News @ M-Media
Month: October 2016
  • လက်စွမ်းပြခဲ့သည့် ဂိုးသမားကို စပါနည်းပြ ချီးကျူး
    လက်စွမ်းပြခဲ့သည့် ဂိုးသမားကို စပါနည်းပြ ချီးကျူး
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    spur
    – ယနေ့မနက် ချန်ပီယံလိဂ် အုပ်စု တတိယပွဲစဉ်တွင် အဝေးကွင်း၌ လေဗာကူဆင်အသင်း၏ အပိုင်ဂိုးသွင်းမှုများကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့် ဂိုးသမား ဟူဂို အလ်လိုရစ်ကို စပါးနည်းပြ မော်ရီစီယို ပိုချက်တီနိုက ချီးကျူးပြောကြားလိုက်သည်။
    ဂိုးမရှိသည့် သရေကျခဲ့သည့် အဆိုပါပွဲတွင် စပါးဂိုးသမားမှာ ဟာနန်ဒက်ဇ်၏ ပိတ်သွင်းမှုကို ဂိုးစည်းပေါ်မှ ပါးနပ်စွာ ရှင်းထုတ်နိုင်မှု အပါအ၀င် အရေးပါသည့် ကာကွယ်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုတစ်မှတ်ကြောင့် စပါးမှာ အုပ်စု E တွင် မိုနာကို၏နောက် တစ်မှတ်အကွာဖြင့် ဒုတိယနေရာ၌ ရှိနေသည်။
    ပိုချက်တီနိုကမူ အလ်လိုရစ်အား ချီးကျူးခဲ့သည်။
    “လက်ဖျားခါလောက်အောင်ပါပဲ။ သိပ်ကို ကောင်းပါတယ်။ ဟူဂိုအကြောင်းပြောရမယ်ဆိုရင် သူဟာ အကောင်းဆုံးထဲက တစ်ယောက်ပါ။ ဒါက သူနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်ပါပဲ။ ဂိုးပေါက်မှာ သူရှိနေတာ သိပ်ကောင်းပါတယ်။ သူ့ရဲ့ကာကွယ်မှုတွေက အံ့မခန်းပါပဲ။ အသင်းအတွက် သိပ်ပြီး အရေးကြီးပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
    စပါးမှာ အုပ်စုလက်ကျန် ၃ ပွဲတွင် ၂ ပွဲကို အိမ်ကွင်း၌ ကစားရမည်ဖြစ်ပြီး လေဗာကူဆင်နှင့်ပွဲတွင် တစ်မှတ်ရ၍ မိမိအနေဖြင့် ကျေနပ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ဒက်ခ်ျ လက်ယာစွန်းရောက် နိုင်ငံရေးသမား အမုန်းစကားပြောမှု ဆက်ရင်ဆိုင်ရမည်
    ဒက်ခ်ျ လက်ယာစွန်းရောက် နိုင်ငံရေးသမား အမုန်းစကားပြောမှု ဆက်ရင်ဆိုင်ရမည်
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    – မွတ်စလင်ဆန့်ကျင်ရေးမှတ်ချက်များကို ပြောဆိုခဲ့သည့် ဒက်ခ်ျနိုင်ငံရေးသမား ဂါ့တ် ၀ိုင်းလ်ဒါးကို အမုန်းစကားပြောဆိုမှုဖြင့် တရားစွဲဆိုမှုအား ဆက်လက်ဆောင်ရွက်သွားရန် နယ်သာလန် တရားရုံးက ပြီးခဲ့သည့်တစ်ပတ်တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
    သို့သော်လည်း သောကြာနေ့က The Hague ခရိုင်ရုံး၌ ကြားနားမှုတွင် တရားသူကြီးက ၀ိုင်းလ်ဒါး၏ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး တရားရင်ဆိုင်ခြင်းကြောင့် ၎င်းနှင့် ၎င်း၏ ပါတီတို့၏ နိုင်ငံရေးလွတ်လပ်ခွင့်ကို ထိခိုက်စေမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    ပရိသတ်များကမူ “နည်းနည်း၊ နည်းနည်း၊ နည်းနည်း” ဟု ပြန်လည်ဖြေကြားခဲ့ကာ ၀ိုင်းလ်ဒါးစ်က ” အဲ့ဒီလိုဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု တုံ့ပြန်ခဲ့သည်။
    Ref : IINA
  • အစ္စလာမ့်ဘဏ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာညီလာခံ ဘာရိန်းတွင် လုပ်မည်
    အစ္စလာမ့်ဘဏ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာညီလာခံ ဘာရိန်းတွင် လုပ်မည်
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    – ၂၃ ကြိမ်မြောက် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ထိပ်သီးညီလာခံ (WIBC) ကို လာမည့် ဒီဇင်ဘာတွင် ဘာရိန်းနိုင်ငံ၌ ကျင်းပပြုလုပ်ရန် ရှိနေပြီး ကမ္ဘာတစ်ဝှမ်းရှိ ဒေသအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်မည်ဟု သိရသည်။
    ဘာရိန်းဗဟိုဘဏ်က အဓိကဦးစီးမည့် အဆိုပါညီလာခံကို ဒီဇင်ဘာ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ မနာမာမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ကမ္ဘာ့ ထိပ်တန်း စီးပွားရေးပညာရှင်များ၏ ဆွေးနွေးမှုလည်း ပါဝင်မည်ဖြစ်သည်။
    ၂၃ ကြိမ်မြောက်အထိ ဖြစ်လာခဲ့သည့် WIBC ညီလာခံသည် အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း ညီလာခံများထဲတွင် သက်တမ်းအရင့်ဆုံးလည်းဖြစ်သည်။
    ယခုနှစ်တွင်မူ ကမ္ဘာ့စီးပွားရေး နယ်ပယ်တွင် မသေချာမှုများကြောင့် ဖြစ်လာသည့် စိန်ခေါ်မှုများအကြောင်းကို ဆွေးနွေးသွားမည်ဖြစ်ကာ လက်ရှိ တိုးတက်မှုနှုန်းကို ထိန်းသိမ်းရန်အတွက် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းတွင် လိုအပ်ချက်များကို မီးမောင်းထိုးပြသွားမည်ဖြစ်သည်။
    နှစ်စဉ်နှစ်တိုင်း အဆိုပါညီလာခံတွင် ကမ္ဘာ့ထိပ်တန်း အာဏာပိုင်များ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီချမှတ်သူများ တက်ရောက်ခဲ့ကြပြီး မြန်ဆန်စွာ တိုးတက်လာသည့် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်း၏ အနာဂတ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းတွင် ဆော်ဒီအာရေဗျက ဦးဆောင်နေပြီး၊ ပင်လယ်ကွေ့နိုင်ငံများတွင်လည်း အဆိုပါလုပ်ငန်းက တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့သည်။ ထို့ပြင် ကမ္ဘာတစ်ဝှမ်းကလည်း ထိုလုပ်ငန်းကို စိတ်ဝင်စားမှု မြင့်တကာလပြီး အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းကို လက်ခံဆောင်ရွက်ရန် နောက်ဆုံး ပေါ်ထွက်လာသည့် နိုင်ငံမှာ ရုရှားနိုင်ငံဖြစ်သည်။
    Ref : IINA
  • မွတ်စလင်ဆန့်ကျင်ရေးအုပ်စုကို ဂျာမနီပြည်သူများ လမ်းပေါ်ထွက်ရှုတ်ချ
    မွတ်စလင်ဆန့်ကျင်ရေးအုပ်စုကို ဂျာမနီပြည်သူများ လမ်းပေါ်ထွက်ရှုတ်ချ
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    ant-pegida
    – ဂျာမနီမှ မွတ်စလင်နှင့် ရွှေ့ပြောင်းဒုက္ခသည်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့ PEGIDA အား ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုကို ဂျာမနီပြည်သူများက တနင်္လာနေ့တွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၈၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု သိရသည်။
    PEGIDA အားကောင်းရာ နိုင်ငံအရှေ့ပိုင်းတွင် ဒရက်စ်ဒန်မြို့ရှိ လမ်းများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်းတည်ထောင်သည့် ဒုတိယမြောက်နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။
    အဆိုပါအဖွဲ့မှာ မကောင်းသတင်းများကြောင့် ၎င်း၏ခေါင်းဆောင်ပိုင်းများ အစုလိုအပြုံလိုက် နှုတ်ထွက်ခြင်းနှင့်အတူ ပြီးခဲ့သည့်နှစ်မှစ၍ ဂျာမနီ နိုင်ငံရေးလောကမှ ပျောက်ကွယ်ခဲ့သော်လည်း ဥရောပသို့ ဒုက္ခသည်များ ထပ်မံဝင်ရောက်လာပြီးနောက် ပြန်လည် ခေါင်းထောင်လာခြင်းဖြစ်သည်။
    PEGIDA အဖွဲ့ဝင်များမှာ နှစ်ပတ်လည်အဖြစ် တနင်္ဂနွေနေ့က ဒရက်စ်ဒန်မြို့ရှိ ပြဇာတ်ရုံရှေ့တွင် ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို တန်ပြန်ဆန္ဒပြမှုနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။ ၎င်းတို့အဖွဲ့နှစ်ခုမှာ နောက်ပိုင်းတွင် ဒရက်စ်ဒန် တက္ကသိုလ်နှင့် Neustadt ဘူတာရုံတို့တွင် သီးခြားစီ ဆန္ဒပြခဲ့ကြပြီး PEGIDA ကို ဆန့်ကျင်သူများက မြို့လယ်ကောင်သို့ ချီတက်ခဲ့ကြသည်။
    နိုင်ငံအတွင်းရှိ မွတ်စလင်များနှင့် ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို PEGIDA အဖွဲ့မှာ ယခင်က ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂျာမနီပြည်သူများ၏ တန့်ပြန် ဆန့်ကျင်မှုများနှင့် အမြဲလိုလို ကြုံတွေ့ခဲ့သည်။
    Ref : Presstv
  • သမ္မတဟောင်း ဘုရှ်မှာ အာဏာရှင် စတာလင်ထက် ပိုဆိုးသည်ဟု အမေရိကန်လူငယ် ၃ ပုံ ၁ ပုံက ယူဆ
    သမ္မတဟောင်း ဘုရှ်မှာ အာဏာရှင် စတာလင်ထက် ပိုဆိုးသည်ဟု အမေရိကန်လူငယ် ၃ ပုံ ၁ ပုံက ယူဆ
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    14650617_1224434824265652_3838212669139652535_n
    – အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ်မှာ ဆိုဗီယက် အာဏာရှင်ဟောင်း ဂျိုးဆက် စတာလင်ထက် ပို၍ လူများစွာ သတ်ဖြတ်မှုအတွက် တာဝန်ရှိသည်ဟု အမေရိကန် လူငယ် ၃ ပုံတစ်ပုံခန့်က ထင်မြင်ယူဆနေကြောင်း အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသည့် အဖွဲ့ Victims of Communism Memorial Foundation ၏ လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။
    ဒုတိယကမ္ဘာစစ်မတိုင်ခင်နှင့် ကမ္ဘာစစ်ပြီးနောက်တွင် စတာလင်ကြောင့် လူပေါင်း သန်း ၂၀ မှ သန်း ၆၀ မှာ အတိဒုက္ခ ရောက်ခဲ့ရသည်ဟု ပညာရှင်များ၏ တွက်ချက်မှုကို ကိုးကား၍ ထိုအဖွဲ့ ဖော်ပြခဲ့သည်။ သို့သော် အမေရိကန်လူငယ် ၃၃ ရာခိုင်နှုန်းကမူ သမ္မတဘုရှ်၏ လက်ထက်တွင် ထိုထက် ပိုမိုဆိုးရွားခဲ့သည်ဟု ယူဆနေသည်။
    ထို့ပြင် ကွန်မြူနစ်ဝါဒ၊ ကွန်မြူနစ်ခေါင်းဆောင်များနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းသည့်အခါတွင် အများစုက မသိရှိသည်ကိုလည်း တွေ့ခဲ့ကြသည်။
    Victims of Communism Memorial Foundation အဖွဲ့ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် လီ အဒ်ဝပ်ကမူ မိမိတို့အဖွဲ့ ၁၉၉၀ ပြည့်နှစ်များတွင် တည်ထောင်ခဲ့ပြီးနောက်ပိုင်း ယခုအချိန်မှာ ကွန်မြူနစ်ဝါဒနှင့်ပတ်သက်၍ ပြည်သူများ၏ လစ်လျူရှုမှု အရှိန်အဟုန် အမြင့်ဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “(အမေရိကန်သမ္မတဟောင်း) ရော်နယ် ရေဂင်က လွတ်လပ်မှုဆိုတာ မျိုးဆက်တစ်ခုထက်ပိုပြီး ဆိတ်သုဉ်းသွားတာမျိုး မရှိဘူးလို့ ပြောကြားဖူးပါတယ်။ နှစ် ၁၀၀လောက်ကြာခဲ့တဲ့ ဆိုးရွားတဲ့ ကွန်မြူနစ်ဝါဒရဲ့ သားကောင်တွေ၊ ရာဇ၀တ်မှုတွေ ဘယ်လောက်များတယ်ဆိုတဲ့အကြောင်း လာမယ့်မျိုးဆက်ကို လက်ရှိမျိုးဆက်တွေက အသိပညာပေးဖို့ဟာ မလုပ်မနေရ တာဝန်တစ်ရပ်ပါပဲ” ဟု မစ္စတာ အက်ဒ၀ပ်က ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းမှာ တတ်သိပညာရှင်များ အဖွဲ့တစ်ခုဖြစ်သော Heritage Foundation မှ ထင်ရှားသည့် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
    Victims of Communism Memorial Foundation အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် လူပေါင်း ၂၃၀၀ ခန့်ကို ဆက်သွယ်မေးမြန်းကာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မှားယွင်းနိုင်ချေမှာ ၂.၈ ရာခိုင်နှုန်း ရှိသည်။
    ထိုအဖွဲ့ကို ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် အမေရိကန် အထက်လွှတ်တော်၏ တစ်ညီတစ်ညွတ်တည်း အတည်ပြုချက်ဖြင့် သမ္မတ ဘီလ်ကလင်တန်က လက်မှတ်ထိုးကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကွန်မြူနစ်ဝါဒကြောင့် နိုင်ငံတကာမှ ထိခိုက်ခံစားရသူများအရေးကို ဆောင်ရွက်ပေးနေသည့်အဖွဲ့လည်း ဖြစ်သည်။
    ၉/၁၁ တိုက်ခိုက်မှုနှင့် လူအစုလိုက်အပြုံလိုက်ကို သေဆုံးစေနိုင်သော လက်နက်ရှိသည်ဆိုသည့် အကြောင်းပြချက်များဖြစ် အာဖဂန်နှင့် အီရတ်တို့ကို အမေရိကန်က ကျူးကျော်တိုက်ခိုက်ကာ လူများစွာ သေကြေပျက်ဆီးမှု၊ နောက်ဆက်တွဲ ပြဿနာများအတွက် သမ္မတဘုရှ်မှာ အဓိက တာဝန်ရှိသူအဖြစ် ရှုမြင်ခံရသူ ဖြစ်သည်။
    Ref: Washingtontimes