News @ M-Media

Month: October 2016

  • အကြမ်းဖက်ဝါဒ တိုက်ဖျက်ရာမှာ စစ်မှန်တဲ့ မွတ်စလင်တွေကသာ အဓိက တွန်းအား တစ်ရပ်ဖြစ်သည်

    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရာမှာ စစ်မှန်တဲ့ မွတ်စလင်တွေကသာ အဓိက တွန်းအား တစ်ရပ်ဖြစ်သည်

    အောက်တိုဘာ ၂၈ ၊ ၂၀၁၆
    တင်မောင်ထွေးရေးသည်။

    ၉ / ၁၁ ပြီးကတည်းက အကြမ်းဖက် တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစီးတွေ ထင်ပေါ်လာခဲ့ပါတယ်။ အဲဒီခေါင်းစီးတွေအောက်ကနေ အကာအကွယ်ယူပြီး  မွတ်စလင်တွေရော မွတ်စလင် မဟုတ်သူတွေကပါ အစ္စလာမ်သာသနာကို မိမိသဘောနဲ့ စိတ်ထင်ရာ ဖန်တီးပုံဖော်နေကြပါတယ်။ ဒီလို ဖန်တီး ပုံဖော်မှုကနေ ငွေကြေးအမြတ် မြိုးမြိုးမြက်မြက် ရရှိနေကြပါတယ်။ မွတ်စလင်နဲ့ အစ္စလာမ်သာသနာကို ကြောက်ရွံ့လာအောင် လှုံဆော်ဖို့အတွက် ဒေါ်လာ ၅၇ မီလီယံကျော် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ (ကိုးကား – https://goo.gl/7LCNWU)

    အစ္စလာမ်မိုဖိုးဘစ် တိုင်းက အစ္စလာမ် သာသနာရေးမှာ တဖက်ကမ်းခတ်ကျွမ်းကျင်သူ ပါရဂူတွေ အဖြစ် သူတို့ကိုယ်သူတို့ သတ်မှတ်ထားကြပါတယ်။ အစ္စလာမ်မိုဖိုးဘစ်တွေထဲမှာ ပညာမတတ်သူတွေ ပါဝင်သလို အစ္စလာမ့် တရားစီရင်ရေးစနစ်နဲ့ ပတ်သတ်ပြီး နကန်းတလုံးတောင် မသိတဲ့ သူတွေလည်း ပါဝင်နေပါတယ်။ ဥပမာ – အစ္စလာမ် အကြောက်အမုန်းတရားတွေ အကြီးထွားဆုံးဖြစ်နေတဲ့ နိုင်ငံလို့ ယေဘုယျဆိုနိုင်တဲ့ အမေရိကန်မှာ ၂၀၁၂ ခုနှစ်က အကျော်ကြားဆုံး ထိပ်သီး အစ္စလာမ်မိုဖိုးဘစ် ၂၅ ယောက်ကို စနစ်တကျ သုတေသနပြုလေ့လာ ခဲ့ပါတယ်။ လေ့လာခဲ့တဲ့ စစ်တမ်းအရ မိမိတို့ကိုယ်ကို အစ္စလာမ် သာသနာအကြောင်း သိလှပါတယ်ဆိုနေကြတဲ့ အစ္စလာမ်မိုဖိုးဘစ် အယောက် ၂၅ ယောက်မှာ ၁ ယောက်ကသာ အစ္စလာမ်သာသနာနဲ့ပတ်သတ်ပြီး ကျွမ်းကျင် အဆင့်ရှိသူဖြစ်ကြောင်း သိရပါတယ်။ အဲဒီစစ်တမ်းကတော့ အဆုံးမှာ အခုလို ကောက်ချက်ချထားပါတယ်။

    “အစ္စလာမ်သာသနာနဲ့ ပတ်သတ်ပြီး ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိဘဲ သူတို့ကိုယ်သူတို့ အစ္စလာမ် သာသနာရေးကျွမ်းကျင်သူတွေအဖြစ် ကျွေးကြော် သတ်မှတ်ထားသူတွေကြောင့် ကျွန်ုပ်တို့နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအပေါ် အနုတ်သဘော အကျိုးသက်ရောက်မှုတွေ ဆိုးရွားစွာ ဖြစ်နေပါတယ်။” (ကိုးကား – https://goo.gl/x8x0PA)
    muslims-against-isis_s877x658

    ဒီလိုရှိလာနေတော့ ၉  / ၁၁ နောက်ပိုင်း ခေတ်စားလာတဲ့ အေးသီးယိစ် ခေါ် ဘာသာမဲ့တွေက အကြမ်းဖက်ဝါဒ ပပျောက်ဖို့ သူတို့လိုမျိုး အေးသီးယိစ်တွေ အဖြစ် ပြောင်းလဲခံယူကြပါလို့ ဆိုလာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အေးသီးယိစ် ၀ါဒကသာ သာသနာရေးကိစ္စတွေနဲ့ ပတ်သတ်ပြီး ရိုးရိုးသားသား သုံးသပ်တတ်အောင် ပြုလုပ်ပေးနိုင်တယ် စသဖြင့် သူတို့က ဆိုကြပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက သူတို့ပြောဟော တင်ပြတဲ့ အယူအဆအတွေး အခေါ်အချို့က အစွန်းရောက်မှုကို အထောက်အပံ့ပြုရာ ရောက်နေလေရဲ့။ ဥပမာ – နာမည်ကြီး အေးသီးယိစ် Christopher Hitchens က အီရတ်အပေါ် အမေရိကန် ကျူးကျော်စစ်ကို ထောက်ခံအားပေးခဲ့သူဖြစ်ပါတယ်။ အီရတ်စစ်ပွဲကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၅ သိန်းကျော် သေခဲ့ ရပါတယ်။ နိုင်ငံအတွင်း ဖရိုဖရဲဖြစ်ခဲ့ရပြီး အဆုံးမှာ အိုင်ဆစ်လို့ခေါ်တဲ့ ကြောက်မက်ဖွယ်ရာ လူသတ်သမားတွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။ အီရတ် ကျူးကျော်စစ်ကြောင့် အိုင်ဆစ် ထွက်ပေါ်လာခဲ့ကြောင်းကို အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင်က ၀န်ခံထားခဲ့ရပါပြီ။ (ကိုးကား – https://goo.gl/U4g91M) အေးသီးယိစ်တို့ရဲ့ ဆရာတစ်ဆူဖြစ်တဲ့ နာမည်ကျော် အစ္စလာမ်မိုဖိုးဘစ် ရစ်ချက်ဒေါ်ကင်းက ၂၀၁၃ ခုနှစ်တုန်းက တွီတာမှာ အခုလို ၀န်ခံခဲ့ဖူးပါတယ် – “(ကျွန်တော်ကိုယ်တိုင်) ကိုရန်ကျမ်း မဖတ်ဖူးတော့ ဘိုင်ဘယ်လိုမျိုး အခန်းနံပါတ်တွေ၊ မုက္ခပါတ် အမှတ်စဉ်တွေအတိအကျနဲ့ ကိုးကားနိုင်တာမျိုး မလုပ်နိုင်ပါ။ ဒါပေမယ့် အစ္စလာမ်သာသနာကတော့ ယနေ့ကာလအတွက် အကြီးဆုံး မကောင်းဆိုးဝါးကောင်ကြီးဖြစ်တယ်လို့တော့ (ကျွန်တော်) မကြာခဏပြောပါတယ်။”  (ကိုးကား – https://goo.gl/EaqInl )

    ဒေါ်ကင်းလို အေးသီးယိစ်တွေကတော့ သူတို့ကိုယ်သူတို့ အစ္စလာမ် သာသနာအပေါ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေကြ သူတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ကိုရန်ကျမ်းစာကိုတော့ မဖတ်ဖူးပါဘူး။ ဒီလိုအေးသီးယိစ်တွေ၊ အစ္စလာမ်မိုဖိုးဘစ်တွေက အမေရိကန်ရဲ့ အီရတ်ကျူးကျော်စစ် အကျိုးဆက်ကို လျစ်လျူပြုပြီး လူပေါင်း ၃ သောင်းခန့်သာပါဝင်တဲ့ အိုင်ဆစ် အကြမ်းဖက်အဖွဲ့ကြီးက တင်ပြတဲ့ အစ္စလာမ်က လူပေါင်း ၁.၆ ဘီလီယံကျော်ကျင့်သုံးဆောက်တည်နေတဲ့ အစ္စလာမ် သာသနာထက်ကို ပိုပြီး စစ်မှန်တဲ့အကြောင်း တင်ပြပြောဆို ၀ါဒဖြန့်ချိလျက်ရှိပါတယ်။ အစ္စလာမ်သာသနာကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သူ အစ္စလာမ်မိုဖိုးဘစ်တွေမှာ အစ္စလာမ်သာသနာနဲ့ပတ်သတ်ပြီး အခြေခံလေ့လာထားမှုမျိုးတောင် မရှိတာကြောင့် သူတို့မှာ အစ္စလာမ် သာသနာပြုပြင်ပြောင်းလဲ နည်းလမ်းဆိုတာလဲ ဗလာနတ္ထိဖြစ်လို့နေပါတယ်။ အဓိက ကတော့ သူတို့တွေအားလုံးဟာ ၉ / ၁၁ မဖြစ်မီ ကမ္ဘာပေါ်မှာ ရှိနေခဲ့တဲ့ အစ္စလာမ်သာသနာကို လျစ်လျူပြုပြီး ယခုလက်ရှိ တီထွင်ဖန်တီးထားတဲ့ အစ္စလာမ်သာသနာကိုသာ ပညာရပ်ပိုင်းဆိုင်ရာ အဓိကထား လေ့လာရမယ့်ကိစ္စရပ် အဖြစ် တွန်းတင်လျက်ရှိနေကြပါတယ်။ သူတို့တွေက အစ္စလာမ်သာသနာကို ပြုပြင်ဖို့ မလိုအပ်ဘဲ မွတ်စလင်အဖွဲ့အစည်းကြီးတွေကိုသာ ပြုပြင်ဖို့လိုအပ်တယ်ဆိုတာ မသိနားမလည်ကြပါ။

    ဒီလိုပါပဲ။ ရှေးနှစ်ပရိစ္ဆေဒမြောက်မြားစွာကတည်းက မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်လာကြတဲ့ မွတ်စလင် လူတန်းစားကြီးထဲမှာ ကောင်းသူကယ် မကောင်းသူပယ်ဖို့ အလွန်အင်မတန်မှ လွယ်ကူပါတယ်။ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ ၀ါဒဖြန့်မှုတွေကြောင့် မြန်မာနိုင်ငံကို ရိုက်ခတ်လာတဲ့ အစ္စလာမ်မိုဖိုးဘစ် ဒဏ်အန္တရာယ်ကို သတိထားရပါမယ်။ ရခိုင် အရေးနောက်ပိုင်း လက်တစ်ဆုပ်စာ လူနည်းစု အကြမ်းဖက်တာကို အကြောင်းပြုပြီး အဲဒီ လက်တဆုပ်စာရဲ့ အစ္စလာမ်ကသာ အစ္စလာမ်ဖြစ်ပြီး ကျန်ရှိတဲ့ နိုင်ငံလူဦးရေရဲ့ ၄ ရာခိုင်နှုန်း ကျော်သော မြန်မာပြည်ဖွားမွတ်စလင်တွေ ကျင့်သုံးတဲ့ အစ္စလာမ်က အစ္စလာမ်မစစ်မှန်ဖူးလို့ ဆိုကြမယ်၊ လက်တဆုပ်စာရဲ့  အပြုအမူတွေကို ကျန်တဲ့ ၄ ရာနှုန်းသော မွတ်စလင်တွေ အပေါ် တာဝန်ယူပေးဖို့ဆိုကြမယ်ဆိုရင် ဒါဟာ အဓမ္မမှု ဖြစ်ပါလိမ့်မယ်။

    အကြမ်းဖက်မှုများဟာ မတရားမှုနဲ့ အကြောက်တရားတွေကနေ ထွက်ပေါ်လာဖြစ်ပါတယ်။ ဘာသာတရားတွေကနေ ထွက်ပေါ်လာ မဟုတ်ပါ။ ဒါကြောင့် ၊ စံထားနိုင်တဲ့ အစစ်အမှန် မွတ်စလင်တစ်ယောက်ရဲ့ ၀ိသေသလက္ခဏာက အစွန်းရောက်မှုကို ခုခံကာကွယ်ဖို့ အကောင်းဆုံး လက်နက်ဖြစ်ပါတယ်။ ဒီအဆိုမှန်ကန်ကြောင်း အမေရိကန်နိုင်ငံရဲ့စစ်တမ်းတစ်ခုကို ကိုးကားပါရစေ။

    ၂၀၁၆ ခုနှစ် ၊ “American Muslims from the Institute for Social Policy and Understanding” ဆိုတဲ့ စစ်တမ်းအရ “ဗလီကျောင်းကို နေ့တိုင်းတက်တဲ့ မွတ်စလင်တစ်ယောက်ဟာ သူ့အိမ်နီးနားချင်းနဲ့ အတူတကွ အလုပ်လုပ်နိုင်သူတွေဖြစ်ပါတယ်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း အိမ်နီးချင်းတွေနဲ့ အတူ ပူးပေါင်းလက်တွဲ ဖြေရှင်းနိုင်ပါတယ်။ သူတို့တွေဟာ နိုင်ငံရွေးကောက်ပွဲမှာ ပါဝင်ဖို့ စာရင်းပေးသွင်းပြီး ကိုယ်တိုင်ကိုယ်ကျ မဲဆန္ဒပေးဖို့လည်း ရာနှုန်းများသူတွေဖြစ်ပါသတဲ့။ (ကိုးကား – https://goo.gl/2LPmg1) ” စသဖြင့် သိရပါတယ်။ ဒီစစ်တမ်းကို ဗြိတိသျှထောက်လှမ်းရေး MI5 ရဲ့ ၂၀၀၈ ခုနှစ် သုတေသနစစ်တမ်းကလည်း ထောက်ခံပေးနေပါသေးတယ်။ MI5 စစ်တမ်းက “သာသနာရေးအပေါ်မှာ စနစ်တကျ အခြေခံတည်ဆောက်ထားတဲ့ ကိုယ်ပိုင် စရိုက် လက္ခဏာက အကြမ်းဖက် အစွန်းရောက် ၀ါဒကို အကာအကွယ်ပေး၏။ (ကိုးကား –  https://goo.gl/TXq4A6) ” လို့ ဖော်ပြထားပါတယ်။

    နယူးယောက်တိုင်းမ်စ်သတင်းစာရဲ့ နာမည်ကြီး ဆောင်းပါးရှင် နစ်ကိုလတ်စ် ကရစ်တော့ဗ် က သူရဲ့ “The Diversity of Islam” ဆိုတဲ့ ဆောင်းပါးမှာ အခုလို ရေးသားခဲ့ဖူးပါတယ်။

    “အစ္စလာမ်ကို အကြမ်းဖက် အစွန်းရောက်သာသနာအဖြစ် ပုံဖော်ခြင်းဟာ အလွန်ဆိုးဝါးတဲ့ ချွတ်ချော်မှုပါ။ အစွန်းရောက် မွတ်စလင်တွေကို (ပေါ်ပေါ်တင်တင်) ဆန့်ကျင် ရပ်တည်ပြနေသူတွေ အများစုဟာ မွတ်စလင်တွေဆိုတာ သတိချပ်ပါ။ ပါကစ္စတန်မှာ မွတ်စလင် လူအုပ်စုတစ်စုက မွတ်စလင် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တယ်၊ အဲဒီအမျိုးသမီးက တရားရုံးမှာ အမှုအနိုင်ရတော့ အစိုးရဆီက သူမရရှိခဲ့တဲ့ လျော်ကြေးငွေတွေကို သူမရဲ့ရွာမှာ ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ဖို့ လှူဒါန်းခဲ့တယ်။ ပညာရေးအတွက် တိုက်ပွဲဝင်လို့ မာလာလာကို သေနတ်နဲ့ ပစ်ခဲ့သူတွေကလည်း တာလီဘန် မွတ်စလင်တွေပဲ၊ ဒါပေမယ့် မာလာလာကလည်း မွတ်စလင် အမျိုးသမီးတစ်ယောက်ပါပဲ။ အီရန်မှာ ဘဟာအီတွေ၊ ခရစ်ယာန်တွေကို ညှင်းပန်းနှိပ်စက်တယ်၊ ဒါပေမယ့် အစိုးရရဲ့ မတရားမှုကို ဆန့်ကျင်ရပ်တည်ပြခဲ့သူက မွတ်စလင်ရှေ့နေ မိုဟာမက် အလီဒက်ကာဆိုသူဖြစ်ပါတယ်၊ သူဟာ အစိုးရကို ရဲဝံ့စွာရင်ဆိုင်ခဲ့တာကြောင့် အခုတော့ ထောင် ၉  နှစ်ကျသွားခဲ့ရရှာပါပြီ။ ”  (ကိုးကား – https://goo.gl/RZmKTw)

    စာရှုသူ မိတ်ဆွေများခင်ဗျား – ခက်ထန်တင်းမာတဲ့ သဘောထားပိုင်ရှင် အစ္စလာမ်မိုဖိုးဘစ်တွေဆီကနေ ငြိမ်းချမ်းရေး ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ အစွန်းရောက်မှုကို ခုခံဖို့ အားလုံး လက်တွဲဆောင်ရွက်ကြ ရပါလိမ့်မယ်။ ငြိမ်းချမ်းရေးကို လိုလားပါသလား။ နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့တဲ့ သက်သေပြလောက်စရာ သာဓကတွေ တပုံတပင်ကြီး ရှိထားရစ်ခဲ့တဲ့ မွတ်စလင်ထုကြီးကို ကူညီဝန်းရံလိုက်ပါ။ စစ်မှန်တဲ့ အစ္စလာမ်ကို ကျင့်သုံးဆောက်တည်သူ မွတ်စလင်တိုင်းဟာ ခင်ဗျားတို့ရဲ့ အိမ်နီးချင်းကောင်းတွေဆိုတာ ပြသပါလိမ့်မယ်။

    အစွန်းရောက်တရားကို အဆုံးသတ်ဖို့ ကျွန်တော်တို့ကို အသုံးချပါခင်ဗျား။

    ** ဆောင်းပါးရှင်မှ M-Media သို့ အီးမေးလ်ဖြင့် ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။

  • ဖိနပ်သားရေ၊ တာယာဟောင်းများနှင့် သတိပြုရတော့မည့် Bubble tea လက်ဖက်ရည်

    ဖိနပ်သားရေ၊ တာယာဟောင်းများနှင့် သတိပြုရတော့မည့် Bubble tea လက်ဖက်ရည်

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    bubble-tea

    – တရုတ်နိုင်ငံတစ်ဝှမ်းမှာ လူကြိုက်များတဲ့ သောက်စရာတစ်ခုဖြစ်တဲ့ bubble tea မှာ ပါဝင်တဲ့ အလုံးလေးတွေဟာ ဖိနပ်အောက်ခံ သားရေတွေ၊ တာယာအဟောင်းတွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်နိုင်တယ်လို့ တရုတ်ဒေသတွင်း ရုပ်သံတစ်ခုဖြစ်တဲ့ Shandong Television က မကြာသေးမီကပဲ ဖော်ထုတ်လိုက်ပါတယ်။

    Life Help လို့ ခေါ်တဲ့ အစီအစဉ်ကနေ ဖော်ထုတ်လိုက်တာဖြစ်ပြီး သတင်းထောက်က နိုင်ငံအရှေ့ပိုင်း ရှန်ဒုန်းပြည်နယ် ကျင်းဒေါင်မြို့မှာ pearl milk tea တစ်ခွက်ကို ၀ယ်သောက်ပြီးတဲ့နောက် အနီးအနားကဆေးရုံမှာ CT စကန် ရိုက်ရာမှာတော့ ၀မ်းဗိုက်ထဲမှာ ဒီပီလောပီနံအလုံးလေး (tapioca pearl) တွေဟာ အစာမကြေတာကို သွားတွေ့ခဲ့ရပါတယ်။

    Qingdao တက္ကသိုလ်ရဲ့ ဓာတ်တုဗေဒ စမ်းသမ်းစစ်ဆေးမှုစင်တာက သိပ္ပံပညာရှင်တွေဟာ ဒီအလုံးလေးတွေကြောင့် အခက်ကြုံခဲ့ရပါတယ်။ ဒီအလုံးတွေကို ဘာနဲ့လုပ်တယ်ဆိုတာ မပြောနိုင်ပေမယ့် အလွန်စေးကပ်တဲ့ အရာတွေဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    ct
    အစာအိမ်ထဲမှ အစာမကြေသည့် အလုံးလေးများ

    နောက်ပိုင်း မြို့တစ်ဝှမ်းက ဒီလက်ဖက်ရည်ရောင်းချတဲ့ ဆိုင်မန်နေဂျာတွေကို အင်တာဗျူးတဲ့တဲ့အခါမှာလည်း သူတို့ဟာ အဲဒီ လက်ဖက်ရည်ထဲက အလုံးလေးတွေကို ဘာနဲ့ ပြုလုပ်ထားတယ်ဆိုတာ သိပုံ မပေါ်တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဆိုင်တစ်ဆိုင်က အမည်မဖော်လိုသူတစ်ဦးကတော့

    “အဲဒီအလုံးတွေအားလုံးကို ဓာတုစက်ရုံမှာ လုပ်တာဖြစ်ပါတယ်။ ကိုယ်ပိုင်အမြင်ကိုပြောရရင် အဲဒါတွေအားလုံးကို ဖိနပ်အောက်ခံသားရေတွေ တာယာအဟောင်းတွေနဲ့ ပြုလုပ်တာဖြစ်ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်မှာ ဂျာမနီတက္ကသိုလ်တစ်ခုက Bubble Tea မှာပါဝင်တဲ့ ပီလောပီနံ အလုံး (tapioca ball) ဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်းမှာ pearl milk tea ဒါမှမဟုတ် Bubble tea လို့ သိကြတဲ့ အဲဒီ လက်ဖက်ရည်တွေကို လူကြိုက်များမှုဟာ ထိုးကျသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက မြို့ကြီးတွေမှာ အဲဒီ လက်ဖက်ရည်ဆိုင်တွေဟာ ဆက်ရှိနေခဲ့ပါတယ်။

    Shandong Television က အခုလိုဖော်ထုတ်မှုအရ ဒီ Bubble tea မှာ ပါဝင်တဲ့ ပီလောပီနံ အလုံးတွေဟာ ဖိနပ်သားရေ၊ ကားတာယာတို့နဲ့ ပြုလုပ်ထားတယ်ဆိုတာကို အပြည့်အ၀ သက်သေမပြနိုင်ပေမယ့် ဒီသတင်းက Bubble Tea လုပ်ငန်းအတွက်တော့ သတင်းဆိုးတစ်ခု ဖြစ်နေပါတော့တယ်။

    Ref : hongkongfp

  • မူဆိုးလ်တွင် IS က အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရှိနေ

    မူဆိုးလ်တွင် IS က အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရှိနေ

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    iraq-10

    – IS ၏ နောက်ဆုံးခံတပ်ဖြစ်သော မူးဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဆင်နေသည့် အီရတ်စစ်တပ်မှာ မြို့တောင်ဘက် IS က အရပ်သားများအား သတ်ဖြတ်ခဲ့သော ဒေသသို့ ရောက်ရှိရန် ကြိုးစားနေသည်ဟု သိရသည်။

    ဟာမန် အလ်-အာလီလ်ဆိုသည့်မြို့ဖြစ်ပြီး စစ်တပ်အား ကူညီမည်ကို ဟန့်တားရန်အတွက် IS က အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    အီရတ်စစ်တပ်၏ မူဆိုးလ်ထိုးစစ်မှာ ၁၁ ရက်ရှိလာခဲ့ပြီးဖြစ်ပြီး လက်ရှိတွင် အလ်-အာလီလ်မြို့အား သိမ်းပိုက်ရန် ကြိုးစားနေကာ IS ၏ လက်ဖြောင့်သေနတ်သမားများ၊ အသေခံကားဗုံးခွဲမှုများနှင့် ရင်ဆိုင်နေရသည်။

    ထို့မြို့တွင် IS မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင် ဒါဇင်နှင့်ချီသော အကျဉ်းသားများကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ အကျဉ်းသားများမှာ အီရတ်စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်သည်။ အရပ်သားများနှင့် အကျဉ်းသားများကို ထိုကဲ့သို့ သတ်ဖြတ်မှုမှာ မူးဆိုးလ်ရှိပြည်သူများအား ခြိမ်းခြောက်ရန်အတွက်ဖြစ်သည်ဟု ယူဆရသည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလီကမူ IS မှာ ပြီးခဲ့သည့် တစ်ပတ်အတွင်း မူဆိုးလ်မြို့ဝန်းကျင်တွင် အရပ်သားများစွာကို သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အီရတ်စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့၊ စွန်နီလူမျိုးစုတပ်ဖွဲ့၊ ရှီအာ ပြည်သူ့စစ်များပါဝင်သည့် အဆိုပါ ထိုးစစ်မှာ အောင်မြင်မှုများ ရရှိနေပြီး မူးဆိုးလ်မြို့ပတ်ဝန်းကျင်မှ မြို့ရွာအများအပြားကို ပြန်လည်သိမ်းယူနိုင်ခဲ့ကာ ယမန်နေ့က မြို့မှ ၄ ကီလိုမီတာသာ ဝေးသည့် ဖာဒီလီယာရွာအား သိမ်းယူနိုင်ခဲ့သည်။

    Ref: Aljazeera

  • မော်ရင်ဟိုမှာ ဂွါဒီယိုလာကို ယှဉ်နိုင်သည်ဟု ဖာဂူဆန်ပြော

    မော်ရင်ဟိုမှာ ဂွါဒီယိုလာကို ယှဉ်နိုင်သည်ဟု ဖာဂူဆန်ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    man-u

    – မန်ယူနည်းပြ မော်ရင်ဟိုမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ယှဉ်နိုင်သည်ဟု မန်ယူဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်က ပြောကြားလိုက်ပြီး ယခုနှစ် ပရီးမီးယားလိဂ်ဆုဖလားအတွက်မူ မန်စီးတီးကို တစ်ပေးခဲ့သည်။

    ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ် ကွာဟနေသော်လည်း မန်ယူမှာ ယနေ့မနက်က ကစားခဲ့သည့် FA ဖလားတွင် မန်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဂွါဒီယိုလာ၏ အဆိုပါအရှုံးမှာ ပြိုင်ပွဲအားလုံးတွင် ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသည့် ရလဒ်လည်း ဖြစ်သည်။

    ဖာဂူဆန်ကမူ ပရီးမီးယားလိဂ်ပြေးလမ်းရှိ အသင်း ၅ သင်းတွင် မန်စီးတီးမှာ ချန်ပီယံဆုရရှိရန် အဖြစ်နိုင်ဆုံးဟု ပြောကြားခဲ့ကာ မော်ရင်ဟိုမှာ ဂွါဒီယိုလာအား စိန်ခေါ်နိုင်သည်ဟု ဆိုသည်။

    “ဂွါဒီယိုလာရဲ့ အရည်အချင်းကို ငြင်းချက်ထုတ်စရာ မလိုပါဘူး။ ကွန်တီကလည်း ချယ်ဆီးကို လမ်းကြောင်းပေါ် ပြန်တင်ပေးတယ်။ ဒါပေမယ့် မော်ရင်ဟိုဟာ ဂွါဒီယိုလာကို ယှဉ်နိုင်မှာပါ။ သူဟာ မတူညီတဲ့ ကလပ်အသင်းနှစ်ခုနဲ့ ချန်ပီယံလိဂ်ဖလားကို ယူခဲ့ပြီး နိုင်ငံ ၃ နိုင်ငံက အမှတ်ပေးဖလားတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာနဲ့ မော်ရင်ဟိုတို့ရဲ့ အတွေ့အကြုံ၊ ပြိုင်ဆိုင်မှုတွက စိတ်လှုပ်ရှားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ဖာဂူဆန်က Kicker သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ပါကစ္စတန်သံတမန်ကို သူလျှိုလုပ်မှုဖြင့် အိန္ဒိယ နှင်ထုတ်

    ပါကစ္စတန်သံတမန်ကို သူလျှိုလုပ်မှုဖြင့် အိန္ဒိယ နှင်ထုတ်

    အာက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    india-2

    – ဒေလီရှိ ပါကစ္စတန်သံရုံးမှ အကြီးတန်းကိုယ်စားလှယ်တစ်ဦးကို သူလျှိုလုပ်မှုအတွက် နိုင်ငံအတွင်းမှ နှင်ထုတ်သွားမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    အဆိုပါ ကိုယ်စားလှယ်မှာ မဟ်မွဒ် အက်ခ်တာရ်ဆိုသူဖြစ်ပြီး ၎င်းအား တိုင်းပြည်အတွင်းမှ နှင်ထုတ်သွားမည့်အကြောင်းကို ပါကစ္စတန်သံအမတ် အဘ်ဒူလ်ဘာဆစ်အား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာရ်က ယမန်နေ့တွင် ဆင့်ခေါ်ကာ အသိပေးခဲ့သည်။

    ဒေလီရဲတပ်ဖွဲ့ ရာဇ၀တ်မှုဆိုင်ရာမင်းကြီး ရာဗင်ဒရာ ယာဒက်ဗ်က အက်ခ်တာရ်ကို ယမန်နေ့က စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ပြီး အဆိုပါ စာရွက်စာတမ်းများတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက နယ်စပ်၌ တပ်ဖြန့်ချထားမှု သတင်းအချက်အလက်များ ပါဝင်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် အက်ခ်တာရ်ကို ဒေလီတွင် ဖမ်းဆီးထားသည်ဟု ဆိုသည်။

    ရာဂျက်စတန်မှ လူနှစ်ဦးကိုလည်း လျှို့ဝှက်စာရွက်စာတမ်းများ အက်ခ်တာရ်ထံ ပေးပို့မှုဖြင့် ဖမ်းဆီးထားသည်။ အခ်တာရ်မှာ သံတမန်ဖြစ်သည့်အတွက် အရေးယူခံရခြင်းမှ ကင်းလွတ်မည်ဖြစ်သည်။

    “အက်ခ်တာရ်က ဂိုဏ်းချုပ်ပါ။ သူဟာ သူလျှိုလုပ်ဖို့၊ ပါကစ္စတန်ကို သတင်းအချက်အလက်တွေပေးဖို့ အိန္ဒိယနိုင်ငံသားတွေကို စည်းရုံးတယ်။ သူလျှိုလုပ်နေတာ တစ်နှစ်နဲ့ ၆ လလောက် ရှိပါပြီ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လွန်ခဲ့တဲ့ ၆ လလောက်က လိုက်နေတာပါ။ ကာကွယ်ရေးတပ်ဖြန့်ထားမှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေ၊ နယ်စပ်မြေပုံတွေ သိမ်းဆည်းရမိပါတယ်။ ပြီးတော့ တပ်ဖြန့်ထားတဲ့၊ ပြောင်းရွှေ့ထားတဲ့ ဒါမှမဟုတ် အနားယူထားတဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့စာရင်းလည်း သူတို့မှာ ရှိနေပါတယ်” ဟု ယာဒက်ဗ်က ပြောကြားခဲ့သည်။

    ဒေလီရှိ ပါကစ္စတန်သံရုံးကလည်း အက်ခ်တာရ်မှာ ၄၈ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်သွားရန် အမိန့်ပေးခံထားရသည်ဟု အတည်ပြုခဲ့သည်။

    ပါကစ္စတန်နှင့် အိန္ဒိယတို့မှာ ကက်ရှ်မီးယားဒေသတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကြောင့် တစ်ဖက်နှင့်တစ်ဖက် တင်းမာမှုများ ရှိနေပြီး ယခုကိစ္စမှာ ထိုအခြေအနေကို ပိုမို ဆိုးရွားသွားစေနိုင်သည်။

    Ref: Aljazeera