News @ M-Media

Month: October 2016

  • မှောက်မှား ခက်ထန်မှုသို့ တွန်းပို့နေသည့် အကြောက်တရား

    မှောက်မှား ခက်ထန်မှုသို့ တွန်းပို့နေသည့် အကြောက်တရား

    အောက်တိုဘာ ၂၁၊ ၂၀၁၆

    M-Media
    ma-thid
    ကျင်းပသော ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံရေးရာလေ့လာမှုကွန်ဖရင့် အစီအစဉ်တစ်ရပ်တွင် ဟောပြောခဲ့သည့် ဒေါက်တာ မသီတာအား ၂၀၁၆ အောက်တိုဘာလ၊ မြောက်ပိုင်းအီလီနွိုက်စ်တက္ကသိုလ်ကျောင်းဝင်း၌တွေ့ရစဉ်

    – ဒေါက်တာ မသီတာသည် လူသိထင်ရှား အတိုက်အခံ စာရေးဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေသူ၊ သမားတော်၊ နိုင်ငံရေးကျားကန်သူနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။ သူမသည် ၁၉၉၀ ခုနှစ်များအတွင်း ဥပဒေနှင့်မညီသော စာပေများ ဖြန့်ချိမှုဖြင့် ခြောက်နှစ်နီးပါး အကျဉ်းစံခဲ့ရသူအဖြစ် ထင်ရှားသည်။ အခြားအရေးယူထိန်းသိမ်းခံရမှုများအနက် ၁၉၈၈ ခုနှစ် ကျောင်းသားများဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီအရေးအခင်း၏ တက်ကြွလှုပ်ရှားသူအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်းလည်း ပါဝင်သည်။ အကျဉ်းထောင်၌ရှိစဉ် အဆုတ်ရောဂါနှင့်အတူ ကျန်းမာရေးဒုက္ခများစွာ ခံစားခဲ့ရသည်။ PEN International ကဲ့သို့ အဖွဲ့အစည်းများထံမှ ၀င်ရောက်လာသော နိုင်ငံတကာဖိအားကြောင့်သာ အချုပ်အနှောင်မှ လွတ်ကင်းလာရသည်။ ယခုသော် သူမသည် ထိုအဖွဲ့အစည်း၏ ဘုတ်အဖွဲ့ဝင် ဖြစ်နေလေပြီ။

    အောက်တိုဘာလ အမေရိကန်ခရီးစဉ်အတွင်း မသီတာသည် လက်ရှိမြန်မာလူ့အသိုင်းအ၀ိုင်းအပေါ် သူမ၏ စူးစမ်းသုံးသပ်မှုများကိုလည်းကောင်း၊ အကြောက်တရားအတွင်း အမြစ်တွယ်ရာမှာ (ငြိမ်းချမ်းတည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည့်) မှောက်မှားခက်ထန်းခြင်း တိုးမြင့်လာသည့်အပေါ် သူမ၏အမြင်ကို ဧရာဝတီသတင်းဋ္ဌာနသို့ မျှဝေပေးခဲ့သည်။ ၎င်းကို ကျော်လွှားနိုင်သည့်နည်းလမ်းမှာ မျိုးဆက်အလီလီအတွက် ရုပ်ပိုင်း၊ နာမ်ပိုင်း၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းစနစ်တစ်ရပ်ကို အစဉ်တစိုက်လှုံ့ဆော်ရိုက်သွင်းနေကြသော နိုင်ငံ့အဖျက်သမားစစ်စစ်များအား ထိပ်တိုက်ရင်ဆိုင်ခြင်းသာဖြစ်သည်ဟု သူမက ဆိုသည်။

    ဒေါက်တာမသီတာနှင့် အမေးအဖြေဝေမျှချက်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပေသည်။

    (မေး) လက်ရှိအချိန် ဆရာမ ကိုင်တွယ်ထားရတဲ့ ကဏ္ဍအသီးသီးအပေါ် သုံးသပ်ချက်တစ်ရပ် ပေးစေချင်ပါတယ်။

    (ဖြေ) ကျွန်မဟာ PEN Myanmar ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး PEN International ရဲ့ ရွေးချယ်ခံအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အဖွဲ့နှစ်ရပ်စလုံးရဲ့ ဘုတ်အဖွဲ့ဝင်လို့ ဆိုကြတယ်။ ဒါပေမယ့် ကျွန်မအဖို့ ဒီခေါင်းစဉ်နှစ်ခုစလုံးကို ရေရှည်ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး။ လာမည့်ဒီဇင်ဘာလအတွင်း PEN Myanmar အတွက် သုံးနှစ်တစ်ကြိမ်ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်မှာဖြစ်လို့အဲ့ဒီမှာ ကျွန်မ ထပ်မံပါဝင်မှာ မဟုတ်ဘဲ ကူညီသူအဖြစ်သာ ရှိပါမယ်။

    ကျွန်မက Info Digest journal ရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်ပါတယ်။ အဲ့ဒါက နှစ်ပတ်တစ်ကြိမ်ထုတ် စာနယ်ဇင်းမှတ်တမ်းဆိုင်ရာ ကန့်သတ်စာစဉ်တစ်စောင်ဖြစ်ပါတယ်။ ကျွန်မတို့ကတော့ စိတ်ကူးယဉ်မှုများ၊ ခံစားချက်များကို စိတ်မ၀င်စားကြပါဘူး။ လူထုသိအပ်တဲ့ လူထုအခွင့်အရေးကို ကာကွယ်ခြင်းမှာသာ စိတ်ပါဝင်စားကြပါတယ်။

    ဒါ့အပြင် ကျွန်မဟာ မိသားစုဆိုင်ရာ အထွေထွေကျန်းမာရေးစောင့်ရှောက်သူအဖြစ်လည်း လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ အချိန်တိုင်း ကျွန်မရဲ့လူနာများနဲ့ ဆုံတွေ့ခွင့်ရခြင်းကလည်း ကျွန်မအဖို့ အထူးအခွင့်အရေးတစ်ရပ်ဖြစ်စေပါတယ်။ လန်ခဲ့တဲ့ ၁၀ နှစ်လောက်က (ရန်ကုန်)အခမဲ့နာရေးကူညီမှုအသင်းဆေးခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် ကျွန်မ စတင် ဆောင်ရွက်တယ်။ ခရီးအများအပြား ထွက်ရလေ့ရှိသည့်တိုင် အဲ့ဒီနေရာကို တစ်ပတ်တစ်ကြိမ် အရောက်သွားခဲ့ပါတယ်။ ကျွန်မရဲ့ပုံမှန်လူနာများလည်း ယနေ့ထိ ရှိနေဆဲပါ။ ကျွန်မအတွက်တော့ ကျန်းမာရေးလုပ်ငန်းက ပကတိနိုင်ငံရေးပဲ ဖြစ်ပါတယ်။ ဒီအရာက လူတိုင်းနှင့် မကင်းနိုင်ဘူးလေ။

    (မေး) တစ်ချိန်တုန်းက ဆရာမရဲ့ ပင်မနိုင်ငံရေးအာသီသဟာ နိုင်ငံ့သားကောင်းဖြစ်ရေးလို့ ဆိုခဲ့ပါတယ်။ ဒီအချက်က ဆရာမဘ၀ထဲဆရာမအတွက် အဓိပ္ပာယ်သက်ရောက်မှု ဘယ်လောက်ရှိနေပါသလဲ ?

    (ဖြေ) ကျွန်မက နိုင်ငံ့သားကောင်းတစ်ဦး ဖြစ်လိုဆဲပါပဲ။ သို့စေကာမူ ယခုချိန်မှာ PEN International နဲ့ ထဲထဲဝင်ဝင် ပိုမိုလက်တွဲဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါက ကျွန်မရဲ့ ပုဂ္ဂလအောင်မြင်ဖြစ်ထွန်းလိုမှုကြောင့် မဟုတ်ပါ။ ဒါပေမယ့် သမိုင်းကြောင်းတလျှောက် နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်ထဲ ဒီလို ဆုံးဖြတ်ချက်ချမှတ်မှုအဆင့်ထိ တက်လှမ်းနိုင်သူ မြန်မာ့ကလောင်ရှင် တစ်ဦးမျှ မရှိခဲ့ဖူးဘူးလို့ ကျွန်မ ထင်မြင်ပါတယ်။ ကျွန်မရဲ့တိုင်းပြည်ကို ကိုယ်စားပြုသော နိုင်ငံ့သားကောင်းတစ်ဦးဖြစ်ဖို့ ကျွန်မ ကြိုးစားခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ဟာ သီးခြားဖယ်ကြဉ်ခံရခြင်း မရှိကြောင်း ပြသရာလည်း ရောက်ပါတယ်။ ခင်ဗျားအနေနဲ့ သာမန်နိုင်ငံသားတစ်ဦးဖြစ်နေလင့်ကစား တစ်စုံတစ်ရာကိုတော့ ပြုလုပ်နိုင်စွမ်းပါတယ်လို့ ဆိုချင်ပါတယ်။ ကျွန်မ အမှန်တကယ် လက်ဆင့်ကမ်းလိုတဲ့သတင်းစကားကတော့ ဒီအချက်ပဲဖြစ်ပါတယ်။

    (မေး) ဆရာမဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကျားကန်ကူညီသူအဖြစ် ဆောင်ရွက်ခဲ့ဖူးတယ်။ (၁၉၉၂ ခုနှစ်မှာရေးပြီး ၇ နှစ်ကြာမှ ပုံနှိပ်ထုတ်ဝေဖြစ်တဲ့) ဆရာမရဲ့ နေကြာပန်း စာအုပ်မှာ လူထုရဲ့ အထူးမျှော်လင့်ချက်ထားရှိခံရတဲ့ သူမကို “သြဘာပေးခံရသည့် အကျဉ်းစံ” လို့ ဖော်ပြထားပါသည်။ အခု သူမရဲ့ ခြောက်လကျော် အုပ်ချုပ်ရေးကာလအတွင်း သူမနဲ့ NLD အစိုးရရဲ့ ဆောင်ရွက်ချက်အပေါ် ဆရာမဖက်က ဘယ်လို အကဲဖြတ်လိုပါသလဲ ?

    (ဖြေ) ကျွန်မဆီမှာ သူမနဲ့ပတ်သက်ပြီး “အကြောက်တရားမက အမှန်တကယ် လွတ်မြောက်နေပါသလား” ဆိုတဲ့ မေးခွန်းတစ်ခုသာ ရှိပါတယ်။ (လူထု)ခေါင်းဆောင်တစ်ဦးရဲ့နေရာမှာ သူမဟာ အဲ့ဒီလောက်ထိ အကြောက်တရား ရှိချင်မှ ရှိပါမယ်။ သို့သော် နိုင်ငံတော်အတိုင်ပင်ခံတစ်ဦးအနေနဲ့ကတော့ နိုင်ငံသားတို့အပေါ် မထိခိုက်မိစေဖို့၊ အုပ်စုတိုင်းရဲ့ မျှော်လင့်ချက် မပျက်ပြားစေဖို့ စတဲ့ အကြောက်တရား(စိုးရိမ်မှု) အများအပြား ရှိနိုင်ကောင်းပါမယ်။ ဒီအကြောက်တရားအမျိုးအစားကို သူမ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ည် ကျွန်မ အထူးစိတ်ဝင်စားနေပါတယ်။ ဒီကိစ္စက ၁၉၉၁ ခုနှစ်ကရေးသားတဲ့ “အကြောက်တရားမှ လွတ်မြောက်ခြင်း” စာအုပ်ထဲက ဖော်ပြချက် အကြောက်တရားများနဲ့ မတူညီဘဲ ကွဲပြားခြားနားမှု ရှိနေပါတယ်။ ဒါ့ကြောင့် လက်ရှိအကြောက်တရားအပေါ် သူမအနေနဲ့ ဘယ်ပုံဘယ်နည်း ရင်ဆိုင်မလဲဆိုတာ ကျွန်မလည်း အထူးတလည် သိချင်နေမိပါတယ်။

    (မေး) သူမရဲ့ အကြောက်တရားများအောက် သူမ နစ်ဝင်သွားမယ်လို့ ဆရာမ ထင်မြင်ပါသလား ?

    (ဖြေ) ပြောရခက်ပါတယ်။ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေများက အကြောက်တရားနဲ့ဆက်နွယ်ပတ်သက်မှု ရှိမရှိ ဆိုတာ တပ်အပ်မဆိုနိုင်သေးလို့ ဖြစ်ပါတယ်။

    (မေး) Northern Illinois University’s Burma Studies Conference က ဆရာမရဲ့စကားဝိုင်းမှာ အကြောက်တရားအကြောင်း ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီမှာ “အကြောက်တရားက လူထုကို ခက်ထန်မှောက်မှားမှုဆီ တွန်းပို့နေတယ်” လို့ ဆရာမ ပြောဆိုခဲ့တယ်။ လက်ရှိကာလ မြန်မာနိုင်ငံမှာ ဒီဖစ်စဉ်ထင်ရှားလာမှုအပေါ် ဆရာမရဲ့အမြင် ဘယ်လိုရှိပါသလဲ ?
    (ဖြေ) အဲ့ဒါက နာမည်ကြီးစာရေးဆရာတစ်ဦးရဲ့ ၀တ္ထုတိုတစ်ပုဒ်ပါ။ စာပေစကားဝိုင်းတစ်ခုကနေ သူ့ဆီက ကျွန်မ ပြန်ကြားသိခဲ့ရတယ်။ အဲ့ဒီအချိန်က တိုင်းပြည်ဟာ ဦးသိန်းစိန်အစိုးရ လက်အောက်မှာ ရှိနေဆဲပေါ့။ ဒိဇာတ်လမ်းက အစိုးရရဲ့ အရှိုက်ကို အထိနာအောင် ထိုးနှက်နိုင်ခဲ့ပါတယ်။ (ဇာတ်လမ်းမှာ) ရန်ကုန်မြို့ကုမ္မဏီတစ်ခုက အောက်ခြေအဆင့် စာရေး မောင်ခရဲ့အကြောင်းဖြစ်တယ်။ မန်နေဂျာဖြစ်သူ မောင်က ဆိုတာ အလွန်ဆိုးသွမ်းမောက်မာလှသူဖြစ်တယ်။ မောင်ကရဲ့မကောင်းကြောင်းကို အခြားဝန်ထမ်းများစွာက နောက်ကွယ်မှာ ပြောဆိုကြပေမယ့် မောင်ခ ကတော့ အဲ့ဒီလိုပြောဆိုမှုမှ ကင်းစွာနေပါတယ်။ သာမန်အားဖြင့် မောင်ခဟာ မောင်ကရဲ့လုပ်ရပ်ဆိုးများကို လက်ခံနေသယောင်ရှိတယ်။ အလုပ်ချိန်ပြီးသွားတဲ့အခါ မောင်ခဟာ ပန်းဆိုးတန်းတံတားဖက်လမ်းမပေါ်က ခြေသည်းလက်သည်းလှီးဖြတ်သူများဆီ သွားတယ်။ ကျွန်မတို့ရဲ့ထုံးတမ်းဓလေ့အရ တစ်ပါးသူရဲ့ ခြေထောက်ကို ကိုယ်တွယ်ခယသူဟာ အဆင့်အနိမ့်ဆုံးသူဖြစ်တယ်။ အဲ့ဒီလို(ခြေသည်းလှီးဖြတ်ခံယူနေတဲ့)အချိန်မှာ မောင်ခက အထက်အရာရှိသူဋ္ဌေးတစ်ဦးသဖွယ် ဖြစ်နေပါတယ်။ ကိုင်တွယ်လှီးဖြတ်ခြင်း ပြီးစီးတဲ့နောက် သူဟာ ခြေသည်းလှီးဖြတ်သူကို ကျသင့်ငွေပေးပြီး “နှုတ်ဆက်ပါတယ်(bye bye) မောင်က” လို့ ပြောဆိုလိုက်ပါတော့တယ်။

    တစ်စုံတစ်ဦးကို မောင်က လို့ခေါ်ဆိုသမုတ်လို့ မိမိခြေထောက်ကို ကိုယ်တွယ်ခယစေပြီး မိမိဖာသာ လက်စားချေလိုက်တဲ့သဘောပါပဲ။ လူထုထံမှာ လက်စားချေတုန့်ပြန်လိုစိတ် ရှိနေကြပေမယ့် ဒီလိုလုပ်ခြင်းက ထိခိုက်နစ်နာမှု ရှိလာမှာလည်း သိကြတယ်။ မောင်ခဟာ မန်နေဂျာမောင်ခအပေါ် အကြောက်တရားကြောင့် ယဉ်ကျေးကောင်းမွန်စွာဆက်ဆံသည့်တိုင် သူ့ဆီမျာ လက်စားချေလိုစိတ် ကိန်းအောင်းနေတယ်။ ဒါပေမယ့် ဘာမျှ ပြန်လုပ်နိုင်စွမ်းမရှိ။ သူ့အတွက် အန္တရာယ်ရှိလာမှာ သိနေလို့ဖြစ်တယ်။ ဒါ့ကြောင့် သူဟာ မိမိအပေါ် လက်တုန့်ပြန်မှာမဟုတ်တဲ့ လူတစ်ဦးကို မောင်က အဖြစ် ယိုးမှတ်ပြီး လက်စားချေတုန့်ပြန်လိုက်တာပါ။ အဲ့ဒါကို မှောက်မှားခက်ထန်မှု လို့ ကျွန်မ ဆိုရခြင်းဖြစ်ပါတယ်။

    လူတွေက ဒီဇာတ်လမ်းကို ခရိုနီများနဲ့အစိုးရအပေါ် ထိုးနှက်ချက်တစ်ရပ်အဖြစ် နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကျွန်မအတွက် တုန်လှုပ်စရာဖြစ်သွားခဲ့ရတယ်။ အကြောက်တရားက လူထုကို မှောက်မှားခက်ထန်စေကြောင်း ကျွန်ုပ် ခံစားမိလို့ဖြစ်တယ်။ သူတို့ဟာ မိမိတို့ရဲ့ဝေဖန်ပိုင်းခြားတတ်မှုနှင့် ကျိုးကြောင်းသင့်လျော်မှုကို မှန်ကန်စွာ အသုံးမပြုတတ်တော့ မိမိတို့ရဲ့ လက်စားချေတုန့်ပြန်ပုံက ဘယ်လိုဖြစ်သွားပါသလဲ ? ဒါဟာ ကျွန်မတို့လူ့အသိုင်းအ၀ိုင်းထဲ အကြောက်တရာနဲ့ပတ်သက်ပြီး ကိုင်တွယ်စီမံပုံကို မီးမောင်းထိုးပြနေပါတယ်။ ဒီဇာတ်လမ်းအားဖြင့် လူထုရဲ့ စိတ္တဗေဒအနေအထား တစေ့တစောင်းကို ကျွန်မ ပိုမို သိမြင်နားလည်ခဲ့ရပါတယ်။

    (မေး) မိမိတို့ရဲ့ လက်စားချေတုန့်ပြန်မှုများကို (အဲ့ဒီလို လွဲမှားစွာ) ထုတ်ဖော်နေသူများက ဘယ်သူတွေလဲ ?

    (ဖြေ) ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုကို အသုံးချနေသူများလို့ ကျွန်မ ထင်မြင်ပါတယ်။ ပြည်သူတစ်ရပ်လုံးဆီမှာ အကြောက်အတရားက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီးဖြစ်တယ်။ သူတို့က လက်စားချေလိုစိတ် ပြင်းထန်နေပြီး လက်တုန့်ပြန်နိုင်စွမ်းမရှိတဲ့ တစ်စုံတစ်ဦးကို (အထက်ပါဇာတ်လမ်းအတိုင်း) ရှာဖွေနေတတ်ကြပါတယ်။ နောက်ဆုံးတော့ လူနည်းစုဝင်တို့ကို (အစားထိုး လက်တုန့်ပြန်နိုင်သူများအဖြစ်) ရှာတွေ့သွားပါတယ်။ သို့အတွက် အကြောက်တရားက လူထုကို မှောက်မှားခက်ထန်သွားစေတယ်လို့ ကျွန်မ ဆိုရခြင်းဖြစ်ပါတယ်။

    (မေး) လူထုအနေနဲ့ သူတို့ရဲ့အကြောက်တရားကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ ဆရာမ ထင်မြင်ပါသလဲ ?

    (ဖြေ) လူတွေက ကျွန်တော်တို့ဆီမှာ နောက်ထပ်ပြဿနာများစွာ ရှိသေးတယ်လို့ ဆိုကြတယ်။ မဟုတ်ပါဘူးလို့ ကျွန်မ ပြောချင်ပါတယ်။ ပြဿနာတွေကတော့ အနည်းနဲ့အများဆိုသလို အတိတ်ကာလအတိုင်းပါပဲ။ ယခုအခါ ပိုမိုသိမြင်နားလည်လာကြတယ်၊ ပိုမိုဖွင့်ဟ၀န်ခံလာကြတယ်။ ယခင်က ကျွန်တော်တို့ဆီမှာ ပြဿနာများရှိကြောင်း ၀န်မခံတတ်ကြပါဘူး။ ဘာပြဿနာမျှ မရှိသလို ဟန်ဆောင်ခဲ့ကြတယ်။ ယခုအခါမှာ (ဖြေရှင်းရမယ့်) ပြဿနာများနဲ့ပတ်သက်ပြီး ကျွန်မတို့ ၀န်ခံဖွင့်ဟရဲလာပြီ။ ကျွန်မတို့အနေနဲ့ (အဆိုပါဇာတ်လမ်းမှ) စာရေး မောင်ခ လိုမျိုး ဘာကြောင့် ဟန်ဆောင်ခယဆက်ဆံနေဦးမှာလဲ။ စိတ်မပါဘဲ ဟန်ဆောင်ခယနေမယ့်အစား တကယ့်ဒုစရိုက်သမားအစစ်တို့ကို တိုက်ရိုက်ရင်ဆိုင်လိုက်ပါ၊ သတ္တိရှိရှိ ထိပ်တိုက်ပြောဆိုလိုက်ပါ။

    (မေး) ဆရာမက ဘယ်သူတွေကို ဒီလို တိုက်ရိုက်ရင်ဆိုင်စေလိုပါသလဲ ?

    (ဖြေ) လူအများအပြားရှိပါတယ်။ လူထုအပေါ် တရားဝင်တောင်းပန်ချက်တစ်ရပ် ဖြစ်လာစေရေးအတွက် ကျွန်မဟာ နိုင်ငံရေးအကျဉ်းသားဟောင်းများကို တိုက်တွန်းထားပြီး ဖြစ်တယ်။ တကယ်လို့ ကျွန်မတို့က ခွင့်လွှတ်ခြင်းတရား ကျင့်သုံးဖို့ အသင့်ရှိကြလျှင်ပင် တာဝန်ကျေမှာမဟုတ်ဘူး။ အခြားတစ်ဖက်မှာတော့ ဒုစရိုက်သားများက မကောင်းမှုတွေကို ထပ်ဖန်တလဲလဲ ပြုလုပ်နေဦးမှာ ဖြစ်တယ်။ သူတို့တစ်တွေအနေနဲ့ တောင်းပန်ခြင်းဖြင့် မိမိတို့ရဲ့ အပြစ်ကနေ လွတ်မြောက်စေတာမျိုး ကျွန်မ ဆန္ဒရှိပါတယ်။ ဒါက ကျွန်မတို့အတွက်သာ မဟုတ်ဘူး၊ သူတို့အတွက်ပါ ကောင်းကျိုးဖြစ်စေမှာပါ။ တစ်ချို့သောသူတွေက မိမိတို့ဟာ အရိုးခံပါ၊ မိမိတို့မှာ အပြစ်ရှိမရှိ ဆိုတာတောင် မသိပါဘူးလို့ ပြောကောင်းပြောဆိုပါမယ်။ ဒါပေမယ့် ကျွန်မ အယုံအကြည်မရှိပါဘူး။ သူတို့အနေနဲ့ ပြစ်မှုစက်ကွင်းက ထွက်ခွာလာခြင်းသာ သူတို့အတွက် ကောင်းမွန်စေမယ်လို့ ကျွန်မ ထင်မြင်ပါတယ်။

    (မေး) ဒီလို တရားဝင်တောင်းပန်ချက်ကို မြန်မာနိုင်ငံအတွင်း ခံစားထိုက်သူတွေဟာ ဘယ်သူတွေလို့ ဆရာမ ယူဆပါသလဲ ?

    (ဖြေ) မျိုးဆက်တိုင်းက လူထုတစ်ရပ်လုံးပါပဲ။ ကျွန်မတို့အားလုံးက ထိုက်တန်သူတွေပါ။ တစ်ချို့သောသူတွေဟာ ဖမ်းဆီးခံရတယ်၊ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် သူတို့ချည်း မဟုတ်ပါဘူး။ သာမန်လူထုတွေလည်း နစ်နာမှုထဲ ပါဝင်ပါတယ်။ သူတို့ဟာ ကာယကံမြောက်စော်ကားမှုကို မခံရရင်တောင်မှ အခြေခံအားဖြင့် အကြမ်းဖက်မှုသားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ ယဉ်ကျေးမှုနဲ့ အခြေခံလူ့အဖွဲ့အစည်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုဒဏ်ကို လူထုတစ်ရပ်လုံး ခံစားခဲ့ရပြီးပါပြီ။

    (မေး) ဒီလို တောင်းပန်လိုက်ယုံနဲ့ လုံလောက်သွားပြီလား ?

    (ဖြေ) စင်စစ်မှာတော့ မလုံလောက်ပါဘူး။ ဒါပေမယ့် ၀န်ချတောင်းပန်မှုက လူထုရဲ့နှလုံးသားကို ထိခတ်စေပါတယ်။ တင်းမာမှုနဲ့ လက်စားချေလိုစိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စကို တရားဝင်ဆောင်ရွက်နိုင်ခြင်းက အကောင်းဆုံးပါပဲ။ ၀န်ချတောင်းပန်မှုဆိုတာ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

    (မေး) အခုဆိုရင် မြန်မာပြည်မှာ “အမျိုးသားရင်ကြားစေ့ရေး” ဆိုတဲ့စကား အလွန်လူပြောများနေကြတယ်။ ဒီအယူအဆအပေါ်ဆရာမအနေနဲ့ ဘယ်လို သုံးသပ်ဝေဖန်ချင်ပါသလဲ ?

    (ဖြေ) အမှားဝန်ခံမှုမပြုဘဲ သို့တည်းမဟုတ် အမှားကိုအမှားအယွင်းလို့ အသိအမှတ်မပြုလက်မခံဘဲနဲ့တော့ အနာဂတ်အတွက် အမျိုးသားရင်ကြားစေ့ရေးဆွေးနွေးချက်များဟာ ငြိမ်းချမ်းရေးကို ရေရှည်ခိုင်မာအောင် ထိန်းသိမ်းသွားနိုင်မှာ မဟုတ်ပါဘူး။

    (မေး) အစကနဦးမှာ ဆရာမက ဆင်းရဲမွဲတေမှုအကြောင်း ဆန်းစစ်သုံးသပ်မှုအမြင်တွေကို ချပြတဲ့ စာရေးသူအဖြစ် ဒီလောကထဲ ၀င်ရောက်လာခဲ့တယ်နော်။ အခုအချိန်မှာ ဘယ်လိုဆန်းစစ်သုံးသပ်မှုမျိုးကို ချပြဖို့ အာသီသရှိနေပါသလဲ ?

    (ဖြေ) ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမွဲတေမှုသာမက အသိပညာ၊ ဗဟုသုတပါ ဆင်းရဲမွဲတေမှု ဖြစ်နေကြပါတယ်။ ဒါဟာ တကယ့်ဆိုးဝါးတဲ့ ပြဿနာ တစ်ရပ်ပါ။ ဒါကြောင့်လည်း လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် တွန်းအားပေးခြင်းက ကျွန်မရဲ့ ထိပ်တန်းအဆင့်လှုပ်ရှားမှုတစ်ခု ဖြစ်နေတာပေါ့။ ခင်ဗျားဟာ ကြွယ်ဝချမ်းသာသူ သို့မဟုတ် အာဏာရှိသူ ဖြစ်နေပါစေ အသိပညာဗဟုသုတ လုံလုံလောက်လောက် မရှိထားဘူးဆိုရင် ခင်ဗျားဟာ အစွမ်းအစကင်းမဲ့သူပါပဲ။ ပြည်သူလူထုတစ်ရပ်လုံး အသိပညာအားကောင်းလာအောင် ပြုလုပ်ကြဖို့ ကျွန်မ အမှန်တကယ် တိုက်တွန်းချင်ပါတယ်။ အစွမ်းအစ၊ စေတနာ၊ လူထုပါဝင်ရေးအသိတရား မရှိဘဲနဲ့ အပြောင်းအလဲတစ်ရပ်ကို ကျွန်မတို့ ဘယ်လိုဖော်ဆောင်နိုင်မှာလဲ ?

    (မေး) လိုအပ်နေတဲ့ အသိပညာအမျိုးအစား ဆိုတာ ?

    (ဖြေ) စနစ်ဇယားနဲ့ပတ်သက်တဲ့ အသိပညာ၊ ကျွန်မတို့ ဘယ်ကို ဦးတည်ရှေ့ရှုနေကြောင်း အသိပညာ၊ မိမိတို့ရဲ့ စွမ်းဆောင်ရည်ဆိုင်ရာအသိပညာတွေပေါ့။ မိမိတို့ကိုယ်တိုင် လူ့အဖွဲ့အစည်းပြောင်းလဲဖို့ ပေးဆပ်နိုင်စွမ်းရှိသူ အပါအ၀င်ဖြစ်တယ်လို့ မခံစား မခံယူနိုင်သရွေ့ အစွမ်းအစမဲ့နေဦးမှာပါပဲ။

    (ဖြေ) တိုင်းပြည်အတွက် အရေးအပါဆုံးပုဂ္ဂိုလ်က ဘယ်သူလဲလို့ ကျွန်မရဲ့စကားဝိုင်းတွေမှာ ကျွန်မ မေးခွန်းထုတ်လေ့ရှိပါတယ်။ လူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ပါလို့ ဆိုကြပါလိမ့်မယ်။ မှန်ထဲကို ကြည့်လိုက်ပါ၊ အသင်သာလျှင် အရေးအပါဆုံးပုဂ္ဂိုလ် ဖြစ်ကြောင်း တွေ့ရပါမယ်၊ ကျွန်မတို့ တစ်ဦးချင်းစီမှာ ဒီအသိတရားကို အသိအမှတ်ပြုသင့်တယ်။ တကယ်လို့ မိမိကိုယ်ကို အရေးပါသူလို့ ခံယူရင် အသင်ဟာ တစ်စုံတစ်ရာသော အားထုတ်မှု ပြုလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ အသင်ဟာ မိမိအတွက် တစ်ပါးသူ လုပ်ပေးမှာကို ထိုင်စောင့်နေရတော့မှာ ဖြစ်ပါတယ်။ လူတိုင်းကိုယ်စီက မိမိသည် မိမိတိုင်းပြည်အတွက် အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ခံယူချက်ထားရှိစေချင်ပါတယ်။

    (မေး) လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အပြည့်အ၀ မဆွေးနွေးနိုင်ဘူးလို့ ဆရာမ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းရပ်အပေါ် ဘယ်လို အမြင်သဘောထားရှိပါသလဲ ?

    (ဖြေ) လွတ်လပ်စွာထုတ်ဖော်ခွင့် ဆိုတဲ့နေရာမှာ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို မဆိုလိုပါဘူး၊ အားလုံးကို ခြုံငုံပါဝင်စေတဲ့ အခွင့်အရေးကို ပြောတာဖြစ်ပါတယ်။ တစ်ပါးသူတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့် ကျင့်သုံးနိုင်ရေးကို ကျွန်မတို့ ခုခံကာကွယ်မှု မပေးနိုင်သေးသရွေ့၊ ခုခံကာကွယ်ပေးခွင့် မရရှိသေးသရွေ့ ကျွန်မတို့လည်း လွတ်လပ်စွာထုတ်ဖော်ခွင့် မရရှိနိုင်ပါဘူး။ အဆင့်လေးရပ်အပေါ် ကျွန်မတို့ ဆန်းစစ်ရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားဥပဒေစိုးမိုးသက်ရောက်မှု၊ သင်းပင်းအုပ်စုရေးရာနဲ့ တစ်သီးပုဂ္ဂလဆိုင်ရာ အဆင့်များဖြစ်ပါတယ်။

    (မေး) ဒီအရေးအရာအပေါ် အားလုံးခြုံငုံပါဝင်စေတဲ့နည်းလမ်းမျိုးနဲ့ ဆရာမက ဘာကြောင့် ချဉ်းကပ်ရပါသလဲ ?

    (ဖြေ) မိမိရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့် ကျင့်သုံးနိုင်ပါတယ်လို့ ခင်ဗျားယုံကြည်နေသည့်တိုင် အခြေခံဥပဒေမှာတော့ ခင်ဗျားအဖို့ အန္တရာယ်အနံ့ မကင်းဘူး။ တရားဥပဒေကြောင်းအရ ဒါဟာ ပြစ်မှုကျူးလွန်ရာ ရောက်နေပြီဖြစ်ပါတယ်။ သင်းပင်းအုပ်စုအရ အသင်ဟာ မိမိဖာသာ လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင်း လူ့အဖွဲ့အစည်း အသွင်မဆောင်ပြန်ဘူး။ တစ်သီးပုဂ္ဂလဆိုင်ရာအရ ကြည့်ပြန်ရင်လည်း လူနည်းစုဝင်တို့ရဲ့ ဘာသာစကားကို ထည့်သွင်းရမှာဖြစ်ပါတယ်။ ကာလအပိုင်းအခြားနဲ့ ထုတ်ဝေတဲ့ စာစောင်/မဂ္ဂဇင်းတွေ အစုံအလင်ရှိနေပါပြီ၊ ဆင်ဆာဖြတ်တောက်မှု မရှိတော့ပါဘူးလို့ ပြောကြမယ် ဆိုပါစို့၊ မြန်မာဘာသာစကား မပြောဆိုမသုံးနှုန်းတဲ့ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်သက်ရောက်သွားမလဲ၊ သူတို့အတွက် လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့် မရှိကြပါဘူး။

    (မေး) လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကာကွယ်ခြင်းနဲ့အတူ လူထုအကြား မီဒီယာအသိပညာ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်နေတယ်လို့ ဆရာမက ဇောင်းပေးပြောသွားခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ထပ်မံ ရှင်းပြပေးနိုင်မလား ?

    (ဖြေ) မြောက်များစွာသောလူတွေဟာ မီဒီယာက ပုံဖော်တဲ့ သတင်းအချက်အလက် (နဲ့) မူလသတင်းရင်းမြစ်အချက်အလက်ကို ကွဲပြားအောင် မခွဲခြားတတ်ကြပါဘူး။ ဒါကြောင့် ဘယ်သတင်းက ယုံကြည်စိတ်ချရတယ်၊ ဘယ်သတင်းက ပုံဖော်ချက်သတင်း သို့မဟုတ် ဘက်လိုက်သတင်းဖြစ်တယ် ဆိုတာကို မဆုံးဖြတ်နိုင်ကြဘူး။ ကျွန်မတို့ရဲ့ ဆင်ဆာကိစ္စအပေါ် မီဒီယာပိုင်ရှင်ရဲ့ သြဇာလွှမ်းမိုးမှုလည်း အတော်အတန် ကြီးမားပါတယ်။ ကိုယ်တိုင်တည်းဖြတ်မှုဖြစ်စေ၊ စုပေါင်းတည်းဖြတ်မှုဖြစ်စေ မီဒီယာပိုင်ရှင်နဲ့ ဆက်စပ်နေပါတယ်။ ဘယ်မီဒီယာက ဘာကို ကိုယ်စားပြုနေတယ်ဆိုတာ ပြည်သူလူထုက တကယ့်ကို မသိရှိကြပါဘူး။

    (မေး) လက်စမသတ်ရသေးတဲ့အရာတွေထဲက ဘယ်အရာကို ပြီးမြောက်အောင် ဆောင်ရွက်ချင်နေပါသလဲ ?

    (ဖြေ) ၀တ္တုတစ်အုပ်ကို လက်စသတ်ချင်နေပါတယ်။ ခေါင်းစဉ်နဲ့ ဒီဇိုင်းပိုင်းကတော့ စီမံပြီးပါပြီ။ သို့ပေမယ့် သုတေသနလုပ်ဖို့နဲ့ ရေးသားဖို့က လုံလောက်တဲ့အချိန် မရနိုင်သေးပါဘူး။ မြို့တစ်မြို့အကြောင်းပါ။ အဲ့ဒီဇာတ်အိမ်ရဲ့ဇာတ်ကောင်ကတော့ အဲ့ဒီမြို့ ကိုယ်တိုင်ပဲဖြစ်ပါတယ်။

    မသီတာ၏ မကြာသေးမီက ထွက်ရှိခဲ့သော စာအုပ်မှာ အင်းစိန်လမ်းမတစ်လျှောက် ကျွန်မ၏ခြေရာများဟု အမည်ရသည်။ လှုပ်ရှားတက်ကြွသူနှင့် နိုင်ငံရေးအကျဉ်းသားဘ၀မှ အမှတ်တရအကြောင်းအရာများကို ရေးသားထားသည်။ ၂၀၁၂ ခုနှစ်က စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် အမည်ဖြင့် မြန်မာဘာသာနှင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေသည်။

    (Ref : Ma Thida: ‘Fear Makes People Fierce’, By Sally Kantar ; The Irrawaddy Translation : Myintmo Maung Maung)

  • ဓမ္မအန္တရာယ်ကို ညီညွတ်စွာ တွန်းလှန်နေကြတဲ့ အီရတ်မှ မွတ်စလင်များ (Photo News)

    ဓမ္မအန္တရာယ်ကို ညီညွတ်စွာ တွန်းလှန်နေကြတဲ့ အီရတ်မှ မွတ်စလင်များ (Photo News)

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media
    ms-18
    စွန်နီတပ်ဖွဲ့များ
     
    – အီရတ်နိုင်ငံက IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံး ခြေကုပ်မြို့ဖြစ်တဲ့ မူဆိုးလ်မြို့ ပြန်လည်ရရှိရေး အီရတ်စစ်တပ်နဲ့ လူမျိုးစုတပ်ဖွဲ့တွေပူးပေါင်းကာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးက ဓာတ်ပုံတွေ ဖြစ်ပါတယ်။
     
    အခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ဒီနေ့ဆိုရင် ၅ ရက်မြောက်လာခဲ့ပြီဖြစ်ပြီး မူဆိုးလ်မြို့ တစ်ဝိုက်က မြို့ငယ်လေးတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် စစ်ဆင်ရေးတတိယအဆင့်ဖြစ်တဲ့ နောက်ဆုံး မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပြီ ဖြစ်ပါတယ်။
     
    အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ အီရတ်ကျူးကျော်စစ်ပွဲကနေ သန္ဓေတည် ပေါက်ဖွားလာတဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ မူဆိုးလ်မြို့အပါအ၀င် နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အီရတ်စစ်တပ်က နောက်ပိုင်းမှာ ထိုးစစ်တွေနဲ့ နယ်မြေတွေကို ပြန်ယူရင်း မူဆိုးလ်မြို့ တစ်မြို့တည်းသာ ကျန်တော့တာဖြစ်ပြီး ဒီမြို့ကို ပြန်သိမ်းနိုင်မယ်ဆိုရင်တော့ အီရတ်မြေကနေ IS ကို အပြီးတိုင် သုတ်သင်နိုင်မှာ ဖြစ်ပါတယ်။
    ms-7
    ကာ့ဒ်တပ်ဖွဲ့ဝင်မား မစ်ဆိုင်းပစ်လွှတ်နေပုံ
     
    ဒီအကြမ်းဖက်အဖွဲ့ ပေါ်လာပြီးတဲ့နောက်ပိုင်း ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူတွေ ပြုလုပ်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အသင်းအဖွဲ့တွေက ကြေငြာချက်တွေ မြောက်များစွာထုတ်ပြီး ရှုတ်ချခဲ့ကာ၊ ဒီအဖွဲ့ဟာ ဖောက်ပြန်ရေးအဖွဲ့ဖြစ်တယ်၊ အစ္စလာမ်ရဲ့ သွန်သင်မှုနဲ့လုံးဝဆန့်ကျင်တဲ့ အဖွဲ့ဖြစ်တယ်ဆိုပြီး ဓမ္မသတ်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီမွဖ်သီချုပ် အဘ်ဒူလ် အဇစ် အစ်ဗနေ့ အဘ်ဒူလာ အလ် ရှိခ်ကဆိုရင် IS အဖွဲ့ဟာအစ္စလာမ့် ဓမ္မအန္တရာယ်ဖြစ်ပြီး တွန်းလှန်ဖို့ မွတ်စလင်တိုင်းမှာ တာဝန်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။
     
    အခု အီရတ်နိုင်ငံက IS ကို အမြစ်ဖြုတ်သုတ်သင်မယ့် ဒီထိုးစစ်မှာ အီရတ်စစ်တပ်နဲ့အတူ အစ္စလာမ်ဘာသာဝင်လူမျိုးစုတပ်ဖွဲ့တွေ ဖြစ်တဲ့ စွန်နီလူမျိုးစုတပ်ဖွဲ့၊ ရှီအာ ပြည်သူ့စစ်၊ ကာ့ဒ်တပ်ဖွဲ့တွေ ပါဝင်ကြပြီး မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ တူရကီ၊ အီရန်တို့ကလည်း ဒီတပ်ဖွဲ့တွေကို ကူညီအားဖြည့်ပေးထားပါတယ်။
     
    စွန်နီ၊ ရှီအာနဲ့ ကာ့ဒ်လူမျိုးစုတွေဟာ နိုင်ငံရေးအရ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အဖုအထစ်တွေ ရှိခဲ့ကြပေမယ့်အစ္စလာမ်သာသနာတော်ရဲ့ ဓမ္မအန္တရာယ်ကို တွန်းလှန်ရာမှာတော့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နေတယ်ဆိုတာ ဒီဓာတ်ပုံတွေက သက်သေပဲ ဖြစ်ပါတယ်။
    Photo Credit – Aljazeera, Press TV
    ms-15
    အီရန်ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့များ

    ms-20ms-10ms-8ms-3

     

  • ဘိုးဘွားပိုင် တောင်ဖီလာ သင်္ချိုင်းမြေ ပြန်လည် ရရှိရေး ဒု-သမ္မတထံ စာပို့

    ဘိုးဘွားပိုင် တောင်ဖီလာ သင်္ချိုင်းမြေ ပြန်လည် ရရှိရေး ဒု-သမ္မတထံ စာပို့

    အောက်တိုဘာ ၂၁ ၊ ၂၀၁၆

    946e42b2e90169640b177f50e4fe44a8_xl

    ကလေးမြို့၊ တောင်ဖီလာ ရပ်ကွက်ရှိ ဘိုးဘွားပိုင် ချင်းခရစ်ယာန် ဂိုဏ်းပေါင်းစုံ သင်္ချိုင်းမြေပြန် လည်ရရှိရေး အတွက် နိုင်ငံ တော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ထံသို့ အောက်တိုဘာလ ၇ ရက်နေ့က စာပို့ထားကြောင်း သိရသည်။

    တောင်ဖီလာရပ်ကွက် နယ်မြေ(၈)တွင်ရှိသော အဆိုပါ အဆိုပါ သင်္ချိုင်းမြေသည်သာသနာပိုင် မြေနေ ရာ ပုံစံ၁၀၅(က) (Land Record 105(A) ရရှိထားသည့် အတွက် သိမ်းဆည်းခွင့် မရှိသော် လည်း မတရား အသိမ်းခံရသည့် အတွက် မူလပိုင်ရှင် ထံပြန်လည် အပ်နှံပေးရန် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆီးခံရမှုများ ပြန်လည်စီစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ လည်းဖြစ် သည့် ဒု-သမ္မတထံ ယခုကဲ့သို့ တင်ပြရခြင်းဖြစ်သည်ဟု တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ အတွင်းရေးမှူး ဦးဗန်ကီးက ပြောသည်။

    အဆိုပါသင်္ချိုင်းမြေနေရာတွင် ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ရန်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် က ဇွန်လဆန်းပိုင်က သိမ်းဆည်းခံရပြီး ညသန်းခေါင်ချိန်တွင် သင်္ချိုင်း အုတ်ဂူများကို ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီ နှင့် စည်ပင်သာယာရေး အဖွဲ့မှ ရဲအင်အား ၂၀၀ ခန်ဖြင့် စက်ယန္တယား ကြီးများဖြင့်ဖြိုချ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

    “သူတို့က တိုင်းရင်းဆေးရုံးဆောက်ဖို့ ဆိုပြီး အကြောင်းပြတယ်၊ ဒါပေမယ့် ကလေးမြို့မှာက တိုင်းရင်းဆေးရုံး တစ်ရုံရှိပြီး သားပါ၊ တကယ်လို့ဆောက်ချင်တယ်ဆိုရင် အစိုးရပိုင်တဲ့ တခြား မြေနေရာတွေ အများကြီးရှိပါတယ်၊ ကျနော်တို့အပေါ် တမင်သက်သက် ညစ်ပတ် တာပါ’’ ဟု ဦးဗန်ကီးကပြောသည်။

    သင်္ချိုင်းမြေ သိမ်းဆည်းခံရသည့် ကိစ္စကို ယခင်အစိုးရ လက်ထက်တွင်လည်း ပြည်ထောင်စု လွှတ်တော်အထိ ချင်းလွှတ် တော် ကိုယ်စားလှယ်များမှ တဆင့် တင်ပြခဲ့သော်လည်း ထူးခြား မှုမ ရှိဘဲ၊ ယခုအခါ ကုတင် ၂၅ ဆံ့ တိုင်းရင်းဆေးရုံကိုလည်း တည်ဆောက်ပြီးနေပြီဖြစ်သည်။

    “ကျနော်တို့ ဒီအစိုးရသစ် လက်ထက်မှာတော့ အများကြီးမျှော်လင့်ထားပါတယ်၊ မတရား သိမ်းခံရ တဲ့ ဘိုးဘွားပိုင် သင်္ချိုင်း မြေကို မူလပိုင်ရှင်ထံပြန်အပ်ပေး မယ်လို့ကျနော် တို့မျှော်လင့် ချက်ရှိပါတယ်’’ ဟု ဦးဗန်ကီးကပြောသည်။

    တောင်ဖီလာ အရပ်ဒေသသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်တွင် ချင်းတိုင်းရင်းသားများ ဖြစ်ကြသော ဦးလှိုင်မှူန်း နှင့် အခြားမိသားစု ၈ စုတို့မှ တောကြီး မျက်မည်းအား ရှင်းလင်းကာ ရွာတည်နေထိုင်ခဲ့ကြပြီး၊ အသိမ်းခံရသည့် သင်္ချိုင်းမြေသည်လည်း ထိုစဉ်ကတည်းက အသုံးပြုလာခဲ့ကြသော သင်္ချိုင်းဖြစ်သည်။

    ယင်းမိမိတို့ဘိုးဘွားပိုင် သင်္ချိုင်းမြေပေါ်တွင် အများပြည်သူ အကျိုးပြုစေမည့် အားကစား၊ စာသင်ကျောင်း၊ ပန်းခြံ နှင့် တောင်ဖီလာနှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အုတ်ဂူများထားရှိရန် တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ ရှေးယခင်ကတည်းက စီစဉ်ထားခဲ့ကြ သည်ဟုသိရသည်။

    ခိုနူမ်းထုန် သတင်းဌာနမှ ကူးယူဖော်ပြသည်။
    http://www.khonumthungburmese.org/

  • အင်အားကြီးနိုင်ငံများက ၀ါဒဖြန့်သော အီရန်ကြောက်ရောဂါကို ဖယ်ရှားနိုင်ခဲ့ပြီဟု ရူဟာနီပြော

    အင်အားကြီးနိုင်ငံများက ၀ါဒဖြန့်သော အီရန်ကြောက်ရောဂါကို ဖယ်ရှားနိုင်ခဲ့ပြီဟု ရူဟာနီပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media

    iran

    – အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့်သာမက ကမ္ဘာတစ်ဝှမ်းလုံးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသော ဆန္ဒရှိသည်ဟု သမ္မတဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    ယမန်နေ့က တီဟီရန်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားကုန်စည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မိမိအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ဦးတည်ဈေးကွက်တွေမှာ အရည်အသွေး၊ ဈေးနှုန်းနဲ့ ထုတ်ပိုးမှုတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိရမှာဖြစ်ပြီး နိုင်ငံခြားပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိနိုင်ရပါမယ်။ အီရန်ကို လာရောက်ကြတဲ့ စီးပွားရေးသမားများနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့အနေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုမှာပါ။ သူတို့အီရန်ကို အလွယ်တကူနဲ့ ၀င်ရောက်သွားလာနိုင်ရပါမယ်”

    ထို့ပြင် အီရန်နှင့်ပတ်သက်၍ အင်အားကြီးနိုင်ငံများ၏ မဟုတ်မမှန် ၀ါဒဖြန့်မှုများကိုလည်း တုန့်ပြန်သွားမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အီရန်ကြောက်ရောဂါကို ဖယ်ရှားဖို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး အစိုးရက အကောင်းဆုံးလုပ်ခဲ့ပြီးပါပြီ။ အီရန်ဟာ ဒေသတွင်းနဲ့ရော ကမ္ဘာတစ်ခုလုံးနဲ့ပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ လူသိရှင်ကြား ပြောနေတာပါ” ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။

    Ref : Presstv

  • ဝေး

    ဝေး

    အောက်တိုဘာ ၂၁ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင် ရေးသည်။

    broken-relationship

    တစ်ဦးနှင့်တစ်ဦး ရင်ခုန်ခံစားခြင်းက အချစ်ရဲ့အစလို့ ဆိုကြတယ်။ ချစ်သက်တမ်း တိုခြင်း၊ ရှည်ခြင်းပေါ်တည်တယ်လို့ မဟုတ်။ ဘဝတစ်ခုကို နှစ်ယောက်တည်းနှင့် တည်ဆောက်ဖြစ်ကြသည်ပဲလေ။ ကြားလူမလို ချစ်သူချင်း နားလည်ခံစားမှုသာ အဓိကပါလို့ဆိုပြီး နှစ်ဦးသဘောတူရုံနှင့် လက်တွဲကြသူတွေရှိကြသလို၊ အမေ့အလိုအကျ အမေ့စိတ်တိုင်းကျ ရွေးချယ်ပေးတဲ့ ဘဝခရီးဖော်ကို လက်တွဲလိုက်ကြသူတွေလည်း လောကမှာ မရှားပါဘူး။

    တစ်ခါတစ်ရံကျပြန်တော့ သီးချိန်၊ ပွင့်ချိန်တန်ပေမယ့် ကိုယ်တိုင်ရင်ခုန်ခံစားရမယ့် သူလည်းမရှိ၊ အမေတို့လို လူကြီးမိဘတွေလည်း ထိထိရောက်ရောက် မစီစဉ်ပေးနိုင်တဲ့အခါ ကြားလူကို အားကိုးရပြီပေါ့။ နှစ်ဖက်မိဘတွေနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ အပြောအဆိုကောင်းကောင်းနှင့် ချိတ်ဆက်ပေးရင်း တစ်မိသားစုနှင့် တစ်မိသား ပေါင်းဖက်ဖြစ်သွားတာတွေလည်း လက်တွေ့ဘဝမှာ အများကြီးပါ။

    တစ်ခုပဲရှိတယ်။ ပုံပြင်တွေ တချို့ဝတ္တုတွေထဲမှာလို ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတဲ့ ဇာတ်သိမ်းမျိုးကြောင့် စာဖတ်သူက ကြည်နူးကျေနပ်မိသည်ပေါ့။ တကယ်တော့ ဒါကစာထဲမှာ ဇာတ်သိမ်း၊ လက်တွေ့ဘဝမှာတော့ ဒါကဘဝရဲ့အစ၊ တကယ့်ကို အစပိုင်းလေးပဲရှိသေးတာလေ။ အိမ်ထောင်သက်တမ်းတစ်လျှောက် ကြုံရဆုံရမှာတွေက အများကြီးမှ အများကြီးပဲ မဟုတ်လား။ သူစိမ်းတစ်ရံဆံနှစ်ဦး တစ်မိုးအောက်မှာ အတူနေရင်း အပေးအယူမျှဖို့ဆိုတာက ဘယ်သီအိုရီ၊ ဘယ်အဓိပ္ပါယ်သတ်မှတ်ချက် နိယာမတွေကို လိုက်နာရမယ်လို့ ရှိတာမှမဟုတ်တာ။ လက်တွေ့ဘဝမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ကလေး တစ်ခုကို ထူထောင်နိုင်တယ်ဆိုတာ နည်းနည်းနှောနှော မဟုတ်တဲ့ ကံကောင်းခြင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

    ရင်းနှီးကျွမ်းဝင်သူတွေထဲမှာ အိမ်ထောင်ရေး သာယာသူတွေရှိသလို အကြောင်းကြောင်းကြောင့် စလယ်ဝင် ဘဝကနေ အချိန်မတိုင်ခင် ကွဲကြရသည်တွေလည်း ရှိကြပါတယ်။

    ဒေါ်နွဲ့မူဆိုတာက ကုမဏီကြီးတစ်ခုမှာ ဒါရိုက်တာအဖွဲ့ဝင် တစ်ယောက်။ ရာထူးအရသာ ဒေါ် တပ်ခေါ်ရပေမယ့် လူလတ်ပိုင်းတစ်ဦးပါပဲ။ ပညာတတ်၊ ရုပ်ချော၊ မိဘမျိုးရိုးစဉ်ဆက်ချမ်းသာသူ၊ အသက်ရလာပြီဖြစ်တဲ့ မိဘတွေကလည်း အရာရာမှာ သမီးအလိုကျသာမို့ သမီးရဲ့ အိမ်ထောင်ရေး ကိစ္စမှာ ဘာမှဝင်ရောက်စွက်ဖက်တာမျိုး မရှိခဲ့ဘူး။ နွဲ့မူကလည်း တော်ရုံယောင်္ကျားကို အထင်ကြီးတတ်သူမျိုး မဟုတ်လေတော့ အပျိုကြီးဘဝနှင့် အနေကြာလာခဲ့တယ်။

    ကိုမြင့်ထွန်းက ရေကြောင်းအရာရှိဖြစ်ပြီး မောင်နှမသုံးယောက်မှာ အထွေးဆုံးသား၊ မိဘတွေ မရှိကြတော့တဲ့နောက်ပိုင်းမှာ ပင်လယ်ရပ်ခြား ခရီးထွက်နေတာကများတာမို့ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးတစ်ဦးပေါ့။ အိမ်ထောင်သည် အစ်ကို၊ အစ်မနှစ်ယောက်က အိမ်ထောင်ပြုဖို့ တိုက်တွန်းကြပေမယ့် လွတ်လွတ်လပ်လပ်နေချင်သေးတယ်ဆိုတဲ့ အကြောင်းပြချက်တဲ့ တစ်ကိုယ်တည်းနေလာခဲ့တယ်။ ခရီးက ပြန်ရောက်တိုင်း သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့သည်ချည်းပါပဲ။ နဖူးစာ ရွာလည်တယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ကိုမြင့်ထွန်းအစ်မရဲ့ မိတ်ဆွေ ဦးသိန်းထွန်းက ဝါရင့်အောင်သွယ်တော်တစ်ဦးမို့ ကိုမြင့်ထွန်း အိမ်ထောင်ကျခဲ့ပါပြီ။

    ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာဧည့်ခံပွဲမှာ ပရိတ်သတ်တွေက ဝေဖန်ကြတယ်။ “နေနှင့်လ ရွှေနဲ့မြ” တဲ့ ရှေ့သွားနောက်လိုက်ညီလိုက်တာနော် တဲ့။ ကိုမြင့်ထွန်းနှင့် နွဲ့မူတို့ရဲ့ အိမ်ထောင်သက်တမ်း တစ်လလောက်အကြာမှာ ကိုမြင့်ထွန်းက သူ့သူငယ်ချင်းတွေကို ရင်ဖွင့်တယ်။

    “ငါ မိန်းမရကံဆိုးတယ်ကွာ” တဲ့။ သူငယ်ချင်းတွေ တအံ့တသြဖြစ်သွားကြတယ်။ ဘယ်နှယ့် ဂုဏ်ချင်း၊နေချင်း၊ ပညာချင်း ဘာမှပြောစရာမလိုအောင် ပြည့်စုံနေကြသူတွေ အဆင်မပြေဘူးဆိုတော့ အံသြမယ်ဆိုလည်း အံ့သြစရာပဲလေ။ ငါက ပင်လယ်ထဲအမြဲသွားနေရတဲ့သူ၊ ကုန်းပေါ်မှာ ရှားရှားပါးပါးနေခွင့်ရတုန်းတော့ မိန်းမဂရုစိုက်တာခံချင်တာပေါ့။ အိမ်ဟင်း အိမ်ထမင်းကို မိန်းမနဲ့ လက်ဆုံစားချင်တယ်။ သားတွေ သမီးတွေ တစ်ပြုံကြီးနဲ့ မိသားစုဘဝကို ရချင်တယ်။”
    “နို့ မင်းမိန်းမနဲ့ အကျေအလည် မဆွေးနွေးဘူးလား”

    “ဟ ဆွေးနွေးတာပေါ့။ သူက အလုပ်တာဝန်ကို ယောင်္ကျားထက်ပိုပြီး ဦးစားပေးတဲ့သူလေ။ ငါ့အိမ်မှာရှိတဲ့ အချိန်လေးမှာတောင် အစည်းအဝေး၊ အစည်းအဝေးနဲ့ နားချိန်ကိုမရှိဘူး။ သူဟာ မိသားစုအတွက် အလုပ်လုပ်နေတယ်ဆိုတာ ငါနားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့်ကွာ ငါလည်း ရသမျှအကုန်လုံး သူ့ကိုအပ်တယ်။ ထောက်ပံ့ရမယ့် သူလည်းလုံးဝမရှိဘူး။ ခုတော့ အိမ်ဖော်တွေက ချက်ပြုတ်ကျွေးမွေးတာကိုစား၊ တီဗီကြည့် ပျင်းရင် သူငယ်ချင်းတွေဆီသွားနဲ့ အချိန်ကုန်နေရတယ်။ ငါပြောချင်တာက ယောင်္ကျားတစ်ယောက်ကို နည်းနည်းပါးပါး အလေးထားဖို့ပါကွာ၊ သူကလည်း သူ့အလုပ်မှာ အရေးပါပြီး ဝင်ငွေကလည်းကောင်းတော့ မာနက ခပ်ကြီးကြီး၊ သားသမီးယူဖို့ မစဉ်းစားသေးဘူးတဲ့။ ကဲ…”

    “သာရေး နာရေးကိစ္စတောင်သွားနိုင်ဖို့ သူ့က်ုမနည်းပြောယူရတယ်။ တကယ်တော့ ငါ့မိန်းမဟာ ထက်မြတ်လွန်းတယ်။ အရည်အချင်းရှိတာလည်း မှန်တယ်။ တစ်ခုပဲရှိတယ်။ အိမ်ထောင်ပြုဖို့ မကောင်းဘူး”

    “လူကြီးတွေရဲ့ ဆန္ဒကို မပယ်နိုင်လို့ လက်ခံလိုက်တာမျိုးပဲရှိတယ်။ အများအမြင်မှာတော့ ငါတို့လောက် ကံကောင်းတဲ့သူ မရှိဘူးပေါ့ကွယ။ တကယ်တမ်းပြောရရင် ငါကိုယ်တိုင်ကလည်း မှားပါတယ်။ ကျောင်းတုန်းက ထားခဲ့ဖူးတဲ့ ရည်းစားနဲ့လည်း လွဲခဲ့ရတယ်။ ဟော…
    င့ါအစ်မရဲ့ မိတ်ဆွေ စီစဉ်ပေးတာကို မျက်စိမှိတ်ပြီး လက်ခံလိုက်မိတာကိုး။”

    “မင်းတို့မယူခင်က တစ်ယောက်အကြောင်း တစ်ယောက် အကျေအလည် မဆွေးနွေးခဲ့ကြဘူးလား”

    “တစ်ခါနှစ်ခါ စကားပြောဖူးတာပဲ ရှိတယ်။ ရည်းစားလည်းမဟုတ် ဘာမဟုတ်နဲ့ဆိုတော့ စကားသိပ်မပြောဖြစ်ကြပါဘူး။ လူငယ်တွေလည်း မဟုတ်ကြတော့ သိက္ခာထိန်းနေကြတာလည်းပါတယ်။”

    မည်မည်ရရမဟုတ်ပေမယ့်လည်း ကြာလာတော့လည်း တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေဖြစ်လာကြရင်း နောက်ဆုံးတော့ လမ်းခွဲကြတဲ့အထိဖြစ်သွားရော။

    ကျွန်မရဲ့သူငယ်ချင်းနွယ်နွယ်က တက္ကသိုလ်တစ်ခုမှာ လက်ထောက်ကထိကတာဝန်နှင့် ရာထူးတိုးတာကြောင့် သူငယ်ချင်းတွေကို သူ့အိမ်မှာ ဖိတ်ကျွေးတယ်။ သူငယ်ချင်းတွေဆုံကြတော့ ဝိုင်းဖွဲ့ပြောကြရင်း နွယ်နွယ်က သူ့အလုပ်ဌာနအကြောင်း ပြောဖြစ်တယ်။ ပြောဖြစ်ဆို ကျွန်မတို့နှင့် ကျောင်းနေဖက်သူငယ်ချင်း ကိုထွန်းထွန်းရောက်မလာတော့ ကျန်တဲ့သူတွေက နွယ်နွယ့်ကို ဝိုင်းမေးကြတယ်။

    “နင်တို့ ကိုထွန်းကြီးက လာဖြစ်မယ်မထင်ပါဘူးဟာ လာချင်စိတ်လည်း ရှိမှာမဟုတ်ဘူး”

    “ဘာဖြစ်လို့လဲ”

    “ဘာဖြစ်ရမလဲ။ သူ့မိန်းမနဲ့ ကွာရှင်းထားလို့ စိတ်မကြည်လင်ဖြစ်နေတာ”

    “ဘယ်လို၊ ဘယ်လို သူ့မိန်းမ ဒေါက်တာနုနုနဲ့ ကွာရှင်းလိုက်ပြီ ဟုတ်လား” လို့ သူငယ်ချင်းတွေက ဝိုင်းမေးကြတယ်။

    ကိုထွန်းလွင်က ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားတာကြောင့် ဦးလေးနှင့် ကြီးပြင်းခဲ့ရတဲ့သူ။ ညီအစ်ကိုမောင်နှမမရှိ၊ တစ်ဦးတည်းသောသား၊ မိဘအမွေအနှစ်မို့ ငွေကြေးအတွက်တော့ မပူပင်ခဲ့ရဘူး။ ကျောင်းတုန်းကလည်း ရည်းစားတွေ ဘာတွေလည်း ရှိခဲ့ဖူးသူမဟုတ်ဘူး။ ကျောင်းပြီးတော့ အလုပ်ဝင်တယ်။ ပညာထူးချွန်တာကြောင့် နိုင်ငံခြားပညာသင်သွားရပြီး ကထိကရာထူး ရခဲ့တယ်။ နွယ်နွယ်နှင့် တစ်ဌာနတည်း။ မနှစ်ကမှ ကြားလူစပ်ဟပ်ပေးလို့ အိမ်ထောင်ကျခဲ့တာ။ အသက်ကလည်း မငယ်တော့တာမို့ ဦးလေးစကားကို မပယ်ရှားဘဲ ဒေါက်တာနုနုနှင့် အိမ်ထောင်ပြုခဲ့တယ်။ သူ့မိန်းမက မဟာသိပံဘွဲ့ရ အထူးကုဆရာဝန်၊ တစ်ဦးတည်းသောသမီး။ ငွေကြေးကလည်း ပြည့်စုံဆိုတော့ ဘာပြောစရာလိုသေးသလဲ။ အားလုံးအဆင်ပြေသည်ပဲပေါ့။ ဒါပေမယ့် အိမ်ထောင်သက်တမ်း တစ်နှစ်အကြာမှာ ကွဲကြကွာကြပြန်ပြီတဲ့လေ။

    ခဏကြာတော့ ကိုထွန်းရောက်လာတယ်။ သူငယ်ချင်းတွေက အားနာလို့ သူ့အိမ်ထောင်ရေးကိစ္စကို လုံးဝမမေးကြဘူး။ ဒါပေမယ့် နောက်ကျမှရောက်လာပြီး ကိုထွန်းလာဘူးလားအကြောင်း လုံးဝမသိထားတဲ့ ကိုမိုးက မေးလိုက်တယ်။

    “မင်း မိန်းမ ပါမလာဘူးလား” ဆိုတော့

    “ငါတို့ ကွာရှင်းပြီးသွားပါပြီကွာ” လို့ ဖြေလိုက်တယ်။

    “အေး ဘာဖြစ်လို့လဲလို့ ထပ်မမေ”ခင် ငါရှင်းပြပါ့မယ်။ ဒီလိုလေ ငါက ငယ်ငယ်လေးကတည်းက မေတ္တာငတ်ခဲ့သူဆိုတာ မင်းတို့အသိ၊ ကျောင်းသားဘဝမှာလည်း စာကိုပဲ ဖိပြီးကြိုးစားခဲ့တယ်။ အလုပ်ထဲရောက်တော့လည်း နိုင်ငံခြားပညာသင်သွားရ၊ နယ်မြေတွေပြောင်းရမို့ အသက်ကြီးမှ မိန်းမရခဲ့တာ။ ငါသူ့ကို နားလည်ပေးပါတယ်။ အိမ်ရှင်မပီသပြီး ငါ့ကိုချက်ပြုတ်ကျွေးမွေးဖို့လည်း မမျှော်လင့်ပါဘူး။ သူကဆေးရုံကဆင်းတာနဲ့ ဆေးခန်းတွေတစ်ခုပြီးတစ်ခုကူးတာကိုတော့ ငါကတားခဲ့တယ်။
    ငါတို့မှာငွေကြေးကိစ္စလည်းမပေါ်တော့ ဆေးခန်းထိုင်တာ လျှော့ဖို့လောက်တင်ပြောမိတာ သူနဲ့ငါ စကားများကြရတဲ့အထိဖြစ်ရော”

    “ဒါကတော့ ညှိယူကြရမှာပေါ့ကွာ။ မဟုတ်ဘူးလား ”

    “ညှိလို့ကိုမရဘူး သူငယ်ချင်း၊ ပိုဆိုးတာ တစ်ခုရှိသေးတယ်။ ငါကငယ်ငယ်လေးကတည်းက ချုချာတဲ့သူလေ။ ဒီတော့ ခေါင်းကိုက်၊ ဗိုက်နာတာမျိုးက ခဏခဏဖြစ်တတ်တာ၊ ငါကလည်း ဂရုစိုက်စေချင်လို့ သူ့ကိုပြောပြရင် ဘယ်ဆေး ဘယ်ဆေးသောက်လိုက်ပေါ့ဆိုပြီး ခပ်ပေါ့ပေါ့လေးပဲ ပြောတတ်တယ်။ ငါကလည်း သက်သာရဲ့လား ဘယ်လိုနေသေးသလဲစသည်ဖြင့် မေးစေချင်တာပေါ့။ တစ်ခါက ငါကသူ့ကို အဲ့ဒီအကြောင်း ဖွင့်ပြောတော့ သူကဘာပြောတယ်ထင်လဲ”

    “အင်း ဆိုစမ်းပါဦး”

    “ရှင်ကလေ အိမ်ထဲမှာပဲနေပြီး သိမ်း ထုပ်သေချာတဲ့ အိမ်ရှင်မမျိုးကို ယူသင့်တာ၊ ကျွန်မလို လူစားမျိုးကိုယူဖို့ မကောင်းဘူးတဲ့… ကဲ။ တစ်နေ့ တစ်နေ့သူနဲ့ငါ တွေ့ချိန်နည်းလာတယ်။ ငါကလည်း ကျောင်းကဆင်းရင် စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေတတ်သလို သူကလည်း ဆေးခန်းက ညဘက်ကျမှ ပြန်ရောက်လာတဲ့အခါ ပင်ပန်းနေပြီ။ ငါတို့နှသ်ယောက် အေးအေးလူလူ စကားမမြည် ထိုင်ပြောဖို့အချိန်ဟာ သိပ်ရှားသွားပြီ။ နောက်ဆုံးတော့ကွာ အကောင်းဆုံးနည်းလမ်းကိုပဲ ရွေးလိုက်ကြတာပေါ့။ ဒါပါပဲ။”

    စာရွက်ပေါ်မှာ တွက်ချက်ကြည့်ပြီး အသင့်တော်ဆုံးဆိုတဲ့ သူနှစ်ဦးကို ဆက်သွယ်ပေးလိုက်ခြင်းဟာ အခါခပ်သိမ်း အဆင်မချောတတ်ဘူးဆိုတာကိုတော့…..။

    နှင်းဆီခင်