News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • ဂဠုန် ဦးစော နှင့် အဖွဲ့ကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ရဲဘော်တင်မြင့် (မော်ကွန်းဝင် – ပထမဆင့် )

    ဂဠုန် ဦးစော နှင့် အဖွဲ့ကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ရဲဘော်တင်မြင့် (မော်ကွန်းဝင် – ပထမဆင့် )

    ဇူလိုင် ၁၅ ၊ ၂၀၁၆
    M-Media
    U Tin Myint
    ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ရုံးချုပ်တွင် NLD နာယကကြီး ဖြစ်သော သူရဦးတင်ဦး ထံသို့ ကွယ်လွန်သူ ဟာဂျီ  ရဲဘော်တင်မြင့် (မော်ကွန်းဝင်- ပထမဆင့်) ၏ ဇနီး ဟာဂျီမဒေါ်ခင်ရီ မိသားစု မှ ဖက်ဆစ်ဂျပန်တော်လှန်းရေး နှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင် စာအုပ် နှင့်အတူ ပိုးထည်ဖြစ် ယက်လုပ်ထားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံကို မှန်ဘောင် နှင့် တကွ ပေးအပ်လှူဒါန်းခဲ့ပါသည်၊၊

    13697221_2080267245531764_7972426091022348313_n

    ရဲဘော်တင်မြင့်ရဲ့ အထုပတ္တိအကျဉ်း
    ————————————
    *** ဟာဂျီ – ရဲဘော်တင်မြင့် { ဒဂုံမြင့် }***
    မော်ကွန်းဝင် – ပထမဆင့် ၊ {အငြိမ်းစား၊စစ်မှုထမ်း}
    လွတ်မြောက်ရေးမှတ်တမ်းဝင်

    ရဲဘော်တင်မြင့်ကို ဟသာင်္တခရိုင်၊ ဇလွန်မြို့တွင် အဘဦးနာဝရီ ၊အမိ ဒေါ်ဖါတမာ ၊တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် သားအထွေးဆုံး ဖြစ်သည်၊၊

    ရဲဘော်တင်မြင့်၏ ဖခင်ဖြစ်သူ ဦးနာဝရီ့မှာလဲ တောင်သူလယ်သမား အရေးတော်ပုံ ၊ ဆရာစံဖွဲ့စည်းခဲ့သော် ဂဠုန်တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပါသည်၊၊ဟသာင်္ံတခရိုင် ၊ ဇလွနိမြို့နယ် ၊ မရိုးခကျေးရွာတွင် ဆရာစံ၏ ညာလက်ရုံး တစ်ဦးဖြစ်သူ ကျောက်လုံး နှင့် အတူ တောင်သူလယ်သမား အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် အတွက် နယ်ချဲ့ဗြိတိသျှ အစိုးရ ၏ ဖစ်ဆီးအရေးယူပြစ်ဒဏ်ပေးခြင်း ကိုခံခဲ့ရသည်၊၊

    ရဲဘော်တင်မြင့်သည်လည်း ဖခင်- ဦးနာဝရီ ကဲ့သို့ပင် မျိုးချစ် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်လာပြီး ၊ မြန်မာပြည်လွတ်လပ်ရေး အတွက် ကျရာကဏ္ဍများတွင် ပါဝင်လှုပ်ရှားမှုများ မှာ ဗမာ့လက်ရုံး တပ်ဖွဲ့ဝင်အဖြစ်၎င်း ၊ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး ၊ (၁၃၀၀) ပြည့်အရေးတော်ပုံ ၊ အာရှလူငယ် သင်တန်းများ တို့တွင်လည်း ပါဝင်ခဲ့ပါသည်၊၊ရန်ကုန်မြို့ သို့ ဂျပန်များ ဝင်ရောက်လာပြီးနောက် ၊ (B.I.A) အတွက် ရိက္ခာ နှင့် ပစ္စည်းထောက်ပံရေးတာဝန် ၊ (၂) လစစ်သင်တန်းတက်၍ လုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ၊ မြို့စောင့်တပ်တွင် တပ်သားအဖြစ် ထမ်းဆောင်ခဲ့သည်၊၊

    (၁၉၄၄) ခုနှစ် ၊ဖက်ဆစ်တော်လှန်ရေး ကြေငြာစာ ၊ လျှိ့ဝှက်စာကို တိုစဉ်က ခေါင်းဆောင်ကြီးများ ခိုင်းစေသည့်အတိုင်း သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သည်၊၊(၁၉၄၅) ခုနှစ် ၊ ဧပြီလ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ကို (မျိုးချစ်ဗမာ့တပ်မတော်မှ) သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ၊ ကြေညာချက်ကို ပြည်သူလူထူထံဝေဌခဲ့သည်၊၊မေလ(၁) ရက်နေ့တွင် ရဲဘော်တင်မြင့် နှင့် အခြားရဲဘော်များကို ဂျပန်တပ်မှ လက်ကျန်များဟု စွပ်စွဲကာ အိန္ဒိယတပ်မကြီး ၏ တပ်စိတ်ပိုင်းတခုက ဖမ်းဆီးပြီး မျိုးချစ်တပ်မတော်သားများ နှင့်အတူ ယခင်ကူရှင်ကျောင်း (ယခု အ ထ က (၄) အလုံ )တွင်ချုပ်နှောင်းခြင်းခံခဲ့ရပါသည်၊၊တော်လှန်ရေးပြီးဆုံးသွားသော အခါ ၊ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်သည့် အချိန် ရဲဘော်တင်မြင့်သည် ဗမာ့လွတ်လပ်ရေး အတွက် ဆက်လက်ဆင်နွှဲရန် ပြည်သူ့အရေးတော်ပုံ ပါတီ၏ တာဝန်ပေးချက်အရ ၊ ပြည်သူ့ရဲဘော် အဖွဲ့တွင် ပါဝင်ပြီး ၊ ရန်ကုန်အလယ်ပိုင်းတွင် တာဝန်ယူခဲ့ရပြီး ၊ (၁၉၄၆ – ခုနှစ် ) ရွှေတိဂုံအလယ် ပစ္စယံအထူး အစည်းအဝေးကြီး တွင်လည်း တက်ကြွစွာပါဝင်ခဲ့ပါသည်၊၊

    ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် နိုင်ငံတော် လုပ်ကြံမှုကြီး ပေါ်ပေါက်ခဲ့ပါသည်၊၊၎င်း လုပ်ကြံမှုကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပြီး ယင်းလုပ်ကြံမှုကြီး ဖော်ထုတ်နိုင်ရေး အတွက် ပြည်ထဲရေး နှင့် တရားရေးဝန်ကြီး ဦးကျော်ငြိမ်း ၏ တာဝန်ပေးညွှန်ကြားချက်အရ ဦးမင်းဒင် (ခ) သခင်ပန်းမြိုင် (ဝန်ကြီးဟောင်း) နှင့် ရဲဘော်တစ်စုကို တာဝန်ပေးအပ်ခဲ့ရာ ရဲဘော်တင်မြင့်သည် (ရဲတပ်ကြီး) တစ်ဦး အနေဖြင့် ဂဠုန်ဦးစော နှင့် အပေါင်းပါများကို ဖမ်းဆီးရာ၌၎င်း ၊ လက်နက်များကို သိမ်းဆည်းရာတွင်၎င်း ၊ ထောင်ထဲတွင် ထားရှိစဉ်အတွင်း ညစောင့်အဖြစ်၎င်း ၊ ရုံးတင်စစ်ဆေးနိုင်ရေး အတွက် တာဝန်များ နှင့် ဂဠုန်ဦးစော နှင့် အပေါင်းပါများကို (၁၉၄၈ ခုနှစ် ၊ မေလ (၈) ရက်နေ့) နံနက်ကြိုးပေးပြီးသည့်အထိ နိုင်ငံတော် မှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်၊၊

    မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် (၁၉၄၉ – ခုနှစ် မှ ၁၉၆၂ -ခုနှစ် ) ထိ ရဲဘော်တင်မြင့်သည် (ဖဆပလ) အဖွဲ့ကြီး နှင့် ( ပထစ ) အဖွဲ့ကြီးတို့၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေး ၊ စီးပွားရေး ၊ မြို့ပြစည်ပင်သာယာရေး နှင့် ကျန်းမာရေး တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်၊၊မြန်မာပြည်လွတ်လပ်ရေး အတွက် နယ်ချဲ့ဆန့်ကျင်ရေး နှင့် ပြည်သူလွတ်လပ်ရေး တိုက်ပွဲများကို ကျရာကဏ္ဍများ၌ ပေးအပ်သောတာဝန် နှင့် ဝတ္တရားများကို ဦးလည်မသုန် သက်စွန့်ဆံဖျား အသက်ကို ပဓါနမထားဘဲ
    ဆောင်ရွက်ခဲ့သောကြောင့် ၊ နိုင်ငံတော်မှာ ( ၁၉၇၅ ခုနှစ် ၊ မတ်လ (၂၅) ရက် နေ့စွဲ) ဖြင့် နိုင်ငံတော် ကောင်စီအမိန့် ကြော်ငြာစာပြန်တမ်း အမှတ် (၆) အမှတ်စဉ် ( ၁၆ / ၇၅ ) ဖြင့် လွတ်လပ်ရေး မော်ကွန်းဝင် – ပထမဆင့် ကိုချီးမြှင့်ခဲ့ပြီးနောက် ၊ ၁၉၇၈ ခုနှစ် ၊ ဇူလိုင်လ (၁၇) ရက် နေ့စွဲပါ ( ၄ / ၄၃၄ ) အရ လွတ်မြောက်ရေးဖဲပြား ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံရသော ရဲဘော်တစ်ဦးဖြစ်သည်၊၊

    ရဲဘော်တင်မြင့်သည် ယခုအချိန်အထိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၊ အားလပ်သည့်အချိန်များတွင် ( ဒဂုံမြင့်) အမည်ဖြင့် စာပေများရေးသားခဲ့ပြီး ၊ စာပေ နှင့် စာနယ်ဇင်း အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်၊၊

    အသက်အရွယ်ကြီးပြင်းလာသောအခါ ဘာသာရေး ၊ လူမှုရေး ကိစ္စများတွင်ပါဝင် ဆောင်ရွက်ခဲ့သည်၊၊(ဘီအမ်အို)ဌာနချုပ်တွင် ရာသက်ပန်အဖွဲ့ဝင်အမှတ် ( ၇၄ ) ဖြင့် တက်စွမ်းသမျှ ကူညီပေးခဲ့သူတစ်ဦးလည်းဖြစ်သည်၊၊

    မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန် မှ စ၍ပါဝင်ခဲ့ပြီး ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်း ဟာဂ်ျ ကိုယ်စားလှယ်အဖြစ် ဆောက်ရွက်ခဲ့ပြီး ၊ ( မ. အ . ဖ ) ရန်ကုန်တိုင်း ၊ နာယက အဖြစ် ထမ်းဆောင်ခဲ့သည်။

    (၁၉၉၆ – ခုနှစ် ) နောက်ပိုင်း ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ ကျိုလီယာဂျာမေဗလီကြီးတွင် ဂေါပက အဖွဲ့တွင် ပါဝင်ဆောက်ရွက်ခဲ့ပြီး ၊ ၁၉၉၈ ခုနှစ် ၊ မေလ ( ၁၁ ) ရက်နေ့တွင် အလ္လာဟ်အသျှင်မြတ်၏ အမိန့်ခံယူ (ကွယ်လွန်)သွားခဲ့ပါသည်၊၊

    ** အချက်အလက်မှတ်တမ်းများပေးပို့သူ ရဲဘော်တင်မြင့် ၏ သား အငယ်ဆုံး ဖြစ်သူအား M-Media မှ အထူးကျေးဇူးတင်ရှိပါသည်။

  • အထက်မြန်မာပြည်မှ တဦးထဲသော Top 10 ဝင်သူ မောင်ချစ်ထွန်းနိုင်နှင့် တွေ့ဆုံခြင်း

    အထက်မြန်မာပြည်မှ တဦးထဲသော Top 10 ဝင်သူ မောင်ချစ်ထွန်းနိုင်နှင့် တွေ့ဆုံခြင်း

    ဇွန် ၂၂ ၊ ၂၀၁၆
    M-Media
    မေးမြန်းသူ-သီဟ
    .13479440_624463187710983_1501581699_n
    ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က ထုတ်ပြန်ပေးခဲ့ပါတယ်။
    .
    ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၆၃၆,၂၃၇) ဦးရှိပြီး (၁၉၀,၃၈၈) ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၂၉.၉၂) % ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြင်သူများ အနက်  သိပ္ပံဘာသာတွဲတွင် တနိုင်ငံလုံးအမှတ်အများဆုံး (၁၀) ဦးတွင် အမှတ်ပေါင်း(၅၅၅) မှတ်ဖြင့် နဝမ အဆင့်(၉) ရရှိခဲ့သော   မောင်ချစ်ထွန်းနိုင်ကို M-Media မှ တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။
    .
    သိပ္ပံတွဲ အမှတ်အများဆုံး ၁၀ ဦး တွင် ရန်ကုန်တိုင်းမှ ၉ ဦးပါဝင်ခဲ့ပြိး မောင်ချစ်ထွန်းနိုင်တဦးသာ မန္တလေးတိုင်းမှ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။
    .
    M-Media-     ညီလေး နာမည်နဲ့ မွေးသက္ကရာဇ်လေးကို ပြောပြပေးပါ။  မိဘတွေရဲ့ အမည်နဲ့ မွေးချင်းမောင်နှမ ဘယ်၂ ယောက်၇ှိပါလဲ။
    ဖြေ။    ။ မောင်ချစ်ထွန်းနိုင် ၂၃-၁၂-၁၉၉၉ မှာ မွေးပါတယ်။  အဖေနာမည်က ဦးသန်းထွန်း နဲ့  အမေနာမည်ကတော့ ဒေါ်သီတာပါ ညီမတစ်ယောက်ရှိပါတယ် မောင်နှမနှစ်ယောက်ပါ။
    .
    M-Media-     ၁၀ တန်းမှာ တက်ရောက်ခဲ့တဲ့ ကျောင်း အမည်လေး ပြောပြပေးပါ။
    ဖြေ။    ။ . CAE ကိုယ်ပိုင်ကျောင်းပါ (The Conqueror Academy of Education )
    .
    M-Media-     ညီလေးက ဘာသာစုံ ဂုဏ်ထူးရဖို့ အစကတည်းက ရည်မှန်းထားပါသလား။
    ဖြေ။    ။ ဟုတ်ကဲ့ အစကတည်းက ရည်မှန်းထားခဲ့ပေမယ့်  လူသားဆိုတာ ဘာမှမစွမ်းနိုင်ဘူး ဘုရားသခင်ရဲ့ အစီအမံ ကံတရားကိုတော့လက်ခံရမှာပဲ ဆိုတဲ့  ခံယူချက်   မျိုးတော့ထားပါတယ်။
    .
    M-Media-     အမှတ်စာရင်းတွေရော သိရပြီလား။ နည်းနည်းလောက် ပြောပြပေးပါဦး။
    ဖြေ။    ။    မြန်မာစာ ၇၅
    အင်္ဂလိပ်စာ ၈၄
    သင်္ချာ ၉၉
    ဓာတုဗေဒ ၉၉
    ရူပဗေဒ ၉၉
    ဇီဝဗေဒ ၉၉
    အမှတ်ပေါင်း ၅၅၅ မှတ်ပါ။ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ သိပ္ပံတွဲ တနိုင်ငံလုံး အမှတ်အများဆုံးမှာ နံပါတ်(၉) ရပါတယ်။
    .
    M-Media-     Top 10 ဝင်တဲ့ ခံစားမှုလေး ပြောပြပေးပါအုံး။
    ဖြေ။    ။ ဘဝရဲ့ အချိုးအကွေ့ တစ်ခုမှာ ထူးခြားတဲ့အောင်မြင်မှုလေးရတဲ့  အတွက် ဝမ်းသာမိပါတယ်။
    .
    M-Media-    စာကျက်နည်းလေးကိုလေး မျိုးဆက်သစ်တွေအတွက် မျှဝေပေးပါဦး။
    ဖြေ။    ။  စာကျက်နည်းကတော့အထွေအထူးမဟုတ်ပါဘူး ခြောက်ဘာသာရတဲ့ Top ten ရတဲ့သူတွေဟာလည်း သာမန်လူတွေပါပဲ အဓိကအချက်ကတော့ ကြိုးစားဖို့ ပါပဲ တစ်နေ့ ကို ၆ နာရီလောက်ပဲ အိပ်ချိန်ထားပါတယ် အားလပ်တဲ့အချိန်ဖြစ်ဖြစ် စာကျက်ချိန်ဖြစ်ဖြစ် အချိန်မရွေး စာလုပ်ဖြစ်ပါတယ် ကျက်စာ ငြီးငွေ့ ရင် တွက်စာ တွက်စာငြီးငွေ့ ရင်ဖတ်စာ ဆိုပြီး ပြောင်းပြောင်းလုပ်ရင် စာလုပ်ရတာ မငြီးငွေ့ တော့ပါဘူး စာကျက်နည်းရယ်လို့တော့ လျှို့ ဝှက်ချက်ကြီးရှိနေတာမဟုတ်ပါဘူး  အချိန်ကိုစက္ကန့်နဲ့ အမျှတန်ဖိုးထားနိုင်ရင် သေချာပေါက်အောင်မြင်မှာပါ။
    .
    M-Media-    ၁၀တန်း မတိုင်ခင် ပညာရေးအခြေအနေနဲ့ ကျောင်းမှာ ထူးချွန်မှုလေးတွေကို ပြောပြပေးပါဦး။
    ဖြေ။    ။  အတန်းစဉ်လိုက်မှာ   ပထမတွေချည်းပဲတော့မဟုတ်ပေမယ့် နှစ်စဉ် ထူးချွန်ဆုတွေ ရခဲ့ပါတယ် ထူးထူးခြားခြားအနေနဲ့ကတော့ အဋ္ဌမတန်းမှာ မန္တလေးတိုင်း သင်္ချာထူးချွန်တတိယနဲ့   နဝမတန်း တစ်နိုင်ငံလုံးအဆင့် သင်္ချာအိုလံပစ် ဒုတိယဆုရခဲ့ပါတယ်။
    .
    M-Media-    အနာဂတ် ရည်မှန်းချက်က ဘာလဲ။ ဘယ်တက္ကသိုလ် ဆက်တက်ဖို့ စဉ်းစားထားပါလဲ။
    ဖြေ။    ။  အနာဂတ်ရည်မှန်းချက်ကတော့ ကွန်ပျူတာပညာရှင်တစ်ယောက်ဖြစ်ချင်ပါတယ် တက္ကသိုလ်ကတော့ Y.I.T မှာ အဆောင်နေပြီး နေဖို့ စဉ်းစားထားပါတယ်။
    .
    M-Media-     ကျောင်းစာ အပြင် တခြား ဝါသနာပါတာ ဘာတွေ ၇ှိပါလဲ။
    ဖြေ။    ။  တခြား ဝါသနာပါတာကတော့ စာဖတ်တာပါပဲ ဒီဝါသနာကပဲ ကျောင်းစာကို အထောက်အပံ့ဖြစ်စေတယ်လို့  ထင်မိပါတယ်။
    .
    M-Media-     ညီလေး ရဲ့ Role Model  ဘယ်သူပါလဲ။
    ဖြေ။    ။  လူ့ အဆင့်အတန်းခွဲခြားမှု ဘာသာရေး ခွဲခြားမှုတွေကို တိုက်ဖျက်ခဲ့တဲ့  ကိုယ်ကျိုးမဖက်ဘဲ လူ့လောကကြီးအတွက်ပဲ အကျိုးပြုကြောင်းကို ကိုယ့်ရဲ့  နေထိုင်စားသောက်ပုံနဲ့ ပါ သက်သေပြခဲ့တဲ့ မဟတ္တမဂန္ဓီပါ။
    .
    M-Media-     အခု Top 10 ဝင်တယ်ဆိုတော့ နိုင်ငံတော်က ဆုတွေဘာတွေ ချီးမြှင့်ဖို့ ဆက်သွယ်လာပြီလား
    ဖြေ။    ။ . အောင်စာရင်းထွက်တာ မကြာသေးတော့ မဆက်သွယ်လာသေးပါဘူး
    .
    M-Media-     ထူးချွန်လူငယ်တယောက် အနေနဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ ဘယ်လိုကဏ္ဍမျိုးကနေ ပါဝင်ဖို့ စိတ်ကူးထားပါသလဲ။
    ဒီ IT ခေတ်ကြီးမှာ နိုင်ငံတော်ရဲ့ နည်းပညာပိုင်းဖွံ့ ဖြိုးတိုးတက်ဖို့   နည်းပညာ ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ ပါဝင်ထမ်းဆောင်ဖို့ ရည်မှန်းထားပါတယ်။
    .
    M-Media-     နောက်ပြီး ညီငယ်က မွတ်စလင်မ် တယောက်ဖြစ်တာမို့ အဘက်ဘက်က အားနည်းနေတယ့် မြန်မာမွတ်စလင်မ် လူအဖွဲ့အစည်းအတွက် ဘယ်လို ပါဝင်တည်ဆောက်သွားဖို့ စိတ်ကူးထားပါလဲ ။
    ဖြေ။    ။  ဒါကတော့ ကျွန်တော့လို့ ၁၆နှစ်အရွယ်လူငယ်တစ်ယောက်အနေနဲ့   ဖြေရခက်တဲ့မေးခွန်းပါပဲ  မွတ်စလင်မ်တစ်ယောက်အနေနဲ့  ကျွန်တော်တတ်တဲ့ ပညာနဲ့  မြန်မာမွတ်စလင်မ်အဖွဲ့ အစည်းရဲ့  လိုအပ်တဲ့  ပညာရေး လူမှုရေး ကျန်းမာရေး ငြိမ်းချမ်းရေး ကိစ္စတွေမှာ တစ်တပ်တစ်အား ပါဝင်တည်ဆောက်သွားပါမယ်
    .

    Top 10

  • Top 10 ဝင်ဖို့ ၇ မှတ်အလိုနဲ့ ၆ ဘာသာဂုဏ်ထူးရှင် မောင်မျိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း

    Top 10 ဝင်ဖို့ ၇ မှတ်အလိုနဲ့ ၆ ဘာသာဂုဏ်ထူးရှင် မောင်မျိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း

    ဇွန် ၁၄ ၊ ၂၀၁၆
    M-Media
    မေးမြန်းသူ-သီဟ

    Myo Min၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က ထုတ်ပြန်ပေးခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၆၃၆,၂၃၇) ဦးရှိပြီး (၁၉၀,၃၈၈) ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၂၉.၉၂) % ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြင်သူများ အနက်  အထက(၂) ဗန်းမော် နှင့် ရန်ကုန်မြို့ အောင်အကယ်ဒမီကိုယ်ပိုင် စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အမှတ်ပေါင်း (၅၄၈) မှတ်ရရှိပြီး ဘာသာစုံ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ မောင် မျိုးမင်းသိန်းကို M-Media မှ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

     

    M-Media- ညီလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မိဘများ နဲ့ နေရပ်ဇာတိလေး မိတ်ဆက်ပေးပါအုံး။

    ဖြေ- နာမည်က မောင်မျိုးမင်းသိန်းပါ။ ၁၀-၂-၂၀၀၀ မှာ မွေးပါတယ်။ အဖေက ဦးလှသိန်း အမေကဒေါ်ရီရီချစ်ပါ ၊ မိဘ နှစ်ပါးစလုံးက အငြိမ်းစား ကျောင်းဆရာ/ဆရာမတွေပါ။  ဇာတိက ကချင်ပြည်နယ်ဗန်းမော်မြို့ ဖြစ်ပါတယ်။

    M-Media- ဂုဏ်ထူး (၆)ဘာသာ ထွက်အောင်  အခြေခံ ခိုင်အောင် ဘယ်အချိန်ကတည်းက စပြီး ကြိုးစားခဲ့ရသလဲ ညီလေး အတွေ့အကြုံကို ပြောပြပါ။
    ဖြေ- ငယ်ငယ်ကတည်းကကြိုးစားခဲ့ပါတယ်။ အထူးသဖြင့်၆တန်းလောက်ကစပြီး ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ဇွဲရှိရှိကြိုးစားခဲ့ပါတယ်

    Myo Min mark

    M-Media- ဘာသာစုံ ဂုဏ်ထူးထွက်အောင် ဘယ်လိုပုံစံ စာကျယ်ခဲ့သလဲဆိုတာ မျိုးဆက်သစ်တွေကို မျှဝေပေးပါအုံး။
    ဖြေ- အဓိကတော့ စာကို သူအချိန်နဲ့ သူကျက်ပါတယ်။ နှစ်စကတည်းက ၆ ဘာသာ ဂုဏ်ထူးမှန်းထားတယ်ဆိုတော့ နှစ်ကတည်းက အချိန်ကို သေချာသတ်မှတ်တယ်။ သေချာ ပိုင်းခြားတယ်။ တပတ်စာ၊ တလစာ Time Tables တွေဆွဲပါတယ်။ revision အတွက်

    Schedule တွေ ဆွဲပါတယ်။ စားချိန်၊ အိပ်ချိန်၊ စာကျက်ချိန်ကို သေချာ ပိုင်းခြားပြီး သတ်မှတ်ခဲ့ပါတယ်။

    M-Media- အနာဂတ် ရည်မှန်းချက်က ဘာလဲ။

    ဖြေ- အနာဂတ်ရည်မှန်းချက်က ဆရာဝန်တယောက်ဖြစ်ဖို့ပါ။ ဆရာဝန်တယောက်ဖြစ်ဖို့ ဆိုတာထပ် Professional ဆရာဝန် တယောက်ဖြစ်ဖို့ပါ။

    M-Media-ငယ်စဉ်ကနေ အတန်းစဉ်အလိုက် ရရှိခဲ့တဲ့ ထူးချွန်ဆုတွေရှိလား?၊

    ဖြေ- အထက(၂) ဗန်းမော်ကျောင်းကနေ ၇ တန်းမှာ ပဉ္စမ ဆု ရပါတယ်။  ၈ တန်းမှာ ဆဌမ ဆုရပါတယ်။ ၉ တန်းမှာတော့ တမြို့နယ်လုံးမှာ ပထမဆုရပါတယ်။

    M-Media-အခုလို ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်တဲ့အတွက် ဘယ်လိုပီတိမျိုးကိုခံစားရပါသလဲ။

    ဖြေ- အရမ်းကို ပျော်ပါတယ်။ အဓိက ကတော့ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။  နောက်ပြိးကတော့  ကျနော် ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်လို့ ပျော်နေတဲ့ မိဘတွေ ကို တွေ့ရလို့ အရမ်းပဲ ပီတိ ဖြစ်မိပါတယ်။

    M-Media- လက်ရှိ မြန်မာ့ ပညာရေး စနစ်ကို ဘယ်လိုဝေဖန် အကြံပြု ပြောကြားလိုပါသလဲ။

    ဖြေ- အခု အစိုးရအသစ်တက်ပြီးနောက်ပိုင်း သူငယ်တန်းက စ ပြောင်းလဲပြီးလုပ်နေတာဖြစ်လို့  Next Generation အတွက်ကောင်းပါတယ်။ နောက်ပြီး ၁၀ တန်းကျောင်းသားတွေ အတွက်လဲ ဒီနှစ်တော့ မပါဘူး။ နောက်နှစ်တွေက စပြီး တက္ကသိုလ်တွေမှာ အမှတ်နဲ့ ခွဲတာ မဟုတ်ဘဲ ဝင်ခွင့်ဖြေပြီး တက်ရောက်နိုင်မှာ ဖြစ်လို့ အရမ်းကိုကောင်းပါတယ်။

    M-Media-ထူးချွန်လူငယ်တယောက်အနေနဲ့ အနာဂတ်မှာ တိုင်းပြည်တိုးတက်အောင် ဘယ်လို့ အခန်းကဏ္ဍကနေ ပါဝင်ပေးဆပ်ဖို့ စိတ်ကူးပါသလဲ။
    ဖြေ- တိုင်းပြည်တပြည်တိုးတက်ဖို့အတွက်က စီးပွားရေး၊ ကျန်းမာရေး ၊ စည်းလုံး ညီညွတ်ဖို့ အားလုံးလိုအပ်ပါတယ်။  ကျနော်ရည်မှန်းချက်က ဆရာဝန်ယောက် ဖြစ်ဖို့ ဆိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားပါ့မယ်။ ပညာတတ်လူငယ်တွေ အများကြီးပေါ်ထွန်း လာစေချင်ပါတယ်။

    M-Media- မွတ်စလင်မ် လူငယ်တယောက်အနေနဲ့  Community အတွက်ရော ဘယ်လိုအကျိုးပြုအလုပ်တွေ လုပ်သွားမယ်လို့စဉ်းစားထားပါသလဲ။
    ဖြေ- ကိုယ်ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာနဲ့ Community အတွက် လုပ်ပေးသွားမယ်လို့ စဉ်းစားထားပါတယ်။ မျိုးဆက်သစ်တွေအတွက်လဲ တတ်နိုင်သလောက်ကူညီပေးသွားပါ့မယ်။

    M-Media- ဖြည့်စွက်ပြောချင်တာလေးရှိပါသလား။
    ဖြေ- ရည်မှန်းချက်ရှိသူအားလုံး သေချာကြိုးစားစေချင်ပါတယ်။ ကြိုးစားတဲ့နေရာမှ စိတ်ဓါတ်ကျနိုင်တဲ့ အခြေအနေ အမျိုးမျိုး ကြုံရနိုင်ပါတယ်။ အဲလို အခြေအနေမှာ လည်း စိတ်ဓါတ်မကျဘဲ တင်းထားစေချင်ပါတယ်။ နောက်ပြီး မိမိတို့ ကိုးကွယ်ရာ အလိုက် ဘုရား၊တရား အမြဲသတိရကျစေချင်ပါတယ်။

    M-Media – အခု လို ဖြေကြားပေးတဲ့ ညီလေး မျိုးမင်းသိန်းကို M-Media က အထူးပဲ ကျေးဇူးတင်ပါတယ်။

    ဖြေ-ဟုတ်ကဲ့ ကျနော်လဲ ကျေးဇူးတင်ပါတယ်။

    Top 10

  • မြန်မာ၊ မလေးရှားနှင့် ပါကစ္စတန် (၃)နိုင်ငံတွင် ကျင်လည်ခဲ့သည့် နိုင်ငံရေးသမား (သို့) ကရီးမ်း ဃနီ

    မြန်မာ၊ မလေးရှားနှင့် ပါကစ္စတန် (၃)နိုင်ငံတွင် ကျင်လည်ခဲ့သည့် နိုင်ငံရေးသမား (သို့) ကရီးမ်း ဃနီ

    ဇွန် ၈ ၊ ၂၀၁၆
    M-Media

    Karim Ghani
    ကရီးမ် ဃနီ သည် အရှေ့တောင်အာရှ (မြန်မာနိုင်ငံ)မှ အိန္ဒိယနွယ်ဖွား နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ဒေါက်တာဘမော် အစိုးရ လက်ထက် မြန်မာနိုင်ငံ ပါလီမန်၏ အတွင်းရေးမှူးဖြစ်သည်။ ကနဦးက ကရီးမ် ဃနီသည် တမီလ်နှင့် မြန်မာဘာသာ သတင်းစာတိုက်များတွင် အယ်ဒီတာဖြစ်ခဲ့သည်။ ကျိုလီယာလူငယ်အဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်ပြီး ၁၉၃၂ နှင့် ၁၉၃၆ ခုနှစ်တွင် လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံရသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ဒေါက်တာဘမော် အစိုးရ လက်အောက်၌ ပါလီမန် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆောတလျင် ဖမ်းဆီးရမည့်သူများဆိုင်ရာ ဗြိတိသျှထောက်လှမ်းရေး အစီရင်ခံစာ၌ သူ၏အမည် ပါဝင်ထည့်သွင်းခံရသည်။
    .
    ဒုတိယကမ္ဘာစစ်အတွင်း မလေးကျွန်းဆွယ်သို့ပြောင်းရွှေ့ကာ Azad Hind အစိုးရအဖွဲ့၏ အတွင်းဝန် ဖြစ်လာသည်။ ထို့ပြင် The Muslim Publishing House ၏ မန်နေဂျာ၊ တမီလ်ဘာသာ မလေးရှားနေ့စဉ် သတင်းစာ Malayan Nanban ၏ အယ်ဒီတာ၊ မလေးဘာသာ Dawn (ပါကစ္စတန်ထုတ် အင်္ဂလိပ်သတင်းစာနှင့် အမည်တူ) သတင်းစာအယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ မွတ်စ်လင်မ်အဖွဲ့ချုပ်တွင်လည်း ပါဝင်ခဲ့ပြီး  All Malaya Muslim Missionary Society (AMMMS) ၏ ဥက္ကဋ္ဌသာမက အခြားအဖွဲ့အစည်းများစွာ၌လည်း အဓိကနေရာမှ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးသော် ဃနီသည် အရှေ့တောင်အာရှ မွတ်စ်လင်မ်နိုင်ငံရေးကိစ္စများ၌ ဆက်လက်ပါဝင်လှုပ်ရှားသည်။ သူသည် ၁၉၅၀ ခုနှစ် စင်္ကာပူတွင်ဖြစ်ပွားသော Maria Hertogh အဓိကရုဏ်းတွင် အထူးထင်ရှားသည်။
    .
    မာရီယာဟာတိုး သို့မဟုတ် နာထရာ အဓိကရုဏ်းသည် ၁၉၅၀ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် စင်္ကာပူ၌ စတင်သည်။ အာမီနာ ဘင့်သိ မုဟမ္မဒ် ၏ ၁၃ နှစ်တိုင် ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှ လူလားမြောက်လာသော မာရီယာဟာတိုးကို မိဘရင်း ကက်သလစ်ဘာသာဝင်၊ ဒတ်ခ်ျလူမျိုးတို့ထံ လွှဲပြောင်း အုပ်ထိန်းခွင့်ပေးရန် တရားရုံးမှ ၁၉၅၀ ခုနှစ် သြဂုတ်လတွင် ဆုံးဖြတ်လိုက်သည်။ သတင်းများ ပြန့်ကားပြီးနောက် မလေးရှားနှင့် အရှေ့တောင်အာရှရှိ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအကြား အုပ်ထိန်းခွင့်နှင့် ပတ်သက်၍ ဂယက်ရိုက်ခတ်သွားသည်။ ၎င်းနောက် မာရီယာကို သတင်းမီဒီယာများ၌ ခရစ်ယာန်တစ်ဦးအဖြစ် ရုပ်လုံးဖော်တင်ပြလာကြသည်။ ကရီးမ် ဃနီ၏ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့သော နာဒရာလှုပ်ရှားမှု ကော်မတီမှ အဖြစ်မှန်ကို ၎င်း၏ Dawn သတင်းစာမှဖော်ပြကာ အခမဲ့ဖြန့်ချိခဲ့ သဖြင့်  ဒေသခံမွတ်စ်လင်မ်များ ထောက်ခံ အားကိုးမှု ရရှိခဲ့ကြသည်။ တရားရုံး ဆုံးဖြတ်ချက်ကို ပွင့်လင်းစွာ ဆန့်ကျင်ရန် ဃနီက စုလ်တာန်ဗလီ၌ မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းနောက် အဓိကရုဏ်းပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။

    ဒီဇင်ဘာ ၁၃ ရက် မွန်းလွှဲပိုင်း အထိ ဖြစ်ပွားခဲ့ပြီး လူ ၁၈ ဦးသေဆုံးကာ ၁၇၃ ဦး ဒဏ်ရာရရှိသည်။ အိုးအိမ်ပစ္စည်းအများအပြား ပျက်စီးပြီး စင်္ကာပူဖြစ်စဉ်များအနက် အဆိုးဝါးဆုံး ဖြစ်သွားခဲ့သည်။ နှစ်ပတ်တိုင်တိုင် ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ရသည်။
    .kgbk
    အဓိကရုဏ်းပြီးသော် ဃနီနှင့် နာဒရာလှုပ်ရှားမှုကော်မတီဝင်အများအပြား အပါအ၀င် ၇၇၈ ဦးကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ထိန်းသိမ်းခဲ့သည်။ ဃနီသည် Saint John ကျွန်းရှိ ထိန်းသိမ်းရေးစခန်းတွင် ၁၅ လတာ ချုပ်နှောင်ခံရပြီး ကျန်းမာရေးချွတ်ယွင်းမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
    .
    ကရီးမ် ဃနီကို မလေးသတင်းစာ၌ ဂျာဝီရေးထုံးကို ပထမဆုံး အစပျိုးပေးသူအဖြစ် သတ်မှတ် ညွှန်းဆိုကြသည်။ သူသည် အင်္ဂလိပ်၊ မလေး၊ ဂျာဝီ၊ အရဗီ၊ အူရဒူနှင့် တမီလ် ဘာသာစကားများဖြင့် ဝေေ၀ဆာဆာ ရေးသားနိုင်သော စာရေးဆရာတစ်ဦးဖြစ်သည်။ ပထမဆုံး တမီလ်ဘာသာသတင်းစာ The Malaya Nanban  ကို စတင်ထုတ်ဝေနိုင်သူလည်းဖြစ်သည်။
    .
    အရေးအခင်းပြဿနာအ၀၀ ပြီးဆုံးငြိမ်သက်သွားသော်လည်း မလေးလူ့အဖွဲ့အစည်းအတွင်း ကရီးမ် ဃနီ၏ အရေးပါမှုအခန်းကဏ္ဍအပေါ် ဗြိတိသျှတို့မှ စိုးရိမ်သဖြင့် ၎င်းတို့၏ကိုလိုနီပိုင်နက်ပြင်ပသို့ ပထုတ်လိုခဲ့ကြသည်။ သူသည် အိန္ဒိယနွယ်ဖွားဖြစ်၍ အိန္ဒိယအစိုးရမှ လက်ခံပေးရန် တင်ပြသော်လည်း ၎င်းတို့က မိမိတို့၏ရွေးကောက်ပွဲကာလဖြစ်နေသောကြောင့် ငြင်းဆန်ခဲ့သည်။ ကနဦးပိုင်းတွင် ပါကစ္စတန်မှ အင်နာမုလာခန်း(ကမ္ဘာ့မွတ်စ်လင်မ်ကွန်ကရက်၏ အထွေထွေအတွင်းရေးမှူး)က ကရာချိသို့လာရောက်ရန် ကရီးမ်း ဃနီအား ဖိတ်ခေါ်ခဲ့ဖူးသဖြင့် ဘရှီးရ် မာလာက သူ၏အဆက်အသွယ်များဖြင့် ခေါ်ယူလိုက်သည်။ သို့နှင့် ဃနီသည် ကရာချိတွင် ထုတ်ဝေသူတစ်ဦးအဖြစ် ဘ၀သစ်ကို စတင်သည်။ ဗြိတိသျှနှင့် ၎င်းတို့၏မူဝါဒများအပေါ် ဆက်လက်ဝေဖန်နေခဲ့သည်။ ပါကစ္စတန်တွင် ထင်ရှားပေါက်မြောက်သူ ဖြစ်မလာခဲ့ပါ။ သူသည် ပါကစ္စတန်၌ပင် ၁၉၅၂-၆၀ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည်။

    Ref : Wikipedia
    Photo- https://drkokogyi.wordpress.com
    ပြန်ဆိုသူ – မင်းထွဋ်ခေါင်

  • အက္ကပတ်မြို့ဝန် ဦးခြုံစု

    အက္ကပတ်မြို့ဝန် ဦးခြုံစု

    ဧပြီ ၂၃ ၊ ၂၀၁၆
    M-Media
    13043619_877194999055766_9192061333787795584_n
    မင်းတုန်းမင်းလက်ထက်၌ မြို့ဝန်လေးဦးခန့်ထားသော်လည်း သားတော်သီပေါမင်းလက်ထက်၌ မြို့ဝန်သုံးဦးသာ ခန့်ထားသည်။ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် ”သက္ကရာဇ် ၁၂၄၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ မြို့ဝန်တို့ကို ရွှေမြို့တော်နှင့် ရာဇဝတ်တော်ရေး ထိန်းသိမ်းရန် တံခါး ၁၂ ရပ်၊ မြို့တွင်း၁၂ ရပ်၊ ကင်းစောင့်လူများအပြင် မြို့တံခါးကြီး ၅၇ရပ်၊ မြို့ပြင် ၁၂၄ ကင်းလူတို့ကို ရုပ်သိမ်း၍ ယင်းမြို့တော်ဝန်မှာ နန်းဦး မင်္ဂလာမြင်းအမှုထမ်းလူ ၁၅ဝ၊ ရွှေလှံမြို့ဝန်မှာ ရွှေလှံအမှုထမ်းလူ ၁၅ဝ အသီးသီးပေးအပ်စောင့်ထိန်းစေ အမိန့်တော်ရ ရာဇဝတ်တော်ရေး၊ ခိုးသေးမီးပွား မရှိရအောင် စောင့်ကင်း၊ ဝပ်ကင်း၊ ပတ်ကင်းထား၍ ထိန်းသိမ်းကြသည်”ဟူ၍ ဖော်ပြထားသည်။

    ထို့ကြောင့် ယင်းမြို့တော်ဝန်မှာ မင်းကြီးသီရိမဟာဇေယျ ဂါမဏိဘွဲ့ရ ဦးပေစိဖြစ်သည်။ ဦးပေစိ၏ အတ္ထုပ္ပတ္တိ ကျောက်စာနှင့် အလှူဒါနကုသိုလ်များမှ ရွာဟိုင်းအနောက်ဘက် ရတနာပုံသာစေတီအတွင်း လေ့လာနိုင်သည်။ ရွှေလှံမြို့ဝန်ကား မင်းကြီးမဟာမင်းခေါင်နော်ရထာဘွဲ့ရ၍ အက္ကပတ်မြို့ဝန်မှာ မင်းကြီးမဟာမင်းထင်ရာဇာဘွဲ့ရသူ ဖြစ်သည်။

    13015540_877195015722431_7548469477289573963_n

    အက္ကပတ်မြို့ဝန် အမည်သည် ဦးခြုံစု သိရှိရပေသည်။ ပသီအမျိုးသားဖြစ်၍ နိုင်ငံခြားမှ တွေ့မြင်မှတ်သားထား သော အထူးသဖြင့် အီတလီနိုင်ငံမှ တွေ့မြင်ခဲ့သော အဆောက်အအုံပုံစံယူ၍ အက္ကပတ်မြို့ဝန်အုတ်ကျောင်းတော်ကို ယခု မဟာဒီပဲယင်းတိုက်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပေသည်။

    အက္ကပတ်မြို့ဝန်သည် ပင်လယ်မြို့စားအဖြစ် သနားတော်မြတ်ခံရသည်။

    အက္ကပတ်မြို့ဝန်၏ မြေးများသည် မန္တလေးမြို့ ဓာတ်စက်ရုံ အရှေ့ဘက်၌ နေထိုင်ခဲ့သည်။ ယခု ဝကပ်ဖ်တိုက်နေရာဖြစ်မည်ဟု ထင်ရသည်။ အက္ကပတ်မြို့ဝန်သည် သူ့ကုသိုလ်ကျောင်းတော်ကို ဂငယ်ပုံစံ လှေကားအဝိုက်အဆင့်တို့ဖြင့် သူမတူအောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် မင်းတုန်းမင်းလက်ထက် ပညာတော်သင်အီတလီ၊ ပြင်သစ် စသည့်ဥရောပနိုင်ငံများ ရောက်ခဲ့သူ ဖြစ်သည်။

    သတင်းစာဆရာ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်၏ “ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည်” ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။
    ၆၊၁၁၊ ၂၀၁၅ (ကြေးမုံ)

    13055358_877195062389093_4393957333816386099_n
    .
    မူရင်းလင့်ခ်
    https://www.facebook.com/MOIWebportalMyanmar/posts/796797010448167
    .
    ဓါတ်ပုံများကို Zaw Tun FB မှာ တဆင့် ဖော်ပြသည်။