News @ M-Media

Month: October 2016

  • ကွန်တီမှာ ချယ်ဆီးအတွက် ဖလားပြန်ယူပေးမည်ဟု မီခေးလ်ပြော

    ကွန်တီမှာ ချယ်ဆီးအတွက် ဖလားပြန်ယူပေးမည်ဟု မီခေးလ်ပြော

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    conte

    – နည်းပြသစ်ကွန်တီအနေဖြင့် အ၀တ်လဲခန်းအတွင်း ကြီးမားသည့် လွှမ်းမိုးမှု ရှိနေပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ဂုဏ်သိက္ခာရှိသော နေ့ရက်များကို ပြန်လည်ဆောင်ကျဉ်းပေးရန် အဆင်သင့်ဖြစ်နေသည်ဟု ချယ်ဆီးကွင်းလယ်လူ ဂျွန် အိုဘီလ် မီခေးလ်က ပြောကြားလိုက်သည်။

    ၂၀၀၆ ခုနှစ်က ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည် မီးခေးလ်အတွက် ကွန်တီမှာ ၁၃ ယောက်မြောက် နည်းပြဖြစ်ပြီး နည်းပြသစ်ဖြင့် ယခုအချိန်အထိ ပွဲထွက်ခွင့် မရသေးပေ။ သို့သော်လည်း ကွန်တီမှာ အသင်းသို့ အောင်မြင်မှု ပြန်လည် ယူဆောင်လာနိုင်လောက်သည့် နည်းပြဖြစ်သည်ဟု ၎င်းက ယုံကြည်နေသည်။

    “ဒီနည်းပြနဲ့ ချယ်ဆီးဟာ ဖလားတွေ ရမယ်ဆိုတာကို ကျွန်တော် မြင်နေပါတယ်။ ဒီလို ရရှိမယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ နည်းပြက သူဘာလိုချင်လဲဆိုတာ သိတယ်။ ကျွန်တော်တို့က သူ့နောက်မှာ ရှိနေပါတယ်။ ကစားသမားတွေဖြစ်တဲ့ ကျွန်တော်တို့ သူ့ကို ထောက်ခံတယ်။ သူနဲ့အတူ ကျွန်တော်တို့ ရှေ့ဆက်ရမယ်။ ဒါ့ကြောင့် လူတိုင်းက ရှေ့ကိုပဲ ဆက်မျှော်ကြည့်နေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု မီခေးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ အဲဗာတန် အစရှိသဖြင့် အသင်းတိုင်းက ငွေကြေးအမြောက်အများ သုံးစွဲထားခြင်းကြောင့် ယခုရာသီမှာ စိတ်ဝင်စားဖွယ်ကောင်းသည့်ရာသီ ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • Galaxy Note 7 ထုတ်လုပ်မှုကို ဆမ်ဆောင်းက ယာယီ ရပ်ဆိုင်း

    Galaxy Note 7 ထုတ်လုပ်မှုကို ဆမ်ဆောင်းက ယာယီ ရပ်ဆိုင်း

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    sam

    – ဘတ္တရီပြဿနာကြောင့် ပြန်လည်လဲပေးခဲ့သည့် ဖုန်းများတွင်ပါ ထိုပြဿနာ ထပ်ရှိနေသောကြောင့် Galaxy Note 7 ထုတ်လုပ်မှုကို ဆမ်ဆောင်းက ယာယီရပ်ဆိုင်းလိုက်ပြီဟု သိရသည်။

    ယနေ့တွင် တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းဖုန်းလောကတွင် အဆိုးဝါးဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ဆမ်ဆောင်းအတွက် နောက်ထပ် ထိုးနှက်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုသတင်းအတွက် ဆမ်ဆောင်းမှ အတည်ပြုခြင်း မရှိသေးပေ။

    Yonhap သတင်းဌာနကမူ ဆမ်ဆောင်းအနေဖြင့် Galaxy Note 7 ထုတ်လုပ်မှုများ ရပ်တန့်ရန် ဆုံးဖြတ်ချက်ကို တရုတ်နှင့် အမေရိကန်ရှိ ကုမ္ပဏီတာန်ရှိသူများနှင့် ပူးပေါင်းကာ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆမ်ဆောင်း မိတ်ဖက်ကုမ္ပဏီတစ်ခု၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။

    တနင်္ဂနွေနေ့ကလည်း အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီ AT&T နှင့် ဂျာမနီနာမည်ကြီး ဆက်သွယ်ရေးကုမ္ပဏီ T-Mobile က ၎င်းတို့အနေဖြင့် Galaxy Note 7 ဖုန်းများ လဲလှယ်ပေးမှုကို ရပ်ဆိုင်းမည်ဟု ကြေငြာခဲ့သည်။ ယခုသတင်းများကြောင့် ဆမ်ဆောင်း၏ ရှယ်ယာများမှာ ယနေ့တွင် ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

    Ref: Aljazeera

  • တရုတ်တွင် အဆောက်အဦးများပြို၍ အနည်ဆုံး လူ ၈ ဦးသေဆုံး

    တရုတ်တွင် အဆောက်အဦးများပြို၍ အနည်ဆုံး လူ ၈ ဦးသေဆုံး

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    – တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ယနေ့မနက်အစောပိုင်းက အဆောက်အဦး ပြိုကျမှုများ ဖြစ်ပွားခဲ့သောကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီး အပျက်အဆီးများကို ရှင်းလင်းနေဆဲဖြစ်ကာ သေဆုံးသူများ ထပ်တိုးလာနိုင်သည်ဟု သိရသည်။

    ကျိကျန်းပြည်နယ် ၀မ်ကျိုးမြို့ရှိ အဆောက်အဦး ၄ ခု ပြိုကျခဲ့ခြင်းဖြစ်ပြီး ဒေသစံတော်ချိန် ယနေ့နေ့လည်အထိ ပျောက်ဆုံးနေသည့် စာရင်းအတိအကျကို မသိရှိရသေးပေ။

    Xinhua သတင်းဌာနကမူ ကယ်ဆယ်ရေးသမားများက အပျက်အဆီးများအောက်တွင် ပိတ်မိနေသူ အရေအတွက်ကို စီစစ်နေဆဲဟု ဖော်ပြခဲ့သည်။ ကနဦးသတင်းများအရ အပျက်အဆီးများအောက် ပိတ်မိသူ ၂၀ ကျော်ရှိပြီး အဆောက်အဦးပြိုကျမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဟု ဆိုသည်။

    လက်ရှိတွင် ရာနှင့်ချီသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်တို့က ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။ တရုတ်နိုင်ငံတွင် ဆောက်လုပ်ရေး အရည်အသွေး ညံ့ဖျင်းမှုကြောင့် အဆောက်အဦးများ ပြိုကျမှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း အဖြစ်များခဲ့သည်။

    မေလကအတွင်းကလည်း ကွေကျိုးပြည်နယ်တွင် မြေပြိုမှု၏ နောက်ဆက်တွဲအဖြစ် လူနေအဆောက်အဦးတစ်ခု ပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ဂျပန်တွေက ဘာ့ကြောင့် တရုတ်ထက်ပိုပြီး နိုဘယ်ဆု ရကြတာလဲ

    ဂျပန်တွေက ဘာ့ကြောင့် တရုတ်ထက်ပိုပြီး နိုဘယ်ဆု ရကြတာလဲ

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    japan
    ၂၀၁၆ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ရသည့် ဂျပန်ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆူမီ

    – တရုတ်နဲ့ ဂျပန်နိုင်ငံတို့ဟာ အစေးမကပ်တဲ့ တိုင်းပြည်နှစ်ခုဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်ပြည်သူတွေက ဘာ့ကြောင့် ဂျပန်နိုင်ငံဟာ တရုတ်ထက်ပိုပြီး နိုဘယ်ဆုတွေ ရရှိကြလဲဆိုတာကို လေ့လာ သုံးသပ်နေကြပြီ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဂျပန်ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆူမီက ရရှိခဲ့ပြီး၊ ဒီနယ်ပယ်မှာပဲ ၂၀၁၅ ခုနှစ်က တရုတ်ဆေးဝါးဆိုင်ရာ ပညာရှင် တူ ယူယူက နိုဘယ်ဆု ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ၁၉၄၉ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံက ရရှိခဲ့တဲ့ နိုဘယ်ဆု အရေအတွက်ဟာ ၂၅ ခုအထိ ရှိနေပြီး တရုတ်ကတော့ ဒီကာလအတွင်းမှာ ၃ ခုသာ ရရှိထားပါတယ်။

    ဒါတောင် ၂၀၁၀ ခုနှစ်က တရုတ်တက်ကြွလှုပ်ရှားသူ လီရှောင်ဘိုကို ပေးအပ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကိုပါ ထည့်တွက်မှ ၃ ဆု ဖြစ်ပြီး လီရှောင်ဘိုကို ဒီလို ဆုပေးမှုကို တရုတ်အစိုးရက လက်မခံတာကြောင့် နော်ဝေ-တရုတ် သံအဆက်အသွယ်တောင် ပြတ်တောက်သွားခဲ့ပါတယ်။ ဂျပန်ကတော့ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ နိုဘယ်ဆု အများဆုံးရရှိထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

    ၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ အာဏာရပြီးတဲ့နောက်ပိုင်းမှာ တရုတ်ရူပဗေဒ ပညာရှင်တွေဖြစ်တဲ့ လီကျန်ဒေါင်နဲ့ ယန်ဂျန်နင်းတို့ဟာ တိုင်းပြည်က ထွက်ခွာသွားခဲ့ပြီး အမေရိကန်မှာ အလုပ်လုပ်နေတဲ့အချိန် ၁၉၅၇ ခုနှစ်မှာ ရူပဗေဒနယ်ပယ်အတွက် နိုဘယ်ဆုကို အတူ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ ၂ ယောက်စလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်လာခဲ့ကြပါတယ်။

    တရုတ်အစိုးရ ကျောထောက်နောက်ခံပြု Global Times စာစောင်ကတော့ ဂျပန်ရဲ့ ဒီလိုအောင်မြင်မှုနဲ့ပတ်သက်ပြီး သုံးသပ်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရေးသားခဲ့ပါတယ်။ How can Japan win so many Nobel Prizes? (ဂျပန်တွေ ဘယ်လိုလုပ် နိုဘယ်ဆုအများကြီး ရကြတာလဲ) ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ အဲဒီဆောင်းပါးဟာ တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာမှာ အလျင်မြန် ပြန့်နှံ့သွားခဲ့ပါတယ်။

    ဒီဆောင်းပါမှာ ဂျပန်တွေရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်မှုကို အောက်ပါအတိုင်း ထောက်ပြခဲ့ပါတယ်။

    – ဂျပန်တွေဟာ ကလေးတွေကို သဘာဝတရားနဲ့ သိပ္ပံပညာရပ်အပေါ်မှာ စူးစမ်းလေ့လာတတ်အောင် ငယ်ငယ်ကတည်းက သင်ပေးကြပါတယ်။ (ယခုနှစ်နိုဘယ်ဆုရသွားတဲ့) အိုဆူမီကိုယ်တိုင် ငယ်ငယ်တုန်းက သူဟာ ကြမ်းပိုးလေးတွေကိုကြည့်ပြီး အံ့သြခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ဂျပန်ပြည်တွေဟာ ဂုဏ်သိက္ခာရဲ့ အရသာကို မြည်းစမ်းချင်စိတ်၊ သဘာဝပတ်ဝန်းကျင်နဲ့ နီးနီးကပ်ကပ်ရှိတဲ့ အခြေအနေမျိုး စတာတွေနဲ့ ကြီးပြင်းလာခဲ့တာပါ။

    – တရုတ်နိုင်ငံက မိဘတွေကတော့ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျေနပ်ပျော်ရွှင်မှုကိုပဲ ပိုပြီး အဓိကထားတယ်။ ဂျပန်တွေက ကလးတွေကို မှီခိုမှုကင်းဖို့ အားပေးကြတယ်။ ဥပမာအားဖြင့် ဂျပန်မိဘတွေဟာ သူတို့ရဲ့ ကလေးတွေအတွက် ကောလိပ် ကျူရှင်လခကို ပုံမှန် ပေးလေ့ရှိပေမယ့် ဂျပန်ကျောင်းသားတွေက သူတို့နေထိုင်ဖို့ သုံးစွဲဖို့အတွက် အလုပ်လုပ်ဖို့ ဆန္ဒရှိကြတယ်။

    – ဂျပန်နိုင်ငံက သိပ္ပံသုတေသတွေဟာ ပိုလွတ်လပ်ပြီး၊ အစိုးရရဲ့ ၀င်ရောက်စွက်ဖက်မှုကနေ သိသိသာသာကင်းလွတ်တယ်။ ဂျပန်ပညာရှင်တွေဟာ သုတေသနမှာ မအောင်မြင်ရင် အလုပ်ပြုတ်သွားမယ်ဆိုတဲ့ ဖိအားမျိုးမရှိဘူး။ အဲဒီလို ဖိအားမရှိခြင်းကပဲ သူတို့ရဲ့ အလုပ်မှာ အချိန်တော်တော်ကြ နှစ်မြုပ်လုပ်ဆောင်မှုကို ဖြစ်စေပါတယ်။

    – ဂျပန်သိပ္ပံပညာရှင်တွေဟာ တရုတ်သိပ္ပံပညာရှင်တွေထက် ကမ္ဘာ့အမြင်ပိုကျယ်ပြီး ဒါဟာ အခြားတိုင်းပြည်တွေက ပညာရှင်တွေနဲ့ မကြာခဏ ပညာဖလှယ်မှုတွေ ပြုလုပ်ကြလို့ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ သိပ္ပံဆိုင်ရာ သုတေသနအတွက် ကမ္ဘာ့အဆင့် အဆောက်အဦးတွေ၊ အသုံးအဆောင်တွေရှိနေပြီး အဲဒီအတွက် အစိုးရက သိသိသာသာ ထောက်ပံ့ပေးပါတယ်။

    အဲဒီထောက်ပြချက်တွေကို တရုတ်ပြည်သူတော်တော်များများကလည်း လက်ခံခဲ့ကြပါတယ်။

    တရုတ်နိုင်ငံရဲ့ Twitter လို့သိကြတဲ့ Weibo မှာ အသုံးပြုသူတစ်ယောက်က သိပ္ပံနယ်ပယ်မှာ အောင်မြင်နဲ့ပတ်သက်ပြီး ဂျပန်နဲ့ တရုတ်တို့ရဲ့ ခြားနားချက်ကို အခုလို ထောက်ပြခဲ့ပါတယ်။

    “ဂျပန်က နိုဘယ်ဆုတွေအများကြီးရတာဟာ သိပ်မဆန်းပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီနေ့ ဂျပန်ရဲ့ သိပ္ပံဆိုင်ရာ အောင်မြင်မှု အများစုဟာ ဂျပန်က ချမ်းသာကြွယ်ဝပြီး သိပ္ပံသုတေသနမှာ ငွေကြေးကို လိုလိုချင်ချင် အသုံးပြုခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၃၀ လောက်က အခြေတည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ ၁၉၇၈ ခုနှစ်ကမှ ပြုပြင်ပြောင်းလဲမှု၊ ပေါ်လစီဖြေလျှော့မှုတွေလုပ်ခဲ့တာဖြစ်ပြီး ဒါတောင် လူတော် တော်တော်များများ ဖိနှိပ်ခံခဲ့ရတဲ့ ၁၀ နှစ်ကြာ ယဉ်ကျေးမှု တော်လှန်ရေးကို ထည့်မတွက်ထားပါဘူး”

    ဝေဖန်သူ နောက်တစ်ဦးကလည်း တရုတ်နိုင်ငံရဲ့ ပညာရေးစနစ်ကို ဝေဖန်ခဲ့ပြီး ကျောင်းသားရဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းကို သတ်ပစ်နေတဲ့နေရာလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    “နေ့တိုင်း သူတို့တွေ ကျောင်းသွားတယ်၊ ကျောင်းက ပြန်လာတယ်။ အိမ်စာတွေ တစ်ပုံတစ်ပင်ကို လုပ်ရတယ်။ ဒါက သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုကို သင်းသတ်သလို ဖြစ်စေပါတယ်”

    Global Times ကို ဖတ်ရှုတ်တဲ့သူ တစ်ယောက်ကတော့ နိုဘယ်ဆု ချီးမြှင့်မှုကို မေးခွန်းထုတ်ခဲ့ပါတယ်။

    “ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ချို့နိုဘယ်ဆုပေးမှုတွေက မေးခွန်းထုတ်စရာကောင်းနေတယ်။ တရုတ်နိုင်ငံက ဆောင်ရွက်ရမှာက တရုတ်ပြည်သူတွေရဲ့ ဘ၀တွေနဲ့ အသက်မွေးမှုတွေ တိုးတက်စေမယ့် နည်းလမ်းတွေ၊ လမ်းကြောင်းတွေ ရှာဖွေရမှာပါ။ တရုတ်နိုင်ငံက နိုဘယ်ဆုတွေ ရလား၊ မရဘူးလားဆိုတာက အဓိကမကျပါဘူး”

    Ref: qz.com

  • အာဆင်နယ်၏ ကမ်းလမ်းမှုကို မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပယ်ချခြင်းဟု မဟ်ရက်ဇ်ပြော

    အာဆင်နယ်၏ ကမ်းလမ်းမှုကို မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပယ်ချခြင်းဟု မဟ်ရက်ဇ်ပြော

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    mah

    – ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် အာဆင်နယ်က မိမိကို ခေါ်ယူရန် ချဉ်းကပ်ခဲ့သော်လည်း မိမိအနေဖြင့် အသင်း၌သာ ဆက်နေရန် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ဟု လက်စတာတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။

    လက်စတာစီးတီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သော မဟ်ရက်ဇ်ကို အာဆင်နယ်က ခေါ်ယူရန် သိသိသာသာ ကြိုးစားခဲ့သော်လည်း အပြောင်းအရွှေ့မှာ ဖြစ်မလာခဲ့ပေ။

    “အာဆင်နယ်က ကျွန်တော့်အတွက် ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် လက်စတာက ကျွန်တော့်ကို ဆက်ထိန်းထားချင်တယ်။ ကျွန်တော်ကလည်း တော်တော်ဈေးကြီးနေပြီလေ။ ကမ်းလှမ်းမှုလာတဲ့အချိန်မှာ ကျွန်တော် စိတ်ကသိကအောက် ဖြစ်တာမျိုး မဖန်တီးချင်ပါဘူး။ ဆက်နေတာ ကောင်းတယ်လို့ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ။ ဒီအတွက် ကျွန်တော် သက်သေပြရမှာပါ” ဟု မဟ်ရက်ဇ်က Canal ootball Club သို့ ပြောကြားခဲ့သည်။

    မဟ်ရက်ဇ်မှာ နောက်ဆုံးတွင် လက်စတာ၌ ၂၀၂၀ ခုနှစ်အထိ ဆက်ရှိနေမည့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ၃၉ ပွဲကစား ၁၈ ဂိုးသွင်းယူနိုင်ခဲ့သည့် မဟ်ရက်ဇ်မှာ လက်ရှိတွင် ၁၀ ပွဲကစား ၃ ဂိုး သွင်းယူထားသည်။

    Ref: Goal