News @ M-Media

Month: May 2013

  • ဧ၀ရက် တောင်ထွဋ်သို့ ပထမဆုံး ဆော်ဒီ အမျိုးသမီး အနေဖြင့် တက်ရောက်နိုင်ခဲ့

    မေ-၁၉၊၂၀၁၃
    M-Media

    201351812210534734_20

    ဂရပ်ဖစ်ဒီဇိုင်းဘာသာရပ်ဖြင့်ဘွဲ့ရရှိထားသူ အသက် ၂၅ နှစ်အရွယ် Raha Moharrak သည် ဧ၀ရက်တောင်ထွဋ်ရောက် ပထမဦးဆုံး ဆော်ဒီအမျိုးသမီးတစ်ဦး ဖြစ်လာသည်။

    ၂၀၁၃ ခုနှစ်တွင် ဧ၀ရက်တောင်ထိပ်သို့အရောက်တက်မည်ဟု လွန်ခဲ့သော ၂ လက လူ ၄ ဦးပါ အာရပ်အုပ်စုတစ်စုမှ ကြေညာခဲ့သည်။ သူမသည် ထိုအုပ်စု၏တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။

    “ Raha Moharrak ရေ၊ ဂုဏ်ယူတယ်ဟေ့၊ မင်းဟာ ဧ၀ရက်တောင်ထိပ်ကိုရောက်သွားတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပြီ ” ဟု အဖွဲ့ဝင်တစ်ဦးက ဆိုလိုက်သည်။

    ယင်း “ ပင်ယံမြင့်ဖျား အာရဗ်များ ” အဖွဲ့၌ ကာတာ တော်ဝင်မိသားစုဝင်ဖြစ်သော Mohammed Al Thani ၊ ပါလက်စတိုင်းလူမျိုး မြေယာလုပ်ငန်းရှင် Raed Zidan နှင့် ဒူဘိုင်းတွင်နေထိုင်သူ ရေခဲမုန့်လုပ်ငန်းရှင် အီရန်လူမျိုး Masoud Mohammad တို့ ပါဝင်ကြသည်။

    “ ပထမဦးဆုံးဆိုတဲ့အဖြစ်ကို ကျွန်မ အလေးမထားပါဘူး။ နောက်လူအနေနဲ့ ဒုတိယဆိုတဲ့ အသိဝင်သွားမှာစိုးလို့ပါ ” ဟု Moharrak က ခရီးဆက်နေစဉ် ပြောကြားခဲ့သည်။ သူမသည် ဆော်ဒီအာရေဗျ၊ ဂျီဒဟ်မြို့မှ ဖြစ်ပြီး ယူအေအီးနိုင်ငံ၊ ရှရ်ဂျဟ်ရှိ တက္ကသိုလ်တွင် တက်ရောက်ခဲ့သူဖြစ်၏။

    “ ကျွန်တော်တို့တောင်တက်ခရီးစဉ်အတွင်း နီပေါပညာရေး ပရောဂျက်အတွက် ဒေါ်လာတစ်သန်း မ,တည်ပေးနိုင်အောင် ကြိုးစားနေကြပါတယ် ” ဟု အဖွဲ့၏၀က်ဘ်ဆိုဒ်က ဆိုလိုက်သည်။

    လူပေါင်း သုံးထောင်ထက်မနည်း ဧ၀ရက်တောင်သို့ရောက်နိုင်ခဲ့ကြသော်လည်း အကောင်းဆုံးတောင်တက်သမားများသည်ပင်လျှင် ၄င်း၏ မာယာများလွန်းသောရာသီဥတုကြောင့် အသက်အန္တရာယ်ကြုံတွေ့ရလေ့ရှိကြ၏။

    အသက် ၈၀ အရွယ်ရှိ ဂျပန်လူမျိုးတောင်တက်သမားတစ်ဦးသည်လည်း ပြီးခဲ့သည့် ကြာသပတေးနေ့က ဧ၀ရက်တောင်သို့ ရောက်လာသည်။ ကမ္ဘာ့ခေါင်မိုးပေါ်သို့ရောက်ရှိသော အသက်ကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရည်မှန်းထားသည်ဟု သူ၏၀က်ဘ်ဆိုဒ်မှ ဆိုလိုက်သည်။

    Source:Agencies

  • လက်တင်အမေရိက နိုင်ငံများ အမေရိကန် ထောက်လှမ်းရေး၏ ခြိမ်းခြောက်၊ စောင့်ကြည့်ခြင်း ခံနေရဟု ဝီကိလိခ် ဖွင့်ချ

    မေ-၁၇၊၂၀၁၃
    M-Media

    rahimi20130517062900617

    အမေရိကန်တွင်အခြေပြုသည့် သတင်းဆက်သွယ်ရေးနည်းပညာများကို မှီခိုနေရသောကြောင့် လက်တင်အမေရိကနိုင်ငံများ၏ အချုပ်အခြာမှာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ ခြိမ်းခြောက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၀ီကီလီက်ကို တည်ထောင်သူ ဂျူလီယန် အက်စိန်းဂ်ျ(Julian Assange)က ပြောဆိုသည်။

    လက်တင်အမေရိကနိုင်ငံများအနေဖြင့် ၀ါရှင်တန်၏ အင်တာနက်သတင်းအချက်အလက် ကိုင်တွယ်မှုအပေါ် ယုံကြည်စိတ်ချနေခြင်းက အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများဖြစ်ကြသည့် စီအိုင်အေ၊ အန်အက်စ်အေနှင့် အက်ဖီအိုင်တို့မှ စောင့်ကြည့်ခံနေရခြင်း၏ အရင်းအမြစ်ဖြစ်သည်ဟု ဂျူလီယန် အက်စိန်ဂ်ျ က ဥရုဂွေးနိုင်ငံပြည်သူ့တက္ကသိုလ်၌ကျင်းပသည့် ဗီဒီယိုအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်ဟု Russia Today သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

    “လူတစ်ဦးချင်းစီရဲ့ ကြားမှာရှိနေတဲ့ သာမန် စာပေးစာယူစနစ်၊ တယ်လီဖုန်းလိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ပြောဆိုမှုတွေကို အစားထိုးပြီး လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်စုံမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ အင်တာနက် အသုံးအပြုမှုဟာ အမေရိကန်ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့လက်ထဲမှာ ရှိနေပါတယ်။” ဟု သူကဆိုသည်။

    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကွန်ပျူတာစနစ်များမှ ကြီးမားသောဆာဗာများတွင် လက်တင်အမေရိက နိုင်ငံသားများ၏ သတင်းအချက်အလက်များကို သတိလက်လွတ် လွှင့်တင်နေခြင်းများကို ပြောဆိုသွားပြီး ဆိုရှယ်နက်ဝက်များနှင့် ဂူးဂဲလ်ကဲ့သို့ ကုမ္ပဏီများ၏ ထုတ်လုပ်မှုများကို လူကြိုက်များမှု မြင့်တက်လာခြင်းနှင့်ပက်သက်၍လည်း ပြောဆိုသွားခဲ့သည်။ ထိုသတင်းအချက်အလက်များအား ဂူးဂဲလ်၊ ဖေ့စ်ဘွက်၊ ရာဟူးနှင့် အခြားသော အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများက ထိန်းချုပ်ထားသည်။
    “အဲဒီသတင်းအချက်အလက်တွေကို အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတချို့နဲ့ အခြားသော အဖွဲ့အစည်းတွေက တရားဝင်ပုံစံနဲ့ရော၊ အခြားပုံစံနဲ့ပါ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိန်းချုပ်ထားပါတယ်။” ဟု သူကဆိုသည်။

    အဆိုပါ မှတ်ချက်ပေးပြောဆိုမှုမှာ ၎င်းတို့၏ သတင်းထောက်များ၊ အယ်ဒီတာများ၏ နှစ်လတာအတွင်း တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများကို အမေရိကန် တရားရေးဌာနမှ လျှို့ဝှက်စွာ နားထောင်ခွင့်ရနေသည်ဟု အေပီသတင်းဌာနမှ ထုတ်ဖော်ပြောဆိုပြီးနောက်ပိုင်း ရက်အနည်းငယ်အကြာတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။

    ထောက်လှမ်းရေးလုပ်ငန်းအတွက် မိမိနိုင်ငံသားများ၏ တယ်လီဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်ခြင်းနှင့်ပက်သက်သည့် ပြဌာန်းထားသော ကိုယ်ပိုင်ဥပဒေများကို လိုက်နာရာတွင်ပင် အမေရိကန်အစိုးရမှာ စောင့်စည်းမှုမရှိဟု သူက ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံခြားတိုင်းပြည်များမှ ပြည်သူများ၏ သတင်းအချက် အလက်များကို ထောက်လှမ်းစုံစမ်းခြင်းအား တားဆီးရန် အမေရိကန်တွင် ဥပဒေပြဌာန်းထားခြင်းမရှိ ဟူ၍လည်း သူက ဆက်လက်ပြောကြားခဲ့သည်။

    အမေရိကန် တရားရေးဌာနက ဖမ်းယူထားသာ တယ်လီဖုန်းပြောဆိုမှု မှတ်တမ်းများတွင် အေပီသတင်းထောက် တစ်ဦးချင်းဆီ၏ ဖုန်းနံပါတ်များဖြင့် အလုပ်နှင့် ကိုယ်ရေးကိုယ်တာကိစ္စအတွက် ခေါ်ယူပြောဆိုမှုများ၊ နယူးယောက်ရှိ အေပီသတင်းဌာန ရုံးချုပ်၊ ၀ါရှင်တန်၊ ဟတ်ဖို့ဒ်၊ ကွန်နက်တီကတ်ရှိ အေပီသတင်းဌာနရုံးများ၏ ဖုန်းနံပါတ်များဖြင့် ခေါ်ယူပြောဆိုမှုများ၊ အမေရိကန်အောက်လွှတ်တော် မီဒီယာခန်းမှ အေပီသတင်းဌာန၏ ဖုန်းနံပါတ်ဖြင့် ခေါ်ယူပြောဆိုမှုများ ပါဝင်လေသည်။
    MR/HSN

  • အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦး Jorge Rafael Videla ထောင်တွင်း၌ပင် ကွယ်လွန်”

    မေ-၁၇၊၂၀၁၃
    M-Media

    “လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှုများဖြင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ကျခံနေရသော အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦးဖြစ်သူ Jorge Rafael Videla သည် အကျဉ်းထောင်တွင်း၌ပင် ကွယ်လွန်”

    _67675654_videla_two

    အသက် ၈၇ နှစ် အရွယ်ရှိ အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦးဖြစ်သူ Jorge Rafael Videla ဟာ လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှူ များဖြင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ပြစ်ဒါဏ်ကို အကျဉ်းထောင် အတွင်း ကျခံ နေဆဲမှာပင် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် လူကြီး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။

    ဗိုလ်ချုပ် Jorge Rafael Videla ဟာ အာဂျင်တီးနား နိုင်ငံရဲ့ ၁၉၇၆ မှ ၁၉၈၃ အထိ ၇နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလအတွင်း သူတာဝန်ယူခဲ့သည့် ၁၉၈၁ ခုနှစ် ကာလ ထိတိုင်အောင် “ညစ်ညမ်းသည့်စစ်ပွဲ ” “Dirty War”. အမည်ရှိ စစ်ဆင်ရေး ကမ်ပိန်းကာလ အတွင်း လူပေါင်း ၃၀၀၀၀ ထက်မနည်းဖမ်းဆီး နှိပ်စက် ညှင်းပန်း နှိပ်စက်ခံရကာ ဖြစ်ပွါးခဲ့သည့် သေမှူသေခင်း ၃၁ မှူ အတွက် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည်။၁၉၈၅ ခုနှစ်မှာတော့ ဗိုလ်ချုပ်Jorge Rafael Videla ဟာ နှိပ်စက် ညှင်းပန်းမှူ၊ လူသတ်မှူနှင့် အခြား ရာဇဝတ်မှူ များနှင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသော်လည်း ၁၉၉၀ ခုနှစ်တွင် သမ္မတ Carlos Menem လက်ထက်တွင် လူသားချင်း စာနာထောက်ထားမှု အထိမ်းအမှတ် အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေး၍လွတ်မြောက်လာခဲ့ရာမှ ၂၀၁၀ ခုနှစ် အရောက် တွင်တော့ ပြည်ထောင်စု တရားရုံးမှနေ၍ အပြစ်ဒါဏ်များကို ပြန်လည် ကျခံစေခဲ့ခြင်းဖြစ်သည်။

    ဗိုလ်ချုပ် Videla နှင့် အတူ အခြား စစ်အာဏာရှင် ဟောင်းတစ်ဦးဖြစ်သူReynaldo Bignone အားလည်း ရာဇဝတ်မှူများတွင် ပါဝင်ပတ်သတ်မှူများဖြင့် ထောင်ဒါဏ် ၁၅ နှစ်ကျခံ စေခဲ့ကြောင်း သိရပါသည်။

    Ref:BBC

  • စာပေလောကမှ မွတ်စလင် စာရေးဆရာများအား လူမျိုးရေး ပုတ်ခတ် လှုံဆော်မှုများ ပြုလုပ်လာ

    မေလ-၁၃၊ ၂၀၁၃
    M-Media
    တွေ့ဆုံမေးမြန်းသူ – ဆူးထက်

    “နာမည်ရလာတဲ့ စာပေလောကမှ မွတ်စလင် စာရေးဆရာများအား လူမျိုးရေး ပုတ်ခတ် လှုံဆော်မှုများ ပြုလုပ်လာ”  (ဧရာဝတီတိုင်းဒေသကြီး သတင်းစာ ဆရာအသင်း အမှုဆောင်  ကဗျာဆရာ ထက်ဝေး နှင့်အင်တာဗျူး)

    Htet Way
    အင်တာနက် စာမျက်နှာများတွင် ဘာသာရေး ပဋိပက္ခအသွင်ဆောင်တဲ့ စာတွေ၊ အကြမ်းဖက်မူကို လှုံ့ဆော် တဲ့စာတွေ အများအပြားပေါ်ထွက်လာနေပါတယ်။ ယခု ဆိုရင် အင်တာနက် စာမျက်နှာတွေမှာပါ နာမည်ရလာတဲ့ စာပေလောကက မြန်မာမွတ်စလင်  စာရေးဆရာတွေကိုပါ ပုတ်ခတ်ပြီး ကုလားလို့ သုံနှုန်းတိုက်ခိုက်တာတွေကို တွေ့လာရပါတယ်။ ယခုချိန်မှာ ခေတ်စားနေတဲ့ ဘာသာရေး အကြမ်းဖက်မူတွေကို ခုတုံးလုပ်ပြီး မသမာသူများမှ ကုလားဆိုတဲ့ အသုံးအနှုန်းကို တွင်တွင်သုံးပြီး စာပေသမားများကို တိုက်ခိုက်တာ၊ အင်တာနက် စာမျက်နှာများတွင် ရေးသား တိုက်ခိုက် နေမူတွေနှင့် ပတ်သက်၍ လက်ရှိ ဂျာနယ်၊ မဂ္ဂဇင်းအစုံတွင် စာရေးနေသော ဧရာဝတီတိုင်းဒေသကြီး သတင်းစာ ဆရာအသင်း အမှုဆောင်  ကဗျာဆရာ ထက်ဝေးအား M-Media မှတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

    M-Media – အင်တာနက် စာမျက်နှာတွေမှာ ဆရာကို ‘ကုလား’လို့ သုံးနှုန်းပြီး တိုက်ခိုက်တာကို ဆရာအနေ့နဲ့ သိရှိတာများရှိပါသလား။ နည်းနည်းလောက် ပြောပြပေးပါဆရာ။

    ဖြေ – (Mandalay Gazette Myanmar)မှာ ရေးသားထားတာကို ဖတ်ရပါတယ်။  ဒါကလည်း လူတချို့က မလိုလို့ စွပ်စွဲ ရေးသားထားတာဖြစ်ပါတယ်။ ကျွန်တော် အိမ်မဲမြို့နယ် မဂ္ဂဇင်းလုပ်တဲ့ အခါမှာ တစ်ကြိမ်တစ်ခါမှ မထွက်ဖူးတဲ့ မြို့နယ် မဂ္ဂဇင်း ဖြစ်တဲ့အတွက် စာပေစိတ်ဓာတ်နဲ့ စာပေလုပ်ရှားမှုလည်း ဖြစ်အောင်၊ မြို့နယ်မှာလည်း မှတ်တမ်းလေးတစ်ခု ဖြစ်အောင် စိတ်ကူးခဲ့ပါတယ်။ နောက်မြို့နယ်က စာပေစိတ်ဝင်စားတဲ့ လူတွေလည်း ကလောင်သွေးလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါကို ကုလားမဂ္ဂဇင်းလို့ ခေါင်းစဉ်တပ်ပြီး ရေးတာပါ။ ကျွန်တော်တို့ မဂ္ဂဇင်းကို မြို့နယ်က ကော်မတီ သေချာဖွဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှုးက တာဝန်ပေးအပ်တာပါ၊ ဒီတာဝန်ကို စာရေးဆရာ အသင်းကို ထမ်းဆောင်စေချင်ခဲ့တာပါ ဒါပေမယ့် စာရေးဆရာ အသင်းကရော၊ မြို့နယ် မဂ္ဂဇင်းကရော၊ ကျွန်တော့်ကို တာဝန်ပေးပါတယ်၊ စာရေးဆရာ အသင်းထဲမှာ ကျွန်တော်ပါခဲ့ပါတယ်၊ ဒီတာဝန်ကို ထမ်းဆောင်ရင် ကိုယ့်အလုပ်တွေ အများကြီး ပျက်မယ်ဆိုလည်း သိပါတယ်။ ဒါပေမယ့် တာဝန်ယူမယ့်သူ မရှိတဲ့အတွက် ကျွန်တော်ပဲ ယူလိုက်တာပါ။ ဒါကို အုပ်ချုပ်ရေးမှုး နားကပ်နေတဲ့ လူ၊ ကုလားမဂ္ဂဇင်း စသဖြင့် စွပ်စွဲပြောဆိုနေကြတာကို ဖတ်ရပါတယ်။ နောက်တစ်ခုက မြို့ပေါ်ကလူအားလုံး လက်ခံသော်လည်းပဲ နှစ်ဦး၊သုံးဦးရဲ့ သဘောထားနဲ့ ဘယ်သူဘယ်ဝါမှန်း မသိနိုင်တဲ့ အင်တာနက်မှာ ရေးသားနေကြတာပါ။

    ဒါပေမယ့် ခုချိန်မှာ အင်တာနက် စာမျက်နှာတွေမှာ ထိုးနှက်ပြီးရေးသားတာတွေဟာ တစ်မြို့လုံးရဲ့သဘောထား မဟုတ်ဘဲ၊ လူတစ်ဦး နှစ်ဦးရဲ့ သဘောထား ဆိုတာကိုလည်း ကွဲကွဲပြားပြား သိပါတယ်၊ ဘယ်သူ ဘယ်ဝါ ဆိုတာလည်း ခန့်မှန်းလို့ရပါတယ်၊ အခု ခေတ်စားနေတဲ့ ဘာသာရေး အကြမ်းဖက်မူတွေမှာ ကုလားဆိုတဲ့ အသုံးအနှုန်းကို သုံးပြီးတော့ ပြောဆိုရေးသားနေတာကို Mandalay Gazette Myanmar ၀က်ဆိုက်ဒ်မှာ ကိုယ့်ကို ခင်မင်တဲ့ ကိုလေးစားတဲ့ သူတွေရဲ့ လေးစား ခင်မင်မူပျက်အောင် တမင်ရည်ရွယ်ပြီး ထိုးနှက်နေတာဖြစ်တယ်။ အိမ်မဲမှာ စာရေးဆရာ တစ်ယောက်ရှိတယ်၊ အဲဒီလူက ကုလားကြီးကွာ မင်းတို့ လက်မခံကြနဲ့ လို့စည်းရုံးရေး သဘောဆောင်သလို၊ နောက်တစ်ခုက သူ့ စာဖတ်ပရိသတ်၊ သူ့နဲ့ခင်မင်သူတွေက သူ့ကို မုန်းသွားအောင်၊ ဒီလူရဲ့ စာပေအနုပညာကို လက်မခံတော့အောင်ဆိုတဲ့ အဆိုးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ ထင်မြင်မိပါတယ်။ ကျွန်တော်ဖြစ်စေချင်တာက သူ့ရဲ့စာမကောင်းဘူးဆိုရင် စာပေ ဝေဖန်ရေး သဘောမျိုး ရေးစေချင်ပါတယ်။ သတင်းစာ ဆရာတစ်ယောက် အနေနဲ့ ဆိုရင်လည်း ဒီလူဟာ သတင်းစာသမားတစ်ယောက်အနေနဲ့ ရပ်တည်တာ အဂတိ လိုက်စားတယ်၊ ကျင့်ဝတ်ချိုးဖောက်တယ် စသဖြင့် တိတိပပ ဂျာနယ်တွေမှာ တရားဝင် ရေးစေချင်ပါတယ်။ အခုဟာက ဘယ်သူက ရေးမှန်းမသိ၊ ဘာအကြောင်းဆိုတာလည်း အကြောင်းအရာ ခိုင်ခိုင်လုံလုံ မရှိ၊ သူပြောချင်တာက ကဗျာဆရာ ထက်ဝေးက ကုလားဖြစ်နေတယ် ဆိုတာကိုပဲ သူပြောချင်နေတာကို တွေ့ရပါတယ်။

    ဟို တလောကလည်း လူထုအော်သံမှာ သတင်းစာဆရာကြီး ဆိုပြီးတော့ အမျိုးမျိုး ရေးသားတာ တွေ့ရတယ်၊ အဲဒါကတော့ ရေးသားသူရဲ့ ဆန္ဒနဲ့ မညီညွှတ်တဲ့ အခါ ဒီလိုရေးသားတာပါပဲ၊ ဥပမာ လူတစ်ယောက်က သူဖြစ်ချင်တဲ့ ဆန္ဒကို သတင်းစာထဲ ထည့်ပေးပါ၊ ဂျာနယ်ထဲ ထည့်ပေးပါလို့ လာပြောတယ်၊ ဒါပေမယ့် သူဖြစ်စေချင်တဲ့ ဆန္ဒက အများလက်ခံနိုင်တဲ့ အကြောင်းအရာ မဟုတ်ဘူး၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မညီဘူး၊ ဒါကို မလုပ်ပေးတဲ့ အပေါ်မှာ အပြစ်တင်ပြီးတော့ ရေးသားတယ်၊ လူမျိုး ဘာသာကို ထိခိုက်ပြီးတော့ ဒီလူ အညွန့်တုံးပါစေ၊ ဒီလူ့ကို လူတွေ အခင်အမင် ပျက်ပါစေ ဆိုတဲ့ မကောင်းတဲ့ စိတ်စေတနာနဲ့ ရေးသားဖော်ပြနေတာကို တွေ့ပါတယ်၊ သို့သော် သည်းခံပါတယ်၊ ဥပက္ခာပြုထားပါတယ်၊ ကျွန်တော်ရဲ့ အနုပညာ ပန်းတိုင်ကို ရောက်အောင်ပဲသွားနေပါတယ်၊ ကိုယ်စိတ်ဝင်စားရာ၊ ကိုယ်ဝါသနာပါရာ၊ ကိုယ်ပျော်မွေ့ရာဖြစ်တဲ့ စာပေအနုပညာကို ဆက်လက်ရေးသားနေမှာ ဖြစ်ပါတယ်၊ နောက်ကျွန်တော်က အိမ်မဲမြို့ပေါ်မှာလည်းပဲ ဘာသာရေး အသင်းအဖွဲ့ရှိတယ်၊ တကယ့် မြန်မာလူမျိုးကို ချစ်တဲ့၊ မြန်မာဝတ်စားဆင်ယင်မူကို မြတ်နိုးတဲ့ မြန်မာဆန်ဆန်နေတဲ့ မြန်မာမွတ်စလင် လူငယ်များ ဘာသာရေး အဖွဲ့မှာလည်း ကျွန်တော် ဥက္ကဌ တာဝန် ယူထားပါတယ်။

    M-Media – ဆရာက မြန်မာစာ ကျူရှင်ဆရာ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလေး ပြောပြပေးပါ။

    ဖြေ – ဆရာက တက္ကသိုလ်ဝင်တန်း (၁၀တန်း) ကို ၁၃-နှစ်တိတိ မြန်မာစာ ကျူရှင်သင်ခဲ့ပါတယ်၊ ဆရာမကြီး လူထုဒေါ်အမာက ဆရာမောင်သန်းဝင်း(ရန်ကုန်တက္ကသိုလ်) ကိုပြောသလို “ကိုးကွယ်ရာ ဘာသာသာ ခြားနားတာ၊ လူမျိုးအနေနဲ့ ခြားနားတာမဟုတ်” ဆိုတဲ့ ခံယူချက်အတိုင်း မြန်မာစာကို ချစ်ပြီး ကျူရှင်ဆရာ အဖြစ် ၁၃-နှစ် လုပ်ခဲ့တယ်၊ မြန်မာစာသင်ရင် ကျောင်းသားအင်အားနည်းမယ်၊ ဆင်းရဲမယ် ဆိုတာ သိတယ်၊ သို့သော်ကျွန်တော်က ကဗျာ၊ စာပေတွေကို ၀ါသနာပါတဲ့သူ ဖြစ်တယ်၊ မြန်မာစာကို ချစ်တဲ့ အတွက် မြန်မာစာ ကျူရှင်ဆရာ လုပ်ခဲ့ပါတယ်၊ ဒီလို မြန်မာစာပေကို ချစ်မြတ်နိုးပြီး စာပေလှုပ်ရှားမူတွေ အများကြီး လုပ်ခဲ့တယ်၊ စာပေဟောပြောပွဲတွေ အိမ်မဲမှာ လုပ်ခဲ့တယ်၊ အခု မြို့နယ် မဂ္ဂဇင်းမှာလည်း အပင်ပန်းခံပြီးတော့ စာမူတွေ စုတယ်၊ အပင်ပန်းခံပြီးတော့ ကျွန်တော်တို့ အိမ်မဲမြို့မှာ ထွက်ရှိခဲ့တဲ့ မဂ္ဂဇင်းကို မဂ္ဂဇင်းကောင်းတစ်အုပ် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

    M-Media – ဆရာ စာပေတွေ ရေးသားဖြစ်တဲ့ အကြောင်းလေးနဲ့ စာရေးရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးပါဦး။

    ဖြေ  –  ကျွန်တော် စာပေရေးသားရတဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထု အားလုံးအတွက်ပါ၊ ကလောင်နာမည် ထက်ဝေးနဲ့ ရသစာပေတွေရေးတယ်၊ ကဗျာတွေရေးတယ်၊ ၀တ္ထုတွေ ရေးတယ်၊ ဆောင်းပါးတွေ ရေးတယ်၊ မန္တလေးအလင်း သတင်းဂျာနယ်မှာလည်း ညီမလေးဖတ်ဖို့ ဆိုတဲ့ ဆောင်းပါးကို ပင်တိုင်ရေးခဲ့ပါတယ်၊ ဂျာနယ်တော်တော်များများမှာလည်း ရေးပါတယ်၊ နယ်မှာနေတာ ဖြစ်တဲ့ အတွက် လောလောဆယ်တော့ ပုံမှန်တော့ မပါဘူး။ သို့သော်လည်းပဲ တော်တော်များများ စုံအောင် ရေးပါတယ်။

    M-Media –  ဟုတ်ကဲ့ပါဆရာ။ ဆရာ့အနေနဲ့ M-Media ကတဆင့် စာဖတ်သူတွေကို ဘာများ ဖြည့်စွက်ပြောပြချင်ပါသေးသလဲ။

    ဖြေ – ကျွန်တော် စာပေရေးသားရတဲ့ ရည်ရွယ်ချက် ကတော့ ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ အကြောင်းအရာ ခံစားချက်လေးတွေကို ဖော်ကျူးသလို သုတပိုင်းဆိုင်ရာမှာ အများသူဌာတွေမှာ အလင်းရစေချင်လို့၊ သိစေချင်လို့ သဘောနဲ့ ရေးသာပါ။ သုတ၊ ရသ အစုံ ရေးတာက ပြည်သူတွေ အကျိုးအတွက်ပါပဲ၊ ဘာသာလူမျိုး မခွဲခြားဘူး၊ အားလုံးအတွက်ပါ၊ ကိုယ်သိတာလေးတွေ၊ ကိုယ်တတ်တာလေးတွေကို တင်ပြပေးတယ်၊ တစ်ထောင့်တစ်နေရာကနေ အစက်ပြောက်လေး တစ်ခုပဲ ဖြစ်ပါစေ စာပေအပေါ်မှာ တာဝန်ကျေအောင် ထမ်းရွက်တာပါ။ သတင်းနဲ့ ပတ်သက်လို့လည်း ကလောင်ခွဲတွေနဲ့ ရေးပါတယ်၊ ကြေးမုံ သတင်းစာမှာ ဇော်ထက်(အိမ်မဲ) အမည်နဲ့ သတင်းတွေ ရေးတာဟာ ပြည်သူတွေ အတွက်ပါပဲ၊ ပြည်သူတွေ သိအောင်၊ ပြည်သူတွေ မြင်အောင် သတင်းအချက်အလက်တွေကို ရည်ရွယ်ချက်ကြီးကြီးနဲ့ သတင်းစာကျင့်ဝတ်နဲ့ ညီအောင် ကြိုးစား ရေးပါတယ်၊ ဂျာနယ်တွေမှာလည်း ရေးပါတယ်၊ ကျွန်တော်ရေးတဲ့ သတင်းတွေဟာ ပြည်သူတွေ အမှန်တကယ် သိသင့် သိထိုက်တဲ့၊ သိဖို့လိုအပ်တဲ့ သတင်းတွေကို ရေးပေးပါတယ်။

    M-Media –  ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ့ရဲ့ ရှိတဲ့အချိန်ထဲကနေ အခုလို မအားမလပ်ကြားထဲက ဖြေကြားပေးတာအတွက်ကို ပိုပြီးကျေးဇူးတင်ပါတယ်။
    ဖြေ –  အခုလို မေးမြန်းပေးတဲ့ အတွက် ကျွန်တော်ကလည်း M-Media ကို ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျား။

    * ဆရာထက်ဝေး ရန်ကုန်ကိုရောက်ရှိပြီး အိမ်မဲသို့ ပြန်ခါနီးအခိုက်အတန့် ရသလောက်အချိန်အတိုင်းအတာအတွင်းမှာ မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ မအားတဲ့ကြားကနေ စိတ်ရှည်ရှည်ဖြေကြားပေးတဲ့ ဆရာထက်ဝေးကို M-Media မှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

  • မက္ကဟ်နှင့် မဒီနာ ရှိ မြင့်မြတ်သော ဗလီဝတ် ကျောင်းတော် ၂ ခုတွင် တရားဟော အစီအစဉ်များ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးမည်။

    မေ-၁၇ ၊၂၀၁၃
    M-Media

    holy_mosque

    မက္ကာ နှင့် မဒီနာ တွင်ရှိသော မြင့်မြတ်သည့် ဗလီဝတ်ကျောင်းတော် နှစ်ခု၌ ဘာသာရေး ဟောကြားချက်များအား ကမ္ဘာတဝှမ်းတွင်ရှိသော အာရပ်ဘာသာစကား မပြောတတ်သူများ အတွက် အင်္ဂလိပ်ဘာသာရပ် တစ်ဘာသာတိုး၍ ဟောကြားပေးမည်ဖြစ်ကြောင်း။ ဗလီဝတ် ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး နှင့် Imam Muhammad bin Saud Islamic University (IMIU) တို့ ဘာသာရေး ဟောကြားချက်အား အင်္ဂလိပ်လို ဘာသာပြန်ဆိုပေးရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

    တက္ကသိုလ်မှ တရားဓမ္မ ဘာသာပြန်ဆိုချက်များအား ကြပ်မတ်မည်ဖြစ်ကြောင်းနှင့် ဗလီဝတ်ကျောင်းတော် နှစ်ခုတွင်ပြောကြားသော အင်္ဂလိပ်ဘာသာဖြင့် ဟောကြားချက်များအားလည်း ကြီးကြပ်မည် ဖြစ်ကြောင်း သိရသည်။

    မြင့်မြတ်သော ဗလီဝတ်ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး Sheikh Abdul Rahman Al-Sudais နှင့် IMIU ၏ ပါမောက္ခချုပ် Suleiman bin Abdullah Aba Al-Khail တို့ စာချုပ်အား သဘောတူချုပ်ဆိုခဲ့ကြပြီး၊ IMIU ရှိ ဘာသာရပ် နှင့် ဘာသာပြန်ဆိုမှု ဌာန (Dean of Languages and Translation) မှ ယခုလက်ရှိအချိန်အထိ ဘာသာရေးဟောကြားချက် ၇၆ ခု၊ စုစုပေါင်း စာမျက်နှာ ၁,၀၂၇ ရွက်အား ဘာသာပြန်ပြီးကြောင်းသိရသည်။

    အလ်ဆောလ်ဒ်စ် (Al-Sudais) မှ ဆော်ဒီနိုင်ငံခေါင်းဆောင်များနှင့် တက္ကသိုလ်အား အစ္စလာမ် သာသနာ့ အဆုံးအမများအား ကမ္ဘာတဝှမ်း ပြန့်ပွားစေမည့် စီမံချက်အား အထောက်ကူပေးခဲ့သဖြင့် အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကဟ်မြို့ရှိ ဗလီဝတ်ကျောင်းတော်နှင့် မဒီနာမြို့ရှိ တမန်တော် မုဟမ္မဒ် ဗလီဝတ်ကျောင်းတော်တို့ကို ကမ္ဘာ့အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်များအဖြစ် အစ္စလာမ်ဘာသာဝင်တို့က သတ်မှတ်ယုံကြည်ထားကြသည်။