News @ M-Media

Tag: အတွေးအမြင်

  • ရီဝေနေသော အနာဂတ်များ

    ရီဝေနေသော အနာဂတ်များ

    နိုဝင်ဘာ၊ ၁၇ ၊ ၂၀၁၂
    M-Media Blog ကဏ္ဍ
    ရေးသူ – တင်မင်းထွဋ်

    မဲမှောင်နေသော ခန်းမကျယ်ကြီး ဆလိုက်ရောင်စုံများရဲ့ အလင်းနဲ့  ရီဝေနေသောမျက်လုံးများကြားမှာ ကပြားတစ်ယောက်ကို ကျွန်တော်ရှာနေသည်။ အရောင်အသွေးစုံကြားမှာ ရှာရတာ သိပ်တော့မလွယ်။ ခန်းမတစ်ဘက်တစ်ချက်တွင်တော့ စည်းချက်သံတွေကြား စည်းချက်မကျသော အကမျိုးစုံဖြင့် မြူးတူးနေသော လူငယ်များ မျက်လုံးဝေ့၀ိုက်ကာ ရှာနေမိသည်။ အရွယ်စုံလူတွေကြား ကျွန်တော်တို့ နှစ်ယောက် လူခွဲရှာရင်း တွေ့ လိုက်ပါတယ်။ ကျွန်တော့်ညီကပြားတစ်သိုက် လူငယ်များကို ချော့ခေါ်ရတာ အလုပ်တွေထဲမှာ တော်တော်ကို စိတ်လျော့ပြီး ချုပ်တီးရတဲ့အလုပ်ပါပဲ။ ဒါပင်မဲ့လည်း ကိုယ့်ကို အကူအညီတောင်းတဲ့ လူကြီးတွေရဲ့ မျက်နှာထောက်ရမယ်လေ။ အမေတွေရဲ့  ပူပန်မှုတွေကို ငြင်းဖို့ အားနာတတ်တဲ့ ကျွန်တော် ငမိုက်သား ကြားဝင်ရတာပဲ။ ဒီလိုနဲ့  နာမည်ကြီး ကလပ်ထဲမှာ ကျွန်တော် အဓိပ္ပါယ်မရှိသော ဆွေနွေးညှိနှိုင်းရင်း အောင်မြင်ခဲ့ပါတယ်။

    အမှုသမား တစ်သိုက်ရဲ့  ဒရိုင်ဘာတွေ ကျွန်တော်တို့ နှစ်ယောက် ဖြစ်ခဲ့ပါပြီ။ အားလေးယှာလေး ပြောချင်တာ ပြောနေတဲ့ စကားသံတွေကြားမှာ ကျွန်တော့်အတွေးတစ်ချို့  ပြန်လွှင့်ခဲ့တယ်။ ကျွန်တော်တို့  ၁၇ ၁၈ ၀န်းကျင်တုန်းက ကလပ်ဆိုတာ ရှားပါးပြီး သွားတက်ရင်တောင် သိက္ခာကျတဲ့ အခြေအနေပါ။ အဲဒီမှာ မွတ်စ်လမ်ဆိုတာ တော်တော်ကိုတွေ့  ရခဲတဲ့ အမျိုးအစားပါ။ အရမ်းရှားခဲ့ပါတယ်။ အခုတော့ ကလပ်တစ်ခုမှာ ၁၅% လောက်အနည်းဆုံး တွေ့ ရတယ်။ ကျွန်တော့်ညီတွေ ၊ သူငယ်ချင်းတွေ အိမ်ပြန်နောက်ကျတိုင်း သူတို့ ဆိုင်ရာတွေ ဖုန်းဆက်တိုင်း ကျွန်တော် အမုန်းခံသွားရင်း တွေ့ တွေ့ ရတာတွေပါ။

    ညည့်ငှက်မလေးတွေနဲ့  နောက်ဇတ်လမ်းမဆက်နိုင်အောင်၊ သွားသွားဆွဲရတဲ့အလုပ်ပါ။ မသောက်ဖို့ သွားပြောဖို့  ကတော့ ကျွဲပါးစောင်းတီး တာပဲဖြစ်တဲ့အတွက် ပြောဖို့ မလိုပါ။ သောက်ချင်တာသောက် ကချင်တာကပြီးရင်း အိမ်ကို ဆွဲခေါ်လာရတာ ပို့ ကောင်းပါတယ်။ မှုးရူးပြီး မောင်းချင်သလိုမောင်း ကားတိုက်မလား ၊ ရန်ဖြစ်မလားဆိုတာထက် ကိုယ့်မျက်စိအောက်မှာ ကြည့်နေရတာက ပိုကောင်းပါတယ်။

    တန်ဖိုးရှိတဲ့လူငယ်တွေ နစ်မွန်းနေတာကြည့်ရတာ စိတ်တော်တော်မကောင်းပါ။ တစ်ချို့ သည် တန်ဖိုးရှိလျက် နစ်နေတဲ့ ပတ္တမြားတွေပါ။ တစ်နေ့ ကုန် အလုပ်ကို ဟာကွက်မရှိ လုပ်နိုင်ကိုင်နိုင်၊ တာဝန်မျိုးစုံကို ကျေပွန်နိုင်ပင်မဲ့ ညဆို ဒီနွံမှာ အနစ်ခံနေကြတယ်။ ကလပ်မတက်ရင် မာဆတ်ရောက် မရောက်ရင် KTV ရောက်၊ နောက်ဆုံးအနည်းဆုံး ဘီယာဆိုင် မှာပါပဲ။ ဒါက တစ်ပတ်လုံးမှာ လှည့်နေတဲ့နေရာတွေပဲ။

    ချီးယားစ်ဆိုတဲ့ ခွက်တိုက်သံတွေနဲ့  ဘယ်နှစ်ခွက်မြောက်မှန်းမသိတဲ့ ခွက်ကို ဂုဏ်ယူဝံ့ကြားစွာ သောက်သုံးကြတယ်။ ရန်ကုန်မြို့ ၏ လူအများဆုံးသော အစ္စလာမ်ဘာသာရပ်ကွက်တွေမှာ ဘီယာဆိုင်ဖွင့်မိလို့ မရူံးပါ။ သူပရိတ်သတ်နဲ့ သူရှိပြီးသားပါ။ ဆိုင်တောင် တိုးလာပါတယ်။ အရွယ်စုံလူတွေအလျှံအပယ်ပါပဲ။

    မပီမသတော့ သီဆိုသံများနဲ့  မရိုးမရွအကများကို အားပေးရင်း ပန်းကုံးတွေ အပြိုင်အဆိုင် စွပ်ကာ။ ဂုဏ်ယူကြတယ်။ သမီးနဲ့ မာမူ ခေတ်ကိုလည်း ရောက်ခဲ့လေပြီ။ မျိုးချစ်စိတ်နဲ့  အမျိုးသားရေး အမြင်များသည် ဒီလိုနေရာများတွင် အားလုံးသည်မခွဲခြား ညီအစ်ကို ရင်းပမာ ချစ်သွားကြသည်။ သူတိုက် ကိုယ်တိုက် ဘာသာမခြားလူမျိုးမခြား အရက်သောက်ပွဲများ အပတ်စဉ် ပျော်ရွှင်စွာ ကျင်းပကြသည်။

    စိတ်ညစ်လို့ သောက်သည်၊ ပျော်လို့ သောက်သည်၊ နိုင်လို့ သောက်သည်၊ ဂုဏ်ယူလို့ သောက်သည်၊ ကျရူံးလို့ သောက်သည် ၊ ကြီးတော် နွားနိုင်လို့ သောက်သည်၊ သေခါနီးမို့ သောက်သည်၊ စသည်ဖြင့် ခေါင်းစဉ်မျိုးစုံဖြင့် သောက်ကြသည်။ ကလေးရန်ဖြစ်တာ ၊ ခွေးကိုက်တာမြင်လို့ လည်း သောက်ကြသေးသည်။ ဒီလိုနဲ့  အသောက်သံသရာလည်ရင်း ပျော်ရွှင်စွာ နစ်မွန်းခဲ့ကြသည်။

    တစ်ချို့ သည် အသက်ငယ်ရွယ်ကာ အညောင်းရောဂါကို ဆိုးရွားစွာခံစားနေရတယ်။ ထိုပုဂ္ဂိလ်များသည် သူတို့  ကတော့ ဘာသာတရားစည်းမျဉ်းကို မချိုးဖောက်လို့  ၀တ်နည်းရှောင် ပြောကြတယ်။ ပုံပြောကောင်းသော အနှိပ်သမလေးများရဲ့  ရိုးအီနေသော ပုံများနားထောင်ကာ အသား ပွတ်ပေးချင်း အရသာကို မှိန်ယှက်စွာ ခံစားရင်း ငါးထောင်တန်များကို ရက်ရောစွာ ပေးကမ်းနိုင်ကြသည်။ တရားတော်၏ စွန့် ကြဲမှုများ ဆိုရင်တော့ လက်တွေ တွန့်  တတ်ကြတယ်။

    တစ်ချိန်က ပုစင်းခေါင်းနဲ့  စူပါကပ်စတန်များကိုကြည့်ခြင်းဖြင့် ဘယ်လူမျိုးအများဆုံးရောက်လဲဆိုတာ ခန့် မှန်း နိုင်ခဲ့သည်။ အခုတော့ ကားမျိုးစုံသွားပြီဖြစ်တဲ့အတွက် အပြင်ကနေ မခန့် မှန်းနိုင်တော့ပါ။ ဒါကိုလည်း အဆိုးထဲက အကောင်းလို့ ပဲ မှတ်ယူရပါမယ်။

    လူငယ်များကို အပြစ်မဆိုသာသော်လည်း အချို့ သော လူကြီးများကို ၀မ်းနည်းစရာတွေ့ ရသည်။ ခေတ်၏ ရေစီးကြောင်းသည် တန်ဖိုးရှိသော ရေစီးကြောင်းဆိုပါက လိုက်သင့်သော်လည်း အဆိုးအပြစ်များသည်သာမက ဘာသာတရား၏ စည်မျဉ်းများနှင့် လွတ်ထွက်နေပါက ပို၍ ဂရုစိုက်သင့်လှသည်။

    လူတစ်ဦး၏ ဘ၀သက်တမ်းတစ်ခုစာမျှ ဖြစ်ပွားခဲ့သော စနစ်ဆိုးများ၏အောက်တွင် မပီပြင်သော အနှစ်သာရမရှိသည့် စီးပွားရေးကို ဈေးကွက်စီးပွားရေးဟု အများစုမှတ်ထင်ကြသည်။ ၂၀၁၅ AFTA တွင် ပြိုင်ဆိုင်မှုစစ်မှန်တဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ နဖူးတွေ့  ဒူးတွေ့ ပါက ရွှေမြန်မာတို့ ၏ ရွှေနေရာများကို ရွှေမြန်မာတို့  အလွန်မျက်မှုန်းကျိုးသည့် အခြားနိုင်ငံသားများ တစတစ ၀င်သိမ်းတော့မည်။

    လက်သင့်ရာ စားတော်ခေါ်သည့် ခေတ်မကြာမှီပျောက်ဆုံးတော့မည်။ အရည်အချင်းနဲ့  အရည်အသွေးကို တန်ဖိုးထားတဲ့ ခေတ်ရောက်ရှိလာမည်။ ထိုအခါ ရွှေမြန်မာတို့ တွင် အရည်အချင်းမရှိပါက မည်သည့်အစိုးရမှ ကယ်နိုင်မည် မဟုတ်ပေ။ အစိုးရတိုင်းသည် မိမိတိုင်းပြည်ရှိမိမိလူမျိုးများကို အထူးအခွင့်အရေးပေးစမြဲ ဖြစ်သည်။ သို့ သော် တိုင်းပြည်၏ လူမျိုးများတွင်တော့ အရည်အချင်းနဲ့ အရည်အသွေး ရှိသင့်နေပေသည်။

    တိုင်းတစ်ပြည်၏ အနာဂတ်သည် လူငယ်များအပေါ်များစွာ မူတည်နေသည်။ လူငယ်များအနာဂတ်ကောင်းမှ တိုင်းပြည်၏ ရှေ့ ရေးစိတ်အေးရပေမည်။ ခေတ်စနစ် အစိုးရစသည်များအပေါ် အပြစ်ပုံချ၍ မိမိတန်ဖိုးတက်လာမည် မဟုတ်ပေ။ စနစ်တွေရဲ့  သားကောင်များ ဖြစ်ခဲ့ကြပင်မဲ့ ကိုယ့်ဘ၀ကိုတော့ ပြင်နိုင်ပါသေးသည်။ အခွင့်အလမ်းများ မရှိခင်က အခွင့်အလမ်းများကို မျှော်လင့်ခဲ့ကြသည်။ ရရှိလာတော့မည့် အခွင့်အလမ်းများတွင် ကိုယ့်အရည်အချင်းကိုတော့ အဆင့်သင့် အသုံးချနိုင်အောင် ချွန်ထားသင့်သည်။

    မြန်မာတွေလည်း အလွန်တော်ကြပါသည်။ အမျိုးမျိုးသော စနစ်မမှန်တဲ့ မူဝါဒလုပ်ထုံးလုပ်နည်းတွေကြားမှာ ရှင်သန်အောင် အစဉ်အမြဲ ကြိုးစားကာ ရှင်သန်ခဲ့ကြသည်။ စနစ်မမှန်တဲ့ ပေါ်လစီတွေကြားမှာ ထိတ်လန့် စွာဖြင့် စွန့် စားစီးပွားရှာခဲ့ကြသည်။ သို့ သော် ယခုခေတ်သည် အဖေထောင်ခဲ့သော လုပ်ငန်းကိုဆက်ထိုင်ရုံဖြင့် ထိုလုပ်ငန်း၏ ရှေ့ အလားအလာ သိပ်မကောင်းနိုင်တော့ပါ။

    ဒီအထဲတွင် မွတ်စလင်မ်များလုပ်ငန်းရှင်အများစုသည် အနာဂတ်အမြင်နဲ့ ပတ်သတ်ပြီး အလွန်ပေါ့လျော့မှုများ ရှိနေသည်ဟု ကျွန်တော်မြင်ပါသည်။ လက်ရှိကောင်းနေတာပဲ ဘာလုပ်ဖို့ လိုအုံးမလဲ ဆိုတာ၊ ရေရှည်အမြင်အတွက်တော့ မကောင်းပါ။ နှစ်အပိုင်းခြားနှင့်တောင် နိုင်ငံရေးအပြောင်းအလဲများ အခွင့်အလမ်းများကြောင့် စီးပွားရေးလုပ်ငန်း အချို့  လုပ်ငန်းကျဆင်းနှုန်းတွေကို ခံစားနေရပါသည်။

    စီးပွာရေး နှင့်ပတ်သက်သော ဟောပြောပွဲ၊ အရည်အချင်းမြှင့် သင်တန်းများတွင် မွတ်စလင်မ်လုပ်ငန်းစုများမှ တက်ရောက်မှု အလွန်နည်းပါးစွာတွေ့ မြင်ရသည်မှာ ကောင်းသော ရလဒ်မဟုတ်ပေ။ ဓါးသည်မသွေးပဲ ထားလျှင် တုံးသည်။ လူတစ်ယောက်ရဲ့ အရည်အချင်း တန်ဖိုးသည် တတ်နိုင်သရွေ့ လေ့လာဖြည့်ဆည်းနေမှ အရည်အသွေး ရှိနေပေလိမ့်မည်။

    ရီဝေနေသောလူငယ်များနှင့် ညောင်းကိုက်နေသောလူကြီးများ ၊ အိမ်မပျော် လူလတ်ပိုင်းများ၏ အနာဂတ်တွေကတော့ မနက်ဖြန် သောက်ပွဲနဲ့  တဘက်ခါ အကြာလျော့မည့် အစီအစဉ်များ ဖြစ်ပေလိမ့်မည်။

    (မည်သူတစ်ဦးတစ်ယောက် မည်သည့်လူ့ အဖွဲ့ အစည်းကိုမှ ပုတ်ခတ်ဝေဖန်ခြင်းမဟုတ်ပါ။ တွေ့ မြင်တာကို ရေးသားခြင်းသာဖြစ်ပါသည်။ )

    တင်မင်းထွဋ်
    ၁၇-နိုဝင်ဘာ-၂၀၁၂

  • အိုဘားမား၊ အမေစု၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကချင် ရခိုင်အရေးနှင့် ကျနော့်အတွေး

    အိုဘားမား၊ အမေစု၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကချင် ရခိုင်အရေးနှင့် ကျနော့်အတွေး

    နိုဝင်ဘာ၊၁၅ ၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- ဒေါက်တာအောင်မော်

    ၁။ နိုင်ငံတကာအလယ်မှာ နိုင်ငံရေးပုံရိပ်ကောင်းပြီးရင်း၊ ကောင်းရန် လိုသော National Figure အမေစု

    အာဏာရှင်နိုင်ငံများတွင် ပြည်သူတို့၏ထောက်ခံမှုကို သေနတ်ပြ ချိန်းချောက်၍လည်းကောင်း၊ နည်းမျိုးစုံသော မဲလိမ်၊ မဲခိုးနည်းများကို အသုံးပြု၍လည်ကောင်း ရယူလေ့ရှိသည်ကို မြန်မာများ ကောင်းကောင်း သိပါသည်။
    ပြည်သူများ၏ ထောက်ခံမှု၊ ဆန့်ကျင်မှုတို့ကို လုံးဝ ဂရုစိုက်လေ့မရှိသော အာဏာရှင်တို့သည် နိုင်ငံတကာ၏ ဖိအားကိုတော့ ကြောက်လေ့ရှိကြပါသည်။ ထို့ကြောင့် နိုင်ငံရေးသမား သက်သက်မဟုတ်သော လူထုခေါင်းဆောင် (National Figure) ဖြစ်သည့် အမေစုအနေဖြင့် နိုင်ငံတကာတွင် နိုင်ငံရေး ပုံရိပ် (Image) ဆက်လက် ကောင်းနေပါမှ ကမ္ဘာ့ခေါင်းဆောင်များ၏  ထောက်ခံ၊ စောင်မ၊ စောင့်ရှောက်မှုကို အပြည့်အဝ ရရှိနိုင်ပါမည်။
    တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်လို့ အမေစု ခဏခဏပြောဘူးပေမဲ့ ၈ လေးလုံး လူထုအုံကြွမှုနဲ့တောင် မပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံဟာ International Figure ဖြစ်တဲ့ အမေစုကို အရင်းခံတဲ့ ကမ္ဘာကြီးရဲ့ ပြိုင်တူဖိအား ကြောင့်သာ မယုံနိုင်ဘွယ်ရာ အပြောင်းအလဲတွေ ဖြစ်လာတာလို့ ကျနော် ယုံကြည်တယ်။

    ၂။ တပ်မတော်ကပေးသည့် အတိုင်းအတာနှင့် အချိန်အထိသာ ဒီမိုကရေစီရနိုင်သောကြောင့် (Diplomacy) အရေးကြီးသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအရဖြစ်စေ၊ လွှတ်တော်တွင်း အခြေအနေအရဖြစ်စေ တပ်မတော်က ခွင့်ပြုသော အတိုင်းအတာနှင့်အချိန်အထိသာ ဒီမိုကရေစီအခွင့်အရေးရနိုင်ပါသည်ဟု အမေစုပြောဘူးပါသည်။
    ယနေ့တိုင် မငြိမ်သက်သေးသော ရခိုင်နှင့် ကချင် ပြည်နယ် ပြဿနာများသည် တပ်မတော်က အချိန်မရွေး နိုင်ငံတော်အာဏာကို ပြန်လည်ရယူနိုင်သည့် အခြေအနေမျိုးဖြစ်သည်ဟု နိုင်ငံရေး လေ့လာ သူများက တွက်ဆထားကြပါသည်။
    ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် အာဏာရပါတီက စိတ်ကြိုက်ရွေးချယ်ဖွဲ့စည်းထားသော၊ ကြိုတင်မဲဖြင့် နာမည်ကြီးခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင်က ဦးစီးကျင်းပမည်ကိုလည်းမမေ့သင့်ပါ။
    ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရန် ပြည်တွင်းထောက်ခံမှုကို အသားပေး၊ မျှော်လင့် လွန်းခြင်း ထက်စာလျှင်၊ နိုင်ငံရေး တိုးတက်မှုများ နောက်ကြောင်းပြန်မလှည့်စေရန်နှင့် အာဏာရ ပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်ကို ထိန်းကြောင်းတည့်မတ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ထောက်ခံမှု၊ စောင့်ကြည့်မှု၊ အားပေး မှုနှင့် ဖိအားတို့လျှော့မသွားအောင် (International Diplomacy) အထူး လိုအပ်သည်ဟု ဆင်ခြင်မိပါသည်။

    ၃။ ကမ္ဘာကြီးကို အမေစုရဲ့ သြဇာညောင်း အောင်လုပ်ရန်လိုသည်။

    ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် အမေစုအဖို့ပြည်တွင်းမှ တခဲနက် ထောက်ခံမှု လျှော့နည်း မသွားစေရအောင် တစ်ချို့သော အမှန်၊ အမှား ဖြေရှင်းရခက်သော နိုင်ငံရေးပြဿနာများ (Political Dilemma) နှင့်ပတ်သက်လာလျှင် မည့်သည့်ဖက်မှ ဘက်မလိုက်ဘဲ လိမ်မာပါးနပ်စွာ ရှောင်တိမ်းနေတာ မှန်သည်ဟု မြန်မာနိုင်ငံသား တစ်ချို့က ထင်မြင်ကြပါသည်။

    Dilemma ဖြစ်နေသော ကိစ္စုများတွင်

    (က) တစ်စုံတရာမှတ်ချက်မပြုဘဲ၊ မဖြေရှင်းဘဲ အချိန်ဖြင့် ကုစားရန်အတွက်ဖြစ်စေ၊
    (ခ) အချက်အလက်ခိုင်လုံအောင် အချိန်ယူစောင့်ကြည့်ခြင်းကိုဖြစ်စေ၊

    နိုင်ငံတကာခေါင်းဆောင်များ လက်ခံနိုင်ပေမဲ့ အဖြူနှင့် အမဲ၊ အမှန်နှင့် အမှား သဲကွဲလွန်းသော ကိစ္စများကို ခေါင်းရှောင်နေလျှင် National Figure ဖြစ်သော အမေစုကို အစဉ်အမြဲ ထောက်ခံ၊ ကူညီ နေသော နိုင်ငံတကာခေါင်းဆောင်များနှင့် လွှတ်တော်များအလယ်တွင် အမေစု၏ နိုင်ငံရေး သိက္ခာကျဆင်း သွားနိုင်ပါသည်။
    အမေစုသာ အမှန်နှင့်အမှာအကြား၊ ကြား (ဂျား) နေပါက နိုင်ငံတကာ ခေါင်းဆောင်များအလယ်တွင် ကျနော်တို့နိုင်ငံ၏ (National Figure) ဖြစ်သော အမေစု၏ နိုင်ငံရေး ပုံရိပ် (Image) မှာဆက်လက် မကောင်း နိုင်ပါသဖြင့် နိုင်ငံတကာ ထောက်ခံမှုနှင့် နိုင်ငံတကာဖိအားများ လျှော့နည်းသွားမည်ဆိုလျှင် နိုင်ငံနှင့် ပြည်သူ အားလုံးတို့၏ ဆုံးရှုံးမှုပင် အမှန်ဖြစ်ပါသည်။ အမေစု ကိုယ်ကို အမေစုမပိုင်တော့ပါ။ လူထုခေါင်းဆောင်ကို ကျနော်တို့ နိုင်ငံနှင့် ပြည်သူများက ပိုင်သွားပါသည်။
    ကျွန်တော့အမြင်ကတော့ အမေစုအနေဖြင့် ရရှိပြီးဖြစ်သော ပြည်သူလူထု အများစု၏ တစ်ခဲနက် ထောက်ခံမှုကို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဆက်လက်ရရှိနေပါလိမ့်မည်။ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးနှင့် ရွေးကောက်ပွဲရလဒ်ကို အာဏာရပါတီမှ လက်ခံအောင်၊ တစ်နည်းအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကဲ့သို့ ငြင်းပယ်ခြင်း မခံရအောင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ စောင့်ကြည့်မှု နှင့် ဖိအားများက ပို၍ အရေးကြီးသည်ဟု မြင်ပါသည်။
    ထို့ကြောင့် နိုင်ငံတကာ ခေါင်းဆောင်များအကြားတွင် အမေစု အနေဖြင့် Role Model ဖြစ်ရန် အတွက် နိုင်ငံရေးသိက္ခာကို ထိန်းသိမ်းထားနိုင်ပါမှ ကမ္ဘာကြီးအပေါ် သြဇာညောင်းပါလိမ့်မည်။
    မြန်မာနိုင်ငံခရီးစဉ် အတွင်း အိုဘားမားအနေဖြင့် နေပြည်တော်သို့ မသွားဘဲ ရန်ကုန်မှာသာနေပြီး အမေစုကို တွေ့ဆုံနှုတ်ဆက်ရန် ဆုံးဖြတ်ခြင်းသည် ကမ္ဘာကြီးအပေါ် အမေစု၏ သြဇာညောင်းမှုကို ပြဆိုသည့် သက်သေတစ်ခုပင်ဖြစ်ပါသည်။
    အဲဒီသြဇာညောင်းမှုကသာ အမေစုနှင့် ပြည်သူတို့၏ တကယ့်အောင်ပွဲကို မလွဲမသွေ ဆောင်ကြဉ်း ပေးနိုင်ပါလိမ့်မည်ဟု ယုံကြည်ပါသည်။

    ၄။ အိမ်ကြက်တွေ အချင်းချင်းခွတ်ရန် အိုးမဲ သုတ်ခြင်း။

    ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၈၂ နိုင်ငံသားဥပဒေ ကိုပြဌာန်းကာ စတင်၍ အိုးမဲသုတ်ခဲ့ပါသည်။ တိုင်းရင်းသားစာရင်းမှ ရိုဟင်ဂျာကို ဖယ်ထုတ်ခဲ့သည်။ သုံးခေါက်ချိုး နိုင်ငံသား မှတ်ပုံတင်ကိုင်သော ရိုဟင်ဂျာ တိုင်းရင်းသားများကို ပုံစံ ၄ ဖြည့်သွင်းပြီးမှ ခရီးသွားခွင့်ပြုခဲ့သည်။ ထို့အပြင် သုံးခေါက်ချိုးကဒ်ကို နိုင်ငံသားစိစစ်ရေးကဒ်နှင့်လဲမပေးဘဲ၊ တဆင့်နှိမ့်ပြီး သံသယကဒ်ကိုသာ ထုတ်ပေးခဲ့၍ ရိုဟင်ဂျာ တစ်ချို့က လဲရန်ငြင်းဆိုခဲ့ကြပါသည်။ တကယ်တန်းပြောရလျှင် မြန်မာနိုင်ငံသား မွတ်ဆလင်များကို ရည်ရွယ်၍ တမင် သက်သက်နှိမ်ပြီး ရေးဆွဲထားသော ၁၉၈၂ နိုင်ငံသားဥပဒေပါ အခွင့်အရေးများကိုပင် အပြည့်အဝ မခံစား ရအောင် လျှို့ဝှက်ညွှန်ကြားချက်များ ပေးပို့ကာ နှိပ်ကွပ်စေပါသည်။
    လွတ်လပ်စွာခရီးသွားခွင့်၊ ပညာသင်ခွင့်၊ အရွယ်ရောက်သူများ အိမ်ထောင်ပြုခွင့်၊ အိမ်ခြံမြေ အသစ်ဝယ်ခွင့်၊ အိမ်ထောင်စုဇယား (သန်းခေါင်စာရင်း) ခွဲထွက်ခွင့်နှင့် အိမ်အသစ် ဆောက်ခွင့်၊ စသည်တို့ကို တင်းကြပ်စွာ ပိတ်ပင် တားမြစ် ထားပါသည်။
    (မှတ်ချက်။ ။ အထက်ပါကြောင်းများကြောင့် ရိုဟင်ဂျာအိမ်တစ်အိမ်တွင် လူဦးရေ လေး၊ ငါးဆယ် စုပေါင်းနေခြင်းဖြစ်ပါသည်။)
    ဤနည်းများအားဖြင့် အိုးမဲသုတ်ကာ ရုပ်ဖျက်ပြစ်လိုက်သည်။

    ၅။ အိုးမဲသုတ်တာ အားမရလို့ မျက်နှာဖုံး ပါတပ်ကာ ရုပ်ဖျက်ပေးလိုက်၍ တအိမ်တည်းနေ ညီအစ်ကိုများ ခွပ်လို့ မဆုံးအောင်ဖြစ်စေသည်။

    ၈ လေးလုံးကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ခိုးဝင်လာသော ဘင်္ဂါံလီ ရိုဟင်ဂျာများကို တပ်မတော်နှင့် ပူးပေါင်းကာ တိုက်ထုတ်ခြင်းဖြင့် အမျိုးသားရေးတာဝန်တရပ် ကိုထမ်းဆောင်ရမည်ဟု မီဒီယာများမှတဆင့် အသံကျယ်ကျယ်ပြောလိုက်ခြင်းက အိမ်ကြက်အချင်းချင်း မမှတ်မိအောင် မျက်နှာဖုံးတပ်ပေးလိုက်ခြင်းဖြစ်၏။ ယနေ့မြန်မာနိုင်ငံတွင် အမျိုးသားရေးဟု ပြောလိုက်လျှင် လူ့အခွင့်အရေးနှင့် ဥပဒေအားလုံး ချိုးဖေါက်ခွင့် ရှိသည်ဟု မှတ်ယူကြကုန်၏။
    တဖန် သမ္မတကြီး ဦးသိန်းစိန်က ရိုဟင်ဂျာများသည် ခိုးဝင်သူများဖြစ်၍ ( Refugee Camp) သွင်းပြီး တတိယ နိုင်ငံသို့ ပို့မည်ဟု UN ကိုယ်စားလှယ်ကို ပြောလိုက်သောအခါ ထိမ်းမရသိမ်းမရ ပိုဆိုး သွားစေ ပါတော့သည်။ နိုင်ငံအနှံ့ သမ္မတကြီး မိန့်ခွန်းထောက်ခံပွဲဟု အကြောင်းပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ နှင့်ဆန့်ကျင်ကာ လူမျိုးရေး၊ ဘာသာရေး အထိကရုံး များဖြစ်စေရန် ပြောင်ပြောင် တင်းတင်း စည်းရုံးရေးများ လုပ်ခြင်းဖြင့် တစ်နိုင်ငံလုံးရှိ အစ္စလာမ်ဘာသာဝင်များကို ရန်ရှာလာကြပါ တော့သည်။
    တောင်ကုတ်၌ ခရီးသွား ၁၀ ဦး အကြမ်းဖက် အသတ်ခံရမှု၏ တရားခံများကို ရှာဖွေဖေါ်ထုတ် အရေးယူမယ်လို့ မပြောတဲ့အပြင် နိုင်ငံပိုင်သတင်းစာများတွင် သေဆုံးသူများကို (မွတ်ဆလင်ကုလား)၊ (ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်) စသည်ဖြင့် အသစ်တည်ထွင်ထားသော စကားလုံးများသုံးကာ ကျန်နိုင်ငံသားများနှင့် တန်းတူအခွင့် အရေးမရှိသူ နိုင်ငံမဲ့များ အဖြစ်ပုံပေါ်စေ၍ မင်းမဲ့စရိုက်ကို အသက်သွင်း ပေးခဲ့ပါသည်။
    ဂျာနယ်များကလည်း ဥပဒေ သာမက၊ မီဒီယာကျင့်ဝတ်များကို ချိုးဖေါက်ကာ လူမျိုးရေး၊ ဘာသာရေး အထိကရုံး လှုံ့ဆော် စာများကို ခေါင်းစဉ်အမဲဖြင့်ဖေါ်ပြသည်အထိ မီဒီယာလွတ်လပ်ခွင့်ကို တလွဲအသုံးချ ခြင်းဖြင့် ညီအစ်ကိုအချင်းချင်း မမှတ်မိအောင် မျက်နှာဖုံး တပ်ပေးလိုက်ကြ ပါတော့သည်။

    ၆။ တစ်ချက်ခုတ် နှစ်ချက်ပြတ် (သို့မဟုတ်) ယာလည်းညှက်စေ ကြက်လည်း ပန်းစေ။

    တချိန်က (Federal) သို့မဟုတ်(တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန်) တောင်းဆိုသည်ကို ဝန်ကြီးချုပ် ဦးနုက အသိအမှတ်ပြုခဲ့၍ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများကို ဦးနေဝင်းနှင့် အစဉ်အဆက် စစ်ခေါင်းဆောင်များက မုန်းသည်ဟု ဆိုကြ၏။
    ရခိုင်အစွန်းရောက် မျိုးချစ်များ၏ လွတ်လပ်သောရခိုင်နိုင်ငံတော်ကြီးတည်ဆောက်အံ့ဟူသော စိန်ကောင်းကျောက်ကောင်း ရောင်းဝယ် နေသည့်ကြား ဆေးရိုးသည် ရိုဟင်ဂျာများမှာ ကန့်လန့်ဖြစ်နေသည်။
    ရွှေ ရေနံသိုက်နှင့် တရုတ်သို့ သွယ်တန်းထားသော Natural gas ပိုက်လိုင်း အကျိုးအမြတ်များကို ရခိုင်တိုင်းရင်းသားတို့က အချိုးကျ တောင်းဆိုနေကြခြင်းသည် အစိုးရကို ခေါင်းကိုက်စေ၏။ မြစ်ဆုံနှင့် လက်ပန်းတောင်းတောင် သတ္တုတွင်းကိစ္စကလည်း မပြီးပြတ်သေး၍ လှည့်ပတ်ကာ အာရုံလွှဲ ရပါဦးမည်။
    တရုတ်စကားပုံ တစ်ခုတွင် ဖရဲခင်းအတွင်း ဖိနပ်ကို ကုန်းပြီးပြင်လျှင် ဖရဲသီးခိုးသည်ဟု ကြိမ်းသေ စွပ်စွဲခံရပါလိမ့်မည် ဟုဆို၏။  ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးထွက်ခွာမည့် နိုင်ငံခြားခရီးစဉ် စတင်ကာနီး အချိန်တွင် လူမျိုးရေး အဓိကရုံဏ်းများ တိုက်ဆိုင်စွာပင် ဖြစ်ပေါ်လာသည်။
    လူမျိုးရေး ပဋိပက္ခ ဖန်တီးသူများ၏ ရည်ရွယ်ချက်များအနက် တစ်ချို့ အောင်မြင်သည်ဟု ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် International Figure ဖြစ်သော အမေစုကို ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ အသံ တိတ်လွန်းသည်ဟု ကမ္ဘာက စတင်ဝေဖန်လာကြပြီ ဖြစ်သည်။

    ၇။ ကျင့်ဝတ်မညီသည့် ဘက်လိုက်သော မီဒီယာများ

    လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပညာပေးမှုအားနည်းလွန်းသော မီဒီယာများသည် အမျိုးသားရေး အမည်တပ်ကာ ဥပဒေချိုးဖေါက်မှုများကို ပိုမိုပြုလုပ်သင့်ကြောင်း တိုက်တွန်း အားပေးနေသယောင် ဖေါ်ပြနေကြ၏။

    ၈။ သုတ်မိသော အိုးမဲများ စတင်ဖျက်နေကြပြီ။

    (က) လဝက ဝန်ကြီး ဦးခင်ရီက ခိုးဝင်သူများ မရှိသလောက် ဖြစ်သည်ဟုဆို၏။ ကုလသမဂ္ဂမှ ကြားမဝင်စေချင်၍ ရခိုင်နှင့်ရိုဟင်ဂျာများသည် တစ်အိမ်တည်းနေ ညီအစ်ကိုများဖြစ်သည်ဟုလည်းသုံးနှုံး၏။
    (ခ) သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက ရိုဟင်ဂျာများသည် လွတ်လပ်ရေးမတိုင်မှီ အခြေချနေထိုင်သူများ ဖြစ်၍ တတိယနိုင်ငံသို့ ပို့ရန်မဖြစ်နိုင်ကြောင်း၊ အတူတကွ ယှဉ်တွဲနေထိုင်ဖို့ကိုသာ စဉ်းစားသင့်ကြောင်း၊ ရိုဟင်ဂျာဟူသော နာမည်ကိုတော့လက်မခံကြောင်း အမေရိကန်ခရီးစဉ်အတွင်း တက္ကသိုလ်တစ်ခုတွင် ရခိုင် အမျိုးသား တစ်ဦး၏ အမေးကိုဖြေကြားခဲ့ပါသည်။ (နေပြည်တော်တွင်ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ ထိုသူများကို ဘင်္ဂါံလီဟုပြောဆိုသုံးနှုံးခြင်းကို ဘင်္ဂံလားဒစ်ရှစ် သံအမတ်ကြီးက ကန့်ကွက်ခဲ့ပါသည်။)
    (ဂ) သမ္မတကြီး ဦးသိန်းစိန်က မတည့်သည့်အုပ်စုနှစ်ခု အတူယှဉ်တွဲနေနိုင်သည့် နည်းလမ်းများ ရှာဖွေရန် လိုကြောင်း ပြောကြားပါသည်။

    ၉။ မြန်မာအစိုးရကို လှုပ်နှိုးရန် အိုဘားမားနှင့် အမေစုတို့၏ ပူးတွဲကြေငြာချက်ထုတ်ပြန်ရန်လို၏။

    များမကြာမှီရက်များအတွင်း အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်လာ ပါတော့မည်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးများနှင့်ပတ်သက်၍ ဆက်လက်ထောက်ခံသင့် မခံသင့် စမ်းစစ် ပါလိမ့်မည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် နိုင်ငံတကာထောက်ခံမှု လိုအပ်နေပါသည်။
    အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် စောလွန်းသည်ဟု ဝေဖန်သူများ ငုတ်တုတ်မေ့အောင် အိုဘားမားအနေဖြင့် လုပ်ပြရပါလိမ့်မည်။
    ရခိုင် ရိုဟင်ဂျာ ပဋိပက္ခကို အမြန်ဆုံးထိန်းသိမ်းရန်နှင့် နောက်ကွယ်မှ တရားခံကိုဖေါ်ထုတ်ပေးရန် အိုဘားမားက တောင်းဆိုမည်ဟု အိမ်ဖြူတော်မှ ကြေငြာ၏။ ဤသို့ဆိုလျှင် သမ္မတ ဦးသိန်းစိန်၊ အမေစု၊ ရှစ်လေးလုံး ကျောင်းသားများသာမက တောင်ကုတ်၊ ရခိုင်ကိစ္စ စုံစမ်းရေး ကော်မရှင်နှစ်ရပ်စလုံးနှင့် တွေ့ဆုံခွင့်ရရန် အိုဘားမား အနေဖြင့်တောင်းဆိုသင့်၊ အချိန်ပေးသင့်ပါသည်။
    ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမတွင် ရန်ကုန်မြို့လူထုကို အိုဘားမား မိန့်ခွန်းပြောမည်ဟု အိမ်ဖြူတော်က ကြေငြာ၏။ ဒီမိုကရေစီ ဘက်တော်သားများ၊ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လိုလားသူများ၊ မြန်မာမွတ်ဆလင်နှင့် ရိုဟင်ဂျာများ အနေဖြင့် ထိုပွဲကို မဖြစ်မနေ တက်ရောက်သင့်သည့်အပြင် အိုဘားမားကို ၎င်းမိန့်ခွန်းပြောအပြီး မေးရန် မေးခွန်းကောင်းကောင်းလေးများကို စဉ်းစားပြီး အင်္ဂံလိပ် မြန်မာ နှစ်ဘာသာဖြင့် စာစီကာ အကြိမ်ကြိမ် လေ့ကျင့်နေသင့်ပါသည်။
    အိုဘားမားအနေဖြင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးတို့နှင့် အချိန် လုံလုံလောက်လောက်ပေး တွေ့ဆုံ စကားပြောကာ မြန်မာနိုင်ငံသည် နောက်ကြောင်း ပြန်မည် မဟုတ်ကြောင်း ကတိကို တောင်းခံပြီးမှ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးကို ယုံသင့်၊ထောက်ခံသင့်သည်။
    (မှတ်ချက်။ ။မြန်မာနိုင်ငံတွင် အမေရိကန်သမ္မတကြီးအနေဖြင့် နာရီပိုင်းမျှသာ နေမည်ဟု သတင်းကြား၍ အထူးစိတ်မကောင်း ဖြစ်မိပါသည်။)
    အမေစုအနေဖြင့်လည်း အိုဘားမားနှင့်တွေ့ဆုံရမည့် အခွင့်ကောင်းကို အသုံးချကာ ကချင်နှင့် ရခိုင်အရေး ပူးတွဲကြေငြာချက်ထုတ်ပြန်၍ ဒီမိုကရေစီအရေး၊ ဘာသာရေးဖိနှိပ်မှု၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အစဉ်အမြဲ အသံမတိတ်ကြောင်း သက်သေပြခြင်းဖြင့် ကမ္ဘာကြီး၏ အမေစုအပေါ် ထောက်ခံမှုကို ဆက်လက် ထိန်းသိမ်းထားသင့်ပါကြောင်း တင်ပြ အကြံပေးအပ်ပါသည်ခင်ဗျား။

    ဒေါက်တာ အောင်မော်

     

    ဆေင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    နိုဝင်ဘာ၊ ၁၀ ၊ ၂၀၁၂

    ရေးသူ- O’Laie Manzu

    အရာရာတိုင်းတွင် အဖြေရှိစမြဲပင်။ အဖြေသည် မှန်၏ မှား၏ လက်ခံနိုင်၏ လက်မခံနိုင်၏ ဆိုသည်မှာ ရရှိလာသော အဖြေအတွက် မှန်ကန်ကြောင်းသက်သေထူသည့် အချက်အလက်များအပေါ်တွင် မူတည်နေသည်။ သို့သော် သက်သေသာဓကများအား လှစ်လှူရှု့ကြပါမည်ဆိုလျင် တွေ့ရှိသော အဖြေမှာ မှန်ကန်သည့်တိုင်အောင် လက်ခံနိုင်ကြမည် မဟုတ်ပေ။ သိပံ္ပနည်းကျသော်လည်းကောင်း၊ သင်္ချာနည်းဖြင့်သော်လည်းကောင်း၊ သက်သေအထောက်အထားများဖြင့်သော်လည်းကောင်း၊ ကာယစွမ်းအား ဉာဏစွမ်းအား ဖြင့်သော် လည်းကောင်း ကမ္ဘာတစ်ဝှမ်းရှိ လူသားများသည် အဖြေမှန်များကို နေ့စဉ်နှင့်အမျှ စူစမ်းရှာဖွေနေကြသည်။ လေ့လာသုံးသပ်နေကြသည်။ ထိုနည်းတူစွာပင် အဖြေမှန်များအား ဖုံးကွယ်နေကြသည်မှာ လူ့ပတ်ဝန်းကျင်တွင် အစဉ်အမြဲတွေ့မြင်နေရသည်။

    ပညာသင်ကြားသည် ဆိုသည်မှာလည်း သတင်းအချက်အလက်များအား လေ့လာဆည်းပူးကြခြင်းပင်ဖြစ်ပေသည်။ ပညာရေးစနစ်၊ နိုင်ငံရေးခံယူချက်၊ ဘာသာရေးယုံကြည်ချက်နှင့် ပတ်ဝန်ကျင်၏ လွှမ်းမိုးမှုများ အပေါ်မူတည်ပြီး လေ့လာဆည်းပူးကြသည့် သတင်း အချက်အလက်များမှာလည်း ကွာခြားကြသည်။ စာသင်ခန်းများအပြင် စာဖတ်ခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ စကားဝိုင်းထိုင်ခြင်း၊ အယူအဆ ဖလှယ်ခြင်း၊ သတင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းအားဖြင့် သတင်း အချက်အလက်များအား နည်းအမျိုးမျိုးဖြင့် လေ့လာကြသည်။ တစ်ချိန်တည်းမှာပင် စာရေးသားသူ၊ ပြောဆိုသူ၊ တင်ပြသူ တို့၏ အာဘော်များလည်း ရောထွေးပါလာတက်ကြစမြဲဖြစ်သည်။

    အရင်းအမြစ်တစ်ခုတည်းမှ ထွက်ပေါ်လာသော သတင်းအချက်အလက်များအား ပုံအော ယုံမှတ်ပါက ယင်းအရင်းအမြစ်အား တင်ပြသူအာဘော်၏ လွှမ်းမိုးမှုအောက်သို့ ကြရောက်သွားမည်သာဖြစ်သည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ရရှိလာသော သတင်းအချက်အလက်များ အားလုံးအား တင်ပြသူ၏ အာဘော်လွမ်းမိုးမှု မရှိစေဘဲနှင့်သော်လည်းကောင်း၊ မိမိ၏ ပင်ယင်းခံယူချက်များနှင့် ယုံကြည်ချက်များ လွှမ်းမိုးမှုမရှိစေဘဲနှင့်သော် လည်းကောင်း သက်သေ အထောက်အထားများနှင့် ယှဉ်တွဲကာ လေ့လာသုံးသပ်ကြရမည်ဖြစ်သည်။ မိမိစိတ်တွင် စွဲမြဲနေသော ပင်ယင်းခံယူချက်-ယုံကြည်ချက်များနှင့် လေ့လာသုံးသပ်လျင် လေ့လာတွေ့ရှိချက်များသည်လည်း မိမိရှိရင်းစွဲပင် ကိုယ်စိတ်၏ လမ်းညွန်ရာသို့ သာ ရောက်ရှိသွားမည်ဖြစ်ပြီး မှန်ကန်သည့် သတင်း အချက်အလက်များအား ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ ရရှိသောသတင်း အချက်အလက်များ၏ တန်ဖိုး မူရင်းအားလည်း သိရှိနားလည်နိုင်မည် မဟုတ်ပေ။

    သတင်းအချက်အလက်များအား ပွင့်လင်းထင်သာစွာဖြင့် ထုတ်ဖော်နိုင်ခွင့်၊ လေ့လာနိုင်ခွင့်နှင့် မျှဝေနိုင်ခွင့် အစရှိသည့် လွတ်လပ်မှုများသည် ဒီမိုကရေစီ စနစ်သည်သာလျင် ပိုမို အာမခံပေးနိုင်သည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်တွင် ဒီမိုကရေစီစနစ်အား လက်ခံကျင့်သုံးကြရန်အတွက် အာဇာနည် အမြောက်အများ အသက်ပေးခဲ့ကြသည်။ မြန်မာနိုင်ငံတော်အားလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ မြန်မာ့မျိုးချစ် အာဇာနည် အမြောက်အများသည်လည်း အသက်ပေးခဲ့ကြသည်ကို အများသိကြပေလိမ့်မည်။ ဘဝများ ပေးဆပ်ခဲ့ကြသည်ကိုလည်း မေ့ပျောက်ကြလိမ့်မည်မဟုတ်။

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် သတင်းမီဒီယာမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် အချို့မှာ ဒီမိုကရေစီစနစ်၏ ပင်မမဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အစရှိသည်တို့အပြင် သတင်းမီဒီယာအား ဒီမိုကရေစီစနစ်၏ စတုထ္ထ မဏ္ဍိုင်ကြီးအဖြစ်တင်စားကြသည်။ ဒီမိုကရေစီ ယန္တရား လည်ပတ်နိုင်ရန်အတွက် ဤ မဏ္ဍိုင်ကြီးလေးရပ်သည် ကျရာ အခန်းကဏ္ဍမှ လွတ်လပ်စွာ လည်ပတ်နေရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သတင်းမီဒီယာများသည် စီးပွားရေးလုပ်ငန်းများကဲ့သို့ ထင်ပေါ်ကျော်ကြားမှုနှင့် အောင်မြင်မှုရရှိရေးအတွက် ပရိတ်သတ်များအား စွဲဆောင်ကြရသည်။ ဈေးကွက် သဘောတရားအတိုင်း လူအများ စိတ်ဝင်စားမှုရယူနိုင်ရန် ဖန်တီးကြသည်။ ထို့အပြင် ငွေကြေးထောက်ပံ့သူများ၏ အရိပ်အောက်တွင် လည်ပတ်ကြရသည်ဖြစ်ရာ အမှန်တရားများမှ ယိမ်းယိုင်မှုများ ရှိတတ်ကြသည်။ သတင်းမီဒီယာသည် ဒီမိုကရေစီစနစ်၏ ပင်မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဲ့သို့ အပြန်အလှန် ထိမ်းချုပ်ညှိနှိုင်းမှုမရှိသောကြောင့် အရေးကြီးသည့် ကဏ္ဍတွင် တည်ရှိနေသော်လည်း လွဲမှားစွာ အသုံးပြုပါက ဒီမိုကရေစီစနစ်တစ်ခုလုံးအား ပြိုလှဲသွားနိုင်သည်အထိ အဆိပ်အတောက်ဖြစ်စေနိုင်သည့် အင်အားရှိသည်။

    သတင်း အချက်အလက်များအားလည်း လွတ်လပ်စွာ ရယူပိုင်ခွင့်၊ ဖြန့်ဝေပိုင်ခွင့်ရှိကြသော်လည်း မှန်ကန်သည့် သတင်းအချက်အလက်များ မရရှိပါက မိမိတို့ထံတွင် ရှိသည့် လွတ်လပ်စွာ သတင်းရယူခွင့်သည် နွံအိုင်ထဲတွင် ရေကူးခွင့်ပြုထားသည်နှင့် အလားသဏ္ဍန်တူနေပေသည်။ ထို့ကြောင့် ပိုမိုအရေးကြီးသည်မှာ အမှန်တရားအား သိပိုင်ခွင့်ပင်ဖြစ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန်လိုအပ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ မျှဝေတင်ပြရန်မှာ သတင်းမီဒီယာများ၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။

    မြန်မာနိုင်ငံတွင် သတင်းအမှောင်ချထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သတင်းမှန်များရရှိရေးအတွက် ပြည်ပသတင်း မီဒီယာများအား အားကိုးခဲ့ကြရသည်။ ပြည်သူလူထုမှာ စစ်အစိုးရမှ ဖော်ပြသည့် သတင်းမှားများနှင့် ဆင်ဆာ ဖြတ်တောက်ပြီးမှ ထွက်ပေါ်လာခဲ့သော သတင်းများအား လက်ခံယုံကြည်ခဲ့ခြင်းမရှိပေ။ သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလများတွင် သတင်းလွတ်လပ်ခွင့်များအား လှမ်းစဖွင့်ပေးခဲ့ခြင်းကြောင်း ပြည်တွင်း သတင်းမီဒီယာများအား မြန်မာပြည်သူများအနေဖြင့် ယခင်ကထက် ပိုမိုလက်ခံစပြုလာခဲ့သည်။ မှန်ကန်သည့် သတင်းများအဖြစ် လက်ခံလာကြသည်။

    ရခိုင်ပြည် အရေးအခင်းဖြစ်ပွားသည့် အချိန်တွင် ပဋိပက္ခကြီးမား ကျယ်ပြန့်မှု မရှိစေရန်အကြောင်းပြကာ သတင်းမီဒီယာများအား ပြန်လည် ထိမ်းချုပ်လာခဲ့သည်။ အပြောင်းအလဲများအား မြင်တွေ့နေရသည့် မြန်မာပြည်သူများမှာလည်း ထိမ်းချုပ်မှုအောက်တွင် ရှိနေသေးသည့် သတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းများအား ဆက်လက်ယုံကြည်နေကြသည်။ ပွင့်လင်းမှုအတိုင်းအတာ တစ်ခုအထိ တွေ့မြင့်လာရသောကြောင့် သတင်းမှားများ၊ ထိမ်ချန်မှုများ၊ ဖုံးကွယ်မှုများ၊ သွေးထိုးလှုပ်ဆော်မှုများ၊ ဖျားယောင်းသွေးဆောင်မှုများ၊ အာရုဏ်ပြောင်းမှုများ အား အမှန်ထင်၍ လက်ခံယုံကြည်လာကြသည်။ ထို့အပြင် ဒီမိုကရေစီရရှိရေးအတွက် အားပြုခဲ့သည့် ပြည်ပမီဒီယာများအား ဆန့်ကျင်လာကြသည်။ ပြည်ပမီဒီယားများမှထွက်လာသည့် သတင်းအချက်အလက်များအား ငြင်းပယ်ကြသည်။ ပြစ်တင်ရှုတ်ချကြသည်။

    အထူသဖြင့် ရခိုင်ပြည်နယ်အရေးအခင်းနှင့် ပတ်သက်၍အစိုးရ ထိမ်းချုပ်မှုအောက်တွင် ရေးသားဖော်ပြနေသည့် သတင်းများ၊ ထင်ပေါ်ကျော်ကြားရေးကို အဓိကထားကာ အများအကြိုက် ရေးသားဖော်ပြနေသည့် သတင်းများနှင့် ပြည်ပသတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များမှာ များစွာကွာခြားနေပါသည်။ ယင်းကွာခြားမှုများကို သုံးသပ်ခြင်းအားဖြင့် မြန်မာပြည်တွင် သတင်းမီဒီယာများအပေါ် ချုပ်ကိုင်မှုရှိနေပြီး သတင်းမီဒီယာများ ကိုယ်တိုင်ကပင် ထင်ပေါ်ကျော်ကြားရေးအတွက် အများအကြိုက်ရေးသားကာ ဒီမိုကရေစီစနစ်အား အဆိပ်အတောက်ဖြစ်စေမည့် ဒီမိုကရေစီနည်းလမ်းမကျသည့် ကျင့်ဝတ်များအား ကျင့်သုံးနေကြောင်းတွေ့ရပါသည်။ လွတ်လပ်မျှတသည့် သတင်းမီဒီယာနှင့် မှန်ကန်သည့် သတင်းအချက်အလက်များသိရှိပိုင်ခွင့် ရှိမှသာလျှင် စစ်မှန်သည့် ဒီမိုကရေစီစနစ်အား ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

  • ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်

    ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်

    နိုဝင်ဘာ၊ ၆ ။ ၂၀၁၂

    ဧရာဝတီ မှကူးယူဖော်ပြပါသည်။

    စစ်တွေမြို့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ မွတ်စလင် ဒုက္ခသည်များ (ဓာတ်ပုံ- Reuters)

    ရိုဟင်ဂျာ ဆိုတဲ့ ပြသနာရဲ့  အရင်းအမြစ်ဟာ အက်သနစ် (Ethnic) ကို တိုင်းရင်းသားလို့ ဘာသာပြန်ဆို (သို့မဟုတ်) နားလည်သဘောပေါက် တာက စတယ်လို့ မြင်ပါတယ်။ အက်သနစ် ကို မြန်မာလို တိုင်းရင်းသား လို့ ဘာသာပြန်ဆိုလိုက်တာနဲ့ အော်တိုမစ်တစ်  တွဲပါလာတာက မူရင်းဌာနေလူမျိုး ဆိုတဲ့ အဓိပ္ဗါယ် ပါပဲ။ မူရင်းဌာနေလူမျိုးဆိုတာကတော့ Native (or) Indigenous ပါပဲ။ အမှန်က အက်သနစ် နဲ့ မူရင်း ဌာနေလူမျိုးဆိုတာကွာပါတယ်။ ဒီ ၂ ခုကို ၁ ခုတည်း အနေနဲ့  တိုင်းရင်းသား ဆိုပြီး ပြန်ဆိုလိုက်တဲ့နေရာမှာ ရောထွေးပြီး ရိုဟင်ဂျာ အက် သနစ် ဟုတ်မဟုတ်ကနေ  မြန်မာပြည်ရဲ့  လူမျိုး ဟုတ်မဟုတ်၊ တိုင်းပြည်ရဲ့  အရင်း ဟုတ်မဟုတ်၊ ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိမရှိ ဆိုတာတွေဖြစ်လာပါတယ်။

    ဒီ concepts တွေကို အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်

    (၁) အက်သနစ် ဆိုတာ လူစု (Cultural group) ပါပဲ။ လူတစုမှာ ဘာသာ၊ စကား၊ စသဖြင့် အုပ်စုတစ်ခု ရဲ့ သွင်ပြင်လက္ခာတွေရှိမယ်၊ လူအစုအဝေး အနေနဲ့ ပြစရာရှိမယ်ဆိုရင် သူဟာ အက်သနစ် (သို့ ) ကာချရာဂရုပါပဲ။ အက်သနစ် သွင်ပြင်လက္ခဏာဟာ တသက်လုံး တည်ငြိမ်မှုမ ရှိနိုင်ပါဘူး။ သူ့ သဘောသဘာဝအရ စီးပွားရေး၊ နိုင်ငံရေး၊ စသဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး အက်သနစ်သွင်ပြင်တွေ ကို ပြောင်း လဲခြင်း၊ ပြင်ခြင်းခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်း စသဖြင့်လုပ်လေ့ရှိပါတယ်။ မြန်မာပြည်က ကချင်လူမျိုးတွေ အကြောင်း လေ့လာတဲ့ Edmond Leach က ၁၉၅၀ လောက်ကတည်းက ဒီအချက်ကို ထောက်ပြထားပါတယ်။ ချင်းနဲ့  ကယားလူမျိုးတွေအကြောင်းလေ့လာတဲ့ Dr. FK Lehman (aka) Chit Hlaing ကလည်း ၁၉၇၀ လောက်ကတည်းက ဒီလိုပဲဆိုပါတယ်။ အက်သနစ်နဲ့ပတ်သက်ပြီး လေ့လာသူတိုင်း ဒီအချက်ကို နားလည်ပါတယ်။

    ဥပမာ အက်သနစ် နာမည်ဖြစ်တဲ့ ရှမ်း (သို့ ) သျှမ်း ဆိုတာ အရင်က မရှိခဲ့ပါဘူး။ ရှမ်းတွေက အခုထက်ထိ သူတို့ ကိုယ်သူတို့  တိုင်း (Tai) လို့ ခေါ်ပါတယ်။ ရှမ်းပြည်ကို မုံးတိုင်း လို့ ခေါ်ပါတယ်။ ကိုလိုနီ ခေတ်ပတ်ဝန်းကျင်တုန်းက ရှမ်းတွေနဲ့ လူမျိုချင်းနီးစပ်တဲ့ တိုင်းလူမျိုးတွေနေထိုင်တဲ့ စယမ် (Siam) – ယခု ထိုင်းနိုင်ငံ – ကို အခြေပြုပြီး စယမ် – စယမ် ဆိုရာကနေ တဖြည်းဖြည်းပြောင်းလဲလာပြီး Shan/သျှမ်း ဆိုတာဖြစ်လာတာပါ။ ပတ်ကညောကနေ ကရင်၊ ကယားလီကနေ ကယားကနေ အခု ကရင်နီ (Karenni)၊ ဂျိမ်းဖော်အုပ်စုတစုက အစချီပြီး ကချင် စတဲ့ နာမည်တွေ ဖြစ်လာပါတယ်။ ဘာသာစကားဆိုရင်လည်း အရင်က ကရင်နီစာပေမရှိခဲ့ပေမဲ့ အခု ကရင်နီဘာသာစာပေအသစ်ကို ဒီနှစ်ဆန်းပိုင်းက ကွယ်လွန်သွားတဲ့ ကရင်နီ ခေါင်းဆောင်ဟောင်း ထယ်ဗူးဖဲ က တီထွင်ခဲ့တာပါ (May his soul rest in peace)။

    (၂) အက်သနစ်ဆိုတာ မူရင်းဌာနေလူမျိုး နဲ့ ကွာပါတယ်။ ကနေဒါလိုနိုင်ငံမျိုးမှာ Red Indian (ကျနော်တို့ ငယ်ငယ်တုန်းကအ တန်း ကျောင်းတွေမှာ သင်ရတဲ့ အက်စကီးမိုး) တွေဟာ နေ့ တစ်ဖ် တွေဖြစ်ပါတယ်။ သူတို့ ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက ကနေဒါမှာ နေနေတဲ့လူတွေဖြစ်တဲ့အတွက် အင်ဒီးဂျီးနက်စ် (သို့ ) နေ့တစ်ဖ် လို့ ခေါ်တဲ့ မူရင်းဌာနေလူမျိုးဖြစ်ပါတယ်။ နောက်မှ ၀င်ရောက်လာတဲ့ ဗီယက်နမ်တို့ ၊ မြန်မာတို့ ကို ကနေဒါမှာ အက်သနစ် တွေလို့ ခေါ်ပါတယ်။ ဒါကြောင့် Ethnic Communities of Canada ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိုင်းရစ်တွေ၊ တရုတ်တွေ၊ ဗီယက်နမ်တွေ၊ မြန်မာတွေလည်း ပါတာပါ။ ဥပမာအနေနဲ့  ဒီကနေဒါအစိုးရ လင့်ခ်ကို ၀င်ကြည့်ပါ။ http://www.statcan.gc.ca/bsolc/olc-cel/olc-cel?catno=89-621-X&CHROPG=1&lang=eng

    ဒီလင့်ခ်မှာ ဖော်ပြထားတဲ့ ကိုးရီးယား၊ ဗီယက်နန် စတဲ့ လူစုတွေက မုရင်းဌာနေလူမျိုးတွေမဟုတ်၊ အက်သနစ်တွေဖြစ်ပြီး နိုင်ငံသားစည်း ကမ်းနဲ့ ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားအခွင့် အရေး အပြည့်အ၀ရကြသလို နိုင်ငံအပေါ်ထားရှိရမဲ့ တာဝန်ဝတ္ထရားကို လည်း ကျေပွန်ရပါမယ်။

    ဒါကြောင့် အက်သနစ် သို့  ယဉ်ကျေးမှုအုပ်စု (Cultural group) လို့ ပြောတိုင်း အဲ့ဒီအုပ်စုတွေဟာ ကနေဒါမှာ နှစ်ပေါင်း ရာ ထောင်ချီကတည်းကရှိတဲ့ အင်တီးဂျီးနက်စ်တွေလို့ ယူဆစရာမလိုပါ။

    အချုပ်အားဖြင့်ပြောရရင်
    – အက်သနစ် (Ethnic) ဆိုတာ လူစုတစု (Cultural group) ပဲဖြစ်ပြီး မူရင်းဌာနေလူမျိုး (Native သို့ Indigenous) နဲ့ ကွာပါတယ်။
    – သျှမ်း၊ ကချင်၊ ကရင် စတဲ့ နာမည်တွေဟာ အသစ် အသစ်တွေချည်းဖြစ်ပါတယ်။ ဘာသာစကားနဲ့  သွင်ပြင်လက္ခဏာတချို့ တွေက လည်း ပြောင်းလဲ၊ တီထွင်၊ လျစ်လျူရှု စသဖြင့် ရှိတတ်ပါတယ်။

    ဒါကြောင့်
    – ရိုဟင်ဂျာဆိုတာ အက်သနစ်ဟုတ်ပါသလားဆိုရင် ဟုတ်ပါတယ်။ သွင်ပြင်လက္ခဏာ၊ လူစုလူဝေးရှိလို့ ။
    – ရိုဟင်ဂျာဆိုတဲ့ နာမည် ရှိလို့ ရပါ့မလားဆိုရင် ရှိနိုင် ရနိုင်ပါတယ်။ တခြား လူမျိုးနာမည်လည်း တီထွင်ပြောင်းလဲခဲ့ကြတာပါပဲ။
    – ရိုဟင်ဂျာတွေ နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေး ပေးသင့်သလားဆိုရင် စည်းကမ်းနဲ့ ညီရင် ပေးသင့်ပါတယ်။ တိုင်းပြည်အပေါ် သစ္စာလည်းရှိ၊ နိုင်ငံသားဝတ္ထရားလည်း ထမ်းဆောင်ဖို့ လိုပါတယ်။
    – ရိုဟင်ဂျာတွေဟာ မူရင်းဌာနေလူမျိုးတွေဟုတ်သလားဆိုရင်တော့ ဒီအချက်က ဆွေးနွေးစရာပါ။ အခု ဆွေးနွေးမယ် ဆိုရင်  ဆွေးနွေးရမှာက ရိုဟင်ဂျာ နာမည် ရှိမရှိမဟုတ်ပါ၊ ရိုဟင်ဂျာ အက်သနစ်ဟုတ်မဟုတ်ပါ။ မူရင်းဌာနေလူမျိုးဟုတ်မဟုတ် ဆိုတာပဲဖြစ်ပါတယ်။

    စာရေးသူသည် ကနေဒါနိုင်ငံ Simon Fraser တက္ကသိုလ်တွင် ပါရဂူဘွဲ့ယူစာတမ်း ပြုစုနေသူ ဖြစ်သည်။

  • လောကပါလတရားများ ထွန်းကားပါစေ မြန်မာပြေ(ပြည်)

    လောကပါလတရားများ ထွန်းကားပါစေ မြန်မာပြေ(ပြည်)

    အောက်တိုဘာ၊ ၁၆၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်-T.Z.A

    မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျား…လွန်တာကျွံတာရှိက ဆုံးမပါ”အစရှိတဲ့ ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက် နာမည်ကြီးအဆိုတော် လွှမ်းမိုးသီဆိုခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ အဲဒီသီချင်းလေးထဲကလိုပဲ စာရေးသူလည်း နည်းနည်းမျှဝေချင်တာလေးတွေရှိလာတယ်။ ဒါပေမယ့် စာရေးသူတို့ရဲ့ ထုံးစံအတိုင်း ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ၀ါဒစွဲ ကင်းကင်းနဲ့ ကိုယ်မျှဝေချင်တာလေးတွေကို မျှဝေလိုက်ပါတယ်။ အကယ်၍များ တိုက်ဆိုင်မှုများရှိခဲ့လျှင်လည်း တိုက်ဆိုင်မှုသက်သက်အဖြစ်သာ နားလည်ပေးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်။

    စာရေးသူတို့ ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ လောကပါလ တရားနှစ်ပါး။လောကကို စောင့်ရှောက်တဲ့ တရားနှစ်ပါးပေါ့နော်။ (ဒါက စာပေသဘောအရဘာသာပြန်တာပါ။ ယုံကြည်ချက်မဟုတ်ပါဘူး၊) အဲဒီတရားနှစ်ပါးဆိုတာ “ဟီရိ၊ သြတ္တပ္ပ”တဲ့။ အဲဒါ မြန်မာလို ပြန်ရင်တော့ အရှက်တရား၊ အကြောက်တရား ပေါ့။ ဒီတရားနှစ်ပါးမရှိရင် လောကပျက်စီးရာ ပျက်စီးကြောင်းပေါ့။ ဒါပေမယ့် အခုအချိန်မှာ ဒီလို ကောင်းမြတ်တဲ့ကိုယ်ကျင့်တရားတွေကို ထိန်းသိမ်းထားကြတဲ့လူတွေဟာ စိန်ခေါ်ခံနေရတယ်။

    “ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း”ဆိုတဲ့ စာရေးသူတို့ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ ပျို့ကဗျာလေးကို မှတ်မိကြမှာပါ။  အခု စာရေးသူတို့တိုင်းပြည်မှာ ဘယ်သူတွေက ကောင်းမှုမြတ်နိုးပြီး ဘယ်သူတွေကို ကောင်းအောင်ကြိုးပမ်းပြီး ကိုယ်ကျင့်တရားတွေကိုထိန်းသိမ်းနေကြပါသလဲ။

    ဖွင့်ကြည့်လိုက်ပါ။ Facebook အစရှိတဲ့ social website တွေ၊ forum တွေကို။ အပြောအဆိုတွေ၊ အသုံးအနှုန်းတွေ ရင့်သီး ရိုင်းပြတာတွေ အများကြီးပါ။ အားလုံးကိုမဆိုလိုပါ။ ဒါပေမယ့် တော်တော်များပါတယ်။ “မိမိကိုယ်ကို လုံခြုံစိတ်ချပြီလို့ ထင်တဲ့အချိန်မှာ မိမိလုပ်လိုက်တဲ့အလုပ်ဟာ မိမိစရိုက်အမှန်ကိုဖော်ပြတယ်”ဆိုတာကို မမေ့သင့်ပါ။ အင်တာနက်ပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ လုံခြုံတယ်ပေါ့။ ကိုယ်က သူများကိုဆဲလည်းရတယ်။ သေးတဲ့ပြဿနာကို ကြီးအောင်၊ ကြီးတဲ့ပြဿနာကို အကျိုးနည်းအောင် ဖွ လည်း ရတယ်။ ချင့်ယုံတဲ့လူတွေရှိသလို ယုံတဲ့လူတွေလည်းရှိတယ်။ အယောက် တစ်ရာကြည့်လို့ ငါးယောက်၊ ဆယ်ယောက်လောက်ပဲ ယုံရင်တောင် ကိုယ့်အကြံအစည်က အတိုင်းအတာတစ်ခုအထိ အထမြောက်ပြီကိုး။

    ငါးပါးသီလထဲမှာ မုသာဝါဒကံ ပါ ပါတယ်နော်။ ကျွန်တော်တို့မြန်မာပြည်က အချို့သော မီဒီယာများ (print / web) “ပညာရှိသတိဖြစ်ခဲ”ဆိုသလို များဖြစ်နေသလား။ တမင်တကာပဲ မသိချင်ယောင်ဆောင်နေသလား။ ပြောလိုက်ရင်တော့ “ကျွန်တော်မျိုး အသက်ထက်ဆုံး ရှောင်ကြဉ်ပါ၏” တဲ့။စာရေးသူရဲ့ မိတ်ဆွေတစ်ယောက်ပြောသလိုပေါ့။ “ဟ…ပြောတာကိုက ရှင်းနေတာပဲ၊  မုသာဝါဒကံကို ကျွန်တော်ရှောင်တယ် လို့ပြောတာ၊ avoid ပေါ့နော်။ ကျွန်တော် မုသားမပြောဘူး၊ မလိမ်ဘူးလို့ပြောတာမဟုတ်ဘူး၊ အဲဒီမလိမ်ဘူး၊ မပြောဘူးဆိုတဲ့ ကံကို ကျွန်တော်ရှောင်တယ်လို့ပြောတာ”တဲ့။

    သြော်—မှတ်သားစရာပါပဲ။ သူတို့ပြောတဲ့ အသက်ထက်ဆုံးရှောင်ကြဉ်တယ်ဆိုတာ အဲဒါမျိုးလားမသိဘူး။

    ကျွန်တော်တို့တိုင်းပြည်မှာ ပညာရှင်တွေတော်တော်ပေါတယ်။

    “ကျားက လူကို သတ်တော့ ကျားကို ကျားဆိုး လို့ခေါ်တယ်၊ လူက ကျားကိုသတ်တော့ အမဲလိုက်တာပါ”တဲ့။ မဆိုးဘူး။

    “အင်္ဂလိပ်က မြန်မာပြည်ကိုနယ်ချဲ့တော့ အင်္ဂလိပ်ကို နယ်ချဲ့မိစ္ဆာကောင် လို့ခေါ်တယ်၊ မြန်မာဘုရင်တွေ ယိုးဒယားသွားတိုက်တော့ နိုင်ငံတော် နယ်ပယ်ချဲ့ထွင်တာပါ” တဲ့။  သြော်—-“နယ်ချဲ့” ဆိုတဲ့စကားကို “နယ်ပယ်ချဲ့ထွင်တယ်”လို့လည်း ခေါ်ပေသကိုး။ အဲဒီလိုပေါ့နော်။ လိုရာဖြတ်တောက်ပြီး ပြီးမြောက်အောင် လုပ်လိုက်ကြပေသကိုး။ ရွှေချထားရမယ့် ဦးနှောက်တွေ။

    အခုအချိန်မှာ အမှန်အတိုင်းပြောတဲ့လူတွေဆိုလို့ရှိရင်တော့….မှန်တစ်ချပ်ကိုအရှေ့တည့်တည့်မှာထား ပြီးရင်ခြေထောက်နဲ့ကန်၊ ဘာဖြစ်သတုံး၊ အဲဒီမှန်ကွဲသွားမှာပေါ့။ ဟုတ်လား။ အဲဒီလိုပါပဲ။ “မှန်ကန်ရင် ကွဲတတ်ပါတယ်။” သတိထားပြီးမှန်ကန်ကြပါလို့ပြောရမယ့်ပုံ။ ဒီအချက်က ကျွန်တော်အဓိက ပြောချင်တဲ့အချက်ပါပဲ။

    မှားတာကိုမှားမှန်းသိရင်ပြင်လို့ရမှာပါ။ ဒါပေမယ့် မှားတာကို မှားမှန်းမသိရင်တော့၊ ပိုဆိုးတာက အဲဒီအမှားကို

    အမှန်လို့ထင်သွားရင်တော့.

    “လူသတ်တယ်? ကောင်းလား။” လို့မေးရင်

    “မကောင်းဘူး။” လို့ဖြေမယ်။

    “အဲဒါဆို သေဒဏ်ကျခံထားရတဲ့ ရာဇ၀တ်သားတွေကို ဘာလုပ်ရမလဲ၊ သေဒဏ်မှလျှော့ပေါ့ခံစားစေပေါ့? အဲဒီလိုလုပ်လို့ရမလား”လို့ ထပ်မေးရင်….

    “ဟာ..ဒါတော့ဘယ်ဖြစ်မလဲ၊ တိုင်းပြည်မှာတရားဥပဒေစိုးမိုးဖို့လိုတယ်”လို့ဖြေမှာပေါ့။

    “ကဲ…ဒါဆိုရင် မင်းတို့တိုင်းပြည်မှာ လူသတ်တဲ့ လူသတ်သမားတိုင်းအဖမ်းခံရလား၊ ကြိုးစင်တက်ရလား”လို့ထပ်မေးရင်…

    “ဟုတ်ကဲ့၊ ကျွန်တော် တုပ်ကွေးမိပြီးနှာစေးနေပါတယ်”လို့ ဖြေရင်ကောင်းမယ်။ ကိုယ်လည်း နီးရာဓါးကြောက်ရတာကိုး။
    အမှန်ကိုပြောလိုက်ရင်….ဟာ.ဒုက္ခပဲ၊ ငါပါ ရောပြီး ပြဿနာအရှာခံရတော့မယ်ပေါ့။ ဟုတ်လား။ ဒီလိုနဲ့ပဲ အမှန်ကိုပြောချင်တဲ့စိတ်တွေက ခြိမ်းခြောက်ခံရတာနဲ့၊ ဇဝေဇ၀ါဖြစ်အောင် နည်းမျိုးစုံနဲ့ brain wash လုပ်ခံရနဲ့… အဲဒီလိုနဲ့ ကောင်းတာပြောချင်တဲ့စိတ်၊ မကောင်းတာကို တားဖြစ်ချင်တဲ့ စိတ်ကလေးတွေဟာ လုပ်ကြံခံနေရပါတယ်။

    ဟိုတစ်လောက အင်တာနက်မှာရော၊  ပြည်တွင်းက ပုံနှိပ်မီဒီယာတွေမှာပါ တွေ့မြင်ကြားသိလိုက်ရပါတယ်။ မြန်မာမလေးတစ်ယောက် ဂျပန်သွားပြီး မယ်စကြ၀ဠာသွားပြိုင်နေတဲ့ပုံပါ။

    အဲဒီပုံကို ၀ိုင်းပြီး Like လုပ်ကြ၊ အဲဒီမိန်းကလေးကို ၀ိုင်းပြီး vote ပေးကြနဲ့၊ သူတို့ကပြောလိုက်သေးတယ်။ ဒီလိုဝတ်တာ ပြိုင်ပွဲစည်းကမ်းအရ ၀တ်ရတာပါတဲ့၊ ဘာပဲပြောပြော ကိုယ့်မြန်မာမိန်းကလေးတစ်ယောက် နိုင်ငံဂုဏ်ဆောင်ပြီး ဒီလိုပြိုင်ပွဲမှာ သွားပြိုင်တာ ကိုတော့ အားပေးရမှာပေါ့တဲ့။ “၀ံသာနုစိတ်ဓါတ်”ဆိုတာကို ဘယ်လိုဘာသာပြန်ရမလဲ ပြန်စဉ်းစားရမယ့် အခြေအနေကို ရောက်သွားပါတော့တယ်။

    အချုပ်အားဖြင့်မျှဝေချင်တာကတော့ “ဟီရိ၊ သြတ္တပ္ပ”ဆိုတဲ့ အရှက်တရား၊ အကြောက်တရားတွေနဲ့ ဖွဲ့စည်းထားတဲ့၊ ဗြဟ္မစိုရ်တရားတွေနဲ့ ပြည့်ဝနေတဲ့၊ စည်းကမ်းရှိစွာနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင်တစ်ခုကို စာရေးသူတို့အားလုံး အလိုရှိကြမှာပါ။ အဲဒီလို သာယာဝပြောတဲ့ လူ့ဘောင်တစ်ခုကိုရရှိဖို့ဆိုရင် “လူကို လူလိုမြင်ဖို့လိုပါတယ်”။ “သူကတော့မည်းလို့၊ ငါကတော့ ဖြူလို့၊ သူကတော့ ဟိုလူမျိုးမို့လို့၊ ငါတို့ကတော့ ဘယ်လူမျိုးမို့လို့”ဆိုတဲ့ အစွဲတွေနဲ့ တစ်ယူသန်စွဲပြီး “လူကို လူလိုမမြင်သမျှ” ကာလပတ်လုံးတော့ စာရေးသူတို့လူ့ဘောင်ဟာ သာယာဝပြောတဲ့လူ့ဘောင်မဖြစ်နိုင်ပါဘူး။ “ကိုယ်နဲ့မတူတဲ့သူအားလုံးကိုသတ်၊ ဒါမှ မဟုတ်လည်း မောင်းထုတ်”။ အဲဒီလိုလုပ်တိုင်းသာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အခြေတင့်မယ်၊ အနေမြင့်မယ်ဆိုရင်…

    သမိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေပေါ်ခဲ့ပါတယ်။ အောင်မြင်ပါသလား။ ကိုယ်လုပ်တဲ့လုပ်ရပ်အတွက်တော့ ကိုယ့်ရဲ့နောင်လာ နောက်သားတွေ အရှက်ရစေမယ့် အဖြစ်မျိုးတော့ မဖန်တီးချင်ပါနဲ့။ “တဒင်္ဂအောင်မြင်မှုဟာ ထာဝရမဟုတ်ပါဘူး” ။ “တဒင်္ဂကို ထာဝရနဲ့မလဲပါနဲ့” “ထာဝရကောင်းဖို့ဆိုရင်တော့ အမှန်တရားနဲ့အညီ အရာရာကို လုပ်ကိုင်မှရပါလိမ့်မယ်”ဆိုတာပြောရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။