News @ M-Media

Category: Media To Monitor

  • တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    ဇန်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    is
    အစ္စရေးသို့ သွားရောက်လည်ပတ်စဉ် တွေ့ရသည့် ကာကွယ်ရေးဦးစီးချုပ်

    – နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသောကြောင့် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ရပ်ဆိုင်းရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုမှုကို အစ္စရေးက ပယ်ချလိုက်သည်ဟု သိရသည်။

    ဇန်န၀ါရီ ၈ ရက်နေ့က ပေးပို့ခဲ့သော အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ စာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သဘောတူထားပြီး၊ နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီသည့် စစ်လက်နက်ပစ္စည်းများ တင်ပို့မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားကြောင်း ဂျေရုစလင်အခြေစိုက် လူ့အခွင့်အရေး ဥပဒေအကျိုးဆောင် အစ်တေး မက်ခ်က ဧရာဝတီ သတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ပယ်ချမှုကြောင့် မိမိအနေဖြင့် တရားရုံးချုပ်တက်ကာ အသနားခံစာ တင်သွားမည်ဟုလည်း မက်ခ်က ဆိုသည်။

    မြန်မာအစိုးရစစ်တပ်မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး၊ နိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာလူနည်းစုများအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အတွက် မြန်မာစစ်တပ်က ၀ယ်ယူထားသည့် လက်နက်တင်ပို့ရေး လိုင်စင်များကို ပြန်လည်သုံးသပ်ရန် မက်ခ်နှင့် အခြားတက်ကြွလှုပ်ရှားသူများက ကာကွယ်ရေးဝန်ကြီးဌာန၏ လက်နက်ရောင်းချမှု ဌာနခွဲကို ဒီဇင်ဘာလအတွင်း စာရေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

    “အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဆက်လက်ပြုလုပ်ဖို့ အသည်းအသန်ဖြစ်နေတဲ့ အစ္စရေးက အဆိုးရွားဆုံး ရာဇ၀တ်မှုတွေကို ကျူးလွန်နေမှုကြောင့် အမေရိကန်ရဲ့ အီးယူတို့က ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံအပေါ် လိပ်ပြာသန့်သန့်နဲ့ လက်နက်ရောင်းနိုင်တာ အံ့သြစရာကောင်းပါတယ်” ဟု ဒီဇင်ဘာ ၁၁ ရက်နေ့က ပေးပို့ခဲ့သည့် အဆိုပါစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့တို့ အစ္စရေးသို့ သွားရောက်စဉ် အစ္စရေးအခြေစိုက် လက်နက်ကုမ္ပဏီဖြစ်သော Elbit Systems၊ လေကြောင်းလုပ်ငန်း Israeli Aerospace Industries နှင့် ၎င်း၏ လက်ခွဲ Elta Systems Ltd သို့ သွားရောက်လည်ပတ်ခဲ့သည်။

    အစ်တေး မက်ခ်က Elbit Systems နှင့် အခြားလက်နက်ကုမ္ပဏီ TAR Ideal တို့မှာ မြန်မာစစ်တပ်အား လက်နက်ရောင်းချရန် သဘောတူစာချုပ် ချုပ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့မှာ အစ္စရေး ရေတပ်စခန်း၊ တဲလ်အဗီးရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဂါဇာကမ်းမြှောင်ရှိ ဗိမာန်တို့အား သွားရောက်လည်ပတ်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်၏ Facebook စာမျက်နှာတွင် ၎င်းအနေဖြင့် အစ္စရေးမှ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရန်နှင့် လေ့ကျင့်သင်ကြားပေးရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကမူ အစ်တေးမက်ခ်သို့ ပေးပို့သည့်စာတွင် နိုင်ငံခြားတိုင်းပြည်များနှင့် စစ်လက်နက် ရောင်းဝယ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ မည်သည့်ဖော်ပြချက်မှ မပါဝင်ပေ။

    “မြန်မာစစ်တပ် အကြီးအကဲကတောင် ၂၀၁၅ စက်တင်ဘာက အစ္စရေးကို လည်ပတ်မှု၊ ၂၀၁၆ သြဂုတ်လမှာ အစ္စရေး လက်နက်တင်ပို့မှုအကြီးအကဲတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှုတွေကို အသေးစိတ် ထုတ်ပြန်ခဲ့သေးတာပဲ။ (အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနရဲ့) ဒီလျှို့ဝှက်မှုက ထူးဆန်းနေတယ်ဗျ” ဟု မက်ခ်က ပြောကြားခဲ့သည်။

    Ref: Irrawaddy

  • ရခိုင်ပြဿနာကို ကုလကဖြေရှင်းပေးရန် အီရန်က ကုလအတွင်းရေးမှူးထံ စာပို့တောင်းဆို

    ရခိုင်ပြဿနာကို ကုလကဖြေရှင်းပေးရန် အီရန်က ကုလအတွင်းရေးမှူးထံ စာပို့တောင်းဆို

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    zarif

    – မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး နိုင်ငံတကာက ဆောင်ရွက်ပေးရန် တောင်းဆိုသော စာတစ်စောင်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ကုလအတွင်းရေးမှူးချုပ်သစ် အန်တိုနီယို ဂူတာရက်စ်ထံ ပေးပို့ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာများ ဒုက္ခသုက္ခခံစားနေရမှုများမှာ နိုင်ငံတကာ၌ စိုးရိမ်မှုများကို ဖြစ်စေသည်ဟုလည်း ဆိုသည်။

    ထို့ပြင် ၎င်းတို့မှာ နိုင်ငံသားဖြစ်ခွင့်၊ အစိုးရ၏ ကာကွယ်စောင့်ရှောက်မှု ရရှိခွင့်တို့ကဲ့သို့ အခြေခံအကျဆုံး အခွင့်အရေးများကို မခံစားရကြောင်း၊ သတ်ဖြတ်ခံရမှု၊ ကြမ်းတမ်းပြီး လူမဆန်သော ဆက်ဆံမှုမျာကို နေ့စဉ်လိုလို ခံစားနေရသည်ဟုလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက စာထဲတွင် ဖော်ပြခဲ့သည်။

    ဇန်န၀ါရီ ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ရန်ရှိနေသည့် အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရိုဟင်ဂျာမွတ်စလင်များ၏ အခြေအနေကို ဆွေးနွေးရန် ဇာရစ်ဖ်က ပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေးက ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံ အစိုးရများ၏ စိုးရိမ်မှု အတိမ်အနက်ကို တွေ့မြင်ရလိမ့်မည်ဟုလည်း ဆိုသည်။

    စစ်အာဏာရှင်လက်ထက်တစ်လျှောက် ဖိနှိပ်ချုပ်ချယ်ခံလာရသည့် ရိုဟင်ဂျာမွတ်စလင်များမှာ ၂၀၁၂ ခုနှစ်မှစ၍ ဗုဒ္ဓဘာသာ အမျိုးသားရေးအစွန်းရောက်များ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံလာခဲ့ရသည်။

    အောက်တိုဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစိုးရစစ်တပ်က ပြုလုပ်သည့် စစ်ဆင်ရေးတွင် ရိုဟင်ဂျာ ပြည်သူများမှာ တရားလက်လွတ် သတ်ဖြတ်ခံရခြင်း၊ မီးရှို့ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်းတို့ရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။

    အစိုးရက နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်သည့်အဖွဲ့မှာ နိုင်ငံခြားအကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည် ရိုဟင်ဂျာအဖွဲ့ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အရပ်သားမျာအပေါ် ကျူးလွန်မှုရှိသည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့သည်။

    သို့သော်လည်း ရိုဟင်ဂျာရွာတစ်ခု၌ ရွာသားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်ကန်ကျောက်သည့် ဗီဒီယိုတစ်ခုမှာ ပြီးခဲ့သည့်သီတင်းပတ်တွင် ထွက်ပေါ်လာခဲ့သည်။

    ဇာရစ်ဖ်ကမူ ‘ရိုဟင်ဂျာမွတ်စလင်များ၏ အခြေခံအခွင့်အရေးများကို စနစ်တကျ ချိုးဖောက်နေခြင်း၊ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခြင်း၊ ၎င်းတို့နေထိုင်ရာဒေသများမှ နှင်ထုတ်ခြင်း’ စသည်တို့မှာ မြန်မာနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများရှိ တည်ငြိမ်အေးချမ်းရေးတွင် ဆိုးကျိုးများ ရှိလာမည်ဟုလည်း ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများ၏ အခွင့်အရေးကို ကာကွယ်ရေး ထိရောက်သည့်ဆောင်ရွက်မှုများကို မြန်မာအစိုးရက အလျင်အမြန်ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း၊ အစွန်းရောက်အုပ်စုများက ငြိမ်းချမ်းသော ဗုဒ္ဓသာသနာ၏ ပုံရိပ်အား ညစ်ညမ်းအောင်လုပ်မှုကို ခွင့်ပြုမည်မထင်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူသားချင်းစာနာထောက်ထာမှုဆိုင်ရာ အကူအညီပေးခွင့်အလျင်အမြန်ရရှိရေးအတွက် နိုင်ငံတာအသိုင်းအ၀ိုင်းနှင့် အစ္စလာမ်ကမ္ဘာတို့မှ တောင်းဆိုမှုများအတွက် ဂူတာရက်စ်အနေဖြင့် ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှတစ်ဆင့် မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု မျှောင်လင့်ကြောင်း ဇာရစ်ဖ်က ထိုစာတွင် ထည့်သွင်း ရေသားခဲ့သည်။

    ဖြစ်နိုင်သမျှ နည်းလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ ပြဿနာကို ဖြေရှင်းရေး လိုအပ်သော ဆောင်ရွက်မှုများကို ကုလအနေဖြင့် ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းလည်း ၀န်ကြီးက ပြောကြားခဲ့သည်။

    ကုလကမူ မိမိတို့၏ အထူးကိုယ်စားလှယ်မှာ မြန်မာနိုင်ငံသို့ ၁၂ ရက်ကြာခရီးစဉ်အဖြစ် တနင်္လာနေ့တွင် လာရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်သို့ သွားရောက်ကြည့်ရှုမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Press TV

  • မတရားပြုကျင့်မှုကို ကာကွယ်နိုင်ရေး မြန်မာတိုင်းရင်းသူများ ကရာတေးသင်ယူနေ

    မတရားပြုကျင့်မှုကို ကာကွယ်နိုင်ရေး မြန်မာတိုင်းရင်းသူများ ကရာတေးသင်ယူနေ

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    girl
    အရှက်နှင့်သိက္ခာကို ကာကွယ်ရန် ကရာတေးသင်ယူနေသည့် တိုင်းရင်းသူလေးများ

    – ၂၀၁၀ ခုနှစ်ကတည်းကစ၍ မြန်မာစစ်တပ်မှ တိုင်းရင်းသူအမျိုးသမီးများအပေါ် မုဒိန်းကျင့်ခြင်းနှင့် လိင်စော်ကားခြင်း အမှုပေါင်း ၁၀၀ ကျော် မှတ်တမ်းပြုစုထားပြီဖြစ်ကြောင်း မြန်မာအမျိုးသမီးများအဖွဲ့ချုပ် Women’s League of Burma က ဆိုသည်။

    ရပ်ရွာစွန့်ကလေးသူငယ်များအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ဆယ်ကျော်သက်မိန်းကလေး ဒါဇင်ပေါင်းများစွာတို့သည် အ၀ါရောင်၊ အပြာရောင်၊ အဖြူရောင် စသည့် ခါးပတ်အရောင်ပါ အဖြူရောင်တူညီဝတ်စုံများဆင်ယင်လျက် နေ့လည်ခင်းတိုင်း ကွင်းပြင်ပေါ် တန်းစီလိုက်ကြသည်။ ဂျပန်လိုဟစ်အော်ကာ လေထုထဲ လက်သီးထိုးခြင်း၊ ခုန်ပျံအမြင့်ကန်ခြင်း လေ့ကျင့်ခန်းတို့ကို အားရရွှင်မြူးစွာ ရပ်နားချိန်အထိ ပြုလုပ်နေကြသည်။

    ဤသင်တန်းမှ မိန်းကလေးများစွာ၏ ရည်ရွယ်ချက်မှာ အခိုင်အမာတစ်ခုတည်းဖြစ်၏။ သူတို့သည် အမိမြေမှ အစိုးရစစ်တပ်၏ စော်ကားမှုများမှ အကာအကွယ်ရရန် ဆန္ဒပြင်းပြနေခြင်းပင်။

    အများစုမှာ ကချင်ပြည်နယ်မှ အသက် ၁၃ နှစ်နှင့် ၁၆ နှစ်ကြားအရွယ်ဖြစ်သည်။ ကာလရှည်ပြည်တွင်းစစ်ကြောင့် သူတို့သည် အိုးအိမ်မဲ့သူများ၊ မိသားစု ဆုံးရှုံးရသူများဖြစ်ခဲ့ရသည်။ ယင်းပြည်တွင်းစစ်ပွဲကာလတစ်လျှောက် အစိုးရစစ်သားတို့က မိန်းမပျိုနှင့်အမျိုးသမီးများကို မုဒိန်းကျင့်လျက်ရှိကြောင်း ကျော်ကြားသည်။ သို့သော် ယင်းပြစ်မှုများအပေါ် တရားစီရင်ခြင်းကား မဆိုစလောက် နည်းပါးလွန်းနေသည်။ ဤကရာတေးသင်တန်းသည် အဆိုပါ ကယ်ရာမဲ့များအတွက် အတိုင်းအတာတစ်ရပ်အထိ နည်းပင်နည်းငြား ခွန်အားတစ်ရပ်ဖြစ်ထွန်းစေသည်။

    “မိမိအပေါ် လိင်အကြမ်းဖက်မှုပြုလုပ်လာလျှင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရမယ့်ပုံ၊ ပြန်လည်ရင်ဆိုင်တိုက်ခိုက်ပုံတွေကို မိန်းကလေးများအားလုံးအတွက် ကျွန်တော်တို့ သင်ကြားပေးနေပါတယ်။ ပြည်တွင်းက အိုးအိမ်စွန့်ခွာ ကလေးငယ်အားလုံးတွေဆီ တစ်စုံတစ်ရာ အားရကျေနပ်မှုဖြစ်စေမယ့်အခွင့်အရေးနဲ့ မိမိကိုယ်ကိုယုံကြည်မှုကို ကျွန်တော်တို့ အခိုင်အမာ ပေးကမ်းချင်နေခဲ့တာ ကြာပါပြီ” ဟု နည်းပြဆရာ ခွန်နော်က ပြောကြားသည်။

    မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် လူတစ်သိန်းကျော်မှာ အစိုးရစစ်တပ်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ ကချင်တပ်ဖွဲ့များသည် ပိုမိုလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့သည်။ ၁၇ နှစ်တာ အပစ်အခတ်ရပ်စဲထားမှုက ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်သွားပြီး တိုက်ပွဲများမှာ ပြန်လည်ဖြစ်ပွားလာသည်။

    အသက် ၁၆ နှစ်အရွယ် ခေါင်ရာ သည် လူဦးရေ ၈၀၀၀ ကျော်ရှိသော ဒုက္ခသည်ဦးရေအများဆုံး ဂျီယန်းစခန်းမှ မိန်းမငယ်လေးဖြစ်သည်။ သူမသည် လွန်ခဲ့သည့် ၅ နှစ် အသက် ၁၁ နှစ်အရွယ် ကျောင်းတက်နေစဉ် တိုက်ပွဲဖြစ်ပွားသဖြင့် သူမ၏ရွာ မန်ဒန်းမှ အသက်လုပြေးထွက်လာရသည်။ ထိုအချိန်ကစပြီး သူမ၏မိဘများကို ပြန်မတွေ့ရတော့ပေ။

    သူနာပြုတစ်ဦးဖြစ်ရန် တစ်ချိန်က စိတ်ကူးယဉ်ခဲ့သော်လည်း ယခုတွင်မူ အလျဉ်းပြောင်းလဲသွားပြီဖြစ်သည်။ “နိုင်ငံရေးအခြေအနေနဲ့ ပြည်တွင်းစစ်ကြောင့် ကျွန်မဖြစ်လိုတာ မဖြစ်နိုင်တော့ဘူး။ အဲ့ဒီအတွက်လည်း လုံးဝ စိတ်မပျက်ပါဘူး” ဟု သူမက ဆိုသည်။

    သို့သော် ဒေသတွင်း အမျိုးသမီးများပေါ် မုဒိန်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းအကြောင်း ကြားသိပြီးနောက် ခေါင်ရာသည် ကရာတေးပညာကို လေ့လာသင်ကြားလျက်ရှိသည်။ အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်သွားချိန်မှစပြီး KIA လက်အောက်မှ လူထုအခြေပြုအဖွဲ့အစည်းတစ်ခုသည် ကချင်တို့၏ထိန်းချုပ်နယ်မြေများတွင် ကရာတေးသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်နေသည်။ ဆယ်ကျော်သက် မိန်းကလေးနှင့်ယောက်ျားလေးများအတွက် မိမိကိုယ်ကိုကာကွယ်နိုင်ရန်၊ မိမိကိုယ်ကိုယုံကြည်စိတ်ရှိရန် ထိုသို့ သင်ကြားပေးခြင်းဖြစ်သည်။

    “သူတို့(တပ်မတော်)က အမျိုးသမီးတွေကို မုဒိန်းကျင့်ကြတယ်။ ဒါကြောင့် ကျွန်မ ကရာတေးပညာကို သင်ကြားဖို့ စိတ်ဝင်စားပြီး ဆုံးဖြတ်ခဲ့တယ်။ အနိမ့်ဆုံးအားဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ပါ” ဟု ခေါင်ရာက ဆိုသည်။

    စစ်တပ်သည် မုဒိန်းကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးချနေသည်မှာ အချိန်ကာလကြာရှည်နေပြီဟု အမျိုးသမီးများဆိုင်ရာ အဖွဲ့အစည်းများက ပြောကြသည်။ ၂၀၁၀ ခုနှစ်ကတည်းကစ၍ မြန်မာစစ်တပ်မှ တိုင်းရင်းအမျိုးသမီးများအပေါ် မုဒိန်းကျင့်ခြင်းနှင့် လိင်စော်ကားခြင်း အမှုပေါင်း ၁၀၀ ကျော် မှတ်တမ်းပြုစုထားပြီဖြစ်ကြောင်း မြန်မာအမျိုးသမီးများအဖွဲ့ချုပ် Women’s League of Burma က ဆိုသည်။ မြန်မာအစိုးရနှင့် တပ်မတော်ကမူ ဤအရေးကိစ္စနှင့်စပ်လျဉ်း၍ စိုးစဉ်းမျှ အသံမထွက်ဘဲ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်။

    ယခုနှစ်ဆောင်းဦးကာလအတွင်း ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းရှိ လူနည်းစုဝင်များအား တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ထပ်ဖန်တလဲ မုဒိန်းမှု ကျူးလွန်နေကြောင်း ရိုဟင်ဂျာမွတ်စ်လင်မ်များနှင့် လူ့အခွင့်အရေးအုပ်စုများက ဆိုသည်။ အမျိုးအမည်မသိ တိုက်ခိုက်ရေးသမားများမှ နယ်စပ်စောင့်ရဲတပ်ဖွဲ့ဝင် ကိုးဦးအား သတ်ဖြတ်ခဲ့သော အောက်တိုဘာလကတည်းက အာဏာပိုင်တို့သည် အဆိုပါဒေသတစ်ခွင်၌ နယ်မြေရှင်းလင်းရေးကို ပြုလုပ်ခဲ့ကြသည်။ ဒေသတွင်းသို့ နိုင်ငံခြားမီဒီယာများ မ၀င်ရောက်နိုင်အောင် အစိုးရက ပိတ်ဆို့ထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်ဖက် အလွတ်ရုန်းထွက်ပြေးသွားနိုင်ခဲ့ကြသည့် ရိုဟင်ဂျာတို့က လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ မုဒိန်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်းအကြောင်း သတင်းပေးဖော်ပြကြသည်သာမက ဂြိုဟ်တုပုံရိပ်များက ဖော်ပြနေသည့် ရွာလုံးကျွတ်မီးလောင်တိုက်သွင်းမှုများကလည်း ထိုသူတို့၏စကားကို ခိုင်မာသွားစေသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူ စိုးနိုင်ဦးက ရခိုင်ပြည်နယ်အတွင်း တပ်မတော်သားများက လူ့အခွင့်အရေးချိုးဖောက်မှုသော်လည်းကောင်း၊ လိင်အကြမ်းဖက်မှုသော်လည်း အလျဉ်း မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားသည်။

    ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးများအဖွဲ့အစည်းနှင့် ဥပဒေရေးရာကူညီရေးကွန်ရက်သည် ယမန်နှစ်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ၎င်း၌ ၂၀၁၅ ခုနှစ် ကချင်လူမျိုး ပရဟိတဆရာမနှစ်ဦးကို ရက်စက်စွာ မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုပျက်ကွက်ကြောင်း ဖော်ပြထားသည်။ အဆိုပါ မုဒိန်းမြင်ကွင်းအနီးတွင် ဒါဇင်နှင့်ချီသော တပ်မတော်သားများစွာ ရှိနေကြပြီး အလောင်းရှာမတွေ့မီ အသီးသီးထွက်ခွာသွားကြသဖြင့် မည်သည့် မသင်္ကာသူကိုမျှ မဖော်ထုတ်နိုင်ခဲ့ကြချေ။

    ယင်းသို့ကိစ္စများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု မရှိသလောက်သာ ဖြစ်နေသည်။ ၂၀၁၄ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်မိန်းကလေးငယ်တစ်ဦးကို မုဒိန်းကျင့်သည့်အမှုဖြင့် တပ်မတော်သားတစ်ဦးအား ထောင် ၇ နှစ်ပြစ်ဒဏ် စီရင်ချမှတ်ခဲ့သည်။ မြန်မာစစ်သားတို့ကို စစ်ခုံရုံးတွင်သာ စစ်ဆေးစီရင်လေ့ရှိသော်လည်း အဆိုပါအမှုတွင် ဥပဒေဘက်တော်သားရှေ့နေများက ပြည်သူ့တရားခုံရုံးတင်နိုင်အောင် ဖိအားပေးကြိုးပမ်းနိုင်ခဲ့ကြသည်။

    ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား လူနည်းစုဝင်တိုင်းရင်းသားတို့မှ ရွေးချယ်ခံအစိုးရသစ်တစ်ရပ် ဖြစ်ထွန်းလာရေးအတွက် သောင်ပြိုကမ်းပြို မဲပေးခဲ့ကြသည်။ သို့သော် စစ်တပ်လွှမ်းမိုးသည့် အစိုးရသာ ဖြစ်နေခဲ့ပြီး၊ ယခုအခါ အစိုးရ၏ တိုင်းရင်းသားပဋိပက္ခဖြေရှင်းမှုဆောင်ရွက်ချက်များအပေါ် အများအပြားက စိတ်ပျက်လာကြသည့်အပြင် စစ်တပ်ကို ဘေးမဲ့ပေးထားသည်ဟု အမြင်ရှိနေကြပေသည်။

    “လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် မပြောဆိုရင်၊ မတရားခံရသူတွေအတွက် အမှန်တရားနဲ့ တရားမျှတကို လျစ်လျူရှုထားရင် ကျွန်မတို့နိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်ထွန်းလာမှာ မဟုတ်ဘူး” ဟု Women’s League of Burma ၏ အတွင်းရေးမှူး ဂျူလီယာမာရစ်ပ် က ပြောကြားလိုက်သည်။

    တပ်မတော်သားတို့၏ အကျင့်ဆိုးများကို ကိုင်တွယ်ထိန်းချုပ်ရန် မျှော်လင့်ချက် နည်းပါးလှသည်ဖြစ်၍ ကရာတေးသင်တန်းသူ မိန်းကလေးငယ်တို့က အနိမ့်ဆုံးအားဖြင့် မိမိတို့အပေါ် ၎င်းတို့၏ကျူးလွန်စော်ကားခြင်းမှ ဟန့်တားနိုင်ရေးကိုသာ မျှော်လင့်နေကြရပေသည်။ သူတို့သည် အချင်းချင်း ယှဉ်ပြိုင်နေကြရင်း အချို့ကမူ တိုက်ခိုက်ရေးပညာကို သက်မွေးဝမ်းကြောင်းအဆင့်အထိ မျှော်မှန်းထားကြ၏။

    “ကျွန်မတို့ နိုင်ငံရပ်ခြားထိသွားပြီး ပိုမိုအဆင့်မြင့်အောင် သင်ယူနိုင်တယ်လို့ ကျွန်မတို့ရဲ့ နည်းပြဆရာကပြောတယ်။ ကျွန်မလည်း ပြည်ပထွက်သွားချင်တယ်၊ ပြီးတော့ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား ဖြစ်ချင်ပါတယ်” ဟု နုဂျာ က ပြောကြားသည်။

    “မိမိကိုယ်ကို ဘယ်လိုခုခံကာကွယ်ရမယ်လို့ သူတို့ သိလာချိန်မှာ သူတို့ရဲ့မိသားစုဝင်တွေ၊ သူတို့လူမျိုးတွေနဲ့ နိုင်ငံကို သူတို့တစ်တွေ ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိလာပါလိမ့်မယ်” ဟူ၍ နည်းပြဆရာ ခွန်နော်က ပြောကြားလိုက်ပါသည်။

    Ref : Associated Press

  • ကမ္ဘာ့ မတည်ငြိမ်မှုဖြစ်လွယ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာပါဝင်

    ကမ္ဘာ့ မတည်ငြိမ်မှုဖြစ်လွယ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာပါဝင်

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    mayan

    – လန်ဒန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ International Crisis Group မှ ထုတ်ပြန်သော ပဋိပက္ခများဖြစ်နိုင်ချေအတွက် စောင့်ကြည့်ရမည့် ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာသည်ဟု သိရသည်။

    “ကမ္ဘာ့ မတည်မငြိမ်ဖြစ်လွယ်ဆုံး နိုင်ငံများ” (world’s most volatile flashpoints) ခေါင်းစဉ်နှင့်အတူ အဖွဲ့၏ ဥက္ကနှင့် အမှုဆောင် အကြီးအကဲဖြစ်သူ မစ္စတာ ဂျီယန် မာရီ ဂီဟန်နို၏ မှတ်ချက်များဖြင့် ဇန်န၀ါရီလ ၅ ရက်နေ့တွင် Foreign Policy ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

    စာရင်းတွင် ဆီးရီးယား၊ အီရတ်၊ တူရကီ၊ ယီမင်တို့က ထိပ်ဆုံးတွင် အစဉ်လိုက်ရှိနေကြသည်။ မြန်မာနိုင်ငံကမူ အာဖဂန်နှင့် ယူကရိန်းတို့ကြား အဆင့် ၈ နေရာတွင် ရှိနေသည်။

    ဂီဟန်နိုကမူ မြန်မာနိုင်ငံ၌ လတ်တလော ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများမှာ နှစ်ပေါင်း ၇၀ နီးပါးကြာမြင့်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရန် ကြိုးစားမှုများကို ထိခိုက်ပျက်စီးစေခဲ့သည်ဟု မှတ်ချက်ပြုခဲ့ပြီး နိုဝင်ဘာလက မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ခုက စုပေါင်း၍ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်လာခြင်းကို ရည်ညွှန်းပြောကြားခဲ့သည်။

    “ဒါဟာ ဖေဖော်ဝါရီမှာ ပြုလုပ်ဖို့ရှိနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ နောက်တစ်ဆင့်မှာ တိုးတက်မှုတွေ မြင်ရဖို့အတွက် နိမိတ်ကောင်းတော့ မဟုတ်ပါဘူး။ နောက်ပြီး ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေရဲ့ ကံကြမ္မာကလည်း နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို အသစ်ပြန်ဖြစ်စေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွလား၊ အရပ်သားလား ခွဲခြားမှုသိပ်မရှိဘဲ ကြမ်းကြမ်းရမ်းရမ်း တုန့်ပြန်တယ်။ တရားလက်လွတ်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ မီးရှို့မှုတွေ ရှိနေတယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်”

    ထို့ပြင် ရိုဟင်ဂျာများမှာ အစွန်းရောက်လူ့အဖွဲ့အစည်းတစ်ခု မည်သည့်အချိန်ကမှ မဖြစ်ခဲ့သော်လည်း မြန်မာအစိုးရစစ်တပ်၏ ကြမ်းတမ်းစွာ တုန့်ပြန်မှုများက အကြမ်းဖက်မှု ပြန့်နှံ့ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို မြင့်တက်စေကြောင်း၊ ရိုဟင်ဂျာများ၏ နစ်နာဆုံးရှုံးမှုများကို နိုင်ငံဖြတ်ကျော် အကြမ်းဖက်သမားများက ၎င်းတို့၏ ရည်ရွယ်ချက်အတွက် အသုံးချနိုင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း ဘာသာရေးတင်းမာမှုများကို မီးထိုးပေးသကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း ဂီဟန်နိုက ထည့်သွင်း ပြောကြားခဲ့သည်။

    မတည်ငြိမ်မှုဖြစ်လွယ်ဆုံး နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် ကွန်ဂိုနှင့် တောင်ဆူဒန်နိုင်ငံများလည်း ပါဝင်သည်။

    Ref: Frontiermyanmar

  • ညောင်မြစ်တူးရအုံးမည့် မြန်မာ့ ကျောက်စိမ်းထုတ်လုပ်မှုကဏ္ဍ

    ညောင်မြစ်တူးရအုံးမည့် မြန်မာ့ ကျောက်စိမ်းထုတ်လုပ်မှုကဏ္ဍ

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    jade-2

    – ၁၉ ရာစု တရုတ်ဧကရာဇ်ဘုရင်မ ကျီယီနှင့် သူမ အဆက်အနွယ်ဖြစ်သော ခေတ်သစ်တရုတ်ပြည်သူများ အမြတ်တနိုး စွဲလမ်းတန်ဖိုးထားကြသည့် ကျောက်စိမ်းများက မြန်မာနိုင်ငံမှလာသည်။ အရည်အသွေးကောင်းမွန်မှုကြောင့် မြန်မာနိုင်ငံမှ ကျောက်စိမ်းများမှာ ‘ကျောက်စိမ်းတကာတို့၏ ထွဋ်ခေါင်’ ဟု အမည်တွင်ပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး၊ ဈေးကွက်အ၀င်ဆုံး ဖြစ်သည်။

    တရုတ်နိုင်ငံ ဧကရာဇ်နန်းတော်ကြီး ခမ်းနားကြီးကျယ်မှုက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသနှင့် လုံးဝ ကွဲပြားခြားနားသည်။ အဆိုပါ မိုင်းတွင်များတွင် ရေမဆေးကျောက် ရှာဖွေသူများ၏ ဘ၀က အလွန် ပင်ပန်းဆင်းရဲသည်။ ကမ္ဘာ့ အကြီးဆုံးကျောက်စိမ်းထွက်ရာဒေသရှိ တောင်တန်းများပေါ်တွင် လုပ်ကွက်ရထားသည့် ကုမ္ပဏီများက စွန့်ပစ်ထားသော မြေစာပုံများတွင် ၎င်းတို့က ကျောက်စိမ်းများ တွေ့လိုတွေ့ငြား ရှကြသည်။ ကံကောင်းထောက်မ၍ တွေ့ပါက ကုန်သည်များ၊ ကျောက်သမားများကို ပြန်ရောင်းကြသည်။

    မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းနှင့်ပတ်သက်၍ လေ့လာစမ်းစစ်မှု ပြုလုပ်ခဲ့သော Global Witness အဖွဲ့မှ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုအရ ဖားကန့်မှထွက်သော ကျောက်စိမ်းအများစုအတွက် တိုင်းပြည်မှ အခွန်မရဘဲ တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ရောက်ရှိသွားသည်ဟု ဖော်ပြထားသည်။ တစ်နှစ်တစ်နှစ် မြန်မာနိုင်မှ တရုတ်နိုင်ငံသို့ မှောင်ခိုထွက်သွားနေသည့် ကျောက်စိမ်း တန်ဖိုးကို Global Witness မှ စုံစမ်းထုတ်ပြန်ခဲ့သည့် ထိုအစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိသော်လည်း ကန်ဒေါ်လာ ၃၁ ဘီလီယံခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။

    ထိုပမာဏက မြန်မာနိုင်ငံ ဂျီဒီပီ၏ တစ်ဝက်ရှိပြီး ကျန်းမာရေးကဏ္ဍအတွက် အစိုးရကချပေးသည့် အသုံးစားရိတ်ထက် ၄၆ ဆ များလေသည်။ ၂၀၁၄ ခုနှစ်တွင်ပြုလုပ်သည့် ကျောက်မြတ်ရတနာပြပွဲတွင် ပြသသည့် ကျောက်စိမ်းတုံးများမှ တစ်တုံးမှာ ကြမ်းခင်းဈေးပင် ယူရိုသန်း ၆၀ ရသည်ဟု တရားဝင်ထုတ်ပြန်မှုမရှိသည့် ရင်းမြစ်တစ်ခု ဆိုသည်။

    မြန်မာနိုင်ငံ၏ ကျောက်စိမ်းကဏ္ဍကို နိုင်ငံတကာမှ စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ဇွန်လတွင် ကျောက်စိမ်း ကုန်သွယ်သူ အုပ်စုတစ်စုက ယခင်အစိုးရမှ အကြီးတန်းအရာရှိများမှာ စီးပွားရေးလုပ်ငန်းများရှင်လျှို့ဝှက်ဆက်သွယ်ကာ ကန်ဒေါ်လာ သန်းနှင့်ချီရယူခဲ့သည်ဟု ကျောက်စိမ်းကုန်သည် အုပ်စုတစ်စုက စွပ်စွဲခဲ့သည်။ အစိုးရက ထိုကိစ္စအတွက် စုံစမ်းစဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခင်ရေတပ်ဗိုလ်ချုပ်နှင့် ၀န်ကြီးတစ်ဦးအပါအ၀င် အစိုးရအရာရှိများမှာ ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု ကြေငြာခဲ့သည်။ Global Witness မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဂျူမန် ကဘ်ဘာက အဆိုပါ ကျောက်စိမ်းကဏ္ဍမှာ လက်ရှိအချိန်အထိ ‘လျှို့ဝှက်ချက်များ’ ရှိနေဆဲဖြစ်ပြီး ‘ခြစားမှု မရှိတော့ဟု ပြောဆိုယုံမျှဖြင့် မလုံလောက်’ ဟု ဝေဖန်ခဲ့လေသည်။

    ကျောက်စိမ်းစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေသည့် KIC Group မှ ဥက္ကဌဖြစ်ဦး အစိုးရအား စောဒကတက်ခဲ့သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ကိုကျော်ကျော်ဦးက အာဏာပိုင်းများအနေဖြင့် ကြည့်ရှုရန် ဆန္ဒရှိပါက မိမိတွင်ပင် အထောက်အထားများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ငွေတွေဘယ်လိုပေးခဲ့ရတယ်ဆိုတာကို အသေးစိတ်ရေးသားထားတဲ့ ဖြတ်ပိုင်းတွေ ကျွန်တော့်ဆီမှာပဲ အထပ်လိုက်ရှိပါတယ်။ ဒီငွေတွေ ဘယ်လိုသုံးလဲဆိုတာကို အသေးစိတ်ကို စစ်ဆေးရင် ဘယ်လောက် မသမာမှုတွေ ရှိနေလဲဆိုတာကို တွေ့မှာပါ”

    ထိုဖြတ်ပိုင်းများက နိုင်ငံရေးသမားများ၊ စက်မှုလုပ်ငန်းရှင်များက ကျောက်စိမ်းမှရသည့် ၀င်ငွေများကို ရရှိနေသည်ဟု ပြသနေသည်။

    ကျောင်းစိမ်းမှရရှိသည့် အကျိုးအမြတ် မဆိုစလောက်သာ ဒေသ၏ စီးပွားရေးအတွင်းသို့ စီးဝင်သည်။ ကမ္ဘာ့ဘဏ်၏အဆိုအရ ကျောက်စိမ်း အကြီးကျယ်တူးဖော်နေသည့် ကုမ္ပဏီက မြန်မာနိုင်ငံသားအမည်ဖြင့် တရုတ်ကုမ္ပဏီများဖြစ်ပြီး ၀ယ်သူအများစုက တရုတ်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံတို့မှ လာရောက်ကြသည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ်အထိ ကျောင်းစိမ်းအတွက် အကောက်ခွန်ဆိုသည် မရှိ။ ကျောက်ရိုင်းတုံး တင်ပို့မှုအတွက် လေဗီကြေး ၃၀ ရာခိုင်နှုန်းကို ပေးဆောင်ရန် ရှောင်ရှားသည့် နည်းလမ်းများလည်း ရှိနေသည်။ ထိုအခွန်ကို ရှောင်ရန်အတွက် ကျောက်မိုင်းများမှာ ၎င်းတို့ထံမှ ထွက်ရှိသည့် ကျောင်းစိမ်းများကို ကုမ္ပဏီများသို့ မရောင်းမီ မှတ်ပုံတင်သော်လည်း ဈေးကို အလွန်အမင်းချထားလေသည်။ ခြစားမှုရှိနေခြင်း၊ တိုင်းရင်းသားပဋိပက္ခ၊ ရန်မီးဝါဒတို့နှင့် ဆက်နွယ်သည့် အဆိုပါ ကျောက်စိမ်းစီးပွားရေးက ၀ရုန်သုန်းကားနိုင်သည့် မှောင်ခိုစီးပွားရေး ဖြစ်သည်ဟု Global Witness က ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မိုင်းတွင်းများမှ အခွန် ၆.၂ ဘီလီယံ ဆုံးရှုံးသည်ဟုလည်း ၎င်းတို့အဖွဲ့က ခန့်မှန်းတွက်ချက်သည်။

    “အာဏာပါဝါရှိတဲ့သူတွေက ကျန်တဲ့ပြည်သူတွကို မလိမ့်တပတ်လုပ်ပြီး မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ ကျောက်စိမ်းတွေကို နှစ်ပေါင်းများစွာ အမြတ်ထုတ်ခဲ့ပါတယ်။ ဒီလို မရပ်တန့်နိုင်တဲ့ အမြတ်ထုတ်မှုတွေက ကြောက်စရာကောင်းတဲ့ မြေပြိုမှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေကို ဖြစ်စေပါတယ်” ဟု ကဘ်ဘာက ပြောကြားခဲ့သည်။

    ၁၉၉၀ ပြည့်နှစ်များမှစ၍ တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးလာမှုနှင့်အတူ ကျောက်စိမ်းဝယ်လိုအားမှာလည်း မြင့်တက်လာသည်ဟု ကုလသမဂ္ဂ၏ ကုန်သွယ်ရေး ကိန်းဂဏန်းများက ဖော်ပြနေသည်။ ထို့ကြောင့် မြန်မာစစ်အာဏာရှင်များမှာ ကျောက်စိမ်းပေါကြွယ်ဝသော ဖားကန့်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံမှ သိမ်းယူရန် တွန်းအားဖြစ်စေခဲ့သည်။ ထိုသိမ်းယူနိုင်မှုတွင် စစ်ဖက်အကြီးအကဲများ အလွန်အမင်း အမြတ်ထွက်ခဲ့ပြီး ၎င်းတို့၏ အခွင့်ထူးများကို ဆွေမျိုးများ၊ ခရိုနီများနှင့် ဝေစားမျှစား လုပ်ခဲ့ကြသည်ဟု Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ကျောက်စိမ်းထုတ်လုပ်မှု မြင့်တက်လာသည်နှင့်အမျှ ခြစားမှုများ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုက်မှုများလည်း မြင့်တက်လာသည်။ ပြီးခဲ့သည့်နှစ်အတွင်းက မြေစာပုံပြိုကျမှုတစ်ခုအတွင်းမှာပင် ရေမဆေးကျောက်ရှာဖွေသူ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး တူးဖော်ရေးလုပ်ငန်းများကို ပိတ်ပစ်ရန် သတ္တုတွင်းဒုဝန်ကြီးက အဆိုပြုရသည်အထိ ဖြစ်ခဲ့လေသည်။ ဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများက ရေမဆေးကျောက် ရှာဖွေသူများ၏ ၃ ပုံ ၂ ပုံမှာ မိုင်းတွင်းများတွင် လွယ်လွယ်ကူကူရရှိနေသော ဆေးစွဲနေသည်ဟု ဆိုသည်။ နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ်မှ ၂၀၁၁ ခုနှစ်တွင် အရပ်သားဦးဆောင်သည့် အစိုးရနှင့် အသွင်ကူးပြောင်းမှုကို စတင်ခဲ့သော်လည်း စစ်တပ်အရာရှိများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမီတက်ကဲ့သို့ စစ်တပ်ကျောထောက်နောက်ခံပြု ကုမ္ပဏီများက ကုန်သွယ်မှုများ၊ လုပ်ပိုင်ခွင့်ခွဲဝေရေးလုပ်ငန်းစဉ်များကို ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမီတက်မှာ ၂၀၀၈ ခုနှစ်ကတည်းက အမေရိကန်၏ ပိတ်ဆို့မှုကို ခံခဲ့ရသည်။

    မြန်မာနိုင်ငံ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လှုပ်ရှားမှု (MEITI) အရ ကျောက်စိမ်းကုမ္ပဏီများကို ပိုင်ဆိုင်မှု၏ နောက်ကွယ်တွင်ရှိနေသည့် အစုရှင်ယာရှင်များအား ထုတ်ဖော်ရေးနှင့် သတ္ထုတွင်းလုပ်ငန်းဆိုင်ရာ ဥပဒေများကို ပြုပြင်ပြောင်းလဲရေးအတွက် စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် ဆောင်ရွက်ရန် မြန်မာအစိုးရက သဘောတူခဲ့သည်။ မြန်မာ့ကျောက်မြတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(MGE) ကတော့ ကျောက်စိမ်းနှင့် ကျောက်မြတ်ရတနာ လုပ်ကွက်ပေါင်း ၃၀၀ ကျော်မှာ ယခုလအတွင်း သက်တမ်းကုန်မည်ဖြစ်ပြီး လုပ်ပိုင်ခွင့်အသစ်များကို ဇူလိုင်လတွင် ကြေငြာမည်ဟု ဆိုသည်။

    MGE မှ ကျောက်မြတ်ရတနာပြပွဲများကို စီစဉ်ကျင်းပပေးပြီး၊ ဥပဒေစည်းကမ်းများ ချမှတ်ခြင်း၊ ဖားကန့်အနီးရှိ အရေးပါသည့် ကျောက်စိမ်းလုပ်ကွက်ကြီးများတွင် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းများကိုလည်း ဆောင်ရွက်လေသည်။ EMG အပေါ်သက်ရောက်နေသည့် ပိတ်ဆို့မှုများ အပါအ၀င် မြန်မာနိုင်ငံအပေါ် ရှိနေသည့် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားပေးမည်ဟု နိုင်ငံတာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ အိုဘားမား ပြောကြားမှုက စောင့်ကြည့်အဖွဲ့များကို လက်မှိုင်ကျစေလေသည်။

    ကျောက်စိမ်းလုပ်ငန်းတွင် ပိုမို ပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားနေသည့် ကချင်ပြည်နယ်မှ NLD လွှတ်တော်အမတ် ဦးလှဆန်းက မကြာသေးမီကာလအတွင်း ပေါ်ထွက်လာခဲ့သည့် မသမာမှုများမှာ အပေါ်ယံသာဖြစ်သည်ဟု ဆိုသည်။

    “ကုမ္ပဏီတွေအချင်းချင်း ကတောက်ကဆဖြစ်ရင် ခြစားမှုအသေးစိတ်အချက်အလက်တွေကို ကြားရမှာဖြစ်ပြီး၊ ပြည်သူလူထုကလည်း သိရမှာပါ” ဟု ဦးလှဆန်းက ပြောကြားခဲ့သည်။

    (စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူများ ပါဝင်နေသော) MGE ၏ အဆက်အသွယ်များက လွှမ်းမိုးမှု၊ လုပ်ပိုင်ခွင့်များရှိနေသည်ဟု သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သည့် Natural Resource Governance Institute အဖွဲ့မှ အကြံပေး မက်သယူး ဆော်လမွန်က ပြောကြားခဲ့သည်။

    “MEG ရဲ့ တာဝန်တွေက ဘာမှန်း ရေရေရာရာမသိရဘူးဗျ။ ဘာ့ကြောင့်လည်းဆိုတော့ မြန်မာကျောက်မြတ်ရတနာ ရောင်းဝယ်ရေး ဥပဒေလိုမျိုး အဓိကကျတဲ့ စာရွက်စာတမ်းမျိုး သူတို့ရဲ့ ဒိုမိန်းထဲမှာ မရှိဘူး။ နောက်ပြီး သူတို့ရဲ့ ဆောင်ရွက်မှုမျိုး၊ နှစ်ပတ်လည် အစီရင်ခံစာမျိုးလည်း မရှိဘူး”

    ထိုကိစ္စနှင့်ပတ်သက် MGE မှ တာဝန်ရှိသူများက မှတ်ချက်မပေးခဲ့။

    ပွင့်လင်းမြင်သာမှုရှိရေး လှုံ့ဆော်နေသည့် အဖွဲ့များ၏ နောက်ထပ် စိုးရိမ်မှုတစ်ခုက အများပြည်သူများ လေ့လာကြည့်ရှုနိုင်ခြင်းမရှိသည့် MGE မှ ဘဏ်အကောင့်များဖြစ်သည်။ EITI ၏ အစီရင်ခံစာတွင် MGE မှာ ကျောက်မြတ်ရတနာလုပ်ငန်းမှ အကျိုးမြတ် ထက်ဝက်ကျော် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ထိုငွေစာရင်းများတွင် ထိန်းသိမ်းထားသည်ဟု ဖော်ပြခဲ့သည်။ မစ္စတာ ဆော်လမွန်ကတော့ ထိုပမာဏမှာ အလျှော့ပေါ့ဆုံး ခန့်မှန်းထားခြင်းဖြစ်ပြီး အမှန်ကတယ်ပမာဏမှာ ထိုထက် အဆပေါင်းများစွာ များပြားနိုင်ကာ သန်း ၆၅၀ ကျော်အထိရှိမည်ဟု ဆိုလေသည်။

    KIC Group မှာ ကိုကျော်ကျော်က တရုတ်နိုင်ငံမှ ၀ယ်လိုအားမြင့်တက်နေချိန်တွင် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ချက်များကို မဖြစ်မနေ ပြုလုပ်ရမည်ဟု ပြောကြားခဲ့သည်။

    “ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေးဖို့လိုတယ်။ ဒါပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကူအညီမပါဘဲ ဒီကိစ္စကို ကျွန်တော်တို့ လုပ်လို့မရပါဘူး။ သူတို့ ပူးပေါးပါဝင်မှ၊ ဒါကို ကူညီပေးမှ အခြေအနေတွေက ပြောင်းလဲမှာပါ”

    Ref: finicialtimess

    ( Financial Times မှ The dark shadow of Myanmar’s jade trade ဆောင်းပါးကို လေးမောင်က ဆီလျော်အောင်ြ
    ပန်ဆိုသည်။)