News @ M-Media

Category: မြန်မာသတင်း

မြန်မာသတင်း

  • “အခြေခံ နှင့် အသုံးချ အာရဗီဘာသာစကားသင်တန်း” @ MDY

    “အခြေခံ နှင့် အသုံးချ အာရဗီဘာသာစကားသင်တန်း”

    Basic & Applied Arabic Language

    မြန်မာမွတ်စလင် ပညာရေးနှင့် ယဉ်ကျေးမှုအသင်း (MMECS)မှ ကြီးမှူး၍ “အခြေခံနှင့်လက်တွေ့အသုံးချ အာရဗီဘာသာစကားကို လေ့လာလိုသူများနှင့် အာရပ်နိုင်ငံများတွင်

    သွားရောက် အလုပ်လုပ်ကိုင်လိုသူများအတွက် ရည်ရွယ်၍ အပတ်စဉ် (စနေ၊ တနင်္ဂနွေ)တန်းများ ဖွင့်လှစ် သွားမည် ဖြစ်ပါသည်။

    သင်တန်းစမည့်ရက် ။ ။ 24.9.2011 (စနေနေ့)

    သင်တန်းကာလ ။ ။ ၃ လ

    သင်တန်းချိန် ။ ။ နေ့လည် (၂)နာရီမှ (၄)နာရီထိ

    သင်တန်းကြေး ။ ။ အခမဲ့ (စာရွက်စာတမ်းကြေးမပါ)

    သင်တန်းတည်နေရာ ။ ။ Edu Zone (Islamic Education Center)

    ၃၂ x ၃၃လမ်းကြား၊ (ဇောတိကလမ်း)၊ ၇၇ x ၇၈ လမ်းကြား၊ မန္တလေး။

    မှတ်ချက် ။ ။ အမှန်တကယ်တက်ရောက်နိုင်သူများနှင့် ပြီးဆုံးအောင်တက်ရောက်မည့်သူများ သာ ၂၃.၉.၂၀၁၀ (သောကြာနေ့) နောက်ဆုံးထားလျှောက်ထားရန်။

    တက်ရောက်လိုသူများ MMECS  09-5162062 ၊  09-91018753 ၊  09-91010655 email; [email protected][email protected]သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရပါသည်။

  • စစ်တွေမြို့နယ် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် သဲချောင်းကျေးရွာတွင် စစ်ကျန်ဗုံးကွဲ၊၇ ဦးသေ

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ သဲချောင်းကျေးရွာ၌ သြဂုတ်လ ၃၁ ရက်နေ့က ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတလုံး ပေါက်ကွဲမှုဖြစ်ပွားရာ ကလေး ၂ ဦးနှင့် လူကြီး ၅ ဦး သေဆုံးသွားသည်။

    စစ်တွေမြို့နှင့် ၅ မိုင်ခန့်ဝေးသော၊ အစ္စလမ်ဘာသာဝင်များ နေထိုင်သည့် သဲချောင်းကျေးရွာတွင် ဗုံးပေါက်ကွဲခဲ့ရာ အသက် ၁၀ နှစ်အရွယ် မောင်ချမ်းသာ နှင့် ၁၂ နှစ်အရွယ် ယာဇာမူဆာတို့အပါအ၀င် ၇ ဦးသေဆုံးခဲ့သည်။

    ဗုံးပေါက်ကွဲရခြင်းအကြောင်းမှာ ယင်းအရာဝတ္ထုကို ဗုံးမှန်းမသိကြဘဲ အလေးချိန်ဖြင့် ရောင်းချရန် ထုခွဲရာမှ ပေါက်ကွဲသေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသူများကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

    ဒုတိယကမ္ဘာစစ်အတွင်းမှ ကျန်ရှိခဲ့သော ဗုံးများသည် ရခိုင်ပြည်နယ်ရှိ တခြားသော မြို့နယ်၊ ကျေးရွာများတွင်လည်း ရှိကြောင်း၊ ပြီးခဲ့သည့် နှစ်အနည်းငယ်ကလည်း မြောက်ဦးမြို့နယ်၌ ပေါက်ကွဲခဲ့သေးကြောင်း သိရသည်။
    ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့အမှတ် (၁) ရဲစခန်းကို ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်းဖြေဆိုခြင်း မရှိပေ။

    ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတလုံး (ဓာတ်ပုံ – london2012)

    ဒီက ကူးတင်ပါတယ်

  • အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို

    ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ  လူထုအစည်းအဝေးပွဲကြီးသို့ အမျိုးသားတပ်ပေါင်းစုအသွင်ဖြင့် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ခဲ့ကြပါသည်။ ယင်းအဖွဲ့အစည်းများတွင် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၊ ဦးဖေခင်၊ ဦးခင်မောင်လတ်တို့ ဦးဆောင်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) လည်း အပါအ၀င် ဖြစ်သည်။ ထိုညီလာခံသဘင်ကြီး၌ ဖဆပလအဖွဲ့မှ ကိုယ်စားလှယ် ဆရာကြီးဒီးဒုတ်ဦးဘချိုက တင်သွင်းခဲ့သည့် အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစုများနှင့်သက်ဆိုင်သည့် အဆိုအကြောင်းကို ၄၊ ၂၊ ၁၉၄၆ ရက်စွဲထုတ်ဒီးဒုတ်ဂျာနယ်တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။ (စာလုံးပေါင်းအား မူရင်းစာသားအတိုင်း ကူးယူဖော်ပြထားပါသည်။)

    ဗမာမူဆလင်သည် ဗမာ

    “ ကျွန်တော်၏ စာဆို စတုတ္ထပိုင်းကတော့ ဗမာမူဆလင်များနှင့် ပတ်သက်ပါတယ်။ ဗမာမူဆလင်များဟာ ရှေးက ဗမာများနှင့် အယူဘာသာခြားရုံနှင့် မိမိတို့ကိုယ်ကို နိုင်ငံခြားသားများ စာရင်းတွင် သွတ်သွင်းကာ ဗမာနိုင်ငံရေးတွင် မပါဝင်ဘဲ လျစ်လျူရှုခဲ့ကြပါသည်။ ယခုစီးပွားရေး ပေါင်းသင်းဆက်ဆံရေး၊ ယဉ်ကျေးမှုအစစမှာ ဗမာတို့နှင့်ခွဲလို့မရသော မြန်မာလူမျိုးများပင် ဖြစ်နေကြောင်း၊ အယူမှန် အမြင်မှန်သို့ ရောက်ရှိလာကြသည့်အတိုင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာဗမာမူဆလင် ပျဉ်းမနားကွန်ဖရင့်ကြီးက ငါတို့သည်ဗမာများပင်ဖြစ်သည်ဟု ကြွေးကြော်ဆုံးဖြတ်ခဲ့ကြသည်ကို ဤညီလာခံကြီးက အထူးချီးကျူးဝမ်းမြောက်ကြောင်း၊ ဤသို့သဘောထားကြသော ဗမာမူဆလင်များကို တိုင်းရင်းသားလူနည်းစုတို့ရထိုက်သော အခွင့်အရေးများကိုပေးရန် သဘောတူကြောင်းဟူသော အဆိုဖြစ်ပါတယ် ””။

    မူလာအစ်စမေလ်

    ဤကိစ္စနှင့်စပ်လျဉ်း၍ ကျွန်တော် ပြောလိုသည့်မှာ ကျွန်တော်တို့ကို သွေးခွဲသူမှာ နယ်ချဲ့စနစ်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်၌ သက်ဦးဆံပိုင်မြန်မာဘုရင်များ အုပ်စိုးစဉ်က လူနည်းစုံများကို မနှိမ်ခဲ့ပါ။ ကုလားလူမျိုးများထဲမှ မူလာအီစမေလ်သည် မြန်မာဘုရင်ထံတွင် အမှုတော်ကို ထမ်းရွက်သောအခါ ဘောဂသေဋ္ဌိ သူဌေးဘွဲ့ကို အပ်နှင်းခဲ့သည့်ပြင်၊ ကျောက်ရဲမြို့ကို အပိုင်စားပေး၍ အထောက်တော်ဝန် ခန့်ထားခဲ့ပါသည်။ ထိုအခါမှစ၍ ၎င်းတို့၏ အဆက်အနွယ်များသည်၊ မြန်မာထီးနန်းထုံးတမ်းစဉ်လာယဉ်ကျေးမှုများကို လိုက်နာကျင့်သုံးစွဲခဲ့ကြခြင်းဖြင့် အယုဘာသာမျှသာ ကွာခြားသော ဗမာလူမျိုးများဖြစ်လာကြပါသည်။ မြန်မာပြည်တွင် မင်းတုန်းမင်း တရားကြီး သီပေါမင်းတရားကြီးလက်ထက်မင်း(၂)ဆက်တွင် စောင်းနှင့် အမှုတော် ထမ်းခဲ့ရသော စောင်းဆရာကြိး ဒေ၀ဣန္ဒာ၏ တပည့်ရင်းမှာ မူလာအစ်စမေလ်တို့၏ အနွယ်အဆက် စောင်းဆရာကြီး မောင်မောင်လတ် ဟူသော ဗမာမူဆလင်ပင်ဖြစ်၍ ယခု မန္တလေးတွင် ထင်ရှားရှိနေပါသည်။ မြန်မာစောင်းပညာကို ထိုပုဂ္ဂိုလ်ကြီးထံမှ သင်ယူလေ့လာကြရပါသည်။ ထိုမှတစ်ပါး မဟာဂီတကျမ်းဝင် ရွှေနားတော်သွင်းဖြစ်သော မြန်မာရှေးသီချင်းကြီးများကို ကောင်းစွာ တက်ကျွမ်းကြသော  ကျိုက်လပ် ဦးအီစမာအင်၊ ကြည့်မြင်တိုင် ဦးဘူးတား၊ ဟင်္သာတ ဦးဘအိုစသော ဂီတပါရဂူတို့မှာ ဗမာမူဆလင်များဖြစ်ကြပါသည်။ ဗမာမူဆလင်တို့မှာ ဤသို့ပင် ဗမာ့အလှယဉ်ကျေးမှုများကို လေ့လာလိုက်စားခဲ့ကြခြင်းဖြင့်ပင် ဗမာလူမျိုးဖြစ်ကြောင်း သက်သေခံကြီး ထင်ရှားလှပါသည်။

    ဗမာမူဆလင် ထိမ်းမြားပွဲ

    မြန်မာလူမျိုးတို့၏ လက်ထပ်ထိမ်းမြားပွဲကား ဘာသာရေးမဟုတ် ပေါင်းသင်းဆက်ဆံရေး သက်သက်မျှ ဖြစ်ပါသည်။ မူဆလင်ဘာသာဝင်တို့ကား ဘာသာတရားအရ လက်ထပ်ရပါသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ တွံတေးမြို့၌ ခေတ္တနေစဉ်က ကျွန်တော် တွေ့ခဲ့ရသော ၀မ်းမြောက်ဖွယ်တစ်ရပ် ကို အစီရင်ခံလိုပါသည်။ မူလာအစ်စမေလ်၊ မူလာဒါဝတ်တို့၏ အဆက်အနွယ်များဖြစ်သော ဗမာမူဆလင်လက်ထပ်ပွဲတစ်ခုတွင်၊ နံနက်ပိုင်း၌ မူဆလင်ဘာသာတရားပညတ်ချက်အရ လက်ထပ် ပြီးစီးသောအခါ မြန်မာယဉ်ကျေးမှုဆိုင်ရာ မြန်မာတို့ ထုံးတမ်းအရ အမျိုးသမီးကလေးမှာ ဗမာထဘီ အင်္ကျီလက်ရှည် ဆံမြိတ်ချနှင့် သတို့သားမှာလည်း ပုဆိုးတောင်ရှည်၊ ရင်ဖုန်းအင်္ကျီခေါင်းပေါင်းနှင့် ၀တ်ဆင်လျှင် မြန်မာပီပီပွဲထုတ် ဧည့်ခံကျွေးမွေးထိမ်းမြာခြင်းပြုသဖြင့် ကျွန်တော်ကိုယ်တိုင်ပင် ၀မ်းမြောက်ဝမ်းသာ သြဘာစာများ ဘတ်ကြားချီးမြှင့်ခဲ့ပါသည်။ ဤသို့ဗမာမူဆလင်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း ဤညီလာခံကြီးက ကြွေးကြော်လိုက်ပါ သည်။

    (ကိုးကား – အံ့ဖွယ် အက္ကဆာကျောက်ဖျာနှင့် အစ္စလာမ့်သုတ မဂ္ဂဇင်း)

  • ပဲခူးမြို့ရေကြီးမှုနှင့် စိတ်ကြည်နူးဖွယ်ရေဘေး ကူညီစောင့်ရှောက်မှုများ – ၂

    စိတ်မချမ်းမြေ့ဖွယ် ပဲခူးမြို့ရေကြီးမှုနှင့် စိတ်ကြည်နူးဖွယ်ရေဘေးကူညီစောင့်ရှောက်မှုများ

    နောက်လိုအပ်ချက်တစ်ခုက မနက်ထမင်းထုတ် (၁၅ဝဝ) ၊ ညနေထမင်းထုတ် (၁၅ဝဝ) ဝေခဲ့တယ်လို့ တင်ပြထားပါတယ်။ တကယ်တော့ အဲ့ဒီအပြင် ဘုရားကြီးမြို့မှ တစ်နပ်ကိုထမင်းထုတ် (၂ဝဝ)ထပ်ပေါင်းဖို့ ကျန်ခဲ့တာပါ။ ဒါ့ကြောင့် တစ်နပ်ထမင်းထုတ် (၁၇ဝဝ) နဲ့ တစ်နေ့ထမင်းထုတ် (၃၄ဝဝ) ကို (၄) ရက်တိုင်ဝေငှခဲ့ခြင်း ဖြစ်ပါတယ်။ ၄င်းကူညီစောင့်ရှောက်မှုအတွက် ခန့်မှန်းချေ သိန်း (၃ဝ)ကျော် ကုန်ကျခဲ့ပါတယ်။

    အခု ဒုတိယ ရေကြီးမှုကို တင်ပြပါမယ်။ ပထမအကြိမ် ရေတက်ပြီး ရေဟာ မြို့ပေါ်မှာသာကျပြီး ပဲခူးမြစ်ထဲမှာတော့ သိပ်မကျပဲ ရေတန့်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ ၇.၈.၂ဝ၁၁ (တနင်္ဂနွေ) နေ့မှာ ရေဟာတဖြေးဖြေးပြန်တက်လာခဲ့ပါတယ်။ ရေကြီးမှုသတင်းကိုအားလုံးသိရှိပြီးဖြစ်မယ်လို့ ယူဆတဲ့အတွက် ကျွန်တော့်အနေနဲ့ မွတ်စလင်မ်ညီနောင်များရဲ့ အခက်အခဲကြုံတွေ့မှုနဲ့ ကူညီစောင့်ရှောက်မှုများကိုပဲ အဓိကထားတင်ပြပါမယ်။ တနင်္ဂနွေနေ့မှာ စတက်လာတဲ့ရေဟာ ပိုများလာပြီး တနင်္လာနေ့မှာတော့ အိမ်တွေမှာနေလို့ မရတော့တဲ့ မွတ်စလင်မ်မိသားစုများဟာ အဲဒီ့နေ့ည (၈းဝဝ) မှာ ပဲခူးဒါရ်ဂါတော်နှင့်ဗလီဝတ်ကျောင်းတော်ကို ရောက်ရှိလာပါတယ်။ ပဲခူးဒါရ်ဂါတော်ကို ရောက်ရှိလာတဲ့ လူဦးရေဟာ (၃ဝ၄) ဦးဖြစ်ပြီး အိမ်ထောင်စု (၇၂) စုဖြစ်ပါတယ်။ အိမ်ထောင်စုအများစုဟာ အဓိကရေကြီးတဲ့ရပ်ကွက်များဖြစ်တဲ့ အိုးလေးစု၊ မဇင်း၊ စက်ပိုင်း ရပ်ကွက်များမှဖြစ်ပါတယ်။ ဒုတိယအကြိမ်မှာတော့ ပထမအကြိမ်ရေကြီးတုန်းကလို ဗလီအားလုံးစုပေါင်းကူညီမှု မပြုနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပဲခူးဒါရ်ဂါဗလီနှင့် ပန်းလှိုင်ဗလီတို့မှလွဲပြီး ကျန်ဗလီများပါ ရေကြီးခြင်းခံခဲ့ရလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်အပိုင်းကိုယ် တပိုင်တနိုင် ဖြေရှင်းတဲ့ပုံစံဖြစ်သွားပါတယ်။

    မဟာမြိုင်ဗလီ၊ မဇင်းဂျာမေဗလီ၊ ၅လမ်းဂျာမေဗလီများဟာ ဗလီထဲဝင်ပြီး (၁ဝ.၈.၂ဝ၁၁) မှ (၁၂.၈.၂ဝ၁၁) ထိ ဆွလာသ်ဝတ်ပြုမှုတို့၊ ဝါဖြေပွဲတို့ကို ခေတ္တရပ်နားခဲ့ရပါတယ်။ ရေစကျတဲ့ (၁၂.၈.၂ဝ၁၁) သောကြာနေ့မှသာလျှင် ဂျွမ္မာဆွလာသ်ဝတ်ပြုရန်အတွက် ဗလီနှစ်လုံးမှ အရေးပေါ်သန့်ရှင်းရေးလုပ်ပြီး ဝတ်ပြုစေနိုင်ခဲ့ပါတယ်။

    တခြားကယ်ဆယ်ရေးအနေနဲ့ကတော့ ပဲခူးမြို့ပေါ်ရှိ သာသနာ့ဗိမာန်နဲ့ ဘုန်းကြီးကျောင်းများမှာလည်း ဖွင့်လှစ်ပြီး ကူညီမှုပြုခဲ့ပါတယ်။ မွတ်စလင်မ်တစ်ချို့လည်းအဲဒီနေရာတွေမှာ သွားရောက်ခိုလှုံကြောင်းသိရပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်ရဲ့စစ်တမ်းအရ ရေဘေးသင့်လူဦးရေ တစ်သောင်းကျော်ရှိပြီး အိမ်ထောင်စု (၃၂၂၂) စုကို ကယ်ဆယ်ရေးစခန်း (၂၂) ခု ဖွင့်ကယ်ဆယ်ခဲ့ကြောင်း ဖတ်ရှုရပါတယ်။

    အဆမတန်ရေကြီးလာမှုကြောင့်တစ်ကြောင်း၊ ရေများလာမှုကြောင့် လှေများဖြင့်သွားရန်ခက်ခဲမှုကြောင့်တစ်ကြောင်းတို့ကြောင့် ပဲခူးဒါရ်ဂါကနေ ထမင်းထုတ်များကို အိမ်တိုင်ရာရောက် လှေများနဲ့လိုက်မဝေပေးနိုင်တော့ဘဲ လာရောက်ခိုလှုံတဲ့ မွတ်စလင်မ်အိမ်ထောင်စုတွေကိုသာ မနက်ထမင်း၊ ညထမင်း၊ ဆဲဟ်ရီထမင်းနဲ့ ဝါဖြေပွဲများ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ၄င်းကျွေးမွေးရေးအစီအစဉ်များကို ပဲခူးဒါရ်ဂါတော်ဂေါပကအဖွဲ့နှင့် ဂျမာအသ်သားများ၊ ပဲခူးမြို့အရှေ့ခြမ်းမွတ်စလင်သာရေးနာရေးလူငယ်အဖွဲ့နှင့် သီးခြားတပိုင်တနိုင်အလှူရှင်များ စုပေါင်း၍ ကျွေးမွေးခဲ့ပါတယ်။ ကြက်သားဟင်း၊ အမဲသားဟင်း၊ ဘဲဥဟင်း နှင့် ပဲဟင်းများဖြင့် ကျွေးမွေးခဲ့ပါတယ်။ မုန့်များ၊ သကြားလုံးများ သီးခြားလာလှူသော အလှူရှင်များလည်းရှိပါတယ်။

    ပဲခူးဒါရ်ဂါမှ ရေဘေးဒုက္ခသည်များဟာ ၁၆.၈.၂ဝ၁၁ (အင်္ဂါနေ့) နေ့လည် (၂းဝဝ) မှာ ပဲခူးဒါရ်ဂါမှ နေအိမ်ပြန်သွားကြပါတယ်။ ၄င်းဒုက္ခသည်များအား ပဲခူးဒါရ်ဂါမှ ဆန်များ ထပ်မံဝေငှခဲ့ပါတယ်။ ၄င်းအလှူရှင်များကတော့…

    –      ဦးဒါဝတ် (ရန်ကုန်မြို့) မှ             ဆန်အိတ် (၂ဝ)အိတ်၊

    –      သနပ္ပင်မြို့ ဗလီဂေါပကအဖွဲ့မှ      ဆန်အိတ် (၃၅)အိတ်၊

    –      ဦးတင်လှ (ရန်ကုန်မြို့)               ဆန်အိတ် (၁ဝ)အိတ်၊

    –      ဦးတင်စိန် (သာယာကုန်း) မှ        ဆန်အိတ်  (၅) အိတ်၊

    –      အမျိုးသားဒီမိုကရေစီ အဖွဲ့မှ        ဆန်အိတ်  (၂) အိတ်၊

    စုစုပေါင်း ဆန်အိတ် (၇၂)အိတ်ကို အိမ်ထောင်စု (၇၂)စုအား အချိုးကျ ခွဲဝေပေးခဲ့ပါတယ်။

    ယခုလို ကာယအား၊ ဥာဏအား၊ ဓနအားတို့ဖြင့် ကူညီစောင့်ရှောက်သူများ၏ အမှန်တကယ်လိုအပ်နေသူများအား ကူညီစောင့်ရှောက်မှုများကို အလ္လာဟ်အရှင် လက်ခံသဘောတူပြီး ကောင်းမွန်သော အစားချီးမြှင့်တော်မူပါစေ။ (အာမီးန်)

    အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို နေ့ညဥ့်မရွေး (အခါခပ်သိမ်း) လျှို့ဝှက်စွာဖြင့် (တမျိုး) ထင်ရှားစွာဖြင့် (တဖုံ) လှူဒါန်းသုံးစွဲကြကုန်၏။ သို့ဖြစ်လျှင် ယင်းသူတို့၏ ကုသိုလ်အကျိုးသည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်၌ (အသင့်) ရှိပေသည်။ ထို့ပြင်တဝ ယင်းသူတို့အပေါ်ဝယ် မည်သည့်စိုးရိမ်ကြောင့်ကြခြင်းလည်းမရှိ၊ ယင်းသူတို့သည် ဝမ်းနည်း ပူဆွေးကြမည်လည်းမဟုတ်ပေ။ ကုရ်အာန် (၂း ၁၇၇)

  • ကျောက်ဆည်နယ် ဆူးလေကုန်းရွာတွင် လမင်းကြယ်စင် အခမဲ့ဆေးခန်းဖွင့်မည်။

    ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာတွင် လူမျိုးမရွေးဘာသာမရွေး အခမဲ့ကုသပေးမည့် အခြေခံ ကျန်းမားရေးစောင့်ရှောက်မှုဆေးခန်ကို မကြာမှီဖွင့်လှစ်မည့်ဖြစ်ကြောင်း သိရသည်။

    ဆူးလေကုန်းကျေးရွာမှာ အိမ်ခြေ ၃၄၀၀ကျော်ရှိသည့်ရွာကြီးဖြစ်ရာ ကျေးလက်လူထုကျန်းမာရေးစောင့်ရှောက်မှု ၀န်းကျင်ကျေးရွာများတွင်
    နေထိုင်သူများ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အဓိက တာဝန်ယူဆောင်ရွက်ရန် အခမဲ့ဆေးခန်ကို ဆူးလေကုန်းကျေးရွာနေ စေတနာရှင်များ လှူဒါန်းမှုငွေဖြင့်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

    ဆေးခန်းကို ကျေးရွာအိမ်ထောင်စုများမှာ တစ်ဦးချင်းထည့်ဝင်ငွေ ၅၀၀ မှ ၃၀၀၀ ဖြင့် ဆေးခန်းတခုအတွက်လုံလောက်သောငွေကို အလှူခံရာ အဆိုပါငွေဖြင့် ကျန်းမားရေးအခမဲ့စောင့်ရှောက်မှုကို စေတနာရှင်ဆရာဝန်များကောင်းမှုဖြင့် စတင်မည်ဖြစ်သည်။ယခုအခါဆေးခန်းဖြစ်မြောက်ရေးအတွက် အကျိုးတော်ဆောင်အဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ များ ဖွဲ့စည်းတာဝန်ယူအကောင်အထည်ဖော်လျက်ရှိရာ မန်းလေးမြို့ အမရပူရမြို့နယ် လူမူကူညီရေးအဖွဲ့ ရှစ်ဖွဲ့တို့မှ ၀ိုင်းဝန်ကူညီမည်ဖြစ်သည်။ဆေးခန်းအတွက် လှူဒါန်းပါဝင်လိုပါက ဦးညီညီကျော် ဖုန်း ၀၉ ၉၁၀၁၈၇၅၃ နှင့် ဒေါက်တာ ရာဇာဝင်း ဖုန်း ၀၉ ၂၀၅၇၁၆၃ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရပါသည်။

    မိုးကြီး
    Credit to မြန်မာပိုစ့် ဂျာနယ်