News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • ကျားဘငြိမ်း (၁၉၂၃-၁၉၇၉)

    ၁။ အမည်ရင်း – ဦးဘညိမ်း
    ၂။ မိဘအမည် – ဦးဘိုးမင်း + ဒေါ်မမကြီး
    ၃။ မွေးသက္ကရာဇ် – ၂၃၊ ၁၁၊ ၁၉၂၃
    ၄။ မွေးဖွားရာဒေသ – ၈၂ လမ်းနှင့် ၈၃လမ်းကြား၊ ၂၅ လမ်း၊ မန္ဈလေးမြို့

    ကိုယ်ရေးဖြစ်စဉ်

    ဦးဘညိမ်း ခေါ် ကျားဘညိမ်းကို ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၂၅ လမ်း မန္ဈလေးမြို့တွင် ဦးဘိုးမင်းနှင့် ဒေါ်မမကြီးတို့က ၁၉၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ့ညီများမှာ ဦးဘသိမ်း (စာရေးဆရာ ချစ်ညို)၊ ဦးဘစိမ်းနှင့် ဦးဘဟိန်းတို့ ဖြစ်ကြသည်။

    ငယ်စဉ်အခါက မန္ဈလေးမြို့ရှိ ဝက်စလီယံ သာသနာပြု ကျောင်းတွင် ပညာ စတင်သင်ကြားပြီး အမျိုးသား ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဦးရာဇာတ် ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင်သည့် အမျိုးသား အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ ပညာသင်ယူခဲ့သည်။ ဦးရာဇာတ်က ကျောင်းသားများ၏ အားကစား လုပ်ငန်းအနေဖြင့် အင်္ဂလိပ် လက်ဝှေ့ထိုးခြင်း အတတ်ပညာကို နိုင်ငံခြားသား ပညာရှင်တဦး ဖြစ်သည့် ဘီလ်ဖစ်ရှားအား သင်ကြား ပို့ချစေခဲ့သည်။ အမျိုးသားကျောင်းထွက် အင်္ဂလိပ် လက်ဝှေ့သမားများတွင် ဦးဘညိမ်းသည် နောင်အခါတွင် မြန်မာနိုင်ငံ၏ ဖယ်သာဝိတ်တန်း လက်ဝှေ့ချန်ပီယံ အဖြစ် ထင်ရှားခဲ့သည် သာမက ၁၉၅၂ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် ကျင်းပသည့် ကမ္ဘာ့ အိုလံပစ်ပွဲတော်၌ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး လက်ဝှေ့ ယှဉ်ပြိုင်ခဲ့သည်။

    မန္ဈလေးမြို့တွင် နေထိုင်စဉ် ၁၉၄၀ ပြည့်နှစ်တွင် မန္ဈလေးမြို့သူ ဒေါ်ကြည်ကြည်နှင့် အိမ်ထောင် ကျခဲ့သည်။ မန္ဈလေး လူထု သတင်းစာတိုက် ပိုင်ရှင် လူထုဦးလှ ဒေါ်အမာတို့နှင့် ရင်းနှီးသဖြင့် လူထု သတင်းစာတွင် အားကစား သတင်းများ ဝင်ရောက် ရေးသားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ၌ လက်ဝှေ့ နည်းစနစ်မှူး အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင်သဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး ရန်ကုန် စာပေလောကနှင့် နီးစပ်လာခဲ့သည်။

    မြဝတီ၊ ငွေတာရီ၊ ရှုမဝ အစရှိသည့် မဂ္ဂဇင်းကြီးများတွင်လည်း အားကစား ဆောင်းပါးများ ဝင်ရောက် ရေးသားခဲ့သည်။ နောင်အခါတွင် အားကစားဂျာနယ် တခု ဖြစ်သည့် တံခွန်ဂျာနယ် ပေါ်ထွက်လာသည့် အခါ၌လည်း ပင်တိုင် ဝင်ရောက် ရေးသားခဲ့သည်။ အထောက်တော် လှအောင်၏ သတင်းဂျာနယ်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ပတ်သက်၍ ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။

    စာရေးဆရာ ရန်ကုန်ဘဆွေ၏ ကူညီပံ့ပိုးမှုဖြင့် မင်းခေါင် အမည်ရှိ လုံးချင်း ဝတ္ထုတပုဒ်ကို ရေးသား ထုတ်ဝေခဲ့သည်။ မင်းခေါင်သည် ထိုခေတ် အခါက အောင်မြင် ထင်ရှားခဲ့သော မန္ဈလေး ရတနာပုံခေတ် နောက်ခံ ဝတ္ထုတပုဒ် ဖြစ်ခဲ့သည်။ ကြေးစားလက်ဝှေ့ ထိုးခြင်းအကြောင်းကို နောက်ခံထားကာ ရေးသားခဲ့သော သဲခင်းပေါ်မှ သွေးတကွက် ဝတ္ထုကို လည်းကောင်း၊ ရေးဖော် စာရေးဆရာများ ဖြစ်ကြသော ဗိုလ်မြင့်၊ ဗိုလ်ဘသော်၊ မောင်သင်တို့နှင့် တွဲဖက်ကာ အတ္ထုပ္ပတ္တိ လေးဦး စုစည်းမှုတွင် လည်းကောင်း၊ ပါဝင် ရေးသားခဲ့သည်။

    ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ လက်ဝှေ့ကျော်များ၏ အတ္ထုပ္ပတ္တိများ ဖြစ်သော ကမ္ဘာကျော် လက်သီးမဲကြီးများ၊ မိုဟာမက်အလီ၊ ကင်ရှာဆာမှ မနီလာသို့ လုံးချင်း စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ဦးဘညိမ်းသည် လက်ဝှေ့ ထိုးသတ်စဉ် ကာလက ကျားတကောင်ကဲ့သို့ ရဲရဲရင့်ရင့် ထိုးသတ်တတ်ခြင်း အပြင် အင်္ဂလိပ် ဆယ့်နှစ်ကောင်ကျား ကစားရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်ခြင်းကြောင့် ကျားဘညိမ်းဟု တင်စားခဲ့ကြသည်။ မန္ဈလေး သတင်းစာများက သူ့အောင်မြင်မှုများကို ရေးသား ဖော်ပြကြသူတိုင်း “ကျားကလေး” ဟု ရေးသားခဲ့ကြသည်။

    စာပေကို ဝါသနာအရ ရေးသားခဲ့သည့် အပြင် ကျားဘညိမ်းသည် ပန်းချီကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရေးဆွဲတတ်သူ ဖြစ်သည်။ မန္ဈလေးတွင် နေထိုင်စဉ် ကာလက စတိုးဆိုင်ကြီးများ၏ သံဆိုင်းဘုတ်ကြီးများကို တာဝန်ယူ ရေးဆွဲခဲ့သူ ဖြစ်သည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို အပတ်တကုတ် ကြိုးပမ်း ဖော်ထုတ်ခဲ့သူ အဖြစ်လည်း အားကစား ဝါသနာရှင်များက သိထားခဲ့ကြသည်။ သူတာဝန်ယူ ကျင်းပသည့် ရိုးရာ လက်ဝှေ့ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြသည့် လက်ဝှေ့ကျော်များ အားမာန် တက်စေရန် လက်တန်းစပ်ဆိုကာ ရွတ်ခဲ့သည့် လင်္ကာများမှာလည်း ယနေ့ထက်တိုင် ရိုးရာ လက်ဝှေ့ပွဲများတွင် ကြားနေရဆဲ ဖြစ်သည်။

    ကျားဘညိမ်းသည် ၁၉၇၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၄၀ အချိန်တွင် အစာအိမ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မိသားစုနှင့်အတူ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ပြည်တော်သစ်အိမ်ရာ တိုက်အမှတ် (၄)၊ အခန်းအမှတ် (၁၃) တွင် နေထိုင်လျက် ရှိသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်ဖြစ်ပြီး ဇနီး ဒေါ်ကြည်ကြည် သားသမီးများ ဖြစ်ကြသည့် ဝင်းငြိမ်း၊ ဆန်နီညိမ်း၊ ရဲမြင့်ညိမ်း၊ မျိုးမြင့်ညိမ်း၊ မာလာညိမ်း၊ ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်းတို့ ကျန်ရစ်ခဲ့ကြသည်။

    ကျားဘငြိမ်း ရေးသား ပြုစုခဲ့ပြီးသော စာအုပ်များ

    ၁။ ကမ္ဘာကျော် လက်သီးမဲကြီးများ ၁၉၆၈

    ၂။ မိုဟာမက်အလီ (သို့မဟုတ်) မဟူရာဧကရာဇ် ၁၉၇၄

    ၃။ အလီ-ဖရေဇီယာ ပွဲစဉ် အမှတ် (၃) ၁၉၇၅

    ၄။ ကင်ရှာဆာမှ မနီလာသို့ ၁၉၇၅

    ၅။ လူဆိုးကြီး မင်းခေါင် (ဒုတိယအကြိမ်) ၁၉၇၇

    ၆။ မိုဟာမက်အလီ၏ နေဝင်ဆည်းဆာ ၁၉၇၈

    ၇။ သဲခင်ပေါ်မှ သွေးတကွက် –

    ၈။ ဤလေးဦး (ဗိုလ်မြင့်၊ ဗိုလ်ဘသော်၊ မောင်သင်တို့နှင့် တွဲ၍) –

    ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀ဝ၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ‘နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)’ ကနေ “ကျားဘငြိမ်း (၁၉၂၃-၁၉၇၉)” ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းနဲ့ စာစုစာရင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

  • ကျားဘညိမ်း၏ ဟာသများ

    ကျွန်တော် ကျားဘညိမ်း ဆိုတဲ့ နာမည်နဲ့ စတင် ရင်းနှီးတာ ၁၉၆၀ ခုနှစ်ဝန်းကျင် လူပျိုပေါက် အရွယ်မှာပါ။ ကျားဘညိမ်းက လက်ဝှေ့ ထိုးသတ်ရာမှာ ဘယ်လိုတော်တာ၊ အရှောင်အတိမ်းမှာလည်း သိပ်လှတာ၊ သူလက်ဝှေ့ထိုးဖို့ စင်ပေါ်တက်လာတဲ့ အခါ ကျားခေါင်းပုံ ပါတဲ့ ၀တ်ရုံကြီး ခြုံတက်လာတာ၊ မြန်မာနိုင်ငံရဲ့ အတော်ဆုံး လက်ဝှေ့သမား စသဖြင့် ကျွန်တော်တို့ လူငယ် အချင်းချင်း အားပါးတရ ပြောဆိုလေ့ ရှိကြတယ်။ ခုလို ပြောဆိုနေကြ ပေမယ့် ကျွန်တော်တို့တစ်တွေ တစ်ယောက်မှ ကျားဘညိမ်း လက်ဝှေ့ထိုးသတ်တာ မမြင်ဖူးကြပါ။ ဒါပေမယ့် ကျားဘညိမ်းရဲ့ ဂုဏ်သတင်းဟာ မြန်မာနိုင်ငံ အ၀န်း ထင်ရှားကျော်ကြား လွန်းလှလို့ ကျွန်တော်တို့လို လူငယ်တွေ ကြားမှာ ရေပန်းစားပြီး စံပြပုံရိပ် ဖြစ်နေတာပါ။

    ဒီရှေ့ပိုင်းမှာတော့ ၁၉၅၁ ခုနှစ်မှာ ကျားဘညိမ်းဟာ ဖလိုင်းဝိတ်တန်း၊ ဘင်တန် ၀ိတ်တန်းနဲ့ ဖယ်သာ ၀ိတ်တန်းတွေမှာ ချန်ပီယံဘွဲ့ ရယူနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကောင်းဆုံး လက်ဝှေ့သမား အဖြစ် သတ်မှတ်ခြင်းခံခဲ့ရ ပါတယ်။ ၁၉၅၂ ခုနှစ် ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီးမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ အိုလံပစ် ပွဲတော်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ဂုဏ်ယူလောက်စရာ လက်ဝှေ့ကျော်လည်း ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ လက်ဝှေ့ ထိုးသတ်ခြင်းမှ အနားယူပြီး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှာ လက်ဝှေ့နည်း စနစ်မှူး၊ မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ် အတွင်းရေးမှူးစတဲ့ တာဝန်တွေကို ၈.၇.၁၉၇၉ နေ့ ကွယ်လွန်ချိန် အထိ ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

    ဆရာကျားဘညိမ်းက လက်ဝှေ့ထိုးတဲ့ အပြင် စာလည်း ရေးပါတယ်။ ဆရာ ကျားဘညိမ်း ရေးတဲ့ လုံးချင်းစာအုပ် တစ်အုပ် ဖတ်ဖူးတယ်။ နှင်းဦး၊ ချစ်ညိုတို့နဲ့ ခေတ်ပြိုင်ပေါ့။ ရှုမ၀၊ မြ၀တီ၊ ငွေတာရီ မဂ္ဂဇင်းတွေနဲ့၊ နောက်ပိုင်း တံခွန်သတင်း ဂျာနယ်ထဲမှာလည်း ဆောင်းပါးတွေ ရေးခဲ့တယ်။ ဆရာကျားဘညိမ်းဟာ အားကစား နယ်ကော၊ စာပေနယ်မှာပါ လူချစ်လူခင် အတော်များတဲ့ သူပါ။

    ၁၉၇၁ ခုနှစ် ကျွန်တော် ဆရာ စိန်ခင်မောင်ရီရဲ့ ဖြူနီညိုပြာ မဂ္ဂဇင်းမှာ အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ၀င်လုပ်နေချိန်မှာ ဆရာ ကျားဘညိမ်းကို စတင်တွေ့ဖူးပါတယ်။ ဆရာ ကျားဘညိမ်းက ရုံးဆင်းချိန် ညနေ လေးနာရီ နောက်ပိုင်းဆို ရေကျော် ၄၇ လမ်း ချင်းတွင်း ပုံနှိပ်တိုက်မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ ဖြူနီညိုပြာ မဂ္ဂဇင်းဆီကို ရောက်ရောက် လာတတ်တယ်။ ဆရာ စိန်ခင်မောင်ရီ၊ ဆရာဦးကိုကိုလေးတို့နဲ့ တစ်အောင့်တစ်နား စကားပြောပြီးမှ ပြန်သွားတတ်တယ်။

    ဖြူနီညိုပြာမှာ ဆရာ စိန်ခင်မောင် ရီက အယ်ဒီတာချုပ်၊ ဦးကိုကိုလေးက တာဝန်ခံ အယ်ဒီတာ အဖြစ် တာဝန်ယူကြတယ်။ ဦးကိုကိုလေးဟာ န၀ဒေး မဂ္ဂဇင်း မှာ ဆရာတက္ကသိုလ် နန္ဒမိတ်တို့နဲ့ အတူ လုပ်ခဲ့ပြီး၊ မောင်ဌေးကြွယ်၊ ထွန်းသစ် နာမည်တွေနဲ့ စာရေးသားသူ ဖြစ်တယ်။ ရဲကြေးမုံ၊ မှုခင်း မဂ္ဂဇင်းတွေကနေ ဖြူနီညိုပြာမှာ လုပ်နေရင်း၊ ပရုဖတ်၊ စာ ဖောင်ဖွဲ့၊ ကာလာဖောင်ဖွဲ့၊ ဖောင်ကိုင်၊ ဒမ်ဘီချ၊ ဆလစ်ထိုးစတဲ့ မဂ္ဂဇင်း အယ်ဒီတာ တစ်ယောက် တတ်အပ်တဲ့ စာနယ် ဇင်းပညာတွေ ကျွန်တော့်ကို သင်ပေး ခဲ့တဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

    တစ်နေ့ညနေ ဖြူနီညိုပြာကို ဆရာ ကျားဘညိမ်း ရောက်လာခိုက် ဦးကိုကို လေးက “မောင်ငွေကြည် ကိုဘညိမ်းက မင်းကို အကူအညီ တစ်ခုတောင်း ချင်လို့”ဆိုပြီး ဒီဇိုင်းတစ်ခု ဆွဲပေးဖို့ အပ်တယ်။ မှတ်မှတ်ရရ အလေးမအဖွဲ့ တံဆိပ်တုံး ဒီဇိုင်းပါ။ အဲဒီ အချိန်က ခုလို ကွန်ပျူတာ မပေါ်သေးတော့ တံဆိပ် အ၀ိုင်းထဲမှာ စာလုံးတွေ ကွန်ပါနဲ့ လှည့်ပြီး ဆွဲရတယ်။ အတော် လက်ဝင်တယ်။ ဒီဇိုင်းပြီးတော့ ဆရာညိမ်းက ကျွန်တော့်ကို ဒီဇိုင်းခ သုံးဆယ်ကျပ် ပေးပါတယ်။ (အဲဒီ အချိန်တုန်းက အဖုံး ၁၅၀ ကျပ်၊ ၀တ္ထု သရုပ်ဖော် ၆၀ ကျပ်၊ ခေါင်းစီးဒီဇိုင်း ၃၀ ကျပ်နှုန်း ရှိတယ်) နောက်တစ်ပတ် အကြာမှာ ကျွမ်းဘားအသင်းအမှတ် တံဆိပ် လိုဂိုပုံ အပ်ပြန်ပါတယ်။ ဒါလည်း ၃၀ ကျပ် ထပ်ပေးပါတယ်။ ကျွန်တော့် အဖို့တော့ ကျွန်တော် လေးစားချစ်ခင်တဲ့ လက်ဝှေ့ကျော် စာရေးဆရာကြီးနဲ့ ခုလို သိကျွမ်း ရင်းနှီးခွင့်ရတာ အမှတ်တရပါ။

    ကျွန်တော်က တိုက်ပေါင်းစုံမှာ ကာတွန်း ဆွဲနေတာမို့ အဲဒီလို နေရာတွေမှာ ဆရာ ကျားဘညိမ်းနဲ့ မကြာခဏ ဆုံတယ်။ တစ်နေ့ မြ၀တီတိုက်မှာ ပန်းချီ ကာတွန်း ဦးစိန်နဲ့ဆုံတော့ “ကိုဘညိမ်း (ကျားဘညိမ်း) နေရာကို လူသစ် တစ်ယောက် ခန့်ထားလိုက်တယ်တဲ့။ ရာထူးက လက်ဝှေ့ နည်းစနစ်မှူးပေမယ့် အဲဒီလူက လက်ဝှေ့ မထိုးတတ်ဘူးတဲ့” လို့ ပြောပါတယ်။ ကြားရသူ အပေါင်းက ဒါမျိုးလည်း ရှိသကိုးလို့ ရေရွတ်မိကြတယ်။

    နောက်လထုတ် မဂ္ဂဇင်းထဲမှာ ဦးစိန်ရဲ့ ကာတွန်း တစ်ပုံပါလာပါတယ်။ လူနှစ်ယောက် လက်ဝှေ့ ထိုးကြရာမှာ တစ်ယောက်က ကင်းမြီးကောက်ထောင် ထားပြီး ခြေထောက်နှစ်ချောင်းမှာ လက်ဝှေ့အိတ် စွပ်ထားကာ၊ ကျုပ်က လက်နဲ့ မထိုးတတ်တော့ ခြေနဲ့ ထိုးမယ်လို့ ပြောနေတဲ့ပုံပါ။ ဒါဟာ ဆရာကျားဘညိမ်း ရဲ့အဖြစ်ကို အခြေပြု ပေါ်ထွက်လာတဲ့ ကာတွန်းဖြစ်ပါတယ်။

    ဆရာ ကျားဘညိမ်းနဲ့ ဆုံပါများတော့ သူ့ရဲ့ထူးခြားချက် တစ်ခုကို သတိ ထားမိလာတယ်။ အဲဒါကတော့ ဆရာ ကျားဘညိမ်းဟာ စကားဝိုင်းတွေကို ကောင်းကောင်းထိန်းထားနိုင်ပြီး သူပါတဲ့ စကားဝိုင်းဟာ ပွဲစည်တယ် ဆိုတာပါပဲ။ ဘာကြောင့်ထိန်းထားနိုင်လဲ၊ ပွဲစည်လဲလို့ ဆန်းစစ်ကြည့်တော့ စကား ၀ိုင်းတွေမှာ ဟာသတွေ ပြောတတ်လွန်း လို့ပါ။ ပြုံးပြုံးရွှင်ရွှင် မျက်နှာထား ရှိပေမယ့် လူပုံက ရိုးရိုးအေးအေးကြီးမို့ ဆရာ ကျားဘညိမ်းဆီက ဒီလိုဟာသတွေ ကြားရလိမ့်မယ်လို့ မထင်မှတ်စရာပါ။

    ဆရာ ကျားဘညိမ်းဟာ မြန်မာ့ လက်ဝှေ့ကျော် ဘ၀နဲ့ နိုင်ငံတကာကို အတော်များများ ရောက်ဖူးပါတယ်။သူ့ရဲ့ (အိန္ဒိယ၊ မြန်မာ)ချစ်ကြည်ရေး ခရီးစဉ်နဲ့ ပတ်သက်တဲ့ ဟာသ တစ်ခုကို သတင်း ဂျာနယ်တိုက်မှာ ခုလိုပြောပြပါတယ်။ “ကျွန်တော်တို့ မြန်မာလက်ဝှေ့ အဖွဲ့နဲ့ အိန္ဒိယ လက်ဝှေ့အဖွဲ့ ချစ်ကြည်ရေး လက်ဝှေ့ ယှဉ်ပြိုင်ကြတာ နိုင်သူနိုင်၊ ရှုံးသူရှုံးပေါ့။ ပွဲအစီအစဉ်တွေပြီးလို့ ဈေးထွက်ဝယ်တဲ့ အချိန်က ခဏပဲရတယ်။ အိမ်ပြန် အမှတ်တရ ပစ္စည်းလေးတွေ ၀ယ်ဖို့ ကိုယ်ပါတဲ့ ငွေနဲ့ချိန်ရတယ်။ တစ်နေရာရောက်တော့ ဖော့ဦးထုပ်တွေ ရောင်းတဲ့ ဆိုင်တွေ့တယ်။

    “အတော်ပဲ ဖော့ဦးထုပ်က တို့ဆီမှာလည်း ဆောင်းကြတယ်ဆိုပြီး ဈေး မေးကြည့်တယ်။ ဈေးသင့်တာနဲ့ ဦးထုပ် အလုံးနှစ်ဆယ် ၀ယ်လိုက်တယ်။ မွန်ဘိုင်းလိုမြို့တစ်မြို့က ထုတ်တဲ့ ဖော့ ဦးထုပ်တွေ။ ရန်ကုန်ပြန်ရောက်တဲ့ အခါ မိတ်ဆွေတွေကို ဖော့ဦးထုပ်တွေ အမှတ်တရပေးလိုက်တယ်။
    “အဲဒီမှာ တစ်ယောက်က ကိုဘညိမ်းရယ် ဒီဦးထုပ်တွေ ဟိုက ၀ယ်လာတာမှ ဟုတ်ရဲ့လား၊ ဒီရောက်မှ ၀ယ်ပေးတာ မဟုတ်လားလို့ ပြောတယ်။ တကယ် ဟိုက ၀ယ်လာတာပါလို့ ပြောတော့ ကိုယ့်လူ ရွှီးမနေနဲ့။ ဟောဒီ ဦးထုပ်က စာဟာ သက်သေပဲလို့ ပြောပြောဆိုဆို ဦးထုပ်ကို ပြတယ်။

    “ဦးထုပ်ကို အသေအချာ ကြည့်လိုက်တော့ မွန်ဘိုင်းလို အိန္ဒိယမြို့တစ်မြို့က လုပ်တယ် ထင်ထားခဲ့တာ၊ စာတန်း ထိုးထားတာက မိတ်အင် မုံရွာတဲ့ဗျား။ သေရော”

    ဆရာ ကျားဘညိမ်းဟာ လက်ဝှေ့ ထိုးသတ်ရာမှာ ကျားတစ်ကောင်လို ရဲရဲရင့်ရင့် ထိုးသတ်တတ်ခြင်း၊ ရွှေကျား လက်ဝှေ့ကလပ် ထောင်ပြီး လူငယ် လက်ဝှေ့သမားတွေ မွေးဖွားပေးခြင်း အပြင်၊ အင်္ဂလိပ် ၁၂ ကောင်ကျားထိုး ရာမှာလည်း ကျွမ်းကျင်ခြင်းတွေကြောင့် ကျားဘညိမ်းလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ဒီဟာသက ကျားထိုးခြင်းနဲ့ ပတ်သက်တဲ့ ဟာသပါ။

    “တစ်နေ့တော့ ပဲခူးက လူတွေနဲ့ ကျားထိုးဖို့ ချိန်းထားလို့ ဆိုင်ကယ်စီး ပြီးထွက်ခဲ့တယ်။ ကျုပ်ဆိုင်ကယ်က ဟာလေဒီဗက်ဆင် ဆိုင်ကယ်ကြီး၊ စိတ်တိုင်းကျ ရွေးဝယ်ထားတာ၊ အင်ဂျင်မာတယ်၊ အရမ်းမြန်တယ်။ မြန်သမှ ၃ နာရီလောက်ခရီးကို ၁ နာရီခွဲလောက်နဲ့ ရောက်တယ်”

    စကားခဏရပ်ပြီး ဆရာကျား ဘညိမ်းက ပြုံးတုံးတုံးလုပ်နေပါတယ်။ ပြီးမှ စကားဆက်တယ်။ “ဒီလိုနဲ့ ပဲခူး ရောက်ရော။ ပဲခူးက ကျားချန်ပီယံတွေ ကျွန်တော်နဲ့ လက်ရည်စမ်းတယ်။ တစ်ယောက်ပြီး တစ်ယောက် နောက်ကောက်ကျ ကုန်တယ်။ ပွဲစဉ်တွေများတော့ ညနေ ၅ နာရီမှ ပြီးတယ်။ နေကလည်း ၀င်တော့မှာမို့ အိမ်အတွက် ခေါက်ဆွဲထုပ် ၀ယ်ပြီး ဆိုင်ကယ်ကို တရကြမ်းမောင်း ပြန်ခဲ့တယ်။ ဘယ်နှ မိုင်နှုန်းနဲ့ မောင်းခဲ့လဲတောင် မသိဘူး။ အိမ်လည်း ရောက်ရော ခေါက်ဆွဲထုပ်ကို မိန်းမ လက်ထဲပေးလိုက်တယ်။ ခေါက် ဆွဲထုပ်က ပူနွေးနေတုန်းပဲ”

    စကားဝိုင်းက လူတွေအဖို့ မိုင် ငါး ဆယ်လောက်ဝေးတဲ့ ခရီးကိုပြန်ရောက်တဲ့ အထိ ခေါက်ဆွဲထုပ်က ပူနွေးနေအောင် သူ့ဆိုင်ကယ် ဘယ်လောက်တောင် မြန်လဲလို့ စဉ်းစားစရာဖြစ်ကုန် ပါတယ်။ ပြီးတော့
    “ဒါတော့ လွန်ပြီဗျာ၊ ခင်ဗျားဆိုင်ကယ် ဘယ်လောက်မြန်မြန် မိုင်ငါးဆယ် ခရီးကို လေထုထဲဖြတ်မောင်းလာရ တာ၊ ခေါက်ဆွဲထုပ် အေးသွားမှာ သေချာတယ်။ ပူစရာ အကြောင်းမရှိဘူး”

    ဒီအခါ ဆရာကျားဘညိမ်း ပြောလိုက်တာက “ပူပါတယ်ဗျ၊ ပူဆို ကျုပ် က ခေါက်ဆွဲထုပ်ကို ဆိုင်ကယ်အိပ်ဇော ပိုက်မှာ ချည်ပြီး မောင်းလာတာဗျ”တဲ့။ အားလုံးဝေါခနဲ ပွဲကျ သွားကြပါတယ်။
    ဒါတွေကတော့ ကျွန်တော် မှတ်မိ သမျှ ဆရာကျားဘညိမ်း ဟာသတွေပါ။ ဆရာက လူချစ်လူခင် များပြီး၊ စကားဝိုင်းတွေလည်း အများကြီး ပြောခဲ့ တာမို့ ကျားဘညိမ်းရဲ့ဟာသတွေ အများကြီး ရှိနေဦးမှာပါပဲ ခင်ဗျား။
    ဆရာကျားဘညိမ်းသို့ အမှတ်တရ

    ရွှေအမြုတေ ကနေကူးပါသည်။

  • ဆရာ(ဦး)ကံချွန် (ကာတွန်း၊ ပန်းချီ၊ စာရေးဆရာ)အမှတ်တရနေ့

    ဆရာ(ဦး)ကံချွန် (ကာတွန်း၊ ပန်းချီ၊ စာရေးဆရာ)အမှတ်တရနေကျင်းပမည်။

    မန္တလေးသားစစ်စစ် ဆရာကံချွန်၏ အမှတ်တရနေ့ (Saya U Kan Chon’s Memorial Day) ကို Myanmar Muslim Education & Cultural Society မှ ကြီးမှူး၍ မန္တလေးမြို့၊ ကီးမားတင်ဝင်းခန်းမ၌ ၂၀.၈.၂၀၁၁ (စနေနေ့) ညနေ(၅)နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ “ဆရာ့အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲလေးကိုလုပ်ဖို့ ပြီးခဲ့တဲ့နှစ်ထဲက စဉ်းစားခဲ့ကြ တာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပွဲမစီစဉ်နိုင်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ မဖြစ်ဖြစ်အောင် စီစဉ်မှာဆိုပြီး လုပ်ကြတာပါ။

    ဒီပွဲမှာ ဆရာမိတ်ဆွေအပေါင်းအသင်းတွေထဲက ဆရာနဲ့ ပတ်သက် တဲ့ပြန်ပြောင်းအောက်မေ့ဖွယ်စကားများကို ပြောကြားကြမှာဖြစ်သလို ဆရာ့ပန်းချီကားတွေနဲ့ ဆရာကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်း ပြသထားမှာဖြစ်ပါတယ်။

    ဒါပြင် ဆရာ့မိတ်ဆွေသူငယ်ချင်းများ စုပေါင်းရေးသားထားတဲ့ “ ကံချွန်အမှတ်တရ စာစုများ ” လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဆရာ့ပုံ ကောက်ကြောင်းပါတဲ့ တီရှပ်လည်း စီစဉ်နေပါတယ်”ဟု MMECS ရဲ့ တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ကိုဇော်မင်းထွန်း (Tip Top Education) က ရှင်းပြပါတယ်။

    ဆရာကံချွန်ရဲ့ မိတ်ဆွေအပေါင်းအသင်းများမှဖြစ်စေ၊ ဆရာ့ပရိသတ်ထဲမှဖြစ်စေ၊ ဆရာနဲ့ ပတ်သက်တဲ့ အားတက်ဂုဏ်ယူဖွယ်အကြောင်းအရာများကို ဒီပွဲလေးမှာ ၀င်ရောက် ပြောကြားလိုလျှင် (၁၈.၈.၂၀၁၁) နေ့ နောက်ဆုံးထားပြီး ကိုခင်မောင်ထွန်း (09-91010655)၊ ကိုဇော်မင်းထွန်း (09-91001818)၊ ကိုညီညီကျော်(09-91018753)သို့ဖြစ်စေ email: myanmarmuslim.ecs@gmail . com သို့ဖြစ်စေ ကြိုတင်အကြောင်းကြားပေးစေလိုပါသည်။

  • တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်း ဘာသာပြန်စာအုပ်ရေးသူ)

    မူရင်းစာအုပ်အမည်မှာDefeat into victory ဖြစ်သည်။ ဖီးလ်မာရှယ် ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်း၏ အတွေ့ အကြုံမှတ်တမ်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့ တိုက်ခိုက်သော မြန်မာပြည် စစ်မြေပြင်နှင့် ပတ်သက်၍ အပြည့်စုံဆုံးစာအုပ်ပင်ဖြစ်သည်။ ဤစာအုပ်တွင် ဆလင်းသည်မြန်မာနိုင်ငံတော်လှန်ရေး အင်အားစုများအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတို့ကိုလည်း ဖြည့်သွင်းရေးသားထားသည်။

    တက္ကသိုလ်နန္ဒမိတ်သည် ဤစာအုပ်ကို ပြန်ဆိုရာတွင် အတော်ပင် အကျဉ်းချုံး၍ ပြန်ဆိုထားသော်လည်း ဤစာအုပ် အလျင်က ဤမျှပြည့်စုံသော စစ်မှတ်တမ်းဘာသာပြန်စာအုပ် မရှိခဲ့သဖြင့် အထူးပင်အောင်မြင်မှုရရှိသည်။ ဤစာအုပ်ကြောင့် ပင် နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော စစ်ဘာသာပြန်စာအုပ်များ အများအပြားပေါ် ထွက်လာခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်နန္ဒိမိတ်ကိုယ်တိုင်လည်း နောက်ထပ် စစ်စာအုပ်များစွာ ပြန်ဆိုခဲ့သည်။[ဘာသာပြန်စာပေစာတမ်းများ -ဒုတိယတွဲ၊ ဘာသာပြန် သုတ(ဝိဇ္ဇာ)စာပေ၊ နတ်နွယ်၊ လှသမိန်၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၀၊ စာ-၄၅-၄၆]

    တက္ကသိုလ်နန္ဒမိတ် ( ၈ မတ် ၁၉၂၂ – ၁၅ နိုဝင်ဘာ ၁၉၆၈) သည် သံတွဲခရိုင် တောင်ကုတ်ဇာတိဖြစ်သည်။ အဖ မြို့ပိုင် ဦးမောင်မောင်ကြီး အမိဒေါ်ရွှေတို့၏ သားဖြစ်သည်။ အမည်ရင်းမှာ မုဟမ္မဒ်အလီခေါ် ဦးတင်အောင်ဖြစ်သည်။ ၁၉၄၆ တွင် သံတွဲ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ခဲ့သည်။ ဂျပန်ခေတ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများတွင် ကထိကဦးကျော်ရင်နှင့် အတူပါဝင်ခဲ့သည်။ တိုးတက်ရေးသတင်းစာ၊ ရောင်ခြည်ဂျာနယ်၊ ရုင်ရှင်ပဒေသာမဂ္ဂဇင်း၊ နဝဒေးမဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ စစ်ပြန်မဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် မြဝတီမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

    ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်)

    တက္ကသိုလ်နန္ဒမိတ် (၁၉၂၂-၁၉၈၆)

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့၌ အဖမြို့ပိုင် ဦးမောင်မောင်ကြီး၊ အမိဒေါ်ရွှေတို့က ၁၉၂၂-ခု၊ မတ် လ (၈)ရက်၊ကြာသပတေးနေ့တွင်မွေးဖွားသည်။ အမြွှာညီအစ်ကိုနှစ်ဦးအနက် ပထမဖွားမြင်သော သားဖြစ်သည်။ မွေးချင်း (၃)ဦးတွင် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်က ကိုကိုဟုခေါ်ခဲ့ကြသည်။ အမည်ရင်းမှာ ဦးတင်အောင်ဖြစ် သည်။ တောင်ကုတ်မြို့၊တိုင်းရင်းမြန်မာ အလယ်တန်းကျောင်းတွင် ပဥမတန်းအထိ ပညာသင်ကြားခဲ့။
    ၁၉၄၂ – သံတွဲမြို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့။ နယ်ချဲ့မောင်းထုတ်ရေး ကျောင်းသားလှုပ် ရှားမှုတွင် ပါဝင်ခဲ့။
    ၁၉၄၅ – ၄၆ – သံတွဲမြို့၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့။
    ၁၉၄၆ – ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့။
    ၁၉၄၇ – ဒီဇင်ဘာလထုတ် ဂျာနယ်ကျော် (တွဲ-၁၁၊ အမှတ်-၃)ပါ ”မောင်တို့ရခိုင်ပြည်” ကဗျာသည် အစောဆုံး စာပေလက်ရာဖြစ်သည်။
    ၁၉၄၉ – ၅၀ – ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်စာစောင်၊ မြန်မာစာကဏ္ဍတွဲဖက်စာတည်း။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း ဒု-ဥက္ကဌ။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ဗမာမွတ်စလင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီ တာ။ ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးမှ ကြီးမှူးကျင်းပသော ၀တ္ထုတိုပြိုင်ပွဲတွင် ”မောင်တင်အောင်(၀ိဇ္ဇာ- အထက်တန်း)” အမည်ဖြင့်”ကဗျာတကျော့” ၀တ္ထုတို ပထမဆုရခဲ့။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်နှစ်လည်စာ စောင် (တွဲ-၁၊ အမှတ်-၃)၌ ”ကိုယ်ပျောက်ဆေးလုံး
    ပြဇာတ်”။ တော်ဝင်မဂ္ဂဇင်း၊ ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းတို့တွင် ‘ခေတ်၏ကြေးမုံ’ (တေးကြို)ကဗျာကို ရေးသားခဲ့။
    ၁၉၅၀ – ပြည့်နှစ်တွင် ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်စာမေးပွဲ မဖြေတော့ဘဲ ကျောင်းထွက်ခဲ့။ ပထမဆုံးလုံးချင်း ”နန္ဒာပုလဲ” ၀တ္ထုကို ရေးသားထုတ်ဝေ။(ဂျပန်ခေတ်တွင် ဂျပန်တော်လှန်ရေးလုပ်ငန်းကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့။)
    တက္ကသိုလ်မှထွက်ပြီးနောက်တိုးတက်ရေးသတင်းစာ တွင် လက်ထောက်အယ်ဒီတာ။
    ၁၉၅၃ – ၀ါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာ။
    ၁၉၅၄ – မြ၀တီမဂ္ဂဇင်းတိုက်ထုတ် ”ရောင်ခြည်ဂျာနယ်” အယ်ဒီတာ။ ထိုနှစ်မှာပင် မြ၀တီမဂ္ဂဇင်း တာဝန်ခံ စာတည်း၊ စာတည်းချုပ်တာဝန်များကို (၁၉၆၀)ပြည့်နှစ်အထိဆောင်ရွက်ခဲ့။ ”မောင်ကြီးလာပါဟေ့” လုံးချင်းဝတ္ထုထွက်။
    ၁၉၅၆ – ”ပန်းတိုင်းမွှေးပါစေ” ၀တ္ထုထွက်။
    ၁၉၆၀ -ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ န၀ဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စာရေးဆရာမိုးဝေနှင့်အတူ ”စုံထောက်မဂ္ဂဇင်း”ကို အယ်ဒီတာအဖြစ်ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့။ ”ရွှေပြည်ကြီး” မြန်မာရာဇ၀င်နောက်ခံဝတ္ထုနှင့်”ပန်းဖွက်တမ်း” ရခိုင်ဓလေ့ရိုးရာအချစ်ဝတ္ထုတို့ကို ရေးသားထုတ်ဝေခဲ့။
    ၁၉၆၁ – သွေးသစ္စတာ၊ စောကြိုလှဲ့ပါ၊ ချစ်သောနီနီ၊ အချစ်လမ်းကလေးဝင်္ကပါ၊ မိုးတိမ်ကိုမျှော်၊ မိုးတိမ်ကိုမှာ စသော ပင်ကိုယ်ရေးဝတ္ထုများအပြင် စာပေဆောင်းပါများကို စုစည်းကာ ”စာရေးချင်သောသူများသို့” စာပေဆိုင်ရာ စာအုပ်များထုတ်ဝေခဲ့။
    ၁၉၆၃ – ”စစ်ကြောင်းချီသော်” စစ်ဝတ္ထုထုတ်ဝေ။ ”နန္ဒာပုလဲ” ဒု အကြိမ်ထွက်။ ”စာရေးချင်သောသူများသို့” ဒု အကြိမ်ထွက်။
    ၁၉၆၄ – ချင်းတွင်းကျော်လျှင်၊ သွေးကိုလမ်းခင်း၍၊ သင်ကြားပေးပါလေဦးဆရာ စာအုပ်များထွက်။ ”မောင်ကြီး လာပါဟေ့” ၀တ္ထု ဒုတိယအကြိမ်ထွက်။
    ၁၉၆၅- ဂျပန်တော်လှန်ရေးတိုက်ပွဲ။ အသက်ကိုဖက်ရွက်ပမာ၊ အင်ဖာတိုက်ပွဲ၊ ကလိန်စေ့ငြမ်းဆင်၊ မြန်မာ ပြည်စစ်မြေပြင်၊ မန္တလေးကိုဖြတ်၍တိုက်ပွဲအဆင့်ဆင့်စသော ဘာသာပြန်လုံးချင်း စာအုပ်များထွက်ရှိ။
    ၁၉၆၆- သွေးချောင်းစီးတိုက်ပွဲ၊ သံလွင်မြစ်ကမ်းတိုက်ပွဲ၊ လက်တကမ်းတိုက်ပွဲ၊တတိယမီးကျည်၊ စစ်ပြေး။ စင်ရယ် စနစ်ရယ် လူသားရယ်။ ဇက်တပ်ဖွဲ့စသောဘာသာပြန်လုံးချင်းများထွက်ခဲ့။ ”ရွှေပြည်ကြီးနှင့်အခြားဝတ္ထုတိုများ”စာအုပ်ထွက် ”စာရေးချင်သောသူများသို့” (တ)အကြိမ်ထွက်။
    ၁၉၆၇ -အသေခံတပ်စု၊ ဆိုက်ပန်ကျွန်းတိုက်ပွဲ၊ ထောင့်ကိုးရာလေးဆယ့်နှစ်၊ပန်းပါစစ်ကြောင်း၊ မြ၀တီစစ်ကြောင်း၊မြစ်ကြီးနားတိုက်ပွဲ၊ မိန်းမသုတေသန(၁၊၂)၊ ယုံကြည်ချက်အတွက် အသက်စွန့်သူများ စသောလုံးချင်းစာအုပ်များထွက်ရှိခဲ့။
    ၁၉၆၈ – ဗန္ဓုလခံတပ်၊ စောနန္ဒာ၊ မိုးတိမ်ကိုစေ စသောစာအုပ်များထွက်။
    ၁၉၆၉ – သိပ္ပံစုံထောက်၊ သုံးရောင်ခြယ်တစ္ဆေသင်္ဘော ဘာသာပြန်လုံးချင်းများထွက်။
    ၁၉၇၁ – ဘ၀သစ္စာမေတ္တာလှိုင်း၊ တသိမ့်သိမ့်ဒွန် စာအုပ်များ ထွက်။ ‘မြန်မာပြည်စစ်မြေပြင်’ ဒုအကြိမ်ထွက်။
    ၁၉၇၇ – ဆယ်ပြည်ထောင်ချော့တော့မပြုံး၊ တောင်တကာ့တော ဆန်ကောနဲ့ကျားထောင် ၀တ္ထုများထွက်။
    ၁၉၈၁ – သေမင်းနောက်သို့ ခြေရာကောက်သော် (၂-တွဲ)ထွက်။
    ၁၉၈၂ – တိုင်တန်းနစ် (၂-တွဲ)၊ သွေးစက်ခြေရာ(၂-တွဲ) ဘာသာပြန် စာအုပ်များထွက်။
    ၁၉၈၃ – တစ်သောင်းမှာတစ်ယောက်၊ သန်းခေါင်ယံခုနှစ်မီးနစ် စာအုပ်များထွက်။
    ၁၉၈၄ – မဟာခရီးရှည်၊ မိုးပြိုမပြို၊ အတွေ့စိမ်းစိမ်း၊ ဟစ်တလာ့ အမွေ၊ စသောစာအုပ်များထွက်။
    ၁၉၈၅ – တိုက်ဖွန်၊ နောင်ဥဒါန်းဘယ်မကြေစရာ၊ ဘီလူးစည်းလူ့စည်း (၂တွဲ) စသောဘာသာပြန်လုံးချင်းများ ထွက်။
    ၁၉၈၆ – သံမဏိသစ္စာ၊ ၃၄-အရှေ့၊ ဘာသာပြန်လုံးချင်းများထွက်။
    ၁၉၈၆ – နိုဝင်ဘာ (၁၅)ရက်၊ စနေနေ့ ည (၁၀း၀၅)နာရီအချိန်တွင် အင်းစိန်မြို့ရွာမအရှေ့၊ အောင်မင်္ဂလာလမ်း သွယ်၊ အိမ်အမှတ် (၉၉၁)တွင် ကွယ်လွန်၊ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းနုနှင့် သမီးစောသီတာနန္ဒမိတ်၊ စောစန္ဒာနန္ဒမိတ်၊ သား ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကနန္ဒမိတ်တို့ကျန်ရစ်ခဲ့။

    ထင်ရှားသောစာအုပ်အချို့
    (၁) နန္ဒာပုလဲ၊
    (၂) မြ၀တီစစ်ကြောင်း
    (၃) ပန်းပါစစ်ကြောင်း
    (၄) ရွှေပြည်ကြီး
    (၅) ယုံကြည်ချက်အတွက် အသက်စွန့်သူများ
    (၆) ဗန္ဓုလခံတပ်
    (၇) မြန်မာပြည်စစ်မြေပြင်
    (၈) သံလွင်တိုက်ပွဲ
    (၉) မြစ်ကြီးနားတိုက်ပွဲ
    (၁၀) မန္တလေးကိုဖြတ်၍
    (၁၁) စာရေးချင်သောသူများသို့
    (၁၂) တတိယမီးကျည်
    (၁၃) သန်းခေါင်ယံခုနှစ်မီးနှစ်
    (၁၄) အင်ဖာတိုက်ပွဲ
    (၁၅) တိုင်တန်းနစ် (၂-တွဲ)
    (၁၆) သုံးရောင်ခြယ်တစ္ဆေသင်္ဘော

    စာညွှန်း ။ ။
    1. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၉၈ – ၂ဝ၉။
    2. မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃ဝ၉။
    3. မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ အကြောင်း။ စာ ၁ဝ၉ – ၁၂၄။
    4. နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ – ၃၄ဝ။
    5. စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။
    6. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ – ၁၇၂။]

    copy from http://www.myanmarbookshop.com/Authors/Biography.aspx?intAuthorID=1466

  • အရှေ့တောင်အာရှ လက်ဝှေ့ချန်ပီယံ မြန်မာ့ လက်ရွေးစင် ရွှေကျားတင်မောင်

    အရှေ့တောင်အာရှ လက်ဝှေ့ချန်ပီယံ မြန်မာ့ လက်ရွေးစင် ရွှေကျားတင်မောင်

    ဇွန် ၂၄ ၊ ၂၀၁၁
    M-Media

    ရွှေကျားတင်မောင် (ခေါ်) မို့ဟမ္မဒ် အစ္စမာအီလ်သည် ဖခင်ဦးဂဖား (ခေါ်) ဦးကိုလေး နှင့် မိခင် ဒေါ်ဖွာတီတို့မှ ရမညးသင်းမြို့၊ ၀ါတိုးရပ် အနောက်ပိုင်း၌ ၁၉၃၆- ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၆) ယောက်အနက် ဒုတိယသားဖြစ်သည်။

    အစ်ကို ဦးမြသောင်းသည် မန္တလေးတိုင်း သေနတ်ပစ်အသင်းအတွင်းရေးမှူးနှင့် လက်ရွေးစင်ဖြစ်သည်။ ညီတော်သူ ဦးချစ်ထွန်းသည် မန္တလေးတိုင်း ဘတ်စကက်ဘော လက်ရွေးစင်နှင့် ဘောလုံးလက်ရွေးစင် ဂိုးသမားဖြစ်သည်။ ညီအငယ်ဆုံး ဦးအောင်မြင့်မှာ မြန်မာ့မီးရထားရုံပိုင်ကြီးဖြစ်သည်။

    ရွှေကျားတင်မောင်သည် မန္တလေးမြို့၊ အမှတ် (၃) အ.ထ.ကတွင် (၈)တန်းအထိ၊ အမှတ်(၂) အ.ထ.က (အမျိုးသားကျောင်း)တွင် ဒသမတန်းကို ၁၉၅၇-ခုနှစ်အထိ တက်ရောက်ပညာဆည်းပူးခဲ့သည်။ ကျားဘညိမ်း၏ ရွှေကျားလက်ဝှေ့အသင်းတွင် လက်ဝှေ့ပညာဆည်းပူးခဲ့ပြီး  ကလောင်အမည်ကိုလည်း တင်မောင် (ရွှေကျား) ဟုမှည့်ခဲ့သည်။

    ၁၉၅၂-ခုနှစ်တွင် ဂျူနီယာဖလိုင်းဝိတ်ချန်ပီယံဆု ရရှိသည်။ ၁၉၅၅-၅၆ ခုနှစ်က မန္တလေးရဲအတတ်သင် သိပ္ပံကျောင်း၌ (၆)လသင်တန်း၊ ၁၉၅၇- မှ ၁၉၆၂ အထိ ပေါက်မြိုင်(အ.လ.က) တွင် ကာယဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း အင်္ဂလိပ်လက်ဝှေ့ကို ထူးချွန်စွာထိုးသတ်ခဲ့၍ မြန်မာပြည် ချန်ပီယံဆုများဆွတ်ခူးရရှိခဲ့သည်။

    ၁၉၅၈-၁၉၆၁-၁၉၆၂-၁၉၆၄ (၄)နှစ် ဆက်တိုက် “လိုက်ဝေါ်လ်တာဝိတ်” တန်း မြန်မာပြည်ချန်ပီယံဆုဆွတ်ခူးခဲ့၍ လက်ဝှေ့အဖွဲ့ချုပ်မှ ရွှေကျားတင်မောင်ကို ရွှေစင်ရုပ်ဆု အပိုင်ချီးမြှင့်ခဲ့သည်။ ဆရာကျားဘညိမ်း၊ ရှူးဂါး မဂျစ်(ဆေးကျောင်း)၊ လှညွန့်(ရေတပ်)၊ သန်းထွန်း (မန္တလေး)တို့လည်း ယင်းဆုရရှိခဲ့သည်။ ဒုတိယအကြိမ် အရှေ့တောင်အာရှပွဲတွင် “လိုက်ဝေါ်တာဝိတ်တန်း” ၌ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

    မြန်မာ့လက်ရွေးစင်အဖြစ် ပါကစ္စတန်၊ ယိုးဒယား၊ ကမ္ဘောဒီးယားလက်ဝှေ့ပွဲများတွင် အရွေးချယ်ခံခဲ့ရသည်။ ၁၉၆၄ ခု၌ ဆရာဖြစ်သူကျားဘညိမ်း ရန်ကုန်သို့ ပြောင်းရွေ့အမှုထမ်းသောကာလတွင် ရွှေကျားတင်မောင်သည် ရွှေကျားလက်ဝှေ့အသင်း၌ ကြီးကြပ်ကွပ်ကဲခဲ့သည်။

    ရွှေကျားတင်မောင်သည် ၁၉၅၇-ခုနှစ်မှ ၁၉၉၃-ခုနှစ်အထိ မန္တလေးတိုင်းလက်ဝှေ့ ဆပ်ကော်မတီ-အတွင်းရေးမှူး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် တရားသူကြီး၊ မန္တလေးတိုင်း ကျောင်းသားပွဲတော် ဘတ်စကက်ဘော အတွင်းရေးမှူး၊ မန္တလေးတိုင်း အ-သုံးလုံးကြေ အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။

    မြို့တော်ဝန် ဦးမြသောင်း၊ စည်ပင်အလုပ်ဝန်တို့က တာဝန်ပေး၍ ၁၉၅၇-ခုနှစ်မှစ၍ မန္တလေးတိုင်းအတွင်း မိုးကုတ်၊ ပျဉ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာမြို့များ၌ လက်ဝှေ့ပွဲများတာဝန်ယူ ကျင်းပပေးခဲ့သည်။ ရွှေကျားတင်မောင် မွေးထုတ်ခဲ့သော လက်ဝှေ့သမားများအနက် ဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရ ဇော်မျိုးမင်း၊ လူချော (ခေါ်) သန်းဇော်ထွေး၊ မန္တလေး အား/ကာသိပ္ပံမှ ကိုမျိုးနှင့် စည်သူတို့ ပါဝင်လေသည်။

    ရွှေကျားတင်မောင်သည် ပထမဇနီး ဒေါ်တီမာ (ခေါ်) ဒေါ်မမလေးမှ သားသမီး(၉) ဦး ထွန်းကားပြီး ၄င်းဇနီး ၁၉၉၅-ခုတွင် ကွယ်လွန်သည်။ ဒုတိယဇနီး ဒေါ်စိန်စိန်နှင့် သားသမီး (၅)ဦး ထွန်းကားသည်။ ၄င်းသည် ယခုအခါ မန္တလေးမြို့၊ စကြာနွယ်စဉ်ရပ်၊ ဆူးလေပလီဝင်း အရှေ့ပေါက်တွင် ဇနီး၊ သားသမီးများနှင့်အတူ နေထိုင်လျက်ရှိသည်။

    ရွှေကျားဦးတင်မောင်သည် မြန်မာ့မီးရထားတွင် “ရထား/မန်း” အမည်ဖြင့်လည်းကောင်း၊ ကျောင်းပေါင်းစုံ လက်ဝှေ့ပွဲများ၊ တိုင်းအား/ကာ၊ မန္တလေးတိုင်း  ပြည်ခိုင်ဖြိုး၊  ရွှေကျားလက်ဝှေ့အသင်းတို့ကို ဦးဆောင်၍ လက်ဝှေ့နည်းပြတာဝန် ထမ်းဆောင်လျက်ရှိရာ အမိမြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မန္တလေး-မွတ်စလင်မ် လက်ဝှေ့အကျော်အမော် ကြယ်တစ်ပွင့်အဖြစ် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

    မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း