)
    Civil rights leader Martin Luther King waves to a crowd estimated at 250,000 during his speech on the Mall in Washington DC during the ”March on Washington” on Aug. 28, 1963. As he spoke, King envisioned a future of racial equality with his ”I Have a Dream” speech. (AFP)

    ဒီကနေ့ ကျွန်ုပ်တို့နိုင်ငံ လွတ်လပ်မှုအတွက် သမိုင်းကြောင်း တလျောက်လုံး စီးဆင်းသွားမဲ့ အကြီးမားဆုံး ဆန္ဒ ထုတ်ဖော်ပွဲမှာ ခင်ဗျားတို့နဲ့ လက်တွဲပါဝင်ရတဲ့ အတွက် နှစ်ထောင်းအားရဖြစ်မိပါတယ်။

    လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ကြီးမားတဲ့အရိပ်လက္ခဏာဆောင်တဲ့ အမေရိကန်လွတ်လပ်ရေးကြေငြာချက် လက်မှတ်ရေးထိုးရေးဘက်မှာ ကျွန်ုပ်တို့ရပ်တည်ခဲ့ကြတယ်။ အဟုန်ပြင်းတဲ့ ဒီကြေငြာချက်ဟာ ဆိုးရွားလှတဲ့ တရားမမျှတမှု မီးကြီးလောင်မြိုက်ခံနေရတဲ့ သန်းပေါင်းများစွာသော နီဂရိုး ကျေးကျွန်တွေအတွက် မျှော်လင့် ချက်မီးရှူးတန်ဆောင်ကြီး ဖြစ်ခဲ့တာပေါ့။ ဒီစာချုပ်ဟာ ရှည်လျားလှတဲ့ အမှောင်ထုလှောင်အိမ်ကြီးကို ဖြိုခွင်းပစ်လိုက်တဲ့ ပျော်ရွှင်စရာ အာရုဏ်ဦးကြီးဖြစ်တယ်။

    ဒါပေမဲ့ နှစ်တရာကြာတဲ့အခါမှာတော့  နီဂရိုးတွေ မလွတ်မြောက်သေးဘူးဆိုတာ ကျွန်ုပ်တို့ဝမ်းနည်းစွာ တွေ့ကြုံ ကြရတယ်။ နှစ်တရာကြာတဲ့အခါ သီးသန့်ခွဲပြီး အနှိမ်ခံထားတာတွေ၊ ကွင်းဆက်လိုက်ပြီး မဆုံးနိုင်တဲ့ နှိမ်ချခွဲခြားမှု တွေကြောင့် နီဂရိုး တွေဘဝဟာ ခြေလက်တွေလှုပ်မရအောင် ထိန်းချုပ်ထားသလို ဝမ်းနည်ဖွယ်ရာ ထိခိုက်ပျက် စီးနေရတယ်။ နှစ်တစ်ရာကြာတဲ့ အခါ နီဂရိုးတွေဟာ ရုပ်ဝတ္ထုကြွယ်မှု ဆိုတဲ့သမုဒ္ဒရာကြီး ဝန်းရံထားတဲ့၊ အထီးကျန် ဆင်းရဲမှု ကျွန်းကလေးမှာနေ နေကြရပြန်တယ်။ နှစ်တရာကြာတဲ့ အခါ နီဂရိုး တွေကို အမေရိက လူ့အဖွဲ့အစည်း ရဲ့ဒေါင့်တနေရာမှာချောင်ထိုးခံထားရတယ်။ ကိုယ့်တိုင်းပြည်အတွင်းမှာ ပြည်နှင်ဒဏ်ခံနေကြရတယ်။ ဒါကြောင့် ဒီ စိတ်ပျက်ဖွယ်ရာ အခြေအနေဆိုးကို ထုတ်ဖေါ်ပြသဖို့ ကျွန်ုပ်တို့ ဒီကနေ့ ဒီ နေရာမှာ စုရုံးကြတာဖြစ်တယ်။

    သဘောကတော့ ချက်လက်မှတ်တစ်စောင်ကို ငွေသားနဲ့လှဲဖို့မြို့တော်ကို တက်လာကြတာဖြစ်တယ်။ ကျွန်ုပ်တို့ နိုင်ငံကိုတည်ဆောက်ခဲ့ကြတဲ့ ဗိသုကာကြီးတွေဟာ အခြေခံဥပဒေနဲ့ လွတ်လပ်ရေးကြေငြာစာတမ်းကို ခန့်ညား ထယ်ဝါတဲ့ စကားလုံးတွေနဲ့ ရေးစဉ်တုန်းက အမေရိကန်နိုင်ငံသားတိုင်း အကျုံးဝင်စေရမယ်ဆိုတဲ့ ကတိစာချုပ်ကို သူတို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီစာချုပ်ဟာ ပြောင်းလဲလို့မရတဲ့ အသက်ရှင်ရပ်တည်မှု အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ပျော်ပျော်ရွှင်ရွှင်ဘ၀လမ်းကြောင်းနိုင်ဖို့ အခွင့်အရေးတွေကို အာမခံကြောင်း နိုင်ငံသားအားလုံးကို ကတိပြုတဲ့ စာချုပ် တရပ်ဖြစ်တယ်။

    ဒီကနေ့ အမေရိကနိုင်ငံကြီးဟာ အသားအရောင်မတူတဲ့သူ့ နိုင်ငံသားတွေအပေါ်မှာ ဒီကတိစာချုပ်အရ ပေးစရာရှိတာတွေ ပေးရမှာပျက်ကွက်နေတာ သိသာထင်ရှားလှပါတယ်။ အမေရိကန်နိုင်ငံကြီးဟာ ဒီမြင့်မြတ်လှတဲ့ တာဝန်ဝတ္တရားကြီးကို ဆောင်ရွက်ပေးရမဲ့အစား နီဂရိုးတွေကို “ငွေအလုံအလောက်မရှိပါ” ဆိုတဲ့ မှတ်ချက်နဲ့ ငွေထုတ်သူဆီပြန်၊ ပြန်ရောက်လာတတ်တဲ့ bad check ကိုပေးတာဘဲဖြစ်တယ်။

    ဒါပေမဲ့ တရားမျှတမှုတည်းဟူသော ဘဏ်ကြီးဟာ မွဲပြာကျနေတယ်ဆိုတာ ကျွန်ုပ်တို့မယုံကြည်နိုင်ဘူး။ ဒီနိုင်ငံကြီးရဲ့ အခွင့်အလမ်းတွေ အင်မတန် ပေါကြွယ်တဲ့မြေ တိုက်ခန်းထဲမှာ  ငွေကြေး မလုံလောက်ဘူးဆိုတာ ကျွန်ုပ်တို့ မယုံကြည် နိုင်ဘူး။ ဒါကြောင့် ဒီချက်လက်မှတ်ကြီးကို ငွေသားနဲ့လှဲလှယ်ဖို့လာခဲ့ကြတာပါ။ ဒီချက်လက်မှတ်ကြီးဟာ လွတ်လပ်မှု ကျယ်ကျယ်ပြန့်ပြန့်ရရေး၊ တရားမျှတမှုတွေအာမခံချက်ရှိရေးဆိုတဲ့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်တွေကိုပေးမဲ့ ချက်လက်မှတ်ကြီးဖြစ်တယ်။ ထို့အတူဘဲ ကျွန်ုပ်တို့ဟာ အမေရိကန်ပြည်ထောင်စုကြီးကို ထက်ထက်သန်သန် သတိ ပေးနှိုးဆော်ဖို့အတွက် ဒီနေရာကိုရောက်လာခြင်းလည်းဖြစ်တယ်။ အခုအချိန်ဟာ ပျားရည်နဲ့ဝမ်းချလို့ရမဲ့အချိန် မဟုတ်တော့ဘူး။ အခုအချိန် ဟာ ခွဲခြားခံရမှုအမှောင်ထုတွင်းထဲမှ တရားမျှတမှုတည်းဟူသော အလင်းရောင်လမ်းကြောင်းဆီကို ချီတက်ရန် နှိုးထဖို့အချိန်ရောက်ပြီ။ အခွင့်အလမ်းတံခါးမကြီးကို ဘုရားသခင်ရဲ့ ကလေးတွေအားလုံးအတွက် ဖွင့်ဖို့အချိန်ရောက်ပြီ။ အခုအချိန်ဟာ ကျွန်ုပ်တို့နိုင်ငံကို လူမျိုးရေး တရားမမျှတမှု သဲဗွက်အနေအထားကနေ ခိုင်မာတဲ့ ညီအစ်ကိုတော် ကျောက်တုံး အနေအထားမျိုး ရောက်အောင်ဆောင်ရွက် ဖို့အချိန်တန်ပြီဖြစ်တယ်။

    အရေးကြီးတဲ့ကာလကို လစ်လျူရှု့မယ်ဆိုရင်၊ နီဂရိုးတွေရဲ့ ဆုံးဖြတ်ချက်ကို လျော့တွက်မယ်ဆိုရင်၊ တိုင်းပြည်အ တွက် ကံဆိုးမိုးမှောင်ကျလိမ့်ပါမယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်းတွေနဲ့အတူ လန်းဆန်း တက်ကြွတဲ့ဆောင်းဦးရာသီ တခုကို မရောက်မချင်း   နီဂရိုးတွေရဲ့သဘာဝကျလှတဲ့ ပူပြင်းတဲ့ အခဲမကျေနွေရာသီကြီးဟာ ဆက်လက်တည် ရှိနေဦးမှာဘဲ။ ၁၉၆၃ ခုနှစ်ကြီးဟာ နိဂုံးမဟုတ်သေးဘူး။ နိဒါန်းသာဖြစ်တယ်။ နီဂရိုးတွေကိုချွေးသိပ်ထားဖို့လို အပ်တယ်၊ ဒါဆိုသူတို့ကျေနပ်သွားမယ်လို့ လို့မျှော်လင့်တဲ့သူတွေဟာ တိုင်းပြည်ရဲ့လုပ်ငန်းတွေ ခါတိုင်းလိုပြန် လည် လည် ပတ်လာတဲ့အခါကျရင် သတိပြုမိကြလိမ့်မယ်။ နီဂရိုးတွေကို နိုင်ငံသားအခွင့်အရေး မပေးသမျှ အမေရိကန်မှာ အေးဆေး၊ တည်ငြိမ်မှုရှိမှာမဟုတ်ဘူး။ တရားမျှတမှုပေါ်ပေါက်လာတဲ့နေ့အထိ လေပွေကြမ်းကြီးက ကျွန်ုပ်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နေဦးမှာဖြစ်တယ်။

     

    ဒါပေမဲ့ တရားမျှတမှုနန်းတော်ရဲ့ လှေကားရင်းမှာရောက်နေကြပြီဖြစ်တဲ့ ကျွန်ုပ်ရဲ့လူတွေကိုပြောဖို့ တစုံတရာတော့ ရှိပါတယ်။ ကျွန်ုပ်တို့မှန်ကန်တဲ့နေရာကိုရဖို့ဆောင်ရွက်ရာမှာ စိတ်စနိုးစနှောင့်ဖြစ်စရာဘာမှမလိုဘူး။ ကျွန်ုပ်တို့ ဆာ လောင်ငတ်မွတ်နေတဲ့ လွတ်လပ်မှုကြီးအတွက် ခါးသီးမှုတွေ၊ အမုန်းတရားစိတ်တွေကိုတော့ မမွေးလိုက်ကြပါနဲ့။

    ကျွန်ုပ်တို့ရဲ့ ရုန်းကန်တိုက်ပွဲဝင်မှုကို ဂုဏ်သိက္ခာရှိရှိ၊ စည်းကမ်းရှိရှိနဲ့ ဆောင်ရွက်သွားကြရမှာဖြစ်တယ်။ ကျွန်ုပ်တို့ ရဲ့ကန့်ကွက်ဆန္ဒပြမှုတွေကို ရုပ်ပိုင်းအကြမ်းဖက်မှု အသွင်ဖြစ်သွားအောင် လုပ်ဆောင်တာမျိုးကို ခွင့်မပြုဘူး။ ကျွန်ုပ်တို့ တင့်တယ်လှတဲ့ ရုပ်ပိုင်းဆိုင်ရာအားတွေကို စိတ်ပိုင်းဆိုင်ရာအားတွေရဲ့ အထောက်အတိုင်နဲ့ မြင့်သ ထက်မြင့်ဖို့ ထပ်ခါတလဲ လဲ မြှင့်တင် သွားကြရမယ်။ နီဂရိုးလူ့အဖွဲ့အစည်းကို ထူးထူးခြားခြား ဝါးမျိုးလာနေတဲ့ ရန်လိုမှုတွေကြောင့်  ကျွန်ုပ်တို့တွေဟာ လူဖြူတွေ အားလုံးကို အယုံအကြည် ကင်းသွားတာ မျိုးလည်းမဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့နဲ့အတူ ဒီမှာရောက်ရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတော် လူဖြူတွေဟာ သူတို့ရဲ့ဘဝနဲ့ ကျွန်ုပ်တို့ရဲ့ဘဝဟာ တထပ်တည်းဘဲ၊ ဆိုတာနားလည်ကြတယ်။ သူတို့ရဲ့လွတ်လပ်မှုနဲ့ ကျွန်ုပ်တို့ ရဲ့လွတ်လပ်မှု ခွဲခြားလို့မရဘူးဆိုတာလည်း သူတို့ သဘောပေါက် နားလည်ကြတယ်။ ဒါ သက်သေပါဘဲ။ ကျွန်ုပ်တို့ ချည်းသက်သက်ဘဲ သွားလို့မရပါဘူး။

    ကျွန်ုပ်တို့ချီတက်သွားတဲ့အခါ ရှေ့ကိုသာတူရူပြီး ဆက်လက်သွားကြမယ်လို့ သံန္နိဌာန် ချထားရမယ်။ ကျွန်ုပ်တို့ နောက်ပြန်လှည့်လို့ မရဘူး။ နိုင်ငံသားအခွင့် အရေးကိုထောက်ခံသူတွေ မေးကြတာရှိတယ်။ “ခင်ဗျားတို့ ဘယ်တော့ကျေနပ်မှာလဲ”တဲ့။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ် လေးလေးပင်ပင် နွမ်းနွမ်းလျလျ ခရီးသွားနေရမျှ၊ အဝေးပြေးလမ်းမပေါ်က မော်တယ်တွေမှာ၊ မြို့တွေထဲက ဟော်တယ်တွေမှာ တည်းခိုခွင့်မရသမျှ၊ ကျွန်ုပ်တို့ ကျေနပ်မှာမဟုတ်ဘူး။ နီဂရိုးတွေ စုတ်စုတ်ပြတ်ပြတ် တဲဂုတ်တွေထဲ ကနေ အိုးအိမ်ကြီးတွေဆီကို ပြောင်းရွေ့နိုင်ခွင့် မရသမျှ ကျွန်ုပ်တို့ ကျေမှာမဟုတ်ဘူး။ မစ္စစပိက နီဂရိုးတစ်ယောက် မဲ ပေးခွင့်မရသမျှ၊ နယူးယောက်က နီဂရိုးတစ် ယောက်ဟာ သူ့မှာ မဲပေးနိုင်ဖို့ ဘာမှမရှိဘူး လို့ယုံကြည်နေသေးသမျှ ကျွန်ုပ်တို့ ဘယ်တော့ကျေနပ်မှာ မဟုတ်ဘူး။ မကျေနပ်ဘူး…မကျေနပ်ဘူး။ ကျွန်ုပ်တို့ မကျေနပ်ကြပါဘူး။ တရားမျှတမှု ရေစီးကြောင်းဟာ သမာဓိ ဆိုတဲ့ ချောင်းမကြီးထဲကို မစီးဝင်သမျှ ကျွန်ုပ်တို့ကျေနပ်မှာမဟုတ်ဘူး။

    တချို့သူတွေဟာ စမ်းသပ်မှုတွေ၊ ဒုက္ခဗျာပါဒတွေ့ရင်ဆိုင်ရင်း ဒီကိုလာကြတယ်ဆိုတာ ကျွန်တော်သတိပြု မိပါတယ်။ တချို့တွေက အချုပ်ခန်းကျဉ်းထဲကထွက်လာရလို့ လန်းဆန်းလာကြတယ်။ တချို့တွေက လွတ်လပ်မှု တောင်းဆိုလို့ ငြင်းပန်းနှိပ်စက်ကလူ ပြုနေတဲ့ မုန်တိုင်းကြီးရဲ့ အထုအထောင်းကြားကလာကြရတယ်။ တချို့တွေက ပုလိပ်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်ကို ရှောင်ကွင်းလာကြရတယ်ဆိုတာကို ကျွန်တော်သတိပြုမိပါတယ်။ ခင်ဗျားတို့တတွေဟာ ဒုက္ခခံစားရတဲ့နေရာမှာတော့ ကျင်လည်နေတဲ့ သူတွေပါပဲ။ မတရားသဖြင့် ဒုက္ခခံစားခြင်းဟာ အကောင်းဘက်ကို ဦးတည်စေတယ်ဆိုတဲ့ ယုံကြည် ချက်နဲ့ ဆက်လုပ်ကြပါ။

    ဒီအခြေအနေတွေဟာ ပြောင်းလဲနိုင်တယ်၊ ပြောင်းလဲသွားမယ်ဆိုတဲ့ အသိတွေနဲ့ မစစ္စစပီကို ပြန်သွားကြပါ၊ အလာဘားမားကိုပြန်သွားကြပါ၊ ဂျော်ဂျီယာကိုပြန်သွားကြပါ၊ လူစီယားနားကိုပြန်သွားကြပါ၊ မြောက်ပိုင်းမြို့တော် ဆင်းရဲသားရပ်ကွက်တွေဆီက တဲစုတ်တွေဆီပြန်သွားကြပါ။ စိတ်ကုန်တာစိတ်ပျက်တာတွေ မဖြစ်ကြပါနဲ့။

    မိတ်ဆွေအပေါင်းတို့ ဒီကနေ့ ကျွန်တော် ခင်ဗျားတို့ကိုပြောမယ်။ ဒီကနေ့ကာလဟာ စိတ်ပျက်စရာတွေ၊ အခက်အခဲ တွေရှိပေမဲ့လည်း ကျွန်တော့်မှာ မျှော်မှန်းချက် တရပ်ရှိနေစဲဘဲဆိုတာ ခင်ဗျားတို့ကိုပြောချင်ပါတယ်။ ဒါဟာ အမေရိ ကန် မျှော်မှန်းချက်ထဲမှာ နက်နက်နဲနဲ အမြစ်တွယ်နေတဲ့ အိပ်မက်လည်းဖြစ်တယ်။

    တနေ့ကျရင် ဒီနိုင်ငံမှာ ဓမ္မတရား အဓိပ္ပါယ်အစစ်အမှန်ပေါ်ထွန်းမယ်ဆိုတဲ့ မျှော်မှန်းချက်တရပ် ကျွန်တော့မှာရှိတယ်။ “လူတွေကို အညီအမျှ ဖန်ဆင်းထားပေးတယ်ဆိုတဲ့ အမှန်တရားကို ကျွန်ုပ်တို့ ကိုယ်ပိုင် သက်သေအဖြစ် လက်ဆုပ်လက်ကိုင် ထားကြတယ်။”

    တနေ့ကျရင် ဂျော်ဂျီယာတောင်ကုန်းနီတွေပေါ်မှာ ကျွန်ဟောင်းတွေရဲ့သားသမီးတွေနဲ့၊ ကျွန်ပိုင်ရှင်ဟောင်းတွေရဲ့ သားသမီးတွေ ညီအစ်ကိုတော်စားပွဲဝိုင်းမှာ အတူထိုင် စားသောက်ကြမယ်ဆိုတဲ့မျှော်မှန်းချက်တရပ် ကျွန်တော့မှာရှိ တယ်။

    တနေ့ကျရင် တရားမမျှတမှု နဲ့ ဖိနှိပ်မှု အပူမီးတွေလောင်ကျွမ်းနေတဲ့ ကန္တာရလို မစ္စစပီပြည်နယ်မှာတောင်မှ လွတ်လပ်တဲ့ တရားမျှတဲ့ အိုအေစစ်တခု အဖြစ်ကိုပြောင်းလဲ သွားမယ်ဆိုတဲ့ မျှော်မှန်းချက် တရပ်ကျွန်တော့်မှာရှိ တယ်။

    တနေ့ကျရင် ကျွန်တော့်သားသမီးလေးယောက်ဟာ အသားအရောင်ပေါ်အခြေခံမဘဲ အကြောင်းအချင်းအရာ လက္ခဏာပေါ်မှာသာအခြေခံပြီး တရားစီရင် ဆုံးဖြတ်တဲ့ နိုင်ငံမှာ နေထိုင်ကြလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တရပ် ကျွန်တော့် မှာရှိတယ်။

    ဒီကနေ့ ကျွန်တော့မှာတော့ မျှော်လင့်ခြင်း အိပ်မက်တစ်ခု ရှိနေပါတယ်။

    တနေ့ကျရင် အလာဘားမားပြည်နယ်မှာ၊  ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ နုတ်ဖျားက ငြင်းချက်စကားလုံးတွေ၊ ပယ်ဖျက် လိုက်ပြီဆိုတဲ့စကားလုံးတွေ ရွှမ်းရွှမ်းဝေနေတဲ့ အဲဒီပြည်နယ်မှာ လူမည်းယောင်္ကျားလေး၊ မိန်းခလေးတွေဟာ လူဖြူ ယောင်္ကျားလေး၊ မိန်းခလေးတွေနဲ့ ညီရင်းအစ်ကို မောင်ရင်းနှစ်မတွေလို လက်ချင်းချိတ်ပြီးလမ်းလျှောက်ကြမဲ့ အခြေအနေမျိုးပြောင်းလဲသွားမယ်ဆိုတဲ့ မျှော်မှန်းချက်တရပ် ကျွန်တော့် မှာရှိတယ်။

    ဒီကနေ့ ကျွန်တော့်မှာ မျှော်မှန်းချက်တရပ်ရှိတယ်။

    တနေ့ကျရင် ချိုင့်ဝှမ်းတိုင်းမြှင့်တက်လာလိမ့်မယ်၊ တောင်ကုန်းတွေ၊ တောင်တန်းတွေ တိုင်းကိုနိမ့်သွားလိမ့်မယ်။ အဖုအ ထစ် မညီမညာနေရာတွေ ညီညာပြန့်ပြူးသွားလိမ့်မယ်၊ အကွေ့အကောက်နေရာတွေ ဖြောင့်တန်းသွား လိမ့်မယ်၊ ဘုရားသခင်ရဲ့ဂုဏ်တော်တွေပြသလာလိမ့်မယ်၊ ဒါတွေကို လူသားတွေအားလုံးမြင်ကြရလိမ့်မယ် ဆိုတဲ့ မျှော်မှန်း ချက်တရပ် ကျွန်တော်မှာရှိတယ်။

    ဒါဟာကျွန်ုပ်တို့ရဲ့မျှော်မှန်းချက်ဘဲ။ ဒီယုံကြည်ချက်နဲ့ ကျွန်တော် တောင်ပိုင်းကိုလာခဲ့တာဖြစ်တယ်။ ဒီယုံကြည်ချက်နဲ့ ဘဲ စိတ်ပျက်ခြင်း တောင်တန်းကြီးထဲက မျှော်လင့်ခြင်း အဖိုးတန်ကျောက် တစ်လုံးကို တူးဖေါ်နိုင်လိမ့်မယ်။ ဒီယုံကြည် ချက်နဲ့ဘဲ ကျွန်ုပ်တို့နိုင်ငံရဲ့ဆူဆူညံညံသဘောထားကွဲသံတွေကို သာယာနာပျော်ဘွယ် ညီအစ်ကိုတော် သံစုံတီး ဝိုင်းကတီးသံတွေအဖြစ် ကျွန်ုပ်တို့ပြောင်းလဲပစ်နိုင်လိမ့်မယ်။  တနေ့မှာ ကျွန်ုပ်တို့လွတ်လပ်စေရမယ်ဆိုတဲ့ အသိရှိ ပြီး ဒီယုံကြည်ချက်နဲ့ဘဲ ကျွန်ုပ်တို့ အတူတကွ အလုပ်လုပ်နိုင်ကြမယ်၊ အတူတကွ ဆုမွန်ချွေနိုင်မယ်။ အတူတကွ ရုန်းကန်လှုပ်ရှားနိုင်ကြမယ်၊ အတူတကွ ထောင်ထဲဝင်နိုင်ကြမယ်၊ လွတ်လပ်မှု အတွက် အတူတကွ ရပ်တည်နိုင်ကြမယ်။

    ဒီနေ့ဟာ …  “လွတ်လပ်မှုပေါင်းစုံ နဲ့ချစ်စရာမြေ ငါ့တိုင်းပြေ(ပြည်)၊ သင့်အတွက် သီဆိုပါရစေ။ ဖခင်များ သေဆုံးခဲ့ရာမြေ၊ ဘုရားဖူးများရဲ့ဂုဏ်ယူရာမြေ၊ တောင်နံရံတိုင်းဆီမှနေ၊ လွတ်လပ်မှုခေါင်း လောင်းသံ မြည်ဟီးနိုင် ပါစေ..” လို့  အဓိပ္ပါယ်သစ်နဲ့ သီချင်းကို ဘုရားသခင့်ကလေးတွေအားလုံးက သီဆိုနိုင်မဲ့နေ့ဖြစ်တယ်။

     

  • တက္ကသိုလ်မှ ကာတွန်း သင်ခန်းစာ တပုဒ် (ကာတွန်း ဦးဟိန်းစွန်း)

    ကာတွန်း ဟိန်းစွန်း
    ရန်ကုန် တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင်

     ဦးရွှေရိုး(ခ)ရွှေတလေး (ခ) ကာတွန်းအနုပညာရှင် ဦးဘကလေး
    ဦးရွှေရိုး(ခ)ရွှေတလေး (ခ) ကာတွန်းအနုပညာရှင် ဦးဘကလေး

    ၁၉၂၈ ခုနှစ်ကကျွန်တော်သည် ယူနီဗာစီတီကောလိပ်ကျောင်းသား ဘ၀၌ရှိစဉ် ကောလိပ်မဂ္ဂဇင်းအတွက် ကျွန်တော် အကျိုးဆောင်လုပ်ရ၏။ ကောလိပ် မဂ္ဂဇင်းတွင်ထည့်ရန် ကာတွန်းတစ်ခုကို ကျွန်တော့် ဆရာဖြစ်သူကောလိပ် ကျောင်းထွက် နိုင်ငံကျော်ကာတွန်း ဆရာကြီး ဦးဘကလေးခေါ်ရွှေတလေးကြီးကို ဆွဲခိုင်း၏။ ဦးဘကလေးကလည်း ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော ကာတွန်းတစ်ခုကို ဆွဲပေး၏။ ရွှေတလေး၏ ကာတွန်းကို ကျွန်တော်ကလည်း သဘောကျသဖြင့် ၁၉၂၈ ခုနှစ် ဒီဇင်ဘာလထုတ် ယူနီဗာစီတီ ကောလိပ်မဂ္ဂဇင်းတွင် ထည့်လိုက်သည်။

    ကျွန်တော်သဘောကျ၍ ထည့်လိုက်သောရွှေတလေး၏ ကိုယ်ဝန်ဆောင်ကာတွန်းကို ကောလိပ် ကျောင်းသား၊ကျောင်းသူများက သဘောကျပြီး ရယ်မောကြသော်လည်း ယူနီဗာစီတီကောလိပ်ကျောင်းအုပ်ကြီး မစ္စတာစလော့ (Mr. Sloss) က သဘောမကျသဖြင့် ကျွန်တော့်ကို ခေါ်ယူပြီး ဆုံးမ၏။ “မင်းတို့ အရှေ့နိုင်ငံက ကိုယ်ဝန်ဆောင် ကာတွန်းကို သဘောကျပေမဲ့ ငါတို့ အနောက်နိုင်ငံသား တွေကတော့ သဘောမကျ ကြဘူး။ ကိုယ်ဝန်ဆောင်ကို သနားရတယ်။ ကြင်နာရတယ်။ပြက်ရယ် မပြုရဘူး။ ကာတွန်းမဆွဲရဘူး။ နောက်နောင် ကိုယ်ဝန်ဆောင် ကာတွန်းကို ကောလိပ် မဂ္ဂဇင်းမှာ မထည့်ဖို့ တောင်းပန်ပါတယ်“ ဟု ဆို၏။

    ထိုအခါကျမှ ကျွန်တော်လည်း အနောက်နိုင်ငံ စာနယ်ဇင်းများတွင် ကိုယ်ဝန်ဆောင် ကာတွန်းမပါမှန်း သိရပါတော့သည်။

    ၁၉၂၈ ခုနှစ် ယူနီဗာစီတီကောလိပ် မဂ္ဂဇင်းတွင်ပါသော ရွှေတလေး၏ ကိုယ်ဝန်ဆောင် ကာတွန်း အဓိပ္ပါယ်မှာ ယူနီဗာစီတီ ကောလိပ်ကျောင်းတွင် သားမယားစုံလင်စွာဖြင့် ပညာသင်ကြားနေသူ အိမ်ထောင်သည် ကျောင်းသား အများရှိနေပြီဖြစ်သည့်အတိုင်း ယူနီဗာစီတီကောလိပ်ကျောင်းတွင် အိမ်ထောင်သည်ကျောင်းသူ ကလေးများလည်း ကျောင်းသားများနှင့် အတူ သင်ကြားထိုက်သည်ဟု ဆိုလိုပါသည်။

    အထက်ပါကာတွန်းကိစ္စနှင့် ပတ်သက်၍ ကျွန်တော်သည် ဦးဘကလေးခေါ်ရွှေတလေးထံသို့ သွားရောက်ပြီး ယူနီဗာစီတီကောလိပ် ကျောင်းအုပ်ကြီး မစ္စတာစလော့ ပြောဆို ဆုံးမလိုက်ပုံကို ပြောပြလိုက်သည်။

    ထိုအခါကျမှ ကာတွန်း ဦးဘကလေးခေါ် ရွှေတလေးက “ကျောင်းအုပ်ကြီး မစ္စတာ စလော့ ပြောတာမှန်တယ်။ ဘာပြုလို့လဲဆိုတော့ အင်္ဂလိပ် စာနယ်ဇင်းတွေမှာ ကိုယ်ဝန်ဆောင် ကာတွန်းကို ငါ တခါမှမမြင်ဖူးဘူး။ မစ္စတာ စလော့ ပြောသလို ကိုယ်ဝန်ဆောင်ကို သနားရတယ်၊ကြင်နာရတယ်ဆိုတာ ဟုတ်တယ်ကွဲ့။ ငါတို့မြန်မာပြည်မှာ သင်္ကြန်တွင်းမှာ ကိုယ်ဝန်ဆောင် မိန်းမများကိုရေ ပက်ခြင်း မပြုရဘူးလို့ လူကြီးများကတားမြစ်ဆုံးမကြတယ်။မောင်ဟိန်စွန်း ကျောင်းအုပ်ကြီး မစ္စတာ စလော့ နဲ့ နောက်ထပ်တွေ့တဲ့အခါမှာ ကာတွန်း ရွှေတလေးက ခုလို သတိပေးဆုံးမတာ ကျေးဇူးတင်ကြောင်း ပြောပြလိုက်ပါ“ ဟု ဆိုပါသည်။

    ကျွန်တော့်ဆရာ ဦးဘကလေး မှာသည့်အတိုင်း ကျွန်တော်သည် ကျောင်းအုပ်ကြီး မစ္စတာ စလော့ ကို ပြောလိုက်ရာ မစ္စတာ စလော့လည်း ၀မ်းသာသွားပါသည်။

    ကျွန်တော့်ဆရာ ဦးဘကလေးခေါ်ရွှေတလေးသည် ထိုနှစ်မှစ၍ ကိုယ်ဝန်ဆောင် ကာတွန်းဆွဲခြင်းကို ရှောင်ကြဉ်လိုက်ပါသည်။

    ကျွန်တော့်ဆရာ ဦးဘကလေးခေါ် ရွှေတလေးသည် ၁၉၄၅ ခုနှစ် မြန်မာပြည်မှ ဂျပန်များ ဆုတ်ခွာသွားသည့်အချိန်၌ ပုသိမ်ခရိုင်ဒေါင့်ကြီးမြို့ကလေးတွင် ကွယ်လွန်သွားပါသည်။ အကယ်၍သာ ကျွန်တော့်ဆရာ ဦးဘကလေးခေါ် ရွှေတလေးသာ ယနေ့တိုင်ရှိခဲ့ပါလျှင် ယခုမျက်မှောက်ခေတ် အိမ်ထောင်သည် ကောလိပ်ကျောင်းသူ ကိုယ်ဝန်ဆောင်များကျောင်းတက်နေပုံကို တွေ့ရပါမည်။ သူဆွဲခဲ့သည့် ကိုယ်ဝန်ဆောင် ကာတွန်းမှာ ယခု မျက်မှောက်ခေတ်ကျမှ မှန်ကန်နေကြောင်းကိုလည်း တွေ့ရမည် ဖြစ်ပါသည်။

    **ဟိန်စွန်း**
    ရန်ကုန် တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင် ၊ အပိုင်း ၁ ၊ ၁၉၇၀ ခုနှစ် ဒီဇင်ဘာ ၁ ၊ စာ ၄၂၄ – ၄၂၆

    ရွှေရိုးအက တီထွင်ခဲ့သူ မြန်မာမွတ်စလင် ကာတွန်းပညာရှင် ဦးဘကလေး ဖတ်ရန်။

  • အရေပြားလှီးဖြတ်ခြင်း သည် HIV ကို ကာကွယ် ပေးကြောင်း ဟီလာရီ ကလင်တန်၊ WHO နှင့် ဗြိတိသျှ စွယ်စုံကျမ်းတို့က တင်ပြ

    အရေပြားလှီးဖြတ်ခြင်း သည် HIV ကို ကာကွယ် ပေးကြောင်း ဟီလာရီ ကလင်တန်၊ WHO နှင့် ဗြိတိသျှ စွယ်စုံကျမ်းတို့က တင်ပြ

    M-Media

    ဒီဇင်ဘာ ၉ ၊ ၂၀၁၂

    ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်

     

     

    ဒီဇင်ဘာလ ၁ ရက်နေ့က ကျရောက်ခဲ့သော ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် အမေရိကန်နိုင်ငံ၊ နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူး၊ ဟီလာရီကလင် တန်က မိန့်ခွန်းပြောကြားရာ၌ အိပ်ခ်ျအိုင်ဗွီရောဂါ ပိုးကို ကာကွယ်ရန်အတွက် အရေပြားလှီးဖြတ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်း သွားခဲ့ကြောင်း စီအင်အင်သတင်းဌာနက ဖော်ပြသည်။

    CNN ၏ သတင်း တင်ပြချက်

     

    ဒီဇင်ဘာ ၁ ရက်နေ့ကို ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သလို အမေရိကန်နိုင်ငံကလည်း ထိုနေ့တွင် အစိုးရကိုယ်တိုင်ကြီး မှူးသည့် ပြည်သူ့အတွက် တရားဝင်ကြေငြာချက် ကို ၁၉၉၅ မှစတင်၍ ပြုလုပ်လာခဲ့ရာ ယခုနှစ်အတွက် ဟီလာရီကလင်တန်၏ကြေငြာချက်၌ အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

    ၁၉၈၁ မှ ၂၀၀၇ ခုနှစ်များအတွင်း အေအိုင်ဒီအက်စ်ကြောင့် လူပေါင်း ၂၅ မီလီယံ သေဆုံးခဲ့ရသလို မြန်မာပြည်၌လည်း စစ်တမ်းများအရ တစ်နာရီတွင် လူနှစ်ဦးမှာ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးနေရသည်။ စီအင်အင်မှ တင်ပြခဲ့သည့် ဗီဒီယိုဖိုင်တွင် ဟီလာရီ ကလင်တန်က အေအိုင်ဒီအက်စ်ကာ ကွယ်ရေးအတွက် ကွန်ဒုံးအသုံးပြုမှု တိုးတက်စေရန်နှင့် အမျိုးသားများ အရေပြားလှီးဖြတ်မှုများ တိုးတက်လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

    ဂျူးများ၊ မွတ်စလင်မ်များနှင့် ကော့ပ်တစ်ခရစ်ယာန်များမှာ အရေပြားလှီးဖြတ်ခြင်း ပြုလုပ်ကြသည်။ အချို့သော ခရစ်ယာန်များ ကမူ ပြုလုပ်ဆောင် ရွက်ခြင်းမရှိကြပေ။ သို့သော် ထိုခရစ်ယာန်များက အရေပြားလှီးဖြတ်ခြင်းအား ပိတ်ပင်ဖို့အထိ ဝေဖန်ပြစ်တင်နေကြသော်လည်း အရေပြား လှီးဖြတ်ခြင်းကို ၄င်းတို့၏ ဘိုးဘေးများကိုယ် တိုင် ပြုလုပ်ဆောင်ရွက်ခဲ့ကြခြင်းဆိုသည့် အကြောင်းတွင်မူ နုတ်ဆိတ်လျက် ရှိနေကြသည်။ ၂၀၁၂ တွင်မူ ဂျာမနီနိုင်ငံ၌ နိုင်ငံရေးသမားအချို့က အရေပြားလှီးဖြတ်ခြင်းအား ပိတ်ပင်ဖို့ တောင်းဆိုဆောင်ရွက်ခဲ့ကြသည်။

    ဝေဖန်နေကြသူများ မသိရှိကြသည့် အကြောင်းမှာ ၄င်းတို့၏နည်းဗျူဟာအထမမြောက်စေဖို့ 0.1 micron သာရှိသည့် အလွန်သေးငယ်လှသော ဗိုင်းရပ်စ်ပိုးက လူ့အသက်ပေါင်းများစွာကို ဇီဝိန်ခြွေရင်း လုပ်အားနှုန်းကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖြစ်ထွန်းနေစေခြင်းပင်။ ထိုဗိုင်းရပ်စ်၏အမည် မှာ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပင်ဖြစ်သည်။

    ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    “အရေပြားလှီးဖြတ်ခြင်းကို သာသနာရေးဆိုင်ရာ အရေးပါသည့် ကိစ္စတစ်ခုအဖြစ် လူ့ယဉ်ကျေးမှုအများစုတွင် တွေ့ရှိရသည်။ ဥပမာ – ဂျူးသာသနာတွင် အရေပြားလှီးဖြတ်ခြင်းအား တမန်တော် အီဗရာဟင်မ်နှင့် ဘုရားသခင်တို့အကြား ထားရှိသည့် ပထမဆုံးသော ကတိက၀တ်အဖြစ် ဖြော်ပထားသည်။  ထိုသည်ကို ပထမဆုံးသော ကောင်းကင်ကျ အမိန့် ၊ ပန်တာတျူ (Genesis 17:10–27)  တွင် ဖြော်ပထားခြင်းဖြစ်သည်။ ထို့ကြောင့် ယောင်္ကျား ကလေး၊ ကလေးငယ်တိုင်းကို အရေပြားလှီးဖြတ်ခြင်း ပြုလုပ်ဆောင်ရွက်ကြရသည်။ သို့သော်ခရစ်ယာန်သာသနာတွင်မူ အရေပြား လှီးဖြတ်ခြင်း ဆောင်ရွက် ဖို့ မဖြစ်မနေတာဝန်အဖြစ် ပြဌာန်းထားခြင်းမရှိဆိုသည့် ပညတ်ချက်ကိုမူ ပထမဦးဆုံးအနေဖြင့် ဘိုင်ဘလ်ကျမ်းစာ Acts 15 တွင်မှာမှ တွေ့ရှိရသည်။”

    အမေရိကန်ပြည်ထောင်စု၏ တိုင်းရေးပြည်ရာဝန်ကြီး၊ ဟီလာရီကလင်တန်ကိုပင် အရေပြားလှီးဖြတ်ခြင်းအကြောင်း ထည့်သွင်းပြောကြားစေ သည်အထိ ၄င်းအရေပြားလှီးမင်္ဂလာအပေါ် ခေတ်သစ် ပညာရှင်များ၏ တွေ့ရှိချက်က မည်သို့မည်ပုံဖြစ်နေသနည်းဆိုသည့်မေးခွန်းမှာလည်း စိတ်ဝင် စားဖွယ်မေးခွန်းပင်ဖြစ်ပါသည်။ အရေးပါသည့် တွေ့ရှိချက်မှာ အရေပြားလှီးဖြတ်ခြင်းသည် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို ကာကွယ်ပေးသည် ဟူသည့် တွေ့ရှိ ချက် ပင်။

    ဗြိတိသျှစွယ်စုံကျမ်းတွင် ဖော်ပြထားသည်မှာ –

    ” အရေပြားလှီးဖြတ်ခြင်းအား ထောက်ခံပြောဆို ကြသူများ က အရေပြားလှီးဖြတ် ထားသော ယောင်္ကျားသည် အေအိုင်ဒီအက်စ်၊ ဆစ်ဖလစ်နှင့် အခြားသော လိင်ပိုင်းဆိုင် ရာရောဂါ များမှ ပို၍ အကာအကွယ် ရထားပြီးသည့် လေ့လာတွေ့ရှိချက်ကို ကိုးကားတင်ပြကြသည်။ ထို့ပြင် အရေပြား လှီးဖြတ် ထားသည့် ယောင်္ကျားကြောင့် သူ၏ လိင်အဖော် မိန်းမသားမှာလည်း သားအိမ်ခေါင်း ကင်ဆာရောဂါ (Cervical Cancer) မှ အကာအ ကွယ် ရပြီးဖြစ်ကြောင်း သိရသည်။ ၂၀၀၇ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အာဖရိက ယောင်္ကျားများကို အိပ်ခ်ျအိုင်ဗွီနှင့်ပတ်သတ်၍ သုတေသနလုပ် ခဲ့ ရာ ဆန့်ကျင်ဘက် လိင်နှင့် ဆက်ဆံခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများထဲမှာ ရာခိုင်နှုန်း ၄၈ မှ ၆၀ ကို အရေပြားလှီးဖြတ် ထားခြင်းက အကာအကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် WHO က ၄င်းရလဒ်ကို အခြေခံကာ အရေပြားလှီးဖြတ်ခြင်းကို စံပုံစံ အကာ အကွယ် နည်းနာအဖြစ် သတ်မှတ်ပြီး အိပ်ခ်ျအိုင်ဗွီတားဆီးရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက်လာခဲ့ကြသည်။ “

    ထို့ကြောင့် အရေပြားလှီးဖြတ်ခြင်းကို ဆန့်ကျင်နေကြသူများအနေဖြင့် ချင့်ချိန်စဉ်းစားသင့်သည်မှာ ၄င်းတို့၏ဆန့်ကျင်မှုမှာ ကျိုးကြောင်းညီညွှတ်မှု ရှိ၊ မရှိဆိုသည်ပင် ဖြစ်ပါသည်။

    ကိုးကား – www.britannica.com/EBchecked/topic/118439/circumcision

  • ဟိန္ဒူ မိသားစုဥပဒေ

    ဟိန္ဒူ မိသားစုဥပဒေ

    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ရေးသူ – သုတေသီ

      မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-

             (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။

    ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။

    သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။

    ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်း ပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။

    ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။

    သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

    တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံး ဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသော သွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများ အကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။

    ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

    ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေ ကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။

    ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။

    ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။

     

    အခြားဆက်စပ် ဆောင်းပါး

  • အိမ်ထောင်ခန်းဆိုင်ရာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ

    အိမ်ထောင်ခန်းဆိုင်ရာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ

    အောက်တိုဘာ၊ ၁၉၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- သုတေသီ

    မြန်မာပြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဘာသာပေါင်းစုံ ချစ်ကြည်စွာစုစည်းနေထိုင်ရာ တိုင်းပြည်တပြည်ဖြစ်ပါတယ်။ ဒါပေမဲ့ခုနောက်ပိုင်းတွေမှာ ပယောဂအမျိုးမျိုးနဲ့ ချစ်ခင်မှုကပျက်စီးပြီး သူ့ဘာသာ ငါစော်ကား ငါ့ဘာသာသူစော်ကားနဲ့ တယောက်နဲ့တယောက် ပုတ်ခတ်စော်ကားနေကြပါတယ်။ ဘာသာရေး အကြောင်းကို မပြောလိုပေမဲ့ လူမှုရေးစော်ကားတာဟာဖြင့် ဥပဒေကို မသိလို့၊ မလေ့လာလို့ လို့ခံစားရပါတယ်။ အဲတော့ ဥပဒေသိတဲ့ သူတွေအနေနဲ့ ဥပဒေအသိကိုမျှဝေပေးခြင်းဖြင့် တဘာသာနဲ့ တဘာသာ လူမှုရေး စော်ကားမှု၊ ပုတ်ခတ်မှုတွေကို အသင့်အတင့် တားမြစ်နိုင်လိမ့်မယ်လို့ယူဆမိပါတယ်။

    မြန်မာပြည်မှာ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို ဘာသာတရားတိုင်း သူတို့ရဲ့ မိသားစုအရေးဖြစ်တဲ့ လက်ထပ်၊ ကွာရှင်း၊ သားသမီးအုပ်ထိန်း၊ အမွေ စတာတွေကိုသူတို့ရဲ့ ဓလေ့ထုံးစံတွေနဲ့အညီ ကျင့်သုံးနိုင်ဖို့ ဥပဒေပြဌာန်း ခွင့်ပြု ထားပါတယ်။ ဒီလိုဥပဒေတွေကို ပုဂ္ဂလိကဥပဒေ (သို့) မိသားစုဥပဒေ (သို့) ဓလေ့ထုံးတမ်းဥပဒေလို့ ခေါ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ မွတ်စလင်တွေအတွက် အစ္စလာမ့်တရားဥပဒေ၊ ခရစ်ယျာန် ဘာသာဝင်တွေအတွက် ခရစ်ယျာန်ဥပဒေ၊ ဟိန္ဒူဘာသာဝင် အတွက် ဟိန္ဒူမိသားစု ဥပဒေလို့ လက်ခံထားရှိပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေကို ဥပဒေစာအုပ်တခုတည်းမှာ အပြည့်အစုံ ရှာဖွေမတွေ့နိုင်ပါဘူး။ ဓလေ့ထုံးတမ်း ဥပဒေ ဖြစ်တဲ့အတွက် စီရင်ထုံး၊ ဖြတ်ထုံးတွေမှာပါ လေ့လာမှ အပြည့်အစုံသိရှိနိုင်ပါတယ်။

    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
    မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဟာ မြန်မာတို့ရဲ့ မမှတ်မိနိုင်လောက်တော့အောင်ကို ရှေးကျပြီး နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံတွေဟာ ဥပဒေကဲ့သို့ အာဏာသက်ရောက်လာတဲ့အတွက် ပထမဆုံး ဓမ္မသတ်ကျမ်းအဖြစ် နဲ့ ဘုရင်ခေတ်မှာ စတင်ကျင့်သုံးခဲ့ပါတယ်။ နောက်ပိုင်းကိုလိုနီဘ၀မှာ ၁၉၃၀ အရေးတော်ပုံအပြီး ဗမာဗုဒ္ဓဘာသာဥပဒေ လို့ပြဌာန်းခဲ့ပါတယ်။ ဒါကို ဗမာတို့ရဲ့ မိသားစုအရေးဟာ ဘာသာရေးနဲ့ မသက်ဆိုင်ဘူး။ ဗမာတို့ရဲ့ နှစ်ပေါင်းများစွာကျင့်သုံးလာတဲ့ ဓလေ့ထုံးစံသာဖြစ်တယ်လို့ ဗုဒ္ဓဘာသာ ဥပဒေလို့ ခေါ်တာကို ကန့်ကွက်ခဲ့ပြီး ဗမာ့ဓလေ့ထုံးတမ်းဥပဒေလို့ သမုတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။

    မြန်မာ့ဓလေ့ထုံးတမ်းတခုဟာ ဥပဒေဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ လိုက်နာကျင့်သုံးခဲ့ခြင်းရှိရပါမယ်။ ဥပဒေကဲ့သို့ အာဏာသက်ရောက်ခြင်းရှိဖို့လဲလိုပါတယ်။
    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ခြင်းဟာ ဘာသာရေးနဲ့မသက်ဆိုင်ဘဲ လူမှုရေးကိစ္စသက်သက် သာဖြစ်ပါတယ်။
    တရားဝင်ထိမ်းမြားခြင်းမြောက်ရန် အခမ်းအနား၊ စာချုပ်စာတမ်း၊ သက်သေတို့မလိုအပ်ပါဘူး။ ပုဆိုးတန်းတင် အကြင်လင်မယားလို့ ဆိုရိုးရှိပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ၂ဦး တစ်အိမ်ထဲမှာ အတူတူ နေတယ်။ ဘုရားသွား ကျောင်းတက်အတူတူလုပ်တယ်။ ပတ်ဝန်းကျင်က လင်မယားလို့သတ်မှတ် ထားတယ် ဆိုတာတွေဟာ တရားဝင် လင်မယားဖြစ်ဖို့ လုံလောက်တဲ့သက်သေခံချက်တွေဘဲဖြစ်ပါတယ်။
    ကိုးကွယ်ယုံကြည်ရာ ဘာသာတရား တားမြစ်ချက်မရှိပါဘူး။ မည်သည့်ဘာသာဝင်ကိုမဆို တရားဝင် လက်ထပ်နိုင်ပါတယ်။
    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး။ မိန်းကလေးနှင့် ယောကျာင်္းလေး လူပျို၊ အပျိုဖေါ်ဝင်ပြီး အိမ်ထောင်သားမွေး ပြုနိုင်တဲ့ မည်သည့် အသက်အရွယ်မဆို တရားဝင် ထိမ်းမြားနိုင်ပါတယ်။ ဒါပေမဲ့ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရပြဌာန်းခဲ့တဲ့ ကလေးသူငယ်များ ထိမ်းမြားခြင်းကိုကာကွယ်သည့် ဥပဒေ (၁၉၂၉) ကြောင့် ယခုအခါ ယောကျာင်္းလေးအသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆ နှစ်မပြည့်ခင် လက်ထပ်ခွင့်  မရှိတော့ပါဘူး။
    တရားဝင် လင်မယားဖြစ်ဖို့အတွက် သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်ချက် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ မရှိပါဘူး။ နှမအရင်းနှင့်ပင်တရားဝင်လင်မယားဖြစ်နိုင်ပါတယ်။ မည်သူမျှတားမြစ်နိုင်ခြင်းမရှိပါ။
    ကွာရှင်းပြီးသားမိန်းမတယောက်သည် ချက်ခြင်းနောက်အိမ်ထောင်ပြုနိုင်ပါတယ်။

    ယောကျာင်္းတယောက် ဟာ တချိန်ထဲမှာ မိန်းမဘယ်နှစ်ယောက်ဘဲယူရမယ် ဆိုတဲ့ တားမြစ်ချက်လဲ မရှိပါဘူး။ မိန်းမအမြောက်အများ ယူတဲ့စနစ်ပါ။ နောက်မိန်းမယူဖို့ ပထမမယား သဘောတူရန်လဲ မလိုအပ်သလို ကန့်ကွက်လို့လဲ မရပါဘူး။ ယောကျာင်္းနောက်မိန်းမယူယုံမျှ ဖြင့်လဲ ပထမမိန်းမက ကွာရှင်းခွင့်မရပါဘူး။ ယောကျာင်္းကောင်းတယောက် မောင်းမပေါင်း ၁၀၀၀ လို့ လက်ခံထားတဲ့ ဓလေ့ထုံးတမ်းဥပဒေပါ။

    မိန်းမ တယောက်ကတော့ တချိန်ထဲမှာ တရားဝင် လင်ယောကျာင်္း တယောက်သာ ယူခွင့်ရှိပါတယ်။ ယောကျာင်္းရှိလျှက် နောက်ယောကျာင်္းနှင့် ကာမ ကျူးလွန်ခြင်းဟာ မယားခိုးမှုလို့သတ်မှတ်ပါတယ်။ ရှေးယခင် ဓမ္မသတ်တွေအရ ထိုလင်ငယ်နေတဲ့မယားကို လင်ယောကျာင်္းက ရိုက်နှက်ဆုံးမခွင့် နဲ့ ကာမကျူးလွန်တဲ့ နောက် ယောကျာင်္းကို မိမိပိုင်နက်အတွင်းမိပါက သတ်နိုင်ခွင့်တောင်ပြဌာန်းထားပါတယ်။ ဒါကို ကိုလိုနီခေတ် ရာဇသတ်ကြီး ခေါ် ပြစ်မှုဆိုင်ရာဥပဒေ ပြဌာန်းလိုက်တော့ မှ နောက်ယောကျာင်္းဖြစ်တဲ့ မယားခိုးကို ထောင်ဒဏ်သာ သတ်မှတ် ပါတော့တယ်။ မိန်းမကိုတော့ အိမ်ထောင်ရေးဖေါက်ပြန်မှုအဖြစ် ယောကျာင်္းဘက်က ကွာရှင်းခွင့်ရပါတယ်။

    ကွာရှင်းခြင်းနဲ့ပတ်သက်ရင်တော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မည်သည့်အကြောင်းပြချက်မှမလိုဘဲ ၂ဦးသဘောတူ ကွာရှင်းနိုင်ပါတယ်။ မိန်းမဘက်ကတဘက်သတ်ကွာရှင်းချင်ရင်တော့ ယောကျာင်္းဖြစ်သူဟာ ကူးစက်ရောဂါခံစားနေရလျှင်၊ပေါင်းသင်းရန်ပျက်ကွက်လျှင်၊ ထောက်ပံ့ရန်ပျက်ကွက်လျှင်၊ နှင့် လက်ရောက်မှုတွေ ကျူးလွန်လျှင် ကွာရှင်းနိုင်ပါတယ်။

    ယောကျာင်္းတယောက်ကတော့ မိန်းမတယောက်ဟာ အကြောင်းမရှိဘဲ ပေါင်းသင်းရန်ပျက်ကွက်မှု၊ မိန်းမ၀တ္တရားမကျေပွန်မှု နဲ့ အိမ်ထောင်ရေးဖေါက်ပြန်မှုတွေကျူးလွန်ရင် ကွာရှင်းခွင့်ရပါတယ်။
    ကွာရှင်းမှုအပြီး တဆက်တည်း ပစ္စည်းခွဲဝေပေးရန်တောင်းဆိုနိုင်ကြပေမဲ့၊ မယားရဲ့ အိမ်ထောင်ရေး ဖေါက်ပြန်မှုကြောင့် ကွာရှင်းတာဆိုရင်တော့ ထိုမိန်းမမှာ ပစ္စည်းအပေါ်မှာ အရေးဆိုခွင့်မရှိပါဘူး။
    သားသမီးအုပ်ထိန်းခွင့်နဲ့ပတ်သက်လျှင်လည်း ၂နှစ်အောက်ငယ်တဲ့ သားသမီး၊ သမီးမိန်းကလေးများ အိမ်ထောင်ကျတဲ့အထိနဲ့ သားယောကျာင်္းလေးများ အရွယ်ရောက်တဲ့ထိ မိခင်ကအုပ်ထိန်းခွင့်ရှိပြီး ဖခင်က စရိတ်များကို တာဝန်ယူရမှာဖြစ်ပါတယ်။ မိန်းမရဲ့ အိမ်ထောင်ရေးဖေါက်ပြန်မှုကြောင့် ဆိုရင်တော့ မိခင်ဟာ သားသမီးအုပ်ထိန်းခွင့်ဆုံးရှုံးပါတယ်။

    ရှေးယခင် ဓလေ့ထုံးတမ်းအရ မယားကြီး၊ မယားငယ်၊ အမြောင် နဲ့ အပျော်မယား ရယ်လို့ အဆင့်အတန်းတွေ သတ်မှတ်ထားခဲ့ပြီး အမွေဆက်ခံခွင့်နဲ့ သားသမီးတွေရဲ့ခံစားခွင့်တွေမှာပါ ကွာခြားပါတယ်။ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီး များအထူးထိမ်းမြားမှု နှင့်အမွေဆက်ခံရေး အက်ဥပဒေ ပြဌာန်းပြီးနောက် မယားမည်မျှရှိစေကာမူ မယားအားလုံးဟာ ညီမျှသော မယားပြိုင် အဆင့်အတန်းရရှိလာကြပါတယ်။

    CEDAW လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာညီလာခံမှ အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူ အခွင့်အရေး ရရှိရေး၊ အမျိုးသမီးများအနှိမ်ခံရမှု ပပျောက်ရေးအတွက် ဥပဒေကြမ်းတခုတင်သွင်းခဲ့ပါတယ်။ ထိုဥပဒေအရ ပြည်တွင်းမိသားစုဥပဒေများကို သူ့ဥပဒေနဲ့အညီ လိုအပ်သလိုပြင်ဆင်ရပါမယ်။ ဒီညီလာခံမှာ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါး တက်ရောက်ပြီး သဘောတူလက်မှတ်ထိုးခဲ့ကြပေမဲ့ ပြည်တွင်းဥပဒေကို သူ့ဥပဒေနဲ့အညီ ပြင်ဆင်ဖို့ကိုတော့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတော်တော်များများ မလိုက်နာနိုင်ကြသေးဘဲ ရှိနေပါတယ်။ ဒီထဲမှာ ပြည်တွင်း မိသားစုဥပဒေ တွေကို တလင်တမယားစနစ်အဖြစ် ပြဌာန်းပေးရမယ်ဆိုတာကို မလိုက်နာနိုင်တာလဲ တချက် အပါအ၀င် ဖြစ်ပါတယ်။

    ဒါကတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေရဲ့ အိမ်ထောင်ရေးဆိုင်ရာသိမှတ်စရာ အကျဉ်းချုပ်ဖြစ်ပါတယ်။