News @ M-Media
Tag: အတွေးအမြင်
  • လူမျိုးတစ်မျိုးအဖြစ် ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ !
    လူမျိုးတစ်မျိုးအဖြစ် ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ !
    အောက်တိုဘာ၊ ၁ ၊ ၂၀၁၂
    M-Media
    ဝိုင်း
    မကြာတော့တဲ့ ကာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူတော့မှာဆိုတဲ့အတွက် ကျွန်မတို့တွေက ကိုယ့်ကိုယ့်ကို သေချာဂဃနဏသိပြီး ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြောရဲကြရပါမယ်။ ဒီအတွက် ကျွန်တို့တွေဘက်ကလိုအပ်တာတွေကိုလည်း အခုကတည်းက ပြင်ဆင်ထားဖို့လိုပါတယ်။ မျိုးရိုးစဉ်ဆက်ဇယား (Family tree)ကို ကိုယ်တိုင်လက်ကိုင်ထားရှိဖို့လည်း ပြင်ဆင်ထားသင့်ပါတယ်။
    ကျွန်မတို့တွေမှာ အခုလက်ရှိမြန်မာနိုင်ငံမှာ မှတ်ပုံတင်လို့လည်းပြောကြတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရကြသူတွေ ရှိသလို အဲဒီကတ်ကိုလက်ဝယ်ကိုင်ဆောင် ခွင့်မရသေးတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ ဒီကတ်ပြားမှာ လူမျိုး၊ ဘာသာ လို့ပါရှိတာကြောင့် ကျွန်မတို့တွေဟာ လူမျိုးနဲ့ ဘာသာကို သေချာပေါက်ထည့်ရပါတယ်။ ဒီနေရာမှာ အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ လူမျိုးနေရာမှာ အလိုလိုနေရင်း နိုင်ငံခြားက လူမျိုးတွေကို ထည့်ခြင်းခံရပါတယ်။ ဒါကတော့ အများစုလည်း သိပြီးသား ကိစ္စတွေပါ။ ဒါပေမယ့် ကျွန်မတို့တွေ ကိုယ့်ကိုယ်ကို သိထားဖို့က မြန်မာနိုင်ငံထဲက အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူ ကျွန်မတို့တွေဟာ တစ်ခြားဘယ်နိုင်ငံသားမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဟိုး ဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းက အမိမြန်မာနိုင်ငံမှာနေထိုင်ခဲ့ကြလို့ပါ။
    ဒီနေရာ တစ်ခုပြောချင်တာက အခုလက်ရှိကိုင်ဆောင်နေကြတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆိုတာဟာလည်း လုံးဝကို ယုတ္တိမရှိ သဘာဝမကျပါဘူး။ နာမည်ကိုက နိုင်ငံသားစိစစ်ရေးတဲ့။ ဒီတော့ နိုင်ငံသားလို့အသိအမှတ်ပြုတာမဟုတ်သေးပဲနဲ့ နိုင်ငံသားဖြစ်ဖို့ စိစစ်နေတယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ်။ ဒီတော့ မြန်မာနိုင်ငံထဲမှာနေထိုင်နေကြတဲ့ ဘယ်လူမျိုး ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် အဲဒီနိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေ အားလုံးဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရသေးပဲ စိစစ်နေဆဲလို့ အဓိပ္ပါယ်ယူလို့ရပါတယ်။
    ဒါကြောင့် မြန်မာတိုင်းရင်းသား လူမျိုးစုများနည်းတူ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ထားကြသူချင်းအတူတူ ငါတို့နိုင်ငံက ထွက်သွား၊ ပြန်သွားဆိုပြီး နားမလည်ပဲ လျှောက်အော်နေတာတွေကို ဂရုမစိုက်ပဲ ကိုယ်လုပ်သင့်တာတွေကို စဉ်းစားလုပ်ဖို့ပဲလိုပါတယ်။
    ပြီးတော့ မြန်မာနိုင်ငံထဲက ကျွန်မတို့မွတ်စလင်မ်တွေမှာရှိနေတဲ့ အတွေးတစ်ခုက အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး တစ်ခြားနိုင်ငံတွေမှာ ဘာလူမျိုးလို့ခွဲခြားနေတာမျိုး မဟုတ်ပဲ နိုင်ငံသားဖြစ်မှုကိုပဲ ဦးစားပေးတွေးနေကြတာပါ။ ဟုတ်ပါတယ် အဲဒါက တစ်ခြားနိုင်ငံတွေ အတွက် နိုင်ငံသားဖြစ်မှုကိုပဲ ဦးစားပေးနိုင်ပါတယ်။ ကျွန်မတို့ အမိမြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်တာဖြစ်လို့ ကျွန်မတို့တွေမှာလည်း ရှိရင်းစွဲလူမျိုးစုအတိုင်း ဆက်လက်ရပ်တည်ဖို့လိုပါတယ်။ အခုမြန်မာနိုင်ငံမှာ လက်ရှိ ရှိနေကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ ကိုယ့်လူမျိုးစုအတွက် ကိုယ်မားမားရပ်တည်နေကြပါတယ်။ ကျွန်မတို့တွေလည်း ရှိရင်းစွဲ လူမျိုးအနေနဲ့မားမားရပ်တည်ဖို့ကို လုံးဝမမေ့လျော့သင့်ပါဘူး၊ အတွေးမလွဲသင့်ပါဘူး။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ ကိုယ့်လူမျိုးအလိုက် အစ္စလာမ်သာသနာကို သက်ဝင် ယုံကြည်နေကြသလို ကိုယ့်ကိုယ်ကို လူမျိုးပျောက်နေကြတဲ့ ကျွန်မတို့တွေဟာ လူမျိုးတစ်မျိုးအဖြစ် ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ !
  • Grand Strategy
    Grand Strategy
    စက်တင်ဘာ၊ ၁၃ ၊ ၂၀၁၂
    M-Media
    လူမင်းဟန်
    မက်စီဒိုးနီးယန်း နန်းတော်ထဲမှာ ကြီးပြင်းခဲ့တဲ့ အဲလက်ဇန်းဒါး(356-322 B.C.) ဟာ သူများနဲ့ မတူတဲ့ လူငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ သာမန် ယောကျာ်းလေးတစ်ယောက် ၀ါသနာပါလေ့ရှိတဲ့ မြင်းစီးတာတို့၊ စစ်ပညာတို့ကိုလည်း ၀ါသနာ ပါပါတယ်။ သူ့ဖခင်နဲ့လည်း စစ်ပွဲတွေမှာ တိုက်ခိုက်ဘူးပါတယ်။ သတ္တိလည်းကောင်းပါတယ်။ ဒါပေမယ့် သူဟာ အတွေးအခေါ်ပညာနဲ့ စာပေကိုလည်း ၀ါသနာပါပါသေးတယ်။ သူ့ဆရာဟာ နာမည်ကြီး တွေးခေါ်ပညာရှင်ကြီး အရစ်တိုတယ် ပါ။အရစ်တိုတယ် ရဲ့ သင်ကြားမှု့အောက်မှာ အဲလက်ဇန်းဒါး ဟာ လောက ကို စိတ်ခံစားချက်ကင်းကင်း ကြည့်တတ်ပြီး နိုင်ငံရေးပညာ၊ သိပ္ပံပညာ စတာတွေကို လည်း ဆွေးနွေးလေ့ရှိပါတယ်။ အဲလက်ဇန်းဒါးမွေးတဲ့ အချိန်မှာ သူ့အမေ အိုလမ်းပီးယက်စ် ဟာ အာရုံတစ်ခုရပါတယ်။ သူ့သားဟာ တနေ့ ကမ္ဘာကြီးကို အုပ်စိုး မယ်ဆိုတာပါ။ အိုလမ်းပီယက်စ် ဟာ အဲလက်ဇန်းဒါးကို ငယ်ငယ်ကတည်းက သူရဲကောင်း အာခီးလီး ရဲ့အကြောင်းတွေကို အမြဲပြောလေ့ရှိသည်။ အိုလမ်းပီးယက်စ် ဟာ အခီးလီး  ရဲ့ အဆက်အနွယ်ပါ။ အဲလက်ဇန်းဒါးဟာ သူ့အမေကိုသိပ်ချစ်ပါတယ်။ သူ့အမေရဲ့ နိမိတ်ဖတ်မှု့ကိုလည်း သူ့ရဲ့ ရည်းမှန်းချက်အဖြစ်လက်ခံထားပါတယ်။ သူ့ကိုယ်သူလည်း ဘုရင့်သားတော် တစ်ဦးထက်ပို တယ်လို့ယူဆထားပါတယ်။
    အဲလက်ဇန်းဒါးဟာ မက်စီဒိုးနီးယားထီးနန်းရဲ့ အိမ်ရှေ့စံပါ။ သူ့ဖခင်ဖီလစ်ရဲ့ လက်ထက်မှာ မက်စီဒိုးနီးယားဟာ ပတ်ဝန်းကျင် ဒေသ တွေကို သြဇာလွှမ်းပါတယ်။ ဖီလစ်လက်ထက်မှာ မက်စီဒိုးနီးယား တပ်မတော်ဟာ ဂရိ တလွှားမှာ စွမ်းရည် အထက်မြတ် ဆုံး တပ်မတော် ပါ။ ဖီးလစ်ဟာ သီးဘ်စ်(Thebes) နဲ့ အေသင်(Athenes) ကို အနိုင်တိုက်ပြီး စပါတာ(Sparta)ကလွဲလို့ ကျန်တဲ့ ဂရိမြို့ပြ နိုင်ငံတွေ အားလုံးကို စုစည်းကာ ဟယ်လန်နစ်အဖွဲ့ အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် 336B.C. မှာ ဖီလစ်လုပ်ကြံခံရပါတယ်။ ဖီးလစ် မရှိတော့တာနဲ့ အေသင် ဟာ ဟယ်လန်နစ်အဖွဲ့ကနေ ထွက်ပြီး မက်စီဒိုးနီးယားကို ပုန်ကန်ပါတယ်။ ကျန်တဲ့မြို့ပြနိုင်ငံတွေကလည်း မက်စီဒိုးနီးယားကို မလေးမစား လုပ်လာ ကြပါတယ်။ နိုင်ငံ မြောက် ဘက်က လူမျိုးစုတွေကလည်း ကျူးကျော်ဖို့ခြိမ်းခြောက်နေပါပြီ။ ဖီးလစ်တည်ဆောက်ခဲ့တဲ့ နိုင်ငံဟာ နေချင်းညချင်း ရန်သူတွေပတ်လည်ဝိုင်းတာ ခံနေရပါတယ်။ အခုမှ နန်းတက်လာတဲ့ အဲလက်ဇန်းဒါး ဟာလည်း အသက် ၂၀ ပဲ ရှိပါသေးတယ်။ လူအများစုက သူ့ကို ထီးနန်းအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆကြပါတယ်။ အလောတကြီး မလုပ်ဖို့၊ တပ်မတော်နဲ့ နိုင်ငံကိုဖြည်းဖြည်းချင်းပြန်လည်တည်ဆောက်ဖို့ အကြံပေးကြပါတယ်။ ဒါပေမယ့် အဲလက်ဇန်းဒါးကနားမထောင်ပါဘူး။  သူ့မှာ တခြားအကြံရှိပါတယ်။ အဲလက်ဇန်းဒါးဟာ ရန်သူတွေကို စည်းလုံးသွားဖို့အချိန်မပေးပဲ ချက်ချင်းပဲ တောင်ဘက်ကိုချီတက်ပြီး သီးဘ်စ် ကို ပြာပုံအတိဖြစ်အောင်ချေမှုန်းပစ်လေသည်။ ပြီးတာနဲ့ အေသင် ကိုချီတက်ပါတယ်။ အေသင်ဟာ ချက်ချင်းပဲ အညံ့ခံတဲ့အပြင် ဟယ်လန်နစ်အဖွဲ့ထဲကိုပါ ပြန်ဝင်ပါတယ်။
    အဲလက်ဇန်းဒါးဟာ ငယ်ပေမယ့် စွမ်းရည်အပြည့် ရှိကြောင်းကို ပြလိုက်တာပါပဲ။ သူ့ကိုလည်း လေးစားတဲ့သူတွေ ပိုများလာပါတယ်။ သူ့ကို သတ္တိရှိပြီး ခန့်မှန်းဖို့ ခက်တဲ့ ဘုရင်တစ်ပါး အဖြစ် အသိအမှတ်ပြုခဲ့ကြရပါသည်။ အဲလက်ဇန်းဒါးရဲ့ နောက်ရွှေ့တဲ့ အကွက်ဟာ ပိုပြီး ခန့်မှန်းရခက်ပါတယ်။ သူ့ရဲ့နိုင်ငံကို အင်အားတောင့်တင်းအောင် ပြင်ဆင်ရမယ့်အစား ဂရိတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပါရှား အင်ပါယာကို ၀င်တိုက်ဖို့ပြန်ဆင်တာပါပဲ။ လွန်ခဲ့တဲ့ နှစ်၁၅၀ အရင်က ပါရှားတွေ ဟာ ဂရိကိုဝင်တိုက်ဘူးပါတယ်။ အခုလဲ ဂရိကိုအနိုင်ရရေးဟာ ပါရှားတွေရဲ့အိပ်မက် ပါ။ ဒီလို ပါရှားတွေရဲ့ ခြိမ်းခြောက်မှု့အောက်မှာ ဂရိတွေဟာ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ရပါဘူး။ နောက်တစ်ခုက ဂရိတွေရဲ့ ရေကြောင်းကုန်သွယ်ရေး ဟာ ပါရှား ရေတပ်ရဲ့အာဏာကြောင့် တိုးတက်သင့်သလောက်မတိုးတက်ပါဘူး။ 334B.C. မှာ အဲလက်ဇန်းဒါးခေါင်းဆောင်တဲ့ ဂရိစစ်သား ၃၅၀၀၀ဟာ နာဒါနယ်လာ ရေလက်ကြားကိုဖြတ်ပြီး ပါရှားအင်ပါယာရဲ့ အနောက်ဘက်ဆုံးအပိုင်းဖြစ်တဲ့ အာရှမိုင်းနား ကိုဝင်ရောက်ခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံးစစ်ပွဲဖြစ်တဲ့ ဂရမ်းနီးကက်စ် တိုက်ပွဲမှာ ဂရိတွေ ပါရှားကို အနိုင်ရခဲ့ပါတယ်။ ဒါဟာ အိုလမ်းပီးယက်စ်ရဲ့ နိမိတ်ဖတ်မှု့ အတိုင်းဖြစ်လာတော့မယ်ဆိုတဲ့ ရှေ့ပြေးသင်္ကတပါပဲ။ အဲလက်ဇန်းဒါးရဲ့ စစ်သားတွေဟာ အရှေ့ဘက် ပါရှားအင်ပါယာ အတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက်ဖို့ မျှော်လင့်ကြပါတယ်။ ဒီတစ်ကြိမ်လည်း အဲလက်ဇန်းဒါးဟာ ဘယ်သူမှ မထင်ထားတဲ့အလုပ်ကိုလုပ်ပြန်ပါတယ်။ သူအရင်တုန်းက တစ်ခါမှ မလုပ်ဘူးတဲ့အလုပ်ပါ။ အဲဒါကတော့ အချိန်ယူတာပါပဲ။ ဒီလိုလုပ်တာဟာ သူပထမဆုံးအာဏာရလာတုန်းက လုပ်သင့်တဲ့အလုပ် လို့ထင် စရာပါ။ အခုတော့ ပါရှားတွေကို အင်အားပြန်လည်စုစည်းဖို့ အချိန်ပေးလိုက်သလိုဖြစ်သွားပါပြိ။
    ဒါပေမယ့် အဲလက်ဇန်းဒါးဟာ ဒီတစ်ကြိမ် အရှေ့ဘက်ကို မချီတက်ပဲ တောင်ဘက် အာရှမိုင်းနား ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ဆိပ်ကမ်းမြို့လေးတွေကို တစ်ခုပြီးတစ်ခုသိမ်းပါတယ်။ နောက်ဆုံးအီဂျစ်အထိချီတက်သိမ်းပိုက်ပါတယ်။ အီဂျစ်မှာ ရှိတဲ့ အင်အားနည်းနေတဲ့ ပါရှားတပ်ကို အလွယ်တကူပဲ အောင်မြင်ခဲ့ပါတယ်။ အီဂျစ်တွေဟာ ပါရှားတွေကိုမုန်းနေတဲ့အတွက် အဲလက်ဇန်းဒါးကို ကယ်တင်သူအဖြစ်နဲ့ ကြိုဆိုကြပါတယ်။ အခု အဲလက်ဇန်းဒါးဟာ အီဂျစ်ရဲ့ကြွယ်ဝလှတဲ့ သီးနှံတွေကို ဂရိစစ်သားတွေ အတွက် ရိက္ခာအဖြစ်အသုံးပြုနိုင်တဲ့အပြင် တစ်ချိန်တည်းမှာလဲ ပါရှားတွေအတွက် အဖိုးတန်တဲ့ ရိက္ခာတွေ ဆုံးရှုံးစေလိုက် တာပါပဲ။ ပါရှား ရေတပ်မတော်ဟာ အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနဲ့ တန်ခိုးအထက်မြတ် ဆုံး တပ်မ တော်ပါ။  ပါရှားစစ်ဆင်ရေး မစတင်မှီက အဲလက်ဇန်းဒါးကို ရေတပ်မတော်ထူထောင်ဖို့၊ ပါရှားတွေကို ရေကြောင်း ကြည်းကြောင်းကနေ ချီတက်တိုက်ခိုက်ဖို့ အကြံပေးခဲ့ ကြပါတယ်။ ဒါပေမယ့် အဲလက်ဇန်းဒါးက ဒီအကြံကိုလက်မခံပါဘူး။ အာရှမိုင်းနားကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ဆိပ်ကမ်းမြို့လေးတွေကို  သိမ်းပိုက်လိုက်တဲ့အတွက် ကြီးမားလှတဲ့ပါရှား ရေတပ်မတော် ဟာအသုံးပြုစရာဆိပ်ကမ်းမရှိတော့ပဲ အသုံးမ၀င် ဖြစ်သွားပါတယ်။
    ပါရှားဘုရင် ဒေးရီးယက်စ် ဟာ တိုက်ဂရစ်မြစ်ရဲ့ အရှေ့ဘက်မှာ အင်အားအပြည့်အစုံနဲ့ အဲလက်ဇန်းဒါးအလာကိုစောင့်နေပါတယ်။ ဒါပေမယ့် အဲလက်ဇန်းဒါးက မသွားပါဘူး။ သူ့ အင်ပါယာကြီးကို စနစ်တကျ အုပ်ချုပ်ဖို့ပြင်ဆင်ပါတယ်။ သူဟာ သူ့အင်ပါယာကို ပါရှားတွေအုပ်ချုပ်ခဲ့တဲ့စနစ်အတိုင်း ဆက်လက်အုပ်ချုပ်ပါတယ်။ ရထူးအဆင့်တွေကိုလည်း ပါရှားစနစ်အတိုင်း ဆက်လက်ထားရှိပါတယ်။ သူ့ရဲ့ ကြင်နာမှု့နဲ့ ရက်ရော မှု့သတင်းတွေကို လက်အောက်ခံနယ်မြေတွေမှာ  ပျံနှံအောင်လုပ်ပါတယ်။ ဒီလိုနည်းနဲ့ တမြို့ပြီးတစ်မြို့ မတိုက်ခိုက်ရပဲ အဲလက်ဇန်းဒါးရဲ့လက်အောက်ကိုရောက်လာပါတယ်။ နောက်ဆုံး 331B.C. ရောက်မှ ပါရှားစစ်တပ် တပ်စွဲထားတဲ့ တိုက်ဂရစ်မြစ်ရဲ့ အရှေ့ဘက် အာဘယ်လာ ကို ၀င်ရောက်တိုက်ခိုက်ခဲ့ ပါတယ်။ တကယ်တမ်းတော့ အဖိုးတန်လှတဲ့အီဂျစ်ကိုစွန့်လွှတ်လိုက်ရတာတွေ၊ ရေတပ်မတော်ကြီး အသုံးမ၀င်တော့တာတွေ၊ လက်အောက်ခံတွေရဲ့ ထောက်ခံမှု့မရတော့တာတွေကြောင့် ပါရှား အင်ပါယာကြီးဟာ ချုံးချုံးကြနေပါပြီ။ အာဘယ်လာအောင်ပွဲဟာ အဲလက်ဇန်းဒါးရဲ့ နှစ်ပေါင်းများစွာ ပြင်ဆင်လာတဲ့ ဗျူဟာရဲ့အောင်မြင်မှု့ကို အတည်ပြုလိုက်တာပါပဲ။ ဒီအချိန်မှာ အဲလက်ဇန်းဒါးဟာ တချိန်တုန်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး၊ တန်ခိုးအထွားဆုံးဖြစ် ခဲ့တဲ့ ပါရှားအင်ပါယာကြီးကို အောင်နိုင်သူဖြစ်သွားပါတယ်။ သူ့မယ်တော်ဖတ်ခဲ့တဲ့နိမိတ်အတိုင်း အဲလက်ဇန်းဒါးဟာ အဲဒီအချိန်တုန်းက သိခဲ့တဲ့ကမ္ဘာတစ်ခုလုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
    မဟာအဲလက်ဇန်းဒါးရဲ့ မဟာဗျူဟာတွေဟာ သူ့ရဲ့ မင်းမှု့ထမ်းတွေကို အံသြစေခဲ့ပါတယ်။ အစပိုင်းမှာ ဒါတွေဟာ ကျိုးကြောင်းမဆီလျှော်ဘူးလို့ ထင်စရာပါ။ ဂရိတွေဟာ နောက်ပိုင်းရောက်မှ အဲလက်ဇန်းဒါးရဲ့ အစီအမံတွေဟာ ဘယ်လောက် ထိရောက်တယ်ဆိုတာတွေ့လာကြပါတယ်။ သူတို့ နားမလည်နိုင်တဲ့အချက်က အဲလက်ဇန်းဒါးဟာ တွေးခေါ်နည်းအသစ်တစ်ခုကိုတီထွင်လိုက်တာပါပဲ။ ဒါကတော့ Grand Strategy လို့ခေါ်တဲ့ မဟာဗျူဟာပါပဲ။ ကျတော်တို့ဟာ
    အခုလက်ရှိဖြစ်ပျက်နေတာကိုကျော်လွန်ပြီးကြည့်တတ်ဖို့လိုပါတယ်။ ကျတော်တို့ အနာဂတ်မှာဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုနေရာကို ရောက်ချင်တာလဲ ဆိုတာကို သေသေချာချာသိဖို့လိုပါတယ်။ ကျတော်တို့ရဲ့ ရည်မှန်းချက်ကို အခြေခံပြီး ဖြစ်ပျက်လာတဲ့ ပြသနာတွေ အခြေအနေတွေကို ရင်ဆိုင်သင့်ပါတယ်။ အဖြစ်အပျက်တစ်ခုချင်းကို မကြည့်ပဲအားလုံးကို ခြုံငုံ ကြည့်တတ်ဖို့လိုပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အရာတခုဟာ ကိုယ့်ရဲ့ ရည်မှန်းချက်ကို နီးကပ်စေမဲ့အလုပ်လား၊ ဝေးသွားစေမဲ့အလုပ်လားဆိုတာ ချိန်ထိုးပြီးကြည့်တတ်ဖို့ပါ။
    အဲလက်ဇန်းဒါးဟာ ဒီလိုတွေးခေါ်တတ်မှု့ကို သူ့မယ်တော်နဲ့ သူ့ဆရာ အရစ်တိုတယ်ဆီက ရခဲ့တာပါ။ သူ့မယ်တော်ဟာ ငယ်ငယ်ကတည်းက သူ့အတွက် ရည်မှန်းချက်ကို ပေးလိုက်ပါတယ်။ ကမ္ဘာကြီးကို စိုးမိုးဖို့။ သူ့အသက် သုံးနှစ်ကတည်းက နောက်လာမယ့်နှစ်သုံးဆယ်မှာ သူသွားရမယ့်နေရာကို မြင်ထားပြီးသားပါ။ စိတ်ခံစားမှု့တွေကိုထိန်းချုပ်တတ်ဖို့၊ အခြေအနေတွေကို အရှိအတိုင်းမြင်တတ်ဖို့၊ လက်ရှိအခြေအနေထက်ကျော်လွန်ပြီး အနာဂတ်ကို ကြိုတင်ကြည့်တတ်ဖို့ဆိုတဲ့ပညာတွေကို သူ့ဆရာ အရစ်တိုတယ်ဆီက ရခဲ့ပါတယ်။ အဲလက်ဇန်းဒါးရဲ့ စစ်ဆင်ရေးတွေကို သေချာလေ့လာကြည့်ရင် ဒါတွေကိုသိနိုင်ပါတယ်။ သီးဘ်စ် နဲ့ ပါရှားကို အချိန်မဆိုင်းပဲတိုက်ခိုက်တာဟာ သူ့စစ်သားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးတာရော၊ သူ့ကို မယုံကြည်သူတွေကိုသူ့အစွမ်းအစ ပြလိုက်တာရော ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်လိုက်တာပါ။ ပါရှားကို စစ်ပွဲဆင်နွဲတာဟာ ဂရိတွေကို ပေါင်းစည်းညီညွတ်အောင် လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ ပါရှားထဲကို ရောက်သွားချိန်မှာတော့ အဲသလို အလျှင်အမြန် မပြုသင့်တော့ပါဘူး။ တကယ်လို့ဆက်လက် ချီတက်ခဲ့မယ်ဆိုရင် သူဟာ အချိန်တိုတိုလေးအတွင်းမှာ နယ်မြေအများကြီးကိုသိမ်းပိုက်မိ ပါလိမ့်မယ်။ အဲလောက်နယ်မြေအများကြီးကို နိုင်နင်းအောင်အုပ်ချုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကသောင်းကနင်းတွေဖြစ်လာနိုင်ပါတယ်။ ပုန်ကန်မဲ့သူတွေလည်းပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အဲလက်ဇန်းဒါးဟာ သူသိမ်းပိုက်ထားတဲ့ နယ်မြေကလူတွေရဲ့ ချစ်ခင်မှု့ရအောင်၊ အုပ်ချုပ်ရေးစနစ်ကို တနစ်တကျ ရှိလာအောင် အရင်လုပ်ခဲ့ပါတယ်။ ရေတပ်တည်ဆောက်ဖို့ အတွက် ငွေတွေကုန်မဲ့အစား ပါရှား ဆိပ်ကမ်းမြို့တွေကို သိမ်းပိုက်လိုက်ခြင်းဖြင့် ပါရှားရေတပ်ကို သုံးမရအောင်လုပ်လိုက်တာဟာလဲ အဲလက်ဇန်းဒါးရဲ့ ပါရမီမြောက်တွေးခေါ်မှု့ပါပဲ။ ရှေ့လာမဲ့ စစ်ဆင်ရေးတွေအတွက် ရိက္ခာလုံလောက်စေဖို့ ကောက်ပဲသီးနှံ ပေါတဲ့ အီဂျစ်ကို အရင်သိမ်းလိုက်တာကလဲ သူ့ရဲ့ ကြိုတင်တွေးတောတတ်မှု့ပါ ပဲ။
    ကျတော်တို့ဟာလဲ ဘ၀မှာ အဲလက်ဇန်းဒါးလို တွေးခေါ်တတ်ဖို့လိုပါတယ်။ ပထမဆုံးအနေနဲ့  ကိုယ့်အရည်အချင်း ကိုယ့်အားသာချက်ပေါ်မူတည်ပြီးတော့ ဘ၀မှာ ဘာဖြစ်ချင်တယ်ဆိုတာကို သိအောင်လုပ်ပါ။  အဲဒီရည်မှန်းချက်ကို ရောက်ဖို့ အသေးစိတ် ကြိုတင်အကွက်ရိုက်ပြင်ဆင်ထားပါ။ အရစ်တိုတယ် ပြောသလိုပဲ ကိုယ့်ရဲ့ စိတ်ခံစားမှု့တွေကို တတ်နိုင်သမျှထိန်းချုပ်နိုင်အောင်ကြိုးစားပါ။ အရာရာအတွက်ကြိုတင်ပြင်ဆင်ထားပါ။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် “ဒီအလုပ်ဟာ ငါရောက်ချင်တဲ့ နေရာကို ရောက်စေနိုင်မလား၊ မရောက်နိုင်ဘူးလား”  ဆိုတဲ့ မေးခွန်းကို ကိုယ့်ကို ကိုယ်အမြဲမေး ပြီးကိုယ်သွားမဲ့လမ်းကြောင်းပေါ်အမြဲရှိနေအောင်ကြိုးစားပါ။ လမ်းချော်မသွားပါစေနဲ့။ အစဉ်အဆက်လက်ခံထား တဲ့ ဒါလုပ်သင့်တယ်၊ ဒါမလုပ်သင့်ဘူးဆိုတာတွေကို နားမရောင်ပါနဲ့။ ကိုယ်လုပ်တာကို သူများတွေ နားမလည်နိုင်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှည်ရှည်ထားပြီး ကိုယ်ရောက်ချင်တဲ့နေရာအတွက် ပြင်ဆင်ပါ။
  • Brainwashing (သို့) ဦးနှောက်ကျင်းခြင်း
    Brainwashing (သို့) ဦးနှောက်ကျင်းခြင်း
    ဦးဦး မှော်ဆရာ
    Brainwashing (သို့) ဦးနှောက်ကျင်းခြင်း ( ပထမပိုင်း )
    Brainwashing ကို အင်္ဂလိပ်-မြန်မာ အဘိဓါန်မှာ ဦးနှောက်ကျင်းခြင်း၊ ရှိရင်းစွဲ အတွေးအခေါ် အယူအဆတွေကို စွန့်လွတ်ဖယ်ရှားပြီး အခြားအယူအဆကို လက်ခံရန် အဓမ္မပြုကျင့်ခြင်း လို့ ဘာသာပြန်ထားတာ တွေ့ရပါတယ်။ သဘောက လူတစ်ဦးရဲ့ ခေါင်းထဲက အတွေးဟောင်းတွေကို ဖယ်ထုတ်ပစ်ပြီး အယူသစ်တွေ ရိုက်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
    လူတစ်ယောက်ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန် တနည်းအားဖြင့် ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ အဲဒီလိုဖြစ်သွားဖို့ အဲဒီလူရဲ့ နှလုံးသား နဲ့ ၀ိဥာဉ်အားအင်ကုန်ခမ်းပြီး သိမြင်နားလည်နိုင်တဲ့ စွမ်းအားနဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းအားတွေကို သုညဖြစ်သွားအောင် အရင်လုပ်ရမှာပါ။
    ‘မင်း ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုယုံကြည်နေသေးသလဲ’ လို့မေးရင် “ကျွန်တော့်ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး၊ ဘာမှ မယုံကြည်တော့ဘူး” လို့ပြောရတဲ့အဆင့်ထိရောက်အောင် အရင်အလုပ်ခံရပါတယ်။ အဲဒီအခါကျမှ ‘ကဲ ..ဒါဆို မင်းဒီလိုယုံကြည်ပေတော့’ လို့ ဆက်အပြောခံရပြီး နောက်ပြောတာတွေကို လိုက်မှတ်ရင်း မှတ်ရင်းနဲ့ သူတို့ပြောတာတွေကို တကယ်ယုံသွားရတဲ့ဘ၀ကို ရောက်သွားရခြင်းပဲ ဖြစ်ပါတယ်။
    Brainwash ဆိုတဲ့ ဦးနှောက်ကျင်းတဲ့အလုပ်ကို ရှေးပဝေသဏီကတည်းက လူတွေလုပ်ခဲ့ကြတာပါ။ ရှေးအီဂျစ်နိုင်ငံ ဖာရိုဘုရင်တွေလက်ထက်ကတည်းက လုပ်ခဲ့ကြပါတယ်။ လူတွေကို သွေးဆောင်ဖြားယောင်းပြီး ထုထည်ကြီးမားတဲ့ ပိရမစ်ကြီးတွေကို ဆောက်ခိုင်းခဲ့တာကို သမိုင်းသုတေသီတွေက  ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနိုင်ငံမှာလည်း လုပ်ခဲ့ကြတာပါပဲ။ စစ်အေးခေတ်မှာလည်း အရှေ့အုပ်စု နဲ့ အနောက်အုပ်စု နှစ်စုလုံးက ဒီလိုလုပ်ခဲ့ကြပါတယ်။ ကိုရီးယားစစ်ပွဲ (၁၉၅၀-၅၃) အတွင်းမှာ တရုတ်အကျဉ်းထောင်များထဲမှာ ဖမ်းဆီးခံရတဲ့ အမေရိကန်စစ်သားတွေလည်း ဦးနှောက်အကျင်းခံခဲ့ရပါတယ်။  ဒီအကြောင်းနဲ့ပက်သက်ပြီး အမေရိကန်ဂျာနယ်လစ် “အက်ဒွပ် ဟန်တား” ရေးတဲ့ ” New Leader” ဆိုတဲ့ စာအုပ် ၁၉၅၀ ခုနှစ်မှာ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ Brainwashing ဆိုတဲ့ ဝေါဟာရက ခေတ်စားလာခဲ့တာပါ။ ဦးနှောက်အကျင်းခံရတာထက်စာရင် သေလိုက်တာကမှ သက်သာဦးမယ်လို့ ဒီစာအုပ်မှာ ဖေါ်ပြထားပါတယ်။
    ဒီနေရာမှာ ပြောစရာရှိတာက လူတစ်ယောက်ရဲ့ အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန် ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်တာမျိုးကိုသာ ဦးနှောက်ကျင်းတယ်လို့ ခေါ်တာမဟုတ်ဘဲ လူတစ်ယောက်ကို တစ်စုံတစ်ခုကို ယုံကြည်သွားအောင် ဆွဲဆောင်တိုက်တွန်းတာမျိုးကလည်း “brainwash” လုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါ ပါတယ်။ ဥပမာ အသစ်ပေါ်လာတဲ့ ပစ္စည်းတစ်ခုကို ၀ယ်သုံးချင်လာအောင် အတင်းတိုက်တွန်းပြီး ကြော်ငြာလွန်းမက ကြော်ငြာကြတော့ လူအများက ဟုတ်မှာပဲလို့ ယုံကြည်ပြီးဝယ်လိုက်မိတဲ့အခါမျိုးကို “brainwash” အလုပ်ခံလိုက်ရတယ်လို့ ပြောလေ့ရှိကြပါတယ်။ အမှန်တကယ်လည်း ဒီနေ့ခေတ်မှာ ကြော်ငြာတွေ၊ မီဒီယာတွေ အလွန်အားကောင်းလာတဲ့အတွက် လူတွေလည်း အလွယ်တကူ ဦးနှောက်အကျင်းခံကြရလေ့ ရှိပါတယ်။ လိုအပ်ချက်တွေအရ၊ လုပ်ဆောင်ချက်တွေအရ ဦးနှောက်ကျင်းခြင်း ဒီဂရီကွာခြားတယ်လို့ ဆိုပါတော့ဗျာ။
    … ” ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင် ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာ …. “
    ဒီခေါင်းစဉ်က အလွန်ကျယ်ပြန့်တဲ့အတွက် အသေးစိတ်ဖေါ်ပြရင် စာရှည်ပြီး စာဖတ်သူများစိတ်ဝင်စားမှု လျော့နည်းနိုင်တာကြောင့် အတိုချုံးပြီး နားလည်ရလွယ်ကူအောင် ကျနော့်ရဲ့ အမြင်များကိုပါပေါင်းစပ်ပြီး အတတ်နိုင်ဆုံး ဖေါ်ပြပေးပါ့မယ်။ ယေဘုယျအားဖြင့် ဦးနှောက်ကျင်းနည်း ၆ မျိုးရှိပါတယ်။ ဒီနည်းတွေကတော့ စာသင်ကျောင်းတွေ၊ စစ်တပ်တွေ၊ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းတွေ၊ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးတဲ့တိုင်းပြည်တွေ၊ နိုင်ငံရေးခံယူချက်ကြောင့် အကျဉ်းကျနေသူတွေ၊ စစ်သုံ့ပန်းတွေကို ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများဖြစ်ပါတယ်။
    ပထမဆုံးနည်းလမ်းကတော့ လိမ်ညာခြင်း ဖြစ်ပါတယ်
    ၁၄ ရာစုနှစ်က ဥရောပမှာ Black Death ဆိုတဲ့ ပလိပ်ရောဂါဆိုးကြီး ကျရောက်ခဲ့တယ်။ ဥရောပမှာရှိတဲ့ လူဦးရေရဲ့တစ်ဝက်ကျော်ဟာ ဒီရောဂါကြောင့် သေခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဂျူးတွေက ရေတွင်းထဲကို အဆိပ်ခပ်လို့ ခုလိုဖြစ်ရတာဆိုတဲ့ ကောလဟာလသတင်း ထွက်ပေါ်လာပါတယ်။ လူတွေဟာ အဲဒီအချိန်တုန်းက တစ်ရွာ နဲ့ တစ်ရွာ ကူးလူးဆက်ဆံမှု သိပ်မရှိကြသေးပါဘူး။ ဒါကြောင့် ဒီသတင်း မှန် မမှန်မဆုံးဖြတ်နိုင်ဘဲ ယုံကြည်သွားကြတဲ့အတွက် လက်ရှိဘေးဒုက္ခကြီးထဲက ထွက်ပေါက်ရှာတဲ့အနေနဲ့ အကြမ်းဖက်ကြရာမှာ ဂျူးတွေ လူးလိမ့်ခံခဲ့ကြရပါတယ်။
    ၈၈၈၈ အရေးအခင်းအတွင်း ဗကပတွေ မြို့ထဲဝင်ရောက်လာပြီဆိုတဲ့ ၀ါဒဖြန့်မှုနဲ့ လက်နက်မပါဘဲ ဆန္ဒပြနေသော ကျောင်းသားပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းဖို့ ဒီနည်းလမ်းကိုအသုံးချပြီး စစ်တပ်ကိုခိုင်းခဲ့တာပါ။
    ဒီမှာသိသာတဲ့အချက်က ပတ်ဝန်းကျင်ဒေသများနှင့် ကူးလူးဆက်ဆံခွင့်မပြုဘဲ အဆက်အသွယ်ဖြတ်ပြီး သီးခြားခွဲထုတ်ခံထားတဲ့ဒေသတွေ၊ လူအုပ်စုတွေ (isolated area/community)မှာ အဓိကရုန်းဖန်တီးဖို့၊ ဦးနှောက်ကျင်းခံရဖို့ ပိုမိုလွယ်ကူတယ်ဆိုတာပါပဲ။
    ဒုတိယနည်းလမ်းက တိတိကျကျမဟုတ်ဘဲ ခြုံငုံကောက်ချက်ချခြင်း ဖြစ်ပါတယ်
    ဥရောပမှာ ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင် ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာမျိုးပါ။ ဒါပေမဲ့ ဂရိနိုင်ငံမှာ စစ်တမ်းကောက်ယူလိုက်တဲ့အခါ ရာဇ၀တ်မှုကျူးလွန်သူတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ဂရိတွေပဲဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အစွဲမချွတ်ဘဲ ထင်မြဲဆက်ထင်နေကြတော့ နေရာအတည်တကျမရှိ ရွှေ့ပြောင်းနေထိုင်လေ့ရှိပေမဲ့ အပြစ်မရှိတဲ့ ဂျစ်ပဆီတွေအတွက်ကတော့ နစ်နာကြရတာပေါ့။
    ထို့အတူ ကမ္ဘာ့မီဒီယာစာမျက်နှာများပေါ်တွင် တွင်တွင်ကျယ်ကျယ်သုံးစွဲလာတဲ့ ၀ါဒဖြန့်စကားတစ်ခွန်းမှာ “မွတ်ဆလင်တိုင်းသည် အကြမ်းဖက်သမားများ မဟုတ်သော်လည်း အကြမ်းဖက်သမားတိုင်းသည် မွတ်ဆလင်များ ဖြစ်ကြသည်” ဆိုသော စကားဖြစ်ပါတယ်။ အမှန်တကယ်တော့ ထိုအယူအဆအတွက် တိကျခိုင်လုံတဲ့ အထောက်အထားများ၊ စစ်တမ်းများ မရှိပါဘူး။ အမေရိကန် အက်ဖ်ဘီအိုင်မှ တရားဝင်ထုတ်ပြန်သောစစ်တမ်းတစ်ခုတွင် ၁၉၈၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများအနက်  ၆% ကသာ အစ္စလာမ္မစ်အစွန်းရောက်များဖြစ်ပြီး၊ ကျန်တဲ့ ၉၄%အနက် ၄၂%မှာ အမေရိကန်ဖွားလက်တင်လူမျိုးများ၊ ၂၄% မှာ လက်ဝဲစွန်းေ၇ာက်များ၊ ၇% မှာ ဂျူးအစွန်းရောက်များ၊ ၅% မှာ ကွန်မြူနစ်များနှင့် ၁၆% မှာ ကျန်အစုအဖွဲ့များရဲ့ အကြမ်းဖက်မှုများသာ ဖြစ်ပါတယ်။
    ထို့အတူ ၂၀၀၈ ခုနှစ်ထိ ဥရောပတိုက်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများနှင့်ပက်သက်သော စစ်တမ်းများကို ထုတ်ပြန်ရာ ၉၉.၆% က မွတ်ဆလင်မဟုတ်သော အခြားအစွန်းရောက်အဖွဲ့များရဲ့ လက်ချက်ဖြစ်နေပါတယ်။ ထိုထဲတွင် ၈၄.၈% မှာ အစ္စလာမ်ဘာသာဝင်များနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော ခွဲထွက်ရေးသမား များကြောင့်ဖြစ်ရသော အကြမ်းဖက်မှုများဖြစ်ပါတယ်။ လက်ဝဲစွန်းရောက်ဝါဒီများ၏ အကြမ်းဖက်မှုများကလည်း အစ္စလာမ္မစ်အစွန်းရောက်သမားများထက် ၁၆ ဆ ပိုမိုဖြစ်ပွားခဲ့ပြီး၊ မွတ်ဆလင်အစွန်းရောက်အကြမ်းဖက်မှုမှာ ဖြစ်စဉ်အားလုံး၏ ၀.၄% သာရှိတယ်လို့ သိရပါတယ်။ သို့သော်လည်း ဒီလိုတိကျခိုင်လုံတဲ့ တရားဝင်စစ်တမ်းများရှိနေသော်လည်း မိမိဦးနှောက်ထဲဝင်ရောက်ပြီးသား အစွဲတစ်ခုကို ဆက်လက်ကိုင်စွဲ ထားခြင်းကြောင့် အကြမ်းဖက်မှုများနဲ့ မည်သို့မျှမသက်ဆိုင်သော ကမ္ဘာအနှံ့မှ အစ္စလာမ်ဘာသာဝင်များ နစ်နာကြရပါတယ်။
    တတိယနည်းလမ်းက လွှဲချခြင်း (သို့) ထိုးကျွေးခြင်းပါ
    ကိုယ်ပြစ်မှုကျူးလွန်တာကို လူတွေ သံသယမရှိအောင် အများသံသယရှိလောက်တဲ့ အခြေအနေမျိုးရှိသူတစ်ဦးဦးကို တရားခံအဖြစ် ကင်ပွန်းတပ်ပေးလိုက်ခြင်းကို ဆိုလိုပါတယ်။ ဒါကို လူတွေ ယုံကြည်သွားတဲ့အတွက် လူသတ်မှုမကျူးလွန်ပါပဲ ထောင်ထဲရောက်သွားရတဲ့ လူတွေလည်း အတော်များများ ရှိခဲ့ပါတယ်။ ထိုနည်းလမ်းကို အဓိကရုန်းများဖန်တီးရာတွင်လည်း မရိုးတမ်း အသုံးပြုလေ့ရှိပါတယ်။ လူအများစုရဲ့စိတ်ထဲမှာဖြစ်လေ့ရှိတဲ့ တဖက်သားအပေါ်  အထင်အမြင်သေးတဲ့စိတ်၊ သံသယစိတ် ကို အသုံးချတာလို့ပဲ မြင်ပါတယ်။ တော်တော်လေး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
    ၂၀၁၁ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အစိုးရရုံးများ တည်ရှိရာအနီးတွင် ကားဗုံးဖောက်ခွဲခဲ့ရာ လူ ၈ ဦးသေဆုံးခဲ့သည်။ ထို့နောက် ယူတိုရာ (Utoya) ကျွန်းသို့သွားရောက်ကာ လူငယ်အများအပြား ပါဝင်သော လူအုပ်စုအား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၆၉ ဦးသေဆုံးခဲ့သည်။ လက်ယာစွန်းရောက်အမျိုးသားရေးဝါဒီ အန်းဒရက်စ် ဘရီဗစ်ခ် ဆိုသူ တစ်ဦးတည်းက ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီပြဿနာစဖြစ်ဖြစ်ခြင်း သတင်းးကြေငြာခဲ့ရာမှာ “အယ်လ်ကေဒါရဲ့ လက်ချက်နဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားတယ်” လို့ ကြေငြာခဲ့တာကို ပြန်အမှတ်ရမိပါသေးတယ်။
    မြန်မာပြည်တစ်နေရာရာမှာ ဗုံးကွဲမှုဖြစ်ပြီဆိုတာနဲ့ ဘာစုံစမ်းစစ်ဆေးမှုမှ မလုပ်သေးခင် သတင်းစာထဲမှာ KNU၊ KIA၊ ABFDS စတဲ့အဖွဲ့အစည်း တစ်ခုခုရဲ့လက်ချက်အဖြစ် ကြေငြာခဲ့တာတွေဟာလည်း ဒီအချက်ထဲမှာ အကြုံးဝင်ပါတယ်။
    Brainwashing (သို့) ဦးနှောက်ကျင်းခြင်း (ဒုတိယပိုင်း )
    …. ” တကယ်တမ်း မင်းကြီးမှာ ဘာပုဆိုးမှမပါဘဲ တွဲလောင်းကြီး ဖြစ်နေတာကို ….”
    စတုတ္ထနည်းလမ်းကတော့ ခံစားချက်ကို ခေါင်းပုံဖြတ်တာပါ
    ဆောင်းပါးတစ်ပုဒ်ရဲ့အစမှာ “ကျွန်တော့် ဆောင်းပါးကို တော်ရုံတန်ရုံ ပညာအခြေခံမျိုးနဲ့တော့ ဘယ်နားလည်နိုင်မလဲ ..” ဆိုပြီး အစချီထားလိုက်တယ် ဆိုရင် ဆောင်းပါးကြီးက အသုံးမကျမှန်း သိနေပေမဲ့ မဝေဖန်ရဲတော့ဘူး။ ဝေဖန်လိုက်ရင် ကိုယ်ပါ ပညာအခြေခံမကောင်းလို့ နားမလည်တဲ့သူ ဖြစ်သွားတော့မှာကိုး။ လူဆိုတာ အဲဒီလို ကိုယ့်ကိုယ်ကို မသေချာမရေရာလေ့ရှိတဲ့ သက်ရှိတစ်မျိုးဖြစ်ပါတယ်။ ဒီအားနည်းချက်ကြောင့် သူများအမြတ်ထုတ်တာကို ခံနေကြရတာပါ။ တကယ်တော့ မကောင်းတာကို မကောင်းဘူးလို့ မပြောရဲတဲ့အတွက် ပိုပြီးတော့လည်း ညံ့ရာ ရောက်သွားရပါတယ်။
    တခါတုန်းက သာယာဝတီမင်းဟာ ကြက်ဟင်းခါးရွက်အစိမ်းကို ငါးပိချက်နဲ့ တို့စားရတာ ခံတွင်းတွေ့တော်မူတယ်။ အဲဒါကို မူးကြီးမတ်ကြီးတွေကို စားခိုင်းတော့ ခါးလွန်းလို့ မစားနိုင်ကြဘူး။ အဲဒီတော့ ကြိတ်မိတ်မြိုချရင်း ပြုံးနေကြတာကို တွေ့သွားတဲ့အခါ ‘ဘာပြုံးတာလဲ’ လို့ မင်းကြီးကမေးတယ်။ ဒီတော့ အမတ်ကြီး ဦးပေါ်ဦးက မင်းကြီးကို “နတ်ဝတ်ပုဆိုး တိမ်မီးခိုး”ဆိုတဲ့ပုံပြင်ကို လျောက်ထားခဲ့တယ်။ တခါတုန်းက ဘုရင်ကြီးကို ရုက္ခစိုးက ‘နတ်ဝတ်ပုဆိုး တိမ်မီးခိုး ‘ ဆိုပြီး ဘာမှမရှိတဲ့ဟာကို ရွှေကလပ်ပေါ်တင်ပြီး ဆက်သ သတဲ့။ ဘုန်းကံရှိသူတွေသာလျှင် မြင်ရမယ်လို့လည်း ဆိုလိုက်သေးတယ်။ ဒီတော့ ဘုရင်ကြီးက ဘုန်းကံမရှိဘူးလို့ အထင်ခံရမှာစိုးလို့ ဘာမှမရှိတဲ့ဟာကြီးကို ၀တ်ဟန်ဆောင်တာကို မှုးကြီးမတ်ကြီးတွေက မကြည့်ရဲလို့ ခေါင်းငုံပြီးပြုံးနေကြရတဲ့ ပုံပြင်ပေါ့။ အမှန်တော့ အဲဒီရုက္ခစိုးဆိုတာကလည်း တကယ်မရှိခဲ့ပါဘူး။ ဘုရင့်ဆုလာဘ်ကို မျှော်ကိုးတဲ့ တောတွင်းသားတစ်ယောက်က ရုက္ခစိုးကလွတ်လိုက်တာဆိုပြီး လူလည်လုပ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီပုံပြင်မှာလည်း မူကွဲရှိပါသေးတယ်။ အဲဒီမူကွဲပုံပြင်ထဲမှာတော့ ရက်ကန်းသည်က ဘုရင်ကြီးကို နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို ဆက်သတယ်ပေါ့ဗျာ။ ပြီးတော့ ငါးပါးသီလမလုံသူတွေ မမြင်ရဘူးဆိုပြီး လျှောက်ထားခဲ့တယ်။ မင်းကြီးက အဲဒီ နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို  ၀တ်ပြီး တိုင်းခန်းလှည့်လည်ခဲ့ပါတယ်။ တကယ်တမ်း မင်းကြီးမှာ ဘာပုဆိုးမှမပါဘဲ တွဲလောင်းကြီး ဖြစ်နေတာကို လူတိုင်းမြင်ပေမဲ့ ဘယ်သူမှမပြောရဲကြဘူး။ တနေရာမှာ ကလေးတစ်ယောက်က အမှန်ကို ထအော်တော့မှ အားလုံးဟာ ရက်ကန်းသည်ရဲ့ brainwash လုပ်တာခံလိုက်ကြရပြီဆိုတာကို သိလိုက်ကြရတာပါ။ အဲဒီလိုအဖြစ်မျိုး ရှေးယခင်က ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
    ပဉ္စမနည်းလမ်းကတော့ ဆောင်ပုဒ်တွေ ကြွေးကြော်သံတွေ ဖြစ်ပါတယ်
    ဦးဦးမှော်ဆရာတို့ နိုင်ငံမှာလည်း နှစ်ပေါင်းများစွာ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ၊ ဗီဒီယိုတွေ၊ လမ်းဆုံလမ်းခွနေရာကောင်းတွေမှာ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ကြရတဲ့ ဦးတည်ချက်ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေက ဒီအချက်ထဲမှာ အကြုံးဝင်ပါတယ်။ ကျနော့်တူလေးတွေ ငယ်စဉ်က မြန်မာ့ရုပ်မြင်သံကြားကပြသခဲ့တဲ့ စစ်ကားတွေကြည့်ပြီး ဗကပတို့၊ ကေအင်န်ယူတို့ကို အလွန်ဆိုးရွားတဲ့လူဆိုးဂိုဏ်းများအဖြစ်သာ အမြင်ရှိခဲ့ပါတယ်။ သူတို့အမြင်မှာတော့ ဗိုလ်မြ ဆိုသူဟာ ဦးနှောက်မရှိတဲ့သူ၊ ကြောက်စရာကောင်းတဲ့ လူဆိုးကြီးပေါ့။ နိုင်ငံအနှံ့ တိုင်းရင်းသားသူပုန်ထရတဲ့ အကြောင်းရင်းတွေက ဘာလဲဆိုတာ သူတို့မှ မသိတာ..
    ဒီလိုဝါဒဖြန့်မှုများထဲမှာ ပညာရေးစနစ်ကိုအသုံးချခြင်းဟာလည်း အလွန်ဆိုးရွားပြီး ထိရောက်လွန်းတဲ့ အချက်တစ်ချက်ပါ။ ဥပမာ သမိုင်းဘာသာရပ်တွင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ရည်ရွယ်ချက်ဖြင့် မရှိခဲ့တာကို အရှိလုပ်၊ တကယ်ဖြစ်ခဲ့တာကို ဘာမှမဖြစ်ခဲ့သလို ဖျောက်ဖျက်၊ မဖြစ်ခဲ့တာကို တကယ် ဖြစ်ခဲ့သလိုဖန်တီးပြီး သင်ကြားပေးမှုပါပဲ။ ယခုခေတ်ကလေးအများစုသည် သမိန်ဗရမ်း နဲ့ တရုတ်စစ်သူကြီး ဂါမဏိ စီးချင်းထိုးပွဲ၊ သမိန်ဗရမ်း နှင့် စလုံကျော်ခေါင် စီးချင်းထိုးပွဲမျိုးကို အဟုတ်ထင်နေကြတုန်းပါ။ အမှန်တကယ်တော့ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး ခိုင်လုံတဲ့ သမိုင်းမှတ်တမ်းများလုံးဝမရှိဘဲ ထောက်ကွက် ဟာကွက်များနဲ့သာ ပြည့်နှက်နေတဲ့ ပုံတိုပတ်စသာဖြစ်ပါတယ်။ နောက်ပြီး ၁၉၆၂ ခုနှစ်မှာ ဦးနေ၀င်းအစိုးရက တိုင်းပြည်ကို ချောက်ထဲကျတော့မဲ့ဆဲဆဲ လက်တစ်လုံးလောက်အလိုမှာ မတတ်သာတဲ့အဆုံး သမိုင်းပေး တာဝန်အရ ကယ်တင်လိုက်ရတယ်ဆိုတဲ့သမိုင်းကို ကျနော့်တူတော်မောင်တွေစိတ်ထဲ အဟုတ်မှတ်နေပါတယ်ဗျာ။ ဒါ့ပြင် သမိုင်းစာအုပ်ထဲမှာကိုပဲ နယ်ချဲ့အင်္ဂလိပ်ကို ကုလားဖြူဟု သင်ကြားခြင်း၊ အိန္ဒိယသားများကို ကုလားဟုသင်ကြားခြင်းကလည်း ကလေးငယ်များကို ငယ်စဉ်ထဲက လူ လူခြင်း ခွဲခြားစိတ်ကို ရိုက်သွင်းပေးလိုက်ခြင်းလို့ပဲ မြင်ပါတယ်။ အထက်ပါဥပမာတွေလိုပဲ သေးငယ်တဲ့ ကိစ္စလေးတွေကိုအကြောင်းပြုပြီး ကလေးသူငယ်တွေရဲ့စိတ်ထဲမှာ တဖြေးဖြေးနဲ့ လူမျိုးကြီးဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒမှိုင်းမိလာပြီး ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း လျော့ပါးသွားကာ နောင်တွင်လည်း အလွယ်တကူ ဦးနှောက်ကျင်း ခံရနိုင်ပါတယ်။
    မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်စိုးစဉ်အခါကလည်း ကိုလိုနီပညာရေးတွင် နိုင်ငံတော်ဝါဒ ခေါ် အင်ပီရီရယ်လစ်ဇင်း ကို စာသင်ကျောင်းများတွင် တနည်းမဟုတ်တနည်း ထည့်သွင်းသင်ကြားခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဖတ်စာအုပ်တွေမှာ အင်္ဂလန်ဘုရင်ရဲ့ ဘုန်းကျက်သရေကြီးပုံတွေ၊ မြန်မာဖတ်စာမှာ ဂျော့ဘုရင်ရဲ့ ဘုန်းတော် ဘွဲ့ရတုတွေ၊ ပထ၀ီဝင်တွင် ဗြိတိသျှအင်ပိုင်ယာကြီး ကြီးကျယ်ပုံတွေ၊ ဗြိတိသျှရာဇ၀င်တွေမှာ အင်္ဂလိပ်တို့ရဲ့စွမ်းရည်ထက်မြက်ပုံတွေကို အားပါးတရထည့်သွင်းသင်ကြားခဲ့ပါတယ်။ ဒါတင်မကသေး မြန်မာရာဇ၀င်ကိုလည်း အင်္ဂလိပ်ပညာဝန် မစ္စတာ စီဒဗလျူကောက်က အင်္ဂလိပ်လိုရေးပြီး ကျောင်းသုံးစာအုပ်အဖြစ် သင်ကြားခဲ့ပါတယ်။ ဒီလိုကျောင်းသုံးရေးရာမှာ ထင်ရှားအောင်ရေးတဲ့ အချက်တွေကတော့
    (၁) မြန်မာမင်းများ ရက်စက်ပြီး အတွေးအခေါ်၊ စဉ်းစားဥာဏ်နည်းပုံ
    (၂) အင်္ဂလိပ်တို့က တရားသဖြင့်အုပ်ချုပ်သဖြင့် မြန်မာတို့ ကြီးပွားတိုးတက် အေးချမ်းသာယာရှိပုံကို အဓိကဖေါ်ညွှန်းထားခြင်းပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာကလေးများ မိမိအမျိုးသားအုပ်ချုပ်ရေးကို ရွံမုန်းပြီး အင်္ဂလိပ်ကို အားကိုးနေစေရန် သွန်သင်ခြင်းဖြစ်ပါတယ်။
    နောက်ပြီး ကိုလိုနီခေတ်ကကျောင်းတွေမှာ ကျောင်းတက်ရင် God Save The King ဆိုတဲ့ကျွန်သီချင်း ဆိုရတယ်။ အခမ်းအနားတွေမှာ အဖွင့်အပိတ် အဲဒီသီချင်းဆိုရတယ်။ တကယ်တော့ ကိုလိုနီလက်အောက်ခံ များကို ကျွန်စိတ်ဝင်အောင် ရိုက်သွင်းနေခြင်းတစ်မျိုးပါ။ ဒါဟာ ကိုလိုနီပညာရေးစနစ်ရဲ့ ဦးနှောက်ကျင်းနည်း တွေပါပဲ ။
    ဆဌမနည်းလမ်းကတော့ သင်္ကေတတွေပါ
    ဥပမာ – အနီရောင်အောက်ခံ စတုရန်းကွက်ထဲက အဖြူရောင် စက်ဝိုင်းပေါ်မှာရှိတဲ့ အနက်ရောင်စကြာတံဆိပ်လိုဟာမျိုးကို ဆိုလိုတာပါ။ ဒီဂျာမန်နာဇီပါတီရဲ့ စကြာတံဆိပ်ကို မြင်လိုက်ရတာနဲ့ နာဇီပါတီဝင်တွေရဲ့စိတ်ထဲမှာ ဂျူးလူမျိုးတွေကို သုတ်သင်သတ်ဖြတ်ချင်စိတ်တဖွားဖွား ပေါ်လာကြတာမျိုးပါပဲ။ နာဇီပါတီက ဂျူးလူမျိုးတွေကို သုတ်သင်ခြင်းဟာ မှန်ကန်တယ်လို့ ၀ါဒဖြန့်ထားခဲ့တာကိုး။
    ဒီတော့ အဲဒီလို ဦးနှောက်အကျင်းမခံရအောင် ဘယ်လိုလုပ်နိုင်မလဲ? ဦးနှောက်အကျင်းမခံရအောင် ကာကွယ်ဖို့အတွက် အချက် ၅ ချက်ရှိပါတယ်။
    ပထမအချက်က အခြေခံပညာရှိပြီး ဗဟုသုတကြွယ်ဝအောင် ကိုယ့်ဟာကိုယ် လုပ်ထားကြဖို့ပါပဲ။ အမှားအယွင်းဆိုတာ မသိခြင်းကစတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ ကိုယ်ဟာ အကြောင်းအရာတစ်ခုကို အမှန်အကန်သိပြီဆိုတာနဲ့ အလိမ်ခံရနိုင်တဲ့အကြောင်းတစ်ခု လျော့သွားပြီလို့ မှတ်ပါ။
    ဒုတိယအချက်ကတော့ ခေတ်စကားနဲ့ပြောရရင် မပိန်းဖို့လိုပါတယ်။ ဥပမာ ခေါင်းလိမ်းဆီတစ်မျိုးဟာ ဆံပင်နက်တယ်ဆိုပြီး အတင်းကြော်ငြာပြီးရောင်းနေရင် အဲဒီဆေးထုတ်လုပ်သူတွေ ဘာကြောင့် သန်းကြွယ်သူဌေးမဖြစ်နေသေးတာလဲဆိုတာ ထည့်စဉ်းစားသင့်ပါတယ်။ ဒီနေရာမှာပြောလိုတာက လုံးဝခါးခါးသီးသီး ငြင်းပယ်တဲ့သဘောတော့ မဟုတ်ပါဘူး။ သဘာဝအတိုင်း ဆံပင်ပြန်နက်စေတဲ့ဆေးတွေ ပေါ်နေပါလား ဆိုတာကို သတင်းတစ်ရပ်အနေနဲ့တော့ လက်ခံထားရမှာ ဖြစ်ပါတယ်။
    တတိယအချက်က မိမိရဲ့သိမြင်နိုင်တဲ့စွမ်းအားကို အသုံးချဖို့ပါပဲ။ ဟိုဘက်အိမ်က အောင်ဘု စတော်ဘယ်ရီပင်ပေါ်က ပြုတ်ကျလို့ ခြေထောက်ကျိုးသွားတယ်လို့ ပြောလာရင် စဉ်းစားချိန်လည်းမရ၊ အရေးလည်းမကြီးလို့ အေး အေး ဆိုပြီး ခေါင်းညိတ်ခဲ့ရင်တောင်၊ နောက်ပြီးကျရင် စတော်ဘယ်ရီပင်ပေါ် လူတက်လို့ရလို့လားဆိုတာကို အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။
    စတုတ္ထအချက်က ၀ါဂွမ်းကို ရေထဲနှစ်လိုက်သလို ကြားသမျှအကြောင်းအရာတွေကို အကုန်စုပ်မယူလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကြား ကြားသမျှအရာတွေမှန်သမျှ နှစ်မျိုးနှစ်စားပဲရှိပြီး အဲဒါတွေကတော့ ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက်တို့ပဲ ဖြစ်တယ်ဆိုတာကို သတိရနေရမှာပါ။ ကြားသမျှအကြောင်းအရာတွေကို နားထောင်ထားပြီး ဒီဟာတွေဟာ ဖြစ်ရပ်မှန်လား၊ ထင်မြင်ချက်ကို ခံစားချက်ထည့်ပေါင်းထားတာလားဆိုတာ ဆန်းစစ်ရပါမယ်။ ဒီနေရာမှာ ကိုယ်ကြားခဲ့တဲ့သတင်းရဲ့ ဇစ်မြစ်ကိုလည်း ထည့်စဉ်းစားရပါမယ်။
    ပဉ္စမအချက်ကတော့ ကိုယ်ကြားရတဲ့အချက်ကို လူအများဘယ်လောက်လက်ခံကြတယ်၊ ဘယ်လိုထင်မြင် ကြတယ်၊ ဘယ်လိုတုန့်ပြန်ကြတယ်ဆိုတာ လေ့လာစူးစမ်းဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အဖြေမှန်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီအချက်ပေါ်မှာအခြေခံပြီး ထပ်မံတွေးစရာတွေ အများအပြား ရှိလာနိုင်ပါတယ်။ ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းပေါ် မူတည်ပြီးတော့ပေါ့ဗျာ …
    ဒီအချက် ၅ ချက်ကို နားလည်မယ်ဆိုရင် ဦးနှောက်အကျင်းမခံရဘူးလို့  သုတေသီတွေက သုတေသနပြုပြီး တင်ပြထားကြပါတယ် ။
    ဒါကြောင့် ကြက်ဟင်းခါးရွက် ချိုတယ်လို့ ဘယ်ရုက္ခစိုးက မစားရ၀ခမန်း ပြောနေ ပြောနေ ကိုယ်လေ့လာဆည်းပူးခဲ့တဲ့ ပညာဗဟုသုတတွေကို အခြေခံပြီး ကိုယ့်ဦးနှောက်ကို ကိုယ်အားကိုးခြင်းသည်သာလျှင် အမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါတယ် ခင်ဗျာ ..။
    (ဦးဦး မှော်ဆရာ)
    Ref : New Leader by Edward Hunter
    Brainwashing : The Science of Thought Control by Kathleen Taylor
    နီမင်းဆွေ – နတ်ဝတ်ပုဆိုး တိမ်မီးခိုးနှယ်
    Propaganda Critic
    http://www.loonwatch.com/2010/01/terrorism-in-europe/
    http://www.fbi.gov/stats-services/publications/terrorism-2002-2005/…
    ဦးဦး မှော်ဆရာ ဘလော့မှ ကူးယူဖော်ပြပါသည်။
  • လူမျိုးတမျိုးကို အနုနည်းဖြင့် ဖျက်စီးခြင်း နည်းလမ်းအချို့
    လူမျိုးတမျိုးကို အနုနည်းဖြင့် ဖျက်စီးခြင်း နည်းလမ်းအချို့
    လူမျိုးတမျိုးကို အနုနည်း (လူညွန့်တုံးစေသော နည်းလမ်း) နဲ့ ဖျက်ဆီးဖို့ဆိုရင် တခြားလူမျိုးတမျိုးက ဒါတွေကို ပြုလုပ်ကြပါတယ်တဲ့။
    (က)  အဲ့ဒီလူမျိုးကို ပညာမသင်ဖြစ်အောင် လုပ်ရတယ်။ အကယ်လို့ ပညာသင်ဖြစ်ကြရင်လည်း ပညာနဲ့မထိုက်တန်တဲ့ အဆင့်မှာထားကြတယ်၊
    (ခ) အဲဒိလူမျိုးကို  မြို့တော်ကြီးတွေနဲ့ ဝေးနိုင်သမျှဝေးအောင် ပို့ကြတယ်၊အကယ်လို့ မြို့တော်ကြီးတွေနဲ့ ဝေးအောင်မလုပ်နိုင်ဘူး ဆို ရင် သူတို့နေထိုင်ရာကို မြို့တော်အင်္ဂါရပ်နဲ့ မညီအောင် လုပ်ကြပါတယ်
    (ဂ) အဲဒီလူမျိုးရဲ့ သမိုင်းကို ဖျောက်ပြစ်ကြပါတယ်။ အကယ်လို့ သမိုင်းကို မဖျောက်နိုင်ဘူးဆိုရင် သမိုင်းကို အမှန်နဲ့ အမှား ရောစပ်ပေးပြီး အဲဒိလူမျိုးရဲ့ သမိုင်းဆိုင်ရာ  သုံးသပ်ချက်တွေကို သေးသိမ်စေပါတယ်။
    (ဃ) အဲဒီလူမျိုးကို  ကူးသန်းရောင်းဝယ်သူများ မဖြစ်အောင် ပြုလုပ်ကြပါတယ်။ အကယ်လို့ ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်လို့မရရင် အဲဒိလူမျိုးရဲ့ သွားလာလှုပ်ရှားမှုကို ခြိမ်းခြောက်မှုများစွာဖြင့် ထိန်းချုပ်ကြပါတယ်။
    (င) အဲဒီလူမျိုးကို ကျန်းမာရေးစောင့်ရှောက်မှုမရအောင်ပြုလုပ်ပြီး ကူးစက်ရောဂါများကို သိမ့်မွေ့စွာဖြင့် ပြန့်ပွားစေခြင်း။
    သင့်လူမျိုးရဲ့ ဂုဏ်ကို တခြားလူမျိုးတမျိုးက ချိုးနှိမ်နေပါတယ်လို့ သင်ခံစားရပါသလား၊ နံပါတ် (က)(ခ)(ဂ)(ဃ)(င) ထဲက ဘယ်အချက်တွေကိုပြုပြီး ချိုးနှိမ်နေပါသလဲ?
    Serajuddhin
  • ဆရာထက် လက်စောင်းထက်သည့် တပည့်ကျော်
    ဆရာထက် လက်စောင်းထက်သည့် တပည့်ကျော်
    ဂျူလိုင်ရဲရင့်
    Photo-Google
    ဂျပန်နိုင်ငံသည် ၁၉၅၀ မှ ၁၉၇၀ ခုနှစ်အတွင်း အဆင့်မြင့်စက်မှု ကုန်ထုတ်နည်းပညာများကို အနောက်တိုင်းမှ နှစ်ပေါင်း ၂၀ နီးပါး သွင်းကုန်ပြုလုပ်ခဲ့ရသည်။ လက်ငင်းအပြတ် ၀ယ်ယူခြင်းမျိုးရှိသလို အများအားဖြင့် အငှါးသုံးခြင်း သို့မဟုတ် အကြွေးစံနစ်ဖြင့် ရယူခဲ့သည်။ ယနေ့သော် အဖြေထွက်လာသည်မှာကား ဂျပန်သည် စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်နိုင်လာလေပြီ။ မိမိ၏ကုန်ပစ္စည်းများသားမကသေး၊ နည်းပညာ လမ်းကြောင်းပေးမှုကိုပင် အခြားနိုင်ငံများထံသို့ ပို့ကုန်ပြုနိုင်သည့်အဆင့်အထိ ရောက်သွားပါ၏။
    ဂျပန်တို့သည် သံနှင့်သံမဏိထုတ်လုပ်ခြင်းကို အမေရိကန်တို့ထံမှ သင်ယူခဲ့ကြသည်။ယခုအချိန်တွင်မူ ၄င်းတို့၏ နည်းနာများကို အမေရိကန်သို့ ပြန်လည်တင်သွင်းနိုင်သည်အထိ ကျယ်ပြန့်စွာတိုးတက်ဖွံ့ဖြိုးလာပေသည်။ တစ်ခါတုန်းက တပည့်လက်သား ဂျပန်သည် အီလက်ထရွန်းနစ် နှင့် ဆက်သွယ်ရေးကဲ့သို့ နယ်ပယ်များစွာ၌ ထိုးဖောက်လာနိုင်သည်သာမက အမေရိကသည် မိမ၏အရေးပါသော စစ်ရေးကဏ္ဍများစွာတွင် ဂျပန်၏နည်းပညာပံ့ပိုးမှုကို ရယူနေရပေ၏။ ဆရာထက် တပည့်ကျောက် လက်စောင်းထက်နေလေပြီ။ ရေစီးကြောင်း ပြောင်းပြန်ဖြစ်သွားပြီ ဟု သတင်းစာတစ်စောင်က ဖော်ပြထား၏ ( The Hindustan Times , June 11 , 1981 )
    ဂျပန်သည် စက်မှုထုတ်ကုန်လမ်းကြောင်း၌ နှစ်ပေါင်း၂၀ စိတ်ရောကိုယ်ပါ မြုပ်နှံခဲ့ကြသည်။ ရလဒ်သည်ကား စက်မှုကုန်ထုတ်လုပ်ငန်းများတွင် ပိုင်ပိုင်နိုင်နိုင်ခြယ်လှယ်စိုးမိုးနိုင်သည့် အဆင့်အတန်းသို့ ရောက်ရှိသွား၏။ အကယ်၍သာ အခြားတိုင်းနိုင်ငံများ၏ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အဓိကအချက်ကို လက်မခံဘဲ – အကူအညီ မရယူဘဲ မာန်မာနထောင်လွှားခဲ့ပါလျှင် ဂျပန်သည် ဤမျှခမ်းနားသည့် အောင်မြင်မှုအား ဘယ်သောအခါမျှ ရနိုင်မည်မဟုတ်တော့ချေ။
    ကျွန်ုပ်တို့အားလုံးသည်လည်း အောင်မြင်မှုရရန် ရှုံးနိမ့်ရလေ့ရှိပါသည်။ ကျွန်ုပ်တို့သည် စိတ်တိုင်းကျအဆင့်ထက် ကျော်လွန်သည်အထိ မိမိဖာသာ မစွမ်းဆောင်နိုင်သေးသရွေ့ မိမိ၏နိမ့်ကျသော အနေအထားကို လက်ခံနိုင်ရပါမည်။ မိမိ၏နိမ့်ကျသည့်အခြေအနေကိုလက်မခံဘဲ သို့မဟုတ် မိမိ၏အရှုံးကိုတစ်ပါးသူတို့အပေါ် ဇွတ်ပေပြစ်တင်လျက် ထိပ်တန်းသို့တက်လှမ်းနိုင်လိမ့်မည်ဟု အမျှော်ကြီးမျှော်လင့်နေသူများထက် – – – ဤသည် ဘ၀၏လိုအပ်ချက်တစ်ရပ်အဖြစ် သိမှတ်လက်ခံထားသူများမှာ ——- – – – – ဤလောကီ၌ အောင်မြင်ဖွယ်အခွင့်အလမ်းတစ်ရပ် လက်ဝယ်ရှိနေပေသည်။ နှိမ့်ချမှုမှ ပေါက်ဖွားလာသော စိတ်ရှည်သည်းခံခြင်း၊ ဇွဲသတ္တိ၊ အရည်အသွေးကို ခိုအောင်း ရယူခြင်းတို့သည် ကျွန်ုပ်တို့အား အောင်မြင်မှုထံ ဖြတ်သန်းရောက်ရှိစေနိုင်သည့် သီလတရားများပင် ဖြစ်ပါတော့သည်။
    M.W.Khn  ၏  Teachig the Teacher  ကို ပြန်ဆိုသည်။