News @ M-Media
Tag: အတွေးအမြင်
  • ကျွန်တော်တို့က ဘာတွေလဲ?
    ကျွန်တော်တို့က ဘာတွေလဲ?
    ကျော်မိုးအောင်
    ဓာတ်ပုံ – မြန်မာမွတ်စလင်မ်များ
    မပြောချင်သောလည်းပဲ ပြောစရာ ရှိလာ၍ မပြောမဖြစ်ပြောရပါဦးမည်။ မပြောချင်ဆိုသည်က ခံစားချက်နှင့် ပြောမည်ဖြစ်၍ ဒေါသသံပါမည်ကို မလိုလား သောကြောင့်၊ ဖြစ်ရပ်တစ်ခုကို မိမိခံစားချက်ပေါ် အခြေခံပြောလျင် မိမိဘက်က ဘက်လိုက်ရာကျမည်ကို စိုးသောကြောင့်၊ မိမိရှုမြင်သည့်အတိုင်း တည့် တည့် ပြောမည်ဖြစ်ရာ မလိုလားအပ်သည့် လူပုဂ္ဂိုလ်ဝေဖန်မှု ဖြစ်မည်ကို စိုးရိမ်သောကြောင့်။
    ၅.၅.၁၂က သတင်းစာမှာ ပါသည့် အသုံးအနှုန်း “မွတ်စလင်မ်ကုလား”ဆိုသည်က ဒီရက် ပြသနာမျိုးစုံ ကြားသိနေချိန်ကျမှ ပိုပြီးစော်ကားခံလိုက်ရသလို၊ မီးလောင်နေစဉ် ဓာတ်ဆီဖြန်းခံလိုက်ရသလိုခံစားရပါသည်။
    ဒီကိစ္စအတွက် facebook စာမျက်နှာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ထိုအသုံးအနှုန်းနှင့် စပ်လျဉ်း၍ တောင်းပန်သည့် ပုံစံမျိုး နောက်ရက်တွင် ပြင်ဆင်ချက် ထည့်ပေးမည့် ပုံစံမျိုး တွေ့ရပြန်တော့ အားလည်း တက်မိသလို မျှော်လင့်တစ်ကြီးလည်း စောင့်ကြည့်မိသည်။ ဘယ်တုန်းကမှ သာမန်အားဖြင့် ကြည့်လေ့မရှိသည့် ည၈နာရီ ရုပ်သံသတင်းကိုပင် မျက်တောင်မခတ်တမ်း ထိုင်ကြည့်ဖြစ်သည်အထိ။
    ဒီနေ့ ပြင်ဆင်ချက်ကတော့ ပါလာသည်။ “မွတ်စလင်မ်ကုလား” အစား  “ပြည်တွင်းနေ အစ္စလာမ်ဘာသာကိုးကွယ်သူ” တဲ့။
    မည်သို့ အဓိပ္ပါယ် ဖော်ဆောင်သတ်မှတ်ရမည်မသိ။ မြန်မာနိုင်ငံသားဟုပင် လက်မခံတဲ့သဘောဖြစ်နေပါပြီ၊၊ ကမ္ဘာမှာမရှိဘူးသေးတဲ့ သတင်းရေးသားမှု တွေ၊၊ မည်သို့ပင်ဖြစ်စေ ပြင်ပေးသည့်အတွက်တော့ ကျေးဇူးတင်ပါသည်။
    အပြင်လူတွေကတော့ ဒီလူတွေ နေရာတကာ စပ်စပ်ထိမခံ ဖြစ်နေကြသည်ဟုသာ မြင်ကြဖို့ များသည်။ ဘယ်လိုခေါ်ခေါ်ပေါ့ ဒါဒါပဲ ဥစ္စာဟု ရိုးရိုးသားသား ဆိုသူကလည်းဆိုကြသည်။ ကုလားကို ကုလားမခေါ်လို့ ငါတို့က ဘယ်လိုများ သမုတ်ရပါ့ ဆိုသူတွေလည်း ဒုနှင့်ဒေး။ ပိုးစိုးပက်စက် ဆဲဆိုတုန့်ပြန် လှောင်ပြောင်သူတွေကလည်း တစ်ပုံတစ်ပင်။ ခက်သည်က မွတ်စလင်မ်ကို ဝေဖန်တိုက်ခိုက်နေသူ အများစုက မွတ်စလင်မ်နှင့်ပတ်သက်သည့် သမိုင်း ဆိုလျင် အမျိုးပျောက်မှာစိုးကြောက်စရာလောက်၊ ရိုဟင်ဂျာအရေး ပိုးစိုးပက်စက် ဝေဖန် ရေးသားထားသည့် တစ်ဖက်သတ်စာများ ဝါဒဖြန့်တရားများကို လောက်သာ ဖတ်ဖူးကြားဖူးထားကြသူများ၊ မြန်မာ့သမိုင်းဆိုလျင်လည်း ဗုဒ္ဓဟူသည် ဗမာလူမျိုးဟူသည့် စာအုပ်မျိုးဖတ်ဖူးပြီး ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ကိုသည်ပင်လျင် အညာဒေသက ဗမာကြီးထင်နေကြသူများ၊ ဗာရာဏသီကို မုံရွာဘက်က ယူဆထားသူများ၊ ချစ်တီးမှန်း၊ ဟိန္ဒူမှန်း၊ မွတ်စလင်မ်မှန်းပင် လျင် ဘာကွာလို့ကွာမှန်းမသိလောက်အောင် ပြင်ပဗဟုသုတကြွယ်ဝကြသူများ၊ ကျားကျားမီးယပ် မွတ်စလင်မ်ဆို မုန်းတယ်ကွာဟူသည့် မျက်ကန်း ဝံသာနုရက္ခိတတရားရှင်များ ဖြစ်နေလေသည်။
    လက်ရှိအနေအထားက မြန်မာပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင် လူ့အစုအဝေးကြီး တစ်ရပ်လုံးသည်ပင်လျင် မနေ့တစ်နေ့ကမှ သို့မဟုတ် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ သို့တည်းမဟုတ်တောင် အင်္ဂလိပ်ခေတ်ကမှ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာကြသည့် အလား။ တိုင်းပြည်အတွက် အဖျက် သက်သက်လုပ်နေကြသည့် နိုင်ငံခြားသားများအလား။ ကိုယ့်နိုင်ငံကိုယ်ပြန်ကြပေါ့၊ သူများမြေမှာလာပြီး လူဝါးမဝနှင့် စသည်စသည်။
    ရိုဟင်ဂျာကိစ္စဖြင့် ပထမ စတင်ခဲ့သည်။ မြန်မာမွတ်စလင်မ်ဆိုလျင် ရိုဟင်ဂျာအကြောင်းပြောတာ မနာကြဖို့၊ မင်းတို့ကို ပြောတာမဟုတ်၊ ဝင်နာနေကြရ အောင် မင်းတို့ရဲ့ ဘာတွေလား၊ ညာတွေလား မေးခွန်းများ တရစပ်သုံးသည်။ နောက်တော့ တစ်မျိုးတိုးလာသည်။ စပြောတုန်းကတော့ နယ်စပ်ကရိုဟင် ဂျာအရေး သို့တည်းမဟုတ် ထိုသူများ ပြည်တွင်းသို့ ခိုးဝင်လာမည့်အရေးသက်သက်၊ ဘာသာရေးမပါဟု ဆိုကြရာမှ မြန်မာ့မြေမှာ အေးအတူပူအမျှ အ တူနေသည့် မွတ်စလင်မ်များကိုရော ကမ္ဘာတစ်ဝန်းမှ မွတ်စလင်မ်များကိုသာမက အစ္စလာမ်၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာအရှင်၊ လူသားအ လင်းပြပုဂ္ဂိုလ် တမန်တော်မြတ်… အခြားအခြားတို့ကိုပါ စော်ကားရေးသားလာကြသည်ကိုလည်း နေရာအနှံ့ တွေ့လာရသည့် အကြိမ်ရေ တစ်ဖြည်းဖြည်း ပိုပို စိပ်လာသည်။ သမိုင်းလိမ်ဝါဒဖြန့် စာစဉ်များ၊ မုန်းတီးရေး လှုံ့ဆော်လွှာများ၊ အင်တာနက် (အထူးသဖြင့် facebook) စာမျက်နှာများ၊ ဂရုပ်များ အလျှို အလျှို ပေါ်လာသည်။ ပြဿနာကို မီးမွှေးလာနေကြသည်။ ကြမ်းပိုးကို လိပ်မဖြစ်ဖြစ်အောင် ပုံကြီးချဲ့လာကြသည်။ မီးစကို ဓာတ်ဆီဖြန်းလာကြသည်။ အဓမ္မ လူထုအုံကြွ အကြမ်းဖက်မှုဖက်ကို ဖော်ဆောင်လမ်းကြောင်းလာကြသည်။ မည်သူမည်ဝါတွေက နောက်ကွယ်က ကြိုးကိုင်နေသည်တော့ အသေ အချာမသိရ၊ သေချာသည်ကတော့ သူတို့၏ မှိုင်းတိုက်မှု အောင်မြင်ခဲ့ပါသည်။ ရိုဟင်ဂျာကိုလိုလိုဘာလိုလိုနှင့် ပြည်တွင်းနေ မွတ်စလင်မ်များကိုပါ အ ကြောင်းမဲ့ အပြစ်မြင်လာကြသည်။ အမုန်းစိတ်ပိုပွားလာကြသည်။ နောက်ဆက်တွဲအနေဖြင့် လိုရာဆွဲ အသုံးချသူတို့ကြောင့် မလိုလားအပ်သော၊ မည်သူ့ ကိုမျှ ကောင်းကျိုးမပြုသော၊ မဆိုင်သူများကိုပါ ဃယက်ထစေသော ပူဆွေးဝမ်းနည်း ကြောက်ရွံ့ ကြရစေသော  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ တရားဥပဒေမဲ့ ဖြစ်လာရသည်။
    ဒီ ကုလားအခေါ်ခံရသည့်ကိစ္စက တကယ်တော့ မနေ့တစ်နေ့ကမှ ရုတ်တရက် ချက်ချင်း ဖြစ်လာသည် မဟုတ်။ ကျွန်တော်တို့ ဘိုးဘွားများ လက်ထက် ကတည်းက အခြေအတင် ဆွေးနွေးကြပြီးသား၊ အခိုင်အမာ ပုံစံတစ်ခု ဖြစ်ခဲ့ပြီးသား။ ထိုစဉ်ကာလကပင် နှစ်သက်မှုမရှိကြောင်း တိုင်းသိပြည်သိ အသိ ပေးခဲ့ကြပြီးသား။ ယခု ကျွန်တော်တို့ခေတ်တွင် ကြမ္မာရဟတ် တစ်ပတ်ပြန်လည်ရခြင်းဖြစ်သည်။
    ပြောချင်သည်ကို ပိုမိုနားလည်နိုင်စေဖို့ သမိုင်းနည်းနည်း ပြန်ကောက်ပါမည်။
    မြန်မာနိုင်ငံတွင် ဗမာလူမျိုးများအကြား ဗုဒ္ဓဘာသာ မပြန့်ပွား မထွန်းကားသေးမီ ပုဂံခေတ် အစောပိုင်း (အနော်ရထာမတိုင်မီ) ပိသုံမင်းလက်ထက်က တည်းက အစ္စလာမ်ဘာသာ ရောက်ရှိကြောင်း အထောက်အထားများ မှတ်တမ်းမှတ်ရာများ ရှိသည်။ ပုဂံခေတ် ကျောက်စာများထဲတွင် ပသီ၊ ပန်းသေး စသည့် အခေါ်အဝေါ်များ ပါရှိခဲ့သည်။
    ကုလားဆိုသော အသုံးအနှုန်းကလည်း ရှေးယခင် ဘုရင်မင်းများလက်ထက်ကတည်းက ခေါ်ဝေါ်လာသည့် အသုံးအနှုန်း။ မနေ့တစ်နေ့ကမှမဟုတ်၊  မြန် မာ့သမိုင်းအစကတည်းက ကုလားဆိုသူများနှင့် ကူးလူးဆက်နွယ်မှု ရှိုခဲ့သည်။  အထူးသဖြင့် မွတ်စလင်များကိုရည်ညွှန်းပါက ပသီကုလားဟုခေါ်ခဲ့ကြ သည်။ ဥပမာ ဘိုးတော် ဗဒုံမင်းလက်ထက်က ဘုရင့်အမိန့်ပြန်စာမှတ်တမ်းတွင် (လက်ရှိ အမရပူရရပ်၊ လင်းဇင်းကုန်းသုသာန်တွင် မျြုပ်နှံထားသော) အာဗစ်ရှားဟုဆိုင်နီအား မြန်မာပြည်အရပ်ရပ်ရှိ ပသီကုလားတို့အတွက် သာသနာပိုင်အဖြစ်ခန့်အပ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။
    မင်းတုန်းမင်းလက် စာတော်ကြီးတွင်လည်းကုလားရွာမ၊ ကုလားဗလီဆရာ၊ ကုလားလူမျိုး စသည်ဖြင့် သုံနှုန်းခဲ့သည်။ ပသီကုလားများသည် ရှေး မြန်မာသမိုင်း တစ်လျှောက် တာဝန်ကျေခဲ့သည်။ ဘုရင်ကိုသတ်လျင် ဘုရင်လုပ်နိုင်သည့် ခေတ်အခြေအနေတွင် ဘုရင့် ကိုယ်ရံ တော်၊ လူယုံတော်၊ အထောက်တော်၊ အဝယ်တော်၊ စစ်သည်တော်အဖြစ် ခစားခဲ့ရသည်။ ထို့ကြောင့်လည်း မြင်းမှာအုန်းခွံ ကျွန်မှာ ကုလား၊ ဓားမှာမိုးကြိုးဟုပင် အဆိုတွင်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်ကလည်း ဘုရင်မင်းမြတ်တို့က မိမိတို့အပေါ် အထူး သစ္စာစောင့်သိကြသော ပသီကုလားတို့အား အတုန့်အလှည့်အနေဖြင့် ဝတ်ကျောင်းတော်များ သာသနိကအဆောက်အအုံများ ပြည်တွင်၌သာမက တိုင်းတစ်ပါးရပ်ခြား ဆော်ဒီ အာရေဗျနိုင်ငံထိပင် ကြည်ဖြူစွာ ဆောက်လုပ်ပေးခဲ့သည်။
    ထိုစဉ်ကသုံးနှုန်းခဲ့သည့် ကုလားဆိုသော အခေါ်အဝေါ်သည် ကုလပုတ္တရ-မြတ်သောအနွယ်ဟူသော စကားမှဆင်းသက်လာသည်ဟု အဓိပ္ပွယ် ဖွင့်ဆိုခဲ့ ကြသည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားကလည်း ကုလားလူမျိုးသာဖြစ်သည်။ အချို့ကလည်း သင်္ဘောများဖြင့် ကူးလာသူများဟုဆိုရာမှ ကုလားဖြစ်လာ ကြောင်း ဆိုကြသည်။ ဤသို့ဆိုလျင်တော့ လက်ရှိ ဗမာဟု ဆိုကြသူတွေရော အခြား တိုင်းရင်းသားဆိုသူတွေပါ မူလဘူတ ဋ္ဌာနေ စစ်စစ်များမဟုတ် နှစ်ရာပေါင်းများစွာက တိဘက်၊ အန္ဒိယ၊ မွန်ဂို၊ တရုတ်တောင်ပိုင်းကနေ စတင်အခြေခံ ရေကြည်ရာ မြက်နုရာ ရှာရင်း ကူးလာကြသူတွေချည်းသာ။ အားလုံး တနေနေရာက ကူးလာကြသူချင်းသာဖြစ်၍  ကုလားတွေချည်းသာ။ စောသည်နှင့် နောက်ကျသည်သာ ကွာသည်။ ကိုးကွယ်ရာ ဘာသာတရား မှန်သမျှသည်လည်း မြန်မာပြည်ဖြစ်စစ်စစ် တစ်ခုမျှမရှိ၊ အခြား နိုင်ငံများမှ ကူးယူထားသည်ချည်းသာ။
    ရှေးဗမာမင်းများလက်ထက်က ဗမာဗုဒ္ဓဘာသာဝင်များနှင့် ဗမာပြည်ရှိ ပသီကုလားခေါ် အစ္စလာမ်ဘာသာ ကိုးကွယ်သူမျာအကြား တစ်စုံတစ်ရာ ပြသနာ ကြီးကြီးမားမား မရှိခဲ့။ ကုလားဆိုသော အခေါ်အဝေါ် အသုံးအနှုန်းနှင့် စပ်လျဉ်း၍လည်း ပသီကုလားအခေါ်ခံ အစ္စလာမ်ဘာသာဝင်များအနေနှင့် တစ်စုံ တစ်ရာ နစ်နာရန် အကြောင်းပင်မရှိခဲ့။
    သို့သော်…သို့သော်…။ နှစ်ကာလ အတန်ကြာသွားပြီးနောက်.. အထူးသဖြင့် အင်္ဂလိပ်အစိုးရ အုပ်ချုပ်သည့်ကာလတွင်ကား အရင်လို မဟုတ်တော့။ ထိုစဉ်ကာလအတွင်းတွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံဖြစ်စဉ် အိန္ဒိယတိုက်နယ်၏ တစ်စိတ်တစ်ပိုင်း သတ်မှတ်ခံခဲ့ရသည်။ အိန္ဒိယ နိုင်ငံသား အမြောက်အများလည်း ထပ်ဝင်လာသည်။ ဒါကလည်း အမှန်တရားတစ်ခု။ ရှေးအစဉ်အဆက် နေထိုင်ခဲ့ကြသော ပသီကုလားအခေါ်ခံ ဋ္ဌာနေမွတ်စလင်မ်တို့နှင့် နောက်ရောက်လာသော အန္ဒိယတိုက်နယ် (ယခု အန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်)သား မွတ်စလင်မ်များကြားတွင်ပင် လူမျိုး ရေးဓလေ့ထုံးတမ်း ယဉ်ကျေးမှု၊ ဘာသာစကားတို့နှင့် စပ်လျဉ်း၍ ပဋိပက္ခ တစ်ချို့ ရှိခဲ့သည်။ ထိုစဉ်က အလုံးအရင်းနှင့် ဝင်လာသော အိန္ဒိယသား (ချစ် တီး၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်မ်)တို့နှင့် နွယ်လာပြီး ဗမာပြည်တွင် အစဉ်အဆက်က လူ့အစုအဝေးတစ်ရပ်အဖြစ် ရှိခဲ့ပြီးသား ပသီကုလားများ ကိုပါ ဗမာလူထု၏အမြင် ပြောင်းလဲလာသည်။
    မူလ ခေါ်ဆိုသည့် အသုံးအနှုန်း “ကုလား”၏ မူရင်းသဘောတရားလည်း ပြောင်းလဲသွားသည်။ မူရင်းကကဲ့သို့ နွေးထွေးမှု မရှိသော၊ ခွဲခြားလိုသော၊ အပြစ်မြင်လိုသောသဘော အတော်ဆောင်လာသည်။ ကုလားဒိန်၊ ကုလားကပြား၊ ကုလားမျိုးမစစ်၊ ဇေကပြားစ သည့်စသည့် စကားလုံးများက မူလက ရှိခဲ့သည့် ပသီကုလားများ လက်သင့်ခံနိုင်ဖွယ်မရှိဖြစ်လာသည်။
    ထိုစဉ်က ကျွန်တော်တို့ အဖိုးများခေတ်က ပသီကုလားများသည် တစ်ဖက်က တို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂ စသည်တို့တွင် ဗမာ့ လွတ်လပ် ရေးအတွက် တစ်တပ်တစ်အားမှ ကဏ္ဍစုံ ပါဝင်ခဲ့ကြသလို တစ်ဖက်ကလည်း မိမိတို့အား ခွဲခြား ရှုမြင်သော အသုံးအနှုန်း “ကုလား”ဟူသည်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။ ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့ ကဲ့သို့သော အဖွဲ့များ ဖွဲ့ကာ မိမိတို့သည် ကုလား မဟုတ်ကြောင်း၊ ဗမာ ဗုဒ္ဓဘာသာများ နည်းတူ ဒီမြေဒီရေတွင် ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းရာချီ နေထိုင်ခဲ့သော တိုင်းရင်းသား နိုင်ငံသားများသာ ဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ဆိုခဲ့ကြသည်။ မိမိတို့သည် ဗမာမွတ်စလင်မ်များ ဖြစ်ကြကြောင်း ပြောခဲ့ကြသည်။
    “မျိုးကားဗမာ၊ ဘာသာမွတ်စလင်မ်
     ဖြစ်တုံအင်လည်း၊ တို့မျိုးတို့ဆွေ
    တို့တစ်တွေသည်၊ တို့ပြည်(ပြေ)တို့ရွာ
    တို့ဋ္ဌာနာမှာ၊ တို့ဟာထင်ရှား
    မရှိအားကြောင့်၊ တို့များကုလားဒိန်
    အများနှိမ်သည်၊ သို့ပါသော်ငြား
    တို့မျိုးသားကား၊ နိုးကြားမရှိ
    ရည်ညွှန်း- ဦးညီညီ (ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့)
    တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား ဗမာမွတ်စလင် အမည်ခေါ်တွင်ရန် ဗမာမွတ်စလင်နိုးကြားရေး အဖွဲ့ချုပ်က သက်ဆိုင်ရာသို့တင်ပြ တောင်း ဆိုသည်။ ထိုသည်၏ရလဒ်က ၁၉၃၀-ခုနှစ်တွင် ထိုစဉ်က (အင်္ဂလိပ်ခေတ်ကတည်းက) စ၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုလား၊ ဇေရဘာဒီ၊ ဇေကပြား စသည်စသည် အမျိုးမျိုး ခေါ်ဝေါ်နေကြသည့် မြန်မာနိုင်ငံသား မွတ်စလင်မ်များ (ရှေးအခေါ် ပသီကုလားများ)အား ဗမာမွတ်စလင်မ်ဟုသာ တစ်မျိုးတည်းခေါ်ရန်အမိန့်ထုတ်ခဲ့သည်။ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တို့အား ဗမာမွတ်စလင်ဟု သန်းခေါင်စာရင်းတွင်လည်း  တစ်သမတ် တည်း စာရင်း သတ်မှတ်ရန်ဟူ၍ ကြေညာချက် အမိန့်ထုတ်ပေးခဲ့ခြင်းပင်။
    (စကားမစပ် တရုတ်ဆိုသော အခေါ်အဝေါ်သည်လည်း ထိုနည်းလည်းကောင်းပါပင်။ မြန်မာနိုင်ငံမှသာ ခေါ်သည့် စကားလုံးတစ်ခု။ သို့သော် မတူသည်က ယခုချိန်ထိ ထိုစကားလုံး သုံးနှုန်းခြင်းနောက်ကွယ်တွင် အခြား တစ်စုံတစ်ရာ သက်ရောက်မှု၊ နှိမ်ချမှု လုံးဝမရှိ၊ ဤအချက်က ကုလားနှင့် ဆန့်ကျင် ဘက်။)
    ထိုစဉ်ကတည်းက မြန်မာ့ နိုင်ငံရေး လောကတွင် မွတ်စလင်မ်များအား မြန်မာမွတ်စလင်မ်ဟုသာခေါ်ခဲ့ကြသည်။
    ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ  လူထုအစည်းအဝေးပွဲကြီး၌ ဖဆပလအဖွဲ့မှ ဆရာကြီး ဒီးဒုတ် ဦးဘချိုမှ အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆိုတင်သွင်းရာတွင်
    “ ဗမာမွတ်စလင်မ်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့် အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့ပါသည်။
    ရည်ညွန်း==>အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို
    ၁၉၄၆-ခု ဒီဇင်ဘာ ၆ ရက် မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ဇိနတ်မိန်းကလေးကျောင်း၌ကျင်းပသော ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှ ဗမာမွတ်စလင် တို့သည် လူနည်းစုလော သို့မဟုတ် လူများစုလောဟူ၍ နှစ်ဖက် သဘောကွဲလွဲနေသည်။ ဆရာကြီးဦးရာဇတ်၏ သဘာပတိမဲသည် အဆုံးအဖြတ်မဲဖြစ် ခဲ့သည်။ ဗမာမွတ်စလင်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။  လန်ဒန်တွင် ရောက်နေသော ဖဆပလဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင် ဆန်းထံသို့ ဗမာမွတ်စလင်လူများစုအဖြစ်နေရန်ဗမက ပြည်လုံးကျွတ်ညီလာခံမှ ဆုံးဖြတ်ကြောင်းကြေးနန်းပို့ခဲ့သည်။
    ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အာဇာနည်ကြီး ဒီးဒုတ်ဦးဘချိုက ဒီဗမက (ဗမာမွတ်စလင်မ်ကွန်ဂရက်)ကလူတွေတော့ တစ်ချိန်မှာ ဘာမှမ ဟုတ်တဲ့ ကုလားတွေ  ဖြစ်ကုန်ကြတော့မှာပဲ ဟု သံယောဇဉ်ဒေါသောဖြင့် ဆိုခဲ့ဖူးသည်။ သွေးထွက်အောင် မှန်ပါသည်။ နောက်လူတွေကိုလည်း ဗိုလ်ချုပ်တို့၊ ဒီးဒုတ် ဦးဘချိုတို့လိုပင် ပြည့်ဝသော ခေါင်းဆောင်များ ဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ကြမိသည်ကိုး။ နောက်တစ်ချက်က တိုင်းပြည်လွတ် လပ်ရေးအတွက် အပူတစ်ပြင်း ကြိုးပမ်းနေကြစဉ် မိမိတို့ တစ်ကိုယ်ရည်အတွက် အခွင့်အရေးပေးသည်ကိုပင် အပြည့်အဝ မယူမိခဲ့ကြ။ ဒီလိုခေါင်း ဆောင်ကြီးတွေ အကြာမီ လုပ်ကြံခံလိုက်ရပြီး တိုင်းပြည်အနာဂတ်က ဇောက်ထိုးမိုးမြှော် ပြောင်းသွားလိမ့်မည်ဟုလည်း ဘယ်သူကမှ မတွက်မိခဲ့ကြ။
    ၁၉၅၅ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုက ဖဆပလအဖွဲ့ချုပ်လက်အောက်ရှိ အသင်းအဖွဲ့ဖြစ်သော ဗမကကို ဖျက်ခိုင်းစဉ်တွင်လည်း “ဗမက က ဗမာတွေပါ။ မွတ်စလင်မ်ဘာသာယူထားတဲ့ ဗမာတွေပါ။” ဟူသောစကားကို သုံးခဲ့သည်။ (၁၉၅၅ ဒီဇင်ဘာ၃၀ထုတ် မြန်မာ့အလင်း သတင်းစာ)
    ၁၉၈၂ခုနှစ် အောက်တိုဘာ၈ရက်နေ့ အလုံလမ်းရှိ သမ္မတအိမ်တော်တွင် အစည်းအဝေးကျင်းပရာတွင် မဆလဥက္ကဋ္ဌကြီး (တရုတ်ကပြားတစ်ဦးဖြစ် သည့်) ဦးနေဝင်း၏ မိန့်ခွန်းကတော့ ကျွန်တော်တို့အတွက် စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရသည်။ ကုလား၊ ကုလားပြည်စသည့် အသုံးအနှုန်းများ လှိုင်လှိုင်သုံး ကာ ဧည့်နိုင်ငံသားဟူသည်ကို စတင်ပြောခဲ့သည်။ ပြည်တွင်းတွင် ရှိနေသည့် ကုလားများ (တရုတ်များလည်း သူ့မိန့်ခွန်းတွင်ပါပါသည်)သည် မြန်မာနိုင် ငံအတွက် သစ္စာဖောက်များပမာ သုးံစွဲသွားခဲ့ပါသည်။ (၁၉၈၂အောက်တိုဘာလ ၉ရက်နေ့ The Working People’s Daily အင်္ဂလိပ် သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် အဆိုပါမိန့်ခွန်းဘာသာပြန် ပါရှိခဲ့သည်။)
    ၁၉၉၆ခုနှစ် ရန်ကုန်မြို့ တမန်တော်နေ့အခမ်းအနားသို့ သာသနာရေးဝန်ကြီး ဗိုလ်ချုပ်မျိုးညွန့်တက်ရောက်ကာ အမှာစကားပြောကြားခဲ့ရာတွင် “ဗမာ ပြည်ဖွား ဗမာမွတ်စလင်မ်များသည် ဗမာသာဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်ခြင်းကြောင့် ကုလား ဖြစ်မသွား” ဟု ဆိုပြန်သည်။ နိုင်ငံတော် သတင်းစာများကလည်း အဆိုပါစကားရပ်ကို ကိုးကား ဖော်ပြခဲ့ကြပြန်သည်။
    ယခု တစ်ခါ တစ်မျိုး ဆိုကြပြန်ပါပြီ။ မနှစ်က မြန်မာမွတ်စလင်မ်များနှင့် စပ်လျဉ်း၍ မေးခွန်းမေးရာတွင် ဦးခင်ရီက ဘင်္ဂါလီများကို ဆိုလိုသည်ဟု ထင်ကြောင်း အစချီကာ ပြောသွားခဲ့သည်။ မြန်မာပြည် အနှံ့အပြားတွင် ရှိနေသော ဗမာ မွတ်စလင်မ်တွေကို ဘင်္ဂါလီနှင့် ရောချဖြေသွားသည်။ တစ်ကြိမ်။
    မကြာသေးမီက သတင်းစာ နှစ်စောင်တွင် ဒေါင်းယောင်ဆောင်သောကျီးအမည်ဖြင့် ဆောင်းပါး ပါလာပြန်သည်။ မွတ်စလင်မ်နှင့် ချစ်တီးကုလားကိုပင် ခွဲမသိသည့် ပုဂ္ဂိုလ်က အဆင့်မရှိသည့် ပုံစံရေးခဲ့ပြန်သည်။ ရိုဟင်ဂျာကို ပြောသည်လား။ ပြည်တွင်းမှာ အစဉ်အဆက်နေလာသည့် မွတ်စလင်မ်များကိုပါ သိမ်းကျုံး ရည်ညွှန်းခဲ့သည်လား သာမန် စာဖတ်သူပင် အလွယ်တကူ ခွဲသိနိုင်ပါသည်။
    ယခုတစ်ဖန် နိုင်ငံတော်ပိုင် သတင်းစာက နောက်တစ်ကြိမ် ဆိုပြန်ပါပြီ။ မွတ်စလင်မ်ကုလားတဲ့။ မွတိစလင်မ်ဘက်က မခံရပ်နိုင်မှန်းသိတော့ ပြင်ပေးသည်က “ပြည်တွင်းနေ အစ္စလာမ် ဘာသာ ကိုးကွယ်သူ” တဲ့။
    ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာစေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ဖူးသူ မဟာသရေစည်သူဘွဲ့ရ သံအမတ်ကြီးဦးဖေခင် မကွယ်လွန်မီက ညီလာခံတစ်ခုတွင် “တို့ဗမာပြည်က ဗမာမွတ်စလင်မ်တွေအားလုံး ကုလားတွေကွ၊ နိုင်ငံခြားက ကူးလာတဲ့ မျိုးမစစ်တဲ့ကောင်တွေကွ၊ တို့ကို ကုလားလူမျိုးလို့သာ မှတ်ပုံတင်မှာ မင်းတို့ သတ္တိရှိရင် သတ်မှတ်ကြ…”ဟုဒေါသတစ်ကြီး ခံစားချက်တစ်ကြီး ပြောခဲ့ဖူးကြောင်း ထိုညီလာခံတွင် တက်ရောက်ခဲ့သူများ ပြန်ပြောပြသည်ကို ကြားဖူးပါသည်။
    အဖိုးလေးဖြစ်သူ ဦးညီညီကလည်း ဆုံးခါနီးနောက်ပိုင်းအချိန်တွင် “ငါက ကုလားကြီးကွ၊ ငါက ကုလားကြီးကွ” ဟု တစ်ဖွဖွပြောခဲ့ပြန်ပါသည်။
    စာရေးဆရာကြီး ပသီဦးကိုကိုလေး မဆုံးမီ လပိုင်းအလိုက စကားပြောဖြစ်ရာတွင်လည်း သူ့တစ်သက် ဘာပဲလုပ်ခဲ့လုပ်ခဲ့ နောက်ဆုံး ကုလားကြီးက ကုလားကြီးပါပဲဟု ဆိုသွားခဲ့ပါသည်။
    မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအဟ်မွတ်စလင်မ်အဖွဲ့ချုပ် ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးမောင်မောင်တာ ကလည်း သူ၏ညီအစ်ကို ရင်းချာများတွင် အစ္စလာမ်ဘာသာကိုးကွယ်သော သူ၏မှတ်ပုံတင်တွင် လူမျိုး အီန္ဒိယ+ဗမာ ဖြစ်နေပြီး ဗုဒ္ဓဘာသာကိုးကွယ်သည့် တစ်အူတုံဆင်း ညီနောင်က ဗမာလူမျိုး ဖြစ်ရခြင်းအကြောင်းရင်းကို နိုင်ငံတော် တာဝန်ရှိသူများထံ မေးမြန်းတင်ပြခဲ့ဖူးသည်။
    ကွယ်လွန်သူ ဆရာကြီး ဦးတင့်ဆွေ (မော်လဝီအဖွဲ့ချုပ်ကလည်း) ဗိုလ်ချုပ်တို့ (သာသနာရေးဝန်ကြီး ဗိုလ်ချုပ်မျိုးညွန့်ကို မေးခဲ့ခြင်းဖြစ်ပါသည်) သတ်မှတ်တဲ့ လူမျိုးဆိုတာ လူတစ်ယောက်က မဟာဗန္ဒုလ ပန်းခြံလမ်းအတိုင်း လမ်းလျှောက်လာရာမှာ ဆူးလေဘုရားပေါ်တက်သွားရင် ဗမာစစ်စစ်၊ ဘေးက ဗလီပေါ်တက်ရင် အိန္ဒိယပေါင်းထည့်သည့် မူဝါဒပါလား ဟု မေးခဲ့ဖူးပါသည်။
    ကိုယ့်အကြောင်းကိုယ် ပြောပါတော့မည်။ ကျွန်တော်သည် ကိုယ့်ကိုကိုယ် ဘာကောင်ဖြစ်လို့ ဖြစ်မှန်း အမှန်တစ်ကယ် မသိသူဖြစ်ပါသည်။
    ၁၀နှစ်ပြည့် မှတ်ပုံတင် ထွက်လာတော့ လူမျိုးဗမာ၊ ဘာသာအစ္စလာမ်တဲ့။ ကျွန်တော့် မိသားစု ဘိုးစဉ် ဘောင်ဆက်လည်း ထိုနည်းအတိုင်းပါပင်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဆရာကြီး ဦးရာဇတ်တို့၊ ဒီးဒုတ်ဦးဘချိုတို့ ချမှတ်ခဲ့သည့် လမ်းစဉ်ဟုဆိုရပါမည်။ (ဝမ်းနည်းစရာကောင်းသည်က ထိုခေါင်း ဆောင်များ မရှိကြတော့။) ထို့ကြောင့် ပတ်ဝန်းကျင်က ဘာပြောပြော ဥပဒေကြောင်းအရ ငါသည် ဗမာတိုင်းရင်းသား ရယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ခဲ့သည်။ တိုက်ပုံကို မြတ်နိုးဂုဏ်ယူစွာ ဝတ်ခဲ့သည်။
    အသက် ၂၃နှစ် အရွယ်ထိ ကိုယ့်ကိုကိုယ် ဗမာ ထင်ခဲ့သူ။ ထိုစဉ်ကမှ ညီငယ် ၁၈နှစ်ပြည့် မှတ်ပုံတင် ပြောင်းရတော့ တစ်မိသားစုလုံး၏ အိမ်ထောင်စုဇ ယားတွင် လူမျိုး ဗမာ ရှေ့တွင် အိန္ဒိယ ထပ်ပေါင်းခံရသူ။ ကျွန်တော့်သား မွေးတော့ အိမ်ထောင်စုဇယားတွင် ထည့်သွင်းချိန်တွင် သူ့လူမျိုးက “အိန္ဒိယ+ဗမာ+ ဗမာ+ အိန္ဒိယ+ပလောင်” ပါတဲ့။
    မကြာမီ နှစ်ပေါင်း ၂၀၊ ၃၀ အတွင်း ပထမဆုံးအဖြစ် သန်းခေါင်စာရင်း ကောက်ယူပါတော့မည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေ သော အစ္စလာမ်ဘာသာဝင်များလည်း ထိုစာရင်းတွင် ပါဝင်ကြပါမည်။ ထိုသူတို့ကို ဘာလူမျိုးဟု သတ်မှတ်ပါမည်လဲ။ တစ်ညီတစ် ညွတ်ထဲ ကုလား လူမျိုးဟု ခေါ်ဝေါ် သတ်မှတ်မည်လော။ ဝန်ကြီး ဦးခင်ရီ မကြာမကြာ သုံးစွဲနေသည့် ဘင်္ဂါလီဟု စာရင်း သွင်းပေးမည်လော။ မိတ်ဆွေတစ်ဦး၏ သမီး မှတ်ပုံတင်တွင် ပါသလို အိန္ဒိယလူမျိုးလော။ (အတော် အထာမကြသည့် စကားလုံးဖြစ်သည်။ ကမ္ဘာတွင် အိန္ဒိယ နိုင်ငံသားသာရှိသည်၊ အိန္ဒိယလူမျိုးဟူ၍ မရှိ။ ဟင်ဒီလူမျိုးသာ ရှိမည်။ နိုင်ငံတစ်ခုအမည်နှင့် ဗမာ တွဲဖက်အဖော်ပြခံနေရသော ကျွန်တော်တို့ နှစ်ပိုင်းတစ်ပိုင်းလူမျိုးအမည်သည် ရှာမှရှားဟု ဆိုရမည့် အံ့ဖွယ်တစ်ခုဖြစ်သည်။)
    မည်သည့် မူနှင့် ဆက်သွားကြပါမည်လဲ။ ကျွန်တော်တို့တွေသည် မပြည့်ဝသော နိုင်ငံသားလား။ တစ်ပိုင်းတစ်စ နိုင်ငံသားလား။ မိမိတို့၏ မွေးရာပါအနေအထားအရ ရွေးချယ်ခွင့် မရှိဘဲ အကြောင်းကြောင်းကြောင့် ဒီနိုင်ငံမှာ လူဖြစ်နေရသော ဘာမှန်းမသိသည့် သတ္တဝါများလား။ ပြည်တွင်းနေ အစ္စလာမ်ဘာသာကိုးကွယ်သူဆိုသည်ကို ရှင်းလင်းစွာ နားလည်ခြင်း မရှိပါခင်ဗျား။ နိုင်ငံတော် သီချင်းဆိုစဉ် “ ဒါတို့ပြည်၊ ဒါတို့မြေ တို့ပိုင်နက်မြေ”ကို လိပ်ပြာလုံလုံ ဆိုခွင့် ရှိသောသူများ ၊ ဒီမြေဒီရေကို ချစ်ပိုင်ခွင့် ရှိသောသူများ ဟုတ်ပါရဲ့လားခင်ဗျား။
    လွှတ်တော်ဥက္ကဋ္ဌ ဦးသူရ ရွှေမန်း နှင့် ပြည်သူတို့အားထားရာ ဒေါ်အောင်ဆန်းစုကြည် တို့ အမှူးပြုသော လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စား လှယ် ဥပဒေပြုရေးမဏ္ဍိုင်၊ အချိန်တိုလေးအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ အံ့အားသင့်ရလောက်အောင် လုပ်ပြသွားခဲ့သည့် ပြည်သူတို့၏ သမ္မတကြီး ဦးသိန်းစိန် အမှူးပြုသော အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ၊ ဝန်ကြီး ဦးကျော်ဆန်း၊ ဦးခင်ရီ စသည်တို့ ဦးဆောင်သည့် နိုင်ငံတော် ပြန်ကြားရေး တာဝန်ရှိသူများနှင့် စာနယ်ဇင်း သတင်းမီဒီယာ အသီးသီးကို ကိုယ်စားပြုသည့် စတုထ္တမဏ္ဍိုင်၊ ထိုသည့်နောက် ပဉ္စမမဏ္ဍိုင် ဟုတင်စား ခေါ်ဆိုလိုသည့် ဘာသာသာသနာအသီးသီးမှ ဆရာတော် သံဃာတော်ကြီးများ၊ ဓမ္မဆရာများ၊ ဘာသာရေးခေါင်းဆော်များကို စာရှုသူ မိတ်ဆွေက ကျွန်တော့် ကိုယ်စား မေးပေးပါလားခင်ဗျား။ ကျွန်တော့်ကိုယ်ကျွန်တော် ဘာကောင်မှန်း မသိတော့လို့ပါ။ ကျွန်တော်သည် မြန်မာပြည်တွင် ဘာပါလဲခင်ဗျား။
    ဝန်ကြီးချုပ်ဦးနုက ၁၉၅၅ခုနှစ်တွင် ဗမက ဖျက်ခိုင်းစဉ်က ခင်ဗျားတို့ ဗမာမွတ်စလင်မ်တွေ ကိုယ့်ကိုကိုယ် ကုလားလား ဗမာလား စဉ်းစားတာ နှစ်မိနစ်မကြာပါဘူးဟု ထည့်သွင်း ပြောဆိုခဲ့ပါသည်။ သူကတော့ ဘာကြောင့် နှစ်မိနစ်မကြာဟု ထင်သည်မသိ ကျွန်တော့်အတွက်ကတော့ နှစ်၃၀နီးပါး ကြာနေပါပြီ၊ အဖြေမရသေးပါခင်ဗျား။ နှစ်မိနစ် မကြာနိုင်သည်က ကုလားဖြစ်လို့ဟုသာ ယူဆရပါမည်လား။
    ကုလား၊ ကပြား၊ သွေးနှော၊ အိန္ဒိယဗမာ၊ ပသီကုလား၊ မျိုးမစစ်၊ ဗမာမွတ်စလင်မ် မည်သို့ခေါ်ခေါ် ကျွန်တော့်တွင် (အနည်းဆုံး အထက်အဆက် ၄ဆက်တွင် မဟုတ်သည့်) မည်သည့် အဆက်အနွယ် ကမှန်း သေချာမသိသော နိုင်ငံခြားသားသွေး (ကုလားသွေး) ပါပါသည်။ တစ်ဖက်ကလည်း ဗမာသွေး တိုင်းရင်းသားသွေး ပါပါသည်။ လူကြီးမင်းတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့သည် ဒီမြေမှာပဲနေကြကာ ဒီမြေမှာပဲ သေကြရမည့် မနည်းလှသည့် လူ့အစုအဝေးတစ်ရပ်ဖြစ်သည်။ ဒီမြေဒီရေတွင် ကြီးပြင်းလာရသည့် ကျွန်တော်တို့တွင် အခြားလည်း သွားစရာ မရှိ၊ နိုင်ငံရပ်ခြားထွက်လျင်လည်း တစ်ကမ္ဘာလုံးက သတ်မှတ်သည်က ကျွန်တော်တို့ “ပြည်တွင်းနေ အစ္စလာမ် ဘာသာ ကိုးကွယ်သူ”သည် အခြား နိုင်င်ငံသားများနည်းတူ ပတ်စပို့တ်အနီကိုင် မြန်မာများသာ။
    ကျွန်တော့်ကို ကျွန်တော် ဗမာသွေးပါမှုအရ ကျန်ဗမာများနှင့် ညီနောင်ဝမ်းကွဲဟု သတ်မှတ်ပါသည်။ ကျန်ဗမာများကရော တော်သည့်သွေးကိုကြည့်ကာ ဝမ်းကွဲညီနောင်အဖြစ် လက်တွဲလိုပါသလား၊ ညီနောင်ရင်းချာ တစ်အူတုံဆင်း မဟုတ်သည့်အတွက် ဆွေခန်းမျိုးခန်း ဖြတ်လိုပါသလား။
    မကင်းနိုင်သည့်အတူတူ တည့်အောင် အဆင်ပြေအောင် နေကြလျင် အကောင်းဆုံး မဟုတ်ပါလားခင်ဗျား။
  • ကိုယ့်သာသနာကို ကိုယ်တိုင်တကယ်ချစ်ပါသလား ?
    ဂျူလိုင်ရဲရင့်
    အခုတစ်လော Online ပေါ်မှာရော၊ ပတ်ဝန်းကျင်မှာပါ ဘာသာရေးပုတ်ခတ်မှုတွေ၊ ဖြေရှင်းမှုတွေ တအုံတကျင်းဖြစ်လာတာတွေ့ရကြားရပါတယ်။ ပုတ်ခတ်လှုံ့ဆော်နေကြတဲ့သူတွေကို ဒီနေရာကနေ ကျွန်တော် မေးခွန်း တစ်ခုမေးကြည့်ချင်ပါတယ်။ ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပေါ်လာတာကိုမြင်ချင်နေ ကြလို့လားခင်ဗျာ ? Online ပေါ်မှာ လူလုံးမပြဘဲ ဟစ်မေးမေးနေတာ မဟုတ်ဘူးနော်။ အပြင်လောကမှာ အဲ့ဒီလို အစွန်းရောက်နေတဲ့ ( ခပ်ကြမ်းကြမ်းဆိုရယင် သွေးဆူနေတဲ့) သူတွေကို တွေ့ကြုံတိုင်း ကျွန်တော် ဒီလိုဘဲ မေးမြန်းကြည့်တယ်။ ဟုတ်တိပတ်တိ အဖြေမပေးနိုင်ကြဘူးဗျ။ တစ်ချို့ကျတော့ပြောတယ် – ၀ံသာနု ရက္ခိတတရား ဆိုတဲ့ စကားလုံး  သုံးလာကြပါတယ်။ မေးတာတစ်ခြားဖြေတာ တစ်လွဲဖြစ်နေပေမယ့် ကျွန်တော် စဉ်းစားကြည့်မိပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ သြ၀ါဒဖြစ်တဲ့ မဇ္ဈိမပဋိပဋာလမ်းကြောင်းကနေ စဉ်းစားကြည့်တာပါ။
    ကမ္ဘာပေါ်မှာရောက်ရှိလာကြတဲ့ လူသားတိုင်းဟာ (ကျွန်တော်အပါအ၀င်ပေါ့) မိမိဟာ ဘာလူမျိုးဖြစ်ရမယ်လို့ ကိုယ့်ဟာကိုယ် သတ်မှတ်ပြီး လူဖြစ်လာရတာမှ မဟုတ်လေဘဲ။ မိဘက မြန်မာဆို သားသမီးက အလိုလိုနေယင်း မြန်မာဖြစ်ရတာ – လူမျိုးမတူယင် ကပြားဖြစ်လာရတာ။ပြီးတော့ရွေးချယ်ပိုင်ခွင့်မရှိတဲ့ ကံတရားအတိုင်း လူဖြစ်လာကြတဲ့နောက် ဘာလူမျိုးပါလို့ဆိုပြီး သတ်မှတ်ခံရတယ် မဟုတ်ပါလား ? ဆိုပါစို့။ အင်္ဂလန်ပြည်က အင်္ဂလိပ်စစ်စစ် တစ်ဦးဟာမြန်မာပြည်မှာ လာနေပြီး မိမိကိုယ်ကို မြန်မာလူမျိုးပါလို့ သတ်မှတ် ကြွေးကြော်နေရင် ရယ်စရာကြီးဖြစ်နေမှာပေါ့။ ပြီးတော့ ဒီလူဟာ ခရစ်ယာန်ဘာသာကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာကို လက်ခံလိုက်တာနဲ့ မြန်မာလူမျိုးဖြစ်မလာသလို၊ ဗမာလူမျိုးတစ်ဦးက ခရစ်ယာန် ဘာသာဖက် ပြောင်းသွားတာနဲ့ အင်္ဂလိပ်လူမျိုးလဲ ဖြစ်မသွားပါဘူး။ ဘာပဲဖြစ်ဖြစ် လူမျိုးက လူမျိုးပါဘဲ။ ဘာသာတရားက ဘာသာတရားပါဘဲ။ ကျွန်တော်တို့ကိုယ်၌က မကွဲမပြား ဖြစ်နေပါတယ်။ ပြီးတော့ ဘယ်လူမျိုးကိုဘဲကြည့်ကြည့်၊ ကိုယ့်အမျိုးကို ချစ်မြတ်နိုးသူရှိသလို လူမျိုးခြားကိုမှ အထင်ကြီး တာတွေလည်း ရှိနေတာဘဲ။ သူ့အကြောင်းနဲ့သူပါ။ ချစ်ခြင်းဖြစ်စေ၊ မုန်းခြင်းဖြစ်စေ စိတ်မှာသာ တည်တာပါ။ မိမိရဲ့စိတ်ကိုတောင် အစိုးမရနိုင်တာ တခြားသူတွေကလည်း သူ့စိတ်နဲ့သူ သူ့သဘော သူဆောင်နေပါလိမ့်မယ်။ ဘယ်လိုလူမျိုးဟာ ဘယ်ဘာသာတရားအောက်မှာဘဲရှိရမယ် ဆိုတဲ့ သတ်မှတ်ချက် လောကမှာ မရှိပါဘူး။ လူမျိုးတူပေမယ့် ဘာသာကွဲတာ၊ ဘာသာတူပေမယ့် လူမျိုးကွဲတာ မမြင်ချင်အဆုံးဘဲ မဟုတ်လား။ ဒီသဘာဝတရားအပေါ် ကျွန်တော်တို့ ဘာကြောင့် အလိုမကျဖြစ်နေဦးမှာလဲ?
    မိမိလူမျိုးကို တကယ်ချစ်ယင် လူမျိုးကိုဘဲကြည့်သင့်တယ်။ ဘာသာတရားလို့ဆိုလာယင် ဘာသာတရားရဲ့မျက်နှာတစ်ခုထဲ ကြည့်သင့်ပါတယ်။ လူမျိုးနဲ့ဘာသာ ရောထွေးပြီဆိုယင် မိမိကိုယ်တိုင် ရောထွေးမှုပြသနာထဲ ခုန်ဆင်းနေတာပါဘဲ။ အဲ့လိုလူစားတွေကို ကြည့်လိုက်ပါဦး။ ကိုယ့်ဘာသာသာသနာရဲ့ ကောင်းကျိုးကိုရော ကိုယ့်လူမျိုးရဲ့ကောင်းကျိုးကိုပါ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်တော့ဘဲ မျောက်သစ်ကိုင်းလွတ် ဖြစ်ကုန်တာ လက်တွေ့မြင်ရမှာပါ။ ဒီတော့ သူတို့ရဲ့ ကြွေးကြော်မှု၊ ပုတ်ခတ်မှု။ လှုံ့ဆော်မှုတွေရဲ့နောက်ကွယ်မှာ ဘာတွေကို အကြောင်းခံထားသလဲ၊ တကယ့်ရည်ရွယ်ချက် အမှန်က ဘာလဲလို့ ကျွန်တော်တို့မြင်အောင်ကြည့်ဖို့ လိုအပ်လာပါပြီ။ အဲ့ဒီအခြေအနေကနေ ရှေ့ဆက်ဖြစ်ပေါ်လာမယ့် အကျိုးတရားက ဘာလဲ …. မုန်းတီးရွံရှာမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ အငြိုးအာဃာတတွေ၊ပြသနာတွေ၊ မတည်ငြိမ်မှုတွေ အဆုံးသတ်မှာတော့ ရန်ပွဲတွေ၊ စစ်ပွဲတွေဖက် ဦးတည်သွားတာဘဲ မဟုတ်လားဗျာ။ မလိုလားအပ်တဲ့ အဓိပ္ပါယ်မဲ့ အဓိကရုဏ်းတွေဖြစ်လာတဲ့ အခါ မိမိချစ်ပါတယ်ဆိုတဲ့ မိမိလူမျိုးတွ၊ မိမိဘာသာဝင်တွေ အနည်းနဲ့အများ ထိခိုက်နစ်နာစေတာ – သွေးချောင်းစီးစေတာကလွဲလို့ တခြားဘာ အကျိုးအမြတ်ရှိပါသေးသလဲ။ ရှိပါတယ်လို့ ဇွတ်ပေငြင်းနေသူတွေကို အဲ့ဒီအကျိုးအမြတ်တွေကို ဖော်ပြခိုင်းကြည့်ပါ။ ဒီလောက်ဆိုယင် ဆင်ခြင်တုံတရား ရှိသူတိုင်း ရိပ်စားသိမြင်နိုင်ပါပြီနော်။ မိမိအမျိုးသား/ လူမျိုးအပေါ်ကောင်းကျိုးဆောင်ရွက်နိုင်စွမ်း မရှိရင်တောင်မှ လူထုကြားထဲ ပူလောင်မှုကို သွတ်သွင်းဖြန့်ချိတာမျိုး ရှောင်ကြဉ်ဖို့၊ တားဆီးဖို့ လိုအပ်ပါတယ်။ ၀ံသာနုရက္ခိတရဲ့ အနိမ့်ဆုံးအခြေခံသဘောက မတိုးတက်ယင်နေ – ငြိမ်းချမ်းတည်ငြိမ်နေရမယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။
    ဘာသာရေးကိစ္စမှာလဲ အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံး ဥပမာတစ်ခုပေးလိုပါတယ်။ ကျွန်တော်က (မှန်မှန်မှားမှား အကြောင်း တစ်ခုခုကြောင့်) လူတစ်ဦးကို မအေနှမကိုင်တုပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုလိုက်တယ်ဆိုပါစို့။ နံပါတ်တစ် – ကျွန်တော်သည် မငြိမ်းချမ်းသူ၊ ပူလောင်သူလို့ ပေါ်လွင်သွားပါတယ်။ နံပါတ်နှစ် – ကျွန်တော်သည် မိုက်ရိုင်းသူ၊ စော်ကားတတ်သူအဖြစ် ထင်ရှားသွားပါတယ်။ နံပါတ်သုံး – အဆဲခံရသူဟာ မိမိလိုလူစားဖြစ်နေတယ်ဆိုယင် သူက ကျွန်တော့်ကို မအေနှမ ကိုင်တုပ်ပြီးပြန်ဆဲမှာ မုချပါဘဲ။ ဒီတော့တွေးကြည့်နိုင်ပါတယ်။ သူတစ်ပါးရဲ့ မအေနှမကို သွားထိခိုက်တာဟာ မိမိရဲ့မအေနှမကိုပြန်ဆဲခိုင်းလိုက်တာနဲ့ မတူပေဘူးလား ? ကိုယ့်မိခင်အပေါ် တကယ်ချစ်တဲ့သူဟာ ကိုယ့်မိခင်ကို တစ်ပါးသူက ဆဲဆိုလာအောင် ဘယ်တော့မှ မဖန်တီးပါဘူး။ အလားတူဘဲ တစ်ပါးသူရဲ့ ဘာသာတရားနဲ့လူမျိုးရေးကို သွားပြီး ထိခိုက်စော်ကားယင် မိမိရဲ့သာသနာ၊ မိမိရဲ့လူမျိုးအပေါ် ထိခိုက်စော်ကား ပုတ်ခတ်ခံရမှုတွေ အနည်းနဲ့ အများဆိုသလို ပြန်သက်ရောက် တတ်ပါတယ်။ မိမိရဲ့ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခု၊ စာတစ်ပုဒ်ဟာ မိမိရဲ့ သာသနာ၊ မိမိရဲ့လူမျိုးဆီကိုပြန်ပြီး မကောင်းကျိုး သက်ရောက်စေတာနဲ့ မတူပေဘူးလား ? လက်သီးလက်မောင်းတန်းပြနေယုံမျှနဲ့ ၀ံသာနုစိတ်၊ သာသနာချစ် စိတ်ရှိတယ်လို့ အမည်မတပ်နိုင်ပါဘူး။ လူတွေ ချီးမွှမ်းလာအောင်၊မြှောက်စားလာအောင်ဆွေ့ဆွေ့ခုန်  သည်းသည်းလှုပ်ပြနေတာထက် လက်တွေ့ကျတဲ့အဖြေ တစ်ခုထုတ်နိုင်ဖို့ ပိုပြီးအလေးထားသင့်ပါတယ်။ ကျွန်တော် မေးပါရစေ – ကိုယ့်သာသနာကို ကိုယ်တိုင်က တကယ်ချစ်ပါသလား ?
    ဘာသာတရားနဲ့ပတ်သက်လို့ နောက်ထပ်အတွေးလေးတစ်ခု တင်ပြချင်ပါတယ်။ ကျွန်တော်တို့တစ်တွေ (အများစု)က လူတွေရဲ့ရုပ်လုံး – Figure of People နဲ့ ဘာသာတရားတွေရဲ့ အနှစ်သာရ – Essence of Religions ကို ခွဲခွဲခြားခြား မမြင်တတ်ကြဘူး။ ပြသနာအများစု အဲ့ဒီက စတာပါ။ လူတစ်ဦးဟာ ဘယ်သာသာဝင်ဆိုလိုက်တာနဲ့ အဲ့ဒီ ဘာသာတရားရဲ့ကိုယ်စားပြုသူဖြစ်မသွားပါဘူး။ များသောအားဖြင့် လူကသပ်သပ် မူကသပ်သပ် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ လူနဲ့မူ တစ်ထပ်တည်းကျတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ အလွန်နည်းပါးပါတယ်။ သက်ဆိုင်ရာဘာသာတရားရဲ့ ပရိယတ္တိတွေ၊ သာသနာ့ အဆုံးအမတွေကို ထဲထဲဝင်ဝင်လေ့လာလိုက်စားပြီး ကျင့်သုံးနေကြသူဆိုလို့ မဆိုစလောက်ပါဘဲ။
    ဒါကြောင့် ဘာသာတရားတစ်ခုခုကို ခံယူထားတဲ့ လူတစ်ဦး/တစ်စုတစ်ဖွဲ့ လုပ်ဆောင်တာကိုကြည့်ပြီး အဲ့ဒီဘာသာတရားက အဲ့ဒီလို သွန်သင်ထားတာဘဲလို့ ကောက်ချက်ချလို့ရနိုင်ပါ့မလား။ လူကိုကြည့်ပြီး ဘာသာတရားကို မုန်းတီးတာဟာ သဘာဝ မကျဘူးဖြစ်နေပါတယ်။ ဒါ့ပြင် လူတစ်ဦး/တစ်စုတစ်ဖွဲ့ရဲ့ ဆိုးသွမ်း မိုက်ရိုင်းတဲ့အပေါ် သူတို့ရဲ့ လူမျိုး၊ သူတို့ရဲ့ ဘာသာဝင်အားလုံး ဒီအတိုင်းပါဘဲဆိုပြီး သိမ်းကျုံးယူဆလိုက်လို့ မရစကောင်းပါ။ မကောင်းမှုကို ညွှန်ပြတဲ့ဘာသာတရားဆိုလို့ တစ်ခုမှ မ၇ှိကြပါဘူး။ ထို့နည်းတူ ဘာသာတရားတိုင်းရဲ့ ကျမ်းဂန်ထဲမှာ အခြားဘာသာသာသနာတွေအပေါ် မကောင်းမြင်တယ် – ရှုတ်ချထားတယ်လို့ထင်မြင်ရတဲ့ ဖော်ပြမှုတွေ ဧကန်ဆတ်ဆတ် တွေ့နိုင်ကြပါလိမ့်မယ်။ အမှန်ကတော့ ကိုယ့်သဘော ကိုယ်ဆောင်နေကြခြင်းဘဲ ဖြစ်ပါတယ်။
    ခေတ်ကာလတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံဒေသတိုင်း၊ ဘာသာတရားတိုင်းမှာ ကောင်းသူ ဆိုးသူ ရှိနေကြတာချည်းပါဘဲ။ မတူညီတဲ့ ကမ္ဘာ့ဘာသာတရားအသီးသီးကိုလေ့လာကြည့်ယင် တူညီတဲ့ အခြေခံ ပန်းတိုင်တစ်ခုထဲဆီ ရှေ့ရှုနေတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ အနှစ်သာရကတော့ ငြိမ်းချမ်းရေးတဲ့။ အပြန်အလှန် နားလည်မှု မရှိရင် ဘယ်သောအခါမှ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါဘူး။ ငြိမ်းချမ်းမှုနဲ့ ပူလောင်မှုကလည်း တစ်ချိန်တည်း တစ်နေရာတည်းမှာ တစ်ပြိုင်နက်တည်း ယှဉ်တွဲမရှိနိုင်ပါဘူး။ တစ်ခုကို ဆုပ်ကိုင်ယင် နောက်တစ်ခုကို လက်လွှတ်ရမှာ သေချာပါတယ်။ ကျွန်တော်တို့ ဘာရွေးကြမလဲ ?
    ဘယ်အသိုင်းအ၀ိုင်းမှာမဆို မြင့်မြတ်တဲ့သူတွေရှိကြတယ်၊ ယုတ်ညံ့တဲ့သူတွေလဲ ရှိတယ်။ သမမျှတအောင် နေထိုင်ဆက်ဆံသူတွေ ရှိကြသလို အစွန်းရောက်နေသူများလည်း ရှိနေတာပါဘဲ။ မျက်စေ့ တစ်ဖက်လပ်နေသူဟာ မြင်ကွင်းတစ်ဖက်ဘဲ ရှိတတ်ပါတယ်။ မျက်မှန်စိမ်းတပ်ပြီး လိုက်ကြည့်နေသမျှ တစ်လောကလုံးကို အစိမ်းရောင်ဘဲ မြင်နေရမှာပါ။ အစွဲကို ချွတ်နိုင်ပါမှ အတွေးအမြင်ကြည်လင်ပါမယ်။ အမြင်ကြည်လင်ပါမှ ပကတိတရားကို တွေ့ရပါမယ်။ ရွှေနဲ့မစင်ဟာ ရံဖန်ရံခါမှာတော့ အရောင်အသွေး ခပ်ဆင်ဆင်ဖြစ်တတ်ပါတယ်။ အရောင်တူတိုင်း အမျိုးအစား၊ အရည်အသွေး၊ အဆင့်အတန်း မတူညီနိုင်ပါဘူး။ ကွဲကွဲပြားပြား မခွဲခြားတတ်ယင် မခွဲခြားတတ်သူရဲ့ အပြစ်သာလျှင် ဖြစ်ပါလိမ့်မယ်။
    သူတစ်ပါးအိမ်က မီးသီးမီးချောင်းတွေကို ခဲနဲ့လိုက်ပစ်နေလို့ ကိုယ့်အိမ်ကမီး ပိုမလင်းသွားပါဘူး။ ကိုယ့်အိမ်ထဲမှာ အလင်းရောင် ပိုပြီးထိန်ထိန်သာချင်ယင်တော့ မီးအားမြှင့်စက်တပ်ဆင်အသုံးပြုတာက အကောင်းဆုံးနည်းလမ်းပါဘဲ။ ကိုယ့်လူမျိုး၊ ကိုယ့်သာသနာကို ကိုယ်တိုင်က တကယ်ချစ်တယ်ဆိုယင် တစ်ပါးသောလူမျိုး၊ တစ်ပါးသောသာသနာကို ထိခိုက်အောင်လုပ်ပြီး အင်အား မဖြုန်းတီးပစ်ပါနဲ့လို့ မီးမောင်းထိုးပြ လိုက်ရပါတယ်။သွေးဆာနေတဲ့ လူတွေအကြား ရွှေပြည်အေး တရားဟောပြတာ မဟုတ်ပါဘူး ခင်ဗျ။ ပူလောင်တဲ့ သွေး အစား အေးချမ်းတဲ့ ရေကြည် ကို သောက်သုံးဖို့ တိုက်တွန်းလိုက်ခြင်းသာ ဖြစ်ပါကြောင်း။
  • တို့တွေဘယ်ထိအောင်ဆက်မှားနေကြဦးမှာလဲ..?
    တစ်ခုသောညခင်း… အခါတိုင်းကဲ့သို့ပင်အိမ်ပြန်နေကြအချိန်။ဟော…လာပါပြီ “105”ကား၊မှတ်တိုင်မှာစောင့်ဆိုင်းနေသူများကံစမ်းမဲပေးသလိုအလုအယက် အုံနှင့်ကျင်းနှင့်ပြေးတက်ကျရင်းကိုယ်ပါကားပေါ်သို့ရောက်သွားရသည်။ အိမ်ပြန်ချိန်ကပုံမှန်နောက်ကျတတ်ပေမယ့်လဲ အမြဲစိတ်ပူတတ်သောအမေ့စီကဖုန်းဝင်လာသည်။ ဖုန်းပြန်အချတွင်တော့ကားက နောက်တစ်မှတ်တိုင်တွင် ကျောက်ချရပ်နားလိုက်သည်။ ဟွန်းကိုပုတ်ကာပုတ်ကာ.. လီဗာကိုကစားကာ.. ကစားရင်းဖြင့်မှတ်တိုင်မှ လူတွေကိုမြူဆွယ်ရင်း ချိန်ဆွဲကာရပ်နားနေသည်။ ဒါကထုံးစံ..ဘာမှအဆန်းမဟုတ်။ အိမ်မြန်မြန်ရောက်ချင်သောကိုယ်ကသာ.. “တောက်..ကြာလိုက်တာ” ဟုစိတ်ထဲမှာရေရွတ်ရင်းဒေါမနာ သပွါးနေမိသည်။ မကျေမနပ်အကြည့်တစ်ချက် စပယ်ရာစီပို့အလွှတ်.. အမျိုးသမီးကြီးတစ်ဦးကစပယ်ယာအား “ဟဲ့..ကောင်လေး..ဒီတစ်ရာကို ဟိုလူ့ကိုပေးပေးပါဦး” ဟုအကူအညီတောင်းနေတာ မြင်လိုက်ရသည်။စပယ်ယာက “ဟုတ်ကဲ့..အစ်မ”ဟုဆိုကာ…
    (more…)
  • အရှိတရား (Reality)
    ပြိုင်ဆိုင်မှု့တွေပြင်းထန်လျက်ရှိသော ယနေ့ခေတ်တွင် ကျနော် တို့အတွက် အကြီးမားဆုံးပြသနာမှာ ကျနော်တို့၏ စိတ်ဓာတ်ပျော့ညံ့မှု့နှင့် အရှိကို အရှိအတိုင်း မမြင်တတ်မှု့ပင်ဖြစ်သည်။ အခြေအနေတွေ ခက်ခဲလာလျှင် ကျနော်တို့ဟာ ထို အခက်အခဲကို ငြီးငွေ့ လာတတ်သည်။ စိတ်ကူးယဉ်လာတတ်သည်။ ဟိုလိုဖြစ်ရင်ကောင်းမှာပဲ၊ ဒီလိုဖြစ်ရင်ကောင်းမှာပဲ ဟူ၍ စိတ်ကူးယဉ်တတ်သော အကျင့်ဖြစ်လာတတ်သည်။ ဤသို့ဖြင့် ကျနော်တို့သည် လက်ရှိအခြေအနေကို အမှန်အတိုင်း မမြင်တတ်တော့ပဲ ကျနော်တို့ ဖြစ်စေချင်သော ဆန္ဒတွေ အတိုင်း ထင်ယောင်ထင်မှား မြင်တတ်သော အကျင့် စွဲသွားတတ်သည်။ အကယ်၍ အခြေအနေတွေက ကျနော်တို့မျှော်လင့်တဲ့ အတိုင်းဖြစ်နေပြန်လျှင်လည်း ကျနော်တို့ဟာ တင်းတိမ် ရောင့်ရဲသွားတတ်သည်။ ကျနော်တို့လက်ရှိ ရနေတဲ့ အခြေအနေကောင်းတွေဟာ အမြဲတမ်းအတွက်လို့ မှားယွင်းစွာ ယူဆမိတတ်သည်။ ကျနော်တို့ရဲ့ အာရုံစိုက်မှု့တွေ လျော့ရဲသွားတတ်သည်။ သတိမထား မိခင်မှာပဲ ပြောင်းလဲနေတဲ့ အခြေအနေတွေကြားထဲမှာ ကျနော်တို့ လိုက်မမှီတော့ပဲ ဖြစ်တတ်သည်။ တခြားသူတွေရဲ့ စိန်ခေါ်အနိုင်ယူမှု့ တွေကို ရင်ဆိုင်ရလေတော့သည်။
    ကျနော်တို့အတွက် အရှိအတိုင်းမြင်တတ်မှု့နှင့် တုန့်ပြန်တတ်မှု့ဟာ အလွန်အရေးကြီးတယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။ တချို့သူတွေအတွက် ဘ၀ဟာ ခက်ခဲကြမ်းတမ်းလွန်းတဲ့အတွက် ဘ၀ပေးအခြေအနေအရ သူတို့ဟာ (more…)