News @ M-Media

Category: အာရွ-ပဖိဖိတ္

  • နို၀င်ဘာ ၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    နို၀င်ဘာ ၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု)

    ထိုင်းအစိုးရက လူ ၅ သိန်းနီးပါးကို နိုင်ငံသားပေးမည်
    ——————
    ပြောင်းရွှေ့အခြေချသူ၊ ဒါမှမဟုတ် လူမျိုးစုတွေထဲက နိုင်ငံအတွင်း နှစ်ပေါင်းများစွာ နေထိုင်သူတွေနဲ့ နိုင်ငံအတွင်း မွေးဖွားသူ စုစုပေါင်း ၄၈၃၀၀၀ ကို နိုင်ငံသားပေးမယ်လို့ ထိုင်းအစိုးရက ကြေငြာပါတယ်။ ကြိုးနီစနစ်တွေကြောင့် ကြန့်ကြာနေတဲ့ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဥ်ကို ပိုမိုမြန်ဆန်အောင်လုပ်မှာဖြစ်ပြီး ဒီလူတွေဟာ နိုင်ငံလုပ်သားစွမ်းအားမှာ ပါ၀င်လာကာ တိုင်းပြည်စီးပွားရေးအတွက် ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

    စွမ်းဆောင်ရည်မြင့် ဒုံးကျည်သစ်ကို မြောက်ကိုရီးယာစမ်းသပ်
    ————-
    လောင်စာအခဲ အသုံးပြုထားပြီး နိုင်ငံသမိုင်းတစ်လျှောက် စွမ်းဆောင်ရည်အမြင့်ဆုံး တိုက်ချင်းပစ်ဒုံးကျည် Hwasong-19 ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။ ဒုံးကျည်ဟာ ကမ္ဘာ့လေထုအပြင်ဘက်အထိ ရောက်ခဲ့ပြီး၊ ကမ္ဘာ့စွမ်းအားအပြင်းဆုံး ဗျူဟာမြောက် ဒုံးကျည်လို့ မြောက်ကိုရီးယားက သမုတ်ပါတယ်။

    အပူလှိုင်းကြောင့် ဒေါ်လာဘီလီယံချီ ဘင်္ဂလားဒေ့ရှ် ဆုံးရှုံး
    —————–
    အပူလှိုင်းရိုက်ခတ်မှု နောက်ဆက်တွဲဆိုးကျိုးကြောင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံစီးပွားရေးမှာ ကန်ဒေါ်လာ ၂၁ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍက အထိနာဆုံး ဖြစ်ခဲ့ပြီး၊ ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


  • အောက်တိုဘာ ၁၅ ရက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၅ ရက် နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – တောင်တက်သမိုင်းတွင် စံချိန်သစ်ရခဲ့သည့် နီပေါနိုင်ငံသား ရှာပါရ်)

    တရုတ်၏ ထိုင်၀မ်ပေါ်လစီ မပြောင်းလဲသေး
    ———-
    ထိုင်၀မ်နဲ့ ငြိမ်းချမ်းစွာပေါင်းစည်းရေး လိုလားပေမယ့် လိုအပ်ရင် စစ်အင်အားသုံးသိမ်းပိုက်မယ့် မိမိတို့ရဲ့ မူ၀ါဒ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ထိုင်၀မ်းကျွန်းကို ၀ိုင်းပတ်ပြီး ၄ ကြိမ်မြောက်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင်မှုအပြီးမှာ တရုတ်နိုင်ငံက ထုတ်ပြန်ပါတယ်။ မေလမှာ အာဏာရလာတဲ့ ထိုင်၀မ်သမ္မတ လိုင်ချင်တေဟာ ထိုင်၀မ် လွတ်မြောက်ရေး ပိုမိုပြောဆိုလာပြီး တရုတ်ကတော့ ခွဲထွက်ရေးသမားအဖြစ် တံဆိပ်ကပ်ပါတယ်။

    တောင်တက်သမိုင်းမှာ စံချိန်တင်တဲ့ နီပေါနိုင်ငံသား
    —————
    နီပေါ နိုင်ငံသား အသက် ၁၈ နှစ်အရွယ် နီမာရင်ဂျီ ရှာရ်ပါဟာ နီပေါ၊ ပါကစ္စတန်၊ တိဘတ်နဲ့ အိန္ဒိယနိုင်ငံတို့က မီတာ ၈၀၀၀ မြင့်တဲ့ တောင်ပေါင်း ၁၄ ခုကို အောင်မြင်စွာ တက်ရောက်နိုင်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး လူသားအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ တောင်တက်မိသားစုမျိုးက ဆင်းသက်လာတဲ့ ရှာရ်ပါဟာ လွန်ခဲ့တဲ့ ၂ နှစ်ကမှ တောင်တက်လောကထဲ ၀င်ရောက်လာခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှာကတည်းက အမြင့်ဆုံး တောင်တွေကို တက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

    နိုင်ငံခြားသားမျှော်ပြီး အိမ်ယာစီမံကိန်းထပ်လုပ်မယ့် ဘန်ကောက်
    —————-
    ၂၀၂၅ နှစ်လယ်ပိုင်းကစပြီး ဘန်ကောက်မြို့လယ်ကောင်မှာ ဇိမ်ခံကွန်ဒိုစီမံကိန်း ၄ ခုထက်မနည်း ထိုင်းအစိုးရက ထပ်လုပ်ဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ အိမ်ယာစျေးကွက် ကျဆင်းနေပေမယ့် နိုင်ငံခြားသားတွေရဲ့ ၀ယ်မှုနှုန်းက မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ထိုင်၀မ်နဲ့ တရုတ်နိုင်ငံသားတွေ အဓိက ၀ယ်ယူတာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ နိုင်ငံခြားသား၀ယ်ယူသူတွေကို အဓိကစွဲဆောင်နိုင်ဖို့ ထိုင်းအစိုးရက မျှော်လင့်နေပါတယ်။


  • အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – နိုဘယ်ဆုရ စာရေးဆရာမ ဟန်ကန်)

    iPhone 16 ရောင်းချမှုကို အင်ဒိုပိတ်မည်
    —————
    မိခင်ကုမ္ပဏီ Apple က ရင်းနှီးမြှုပ်နှံမှုနဲ့ တင်သွင်းရောင်းချမှု စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် iPhone 16 ရောင်းချခွင့်ကို ပိတ်ပင်မယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။ Apple ရဲ့ တင်သွင်းရောင်းချခွင့် လိုင်စင်ဟာ သက်တမ်းကုန်နေသလို၊ ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုထားရာမှာလည်း ၉၄ သန်းကျော်သာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

    တောင်တရုတ်ပင်လယ်အရေးအတွက် အာဆီယံကို ဖိလစ်ပိုင် ဖိအားပေး
    ————
    တောင်တရုတ်ပင်လယ်မှာ လိုက်နာရမယ့် ကျင့်၀တ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေနဲ့ တရုတ်၀န်ကြီးချုပ်ကို အာဆီယံအစည်းအ၀ေးမှာ ဖိလစ်ပိုင်သမ္မတ မားကို့စ်က ဖိအားပေးခဲ့ပါတယ်။ တရုတ်ဟာ ဖိလစ်ပိုင်ကို ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

    ကိုရီးယားစာရေးဆရာမ နိုဘယ်ဆုရရှိ
    ————-
    ၂၀၂၄ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်က ရရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ကဗျာနဲ့ စာပေလောကထဲ ၀င်ရောက်လာပြီးနောက် The Vegetarian၊ Your Cold Hands၊ Scars စတဲ့ ၀တ္ထုတွေနဲ့ ကျော်ကြားခဲ့ပါတယ်။ The Vegetarian ဟာ အင်္ဂလိပ်စာပေကို ပထမဆုံး ပြန်ဆိုရတဲ့ ကိုရီးယား၀တ္ထုဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ နိုဘယ်ဆုရ ပထမဆုံး စာရေးဆရာမအဖြစ် မှတ်တမ်း၀င်တဲ့ ဟန်ကန်ဟာ ဆုကြေး အမေရိကန်ဒေါ်လာ ၁ သန်း ရရှိမှာ ဖြစ်ပါတယ်။

    Ref: CNA


  • အောက်တိုဘာ ၄ ရက်နေ့ နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၄ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    အွန်လိုင်းလူလိမ်ဂိုဏ်းကို ဖိလစ်ပိုင် ဖမ်းဆီး
    ——
    မြို့တော် မနီလာမှာ အွန်လိုင်းလိမ်လည်မှုလုပ်နေတဲ့ လူ ၂၅၀ ပါ ဂိုဏ်းတစ်ခုကို ဖိလစ်ပိုင်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အွန်လိုင်း ငွေကြေး လိမ်လည်မှုပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့အတွက် နိုင်ငံခြား ဂိမ်းလုပ်ငန်းတွေကို ပိတ်ပင်ကြောင်း ဖိလစ်ပိုင် သမ္မတ မားကို့စ်က ဇူလိုင်လမှာ ကြေငြာခဲ့ပါတယ်။

    တိုက်ခိုက်ခံရပါက နျူသုံးမည်ဟု ကင်ဂျုံအွန် ခြိမ်းခြောက်
    ————-
    တောင်ကိုရီးယားနဲ့ အမေရိကန်တို့က တိုက်ခိုက်မှုတွေလုပ်လာရင် နျူလက်နက်အသုံးပြုသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်က ခြိမ်းခြောက်လိုက်ပါတယ်။ ဒီနှစ်နိုင်ငံဟာ အာရှဒေသအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေပြီး တောင်ကိုရီးယားခေါင်းဆောင်တွေဟာ ပုံမှန်မဟုတ်တဲ့သူတွေ လို့လည်း ကင်ဂျုံအွန်က ၀ေဖန်ခဲ့ပါတယ်။

    အရှေ့အာရှ စစ်ဖက်မဟာမိတ်ဖွဲ့ရန် ဂျပန်၀န်ကြီးချုပ် အဆိုပြု
    ——————-
    အရှေ့အာရှနိုင်ငံတွေဟာ ယူကရိန်းလို ကျူးကျော်တိုက်ခိုက်မှု ခံရနိုင်တဲ့အတွက် ဒေသတွင်း စစ်ဖက် မဟာမိတ်တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းဖို့ ဂျပန်၀န်ကြီးချုပ် ရှီဂဲရု အီချီဒါက တိုက်တွန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ အသက်အရွယ်ကြီးရင့်သူ မြင့်တက်လာတာနဲ့ မွေးဖွားနှုန်း ကျဆင်းလာတာတွေဟာ အရေးပေါ်အခြေအနေအထိ ရောက်နေပြီလို့လည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တရုတ်နဲ့လည်း တင်းမာမှု မြင့်တက်လာပါတယ်။

    Ref: CNA

  • သီရိလင်္ကာတွင် မာ့စ်၀ါဒီခေါင်းဆောင် သမ္မတဖြစ်လာ

    သီရိလင်္ကာတွင် မာ့စ်၀ါဒီခေါင်းဆောင် သမ္မတဖြစ်လာ

    စက်တင်ဘာ ၂၃၊ ၂၀၂၄
    M-Media

    -တနင်္ဂနွေ့နေ့က ပြီးဆုံးခဲ့ပြီဖြစ်တဲ့ သီရိလင်္ကာ သမ္မတရွေးကောက်ပွဲမှာ မာ့စ်၀ါဒယိမ်းတဲ့ နိုင်ငံရေးသမား အနူရာ ကူမာရာ ဒီဆာနာယာကီက အနိုင်ရရှိသွားပါတယ်။

    အနူရာဟာ အသက် ၅၅ နှစ်အရွယ်ရှိပြီး ပြည်သူ့လွတ်မြောက်ရေးပါတီ (JVP) နဲ့ ပြည်သူ့အင်အား မဟာမိတ်တပ်ပေါင်းစု (NPP) ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

    ပထမအကြိမ် ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေ မဲရရှိမှု ၅၀ ရာခိုင်နှုန်း မကျော်တဲ့အတွက် ဒုတိအကြိမ် မဲပြန်ရေခဲ့ရပြီး ဒါဟာ နိုင်ငံ့သမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ အနူရာက မဲအရေအတွက် ၄၂ ဒဿမ ၃၁ ရာခိုင်နှုန်း ရခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရီ မာဒါဆာက ၃၂ ဒဿမ ၇၆ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

    လက်ရှိသမ္မတ ရာနီလ် ၀စ်ကရီမီဆင်ဟီက ၁၇ ဒဿမ ၂၇ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ သီရိလင်္ကာဟာ ၂၀၂၂ ခုနှစ်မှာ စီးပွားရေး ပြိုလဲခဲ့ပြီး ဒီဒဏ်ကို အခုအချိန်အထိ ခံစားနေရဆဲပါ။ သမ္မတသစ် ကူမာရာရဲ့ အဓိက စိန်ခေါ်မှုဟာ စီးပွားရေး ဦးမော့လာအောင် ပြန်လည်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

    Ref: Reuters