News @ M-Media

Category: ကဗျာ

  • ကိုယ္က်င့္သိကၡာ (ကဗ်ာ)

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- ကောလင်းသောင်းထိုက်
    ethic
    ကိုယ်ကျင့်သိက္ခာ
    မြင့်မြတ်ပါမှ
    နိုင်ငံတကာ
    ချီးကျူးလာမည်
    မြန်မာပြည်ဆီ…..

    အပြောတမျိုး
    အလုပ်တမျိုး
    ဗရမ်းပတာ
    လုပ်ဆောင်နေလျှင်
    မြန်မာပြည်တခွင်
    အေးချမ်းခြင်းမှ
    ကင်းဝေးလေစွ

    ပြည်သူ့ဆန္ဒမှန်
    လိုက်လျောစေရန်
    ကြံဆောင်ပါမှ
    ရန်ဘောင်တံတား
    မမှီကင်းရှင်း……

    အောင်မြင်ခြင်းဖြင့်
    တိုင်းပြည်အေးချမ်း
    ငြိမ်းချမ်းခြင်းနဲ့
    တည်ဆောက်နိုင်မည်
    မြန်မာပြည်ဆီ……………..။

  • မသာအိမ် နဲ့ ဖဲဝိုင်းဋီကာ (ကဗျာ)

    မေ ၂၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- စမားညီညီ
    ca-sep-14-10
    ရောဂါစုံနဲ့လူမမာ
    ၆၂ မှာ အပြီးသေ
    မသာကို ပိုင်ရှင်လုပ်
    မောက်မာကြတဲ့ ဖဲဝိုင်းသခင်တွေ
    ကစားရင်းနဲ့အပြောင်းအလွဲရှာ
    အဝတ်ပြောင်း လူပြောင်းပြီး
    ဆက်ကာဆော့

    ၈၈ မှာ တခါထပ်သေ
    ကမ္ဘာရွာစဖြစ်တဲ့အနေမှာ
    ရဲရင့်မျက်နှာပြောင် အိမ်နီးချင်းများ
    မသာအိမ်ထဲ စီးပွားဖြစ်ဝင်
    ဧည့်သည်တွေက နိုင်လို့နိုင်ကြ
    အိမ်ရှင်တွေလည်းရှုံးရင်းနိုင်ကြ
    ပွဲတော်ကြီး တမျှပါလား
    အိမ်တိုင်တောင်ချွတ်လို့ပေါင်
    ဧည့်သခင်ကြီးတို့ ကို
    အကြိုက်ဆောင်ဖို့

    အဲ့ဒါကြောင့်လေ
    ငါတို့ဧရာဝတီကို
    ဈေးဘောင်ကျိုးလိုဈေးကွက်တင်
    အခြေမလှတဲ့လယ်တ်ီတော့ဆုံးရှာပေါ့
    အထက်မှာကချင်နဲ့ရှမ်းတွေသေ
    အနောက်ကမွတ်(စ)တွေလည်း
    မနေရ
    တပြည်လုံးအနှံ မင်းတို့ငါ့ကိုကြောက်
    ဟိန်းဟောက်လိုက်တာ
    အုံကျဉ်းနဲ့နေတဲ့ ခွေး အ တွေ
    ဖဲဝိုင်း မပြတ်အောင် မသာကိုထုတ်လုပ်
    အလယ်ကောင်နေရာရွှေ့ ပြီး
    ဖဲဝိုင်းထောင်
    ဂုဏ်ရှိချင်ယောင်ဆောင်လိုက်ကြ

    ကိုယ်တွေကလည်း ဖဲဝင်ရိုက်
    အ သထက် မိုက်လိုက်ကြပုံ
    သူတို့တတွေ အလှည့်ကျ ဒေါင်းတော့
    ငါတို့ ကံမကောင်းသေးဘူးဆိုဘဲ
    ရှိသမျှက ကုန်လုလု
    ငါနိုင်အောင် ရိုက်မယ်ဆိုလိုက်ပြန်
    section မပြည့်ခင် မထွက်လေအောင်
    သနားလို့ပေးဒေါင်းတာကို
    ရင်တွေခုန် သီချင်းတွေလုပ်
    သူတို့ဗျူဟာကို မမြင်အောင်မိုက်
    အောင်ပွဲခံ အလံစိုက်နေရင်
    ဖဲဝိုင်းမှာ သေအထိသာ
    ထိုင်နေတော့လေး။     ။

    Photo- ကာတွန်း ဟန်လေး

  • “မေ့မရနိုင်တဲ့ ဒီဇင်ဘာ (ဆူနာမီ)” (ကဗျာ)

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media
    ရေးသူ – ဘိုမင်းအောင်

    tsunami_2004

    ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်
    အာရှတခွင် ဆောင်းတွင်းနံနက်ချိန်
    မြန်မာမှာဆို အအေးဆုံးလ
    ခရစ္စမတ်လွန် နောက်တစ်နေ့ နံနက်
    ပွဲကျင်းပလို့ ညောင်းညာနေမိခိုက်၊

    ဆင်းရဲတဲ့ လူတချို့ဝမ်းစာရှာ
    တချို့က ပင်လယ်ကမ်းနားမှာ
    ပျော်ပျော်ရွှင်ရွှင် နားနေခိုက်၊

    အင်ဒို၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ
    အပါအဝင် အာရှနိုင်ငံ တချို့မှာ
    “ဆူနာမီ” ခေါ် ပင်လယ်ငရဲ လှိုင်းကြီး
    တက်လာတော့ လူသိန်းနှင့်ချီပြေးလွှားခဲ့ရ၊
    “ဆူနာမီ” က လူ့အသက်ပေါင်းများစွာ

    သယ်ဆောင်သွားခဲ့။
    မြန်မာဒုက္ခသည်တချို့ အပါအဝင်
    အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီ။
    ဒီသတင်းကို ကြားတော့ ငါတော့ မျက်ရည်ကျခဲ့ပြီ၊
    အော် “ဒီထဲမှာ ငါချစ်တဲ့၊ ခင်မင်တဲ့ သူတစ်ယောက်ယေက်
    ပါသွားရင် ဘယ်လို ခံစားရမလဲနော်။

    ကိုယ်ချင်းစာနာ ကြည့်တာပေါ့၊
    မေ့မရတဲ့ “ဆူနာမီ”
    ငါ့လိုလူသား သက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့
    “ဒီဇင်ဘာ”
    ဒီဇင်ဘာဟာ အေးချမ်းတဲ့လမှ
    လူသားတွေကို သောက ပေးခဲ့တဲ့လ ဖြစ်ပြီလား။

    နောင်လာမယ့် နှစ်တွေမှာ
    ဒီလိုအဖြစ်ဆိုး မဖြစ်ပါစေနှင့်
    မေ့မရနိုင်တဲ့ “ဒီဇင်ဘာ” (ဆူနာမီ)။

    ကဗျာ ရေးသူ – ဘိုမင်းအောင် မှာ M-Media သို့ ပေးပို့လာသော ကဗျာ ဖြစ်ပါသည်။

  • * မြန်မာပြည်သားစစ်စစ် ဖြစ်တယ် *

    အောက်တိုဘာ၊ ၈
    M-Media
    ရေးဖွဲ့သူ- ဇေဝိုင်သစ်

    MyanmarWorld
    ဧည့်သည်ဖြစ်ဖြစ်၊ နိုင်ငံသားဖြစ်ဖြစ်
    တိုင်းရင်းသားဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ်…
    ဒီ လူဖြစ်ခွင့်ကို ကျုပ် သိတတ်တာ
    မြန်မာပြည်သားစစ်စစ် ဖြစ်တယ်။

    ဒီမြေရဲ့ဆန်ကို စားခဲ့၊ ဒီလေထုကို ရှုခဲ့
    ဒီရေကို သောက်ခဲ့၊ ဘယ်ကျေးဇူးဖြစ်ဖြစ်
    ဒီ ရပိုင်ခွင့်ကို ကျုပ် သိတတ်တာ
    မြန်မာပြည်သားစစ်စစ် ဖြစ်တယ်။

    ခင်ဗျားတို့ လူမျိုးကြီးဝါဒလို့ ပြောနေတဲ့
    ဗမာ့သွေးတွေ ကျုပ်ကိုယ်ထဲမှာ နှောတယ်။

    ခင်ဗျားတို့ အိမ်နီးချင်းလူလည်လို့ ပြောနေတဲ့
    တရုပ်သွေးတွေ ကျုပ်ကိုယ်ထဲမှာ ရောတယ်။

    ခင်ဗျားတို့ နာမ်နှိမ်ချင်နေတဲ့
    အိန္ဒိယကုလားသွေးတွေ ကျုပ်ကိုယ်ထဲမှာ နှောတယ်။

    ခင်ဗျားတို့ သူပုန်ထနေတယ် ပြောနေတဲ့
    ကရင်သွေးတွေ ကျုပ်ကိုယ်ထဲမှာ ရောတယ်။

    ကျုပ်က ကပြား၊ ဘာသာခြား၊ အသားဖြူ
    ဘာပဲဖြစ်ဖြစ်…
    မြန်မာစကားပဲ ပြောတတ်တဲ့
    မြန်မာပြည်သားစစ်စစ် ဖြစ်တယ်။

    တိုင်းရင်းသားဆိုတာ…
    အစုလိုက် ခွဲခြားဆက်ဆံခံဖို့ မဟုတ်ဘူး။
    ဘာသာခြားဆိုတာ…
    အမေဇုန်ထဲက လူရိုင်းတွေ မဟုတ်ဘူး။
    အသား၊အရောင်မတူသူဆိုတာ…
    ဖန်ပေါင်းချောင်ထဲက သတ္တ၀ါတွေမဟုတ်ဘူး။

    လူကို လူလို မြင်တတ်ဖို့ဆိုတာလည်း
    လူ့မျက်လုံးတွေတော့ အနည်းဆုံး လိုတယ်…။

    ဥပဒေသာ မျှတပြီးစနစ်ကျရင်
    ကံတရားက ခိုးမ၀င်နိုင်ဘူး။
    ဘိုးဘေးတွေဟာ မြန်မာပြည်ကို ရွေးချယ်တယ်
    မြန်မာပြည်ကတော့ ကျုပ်ကိုရွေးချယ်တယ်
    ဒီတော့…ကျုပ်က မြန်မာပြည်သားစစ်စစ်ဖြစ်တယ်။

    မြန်မာ့မြေကို တချို့က ယုတ်မာတယ်
    တချို့က မြန်မာ့မြေပေါ်မှာ ယုတ်မာတယ်
    တချို့က မြန်မာနဲ့ မြန်မာချင်း ယုတ်မာတယ်…
    သူတောင်းစားကနေ ရှင်ဘုရင်အထိ
    တိုင်းပြည်ကောင်းစားမှာ မလိုလားရင် (ဒီမြေရဲ့)လူယုတ်မာချည်းပဲ။ ။

  • ကချင်လွယ်အိတ်နီကြီးနဲ့ ပြည်သူတွေသိတဲ့ ၀မ်းအိုဝမ်း

    စက်တင်ဘာလ ၂၃
    M-Media
    ကဗျာ – ပသီဆောင်းနှင်းဖြူ

    IMG_0094

    ငယ်စဉ် ဆယ်ကျော်သက် ဘ၀ ကတည်းက
    တိုင်းပြည်လွတ်လပ်ရေး အတွက် ကျရာနေရာကနေ
    သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ သူရဲ့ သမိုင်းစာမျက်နှာ။

    ဂျပန်တော်လှန်ရေး ကာလ ကြုံ့ဆုံလာတဲ့ အသက်အန္တရာယ် အသွယ်သွယ်မှာ
    ဂျပန်တော်လှန်ရေး ပျက်ပြားသွားမှာ
    အထိမခံနိုင် အပျက်မခံနိုင်
    သူ့အသက်ကိုသာ လွတ်လပ်ရေး ကန်ဘောင်ရိုးမှာ
    စတေးခံဖို့ ဆုံးဖြတ်ခဲ့သူပါ။

    တိုင်းပြည် လွတ်လပ်ရေးအတွက် ဆောင်ရွက်တာချင်း အတူတူတောင်
    အစ္စလာမ် ဘာသာဝင် ပသီလူမျိုးမို့
    သူများတွေထက် အစားသောက် အဆင်းရဲခံပြီး
    တိုင်းပြည်တာဝန်ကို ထမ်းရွက် ဆောင်ရွက်ခဲ့သူ။

    သမိုင်းလှသူရဲ့ ဘ၀ခရီးလမ်းတလျှောက်
    ကချင်လွယ်အိပ်နီကြီးကို စလွယ်သိုင်းကာ
    ယိမ်းယိုင်စပြုလာတဲ့ ခန္ဓာကိုယ်ကို အားတင်းပြီး
    တုန်ရီနေသော လက်ချောင်းလေးတွေကြားက
    ကလောင်ကို လက်က မချ
    သူ့စာပေတွေ ပြည်သူတွေဆီ အရောက်ပို့။

    ဇာရာကို အန်တုတဲ့ အသက် ၉၀ကျော် အဖိုးအိုရဲ့
    သြချရတဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့
    ခိုင်မာသော ယုံကြည်ချက် အပေါ်
    တစိုက်မတ်မတ် မဆုတ်မနစ်တဲ့ ဇွဲ၊လုံ့လ၊ ၀ီရိယတွေဟာ
    လေးစား အားကျစရာ စံနမူနာ။

    ကျွန်မ လိုက်ပါခွင့်ရခဲ့တဲ့
    စာပေနှစ် (၇)နှစ် အတွင်းမှာ
    ပျော်ရွှင်မှု၊ ဘ၀အမော၊ မျှော်လင့်ခြင်း၊
    အသိတရား၊ မာယာများတဲ့ လောကဓံတွေ၊
    သနားကြင်နာမှုတွေ၊
    ရောင်စုံ စိတ်ဓာတ်တွေ၊
    အမှန်တရားကို ချစ်မြတ်နိုးမှု စိတ်တွေ၊
    မကုန်ဆုံးနိုင်တဲ့ ပညာတွေ၊
    အတုယူဖွယ်ရာ စိတ်ဓာတ် နှလုံးသား သိမြင်ခံစားမှု ရသစုံ အထွေထွေ ကျွန်မကို ပေးခဲ့သူ။

    သက်တော်ရှည် စာပေပညာရှင်ရဲ့
    အောင်မြင်သော မှတ်တိုင်
    မြန်မာ့ သမိုင်း မှတ်တိုင် ကမ္ဘာတည် သ၍ တည့်တံ့စေ။

    နိမ့်ချည် တလှည့် မြင့်ချီ တလှည့်
    မောဟိုက်နေတဲ့ နှလုံးခုန်သံတွေကြားက
    အလျှော့မပေး စတမ်း
    အသက်ရှင်သန်ခွင့် ရဖို့ အတွက်

    အားစိုက် ရှူသွင်းနေတဲ့
    အသက်ရူသံတွေရဲ့ အဆုံးမှာ…..
    ၂၀၁၂ခုနှစ်ရဲ့ စက်တင်ဘာ ၂၃ရက်  ည (၁၀း ၄၅)မိနစ်
    အားလုံးကို နှုတ်ဆက် ထွက်ခွာ သွားခဲ့သူ။

    ဒီကနေ့ ဒီကဗျာရေးပြီး အချိန် ည (၁၀း ၄၅)မိနစ်တိတိ
    တိုင်ဆိုင်မှုတွေက အံ့သြမှင်သက်မှုတွေနဲ့ အတူ
    တစ်နှစ်ပြည့် အောင်းမေ့ဖွယ် ကဗျာလေးနဲ့ ဂုဏ်ပြုလိုက်ပါရစေပါ…။