News @ M-Media

Month: October 2016

  • မူးယစ်လုပ်ငန်းတွင် ပါဝင်သည့် မြို့တော်ဝန်ကို ဖိလစ်ပိုင် ပစ်သတ်

    မူးယစ်လုပ်ငန်းတွင် ပါဝင်သည့် မြို့တော်ဝန်ကို ဖိလစ်ပိုင် ပစ်သတ်

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    drug

    – ဖိလစ်ပိုင်၏ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ နိုင်ငံတောင်ပိုင်းတွင် ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း မြို့တော်ဝန်တစ်ဦးနှင့် ၎င်း၏ သက်တော်စောင့် ၉ ဦးတို့အား ပစ်သတ်ခဲ့ပြီး သမ္မတဒူတာတေးတက်လာပြီးနောက် မူးယစ်နှိမ်နှင်းမှုတွင် အဆိုးရွားဆုံး ဖြစ်ရပ်များမှ တစ်ခု ဖြစ်လာခဲ့သည်။

    ပစ်သတ်ခံရသည့် မြို့တော်ဝန်မှာ ဆော်ဒီ အမ်ပါတူဝမ်မြို့တော်ဝန် ဆမ်ဆူဒင် ဒီမူကွမ်ဖြစ်ပြီး ဒူတာတေးက မူးယစ်လုပ်ငန်းတွင် ပါဝင်နေသည့် အစိုးရတာဝန်တာဝန်ရှိသူများဟု ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သည့် လူ ၁၅၀ စာရင်းတွင် ပါဝင်သူတစ်ဦးလည်း ဖြစ်သည်။

    ဒူတာတေးမှာ ပါဝင်သူများအား အညံ့ခံရန် အမိန့်ပေးခဲ့ပြီး မလိုက်နာပါက နှိမ်နှင်းသွားမည်ဟု ပြောကြားခဲ့သည်။

    ဒီမူကွမ်မှာ ရဲတပ်ဖွဲ့တွင် သွားရောက်အဖမ်းခံခဲ့သော်လည်း ၎င်းအနေဖြင့် မူးယစ်လုပ်ငန်းတွင် ပါဝင်မှုမရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် တရားမ၀င် မူးယစ်လုပ်ငန်းများကို တိုက်ဖျက်နေသူဖြစ်ပြီး ဒူတာတေး၏ နှိမ်နှင်းမှုကို ထောက်ခံကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။

    ပစ်ခတ်မှုမဖြစ်ပွားခင် ရဲတပ်ဖွဲ့က ဒီမူကွမ်၏အဖွဲ့မှာ မူးယစ်ဆေး ပမာဏာအများအပြားကို ဒါဗာအိုမြို့မှ ဒူတာတေး၏ဇာတိ မူဂွင်ဒါနာအိုသို့ ပို့ဆောင်မည့်ဆိုသည့်သတင်းကို ရရှိခဲ့သည်။

    ရဲတပ်ဖွဲ့တာဝန်ရှိသူကမူ မြို့တော်မနီလာတောင်ဘက် ကီလိုမီတာ ၉၅၀ အကွာရှိ မာကီလာလာမြို့တွင် ရဲတပ်ဖွဲ့က ကားရပ်ရန် တားသည့်အခါ ၎င်းတို့အဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မေလ အာဏာရပြီးနောက်ပိုင်း ဒူတာတေး၏ မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးတွင် လက်ရှိအချိန်အထိ လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး အမေရိကန်၊ ကုလနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရသည်။

    Ref: Aljazeera

  • အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် ဗြိတိန်မွတ်လင်တစ်ဦး အစ္စလာမ့်အရုပ်ဆိုင် ဖွင့်လှစ်

    အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် ဗြိတိန်မွတ်လင်တစ်ဦး အစ္စလာမ့်အရုပ်ဆိုင် ဖွင့်လှစ်

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    toy

    – ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေသည့် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် ရည်ရွယ်၍ ဗြိတိန်မွတ်စလင်အမျိုးသမီးဖြစ်သူ နာဇီယာ နက်စ်ရင်းမှာ ကမ္ဘာ့ပထမဆုံး အစ္စလာမ့်အွန်လိုင်းအရုပ်ဆိုင်တစ်ခုကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    အသက် ၃၁ နှစ်အရွယ် နာစရင်း၏ အဆိုပါအရုပ်ဆိုင်တွင် မွတ်စလင်ဘာဘီအရုပ်များ၊ အရောင်သွေးစုံသည့် ၀တ်ပြုခင်းများ၊ ကုရ်အာန်ကျမ်းစာ ရေးထိုးထားသည့် ကတ်ပြား လှလှလေးများ၊ အာရဘီစကားလုံးဆက် အတုံးများ ပါဝင်ပြီး သူမကမူ မိမိ၏ အရုပ်ဆိုင်က ဈေးကွက်အတွင်း လစ်ဟာမှုကို ဖြည့်ဆည်းရန်နှင့် အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် ဖြစ်သည်ဟု ဆိုသည်။

    “ကလေးတွေဟာ မှားယွင်းတဲ့အရာတွေကို အကြိမ်တော်တော်များများ သင်ယူနေရတယ်။ အဲ့ဒါတွေကနေပဲ အကြမ်းဖက်ဝါဒ ရိုက်သွင်းခံရတာပါ။ တကယ်လို့ မှန်ကန်တဲ့ ပညာပေးကစားစရာပစ္စည်းတွေနဲ့ စာအုပ်တွေသာ ငယ်ရွယ်တဲ့ကလေးတွေအတွက် ထောက်ပံ့ပေးနိုင်ရင်၊ ကျွန်မတို့ရဲ့ ကလေးငယ်တွေမှာ မှန်ကန်တဲ့ အစ္စလာမ့်ကျင့်ဝတ်တွေနဲ့ တန်ဖိုးတွေ ရရှိစေမှာ ဖြစ်ပါတယ်”ဟု သူမက ပြောကြားခဲ့သည်။

    ယခု သူမ၏ အရုပ်ဆိုင်တွင် အရုပ် ၂၀၀ ကျော်၊ ဂိမ်းကစားနည်းများနှင့် အခြားသော ကလေးကစားစရာပစ္စည်းများ ရောင်းချနေပြီး တစ်နှစ်အတွင်း ပေါင် ၃၀၀၀၀ နီးပါး ၀င်ခဲ့သည်။

    နာစရင်းက ဗြိတိန်နှင့် အမေရိကန်ဈေးကွက်များကို အဓိကထားပြီး၊ ထိုကစားစရာအရုပ်များမှာ ကလေးငယ်များတွင် မှန်ကန်သော အစ္စလာမ့်ကျင့်ဝတ်များနှင့် တန်ဖိုးများကို ထည့်သွင်းပေးကာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : IINA

  • ဘောလုံးခေါင်းတိုက်ခြင်းက ဦးနှောက်ထိခိုက်နိုင်

    ဘောလုံးခေါင်းတိုက်ခြင်းက ဦးနှောက်ထိခိုက်နိုင်

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    heading

    – ဘောလုံးသမားများအနေဖြင့် ဘောလုံးကို ခေါင်းဖြင့်တိုက်ခြင်းမှာ ဦးနှောက်ထိခိုက်မှု၊ မှတ်ဉာဏ်ဆုံးရှုံးမှုတို့နှင့် ဆက်စပ်နေသည်ဟု ယူကေတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုအသစ်တစ်ခုအရ သိရသည်။

    Stirling တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုဖြစ်ပြီး သိပ္ပံပညာရှင်များက ဘောလုံးတစ်လုံးကို ခေါင်းဖြင့် အကြိမ်နှစ်ဆယ်တိုက်ပြီးနောက် ဦးနှောက်လုပ်ဆောင်ချက်များ၏ ထိခိုက်မှုကို တွေ့ခဲ့ရပြီး ထိုထိခိုက်မှုမှာ သေးငယ်သော်လည်း ကြီးမားသည့် ပြောင်းလဲမှုများ ရှိနေသည်ဟု ဆိုသည်။

    ထိုကဲ့သို့ ခေါင်းတိုက်မှုကြောင့် မှတ်ဉာဏ်ပျက်စီးမှုသည် ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း ၂၄ နာရီ ကြာမြင့်ခဲ့ပြီးနောက် အဆိုပါမှတ်ဉာဏ်ထိခိုက်မှုမှာ တစ်ဖြည်းဖြည်းဖြင့် ပျောက်သွားခဲ့သည်။

    သုတေသနတွင် ပါဝင်ခဲ့သည့် အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ မဂ်ဒါလီနာ အစ်ဝါ့ကမူ ဘောလုံးကို ခေါင်းဖြင့် တိုက်လိုက်ပြီးနောက် ချက်ခြင်းဆိုသလိုပင် ဦးနှောက်၏ ချုပ်တည်းမှု မြင့်တက်လာခဲ့ပြီး မှတ်ဉာဏ်မှာ သိသိသာသာကို ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။

    “ဒါမျိုးပြောင်းလဲမှုက တစ်ခဏပဲဆိုပေမယ့် ဦးနှောက်ကျန်းမာရေးကို သိသိသာသာ ထိခိုက်ပါတယ်။ အထူးသဖြင့် ဘောလုံးကစားတဲ့အခါ အကြိမ်ကြိမ်အခါခါ ခေါင်းတိုက်တဲ့ အခါမျိုးမှာပါ” ဟု ဒေါက်တာက ပြောကြားခဲ့သည်။

    အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ၀က်စ်ဘရွန်းအသင်း၏ တိုက်စစ်မှူးဖြစ်ခဲ့သူ ဂျက်ဖ် အက်တဲလ်မှာ ၂၀၀၂ ခုနှစ် အသက် ၅၉ နှစ်အရွယ်တွင် ဆေးမတိုးသည့် ဦးနှောက်ပိုင်းဆိုင်ရာရောဂါကြောင့် ကွယ်လွန်ခဲ့သည်။

    စစ်ဆေးမှုများအရ မစ္စတာ အက်တဲလ်ကွယ်လွန်မှုမှာ ဘောလုံးခေါင်းတိုက်မှုကြောင့် ဖြစ်ပွားသည့် ရောဂါအငယ်စားများကြောင့် ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

    Ref : Independent.co.uk

  • ဇီကာ ဗိုင်းရပ်စ် သိကောင်းစရာနှင့် ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်

    ဇီကာ ဗိုင်းရပ်စ် သိကောင်းစရာနှင့် ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်

    14906954_443570255813561_5322947416044935492_n

    ဖြစ်ပေါ်လာပုံ
    ဇီကာဗိုင်းရပ်စ် ရောဂါဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒိစ်ခြင်ကျားကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွား တတ်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ အဆိုပါ ရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန္ဓာနိုင်ငံရှိ မျောက်များတွင် စတင်တွေ့ရှိပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့၌ လူသို့ကူးစက်မှု ရှိခဲ့ပါသည်။

    ရောဂါပြန့်ပွားပုံ
    ဇီကာဗိုင်းရပ်စ်ပိုးသယ်ဆောင်လာသော အေးဒိစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။ ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင် ကျန်လျက်ရှိသော စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက် စသည့်တို့တွင် တွေ့ရသည်။ နေ့အချိန်တွင် လူကို ကိုက်ခြင်း မှတဆင့် ရောဂါကူးစက်ဖြစ်ပွားစေပါသည်။ ခြင်ကိုက်ခံရပြီး ၂ ရက်မှ ၇ ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာနိုင် ပါသည်။ ရောဂါကူးစက်ခံရသူ ငါးဦးတွင် တစ်ဦး၌ ရောဂါ လက္ခဏာ ပေါ်ပေါက်ကြောင်း သိရှိနိုင်သည်။
    14590275_443570562480197_7336750520862515364_n
    ရောဂါ လက္ခဏာများ
    အဓိက လက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား/ အဆစ်များ နာကျင်ခြင်း တို့ ဖြစ်တတ်ပါသည်။ ဇီကာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း ၏ နောက်ဆွဲတွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွားခြင်းအပေါ် ဆက်စပ်မှု ရှိ မရှိ သက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးစားလျက်ရှိပါသည်။

    14729199_443570839146836_3908158863124958642_n

    ရှောင်ရန်
    ဇီကာ ဗိုင်းရပ်စ် ရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါ သက်သာရန်အတွက်သာ ကုသပေးနိုင်ပါသည်။ အနားယူခြင်း ၊ ရေလုံလောက်စွာ သောက်သုံးခြင်း၊ ဆေးမြီတိုများနှင့် အခြားအကိုက်အခဲပျောက်ဆေးများကို မသောက်ရန် ဖြစ်ပါသည်။

    လိုက်နာရန်
    ပါရာစီတမော့ဆေးကိုသာ အညွှန်းအတိုင်းသောက်သုံးရန်နှင့် ဇီကာ ဗိုင်းရပ်စ်ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများသို့ သွားရောက်ပြသ စစ်ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။

    ကြိုတင်ကာကွယ်ရန်
    14705690_443570342480219_5413616878523143067_n
    ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရန် အကောင်းဆုံးကာကွယ်နည်းမှာ ခြင်ကျားပိုးလောက်လမ်းနှိမ်နှင်းရေးနှင့် ခြင်ကိုက်ခံရခြင်းမရှိအောင် နေထိုင်ရေးဖြစ်ပါသည်။ ခြင်ကျားလောက်လမ်းများ ပေါက်ပွား မရှိစေရေးအတွက် အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်ရပါမည်။

    ဖုံး- ရေလှောင်ထားသော အိုးခွက်များကို ခြင်များ ၀င်ရောက် မဥနိုင်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန်

    သွန်- အိုးခွက် နံရံတွင် ကပ်နေသော ခြင်ဥများသေစေရန် အိုးခွက်များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောရန်၊

    ခြင်ကျားလောက်လမ်းတွေ့ရှိသော ရေများကို သွန်ပစ်ရန် (သို့) အခြားအိုးထဲသို့ ရေစစ်ဖြင့် ပြောင်းထည့်ရန်

    လဲ- ပန်းအိုး များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောကာ ရေများကို တစ်ပတ်နှစ်ကြိမ်လဲလှယ်ရန်

    စစ်- ခြင်ကျားလောက်လမ်းများ မပါစေရန် ရေဖြည့်သောအခါ ရေစစ်ဖြင့် စစ်ထည့်ရန်

    ထို့ပြင် ခြင်ကိုက် မခံရစေရန် ခြင်ဆေးလိမ်းခြင်း၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ၀တ်ဆင်ခြင်း၊ နေအိမ်ခြင်လုံဇကာများ တပ်ဆင်ခြင်း လိုအပ်ပါသည်။

    14708225_443570415813545_6171088541348849593_n

    နိဂုံးချုပ်အားဖြင့် ခြင်ကျားလောက်လမ်းများ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နည်းလမ်းဖြင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းမှာ လူတိုင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဇီကာဗိုင်းရပ်စ်ရောဂါ အပါအ၀င် သွေးလွန် တု တ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုမရှိအောင် ကာကွယ်နှိမ်နှင်းနိုင်မည်ဖြစ် ပါသည်။

    ကျန်းမာရေးဝန်ကြီးဌာန

  • ၁၀ ကာရက်ရှိ ရှားပါး မြန်မာ့ပတ္တမြား ဒေါ်လာ ၁၂ သန်းကျော်ပေါက်နေ

    ၁၀ ကာရက်ရှိ ရှားပါး မြန်မာ့ပတ္တမြား ဒေါ်လာ ၁၂ သန်းကျော်ပေါက်နေ

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    ruby

    – လေလံကုမ္ပဏီတစ်ခုဖြစ်သော Christie မှ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဟောင်ကောင်၌ပြုလုပ်မည့် ကျောက်မြတ်ရတနာ လေလံပွဲတွင် ၁၀.၀၅ ကာရက်ရှိသည့် မြန်မာနိုင်ငံမှ ရှားပါးပတ္တမြားမှာ ဦးဆောင်ဖွယ်ရှိနေသည်ဟု သိရသည်။

    ‘ထူးခြားသည့် အရွယ်၊ အပြစ်အနာအဆာကင်းသည့် အဆင်း၊ တောက်ပသည့် အရည်လဲ့မှု’ စသည့် အရည်အသွေးများနှင့်ပြည့်စုံသော အဆိုပါပတ္တမြားကို သက္ကတဘာသာစကားဖြင့် ‘အဖိုးတန်ကျောက်များ၏ ဘုရင်’ (ရက်နာရက်ဂ်ျ) ဟု ခေါ်ဆိုကြောင်း Christie က ပြောကြာခဲ့သည်။

    လက်ရှိတွင် ထိုပတ္တမြား၏ ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၈.၈ သန်းမှ ၁၂.၅ သန်းအထိ တန်ကြေးရှိနေသည်။

    အဆိုပါပတ္တမြားမှာ မြန်မာနိုင်ငံမှ ပတ္တမြားနှင့် ကက်ရှ်မီးယားမှ နီလာများကို တစ်မူထူးခြားစွာ စုဆောင်းနိုင်မှုကြောင့် နာမည်ကျော်ပြီး ၁၀ စုနှစ်တစ်ခုကျော် သက်တမ်းရှိနေသည့် ကျောက်မြတ်လုပ်ငန်း Faidee မှ လေလံတင်ခြင်းဖြစ်သည်။ ထိုပတ္တမြားမှာ တစ်နှစ်တွင် တစ်ခါလောက်သာ ဈေးကွက်တွင်တွေ့ရသည့် ရှားပါးပစ္စည်းမျိုး ဖြစ်သည်။

    Christie ကမူ ‘ခိုသွေး’ ဟု အမည်ပေးထားပြီး ပတ္တများအမျိုးအစားတွင် ပါဝင်ကာ အရည်လဲ့မှုတွင် ခြွင်းချက်မဲ့သော အဆိုပါ ပတ္တမြားမျိုးမှာ ၅ ကာရက်ကျော် အရွယ်အစားကို အလွန်တွေ့ရခဲသည်ဟု ပြောကြားခဲ့သည်။

    Magnificent Jewels ဟု အမည်ပေးထားသည့် အဆိုပါ လေလံပွဲကို ဟောင်ကောင် Convention and Exhibition Centre တွင် ပြုလုပ်မည်ဖြစ်သည်။

    Ref : Forbes