News @ M-Media
Category: ကမ္ဘာ့ နိုင်ငံများနှင့် ကိုးကွယ်ရာ ဘာသာ
  • အင်ဒိုနီးရှား နှင့် အစ္စလာမ် သာသနာ
    ဇူလိုင်-၂၃၊ ၂၀၁၃
    M-Media
    ဂျူလိုင်ရဲရင့် စုစည်းတင်ဆက်သည်။
    flag
    အင်ဒိုနီးရှားနိုင်ငံ၏ အဓိကသာသနာမှာ အစ္စလာမ် ဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံများအနက် မွတ်စ်လင်မ်လူဦးရေ အများပြားဆုံး နိုင်ငံတစ်ခုဖြစ်သည်။ ၂၀၀၉ ခုနှစ် မှတ်တမ်းအရ နိုင်ငံ၏ စုစုပေါင်း လူဦးရေ ပမာဏ ၂၀၂.၉ သန်း၌ မွတ်စ်လင်မ်တို့သည် ၈၈.၂ % ရှိသည်။
    အများစုမှာ  ရှာဖိအီ မည်သောလမ်းကြောင်းလိုက်နာသူ စွန္နီမွတ်စ်လင်မ်များ ဖြစ်ကြသည်။ မွတ်စ်လင်မ်အသိုက်အ၀န်းအတွင်း အကြမ်းအားဖြင့် အုပ်စုနှစ်မျိုး ခွဲခြားတွေ့ ရှိနိုင်သည်။ ရှေးရိုး အယူအဆကို လက်ကိုင်ပြုလျက် ခေတ်ပညာကိုလည်း လက်ခံကြသူ “ ခေတ်သစ်ဝါဒီ ” များ (နှင့်) ဒေသခံ ဘာသာရေးခေါင်းဆောင်တို့၏ ဖွင့်ဆိုချက်နောက်ကိုသာ လိုက်နာလိုသော ” မိရိုးဖလာဝါဒီ ” များ ဖြစ်၏။ ဒုတိယအမျိုးအစားကို ဂျာဗား၌ အများဆုံး တွေ့ရသည်။
    သမိုင်းကြောင်း ( ၁၂၀၀ မှ ၁၆၀၀ ခုနှစ် )
    800px-Great_Mosque_Medan_Indonesia  အင်ဒိုနီးရှားသို့ အာရေဗျမှ မွတ်စ်လင်မ်ကုန်သည်များသည် ၈ ရာစု၏အလျင်ကတည်းက ရောက်ခဲ့သည့် အထောက်အထားရှိနေသည်။ အင်ဒိုနီးရှား၏ မူလဘူတနေထိုင်သူတို့သည် သက်မဲ့/သဘာဝကိုးကွယ်မှုဝါဒ၊ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ ၁၃ ရာစုအကုန်တွင်မူ အစ္စလာမ်သာသနာ ပြန့်ပွားလာခဲ့သည်။
    ကနဦးပိုင်း၌ အာရဗ်မွတ်စ်လင်မ်ကုန်သည်တို့မှတဆင့် အစ္စလာမ်ကို သိရှိခဲ့သည်။ နောက်ပိုင်းတွင် ဒေသခံအုပ်ချုပ်သူများ၊ ဘုရင်များမှ အစ္စလာမ် သာသနာကို ကူးပြောင်း လက်ခံလိုက်သော အခါ အင်ဒိုနီးရှားလူထုများစွာလည်း မွတ်စ်လင်မ်ဖြစ်လာခဲ့ကြသည်။ မွတ်စ်လင်မ်ကုန်သည်များနှင့် ဒေသခံတို့၏အိမ်ထောင်ထူမှုအားဖြင့်လည်းကောင်း၊ ကြွယ်ဝချမ်းသာသော ကုန်သည်အချို့သည် မင်းမျိုးမင်းနွယ် မိသားစုဝင်ဖြစ်သွားခြင်းဖြင့် လည်းကောင်း အစ္စလာမ် ပြန့်ပွားမှု မပြတ်ဖြစ်လာခဲ့သည်။
    အစ္စလာမ်သာသနာ ပြန့်ပွားပုံ
    အင်ဒိုနီးရှားကျွန်းစုပြင်ပနှင့်ကုန်သွယ်ကူးသန်းမှု တိုးတက်လာသည်နှင့်အမျှ ကုန်သည်များနှင့် နယ်မြေခံမင်းစိုးရာဇာများမှတဆင့် အစ္စလာမ်သာသနာ အခြေတည်ပြန့်ပွား ခဲ့သည်ဟု ယေဘူယျအားဖြင့် ဆိုနိုင်ပေသည်။ ထိုစဉ်က အင်ဒိုနီးရှားပိုင်နက်သည် ဂျာဗားအလယ်ပိုင်းရှိ Mataram ၊  Maluku ကျွန်းစုများရှိ Ternate နှင့် Tidore စော်ဘွား နယ်များမှသည် အရှေ့ဖျား အထိ ကျယ်ပြန့်သည်။ ၁၃ ရာစုအကုန်တွင် အစ္စလာမ်သည် ဆုမတြားမြောက်ပိုင်း၌လည်းကောင်း၊ ၁၄ ရာစုတွင် Malaya အနောက်မြောက်ပိုင်းနှင့် ဘရူနိုင်း၌ လည်းကောင်း၊  ၄င်းပြင် ဖိလစ်ပိုင် အနောက်တောင်ဖက်နှင့် အရှေ့ဂျာဗားတစ်ခွင်၌ လည်းကောင်း၊ ၁၅ ရာစုတွင် Malacca နှင့် မလေး ကျွန်းဆွယ်ဒေသများ၌လည်းကောင်း အခြေခိုင်ခဲ့ပြီးဖြစ်သည်။
    အစ္စလာမ်သာသနာအား နှစ်သက်လက်ခံသူများပြားလာသည်၌ ၁၆ ရာစုအကုန်တွင် ဂျာဗားနှင့်ဆုမတြားပေါ် လွှမ်းမိုးလျက်ရှိသော ဟိန္ဒူနှင့်ဗုဒ္ဓ၀ါဒများ နေရာဖယ်ပေးလိုက်ရသည်။ ၁၇Banda_Aceh's_Grand_Mosque,_Indonesia ရာစု နှင့် ၁၈ ရာစုနှစ်များအတွင်း အစ္စလာမ် နှင့် ခရစ်ယာန်သာသနာ ပြန့်ပွားမှုအရှိန်အဟုန် အားကောင်းလာသည့်တိုင် ဟိန္ဒူအများစုမှာ ဘာလီ၌ လည်းကောင်း၊ သဘာဝ/သက်မဲ့ကိုးကွယ်မှုမှာ အရှေ့ဖျားကျွန်းစုများ၌လည်းကောင်း စွဲမြဲကျန်ရစ်နေသေး၏။ ဤကာလတစ်လျှောက် ဟိန္ဒူ-ဗုဒ္ဓအယူအဆကြီး စိုးနေသော ယဉ်ကျေးမှုမှာ အစ္စလာမ့် ယဉ်ကျေးမှုအောက်၌ မှေးမှိန်သွားခဲ့သည်။
    အင်ဒိုနီးရှားသို့ အစ္စလာမ်ရောက်ရှိခြင်းသည် ဒေသတွင်း အလွန်ထင်ရှားသောတိုးတက်မှုဖြစ်လာကြောင်း သမိုင်းများက ဆိုသည်။ အင်ဒိုနီးရှား လူမျိုးတို့ အစုလိုက်အပြုံလိုက် အစ္စလာမ် လက်ခံရသည့် အကြောင်းရင်းကောက်ချက်မှာကား ပညာရှင်တို့၏အမြင်များ ကွဲပြားလျက် ရှိနေသည်။ ဤပြောင်းလဲမှုဖြစ်စဉ် အစောပိုင်းကာလသမိုင်းကို မူလရင်းမြစ် အထောက်အထားများဖြစ်သည့် ကျောက်စာများ၊ ကုန်သည်အချို့၏ မှတ်တမ်းများတွင် တွေ့ရသော်လည်း အချို့သော အချိန်ကာလ နှင့် နေရာဒေသရှိ ဒေသခံ မွတ်စ်လင်မ်များ အကြောင်းကိုသာ ဖော်ပြထားသည်။
    ဤသာသနာသည် လူနေမှုပုံဟန်များ နှင့် လူ့အဖွဲ့အစည်းများအတွင်း မည်သို့မည်ပုံ နက်ရှိုင်းစွာစိမ့်ဝင်သွားကြောင်းကိုမူ ယင်းအထောက်အထားတို့က ရှင်းလင်းအောင် မဖော်ပြနိုင်ကြချေ။ ဥပမာ – အုပ်ချုပ်သူတစ်ဦးသည် မွတ်စ်လင်မ်ဖြစ်ယုံမျှနှင့် အင်ဒိုနီးရှားတို့ အားလုံး မွတ်စ်လင်မ်ဖြစ်သွားရခြင်းဟု ယူဆ၍ မရပါ။ ထိုအချက်က ယနေ့တိုင်အောင် ပဟေဠိသဖွယ် ဖြစ်နေ ရသည်။ ကျွန်းဆွယ်၏အနောက်ပိုင်း တွင် အစ္စလာမ် စတင်ပျံ့နှံ့သည်ဟု ထင်ရှားသော်ငြား ၊   ၄င်းနှင့် ကပ်လျက်ရှိသောဒေသများ၌ ကူးပြောင်းသက်ဝင်လာမှုမှာ ဒီရေလှိုင်းလုံးသဖွယ် မဟုတ်ခဲ့ဘဲ ဖြေးဖြေးချင်းသာ ဖြစ်လာခဲ့ကြောင်း ကောက်သင်းကောက် အထောက်အထားများက ဖော်ပြနေသည်။
    ၁၅ ရာစုနှောင်းပိုင်းတွင် ဂျာဗားမှ သြဇာကြီးလှသည့် Majapahit အင်ပါယာ ပြိုလဲသွားသည်။ ဂျာဗားရှိ ဟိန္ဒူတို့၏နောက်ဆုံးပိုင်နက်သည် အကြိမ်ကြိမ် စစ်ရှုံးပြီးသည့်နောက် ဒိန်းမတ်လက်အောက်ခံ ဖြစ်သွားခဲ့သည်။ ထို့နောက်မှာမှ အစ္စလာမ်စော်ဘွားတို့၏ သြဇာကြီးမားလာကြသည်။ ဂျာဗား၌  Wali Songo ဟုခေါ်ဆိုကြသော သူတော်စင်ကြီးကိုးပါး၏ အရှိန်အ၀ါကြောင့် အစ္စလာမ်သာသနာ စတင်ပြန့်ပွားခဲ့ခြင်း ဖြစ်သည်။
    ဥရောပသားတို့၏ကိုလိုနီနယ် ဖြစ်ခဲ့မှု
    COLLECTIE_TROPENMUSEUM_Moskee_Indonesië_TMnr_10016740ဒတ်ခ်ျ တို့သည် ဒေသတွင်းကုန်သွယ်ရေးနှင့်သယံဇာတအားလက်ဝါးကြီးအုပ်ရန် ၄င်းတို့၏ စီးပွားအကျိုးအရ ကျူးကျော်နယ်ချဲ့ခဲ့ကြသည်။ အင်ဒိုနီးရှားကျွန်းဆွယ်မှ Maluku ကျွန်းများမှာ ဟင်းခတ် အမွှေးအကြိုင်၏ ကျွန်းများအဖြစ် ကျော်ကြားခဲ့သည်။ ၄င်းဒေသထွက် ဇာဒိပ္ဖိုလ်သီး၊ ငရုတ်ကောင်း၊ လေးညှင်းပွင့် အပါအ၀င် ဟင်းခတ်အမွှေးအကြိုင်တို့မှာ အလွန်ဈေးကောင်းကြသည်။ အခြား ရေပန်းစားသည့် ကုန်စည်များမှာ စန္ဒကူးနံ့သာပင်၊ ရာဘာ နှင့် ကျွန်းသစ်များ ဖြစ်သည်။
    အင်ဒိုနီးရှားအားကျူးကျော် ၀င်ရောက်မှုက ဒေသတွင်းရှိ ဗဟိုကုန်သွယ်ရေးဆိပ်ကမ်းများကို လက်ဝါးကြီး အုပ်နိုင်ခဲ့သော်လည်း၊ ဒေသခံ မွတ်စ်လင်မ် ကုန်သည်တို့သည် အခြားကုန်သွယ် ဆိပ်ကမ်းငယ်များ ဖန်တီးလိုက်ကြရာမှ ယင်းဒေသ တစ်ခွင် အစ္စလာမ်ပြန့်ပွားမှု ပိုပြီး အားကောင်းသွားလေသည်။
    ၂၀ ရာစုအ၀င်သို့ရောက်သော် အစ္စလာမ်သည် ကိုလိုနီဝါဒဆန့်ကျင်တိုက်ထုတ်သော တံခွန်တိုင်ကြီး ဖြစ်လာခဲ့သည်။ အစ္စလာမ့်ပညာရှင် မုဟမ္မဒ် အဗ်ဒူးဟ်မှ သာသနာ၏မူလကျမ်းဂန်ဖက်သို့ ပြန်လှည့်ရန် လှုပ်ရှားမှုတစ်ရပ် စတင်ခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ သာသနာ့ပညာနှင့်ခေတ်ပညာရေး ပေါင်းစပ်ကျောင်းများထူထောင်ဖြင်းဖြစ်ပြီး၊ အမျိုးသမီးများအတွက် အမျိုးသမီးပညာရှင်တို့ကို မွေးထုတ်ပေးခဲ့သည်။ ပြုပြင်ပြောင်းလဲရေးသမား တို့၏ လှုပ်ရှားဆောင်ရွက်ချက်များ နှင့် အတိုက်အခံတို့၏တုန့်ပြန်မှုများကြောင့် အင်ဒိုနီးရှားပြည်သူတို့သည် သီးခြားစီ ဖြစ်နေရာမှ စုစည်းကျစ်လစ်မှု ရရှိလာကြသည်။
    အစောပိုင်းကာလလှုပ်ရှားမှုတွင် Minangkabau ပညာရှင်တို့သည် အဓိကအခန်းကဏ္ဍ၌ ပါဝင်ခဲ့ကြသည်။ ၁၉၀၆ ခုနှစ်တွင် စင်္ကာပူ၌ သွာဟိရ် ဗင်န် ဂျလာလုဒ္ဒီးန်မှ အလ် အီမာန် အမည်ရှိ မလေးသတင်းစာ ထုတ်ဝေသည်။ ငါးနှစ်ကြာပြီးသော် Padang ၌ အလ်မုနီးရ် သတင်းစာ ထွက်ရှိလာပြန်သည်။ ၂၀ ရာစုအစပိုင်းတွင် ခေတ်သစ်ဝါဒီမွတ်စ်လင်မ်ကျောင်းများမှာ အနောက်ဆုမတြား၌ အဒါဗီယဟ် (၁၉၀၉ ခုနှစ်)၊ ဒီနီယဟ် ပူထရီ (၁၉၁၁ ခုနှစ်) အစရှိသဖြင့် အလျှိုလျှို ပေါ်ပေါက်လာကြသည်။ နောင်သော် NU  နှင့် Muhammadiyah တို့ ထွက်ရှိလာခြင်းနှင့်အတူ အစ္စလာမ့်လှုပ်ရှားမှုမှာ ပိုပြီး အရှိန်အဟုန် မြင့်တက်သွားခဲ့သည်။
    လွတ်လပ်ရေးရပြီးခေတ်
    Bojonegoro_mosque
    အရှေ့ဂျာဗားမှ ဗလီတလုံး
    ၁၉၄၅ ခုနှစ် အင်ဒိုနီးရှားမှ လွတ်လပ်ရေးကြေငြာသောအခါတွင်  အင်ဒိုနီးရှားသည် ကမ္ဘာ့ဒုတိယမြောက် မွတ်စ်လင်မ်အများစုရှိသည့် နိုင်ငံ ဖြစ်လာသည်။ ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်ခွဲထွက်လိုက်သည့်အခါတွင် ကမ္ဘာ့မွတ်စ်လင်မ်လူဦးရေအများဆုံးနိုင်ငံ အဖြစ် ထင်ရှားသွားသည်။ ယနေ့သော် အင်ဒိုနီးရှား၏ လူဦးရေ ၂၃၅ သန်းအနက် ၈၈ % မှာ မွတ်စ်လင်မ်များ ဖြစ်ကြသည်။ လက်ရှိကာလတွင် ရှေးရိုးအစ္စလာမ့်လမ်းကြောင်းတစ်ရပ်ဖက် ပြန်ယိမ်းလာသည်။
    လွတ်လပ်ရေးရပြီးသောအခါ အစ္စလာမ့်အခန်းကဏ္ဍသည် နိုင်ငံရေးလောကအတွင်း အငြင်းပွားဖွယ်ပြဿနာများရှိလာကြသည်။ သို့ဖြင့် အစ္စလာမ့်ဥပဒေ အစား နိုင်ငံရေးမူဝါဒ ဥပဒေကို ကျင့်သုံးလိုက်ကြသည်။
    သမ္မတ ဆူဟာတို လက်ထက်နှစ်များ၌ မွတ်စ်လင်မ်တို့အကြား ယုံကြည်ချက်ပြင်းထန်မှု ရှိခဲ့သည်။ ဆူဟာတို၏စီစဉ်မှုဖြင့် အစ္စလာမ်ပါတီအားလုံးကို စုစည်း၍ အစိုးရမှကွပ်ကဲသည့် တစ်ခုတည်းသော ပါတီ (Party for Unity and Development or PPP) အဖြစ်သို့ပြောင်းလဲစေလိုက်သည်။ ၁၉၉၈ ခုနှစ်တွင် ဆူဟာတို နှုတ်ထွက်လိုက်ရခြင်းနှင့်အတူ သာသနာရေးနှင့်လူထုရေးရာ အကျင့်ပျက်ခြစားမှုများကို နှိမ်နှင်းခဲ့ကြသည်။
    လက်ရှိအခြေအနေတွင် မွတ်စ်လင်မ်တို့သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံလွှတ်တော်အမတ်များ ဖြစ်နိုင်ကြလေပြီ။ သို့ရာတွင် ဆူဟာတိုလက်ထက် အင်ဒိုနီးရှားမှ နယ်နှယ်ခံရပြီး တစ်ကျော့ပြန်ဝင်ခြေကုပ်ယူခဲ့သည့် အစွန်းရောက်ခေါင်းဆောင် Abu Bakar Bashir ကို ဥပမာပေးလျက် – ယင်းသို့ အနေအထားက Laskar Jihad နှင့် Jemaah Islamiyah ကဲ့သို့သော အစွန်းရောက်အုပ်စုများ ထွက်ပေါ်လာစေခဲ့သည်ဟု ဝေဖန်သူအချို့က ဆိုကြသည်။
    လူဦးရေကဏ္ဍ
    ————-
    ဂျာဗား၊ ဆုမတြား၊ Nusa Tenggara အနောက်ပိုင်း၊ Sulawesi၊ Kalimantan ၏ကမ်းရိုးတန်း၊ Maluku မြောက်ပိုင်းမှ ဒေသတို့တွင် မွတ်စ်လင်မ် အများစု နေထိုင်ကြသည်။ ပါပူးဝါး၊ ဘာလီ၊  Nusa Tenggara အရှေ့ပိုင်း၊ ဆုမတြားမြောက်ဖျား၊  Kalimantan ၏ကုန်းတွင်းပိုင်း နှင့် Sulawesi မြောက်ဖက်တွင်မူ မွတ်စ်လင်မ်ဦးရေ နည်းပါးသည်။ မွတ်စ်လင်မ်အများစုမဟုတ်သည့် ဤဒေသများသည် ဆူဟာတိုအစိုးရမှ ကမကထပြုသော တစ်အုံတစ်ကျင်းပြောင်းရွှေ့မှုမတိုင်မီကပင် အင်ဒိုနီးရှားလူဦးရေ သုံးပုံနှစ်ပုံမက ရှိနေခဲ့သည်။ လက်ရှိအချိန်တွင်လည်း မိမိသဘောဖြင့် ရွှေ့ပြောင်းအခြေချလာသူများ ရှိဆဲပင်။
    နိုင်ငံတွင်းရွှေ့ပြောင်းအခြေချမှုက နိုင်ငံ့လူဦးရေကို လွန်ခဲ့သည့်နှစ်သုံးဆယ်ကထက် အပြောင်းအလဲဖြစ်သွားစေသည်။ နိုင်ငံအရှေ့ပိုင်းမှာ ကနဦးပိုင်း၌ ခရစ်ယာန်များ လွှမ်းမိုးခဲ့သော်လည်း ထိုအချက်ကြောင့် မွတ်စ်လင်မ်လူဦးရေ ရာခိုင်နှုန်း တိုးပွားလာခဲ့သည်။ ၁၉၉၀ ခုနှစ်အစောပိုင်းကာလများမှစ၍ Maluku ကျွန်းများတွင် ခရစ်ယာန်တို့မှာ လူနည်းစု စာရင်းဝင်သွားရသည်။  Java နှင့် Madura ဒေသများတွင် လူဦးရေအဆမတန်ကြီးထွားလာမှုကိုလျှော့ချရေးအတွက် အစိုးရမှ နိုင်ငံတွင်းရွှေ့ပြောင်းအခြေချနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်ဒေသများအတွင်း မွတ်စ်လင်မ်အများစုဖြစ်လာစေရန် ရည်ရွယ်ထားခြင်း မရှိခဲ့ချေ။ မွတ်စ်လင်မ်တို့မှ မိမိသဘောဆန္ဒအလျောက် ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။ ယင်းမူဝါဒ၏အကျိုးဆက်က Maluku ၊  Sulawesi အလယ်ပိုင်းနှင့် ပါပူးဝါး တို့၌ စီးပွားရေးနှင့်နိုင်ငံရေး တွင် ဂယက်ရိုက်ခတ်သွားစေခဲ့သည်။
    အသင်းအပင်းအဖွဲ့အစည်းများ
    800px-MuseumSumpahPemuda-17-Jong_Islamieten_Bondခေတ်မီဝါဒီများကို ဦးဆောင်သည့် အမျိုးသားအဖွဲ့မှာ Muhammadiyah ဖြစ်သည်။ နိုင်ငံအ၀ှန်း ဌာနခွဲများ ဖွင့်လှစ်ထားပြီး နောက်လိုက် သန်း ၃၀ ခန့်ရှိသည်။ ၁၉၁၂ ခုနှစ်မှ စတင်တည်ထောင်သော Muhammadiyah သည် ဗလီဝတ်ကျောင်းများ၊ ဆေးခန်းများ၊ မိဘမဲ့ကလေးများဂေဟာ၊ သူဆင်းရဲစောင့်ရှောက်ရေး ဌာန၊ ကျောင်းများ၊ လူထုစာကြည့်တိုက်များ၊ တက္ကသိုလ်များကို တည်ထောင်ပြုလုပ်ခဲ့ကြသည်။ နောင်တွင် Muhammadiyah ၏ ဗဟိုဦးစီးအဖွဲ့နှင့် ဌာနေခေါင်းဆောင်များက Muhammadiyah ၏ ဥက္ကဌသည် သမ္မတရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သဘောတူထောက်ခံရာမှ အဖွဲ့အစည်းအတွင်း နိုင်ငံအား သန်သူတို့ ဖောက်ထွင်း ၀င်ရောက်လာပြီး အဖွဲ့ဝင်များအကြား ကွဲလွဲမှုများ စတင်ဖြစ်ပေါ်ခဲ့သည်။ ၄င်းတို့၏ ဌာနချုပ်မှာ ဂျကာတာ၌ တည်ရှိပြီး နိုင်ငံ၏ ဒုတိယမြောက် အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သည်။
    ရှေးရိုးစွဲဝါဒီလူမှုအဖွဲ့အစည်းများအနက် အကြီးမားဆုံးဖြစ်သည့် Nahdlatul Ulama (NU) သည်လည်း ဖော်ပြပါအဖွဲ့အစည်း၏ဆောင်ရွက်မှုများစွာကို ဦးတည်ဆောင်ရွက်ခဲ့ပြီး ၊ သာသနာ့နှစ်ရှည် စာသင်ကျောင်း အများစုကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်။ နောက်လိုက်မှာ ခန့်မှန်းခြေ သန်း ၄၀ ခန့်ရှိ၍ နိုင်ငံ၏ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်သည့်အပြင် ကမ္ဘာ့အကြီးဆုံးအစ္စလာမ့်အုပ်စုဟုပင် ဆိုနိုင်ဖွယ် ဖြစ်သည်။ NU သည်လည်း နိုင်ငံအတွင်း ကျယ်ပြန့်စွာရှိသော်လည်း ဂျာဗား၌ အဓိကခြေကုပ်ယူထားသည်။ NU နောက်လိုက်သားတို့ထံ ဂျာဗားဒေသခံယဉ်ကျေးမှု အမြောက်အများ စိမ့်ဝင်လာရာ အစ္စလာမ့်ပြဌာန်းမှုလမ်းကြောင်းမှ သွေဖည်လုနီးနီး အခြေအနေရောက်ခဲ့သည်။ NU နောက်လိုက်များစွာတို့သည် NU ၏ ကနဦး ၀ါရင့် သာသနာ့ခေါင်းဆောင်များ – Kyais သို့မဟုတ်  Ulama (အုလမာ) တို့၏ အမြင်၊ လမ်းညွှန်မှု နှင့် ဖွင့်ဆိုချက်များနှင့် ဆန့်ကျင်ဖက်ဖြစ်လာကြပြီး သာသနာရေးရာမြှင့်တင်ပြောင်းလဲမှုများ၊ သမမျှတစွာ အတူယှဉ်တွဲနေထိုင်မှုများဖက်သို့ တွန်းအားပေးလျက် ရှိကြသည်။
    အစ္စလာမ့်ရေးရာအတွေးအခေါ်လမ်းကြောင်း မတူညီကြသော အဖွဲ့အစည်းငယ်များလည်း ရှိနေကြသည်။ ၄င်းတို့အနက် Islam Liberal Network (JIL) အဖွဲ့သည် အစ္စလာမ့်ဒဿနအား အမြင်ကျယ်စွာဖွင့်ဆိုရေးနှင့်အသုံးချနိုင်ရေးဖက်သို့ဦးတည်သည်။ ဤအဖွဲ့အစည်းနှင့် ဆန့်ကျင်ဖက်မှာ Hizbut Tahrir Indonesia (HTI) ဖြစ်သည်။ ၄င်းက The Indonesian Mujahedeen Council (MMI) ဖွဲ့၍ နိုင်ငံဥပဒေအား ရှရီအဟ်တရားတော်နှင့်အစားထိုးရန်၊ အစ္စလာမ်နိုင်ငံအား ခလီဖဟ်စံနစ်ဖြင့်အုပ်ချုပ်ရန် တိုက်တွန်းသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အခြား အဖွဲ့အစည်းငယ်အများအပြားလည်း ဖြစ်ပေါ်လာသည်။ အခြားတစ်ဖက်တွင် The Indonesian Islamic Propagation Institute (LDII) ဟူသော အဖွဲ့ငယ်သည်လည်း တဖြည်းဖြည်း ကြီးထွားလျက်ရှိသည်။
    စွန္နီမွတ်စ်လင်မ်အတွေးခေါ်လမ်းကြောင်းမှ သီးသန့်ခွဲထွက်လာသော အဟ်မဒီယာ တို့မှာ လူနည်းစုလေးသာဖြစ်သော်လည်း နိုင်ငံအတွင်း ဌာနခွဲပေါင်း ၂၄၂ ခုထိ ရှိသည်။ ၁၉၈၀ ခုနှစ်တွင် အင်ဒိုနီးရှားသာသနာ့ပညာရှင်များကောင်စီ – The Indonesian Council of Ulamas (MUI) မှ ဤအုပ်စုဝင် အဟ်မဒီများသည် အစ္စလာမ်၏တရားဝင်သဏ္ဍာန် မဆောင်ကြောင်း ဓမ္မသတ်ထုတ်ပြန် ကြေငြာခဲ့သည်။
    လူ့အဖွဲ့အစည်းပုံဟန်
    COLLECTIE_TROPENMUSEUM_Een_Koranschool_op_Java_TMnr_10002385
    ဒတ်ခ်ျတို့ လက်အောက်ကျရောက်စဉ် ခေတ်က အင်ဒိုနီးရှားကလေးငယ်များ ကုရ်အာန်ကျမ်းစာ သင်ကြားနေစဉ်
    အင်ဒိုနီးရှားနိုင်ငံ၏ ရှုပ်ထွေးသော သမိုင်းကြောင်းရိုက်ခတ်မှုက နိုင်ငံအနှံ့အပြားတွင် တွေ့ရသည့် အစ္စလာမ့် အနက်သဘောနှင့်ကျင့်သုံးပုံများမှာ အရှေ့အလယ်ပိုင်း ကျင့်သုံးပုံများလောက် တင်းကြပ်မှု မရှိဘဲ သိသိသာသာခြားနားမှု ရှိနေစေသည်။ ကုန်သည် အသီးသီးတို့၏ တဖြည်းဖြည်း မိတ်ဆက်ပေးမှုကြောင့်လည်းကောင်း၊ အိန္ဒိယမှ တရားအားထုတ်သူအာဂန္တုများကြောင့်လည်းကောင်း ဆုမတြား၏ ကမ်းရိုးတန်းဒေသများ၊ ဂျာဗားမြောက်ပိုင်း နှင့် ကလီမန်တန်တို့တွင် ၁၂ ရာစုနှင့် ၁၅ ရာစုအကြား အစ္စလာမ် စတင်အခြေခိုင်ခဲ့သည်။ ထိုဒေသများသို့ အစ္စလာမ်ဝင်ရောက်သည့် အစစ်အမှန်ပုံဟန်မှာ အဇ္ဈတ္တသန့်စင်ရေးတရားကျင့်ကြံသူ (ဆွူဖီ)များ၏ လမ်းစဉ်ဖြစ်သည်။
    ယင်းဆွူဖီဝါဒကို ဒေသခံများက လွယ်ကူစွာလက်ခံခဲ့ပြီးနောက် ဒေသထုံးတမ်းနှင့် ပေါင်းစပ်သွားခဲ့သည်။   ကျွန်းစုဒေသများထံ အစ္စလာမ်ချဉ်းနင်းဝင်ရောက်မှုမှာ တစ်ပုံစံတည်းတော့ မဟုတ်ပေ။ ၁၆ ရာစုတွင် ဟိန္ဒူ-ဗုဒ္ဓဘာသာဝင်များရှိရာ အရှေ့ဂျာဗားသို့ အစ္စလာမ့်သြဇာလွှမ်းမိုးလာသောအခါ ဂျာဗားမှ မြို့မျက်နှာဖုံးတို့သည် ၄င်းတို့၏ မူလဘူတ ဟိန္ဒူဝါဒ ရှင်သန်ဆဲဖြစ်သည့် ဘာလီသို့ ထွက်သွားခဲ့ကြသည်။ ၄င်း၌ ဟိန္ဒူဘာသာဝင် ၂.၅ သန်းရှိခဲ့သည်။ ဆုမတြားကမ်းရိုးတန်းဒေသများနှင့်မတူ  တမူထူးခြားစွာဖြင့် ဂျာဗားအတွင်းပိုင်းရှိ ဟိန္ဒူ-ဗုဒ္ဓဘာသာဝင် မင်းမျိုးမင်းနွယ်တို့သည် စီးပွားရေးနှင့်နိုင်ငံရေးအင်အားထိပ်တိုက်တိုးကြရာမှ အစ္စလာမ်ကို တဖြည်းဖြည်းချင်း လက်ခံလာကြပြီးနောက် မိမိတို့၏ တရားဝင်ဘာသာတရားနှင့်နာမ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအဖြစ် ပုံဖော်ခဲ့ကြပေသည်။
    220px-Masjid_Jami_Koto_Marapak
    ဘူကစ်တင်ဂီရှိ ရိုးရာ ဗိသုကာ ဒီဇိုင်းဖြင့် ဆောက်လုပ်ထားသော ဗလီဝတ်ကျောင်းတော်
    ဤသမိုင်းဖြစ်စဉ်များအားဖြင့် မိရိုးဖလာမွတ်စ်လင်မ်များ နှင့် လမ်းကြောင်းမမှန်သည့်မွတ်စ်လင်မ်များအကြား တင်းမာမှုကို ၁၉၉၀ နှစ်များအစောပိုင်းကာလအထိ တွေ့ကြရသည်။ အချို့မွတ်စလင်မ်အုပ်စုများ၌ ဟိန္ဒူ-ဗုဒ္ဓ နှင့် ရိုးရာကိုးကွယ်မှုအယူများ ရောထွေးပါဝင်နေခြင်းများ ရှိနေခဲ့ကြသည်။ ၁၉၇၃ ခုနှစ် သမ္မတဆူဟာတိုလက်ထက်တွင် မွတ်စ်လင်မ်တို့အဖို့ တစ်ဆူရှင်ဝါဒကိုသာ လက်ခံရန်ပြဌာန်းခဲ့ပြီး သူကိုယ်တိုင်လည်း တစ်ဆူရှင်ကိုးကွယ်မှုဝါဒီအဖြစ် ခံယူခဲ့သည်။ ထိုအခါ တစ်ဆူရှင်ဝါဒမှ သိသိသာသာကွဲထွက်နေသော kebatinan အုပ်စုသည် မိမိတို့၏ သီးသန့်ဘာသာတရားတစ်ခုအဖြစ်သတ်မှတ်၍ နိုင်ငံတော်အသိအမှတ်ပြု ဘာသာတရား ( ၆ ခုအနက် ) တစ်ခုအပါအ၀င် ထည့်သွင်းရန် တောင်းဆိုခဲ့သည်။ ၄င်း The Kebatinan သို့မဟုတ် Kepercayaan အယူ၌ တမန်တော်၊ ကျမ်းဂန်၊ သာသနာ့ကျင့်ဝတ်နှင့်ပွဲတော်များ ဟူ၍ မရှိ၊ မိမိတို့တစ်ဦးချင်းစီက ဖန်ဆင်းရှင်နှင့် အတွင်းပိုင်းဆက်သွယ်မှုရှိနေသည် ( ထို့ကြောင့် ထိုအရာများမလို ) ဟု ခံယူကြသည်။ ရံဖန်ရံခါ ၀ိညာဉ်များ၊ နတ်ဘုရားများပူဇော်ပွဲကိုလည်း ကျင်းပလေ့ရှိကြသည်။
    ရှေးရိုးစွဲမွတ်စ်လင်မ် နှင့် ခေတ်သစ်မွတ်စ်လင်မ်တို့အကြားတွင်လည်း ကွဲလွဲသည့်အမြင် ရှိနေပြန်၏။ ယင်းအမြင်နှစ်ရပ်အားပြိုင်မှုကို ၁၉၉၀ နှစ်များအစောပိုင်း၌ တရားဝင် ယှဉ်ပြိုင်ဆွေးနွေးကြသော်လည်း ၊ ရှေးရိုးစွဲမွတ်စ်လင်မ်တို့ဖက်မှ ခေတ်သစ်မွတ်စ်လင်မ်တို့အား အနောက်တိုင်း၏ ပညာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ အမွေခံများဟု ဆို၍သာ ငြင်းဆိုလျက် ရှိခဲ့သည်။ ခေတ်ကဏ္ဍရေးရာများကိုပါ ထည့်သွင်း သင်ကြားသည့် တိုးမြှင့်မွမ်းမံရေး စာသင်ကျောင်းများဖြစ်အောင် ခေတ်သစ် မွတ်စ်လင်မ်တို့၏ အားပေးမှုအပေါ် ရှေးရိုးစွဲ ၀ါဒီများက သံသယရှိနေသည်။ ၄င်းတို့က မွတ်စ်လင်မ်မှန်သမျှ ၄င်းတို့ဖွင့်ဆိုသော ရှရီအဟ်ဥပဒေနောက်သို့သာလိုက်ရန် အရေးဆိုလျက်ရှိသည်။
    ယင်းသို့ကွဲပြားမှုရှိနေလင့်ကစား ယင်းရှေးရိုးစွဲအုလမာ (NU)၊ The progressive Consultative Council of Indonesian Muslims (Masyumi) နှင့် အခြားပါတီနှစ်ခုကို တစ်ခုတည်းသောအစ္စလာမ့်နိုင်ငံရေးပါတီအဖြစ် ၁၉၇၃ ခုနှစ်၌ ဖွဲ့စည်းစေခဲ့ရာ PPP ပါတီ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့ဖြင့် ယင်းအက်ကြောင်းများ လျော့ပါးသွားကာ စုစည်းညီညွှတ်သည့် နိုင်ငံ့အင်အားစုအဖြစ်သို့ ကူးပြောင်းမှု စတင်သည်။
    အင်ဒိုနီးရှားနှင့် အရှေ့အလယ်ပိုင်းယဉ်ကျေးမှုအကြား အမျိုးသမီး ၀န်ထမ်းခန့်အပ်ခြင်း ကိစ္စမှာလည်း မတူကွဲပြားမှု ရှိနေသည်။
    ဘာသာရေးလွတ်လပ်ခွင့်
    အင်ဒိုနီးရှား၏ ဖွဲ့စည်းပုံအခြေခံဥပဒေသ၌  “ လူတိုင်းသည် မိမိယုံကြည်ရာ ကိုးကွယ်နိုင်သည့်အခွင့်အရေး ရှိသည် ” ဟုလည်းကောင်း၊ “ နိုင်ငံတော်သည် တစ်ဆူရှင်အယူဝါဒအပေါ် အခြေခံသည် ” ဟုလည်းကောင်း ဖော်ပြသည်။ အစိုးရများသည် ဤအချက်တို့ကို ယေဘူယျအားဖြင့် လေးစားတန်ဖိုးထားကြသည်။ သို့ရာတွင် အချို့သော (ထိခိုက်နစ်နာဖွယ်ရှိသည့်) ဘာသာရေးလှုပ်ရှားမှု အချို့ နှင့် အသိအမှတ် မပြုထားသည့် ဘာသာရေးကိစ္စများကိုမူ ကန့်သတ်ချက် ရှိသည်။
    200px-Muslim_girls_at_Istiqlal_Mosque_jakarta
    အင်ဒို အမျိုးသမီးငယ်လေးများ ဗလီဝတ်ကျောင်းတော် တခုအတွင်း တွေ့ရစဉ်
    သာသနာ့ရေးရာဝန်ကြီးဌာနမှ အယူဝါဒ ၆ မျိုးကို  တရားဝင်ခွင့်ပြုထား၏။ အစ္စလာမ်၊ ကက်သလစ်၊ ပရိုတက်စတင့်၊ ဗုဒ္ဓ၊ ဟိန္ဒူ နှင့် ကွန်ဖြူးရှပ် တို့ဖြစ်သည်။ ဤအသိအမှတ်ပြုဘာသာတရား ၆ ရပ် အပြင် အခြားအယူဝါဒဆိုင်ရာ အဖွဲ့အစည်းများသည်လည်း အစိုးရထံ မှတ်ပုံတင်ခွင့်ရှိသည်။ သို့သော် သာသနာရေးရာဝန်ကြီးဌာနတွင် မဟုတ်ဘဲ လူမှုအဖွဲ့အစည်းအဖြစ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနတွင် မှတ်ပုံတင်စေသည်။ ယင်းအမျိုးအစားရှိ အချို့သော ဘာသာရေးဆောင်ရွက်ချက်များကို ကန့်သတ်ထားသည်။ တရားဝင် မှတ်ပုံမတင်ထားသော ဘာသာရေးအုပ်စုများမှာ နေရာငှားရမ်းပြီး အကောင်အထည်ဖော် ခွင့်မရှိ၊ မိမိတို့အယူဝါဒအား အခြားနည်းလမ်းများဖြင့် ကျင့်သုံးရသည်။
    မွတ်စ်လင်မ်အများစုဖြင့် ပြည့်နှက်နေသော်လည်း အင်ဒိုနီးရှားသည် အစ္စလာမ်နိုင်ငံ မဟုတ်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်တွင် အစ္စလာမ့်အုပ်စုအများအပြားမှ အစ္စလာမ်နိုင်ငံအဖြစ်ထူထောင်ရန် ရံဖန်ရံခါ ကြိုးပမ်းတတ်ကြ၏။ သို့သော် Muhammadiyah နှင့် NU ကဲ့သို့ သြဇာကြီးလူမှုအဖွဲ့အစည်းများ အပါအ၀င် နိုင်ငံ၏အဓိက အင်အားစုဖြစ်ကြသည့် မွတ်စ်လင်မ်အသိုက်အမြုံကြီးမှ ယင်း အကြံအစည်ကို လက်မခံကြချေ။ အစ္စလာမ်နိုင်ငံပြုရေးအဆိုတင်သွင်းချက်ကို ၁၉၄၅ ခုနှစ်တွင် ပြုလုပ်သော်လည်း မအောင်မြင်ခဲ့။ အလားတူစွာ ၁၉၅၀ ခုနှစ်များတစ်လျှောက် ဒီမိုကရေစီ ပါလီမန်တွင်လည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း၌ မွတ်စ်လင်မ်များအတွက် ရှရီအဟ်ဥပဒေကိုသာ လိုက်နာစေရေးထည့်သွင်းရန် ကြိုးပမ်းခဲ့ကြသေးသည်။ ဆူဟာတိုလက်ထက်တွင် အစ္စလာမ်နိုင်ငံထူထောင်ရေး တွန်းအားပေးမှုအားလုံးကို အစိုးရမှ တားမြစ်လိုက်သည်။
    ၁၉၉၈ ခုနှစ် ဆူဟာတို ပြုတ်ကျပြီးနောက် ဘာသာရေးလွတ်လပ်ခွင့်နှင့်လွတ်လပ်စွာပြောဆိုခွင့်အား ပိတ်ပင်ထားမှု လျော့ရဲသွားသည်နှင့်အမျှ တွန်းအားပေးမှု ပြန်လည်ခေါင်းထောင် လာခဲ့သည်။ သို့သော် အာဏာရပါတီများမှ ခွင့်မပြုခဲ့။ ၂၀၀၃ ခုနှစ်တွင် ပညာရေးဖွံ့ဖြိုးမှုအတွက်တော့ ဥပဒေပြုအားပေးခဲ့သဖြင့် အစ္စလာမ်ပါတီများ ကျေနပ်သွားခဲ့သည်။ ၂၀၀၄ ခုနှစ်အတွင်း ယင်းပြဿနာဆိုင်ရာအငြင်းပွားမှုများစွာ ဖြစ်ပေါ်လာပြန်သည်။ တစ်နိုင်ငံလုံးတွင် Aceh ဒေသတစ်ခုတည်းသာ ရှရီအဟ်ဥပဒေဖြင့် ဒေသဆိုင်ရာအာဏာပိုင်များကို အုပ်ချုပ်ခွင့်ပေးခဲ့သည်။ သို့သော် ၄င်းမှာ မွတ်စ်လင်မ်များအတွက်သာဖြစ်၍ အရေးယူမှုများသည် နိုင်ငံတော်ဥပဒေနှင့် ဆီလျော်မှသာ စီရင်ခွင့်ပေးခဲ့သည်။ ထိုဒေသရှိ ရှရီအဟ်ဥပဒေသည် ဖိကဟ် (ဓမ္မသတ်အယူအဆ)များအပေါ်တင်းကြပ်မှု မပြု၊ နယ်သူနယ်သားတို့၏ စည်းကမ်း၊ ရိုးသားဖြောင့်မတ်မှု နှင့် အကျင့်အမူကောင်းများကိုသာ အစ္စလာမ့်စည်းမျဉ်းနှင့်အညီ ဖြစ်စေသည်ဟု ၄င်းတို့မှ ဆိုကြသည်။ ယင်းဒေသခံအများစုက ထိုပုံဟန်ကို နှစ်သက်လက်ခံကြခြင်းကလည်း အကြောင်းတစ်ရပ် ဖြစ်သည်။  လူ့အခွင့်အရေးနှင့်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူအချို့က လူမှုရေးပြဿနာများ၊ စာရိတ္တခြစားမှုများကို လျစ်လျူရှုပြီး၊ ၀တ်စားဆင်ယင်မှုကဲ့သို့သော အပေါ်ယံကိစ္စများ၌သာ ရှရီအဟ်ဥပဒေ ဟူ၍ အသုံးပြုသွတ်သွင်းနေခြင်းသည် အယူသည်းမှုသာဖြစ်သည်ဟု ဝေဖန်ကြ၏။
    အင်ဒိုနီးရှားတွင် အဓမ္မဘာသာပြောင်းစေခြင်းကိစ္စကို မှတ်တမ်းများ၌ အလျဉ်း မတွေ့ရချေ။ ၄င်းမှာ Maluku ၏အရှေ့ပိုင်းနှင့်မြောက်ပိုင်းဒေသများ၊  Sulawesi အလယ်ပိုင်း၌ ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခတို့မှ ထွက်ပေါ်လာသည့် ကောလဟလ သာဖြစ်၏။
    မွတ်စ်လင်မ်၊ ခရစ်ယာန်၊ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်တို့၏ အခါကြီးရက်ကြီးအချို့ကို နိုင်ငံတော်၏အားလပ်ရက်များအဖြစ် သတ်မှတ်ပေးထားသည်။ မွတ်စ်လင်မ်များအတွက် မိအ်ရာ့ဂ်ျ၊ အီဒုလ် ဖိသ်ွရ်နှင့်အီဒုလ်အဿွ်ဟာ ( အီးဒ်နေ့မြတ် နှစ်ရက် )၊ အစ္စလာမ့်နှစ်သစ်ကူး နှင့် တမန်တော်နေ့များ ဖြစ်ကြသည်။ ခရစ်ယာန်များအတွက် ခရစ္စမတ်၊ Pentecost ၊ အီစတာ နှင့် ခရစ်တော်တက်မြန်းသည့်နေ့များ ဖြစ်ကြသည်။ ဟိန္ဒူတို့အတွက် Nyepi ၊ ဗုဒ္ဓဘာသာဝင်များအတွက် Waisak ၊ ကွန်ဖြူးရှပ်ဝါဒီနှင့်အခြားတရုတ်လူမျိုးများအတွက် တရုတ်နှစ်သစ်ကူးနေ့ စသည်ဖြင့် ဖြစ်သည်။ ဟိန္ဒူဘာသာဝင်အများစုရှိကြသည့် ဘာလီတွင်မူ ဟိန္ဒူတို့၏အခါကြီးရက်ကြီးမှန်သမျှ ရုံးပိတ်ရက်၊ အားလပ်ရက်များ ဖြစ်ကြသည်။
    မက္ကဟ်မြို့သို့သွားရောက်ရသည့် ဟဂ်ျကိစ္စကို အစိုးရမှ ထိန်းချုပ်ကိုင်တွယ်သည်။ ထိုကဏ္ဍတွင်လည်း ဘုရားဖူးခရီးသွားများထံကောက်ယူသည့် ကုန်ကျစားရိတ်များနှင့်ပတ်သက်၍ ၊ ပို့ဆောင်ရေးကိစ္စနှင့်ပတ်သက်၍ သာသနာရေးရာဝန်ကြီးဌာနအား ဝေဖန်ချက်များ ရှိနေပါသည်။
    Ref: http://en.wikipedia.org/wiki/Islam_in_Indonesia
  • ” ဂျပန်နိုင်ငံခြားရေးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြသော အစ္စလာမ်သာသနာ အပေါ်အမြင် ဆောင်းပါး”
    ဇူလိုင်-၁၆၊ ၂၀၁၃
    M-Media
    မြတ်ဇော် ဘာသာပြန်သည်။
    အစ္စလာမ်နှင့် ဆက်ဆံ ရင်းနှီးမှု တိုးတက်စေခြင်း
    f3_i94   လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝဝ ခန့်အရင်ကတည်းက အစ္စလာမ်ဟာ ကမ္ဘာအနှံ့ပျံ့နှံ့နေခဲ့တာပါ။အစ္စလာမ်သာသနာကို ကမ္ဘာ့တိုက်ကြီးအားလုံး(အာရှ၊ဥရောပ၊ အမေရိက၊ အာဖရိက၊ သြစတြေးလျှ စသဖြင့်) တို့မှာ တွေ့ရပြီးနုပျိုတဲ့ စွမ်းအားတွေရှိနေဆဲပါ။ အရှေ့အလယ်ပိုင်း အစ္စလာမ်သာသနာ စတင်ခဲ့တဲ့ နေရာထက်ပြင်ပမှာ အစ္စလာမ်သာသနာဝင် မွတ်စလင်တွေကို သာပြီးတော့ တွေ့ရပါတယ်။ ကမ္ဘာ့အစ္စလာမ် လူဦးရေအများဆုံးနေရာကတော့ အာရှတိုက်ပဲဖြစ်ပါတယ်။ ၂ဝ ရာစုသတင်းအချက်အလက်နဲ့ ပို့ဆောင်ဆက်သွယ်ရေးတွေ တိုးတက်လာတာနဲ့အတူ အစ္စလာမ့် သတင်းစကားဟာလည်း သိသိသာသာတိုးတက်ပျံ့နှံ့ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး အစ္စလာမ်ဟာ ခရိယာန်သာသနာကို ကျော်လွန်ပြီး ကမ္ဘာမှာအထင်ကရ အဖြစ်ဆုံး ဘာသာ တစ်ခုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
    အစ္စလာမ်ဟာ အရှေ့အလယ်ပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ ဂျူးနဲ့ ခရိယာန်ဘာသာများနဲ့ အလွန်အမင်း နီးစပ် ဆက်စပ်လျှက်ရှိပါတယ်။ အခြားဘာသာတွေနဲ့ မိတ်ဆွေအသစ်တစ်ဦးဖြစ်တဲ့ အစ္စလာမ်ဘာသာမှာ ဗုဒ္ဓဘာသာအပါအဝင် အရင်ကိုးကွယ်ယုံကြည်မှုတွေရဲ့ အသိဉာဏ်ပညာတွေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာဟာ ရိုးရှင်းတဲ့ ကျင့်စဉ်တွေသာပါဝင်ပြီး အထူးအဆန်း ပြာဋိဟာတွေ မပါသလောက်ပါပဲ။ ဒီအချက်တွေက လူငယ်မျိုးဆက်သစ်တွေကို ခေတ်မီနည်းပညာတွေမှာ စိတ်ဝင်စားတစားလုပ်ကိုင်လိုမှုတွေ  ဦးမော့လာစေပါတယ်။ ကျွန်မရဲ့ အင်္ဂလန်နဲ့ ဂျပန်အတွေ့အကြုံအရ ပညာတတ် လူငယ် အများအပြားဟာ အစ္စလာမ်သာသနာထဲ ကူးပြောင်းသက်ဝင်လာကြတာကိုတွေ့ရပါတယ်။
    အစ္စလာမ်မှာ ဘာသာရေးနဲ့ နိုင်ငံရေးမှာ ကူးလူးဆက်ဆံမှုတွေရှိပါတယ်။ နောက်တခြားဘာသာတွေလို လူ့သား ကယ်တင် လွတ်မြောက်မှုအတွက် ရှုပ်ထွေးတဲ့ နည်းစနစ်တွေ မထားရှိပါဘူး။ အစ္စလာမ်က လူကိုပဲဗဟိုပြုပါတယ်။ အဲ့ဒီနောက် ဘာသာရေးကို နေ့စဉ်ဘဝမှာ အသုံးချစေပါတယ်။ တစ်ခါတစ်လေမှာ အစ္စလာမ်ကို ဘာသာရေးထက် လူနေမှုပုံစံလို့ပြောရင်ရနိုင်ပါတယ်။ ဥပုသ်သီလဆောက်တည်ခြင်းကို ဂျူးဘာသာ၊ခရိယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာတွေမှာ အရေးကြီးတဲ့အစိတ်အပိုင်းအနေနဲ့ရှိနေပေမယ့်လည်း ၂၁ ရာစုမှာ သာမန်လူတွေတက်ကြွလုံ့လရှိစွာနဲ့တစ်နှစ်မှာတစ်လ ဥပုသ်သတင်းဆောက်တည်ကြတဲ့ တစ်ခုတည်းသော သာသနာဟာ အစ္စလာမ်ပဲဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာအပြုအမူတွေကပဲ ကျွန်မတို့အမြင်အပြုအမူတွေကို ဦးဆောင်နေတာထက် ကျွန်မတို့ဟာ သိမ်မွေ့စွာ စူးစမ်းသိရှိလိုမှုနဲ့ အစ္စလာမ်သာသနာဝင်တွေရဲ့ အဲ့ဒီလိုနေ့စဉ်ဘဝလုပ်ဆောင်မှုတွေကိုကြည့်ရှုကြရပါမယ်။
    ဂျပန်တွေဟာ အာဃာတရှိတယ်၊ အခြားယဉ်ကျေးမှုတွေကို စိတ်မဝင်စားဘူးလို့ပြောလို့ရပေမယ့် အခုအချိန်အထိ အစ္စလာမ်သာသနာရေးရာ ဆောင်ရွက်မှုတွေကို ဟန့်တားတာမျိုး၊ မွတ်စလင်တွေကို ပယ်ထုတ်တာမျိုး လုံးဝမရှိပါဘူး။ ဒါဟာ အနောက်တိုင်းနဲ့မတူတဲ့ ဂျပန်ရဲ့သဘောထားအမြင်ပဲဖြစ်ပါတယ်။ အနောက်နိုင်ငံ အချို့နေရာတွေမှာတော့ အစ္စလာမ့် ခေါင်းဆောင်း ပဝါဟာ နိုင်ငံရေးကိစ္စရပ် သဖွယ်ဖြစ်နေတယ်။ တစ်ချို့နိုင်ငံရေး သုတေသီတွေက ဂျပန်ဟာ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကို ခံစားရတဲ့အထဲမှာ ပါဝင်တယ်လို့ဆိုပေမယ့် အစ္စလာမ်ဆန့်ကျင်ရေး မကျေနပ်မှုလှုပ်ရှားတဲ့ လှိုင်းတွေ ဂျပန်မှာ မရှိခဲ့ပါဘူး။ ဂျပန်က ဘယ်သတင်းစာကမှ အစ္စလာမ်သာသနာကို နောက်ပြောင်စော်ကားတဲ့ ကာတွန်းတွေကိုလည်း ပုံနှိပ်ခဲ့ခြင်း မရှိပါဘူး။
    TokyoMosque
    တိုကျိုမြို့မှ ဗလီ ဝတ်ကျောင်းတော်တခု
    ဂျပန်မွတ်စလင် အရေအတွက်ဟာ သိသိသာသာတိုးတက်နေပေမယ့် အနီးအနားနေထိုင်သူတွေဟာ ဗလီလို သာသနိက အဆောက်အဦးတွေတည်ဆောက်မှုအတွက် ကန့်ကွက်တာမျိုးလည်းမရှိကြပါဘူး။ သာမန်စူးစမ်းလိုစိတ်တော့ရှိကြပါတယ်။ မူရင်းနေထိုင်သူတွေအနားမှာ လူတစ်ချို့တော့ အဆောက်အဦးတစ်ခု ဆောက်နေပြီ သူတို့ဘယ်လိုလူမျိုးတွေပါလိမ့် ဆိုတာမျိုးလောက်ပါပဲ။ ဒါပေမယ့် ဂျပန်တွေရဲ့ အိမ်နီးနားချင်းအသစ်တွေပြောင်းလာတဲ့အခါ ရှည်ကြာစွာချစ်ခင်သွားမယ့် အမှတ်လက္ခဏာအဖြစ် “ဆိုဗာခေါက်ဆွဲရှည်” နဲ့ အိမ်နီးချင်းအသစ်တွေကို တည်ခင်းကျွေးမွေးမှုကတစ်ဆင့်  ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြတာပါပဲ။
    kurban-japan11
    pictures_4173581989_31b97cfc86_zဂျပန်စာသင်ကျောင်းတွေနဲ့ အလုပ်နေရာတွေဟာ မွတ်စလင် အမျိုးသမီးတွေရဲ့ခေါင်းစီး ပဝါနဲ့ပတ်သက်လို့ ပြဿနာလုပ် ငြိုငြင်ကြတာမျိုး မရှိပါဘူး။ ကျွန်မအလုပ်လုပ်ခဲ့တဲ့ ဂျပန်သင်ယူမှုဆိုင်ရာ နိုင်ငံတကာ သုတေသန စင်တာ မှာ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ဒေါက်တာဘွဲ့အပြီးမှာ မွတ်စလင်တစ်ဦး (အစ္စလာမ်ဘာသာဝင်) ဖြစ်လာပါတယ်။ အဲ့ဒီမတိုင်ခင်က သူမဟာ ကောလိပ်တစ်ခုမှာ ဆရာမလုပ်ပါတယ်။ အခုတော့ သူမဟာ ကျွန်မရဲ့ အတွင်းရေးမှုးဖြစ်ပါတယ်။ သူမဟာ သူမသွားချင်တဲ့နေရာကို ခေါင်းစီးပဝါနဲ့ ခန္ဓာကိုယ်အလှကို ဖုံးအုပ်ထားတဲ့အစ္စလာမ့်ခြုံလွှာကို ဝတ်ဆင်ထားပါတယ်။ သူမဟာ ဘယ်လိုခွဲခြားမှုမျိုးမှ မကြူံခဲ့ရသလို လမ်းနဲ့အလုပ်အကိုင်တွေမှာလည်း မနှစ်မြို့တဲ့ အမူအရာတွေပြတာမျိုး မခံစားခဲ့ရပါဘူး။
    ဆမ်မြူရယ် ဖီးလစ် ဟပ်တင်တန်က ယဉ်ကျေးမှုတွေဟာ တိုင်းနိုင်ငံတစ်ခုကိုကျော်ဖြတ်သွားတယ် ဆိုတာထက် တိုင်းနိုင်ငံတစ်ခုအပေါ်အခြေပြုတဲ့ “ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း” လို့အမြင်တစ်ခုနဲ့အခိုင်အမာဆိုခဲ့ဖူးပါတယ်။ အရင် အီရန်ဝန်ကြီးချုပ်ဟောင်း မိုဟမ္မဒ် ခါတမီကတော့ “ယဉ်ကျေးမှုများအပြန်အလှန်ကူးလူးခြင်း” ဆိုတဲ့ဆွေးနွေးတဲ့ စကားရပ်တစ်ခုကို ပိုကောင်းမွန်တဲ့အမြင်နဲ့တင်ပြပြောဆိုခဲ့ပါတယ်။မိုဟမ္မဒ် ခါတာမီရဲ့အမြင်ကို ကုလသမဂ္ဂက နောက်ပိုင်းမှာ ၂ဝဝ၁ ခုနှစ်ရဲ့ “ယဉ်ကျေးမှုတွေအကြောင်း နှစ်တစ်နှစ်ရဲ့ ထူးခြားတဲ့ စကားရပ်အဖြစ်”  သတ်မှတ်ခဲ့ပါတယ်။
    စကားပြောဆိုမှုတွေကတော့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ပြောဆိုမှုတွေကနေ နိုင်ငံနှစ်ခုကြားမှာ ရန်လိုမှုတွေ ပေါက်ပွားလာတတ်ပါတယ်။ ဒီပြောဆိုမှုတွေကနေအားလုံးလက်ခံနိုင်မယ့် ဘုံသဘောတရား တစ်ခုပေါ်ပေါက်လာဖို့ နိုင်ငံတွေ အများအပြား ဝင်ရောက်ဆွေးနွေးကြမယ်ဆိုရင် တကယ်ပဲအကျိုးရှိနိုင်ပါတယ်။
    ကျွန်မကတော့ စကားအချီအချပြောတယ်ဆိုတာထက် ဆွေးနွေးကြတယ်ဆိုတဲ့ စကားလုံးကိုပိုသုံးချင်ပါတယ်။ ဒီဆွေးနွေးမှုတွေဟာ သာမန်လူတွေအမြောက်အများဆီမှာ လ္ဘက်ရည်သောက်ရင်းဆွေးနွေးကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကျွန်မအနေနဲ့တော့ သာမန်လူတွေကြားမှာ လိုက်လျောညီထွေရှိပြီး လွတ်လွတ်လပ်လပ်ဖြစ်တဲ့ သတင်းအချက်အလက်ဖလှယ်မှုတွေတဆင့် ကမ္ဘာအနှံ့ကိုရောက်ရှိစေမယ့် အပြန်အလှန်နားလည်မှုနဲ့ချစ်ကြည်ရင်းနှီးမှု တည်ဆောက်တာမျိုးတွေဖြစ်လာဖို့ဆိုတဲ့အမြင်ပါပဲ။
    စာရေးသူအကြောင်း
    Motoko Katakura
    မူရင်း ဆောင်းပါးရှင် Motoko Katakura
    အကြောင်းအရာရေးသားသူ မစ္စ မိုတိုကို ကာတာကူရာ ဟာ ကျိုတိုမှာရှိတဲ့ ဂျပန်သင်ယူမှုဆိုင်ရာ နိုင်ငံတကာ သုတေသနစင်တာရဲ့ ဒါရိုက်တာဖြစ်ပါတယ်။ဒီတက္ကသိုလ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အမျိုးသားတက္ကသိုလ်လည်းဖြစ်ပြီး တက္ကသိုလ်များဆိုင်ရာ သုတေသနကော်ပိုရေးရှင်းလက်အောက်မှာရှိပါတယ်။ သူမဟာ မျိုးနွယ်စုများဆိုင်ရာ အမျိုးသားပြတိုက်နဲ့ ဘွဲ့ရများအဆင်ြ့မင့်လေ့လာမှုဆိုင်ရာ တက္ကသိုလ်တွေမှာလည်း ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်ပါတယ်။
    သူမဟာ တိုကျိုမှာရှိတဲ့ ဆူဒါကောလိပ်ကဘွဲ့ရခဲ့ပြီး၊ တိုကျိုတက္ကသိုလ်ကနေ သိပ္ပံဆိုင်ရာ ဒေါက်တာဘွဲ့ရခဲ့ပါတယ်။
    ၁၉၈၅ ခုနှစ် တိုးတက်သည့်နိုင်ငံများ၏ ယဉ်ကျေးမှုသုတေသနမှာ သူမဟာ အကောင်းဆုံးဆုကိုရရှိခဲ့ပါတယ်။၁၉၈၆ ခုနှစ်ရဲ့ တိုကျို ကိုက်ဂျို ကာဂါမိ အမှတ်တရ ဖောင်ဒေးရှင်းရဲ့အကောင်းဆုံး စာရေးဆရာဆုကိုလည်းရရှိခဲ့ပါတယ်။
    Ref:http://www.mofa.go.jp/
  • သီရိလင်္ကာနိုင်ငံ နှင့် အစ္စလာမ်သာသနာ
    ဧပြီ-၂၄-၂၀၁၃
    M-Media
    စုစည်းတင်ပြသူ- ဂျူလိုင်ရဲရင့်
    ကမ္ဘာ့နိုင်ငံများမှ မွတ်စလင်များ ကဏ္ဍ
    Flag_of_Sri_Lanka.svg
    သီရိလင်္ကာ နိုင်ငံတော် အလံ
    သီရိလင်္ကာနိုင်ငံတွင် အစ္စလာမ်သာသနာဝင်များသည် နိုင်ငံ့လူဦးရေ၏ ၉.၇%မျှသာရှိသော လူနည်းစုလူ့အဖွဲ့အစည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ သန်းခေါင်စာရင်းအရ ၁,၉၆၇,၂၂၇ ဦး ရှိသည်။ မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၌ လူမျိုးစု သုံးစုခွဲခြားနိုင်သည်။ သီရိလင်္ကာဒေသခံMoors၊ (တမီလ် အပါအ၀င်) အိန္ဒိယနွယ်ဖွား မွတ်စ်လင်မ်များ နှင့် မလေးအနွယ်များ ဖြစ်ကြသည်။ ၄င်းတို့ထံတွင် သက်ဆိုင်ရာသမိုင်းကြောင်း နှင့် ဓလေ့ထုံးတမ်းများ ကိုယ်စီရှိကြသည်။
    သီရိလင်္ကာနိုင်ငံ မှ အစ္စလာမ့်သမိုင်းကြောင်း
    =======================
    အေဒီ ၈ ရာစုတွင် သီရိလင်္ကာသို့ အာရဗ်ကုန်သည်များ ရောက်ရှိချိန်မှစ၍ အစ္စလာမ်သာသနာ စတင်ပြန့်ပွားလာကြောင်း ၁၉၈၁ နှင့် ၂၀၀၁ ခုနှစ်ရေးမှတ်တမ်းများက ဖော်ပြသည်။ အစ္စလာမ်သာသနာအား မိမိသဘောအလျောက် သက်ဝင်လက်ခံလာသော ဒေသခံအမျိုးသမီးများနှင့် အာရဗ်ကုန်သည်များက အိမ်ထောင်ထူခဲ့ကြသည်။ အစ္စလာမ့် အသိုင်းအ၀ိုင်းသည် ထိုအချိန်မှ စတင်ဖြစ်တည်လာသည်။ ၁၅ ရာစုသို့ရောက်သော် အာရဗ်ကုန်သည်များသည် သီရိလင်္ကာအပါအ၀င် အိန္ဒိယသမုဒ္ဒရာ နယ်ပယ်၏ကုန်သွယ်ရေး၌ ပေါက်ရောက်လာကြသည်။ ယင်းကုန်သည် အများအပြားတို့သည် လင်္ကာကျွန်းပေါ် အခြေစိုက် နေထိုင်လာကြပြီး အစ္စလာမ်ကို ဖြန့်ချိခဲ့ကြသည်။ သို့သော် ၄င်းတို့မှ ဆင်းသက်လာသည့် သီရိလင်္ကာဒေသခံ မွတ်စ်လင်မ်လူမျိုးစု Moors တို့သည် ၁၆ ရာစုတွင် ကျူးကျော်ဝင်ရောက်လာသော ပေါ်တူဂီတို့၏ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရသည်။ ထိုအခါ သီရိလင်္ကာရှိ အရှေ့ပိုင်းပြည်နယ်နှင့် ဗဟိုကုန်းမြင့်ဒေသများ၌ ဆင်ဟာလီဘုရင် စီနာရတ်က မွတ်စ်လင်မ်တို့အား ခိုလှုံခွင့် ပေးခဲ့သည်။
    180px-Jami-Ul-Alfar
    သိရလင်္ကာမှ ဗလီဝတ်ကျောင်းတော် တခု
    ၁၈ ရာစုနှင့် ၁၉ ရာစုနှစ်များအတွင်း မင်းမူအုပ်ချုပ်နေသော ဒတ်ခ်ျ နှင့် ဗြိတိသျှ အစိုးရများက ဂျာဗားကျွန်းသား မွတ်စ်လင်မ်များ၊ မလေးမွတ်စ်လင်မ်များကို ခေါ်သွင်းလာခဲ့သဖြင့် သီရိလင်္ကာ၌ မွတ်စ်လင်မ်ဦးရေ တိုးပွားလာသည်။ ၄င်းတို့၏ အဆက်အနွယ် (ယခု – သီရိလင်္ကာ မလေးလူမျိုး)တို့သည် သီရိလင်္ကာဒေသခံ Moors တို့၏ အစ္စလာမ့်ထုံးတမ်းအတိုင်း လက်ခံနေထိုင်ခဲ့သည်။ ယင်းသို့ ရောယှက်လာသော အစ္စလာမ့်ယဉ်ကျေးမှုဖြင့် ကျွန်းပေါ်တွင် အခြားမွတ်စ်လင်မ် အုပ်စုများလည်း တစ်သားတည်းကျသွားခဲ့သည်။
    ၁၉ ရာစု နှင့် ၂၀ ရာစုနှစ်များအတွင်း အိန္ဒိယမှ မွတ်စ်လင်မ်များ ရောက်ရှိလာသောအခါ သီရိလင်္ကာ၌ အစ္စလာမ်သာသနာ ပို၍ ကြီးထွားလာသည်။ ထင်ရှားသောအဆိုအရ ပါကစ္စတန် နှင့် အိန္ဒိယတောင်ပိုင်း မွတ်စ်လင်မ်များက ရှီအဟ် နှင့် ဟနဖီ အတွေးအခေါ်လမ်းကြောင်းအား သီရိလင်္ကာသို့ သယ်ဆောင်လာခဲ့သည်။ ကျွန်းပေါ်ရှိ မွတ်စ်လင်မ်အများစုကမူ စွန္နီလမ်းကြောင်းမှ အစ္စလာမ့်ကျင့်ထုံးများကို ယနေ့တိုင် လိုက်နာကျင့်သုံးနေဆဲဖြစ်သည်။
    လက်ရှိသမယတွင် သီရိလင်္ကာရှိ မွတ်စ်လင်မ်တို့အား မွတ်စ်လင်မ်ရေးရာ သာသနာရေးနှင့် ယဉ်ကျေးမှုဌာနမှ ကိုင်တွယ်ထားသည်။ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအပေါ် အခြားသော သီရိလင်္ကာ အသိုင်းအ၀ိုင်းများ၏ မပြတ်ဖယ်ကြဉ်ခြင်းကို ကာကွယ်ရန် ၄င်းဌာနအား ၁၉၈၀ ခုနှစ်များက ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်သည်။ ယခုအခါ သီရိလင်္ကာသား ၁၀% ခန့်မှာ အစ္စလာမ်သာသနာဝင်များဖြစ်ပြီး ၊ ဗလီဝတ် ကျောင်းတော်ပေါင်း ငါးထောင်နီးပါးမျှ ရှိသည်။ ဗလီဝတ် ကျောင်းတော်များ၌ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီအသီးသီးရှိ၍ သက်ဆိုင်ရာ အသိုင်းအ၀ိုင်း၏ အရေးအရာများကို ဆောင်ရွက်လျက်ရှိသည်။ သီရိလင်္ကာရှိ မွတ်စ်လင်မ် အများစုမှာ Moor  နှင့် မလေးလူမျိုးစုလူ့အဖွဲ့အစည်းများဖြစ်ကာ တမီလ်ကဲ့သို့ အခြားလူမျိုးနွယ်များမှ အစ္စလာမ် လက်ခံလာသူများ အချို့လည်း ရှိနေကြသည်။
    အဟ်မဒီယာ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းကို သီရိလင်္ကာ၌ ၁၉၁၅ ခုနှစ်တွင် စတင်တည်ထောင်သည်။
    250px-Lanka_moors
    ၂၀ ရာစုတွင် ရိုက်ကူးထားသော သိရိလင်္ကာ Moor လူမျိုး မွတ်စလင်မ်များ
    သီရိလင်္ကာဒေသခံ Moor လူမျိုးစု
    =================
    သီရိလင်္ကာဒေသခံ Moor လူမျိုးစုတို့သည် မွတ်စ်လင်မ် လူဦးရေ၏ ၉၂ %၊ နိုင်ငံ့လူဦးရေ၏  ၉.၇ % ရှိသည်။ ၄င်းတို့အများစုမှာ စွန္နီမွတ်စ်လင်မ် အုပ်စုဝင်များဖြစ်ကာ ရှာဖိအီ အတွေးအခေါ် လမ်းကြောင်းကို လက်ကိုင်ပြုထားကြသည်။ ၄င်းတို့၏ဘိုးဘေးများဖြစ်သော အာရဗ်တို့၏ အရဗီဘာသာစကားကို ပြောဆိုခြင်း မရှိကြတော့ချေ။ သို့သော် နေ့စဉ်သုံးဝေါဟာရ နှင့် အသုံးအနှုန်းများ၌ ပါဝင်နေဆဲဖြစ်သည်။ Moor တို့သည် ပျောက်ကွယ်သွားပြီဖြစ်သော အရ်ဝီ ကို မိမိတို့၏မိခင်ဘာသာ စကားအဖြစ် ခံယူကြသည်။ ယခုအခါ သီရိလင်္ကာ အရှေ့ပိုင်းရှိ Moor တို့သည် အရဗီ စကားလုံးများစွာ စိမ့်ဝင်နေသည့် တမီလ်စကားကို အဓိကထားပြောဆိုကြသည်။ အနောက်ပိုင်းရှိ Moor တို့ကမူ သီရိလင်္ကာရှိ လူများစုဆင်ဟာလီတို့ပြောဆိုသော ဆင်ဟာလာ စကားကို ကျွမ်းကျင်စွာ အသုံးပြုပြောဆိုကြသည်။ ၄င်းဘာသာစကားသည် အင်ဒို-ဥရောပ အနွယ်များ၏ ဘာသာစကား ဖြစ်သည်။ မိမိတို့လူ့အဖွဲ့အစည်းအတွင်း၌ အင်္ဂလိပ်ဘာသာ စကားကိုလည်း အသုံးပြုကြ၏။ Moor တို့သည် ဘာသာစကားအမျိုးမျိုးကို မရောထွေးမပေါင်းစပ်ဘဲ ပြောဆိုသည့် ဘာသာရေးအုပ်စုဖြစ်နေသည်။
    သီရိလင်္ကာဒေသခံ Moor တို့သည် ကမ်းရိုးတန်းကုန်သွယ်ရေး၊ စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည်။ အရှေ့တောင်အာရှဓလေ့များစွာ ပါဝင်နေသည့် အစ္စလာမ့်ယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ထိန်းသိမ်းထားကြသည်။ ပေါ်တူဂီကိုလိုနီခေတ်ကာလတွင် နှိပ်စက်ညှင်းပန်းခံရသဖြင့် ဗဟိုကုန်းမြင့်ဒေသများနှင့် မိမိတို့အဆက်အနွယ်များရှိသော အရှေ့ပိုင်းသို့ တအုံတကျင်း ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
    အရှေ့ဖက်ကမ်းရိုးတန်းမှ Moor များ
    ===================
    အရှေ့ဖက်ကမ်းရိုးတန်းဒေသတွင် နေထိုင်သူအများစုမှာ မွတ်စ်လင်မ်များဖြစ်ကြသည်။ ၄င်းတို့သည် ပေါ်တူဂီကိုလိုနီခေတ်အတွင်း ဆင်ဟာလီဘုရင် စီနာရတ်မှ ချီးမြှင့်ပေးထားသော နယ်မြေများ၌ အခြေချနေထိုင်လာသူများဖြစ်သည်။ လယ်ယာ၊ ငါးဖမ်း၊ ကုန်ကူး လုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၀၇ ခုနှစ်သန်းခေါင်စာရင်းအရ ယင်းဒေသရှိ Moor လူမျိုးစုတစ်ခုတည်း ကပင် နိုင်ငံလူဦးရေ ၅ % အထိရှိသည်။
    အနောက်ဖက်ကမ်းရိုးတန်းမှ Moor များ
    =====================
    ဤဒေသရှိ Moor တို့သည် ကုန်သည်များ၊ ပညာရှင်များ၊ အစိုးရ၀န်ထမ်းများဖြစ်ပြီး Colombo၊ Kalutara၊ Beruwala၊ Puttalam၊ Jaffna နှင့် Mannar မြို့များတွင် အဓိကနေထိုင်ကြသည်။ အလယ်ပိုင်းဒေသနှင့်ဤဒေသရှိ Moor တို့သည် အာရဗ်နှင့်အရှေ့အလယ်ပိုင်းဓလေ့အတိုင်း မိမိတို့၏အမည်များတွင် ဖခင်ဖက်မှအမည်ကို ထည့်သွင်းဖော်ပြလေ့ရှိသည်။
    200px-P3-full
    ၁၉ ရာစုမှ သိရလင်္ကာ-မလေး သားအဖကိုတွေ့ရစဉ်
    မလေးလူမျိုး
    ======
    သီရိလင်္ကာရှိ မလေးများမှာ အရှေ့တောင်အာရှဖက်မှ ဆင်းသက်လာပြီး ယခုသော် လူဦးရေ ငါးသောင်းခန့်ရှိသည်။ သီရိလင်္ကာနှင့်အင်ဒိုနီးရှားသည် ဒတ်ခ်ျကိုလိုနီနယ်ဖြစ်ခဲ့စဉ်က ၄င်းတို့၏ ဘိုးဘေးများ ရောက်လာရာမှ အစပြုသည်။ ရှေးဦးအခြေချသူအများစုမှာ ဒတ်ခ်ျအစိုးရ လက်အောက်ခံ စစ်သည်များဖြစ်သော်လည်း သီရိလင်္ကာ၌သာ အခြေချရန် ဆုံးဖြတ်ခဲ့သူများ ဖြစ်သည်။ ကျန်ရှိရှေးဦးအခြေချသူများမှာမူ သီရိလင်္ကာသို့အပြီးတိုင် နယ်နှယ်ခံရသော အင်ဒိုနီးရှားမင်းမျိုးမင်းနွယ်များဖြစ်ကြ၏။ ၄င်းတို့၏ကိုယ်ပိုင်ဘာသာစကားမှာ မလေးဖြစ်သော်လည်း ဆင်ဟာလီ၊ တမီလ်၊ Moor တို့၏ အသုံးများနှင့်လည်း ရောယှက်နေသည်။ ၁၉၈၀ ခုနှစ်များတွင် မလေးတို့သည် မွတ်စ်လင်မ်လူဦးရေ၏ ၅ %ခန့်ရှိခဲ့ပြီး၊ အများစုမှာ Moor များကဲ့သို့ ရှာဖိအီအတွေးအခေါ်လမ်းကြောင်း နောက်လိုက် စွန္နီမွတ်စ်လင်မ်အုပ်စု ဖြစ်သည်။
    250px-Gallemosqueတမီလ် မွတ်စ်လင်မ်များ
    ============
    သီရိလင်္ကာ၌ တမီလ်စကားပြောဆိုသည့် မွတ်စ်လင်မ်ဦးရေ အများအပြားရှိကြသည်။ သို့သော် ၄င်းတို့သည် အိန္ဒိယရှိ တမီလ်မွတ်စ်လင်မ်များကဲ့သို့ အခွင့်အရေးမရကြ။ တမီလ်လူမျိုးစုတို့၏ယဉ်ကျေးမှုနှင့် ချိတ်ဆက်မနေသောကြောင့် နိုင်ငံ၏တရားဝင်စာရင်း၌ သီးခြား လူမျိုးစုအဖြစ် ထည့်သွင်းသတ်မှတ်ခံရသည်။ သီရိလင်္ကာရှိ တမီလ်မွတ်စ်လင်မ် လူ့အဖွဲ့အစည်းတွင် အိန္ဒိယနိုင်ငံ တမီလ်နာဒူးဒေသမှာ ပြောင်းရွှေ့လာသည့် တမီလ် မွတ်စ်လင်မ်များ၊ သီရိလင်္ကာဒေသခံတမီလ် မွတ်စ်လင်မ်သစ်လွင်များ ပါဝင်သည်။ တမီလ် မွတ်စ်လင်မ်တို့သည် လူမှုရေး၊ စီးပွားရေးကောင်းမွန်ကြသဖြင့် အင်္ဂလိပ်ကိုလိုနီလက်အောက်တွင် ပညာသင်ကြားခြင်းနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခဲ့ကြသည်။ ၄င်းတို့က မိမိကိုယ်ကို သီရိလင်္ကာမွတ်စ်လင်မ်လူ့အဖွဲ့အစည်းကြီး၏ အစိတ်အပိုင်းတစ်ခု အဖြစ်ခံယူကြသည်။ နိုင်ငံရေးခံယူချက်၌ လူများစု ဟိန္ဒူတမီလ်တို့နှင့် မတူညီကြချေ။  အထက်၌ ဖော်ပြခဲ့သည့်အတိုင်း (နိုင်ငံတော်အစိုးရဖက်ရပ်တည်သဖြင့်) စစ်သွေးကြွ တမီလ်ကျားသူပုန်တို့၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ခံစားခဲ့ရသည်။
    အိန္ဒိယအနွယ် မွတ်စ်လင်မ်များ ( မေမန်၊ ဘိုဟ်ရာ၊ ခိုဂျာ )
    ==============================
    အိန္ဒိယနိုင်ငံ တစ်ဝှန်းမှ စီးပွားရေးလုပ်ငန်းကို အကြောင်းပြု၍ အင်္ဂလိပ်ကိုလိုနီခေတ် အတွင်း ရောက်ရှိလာကြခြင်းဖြစ်သည်။ ၄င်းတို့အနက် အချို့ကမူ ပေါ်တူဂီ ကိုလိုနီခေတ် အတွင်းကပင် ရောက်ရှိနေခဲ့ကြသည်။ သီရိလင်္ကာ Moor များနှင့် မျိုးရိုးဇာစ်မြစ် မတူကြပေ။ အများစုမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်းအနွယ်များဖြစ်ပြီး တမီလ်နဒူး နှင့် ကီရာလာပြည်နယ်များမှ ဖြစ်သည်။ ၄င်းတို့၏လူဦးရေ သုံးသောင်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။ မေမန်များမှာ ဆင်းဒ်ပြည်နယ် (ယခု ပါကစ္စတန်)မှ ဖြစ်ပြီး ၁၈၇၀ ခုနှစ်တွင် စတင်ရောက်ရှိသည်။ ၁၉၈၀ ခုနှစ်အထိ လူဦးရေမှာ သုံးထောင်ခန့်သာရှိပြီး ဟနဖီ-စွန္နီမွတ်စ်လင်မ်များ ဖြစ်ကြသည်။
    ဒါဝူးဒီဘိုဟ်ရာ နှင့် ခိုဂျာ တို့သည် ရှီအဟ် မွတ်စ်လင်မ်များဖြစ်ပြီး အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှ ၁၈၈၀ နောက်ပိုင်း ၀င်ရောက်လာခဲ့သည်။ ၁၉၈၀ ခုနှစ်များတွင် စုစုပေါင်း လူဦးရေ ၂၀၀၀ ပင် မပြည့်ခဲ့။ ၄င်းတို့၏ဘာသာစကားမှာ ပင်ရင်းမိခင် ဘာသာစကားများသာ ဖြစ်၏။
    ပညာရေး
    =====
    သီရိလင်္ကာ၌ မွတ်စ်လင်မ်ကျောင်း ၇၄၉ ကျောင်း၊ ဘာသာရေးစာသင်ကျောင်း ၂၀၅ ကျောင်း၊ ဘာရူးဝါလာတွင် (Jamiya Naleemiya) အစ္စလာမ့်တက္ကသိုလ် တစ်ခု ရှိသည်။ ၂၀ ရာစု အစောပိုင်းက စာရင်းကိုင်၊ ဆရာဝန်၊ အင်ဂျင်နီယာ စသော မွတ်စ်လင်မ် ပညာတတ်များ မရှိသလောက် နည်းပါးခဲ့သည်။ သို့သော် လက်ရှိကာလ၌မူ ပညာတတ်များ အဆပေါင်းများစွာ တိုးတက် များပြားလာသည်။ သီရိလင်္ကာ၌ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုကြောင့် မွတ်စ်လင်မ် ပညာရှင်များစွာတို့က အရှေ့အလယ်ပိုင်း၊ အမေရိကန်၊ ကနေဒါ၊ သြစတေးလျ၊ ဥရောပ စသည့် တိုင်းပြည်များထံ ပြောင်းရွှေ့လျက်ရှိကြသည်။
    သီရိလင်္ကာ ပြည်တွင်းစစ်မှ မွတ်စ်လင်မ်တို့၏အခန်းကဏ္ဍ
    =============================
    သီရိလင်္ကာကျွန်းပေါ်တွင်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မှာ ၂၆ နှစ်တိုင်ကြာညောင်းခဲ့သည်။ ၄င်းမှာ သီရိလင်္ကာအစိုးရ နှင့် ခွဲထွက်ရေးစစ်သွေးကြွ အဖွဲ့အစည်း LTTE (Liberation Tigers of Tamil Eelam) တို့အကြား ဖြစ်ပွားသော စစ်ပွဲဖြစ်သည်။ (တမီလ်ကျားအဖွဲ့ဟု ကျော်ကြားသည်)။ (မွတ်စ်လင်မ်တို့သည် အစိုးရဖက်မှ ပါဝင်အားပေးသဖြင့်) ယင်းပြည်တွင်းစစ်၌ သောင်း ဂဏန်းမျှအထိ သီရိလင်္ကာ မွတ်စ်လင်များမှာ တမီလ်ကျားအဖွဲ့၏ ဦးတည် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သိန်းပေါင်းများစွာသော မွတ်စ်လင်မ်တို့၏ အိုးအိမ် စည်းစိမ်များအား တမီလ်သူပုန်များမှ ဖျက်ဆီးခဲ့ကြသည်။
    ယင်းသို့မောင်းထုတ်ခဲ့ခြင်းသည် သီရိလင်္ကာမွတ်စ်လင်မ်များ အကြား ခါးသည်းသည့် အရိပ်ဆိုး အဖြစ် ကျန်ရစ်ခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင် စစ်သွေးကြွ ကျားသူပုန်ခေါင်းဆောင် Vellupillai Prabhakaran က မြောက်ပိုင်းမှ မွတ်စ်လင်မ်များကို မောင်းထုတ်ခဲ့ခြင်းအတွက် တရားဝင် ၀န်ချတောင်းပန်ခဲ့သည်။ အပစ်အခတ်ရပ်စဲလိုက်ကတည်းက ဂျဖ်နာသို့ မွတ်စ်လင်မ်များစွာ ပြန်လည်ကူးသန်းသွားလာခဲ့ကြသည်။ မိသားစုအချို့မှ ပြန်လည်ရောက်ရှိလာပြီး Osmaniya College ကို ပြန်ဖွင့်ရာ ယခုသော် ကျောင်းသား ၆၀ ဦးရှိနေပြီဖြစ်သည်။ ဗလီဝတ်ကျောင်းတော် နှစ်လုံးကိုလည်း ပြန်လည်မွမ်းမံဖွင့်လှစ် ခွင့်ခဲ့သည်။  ဂျဖ်နာတွင် မွတ်စ်လင်မ်ဦးရေ ၂၀၀၀ ခန့်ရှိလာကြောင်း၊ ၁၅၀၀ မှာ ဒေသခံဖြစ်ပြီး ကျန်သူများမှာ အခြားဒေသမှ ကုန်သွယ်ကူးသန်းသူများဖြစ်ကြောင်း၊ မွတ်စ်လင်မ်ဈေးဆိုင် ၁၀ခု ဖွင့်လှစ်လျက်ရှိပြီး ထပ်မံတိုးပွားမည်ဟု ယူဆရကြောင်း ဂျဖ်နာရှိ မွတ်စ်လင်မ်တစ်ဦးက ဆိုသည်။
    ကျားသူပုန်အဖွဲ့ပြိုကွဲပြီးနောက် ၁၀ နှစ်နီးပါးအကြာ (လက်ရှိနှစ်များ)တွင်မူ  ၄င်းတို့၏ အဆက်အနွယ်များသည် ယခင် ရည်ရွယ်ချက်ဟောင်းကို ပြန်လည် အသက်သွင်းရန် ဒေသခံဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအချို့နှင့်ပူးပေါင်း၍  မွတ်စ်လင်မ် ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပေါ်အောင် နှိုးဆော်လျက်ရှိပေသည်။
    ကိုးကား- http://en.wikipedia.org/wiki/Islam_in_Sri_Lanka
  • ဂျပန်နိုင်ငံ နှင့် အစ္စလာမ် သာသနာ
    မတ်လ၊ ၁၆၊ ၂၀၁၃
    M-Media
    စုစည်းတင်ပြသူ- ဂျူလိုင်ရဲရင့်
    ကမ္ဘာ့နိုင်ငံများမှ မွတ်စလင်များ ကဏ္ဍ
    ဂျပန် နှင့် အစ္စလာမ်
    ဂျပန်နိုင်ငံနှင့်အစ္စလာမ်သာသနာထိတွေ့မှုမှာ အခြားကမ္ဘာ့တိုင်းပြည်များ၏ဘာသာတရားများ အခြေတည်မှုထက်စာလျှင် တိုတောင်းသည်ဟု ဆိုရပေမည်။
    japan flagရှေးဦး သမိုင်း
    ဂျပန်နိုင်ငံသည် ၁၈၅၃ ခုနှစ် တံခါးဖွင့်ဝါဒ မကျင့်သုံးမီအထိ အစ္စလာမ်နှင့်သီးခြားဖြစ်နေခဲ့သည်။ သို့သော် ရှေးရာစုနှစ်များ အတွင်း မွတ်စ်လင်မ် အချို့သည် ဂျပန်သို့ ရောက်ခဲ့သည်ဟု မှတ်တမ်း တစ်ချို့က ဆိုသည်။
    မွတ်စ်လင်မ်တို့နှင့်ထိတွေ့ဆက်ဆံမှုမှာ ၁၉ ရာစုနှောင်းပိုင်း ဗြိတိသျှနှင့်ဒတ်ခ်ျသင်္ဘောသားများအဖြစ် တာဝန်ထမ်းဆောင်သည့် မလေးလူမျိုးတို့မှ စတင်သည်။ ၄င်းသည် ဂျပန်လူထုထံ အစ္စလာမ်ပြန့်ပွားခြင်း လမ်းစဖြစ်သော်ငြား ယဉ်ကျေးမှုသမိုင်းကဏ္ဍ၏ တစ်စိတ်တစ်ပိုင်း အဖြစ်သာ ကျန်ရစ်ခဲ့သည်။
    နောက်ထပ်ထူးခြားသောထိတွေ့မှုတစ်ရပ်ကို ၁၈၉၀ ခုနှစ်၌ တွေ့ရသည်။ ၄င်းအလျင်နှစ်များစွာက ကွန်စတန်တီနိုပယ်သို့ ဂျပန်ဘုရင့်မင်းသား ကိုမတ်စု အကီဟီတို အလည်အပတ်ရောက်ခဲ့မှုအပေါ် တုန့်ပြန် အသိအမှတ်ပြုသောအားဖြင့် အော်တိုမန် အင်ပါယာမှ ရေကြောင်းသင်္ဘောတစ်စင်းကို လက်ဆောင်အဖြစ်ပေးပို့ခဲ့သည်။ ယင်းစစ်သင်္ဘော အမည်မှာ Ertugrul ဖြစ်သည်။ သို့သော် ၁၈၉၀ ခုနှစ်၊ စက်တင်ဘာ၊ ၁၆ ရက်၊ ညနေ၊  ၀ါကာယာမားကမ်းခြေဒေသတစ်လျှောက်တွင် တိုက်ခတ်သော လေပြင်းမုန်တိုင်းကြောင့် ၄င်းမှာ ပျက်စီးသွားခဲ့ရသည်။
    ၂၀ ရာစုဖြစ်စဉ်
    အိုစာကာ မှ ဗလီ ဝတ်ကျောင်းတော်
    အိုစာကာ မှ ဗလီ ဝတ်ကျောင်းတော်
    ဟဂ်ျခရီးသွားရောက်ခဲ့သည့် ပထမဦးဆုံးသော ဂျပန်လူမျိုးမှာ  ကိုတာရို ယာမအိုခ ဖြစ်၏။ သူသည် ရုရှားနိုင်ငံဖွား စာရေးဆရာ Abdürreşid İbrahim နှင့် သိကျွမ်းခဲ့ပြီးနောက်ပိုင်း ၁၉၀၉ ခုနှစ်၊ ဘုံဘေမြို့၌ အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်ခဲ့ပြီး အုမရ် ယာမအိုခ ဟူသော အမည်ကို ခံယူလိုက်သည်။ သူတို့နှစ်ဦးလုံးသည် နဂါးနက်အဖွဲ့(Kokuryūkai) ကဲ့သို့သော ဂျပန်အမျိုးသားရေး အုပ်စုများ၏ ပံ့ပိုးမှုဖြင့် ခရီးသွားခဲ့ကြသည်။ စင်စစ် ယာမာအိုခ သည် ရုရှ-ဂျပန်စစ်ပွဲအတွက် မန်ချူးရီးယားနယ်၌ ထောက်လှမ်းရေးတာဝန်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းခရီးစဉ်၌ သူ၏ တရားဝင် အကြောင်းပြချက်မှာ  တိုကျိုမြို့တွင် ဗလီဝတ်ကျောင်းတစ်လုံးဆောက်လုပ်နိုင်ရန် စုလ်တန်ဘုရင်ထံ သွားရောက်တင်ပြ ကမ်းလှမ်းခြင်း ဖြစ်သည်။ ထိုစဉ်က ခလီဖဟ် နှင့် အမီးရုလ် မုအ်မိနီးန် (မွတ်စ်လင်မ်အပေါင်း၏ခေါင်းဆောင်)အဖြစ် ခံယူထားသော စုလ်တန် Abdülhamid II မှ ယင်းကိစ္စကို လိုအပ်ချက်အရ လက်ခံခဲ့သည် ( ထိုဝတ်ကျောင်းတော်အား ၁၉၃၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည်)။
    အစောဆုံး မွတ်စ်လင်မ်သစ်လွင်ဂျပန်လူမျိုးများအနက် နောက်တစ်ဦးမှာ ဘွန်ပါချိရို အရိဂါ ဖြစ်သည်။ သူသည်လည်း ထိုကာလနှင့်မရှေးမနှောင်း မှာပင် အိန္ဒိယနိုင်ငံသို့ ကူးသန်းရောင်းဝယ်မှု အလို့ငှါ သွားရောက်ရာတွင် ၄င်းရှိဒေသခံမွတ်စ်လင်မ်များကို လေးစားအားကျသည်၌ အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်ပြီး အဟ်မဒ် အရိဂါ ဟူသော အမည်အား ရယူခဲ့သည်။ ယာမာဒါ တိုအာဂျီရို သည် အစ္စတန်ဘူလ်သို့သွားရောက်သည့် တစ်ဦးတည်းသော ဂျပန်ကုန်သည် ဖြစ်သည်။ ၁၈၉၂ ခုနှစ်မှ နှစ်ပေါင်း ၂၀ နီးပါးကူးသန်းသွားလာရာတွင် မိမိဆန္ဒအလျောက် အပျော်တမ်းကောင်စစ်ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၄င်းနောက် သူသည် အစ္စလာမ့်ရိပ်မြုံအတွင်း ၀င်ရောက်၍ အဗ်ဒုလ် ခလီးလ် ဟူသော အမည်ကိုခံယူကာ အိမ်တော်ပြန်ခရီးတွင် ဟဂ်ျပြုနိုင်ခဲ့သူ ဖြစ်သည်။
    တိုကျိုမြို့၊ အဟ်လုလ် ဗိုင်းသ် အစ္စလာမစ် စင်တာ၏ အိမာမ် ရှိုင်းခ် အစ်ဗ်ရာဟီမ် ဆ၀ဒ
    တိုကျိုမြို့၊ အဟ်လုလ် ဗိုင်းသ် အစ္စလာမစ် စင်တာ၏ အိမာမ် ရှိုင်းခ် အစ်ဗ်ရာဟီမ် ဆ၀ဒ
    သီးသီးသန့်သန့်မွတ်စ်လင်မ်အသိုင်းအ၀ိုင်းဟူ၍ မရှိခဲ့။ အောက်တိုဘာတော်လှန်ရေး ဂယက်ကြောင့် ရုရှားနိုင်ငံနှင့်ဗဟိုအာရှဒေသမှ ရာနှင့်ချီသော တူရကီ-တာတာ မွတ်စ်လင်မ် ဒုက္ခသည်များ ရောက်ရှိလာသည့်အခါတွင်မှ စတင်ဖြစ်ထွန်းသည်။ ထိုမွတ်စ်လင်မ်တို့သည် ဂျပန်နိုင်ငံတ၀ှန်း အဓိက မြို့ကြီးများစွာ၌ ခိုလှုံခွင့်ရရှိပြီး လူ့အဖွဲ့အစည်းငယ်လေးများ ဖြစ်လာသည်။ ယင်းဒုက္ခသည်များမှာ ၁၉၃၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လူဦးရေ ၆၀၀ နီးပါး၊ အာရှတိုက်အတွင်း ထောင်ဂဏန်းခန့်ရှိခဲ့သည်ဟု ခန့်မှန်းကြသည်။ ဤမွတ်စ်လင်မ်တို့အားဖြင့် အချို့ ဂျပန်လူမျိုးတို့ အစ္စလာမ်ကို လက်ခံကျင့်သုံးခဲ့ကြသည်။
    ကိုဘေးမြို့ဗလီအား ၁၉၃၅ ခုနှစ်တွင် တူရကီ-တာတာ အသိုင်းအ၀ိုင်းရှိ ကုန်သည်များ၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်သည်။ တိုကျိုဗလီကိုလည်း the zaibatsu ၏ ရက်ရောစွာကူညီမှုဖြင့် ၁၉၀၈ ခုနှစ်မှစတင်စီစဉ်ပြီး ၁၉၃၈ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ ထိုဝတ်ကျောင်း၏ ပထမဆုံး ရှေ့ဆောင်ဆရာများမှာ Abdürreşid İbrahim (1857–1944) နှင့် Abdulhay Qorbangali (1889–1972) တို့ဖြစ်၏။ ယင်းဝတ်ကျောင်းတော်များကို တည်ဆောက်ရာ၌ ဂျပန်မွတ်စ်လင်မ်တို့၏ပါဝင်မှု အားနည်းခဲ့သည်။  တိုကျိုမြို့၊ the Ahlulbayt Islamic Centre ရှိ အိမာမ် Shaykh Ibrahim Sawada မှလွဲ၍ မည်သည့်ဗလီဝတ်ကျောင်းတွင်မှ ဂျပန်လူမျိုး အိမာမ် မထွက်ပေါ်ခဲ့ချေ။
    ရှီအဟ်
    ရှီအဟ်မွတ်စ်လင်မ်မိသားစုအချို့သည် ဂျပန်သို့ ၁၉၆၀ နှစ်များတွင် ရောက်ရှိအခြေချပြီး ပထမဆုံး အဇာဒရီိကို တည်ထောင်သည်။ အများအားဖြင့် မိသားစုအရေးအတွက် ဆုံစည်းရာနှင့် အသံသွင်းခွေများ နားဆင်သည့် စုရပ်လေးသာဖြစ်သည်။ ၁၉၇၀ နှစ်များတွင် ပါကစ္စတန် လုပ်ငန်းရှင် စိုင်ယဒ် အာရှစ်က် အလီ ဗုခါရီမှ ဦးစီး၍ သူ၏အခြေစိုက်နေထိုင်ရာနှင့် သူ့မိတ်ဆွေ နာဇင် ဇိုင်ဒီ၏အိမ်၌ ပထမဆုံး မဂျလစ္စကို စတင်သည်။ သူတို့သည် မိမိတို့၏အိမ်များတွင် မုဟရ်ရမ်လ ၇ ရက်မှ ၁၂ ရက်အထိ မဂျလစ္စအား ပြုလုပ်လေ့ရှိသည်။ စဦးပိုင်းတွင် အသံသွင်း တိတ်ခွေများကို အသုံးပြုကြသည်။ နောက်ပိုင်းတွင် ဗီဒီယိုခွေများဖြင့် အသုံးပြုလာခဲ့သည်။ ၁၉၇၀ နှစ်များအထိ ယင်းသို့အခြေအနေမျိုးသာ ရှိခဲ့သည်။ ပါကစ္စတန်နှင့် အီရန်သား ရှီအဟ် အလုပ်သမားများ ဂျပန်သို့လာသည့်အခါတွင်မှ ၄င်းတို့၏အကူအညီဖြင့် တိုကျိုမြို့တွင် ပို၍ စုစည်းကျစ်လစ်သော အဇာဒရီ ဖြစ်လာသည်။ ထိုအချိန်မှစ၍ နှစ်စဉ် မုဟရ်ရမ်လအတွင်း အဇာဒရီကို ပြုလုပ်ဆောင်ရွက်လာကြသည်။
    အစ္စလာမ့်ပညာရေး
    islamicctr  ဂျပန်မွတ်စ်လင်မ်အဖွဲ့ချုပ်ကြီး (Dai Nihon Kaikyō Kyōkai 大日本回教協会) ကို ၁၉၃၀ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း၌ တည်ထောင်သည်။ ၄င်းသည် ဂျပန် နိုင်ငံမှ ပထမဆုံးသော အစ္စလာမ့်ရေးရာ အဖွဲ့အစည်း ဖြစ်သည်။ နန်းတွင်း အသိုင်းအ၀ိုင်း၏ ပံပိုးကူညီမှုရှိခဲ့ပြီး၊ အစ္စလာမ့်ပညာရေး ဖူးပွင့်လာသည်။ ယင်းကာလအတွင်း အစ္စလာမ့်စာအုပ်စာတမ်းနှင့်ဂျာနယ်ပေါင်း ၁၀၀ မက ဂျပန်တွင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ ဤအဖွဲ့အစည်းတို့၏ မူလရည်ရွယ်မှုမှာ ဂျပန်စစ်တပ်နှင့်ပညာရှင်တို့အား ပညာတိုးပွားစေရန် နှင့် အစ္စလာမ်ကမ္ဘာကို နားလည်စေရန် ဖြစ်သည်။ သို့သော် ဂျပန်နိုင်ငံ၏ နောက်တိုး ရည်မှန်းချက်ဖြစ်သော မဟာအာရှစီမံကိန်းကြောင့် ထိုရည်ရွယ်ချက်မှာ ထင်သလောက် ခရီးမရောက်ခဲ့ပေ။ ဂျပန်လူမျိုးနှင့် မွတ်စ်လင်မ်ပညာရှင်တို့သည် ၂၀ ရာစုအစောပိုင်း ကာလ တစ်လျှောက် မိမိတို့တိုးဝင်လာသော အနောက်တိုင်းကိုလိုနီဝါဒအား လွှမ်းမိုးအနိုင်ယူရေးအတွက် အကောင်အထည်ဖော်နေရခြင်း၊ မွတ်စ်လင်မ်တို့၏ နောက်ဆုံး အရှိန်အ၀ါ ဖြစ်သည့် အော်တိုမန်အင်ပါယာ ပြိုကွဲပျက်စီးခြင်း၊ ဒုတိယကမ္ဘာစစ် အတွင်း ရန်သူများပြားလာခြင်း စသည်တို့ကြောင့် ပညာရေးနှင့်နိုင်ငံရေး အပြောင်းအလဲဖြစ်သွားရသည်။ မဟာမိတ်အင်အာစုများက ထိပ်တန်းရောက်သွားသည်။ သို့ဖြစ်ရာ ထိုအရေးအရာများကို ပြန်လည်ရရှိအောင် အပြင်းအထန်အားထုတ်ခဲ့သည်။ ပညာရှင်များ၊ မွတ်စ်လင်မ်ခေါင်းဆောင်များ၊ ပြုပြင်ပြောင်းလဲရေး သမား များစွာတို့ကို ဂျပန်သို့ ဖိတ်ကြားခေါ်ယူခဲ့ကြသည်။
    Ajia Gikai ကဲ့သို့သော အမျိုးသားရေးအဖွဲ့အစည်းတို့သည် ဗုဒ္ဓ၊ ခရစ်ယာန်၊ ရှင်တိုဝါဒများအတိုင်း အစ္စလာမ်ကိုလည်း ဂျပန်နိုင်ငံ၏ ဘာသာတရားတစ်ခုအဖြစ်
    အာရဗီစာသင့်ကြားနေသော ဂျပန် မွတ်စလင်မ် ကလေးငယ်များ
    အာရဗီစာသင့်ကြားနေသော ဂျပန် မွတ်စလင်မ် ကလေးငယ်များ
    တရားဝင်အသိအမှတ်ပြုလာအောင် လျှောက်ထားစွမ်းဆောင်နိုင်ခဲ့သည်။ မတည်ရင်းနှီးမှုလည်း ပေးခဲ့သည်။ ၄င်းပြင် ဒတ်ခ်ျ ကိုလိုနီတို့အား ဆန့်ကျင်တော်လှန်နိုင်ရန် ဟစ်ဇ်ဘိုလာကဲ့သို့သော အတိုက်အခံမွတ်စ်လင်မ်အုပ်စုတစ်စုကို အရှေ့တောင် အာရှတွင် ထောက်ပံ့လေ့ကျင့်မှုများ ပြုလုပ်၍ ဂျပန်မှ ထောက်ပံ့ပေးခဲ့သည်။ ထိုကာလအတွင်း အစ္စလာမ့်ပညာရှင်နှင့်ဂျပန်လူမျိုးပညာရှင်တို့၏ ပညာဖလှယ်မှုမှာ အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ ဂျပန်ကျဆုံးခန်းနှင့်အတူ အစ္စလာမ့်ပညာရေးကဏ္ဍ အများအပြားလည်း ပျောက်ကွယ်ခဲ့ရသည်။ ပညာရေး ဌာနများစွာ ပိတ်ပင်ခံရသည်။ အကြောင်းမှာ ၄င်းတို့သည် အနောက်တိုင်းကိုလိုနီဝါဒအား ရှေ့တန်းမှ ဆန့်ကျင်ခဲ့ကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် ဂျပန်နိုင်ငံရေးလောက၌ ထင်ရှားသော Ajia Gikai နှင့် တပည့်ဖြစ်သူ Toshihiko Izutsu အပါအ၀င် ထိပ်တန်းပုဂ္ဂိုလ်များမှ ကျမ်းမြတ်ကုရ်အာန် ဘာသာပြန် အတွဲများစွာ ရေးထုတ်နိုင်ခဲ့ကြသည်။ အတည်မပြုနိုင်သေးသည့် အချက်အလက်များအရ ၄င်းအားဖြင့် ဂျပန်နိုင်ငံရေးလောက၏ ထိပ်သီးအကျော်အမော်များက ကူးပြောင်းသက်ဝင်လာမှုရှိခဲ့သည်ဟု ဆို၏။
    ဂျပန်အစိုးရ နှင့် ဂျပန်-အစ္စလာမ်ပညာဖလှယ်ရေးကဏ္ဍနှစ်ရပ်လုံး၌ အဆင့်မြင့်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Shūmei Ōkawa သည် အကျဉ်းစံဘ၀တွင် မိမိ၏ကုရ်အာန်ဘာသာပြန်ကို အပြီးသတ်ရေးသားခဲ့သည်။ သူ့အား နောက်ကွယ်မှကြိုးကိုင်သည့် Class -A အဆင့်ဝင် စစ်ရာဇ၀တ်ကောင် အဖြစ်စွပ်စွဲ၍ အောင်နိုင်သူမဟာမိတ်တပ်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ၄င်းနောက် ကိုယ်ကျင့်တရားဖောက်ပြန်မှုဟူသော စွဲချက်တင်ကာ ပြစ်ဒဏ်ချခဲ့သည်။ ယင်းစွဲချက်တို့မှာ အဓိပ္ပါယ်မဲ့ဖန်တီးချက်များသာဖြစ်သည်ဟု သူက ဆိုခဲ့သည်။ နောင်သော် စိတ်ကစဥ့် ကလျားဖြစ်နေသည့်မှတ်ချက်ဖြင့် ဆေးရုံတစ်ခုသို့လွှဲပြောင်းလိုက်ပြီး များမကြာမီ အကျဉ်းထောင်မှ လွတ်မြောက်သည်။ ထို့နောက် ရှင်သန်ကျန်ရစ်နေသေးသော ဇနီးနှင့်အတူ ဇာတိကျေးရွာသို့ပြန်လာပြီး ပညာရေး ပို့ချပေးနေလျက် ၁၉၅၇ ခုနှစ်တွင် ကွယ်လွန်သည်။
    အဟ်မဒီယာမွတ်စ်လင်မ်အသိုင်းအ၀ိုင်းကို ဂျပန်နိုင်ငံ၌ ၁၉၃၅ ခုနှစ်တွင် တည်ထောင်သည်။
    ဒုတိယကမ္ဘာစစ်အပြီး အခြေအနေနှင့် ကိုဘေး ဗလီ
    ကိုဘေးမြို့မှ ဗလီဝတ်ကျောင်းတော်
    ကိုဘေးမြို့မှ ဗလီဝတ်ကျောင်းတော်
    အစ္စလာမ့်ပွင့်လန်းမှုသည် ၁၉၇၀ နှစ်များတွင် နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။ ဤသည်မှာ ၁၉၇၃ ခုနှစ် ရေနံအကြပ်ဆိုက်မှုပြဿနာ နောက်ပိုင်း အာရေဗျ၏စန်းပွင့်မှု ကြောင့်ဟု ဆိုရပေမည်။ အရှေ့အလယ်ပိုင်းဒေသ နှင့် ၄င်း၏ ကြွယ်ဝလှသောရေနံများက ဂျပန့်စီးပွားအရေးအတွက် အရေးပါလှကြောင်း သိမြင်လာသည့်နောက် ဂျပန်မီဒီယာတစ်ရပ်လုံးက မွတ်စ်လင်မ်နှင့်အာရဗ်ကမ္ဘာအတွက် အတားအဆီးမရှိ တံခါးဖွင့်ပေးလိုက်ကြသည်။
    ယနေ့ကာလအထိ ဂျပန်၌ အခိုင်မာဆုံးမွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ တူရကီ ဖြစ်၏။ စစ်ကြိုခေတ်က ဂျပန်နိုင်ငံသည် မွတ်စ်လင်မ်တို့အပေါ် ဆိုဗီယက်ဆန့်ကျင်သူအင်အားစုတစ်ရပ်အဖြစ်အမြင်ရှိပြီး၊ နားလည်လက်ခံမှုရှိကြောင်း ဗဟိုအာရှတစ်လွှား ကျော်ကြားလှသည်။ ထိုအချိန်များတွင် ထောက်လှမ်းရေးနယ်ပယ်မှဂျပန်အချို့သည် ၄င်းတို့နှင့် အဆက်အသွယ်ရှိကြသည်။ ယင်းဆက်သွယ်ချက်အားဖြင့် စစ်ပြီးသောအခါ လူအချို့သည် အစ္စလာမ်ကို ကူးပြောင်းသက်ဝင်လာခဲ့ကြသည်။
    ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ပြည်နှင့်အရှေ့တောင်အာရှဒေသများသို့ ဂျပန်၏ကျူးကျော်မှုက ဂျပန်လူမျိုးများစွာအား မွတ်စ်လင်မ်တို့နှင့် ထိတွေ့ခွင့် ရသွားစေခဲ့သည်။ အစ္စလာမ်သာသနာကို သက်ဝင်လက်ခံပြီး အမိမြေပြန်ရောက်လာသူတို့က ၁၉၅၃ ခုနှစ်တွင် Sadiq Imaizumi ၏ ဦးဆောင်မှုအောက်မှ ပထမဆုံး ဂျပန်မွတ်စ်လင်မ်အဖွဲ့အစည်းကို ထူထောင်ကြသည်။ စတင်သောကာလ၌ အဖွဲ့ဝင် ၆၅ ဦးသာရှိခဲ့ပြီး၊ ယင်းပုဂ္ဂိုလ်ကွယ်လွန်ပြီး ၆ နှစ်ကြာသောအခါ လူဦးရေပမာဏ နှစ်ဆတိုးတက်လာခဲ့သည်။
    အဖွဲ့၏ဒုတိယမြောက်ဥက္ကဌမှာ Umar Mita ဖြစ်၏။ သူသည် ဂျပန်အင်ပါယာလက်အောက်ခံနယ်ပယ်များအတွင်း အစ္စလာမ်ကို ဆည်းပူးလေ့လာခဲ့သည့် လက်ဦးမျိုးဆက်၏စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် တရုတ်ပြည်အရှေ့မြောက်ပိုင်း ဂျပန်ပိုင်နက်တွင် မန်ရှုရထားလမ်း ဖောက်လုပ်ရေးကုမ္ပဏီအတွက် သွားရောက်အလုပ်လုပ်စဉ် ပီကင်း(ပေကျင်း)ရှိ အစ္စလာမ်ဘာသာဝင်တရုတ်လူမျိုးတို့နှင့် ဆက်နွှယ်မိရာမှ မွတ်စ်လင်မ်အဖြစ်သို့ ရောက်ရှိသည်။ စစ်ပြီးသည့်နောက် ပြည်တော်ပြန်ရာဝယ် ဟဂ်ျပြုခဲ့ရာ စစ်လွန်ကာလ၏ ပထမဆုံး ဂျပန်ဟာဂျီ ဟူ၍ စာရင်းဝင်ခဲ့သည်။ သူသည် ကျမ်းမြတ်ကုရ်အာန် ဂျပန်ဘာသာပြန်ဋီကာကျမ်းတစ်စောင်ကိုလည်း  မွတ်စ်လင်မ်တစ်ဦး၏ရှုထောင့်မှ ပထမဆုံး ပြန်ဆိုပြုစုခဲ့သည်။ ဂျပန်နိုင်ငံနှင့်အစ္စလာမ်သာသနာအကြောင်းကို အလ်ဂျဇီးရားသတင်းဌာနမှ “Road to Hajj – Japan” အမည်ဖြင့် သတင်းမှတ်တမ်းတစ်ရပ် ဆောင်ရွက်ထားပါသည်။ အစ္စလာမ့်ရေးရာအဖွဲ့များမှာ ၁၉၀၀ ခုနှစ်များအတွင်း အလျှိုလျှိုထွက်ပေါ်လာခဲ့သော်လည်း ထိရောက်သောနိုးကြားတက်ကြွမှု မရှိနိုင်ခဲ့ချေ။
    မွတ်စ်လင်မ်ဦးရေစာရင်း ၊ ဗလီဝတ်ကျောင်းတော် နှင့် လိုအပ်ချက်များ
    တိုကျိုမှ ဗလီဝတ်ကျောင်းတော် တလုံး
    တိုကျိုမှ ဗလီဝတ်ကျောင်းတော် တလုံး
    တာတာမွတ်စ်လင်မ်တို့ ရုရှားနယ်ချဲ့မှုမှအလွတ်ရုန်းထွက်လာသည့် ၁၉၀၀ ခုနှစ်များအစောပိုင်းကာလတွင်မှ ဂျပန်သို့ အစ္စလာမ်ရောက်ရှိသည်ဟု ထင်မြင်ယူဆစရာဖြစ်ခဲ့ကြသည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းကပင် မွတ်စ်လင်မ်လူ့အစုအဝေးမှာ ရှိခဲ့ပြီးဖြစ်သည်။ သမိုင်းမှတ်တမ်းအချို့ကမူ ထို့ထက်ပင်စောသည်ဟု ဆိုထားသည်။ သမိုင်းပညာရှင် Caeser E. Farah ၏ မှတ်တမ်းအရ ၁၉၀၉ ခုနှစ်တွင် ဂျပန်တိုင်းရင်းမျိုးနွယ်အနကှ် အစ္စလာမ်ဘာသာသို့ပထမဆုံးကူးပြောင်းသူမှာ Abdul-Rashid Ibrahim ဖြစ်သည်၊ ဂျပန်နိုင်ငံတွင် ပထမဆုံးအစ္စလာမ့်အဆောက်အဦမှာ ၁၉၃၅ ခုနှစ်တွင် တည်ဆောက်သော ကိုဘေးဗလီ ဟု ဆိုထား၏။
    ၁၉၈၂ ခုနှစ်တွင် မွတ်စ်လင်မ်ဦးရေမှာ သုံးသောင်းရှိပြီး ယင်းပမာဏ၏ထက်ဝက်မှာ ဒေသခံဖြစ်သည်ဟု အချို့အချက်အလက်များ၌ တွေ့ရသည်။  အတည်မပြုနိုင်သေးသောအချက် အလက်များအရ အာရှတိုက်သားများ တအုံတကျင်း ရောက်ရှိယှက်နွှယ်လာပြီး ဒေသခံလူဦးရေ ထပ်ဆင့်များပြားလာသော ၁၉၈၀ ခုနှစ်များ ဂျပန်စီးပွားရေးဦးမော့ကာလအတွင်း ဂျပန်တိုင်းရင်းနွယ်များစွာ အစ္စလာမ်သို့ ကူးပြောင်းလာကြသည်ဟု ဖော်ပြ၏။ မွတ်စ်လင်မ် လူဦးရေမှာ တစ်သိန်းဝန်းကျင်ခန့်ရှိမည်ဟု အများစုက ခန့်မှန်းကြသည်။ ဂျပန်တွင် အစ္စလာမ်သည် လူနည်းစုဘာသာတရားတစ်ခုဖြစ်နေရာ တိုးပွားမှုအခြေအနေနှင့်ပတ်သက်၍ အထောက်အထားအတိအကျ မရှိနိုင်ပေ။
    ဂျပန် မွတ်စလင်မ် အမျိုးသမီးတဦး
    ဂျပန် မွတ်စလင်မ် အမျိုးသမီးတဦး
    ၁၉၉၀ ခုနှစ်များအစောပိုင်းကာလတွင် ထင်ထင်ရှားရှားကူးပြောင်းလာသူအများစုမှာ ငယ်ရွယ်သော အိမ်ထောင်ရှင်အမျိုးသမီးများ ဖြစ်ကြသည်ဟု ဂျပန်တိုင်းမ်စ်မှ တင်ပြခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ဂျပန်ဒေသခံ မွတ်စ်လင်မ်များမှာ ၆၃၅၅၂ ဦး၊ ဂျပန်တွင်နေထိုင်လျက်ရှိသော နိုင်ငံခြားသား မွတ်စ်လင်မ်များမှာ ခုနှစ်သောင်းမှ တစ်သိန်းအထိ ရှိမည်ဟု Keiko Sakurai က ခန့်မှန်းသုံးသပ်ထားသည်။ သို့သော် ဆောင်းပါးရှင် Michael Penn  ကမူ ၉၀ % မှာ နိုင်ငံခြားသား မွတ်စ်လင်မ်များဖြစ်ပြီး ၁၀ % သာ ဂျပန်တိုင်းရင်း မွတ်စ်လင်မ် များဖြစ်ကြသည်ဟု ဖော်ပြခဲ့သည်။ မည်သို့ ဆိုစေကာမူ ထပ်ဆင့်ဖော်ပြချက်များ ရှိနေသော်လည်း စာရင်းအမှန်ကိုကား မသိကြသေးချေ။ ဂျပန်နိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့်ကို အလေးထားသောအားဖြင့် ဘာသာတရားဆိုင်ရာ လူဦးရေ စစ်တမ်းကို အစိုးရမှ ကောက်ယူခြင်း မရှိပါ။
    “ ဂျပန်အစိုးရဟာ ဂျပန်မှာရှိတဲ့ မွတ်စ်လင်မ်လူဦးရေစာရင်းကို ကောက်ယူလေ့မရှိပါဘူး။ သက်ဆိုင်ရာအစိုးရဌာနများကလည်း ဂျပန်လူမျိုးတွေကိုဖြစ်စေ၊   လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားကိုဖြစ်စေ ဘယ်ဘာသာဝင်ဆိုတာ  မေးမြန်းတာမျိုး ဘယ်တုန်းကမှ မလုပ်ကြပါဘူး ” ဟု Penn မှ ဖော်ပြထားသည်။
    japanfocus.org မှ ဤသို့ဖော်ပြထားသည်။ “ ဂျပန်မှာ လက်ရှိအနေအထားအရ single-story (တစ်ထပ်ဆောင်) ဗလီဝတ်ကျောင်းတော် ၃၀ ကနေ ၄၀ အကြား ရှိပါတယ်။ ထပ်တိုးဝတ်ပြုဆောင်များကတော့ ၁၀၀ လောက်ရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် အိမ်ခန်း၊တိုက်ခန်းသာ ဖြစ်ပြီး ၀တ်ပြုရေးအတွက် ပြည့်ဝစုံလင်မှု မရှိသေးပါဘူး ” ။
    လူဦးရေ သန်း ၁၂၀ ရှိသည့် ဂျပန်၌ ကူးပြောင်းသက်ဝင်သူမွတ်စ်လင်မ်အသိုင်းအ၀ိုင်းသည် မဆိုစလောက်သော ပမာဏမျှသာ ဖြစ်နေ၏။ ကျောင်းသူ ကျောင်းသား များသည် ရွှေ့ပြောင်း လုပ်သားများနှင့် အတူ မွတ်စ်လင်မ် ရပ်ဝန်းအား အဓိကမြို့ကြီးများဖြစ်ကြသော ဟီရိုရှီးမား၊ ကျိုတို၊ နာဂိုယာ၊ အိုဆာကာ နှင့် တိုကျိုတို့၌ ဦးတည်ချဲ့ထွင်ကြသော်လည်း ၄င်းတို့အားလုံးစုပေါင်းလိုက်လျှင်ပင် အလွန်သေးငယ်သည့်လူနည်းစုသာ ဖြစ်လျက်ရှိနေသည်။ မည်သို့ဆိုစေကာမူ မွတ်စ်လင်မ်ကျောင်းသားများ အသင်းအဖွဲ့နှင့် ဒေသဆိုင်ရာလူ့အဖွဲ့အစည်းတို့သည် မွတ်စ်လင်မ်များ ကျစ်လစ်ညီညွတ်ရေးအတွက် စခန်းသွင်းသင်ကြား ပျိုးထောင်မှုများနှင့်တွေ့ဆုံ စုစည်းမှုများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိနေပေသည်။
    မွတ်စ်လင်မ်တို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခြားအခက်အခဲများမှာ (အချင်းချင်း) ဆက်သွယ်ရေး၊ အိုးအိမ် (စုပေါင်းအိမ်ရာ)၊ ကလေးသူငယ်ပညာရေး၊ ဟလာလ် အစားအသောက် နှင့် အစ္စလာမ့် စာပေ ကဏ္ဍများ ဖြစ်သည်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် ဒအ်ဝဟ် လုပ်ငန်းစဉ်များ အရေးတကြီး လိုအပ်လျက်ရှိနေပါသည်။
    Ref: Wiki
  • အစ္စလာမ် သာသနာ၊ အခြားဘာသာများ နှင့် ဖိလစ်ပိုင်နိုင်ငံ
    မတ်လ ၉ ၊ ၂၀၁၃
    M-Media
    ကမ္ဘာ့တလွှား မွတ်စလင်များ ကဏ္ဍ
      Flag_of_the_Philippines.svg
    ဖိလစ်ပိုင်နိုင်ငံရှိ တစ်ဆူရှင်ဝါဒများအနက် အစ္စလာမ်သည် ရှေးအကျဆုံးသာသနာအဖြစ် မှတ်တမ်းတင်ထားသည်။ ပါးရှန်းပင်လယ်ကွေ့ နှင့် အိန္ဒိယတောင်ပိုင်းမှ မွတ်စ်လင်မ် ကုန်သည်များသည် ၁၄ ရာစုနှစ်တွင် ဖိလစ်ပိုင်သို့ ရောက်ရှိခဲ့ကြသည်။ ၄င်းနောက် မလေးကျွန်းဆွယ်ရှိ မွတ်စ်လင်မ်စော်ဘွား နိုင်ငံအသီးသီးမှ ၄င်းတို့၏နောက် မျိုးဆက်များက ရောက်လာကြသည်။ အမေရိကန်အစိုးရဌာနမှ ထုတ်ပြန်သော ၂၀၁၀ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာအရ ဖိလစ်ပိုင်၌ မွတ်စ်လင်မ် လူဦးရေမှာ ၅ % မှ ၉ % အတွင်း ရှိသည်။ လူများစုမှာ ရိုမန်ကက်သလစ် ခရစ်ယာန်၊ ခရစ်ယာန် ပရိုတက်စတင့် ဂိုဏ်းဝင် တိုင်းရင်းမျိုးနွယ်စုအချို့၊ ဘာသာမဲ့၊ ဗုဒ္ဓဘာသာ နှင့် သက်မဲ့အရာ/သဘာဝ/နတ်ဘုရားတို့ကိုကိုးကွယ်သူများ ဖြစ်ကြသည်။
    သမိုင်းကြောင်း
    ခရစ် ၁၃၈၀ ခုနှစ်တွင် အာရေဗျ ကုန်သည်တစ်ဦးဖြစ်သော ကရီးမုလ် မခ်ဆူးမ် သည် စုလူးကျွန်းစု နှင့် (ယခု) ဖိလစ်ပိုင်ရှိ ဂျိုလိုသို့ ပထမဦးဆုံး ရောက်ရှိသည်။   ကုန်သွယ်ကူးသန်းမှုပြုယင်း ဒေသတွင်း၌ အစ္စလာမ်သာသနာအား ဖြန့်ချိခဲ့သည်။ ၁၃၉၀ ခုနှစ်တွင် မင်နန်းကဘိုး၏ မင်းသား ရာဂျာ ဘာကင်းဒါး နှင့် အဖွဲ့သားများက ကျွန်းဒေသများပေါ် အစ္စလာမ်ဒေသနာ အကြောင်း ဟောပြောပို့ချကြသည်။ မင်ဒါနောမှ Simunul ၌ရှိသော ရှိုင်းခ် ကရီးမုလ် မခ်ဆူးမ် ဗလီဝတ်ကျောင်းတော်သည် ၁၄ ရာစုကတည်းက ဖိလစ်ပိုင်ကျွန်းစုများအတွင်းတည်ဆောက်ခဲ့သော ပထမဦးဆုံး ဗလီဝတ်ကျောင်း ဖြစ်သည်။ အာရေဗျသာသနာပြု ပုဂ္ဂိုလ်များသည် မလေးရှားနှင့်အင်ဒိုနီးရှားသို့ ခရီးဆန့်ပြီး အခြေချလာရာမှ ဖိလစ်ပိုင်ရှိ အစ္စလာမ်သာသနာကို ပိုမို ခိုင်မာသွားစေခဲ့သည်။ အခြေချအုပ်စုအသီးသီးကို ဒါတု၊ ရာဂျာ၊ စုလ်တာန် ဟု ခေါ်ဆိုကြသည့် ခေါင်းဆောင်တစ်ဦးစီက အုပ်ချုပ်သည်။  ဖိလစ်ပိုင်ကျွန်းစုများအတွင်း Maguindanao စော်ဘွားနယ်၊ စုလူးစော်ဘွားနယ်၊ Lanao စော်ဘွားနယ် စသည့် အစ္စလာမ့်ပြည်နယ်များ ပေါ်ပေါက်လာသည်။ ဖိလစ်ပိုင် ကျွန်းဆွယ်တောင်ပိုင်းရှိ အခြားဒေသများသည်လည်း ထိုနည်းနှင်ဖြစ်လာသည်။
    Marawi_City
    ရာစုနှစ်တစ်ခုအတွင်း သစ်ပင်၊ တောတောင်၊ နေလတို့အားကိုးကွယ်နေသည့် လူများရှိကြရာ ဖိလစ်ပိုင်ကျွန်းဆွယ်တောင်ဖျားစွန်းရှိ Sulu ကျွန်းငယ်များအထိတိုင် အစ္စလာမ်သာသနာ ရောက်ရှိသည်။ ထိုဒေသခံအားလုံးသည် အစ္စလာမ်သာသနာကို နှစ်သက်စွာကူးပြောင်း သက်ဝင်လိုက်ကြပြီး သမိုင်းသစ်တစ်ရပ် စတင်ခဲ့သည်။ ၁၅ ရာစုရောက်သော် ဖိလစ်ပိုင်ကျွန်းဆွယ်မြောက်ပိုင်းရှိ Luzon ဒေသထက်ဝက်သည် လည်းကောင်း၊ တောင်ပိုင်းရှိ Mindanao ကျွန်းစုများသည် လည်းကောင်း ဘော်နီယို စော်ဘွားနယ်၏  လက်အောက်ခံ အဖြစ်နေထိုင် လိုက်ကြပြီး တောင်ပိုင်းဒေသမှ တစ်အုံတစ်ကျင်းသောသူများသည် အစ္စလာမ်သို့ ကူးပြောင်းခဲ့ကြသည်။ သို့သော် အစ္စလာမ်ကို ခါးသည်းဆန့်ကျင်သော ရာဂျာများ၊ ဒါတွတ်များ ဦးဆောင်သည့် ဟိန္ဒူ-ဗုဒ္ဓ လူ့အဖွဲ့အစည်းတို့က Visayas ဒေသများကို လွှမ်းမိုးထားကြသည်။ မုန်းတီးရသည့် အကြောင်းရင်း တစ်ရပ်မှာ စီးပွားရေး၊ နိုင်ငံရေးရာကပ်ဘေးကြောင့် Mindanao ဒေသတွင် မွတ်စ်လင်မ်ဓါးပြများပေါ်ထွက်လာပြီး တိုက်ခိုက် လုယက်ခဲ့ကြခြင်း ဖြစ်တန်ရာ၏။  ယင်းသို့ မကြာခဏတိုက်ခိုက်ရာ၌ Visaya ဒေသခံများသည် ခုခံကာကွယ်ရေးနည်း တစ်ခုဖြင့် ရင်ဆိုင်ခဲ့သဖြင့် ဓားပြများမှာ ကောင်းစွာ ဒုက္ခပေး၍ မရခဲ့ကြချေ။ ယင်းတိုက်ခိုက်ရေးနည်းလမ်းမှာ ယနေ့ခေတ်တွင် Cebu ဟု အမည်တွင်နေသည်။
    ၁၅ ရာစုနှစ်၌ အစ္စလာမ်သည် စုလူးကျွန်းဆွယ်၌ အခြေခိုင်သွားပြီး ၄င်းမှ မင်ဒါနောအထိ ပျံ့နှံ့သည်။ ၁၅၆၅ ခုနှစ်တွင် မနီလာနယ်ပယ်သို့ ရောက်ရှိလာရာ ယင်းဒေသသားတို့မှ  ဆန့်ကျင်မှု မရှိသလောက်သာ ဖြစ်ခဲ့သည်။
    ( စပိန်ဘာသာစကား Moors မှဆင်းသက်လာသော ) မိုရို ဟူသည် ဖိလစ်ပိုင်လူမျိုး မွတ်စ်လင်မ်များ နှင့် မင်ဒါနောမှ တိုင်းရင်းမျိုးနွယ်စုများကို စပိန်နိုင်ငံသားများက အစဉ်တစိုက် ခေါ်ဆိုသုံးနှုန်းသည့် ဝေါဟာရဖြစ်သည်။ မိုရိုတို့သည် “ ဘန်ဆာမိုရို ” အမည်ဖြင့် မင်ဒါနော၌ (စပိန်ကိုလိုနီနယ်မှ ကင်းလွတ်ရာ) သီးခြားလွတ်လပ်သော အစ္စလာမ့်ပြည်နယ် ထူထောင်ရန် ကြိုးပမ်းခဲ့ကြသည်။ Bangsamoro ဟူသောဝေါဟာရမှာ ပြည်နယ်၊ နိုင်ငံ အဓိပ္ပါယ်ရသည့် ရှေးဟောင်းမလေးစကား – ဘန်ဆာ နှင့် စပိန်စကား – မိုရို တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ကျော်ကြားသော မိုရိုတော်လှန်ရေးသည် ဖိလစ်ပိုင်- အမေရိကန်စစ်ပွဲကာလအတွင်း  ဖြစ်ပေါ်ခဲ့သည်။ ဖိလစ်ပိုင်ဒေသတွင်းရှိ ပဋိပက္ခများ နှင့် တော်လှန်ရေးမှာ ကိုလိုနီခေတ် မတိုင်မီမှ ယနေ့တိုင်အောင် ဖြစ်ပွားနေရသည်။
    မင်ဒါနော မွတ်စ်လင်မ်များ
    Kaum_Purnah_Mosque
    မင်ဒါနောမွတ်စလင်မ်တို့၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ – ARMM သည် ဖိလစ်ပိုင်၏နယ်မြေ ဖြစ်သည်။ မွတ်စ်လင်မ်ပြည်နယ်များဖြစ်သော Basilan ( Isabela မြို့မှအပ)၊ Lanao del Sur၊ Maguindanao၊ Sulu ၊ Tawi-Tawi  နှင့် Marawi ရှိ အစ္စလာမ့်မြို့တော် တို့အား ပေါင်းစုထားသည့် – ကိုယ်ပိုင်အစိုးရအဖွဲ့နှင့်အုပ်ချုပ်သည့် တစ်ခုတည်းသော နယ်မြေ ဖြစ်သည်။ ယင်းဒေသကြီး၏မြို့တော်မှာ ကိုတာဘာတို ၌ရှိသော်လည်း ယင်းအစိုးရ၏အာဏာသက်ရောက်မှုမှ ကင်းကွာလျက်ရှိသည်။
    ဖိလစ်ပိုင်နိုင်ငံလူဦးရေစုစုပေါင်း၏ ၅ % မှ ၁၀ % ( ခန့်မှန်းခြေ ငါးသန်းမှဆယ်သန်း) အထိမှာ မွတ်စ်လင်မ်များ ဖြစ်ကြသည်။ မင်ဒါနောကျွန်း၏လူဦးရေ ၂၀ % ( ၂၅ သန်းအနက် ခန့်မှန်းခြေ ငါးသန်းခန့်) ရှိမည်ဟု ခန့်မှန်းသုံးသပ်ထားသည်။
    ဖိလစ်ပိုင်ရှိ ဘာသာတရားများ
    255px-ReligionPhilippines
    ဖိလစ်ပိုင် နိုင်ငံ ၌ ခရစ်ယျာန်ဘာသာဝင် (အပြာ) နှင့် အစ္စလာမ်ဘာသာဝင် (အစိမ်း) တို့ ပြန့်နှံနေထိုင်ပုံ ပြမြေပုံ
    ဖိလစ်ပိုင်နိုင်ငံရှိဘာသာတရားများကိုလေ့လာလျှင် အယူဝါဒပေါင်းစုံကို တွေ့ရသည်။   Members Church of God International ၊ Iglesia ni Cristo ၊ Aglipayans၊ ကက်သလစ် ၊ ပရိုတက်စတင့် ၊ မွတ်စ်လင်မ် ၊ ဗုဒ္ဓ ၊ ဘာသာမဲ့ ၊ သက်မဲ့ကိုးကွယ်သူ ၊ ဒိဌိ ၊ ဟိန္ဒူ အစရှိသဖြင့် အတူယှဉ်တွဲ နေထိုင်ကြသည်။ ဘာသာရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာအသိုင်းအ၀ိုင်း၏ အသက်သွေးကြောများသဖွယ် တည်ရှိနေသည်။
    ခရစ်ယာန်နှင့်အစ္စလာမ်၏ နာမ်ပိုင်းဆိုင်ရာ အယူအဆသည် ရှေးဟောင်းအယူအဆနှင့် ထုံးတမ်း ဓလေ့များအပေါ် ပို၍ သြဇာညောင်းရကား မြောက်များစွာသော သူတို့သည် ဤဘာသာကြီး နှစ်ရပ်အတွင်းသို့ စုပြုံရောက် ရှိလာခဲ့ကြသည်။ ရှေးရိုးစွဲဝါဒပြဿနာများ၊ စုန်းကဝေကိစ္စများ၊ အာဏာရှင်စံနစ်များကြောင့် ဖိလစ်ပိုင်ပြည်သူတို့က ဘာသာ ကူးပြောင်းရေး၌ ပို၍ စိတ်ဝင်စားလာကြသည်။ ၀ါဒဆိုင်ရာ ထိပ်တိုက်တွေ့ခြင်းများ ရှိကြသော်လည်း ယေဘူယျအားဖြင့် ယုံကြည်ကိုးကွယ်မှု၌ တင်းကြပ် ချုပ်ခြယ်ခြင်း နှင့် အစွန်းရောက်ခြင်းတို့မှာ အလွန်နည်းပါးပေသည်။
    ဒေသခံတို့၏ ရှေးရိုးရာကိုးကွယ်ယုံကြည်မှုများ
    ဖိလစ်ပိုင်နိုင်ငံ၌ ကိုလိုနီခေတ်မတိုင်မီ ကာလများအတွင်း သက်မဲ့အရာများ ကိုးကွယ်သည့် အစဉ်အလာမှာ ကျယ်ပြန့်စွာရှိခဲ့သည်။ ယနေ့သော် ဖိလစ်ပိုင်နိုင်ငံတွင် ကက်သလစ် ခရစ်ယာန်တို့က အများစုဖြစ်နေပြီး၊ ရှေးရိုးရာကိုးကွယ်သူ ဒေသခံများမှာ လက်တစ်ဆုပ်စာမျှသာ ကျန်ရှိနေသည်။ ၄င်းသည် အယူဝါဒနှင့် ယဉ်ကျေးမှု မျိုးစုံရောထွေး စုစည်းမှုဖြစ်ကာ  နတ်များ နှင့် မမြင်ရသည့်အရာများက အကောင်းအဆိုးနှစ်မျိုးဖြင့် သဘာဝတရားအား ထိန်းချုပ်ထားကြသည်ဟု အယူရှိ၍ သဘာဝတရားကို ကိုးကွယ်ခြင်းဖြင့်သာ ၄င်းတို့အား လေးမြတ် ကိုင်းရှိုင်းရာရောက်သည်ဟု ခံယူကြသည်။ ၄င်းနတ်ဘုရားများကို diwata များဟုခေါ်ဆိုကြပြီး ဟိန္ဒူဝါဒ စကား ဒေ၀တာ နှင့်ဆက်စပ်မှု ရှိနေကြောင်း တွေ့ရသည်။ အမည်အမျိုးမျိုး၊ ရုပ်ထုမျိုးစုံကို ဒေသအနှံ့အပြားရှိ ၄င်းတို့ထံ၌ မြင်နိုင်သည်။ အချို့အုပ်စုများက စုန်းကဝေ၊ ဖုတ်ကောင်၊ မြွေနဂါး စသည်ဖြင့် ကိုးကွယ်ကြသည်။ နိုင်ငံလူဦးရေအရ ၁ % မျှသာရှိသော်လည်း  စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ အနုပညာနယ်ပယ်ရှိ ခေတ်ဆန်သောဖိလစ်ပိုင်များအတွင်း၌ပင် ယနေ့တိုင်အောင် အမြစ်တွယ်ဆဲဖြစ်သည်။
    ဘဟာအီများ
    ဘဟာအီအယူဝါဒသည် ဖိလစ်ပိုင်တွင် ၁၉၂၁ ခုနှစ်မှ စတင်သည်။ ၄င်းတို့သည် ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှုကို အတက်ကြွဆုံး ဆောင်ရွက်နေ သူများဖြစ်သည်။ ၂၀၀၅ ခုနှစ် ၊ ကမ္ဘာ့ခရစ်ယာန်စွယ်စုံကျမ်း၌ ဖိလစ်ပိုင်နိုင်ငံတွင် ဘဟာအီဦးရေ ၂၄၇၅၀၀ ဦးရှိမည်ဟု ခန့်မှန်းဖော်ပြထားသည်။
     ခရစ်ယာန်ဘာသာ
    ၁၅၂၁ ခုနှစ်၊ ဖာဒီနန် မဂျဲလင်း ရောက်လာသည်မှအစပြု၍ ဖိလစ်ပိုင်မြေ၌ ခရစ်ယာန်အယူဝါဒ စတင်သည်။ ၁၆ ရာစုနှောင်းပိုင်းတွင် ဖိလစ်ပိုင်ကျွန်းဆွယ်ကို စပိန်ပိုင်နက် အဖြစ်ကြေငြာပြီးနောက် စစ်တပ်များနှင့် သာသနာပြုများဝင်ရောက်ကာ မျိုးစေ့ချခဲ့ကြသည်။ စပိန်ကိုလိုနီ ဘ၀ရောက်စဉ် ကာလရှည်တစ်လျှောက်လုံး စပိန်နှင့်အမေရိကန်တို့မှ သာသနာပြု လုပ်ငန်းစဉ်များအားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် အရှေ့အာရှတွင်  ပထမဆုံးနှင့်ခရစ်ယာန်ဦးရေ အများဆုံး ဖြစ်လာခဲ့သည်။ နိုင်ငံလူဦးရေ၏ ၉၂.၅ % မှာ ခရစ်ယာန်များ ဖြစ်ကြသည်။ ခရစ်ယာန်အုပ်စုမျိုးစုံ ရှိသည့်အနက် ရိုမန်ကက်သလစ်များမှာ ၈၀ % ရှိသည်။ ချာ့ခ်ျဘုရားကျောင်းနှင့်ဘာသာရေးအဖွဲ့ အလွန်များပြားလှသည်။ ဖိလစ်ပိုင်၌ ခရစ္စမတ် ကာလကို စက်တင်ဘာလမှ စတင်သည်။
    ဂျူး ဘာသာ
    ၁၅၉၀ ခုနှစ်များကတည်းက ဂျူးတို့သည် ဖိလစ်ပိုင်သို့ ရောက်နှင့်ခဲ့ကြသည်။ ၂၀၀၅ ခုနှစ်အထိ ဂျူးတို့မှာ လူဦးရေ ၅၀၀ ထက် မပိုခဲ့ချေ။ ၂၀၁၁ ခုနှစ်တွင်မူ မနီလာမြို့တော်တစ်ခုတည်း၌ အိမ်ထောင်စုပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။ ဂျူးဘာသာသို့ ကူးပြောင်းသူများလည်း အထိုက်အလျောက်ရှိနေသည်။
    ဟိန္ဒူဘာသာ
    ယနေ့ကာလ၌ ဟိန္ဒူဝါဒသည် ဖိလစ်ပိုင်အိန္ဒိယအသိုင်းအ၀ိုင်းများအတွင်း အလွန်းနည်းပါးလာသည်။ တိဗက်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနိုင်ငံတို့၌ တွေ့ရသော  ထေရ၀ါဒ နှင့် မဟာယန ဗုဒ္ဓဘာသာမှာ ဟိန္ဒူဝါဒနှင့်တူဆင်နီးစပ်သည်။ ဟိန္ဒူ နှင့် မဟာယနဗုဒ္ဓ၀ါဒ နှစ်မျိုးမှာ ဖိလစ်ပိုင်တွင် ရာစုနှစ်များစွာ တည်ရှိခဲ့ကြသည်။ မြောက်များလှစွာသော ဖိလစ်ပိုင် ပုရာဏ်ကျမ်း အတတ်မှာ ဟိန္ဒူမှ ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်သည်။ ဟိန္ဒူဘာသာနှင့်ယဉ်ကျေးမှုသည် ၄ ရာစုမှ ၁၄ ရာစုအတွင်း အိန္ဒိပြည်တောင်ပိုင်းမှ အရှေ့တောင်အာရှသို့ ရောက်ရှိချိန်၌ ဖိလစ်ပိုင်သို့ ရောက်ခဲ့သည်။ သီရိဝိဇယနှင့်မဟာယန အင်ပါယာ (ယခု မလေးရှားနှင့်အင်ဒိုနီးရှား) က ဖိလစ်ပိုင်ကျွန်းဒေသများထံ ဟိန္ဒူနှင့်ဗုဒ္ဓ၀ါဒ ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။
    ဗုဒ္ဓဘာသာ
    ဖိလစ်ပိုင်ဓလေ့ထုံးတမ်း၌ ဗုဒ္ဓဘာသာဝင်တို့၏ သြဇာကြီးမားမှုရှိ၏။ လူဦးရေတိုးပွားစေခြင်းဖြင့် ဖိလစ်ပိုင်၌ ဗုဒ္ဓ၀ါဒ အလျင်အမြန် ကြီးထွားလာသည်။ ဖိလစ်ပိုင်သားတရုတ်၊ တရုတ်လူမျိုးများ၊ ဂျပန်၊ အိန္ဒိယ၊ ကိုးရီးယား၊ ထိုင်း၊ ဗီယက်နမ် လူ့အဖွဲ့အစည်းများအတွင်း ဗုဒ္ဓဘာသာကို အများဆုံးတွေ့ရသည်။ ဗုဒ္ဓ၀ါဒဂိုဏ်း ၃ မျိုးလုံး၏ ဘုရားကျောင်းကန် အများအပြား ဖိလစ်ပိုင်၌ ရှိနေပါသည်။
    ဘာသာမဲ့များ
    မည်သည့်ဘာသာတရားကိုမှ လက်မခံသည့်ဘာသာမဲ့များသည် နိုင်ငံလူဦးရေအားလုံး၏ ၁၁ % ထိရှိကြောင်း Dentsu Communication Institute Inc., ဂျပန်သုတေသနဌာန တစ်ခုမှ ၂၀၀၆ ခုနှစ်၌ ပြောကြားခဲ့သည်။
    ဘာသာရေး နှင့် နိုင်ငံရေး
    ဖိလစ်ပိုင်၏နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေ၌ ဤသို့ ထည့်သွင်းထားသည်။
    –  အယူဝါဒ နှင့် နယ်ပယ်ကွဲပြားမှုကို တန်ဖိုးထားရမည် ( အခန်း ၂ ၊ အပိုဒ် ၆ )
    –  ဘာသာတစ်ခုခုကိုဘက်လိုက်ပြီး ဥပဒေပြုခွင့် မရှိ။ လွတ်လပ်စွာ ကျင့်သုံးမှုအား တားမြစ်ကန့်သတ်ခွင့် မရှိ ။ ဘာသာတရားဆိုင်ရာ လွတ်လပ်စွာ ရွေးချယ်ခံယူကျင့်သုံးခြင်းအား ထာဝရ ခွင့်ပြုရမည်။ ခွဲခြားဆက်ဆံမှုနှင့်ဘက်လိုက်မှု မပြုရ ( အခန်း ၃ ၊ အပိုဒ် ၅ )
    အချုပ်အားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ဘာသာတရားများနှင့်ပတ်သက်၍ မတရားပြုခြင်း/ပြုစေခြင်း မရှိဘဲ ၊ မိမိပြဌာန်းသည့်ဥပဒေအတိုင်း ဆောင်ရွက်လျက်ရှိသည်။
    Ref:wiki