ဧပြီ ၂၃ ၊ ၂၀၁၆
M-Media
မင်းတုန်းမင်းလက်ထက်၌ မြို့ဝန်လေးဦးခန့်ထားသော်လည်း သားတော်သီပေါမင်းလက်ထက်၌ မြို့ဝန်သုံးဦးသာ ခန့်ထားသည်။ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် ”သက္ကရာဇ် ၁၂၄၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ မြို့ဝန်တို့ကို ရွှေမြို့တော်နှင့် ရာဇဝတ်တော်ရေး ထိန်းသိမ်းရန် တံခါး ၁၂ ရပ်၊ မြို့တွင်း၁၂ ရပ်၊ ကင်းစောင့်လူများအပြင် မြို့တံခါးကြီး ၅၇ရပ်၊ မြို့ပြင် ၁၂၄ ကင်းလူတို့ကို ရုပ်သိမ်း၍ ယင်းမြို့တော်ဝန်မှာ နန်းဦး မင်္ဂလာမြင်းအမှုထမ်းလူ ၁၅ဝ၊ ရွှေလှံမြို့ဝန်မှာ ရွှေလှံအမှုထမ်းလူ ၁၅ဝ အသီးသီးပေးအပ်စောင့်ထိန်းစေ အမိန့်တော်ရ ရာဇဝတ်တော်ရေး၊ ခိုးသေးမီးပွား မရှိရအောင် စောင့်ကင်း၊ ဝပ်ကင်း၊ ပတ်ကင်းထား၍ ထိန်းသိမ်းကြသည်”ဟူ၍ ဖော်ပြထားသည်။
ထို့ကြောင့် ယင်းမြို့တော်ဝန်မှာ မင်းကြီးသီရိမဟာဇေယျ ဂါမဏိဘွဲ့ရ ဦးပေစိဖြစ်သည်။ ဦးပေစိ၏ အတ္ထုပ္ပတ္တိ ကျောက်စာနှင့် အလှူဒါနကုသိုလ်များမှ ရွာဟိုင်းအနောက်ဘက် ရတနာပုံသာစေတီအတွင်း လေ့လာနိုင်သည်။ ရွှေလှံမြို့ဝန်ကား မင်းကြီးမဟာမင်းခေါင်နော်ရထာဘွဲ့ရ၍ အက္ကပတ်မြို့ဝန်မှာ မင်းကြီးမဟာမင်းထင်ရာဇာဘွဲ့ရသူ ဖြစ်သည်။
အက္ကပတ်မြို့ဝန် အမည်သည် ဦးခြုံစု သိရှိရပေသည်။ ပသီအမျိုးသားဖြစ်၍ နိုင်ငံခြားမှ တွေ့မြင်မှတ်သားထား သော အထူးသဖြင့် အီတလီနိုင်ငံမှ တွေ့မြင်ခဲ့သော အဆောက်အအုံပုံစံယူ၍ အက္ကပတ်မြို့ဝန်အုတ်ကျောင်းတော်ကို ယခု မဟာဒီပဲယင်းတိုက်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပေသည်။
အက္ကပတ်မြို့ဝန်သည် ပင်လယ်မြို့စားအဖြစ် သနားတော်မြတ်ခံရသည်။
အက္ကပတ်မြို့ဝန်၏ မြေးများသည် မန္တလေးမြို့ ဓာတ်စက်ရုံ အရှေ့ဘက်၌ နေထိုင်ခဲ့သည်။ ယခု ဝကပ်ဖ်တိုက်နေရာဖြစ်မည်ဟု ထင်ရသည်။ အက္ကပတ်မြို့ဝန်သည် သူ့ကုသိုလ်ကျောင်းတော်ကို ဂငယ်ပုံစံ လှေကားအဝိုက်အဆင့်တို့ဖြင့် သူမတူအောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် မင်းတုန်းမင်းလက်ထက် ပညာတော်သင်အီတလီ၊ ပြင်သစ် စသည့်ဥရောပနိုင်ငံများ ရောက်ခဲ့သူ ဖြစ်သည်။
သတင်းစာဆရာ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်၏ “ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည်” ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။
၆၊၁၁၊ ၂၀၁၅ (ကြေးမုံ)
.
မူရင်းလင့်ခ်
https://www.facebook.com/MOIWebportalMyanmar/posts/796797010448167
.
ဓါတ်ပုံများကို Zaw Tun FB မှာ တဆင့် ဖော်ပြသည်။
Leave a Reply
You must be logged in to post a comment.