News @ M-Media

Month: October 2016

  • ရှေးဦး နေစွမ်းအင်သုံး ပျံသန်းသူများ (သို့မဟုတ်) ပါးဆုပ်ပနကောင်

    ရှေးဦး နေစွမ်းအင်သုံး ပျံသန်းသူများ (သို့မဟုတ်) ပါးဆုပ်ပနကောင်

    အောက်တိုဘာ ၂၁ ၊၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    hornet
    လူသားသိပ္ပံပညာရှင်တွေ နေစွမ်းအင်သုံး လေယာဉ်တွေဖြစ်တည်လာဖို့ ကြိုးပမ်းမူ အရာထင်ခဲ့တာ မနေ့တစ်နေ့ကမှပေါ့။

    ဒါပေမဲ့ သဘာဝမှာနေစွမ်းအင်သုံး ပျံသန်းသူတွေရှိခဲ့တာ ကြာပေါ့။

    ပါးဆုပ်ပနကောင် (Hornet)  နေရောင်ပြင်းလာလေ၊ ဒီကောင်တွေရဲ့လှုပ်ရှားနိုင်မူအရှိန် မြင့်လာလေပဲ။ ဘာကြောင့်လဲဆိုပြီး Tel Aviv University က သိပ္ပံပညာရှင်တွေ စူးစမ်းမူပြုလုပ်ကြတယ်။တွေ့လိုက်ရတာက နေစွမ်းအင်သုံး ယန္တရား။

    ဟုတ်တယ်။ ဒီကောင်လေးတွေက နေရဲ့ ခရမ်းလွန်ရောင်ခြည်ကို လျှပ်စစ်စွမ်းအင်အဖြစ် ကူးပြောင်းနေတယ်။

    သူတို့မှာပါဝင်တဲ့ သေးငယ်တဲ့ အညိုရင့်ရောင် အစင်းတွေထဲက မြောင်းတွေ၊ အဝါရောင်အစင်းတွေထဲက အပေါက်ငယ်လေးတွေ နဲ့ ရောင်ခြယ်ဆဲလ်တွေကို သုံးပြီးပေါ့။  အလင်းဖမ်းချုပ်နှုန်းကောင်းမွန်တဲ့အပေါ်လွှာ မျက်နှာပြင်တည်ဆောက်မူနဲ့ အတူပေါ့။

    ( Research Frontiers in Bioinspired Energy : Molecular-Level Learning from Natural Systems: A Workshop , SOLAR ENERGY HARVESTING IN THE EPICUTICLE OF THE ORIENTAL HORNET Pg. 19-22)

    ဒီပညာရှင်အဖွဲ့ဒီအကောင်တွေရဲ့ ခန္ဓာကိုယ်မှာပါဝင်တဲ့ နေစွမ်းအင် စုဆောင်းမူစွမ်းရည်ကို ပုံတူကူးဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ လိုက်မမှီနိုင်သေးဘူး။ အနာဂတ်မှာ အောင်မြင်လာဖို့ အစီအစဉ်ချမှတ်ထားတယ်။

    ပြင်းလှတဲ့နေရောင်ကို သုံးပြီး စွမ်းအင်သိုမှီးနိုင်တာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ တစ်ပါတည်းပါလာတဲ့ အပူစွမ်းအင်ကကော ဒီကောင်တွေရဲ့ ခန္ဓာကိုယ်ကို အပူမတိုက်ပစ်လိုက်ဘူးလား။ ဟင့်အင်း။

    Tel Aviv’s School of Physics and Astronomy က စီနီယာစာရေးဆရာ ပရောဖက်ဆာ David Bergman က ပြောတယ်။

    “သူတို့တွေမှာ ခန္ဓာကိုယ်ကို အေးမျှစေမဲ့ အပူထုတ်စနစ် (Heat Pump System) ကောင်းကောင်း တစ်ခါထဲပါဝင်ပြီးသား။ ဒါက လုပ်ဖို့မလွယ်တဲ့အရာ ” တဲ့။

    (Is the Hornet Our Key to Renewable Energy? Sciencedaily.com )

  • ရခိုင်ပြဿနာတွင် အရပ်သားများကို ကာကွယ်ပေးရန် ကုလ တိုက်တွန်း

    ရခိုင်ပြဿနာတွင် အရပ်သားများကို ကာကွယ်ပေးရန် ကုလ တိုက်တွန်း

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    maungdaw

    – မြန်မာအစိုးရက အကာမွလ် မူဂျာဟစ်ဒင်အဖွဲ့ဟု ခေါ်ဆိုသည့် အဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများမှာ ပြင်းထန်မှု မရှိတော့သော်လည်း ဒေသခံ ပြည်သူလူထုများအကြား ကြောက်ရွံ့မှုနှင့် တင်းမာမှုများ လွှမ်းမိုးနေသည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    “လုံခြုံရေး တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေအတွက် ၀မ်းနည်းကြေကွဲရပြီး၊ အဲဒီတိုက်ခိုက်မှုအတွက် သူတို့ တည်တည်ငြိမ်ငြိမ်တုန့်ပြန်တာကိုလည်း အသိအမှတ်ပြုသလို အပြစ်မဲ့ပြည်သူတွေ ဆုံးရှုံးရမှု မဖြစ်စေဖို့၊ တိုက်ခိုက်သူတွေအပေါ် ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးတွေကနေ ဒေသခံ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးမှု မရှိစေဖို့အတွက် သတိပြုရမယ်ဆိုတဲ့ အရေးကြီးတဲ့အချက်ကို ကျွန်တော်တို့ ထပ်ပြီး ထောက်ပြလိုပါတယ်” ဟု ကုလသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ယမန်နေ့ နယူးယောက်ရှိ ကုလဌာနချုပ်တွင် ပြုလုပ်ခဲ့သော တစ်နေ့တာ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    “တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့၊ ကျူးလွန်သူတွေကို သင့်လျော်တဲ့ တရားရေးလုပ်ငန်းစဉ်တွေအရ တရားစွဲဆို ဆောင်ရွက်သွားဖို့၊ လုယက်တာ၊ ရန်စတာ ဒါမှမဟုတ် ပြည်သူလုထုကြားထဲမှာ အမုန်းတရား ဖြန့်ဖြူးတာ၊ လှုံ့ဆော်တာ၊ လူ့အဖွဲ့အစည်းအချင်းချင်း အကြမ်းဖက်တာတွေ မဖြစ်အောင် ကြပ်မတ်ဖို့ စတာတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့ ခိုင်မာတဲ့ ကတိက၀တ်ကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်”

    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညိနှိုင်းရေးမှူးရုံး (OCHA) က တနင်္လာနေ့တွင် နောက်ဆုံးထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်၌ အောက်တိုဘာ ၉ ရက်နေ့တွင် နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမှု နောက်ပိုင်း လူရာပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရပြီး ဘူသီးတောင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လူ ၁၂၀၀ ခန့်ကို ယာယီ နေရာထိုင်းခင်းပေးထားသည်ဟု ဖော်ထားသည်။

    သတင်းစာရှင်းလင်းပွဲတွင် မစ္စတာဒူဂျာရစ်က စစ်ဆင်ရေးဒေသများတွင် လှုပ်ရှားသွားလာမှုများကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားပြီး ကုလနှင့် အခြားသော နိုင်ငံတကာ မိတ်ဖက်အဖွဲ့များ ၀င်ရောက်အကူအညီပေးမှုကို ပိတ်ပင်ထားကာ၊ ထိုဒေသရှိ မွတ်စလင်များကိုလည်း သွားလာခွင့်မပြုဟု ထည့်သွင်းပြောကြားခဲ့သည်။

    OCHA ကလည်း မိမိတို့၏ အကူအညီပေးမှုများမှာ ထိုကဲ့သို့ သွားလာမှု ကန့်သတ်ထားခြင်းကြောင့် နှောင့်နှေး ကြန့်ကြာနေရသည်ဟု ဖော်ပြခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့ကတည်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုများအားလုံးကို ရပ်တန့်ထားရပြီး ဒေသခံဝန်ထမ်းများ ဆက်လက်ထားရှိသည့် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များကလည်း ပဋိပက္ခဖြစ်ရာ ဒေသများတွင် ပိတ်မိနေသည်ဟု ဒူဂျာရစ်က ဆိုသည်။

    ဘင်္ဂလားဒေ့ရှ်ကလည်း တိုက်ခိုက်သူများ အလွယ်တကူ မလွတ်မြောက်နိုင်စေရန်အတွက် နယ်စပ်ကို ပိတ်ထားပြီး သံသယရှိသူ ၂ ဦးကို မြန်မာအစိုးရအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

    “အခြေအနေကို အလျင်အမြန် ဖြေရှင်းနိုင်မယ်လို့ ကုလက မျှော်လင့်ပါတယ်။ ဒါမှသာ ရခိုင်ပြည်နယ်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်မှာဖြစ်ပြီး ရခိုင်ပြည်သူတွေကလည်း ငြိမ်းချမ်းပြီး သာယာဝပြောကာ သဟဇာတဖြစ်တဲ့ အနာဂတ်ဆီကို ရှေ့ဆက် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက နိဂုံးချုပ် ပြောကြားခဲ့သည်။

    Ref : UN.org

  • တူရကီရှိ ဆီးရီးယားဒုက္ခသည်များအတွက် အီးယူက ယူရို သန်း ၅၀၀ နီးပါး ကူညီ

    တူရကီရှိ ဆီးရီးယားဒုက္ခသည်များအတွက် အီးယူက ယူရို သန်း ၅၀၀ နီးပါး ကူညီ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    syria-refugee

    – တူရကီက လက်ခံထားသည့် ဒုက္ခသည် ၃ သန်းအတွက် အကူအညီအဖြစ် ယူရို ၃ ဘီလီယံ ပေးမည်ဟု ကတိပေးထားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ယူရို ၄၆၇ သန်းကို တူရကီအား ပေးအပ်ခဲ့သည်ဟု ဥရောပသမဂ္ဂက ယခုတစ်ပတ်တွင် ကြေငြာခဲ့သည်။

    “Facility ခေါင်းစဉ်အောက်နေ ခွဲဝေပေးခဲ့တာ စုစုပေါင်း ယူရို ၂.၂ ဘီလီယံအထိ ရှိသွားပြီဖြစ်ပါတယ်။ အရစ်ကျ ပုံစံနဲ့ အကူအညီပေးခဲ့တာ ဒေါ်လာ ၁.၂ ဘီလီယံအထိ ရှိပါတယ်။ အဲဒီထဲကမှ ယူရို ၄၆၇ သန်းကို မိတ်ဖက်တွေ အကောင်အထည်ဖော်လို့ရအောင် ပေးခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းတွေ အကောင်အထည်ဖော်မှုကိုလိုက်ပြီး ကျန်တာတွေကိုလည်း ပေးသွားမှာဖြစ်ပါတယ်” ဟု ဥရောပကော်မရှင် ဥက္ကဌ ယန် ကလောက် ဂျန်ကာက ပြောကြားခဲ့သည်။

    အဆိုပါ Facility အစီအစဉ်မှာ တူရကီတွင် ရှိနေသည့် ဒုက္ခသည်များ ၃ သန်း နေထိုင်ရေးအဆင်ပြေစေရန်နှင့် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာနှင့် လိုအပ်နေသော ကာကွယ်ရေးတို့အတွက် ဖြစ်သည်။

    တူရကီနှင့် အီးယူတို့မှာ မတ်လ ၁၈ ရက်နေ့က ဒုက္ခသည်ကူညီမှုဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါသဘောတူညီချက်က လူကုန်ကူသမားများအတွက် ပိုမိုတင်းကြပ်သည့် အရေးယူမှုများ ပြုလုပ်ခြင်း၊ တူရကီတွင်ရှိနေသည့် ဒုက္ခသည်များ၏ နေထိုင်မှုအခြေအနေ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့မှတစ်ဆင့် အေဂျီယန်ပင်လယ်ကိုဖြတ်၍ အန္တရာယ်များသည့် အခြေအနေမျိုးဖြင့် ၀င်ရောက်ခြင်းမဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်သည်။

    Ref : IINA

  • ဗုဒ္ဓရုပ်ပွားတော်ကို အဂါရ၀ဖြစ်စေသည့် လုပ်ရပ်အတွက် ရော်နယ်ဒို ဝေဖန်ခံနေရ

    ဗုဒ္ဓရုပ်ပွားတော်ကို အဂါရ၀ဖြစ်စေသည့် လုပ်ရပ်အတွက် ရော်နယ်ဒို ဝေဖန်ခံနေရ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    rnd

    – ရီးယဲတိုက်စစ်မှူး ခရစ္စတီယာနို မှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား အဂါရ၀ပြုရာရောက်သည့် ဓာတ်ပုံတစ်ပုံအတွက် ပရိတ်သတ်များ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရသည်ဟု သိရသည်။

    ရော်နယ်ဒို မှာ ယနေ့မနက်ပိုင်းက Facebook နှင့် Instagram တို့တွင် ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ စံပယ်ရာနေရာ၌ ခြေထောက်တင်ထားသည့် ၎င်း၏ ဓာတ်ပုံတစ်ပုံကို လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ၎င်း၏ ပရိတ်သတ်များမှာ ထိုလုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ထိုဓာတ်ပုံအား ဖြုတ်ပစ်ရန်လည်း တောင်းဆိုခဲ့ကြသည်။

    “ခရစ္စတီယာနိုရော်နယ်ဒို။ အာရှမှာနေထိုင်တဲ့သူတွေ ဒေါသမထွက်ခင် ခင်ဗျားဒီပုံကို ဖျက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ခင်ဗျားကိုချစ်တယ်။ သူများတွေ အပြစ်တင်တာကိုလည်း မကြားချင်ဘူး။ ခင်ဗျား ပရိတ်သတ်တွေရဲ့ ဘာသာတရားကို လေ့လာပြီး လေးစားသင့်ပါတယ်။ ခင်ဗျားဖျက်လိုက်မယ်ဆိုရင်တော့ ကျေးဇူးတင်မိမှာပါပဲ။ ဘုရားသခင် ကောင်းချီးပေးပါစေ” ဟု Veasna Vichea ဟု အမည်ရသည့် ပရိတ်သတ်တစ်ဦးက ရေးသားခဲ့သည်။

    Pukar Timalsina ဆိုသည့် ပရိတ်သတ်တစ်ယောက်ကလည်း “ခင်ဗျား ကစားသမားကောင်းတစ်ယောက်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒါက အခြားသူတွေရဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို လစ်လျူရှုဖို့ ဖြစ်စေတာလား။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကို အုတ်မြစ်ချပေးခဲ့သူဖြစ်ပါတယ်။ (ဗုဒ္ဓဘာသာကို ဟောကြားခဲ့သူဖြစ်တယ်) ဒီလိုပုံစံမျိုးနဲ့ ခင်ဗျား ဘာဖြစ်လို့ အဂါရ၀လုပ်ရတာလဲ။ ကျွန်တော် ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ကျွန်တော့်ကိုလည်း တော်တော်လေး နာကျင်စေပါတယ် (ကျွန်တော် နီပေါကပါ)”

    Ref : Goal

  • ဖိလစ်ပိုင်တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြ

    ဖိလစ်ပိုင်တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    phili

    – ဖိလစ်ပိုင်မြို့တော် မနီလာရှိ အမေရိကန် သံရုံးရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း ဆန္ဒပြလူအုပ်ထဲသို့ ရဲကားတစ်စီး အတင်းမောင်းဝင်လာမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အင်္ဂါနေ့က ပြုလုပ်သည့် အဆိုပါ ဆန္ဒပြမှုတွင် လူပေါင်းရာချီ ပါဝင်ခဲ့ကြပြီး နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာရန် တောင်းဆိုခဲ့ကြသည်။

    ထို့သို့ ဆန္ဒပြနေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသည့် ဗန်ကားတစ်စီးမှာ လူအုပ်ဆီသို့ အတင်းမောင်းဝင်လာကာ ရှေ့တိုးနောက်ဆုတ်ပြုလုပ်၍ ကားအား ၀န်းရံထားသည့် ဆန္ဒပြသူများကို အကြိမ်ကြိမ် တိုက်ခဲ့သည်။

    ဖိလစ်ပိုင် ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့ပြီး၊ ဆန္ဒပြသူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရီနာတို ရီယက်စ်က ကျောင်းသားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ဆန္ဒပြမှုအတွင်း အချို့မှာ သံရုံးအား ၀င်ရောက်စီးနင်းရန် ကြိုးစားခဲ့သည်ဟု သတင်းအချို့က ဖော်ပြခဲ့သည်။ ၎င်းတို့မှာ “အမေရိကန်စစ်အခြေစိုက်စခန်း၊ အမေရိကန်တပ်သားများ အလိုမရှိ” ဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစည်းကိုလည်း ဆန္ဒပြသူများက ဖြတ်ကျော်ဝင်ရောက်ကာ သံရုံး၏နံရံကို အနီရောင်မှုတ်ဆေးများဖြင့် ပက်ဖြန်းခဲ့ကြသည်။

    အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ ဆက်ဆံရေးမှာ အရှေ့တောင်အာရှတွင် အရှည်ကြာဆုံး တည်ငြိမ်ခဲ့သည့် ဆက်ဆံရေးဖြစ်သော်လည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်လာပြီးနောက်ပိုင်းအဖုအထစ် ဖြစ်လာခဲ့သည်။ ဒူတာတေးကမူ ၂၀၀၂ ခုနှစ်ကတည်းကစ၍ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုတွင် တပ်ဖြန့်ချထားခဲ့သည့် အမေရိကန်အထူးတပ်ဖွဲ့များကို တိုင်းပြည်မှထွက်ခွာရန် ပြီးခဲ့သည့်လက တိုက်တွန်းခဲ့သည်။

    Ref : Presstv