News @ M-Media

Month: January 2015

  • ပါလက်စတိုင်း အနာဂတ် အတွက် တံခါး တစ်ချပ် သို့မဟုတ် Dar Issaf alNashashibi စာဖတ် အသင်း

    ပါလက်စတိုင်း အနာဂတ် အတွက် တံခါး တစ်ချပ် သို့မဟုတ် Dar Issaf alNashashibi စာဖတ် အသင်း

    ဇန်နဝါရီ ၉၊ ၂၀၁၅
    M-Media
    bc87cb2d-834c-4de5-894e-51f6fd3f6213_16x9_600x338
    – သွေးထွက်သံယိုမှုများနှင့် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့သောကြောင့် မကြာသေးမီ လများအတွင်းကပ `အကြမ်းဖက်တိုက်ခိုက်မှု´ နှင့် `ဂျေရုစလင်´ ဟူသည့် စကားလုံးများမှာ သဘောသဘာဝ တူညီခဲ့ကြသည်။ သို့သော်လည်း အခြေအနေများ တည်ငြိမ်သွားသည့်နှင့် မီဒီယာများ၏ အဆိုပါမြို့အား စိတ်ဝင်စားမှုမှာ မှေးမှိန်ပျောက်ကွယ်ခဲ့လေတော့သည်။

    မည်သို့ပင်ဖြစ်စေကာမူ အရှေ့ဂျေရုစလင်အား အစ္စရေးက ၄၇ နှစ်ကြာ ကျူးကျော်သိမ်းပိုက်ထားမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ ဂယက်ရိုက်မှုများက ထိုဒေသတွင် နေထိုင်သည့် ၃ သိန်း ၆ သောင်းသော ပါလက်စတိုင်းပြည်သူများ၏ လူမှုဘ၀များကို ထိခိုက်လျက်ပင် ရှိနေလေသည်။

    `လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လှုပ်ရှားခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်တွေ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ဟာ အကျဉ်းထောင်ကြီးတစ်ခုမှာ နေရသလိုပါပဲ´

    ထိုစကားမှာ ပါလက်စတိုင်းလူငယ်များ ပညာရေးတိုးတက်စေရန်အတွက် Dar Issaf alNashashibi စာဖတ်အသင်းကို တည်ထောင်ခဲ့သည့် အဟ်မဒ်က ၎င်းတို့၏ အခြေအနေကို ဖွင့်ဟခဲ့သော စကားပင်ဖြစ်လေ၏။

    `အစ္စရေးရဲ့ နောက်ထပ် အစီအစဉ် တစ်ခုက ပါလက်စတိုင်းတွေရဲ့ လူမှုဘ၀တည်ဆောက်မှုစနစ်ကို ပျက်ပြားစေဖို့ မနားမနေကြိုးစားခြင်းပဲ ဖြစ်ပါတယ်´ ဟု ဆိုကာ အရှေ့ဂျေရုစလင်ရှိ လူငယ်များအား မူးယစ်ဆေးစွဲအောင်လုပ်ခြင်းနှင့် ကလေးများအား ဖမ်းဆီးထိန်းသိမ်းခြင်း စသည့် အစ္စရေး၏ လုပ်ရပ်များကို အဟ်မဒ်က ထောက်ပြခဲ့သည်။

    ရှိခ် ဂျရာမှ ဒါရ်အစ်ဆာ့ဖ် နက်စ်ဟက်ရှ်ဟီဘီ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေစင်တာရှိ ဂျေရုစလင်၏ တစ်ခုတည်းသော ပြည်သူ့စာကြည့် တိုက်နှင့် ပူးပေါင်း၍ ပါလက်စတိုင်း လူငယ်များအား အသိပညာကြွယ်ဝစေရန်နှင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်းအတွင်း အသိပညာပေးရန်အတွက် အသက် ၂၅ နှစ်အရွယ် သွားဆရာဝန် အဟ်မဒ်က လွန်ခဲ့သည့် ၆ လကပင် အဆိုပါ စာဖတ်အသင်းအား ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။

    လက်ရှိအချိန်၌ ထိုစာဖတ် အသင်းတွင် မတူညီသော အသက်အရွယ်အလိုက် အုပ်စု ၂ ခု ရှိလာခဲ့လေပြီ။ အဓိကအုပ်စုမှာ အသက် ၂၂ နှစ်မှ ၃၀ အကြား လူငယ် ၁၅ ယောက်မှ အယောက် ၂၀ ကြား ပါဝင်သည့် အဖွဲ့ဖြစ်ပြီး၊ အခြားအုပ်စုတစ်ခုမှာတော့ အသက် ၃၀နှင့် အထက် အမျိုးသမီး ၁၀ ဦးပါဝင်သည့် အဖွဲ့ဖြစ်လေသည်။ ထိုမျှမက အဆိုပါ စာဖတ်အသင်း၏ အဖွဲ့ခွဲ တစ်ခုကိုလည်း ရာမာလာတွင် တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။

    အဆိုပါ စာဖတ်အသင်းတွင် ပြည်သူများ၏ မဲပေးရွေးချယ်မှုကို အခြေခံ၍ အမျိုးအစားအလိုက်၊ စာရေးဆရာ အလိုက် စာအုပ်အများအပြား ရှိလေသည်။

    ဟီဘရူးတက္ကသိုလ်မှ အသက် ၂၅ နှစ်အရွယ် ဓာတုဗေဒ ကျောင်းသူ ရီဟမ် အဘူဂိုရှ့်က အဆိုပါ စာဖတ်အသင်းသို့ ဆက်သွယ်ရသည့် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုမှာ စာဖတ်ခြင်းက လူ့စွမ်းအားမြှင့်တင်ပေးရာ နည်းလမ်းဖြစ်သည်ဟု  လူ့အဖွဲ့အစည်းက ရှုမြင်လာစေရေး တိုက်တွန်းအားပေးရန်ဟု ပြောကြားခဲ့သည်။

    `ကျွန်မတို့ ပိုင်ဆိုင်တာဆိုလို့ စိတ်နှလုံးသားပဲ ရှိပါတယ်။ အသိပညာပေးခြင်းနဲ့ ဗဟုသုတတွေကနေ တစ်ဆင့် အပြောင်းအလဲကို ဖန်တီးနိုင်ပြီး ကျွန်မတို့ ရည်ရွယ်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါလိမ့်မယ်´ ဟု အဘူဂိုရှ့်က အနာဂတ် လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံတော်အတွက် ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

    အဆိုပါ စာအုပ်အသင်းက မကြာမီရောက်ရှိလာတော့မည့် အနာဂတ်၌ လူလားမြောက်လာကြမည့် အသက် ၁၀ နှစ်မှ ၁၈ နှစ်အရွယ် လူငယ်လေးများကို ပစ်မှတ်ထားရန် မျှော်လင့်ထား၏။

    `သူတို့မှာ လွတ်မြောက်ဖို့ ဒါမှမဟုတ် ရှင်သန်ဖို့ နေရာ မရှိပါဘူး။ သူတို့မှာ ကစားကွင်းတွေ မရှိဘူး၊ အားကစားလည်းမလုပ်ရပါဘူး။ အပန်းဖြေအသင်းအဖွဲ့တွေလည်း မရှိပါဘူး။ နောက်ပြီး သင်ရိုးညွှန်းတမ်းအပြင် အခြားလှုပ်ရှားမှုမျိုးတွေလည်း မရှိပါဘူး။ နောက်ဆုံး မှာတော့ ဒီလူငယ်လေးတွေဟာ လမ်းမပေါ်ရောက်ကုန်ပါတယ်၊ ပြီးတော့ သူတို့ဆီမှာရှိတဲ့ စွမ်းအားတွေကို စစ်သားတွေ ခဲနဲ့ပေါက်တဲ့နေရာပဲ အသုံးချလိုက်ကြပါတယ်´

    လူမှုဖူလှုံရေး ပြတ်တောက်ခြင်း

    အရှေ့ဂျေရုစလင် မြူနီစီပယ်အဖွဲ့မှ ဒါရိုက်တာဖြစ်သူ မိုဟာမက် အဘူကဖ်က ၎င်းတို့အဖွဲ့အနေဖြင့် အနုပညာစင်တာများ၊ အပန်းဖြေအသင်းအဖွဲ့များ စသဖြင့် လူ့အဖွဲ့အစည်းတိုးတက်ရေး လုပ်ငန်းများအား ဆောင်ရွက်ရန် ကြိုးစားသည့်အခါ အရှေ့နှင့် အနောက်ဂျေရုစလင်အကြား ဘက်ဂျက်ခွဲဝေမှုတွင် ကြီးမားသည့် ခြားနားချက်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဂျေရုစလင်ရှိ ၇၅.၃ ရာခိုင်နှုန်းသော ပါလက်စတိုင်းများမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူ ၃၆ ရာခိုင်နှုန်းမှာလည် ၁၂ နှစ်တက်ရမည့် အခြေခံပညာရေးကို အောင်မြင်ပြီးဆုံးခြင်း မရှိကြ။ အရှေ့ဂျေရုစလင်တွင် ကျောင်းထွက်မှုရာခိုင်နှုန်းမှာ ၂၀၁၃ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး အနောက်ဂျေရုစလင်တွင်တော့ ၁ ရာခိုင်နှုန်းသာရှိသည်။

    ၁၉၆၇ ခုနှစ် အစ္စရေးက အရှေ့ဂျေရုစလင်အား သိမ်းပိုက်ခဲ့ပြီးကတည်းက ဂျေရုစလင် မြူနီစီပယ်မှာ ဒေသအတွင်း၌ စာသင်ကျောင်းများ၊ ဆေးခန်းများအပါအ၀င် အရေးပါသည့် အခြေခံအဆောက်အဦးများတွင် ရင်းနှီးမြှပ်နှံနိုင်ခြင်းမရှိတော့ဟု အစ္စရေးရှိ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ BTselem က ၎င်းတို့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

    ထို့ပြင် မြို့တွင်းရှိ မိလ္လာစနစ်၊ လမ်းများ၊ လူသွားလမ်းများ၏ ၉၀ ရာခိုင်နှုန်းမှာ အစ္စရေး၏ အနောက်ဂျေရုစလင်တွင် ရှိနေပြီး ပါလက်စတိုင်း လူ့အဖွဲ့အစည်းကတော့ ထိုအရာများကို ဆုံးရှုံးနေလေ၏။

    ပြည်သူ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အလ်-မက်ဒီစ် အန်ဂျီအိုအဖွဲ့မှ စီမံကိန်းဒါရိုက်တာဖြစ်သူ အီဆမ် ဂျွေဟမ်က အရှေ့ဂျေရုစလင်တွင် မူးယစ်ဆေးစွဲနေသူနှင့် ရောင်းဝယ်ဖောက်ကားနေသူ ၂၀၀၀၀ ခန့် ရှိနေကာ အသက် ၁၇ နှစ်အရွယ် ကလေးများပင် ပါဝင်နေသည်ဟု ပြောခဲ့သည်။

    `စီလ်ဝမ်၊ ရွှာအက်ဖ်၊ အလ်တူရ်တို့က မူလတန်းကျောင်းတွေကို ကျွန်တော် သွားရောက် လည်ပတ်ခဲ့ပြီး ကလေးတွေကို မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။ သူတို့က မူးယစ်ဆေးကို ဘယ်ကနေရတယ်၊ ဘယ်သူ့ဆီကနေ ရတယ်ဆိုတာကို အတိအကျကို ပြောပါတယ်။ ပေါ်ပေါ်တင်တင်ပဲ သူတို့ရောင်းကြတယ်။ ဥပမာအားဖြင့် ပြောရရင် အစ္စရေးရဲတပ်ဖွဲ့၊ စစ်တပ်နဲ့နီးတဲ့ နေရာတွေမှာပါ။ မူးယစ်ဆေး သုံးစွဲနိုင်အောင် လုပ်ထားခြင်းက သူတို့အတွက် အကောင်းဆုံး အကျိုးကျေးဇူးတွေကို ရတာကြောင့် အစ္စရေးအစိုးရက ဒါကို တားဖို့ မကြိုးစားပါဘူး။ ဆေးစွဲနေတဲ့သူဟာ သူတို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ကာကွယ်ဖို့ မကြိုးစားတော့ဘူးလေ။ ဒီကိစ္စထက် ပိုပြီး ပူပန်ရမယ့် ပြဿနာတွေ သူတို့မှာ ရှိနေတာကိုး´ ဟု ပါလက်စတိုင်းပြည်သူများ နလန်မထူနိုင်ရေး အစ္စရေး၏ ဆင်ကြံကြံနေမှုကို ဂျွေဟမ်က ယခုကဲ့သို့ ဖွင့်ဟခဲ့လေ၏။

    ref:Al Arabiya News
    လေးမောင် ဘာသာပြန်ဆို တင်ပြသည်။

  • မိမိတို့အသင်းမှာ ထိပ်တန်းကစားသမားများ ခေါ်ယူရန် ခက်ခဲသည်ဟု လီဗာပူးလ်နည်းပြ ၀န်ခံ

    မိမိတို့အသင်းမှာ ထိပ်တန်းကစားသမားများ ခေါ်ယူရန် ခက်ခဲသည်ဟု လီဗာပူးလ်နည်းပြ ၀န်ခံ

    ဇန်န၀ါရီ ၉၊ ၂၀၁၅
    M-Media

    rg

    – စတီဗင်ဂျရတ်အား ရာသီကုန်တွင် စွန့်လွှတ်ရတော့မည့် မိမိတို့အသင်းအနေဖြင့် နာမည်ကြီးကစားသမားများ ခေါ်ယူရန်ခက်ခဲသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို လက်လွှတ်ခဲ့ရသည့် လီဗာပူးလ်မှာ ဆွာရက်ဇ်၏ နေရာအတွက် သင့်လျော်သည့် ကစားသမားဖြင့် အစားထိုးနိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ်ကုန်တွင်လည်း အသင်း၏ အဓိကမောင်းနှင်အားဖြစ်သည့် ဂျရတ်ကို
    ဆုံးရှုံးရတော့မည်ဖြစ်သည်။

    ရော်ဂျာကမူ မိမိတို့အသင်းမှာ ကစားသမားကောင်းများကို ခေါ်ယူရန် ခက်ခဲနေပြီး၊ ပြီးခဲ့သည့် နွေရာသီက ဆန်းချက်ဇ်နှင့် ရှာကီရီတိုအား မခေါ်ယူနိုင်ခြင်းကို နောင်တရမိကြောင်း ပြောကြားခဲ့သည်။

    လီဗာပူးလ်မှာ ဘာလော့တယ်လီ၊ လာလနာ၊ မာကိုဗစ်တို့ အပါအ၀င် ယူရို ၁၂၈ သန်းအထိ အကုန်အကျခံကာ ကစားသမားများကို ၀ယ်ယူခဲ့သော်လည်း အသင်းမှာ ပိုမိုကောင်းမွန်လာခြင်း မရှိဘဲ ရော်ဂျာကမူ အသင်းအား ထပ်မံတောင့်တင်းအောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။

    ထို့ပြင် အသင်းရှိ စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများအကြား ညီတူညီမျှဖြစ်အောင် ဆောင်ရွက်ရခြင်းကို နှစ်သက်ကြောင်း၊ မိမိတို့အသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ရန် ရှေ့ဆက်နေကြောင်း ရော်ဂျာက
    ထပ်လောင်းပြောကြားခဲ့သည်။

    Ref:goal

  • မန်ယူသို့ရောက်လာခြင်းမှာ ဒီဂီယာအား ကူညီရန်သာဖြစ်သည်ဟု ဂိုးသမားသစ် ဗားလ်ဒက်စ်ဆို

    မန်ယူသို့ရောက်လာခြင်းမှာ ဒီဂီယာအား ကူညီရန်သာဖြစ်သည်ဟု ဂိုးသမားသစ် ဗားလ်ဒက်စ်ဆို

    ဇန်န၀ါရီ ၉၊ ၂၀၁၅

    M-Media

    vld

    – မိမိအနေဖြင့် မန်ယူအသင်းသို့ ရောက်ရှိလာခြင်းမှာ ဒေးဗစ်ဂီယာအား ကူညီပေးရန်အတွက်သာ ဖြစ်သည်ဟု ဂိုးသမားသစ် ဗစ်တာဗားလ်ဒက်စ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာအသင်း၏ ဂိုးသမားဟောင်းဖြစ်သူ ဗားလ်ဒက်စ်အား ယမန်နေ့က ၁၈ လစာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်ယူအသင်းက အတည်ပြုခဲ့သည်။ ထို့ကြောင့် မန်ယူတွင် ပုံစံကောင်းများ ပြသနေသည့် နံပါတ် ၁ ဂိုးသမား ဒီဂီယာမှာ အသင်းမှ ထွက်ခွာရတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ဗားလ်ဒက်စ်က မိမိမှာ ဒေးဗစ်ဒီဂီယာ၏ နေရာအား ခြိမ်းခြောက်ရန်မဟုတ်ဘဲ ၎င်းအား ကူညီရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `အခုလောလောဆယ်မှာတော့ ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်ပါပဲ။ နေ့တိုင်း၊ ပွဲတိုင်းမှာ ပြသတဲ့ သူ့စွမ်းဆောင်ရည်ဟာ သူ့ရဲ့အဆင့် မြင့်မားတယ်ဆိုတာ ပြသနေတာပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း သူဟာ ကောင်းမွန်ခဲ့ပြီး အခုအချိန်မှာလည်း သူဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဒီရောက်လာတာဟာ အားလုံးကို ကူညီဖို့ပါ´ ဟု ဗားလ်ဒက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိမှာ အသင်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ချင်ကြောင်း၊ ပွဲကစားသည့်အခါ အကောင်းဆုံးကစားရန်၊ အသင်းဖော်များအား ကူညီရန်နှင့် အသင်းအနိုင်ရရှိရန်သာ စဉ်းစားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com

  • သီရိလင်္ကာသမ္မတသစ် ယနေ့တွင် ကျမ်းကျိန်မည်

    ဇန်န၀ါရီ ၉၊ ၂၀၁၅
    M-Media

    Sri Lanka presidential candidate Maithreepala Sirisena campaigning
    သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် မိုင်သရီပါလာ ဆရီဆီနာ

     

    – သီရိလင်္ကာ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် မိုင်သရီပါလာ ဆရီဆီနာမှာ ယနေ့တွင် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည်ဟု အတိုက်အခံအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    ယမန်နေ့ကပြုလုပ်ခဲ့သော မဲရေတွက်မှုတွင် စုစုပေါင်း ၅၆.၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည် ဆီရီဆီနာမှာ သီရိလင်္ကာစံတော်ချိန် ညနေ ၆ နာရီတွင် မြို့တော်ကိုလံဘိုရှိ လွတ်လပ်ရေး ရင်ပြင်တွင် ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်သည်။

    သီရိလင်္ကာသမ္မတ ရာဂျာပက်စ်ကာကလည်း စောစောပိုင်းတွင် ၎င်းရှုံးနိမ့်ကြောင်း ၀န်ခံခဲ့ပြီး၊ ပြည်သူများ၏ ဆန္ဒကို အလေးထားကာ အာဏာလွဲပြောင်းမှုကို ချောမွေ့စွာ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ကျန်းမာရေးဝန်ကြီးဟောင်းဖြစ်ခဲ့သူ ဆရီဆီနာမှာ ယခင်က ရာဂျာပက်စ်ကာ၏ ပါတီဝင်တစ်ဦး ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အတိုက်အခံဘက်သို့ပြောင်းကာ သမ္မတအဖြစ် ၀င်ရောက်အရွေးခံခဲ့ခြင်းဖြစ်သည်။ ဆရီဆီနာကမူ နိုင်ငံအတွင်း ဖြစ်ပွားနေသော ချစားမှုများကို တိုက်ဖျက်ရေးနှင့် သမ္မတ၏ လုပ်ပိုင်ခွင့်ကို ပိုမိုပေးအပ်ထားသော အခြေခံဥဒေကို ပြင်ဆင်ရန် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် ပါလီမန်ရွေးကောက်ပွဲကို ရက် ၁၀၀ အတွင်း ပြုလုပ်ပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။

    ၂၀၁၀ ခုနှစ်က တမီလ်ကျားသူပုန်များကို နှိမ်နင်းပြီးနောက် လူကြိုက်များလာခဲ့သည့် ရာဂျာပက်စ်ကာမှာ အာဏာအလွန်အကျွံ ရယူခြင်း၊ အစိုးရ ရာထူးကြီးများတွင် မိသားစုဝင်များအား ခန့်ထားခြင်း၊ လူနည်းစု တမီလ်များ၏ တောင်းဆိုမှုများကို မလိုက်လျောခြင်း၊
    နိုင်ငံအတွင်းရှိ ခရစ်ယာန်များနှင့် မွတ်စလင်များအား ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ BBS မှ ပစ်မှတ်ထား တိုက်ခိုက်မှုကို လစ်လျူရှုထားခြင်း စသည့် အကြောင်းအရင်းများကြောင့် လူကြိုက်နည်းလာခဲ့သည်။

    Ref : aljazeera

  • မွတ်စ်လင်မ်တို့၏ သမိုင်းဝင် တီထွင်မှုများ(၈)ရပ်

    မွတ်စ်လင်မ်တို့၏ သမိုင်းဝင် တီထွင်မှုများ(၈)ရပ်

    ဇန်နဝါရီ ၉ ၊ ၂၀၁၅
    M-Media

    ထောင်ပေါင်းများစွာသော ဥရောပသားမျိုးချစ်ဆိုသူများဟာ Dresden က လမ်းများပေါ် နောက်တစ်ခါထွက်လာပြီး “အနောက်တိုင်းထဲ အစ္စလာမ့်သွတ်သွင်းမှု”ကို ဆန္ဒပြတယ်လို့ ဆိုလာတာကြောင့် သူတို့လုပ်ရပ်များက တစ်ဖက်သတ်ခါးသည်းကြောက်ရွံ့မှုနဲ့ အသိမဲ့မှုရဲ့
    အကျိုးဆက်ဖြစ်နေကြောင်း ဆိုရပါတော့မယ်။

    စင်စစ်မှာတော့ ကျွန်တော်တို့ရဲ့ ဗဟိုဥရောပယဉ်ကျေးမှုဟာ အစ္စလာမ့်သြဇာလွှမ်းမိုးခြင်းဆီကနေ နှစ်တစ်ထောင်ကျော်ထိ အကျိုးကျေးဇူးခံစားနေရတာပါ။ ဒါကို ကံကောင်းတယ်လို့ မပြောနိုင်ပေဘူးလား။

    ပြီးခဲ့တဲ့ တနင်္လာနေ့ညနေပိုင်း ဆန္ဒထုတ်ဖော်သူတစ်ဦးက သူကိုင်တွယ်နေတဲ့မျက်မှန်ဟာ အာရဗ်ကမ္ဘာရဲ့တီထွင်ခဲ့မှုတစ်ရပ်ဖြစ်ကြောင်း သူမသိရှိတာ သေချာပါတယ်။ ဆန္ဒပြသူ နောက်တစ်ဦးက လက်ျာစွန်းရောက်သီချင်းတွေကို ဂီတာနဲ့တွဲလို့ သီဆိုပြီးတဲ့အခါကျမှ ဂစ်တာရဲ့မူလအစ အာရဗ်က ဖြစ်ကြောင်း သူသိသွားခဲ့ရင် ………။ ဒါ့အပြင် သူတို့ကိုင်ဆောင်နေတဲ့ စာရွက်ချပ်တွေပေါ်ရေးသားထားတဲ့ တုန်လှုပ်စရာ ပြောင်းရွှေ့ဝင်ရောက်သူခန့်မှန်းစာရင်းတွေဟာ အာရဗ်ကိန်းဂဏန်းအသုံးပြုချက်ဖြစ်ကြောင်း မသိလေရော့သလား။

    ဒါဆိုရင်ဖြင့် မွတ်စ်လင်မ့်ယဉ်ကျေးမှုတွေဆီကနေ အကြွေးတင်နေတဲ့ အရာရှစ်မျိုးကို ကြည့်ရှုလိုက်ပါဦး။ ဒီအချက်တွေကို Huffington Post Germany က မေတ္တာလက်ဆောင်အဖြစ် တင်ပြပေးထားပါတယ်။

    ၁။ သင်္ချာကိန်းဂဏန်းစနစ်
    —————————-


    ဂျာမန်လူမျိုးတွေအပါအ၀င် အနောက်တိုင်းသား တော်တော်များများက မိမိတို့ရဲ့ အင်ဂျင်နီယာနဲ့နည်းပညာဆိုင်ရာ အားထုတ်အောင်မြင်မှုတွေအပေါ် ဂုဏ်ယူလေ့ရှိကြတယ်။ ဒါပေမယ့် ဘယ်အင်ဂျင်နီယာကမှ သင်္ချာကိန်းဂဏန်း မပါဘဲ အလုပ်မလုပ်နိုင်ပါဘူး။ ယနေ့ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ သင်္ချာကိန်းဂဏန်းစနစ်က နံပါတ် ၁ ကနေ ၉ ဆိုတာ ဘဂ္ဂဒက်ရဲ့ “ပညာ့ဗိမာန်ကြီး” ဆီကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီစနစ်ကို အေဒီ ၉ ရာစုနှစ်က တီထွင်ခဲ့တယ်လို့ ယူဆထားပါတယ်။ ဒီကိန်းဂဏန်းစနစ်ကို ၁၂  ရာစုထဲကျမှ ဥရောပသားတွေ စတင်သိရှိလာကြတာပါ။ အာရဗ် ပညာရှင် အလ်ခ၀ါရိဇ်မီရဲ့ ကျမ်းများကို Chester က ဗြိတိသျှလူမျိုး အရဗီစာပေပညာရှင် ရောဘတ်က ဘာသာပြန်ဆို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်တယ်။ အလ်ခ၀ါရိဇ်မီဆိုတာ သင်္ချာတွက်ကိန်းနဲ့အဖြေရှာနည်း Algorithm များကို ကင်ပွန်းတပ်ပေးခဲ့သူဖြစ်တယ်။ သူက မွတ်စ်လင်မ်ကမ္ဘာရဲ့တီထွင်မှုဖြစ်တဲ့ အက္ခရာသင်္ချာပညာ Algebra ကို ခေတ်မီအောင် ထပ်ဆင့်မြှင့်တင်ပေးခဲ့သူအဖြစ် ကျော်ကြားပါတယ်။

    ၂။ သွားပွတ်တံ/သွားတိုက်တံ
    ——————————-

     

     

    The toothbrush

    တစ်ကိုယ်ရေ သန့်ရှင်းမှုကို ပထမဆင့် အားပေးညွှန်ကြားထားတဲ့ ပထမဆုံးတစ်ခုတည်းသော ဘာသာသာသနာဟာ အစ္စလာမ်ပါ။ ပုံမှန်ကိုယ်လက်သန့်စင်ရေးအတွက် ကုရ်အာန်ကျမ်းထဲ ညွှန်ကြားချက်တွေ ပါဝင်နေတယ်။ ဒါ့ကြောင့် အစ္စလာမ့် ကျင့်စဉ်တစ်ရပ်ဖြစ်တဲ့ ခံတွင်းသန့်ရှင်းရေးကို လူကြိုက်များလာ ခဲ့တာ သိပ်အထူးတဆန်း မဟုတ်လှပေဘူး။

    ရှေးဟောင်းအီဂျစ်တွေဟာ ခံတွင်းသန့်ရှင်းရေးအတွက် အသုံးချနိုင်တဲ့သစ်ပင်က သစ်ကိုင်းငယ်လေးတွေကို ၀ါးခဲ့တယ် (တံပူစားခဲ့တယ်)လို့ ယူဆခဲ့ကြသော်လည်း တကယ်တမ်းကျတော့ တံပူ(အရဗီအခေါ် – မစ္စ၀ါ့က်)ကို တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)မှ သွားတိုက်လေတိုင်း အသုံးပြုရာကစလို့ လူသိများ တွင်ကျယ်လာခြင်းသာ ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းမြတ်ထဲမှာ မစ္စ၀ါ့က် (၀ါ) တံပူ (၀ါ) သွားတိုက်တံ/သွားပွတ်တံ အကြောင်း ဖော်ပြထားမှု မရှိပေမယ့် မွတ်စ်လင်မ်ပညာရှင်များ ရေးသားထားကြတဲ့ ကျမ်းအစောင်စောင်တွေမှာ ကြိမ်ဖန်များစွာ ဖော်ပြထားတာကို တွေ့မြင်နိုင်ပါတယ်။

    ၃။ စစ်ချီတီးဝိုင်း
    —————-

    Marching bands
    စစ်ချီတီးဝိုင်းများဟာ အော်တိုမန်အင်ပါယာတပ်မတော်တွေဆီကနေ ဆင်းသက်လာတာပါ။ သူတို့ဟာ စစ်ပွဲဖြစ်စဉ်တစ်လျှောက်လုံးမှာ (စစ်သည်တွေ စိတ်တက်ကြွစေဖို့) တီးခတ်ကြတယ်၊ စစ်တပ်ပြန်ခွာချိန် သို့မဟုတ် စစ်ပွဲပြီးအဆုံးသတ်ချိန်မှသာ တီးခတ်မှု ရပ်နားလေ့ရှိခဲ့ကြတယ်။

    အော်တိုမန်တွေနဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲများအတွင်း ဥရောပတပ်သားတွေက ဒီတီးဝိုင်းများအပေါ် အားကျမှုများစွာ ဖြစ်ပေါ်လာခဲ့တယ်။ အဲ့ဒီနောက် သူတို့ဟာ မိမိတို့ကိုယ်ပိုင်နည်းလမ်းအဖြစ် မွေးစားလိုက်ကြတာပါ။

    ၄။ ဂစ်တာ
    ———–

    literature_music_03
    ဂစ်တာလို့ ယခုခေတ်မှာသိရှိကြတဲ့အရာက အာရဗ်ရိုးရာ လည်တိုင်ကွေး ကြိုးတပ် ဗျပ်စောင်းကနေ ဆင်းသက်လာခြင်းဖြစ်တယ်။ အလယ်ခေတ်ကာလအတွင်း အန်ဒလူစီယာက စပိန်မွတ်စ်လင်မ်တွေဆီကနေ နည်းယူခဲ့ခြင်းဖြစ်ပြီး အရဗီစကား ဂီတာရာ ကို အစွဲပြုခေါ်တွင်ခဲ့ကြတယ်။

    ၉ ရာစုနှစ်က အုမိုင်ယဟ်မင်းဆက် ဒုတိယမြောက်အဗ်ဒုရ်ရဟ်မာန်ရဲ့ နန်းတော်ထဲ ဂီတဆရာတစ်ဦးက အဲ့ဒီတူရိယာကို ဆက်သခဲ့တယ်လို့လည်း အဆိုရှိပါတယ်။ ခေတ်သစ် ဂီတာတူရိယာကို ဆန်းသစ်မှုများစွာနဲ့ ပုံဖော်ခဲ့သော်လည်း သူ့ရဲ့ ဘူမိနက်သန်ကတော့ အာရဗ်ဗျပ်စောင်းပဲ ဖြစ်ပါတယ်။

    ၅။ မှန်ဘီလူးများ
    ——————
    history-of-perspective-4-728 အာရဗ်ကမ္ဘာက သင်္ချာပညာကို တစ်ခေတ်ဆန်းစေယုံတင် မကပါဘူး – ရူပဗေဒတော်လှန်ရေးတစ်ရပ်ဖြစ်တဲ့ အလင်းပညာ ကိုလည်း ဖော်ဆောင်ပေး ခဲ့ပါတယ်။ ဘဆ်ွရာမြို့တော်က ပညာရှင်ကြီး အလ်ဟေဇင်(အဘူ အလ် ဟစံန်)ဟာ စက္ခုနှစ်လုံးရဲ့ လုပ်ငန်းဆောင်တာကို ကမ္ဘာ့ပထမဆုံး ဖွင့်ချတင်ပြခဲ့သူဖြစ်တယ်။

    အလင်းပြန်နိုင်တဲ့ပစ္စည်းများနဲ့ သူက လက်တွေ့စမ်းသပ်ပြီး မျက်လုံးဟာ အလင်းရောင်းစဉ် မပါဘဲ ပတ်ဝန်းကျင်ကို မခံစားမသိရှိနိုင်တဲ့ အကြောင်း သက်သေထူပြခဲ့တယ်။ ဒါ့အပြင် မြင်ကွင်းကို ချဲ့/ချုံ့ကြည့်ဖို့ မှန်ခုံး/ခွက် အသုံးပြုနိုင်ကြောင်း ကိုလည်း ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။

    “Reading Stones” လို့ အမည်ပေးထားတဲ့ သူ့မှန်ချပ်ဟာ ကမ္ဘာ့ပထမဦးဆုံး မှန်ဘီလူးပါ။ နောက်ပိုင်းမှန်ဘီလူးများက ဒါကိုမှီပြီး ထပ်ဆင့်ပြန်လည်ဆန်းသစ်မှုများပါပဲ။ ဒါတင်မကသေးပါဘူး၊ အလ်ဟေဇင်က ဇလဗေဒနဲ့ အာကာသလေ့လာရေးပညာဆိုင်ရာ ပဓာနကျမ်းဂန်များကိုလည်း ရေးသားပြုစုခဲ့ပါသေးတယ်။

    ၆။ ကော်ဖီ
    ———–

    800px-A_small_cup_of_coffee
    မွတ်စ်လင်မ်ကမ္ဘာထွက် ကုန်ပစ္စည်းများထဲမှာ လူသိအများဆုံးကတော့ ကော်ဖီ ဖြစ်ပါတယ်။ သူ့ရဲ့ဇစ်မြစ်က အီသီယိုးပီးယားဖြစ်ပြီး ပင်လယ်နီကိုဖြတ်လို့ အာရေဗျကျွန်းဆွယ်ရောက်တယ်။ အာရေဗျထဲရောက်မှ ရေပန်းစားလာခဲ့ပါတယ်။

    အော်တိုမန်ကုန်သည်များက ကော်ဖီစေ့ကထုတ်တဲ့ယမကာ(ကော်ဖီရည်)ကို လန်ဒန်မှာ ၁၇ ရာစုထဲ သယ်ဆောင် မိတ်ဆက်ပေး ခဲ့တယ်လို့ ခန့်မှန်းကြတယ်။ ၁၆၄၅ ခုနှစ်အတွင်း ဗင်းနစ်မြို့မှာ ပထမဆုံးကော်ဖီဆိုင် ဖွင့်လှစ်တယ်။ ၁၆၈၃ ခုနှစ် သြစတြီးယားကနေ တူရကီဆုတ်ခွာပြီးမှ ဂျာမဏီက ထပ်မံသိရှိသွားကြတယ်။ စူလ်တာန်ရဲ့စစ်သည်တော်များက ကော်ဖီအိတ်ပေါင်းများစွာ ချန်ရစ်ထားခဲ့ကြောင်း လက်ဆင့်ကမ်းအဆိုတစ်ရပ်လည်း ရှိနေပါတယ်။

    ၇။ ဆေးရုံ
    ———–
    သူနာပြုနဲ့ သင်တန်း ဌာနရှိတဲ့ ပထမဆုံး ခေတ်မီဆေးရုံကို ကိုင်ရိုမြို့မှာ အေဒီ ၈၇၂ ခုနှစ်က တည်ဆောက်ခဲ့တယ်။ တုလုနစ် မင်းဆက်တည်ထောင်သူ အမည်ကို အစွဲပြုခေါ်ဝေါ်တဲ့ အဲ့ဒီ အဟ်မဒ် ဘင်န် တုလူးန် ဆေးရုံမှာ လူနာတိုင်းကို အခမဲ့ ဆေးဝါးကုသပေး ခဲ့ပါတယ်။ အခမဲ့ကျန်းမာရေးစနစ်ဟာ

    ဆေးရုံနဲ့တွဲလျက် ထွက်ရှိလာသော မွတ်စ်လင်မ့်ထုံးဓလေ့ထဲက စဦးခြေလှမ်းတစ်ရပ်သာလျှင် ဖြစ်ပါတယ်။

    မဆိုစလောက်ကွဲလွဲပြီး ဒီ့ထက်ရိုးစင်းအခြေခံကျတဲ့ ဆေးရုံများဟာ ဘဂ္ဂဒက်မြို့မှာ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုင်ရိုပုံဟန်ကိုသာ နောက်ပိုင်းခေတ် ကမ္ဘာတစ်ဝှန်းဆေးရုံများက ပုံတူကူးခဲ့ခြင်းဖြစ်ပါတယ်။

    ၈။ ခွဲစိပ်ကုသခြင်း
    ———————

    cauteries
    အန်ဒလူစီယာဇာတိဖွား အလ်ဘူကေးစစ် (Albucasis – အဗူလ် ကာစင်)က အလယ်ခေတ်ကာလရဲ့ ဆေးပညာရှေ့ဆောင်ပုဂ္ဂိုလ်များထဲ အပါအ၀င်တစ်ဦးပါ။ အဲ့ဒီ ဆယ်ရာစုနှစ် အာရဗ်လူမျိုးပညာရှင်က ကျမ်းအတွဲပေါင်း ၃၀ ကျော် ရေးသားခဲ့တယ်။ အဲ့ဒီထဲမှာ သမားတော်နဲ့ လူမမာဆက်ဆံရေးဟာ အပြုသဘောဆောင်ဖို့ အရေးကြီးကြောင်း၊ လူမှုအဆင့်အတန်းမခွဲခြားဘဲ တန်းတူဆက်ဆံရမယ့်အကြောင်း အချေအတင် တင်ပြထားတယ်။

    သူဟာ ဆီးလမ်းကြောင်း၊ နားနဲ့ အစာလမ်းကြောင်း ဆိုင်ရာရောဂါများ ခွဲစိပ်ကုသနည်းများကို တီထွင်ခဲ့တဲ့အပြင်၊ သန္ဓေသားဖြစ်တည်ပုံနှင့် မွေးလမ်းကြောင်း ပညာရပ်များကို ပထမဆုံး ဖော်ပြလိုက်သူလည်း ဖြစ်ပါတယ်။ ၁၆ ရာစုနှစ် ဥရောပသား ထိပ်တန်းသမားတော်တွေက သူ့တီထွင်တင်ပြမှုတွေကို မှီးယူရတဲ့အထိ သြဇာကြီးမားခဲ့ပါတယ်။ သူ့အတွေးအမြင်က လက်ရှိခွဲစိပ် ကုသမှုတွေ အပေါ် အရိပ်လွှမ်းမိုးနေဆဲပါ။

    Ref : 8 Great Inventions Created by Muslims , Huffington Post