News @ M-Media

Month: January 2015

  • မွတ်စလင်ခရီးသွားများအတွက် မိုဘိုင်း Application တစ်ခု စင်ကာပူတွင် ဖြန့်ချီ

    မွတ်စလင်ခရီးသွားများအတွက် မိုဘိုင်း Application တစ်ခု စင်ကာပူတွင် ဖြန့်ချီ

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    hal

    – ဟာလာအစားအသောက် ကြိုက်နှစ်သက်သူများနှင့် မွတ်စလင်ခရီးသွားများ ကမ္ဘာတစ်ဝှမ်းရှိ ဟာလာစားသောက်ဆိုင်များမှ ဟင်းလျာများကို ရှာဖွေရာနှင့် ထပ်ဆင့်မျှဝေရာတွင် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်း အက်ပလီကေးရှင်းတစ်ခုကို စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုက ဇန်န၀ါရီ ၇ ရက်နေ့တွင် ဖြန့်ချီလိုက်သည်ဟု သိရသည်။

    HalalTrip ဟု အမည်ပေးထားသည့် အဆိုပါ အက်ပလီကေးရှင်းကို iOS နှင့် အန်ဒရွိုက်သုံး ဖုံးများတွင် သုံးစွဲနိုင်မည်ဖြစ်ပြီး အသုံးပြုသူများ အနေဖြင့် ဟာလာဟင်းလျာများကို ဓာတ်ပုံရိုက်တင်ကာ ဆိုရှယ်မီဒီယာများတွင် တပ်ဆင့် ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။

    ထိုအက်ပလီကေးရှင်းရှိ ဟင်းလျာဓာတ်ပုံအား နှိပ်လိုက်လျှင်ပင် အဆိုပါဟင်းလျာ၏ အသေးစိတ်အချက်အလက်များကို ရရှိနိုင်မည်ဖြစ်ပြီး ဟင်းလျာရနိုင်သည့် စားသောက်ဆိုင် တည်နေရာကို သိရှိနိုင်မည် ဖြစ်သည်။

    အဆိုပါ အက်ပလီကေးရှင်းကို အင်္ဂလိပ်နှင့် အာရဘီဘာသာစကား နှစ်မျိုးဖြင့် အသုံးပြုနိုင်ပြီး မိမိရောက်ရှိနေသောနေရာ အနီးအနားရှိ စားသောက်ဆိုင်များမှ ဟာလာဟင်းလျာများကိုလည်း ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် အဆိုပါ အက်ပလီကေးရှင်း၌ ၀တ်ပြုရန် အချိန်ဇယား၊ ခရီးသွားရင်း ရွတ်ဖတ်သရဇ္ဈယ်ရမည့် တောင်းဆုဒိုအာများကိုလည်း ထည့်သွင်းထားသည်။

    ဟာလာဟူသော အသုံးအနှုန်းကို အစ္စလာမ်မှ သတ်မှတ်ထားသည့် အရည်အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီသော အစားသောက်၊ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ဖော်ပြရာတွင် အသုံးပြုသည်။

    `ဟာလာအစားသောက်ဟာ မွတ်စလင်ဈေးကွက်ရဲ့ ခရီးသွားလုပ်ငန်းမှာ မောင်းနှင်အားကြီးတစ်ခု ဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ မွတ်စလင်တွေရဲ့ အဓိက စိုးရိမ်မှုထဲက တစ်ခုက ဟာလာအစားအသောက်ပါ။ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ ဒီအက်ပလီကေးရှင်းက ဟာလာ အစားအသောက် ရှာဖွေတာနဲ့ ပျော်စရာပိုကောင်းအောင် လုပ်ဆောင်တဲ့နေရာမှာ ဆိုရှယ် မီဒီယာကို ထည့်သွင်းအသုံးပြုလိုက်ခြင်းပါပဲ´ ဟု HalalTrip မှ အမှုဆောင်ဒါရိုက်တာ ဖိုက်ဇဲလ် ဟာရ်ဒီန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ဖိုင်ဇယ်က မွတ်စလင် ခရီးသွားဈေးကွက်မှာ ၂၀၂၀ ခုနှစ် အရောက်တွင် တစ်နှစ် ကန်ဒေါ်လာ ၁၉၂ ဘီလီယံ ရရှိမည့် ဈေးကွက်ကြီးတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်ထားသည်။ ၂၀၁၃ ခုနှစ်အတွင်း အဆိုပါဈေးကွက် ပမာဏမှာ ကန်ဒေါ်လာ သန်း ၁၄၀ ဘီလီယံ ရှိနေသည်။

    Ref: channelnewsasia

  • အက်သလက်တီကိုနှင့် ပထမဆုံးနေ့မှာ အောင်ပွဲရသည့်နေ့ဟု တောရက်စ်ပြော

    အက်သလက်တီကိုနှင့် ပထမဆုံးနေ့မှာ အောင်ပွဲရသည့်နေ့ဟု တောရက်စ်ပြော

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    tr1

    – အက်သလက်တီကိုမက်ဒရစ်အသင်းသို့ ပြန်ရောက်ပြီးနောက် ပထမဆုံး စတင်ကစားခဲ့ရသည့်ပွဲမှာ အောင်ပွဲရခဲ့သည့်နေ့ပင် ဖြစ်သည်ဟု တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားခဲ့သည်။

    အသက် ၁၇ နှစ်အရွယ်တွင် အက်သလက်တီကိုအသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို စတင်ခဲ့သည့် တောရက်စ်မှာ အင်္ဂလန်နှင့် အီတလီတို့တွင် ၇ နှစ်တာ ကျင်လည်ခဲ့ပြီးနောက် အက်သလက်တီကိုသို့ ပြီးခဲ့သည့် သီတင်းပတ်က ပြန်လည် ရောက်ရှိလာခဲ့သည်။

    ထို့ပြင် ယမန်နေ့က အိမ်ကွင်း၌ ကစားခဲ့သည့် ရီးယဲလ်နှင့် စပိန်ရှုံးထွက်ဖလား ပထမအကျော့ပွဲစဉ်တွင် လူစားဝင်ကစားခွင့်ရခဲ့ပြီး အနိုင်နှင့် အဆုံးသတ်နိုင်ခဲ့သည်။

    `အကြောင်းအရာ တော်တော်များများအတွက် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။ စွမ်းဆောင်ရည်၊ ရလဒ်နဲ့ ပရိသတ်… ဒါတွေ အားလုံးအတွက်ပါ။ ဒီနေ့ဟာ အောင်ပွဲရခဲ့တဲ့ နေ့ပါပဲ။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို အနိုင်ရတဲ့အခါ (ဒီအောင်ပွဲဟာ) အမြဲတမ်း ချိုမြိန်ပါတယ်´ ဟု ပွဲအပြီးတွင် တောရက်စ်က ပြောကြားခဲ့သည်။

    ရီးယဲလ်နှင့် အက်သလက်တီကိုတို့၏ ဒုတိယအကျော့ကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင် ကစားမည်ဖြစ်ပြီး တောရက်စ်ကမူ မိမိတို့အနေဖြင့် လုပ်ဆောင်ရမည့်အရာ အများကြီးရှိသေးကြောင်း၊ ဘာနေဗျူးတွင် ကစားရမည့် အဆိုပါ မိနစ် ၉၀ မှာ ခက်ခဲလိ့မ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : goal.com

  • မိုဟာမက်အလီ ဆေးရုံကဆင်းပြီ

    မိုဟာမက်အလီ ဆေးရုံကဆင်းပြီ

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    ali

    – ဆီးလမ်ကြောင်းရောဂါကြောင့် ဆေးကုသမှု ခံယူခဲ့ရသည့် ကမ္ဘာကျော် လက်ဝှေ့သမားဟောင်း မိုဟာမက်အလီမှာ ဇန်န၀ါရီ ၆ ရက် အင်္ဂါနေ့က ဆေးရုံမှဆင်းလာခဲ့ပြီဟု သိရသည်။

    အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဟာမက်အလီမှာ လွန်ခဲ့သည့် သီတင်း ၂ ပတ်က ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ထိုစဉ်က နမိုးနီးယားရောဂါဟု ယူဆခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ဆရာဝန်များက အလီမှာ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကို ခံစားနေရခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

    `ဂန္တ၀င်ဘောက်ဆာသမားကြီးဟာ အခု လုံးဝသက်သာခဲ့ပြီး အိမ်ပြန်ရောက်နေပါပြီ။ ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ကျရောက်မယ့် ၇၃ နှစ်မြောက်မွေးနေ့ကိုလည်း မိသာစု၊ မိတ်ဆွေတွေနဲ့ ကျင်းပဖို့ စိုင်းပြင်းနေပါတယ်။ မြားမြောင်လှတဲ့ အားပေးမှုတွေနဲ့ ဆုမွန်ကောင်း တောင်းပေးမှုတွေ အတွက်လည်း အလီရဲ့ မိသားစုဟာ ပီတီဖြစ်ရပါတယ်။ ပြီးတော့ ဆရာဝန်တွေနဲ့ သူနာပြုအဖွဲ့တွေရဲ့ ချွင်းချက်မဲ့ စောင့်ရှောက်ကုသပေးမှုကိုလည်း သူတို့က ကျေးဇူးတင်နေကြပါတယ်´ ဟု မိုဟာမက်အလီ၏ ပြောရေးဆိုခွင့်ရှိသူ ဘော့ ဂန်နဲလ်က ကြညာချက် ထုတ်ခဲ့သည်။

    ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ သုံးကြိမ်ဖြစ်ခဲ့သည့် အလီမှာ လွန်ခဲ့သည့် ၃ နှစ်က ပါကင်ဆန်ရောဂါကို ခံစားခဲ့ရသည်။ မိုဟာမက်အလီမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ၎င်း၏ဇာတိဖြစ်သည့် ကန်တာကီပြည်နယ် လူးဝစ်ဗီလီမြို့တွင် ပြုလုပ်ခဲ့သော `မိုဟာမက်အလီ
    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆု´ ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

    Ref: aljazeera

  • ပြင်သစ်မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူနှစ်ဦး၏ ဓာတ်ပုံများထုတ်ပြန်

    ပြင်သစ်မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူနှစ်ဦး၏ ဓာတ်ပုံများထုတ်ပြန်

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    pri 2

    – ယမန်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ Carlied Hebdo မဂ္ဂဇင်းတိုက်ကို သေနတ်နဲ့ ၀င်ပစ်မှုမှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ ညီအကိုနှစ်ဦးရဲ့ ဓာတ်ပုံတွေကို ပြင်သစ်ရဲတပ်ဖွဲ့ ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီသူတွေကတော့ အသက် ၃၂နှစ်အရွယ် စအီးဒ် ကော်ချီနဲ့ အသက် ၃၄ နှစ်အရွယ် ချရစ် ကော်ချီတို့ ဖြစ်ပါတယ်။ သူတို့နဲ့အတူ အိမ်ရာမဲ့လူငယ်တစ်ဦးလို့ ယူဆရတဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပါ တယ်။

    တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေကို ရေးသား ဖော်ပြလေ့ရှိတဲ့ ဒီမဂ္ဂဇင်းတိုက်မှာ အစည်းအဝေး လုပ်နေစဉ်အတွင်း သေနတ် သမား အနည်းဆုံး ၂ ယောက်က မဂ္ဂဇင်းတိုက်ထဲကိုဝင်ပြီး တိုက်ခိုက်ရေး ရိုင်ဖယ်တွေနဲ့ ပစ်ခတ်သွားခဲ့တာပါ။

    ဒီလိုပစ်ခတ်မှုကြောင့် အယ်ဒီတာချုပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအ၀င် လူ ၁၂ ယောက်လောက် သေဆုံးခဲ့ပြီး ၇ ယောက်လောက် ဒဏ်ရာရသွားခဲ့ပါတယ်။ သေနတ်မားတွေကတော့ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

    ပြင်သစ်မွတ်စလင်ခေါင်းဆောင်တွေက ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး မီဒီယာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်ကမ္ဘာရဲ့အမြင့်ဆုံးတက္ကသိုလ်ဖြစ်တဲ့ အလ်-အဇ်ဟာရ် တက္ကသိုလ် ကတော့ အဲဒီတိုက်ခိုက်မှုဟာ ရာဇ၀တ်မှုသာဖြစ်ပြီး အစ္စလာမ်သာသနာက အကြမ်းဖက်မှုအားလုံးကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

    အာရပ်နိုင်ငံများအဖွဲ့ချုပ်ကလည်း အဲဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက မြို့ကြီးတွေမှာလည်း ဒီလုပ်ရပ်ဟာ လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့်ကို တိုက်ခိုက်တာဖြစ်တယ်လို့ဆိုကာ ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။

    ပဲရစ်မှာ လုံခြုံရေးအဆင့်ကို အမြင့်ဆုံး မြှင့်တင်ထားပြီး သေနတ်သမားတွေကို ပိုက်စိတ်တိုက် ရှာဖွေမှုတွေလည်း ပြုလုပ်နေပါတယ်။

    Carlied Hebdo မဂ္ဂဇင်းဟာ အစ္စလာမ်သာသနာနဲ့ တမန်တော် မိုဟာမက်ကို စော်ကားလှောင်ပြောင်တဲ့ ကာတွန်းတွေကို ဆန့်ကျင်မှုတွေ ရှိနေတဲ့ကြားကပဲ အကြိမ်ကြိမ် ဖော်ပြခဲ့တဲ့ မဂ္ဂဇင်းတစ်စောင် ဖြစ်ပါတယ်။

    ဒီလိုဖော်ပြမှုတွေအတွက် ပြင်သစ်က မွတ်စလင်တွေနဲ့  မွတ်စလင်မဟုတ်သူတွေ က ဆန့်ကျင်ခဲ့ကြပေမယ့်လည်း တရားဥပဒေအရ အရေးယူနိုင်ခြင်း မရှိခဲ့ပါဘူး။

    Ref : aljazeera

  • ကမ္ဘာတစ်ဝှမ်း ပဋိပက္ခများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိရောက်စွာ မဖြေရှင်းနိုင်ဟု   ကုလဆို

    ကမ္ဘာတစ်ဝှမ်း ပဋိပက္ခများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိရောက်စွာ မဖြေရှင်းနိုင်ဟု ကုလဆို

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    A Syrian refugee girl sits with her brother at a makeshift settlement in Bar Elias in the Bekaa valley
    ဒုက္ခသည်စခန်းတစ်ခုမှ ဆီးရီးယားကလေးငယ် ၂ ဦး

     

    – ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသော ဋိပက္ခများအား တားဆီးမှုစွမ်းရည် ဆုံးရှုံးနေပြီး၊ ထိရောက်သော ခေါင်းဆောင်မှု စွမ်းရည် မရှိခြင်းကလည်း ဒုတိယကမ္ဘာစစ်အပြီး အဆိုးရွားဆုံး အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့မှုကို ဖြစ်ပေါ်စေသည်ဟု ကုလသမဂ္ဂမှ
    ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရက်စ်က တူရကီနိုင်ငံမြို့တော် ပြီးခဲ့သည့်ရက်ပိုင်းက အန်ကာရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရတ်နှင့် ဆီးရီးယားတို့တွင် တစ်ပြိုင်တည်းဖြစ်ပွားနေသော ပြဿနာများက ဆိုးရွားသော အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုကို ဖန်တီးပေးပြီး အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် ထိရောက်သည့် ခေါင်းဆောင်မှုကို ကမ္ဘာက မပြသနိုင်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နှစ်အတွင်းမှာပင် အီရတ်နှင့် ဆီးရီးယားတို့ရှိ ပဋိပက္ခများကြောင့် လူပေါင်း ၁၃ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ တောင်ဆူဒန်ပဋိပက္ခမှာလည်း ချဒ်နိုင်ငံသို့ ပြန့်နှံ့သွားကြောင်း၊ လစ်ဗျားတိုက်ခိုက်မှုမှာလည်း ပိုမိုဆိုးဝါးလာကာ ယူကရိန်းတွင်လည်း
    မတည်ငြိမ်မှုများထပ်မံ ပေါ်ထွက်လာခဲ့သည်ဟု ၎င်းက ထောက်ပြခဲ့သည်။

    ထိုပြဿနာများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများမှာ ပြီးခဲ့သည့်နှစ် ဇွန်လတွင်ပင် စုစုပေါင်း သန်း ၅၀ ရှိလာခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးနောက် အများဆုံး ပမာဏလည်း ဖြစ်သည်။

    ဂူတာရက်စ်ကမူ ဆီးရီးယားအစိုးရတပ်များနှင့် သူပုန်များ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများကို လမ်းဖွင့်ပေးကာ ကူညီစောင့်ရှောက်ပေးထားသည့် တူရကီနိုင်ငံ၏ သဘောထားကြီးမှုကိုလည်း ချီးကျူးပြောဆိုခဲ့သည်။

    တူရီကီနိုင်ငံတွင် ခိုလှုံနေသော ဆီးရီးယားဒုက္ခသည် အရေအတွက်မှာ ၁.၇ သန်းရှိပြီး ၎င်းတို့ထဲမှ အချို့မှာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများ တွင် နေထိုင်နေရသည်။ အချို့မှာ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့ ရောက်ရှိနေသည်။

    တူရကီနိုင်ငံခြားရေးဝန်ကြီး မီဗဲလ် ကာဗူဆော့ဂ်လူက မိမိတို့အစိုးရမှာ လက်ရှိအချိန်အထိ ဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၅ ဘီလီယံကျော် သုံးစွဲထားပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် မိမိတို့၏ ၀န်ထုပ်ဝန်ပိုးကို မျှယူကြရန် ဆော်သြခဲ့သည်။

    Ref : alarabiya