News @ M-Media
Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ
  • သွေးသောက်ကြီး ဇေယျာရန်ကင်း ဦးတုံးဖြူ
    ဧပြီ ၁၂၊ ၂၀၁၄
    ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
    ၁၉၃၄ ခုနှစ် ၊ မြန်မာအလင်း သတင်းစာ အထူးထုတ်တွင် ဖော်ပြပါရှိသည့် ပြဿဒ်များနှင့် ဆောက်လုပ်ထားသော ရွှေဘိုနယ်၊ မြေထူးမြို့အနီး မှော်ရွာရှိ မွတ်စလင်မ် ဝတ်ပြုကျောင်းပုံ
    ဦးတုံးဖြူသည် သက္ကရာဇ် ၁၁၀၅(အေဒီ ၁၇၄၃)ခုတွင် ဖွားမြင်သည်။ ၁၁၄၅ခု စစ်တမ်းတွင် ယင်းတော်မြို့ထားရင်း ရခိုင်ကုလားပျိုသေနတ် အစီရင်သွေးသောက်ကြီး မောင်တုံးဖြူ၊ တနင်္လာသား၊ အသက် ၄၀ ဟု ဖော်ပြပါရှိသည်။
    သွေးသောက်ကြီးသည် ယင်းတော်ရွာ၊ မင်းဝိုင်းရပ်တွင် နေထိုင်သည်။ ဆင်ဖြူရှင်မင်းတရား၏ အရေးပေးခြင်း ခံရသော အမှုတော်ထမ်း တစ်ဦးဖြစ်သည်။ ယိုးဒယားပြည်သို့ ချီတက်သွားကြသော မြန်မာ့ တပ်မတော်သားများကို စစ်ကူချီတက်ရန် သွေးသောက်ကြီးအား ဆဒ္ဒန် ဆင်မင်းသခင် ရေမြေ့ရှင်က ၁၁၂၆ ခု တပေါင်းလတွင် အမိန့်တော်စာချွန် ပေးပို့သည်။ သွေးသောက်ကြီးသည် စာချွန်တော်ရသည်နှင့် ဆော်မောင်း များကိုတီးကာ ရွာသားများအား ဆင့်ခေါ်သည်။ စုရုံးရောက်ရှိလာသူတို့ အနက်မှသန်မာ တောင့်တင်းပြီး ရဲစွမ်းသတ်္တိနှင့် ပြည့်စုံသူများကို ရွေးချယ်ကာ အိုးစားဖွဲ့သည်။ သွေးသောက်ကြီးတို့သည် ဆော်မောင်းများ ညံစေလျက် စစ်ချီထွက်ကြသည်။ တောတောင် အထပ်ထပ်ကို ခက်ခက်ခဲခဲကျော်ဖြတ် ချီတက်ကြပြီး အာယုဒ္ဓယမြို့တော်ကို ၀ိုင်းရံထားသော ဗမာ့တပ်မတော် သားများနှင့် ပေါင်းမိကြသည်။
    သွေးသောက်ကြီးသည် အာယုဒ္ဓယမြို့တော် တောင်ဘက်မြို့ရိုးမှ တာဝန်ယူတိုက်ခိုက်သည်။ မြို့ရိုးပေါက်သော် မြို့တွင်းသို့ ရွပ်ရွပ်ချွံချွံ ၀င်ရောက် တိုက်ခိုက်သည်။ ယိုးဒယားတို့က မြို့တွင်းမှ အပြင်းအထန်ခုခံ တိုက်ခိုက်သဖြင့် အမှုတော်ထမ်း လေးပုံတစ်ပုံခန့် ကျဆုံးရသည်။ သွေးသောက်ကြီးနှင့် အဖွဲ့သည် ရင်မြေကတုတ်လုပ်၍ နောက်မဆုတ်တမ်း တိုးဝင်တိုက်ခိုက် ထိုးခုတ်သဖြင့် ယိုးဒယား တပ်သားများစွာ ကျဆုံးပြီး ဗမာ့ တပ်မတော်ကြီး အောင်ပွဲခံနိုင်ခဲ့သည်။
    သွေးသောက်ကြီးနှင့် အောင်ပွဲရ တပ်မတော်သားများ အပြန်တွင် “တုလို့တောင် ယောင်မစမ်းနဲ့၊ ခေါဘဏီ ရန်ခလုတ်ချိုးနှုတ်”တဲ့ မှုထမ်းစသည့် ဒုံးသီးချင်းများ သီဆိုကာ မာန်ဝင့်ခဲ့ကြသည်။ ယိုးဒယား အမျိုးသမီးများနှင့် အမိန့်တော်ခံယူပြီး လက်ထပ်ခဲ့ကြသော တပ်မတော် သားတို့မှ ပေါက်ဖွားလာ သူများသည် ရွာတွင် စုစုစည်းစည်းနေကြသည် သူတို့စုရုံးနေထိုင်ရာရပ်ကွက်တွင် ဆောက်လုပ်ထားသောဗလီကို ယွန်းဆက်ဗလီဟု ယခုတိုင် တွင်နေသည်။
    သွေးသောက်ကြီး ဦးတုံးဖြူသည် ဆင်ဖြူရှင်မင်းတရား နတ်ရွာစံ လွန်မူပြီးနောက် ဘိုးတော် ဗဒုံမင်းလက်ထက်တွင်လည်း အမှုတော် ဆက်လက် ထမ်းရွက်သည်။ ဗဒုံမင်းတရားသည် ၁၁၄၅ ခု နတ်တော် လဆန်း ၈ ရက်နေ့တွင် နိုင်ငံတော်မှ စစ်တမ်းစာရင်း ကောက်ယူတော်မူ သည်။ ထိုသို့ ကောက်ယူ သောအခါ သွေးသောက်ကြီး ဦးတုံးဖြူသည် ယင်းတော်ရွာ၏ လူဦးရေ၊ စီးပွားရေး၊ အခွန်အတုတ် စသည်တို့၏ စစ်တမ်း ရာဇ၀င်ကိုရေးသားဆက်သွင်းရ သည်။ ထိုစစ်တမ်းရာဇ၀င်သည် နှောင်းခေတ် ဗမာမွတ်စလင်မ်တို့အတွက် အဖိုးထိုက်လှသည်။
    သွေးသောက်ဦးတုံးဖြူကို ဘိုးတော်ဗဒုံမင်းတရားက ယင်းတော်ရွာ ပတ်ဝန်းကျင်ရှိ မွတ်စလင်မ်ရွာများကို အုပ်ချုပ်ရန် ရာထူးတိုးမြှင့်၍ ခန့်ထား သည်။ ကင်းတား ကုလားပျို အစုသားတို့၏အမှူး သွေးသောက်ကြီး ဇေယျာ ရန်ကင်းဟူသောဘွဲ့ကိုလည်း ချီးမြှင့်သည်။
    သွေးသောက်ကြီးသည် တစ်ဖက်က အမှုတော်ကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ရသည်။ တစ်ဖက်ကလည်း လက်အောက်ကျေးရွာများကိုအုပ်ချုပ် ရသည်။ ထိုသို့ စီမံဆောင်ရွက်အုပ်ချုပ် နေစဉ်တွင်ပင် ၀ါသနာနှင့် လိုအပ်ချက်အရ ၁၁၄၇ ခုနှစ်တွင် ဓမ္မသတ်လင်္ကာသံပေါက်များ ပြုစုရေး သားသည်။ ထိုဓမ္မသတ် လင်္ကာသံပေါက် နိဂုံး၌  –
    “ဓမ္မသတ်လင်္ကာ၊ သံပေါက်စာကို၊ ထောင့်တစ်ရာလွန်၊ လေးဆယ်ခွန်၏၊ လမွန်ချမ်းတုန်း၊ တန်ဆောင်မုန်း၌၊ အဆုံးကမ္ပတ်၊ နိဂုံးသတ်၏၊ ကျမ်းမြတ်ဤစာ၊ စီစဉ်ရာ၌၊ ဇေယျာ ရန်ကင်း၊ ဘွဲ့နှင်းခံယူ၊ မောင်တုံးဖြူတွင်၊ ကူညီဖေးမ၊ များစွာရ၏။”ဟု ဖော်ပြသည်။ နိဂုံးအရ ဓမ္မသတ်လင်္ကာကို ၁၁၄၇ ခုနှစ်တွင် နိဂုံး အဆုံးသတ်ပြီး သွေးသောက်ကြီးသည် ဇေယျာရန်ကင်းဟူသောဘွဲ့ကို အပ်နှင်းခံယူရသူ ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။
    –    သွေးသောက်ကြီး၏ ဓမ္မသတ်လင်္ကာ၌ –
    –    ဓမ္မသတ်လင်္ကာ၊ သံပေါက်စာ၊ သေချာမှတ်ကြစိမ့်၊
    –    အများသူငါ၊ သိစေရာ၊ လင်္ကာသံကြားပိမ့်၊
    –    အလ္လာဟ်သခင်၊ မြတ်အရှင်၊ ဖန်ဆင်းဦးချီသိမ့်၊
    –    သူ့သမီးကို၊ ဆွဲကိုင်ဆို၊ မလိုဖြစ်ရပ်၊ သုံးဆယ်တစ်၊
    –    သူ့သမီးမျက်ရှု၊ မုဒိမ်းမှု၊ ပြစ်ဒဏ်ခတ်၏၊ ခြောက်ဆယ်ကျပ်။
    စသည်ဖြင့် သံပေါက်အပုဒ်ပေါင်း ၁၀၀ ကျော်ရေးသားခဲ့သည်။
    သွေးသောက်ကြီးသည် ဓမ္မသတ်အရာတွင် တွင်းသင်းတိုက်ဝန် မဟာစည်သူ (၁၀၈၈-၁၁၆၈) အတွင်းဝန်ဝဏ္ဏဓမ္မကျော်ထင် (၁၀၉၀-၁၁၅၀) တို့ကို အားကျဟန်ရှိသည်။ သွေးသောက်ကြီး၏ ကျမ်းပြီးချိန်သည် သတိုးဓမ္မမဟာသက်တော်ရှည်ဘွဲ့ခံ ကင်းဝန်မင်းကြီး (၁၁၈၃-၁၂၇၀)က ဗု၊ ဓံ၊ သံ၊ န ချီ ဓမ္မသတ်လင်္ကာကို မရေးမီ နှစ်ပေါင်း ၈၀ကျော် အရင်က ဖြစ်သည်။
    သွေးသောက်ကြီးသည် ဘုရင့်အမှုတော်ကို သစ္စာရှိစွာ၊ သက်စွန့် ကြိုးပမ်းဆောင်ရွက်ရင်း ဗဒုံမင်းတရားကြီး လက်ထက်မှာပင်အလ္လာဟ်အရှင် မြတ် အမိန့်တော်ခံယူသည်။
    သွေးသောက်ကြီး ဘိုးတုံးဖြူ၏ စစ်တမ်းလက်ရေးစာမူနှင့် ရှေး ဖြတ်ထုံး၊ စီရင်ထုံး၊ သတ်ပုံ၊ ၀တ္ထု၊ ကဗျာ၊ လင်္ကာ၊ သံတော်ဦးတင်လွှာ၊ စာချွန် တော် ပုရပိုက်စသည့် ဂန္ထ၀င်အမွေအနှစ်များကို ယင်းတော်မြို့နေ ဆရာချွန်က ဘိုးဘေးအမွေအနှစ်အဖြစ် တမြတ်တနိုး ဆက်ခံထိန်းသိမ်း ထားရှိသည်ဟု သိရသည်။
    ဤတွင် သွေးသောက်ကြီး၏ စစ်တမ်းစာမူလက်ရာကို လေ့လာနိုင်ရန် မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။
    ၁၁၄၅ ခုနှစ် စစ်တမ်း
        မာရ်အောင်ရတနာ ဒါယကာ အ၀ စနေမင်းလက်ထက်တွင် ရခိုင်ပြည်မှတစ်ဆင့် ရောက်လာသောလူပေါင်း ၃၀၀၀ ကျော်တို့ကို နေရာရပ်ကွက် ခြား၍ ချထားပေးသနားတော်မူသည်။
    (ယင်းတော်မြို့) ထားရင်း ရခိုင်ကုလားပျို သေနတ်အစီရင် သွေးသောက်ကြီး မောင်တုံးဖြူ တနင်္လာသား၊ အသက် ၄၀။ စာရေး မောင်ကြိုင်ပုံ သောကြာသား၊ အသက် ၃၆။ သွေးသောက်ကြီး မောင်ရာကော်၊ စနေသား အသက် ၇၈။ သွေးသောက်ကြီး မောင်နီ စနေသား၊ အသက် ၅၅။ သွေးသောက် ကြီး မောင်မာသည် အင်္ဂါသား၊ အသက် ၅၆။ သွေးသောက်ကြီး မောင်ပြာထွန်း၊ ကြာသပတေးသား၊ အသက် ၆၅။ သွေးသောက်ကြီးမောင်ကြီး ကြာသပတေးသား အသက် ၄၀။ သွေးသောက်ကြီး မောင်နံ သောကြာသား၊ အသက် ၄၀။
    ရမည်းသင်းမြို့ ထားရင်းသွေးသောက်ကြီးများ
    ထားရင်းသွေးသောက်ကြီး မောင်မွှေး သောကြာသား၊ အသက်  ၂၈။ သွေးသောက်ကြီး ရန်ခွင်သူရံ ကြာသပတေးသား၊ အသက် ၅၀။ သွေးသောက်ကြီး မောင်ရာစီ စနေသား၊ အသက် ၄၃။ သွေးသောက်ကြီး မောင်စံ အင်္ဂါသား၊ အသက် ၅၆။ စာရေး မောင်လှ ကြာသပတေးသား အသက် ၅၃။
    ညောင်ရမ်းမြို့၊ ထားရင်းသွေးသောက်ကြီးများ
    ထားရင်းသွေးသောက်ကြီး မောင်သာထွေး တနင်္ဂနွေသား၊ အသက် ၂၈။
    တောင်ငူမြို့၊ ထားရင်းသွေးသောက်ကြီးများ
    ထားရင်းသွေးသောက်ကြီး မောင်ပန်းညို တနင်္ဂနွေသား၊ အသက် ၄၅။ သွေးသောက်ကြီး မောင်ရွှေခို ကြာသပတေးသား၊ အသက် ၃၀။
    ပင်းဒလဲမြို့ ထားရင်းသွေးသောက်ကြီးများ
    ထားရင်းသွေးသောက်ကြီး မောင်ထွန်းသာ ဗုဒ္ဓဟူးသား၊ အသက် ၅၉။
    မိတ်္ထီလာမြို့ ထားရင်းသွေးသောက်ကြီးများ
    ထားရင်းသွေးသောက် မောင်ကျော်ထွန်း စနေသား၊ အသက် ၆၀။ သွေးသောက်ကြီး မောင်လုံး သောကြာသား၊ အသက် ၄၅။
    စားမြေ၊ နေမြေ ချပေးတော်မူခြင်း
    (ယင်းတော်မြို့)မှာ ချထားရင်း လူတို့ကို ဘုရင့်အမိန့်တော်နှင့် လက်ျာထောင်မှူး မောင်ညိုကို ခန့်ထားတော်မူ၍ မြို့သူကြီး မောင်သီးခိုင်၊ မောင်ရှန်တို့က ပြသပေး၍ ခေါင်းကြီး မောင်လုံးက စားမြေ၊ နေမြေ၊ လုပ်မြေပေးချ သနားတော်မူသည်မှာ-ယင်းတော်မြို့မြောက် မင်းကျောင်းကုန်းတွင် နေမြေပေးချရင်း မြေသည်ကျောင်းနှင့် နီးစပ်သည့်အတွက် လွတ်ကင်းအောင် ပြောင်းချပေးရမည့် အမိန့်တော်နှင့် ချပေးတော်မူသည့် မြေနယ်နိမိတ်သည် အရှေ့ကို ကျောင်းလယ်မြေအထိ၊ တောင်ကို ကန်ရိုးအထိ၊ အနောက်ကို မန်ကျည်းပင် ကန်ရိုးအထိ၊ မြောက်ကို လွှဲခေါင်းမောင်စံသာ လယ်မြေအထိ နေမြေရာ ချပေး၍ နေရပါသည်။ လုပ်စားမြေမှာ ကန်တော်မင်းကျောင်းလွှဲ ရေသောက် လယ်ပယ် ၂၀ တင်းကြဲ၊ သဘောလွှဲ ရေသောက်လယ်ပယ် ၂၀ တင်းကြဲ။ တောင်လွှဲ ရေသောက်လယ်ပယ် ၅-တင်းကြဲ။ စစ်ပင် လွှဲရေသောက်လယ်ပယ် ၃-တင်းကြဲ ပေးချသနားတော်မူ၍ နေထိုင်လုပ်စားကြရပါသည်။
    (ရမည်းသင်းမြို့) ချထားရင်းလူတို့ကို အမိန့်တော်နှင့် ယောက်ျား တစ်ထောင်မှူးကို ခန့်ထားတော်မူ၍ မြို့သူကြီး ရှင်ဇေယျတို့က ပြသပေးရ မည့်မြေမှာ ရမည်းသင်းမြို့ အနောက် ဆင်ဖြူကုန်းအရပ်တွင် နေမြေချပေးသည့် မြေနယ်နိမိတ်သည် အရှေ့ကို အုပ်နှဲပင်ကျောင်းအထိ။ တောင်ကို ဆိုးမကြောင် အထိ။ အနောက်ကို လယ်မြောင်တောင်အထိ။ မြောက်ကို မန်ကျည်း ပုဆစ်တုပ်ပင်အထိလည်းကောင်း၊ လုပ်စားမြေမှာ မြို့အနောက် လင်းဒကန်မှ လကန်တောအထိ အရှေ့ကို နေစွယ်ကုန်းအထိ တောင်ကို ကုဓရက်ကုန်းအထိ အနောက်ကို သက်ကယ်ခြုံ အထိ မြောက်ကို မြေနဲချောင်းအထိ ပေးချသနားတော်မူ၍ နေထိုင် လုပ်စားရပါသည်။
    (ညောင်ရမ်းမြို့) ရှိချထားရင်း လူတို့ကို အမိန့်တော်နှင့် မွတ်စက်ရောင်မှူးကို ခန့်ထားတော်မူ၍ မြို့သူကြီးဒေသူရ အောင်စံဒွန်းတို့က ပြသပေးချ ရမည့် နေမြေသည် ညောင်ရမ်းမြို့ တောင်ကုန်းတွင် မြေနယ်သည် အရှေ့ကို မင်းလမ်းကုန်းအထိ၊ တောင်ကိုတစ်တီးတူဘုရား ကုန်းအထိ အနောက်ကို ကုန်းတမ်း တစ်ဖက် ချောင်းအထိ မြောက်ကို၎င်းင်း၊ ချောင်းအထိပေးချ၍ နေထိုင်ရပါသည်။ စားမြေမှာ မြင်းကနွယ်လယ်မြေ တွင် ပယ် ၂၄ တင်းကြဲ။ ကုက်္ကို ဆယ်ရေသောက် လယ်ပြင်တွင် ပယ် ၂၄ တင်းကြဲ။ ကန်သစ် လယ်ပြင်တွင်ပယ် ၁၀-တင်းကြဲ။ ပေးချ သနားတော်မူ၍ နေထိုင်လုပ်ကိုင် စားသောက်ပြီး အမှုတော်ကို ထမ်းရွက်ရပါသည်။
    (တောင်ငူမြို့) ချထားရင်း လူတို့ကို အမိန့်တော်နှင့် တောင်ငူ ရွှေတိုင်းမှူးကို ခန့်တော်မူ၍လည်းကောင်း မြို့စစ်ကဲကြီး အိန်္ဒိယပျံချီကပြသ ချပေးရ သည့်နေမြေသည် တောင်ငူမြို့အရှေ့ ပေါင်းလောင်မြစ် အထိ။ တောင်ကိုကြာနီကန်အထိ။ အနောက်ကို ဥတ္တမာမြောင်းဘောင် အထိ။ မြောက်ကို မင်းဆိပ်အထိပေး၍ နေရပါသည်။ စားမြေမှာ တောင်ငူမြို့ အနောက်ဆင်အိပ်တော အထိ ပယ် ၅၀ တင်းကြဲ။ တည်ထွင် လုပ်စားနေထိုင် ထမ်းရွက်ရပါ သည်။
     (ပင်းဒလဲမြို့)တွင်ချထားရင်း လူတို့ကို အမိန့်တော်နှင့် ကောင်းတာ ရှည်မှူးကို ခန့်ထားတော်မူ၍ မြို့သူကြီးမောင်ထွန်း။ လှအုံတို့က ပြသချပေး ရသည့် နေမြေနယ်နိမိတ်သည် ပင်းဒလဲမြို့ အနောက်မြောက် လူလာကုန်းတွင် အရှေ့ကို မြကန်ရေလဲအထိ တောင်ကို ကန်ရိုးအထိ အနောက်ကို ကန်သာ ယာကန်ရိုး အထိ၊ မြောက်ကိုစံသာမန် ကျည်းပင်စားလှအထိ၊ စားမြေမှာ ပင်းဒလဲမြို့မြောက်ကို မြကန်ရေသောက်လယ်ပယ် ၁၅-တင်း ကြဲ။ ဆင်ဖြူခြေကန် အောက်လယ်ပယ် ၁၀-တင်းကြဲ။ ပေးချသနားတော်မူ၍ နေထိုင်လုပ်စားထမ်းရွက်ရပါသည်။
     (မိတ်္ထီလာမြို့) ရှိ ချထားရင်းလူတို့ကို အမိန့်တော်နှင့် ကလေတိုင်မှူးကို ခန့်ထားတော်မူ၍ မိတ်္ထီလာမြို့ ပြည်စိုး မောင်ပိန်ကျော်နှင့် အကြပ်မောင် ရွေလှော်။ သာယာ ပန်းမြေတိုင် မောင်ပေါတို့က ပြသချပေးရသည့် လုပ်မြေ၊ နေမြေနယ်သည်။ မြို့အနောက်က ဇောင်းပလေမြေတွင် အရှေ့ကို ကောင်းပုံ လယ်ကန်သင်းရိုးအထိ၊ မြောက်ကို ဆိပ်ပင်အထိ၊ တောင်ကိုရဲစုံ မောင်ပန်းခိုင်တို့ လယ်အထိ၊ အနောက်ကို မောင်ထွန်းခိုင် မြေအထိ။ မြောက်သလဲရေကျ အထိ ပေးချသနားတော်မူ၍ နေထိုင်လုပ်စား ထမ်းရွက်ရပါသည်။
    ( မူရင်းစာလုံးပေါင်းအတိုင်း ဖြစ်ပါသည်။)
    စားမြေဆိုသည်မှာ – မင်းမူထမ်းတို့အား လုပ်ကိုင်စားသောက်ရန် မင်းဧကရာဇ်က ချထားပေးအပ်သောမြေဖြစ်ပါသည်။  (အုပ်ချုပ်ပုံစာတမ်း ပဉ္စမတွဲ)။
    နေမြေဆိုသည်မှာ – နေထိုင်ရန်အတွက် မင်းက ချထားပေးအပ်သောမြေ ဖြစ်ပါသည်။ (ဇမ္ဗူဒီပဦးဆောင်ကျမ်း)
    ဤစစ်တမ်းတွင် သွေးသောက်ကြီး၊ လက်ျာထောင်မှူး၊ မြို့သူကြီး၊ ခေါင်းကြီး၊ လွှဲခေါင်း၊ တစ်ထောင်မှူး၊ အကြပ်၊ မြို့စစ်ကဲကြီး၊ ကောင်တာ ရှည်မှူး၊ ကလေတိုက်မှူး၊ ပြည်စိုးဟူသည့် ရာထူးဆိုင်ရာ အခေါ်အဝေါ် များကို လေ့လာနိုင်ပါသည်။ မောင်ရာကော် (ရာကွတ်)နှင့် မောင်ရာစီ (ရာစင်)အမည်များမှာ အရဗီအမည်ရင်းအတိုင်း ဖြစ်သည်။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
  • သေနတ်ပစ် အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်ခဲ့သူ လက်ရွေးစင်ဟောင်း ဦးကျော်အေး ကွယ်လွန်
    မတ် ၁၇ ၊ ၂၀၁၄
    M-Media
    U Kyaw Aye
    သေနတ်ပစ်အားကစားဖြင့် ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ခဲ့ပြီး တိုင်းပြည်ဂုဏ်ဆောင်ခဲ့သည့် သေနတ်ပစ် လက်ရွေးစင် အားကစားသမားစင်ဟောင်း  ဦးကျော်အေး(ခ) အဗ္ဗဒုလ်ရဟီမ်း (၇၆ နှစ်) ဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် နံနက် ၇ နာရီ  ၂၈ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။
    ကျွန်းဆွယ် နှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် တိုင်းပြည်အတွက် ဆုတံဆိပ် များစွာ ဆွတ်ခူး ရယူပေးခဲ့တဲ့ ဦးကျော်အေး(ခ) အဗ္ဗဒုလ်ရဟီမ်း ကို ၁၉၃၉ ၊ ဖေဖော်ဝါရီ ၂၈ တွင် အဘ ဦးကျော် (အခွန်ဝန်) နှင့် အမိ ဒေါ်စောတင်တို့မှာ စစ်တွေမြို့တွင် မွေးဖွားခဲ့ပါတယ်
    မိဘများမှာ ကမန်တိုင်းရင်းသား များဖြစ်ကြပါတယ်။ ဦးကျော်အေးဟာ ရန်ကုန်မြို့ စိန်ပေါလ်ကျောင်း (ယခု ဗိုလ်တထောင် ၆) မှာ ၁၀ တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ သေနတ်ပစ်အားကစားအပြင် အာကီဒို(ခေါ်) ဂျပန်ကိုယ်ခံပညာရပ်တွင်(SECOND DAN) ရောက်ရှိခဲ့သည် အထိကျွမ်းကျင် တတ်မြောက်သူ တစ်ဦးဖြစ်ပါသည်။ ဦးကျော်အေး၏ သားသမိးများပြောပြချက်အရ သေနတ်ပစ်အားကစားကို လက်ရွေးစင်အဖြစ် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ စတင်ကစားခဲ့ပြီး ကျွန်းဆွယ်နှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် လက်ရွေးစင်အဖြစ်အကြိမ်ကြိမ် နိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။
    ၁၉၇၂ ခုနှစ် စင်ကာပူ ကျွန်းဆွယ်ပြိုင်ပွဲ နောက်ပိုင်းတွင် လက်ရွေးစင် အားကစားသမားအဖြစ်မှ အနားယူခဲ့ပါတယ်။ အဲဒိနောက် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (BPI) မှာ နည်းပြ အလုပ်ရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ မှာ ဝန်ထမ်းဘဝမှ အနားယူခဲ့ပါတယ်။
    ဦးကျော်အေးဟာ ဝန်ထမ်းဘဝမှ အငြိမ်စားယူပြိးနောက်ပိုင်း မိမိကျွမ်းကျင်ရာ အားကစားဖြင့် နိုင်ငံအကျိုးပြုနိုင်ရန် နိုင်ငံ တကာ သေနတ်ပစ်ဒိုင်လူကြီး သင်တန်းများကို မိမိစရိတ်ဖြင့် တက်ရောက်ခဲ့ပြီး International Shooting Sport Federation (ISSF)   နိုင်ငံတကာ သေနတ်ပစ် ဒိုင်လူကြီးလိုင်စင် ကို ရရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဒိုဟာ အာရှအားကစားပြိုင်ပွဲမှာ သေနတ်ပစ်ဒိုင်လူကြိးအနေဖြင့် သွားရောက်ထမ်းဆောင်နိုင်ခဲ့ပါတယ်။
    လွန်ခဲ့ ၂ နှစ်ခန့်မှ အစာအိမ်ကင်ဆာရောဂါခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ်နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မီးရှူတိုင် သယ်ဆောင်မယ့် အစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။
    လူမြင်ကွင်းမှ ကွယ်ပျောက်နေတဲ့  နိုင်ငံဂုဏ်ဆောင် အားကစားသမားကြိးဟာ အစာအိမ်ကင်ဆာရောဂါဖြင့် ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။
    ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တဦးဖြစ်တဲ့ ဦးကျော်အေး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားသမိး ၆ ယောက်ကျန်ရစ်ပြီး ကွယ်လွန်တဲ့နေ့ မွန်းလွဲပိုင်းမှာပဲ မြောက်ဥက္ကလာပမြို့နယ် ရေဝေး စန္နီသုသာန်ဥယျာဉ်တော်မှာ အစ္စလာမ်ဘာသာဝ ထုံးစံဖြင့် မြှုပ်နှံသဂြိင်္ုလ်ခဲ့ကြောင်းသိရှိရပါတယ်။
    ဓါတ်ပုံ-Kamar Atarturk ပေးပို့ပါသည်။
  • ၀ဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ
    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
    M-Media
    ဆရာမကြီး ဒေါ်စောရွှေ သည် ၁၂၆၇ ခုနှစ် ပြာသိုလဆန်း (၉)ရက် ၁၉၀၃ ခုနှစ် ဇန်န၀ါရီလ(၆) ရက် အင်္ဂါနေ့တွင် အင်းစိန်မြို့ အဘ ဦးဘကျင် အမိ ဒေါ်နှင်းလှိုင်တို့မှ မွေးဖွားခဲ့ပါသည်။
    ဥပစာတန်းနှင့် အင်္ဂလိပ်မြန်မာ ဆရာဖြစ်လက်မှတ်ရရှိခဲသည်။ အင်္ဂလိပ် နယ်ချဲ့ အစိုးရခေတ်တွင် ကုမ္မာရီ အမျိုးသမီးအဖွဲ့ ၊ ဗမာမွတ်စလင်(မ်) အမျိုးသမီး နိုးကြားရေးအဖွဲ့၊ မုဆိုးမများ စောင့်ရှောက်ရေးအဖွဲတို့ တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
    ဒုတိယ ကမ္ဘာစစ်အတွင်းက မွတ်စလင် အမျိုးသမီးများ အိမ်တွင်းပုန်းဘ၀မှ လွတ်မြောက်ရေးနှင့် လူမှု့ဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေးတို့ကို စည်းရုံးလှုံဆောင်ခဲ့ပြီး သူနာပြုတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
    ၁၉၄၆ ခုနှစ်တွင် ဗမာမွတ်စလင်(မ်) အမျိုးသမီး အဖွဲ့ချုပ်ကို ဦးဆောင် ဖွဲစည်းခဲ့ပြီး ကွယ်လွန်သည့် အထိ ဥက္ကဌအဖြစ်  တာဝန်ယူဆောင်ရွက်ခဲ့သည်။
    လမ်းမတော် မဲဆန္ဒနယ် မှ တိုင်းပြုပြည်ပြု လွတ်တော် အမတ်အဖြစ်လည်းကောင်း ရမည်းသင်း မဲဆန္ဒ နယ်မှ လူမျိုးစုလွှတ်တော် အမတ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။
    အစ္စလာမ် သာသနာရေးရာ ကောင်စီ စတင်တည်ထောင်ရာတွင် ဗဟို အလုပ်အမှုဆောင် တဦးအဖြစ် ပါဝင်ခဲ့သည်။
    ၁၉၅၂-ခုနှစ် မှ ၁၉၆၀ ခုနှစ်အတွင်း ရန်ကုန်ဆေးရုံကြီး ကြီးကြပ်ရေး အဖွဲ့ဝင် အဖြစ်လည်းကောင်း ရန်ကုန် အကျဉ်းထောင် ကြိးကြပ်ရေးအဖွဲ့ဝင် အဖြစ်လည်းကောင်း ပြည်ထောင်စု လူမှုရေး ၀န်ထမ်းကောင်စီဝင် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
    အိန္ဒိယ နိုင်ငံ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ မြန်မာနိုင်ငံ အစိုးရ၏ ကိုယ်စားလှယ်အဖြစ် အစည်းအဝေး တက်ရောက်ခဲ့သည်။
    ၁၉၅၅ ခုနှစ်တွင်  မိဘမဲ့ မွတ်စလင်(မ)် အမျိုးသမီးငယ် များအတွက် မွတ်စလမ်(မ်) အမျိုးသမီး သာသနာ့ ရိပ်သာ (ဂေဟာ) ကို တည်ထောင်ပေးခဲ့ပြိး လက်ရှိ သုံးထပ်တိုက် အဆောက်အဦး ကြီးကို ကြိုးပမ်း တည်ဆောက်ခဲ့သည်။
    အစ္စလာမ်ရေးရာ အမျိုးသမီး ရှေ့ဆောင်သင်တန်းကို စတင် ပျိုးထောင် ခဲ့သော ဗိသုကာကြိးလည်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ဇန်န၀ါရီ(၄) ရက်နေ့တွင် နိုင်ငံတော်မှ ချီးမြှင့်သည့် ၀ဏ္ဏကျော်ထင် ဘွဲ့ကို လက်ခံရရှိခဲ့ပါသည်။
    ဆရာမကြီး ဒေါ်စောရွှေသည် မွတ်စလင်မ် အမျိုးသမီးများအပါအ၀င် တမျိုးသားလုံအတွက် ကြိုးပမ်းကာ အမှန်တရားကို စေတနာအပြည့်ဖြင့် ကိုယ်ကျိုးမဖက် အစဉ်တိုက်ပွဲဝင်ခဲ့သော မွတ်စလင်မ်တို့၏ စံပြစံတင်ထိုက်သည့် မိခင်မွန်အဖြစ်နှင့်ပင် ၁၉၈၀ ခုနှစ် ဇွန်လ(၂၁)ရက် စနေနေ့ အသက် (၇၇) နှစ် တွင် အလ္လာအသျှင်မြတ်၏ အမိန့်တော်ခံယူခဲ့ပြီး ကန်တော်လေး မွတ်စလင်သုသာန်တွင် မြှုပ်နှံခဲ့ပါသည်။
    579789_501250073250801_799325020_n
    ဓါတ်ပုံရှင်းလင်းချက်-တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တရ ၁၂.၆.၁၉၄၇) အစည်းအဝေးကျင်းပရာ လွှတ်တော်ရင်ပြင်အရှေ့တွင် ရိုက်ထားသည်။
    ပထမတန်း -အလယ်ခြောက်ယောက်မြောက်တွင် ဒေါ်စောရွှေ(ဗမက)၊
    ဒုတိတန်း – ယာဘက်ဒုတိယမြောက် ဆရာကြီးဦးရာဇတ်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊
    တတိယတန်း -၀ဲဘက်(၅)ယောက်မြောက် ဦးသန်းညွန့်၊ ဦးခင်မောင်လတ်
    ဆရာကြီးဦးရာဇတ်၊ ဦးသန်းညွန့်၊ ဦးခင်မောင်လတ်၊ဒေါ်စောရွှေ(ဗမက) တို့မှာ မြန်မာမွတ်စလင်မ် လွှတ်တော်အမတ်များဖြစ်ကြသည်။
  • အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့
    ဖန်နဝါရီ ၁၉၊ ၂၀၁၄
    M-Media
    116
    ယနေ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့သည့် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။
    ဆရာကြီးဦးရာဇတ်နေ့ အထိမ်းအမှတ်ဂုဏ်ပြုသောအားဖြင့် ဆရာကြီးဦးရာဇတ်အကြောင်း ပိုစ်များကို M-Media စာဖတ်ပရိတ်အတွက် ပြန်လည်မိတ်ဆက် ပေးလိုက်ပါတယ်။
    အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/4223
    ကျွန်မဖေဖေ=>http://www.m-mediagroup.com/news/4299
    ဗမာတွေ ဘယ်မှာ စည်းကမ်း မဲ့လို့လဲ=>http://www.m-mediagroup.com/news/4316
    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်=>http://www.m-mediagroup.com/news/16191
    သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း=>http://www.m-mediagroup.com/news/4239
    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း =>http://www.m-mediagroup.com/news/1388
    မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/1365
    သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း =>http://www.m-mediagroup.com/news/1334
    ဆရာကြီး ဦး(အဗ္ဗဒူလ်) ရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ =>http://www.m-mediagroup.com/news/1330
    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အခြားပိုစ်များ ဖတ်ရန် => http://www.m-mediagroup.com/news/tag/urazak-2/
    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အကြောင်း ဓါတ်ပုံများ ကြည့်ရန် =>https://www.facebook.com/media/set/?set=a.484313664944442.97896.468226919886450&type=3
    ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနား ဓါတ်ပုံများ =>https://www.facebook.com/media/set/?set=a.488522597856882.98579.468226919886450&type=3
  • ဆရာစံ၏ ဂဠုန်တပ်သားကြီး ဦးဒူးဒူး
    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    တက္ကသိုလ် မြင့်ဝေ
    399062_385867908152427_1479574970_n
    ဓါတ်ပုံအညွှန်း-ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား သူရဲကောင်း တို့၏ ခေါင်းများကို ဖြတ်ကာ ပြည်ဂါတ်ဝင်း အတွင်း အများပြည်သူကို ပြသထားခဲ့ပုံ (ဓါတ်ပုံ Internet)
    ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကြောင့် ဆန်စပါးဈေး အဆမတန်ကျခဲ့သည်။ ၁၉၂၉-ခုနှစ် တွင် မီးစရိတ်၊ နေရေးစရိတ် အလွန်ကြီးမြင့် လာသဖြင့် မြန်မာနိုင်ငံ တောင်သူ လယ်သမားများမှာ ဒုက္ခဆင်းရဲ အမျိုးမျိုးနှင့် ကြုံတွေ့ကြရပါသည်။ တောင်သူလယ်သမားများမှာ နွေမိုးမရှောင် ရွံ့နွံထဲတွင် ရုန်းကန်လှုပ်ရှားကြရသော်လည်း စားတော့ တစ်လုပ်တစ်ဆုပ်၊ ငတ်တော့ အစုတ်အနုတ်၊ နေတော့ တဲပုတ်တဲစုတ်ဘ၀တွင်ပင် ရှိနေကြသည်။
    ဗြိတိသျှနယ်ချဲ့အစိုးရသည် တောင်သူလယ်သမားများ ဤမျှ အတိဒုက္ခရောက်နေသည်ကို အားရကျေနပ်ခြင်း မရှိသေးဘဲ ရေနစ်သူကို ၀ါးကူ၍ နှစ်သည့်နှယ် လင်စုံမယားဖက်ကို ငါးကျပ်၊ လူလွတ်ကို နှစ်ကျပ်ခွဲ လူခွန်ကောက်ခံခြင်း၊ သဿမေဓ အခွန်တော်ကောက်ခံခြင်းနှင့် ကြိုးဝိုင်း အပြင်တွင် ခုတ်သည့်ထင်းဝါးကိုပင် လှည်းတစ်စီး နှစ်ကျပ်ခွဲ သစ်တောခွန်ကောက်ခံခြင်းဖြင့် ထပ်မံ၍ နှိပ်စက်လိုက်ကြပြန်သည်။
    ၁၉၃၀-ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် နေ့တွင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး သာယာဝတီမြို့ ဒါဘာပွဲသို့အလာ၊ တောင်သူလယ်သမားများက ဆိုင်းငံ့နိုင်သည့် အခွန်တော်များကို ဆိုင်းငံ့ပေးရန်၊ လျှော့နိုင်သည့် အခွန်တော်များကို လျှော့ပေးရန် အသနားခံကြသည်။ ဘုရင်ခံက ထိုတောင်းဆိုချက်များကို ချက်ချင်း ပယ်ချလိုက်သည်။
    နယ်ချဲ့လက်ဝေခံတို့၏ အနိုင်ကျင့်မှုကိုလည်း မခံနိုင်သည့် အဆုံးတွင် ဂျီစီဘီအေ အဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦိးဖြစ်သူ ဆရာစံသည် သုပဏ္ဏကဂဠုနရာဇာ ဘွဲ့ခံပြီး ၁၉၃၀-ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် သာယာဝတီခရိုင် ရေတိုက်ရွာကစပြီး ဗြိတိသျှနယ်ချဲ့အား လက်နက်ကိုင် ပုန်ကန်ခြင်းအားဖြင့် “တောင်သူလယ်သမား အရေးတော်ပုံကြီး” ပေါ်ပေါက်ခဲ့ရလေသည်။
    ၁၉၃၁-ခုနှစ်၊ နိုဝင်ဘာလ ၂၀-ရက် နေ့တွင် ဗြိတိသျှအစိုးရအား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်မူဖြင့် ဆရာစံအား ကြိုးပေးလိုက်လေသည်။ အခြား ကြိုးပေးခံရသော၊ တစ်သက်တစ်ကျွန်းဒဏ် ကျခံရသော လယ်သမားခေါင်းဆောင် များလည်း အများအပြားပင်။
    လယ်သမား ဂဠုန်တပ်ဖွဲ့များကို ဖွဲ့စည်းကြရာတွင် ဗိုလ်မှုးဖိုးထင် ဦးစီးသည့် တပ်ခွဲ(၄) တွင် ငဖြူလေးကျေးရွာမှ (က) တပ်သားကြီးများအဖြစ် (၂၅)ဦး ပါဝင်ခဲ့သည့်အထဲတွင် ဦးဒူးဒူးမှာ တိုင်းရင်းသား အစ္စလာမ်သာသနာဝင် တစ်ဦးဖြစ်ပါသည်။
    ဦးဒူးဒူး မြန်မာမွတ်စလင်မ် တစ်ဦးဖြစ်ကြောင်း ဆရာစံ၏ ဂဠုန်တပ်သားကြီး ကြိုးကျကျွန်းဖြင့် ဦးဖိုးဖြူက ၎င်းရေးသားသည့် ” ဗြိတိသျှအစိုးရအား ကျွန်ုပ်တို့တော်လှန်ခဲ့စဉ်က” စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားပါသည်။
    “၁၉၃၀-ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅-ရက်၊ ၁၂၉၂-ခုနှစ်၊ ပြာသိုလဆန်း ၇-ရက်၊ နံနက် (၆) နာရီအချိန်တွင် စပါးကြီး အိုင်ရွာတပ်စခန်း ဘုန်းကြီး ဦးသူရိယကျောင်းမှ မြောက်စူးစူရှိ ဗဟိုတပ်မကြီး တည်ရာ အလံတောင်ရွာသို့ ဗိုလ်မှုး ဖိုးထင်၊ ဗိုလ်မှုး ဖိုးစံ တို့ နှစ်ဦး ခေါင်းဆောင်သော တပ်ခွဲ (၄) သည် တပ်စခန်းမှ ထွက်ချီကြလျက် သင်းအစ်ရွာသို့ ရောက်သောအခါ ၎င်းရွာတွင် အင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားသော ဘော်လံတီယာတို့က ဆီးကြိုတိုက်ခိုက်သဖြင့် မိနစ်(၂၀)ကြာခန့် တိုက်ပွဲဖြစ်၏။ ထိုတိုက်ပွဲတွင် ဘော်လံတီယာ တပ်သား ဖိုးဘုဆိုသူတစ်ယောက်မှာ ဗိုလ်စိန်ခိုနှင့် ဗိုလ်သြတို့၏ လက်ချက်ဖြင် ကျဆုံးပြီး တပ်ပျက်ထွက်ပြေးသွားကြသည်။ ၎င်းနောက် ရွာအခြေအနေကို ၀ိုင်းဝန်းစစ်ဆေးပြီး ထူးခြားမှု မတွေ့ကြရ၍ ၎င်းရွာရှိ တရုတ်ကုန်စုံဆိုင်သို့ဝင်ပြီး တပ်တွင် ပါရှိသော မွတ်စလင်မ် တပ်သား ဒူးဒူးဆိုသူ စားသုံးရန် ဘီစကွတ်မုန့်သေတ္တာဝယ်ရန် ၀င်ကြရာ ဆိုင်ရှင် တရုတ်ကို မတွေ့ကြ၍ ထိုဆိုင်မှ မုန့်သေတ္တာနှစ်ဘူးနှင့် ငါးသေတ္တာ တစ်ဘူးယူ၍ထွက်ခဲ့ကြသည်” ဟု ရေးသားထားပါသည်။
    အထက်ပါ စာအုပ်ကို ရေးသားခဲ့သည့် ကြိုးကျကျွန်းပြန် ဦးဖိုးဖြူမှာ လူချစ်လူခင်ပေါများသူ ဖြစ်ပါသည်။ လူတိုင်းက အမည်အရင်း မခေါ်ဘဲ ” အဘဖြူ” ဟုသာ ခေါ်ကြပါသည်။ အဘဖြူသည် သာကေတတွင် နေထိုင်ရင်း ကွယ်လွန်ခဲ့ပါသည်။
    ဆရာစံ၊ အဘဖြူ၊ ဦးဒူးဒူး အစရှိသော ဂဠုန်တပ်သားကြီးများသည် အမိမြန်မာနိုင်ငံကို သိမ်းပိုက်ပြီး တောင်သူလယ်သမားကြီးများအား ဖိနှိပ်ချုပ်ခြယ်ခဲ့သည့် နယ်ချဲ့ဗြိတိသျှ အစိုးရအား ဒူးထောက် အရှုံးမပေးဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်းမှတ်တမ်းများအရ ထင်ရှားပြီး ဖြစ်ပါသည်။
    နယ်ချဲ့ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးကို ဆောင်ရွက်ရင်း တိုင်းပြည်နှင့်  လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သည့် ဆရာစံ၏ဂဠုန်တပ်သားကြီး ဦးဒူးဒူးအား ဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြလိုက်ရပေသည်။
    *  လပြည့်ဝန်းမဂ္ဂဇင်းတွင် ပါရှိသော ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။