News @ M-Media

Month: October 2016

  • ၂၀၁၄ ခု သန်းခေါင် စာရင်းမှာ လူမျိုးပေါင်း ၈၀၀ ကျော်နေခြင်းရဲ့ တရားခံ အစစ်ဘယ်သူလဲ

    ၂၀၁၄ ခု သန်းခေါင် စာရင်းမှာ လူမျိုးပေါင်း ၈၀၀ ကျော်နေခြင်းရဲ့ တရားခံ အစစ်ဘယ်သူလဲ

    အောက်တိုဘာ ၁၅ ၊ ၂၀၁၆
    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်) ရေးသည်။

    myanmar-census-2012

    ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇၀၀၀ ကျော် လူမျိုးနွယ်ပေါင်း ၅၀၀၀ ကျော်ရှိနေသည်ကို စာပေနှင့် မကင်းကွာသူ အတော်များများ သိကြပြီးဖြစ်သည်။ အရှေ့တောင်အာရှအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံတွင် လူဦးရေသန်းပေါင်း ၂၀၀ ကျော်ရှိပြီး၊ လူမျိုးနွယ်ပေါင်း ၂၅၀  ကျော်ရှိလေသည်။ သို့သော် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းအရ နေပြည်တော် သတင်းရပ်ကွက်မှ မြန်မာနိုင်ငံတွင် လူမျိုးနွယ်ပေါင်း ၈၃၀ ကျော် ဖြစ်သွားခြင်းသည် ယခင်က သူပြော၊ ငါပြော၊ လူပြောများနေသည့် တိုင်းရင်းသား ၁၃၅ မျိုးကို
    ကမ္ဘာသိ ချေဖျက်လိုက်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးနွယ်စာရင်း ၈၃၀ ကျော်ဖြစ်နေခြင်းသည် ယုတ္တိမရှိခြင်း၊ အဓိပ္ပါယ်မဲ့နေခြင်း၊ အမှားအယွင်းတစ်ခုခုရှိနေကြောင်း၊ ကမ္ဘာကြီးကို ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့ရခြင်း၏ အဓိကလက်သည်မှာ “လူဝင်မှုကြီးကြပ်ရေး(လ၀က) ဌာန”ပင်ဖြစ်သည်။

    သန်းခေါင်စာရင်းသွားလုပ်တိုင်း၊ မှတ်ပုံတင်သွားလုပ်တိုင်း “အထက်အမိန့်၊ အထက်အမိန့်” ဟူသောစကားကို၊ လှိုင်လှိုင်ကြီး တွင်တွင်ကျယ်ကျယ်ကြီးသုံးကာ၊ လူမျိုးအမည်နေရာများတွင် ပလပ်စ်(plus) ခံကာ၊ မိမိတို့သဘောဖြင့် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အင်္ဂလိပ်၊ ကျိုလီယာ၊ ပထန်၊ စူရတီ……စသည် တို့ကို အဓမ္မ ဖြည့်လာခဲ့သည်မှာလည်း နှစ်ပေါင်း(၂၀)ကျော် ခဲ့လေပြီ။ ထိုသို့ ငါတကော၊ ကောပြီး၊ ထင်ရာစိုင်းလာခဲ့ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်မှာ မလိုအပ်ဘဲ လူမျိုးနွယ်များဖောင်းပွပြီး၊ ကမ္ဘာ့အံ့ဖွယ်စာရင်းတွင် ထည့်သွင်းရမလို ဖြစ်နေပေသည်။

    မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေး(လ၀က) အပါအ၀င်ပါတီအချို့၊ လွှတ်တော်အမတ်ဟောင်းအချို့နှင့် မျိုးချစ်ဆိုသူများ ပြောဆိုနေကြသော၊ တိုင်းရင်းသား ၁၃၅မျိုး ဆိုသည်ကို ယခုလို မီဒီယာလွတ်လပ်ခွင့်အခါသမယတွင် သက်ဆိုင်ရာ ချင်း၊ ကချင်၊ ရှမ်းစသော

    လူမျိုးနွယ်စုများတွင် ပါဝင်ကြသော သမိုင်းသုတေသီများက ဝေဖန်၊ ဆန်းစစ်ထောက်ပြခဲ့သည်မှာ
    (၁) အချို့လူမျိုးစုနာမည်များမှာ ထပ်နေသည်။
    (၂) အချို့လူမျိုးနွယ်စု စာရင်းထဲ ရှိလျက်နှင့် မပါဝင်ကြ။
    (၃) အချို့လူမျိုးစုများမှာ လုံးဝ မရှိတော့ပေ။
    (၄) အချို့လူမျိုးနွယ်စုမှာ ၃ ဦးလောက်မျှသာ ကျန်တော့သည် ဟူ၍ ဖြစ်သည်။

    ထို့ကြောင့် မြန်မာလူဝင်မှုကြီးကြပ်ရေး(လ၀က) က၊ အဓိက စံထားပြောဆိုနေသော တိုင်းရင်းသား ၁၃၅ မျိုး စာရင်းသည် ဥပဒေရှု့ထောင့်အရ၊ သေသေချာချာ ဆန်းစစ်လေ့လာကြည့်လျှင်
    (၁) အမိန့်ကြေညာစာ
    (၂) ညွှန်ကြားချက်
    (၃) ဥပဒေကဲ့သို့အာဏာတည်သောအမိန့် စသည်တို့အလျဉ်း မဟုတ်ပေ။

    “ညွှန်ကြားချက်” ဟူသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်လည်း မဟုတ်သလို၊ ဥပဒေပြဌာန်းချက် တစ်စုံ၊ တစ်ခုလည်း မဟုတ်သောကြောင့် ဥပဒေကဲ့သို့ ပြည်သူလူထုက လိုက်နာရန်မလိုပေ။ “ဥပဒေပြဌာန်း ချက်များနှင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များကို ပြင်ဆင်ပယ်ဖျက်လိုပါက ပြည်သူ့လွှတ်တော် ကသာ ဆုံးဖြတ်နိုင်ပါသည်။ ဆောင်ရွက်ခွင့်အာဏာရှိပါသည်။ နိုင်ငံတော် သမ္မတမှ ဥပဒေအမိန့်တစ်ရပ်အနေဖြင့် ထုတ်ပြန်ကြေညာရပါမည်။

    ၁၉၇၃ ခုနှစ်တွင် ထုတ်ပြန်ထားသော  တိုင်းရင်းသား ၁၄၄ မျိုးစာရင်းကို ယနေ့အချိန်အထိ ပြင်ဆင်ပယ်ဖျက်ကြောင်း အမိန့်တစ်စုံ၊ တစ်ခုဖြင့် ဖျက်သိမ်းကြောင်း အလျဉ်းမရှိသေး၍ ပြည်ထောင်စုတိုင်းရင်းသား ၁၄၄ မျိုးစာရင်းသည် လက်ရှိအချိန်အထိ အတည်ဖြစ်နေကြောင်း သိသာထင်ရှားလှပါသည်။

    ဥပဒေသည် နည်းဥပဒေကို လွှမ်းမိုးသည်။ နည်းဥပဒေသည် ညွှန်ကြားချက်တို့ကို လွှမ်းမိုးသည်။ ထို့ကြောင့် ဥပဒေသည် နည်းဥပဒေ၊ ညွှန်ကြားချက်တို့ကို လွှမ်းမိုးပါသည်။

    မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟူ၍ တွင်ကျယ်လာရခြင်းအဓိက အကြောင်းရင်းမှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(န၀တ) စစ်အစိုးရခေတ် ၂၆.၉.၁၉၉၀ ခုနေ့ထုတ် လုပ်သားပြည်သူ့နေ့ စဉ်သတင်းစာကြောင့် ဖြစ်ပါသည်။ ထိုနိုင်ငံပိုင် သတင်းစာတွင်ဆောင်းပါးရှင် “မြန်ပြည်သား” မှ “ပြည်ထောင် စုတိုင်းရင်းသား (၁၃၅) မျိုး နေထိုင်ရာ၊ တို့ပြည်ထောင်စု၊ မြန်မာနိုင်ငံအကြောင်း” ဟူ၍ ရေးသားခဲ့ပါသည်။ ထိုဆောင်းပါးရှင်၏အာဘော်ကို မှီငြမ်းရာမှ တိုင်းရင်းသား(၁၃၅)မျိုး ဟူ၍ ဖြစ်လာကြောင်း စာရေးသူ လေ့လာမိပါသည်။

    “မြန်မာနိုင်ငံသားဥပဒေ” (Burma Citizenship Law) ကို ၁၉၈၂ ခုနှစ်တွင် စတင်ရေးဆွဲပြီး ၁၉၈၃ ခုတွင် နည်းဥပဒေများကို ပြဌာန်းခဲ့ပါသည်။ ထိုဥပဒေကို ရေးဆွဲပြဌာန်းရန် ကြိုးစားခဲ့သော မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) အစိုးရသည် ၈-၈-၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် ပြုတ်ကျ ခဲ့ပြီး အကောင်အထည် မဖော်လိုက် နိုင်ခဲ့ပေ။

    ၁၉၈၈ ခု၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော “န၀တ” စစ်အစိုးရအဖွဲ့သည် “၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ” ကို အကောင်အထည်ဖော်သောအားဖြင့် ၁၉၈၉ ခုနှစ်တွင် နိုင်ငံသားဖြစ် သူများကို ထိုဥပဒေအရ စိစစ်ပြီး  နိုင်ငံသားစိစစ်ရေးပန်းရောင်ကတ်ကို စတင်ထုတ်ပေးခဲ့ပါသည်။ ထိုဥပဒေ အရပင်
    (၁) နိုင်ငံသားစိစစ်ရေး(ပန်းရောင်)ကတ်
    (၂) နိုင်ငံသားပြုကတ်
    (၃) ဧည့်နိုင်ငံသားကတ် ဟူ၍ မှတ်ပုံတင်ကတ် (၃) မျိုးထုတ်ပေးခဲ့ပါသည်။

    သို့သော် တကယ့်လက်တွေ့တွင် ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေအရလည်း၊ အကောင်အထည်ဖော် လက်ခံဆောင်ရွက်၊ စိစစ်ကာ၊ မှတ်ပုံတင်ထုတ်ပေးခြင်း မရှိဘဲ၊ မြန်မာလူဝင်မှုကြီးကြပ်ရေး(လ၀က) ဌာနသည် (၁) ငွေရေး ကြေးရေးတက်စွမ်း၍ လာဘ်ပေး၊

    လာဘ်ယူပြုနိုင်သူများ (၂) အာဏာ၊ပါဝါ(power) ရှိသူများကိုသာ နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ထုတ်ပေးနေကြောင်း တွေ့ ရှိရပေသည်။ ဥပမာ စာရေး သူ၏တပည့်လေးဖြစ်သူသည် သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး(လ၀က)တွင် ၂၀၀၈ ခုနှစ်တွင်
    အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကို လျှောက်ထားခဲ့ပါသည်။ မိဘ ၂ ပါးစလုံးသည် နိုင်ငံသား စိစစ်ရေးကတ်(ပန်းရောင်) ကို ရရှိထားသူများဖြစ်ကြပြီး ဖခင်ဖြစ်သူသည် အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး၂၀၀၀ ခုတွင် ကွယ်လွန်ခဲ့ပါသည်။ သို့သော် ယခုအချိန်ထိ  နိုင်ငံသားဖြစ်၊ မဖြစ် စိစစ်နေဆဲဖြစ်ပါသည်။

    အောက်တိုဘာလ (၄) ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆/၇ အရ (လ၀ကအခေါ်) သွေးနှောများ ၏ နိုင်ငံသားကတ် လျှောက်ထားမှုများကို မြို့နယ်ရုံးများတွင် လုပ်ပိုင်ခွင့်ပေးထားခြင်းမရှိဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးလ၀က ဦးစီးမှူးရုံးများကသာ စိစစ်ခွင့်ပြုပြီး ဥပဒေနှင့်ညီညွတ်ပါက ထုတ်ပေးလျက်ရှိကြောင်း ” ပြောဆိုခဲ့သော်လည်း တကယ့်လက်တွေ့တွင် နှောင့်နှေးကြန့်ကြာနေခြင်းများ ဘာကြောင့်အခုလိုဖြစ်နေ
    ရသည်ကို လ၀က တိုင်ကြားစာဌာနသီးသန့်ဖွင့်လှစ်ကာ ကျူးလွန်သူ “လ၀က” ၀န်ထမ်းများအား စုံစမ်း ဖော်ထုတ်ခြင်း၊ အပြစ်ပေး အရေးယူခြင်းများကို ပွင့်လင်းမြင်သာစွာပြုလုပ်သင့်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး၊  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေအား စာရေးသူ အကြံပြုလိုက်ပါသည်။ ထို့အပြင် ၀န်ကြီးမင်း ၂၀၁၄ ခုနှစ်ကောက်ခံခဲ့သော သန်းခေါင်းစာရင်းမှတ်တမ်း များအရ သိရှိမည်မှာ မြန်မာနိုင်ငံတွင် နိုင်ငံသား စိစစ်ရေးကတ်ကိုင်ဆောင်သူ(၂၈၃၉၇၅၁၉) ဦး၊ နိုင်ငံ
    သားပြုခွင့်ရသူကတ်ကိုင်ဆောင်သူ (၃၇၄၂၉) ဦး၊ သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ် ကိုင်ဆောင်သူ (၆၉၂၂၈၈) ဦး၊ သာသနာဝင်ကတ် ကိုင်ဆောင်သူ (၂၄၇၇၆၅) ဦး၊ ယာယီသက်သေခံကတ် (ယခင်ပယ်ဖျက်ပြီး white card) ကိုင်ဆောင်သူ (၁၈၁၉၈၂) ဦးနှင့် မည်သည့်ကတ်မျှမကိုင်ဆောင်သူ (၁၁၂၀၇၇၆၉) ဦးရှိသည်ကို လေ့လာကြည့်လျှင် ၀န်ကြီးမင်း၏ဌာနသည် (၁၁) သန်းကျော်ကို မည်သည့်စိစစ်ရေးကတ်မျှ မပေး၍ မှတ်ပုံတင်မဲ့အောင် ဥပေက္ခာခြင်းသည် နိုင်ငံတကာအလယ် မြန်မာ”လ၀က”ဌာန ပုံရိပ်ကျဆင်း
    နေကြောင်း သက်သေပြရာ ရောက်နေပါသည်။

    ထို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မများဖြင့် နိုင်ငံသားကတ်ထုတ်ပေးရန် ဥပဒေအရ၊ တာဝန်ရှိနေသည့်ဥပဒေများကို ပယ်ဖျက်ခြင်း၊ ထိုမူရင်းဥပဒေတွင် မပါရှိသော၊ နိုင်ငံသားဖြစ်စေသည့် အချက်အလက်များကို ဟန့်တားညှိစွမ်းစေသည့်၊

    အချက်အလက်များကို လူမျိုးနေရာများတွင် “လ၀က” ၀န်ထမ်းများက အထက်ညွှန်ကြားချက်ဆိုသော စကားကိုလက်ကိုင်ပြု၍ ပုဒ်မ “၁၈” ကိုကျူးလွန်နေခြင်း၊ နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသော သားသမီးများကို ၁၉၈၂ ခု နိုင်ငံသား ဥပဒေအရ နိုင်ငံသားပေးကို
    ပေးရမည် ဖြစ်ပါလျက် အချိန်ဆွဲဗျူဟာကျင့်သုံးနေခြင်း၊ ရေခြား၊ မြေခြား၊ မိခင်၊ ဖခင်ဘက်၊ အဖိုး၊ အဖွား များအထိ အထောက်အထားများကို “လ၀က” ရုံးများတွင် သွားယူစေခြင်းတို့သည် အချိန်ကုန်၊ ငွေကုန်၊အလုပ်ပျက်၊ စိတ်ပျက်သည်၊ ပြုလုပ်နေခြင်းတို့ကို NLD  အစိုးရလက်ထက်တိုင် ပြုမူနေခြင်းတို့ကို နိုင်ငံ တော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်အစိုးရ သိစေရန် အကြံပြုလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)

  • ယူအေအီးက ကမ္ဘာ့ပထမဆုံး ရှရီအသ်နည်းကျ ကုန်သွယ်ဘဏ်တစ်ခု တည်ထောင်မည်

    ယူအေအီးက ကမ္ဘာ့ပထမဆုံး ရှရီအသ်နည်းကျ ကုန်သွယ်ဘဏ်တစ်ခု တည်ထောင်မည်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    uae-3

    – အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အစ္စလာမ့်နည်းကျ စီးပွားရေးကဏ္ဍတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရေး ရည်ရွယ်ချက်ကို အရှိန်မြှင့်တင်သည့်အနေဖြင့် ကမ္ဘာ့ ပထမဆုံး ရှရီအာနည်းကျ ကုန်သွယ်ရေးဘဏ်တစ်ခုကို တည်ထောင်မည်ဟု သိရသည်။

    Emirates Trade Bank ဟု ခေါ်တွင်မည့် အဆိုပါဘဏ်အတွက် လုပ်ပိုင်ခွင့် ရရှိရန် ဒူဘိုင်း အစ္စလာမ့်နည်းကျစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာ (DIEDC)၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဌာနတို့မှာ လက်ရှိတွင် ယူအေအီး ဗဟိုဘဏ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

    DIEDC မှ ထုတ်ပြန်သည့် ကြေညာချက်တွင် အဆိုပါ ကုန်သွယ်ရေးဘဏ်အသစ်မှာ နိုင်ငံတကာကုန်သွယ်ရေးနှင့် ကုန်စည်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

    “Emirates Trade Bank ဟာ ကမ္ဘာလုံးဆိုင်ရာ ရှရီအာနည်းကျ ပထမဦးဆုံး ကုသွယ်ရေးဘဏ်တစ်ခု ဖြစ်ပြီး UAE ရဲ့ အခြေခံအဆောက်အအုံနဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို အရှိန်မြင့်ဆောင်ရွက်ခြင်း၊ ရွေ့လျားဆောင်ရွက်ခြင်းတွေကနေတဆင့် ဘက်စုံစီးပွားရးနဲ့ နိုင်ငံတကာ ကုန်စည်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းတွေကို အပြည့်အ၀ စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဘဏ်ဟာ အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍမှာ ဒူဘိုင်းရဲ့ မဟာဗျူဟာကျတဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး ဒီပုံစံကနေ ယူအေအီးရဲ့ ကုန်သွယ်ရေးဆိုင်ရာ စီးဆင်းမှုကို ၂ ဆတိုးစေဖို့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ့်နည်းကျ စီးပွားရေးလုပ်ငန်း၏ တန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က ကန်ဒေါ်လာ ၁.၉ ထရီလီယံ ရှိလာပြီဟု Reuters သတင်းဌာန၏ စစ်တမ်းအရ သိရသည်။ ကမ္ဘာ့ ဟာလာလ်အစားအသောက် ဈေးကွက်တစ်ခုတည်းမှာပင် ၂၀၂၀ ခုနှစ်အရောက်၌ ကန်ဒေါ်လာ ၂ ထရီလီယံအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

    Ref : IINA

  • ကလ်ဆီယမ်ဓာတ် မှီဝဲခြင်းက နှလုံးကို ထိခိုက်စေနိုင်

    ကလ်ဆီယမ်ဓာတ် မှီဝဲခြင်းက နှလုံးကို ထိခိုက်စေနိုင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    calcium

    – ဆေးဝါးများဖြင့် ကလ်ဆီယမ်ဓာတ်ကို ဖြည့်တင်းသူများအနေနှင့် နှလုံးရောဂါ ဖြစ်နိုင်ချေ များပြားသည်ဟု အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

    အဆိုပါလေ့လာမှုတွင် သုတေသီများက လူ ၂၇၀၀ ကျော်၏ ၁၀ နှစ်တာ စမ်းသပ်မှုများကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ပြီး ကလ်ဆီယမ်ဖြည့်စွက်စာများသည် နှလုံးရောဂါနှင့် ဆက်စပ်နေသည့် သွေးလွှတ်ကြောများတွင် သွေးခဲများ ဖြစ်ပေါ်စေနိုင်ကာ နှလုံးပျက်ဆီးနိုင်ကြောင်း တွေ့ခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ကယ်လ်ဆီယမ်ကြွယ်ဝသည့် စားစရာများမှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းသည်ဟု ဆိုသည်။

    “ဗိုက်တာမင်နဲ့ ဓာတ်ဆားတွေ အထူးသဖြင့် အရိုးသန်မာဖို့ ကယ်လ်ဆီယမ်ဓာတ် မှီဝဲမှုဟာ ပိုကောင်းတယ်လို့ အမေရိကန်အတော်များများက ထင်မြင်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ကယ်လ်ဆီယမ်ကို အပိုမှီဝဲမှုဟာ နှလုံးနဲ့ သွေးကြောစနစ်ကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ တွေ့ရှိရပါတယ်” ဟု လေ့လာသူ အဲရင် မီခို့စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ကယ်လ်ဆီယမ်ဓာတ်ကို ထပ်ဆောင်းမှီဝဲကြသူများမှာ သာမန်လူများထက် နှလုံးသွေးကြောကျဉ်းရောဂါ ရနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုများလာသည်ကိုလည်း ထိုလေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

    Ref : IINA

  • IS ကို အမြစ်ဖြုတ်မည့် နောက်ဆုံးစစ်ပွဲ အီရတ်က မကြာမီ စမည်

    IS ကို အမြစ်ဖြုတ်မည့် နောက်ဆုံးစစ်ပွဲ အီရတ်က မကြာမီ စမည်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    iraq

    – အီရတ်နိုင်ငံ မြောက်ပိုင်းတွင် တူရကီတပ်များ ရှိနေသည့်အတွက် အီရတ်နှင့် တူရကီတို့အကြား တင်းမာမှုများ ရှိနေသော်လည်း IS အကြမ်းဖက်အုပ်စုလက်ထဲမှ မူဆိုးလ်မြို့ လွတ်မြောက်ရန်အတွက် နောက်ဆုံးထိုးစစ်ကို စတင်ရန် အသင့်ဖြစ်နေပြီ ဟု အီရတ်စစ်တပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အွသ်မန် အလ်-ဂါနီမီက မိမိတို့တပ်ဖွဲ့များမှာ နောက်ဆုံးထိုးစစ်အတွက် အသင့် နေရာယူပြင်ဆင်ထားပြီး ရှေ့ဆက် ဆောင်ရွက်ရန် စောင့်ဆိုင်းနေသည်ဟု ဆိုသည်။ သောကြာနေ့ အစောပိုင်းကလည်း ဗိုလ်ချုပ်ကြီးက ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည့် အဆိုပါ ထိုးစစ်အတွက် ညှိနှိုင်းဆောင်ရွက်ရန် လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်မှူးများနှင့် တွေ့ဆုံခဲ့သည်။

    လက်ရှိတွင် နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်ဒေသမှ တပ်ဖွဲ့ဖြစ်တဲ့ Peshmerga အဖွဲ့ကိုလည်း အီရတ်စစ်တပ်၏ ပထမဆုံး အဖွဲ့ဝင်အဖြစ် လက်ခံထားပြီဖြစ်သည်။

    IS အဖွဲ့မှာ မူဆိုးလ်မြို့ကို ၂၀၁၄ ခုနှစ်က သိမ်းပိုက်ထားခြင်ဖြစ်ပြီး ထောက်လှမ်းရေးသတင်းများအရ မြို့အတွင်း အတပ်ဖွဲ့ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြားရှိနေကျာအခြေအနေမှာ ပိုမို ရှုပ်ထွေးမည်ဟု ခန့်မှန်းထားသည်။

    မူဆိုးလ်မြို့အရှေ့မြောက်ပိုင်းသို့ တူရကီမှာ ၎င်း၏ တပ်ဖွဲ့များကို ပြီးခဲ့သည့်နှစ်ကတည်းက ပို့ဆောင်ထားပြီး ထိုလုပ်ရပ်အား အီရတ်က ၎င်းတို့၏ အချုပ်အခြာကို ချိုးဖောက်မှုအဖြစ် ရှုမြင်နေသည်။ တူရကီနိုင်ငံပိုင်သတင်းဌာန Anadolu အေဂျင်စီကမူ မူဆိုးလ်မြို့သိမ်းတိုက်ပွဲတွင် တူရကီစစ်တပ်မှ လေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များ ပါဝင်မည်ဟု ဖော်ပြခဲ့ပြီး အီရတ်ကမူ ပါဝင်ခြင်းမပြုရန် သတိပေးထားသည်။

    Ref : Presstv

  • လေယာဉ်ပေါ်တွင် Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန် ပိတ်ပင်

    လေယာဉ်ပေါ်တွင် Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန် ပိတ်ပင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    galaxy

    – ပေါက်ကွဲမှုကြောင့် လူများ ထိခိုက်ဒဏ်ရာရခြင်း၊ အပူလွန်ကဲခြင်း စသည့် ဖြစ်ရပ်ပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည့် ဆမ်ဆောင်း၏ Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန်လေကြောင်းလိုင်းအားလုံးတွင် ပိတ်ပင်သွားမည်ဟု အမေရိကန် သယ်ယူပို့ဆောင်ရေးဌာနက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ယခင်က အမေရိကန် အရပ်ဖက် လေကြောင်းအုပ်ချုပ်ရေးဌာနမှာ ခရီးသွားများအနေဖြင့် အဆိုပါဖုန်းကို လေယာဉ်ပေါ်တွင် အသုံးမပြုဘဲ ခရီးဆောင်အိတ်တွင်သာ သိမ်းဆည်းထားရန် သို့မဟုတ် လေကြောင်းခရီးစဉ်အတွင်း အားသွင်းခြင်းမပြုရန် ညွှန်ကြားထားသည်။ ယခုပိတ်ပင်မှုမှာ စနေနေ့ နေ့လည်ပိုင်းမှစ၍ အသက်ဝင်မည်ဟု ပို့ဆောင်ရေးဝန်ကြီး အန်သိုနီ ဖောက်စ်က ပြောကြားခဲ့သည်။

    “လေကြောင်းလိုင်းတွေအားလုံးမှာ ဒီလိုပိတ်ပင်မှုဟာ အချို့သော ခရီးသည်တွေကို စိတ်အနှောက်အယှက်ဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံးရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အဓိကဦးစားပေး ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ ဒီလို ထပ်တိုး တင်းကြပ်ရတာက လေယာဉ်အတွင်းမှာ ဖုန်းမီးထလောင်ရင် တစ်ဦးချင်း ကြီးမားတဲ့ အန္တရာယ်တွေ ရှိသလို၊ လူ့အသက်ပေါင်းများစွာကိုလည်း အန္တရာယ်ရှိစေနိုင်တာကြောင့်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဆမ်ဆောင်းကလည်း မိမိတို့အနေဖြင့် ခရီးသွားများအပေါ် ထိုကဲ့သို့ ပိတပင်မှုအတွက် ဆက်သွယ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ပထမဆုံး ထုတ်လုပ်ခဲ့သည့် Galaxy Note 7 တွင် အပူလွန်ကဲခြင်း၊ ဖောက်ကွဲခြင်း စသည့် ပြဿနာများရှိခြင်းကြောင့် ပြန်သိမ်းကာ အသစ်နှင့် အစားထိုးပေးခဲ့သော်လည်း ထိုအစားထိုးပေးသည့် ဖုန်းများတွင်ပါ အပူလွန်ကဲခြင်းကို ထပ်မံတွေ့ရှိခဲ့ရသောကြောင့် ဆမ်ဆောင်းက အဆိုပါဖုန်း ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပြီဟု တနင်္လာနေ့တွင် ကြေငြာခဲ့သည်။

    Ref: USA Today