News @ M-Media

Month: January 2015

  • ရေချိုးခန်းအတွင်း ဆေးလိပ်သောက်သည့် ရှက်ဇက်နီ ဒဏ်ငွေရိုက်ခံရ

    ရေချိုးခန်းအတွင်း ဆေးလိပ်သောက်သည့် ရှက်ဇက်နီ ဒဏ်ငွေရိုက်ခံရ

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    szn
    အားလပ်ရက်အတွင်း ရှက်ဇက်နီ ဆေးလိပ်သောက်နေစဉ်

     

    – ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး ရေချိုးခန်းထဲတွင် ဆေးလိပ်သောက်ခဲ့သည့် ဂိုးသမား ရှက်ဇက်နီအား အာဆင်နယ်အသင်းက ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။

    ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲအပြီးအတွင်း အသင်းအ၀တ်လဲခန်းရှိ ရေချိုးခန်းအတွင်း၌ ဆေးလိပ်သောက်ခဲ့ခြင်းဖြစ်ပြီး အာဆင်ဝင်းဂါးက ထိုလုပ်ရပ်အတွက် အလွန်အမင်း ဒေါသထွက်ခဲ့သည်။ ရှက်ဇက်နီ၏ ထိုလုပ်ရပ်အတွက် အသင်းက ဒဏ်ငွေ ပေါင် ၂၀၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ထိုအပြုအမူအတွက် တောင်းပန်ခိုင်းခဲ့သည်။

    တနင်္ဂနွေနေ့က ကစားခဲ့သည့် ဟားလ်စီးတီးနှင့် FA ဖလားပွဲစဉ်တွင် ရှက်ဇက်နီမှာ အရန်ခုံတွင်သာ ထိုင်ခဲ့ရပြီး ယခုတစ်ပတ်တွင် ကစားမည့် စတုတ်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင်လည်း ပါဝင်ခွင့်ရရန် မသေချာသေးပေ။

    ရှက်ဇက်နီမှာ ယခုနှစ်တွင် အရန်ခုံ၌သာ ထိုင်ရမည်ဟု ရာသီအစက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အာဆင်နယ်အသင်းက ငြင်းဆိုခဲ့သည်။ ရှက်ဇက်နီမှာလည်း ပါဝင်ကစားခွင့်ရသည့်ပွဲများတွင် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သည်။

    Ref : dailymail

     

     

  • ၂၀၁၄ ခုနှစ်တွင် တောက်ပခဲ့သော မွတ်စလင် အမျိုးသမီးများ

    ၂၀၁၄ ခုနှစ်တွင် တောက်ပခဲ့သော မွတ်စလင် အမျိုးသမီးများ

    ဇန်နဝါရီ ၆ ၊ ၂၀၁၅
    M-Media

    – အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံတွေက ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ အစ္စလာမ်ရဲ့ စည်းစနစ်တွေကို ဂဃနဏ မသိရှိကြတဲ့ သူတွေက အစ္စလာမ်သာသနာမှာ အမျိုးသမီးတွေ အတွက် နေရာမရှိဘူးလို့ စွပ်စွဲပြောဆိုလေ့ ရှိပါတယ်။ ဒါပေမယ့် အစ္စလာမ် သာသနာ ပေါ်ပေါက်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ထဲကစလို့ ယနေ့အချိန်အထိ မွတ်စလင် အမျိုးသမီးတွေဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ တိုင်းရေးပြည်ရေး ကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောက်ရွက်ခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေ အပြည့်အစုံ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ မှာလည်း မွတ်စလင်အမျိုးသမီးတွေဟာ ကမ္ဘာ့နိုင်ငံအသီးအသီးမှာ ထိပ်တန်းနေရာကနေ ပါဝင်ခဲ့ပြီး ဒီထဲကမှ ၂၀၁၄ ခုနှစ်ရဲ့ အတောက်ပဆုံး မွတ်စလင် အမျိုးသမီးတွေကို ဖော်ပြလိုက်ပါတယ်။

    ၁။ နိုဘယ်ဆုရ မာလာလာ
    ——————————-

    Muslim Women Shine in 2014  1
    အောက်တိုဘာလထဲမှာ ပါကစ္စတန်က ပညာရေးနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖြစ်တဲ့ မာလာလာဟာ အိန္ဒိယက ကလေးငယ်အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ ကိုင်လက်ရှ် ဆက်ယာသီနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။ အသက်အငယ်ဆုံး နိုဘယ်ဆုရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မာလာလာက ဒီဆု ချီးမြှင့်ခံရခြင်းဟာ သူမရဲ့ စိတ်ဓာတ်ခွန်အားကို ပိုမိုအားကောင်းစေခဲ့ပြီး သတ္တိလည်း ပိုရှိလာတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    ၂။ ဆွီဒင်ရဲ့ ပထမဆုံး မွတ်စလင်ဝန်ကြီး အိုင်ဒါ ဟဒ်ဇီယာလစ်
    ————————————————————–

    Muslim Women Shine in 2014  2
    အသက် ၂၇ နှစ်အရွယ် ဘော့စနီးယားနွယ်ဖွား ဟဒ်ဇီယာလစ်တစ်ယောက် ဆွီဒင်ပညာရေးဌာနရဲ့ ၀န်ကြီးတစ်ဦးအဖြစ် ပြီးခဲ့တဲ့အောက်တိုဘာလက ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ၁၉၈၇ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဟဒ်ဇီယာလစ်ဟာ နိုင်ငံရေးသမား တစ်ယောက်လည်း ဖြစ်သလို့ ဆွီဒင်ရဲ့ အသက်အငယ်ဆုံး ၀န်ကြီးလည်း ဖြစ်ပါတယ်။ ဒါဟာ သူရဲ့ ပထမဆုံး အောင်မြင်မှုတော့ မဟုတ်ပါဘူး။ ဥပဒေနဲ့ ဘွဲ့ရခဲ့တဲ့သူမဟာ အသက် ၂၃ နှစ်အရွယ်ကတည်းက ဟဲလ်မ်စတဒ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

    ၃။ ပြင်သစ်ရဲ့ ပထမဆုံး အမျိုးသမီး ပညာရေး ၀န်ကြီး ဘဲလ်ကာစမ်
    ————————————————————–

    Muslim Women Shine in 2014  3
    ပြင်သစ်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ပညာရေး ၀န်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ နာဂျက် ဗာလူဒ် ဘဲလ်ကာစမ်ဟာ မော်ရိုကိုနွယ်ဖွားဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘဲလ်ကာစမ်ဟာ ဧပြီလက စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး သူ့မရဲ့ ခန့်အပ် ခံရမှုဟာ ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေး လက်ထက် နောက်ဆုံး ခြေလှမ်း လည်း ဖြစ်ပါတယ်။

    ၄။ ဂျာမနီရဲ့ ပထမဆုံး မွတ်စလင်ပြောရေးဆိုခွင့်ရှိသူ ချက်ဘလီ
    —————————————————————-

    Muslim Women Shine in 2014  4
    ဆော်ဆန် ချက်ဘလီလို့ခေါ်တဲ့ ဒီဂျာမန်မွတ်စလင် အမျိုးသမီးဟာ ဇန်န၀ါရီလက ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ လက်ထောက်ပြောရေး ဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ပါလက်စတိုင်းနွယ်ဖွား အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ချဘ်လီဟာ ပါလီမန်ရဲ့ အရေးပါတဲ့ အဖွဲ့တစ်ဖွဲ့မှာ ပါဝင်ခွင့်ရခဲ့ပြီး ဘာလင်အစိုးရနဲ့ တိုင်းရင်းသားလူနည်းစုတွေ ဆက်သွယ်ဆောင်ရွက်ရာ မှာလည်း အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံနဲ့ ဘွဲ့ရတဲ့ သူမဟာ ဂျာမနီ ပါလီမန်ထဲမှာ အလုပ်လုပ်ကိုင်လာတာဟာ ၆ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

    ၅။ သြဇာအာဏာအရှိဆုံး မွတ်စလင်အမျိုးသမီးများ
    —————————————————–

    Muslim Women Shine in 2014  5
    Forbes မဂ္ဂဇင်းက ကမ္ဘာ့ သြဇာ အာဏာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းကို ၂၀၁၄ ခုနှစ် မေလမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ မွတ်စလင် အမျိုးသမီး ၅ ဦး ပါဝင်ခဲ့ပါတယ်။ ဇကာတင် အယောက် ၂၅၀ ကြားထဲက ရွေးချယ်ခဲ့တဲ့ အဲဒီအယောက် ၁၀၀ မှာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက အဆင့် ၄၇ နေရာ ရရှိခဲ့ပြီး မွတ်စလင် အမျိုးသမီး ၅ ဦးထဲမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့နောက် အခြားတစ်ယောက် ကတော့ ယူအေအီးနိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရှိခ် လူဘ်နာ အလ် ကွာစီမီဖြစ်ပြီး အဆင့် ၅၅ ချိတ်ခဲ့ပါတယ်။

    ၆။ CAIR ရဲ့ ဥက္ကဌ ရောင်လာ အလောက်ခ်ျ
    —————————————————

    Muslim Women Shine in 2014  6
    အလောက်ခ်ျဟာ အမေရိကန်ရဲ့ အကြီးဆုံးနဲ့ အရာရောက်ဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီရဲ့ ဥက္ကဌအဖြစ် ပြီးခဲ့တဲ့ ဇွန်လမှာ ရွေချယ်ခြင်းခံခဲ့ရပါတယ်။ ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဌဟောင်း အိုမာရ် ဇာကီရဲ့ နေရာကို တာဝန်ယူခဲ့ရတဲ့ အလောက်ဟာ အိုဟိုင်းယိုးနဲ့ ကန်တာကီဒေသတွက တရား လွှတ်တော်ရှေ့နေလည်း ဖြစ် ပါတယ်။ သူမဟာ တရားဥပဒေစိုးမိုးရေး၊ အာမခံကာကွယ်ရေးနဲ့ ပြည်သူ့ရေးရာ အထွေထွေတရားရေး ကိစ္စတွေကို ဆောင်ရွက်နေ သူလည်း ဖြစ်ပါတယ်။

    ၇။ ရွှေတံဆိပ်ဆုရ အစ်ဘ်တီဂျာဟ် မိုဟာမက်
    —————————————————

    Muslim Women Shine in 2014  7
    အစ်ဘ်တီဂျာဟ်ဟာ ပြီးခဲ့တဲ့ ဇွန်လက ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ဓားရှည်သိုင်းပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆု ကို ဆွတ်ခူးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်က မွေးဖွားခဲ့တဲ့သူမဟာ ဟိဂျဘ် ၀တ်ဆင်လျက် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ အမေရိကန်ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံး မွတ်စလင် အမျိုးသမီးလည်း ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ယောက်လည်းဖြစ်ပြီး လျှပ်ပေါ်လော်လီခြင်းမရှိဘဲ၊ အိနြေ္ဒ သိက္ခာနဲ့ပြည့်ဝတဲ့ အ၀တ်အစား ဒီဇိုင်းတွေကို ဖန်တီးပေးလျက် ရှိနေပါတယ်။

    ၈။ မွတ်စလင်မယ်ကမ္ဘာ ဂူဖရာချီ
    ————————————-

    Muslim Women Shine in 2014  8
    တူနီးရှားအမျိုးသမီးဖြစ်တဲ့ သူမဟာ အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ မွတ်စလင်မယ်ကမ္ဘာပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့သူ ဖြစ်ပါတယ်။ ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့ ဂူဖရာချီဟာ ဘာသာရေးဘက်မှာလည်း စံချိန်မလျော့ခဲ့ဘဲ ၁၈ ဦးပါဝင်ယှဉ်ပြိုင်တဲ့ အဲဒီပြိုင်ပွဲမှာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲခဲ့သူလည်းဖြစ်ပါတယ်။

    ref: OnIslam

    http://www.onislam.net/english/news/special-coverage/481383-muslim-women-shine-in-2014.html

  • ကိုယ်ပိုင်လေယာဉ်နဲ့အတူ ကြွားလုံးအသစ်ထုတ်တဲ့ မေ၀ယ်သာ

    ကိုယ်ပိုင်လေယာဉ်နဲ့အတူ ကြွားလုံးအသစ်ထုတ်တဲ့ မေ၀ယ်သာ

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    mwt 2

     

    – အိပ်ရာပေါ်မှာ ငွေပုံတွေထားပြ၊ ဒေါ်လာရာတန်အုပ်လိုက်အရှေ့မှာ ထိုင်ပြ စတဲ့ နည်းမျိုးစုံနဲ့ ကိုယ်ရဲ့ ပိုင်ဆိုင်မှုကို ကြွားလုံးထုတ်ခဲ့ဖူးတဲ့ အမေရိကန်ဘောက်ဆာအကျော်အမော် မေ၀ယ်သာတစ်ယောက် ဒီတစ်ခါမှာလည်း နောက်တစ်မျိုး ကြွားလုံးထုတ်လိုက်ပြန်ပါတယ်။

    အဲဒါကတော့ သူ့ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ကို နောက်ခံထားပြီး သူပိုင်ဆိုင်တဲ့ ဇိမ်ခံကား ၈ စီးနဲ့အတူ ဓာတ်ပုံရိုက်ကာ Twitter စာမျက်နှာပေါ်မှာ လွှင့်တင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

    အဲဒီကားတွေကတော့ Ferrari၊ Porsche၊ Lamborghini နဲ့ Bugatti စတဲ့ နာမည်ကျော် တံဆိပ်နဲ့ တန်ဖိုးကြီးကားတွေဖြစ်ပြီး ဈေးအနိမ့်ဆုံးက ပေါင် တစ်သိန်းခွဲရှိတဲ့ Porshe 911 ကားဖြစ်ပြီး တန်ဖိုးအမြင့်ဆုံးကတော့ ပေါင် ၁.၅ သန်းတန်တဲ့ Bugatti Veyron ကား ပဲ ဖြစ်ပါတယ်။

    သူပိုင်ဆိုင်တဲ့ ကားတွေရဲ့ စုစုပေါင်းတန်ဖိုးပဲ ပေါင် ၅.၄၅ သန်းရှိပြီး ဂျက်လေယာဉ် တန်ဖိုး မပါသေးပါဘူး။

    ပြီခဲ့တဲ့ တစ်နှစ်တည်းမှာ ၀င်ငွေ ပေါင် ၆၆ သန်းလောက် ရခဲ့တဲ့ မေ၀ယ်သာတစ်ယောက် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြွားဝါဖော်ပြရတာကို နှစ်သက်သူတစ်ယောက်ဖြစ်ပြီး မကြာသေးမီကပဲ သူ့ရဲ့ ဖိနပ်တွေနဲ့ နေကာမျက်မှန်တွေကို ဓာတ်ပုံရိုက်ပြီး Twitter စာမျက်နှာပေါ်
    လွှင့်တင်ခဲ့ပါသေးတယ်။

    mwt

     

    မေ၀ယ်သာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အာဂျင်တိုင်း ဘောက်ဆာသမား မားကို့စ် မိုင်ဒါနာနဲ့ နောက်ဆုံးထိုးသက်ခဲ့ပြီး ဒီနှစ်အတွင်းမှာတော့ ဖိလစ်ပိုင်ဘောက်ဆာသမား ပက်ကွီအို၊ ဗြိန်တိန်အကျော်အမော် အမီးရ်ခန်းတို့နဲ့ ထိုးသတ်ရဖို့ ရှိနေပါတယ်။

    ပက်ကွီအိုကတော့ သူ့အနေနဲ့ မေ၀ယ်သာရဲ့ ပိုင်ဆိုင်မှုတွေ၊ လူမှုဘ၀တွေကို စိတ်မ၀င်စားဘဲ သူနဲ့ထိုးသတ်ဖို့သာ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်။

    Ref : dailymail

  • ပျက်ကျသွားသည့်   Air Asia လေယာဉ် စုံစမ်းမှုတွင် လေကြောင်းအရာရှိများ မပါဝင်ရန်   အင်ဒိုအစိုးရ အမိန့်ပေးထား

    ပျက်ကျသွားသည့် Air Asia လေယာဉ် စုံစမ်းမှုတွင် လေကြောင်းအရာရှိများ မပါဝင်ရန် အင်ဒိုအစိုးရ အမိန့်ပေးထား

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

     

    asa 0

    – Air Asia လေကြောင်းလိုင်းမှ ပျောက်ဆုံးလေယာဉ် QZ 8501 ၏ ပျက်ကျမှုကို စုံစမ်းစစ်ဆေးမှုအတွင်း လေကြောင်းဆိုင်ရာ အရာရှိများ ပါဝင်ခြင်းမပြုရန် အင်ဒိုနီးရှားအစိုးရက အမိန့်ပေးလိုက်သည်ဟု သိရသည်။

    ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့အသွား ပျက်ကျခဲ့သည့် အဆိုပါလေယာဉ်မှာ ထိုနေ့တွင် ပျံသန်းခွင့် လိုင်စင်မရဘဲ ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများက မည်သည့် အတွက်ကြောင့် ပျံသန်းခွင့်ပေးခဲ့ခြင်းကိုလည်း စံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ၉ ရက်မြောက်လာသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ခရီးသည်စုစုပေါင်း ၃၇ ဦး၏ အလောင်းကိုသာ ရရှိခဲ့ပြီး ကျန်ရှိသည့် ခရီးသည်များနှင့် ပျက်ကျရသည့်အကြောင်းအရင်းကို ဆုံးဖြတ်နိုင်မည့် Black Box ကို ဆက်လက်ရှာဖွေနေမှုမှာ ရာသီဥတုကြောင့် နှောင့်နှေးနေသည်။

    အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနကမူ ဆူရာဘာယာရှိ လေဆိပ်တာဝန်ရှိသူများနှင့် လေကြောင်းလမ်းပြများအား အဆိုပါလေယာဉ် ရှာဖွေရေးနှင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် အမိန့်ပေးထားသည်။ ထို့ပြင် ပျံသန်းခွင့်ပါမစ်ကို ချိုးဖောက်သည့် အခြား လေကြောင်းလိုင်းများကိုလည်း အရေးယူသွားမည်ဟု ၀န်ကြီး ဂျိုကို မာဂျက်မိုဂျိုက ယမန်နေ့တွင်
    ပြောကြားခဲ့သည်။

    Air Asia ကြောင်းလိုင်းမှာ လက်ရှိအချိန်တွင် ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းခြင်းကို ရပ်ဆိုင်းထားရပြီး၊ ၀န်ကြီး မာဂျက်မိုဂျိုကမူ လိုင်စင်အား ပိတ်သိမ်းနိုင်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည်။

    ခရီးသည်နှင် လေယာဉ်အမှုထမ်း ၁၆၂ ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ် ပျက်ကျမှုမှာ ရာသီဥတုကြောင့်ဟု အကြမ်းဖျဉ်း ယူဆထားသော်လည်း ကျွမ်းကျင်သူများကမူ ထိုနေ့တွင် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသည့် အခြားသောလေယာဉ်များမှာ အဘယ့်ကြောင့် ရာသီဥတုဒဏ် မခံစားရသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

    ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူများကမူ Black Box မေတွေ့မချင်း ပျက်ကြရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရှိနိုင်ဟု ပြောကြားခဲ့သည်။

    Ref : channelnewsasia

  • ဂရိနိုင်ငံ၏ အလိုရှိဆုံး ၀ရမ်းပြေးတစ်ဦး စက်ဘီးစီးနေစဉ် ဖမ်းမိ

    ဂရိနိုင်ငံ၏ အလိုရှိဆုံး ၀ရမ်းပြေးတစ်ဦး စက်ဘီးစီးနေစဉ် ဖမ်းမိ

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    xrs

    – ဥရောပ၏ အလိုအရှိဆုံး ၀ရမ်းပြေးများထဲမှ တစ်ဦးဖြစ်သူ ခရစ္စတိုဒူလော့စ် ဇီရို့စ်ကို ယခုသီတင်းပတ်အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု ဂရိရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၅၆ နှစ်ရွယ်ရှိပြီး ဂရိရှိ `နိုဝင်ဘာ ၁၇´ လက်ဝဲစွန်းရောက် အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဇီရို့စ်အား မြို့တော်အေသင် တောင်ဘက်ရှိ ဆင်ခြေဖုံးဒေသ၌ စက်ဘီးစီးနေစဉ် ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်ထဲတွင် ကြည်အပြည့် ထည့်ထားသော ပစ္စတိုတစ်လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။

    ဇီရို့ဇ်မှာ ဂရိနိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံးသော Korydallos ထောင်ကို ပစ်မှတ်ထားတိုက်ခိုက်မည့် လှုပ်ရှားမှုအတွင်း လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် ၂၀၀၃ ခုနှစ် မတ်လအတွင်းက ဖမ်းမိခဲ့ခြင်းဖြစ်ကာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် အများအပြား ချမှတ်ခြင်းခံခဲ့ရသည်။

    သို့သော်လည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နှစ်ကူးအားလပ်ရက် ၉ ရက်ပေးချိန်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တစ်နှစ်ကျော် ကြာပြီးနောက် ယခုမှ ပြန်လည် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

    ဂရိ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဒီမီထရီယို့စ် ဆက်နာကစ်ကမူ ရဲအရာရှိများမှာ ဇီရို့စ် လပေါင်းများစွာ ပုန်းနေခဲ့သည့်အိမ်တွင် ထွက်ပြေးမည့်အစီအစဉ်များနှင့် လမ်းကြောင်းများကို ရေးသားထားသော စာရွက်ကို တွေ့ရှိခဲ့ရသောကြာင့် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ထိုအိမ်ထဲတွင် လက်နက်များကိုလည်း တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၂ ခုနှစ်က ပြိုကွဲသွားခဲ့သည့် `နိုင်ဝင်ဘာ ၁၇´ အဖွဲ့မှာ တစ်ချိန်က ဂရိနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု အပြုလုပ်ဆုံး လက်ဝဲစွန်းရောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းအဖွဲ့ သက်တမ်း ၂၇ နှစ်အတွင်း ၁၉၇၅ ခုနှစ်က အေသင်ရှိ စီအိုင်အေ အကြီးအကဲကို လုပ်ကြံမှု အပါအ၀င် အစိုးရ အရာရှိများအား လုပ်ကြံမှု ၂၃ ခုကို ပြုလုပ်ခဲ့သည်။

    Ref : dailytelegraph