News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • ဇေယျာကျော်ထင် ဗိုလ်မှူးဘရှင် (၉၈)နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ ကျင်းပမည်

    ဇေယျာကျော်ထင် ဗိုလ်မှူးဘရှင် (၉၈)နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ ကျင်းပမည်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၂
    ရန်ကုန်
    သတင်း – ဇာဇာလှိုင်

        ကမ္ဘာသိ မြန်မာ့သမိုင်း ပညာရှင် ဗိုလ်မှူးဘရှင် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်မြို. တော်ဝင်နှင်းဆီ ခန်းမ၌ ဒီဇင်ဘာ  ၃၀ရက်နေ့တွင် နံနက်(၉)နာရီမှ (၁၂း၀၀)ထိ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

    ဗိုလ်မှူးဘရှင်၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ၊ တပည့်တပန်းများက စီစဉ်ဆောင်ရွက်နေကြောင်း ကို မွေးနေ့ ဖြစ်မြောက်ရေး ဆော်သြသူများထဲမှ တစ်ဦးက M-Media သို့ပြောကြားပါသည်။

    ခေတ်ဟောင်း မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်သည် ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံး၏ ဥာဏဗလ တာဝန်ခံ အဖြစ်လည်းကောင်း၊

    ဗမာ့ ကာကွယ်ရေး တပ်မတော်(BDA)တွင် ပညာရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။မြန်မာ့အလင်း၊ သူရိယစသည့် သတင်းစာများ၌ ယုဒသန်ကောလိပ်  သတင်းထောက် အဖြစ် တာဝန်ယူခဲ့ပြီး သတင်းအများအပြား ရေးသားခဲ့သည်။ဥရောပ စီးပွားရေး ရာဇ၀င်၊ ခေတ်သစ်မာဃ၊ မြန်မာနိုင်ငံတော် သမိုင်း၊ အနော်ရထာ့ အရင်က မြန်မာနိုင်ငံ စသည့်စာအုပ်တို့မှာ ထင်ရှားသည်။

    ဗိုလ်မှူးဘရှင်  မွေးနေ့ ကျင်းပနိုင်ရေး နှင့်အတူ အတ္ထုပ္ပတ္တိစာအုပ် ဖြစ်မြောက်ရေးကိုပါ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

    ဇေယျာကျော်ထင် ဗိုလ်မှူးဘရှင် အတ္ထုပတ္တိအကျဉ်း

    ၁။ အမည်ရင်း – ဗိုလ်မှူးဘရှင်၊ (အရဗီအမည်မှာ မုဟမ္မဒ်ဒါဝူဒ်ဖြစ်သည်)
    ၂။ မိဘအမည် – ကျောင်းအုပ်ဆရာကြီး ဦးဟိန်း + ဒေါ်စောရင်၊
    ၃။ မွေးသက္ကရာဇ် – ၁၉၁၄၊
    ၄။ မွေးဖွားရာဒေသ – ပျဉ်းမနားမြို့၊
    ၅။ ကလောင်အမည်ခွဲများ – စံအောင်၊ သုတေသီ၊ ဗိုလ်မှူးဉာဏ၊ တိုင်း(၄)ရဲဘော်ဟောင်း၊ ဦးဘရှင်၊ ဒု-ဗိုလ်မှူးကြီး ဘရှင်၊ မောင်ပင်တည်၊ ဝရီစံ၊ ကင်းထောက်မောင်။

    ဗိုလ်မှူးဘရှင်ကို ကျောင်းအုပ်ဆရာကြီး ဦးဟိန်း၊ ဒေါ်စောရင်တို့မှ ၁၉၁၄ ခုနှစ်တွင် ပျဉ်မနားမြို့၌ ဖွားမြင်ခဲ့သည်။

    ဒုတိယ ကမ္ဘာစစ် မတိုင်ခင်တွင် ဝိဇ္ဇာတန်း၌ ကျောက်စာ၊ ပုဂံခေတ် သမိုင်း သုတေသန၊ အရှေ့တိုင်းရာဇဝင် (ရှေးဟောင်း)၊ ဥရောပ-ဗြိတိသျှ အင်ပါရာ
    စသည့် ဘာသာတွဲများကို သမိုင်း (ဂုဏ်ထူး) ဖြင့် အောင်မြင်ခဲ့သည်။ ခေတ်လယ် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် တရုတ်-မြန်မာ ကျောက်စာ သမိုင်းတို့ကို
    သုတေသန ပြုလုပ်ခဲ့သည်။

    • ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းရာဇ၀င်ဌာနတွင် နည်းပြအဖြစ် စတင်အမှုထမ်းသည်။
    •  ၁၉၄၀ ပြည့်နှစ်တွင် လက်ထောက်ကထိကရာထူး တိုးမြှင့်ခံရသည်။
    • ၁၉၄၂-၄၃ တွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး၊ ဥာဏဗလတာဝန်ခံ၊
    • ၁၉၃၄ ခုနှစ်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်၌ ဗိုလ်ကြီး၊ တပ်မတော် ပညာရေးအရာရှိ၊
    • ပဲခူးစံပြတပ်မတော်သမိုင်းနည်းပြနှင့် ဂျပန်တော်လှန်ရေးတွင် တိုင်း(၄) မှပါဝင်ခဲ့သည်။
    • ၁၉၄၅-၅၆ တွင် မြန်မာ့တပ်မတော်၌ ဗိုလ်မှူး၊ အင်္ဂလန်တွင် စစ်သံမှူး၊ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
    • ၁၉၆၀ မှ ၇၀ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင် ဆပ်ကော်မရှင်(ခ)အလယ်ခေတ်(အေဒီ၁၃၆-၁၇၅၂) ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။
    • ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ကော်မတီ (၁၉၆၅-၆၉)၊မြန်မာစာ ကော်မရှင်အဖွဲ့ဝင်၊
    • ရန်ကုန် တက္ကသိုလ် ဘွဲ့လွန်သင်တန်းများတွင် အထူးကထိက တာဝန်များကို ထမ်းဆောင်ခဲ့သည်။
    • အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)အဖြစ် ဆောင်ရွက်ခဲ့သည်။
    မြန်မာနိုင်ငံသမိုင်းကော်မရှင်

    သမိုင်း ကော်မရှင်၌ ကျမ်းပြု အရာရှိ အဖြစ် ဆောင်ရွက်နေစဉ် သမိုင်းတံခွန် ဂျာနယ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာတို့ဖြင့် သုတေသန စာတမ်းများကို  ရေးသားခဲ့သည်။

    ၁၉၆၂ ခုနှစ်၊ လောကထိပ်ပန် စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း၊ ပုဂံ ရှေးဟောင်းခေတ် မင်စာများ အကြောင်း ဖော်ပြသော ပုဂံမင်စာစု  သုတေသနခရီး အစီရင်ခံစာ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ မြန်မာ့ စွယ်စုံကျမ်း၌ လူမျိုးစု ဆိုင်ရာ၊ သမိုင်းဆိုင်ရာ အကြောင်း ရေးသားခဲ့သည်။

    တက္ကသိုလ်၊ အုပ်ချုပ်ရေးရုံးမှ ထုတ်ဝေသော ပညာပဒေသာ စာစောင်၊ ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မြန်မာစာ အသင်း၊ သတ္တဗေဒ အသင်း၊ မွတ်စလင်  ကျောင်းသားများ အသင်း စသည်တို့မှ ထုတ်ဝေသော မဂ္ဂဇင်းများ၊ ငွေတာရီ၊ ပညာတန်ဆောင်၊ လုပ်သားပြည်သူ နေ့စဉ် (အင်္ဂလိပ်-မြန်မာ) သတင်းစာများတွင်လည်း သုတေသန ဆောင်းပါးများ ရေးသားခဲ့သည်။

    ဗိုလ်မှူးဘရှင်သည် စံမောင်၊ သုတေသီ၊ ဗိုလ်မှူးဥာဏ၊ တိုင်း ၄ ရဲဘော်ဟောင်း၊ မောင်ပင်တည်၊ ကင်းထောက်မောင်၊ ၀ရီးစံ၊ ဒုဗိုလ်မှူးကြီး ဘရှင်၊ ဦးဘရှင်ဟူသော ကလောင်အမည်များဖြင့်လည်း စာပေရေးသားခဲ့သည်။ ဗိုလ်မှူးဘရှင်ဟူသော ကလောင်အမည်ကို လူသိများထင်ရှားသည်။
    ဗိုလ်မှူးဘရှင်သည် မြန်မာ့စွယ်စုံကျမ်းတွင် ဦးဘရှင်ဟူသော အမည်ဖြင့် တိုင်းသားများအကြောင်း ရေးသားခဲ့သည်။ ကချင်လူမျိုး(တွဲ၁၊ စာ၁၅)၊ ကယားလူမျိုး (တွဲ၁၊ စာ၇၃)၊ ကရင်လူမျိုး (တွဲ၁၊ စာ၁၅၂)၊ ကောလူမျိုး(တွဲ၁၊ စာ၂၆၆)၊ ခမာလူမျိုး(တွဲ၂၊ စာ၂၄၈)၊ ခါစီလူမျိုး(တွဲ၂၊ စာ၂၈၇)၊ ခန္တီးရှမ်း(တွဲ၂၊ စာ၃၂၃)၊ ချင်းလူမျိုး(တွဲ၂၊ စာ၃၈၉)၊ နီဂတိုလူမျိုး(တွဲ၆၊ စာ၁)၊ ပကု(တွဲ၆၊ စာ၁၉၉)၊ ပဒေါင်လူမျိုး(တွဲ၆၊ စာ၂၂၆)၊ ပလောင်နှင့်ပလေး(တွဲ၆၊ စာ၂၆၁)၊ ပိုးကရင်(တွဲ၆၊ စာ၃၈၉)၊ ပျူလူမျိုး(တွဲ၇၊ စာ၉၀-၉၄)၊ မြန်မာနိုင်ငံတိုင်းရင်းဘာသာများ (တွဲ၁၀၊စာ၁၃၁)၊ မြန်မာလူမျိုး(တွဲ၁၀၊ စာ၃၃၇-၃၅၃)၊ ရှမ်းလူမျိုး (တွဲ၁၁၊ စာ၃၆၉-၄၀၈) တို့ကို ပြုစုရေးသားခဲ့သည်။

    ဗိုလ်မှူးဘရှင်သည် မြန်မာ့သမိုင်းသုတေသနနယ်ပယ်တွင်ထင်ရှားပြီး ကမ္ဘာ့အဆင့်မီ မြန်မာသုတေသနပညာရှင်တစ်ဦး ဖြစ်သည်။ ခေတ်ဟောင်းမြန်မာ့သမိုင်း ပါရဂူတစ်ဦးဖြစ်သည့် ပါမောက္ခ G.H. Luce ကိုယ်တိုင်က အထူးချွန်ဆုံးသော မြန်မာ့သမိုင်းပညာရှင်၊ မြန်မာကျောက်စာပညာရှင်တစ်ဦးအဖြစ် ယုံကြည်စိတ်ချ အားထားခဲ့သည်။

    ၁၉၇၀ ပြည့်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီက “အနော်ရထာအရင်က မြန်မာနိုင်ငံ” စာအုပ်ကို နောက်ဆုံး ရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၌ အစောပိုင်း မြန်မာနိုင်ငံ သမိုင်းကျမ်း ပြုစု ရေးသားနေဆဲ ဖြစ်သည်။
    ဗိုလ်မှူးဘရှင်သည် သင့်ဘဝ၊ ငွေတာရီ၊ မြဝတီ၊ စစ်ပညာဂျာနယ်၊ ပညာပဒေသာ၊ ပညာလောက၊ ပညာတန်ဆောင် ယဉ်ကျေးမှု စာစောင်၊ ခေတ်ကြေးမြင်  နှစ်လည် မဂ္ဂဇင်း၊ ရန်ကုန် တက္ကသိုလ် သတ္တဗေဒ နှစ်ပတ်လည် စာစောင်နှင့် အခြားသော မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသား ခဲ့ပါသည်။

     

    ဖြည့်စွက်ချက်

    ဗိုလ်မှူးကြီးဘရှင် (၉၈) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို. တော်ဝင်နှင်းဆီ ခန်းမ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၁၀) ရက်နေ့တွင် ညနေ ၃း၃၀နာရီမှ ၅း၃၀နာရီထိ ရက်ရွှေ့ပြောင်း ကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။

    မူလက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အခက်အခဲတချို့ကြောင် ရက်ရွှေ့ပြီးကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

  • အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ

    အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ

    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media
    မောင်လျှောက် (မြယာမြေ)

    နှစ်စဉ် မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့သည်ကား အမျိုးသားနေ့ဖြစ်ပါသည်။

    ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂၈၂ခု၊ တန်ဆောင်မုန်းလ)တွင် နယ်ချဲ့တို့၏ ယူနီဗာစီတီ ဥပဒေတွင် ပါဝင်သော အချက်များနှင့် ပတ်သက်ပြီး ပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး အင်္ဂလိပ်အစိုးရက အတင်း အတည်ပြုလိုက်လေသည်။ ထိုသို့ ပြုခြင်းအတွက် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။

    ၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ

    အောက်တွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့သည် ရန်ကုန်ယူနီဗာစီတီ သပိတ်မှောက် လှုပ်ရှားမှုကြီးတွင် ဦးစီးဦးကိုင် ပြုကြသည့် ခေါင်းဆောင်များ ဖြစ်သည်။ ကျွန်တော်တို့ ဦးစီးဆောင်ရွက်ကြသည့် လှုပ်ရှားမှုသည် အကယ်၍ အောင်မြင်မှု မရဘဲလျှက် ချွတ်ချော် တိမ်းပါးခဲ့သော် ကျွန်ုပ်တို့ အားလုံးသည် ကျောချင်းယှဉ်၍ ရင်ချင်းကပ်၍ သေတူရှင်အမျှ ကြံ့ကြံ့ခံ၍ ရန်တည်ကြရန် သစ္စာပြုကာ အဓိဌာန်ပြုကြပါ၏။

    (၁) ကိုဘရှင် (သံတွဲ)          
    (၂) ကိုဘရှင် (ထားဝယ်)
    (၃) ကိုညီပိုက်
    (၄) ကိုဘိုးလွန်း
    (၅) ကိုအေး
    (၆) ကိုလှတင်
    (၇) ကိုဖေသိန်း
    (၈) ကိုထွန်းဝင်း
    (၉) ကိုဘခင်
    (၁၀) ကိုအောင်ဒင်
    (၁၁) ကိုဘဦး

    စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။

    (စာ-၂၀၀၊ အမျိုးသားနေ့ ရွှေရတုအထူးထုတ်)

    တက္ကသိုလ် သပိတ်ခေါင်းဆောင် (၁၁)ဦးတွင် ကိုဘရှင် (သံတွဲ)မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပါသည်။

    ၁၉၂၀ ပြည့်နှစ်တွင် န၀မမြောက် မြန်မာပြည်လုံးကျွတ် ကွန်ဖရင့် အစည်းအဝေးကြီးကို မန္တလေးမြို့၌ ကျင်းပခဲ့သည် ထိုအစည်းအဝေး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ထိုကျောင်းသားများ သပိတ်မှောက် ထွက်လာသော နေ့သာလျှင် ထူးမြတ်မင်္ဂလာ ရှိသည်။ အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ကြသည်။

    နယ်ချဲ့ဘုန်းတော်ဘွဲ့ သီချင်းမဆိုရ

        ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အထွေထွေ သပိတ်အပြီးဝယ် ပထမဆုံး အစည်းအဝေးတွင် ကိုထွန်းစိန်က God Save the King နယ်ချဲ့ အမျိုးသားသီချင်းကို တက္ကသိုလ် သမဂ္ဂ အဆောက်အဦတွင် မဆိုကြရန် စိတ်လိုက်မာန်ပါ အဆိုတင်သွင်း ကန့်ကွက်ခဲ့သည်။ ဤအဆိုကြောင့် သူ့အား သခင်ဘသောင်းနှင့် အမ်အေရာရှစ်တို့က လက်ဆွဲ နှုတ်ဆက်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သချာင်္ဌာနမှ မစ္စတာ ဒီ(ဂျေ)စလော့က သူ့အား အလုပ်ထွက်စာတင်ရန် ခြိမ်းခြောက်ခဲ့ရာ သူက မမှုခဲ့ပေ။ “မိမိတွင်လည်း အလုပ်နှင့် ပြစ်ချက်မရှိ၍ သူ့ဘက်မှ စပြီး အလုပ်မထွက်နိုင်ပေ။ အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ချက်သာဖြစ်ကြောင်း” မျက်နှာဖြူ အရာရှိသို့ ရဲဝံ့စွာ ချေပ ပြောဆိုခဲ့သည်။ ကိုထွန်းစိန်မှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ၏ ပထမဆုံး ဥက္ကဌဖြစ်ရုံမက အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်၌လည်း ဂုဏ်ယူစရာပင်။

    ယခု ၂၀၁၂ ခုနှစ်တွင် ကျရောက်သည့် (၉၂)နှစ်မြောက် အမျိုးသားနေ့တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အမျိုးသား ပညာရေ မြင့်မားရေး၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး ဆိုသည့် ဦးတည်ချက်များဖြင့် ပြည့်ဝပါစေကြောင်း တင်ပြရင်း အမျိုးသားနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။

    ကိုးကား –

    (၁) ဦးဖိုးကျား၊ အမျိုးသားနေ့ ဆောင်းပါး

    (၂) မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်) ဟောပြောပို့ချချက်

    (၃) အမျိုးသားနေ့ ရွှေရတု အထူးထုတ်စာစောင်

  • ဂဠုန်ဦးစောကို ကြိုးမိန့်ပေးခဲ့တဲ့ တရားသူကြီးအဖွဲ့ဝင် ကမန်မွတ်စလင် သီရိပျံချီ ဦးစီဘူး

    ဂဠုန်ဦးစောကို ကြိုးမိန့်ပေးခဲ့တဲ့ တရားသူကြီးအဖွဲ့ဝင် ကမန်မွတ်စလင် သီရိပျံချီ ဦးစီဘူး

    ဒီဇင်ဘာ ၂ ၊ ၂၀၁၂
    M-Media

    နိုင်ငံ ဂုဏ်ဆောင် ကမန်တိုင်းရင်းသား အစ္စလာမ် ဘာသာ ၀င် သီရိပျံချီ ဦးစီဘူး (တရားလွှတ်တော်ချူပ် တရားရေးရာဝန်ကြီးဟောင်း)

    ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကယ်ပြင်ရွာမ တွင် အဘ-ပညာဝန် ဦးနော်ဒင် နှင့် အမိ – ဒေါ်ရဲမ တို့ မှ 1898 ခုနှစ် တွင်မွေးဖွားသည်။ မွေးချင်း ၈ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဗြိတိသျှ ကိုလိုနီ လက်ထက်ကပင် ရခိုင်တိုင်းစစ်တွေမြို့တွင် စက်ရှင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက် ဦးစီဘူး သည်ရန်ကုန်မြို့သို့စက်ရှင်တရားသူကြီးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။

    ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည် ခေါင်းဆောင်ကြီးများအားနယ်ချဲ့ လက်ပါးစေ တစ်စုက လုပ်ကြံသတ်ဖြတ်လိုက်သည့် နိုင်ငံတော်လုပ်ကြံမှု ပေါ်ပေါက်လာသည့်အခါ ထိုအမှုကို စစ်ဆေးရန် နိုင်ငံတော်၏ တရားရေးခုံ အဖွဲ့တစ်ခုကို နိုင်ငံတော်မှ ၅-၉-၄၇ နေ့တွင်ဖွဲ့စည်းခဲ့ရာ ထိုတရားသူကြီးအဖွဲ့ တွင် ဟိုက်ကုတ် တရားလွတ်တော်ချုပ်မှ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့် အတူ ဦးစိဘူးနှင့် ဦးအောင်သာကျော်တို့က အထူးခုံရုံးတရားသူကြီးများ အဖြစ်ပါဝင်ဆောင်ရွတ်ကြသည်။

    ထို အထူးတရားရေးခုံအဖွဲ့ သည် အင်းစိန်ထောင်ကြီးတွင် တရားလိုပြသက်သေ ၇၈ ဦးနှင့်တရားခံပြသက်သေ ၃၁ တို့အား ၃၇ ရက်တိုင် အောင်ရုံးထိုင်စစ်ဆေးခဲ့ပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လတွင် ဂဠုန်ဦးစော နှင့်အပေါင်းအပါ တရားခံများအား ထိုက်သင့်သည့်ပြစ်ဒဏ်များ စီရင်ချက်ချမှတ်ခဲ့သည်။ ထိုအမှုနှင့်ပါတ်သတ်ပြီး အထူးတရားရေးခုံ အဖွဲ့ဝင်များကိုနိုင်ငံတော်မှ သီရိပျံချီရွှေတံစိတ်များကို အသီးသီး ချီးမြင့် အပ်နှင်းခဲ့သည်။

    အထူး ရာဇ၀တ်ခုံရုံး ဥက္ကဋ္ဌ ဦးကျော်မြင့် နှင့် အဖွဲ့ ဝင်များဖြစ်ကြသော ဦးအောင်သာကျော်၊
    ဦးစီဘူး တို့  ရုံးထိုင်ရန် တရားခွင်သို့  လာကြစဉ်။

    ထိုအရေးခင်း နောက်ပိုင်း တစ်ဆက်တည်းတွင်ဦးစီဘူး သည် တရားလွှတ်တော်ချုပ် တရားရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ထိုသို့ နိုင်ငံတာဝန်များထမ်းဆောင်ရင်း အသက် ၅၅ နှစ်တွင် ၁၉၅၃ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။ ထိုသို့ ကမန် ဘိုးဘေးစဉ်ဆက်မှ ဆင်းသက်လာသူ ကမန်တိုင်းရင်းသားအစ္စလာမ်ဘာသာဝင် တစ်ဦးအနေဖြင့် နိုင်ငံတော်အစိုးရပေးအပ်သော တာဝန်များကို အမြင့်မာဆုံး ထမ်းဆောင်ခဲ့သော ဦိးစီဘူး အား ကမန်မျိုးနွယ်စု သမိုင်း (စာတမ်း) တွင် ဂုဏ်ပြုခံ   ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထည့်သွင်းဖော်ပြအပ်ပါသည်။

    ကမန်မျိုးနွယ်စု သမိုင်း (မောင်ဆန္ဒ -လယ်ဝေး) ၏ နိုင်ငံဂုဏ်ရည် စာစဉ် (၄၃) မှ ကောက်နုတ်တင်ပြသည် ။

    ဓါတ်ပုံ အညွှန်း
    (အထူး ရာဇ၀တ်ခုံရုံး ဥက္ကဋ္ဌ ဦးကျော်မြင့် နှင့် အဖွဲ့ ဝင်များဖြစ်ကြသော ဦးအောင်သာကျော်၊
    ဦးစီဘူး တို့  ရုံးထိုင်ရန် တရားခွင်သို့  လာကြစဉ်။)

  • လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။

    လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။

    နိုဝင်ဘာ ၂၈၊၂၀၁၂
    M-Media
    စည်သူ

    လွန်ခဲ့သော ၇၅ နှစ် (၁၉၃၇ ခုနှစ်) တွင်  မွတ်စ်လင်မ်လူငယ် တစ်စုသည် လူမျိုး၊ ဘာသာ သာသနာ၊ အဆင့်အတန်း မရွေး လူတန်းစား အားလုံးမှ မကျန်းမာသူတို့အတွက် ကောင်းမွန်သော အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ကြောင်း ခံစားသိရှိခဲ့သည်။ စံပြလူငယ်တို့သည် စိတ်သဘောထားချင်းတူသည့် လူကြီးများဆီ ချဉ်းကပ်ပြီး ထိုစိတ်ကူးစတင် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

    ထိုသို့ ကိုယ်ကျိုးမဖက်ဘဲ ပရဟိတအခြေခံသော စိတ်ဖြင့် ကြိုးပမ်းမှုကြောင့် ၁၉၃၇ ဇန္နဝါရီလ ၅ ရက်နေ့တွင် ဆေးပေးခန်း တစ်ခုကို တရားဝင်ဖွင့်လှစ်နိုင်ခဲ့သည်။ သူတို့၏ ဆက်လက်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် အထိုက်အလျောက် အကျိုးဖြစ်ထွန်းသော အလုပ်ဖြစ်ခဲ့သည် သာမက ကျန်းမာရေး ဝန်ဆောင်မှုများကိုလည်း တိုးတက် အောင်မြင်အောင် တဖြည်းဖြည်း တိုးချဲ့နိုင်ခဲ့သည်။

    အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ပြည်တွင်း ပြည်ပ အစိုးရအဖွဲ့အစည်း၊ NGO များအပြင် တစ်ဦးချင်းစီ၏ အထောက်အပံ့များဖြင့် ၎င်းဆေးပေးခန်း ကလေးမှ တဆင့် လူမျိုးမရွေး၊ ဘာသာမရွေး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူအားလုံးအတွက် မျှော်လင့်ရာ၊ အကူအညီပေးရာ ခေတ်မီဆေးရုံကြီးအဖြစ် အောင်မြင်စွာ ပြောင်းလဲ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံကြီးတွင် ကုတင် ၁၃၀ ရှိပြီး လိုအပ်လျှင် ကုတင်အပိုများလည်း ထပ်ဖြည့်နိုင်ပြီး ဆေးကုသဆောင်(ဖျားနာဆောင်)၊ ခွဲစိပ်ကုသဆောင်၊ မျက်စိအထူးကုဌာန၊ သားဖွားနှင့်မီးယပ် အထူးကု ဌာနတို့ ပါဝင်ဖွဲ့စည်းထားသည်။ သက်ဆိုင်ရာ ဌာနအလိုက် ပြင်ပလူနာဌာနများ ထားရှိပြီး နေ့စဉ် ပျမ်းမျှ လူနာ ၄၀၀ ခန့် စောင့်ရှောက် ကုသပေးလျက် ရှိပါသည်။ နိုင်ငံတွင်းမှ မျက်စိအထူးကု ပါရဂူကြီးများ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် မျက်စိ အထူးကုဆေးရုံကြီး အဖြစ်လည်း နိုင်ငံတဝှမ်း ကျော်ကြားသေးသည်။ ဤဆေးရုံသို့ နိုင်ငံတွင်း ဒေသအနှံ့အပြားမှ မျက်စိဝေဒနာရှင်များစွာ လာရောက် ကုသမှုခံယူကြသည်။ ကျန်းမာရေး စစ်ဆေးမှုများအဖြစ် ဓာတ်ခွဲခန်းများ၊ ဓာတ်မှန်ဌာန၊ အာထရာဆောင်း ဌာနနှင့် ECG ဌာနများအပြင် သွေးလှူဘဏ်လည်း ထားရှိသည်။

    အထူးထပ်မံ ကုသ စစ်ဆေးခံရန် လိုအပ်သည့်လူနာများကိုလည်း ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ ရှိရာ ဆေးရုံဆေးခန်းများသို့ ကုန်ကျစရိတ်ကို ဤဆေးရုံမှ ကျခံပေးပြီး ပို့ဆောင်ကုသစေပါသည်။


    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံသည် ရန်ကုန်မြို့လယ်ခေါင်တွင် တည်ရှိသောကြောင့် လူအများ ဝင်ထွက်သွားလာရန် အထူးလွယ်ကူလှပါသည်။ ဤဆေးရုံမှာ ဂိုဏ်းဂဏစွဲ မရှိဘဲ၊ လူသားအကျိုးဆောင် စေတနာဆေးရုံတစ်ရုံအဖြစ်၊ ဆင်းရဲသော လူသားတိုင်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ အခြားသော မည်သည့်အသင်း အဖွဲ့နှင့်မျှ တွဲဖက်ထားခြင်းမရှိ၊ လွတ်လပ်စွာ ကူညီ လည်ပတ်နေသော ဆေးရုံတစ်ရုံသာ ဖြစ်သည်။ ဆေးရုံ၏ စီမံခန့်ခွဲရေးအတွက် အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။

    ၁   ဥက္ကဋ္ဌ       ၁ ဦး
    ၂   ဒု ဥက္ကဋ္ဌ ၂ ဦး
    ၃   ဘဏ္ဍာထိန်း                    ၁ ဦး
    ၄   အတွင်းရေးမှူး    ၁ ဦး
    ၅   တွဲဖက် အတွင်းရေးမှူး     ၁ ဦး
    ၆   ကော်မတီ အဖွဲ့ဝင်များ ၉ ဦး


    သဘာဝဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း၊ တခြား ဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်ရာနေရာများသို့ ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုများ ရှိပြီး နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒေသများသို့လည်း ဆေးဝါးနှင့် ဆေးကိရိယာတို့နှင့်တကွ ဆရာဝန်များ၊ သူနာပြုများ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါသည်။

    နိုင်ငံတော်အစိုးရမှ ပြန်လည် ကယ်ဆယ်ရေးလုပ်ငန်း ကာလ ပြီးဆုံးသည်ဟု ကြေငြာချိန်အထိ ၎င်းဒေသတွင် ကွင်းဆင်းကုသမှုများ အပြင် ဆေးခန်းလည်းဖွင့်လှစ် ကုသပေးခဲ့ပါသည်။ မုန်တိုင်းဘေးသင့် လူနာများစွာကိုလည်း ရန်ကုန်သို့ ခေါ်ယူပို့ဆောင်ပြီး ဆေးရုံတွင် အတွင်းလူနာများအဖြစ် ဆက်လက်ကုသပေးခဲ့သည်။
    ၁    အထွေထွေကု ဆရာဝန် (M.O.’s Physician)    ၂ ဦး
    ၂    သားဖွားနှင့် မီးယပ် အထူးကု (O.G)                 ၂ ဦး
    ၃    ခွဲစိတ် အထူးကု (Surgeons)                          ၄ ဦး
    ၄    မျက်စိ အထူးကု (Eyes Specialist)                ၁ ဦး
    ၅    အရိုး အထူးကု (Bone Specialist)                  ၁ ဦး
    ၆    ရင်ဘတ် အထူးကု (Chest Specialist)            ၁ ဦး
    ၇    စိတ်ရောဂါ အထူးကု (Psychiatrist)                ၁ ဦး
    အထွေထွေ ရောဂါကု ဆရာဝန်များစွာတို့က ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။ ဆေးရုံအုပ်တစ်ဦးနှင့် လက်ထောက်ဆေးရုံအုပ်နှစ်ဦး ရှိပြီး သူနာပြုများ၊ သူနာပြုအကူများ၊ စာရေးများ၊ သန့်ရှင်းရေးလုပ်သားများနှင့် အခြားဝန်ထမ်းများ ရှိပါသည်။

     

    ဆေးရုံကြီး စဖွင့်  သည့်  အချိန် မှ စပြီး  ၂၀၀၈ ထိ စစ် တမ်း အရ

    အထွေထွေ ရောဂါ ကု ဆေး ကု သဆောင်ပြင်ပ လူနာဌာနတွင် .

    လူနာအသစ်- (၆၅၀၉၃)ဦး၊
    လူနာအဟောင်း- (၇၃၄၃၇)ဦး
    မွတ်စလင်- (၇၀၈၅၇)ဦး၊
    ဗုဒ္ဓဘာသာ- (၅၁၆၈၇)ဦး၊
    ခရစ်ယျာန်- (၃၈၂၅)ဦး၊
    ဟိန္ဒူ- (၉၃၃၄)ဦး၊
    အခြား- (၂၇၂၇)ဦး၊
    စုစုပေါင်း- (၁၃၈၅၃၀)ဦး

    ကို ကျန်းမာရေး စောင့်ရှောက် မှု ပေးကု သပေးခဲ့  သည်။

    သားဖွားမီးယပ်ဆောင်ပြင်ပ လူနာဌာန တွင်

    လူနာအဟောင်း- (၁၁၂၉၆)ဦး၊
    လူနာအသစ်- (၄၁၄၃)ဦး၊
    မွတ်စလင်- (၈၃၇၂)ဦး၊
    ဗုဒ္ဓဘာသာ- (၅၉၇၂)ဦး၊
    ခရစ်ယာန်- (၂၄၉)ဦး၊
    ဟိန္ဒူ- (၈၄၆)ဦး၊
    စုစုပေါင်း- (၁၅၄၃၉)ဦး

    ကို ကုသပေးခဲ့  သည်။

     

    မျက်စိကု ပြင်ပလူနာဌာနတွင်

    လူနာအသစ်- (၃၆၂၄)ဦး၊
    လူနာအဟောင်း- (၄၁၈၆)ဦး၊
    မွတ်စလင်- (၂၄၆၇)ဦး၊
    ဗုဒ္ဓဘာသာ- (၄၇၂၇)ဦး၊
    ခရစ်ယာန် -(၁၈၉)ဦး၊
    ဟိန္ဒူ- (၄၂၇)ဦး၊
    စုစုပေါင်း- (၇၈၁၀)ဦးနှင့် 

     

     

    မျက်စိအတွင်းလူနာဆောင်တွင်

    လူနာအသစ်- (၇၃၅)ဦး
    မွတ်စလင်- (၄၀၇)ဦး
    ဗုဒ္ဓဘာသာ- (၂၉၅)ဦး၊
    ခရစ်ယာန်- (၁၁)ဦး
    ဟိန္ဒူ – (၂၂)ဦး၊
    စုစုပေါင်း – (၇၃၅)ဦး

    ကို ကုသပေးခဲ့ သည်။

    ဆေးကုသဆောင်တွင်

    မွတ်စလင်- ၁၈၆ဦး
    ဗုဒ္ဓဘာသာ- ၁၃၈ဦး
    ခရစ်ယာန်- ၁၁ဦး
    ဟိန္ဒူ- ၂၁ဦး၊
    စုစုပေါင်း- ၃၅၆ဦး

    ကို ကုသပေးခဲ့  သည်။

     

    ခွဲစိတ်လူနာဆောင်တွင်

    မွတ်စလင်- ၃၂၈ဦး
    ဗုဒ္ဓဘာသာ- ၅၀၃ဦး
    ခရစ်ယာန်- ၂၅ဦး
    ဟိန္ဒူ- ၂၈ဦး
    စုစုပေါင်း- ၈၈၄ဦး

    ကို ကုသပေးခဲ့  သည်။

     

    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ၏ အဓိက ရည်မှန်းချက်နှင့် ပန်းတိုင်မှာ ဘာသာ၊ အယူဝါဒ၊ အသွေးအရောင် ခွဲခြားမှုမရှိစေဘဲ ဆင်းရဲသားများအား လိုအပ်သော ဆေးကုသမှုကို ကူညီပေးရန် ဖြစ်သည်။

    မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များ အတွက်ချီးမြှင့်သည့်  ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆုအတွက် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် ပဏာမစာရင်းတွင်ပါဝင်ခဲ့သည်။

    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံတည်ရှိရာ လိပ်စာမှာ အမှတ် ၈၀/၈၆ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း) ၊  ရန်ကုန်မြို့ဖြစ်ပြီး၊

    WebSite မှာ http://www.muslimfreehospital.com/ ဖြစ်ပါသည်။

    ပြည်တွင်းပြည်ပ မှ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံရန်ပုံငွေအတွက် ကူညီလှူဒါန်းနိုင်ကြောင်း ၄င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်မှာ ရေးသားထားပါသည်။

  • စင်ကာပူကျောင်းတိုက် ဒီဇိုင်းဆွဲခဲ့သော မြန်မာမွတ်စလင်မ် ဗိသုကာပညာရှင်

    စင်ကာပူကျောင်းတိုက် ဒီဇိုင်းဆွဲခဲ့သော မြန်မာမွတ်စလင်မ် ဗိသုကာပညာရှင်

    နိုဝင်ဘာ ၂၇၊ ၂၀၁၂
    M-Media
    မောင်လျောက်(မြယာမြေ)

    ဦး Hလှမြင့် ကို၁၉၃၅ခုနှစ် မေလ၁၄ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၆၀ပြည့်နှစ်တွင် ရန်ကုန်မြို့ ဘီအိုစီ ကောလိပ်မှ ဗိသုကာဘွဲ့(B.Arch) ကို ရရှိခဲ့သည်။

    ဗိသုကာပညာရှင်တစ်ဦးဖြစ်သူ ဦးHလှမြင့်သည်ရန်ကုန်မြို့ ရှိ ခမ်းနားသော ဟိုတယ်များဖြစ်သည့် အကယ်ဒမီဟိုတယ်နှင့် အင်းယားလမ်းရှိ Winner Inn ဟိုတယ်များကို ဗိသုကာပုံစံပြုခဲ့သည်။

    ထိုပြင် ဦးHလှမြင့်သည် ပုဇွန်တောင်မြို့နယ် ရှိ ဗုဒ္ဒဘာသာဝင်များ၏ စင်္ကာပူကျောင်းတိုက်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် လွတ်လပ်ရေးရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ဘင်္ဂလီစုဗလီ ၀တ်ကျောင်းတို့ကို ပုံစံဒီဇိုင်းများကို ကိုယ်တိုင် ဦးစီးဦးဆောင်ပြုကာ ဗိသုကာ ဒီဇိုင်းများရေးဆွဲခဲ့သည်။

    ဦးHလှမြင့်သည် ၁၉၉၉ခုနှစ် စက်တင်ဘာလ၂၅ရက်နေ့တွင် အလ္လာဟ် အရှင်မြတ်အမိန့်တော်ခံယူ (ကွယ်လွန်) ခဲ့သည်။