News @ M-Media

Month: October 2016

  • မိခင်များ အ၀လွန်ပါက ကလေးများတွင် ကျန်းမာရေးထိခိုက်နိုင်

    မိခင်များ အ၀လွန်ပါက ကလေးများတွင် ကျန်းမာရေးထိခိုက်နိုင်

    အောက်တိုဘာ ၁၆၊ ၂၀၁၆
    M-Media

    baby

    – အ၀လွန်သည့် မိခင်များက မွေးဖွားလာသည့် ကလေးငယ်များမှာ ကြီးပြင်းလာသည့်အခါ ဦးနှောက်ပျက်စီးခြင်း သို့မဟုတ် လေဖြတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပန်းနာရင်ကြပ်ရောဂါများ ဖြစ်ပေါ်နိုင်သည်ဟု လန်ဒန်တွင်ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။

    တွေ့ရှိချက်ကို ဂါးဒီးယန်းသတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး လေ့လာသူများကမူ အလွန်အမင်း အ၀လွန်ခြင်းက မိဘများ၊ ၎င်းတို့ ကလေးငယ်များ၏ ကျန်းမာရေးကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်သည်ဟု သတိပေးခဲ့သည်။

    Lancet Diabetes and Endocrinology တွင် ဖော်ပြခဲ့သည့် လေ့လာချက် လေးခုအရ မိခင်အ၀လွန်ခြင်းကြောင့် ကလေးအသေမွေးဖွားခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးဖိအားမြင့်တက်ခြင်း၊ ကလေးနှင့် မိခင်တွင် ဆီးချိုဖြစ်ခြင်း၊ မွေးဖွားရခက်ခြင်းတို့ ဖြစ်စေနိုင်သည်ဟုလည်း ဆိုသည်။

    ကိုယ်ဝန်ဆောင်နိုင်သည့်အရွယ်၌ အမျိုးသမီးများ အ၀လွန်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲအန္တရာယ်များသည် အလွန်ကြီးမားပြီး ကိုယ်ဝန်မဆောင်ခင်အချိန်၌ ပုံမှန်ကိုယ်အလေးချိန်ရှိရန် ချက်ခြင်းလုပ်ဆောင်သင့်ကြောင်း လေ့လာသူများက အကြံပြုခဲ့သည်။

    ထို့ပြင် မိခင် အ၀လွန်ခြင်း၏ ရလဒ်ကြောင့် ၎င်းတို့၏ ရင်သွေးငယ်များမှာ လူမှုရေးဆိုင်ရာ စွမ်းရည်များ ယုတ်လျော့ခြင်း၊ စိတ်ရောဂါ သို့မဟုတ် အာရုံစူးစိုက်မှု ချို့ယွင်းသည့် စိတ်ကစဥ့်ကလျားဖြစ်မှု (ADHD) ရောဂါလည်း ဖြစ်စေနိုင်ပြီး အရွယ်ရောက်ချိန်တွင် ကင်ဆာဖြစ်နိုင်ချေကိုလည်း မြင့်မားစေသည်ဟု ဆိုသည်။

    Ref : IINA

  • ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန် နိုင်ငံပေါင်း ၂၀၀ နီးပါး သဘောတူ

    ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန် နိုင်ငံပေါင်း ၂၀၀ နီးပါး သဘောတူ

    အောက်တိုဘာ ၁၆၊ ၂၀၁၆
    M-Media

    greenhouse

    – ကမ္ဘာကြီးပူနွေးလာမှုကို တုံ့ပြန်သည့်အနေဖြင့် ရေခဲသေတ္တာများနှင့် လေအေးပေးစက်များတွင် အသုံးပြုသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် နိုင်ငံပေါင်း ၂၀၀ နီးပါးက သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါသဘောတူညီချက်မှာ ‘အိုဇုန်းလွှာကို ပျက်စီးစေသည့် အရာဝတ္ထုများဆိုင်ရာ မွန်ထရီယယ်သဘောတူညီမှုအဖွဲ့’ က ရ၀မ်ဒါနိုင်ငံမြို့တော် ကီဂါလီတွင် ယမန်နေ့ကပြုလုပ်သော ၂၈ ကြိမ်မြောက် အစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်သည်။

    သိပ္ပံပညာရှင်များက ကလိုရိုဖလူအိုရိုကာဘွန် (CFCs) ဓာတ်ငွေ့နှင့် အလားတူဓာတ်ငွေ့များသည် စထရက်တိုစဖီးယားဟုခေါ်သည့် လေထုအလွှာရှိ အိုဇုန်းလွှာကို ဖျက်စီးစေကြောင်း တွေ့ရှိပြီးနောက် ၁၉၈၇ ခုနှစ်တွင် မွန်ထရီယယ်သဘောတူညီချက်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

    ကီဂါလီတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်မှာ စက်ရုံထွက် ဟိုက်ဒရိုဖလူအိုရိုကာဘွန် (HFCs) များ၊ ကမ္ဘာကြီးပူနွေးမှု မြင့်မားစေသည့် စက်မှုလုပ်ငန်းထွက် ဓာတ်ငွေ့များဆိုင်ရာ သဘောတူစာချုပ်ကို ပြင်ဆင်ဖြည့်စွက်ရန် ဖြစ်သည်။

    ယမန်နေ့က ရရှိခဲ့သည့် သဘောတူညီချက်အရ ဥရောပနိုင်ငံအများစုနှင့် အမေရိကန်တို့အပါအ၀င် ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ၎င်းတို့၏ HFCs များကို ၂၀၁၉ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းမှ ၂၀၃၆ ခုနှစတွင် ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ကတိပြုခဲ့ကြသည်။

    အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ထိုဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၂၄ သို့မဟုတ် ၂၀၂၈ ခုနှစ်တွင် ရပ်တန့်မည်ဖြစ်သည်။

    Ref : Presstv

  • ရုရှားနှင့် အိန္ဒိယတို့ ကာကွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ထိုး

    ရုရှားနှင့် အိန္ဒိယတို့ ကာကွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ထိုး

    အောက်တိုဘာ ၁၆၊ ၂၀၁၆
    M-Media

    modi

    – အိန္ဒိယနှင့် ရုရှားတို့သည် ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကာ ထိုဆောင်ရွက်မှုမှာ ကမ္ဘာ့မဟာမိတ်နိုင်ငံများဖြစ်မှုကို ပြန်လည်ပုံဖော်၍ အာဖဂန်နှင့် အရှေ့အလယ်ပိုင်းရှိ ၎င်းတို့၏ အရေးပါမှုကို သက်ရောက်စနိုင်သည့် ပူးပေါင်းဆာင်ရွက်ရေး ခေတ်သစ်ကို ဖော်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။

    စာချုပ်များ လက်မှတ်ရေးထိုးပွဲကို အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ တက်ရောက်ခဲ့သည်။

    သဘောတူညီချက်များထဲ အကြီးဆုံးမှာ ရုရှားနိုင်ငံပိုင်ရေနံလုပ်ငန်း Rosneft က အိန္ဒိယ၏ Essar ရေနံကုမ္ပဏီနှင့် အခြားလုပ်ငန်းစုများနှင့် လက်မှတ်ရေးထိုးမှုဖြစ်သည်။ အဆိုပါ ဒေါ်လာ ၁၂.၉ ဘီလီယံ သဘောတူညီချက်အရ Rosneft ကုမ္ပဏီသည် Essar နှင့် ၎င်းပိုင်ဆိုင်သည့် ဆိပ်ကမ်းလုပ်ငန်းများတွင် ရှယ်ယာများ ၀ယ်ယူသွားမည်ဖြစ်သည်။

    အခြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုမှာ နျူကလီးယားနယ်ပယ်တွင် ဖြစ်ပြီး လက်ရှိတွင် ရုရှားမှာ တမီလ်နန်ဒူးပြည်နယ်ရှိ နျူဓာတ်အားပေးစက်ရုံတွင် တတိယနှင့် စတုတ္ထမြောက် နျူဓာတ်ပေါင်းဖိုများ စတင် ဆောက်လုပ်နေပြီဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လာမည့် နှစ် ၂၀ အတွင်း အိန္ဒိယ၌ နျူဓာတ်ပေါင်းဖို တစ်ဒါဇင်ခန့် ဆောက်လုပ်သွားရန်လည်း ၎င်းတို့နှစ်နိုင်ငံက သဘောတူခဲ့သည်။

    ထို့ပြင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များလည်း ရရှိခဲ့ပြီး ပူတင်နှင့် မိုဒီ ၂ ဦးစလုံးကမူ အဆိုပါ သဘောတူညီချက်များက နိုင်ငံတကာအရေးကိစ္စများတွင် မိမိတို့နှစ်နိုင်ငံ၏ သဘောထားတူညီမှုကို ရောင်ပြန်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

    Ref : Presstv

  • ဘီဘီစီ၏ အစီအစဉ် တင်ဆက်သူ ဖြစ်လာတော့မည့် ဗြိတိန် မွတ်စလင် အမျိုးသမီး နာဒီယာ ဟူစိန်

    ဘီဘီစီ၏ အစီအစဉ် တင်ဆက်သူ ဖြစ်လာတော့မည့် ဗြိတိန် မွတ်စလင် အမျိုးသမီး နာဒီယာ ဟူစိန်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    nida

    – ဗြိတိန်၏ နာမည်ကျော် မုန့်ဖုတ်ပြိုင်ပွဲဖြစ်သော Great British Bake Off တွင် အနိုင်ရရှိခဲ့သည့် မွတ်စလင်အမျိုးသမီး နာဒီယာ ဟူစိန်မှာ ဘီဘီစီသတင်းဌာနနှင့် အစီအစဉ်သစ်တစ်ခု တင်ဆက်ရန်အတွက် စာချုပ် ချုပ်ဆိုလိုက်သည်ဟု သိရသည်။

    နာဒီယာမှာ ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုမုန့်ဖုတ်ပြိုင်ပွဲကို BBC One မှ Channel 4 သို့ ပြောင်းလဲတင်ဆက်ရာတွင် သူမ ပါဝင်မည်ဟု ကောလာဟာလများ ထွက်ပေါ်လာပြီးနောက် ဘီဘီစီနှင့် ယခုကဲ့သို့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

    သူမကမူ မိမိအနေဖြင့် The One Show အတွက် ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ပြီး မိမိတွင်ရှိနေသည့် အိုက်ဒီယာအသစ်များကိုလည်း ဖော်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    ဘီဘီစီကမူ နာဒီယာပါဝင်မည့် အစီအစဉ်အသစ်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ ဘီဘီစီမှာ Bake Off အစီအစဉ်နှင့်အပြိုင် နောက်ထပ် မုန့်ဖုတ်ပြိုင်ပွဲ တစ်ခုကို ထုတ်လွှင့်ရန် စီစဉ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

    နာဒီယာဟူစိန်ပါဝင်သည့် Chronicles of Nadiya အစီအစဉ်ကို BBC One မှ စက်တင်ဘာလတွင် ထုတ်လွှင့်ခဲ့ပြီး သြဂုတ်လအတွင်းကလည်း CBBC တွင်ပြုလုပ်သည့် Bake Off အငယ်တန်းပြိုင်ပွဲတွင် ဒိုင်လုပ်ရန် တာဝန်ပေးခံခဲ့ရသည်။

    ၂၀၁၅ ခုနှစ် Bake Off ပြိုင်ပွဲတွင် နာဒီယာ ဆုရမှုကို ကမ္ဘာတစ်ဝှမ်းရှိ ပရိတ်သတ် ၁၅ သန်းကျော်က ကြည့်ရှုခဲ့ကြသည်။

    Ref: BBC

  • ရွှေ့ပြောင်းအခြေချသူများ နေထိုင်သည့် အိမ်ယာအား ဗုံးခွဲရန်ကြံစည်သူကို ကန် တရားစွဲ

    ရွှေ့ပြောင်းအခြေချသူများ နေထိုင်သည့် အိမ်ယာအား ဗုံးခွဲရန်ကြံစည်သူကို ကန် တရားစွဲ

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    kansas

    – အမေရိကန်ပြည်ထောင်စု ကန်းဆက်ပြည်နယ်ရှိ ဆိုမာလီမွတ်စလင် ရွှေ့ပြောင်းအခြေချသူများနေထိုင်သည့် လူနေအိမ်ယာကို ဗုံးခွဲရန် ကြံစည်ခဲ့သူ ၃ ဦးကို အမေရိကန်အစိုးရ အာဏာပိုင်များက ယမန်နေ့တွင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    အဆိုပါ လူ ၃ ဦးမှာ ပစ်မှတ်အား စောင့်ကြည့်မှုပြုလုပ်ကာ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ စုဆောင်ထားရှိပြီး၊ မိမိတို့ စီစဉ်ထားသည့် တိုက်ခိုက်မှုမှာ ပြည်သူများကို နိုးထစေရန်ဖြစ်သည်ဆိုသည့် ကြေငြာစာတမ်းတစ်ခုကိုလည်း ပြင်ဆင်ထားဟု အမေရိကန်တရားရေးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၎င်းတို့ကို အစုလိုက်အပြုံလိုက် ပျက်ဆီးစေနိုင်သည့် လက်နက်ကို အသုံးပြုရန် ကြံစည်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမည်ဖြစ်သည်။

    “အမုန်းတရားနဲ့ အကြမ်းဖက်မှုရဲ့ ဖုံးကွယ်ထားတဲ့ဓလေ့ကို စုံစမ်းသူတွေက ထဲထဲဝင်ဝင် လေ့လာမှုနဲ့အတူ FBI က ၈ လတာ ကြာမြင့်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုကို အခြေခံပြီး ဒီ တရားစွဲဆိုမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်” ဟု ကန်းဆက်ခရိုင်၏ ရှေ့နေချုပ် တွမ် ဘီအောလ်က ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    အဆိုပါ ၃ ဦးတွင် ၁ ဦးကို ယခင်က ဖမ်းဆီးထားပြီး ၂ ဦးကိုမူ ယမန်နေ့က ဖမ်းဆီးခဲ့ကာ ၎င်းတို့အားလုံးမှာ ကန်းဆက်နယ်သားများဖြစ်သည်။ ၎င်းတို့မှာ မြို့ငယ်လေးတစ်ခုဖြစ်သော ဂါးဒန်းစီးတီးရှိ ဆိုမာလီ ရွှေ့ပြောင်းအခြေချသူများ နေထိုင်သည့် လူနေအိမ်ယာနှင့် ၎င်းတို့၏ ၀တ်ပြုဆောင်ကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့၏ အစီအစဉ်တွင် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ အပြည့် တင်ဆောင်ထားသော ကား ၄ စီးကို ထိုအိမ်ယာ၏ ထောင့် ၄ ခုတွင် ရပ်ထားကာ ဖောက်ခွဲဖျက်ဆီးရန်ဖြစ်သည်။

    အာဏာပိုင်များကမူ ၎င်းတို့မှာ ‘ခရူဆိတ်ဒါ’ ဟု ခေါ်ဆိုသည့် ပြည်သူ့စစ်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည်ဟု ပြောကြားခဲ့သ ည်။ ၎င်းတို့၏ အစီအစဉ်နှင့်ပတ်သက်၍ ကန်းဆက်လုံခြုံရေးတပ်ဖွဲ့ဟုခေါ်သည့် ပိုမိုအင်အားများသော ပြည်သူ့စစ်အဖွဲ့၏အစည်းအဝေးကို ပုံမှန်တက်ရောက်သည့် လျှို့ဝှက်ရင်းမြစ်တစ်ခု၏ အကူအညီဖြင့် အာဏာပိုင်များက ဖေဖော်ဝါရီလကတည်းက စုံစမ်းခဲ့ခြင်းဖြစ်သည်။

    Ref : Channelnewsasia