News @ M-Media

Category: Media To Monitor

  • သတင်းအမှားဖြင့် လုပ်ကြံ ဝါဒဖြန့်ခံရသည့် မြန်မာမွတ်စလင်မ်တို့၏ သမိုင်းဝင် ခံလူးကျေးရွာကြီး

    သတင်းအမှားဖြင့် လုပ်ကြံ ဝါဒဖြန့်ခံရသည့် မြန်မာမွတ်စလင်မ်တို့၏ သမိုင်းဝင် ခံလူးကျေးရွာကြီး

    ဇူလိုင် ၇ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ညီနေမင်း
    (4)_Wira_Thu_-_2015-07-07_00.03.21
    အထက်မြန်မာပြည် မဘသမှ စီစဉ်ထုတ်ဝေသည့် အတုမရှိသတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၄ တွင် မျိုးချစ်သူ (၉၇)ဆိုသူက ခံလူးရွာအကြောင်းကို ရွာ၏ မြန်မာမွတ်စလင်မ်တို့ သမိုင်းကြောင်းနှင့် လက်ရှိ လက်တွေ့အခြေအနေမှန်ကို ရိုးသားပြည့်စုံစွာ တင်ပြခြင်းမရှိဘဲ half-truth ခေါ် တဝက်မှန်သည့် အချက်များနှင့် အထောက်အထားမဲ့ ယိုးစွပ်ချက်များကို ရောနှောက မိမိလိုရာစွဲရေး တင်ပြခဲ့သည်။ ခံလူးရွာကြီးမှာ မွတ်စလင်မ်တို့က နောက်ပိုင်းမှဝင်ရောက်နေထိုင်ကာ ရွာကြီးကို မျိုသွားသယောင်ယောင်၊ တစ်ဖက်သတ် ဘာသာရေးသွတ်သွင်းမှုများပြုလုပ်နေသယောင်ယောင်၊ ဗုဒ္ဓဘာသာကို စော်ကားနေသယောင်ယောင်၊ ခေတ်ပညာရေးကိုပဲ လက်ဝါးကြီးအုပ်နေသယောင်ယောင် ရိုးသားသော စာဖတ်သူတို့နှင့် ပြည်သူများ အထင်အမြင် လွဲမှားအောင် တစ်ဖက်သတ်ရေးသား ထားတာကို တွေ့ရှိရသည်။ ထိုအချက်အလက် အမှားများပါဝင်နေသည့် သတင်းဆောင်းပါးကို ဘာသာတရားနှင့် လူမျိုးရေး အမုန်းတရားများဖြန့်ဝေသူဟု ပြည်တွင်း ဗုဒ္ဓ့တရားစစ်တရားမှန်ကို ကျင့်သုံးလိုက်နာသူများ အကြားတွင် သာမက ကမ္ဘာတွင်ပါ နာမည်ဆိုးနှင့် ကျော်ကြားနေသူ ဦးဝီရသူမှ Facebook စာမျက်နှာတွင် ဇွန်လ ၈ရက်နေ့က ပို့စ်တင်ဖြန့်ဝေခဲ့သည်။ တိုက်ရိုက် ထပ်ဆင့် ဖြန့်ဝေမှု ၅၀၀၀ ကျော်ရှိခဲ့တာကို တွေ့ရှိရပါသည်။ https://goo.gl/Z9GN8K

    ရှေးကတည်းက မြန်မာမွတ်စလင်မ်တို့စတင်နေထိုင်ခဲ့သည့် ခံလူးရွာကြီး
    ———————————————–

    မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ ခံလူးရွာမှာ သမိုင်းဝင်ရွာကြီးဖြစ်ပြီး ရှေးနှစ်ပေါင်း ပဝေသဏီကတည်းက မွတ်စလင်မ်များ ထိုရွာတွင် အခြေချနေထိုင်ခဲ့ကြသည်။ ခံလူးတွင် မွတ်စလင်မ်များ ခုနှစ်သက္ကရာဇ်အလိုက် အခြေချနေထိုင်ခဲ့မှုသမိုင်းကို နဝတအစိုးရက တရားဝင်ထုတ်ပြန်ခဲ့သော သာသနာရောင်ဝါထွန်းစေဖို့ စာအုပ်ငယ် စာမျက်နှာ ၆၇တွင် အောက်ပါအတိုင်း အတိအလင်း မှတ်တမ်းတင် ဖော်ပြထားပြီးဖြစ်သည်။

    Na Wa Ta
    “၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ်နှင့် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်ဆလင်များ၊ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ဝင်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်ဆလင်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်ဆလင်များအား (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက် ရှိလာသော သင်္ဘောများမှ မွတ်ဆလင်များအား ရွှေဘိုခရိုင် မြေဒူး၊ စစ်ကိုင်းခရိုင် ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌ လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌ လည်းကောင်း နေရာ ချထား ခဲ့ကြောင်း တွေ့ရသည်။”

     Dr Than Tun 2
    ကမ္ဘာသိ မြန်မာ့သမိုင်းသုတေသီကြီး ဒေါက်တာသန်းထွန်းကလည်း ခံလူးသည် ကျောက်ဆည်နယ်၏ အနောက်မြောက်တွင်ရှိကာ ခံလှူ၊ ခံမှူ၊ ခံမှု၊ ကန်လု၊ ကန်ဗု၊ ကန်လူး  စသဖြင့် နာမည်ရှစ်မျိုးရှိခဲ့ပြီး မွန်တို့ဒေသဖြစ်ခဲ့ကြောင်းကို သူ၏ နယ်လှည့်ရာဇဝင် စာအုပ်တွင် ဖော်ပြထားသည်။ ထို့ပြင် ပုဂံခေတ် ကျောက်ဆည်နယ် တစ်ဆယ့်ခရိုင်တွင် ခံလူး ပါဝင်ခဲ့ပြီး စစ်ကိုင်းမင်း ဘကြီးတော်လက်ထက် အေဒီ ၁၈၁၉ မှ ကျောက်ဆည်နယ် ကိုးခရိုင်အဖြစ်ပြောင်းခေါ်ရာတွင် ကျန်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ရှင်းလင်းရေးသားထားသည်။

    Bagan Khit

    ထိုကျောက်ဆည်နယ်တွင် ပုဂံခေတ်ကတည်းက နေရာဒေသအမျိုးမျိုးက လူတွေကို ခေါ်လာပြီး တာဝန်ပေးစေခဲ့ကာ ထိုအစု အမှုထမ်းများသည် ရွာတည်ကာ အခြေချနိုင်ထိုင်ခဲ့ကြကြောင်းနှင့် ထိုအစုတို့တွင် မွတ်စလင်မ် များလည်း ပါဝင်ကြောင်း သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းမှ သမိုင်းမှတ်တမ်း တင်ထားသည်။

    Dr Than Tun

    ဘိုးတော် ဗဒုံမင်း လက်ထက်တွင်လည်း ထိုနယ်များတွင် အစု အမှုထမ်းများနေခဲ့ကြရာ ခံလူးရွာသားများမှာ အမြောက်အစုအမှုထမ်းများအဖြစ် ဘုရင့်အမှုတော်ထမ်းခဲ့ကြသည်ကို ထိုစာအုပ် စာမျက်နှာ ၁၉၄ နှင့် ၁၉၇ တွင် သမိုင်းမှတ်တမ်းတင် ဖော်ပြထားပြန်သည်။

    ဘာသာရေးအရ မင်္ဂလာရှိစေလိုကာ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ကြိုဆိုခြင်းသာ
    ————————————————
    အစ္စလာမ်ဘာသာဝင် ရွာသား မော်လဝီ ဟာဖိဇ် (ကုရ်အာန်ကျမ်းမြတ်အာဂုံဆောင်နှင့် သာသနာ့ပညာ ဘွဲ့ရဖြစ်သူ) ဦးကိုကိုနိုင် ၏ အိမ်သည် ခံလူးရွာအဝင် အိမ်တန်းများအနက် တစ်အိမ်ဖြစ်သည်။ ဦးကိုကိုနိုင်သည် ၂၀၁၀တွင် မိမိခြံအိုးရိုးပြုလုပ်ခဲ့ပြီး အစ္စလာမ် ဘာသာဝင်ဖြစ်သည့် အလျောက် မင်္ဂလာရှိစေရန် မိမိ ကိုးကွယ်ယုံကြည်ရာ အရှင်မြတ်၏ အမည်နာမတော်ဖြင့် အစပြုကြောင်း သင်္ချာဂဏန်းဖြင့် ကိုယ်စားဆောင်သည့် 786 နှင့်အစပြုပြီး မြန်မာ့ ယဉ်ကျေးမှုအရ ကြိုဆိုကြောင်းကို အင်္ဂလိပ်လို WELCOME နှင့် အာရဗီလို ဘာသာ စကားနှစ်မျိုးဖြင့် မိမိရွာသို့ အိမ်သို့ လာရောက်သူများကို ကြိုဆိုသည့် သဘောဖြင့် ရေးထိုးထားခဲ့သည်။

    “၂၀၁၀မှာ ဒီအုတ်တံတိုင်းလုပ်တယ်။ အင်္ဂလိပ်လိုနဲ့ အာရဗီလို ကြိုဆိုကြောင်း စာသားထိုးခဲ့တယ်။ ဘာရည်ရွယ်ချက်မှ မပါပါဘူး။ မြန်မာ့ယဉ်ကျေးမှုအရ ကြိုဆိုကြောင်းသက်သက်ပါပဲ။ မန္တလေးနိုင်ငံတကာလေယာဉ်ကွင်းနဲ့ နီးတဲ့အပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တွေများ ကျွန်တော်တို့ သမိုင်းဝင်ရွာကြီးကို အလည်ရောက်လာခဲ့ရင် မြန်မာနိုင်ငံရဲ့ ယဉ်ကျေးပျူငှာမှုကို သိစေလိုလို့ နိုင်ငံတကာသုံး ဘာသာစကားတွေနဲ့ ရေးထိုးဖြစ်သွားတာပါ။ ဟိုအရင်က ရွာအလယ်မှာ မနေနိုင်ဘဲ ရွာပြင် လမ်းထွက်နေရာတာက ငွေရေးကြေးရေး မပြည့်စုံလို့ပါ။ အခုတော့ ခရိုင် လမ်းမကြီးဖောက်လိုက်တော့မှ ရွာဝင်လမ်းက ခြံတွေ ဈေးကောင်းကုန်တာ” ဟု ဦးကိုကိုနိုင်က ရင်ဖွင့်ခဲ့ပါသည်။

    ဗုဒ္ဓဘာသာဝင်များတွင် ဘာသာတရား ကိုင်းရှိုင်းသူများမှ မည်သည့်အရာမဆို နမောဗုဒ္ဓဿ နှင့် အစပြုကြသလို အစ္စလာမ်ဘာသာရေး ဘွဲ့ရတစ်ဦးဖြစ်သူ ဦးကိုကိုနိုင်မှာ မိမိကိုးကွယ်ယုံကြည်ရာ အရှင်မြတ်၏ နာမတော်ဖြင့် အစပြုကြောင်းကို သင်္ချာဂဏန်း ၇၈၆ ထည့်သွင်းရေးထိုးထားခြင်းသာဖြစ်သည်။

    Khan Lu Village

    ဘာသာရေးခံယူမှုတွင် ကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်နဲ့ ရွာကြီး
    ————————————————
    ဦးဝီရသူ၏ Facebook တွင်ဖော်ပြထားသလို၊ အထက်မြန်မာပြည် မဘသမှ ထုတ်ဝေသော အတုမရှိဂျာနယ် တွဲ ၂ အမှတ် ၄တွင် ယိုးစွပ်ထားသလို လက်တွေ့တွင် ခံလူးရွာကြီးတွင် ခေါင်ဖြိုစနစ်မဟုတ်ဘဲ ဘာသာရေးတွင် ရွာသူရွာသားများမှ ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်နှင့် ကိုယ်ကြိုက်သည့် ဘာသာဝင်အဖြစ် ကိုယ်ခံယူသည့် စနစ်သာဖြစ်သည်။

    A Thu Ma Shi Journal

    ခံလူးရွာတွင် နှစ်ပေါင်း လေး ငါးဆယ်အတွင်း လူဦးရေ လေး ငါးဆယ် အစ္စလာမ်မှ ဗုဒ္ဓဘာသာဝင်အဖြစ်၊ ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာဝင်အဖြစ် အပြန်အလှန် ဘာသာကူးပြောင်းမှုများ ရှိခဲ့ကြသည်။ ပြီးခဲ့သည့် သုံးလခန့်ကပင် မွတ်စလင်မ်အမျိုးသမီးပျိုတစ်ဦးမှာ ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးနှင့် (လိုက်ပြေး)အကြောင်းပါကာ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခံယူသွားသည်။ ကိုယ်ကြိုက်သည့် ဘာသာ ကိုယ်လွတ်လပ်စွာခံယူကြကြောင်းကို ဥပမာအချို့ပေးရလျှင် ခံလူးရွာဦး ဘုန်းကြီးကျောင်းကြီးတွင် သံကူကွန်ကရစ် နှစ်ထပ်ကျောင်းဆောင်သစ်ကြီး မကြာသေးမီက လှူဒါန်းထားသော ကျောင်းဒါယိကာမမှာ အစ္စလာမ်မှ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခံယူခဲ့သူဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ကျောင်းဒါယိကာ၏ မိခင်မှာ မွတ်စလင်မ် တစ်ဦးဖြစ်သည်။

    11653344_1873922622831915_669065219_n

    ထိုကျောင်းဒါယိကာမသည် ခံလူးရွာဗလီရှေ့ဆောင် ဆရာကြီး၏ ညီမဝမ်းကွဲတော်စပ်ကာ အလားတူ ဆရာကြီး၏ ကျန်ညီမ ဝမ်းကွဲနှစ်ဦးမှာလည်း အစ္စလာမ်မှ ဗုဒ္ဓဘာသာသို့ သက်ဝင် ကူးပြောင်းခဲ့သေးသည်။ ထို့ပြင် ခန့်နေ ဦးပဇ္ဇင်းကြီး ဟာမန်မှာလည်း မွတ်စလင်မ်ဖြစ်ခဲ့ရာမှ ဘာသာပြောင်းကာ ဘုန်းကြီးဖြစ်လာသူဖြစ်သည်။ ရွာဦးကျောင်းဂေါပက ဥက္ကဌဟောင်း ဦးချစ်တီးမှာလည်း အစ္စလာမ်မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသက်ဝင်သွားသူဖြစ်သည်။

    ထိုနည်းတူ လက်ရှိဥက္ကဌကတော်၏ မိခင်မှာလည်း ယခင် မွတ်စလင်မ်မှ ဗုဒ္ဓဘာသာဝင်ဖြစ်လာသူဖြစ်သည်။ ကိုယ်ကြိုက်သည့် ဘာသာတရားကို လွတ်လပ်စွာ ခံယူသည့် စနစ်ပင်ဖြစ်သည်။ ထိုကဲ့သို့လက်တွေ့ဖြစ်ရပ်မှန်များကို ပြည့်စုံစွာ ဖော်ပြခြင်း မရှိဘဲ မိန်းမပျိုတစ်ဦး နှစ်ဦး အစ္စလာမ်ဘာသာသို့ သက်ဝင်ကူးပြောင်းခြင်းနှင့် သူမတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်သော အိမ်ထောင်ရေးကိစ္စအကြောင်းကိုသာ မီးမောင်းထိုးဖော်ပြထားကာ ခေါင်ဖြိုစနစ် ဘာညာဆိုပြီး ဝါဒမှိုင်းတိုက်သည်မှာ အထက်မြန်မာပြည် မဘသ၏ အတုမရှိဂျာနယ် ဘာလဲ ဘယ်လဲ မေးရပေတော့မည်။

    သမိုင်းဝင် ရှေးဗလီဝတ်ကျောင်းတော်
    ————————————–
    ခံလူးရွာတွင် မွတ်စလင်မ်များ စတင်အခြေချနေထိုင်ခဲ့စဉ်ကတည်းက စုပေါင်းဝတ်ပြုရာ ဗလီဝတ်ကျောင်းတော် တည်ရှိခဲ့သည်။

    Khan Lu Masjid

    အဆင့်ဆင့်ပြုပြင်မွမ်းမံခဲ့ရာ ယခုလက်ရှိ ဗလီအဆောက်အဦးကို ၁၉၈၃ခုနှစ်က နောက်ဆုံးမွမ်းမံထားခဲ့ပြီး ထိုသို့မမွမ်းမံစဉ်က အဆောက်အဦးမှာ နှစ်တစ်ရာကျော် သက်တမ်းရှိခဲ့သည်။ ထိုဝတ်ကျောင်းတော်သည် အနိမ့်ဆုံးနှစ်ပေါင်း ၅၀၀ ခန့် သက်တမ်း ရှိသည့် ရှေးဟောင်း ဘာသာရေး အဆောက်အဦးဖြစ်ကာ မြန်မာမွတ်စလင်မ်တို့၏ သမိုင်းကြောင်း၊ မြန်မာ ဘုရင်မင်းတို့အပေါ် သစ္စာစောင့်သိ အမှုတော်ထမ်းခဲ့မှုတို့နှင့် ခိုင်မာစွာ ဆက်နွယ်လျက်ရှိရာ မွတ်စလင်မ်များသာမက ဘာသာပေါင်းစုံ ခံလူးရွာသားများ အတွက်ရော မြန်မာနိုင်ငံတော်အတွက်ပါ တန်ဖိုးရှိလှသည့် သမိုင်းဝင် အဆောက်အဦးပင်ဖြစ်သည်။

    ဗုဒ္ဓရုပ်ပွားတော်ကိစ္စ
    ——————-
    ဘာသာရေးနှင့် လူမျိုးရေးအမုန်းတရားများ ဖြန့်ချီနေသူဟု နိုင်ငံတကာမှ သတ်မှတ်ထားသည့် ဦးဝီရသူမှ ပရိုမုတ်လုပ်ပေးနေသည့် အထက်မြန်မာပြည် မဘသ၏ အတုမရှိဂျာနယ်တွင် ခံလူးရွာရှိ ရွှေဘုံသာဘုရားရှိ ဗုဒ္ဓရုပ်ပွားတော် ဦးခေါင်းတော်ပျက်စီးခြင်းကို မွတ်စလင်မ် ရွာသား ရွာသူများက ပြုလုပ်သယောင် ယိုးစွပ်ထားသည့် ကိစ္စမှ လုံးဝမဟုတ်ပေ။ ထိုကိစ္စမျိုးဖြစ်ပွားခြင်း လုံးဝ မရှိခဲ့ကြောင်း ခံလူးရွာသူရွာသားများက အခိုင်အမာပြောကြားခဲ့သည်။ ထိုဂျာနယ်တွင် ဟာလာလုပ်သွားသည်ဟု တလွဲသုံးဖော်ပြထားရာ အမှန်စင်စင် ဟလာဟ်ဆိုသည်မှာ အစ္စလာမ်သင်ကြားမှုအရ တရားတော်အရပြုပိုင်ခြင်းဟု အဓိပ္ပါယ်ရပြီး အခြားဘာသာတရားများကို ကိုယ်ထိလက်ရောက် မပြောနှင့် နှုတ်ဖြင့်စော်ကားခြင်းကိုပင် မပြုရန် မွတ်စလင်မ်များကို ကုရ်အာန်ကျမ်းမြတ် ကဏ္ဍ ၆ ပါဒတော် ၁၀၈မှာ အတိအလင်းကို တားမြစ် (ဟရာမ်)ထားပြီးဖြစ်သည်။

    အစ္စလာမ်တရားတော်အရ အခြားဘာသာတရားများနှင့် ကိုးကွယ်ရာများကို စော်ကားခြင်းကိုတားမြစ်ထားပြီး ခံလူးရွာတွင်လည်း ထိုသို့ကိစ္စမျိုးလုံးဝမရှိခဲ့ပါ။ ထို့ပြင် ထို မဘသ ဂျာနယ် ဆောင်းပါးခေါင်းစီးတွင် စာဖတ်သူတို့အထင်မြဲလွဲစေရန် ဖော်ပြထားသော ဦးခေါင်းမပါသည့် ဗုဒ္ဓရုပ်ပွားတော်ဟု ယူဆရသည့် ဆင်းတုနှစ်ခုမှာလည်း ခံလူးရွာတွင် ရိုက်ထားခြင်း လုံးဝမဟုတ်ဘဲ ဆင်းတုထုလုပ်သည့် နေရာ တစ်နေရာတွင် ရည်ရွယ်ချက် ရှိရှိ ပြုလုပ်ဆင်ရိုက်ထားသည့် ဓာတ်ပုံသာဖြစ်ကြောင်း သတိမူကြည့်က အသိအသာပင်။ နောက်တွင် ဆင်းတုများထည့်သည့် သစ်သားစင်တို့ရှိနေကာ ဆောင်းပါးထဲတွင် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဟုဆိုထားသော်လည်း ခေါင်းစီးပုံတွင် ဆင်းတုနှစ်ခုဖြစ်နေသည်။

    ထို့ပြင် ဖြစ်ခဲ့သည်ဆိုဦးတော့ ဆောင်းပါးတွင် အင်းဝခေတ် ရုပ်ပွားတော်ဟုဆိုထားရာ (မိရိုးဖလာ)ဗုဒ္ဓဘာသာဝင် များစွာတို့ကိုယ်တိုင် ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များကို ငရဲမကြောက် ဦးခေါင်းတော်ဖြတ်ခိုးသည့် ဌာပနာဖောက်သည့် အမှုများမှာ နိုင်ငံအနှံ့ ကြားနေကျ မှုခင်းဖြစ်ရာ အထောက်အထားမဲ့ ရွာခံ မွတ်စလင်မ်တို့လုပ်သယောင် ရေးသားထားသည်မှာ သတိရှိသော အသိရှိသော စာဖတ်သူတို့ မိဘပြည်သူတို့ ဆောင်းပါးရှင်၏ မရိုးသားမှု၊ ပညာမဲ့မှုနှင့် ရည်ရွယ်ချက်ကို အလွယ်တကူသိမြင်နိုင်နေသည်။ သို့သော် အပေါ်တွင်ဖော်ပြခဲ့သည့် အတိုင်း ရွာသူရွာသားများမှ ထိုဗုဒ္ဓရုပ်ပွားတော်ကိစ္စမှာ အမှန်တကယ်ဖြစ်ပွားခြင်း မရှိကြောင်း လုပ်ကြံမှုသာဖြစ်ကြောင်း အခိုင်အမာပြောခဲ့ပါသည်။

    ခံလူးရွာတွင်း လူမှုရေးနှင့် အလှူအခင်း
    —————————————-
    ခံလူးရွာတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်သာရေး ဝန်ဆောင်မှုအဖွဲ့တို့ နှစ်ဖွဲ့ရှိကြရာ နှစ်ဖွဲ့လုံးမှ ရွာသူရွာသားများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ အစ္စလာမ်အဖွဲ့မှ ဝန်ဆောင်မှုတွင် အိုးခွက်ပန်းကန်ခွက်ယောက်များ ငှားရမ်းခြင်း၊ ခင်းကျင်းပြင်ဆင် သိမ်းဆည်းပေးခြင်းနှင့် ချက်ပြုတ်ပေးခြင်းတို့ပါဝင်ပြီး ဝန်ဆောင်ခမှာ ၆ သောင်းကျပ်ဖြစ်သည်။ ဗုဒ္ဓဘာသာအဖွဲ့၏ ဝန်ဆောင်မှုတွင်မူ ချက်ပြုတ်ပေးခြင်း မပါဘဲ ဝန်ဆောင်ခမှာ ၃ သောင်းကျပ်ဖြစ်ပြီး အခမဲ့ မဟုတ်ပါ။ မည်သည့်အဖွဲ့ကမှ မိမိတို့ထံမှ ဝန်ဆောင်မှုငှားရန် အတင်းအဓမ္မလုပ်ဆောင်နေခြင်း မရှိပါ။ မွတ်စလင်မ်များ အနေဖြင့် ဗုဒ္ဓဘာသာအဖွဲ့မှ ငှားရမ်းသည့် အိုးခွက်ပန်းကန် ခွက်ယောက်သုံးသည့် အလှူပွဲများတွင် စားသုံးခြင်း မရှိသော်လည်း တက်ရောက်ပါဝင်အားပေးခြင်းနှင့် သာရေးဆိုင်ရာ လက်ဆောင်များပေးခြင်းတို့ကို ပုံမှန်ပြုလုပ်လျက်ရှိပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဘာသာရေးကို ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ် ကိုးကွယ် ယုံကြည်ကြသဖြင့် ဘာသာဝင်များအကြား အပြန်အလှန်ဆွေမျိုးတော်စပ်မှုများရှိနေပြီး အပြန်အလှန်လူမှုရေးဆက်ဆံမှုများ ပုံမှန်အတိုင်းရှိနေသည်။ မွတ်စလင်မ်များအနေဖြင့် ဘာသာကွဲအိုးခွက်ပန်းကန်များမှ မစားသုံးခြင်းမှာ ခွဲခြားခြင်း ဆန့်ကျင်ခြင်းသဘောလုံးဝမဟုတ်ဘဲ မိမိတို့ဘာသာတရားက မစားရန် တားမြစ်ထားသည့် စားစရာများ ထည့်ခပ် အသုံးပြုထားခြင်းကြောင်း ရှောင်ကြဉ်ခြင်းသာဖြစ်သည်။

    တရွာတည်းသား ဘာသာခြားများမှလည်း နားလည်ပေးကြပြီး ထိုကိစ္စမှာ အတုမရှိဂျာနယ် ဆောင်းပါးရှင်၏ တစ်စိတ်ကို တစ်အိတ်မက အိတ်တစ်ရာလုပ်သည့် ကိစ္စသာဖြစ်သည်။ ထို့ပြင် မွတ်စလင်မ်ရွာသူရွာသားတို့စုပေါင်း အလှူဖြင့် ဖြူစင်သစ္စာ လူမှုရေးအသင်း ၂၀၁၃တွင် တည်ထောင်ကာ လူမျိုးမရွေး ဘာသာမရွေး အကူအညီပေးလျက်ရှိသည်။ အထူးသဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စများကို အလေးထားကူညီပေးလျက်ရှိသည်။ ထိုလူမှုရေးအသင်းကိုပင် အထင်မြင်လွဲမှားအောင် ရေးသားထားသူ ဆောင်းပါးရှင် မျိုးချစ်သူ ဆိုသူ၏ စိတ်ရင်းဘာဆိုသည်ကို သိနိုင်ပေသည်။

    ဗုဒ္ဓဘာသာဝင် ဆရာကောင်းများမှ ပညာဖြန့်ဝေပေးနေသည့် ခံလူးရွာကြီး
    —————————————————-
    ခံလူးရွာကြီးတွင် အစိုးရအခြေခံအလယ်တန်းကျောင်းတစ်ကျောင်းရှိသည်။ ထိုကျောင်း၏ ကျောင်းအုပ် ဆရာကြီးရော ကျန်အချိန်ပြည့် တာဝန်ကျဆရာ ဆရာမများ အားလုံးမှာ ဗုဒ္ဓ ဘာသာဝင်များဖြစ်ကြသည်။ ဆရာဆရာမများ အားလုံးမှာ ဘွဲ့ရများဖြစ်ကြကာ အချို့ဆိုလျှင် ဘွဲ့လွန်များပင်အောင်မြင်ထားပြီးဖြစ်သည်။ ကျောင်းအုပ်ကြီးမှာ စေတနာ အပြည့်ဖြင့် တပည့်များအား ပညာသင်ကြားပေးခဲ့ရာ တစ်ရွာလုံးရှိ အသက်၃၅နှစ်အောက် လူရွယ်၊ လူငယ်မှ ကျောင်းနေအရွယ်ကလေးအထိ အားလုံးသည် ဆရာကြီး၏ တပည့်များ တပည့်တော်ဖူးသူများပင်ဖြစ်ကြသည်။ အထက်မြန်မာပြည်မဘသ၏ ဂျာနယ်ဆောင်းပါးရှင်မှ ခံလူးရွာကြီး၏ ပညာရေးကလည်း ကုလားတွေလက်ထဲမှာဟု ပရမ်းပတာ ရေးသားထားခြင်းကို ကြည့်ပြီး စာပေအဆင့်အတန်းကို သြချမိပါတော့သည်။

    ဘာသာကွဲသော်လည်း ရင်းနီးချစ်ခင်ကြ
    —————————————-
    ပျံလွန်တော်မူသွားပြီဖြစ်သော ယခင် ရွာဦးကျောင်း ဆရာတော်နှင့် ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်ဆရာကြီးတို့မှာ ရင်းနီး ချစ်ခင်ကြပြီး အပြန်အလှန် မုန့်ပို့ခြင်းများနှင့် ရွာရေးရပ်ရေး ကိစ္စများတွင် တိုင်ပင်ဆွေးနွေးမှုများပြုခဲ့ကြသည်။ တစ်ရွာတည်းသားချင်း ချစ်ခင်ရင်းနီးမှုသည် ဘာသာရေးခေါင်းဆောင်များမှ အစပြုကာ ရွာသူရွာသား အချင်းချင်း ဘာသာကွဲသော်လည်း အပြန်အလှန် ရင်းနီးနွေးထွေးမှုများ ဆွေစဉ် မျိုးဆက် နှစ်ပေါင်းများစွာ တည်ရှိခဲ့ကြသည်။ ၂၀၁၂မှစတင်ကာ မြန်မာနိုင်ငံတွင် ဘာသာရေး အမုန်းတရားများ ပေါ်ပေါ်တင်တင်ဖြန့်ဝေကြကာ နိုင်ငံတော်အစိုးရကလည်း ထိရောက်စွာ အရေးယူခြင်း မရှိသည့်အပေါ် ဘာသာရေးနှင့် လူမျိုးရေး အကြမ်းဖက်မှုများ နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည်။

    စဥ့်ကိုင်မြို့အနီးဝန်းကျင် မြို့များတွင် အကြမ်းဖက်မှုများဖြစ်ပွားနေခဲ့စဉ်တွင်ပင် ခံလူးရွာကြီးသို့ ထိုဘာသာရေးအမုန်းမှိုင်းများ အကြမ်းဖက်လှိုင်းများ ရိုက်ခတ်နိုင်ခဲ့ခြင်း မရှိခဲ့ရာ ခံလူးရွာ ဘာသာကွဲ ရွာသူရွာသားများအကြား ရင်းနီးချစ်ခင်မှုနှင့် ငြိမ်းချမ်းရေး လိုလားမှုက သက်ဆိုင်ရာ ဒေသအာဏာပိုင်များကပင် အသိအမှတ်ပြု ချီးကျူးခဲ့ရသည်။ ထိုချစ်ဖွယ်ကောင်းသော သဟဇတဖြစ်မှုနှင့် ရင်းနီးချစ်ခင်မှုတို့ကို အထောက်အထားမဲ့ စာပေ အဆင့်အတန်းမဲ့ တစ်ဖက်သတ် ရေးသားမှုတစ်ခုကြောင့် မပျက်ယွင်းစေလိုပါ။

    ကြားစကား အမှားဝင်၍ နှစ်ရာချီကြာငြိမ်းအေးမှု စည်းလုံးမှု မပြိုကွဲစေလိုပါ။ ရွာသူရွာသားအချင်းချင်းသွေးကွဲက အေးချမ်းမှုပျက်ပြယ်ကာ ကိုယ့်ရွာသာ နစ်နာကြမည်ဟု စေတနာသတိပေးလိုက်ပါသည်။ ခံလူးရွာသူရွာသားများကလည်း တကယ့်အခြေအနေမှန်ကို မည်သူမဆို ရွာအရောက်လာရောက် လေ့လာစုံစမ်းနိုင်ကြောင်း ဖိတ်ခေါ်သတင်းစကားပါးလိုက်ပါသည်။

  • မြန်မာနိုင်ငံအား နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ပေးရန် ဂျပန် ကတိပြု

    မြန်မာနိုင်ငံအား နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ပေးရန် ဂျပန် ကတိပြု

    ဇူလိုင် ၄၊ ၂၀၁၅
    M-Media

    japan

    – အလျင်အမြန်တိုးတက်လာသော မြန်မာနိုင်ငံအတွင်း အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီဖြစ်စေရန်အတွက် မြန်မာနိုင်ငံသို့ အတိုးနည်း နှစ်ရှည်ချေးငွေ ယန်း ၉၉.၈၅ ဘီလီယံ (ကန်ဒေါ်လာ ၈၁၂.၃၅ သန်း) ထုတ်ပေးသွားမည်ဟု ဂျပန်နိုင်ငံက ယနေ့တွင် ကတိပြုခဲ့သည်။

    မြန်မာသမ္မတ ဦးသိန်းစိန်အား တိုကျိုမြို့၌တွေ့ဆုံစဉ် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ ပမာဏထဲမှ ကန်ဒေါ်လာ ၃၃၄.၅၀ သန်းမှာ မြန်မာနိုင်ငံ၏ ဓာတ်အားဖြန့်ဖြူးမှု ကွန်ယက် ဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး၊ ၂၇၅.၅၅ သန်းမှာ ထိုင်း၊ လာအို၊ ဗီယက်နမ်တို့နှင့် ကုန်လမ်းဖြင့် ဆက်နေသော အရှေ့-အနောက် ကုန်သွယ်ရေး ပူးပေါင်းလမ်းမကြီးမှ မြန်မာနိုင်ငံဘက်ခြမ်း တိုးတက်ရေးအတွက် ဖြစ်သည်ဟု ၀န်ကြီးဌာနက ဆိုသည်။

    ကျန်ရှိသည့် ကန်ဒေါ်လာ ၂၀၂.၃၀ သန်းမှာ ရန်ကုန်ရှိ မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုစီမံကိန်းနှင့် ပတ်သက်မည်ဖြစ်သည်။

    သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုအတွင်း အာဘေးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့် ဂျပန်ကုမ္ပဏီများနှင့်အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခြေအနေ တိုးတက်ရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသော ဂျပန်ကုမ္ပဏီများမှာ ၂၀၁၂ ခုနှစ်တွင် ၅၆ ခုသာ ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၁၆၈ ခုအထိ တိုးလာခဲ့သည်ဟု ဂျပန်တာဝန်ရှိသူများက ဆိုသည်။

    မြန်မာနိုင်ငံမှာ မကြာသေးမီနှစ်များအတွက် စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာမြင့်လာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၈.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

    သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့မှာ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ ပါင်းဆောင်ရွက်ရေးအတွက်လည်း အတည်ပြုခဲ့ကြသည်။

    Ref: Nikkei

  • တရုတ်ပိုင်နက်အတွင်း ဗုံးဆံထပ်ကျ၍ တိုက်ခိုက်မှုရပ်ရန် မြန်မာအား တရုတ်သတိပေး

    တရုတ်ပိုင်နက်အတွင်း ဗုံးဆံထပ်ကျ၍ တိုက်ခိုက်မှုရပ်ရန် မြန်မာအား တရုတ်သတိပေး

    ဧပြီ ၂၈၊ ၂၀၁၅
    M-Media

    kokang

    – ကိုးကန့်လက်နက်ကိုင်များအား လတ်တလောတိုခိုက်မှုအတွင်း တရုတ်ပိုင်နက်ထဲသို့ ဗုံးဆံများ ကျရောက်ပြီးနောက် တိုက်ခိုက်မှုများကို ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား တရုတ်က ယနေ့တွင် ထပ်မံ တောင်းဆိုလိုကသ်ည်။

    ပြီးခဲ့သည့်လက သူပုန်များနှင့် မြန်မာစစ်တပ်တို့ တိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ်မှ ပစ်လိုက်သည့် ဗုံးဆံများမှာ လမ်းကြောင်းလွဲကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့သောကြာင့် တရုတ်နိုင်ငံက ဒေါသထွက်ခဲ့သည်။

    “မကြာသေးခင်ကပဲ မြန်မာဘက်က ဗုံးဆံအချို့ တရုတ်နိုင်ငံထဲကို ကျရောက်ခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သေဆုံး၊ ဒဏ်ရာရမှုတော့ မရှိပါဘူး” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ဖြစ်ပွားသည့်ရက်အား အတိအကျ ဖော်ပြခြင်းမရှိဘဲ နေ့စဉ် သတင်းစာများသို့ ပြောကြားခဲ့သည်။

    “တရုတ်နိုင်ငံဟာ မြန်မာဘက်ကို ပြတ်သားတဲ့ တင်ပြမှုမျိုးတွေ ပြုလုပ်ပြီးပါပြီ။ ပြီးတော့ ဒါမျိုး နောက်ထပ်မဖြစ်ဖို့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေကို စိတ်အားထက်သန်စွာ ပြုလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မြန်မာဘက်ကတော့ ဒါမျိုး နောက်ထပ်မဖြစ်ဖို့အတွက် သက်ဆိုင်ရာ အမှုထမ်းတွေကို ထိထိရောက်ရောက် ထိန်းချုပ်တာဆီးဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်” ဟု လီက ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် တရုတ်သမ္မတ ဇီ ဂျင်ပင်းမှာ ယမန်နေ့က အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းနှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးအတွက် ထပ်မံ တိုက်တွန်းခဲ့သည်ဟုလည်း လီက ဆိုသည်။

    “နယ်စပ်ဒေသကို ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ သက်ဆိုင်ရာအဖွဲ့တွေဟာ တတ်နိုင်သမျှ အခြေအနေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်”

    မြန်မာအစိုးရတပ်များမှာ တရုတ်နိုင်ငံနယ်စပ်မှ မီတာ ၅၀၀ အကွာအဝေးတွင် ခြေကုပ်ယူထားသော သူပုန်များအား တိုက်ခိုက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Reuters

  • လုပ်ဇာတ်ကြီးနဲ့ လုပ်စားကြဆဲ စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့မှ ၀က်သေဇာတ်လမ်း

    လုပ်ဇာတ်ကြီးနဲ့ လုပ်စားကြဆဲ စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့မှ ၀က်သေဇာတ်လမ်း

    ဧပြီ ၁၄ ၊ ၂၀၁၅
    ဆွေမွန်ရေးသည်။
    11061982_1611238319088270_4516407052975814991_n
    မွတ်စလင်တွေ ဗလီ မဆောက်စေချင်ရင် ဗလီဆောက်မယ့် မြေနေရာမှာ ၀က်သေမြုပ်လိုက်ပါ။ အစ္စလာမ်မစ်ဥပဒေက ၀က်သေမြုပ်ထားတဲ့မြေပေါ်မှာ ဗလီမဆောက်ရလို့ တားမြစ်ထားတဲ့အတွက် ၀က်သေမြုပ်ထားတဲ့ သတင်းကို ကြားတာနဲ့ အဲဒီနေရာမှာ ဗလီမဆောက်တော့ပါဘူးတဲ့။ ၀က်သေတစ်ခု အရင်းပြုရင် ဗလီဆောက်မယ့် အန္တရာယ်ကနေ ကာကွယ်ပြီသား ဖြစ်သွားပါတယ်တဲ့ ခင်ဗျား။ ဒီသတင်းကိုပဲ စာရိုက်လို့တစ်မျိုး၊ စာရေးထားတဲ့ ဓာတ်ပုံနဲ့ တစ်သွယ် မြင်ဖူးနေတာတော့ ကြာပါပြီ။ တစ်နေ့ကပဲ ဒီသတင်းကို လက်ရေးနဲ့ ထပ်တွေ့ပြန်ပါတယ်။ Share ပေါင်း ၂၇၀၀၀ ကျော်ရှိနေပါပြီ။ ထပ်ကူးတင်သူတွေအပါဆိုရင် ထပ်ဆင့်ဖြန့်ဝေမှုတစ်ခုကို လူ ဆယ်ယောက်ပဲမြင်ပါစေဦး၊ အွန်လိုင်းသုံးစွဲသူအနည်းဆုံး နှစ်သိန်းကျော် မြင်ဖူးနေပါပြီ။
    .
    မြန်မာနိုင်ငံမှာလည်း မွတ်စလင်မုန်းတီးရေး၊ မွတ်စလင်ဆန့်ကျင်ရေးအားကောင်းချိန်ဆိုတော့ ခမျာတွေလည်း ဘယ်နည်းနဲ့ ဆန့်ကျင်ရ ဆန့်ကျင်ရ ကျေနပ်တယ်၊ ဗလီမဆောက်ရင်ပြီးရော ဆိုတဲ့သဘောနဲ့ ဒီသတင်းဟာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ မှားမှန် မခွဲနိုင်ဘဲ ဒီသတင်းကို လူမှုကွန်ယက်တွေမှာ ထပ်ဆင့်ဖြန့်ဝေကြ၊ ကွန်မင့်တွေရေးကြ၊ ထုံးစံအတိုင်း ကြမ်းတမ်း ဆဲဆိုထားတဲ့ စကားလုံးတွေသုံးပြီး ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်နေကြတာကို တွေ့နေရပြန်ပါတယ်။ အွန်လိုင်းမှာ လူ သိန်းဂဏန်းမြင်ကြတဲ့အတွက် နိုင်ငံတကာကလည်း မြင်ပါတော့မယ်။ နိုင်ငံတကာကတွေ့ပြန်ရင်လည်း မြန်မာတွေဟာ သတင်းမှားမှန် မခွဲတတ်ကြဘူး၊ ဘယ်လိုလိမ်လိမ် အလိမ်ခံတဲ့လူမျိုး၊ သတင်းအမှားတွေနဲ့ ပျော်မွေ့တတ်တဲ့ လူမျိုးတွေလို့အမည်တပ်ခံရပြီး အရှက်ကွဲပြီးရင်း ကွဲ ဖြစ်နေကြဦးမှာပါပဲ။
    .
    ဒီ ၀က်ဇာတ်လမ်းဟာ ခုဖြစ်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၂ နှစ်အကြာ ၂၀၀၃ လောက်ဝန်းကျင်က စပိန်၊ ဆီဗီးလ်မြို့ကြီးမှာ စပိန်မွတ်စလင်တွေ ဗလီအသစ်တစ်လုံး ဆောက်ခွင့်ရခဲ့ပါတယ်။ သိထားသင့်တာက ယဉ်ကျေးမှုပေါင်းစုံ ထွန်းကားရာဆီဗီးလ်မြို့ကြီးဟာ ဗလီတစ်လုံးဆောက်ခွင့်ပြုဖို့အတွက် ခက်ခဲလွန်းတဲ့နေရာမဟုတ်ပါဘူး။ ဖြစ်ချင်တော့ ဆီဗီးလ်မြို့၊ Los Bermejales District က ဗလီဆောက်ခွင့်ပြုလိုက်တဲ့ မြေနေရာဟာ အများပြည်သူသုံးစွဲဖို့ ကြိုတင်လျာထားတဲ့နေရာ (နောက်ပိုင်းမှာ ပန်းခြံ၊ ကျောင်း လိုတာဆောက်နိုင်အောင် ဖယ်ထားတဲ့ မြေနေရာ) ဖြစ်နေခဲ့တာပါပဲ။ ဒါကို ဆီဗီးလ်မြို့သူမြို့သားတွေက မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ရှင်းရှင်းလင်းလင်း နားလည်ထားသင့်တာက ဗလီဆောက်တာကို ကန့်ကွက်တာမဟုတ်ဘဲ ဗလီဆောက်မယ့်နေရာဟာ အများပိုင်နေရာဖြစ်တဲ့အတွက် ဘာအဆောက်အဦမှ ပေးမဆောက်ဖို့ ကန့်ကွက်ခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ မွတ်စလင်အဖွဲ့အစည်းတွေက ကန့်ကွက်မှုတွေကို လက်ခံရရှိပြီးတာနဲ့ ဗလီဆောက်မယ့်နေရာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဆွေးနွေးကာ ဗလီအသစ်ကို နေရာပြောင်းရွှေ့ဆောက်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ မူလနေရာ Los Bermejales District အစား ဆီဗီးလ်မြို့မှာပဲ San Jeronimo District မှာနေရာအသစ် အစားပေးခဲ့ပါတယ်။

    10312792_1611239532421482_1747728592097642779_n
    .
    အများပိုင်နေရာကနေ ဗလီမြေနေရာရွှေ့ပြောင်းဖို့ မွတ်စလင်တွေဖက်က သဘောတူခဲ့ပြီး နေရာသစ်ရွေးချယ်ဖို့ ညှိနှိုင်းနေစဉ်မှာပဲ ဗလီဆောက်မှာ မလိုလားတဲ့ သဘောထားတင်းမာသူအချို့က ဗလီဆောက်မယ့် မြေနေရာမှာ ၀က်တစ်ကောင်ကို သတ်ဖြတ်ခဲ့ကြတယ်၊ ၀က်သေကို မြုတ်နှံခဲ့ကြတယ်၊ ၀က်သွေးတွေ ဖြန်းခဲ့ကြတယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဘယ်မီဒီယာမှာမှ ဘယ်သတင်းမှာမှ ဒီဝက်သေမြုပ်တဲ့သတင်းကို ဖော်ပြခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ကောလာဟလပီပီ ပြန့်နှံ့အား အင်မတန်ကောင်းခဲ့ပုံ ရပါတယ်။ ဒါကြောင့်ပဲ ၀က်သေတစ်ကောင် အရင်းပြုပြီး ဗလီဆောက်မယ့် နေရာရွေ့သွားတယ်ဆိုတဲ့ ယုံတမ်းပုံပြင်ဟာ အစ္စလာမ်ဆန့်ကျင်သူတွေကြားမှာ နှစ်ပေါင်းများစွာထိ ပြန့်နှံ့နေခဲ့ပါတော့တယ်။ အမှန်တကယ်တော့ ဒီဝက်အသေကောင်မြုပ်တဲ့သတင်းနဲ့ ဆီဗီးလ်က ဗလီနေရာရွေ့သွားခြင်းဟာ ဘာမှ မသက်ဆိုင်ခဲ့ပါဘူး။ အများပြည်သူသုံးစွဲဖို့ ကြိုတင်လျာထားတဲ့နေရာဖြစ်နေတဲ့အတွက် နေရာပြောင်းပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
    .
    အစ္စလာမ်မစ်ဥပဒေက ၀က်သေမြုပ်ထားတဲ့မြေပေါ်မှာ ဗလီမဆောက်ရလို့ တားမြစ်ထားတယ်ဆိုတာကလည်း အစ္စလာမ်မှာ မရှိပါဘူး။ ဆွစ်ဇာလန်မှာ ၂၀၁၁ တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ထောက်ပြချင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ Grenchen မြို့မှာလည်း ဗလီသစ်တစ်လုံးအတွက်ဆောက်မယ့် မြေနေရာမှာ သဘောထားတင်းမာသူ အစ္စလာမ်ဆန့်ကျင်ရေးသမားတွေက စပိန် ဆီဗီးလ်က အဖြစ်အပျက်ကို ကြားဖူးနားဝနဲ့ ၀က်သေတွေ အမှန်တကယ် မြုပ်ခဲ့ကြပါသေးတယ်။ ၀က်သေတစ်ကောင် နဲ့ ၀က်ခေါင်း ၄ လုံး၊ ၀က်ခြေ ၀က်လက် ၀က်ခန္ဓာကိုယ်အစိတ်အပိုင်းတွေအပြင် ၀က်သွေးလီတာပေါင်း ၁၂၀ လောက်ကို ဗလီဆောက်မယ့်မြေနေရာမှာ လောင်းချခဲ့ကြပါတယ်။ ဆွစ်ဇာလန်ရဲတွေဟာ ၀က်သေကောင်တွေ၊ ၀က်အစိတ်အပိုင်းတွေကို ပြန်လည်တူးဖော်ဖယ်ရှားပေးခဲ့ကာ ဒီကျူးလွန်သူတွေကို ပတ်ဝန်းကျင်ညစ်ညမ်းစေမှု၊ တိရိစ္ဆာန်တရားမ၀င် သတ်ဖြတ်မှု၊ တိရိစ္ဆာန်အညစ်အကြေးတွေကို တရားမ၀င်စွန့်ပစ်မှုတွေနဲ့ အရေးယူမယ်လို့ ထုတ်ပြောခဲ့ပါတယ်။
    .
    ဆွစ်ဇာလန်မွတ်စလင်တွေကတော့ တိရိစ္ဆာန်သွေးတွေနဲ့ ညစ်ပတ်နေတဲ့ မြေသန့်သွားစေဖို့ နောက်တကြိမ်ရွာမယ့်မိုး ဒါမှမဟုတ် နှင်းထုကျမှာကိုသာ စောင့်ခဲ့ရပြီး ဗလီဆောက်လုပ်မှုကို ပြန်စတင်ခဲ့ပါတယ်။ ဒီသတင်းကို ကမ္ဘာသိ အမေရိကန်သတင်းဌာန CNN က တင်ဆက်ထားတာကိုလည်း တွေ့နိုင်ပါတယ်။
    .
    ဒီလောက်ဆိုရင် ဆီဗီးလ်မြို့က ၀က်ဇာတ်လမ်းအပြင် အစ္စလာမ့်ဥပဒေမှာ ၀က်သေကောင်ရှိတဲ့နေရာမှာ ဗလီမဆောက်ဘူးဆိုတဲ့ လုပ်ကြံဇာတ်လမ်း မရှိတာကို မြင်လောက်နိုင်ပါပြီ။ သိပ္ပံနည်းကျတွေးရင်လည်း ကမ္ဘာ့သက်တမ်း နှစ်သန်းပေါင်း ၄၅၀၀ လောက်အတွင်း ကမ္ဘာ့မြေနေရာတိုင်းဟာ လူအပါအ၀င် ဘယ်အကောင်ဗလောင်မဆို မသေဖူး၊ မမြုပ်ဖူးတဲ့နေရာ မရှိနိုင်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ၀န်းကျင်က သချိုင်းမြေဖြစ်ခဲ့တဲ့ ရန်ကုန်၊ အနော်ရထာလမ်း၊ ဆူးလေမီးပွိုင့်ဘေးကနေရာတွေဟာ မိုးမျှော်တိုက်ကြီးတွေ ဖြစ်နေပါပြီ။ ၀က်တစ်မျိုးတည်း မဟုတ်တဲ့ အခြားသတ္တ၀ါတွေဟာလည်း ကမ္ဘာမြေအနှံ့ နေရာတိုင်းမှာ မသေဖူး၊ မမြုပ်ဖူးဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
    .
    ဒါကြောင့် ၀က်မသေဖူးတဲ့နေရာကိုသာ ရှောင်ကြမယ်ဆိုရင်လည်း ကမ္ဘာ့အပြင်ဖက် ၀က်မရှိတဲ့ အာကာသမှာပဲ ဗလီဆောက်ဖို့ ဖြစ်နိုင်ပါတော့မယ်။ ဒါကြောင့် “အစ္စလာမ်မစ်ဥပဒေက ၀က်သေမြုပ်ထားတဲ့မြေပေါ်မှာ ဗလီမဆောက်ရလို့ တားမြစ်ထားတဲ့အတွက် ၀က်သေမြုပ်ထားတဲ့ သတင်းကို ကြားတာနဲ့ အဲဒီနေရာမှာ ဗလီမဆောက်တော့ပါဘူး” ဆိုတဲ့သတင်းမျိုးကို ဆက်လက်ပြီး ကျားကျားမီးယပ်ကွာ ဆိုပြီးတော့ အတင်း ဇွတ်မှိတ် ယုံကြည်နေကြသေးရင်လည်း စိတ်ထောင်း ကိုယ်ကြေမဖြစ်ခင် စိတ်ရောဂါအထူးကုဆရာဝန်ကြီးတစ်ဦးဆီမှာ မနှေးအမြန် ကုသမှုခံယူကြဖို့သာ တိုက်တွန်းလိုပါတော့တယ်။

    မြန်မာပြည်သူပြည်သားအားလုံး လုပ်ကြံဖန်တီးထားတဲ့ အမုန်းတရားအပေါင်းမှ ကင်းဝေးကြပါစေဗျာ။

    ဆွေမွန်
    ၁၄ ဧပြီ ၂၀၁၅

    Ref :

    (၁) စပိန်နိုင်ငံ ဆီဗီးလ်မြို့မှ ၀က်ဇာတ်လမ်းနှင့် ဆန့်ကျင်ပြီး ဆွစ်ဇာလန်နိုင်ငံမှာ ၀က်မြုပ်ထားသော မြေကြီးမှာ ဗလီဆောက်လုပ်ခဲ့ကြောင်းဖော်ပြထားသော သတင်း စာမျက်နှာ
    http://www.onislam.net/english/news/europe/454662-mosque-profanation-outrages-swiss-muslims.html

    (၂) စပိန်နိုင်ငံ ဆီဗီးလ်မြို့မှ ၀က်ဇာတ်လမ်းအား အမှန်အတိုင်း ဖော်ပြထားသော သတင်း စာမျက်နှာ
    http://islamversuseurope.blogspot.com/2013/10/burying-pig-heads-to-stop-mosques.html

    (၃) အမေရိကန် CNN သတင်းဋ္ဌာနမှ ဆွစ်ဇာလန်နိုင်ငံမှ ဗလီဆောက်မည့်နေရာ ၀က်သေကောင် မြုပ်နှံခဲ့ပေမယ့် ဗလီဆက်ဆောက်လုပ်သွားကြောင်း သတင်းဖော်ပြချက်
    http://edition.cnn.com/2011/11/12/world/europe/switzerland-mosque/

    (၄) မြန်မာနိုင်ငံတွင် လက်ရှိဖြန့်ဝေနေသော မြန်မာဘာသာပြန်စာရွက်ရဲ့ စပိန်နိုင်ငံ ဆီဗီးလ်မြို့မှ ၀က်ဇာတ်လမ်း မူရင်းစာမျက်နှာ ကြည့်ရှုလိုပါက
    https://shariaunveiled.wordpress.com/2013/04/04/how-to-stop-a-mosque-from-being-built/

    (၅) ဆင်တူယိုးမှား ၀က်ဇာတ်လမ်း သတင်းကို ထပ်ကြည့်လိုပါက
    http://www.ibtimes.co.uk/britain-first-extremists-plot-pig-burial-halt-controversial-dudley-mega-mosque-1474294

    (၆) ဆီဗီးလ်မှ ၀က်ဇာတ်လမ်းဟာ အကျိုးသက်ရောက်မှု မရှိတဲ့ ကောလဟာလသာဖြစ်ကြောင်း ရေးသားချက်ကို ဖတ်ရှုလိုပါက
    http://www.truthorfiction.com/plant-a-pig/

    (၇) ဆီဗီးလ်မြို့မှ မွတ်စလင်များအကြောင်း ဖတ်ရှုလိုပါက (စပိန်ဘာသာပြန်ကို တွဲပေးထားပါတယ်။)
    http://translate.googleusercontent.com/translate_c?depth=1&hl=en&prev=search&rurl=translate.google.com&sl=es&u=http%3A%2F%2Fmezquitadesevilla.com%2Fla-fundacion%2F&usg=ALkJrhi9TdICX17Q4Hkg6HL4hpi7FX6MmA

  • သစ်ခိုးထုတ်သူ နိုင်ငံခြားသာ ၁၀၀ ကျော် မြန်မာစစ်တပ် ဖမ်းဆီး

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    timber
    မြန်မာနိုင်ငံရှိ သစ်ထုတ်လုပ်မှု မြင်ကွင်းတစ်ခု

     

    – သစ်ခိုးထုတ်သူများအား ပစ်မှတ်ထားသည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးတစ်ခုအတွင်း တရုတ်နိုင်ငံသား အများစုအပါအ၀င် သစ်ခိုးထုတ်သူ နိုင်ငံခြားသား ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဇန်န၀ါရီ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပြုလုပ်ခဲ့သော အဆိုပါ စစ်ဆင်ရေး၌ သစ်ခိုးထုတ်သူ ၁၄၂ ဦးကို ဖမ်းမိခဲ့ပြီး ထိုအထဲမှ ၁၀၂ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြသည်ဟု စစ်တပ်ပိုင် မြ၀တီသတင်းစာက ဖော်ပြခဲ့သည်။

    ဖမ်းဆီးရမိသူများတွင် သစ်ခုတ်ရန်ခွင့်ပြုချက်အတွက် KIA အဖွဲ့မှ လက်မှတ်ထိုး ထုတ်ပေးထားသော စာရွက်စာတမ်းများကိုလည်း တွေ့ရှိခဲ့ရပြီး မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ် ၄၆၄ စီးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။

    သစ်တောပြုန်းတီးမှုကို လျော့ချရန်အတွက် ကျွန်းသစ်များ တင်ပို့ခြင်းကို ဧပြီလမှစတင်ကာ မြန်မာအစိုးရက ပိတ်ပင်ခဲ့သော်လည်း ဝေးလံခေါင်ဖျားသော နယ်စပ်ဒေသများတွင် တရားမ၀င် သစ်ခိုးထုတ်မှုများမှာ ဆက်လက်ဖြစ်ပွားနေသည်။

    `နိုင်ငံမြောက်ပိုင်းက တိုက်ခိုက်မှုတွေဟာ တရားမ၀င်သစ်ကုန်သွယ်မှုကို ဖြစ်စေတဲ့ အဓိက မောင်းနှင်အားပါပဲ။ ဒီဒေသက တရားမ၀င်သစ်ခိုးထုတ်မှုကို စစ်တပ်ကပဲ နှိမ်နင်းနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ သွားဖို့ အရမ်းခက်ခဲလို့ပါပဲ´ ဟု သစ်တောဌာနမှ လက်ထောက်အထွေထွေဒါရိုက်တာဖြစ်သူ ညီညီကျော်က ပြောကြားခဲ့သည်။

    ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်တောရာခိုင်နှုန်းမှာ ၅၈ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။

    Ref: bangkokpost