News @ M-Media

Month: May 2013

  • အွန်လိုင်းသုံး ပြည်သူများ တုန်လှုပ်ခဲ့ရသော အမေရိကန်ရဲ၏ လူမဆန်သော လုပ်ရပ် ဗီဒီယို

    အွန်လိုင်းသုံး ပြည်သူများ တုန်လှုပ်ခဲ့ရသော အမေရိကန်ရဲ၏ လူမဆန်သော လုပ်ရပ် ဗီဒီယို

    မေ-၁၆၊၂၀၁၃
    M-Media

    အမေရိကန်နိုင်ငံ ရဲ၏ လူမဆန်သောလုပ်ရပ် ဗီဒီယိုသည် အွန်လိုင်း နှင့် လူမှုကွန်ရက် စာမျက်နှာ များသို့ ပြန့်နှံ့သွားပြီး၊ လူအများအား တုန်လှုပ်စေခဲ့သည် ဟုသိရသည်။

    ဗုဒ္ဓဟူးနေ့က အွန်လိုင်းသတင်းများတွင် တင်ပြခဲ့သည်မှာ ဗီဒီယိုတွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ  ကိုတတီ(Cotati) မြို့ငယ်လေး အတွင်းရှိ အိမ်တစ်လုံးအတွင်းသို့ ရဲအရာရှိများ ဖျက်ဆီးဝင်ရောက်ခဲ့ပြီး၊ အိမ်ရှင်၏ ရှာဖွေရေး ၀ရမ်းတောင်းဆိုမှုအား လျစ်လျူရှုကာ၊ အိမ်ရှင် လင်မယားအား လျှပ်စစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

    ထိုသို့မဖြစ်ပျက်မှီ၊ အိမ်တွင်ရှိသော ပြတင်းပေါက်ကြီးမှတစ်ဆင့် ရဲအရာရှိများသည် အိမ်ရှင်အား သူတို့သည် အိမ်နီးနားခြင်း၏ တိုင်ကြားမှုကြောင့် ၄င်းအိမ်ထဲတွင် ဆူညံ့စွာပြသနာ ဖြစ်ပျက်နေသည်ကို စစ်ဆေးရန်ရောက်ရှိလာကြောင်းပြောကြားခဲ့သည်။

    သို့သော် အိမ်ရှင်လင်မယားသည် အိမ်အတွင်း မည်သည့်ပြသနာမှဖြစ်ပွားမှု မရှိကြောင်း၊ ရှာဖွေရန် ၀ရမ်း မပြသနိုင်ပါက အိမ်ထဲသို့ ၀င်ခွင့်မပြုနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    ရဲအရာရှိတစ်ဦးက “ခင်ဗျားတို့ အိမ်အပြင်ဘက်သို့ ဘာကြောင့်ထွက်မလာလဲ?” ဟုမေးကြောင်း။

    ယောင်္ကျားဖြစ်သူက “ကျွန်တော်တို့သည် ရဲများကြီးကြပ်နေသော ဒေသတွင်နေထိုင်နေသည် မဟုတ်ပါ၊ ဒီဒေသတွင် စစ်တပ်မှ အမိန့်ထုတ်ပြန်ထားခြင်းလည်းမရှိပါ” ဟုပြန်လည်ပြောကြားခဲ့သည်။

    ရဲအရာရှိများသည် သေနတ်များကိုင်ဆောင်လျက် တံခါးအား ဖျက်ဆီး ၀င်ရောက်လာခဲ့ကာ၊ အိမ်ရှင်လင်မယားအား ကြမ်းပေါ်တွင် ၀ပ်နေစေရန်အမိန့်ပေးခဲ့ကြောင်း။ လင်မယားမှ ရဲအရာရှိများ၏ အမိန့်ကို ဆန့်ကျင်ကာ “ခင်ဗျားတို့မှာ ဒီလိုလုပ်ပိုင်ခွင့်မရှိ” ဟု အမိန့်အားငြင်းဆိုခဲ့သဖြင့်၊ မိန်းမဖြစ်သူအား ဦးဆောင်သူ ရဲအရာရှိမှ လျှပ်စစ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ယောင်္ကျားဖြစ်သူအား ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ထိုအဖြစ်အပျက်သည် မှတ်တမ်းအရ မေလ ၁၀ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ကြောင်း၊ ကိုတတီမြို့ ရဲဌာနမှ ရဲမှုးကြီး မစ်ရှလ် ပါရစ်ရှ်(Michael Parish) မှ မှတ်တမ်းအား လေ့လာရာတွင် သူ၏ ရဲဌာနသို့ ညနေ ၃.၄၅ မိနစ်တွင် အိမ်နီးချင်း၏ “သူ၏ဘေးအိမ်အတွင်းမှ ပြသနာ အကြီးကျယ်ဖြစ်ပျက်နေသည်ကို ကြားရှိကြောင်း”  တိုင်ကြားသည့် ဖုန်းကို လက်ခံရရှိခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အဖြစ်ပျက် တစ်ခုတွင် ကယ်လီဖိုးနီးယားနိုင်ငံ ရဲအရာရှိများပါဝင်ပြီး၊ ကလေး ၄ ယောက်၏ ဖခင်ဖြစ်သူသည် လမ်းထောင့်တွင် မူးပြီးအိပ်ပျော်နေသည်ကို တွေ့ရှိ၍ ဖမ်းဆီးကာ သေသည်အထိ ရိုက်နှက်ခဲ့ကြောင်း၊ ထိုလူသေဆုံးပြီးနောက်တွင် ကာန် ကောင်တီ(Kern County) ရဲဌာနသည် မီးလောင်ခဲ့ကြောင်း သိရသည်။

    ထိုအဖြစ်အပျက်အပြီးနောက်၊ ရဲအရာရှိများသည် ၄င်းရိုက်နှက်မှုကို ဖုန်းများနှင့် စက်စ္စည်းများဖြင့် မှတ်တမ်းတင်ထားသော ထိုပတ်ဝန်းကျင်တွင်နေထိုင်သူများအား ဖမ်းဆီးခဲ့သည် ဟုသိရသည်။

    သတင်းထောက်များထံသို့ မျက်မြင်တွေ့သူများက တူညီစွာပြောကြားခဲ့သည်မှာ၊ ဒေးဗစ် ဆလ် ဆလ်ဗာ(David Sal Silva) ဆိုသူသည် သူ၏အသက်ချမ်းသာပေးရန်တောင်းပန်နေသည်ကို လျှစ်လျူရှု၍ ရဲအရာရှိများက လက်ကိုင်တုတ်များဖြင့်ခေါင်းကို မသေမခြင်းရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

    MFB/MFB

  • မာတိကာ (M-Media Blog ကဏ္ဍ)

    မာတိကာ (M-Media Blog ကဏ္ဍ)

    မေ-၁၇၊၂၀၁၃
    M-Media
    ရေးသူ-ကုလားအုပ်ငယ် (ကန္တာရရပ်ဝန်း)

      မာတိကာ

    ၁)နာမည်ကြီး

    “ဘားမားဆို တာ ဘယ်နားမှာလဲ၊ ငါ တစ်ခါမှ မကြားဖူးဘူး ” ဆိုတဲ့ မိတ်ဆွေနှစ်ယောက်ကြောင့်  ကျွန်တော် နည်း နည်း စိတ်တိုသွားသည် ။ အဲဒါကြောင့်  ကျွန်တော့်တို့ နိုင်ငံကို မသိရကောင်းလား ဆိုပြီး “မင်း က ဘယ်နိုင်ငံကလာတာလဲ ၊” မေးလိုက်သည်။

    “ငါက အိန္ဒိယ ကပါ ၊ သူကတော့ နီပေါလ် က ပါ ၊”  မိတ်ဆွေနှစ်ဦး ဖြေသည်။

    “  အော် အဲဒါ ဘားမားရဲ့ အိမ်နီးချင်းနိုင်ငံတွေလေ၊ အဲဒါ ခင်ဗျားတို့ ငယ်ငယ်က ပထ၀ီ မသင်ခဲ့ရဘူးလား ။” ကျွန်တော်က တော့ မခံချင်စိတ်ဖြင့်မေးသည် ၊ ဖုန်း ကနေ မြေပုံရှာပြီး ပြသည်။ အဲဒီ့ အဖြစ်အပျက် က လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကပါ ။ အခုတော့ ကျွန်တော့်နိုင်ငံက လူသိများနေပါပြီ ၊ ကျွန်တော် စိတ်တိုစရာမလိုတော့ပါ ၊ အားလုံးသော ကမ္ဘာအရပ်ရပ်က မိတ်ဆွေများလည်း ပထ၀ီ တတ်သွားကြပါပြီ။ ကျွန်တော့် ကို ဘယ်က လာတာလဲ မေးတောု့ မြန်မာပြည်ကလို့လည်းပြောရော  “အော် အော် သိပြီ ဒိန်းဂျားဘားမား” တဲ့ ။

    ၂) ဒါဒို့ကျောင်း

    ကျွန်တော်လွန်ခဲ့သော နှစ် နှစ်က ကျွန်တော်တို့ အ ထက် တန်းကျောင်း အာစရိယ ပူဇော်ပွဲ ဖိတ်စာရလို့  ဆရာ၊ ဆရာများ ကို တွေ့ချင်စိတ်ဖြင့်ရောက်သွားသည်။  အစ္စလာမ်ဘာသာဝင် ကိုးဆယ်ရာခိုင်နှုန်းရှိသော ကျွန်တော်တို့ ကျောင်း၏ အာစရိယ ပူဇော်ပွဲသည် အလွန်တရာ ကြည်နူးဖွယ်ကောင်း၏။ ငါးတန်း ခြောက်တန်းကတည်းက နှစ်စဉ် ကျောင်းမှာ သီတင်းကျွတ်လ မှာ ဆရာတွေကို ကန်တော့ လျှင် ကျွန်တော် တို့ အစ္စလာမ်ဘာသာဝင်များ က လည်း စလ္လာမ်မေတ္တာပို့သ ပြီး  မိမိတို့မှာ အပြစ်များရှိခဲ့လျှင် ခွင့်လွှတ်ဖို့ တောင်းပန်နေကျ အစဉ်အလာသည် ယနေ့တိုင်။ ဗုဒ္ဓဘာသာဝင်သူငယ်ချင်းများက တစ်ဖက် ၊ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များက တစ်ဖက် ထိုင် ပြီး စေတနာ၊ ၀ါသနာ၊ အနစ်နာ ၊ ဂရုဏာ ဆိုသော နာလေးနာ ဖြင့် ပညာသင်ပေးခဲ့သော ဆရာ၊ ဆရာများကို အရိုအသေပြုခြင်းပင်။ အာစရိယ ပူဇော်ပွဲ မှာ ဤအစဉ်အလာကို တွေ့ကြုံ ခံစားရင်း ငယ်ငယ်က ကျောင်းသားဘ၀ကို ပြန်ရောက်သွားသလိုပင် ။

    ငယ်ငယ်က တန်ဆောင်မုန်းလဆို အတန်းပိုင်ဆရာမများ၏ ဦးဆောင်မှုဖြင့် (facebook အခေါ်) ကုလားလေး ၊ ကုလားမလေးများ ပဒေသာပင် တီး(တည်) သည်။ အစ္စလာမ် ဘာသာဝင် ကျောင်းသား အများစု ရှိသော ကျွန်တော်တို့ကျောင်းပဒေသာပင် သည် အခြားကျောင်းများ ၏ ပဒေသာပင်များ နှင့် တန်းတူ ဖြစ်ခဲ့တာ အမှတ်ရမိသည်။ ဒါသည် ယခု ဆယ်စုနှစ်အတွင်းက အကြောင်းတွေပါ ၊ဒီအကြောင်းတွေ facebook ပေါ် မရောက်သေးလို့ ကျွန်တော် အားလုံးသိအောင် ရေးလိုက်ပြီ။

    ၃) မြန်မာ့ရိုးရာဆဲစရာ

    မြန်မာလူမျိုးအစွန်းရောက်တို့၏ facebook စာမျက်နှာတို့သည် အဆဲစကားလုံးများနှင့် ပြည့်နှက်နေပြီး ၊ သွေးဆာမှု အကြမ်းဖက်မှု များကို အားပေးခြင်းဖြင့် မိမိတို့၏ ဦးနှောက် အသိတရား နည်းပါးမှုများကို ဖော် ထုတ် ပြသနေသည်။  အရှက်မရှိသော နှုတ်လျှာတို့ဖြင့် ကုလား ကုလား ဆိုလျှင် ဆဲလိုက်မည် ၊ ဘုရား ဘုရား ဆိုလျှင် လိုက်ပြီး ဘုရားတလိုက်ဖြင့် စိတ်ဓါတ်ညစ်ညမ်းမှု အရှိန်အ ဟုန် အားကောင်းစွာ အစွန်းရောက် စိတ္တဇ စိတ်ဖုံးလွှမ်းနေမှု အား  မျိုးချစ်မြန်မာ ဟု မိမိကိုယ်ကို ဟစ်ကြွေးနေခြင်းကို ရိုးရာ တစ်ခု အဖြစ် အသက်သွင်း စတင်နေကြသည်။

    ၄)ဂျလာလာနီ၊၀ါကာအူဒင်နှင့် မြန်မာ့အလှ မြန်မာ့ရှူခင်း

    အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး အစွန်းရောက် ခေါင်းဆောင် ၀ီရသူ ၏ hate speech အတွင်း နောက်ကွယ် က ကြိုးကိုင် နေသူ ဂျလာလာနီ နှင့် ၀ါကာအူဒင်တို့ သည်  မြန်မာနိုင်ငံရှိ ဗလီဝတ်ကျောင်းတော်များကို နိုင်ငံခြားမှ အဝေး ထိန်းခလုတ်ဖြင့် ကာကွယ်လျက် ရှိသောကြောင့် မြန်မာနိုင်ငံရှိ ဗလီများသည် နဂိုမူလ ပုံမပျက်ခမ်းနားလှပနေသည်။  ပြာကျသွားသော ရွာများရှိ ရွာသူရွာသားများ သည် ၄င်းတို့၏ ခေါင်းဆောင်များ အာရပ်ကမ္ဘာမှ ရေနံသူဌေး များ ၏ အကူအညီဖြင့် ဒုက္ခရောက် ခြင်း အလျင်းမရှိကြချေ။ မီးလောင်ပြင်ဖြစ်သွားသော မြန်မာနိုင်ငံ၏ အစိတ်အပိုင်းများသည် မတရားကျူးကျော် ၊ ခိုးဆိုးလုယက် သတ်ဖြတ် သူတို့ လက်ရာ ၏ သက်သေပင် ။ ဤ ခိုင်လုံသောသက်သေများဖြင့် မြန်မာပြည်ကြီး တိုးတက်လှပသာယာနေသည်။

    ၆)ဆိုချင်း

    ကျွန်ုပ်၏စာ မညစ်စေလို

    ဆဲဆိုချင်းကင်း ၊ ညီအချင်းတို့

    မြတ်ကျမ်းကုရ်အာန် သင်ကြားလာသော်

    ဟဒီးစ်တော်များ သင်ခါမပြတ်

    မြတ်တမန်တော် ဆုံးမ၀ါဒ

    နူးညံ့ နှလုံး အကြမ်းမသုံးခါ

    တောင်းဆုဒုအာ ကလဲ့စားမပါလည်း

    ဒုက္ခသည်ပေါင်း ကူညီကြောင်းငှာ

    ကျွန်ုပ်တို့အား တာဝန်ပွားစေ

    မုအ်မင်အချင်း ညီနောင်ရင်းမို့

    ကျောင်းတော်ဗလီ မြေတွင်ခဆင်း

    ရှဟီဒီ ၀ိဥာဉ် အပြစ်ကင်းစင်လို့

    ဘယ်ခြေနေရောက် အိမ်ယာပျောက်လည်း

    အီမာန်ရတနာ ရင်ဝယ်ဆက်သော်

    သေလည်း ညီစေ ရှင်လည်း တူစေ။                           ။

     

    ကုလားအုပ်ငယ် (ကန္တာရရပ်ဝန်း)

  • ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အောင်ပန်းမြို့တွင်ကျင်းပ

    မေ-၁၆၊ ၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ-ဘုန်းမင်းခန့်

    ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အောင်ပန်းမြို့တွင်ကျင်းပ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့ ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၃)ကို ၂၀၁၃ခုနှစ် မေလ(၁၃)ရက်နေ့နှင့်(၁၄)ရက်နေ့တို့တွင် အောင်ပန်းမြို့၊ မြို့မသမ၀ါယမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါတယ်။

    kmh001 (2)

    ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှ ကြီးမှူးကျင်းပပြုလုပ်သော ကလောမြို့နယ်၊အောင်ပန်းမြို့နှင့်ဟဲဟိုးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၃)သို့ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ကိုယ်စားလှယ် နှင့်ဘာသာရေးခေါင်းဆောင်များ၊ ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာလူကြီးမင်းများနှင့် အခြားဧည့်သည်တော်များ၊ ကလောမြို့မှ ဘာသာပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

    အခမ်းအနားတွင် အောင်ပန်းမြို့၊ အောင်ချမ်းသာကျောင်းတိုက်ဆရာတော်မှ ဗုဒ္ဓဘာသာနှင့်ငြိမ်းချမ်းရေးတရားကို “မေတ္တာသည်သာ အဓိက ပဓာနဖြစ်ကြောင်း၊ မေတ္တာစစ်သည်သာ ငြိမ်းချမ်းမှုကို အမှန်တကယ် ပေးစွမ်းနိုင်မှာဖြစ်သောကြောင့် မေတ္တာဖြင့်သည်းခံခွင့်လွှတ်ခြင်းကို ဆောက်တည်ရမည် ဖြစ်ကြောင်း၊ သည်းခံခွင့်လွှတ်ပေးနိုင်မှုသည် ပြဿနာအရပ်ရပ်အား ကျေအေးမှုဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့်တစ်ဦးနှင့် တစ်ဦးရင်းနှီး ခင်မင်ကြကာ၊ မေတ္တာပြည့်ဝစွာဖြင့်၊ ပြဿနာများကို ဖြေရှင်းနိုင်ပြီး၊ငြိမ်းချမ်းမှုကို ရှေ့ရှုဆောင်ရွက်သွားရမည်” ဟူ၍ ဟောကြား သြ၀ါဒ ချီးမြင့်တော်မူပြီး၊ လွယ်မယ်ကျာင်းတိုက်ဆရာတော်မှ စည်းလုံး ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးလမ်းစဉ်များအတွက် “ ဖြစ်ပေါ်လာသော ပြဿနာများကို ခင်မင်ရင်းနှီးစွာ နှင့် ချစ်ကြည်သော မေတ္တာစိတ်တို့ကို အခြေခံ၍ သံသယကင်း ဥာဏ်အမြင်လင်းကာ ဒေါသ အာဃာတမထားပဲ ညီညွတ်မှုကို ဦးတည်ပြီး ပွင့်လင်းမြင်သာစွာ ရှင်းလင်းနိုင်မည်ဆိုလျှင် ကမ္ဘာလောကကြီးသည်  စိမ်းလန်းစိုပြေ ငြိမ်းချမ်းသာယာနေမှာ အမှန်ပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာ ဘာသာတရားအသီးသီး၏ အဆုံးမများကို နှလုံးသွင်းဆင်ခြင်နိုင်ကြလျှင် ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်ပြီး ငြိမ်းချမ်းတည်ငြိမ်စွာ အတူယှဉ်တွဲနေထိုင်နိုင်မှု တည်တံ့နေပေလိမ့်မည်” ဟူ၍ သြ၀ါဒစကား မိန့်ကြားတော်မူခဲ့ပါတယ်။

    kmh001 (23)

    ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးဒိုးဒိုးဝါးမှ “ဘာသာရေးခေါင်းဆောင်များ ယခုကဲ့သို့ ရင်းနှီးချစ်ကြည်စွာတွေ့ဆုံမှု မကြာခဏပြုသင့်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံခွင့်ရခြင်းဖြင့် ဘာသာအသီးသီးအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို များစွာအထောက်အကူဖြစ်စေကြောင်း၊ လူသားများအားလုံး အပြန်အလှန် နားလည်မှုရှိရန်အရေးကြီးပြီး၊ တစ်ဦးနှင့်တစ်ဦး လူမျိုးစွဲ ဘာသာစွာမထားပဲ လေးစားမှုရှိရန် ၊ ရိုင်းပင်းကူညီတတ်ရန်၊ ကိုယ်နှင့်အမျှ ချစ်ခင်တတ်ရန်၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးကို ၀ိုင်းဝန်းထိန်းသိမ်းရန် အရေးကြီးကြောင်း” ခရစ်ယာန်ဘာသာနှင့်ငြိမ်းချမ်းရေးတရားကို တင်ပြခဲ့ပြီး

    မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူး ဆရာကြီးဦးအောင်နိုင်မှ ဟိန္ဒူဘာသာနှင့်ငြိမ်းချမ်းရေးတရားကိုဟောကြားရာ၌ “ ပဋိပက္ခများအားလုံး၏ နောက်ဆုံး အဆုံးသတ်ရလဒ်သည် ပျက်စီးဆုံးရှုံးမှု မကောင်းမှုများသာဖြစ်ပြီး မည်သည့်လူသားတစ်ဦးအတွက်မှ အကျိုးမပြုကြောင်း၊ ထို့ပြင် လူသား၏ သိက္ခာ၊ မိမိအသိုင်းအ၀ိုင်းနှင့် ပတ်ဝန်းကျင်၏ သိက္ခာကိုပါကျဆင်းစေနိုင်ပြီး၊ နိုင်ငံ၏တိုးတက်မှုကိုဖော်ဆောင်ရာတွင် နှောင့်နှေးသွားစေပါကြောင်း၊ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ခင်မင်မှု၊ လေးစားမှု၊ ငြိမ်းချမ်းမှုများအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားရမည်ဖြစ်ပါကြောင်း” ဟူ၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အတွက် လိုအပ်ချက်များကို တင်ပြခဲ့ပါတယ်။

    kmh001 (11)

    ထို့နောက် မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဓမ္မသတ်မှူး အလ်ဟာဂ်ျဆရာဦးမြင့်နိုင်မှ “အစ္စလာမ်ဘာသာနှင့် အစ္စလာမ်မှ ညွှန်ပြဆိုဆုံးမထားသော ငြိမ်းချမ်းရေးတရား – အမိန့်တော်များကို နာခံ၍၊ လူသားအားလုံး မေတ္တာမျှဝေရန်၊ အင်အားရှိသူများအနေဖြင့် မေတ္တာဖြင့် အင်အားနည်းစုကို ၀ိုင်းဝန်း ကာကွယ် စောင့်ရှောက်ပေးရန်၊ ဘာသာဝင်တစ်ဦးမှ ဘာသာဝင်တစ်ဦးသို့ လေးစားတန်ဖိုးထားပြီး သာယာသောလူမှုဘ၀ကို လက်တွဲတည်ဆောက်ကျရန်” စသဖြင့်  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် လိုအပ်ချက်များကို တင်ပြပေးခဲ့ပါတယ်။

    ထို့နောက် တက်ရောက်လာသော ဘာသာပေါင်းစုံမှ သာသနာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများမှ – ချစ်ကြည်ရင်းနှီးစွာ မိတ်ဆုံစားပွဲသို့တက်ရောက်၍ နေ့လည်စာသုံးဆောင်ခဲ့ကျပါတယ်။ ထို့နောက် အခမ်းအနားအစီစဉ်များ ပြန်လည်စတင်ပြီး
    ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေး အတွက် တက်ရောက်လာသော သာသနာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများမှ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊ အဓိကရုဏ်းဖြစ်ပေါ်မှုကြောင့် နိုင်ငံနှင့်ပြည်သူများအပေါ် မည်သို့သော ထိခိုက်နစ်နာမှုများရှိသည်ကို အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဘာသာပေါင်းစုံကူညီ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ၀ိုင်းဝန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် ကလောမြို့နယ်၊ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့ ဘာသာပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့ကို နာယကသံဃာတော်ဆရာတော်များမှ ဦးဆောင်၍ ဘာသာအသီးသီးမှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းခဲ့ပါတယ်။

    ထို့အပြင် ကလောမြို့နယ်၊ အောင်ပန်းမြို့နှင့်ဟဲဟိုးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်း အတွက်လည်း ဆွေးနွေးခဲ့ကျပါတယ်။ အခမ်းနားတွင် ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာဒေါ်နှင်းအေးကိုမှ ဘာသာပေါင်း စုံစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားရေး အဓိကအရေးပါပုံ၊ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

    ထို့နောက် အောင်ပန်းမြို့နှင့်ဟဲဟိုးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အောင်ပန်းမြို့ အစ္စလာမ်ဗလီဝတ်ကျောင်းတော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဟိန္ဒူဘုရားကျောင်း၊ အောင်ချမ်းသာကျောင်းတိုက်နှင့် လွယ်မယ်ကျောင်းတိုက်များသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ကျကြောင်း သတင်းရရှိပါတယ်။

    kmh001

  • အစ္စလာမ် အားမုန်းတီးကြောက်ရွံမှု ကြီးထွားလာအောင် တလွဲပုံဖော်နေတဲ့ မီဒီယာများ

    မေ-၁၆၊ ၂၀၁၃
    M-Media

    1368630154403475700
    ကမ္ဘာတစ်ဝှန်းမှ အစ္စလာမ်အား အမြင်မှား ရွံကြောက်စေခြင်း၌ မီဒီယာ၏အခန်းကဏ္ဍသည် အလွန်ကြီးမားနေကြောင်း – “ Islamophobia : Is the media doing enough to reverse perceptions ? ”  ခေါင်းစဉ်ဖြင့်ပြုလုပ်သော အာရဗ်မီဒီယာဖိုရမ်၌  Aslan Media မီဒီယာ နှင့် Georgetown University သုတေသနမှူး Nathan Lean မှ မှတ်ချက်ပြု ပြောကြားလိုက်သည်။

    ယင်းဖိုရမ်တွင် အနောက်တိုင်းနှင့်အရှေ့အလယ်ပိုင်းအကြား ဗဟုသုတလစ်ဟာချက်ကို တံတားခင်းနိုင်မည့်နည်းလမ်း၊ လူမှုမီဒီယာနှင့် အာရဗ်နွေဦးတော်လှန်ရေးအပေါ် သြဇာသက်ရောက်မှု အခန်းကဏ္ဍ၊ ဆီးရီးယားနှင့်အခြားဒေသများ အတွက် အဖြေရှာခြင်း စသည်တို့ကို ဆွေးနွေးကြသည်။ အရှေ့အလယ်ပိုင်းသားတစ်ဦးသည် အနောက်တိုင်းသို့ရောက်လျှင် အထောက်အထားမရှိဘဲလျက် အကြမ်းဖက်သမား အဖြစ် အထင်ခံရလေ့ရှိကြောင်း မီဒီယာကျွမ်းကျင်သူများက ထောက်ပြသည်။ အနောက်တိုင်းသား အများစု၏ အသိအမြင်နည်းပါးမှု၊ အချို့အကြမ်းဖက်လုပ်ရပ်များ၌ မွတ်စ်လင်မ်များ ပါဝင်နေမှုကြောင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။

    “ ဒီကိစ္စမှာ အကြောင်းရင်းနှစ်ရပ်ရှိတယ်။ အစ္စလာမ်ကိုရွံကြောက်ခြင်း နဲ့ အစ္စလာမ်အကြောင်းဘာမှမသိခြင်း ပါဘဲ။ ပြီးခဲ့တဲ့လ ဘော့စတွန်မာရသွန်ဗုံးကွဲမှုဖြစ်ပွားတဲ့အခါ  CNN,  CNBC နဲ့ ABC အပါအ၀င် နာမည်ကြီးမီဒီယာတွေကိုယ်တိုင်က ဒီကိစ္စနောက်ကွယ်မှာ အမေရိကန်နိုင်ငံသားမဟုတ်တဲ့လူမည်းတစ်ချို့ဖြစ်နိုင်တယ် ဆိုပြီး ဦးဦးဖျားဖျား သုံးသပ်လိုက်ကြတယ်။ သတင်းမီဒီယာများဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းထားကြပြီး သူတို့ရဲ့အမြင်ကိုဘဲ ရှေ့တန်းတင်လေ့ရှိတယ်။ သူတို့ဟာ လတ်တစ်လောဖြစ်ပျက်မှုနဲ့ လူတွေကို လှုပ်ခတ်သွားတာမျိုး ဖြစ်စေချင်ကြတယ်။ မှန်ကန်ကျစ်လစ်တဲ့ အချက်အလက်များကို ထပ်တိုးရှာဖွေပြီး ထပ်မံတင်ပြပါဦးမယ်လို့ ဘယ် ရုပ်မြင်သံကြားက ပြောဆိုတာ ခင်ဗျားတို့ကြားဖူးပါသလဲ။ သူတို့ဟာ သူတို့ကိုယ်ပိုင်အမြင်နဲ့ဘဲ ရှေ့ဆက်တိုး တင်ပြဖို့၊ လူထုကြားထဲလှုပ်ခတ်နေဖို့သာ ကြိုးစားနေကြတယ်လေ။ စက်တင်ဘာ ၁၁ အရေးအခင်းကာလတစ်ဝိုက်တုန်းက အမေရိကန် ၆၀ % လောက်က အစ္စလာမ်အပေါ် နည်းလမ်းတကျ အမြင်ရှိခဲ့သေးတယ်။ ဒါပေမယ့် ၂၀၁၁ မှာတော့ အဲ့ဒီပမာဏဟာ အစ္စလာမ်နဲ့မွတ်စ်လင်မ်အပေါ် မနှစ်မြို့တဲ့အမြင်တွေ ဖြစ်လာကြတယ်။ မီဒီယာက ဒီ ၁၀ နှစ်တာအတွင်း အပြောင်းအလဲဖြစ်အောင်လုပ်လိုက်တာ ဖြစ်တယ်။ ဒါကြောင့် အစ္စလာမ်နဲ့ပတ်သက်ပြီး လူထုကို အမြင်မှားစေမယ့်အရောင်ဆိုးမှု၊ အမှောင်ဖုံးစေမှုမှာ မီဒီယာရဲ့အခန်းကဏ္ဍက အလွန်ဆိုးဝါးတဲ့ ဇာတ်ကောင်ဖြစ်နေတယ်။ Fox News လို သတင်းဌာနများဟာ အစ္စလာမ်ရွံ့ကြောက်ရေးအတွက် အစီအစဉ်တကျ ဆောင်ရွက်နေတဲ့အတွက် ကျွန်တော့်အနေနဲ့ ဒီလိုဆိုရခြင်း ဖြစ်ပါတယ် ” ဟု Lean မှ တင်ပြသွားခဲ့သည်။

    Islamic Educational, Scientific and Cultural Organization (ISESCO) ၏ ဦးစီးဒါရိုက်တာ Abdul Aziz Al Twaijiri မှ ဤသို့ဆိုပါသည် “ အစ္စလာမ်ကို တစ်ဖက်သတ်ရွံ့ကြောက်ခြင်းဟာ တစ်ချိန်တုန်းက သမိုင်းဖြစ်စဉ်တစ်ရပ်ပါ။ ၁၉၈၀ ခုနှစ်များမှာ နာမည်သစ် အသွင်သစ်တစ်မျိုးနဲ့ စင်ပေါ်ပြန်တင်လိုက်ခြင်းသာဖြစ်တယ်။ လှုံ့ဆော်သွတ်သွင်းမှု ပျံ့နှံ့လာတာနဲ့အမျှ မွတ်စ်လင်မ်တွေအပေါ် အပြစ်မြင်ရှုတ်ချလာကြတာပါ။ ဒီကိစ္စက လူမျိုးတစ်မျိုး၊ ဘာသာတရားတစ်ရပ်အပေါ် ခွဲခြားနှိမ့်ချဆက်ဆံရေးကို လက်မခံတဲ့ လူ့အခွင့်အရေး (နဲ့) ခေတ်သစ်ယဉ်ကျေးမှုအဆောက်အဦကို တော်လှန်ဆန့်ကျင်တာဘဲ ဖြစ်တယ်။ ဒါကြောင့် မွတ်စ်လင်မ်တွေကို မုန်းတီးလာရေး – အစ္စလာမ်ကိုရွံရှာလာရေး အတွေးအမြင်တွေကိုသွတ်သွင်းတဲ့လုပ်ဆောင်ချက် Islamophobia က လူသားတို့ရဲ့အခွင့်အရေးကို ချိုးဖောက်ဖျက်ဆီးနေပါတယ် ”။

    “ ဥရောပမှာ မွတ်စ်လင်မ်လူဦးရေ ၂၆ သန်းရှိပြီး သူတို့ဟာ ဥရောပလူ့အဖွဲ့အစည်းဝင်တစ်ရပ်ဖြစ်နေပါပြီ။ ပျမ်းမျှအားဖြင့် တစ်နေ့ကို ဥရောပသား ၃၆ ဦးက အစ္စလာမ်ကိုသက်ဝင်လက်ခံနေကြတယ်။ ဒီတော့ ဥရောပမှာဖြစ်စေ လက်ရှိမှာပုံပျက်နေတဲ့ဆိုဗီယက်ယူနီယံမှာဖြစ်စေ အစ္စလာမ်ဟာ အစိမ်းရောင်ရန်သူကနေ အနီရောင်ရန်သူအဖြစ် ပြောင်းလဲသွားတော့မလားလို့ ဥရောပသားတွေအကြား  စိုးကြောက်နေတာရှိနေပေမယ့်လည်း – ဥရောပအတွင်း အစ္စလာမ်သာသနာ ဖွံ့ထွားတိုးတက်လာမှုကို ရှောင်ဖယ်ဖို့ မသိကျိုးကျွံပြုဖို့ မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသကို အကြမ်းဖက်မှုပေါက်ဖွားရာလို့ သူတို့က ထင်မြင်နေကြတယ်။ ကျွန်တော်ဟာ ပဲရစ်မှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာခဲ့တဲ့သူပါ။ ကျွန်တော်ဟာ အကြမ်းဖက်သမားတစ်ဦးမဟုတ်ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့တွေက သက်သေပြုနေပါတယ် ”  ဟု Al-Ahram Center for Political and Strategic Studies မှ အပြည်ပြည်ဆိုင်ရာနိုင်ငံရေးကျွမ်းကျင်ပညာရှင်နှင့်စာရေးဆရာ El Lawindi က ပြောကြားခဲ့၏။

    အစ္စလာမ်သာသနာ၊ သမိုင်း နှင့် ဒဿနိက ဆိုင်ရာ ကထိကနှင့်သုတေသီဖြစ်သူ Rasheed Al Khayoun မှလည်း
    “ အစ္စလာမ်နဲ့အနောက်တိုင်း ပတ်သက်မှု ရာဇ၀င်ထဲမှာ အမုန်းတရားတွေချည်းဘဲ ရှိခဲ့တာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး နဲ့ ဂီတအနုပညာပိုင်းမှာ စံနမူနာကောင်းတွေ အများကြီး တကယ့်ကို ရှိခဲ့ပါတယ်။ အခုဆိုယင် အစ္စလာမ်နဲ့အနောက်ကမ္ဘာအကြား နားလည်မှုမြှင့်တင်နိုင်ဖို့ အယူဝါဒဆိုင်ရာအပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ် Interfaith Dialogue ကို ဆော်ဒီအာရေဗျဖက်က စတင်လုပ်ဆောင်ပြီလည်း ဖြစ်ပါတယ်။ ဒါဟာ စံပြလုပ်ရပ်တစ်ခုပါဘဲ။ အနောက်တိုင်းမီဒီယာတွေအနေနဲ့လည်း အစ္စလာမ်နဲ့မွတ်စ်လင်မ်တွေအပေါ် နားလည်သဘောပေါက်ဖို့အတွက် မြှင့်တင်ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ ကျွန်တော် ယူဆပါတယ် ” ဟု တင်ပြသွားပါသည်။

    ဒူဘိုင်းရှိ Grand Hyatt တွင် ယမန်နေ့က ကျင်းပပြီးစီးသွားသော ဒွါဒဿမအကြိမ်မြောက် အာရဗ်မီဒီယာဖိုရမ်၌ တက်ရောက်သူ ၁၂၀၀ ဦးအနက် ယူအေအီး ဒုသမ္မတ၊ ဒူဘိုင်းဝန်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum လည်း ပါဝင်ခဲ့ပြီး၊ အခမ်းအနားပိတ်ပွဲ၌ ၁၂ ကြိမ်မြောက် အာရေဗျဂျာနယ်လစ်ဆု (AJA) ရရှိသူများအား ၄င်းမှ ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

     Ref:Arab News
  • ဘာသာပေါင်းစုံ လူငယ်များနှင့် အရပ်ဖက်လူမူ အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန် ကြေညာချက်အား ဆက်သွယ် မေးမြန်းချက်

    ဘာသာပေါင်းစုံ လူငယ်များနှင့် အရပ်ဖက်လူမူ အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန် ကြေညာချက်အား ဆက်သွယ် မေးမြန်းချက်

    မေလ-၁၅၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မူများနှင့် စပ်လျဉ်း၍ ဘာသာပေါင်းစုံ လူငယ်များနှင့် မြန်မာအရေး ဆောင်ရွက်နေသော အရပ်ဖက်လူမူအဖွဲ့အစည်းများမှ မေလ ၁၄-ရက်နေ့က ထုတ်ပြန်ခဲ့သော သဘောထားကြေငြာချက်နှင့် ပတ်သတ်၍ ဦးဆောင်သူ Pray For Myanmar လူငယ်ကွန်ရက်မှ လူငယ်တစ်ဦးဖြစ်သော ကိုသန့်ဇင်ထွေးမှ M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    M-Media – Pray For Myanmar မှ ဦးဆောင် စီစဉ်ပြီး ကြေညာချက်ထုတ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက် ကိုပြောပြပေးပါ။

    ဖြေ – ဒီကြေညာချက် ထုတ်ရတဲ့အကြောင်းက မိထ္တီလာကနေစပြီး ဥက္ကံ အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေ၊ အကြမ်းဖက်မူတွေ ပေါ်ပေါက်လာဖို့ လှုံ့ဆော်တာနဲ့ ပတ်သတ်ပြီး ဘာသာပေါင်းစုံက လူငယ်တွေက အကြမ်းဖက်မှုကို လက်မခံဘူးဆိုတဲ့ အကြောင်းရယ်၊ အကြမ်းဖက်မူတွေ ဖြစ်ပေါ်လာအောင် သွေးထိုး လှုံ့ဆော်သူတွေဖြစ်တဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို အရေးယူမူ အပိုင်းမှာ အားနည်းနေတဲ့အတွက် အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုချင်တာရယ်၊ လူမျိုး ဘာသာမခွဲခြားဘဲ တရားဥပဒေအောက်မှာ တန်းတူ အခွင့်အရေးရရှိနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်ဖို့ ရယ်၊ ပြည်ပမှာ အကြမ်းဖက်မူများ လုပ်ဆောင်ရန် နှိုးဆော်ခြင်းကို ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား လူနည်းစု ဗုဒ္ဓ ဘာသာတွေ လုံခြုံမူ ရရှိစေဖို့ စတဲ့ အချက်တွေနဲ့ ပြည်တွင်းမှာလည်း တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။

    M-Media – အကိုတို့ ကြေညာချက် ထွက်လာပြီးတဲ့ နောက်တနေ့မှာပဲ ပြည်တွင်း၊ ပြည်ပ မီဒီယာအချို့က ဒီကြေငြာချက်က ဂျီဟာဒ်ဆိုတာကို ဆန့်ကျင်တဲ့ ကြေညာချက် တစ်ခုတည်းကို ဇောင်းပေးဖော်ပြနေတာနှင့် ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

    ဖြေ – ဂျီဟာဒ်အမည်ခံ အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်တာကို ကျွန်တော်တို့က လက်မခံတာပါ။ ဂျီဟာဒ် ဆိုတာက အကြမ်းဖက်တာ၊ သာသနာပြုတာ၊ နယ်မြေ ချဲ့ထွင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က မည်သည့် အကြမ်းဖက်မှုကိုမှ လက်မခံပါဘူးဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ကြေညာချက်မှာ ပြည့်စုံစွာ ဖော်ပြထားပါတယ်။ ဒီကြေငြာချက်ကို ရရှိတဲ့ တာဝန်ရှိသူတွေ၊ မီဒီယာတွေ၊ ပြည်သူတွေက ပြည်ြ့ပည့် စုံစုံ ဖတ်စေချင်ပါတယ်။ မီဒီယာတွေက မိမိလိုရာဆွဲပြီး အသားပေးမဖော်ပြဖို့ ၊ မလုပ်ဖို့ပြောချင်ပါတယ်။

    M-Media – ဒီအကြောင်းအရာတွေနှင့် ပတ်သတ်ပြီး ဘာများဖြည့်စွက်ပြောကြားလိုပါသေးသလဲ။

    ဖြေ – “မြန်မာနိုင်ငံ၏ တရားဥပဒေအောက်တွင် ဘာသာလူမျိုး မခွဲခြားဘဲ တန်းတူအခွင့်အရေး ရရှိနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုအလေးထား ဆောင်ရွက်ပါရန် သက်ဆိုင်ရာပုဂ္ဂိုလ်များအား တောင်းဆိုသည်” ဟုကြေငြာချက် အမှတ်(၄)မှာ ဖော်ပြထားတာနဲ့ ပတ်သတ်ဆက်စပ်ပြီး ပြောချင်တာက အင်ဒိုနီးရှားနိုင်ငံမှာ ရက်တစ်ပတ်က မြန်မာသံရုံးကို ဗုံးခွဲမယ့် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂-ရက်တုန်းကလည်း အဲဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖမ်းဆီးရင်း အပြန်အလှန်ပစ်ခတ်ကြရာ(၇)ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး (၆)ယောက်ကို အရှင်လက်ရ ဖမ်းဆီးခဲ့တယ်။

    ကျွန်တော်ပြောချင်တာက အင်ဒိုနီးရှားနိုင်ငံက အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်တယ်။ သူတို့ဟာ ဂျီဟာဒ်ဆိုတာနဲ့ အကြမ်းဖက်မှုဆိုတာကို ကွဲကွဲပြားပြားနားလည်တယ်။ အဲလိုပဲ ကျွန်တော်တို့ကလည်း ဂျီဟာဒ်နဲ့ အကြမ်းဖက်မူကို ကွဲကွဲပြားပြား နားလည်တာကြောင့် မဆိုင်တဲ့ သူတွေကို မနစ်နာစေချင်တဲ့အတွက် ဂျီဟ.ဒ်အမည်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်မှာကို ဆန့်ကျင်တာဖြစ်တယ်။ အားလုံးကို ကွဲကွဲပြားပြား သိစေချင်ပါတယ်။ မြန်မာနိုင်ငံက တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ပြည်တွင်းအကြမ်းဖက်မူတွေနဲ့ ပတ်သတ်ပြီး ဘာသာ လူမျိုးမခွဲခြားဘဲ အခုလိုမျိုး ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

    *အခုလို သိလိုသမျှကို ပြန်လည်ဖြေကြားပေးသာ Pray For Myanmar လူငယ်ကွန်ယက်မှ လူငယ်တစ်ဦးဖြစ်သော ကိုသန့်ဇင်ထွေးအား M-Media မှ ကျေးဇူးတင်ရှိပါတယ်