News @ M-Media
Category: ကဗျာ
  • “တစ်အချက် ဆန့်ကျင်တယ်၊ နှစ်အချက် မကြောက်ဘူး။” (အောင်ဝေး)
    စက်တင်ဘာလ ၂၃
    M-Media
    ကဗျာဆရာ အောင်ဝေး
    4
    အာရပ်နွေဦးကို
    ငါတို့ ထောက်ခံခဲ့တယ်
    မှားပြီလား။
    ငါတို့ နွေဦးကို
    သူတို့ နားမလည်ပါလား။
    လူ့ အခွင့်အရေးလား
    ဂျေဟတ်လား။
    ငါ့သဘောထား
    ( ကဗျာဆရာအောင်ဝေး သဘောထား)
    ဘယ်ခြိမ်းခြောက်မှုမျိုး မဆို
    တစ်အချက် ဆန့်ကျင်တယ်
    နှစ်အချက် မကြောက်ဘူး။
    အခု
    (ပြည်တွင်းမှာ)
    မွတ်ဆလင်စစ်စစ်ကြီး
    အဘ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
    မကျန်းမမာ ဖြစ်နေတယ်။
    ငါ
    ဒါကိုပဲ စိတ်ဝင်စားတယ်။
    ကမ္ဘာ့ လွတ်လပ်ရေးတိုက်ပွဲဝင်
    သူရဲကောင်းကြီး
    အဲဒီ မွတ်ဆလင်ကြီး
    ကျန်းမာပြီး
    အသက်ရှည်ပါစေ
    ငါဆုတောင်းတယ်။
    မပြီးဆုံးသေးတဲ့
    ဗမာ့ ဒီမိုကရေစီ ခရီး
    ဆုံးခန်းတိုင်
    အဘ လျှောက်လှမ်းနိုင်ပါစေ
    ငါ ဆုတောင်းတယ်။
    အောင်ဝေးဟာ
    ဗမာ့နိုင်ငံသား
    မြန်မာတိုင်းရင်းသား
    အားလုံးက
    နားလည်နိုင်ကြပါစေသား။    ။
    (လျှက်တစ်ပြက် သတင်းဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၉၃) တွင်  ကဗျာဆရာ အောင်ဝေးမှ ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူစဉ်က ရေးသားပေးပို့ခဲ့သော ကဗျာအား ဆရာကြီး တစ်နှစ်ပြည့် အမှတ်တရ အောင့်မေ့ဖွယ်ဖြင့် ပြန်လည်ဖော်ပြအပ်ပါသည်။)
    ဓါတ်ပုံအညွှန်း-ဆရာ ဒဂုန်တာရာ အသက် ၉၃နှစ်ပြည့် အကြို အလှူပွဲ သို့ တက်ရောက်သော စာရေးဆရာ ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (ဘီဒီအေ လေယာဉ်ပစ်တပ်သားဟောင်း) 2012, January
  • ကလေးရေ၊ တိတ်ပါတော့ …
    ရေးသူ- ဆွေမွန်
    BBC-6
    မနေ့က အိမ်နဲ့
    ဒီနေ့ အိမ်မဲ့
    ပျော်နေတဲ့ နှလုံးသားလေးကို ၀မ်းနည်းတတ်အောင်
    ရယ်သံတွေစည်ဝေနေတဲ့ နေရာကို ငိုသံတွေ လွှမ်းစေအောင်၊
    မနေ့ကကျက်စရာစာအုပ်
    ဒီနေ့ ပြာထုတ်ဖြစ်အောင်၊
    ဘယ်လို ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေက
    စေခိုင်းလိုက်ပါလိမ့်နော်။
    ဒီကနေ့ ဒီကလေးရဲ့ မျက်ရည်တစ်စက်အတွက်
    နောင်ဘ၀ အဆက်ဆက်
    ခင်ဗျားတို့ မပျက်မကွက်
    တစ်ရက်တစ်လေလေးတောင်
    မပျက်မပြယ်ဘဲ တိုက်ကြမယ့်
    ကျိန်စာဆိုးတွေနဲ့
    ဒီတစ်သက် မသေသေးသရွေ့
    ပို့ကြမယ့် မေတ္တာကျိုးတွေကို
    နောင်ဘ၀ အစဉ်အမြဲနေရမယ့်
    အ၀ီစိငရဲ ထိအောင်
    ကိုယ့်စရိတ်နဲ့ ကိုယ်သယ်ကြပေတော့ဗျို့။
    ဆွေမွန်
    ၂၅၊ ၈ ၊၂၀၁၃
    Original Link >>http://goo.gl/MuHAb5
    ဓါတ်ပုံ-ရိုက်တာ
    ဓါတ်ပုံရှင်းလင်းချက်- သြဂုတ်လ- ၂၄ ၇က်နေတွင် ကန့်ဘလူမြို့ ကျွဲကုန်းတွင် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပြင်မှ ၄င်းတို့ရဲ့ ကျန်ရစ်ပစ္စည်းများကို ရှာဖွေသယ်ယူနေသည့် မွတ်စလင်မ် ကလေးငယ်တစ်ဦးရဲ့ပုံရိပ်ပါ။
  • အာဏာရူး ပါဝါရူး (ကဗျာ- M-Media Blog ကဏ္ဍ)
    အာဏာရူး ပါဝါရူး (ကဗျာ- M-Media Blog ကဏ္ဍ)
    သြဂုတ်လ- ၂၅ ရက်၊ ၂၀၁၃
    M-Media
    ရေးသူ- ကျောက်ခဲ
    လူ့ မလိုင် သူ့ စတိုင်က
    လေချင်းအတူတူ
    လူသားချင်းအတူတူ
    သူကပိုရူချင်နေသူ
    ငြိမ်းချမ်းရေး အတွက်ပါ
    စိမ်းလန်းရေးအတွက်ပါ
    အပြောကောင်းသူ့ မျက်နှာ
    စိတ်ထဲမပါ သကာရည်ရော
    ဟန်ဆောင်ပြုံးရတာမော
    ငါ့လက် ငါ့ခြေ
    ငါ့ခေတ် ငါ့အခါမှာ
    အချောင်လိုချင် လက်ညိုးထောင်
    ကောင်းစားချင်ရင် လက်ညိုးထောင်
    ငါစေရာကို ကူညီပေး
    ခရိုနီခေါ်ခေါ် လက်ပရိုစီခေါ်ခေါ်
    ဆွေစဉ်မျိုးဆက်ချမ်းသာဖို့ အရေး
    ငါ့ကိုထောက်ခံပေး ငါ့ကိုအာဏာပေး
    မနက်စာ  မရှိရင်သတိရ
    နေ့ လည်စာ.  မရှိရင်သတိရ
    အရင်လိုအိပ်စက်ဖို့  အိပ်ယာကိုသတိရ
    အရင်လိုစစ်မဖြစ်တဲ့  အချိန်ကိုပြန်တမ်းတရင်
    နောက်ဆုံးသတိရဖို့  တမ်းတဖို့ တစ်ခုက
    ငြိမ်းချမ်းကျဖို့ အရေး
    ငါ့ကိုထောက်ခံပေး  ငါ့ကိုအာဏာပေး
    လူ့ အပေါ်ကို တက်ဖို့  လူတွေကိုပဲနင်းခဲ့တယ်
    လူ့ အပေါ်ကိုတက်ဖို့  လူတွေကိုပဲသတ်ခဲ့တယ်
    လူ့ အပေါ်ကိုတက်ဖို့  ဘာသာရေးကိုအလေးခိုးခဲ့တယ်
    လူ့ အပေါ်ကိုတက်ဖို့  ဘုန်းကြီးကျောင်းကိုရုံးခန်းဖွင့်တယ်
    လူ့ အပေါ်ကိုတက်ဖို့  လူတွေကိုပြီးတဲ့ ကတုံးနဲ့ စက်ရုပ်တုတွေကိုအသုံးချခဲ့တယ်
    လူ့ အပေါ်ကိုတက်ဖို့  ဘုရားနဲ့ကုလားကိုချခိုင်းတယ်
    လူတွေမသိလို့  နားမလည်လိုက်လို့ 
    လူတွေကသာစတေးခံခဲ့ရ
    အာဏာရူးမှာ မေတ္တာသုတ်မရှိဘူး
    ပါဝါရူးဟာ ကိုယ်ချင်းမစာဘူး
    ကမ္ဘာပတ်လိမ်တဲ့ မုသာဝါဒီ
    သီလအစုံ တစ်ပါးမှမလုံတဲ့
    အရင်ကအစိမ်း ဝမ်းဆက်
    အခုတိုက်ပုံအဖြူဝတ်နဲ့ 
    ပါတီလိုလိုနာဇီလိုလိုနဲ့ 
    လူလူချင်းသတ်ခိုင်းတဲ့အရူး
    အရူးတကာ့ထွတ်ခေါင်အရူး
    အာဏာရူး ပါဝါရူး
  • အလွှာစုံညီ မြန်မာ့အာဇာနည်  (ကဗျာ)
    အလွှာစုံညီ မြန်မာ့အာဇာနည် (ကဗျာ)
    ဇူလိုင်-၁၉၊ ၂၀၁၃
    M-Media
    ရေးသူ-မောင်ဝတ်လုံ(မြောင်းမြ)
    အလွှာစုံညီ မြန်မာ့အာဇာနည်
    19July
    ကမ္ဘာနိုင်ငံအချို့မှာ
    အာဇာနည်သူရဲကောင်းဆိုတာတွေ…….ရှိပါလေရဲ့။
    အမေရိကန်ပြည်မှာ
    ကနေဒီလို……..လင်ကွန်းလို
    တစ်ခေတ်တစ်ယောက်ထွန်း
    မော်ကွန်းတင်ရပါတဲ့
    အာဇာနည်သူရဲကောင်းတွေ….ရှိပါလေရဲ့။
    အိန္ဒိယပြည်မှာ
    ဂန္ဒီလို….အင်ဒီရာလို တစ်ခေတ်တစ်ခါ
    တစ်ယောက်ထွန်း
    မော်ကွန်းတင်ရပါတဲ့
    အာဇာနည်သူရဲကောင်းတွေ……ရှိပါလေရဲ့။
    ပါကစ္စတန်ပြည်မှာ
    ဘနာဇီယာဘူတိုလို
    တစ်ခေတ်တစ်ခါ တစ်ယောက်ထွန်း
    မော်ကွန်းတင်ရပါတဲ့
    အာဇာနည်သူရဲကောင်းတွေ…….ရှိပါလေရဲ့။ ။
    မြန်မာပြည်မှလည်း
    အာဇာနည်သူရဲကောင်းတွေ…ရှိပါလေရဲ့။
    ဒါပေမယ့်
    တကယ့်ကိုထူးကဲ
    တစ်ဦးတည်းမဟုတ်
    တစ်ရက်ထဲ…..တစ်ချိန်ထဲ…..ကံဆိုး
    ကိုးဦးတောင်ကျရှာ
    မြန်မာ့အာဇာနည်သူရဲကောင်းတွေ….ကြေကွဲရပါလေပြီ။ ။
    ဦးအောင်ဆန်းလို…စစ်ဗိုလ်ချုပ်လည်း ပါရဲ့၊
    သခင်မြလို…ရှေ့နေလည်းပါရဲ့၊
    ဦးဘချိုလို……စာဆိုအယ်ဒီတာလည်း ပါရဲ့၊
    ဦးရာဇတ်လို …..ကျောင်းအုပ်ဆရာကြီးလည်းပါရဲ့၊
    ဦးဘဝင်းလို……ကျောင်းဆရာလည်းပါရဲ့၊
    စဝ်စံထွန်းလို…..စော်ဘွားကြီးလည်းပါရဲ့၊
    မန်းဘခိုင်လို…….လယ်သမားလည်းပါရဲ့၊
    ဦးအုန်းမောင်လို……ရုံးဝန်ထမ်းလည်းပါရဲ့၊
    ကိုထွေးလို……..ရဲဘော်လေးလည်းပါရဲ့၊
    ဗမာတွေလည်း ပါရဲ့၊
    ရှမ်းလည်း ပါရဲ့၊
    ကရင်လည်း ပါရဲ့၊
    ဗမာမွတ်စလင်မ်တွေလည်း ပါရဲ့၊
    ကပြားလည်း ပါရဲ့၊
    ဗုဒ္ဓဘာသာဝင်တွေလည်း ပါရဲ့၊
    အစ္စလာမ်ဘာသာဝင်တွေလည်း ပါရဲ့၊
    ကြုံခဲ့ရပုံ
    လူတန်းစားစုံ၊လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ
    သားကောင်းဇာနည်တွေ
    မြန်ပြည်လွတ်လပ်ရေးအတွက်
    အသက်စတေးခဲ့တာ၊
    ကမ္ဘာမှာတောင်…….မရှိပါဘူး
    ထူးတဲ့တိုင်းပြည်။
    အာဇာနည်တွေလို
    တို့ပြည်သူတွေလည်း
    လူတန်းစားပေါင်းစုံ၊လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ
    ဆူကြုံနိမ့်မြင့်မခွဲ……လက်ချင်းတွဲလို့
    ရဲတဲ့အာဇာနည်သွေးတွေနဲ့ အရယူပေးခဲ့တဲ့
    လွတ်လပ်ရေးကိုခိုင်မြဲအောင်
    လူတန်းစားမကွဲရအောင်
    လူမျိုး မခွဲဘဲ
    ဘာသာမခွဲဘဲ
    လက်တွဲထိန်းသိမ်းသွားကြပါစို့။ ။
    မောင်ဝတ်လုံ(မြောင်းမြ)
  • “ သံဝေဂ ခလုတ် ” (ကဗျာ)
    ဇွန်-၂၅၊ ၂၀၁၃
    M-Media
    ရေးသူ- ငသော့
    wolf
    ကမ္ဘာက ထုတ်ဖော်လေပြီ
    တို့တိုင်းပြည်ထဲက အမည်းစက်
    ဘယ်သူလဲ… ကွက်ကွက်ကွင်းခဲ့ပေါ့။
    သူ့ ဥာဏ်လေး တစ်ထွာ၊ တစ်မိုက်နဲ့
    နာဇီလမ်းလိုက်မိတဲ့ ငမိုက်သား
    ခြင်္သေ့ကို မြေခွေးဖြစ်အောင် လုပ်တယ်… လို့ပဲ
    ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတတ်တယ်။
    အတိတ်ဖြစ်ရပ် သိအပ်ဖူးပါရဲ့…
    ထိုသူ့ဥပဒေ ထိုသူ့ဝိနည်းပေမို့
    ထိုသူ့ကဲ့သို့ သက်သတ်လွတ်ဖို့ရာ
    တင်လျှောက်လာ “ဒေ၀ဒတ်နတ်”လို
    တစ်လှမ်းပို၊ တစ်လကြီးချင်သမျှ
    ဘုရားရှင် ရှိစဉ်က ဆိုရင်ဖြင့်…
    (သူလည်း) အနားပင် ကပ်ခွင့်မရနိုင်ဘူး။
    စိတ်ရူးကို စိတ်ကူးထင်
    “ဘင်လာဒင်” နှိုင်းလိုက်ချင်သပ ဆိုမှတော့
    သင်သာပင် မှားနေပေလိမ့်မပေါ့…။
    ဘုရားရှိသူတိုင်းအတွက်တော့
    ဘယ်တရားမှ မီးခိုးမမွှန်နိုင်ပါဘူး။
    သမိုင်းမှတ်တိုင် ခိုင်ခိုင်ရှိလေရဲ့
    ဗိုလ်ချုပ်နဲ့ ဒီးဒုတ်ဆရာချို။
    နိုင်ငံရေးကို ဘာသာရေး ရောလေတော့
    သွေဖယ်ပြီ “ပြည်ထောင်စု” အမည်နဲ့ ဟုဆိုကာ
    တိုင်းရင်းသားမျက်နှာတွေ ငဲ့ခဲ့တယ်။
    ခုခေတ်ဝယ် ၀ါဒမှိုင်းအသွယ်သွယ်နဲ့
    အလယ်မှာ ဘာသာရေးခေါင်းစဉ်တပ်
    ဘယ်နဲ့ညာ ဟန်ချက်ပျက်ပြီမို့
    (မတော်တဆ မဟုတ်)
    အနာဆီသို့ ချလေတဲ့ တုတ်
    “သံဝေဂ”ခလုတ်ကို မီးမောင်းထိုးခဲ့ပြီ။ ။
    ————-။      ။—————–