News @ M-Media
Tag: 1982 citizenship law
  • ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ ပြုလုပ်
    ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ ပြုလုပ်
    ဇွန် ၃၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    ရန်ကုန် ။ ။ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ တစ်ရပ်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့မှ ယနေ့ နေ့လည် (၁း၃၀)တွင် ၎င်းတို့  ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ ဟောပြောပွဲအား ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)မှ ဦးဆောင်ဟောပြောတင်ပြခဲ့ပြီး ၁၉၈၂-ခုနှစ် ဥပဒေနှင့်ပတ်သက်၍ သိသင့်သည်များကို အဓိက ဆွေးနွေးခဲ့ပြီး။ ၁၉၆၇-ခုနှစ်ဥပဒေ၊ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ ဥပဒေတို့ကိုလည်း ထည့်သွင်း ဟောပြောခဲ့ပါသည်။ ဦးခင်မောင်ချို၏ ဟောပြောမှုအပြီးတွင် တက်ရောက်လာသူများမှ မရှင်းလင်းသည်များ၊ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဟောပြောသူမှ ပြန်လည် ဆွေးနွေးပေးခဲ့ပါသည်။
    ယခုကဲ့သို့ ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး “ယခုလို ၈၂-ခုနှစ် ဥပဒေဆိုင်ရာ ဟောပြောပွဲမှာ အဓိကတင်ပြသွားတာတွေက ဥပဒေတစ်ခုရဲ့ အားနည်းချက် အားသာချက်တွေ၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့ အကြောင်းအရာတွေကို လေးလေးနက်နက် တင်ပြသွားတာ တွေ့ရကြောင်း၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုတွေကို အဓိကထားရမှာဖြစ်ကြောင်း၊ ဥပဒေကို အခြေပြုပြီးဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ များစွာရှိကြောင်း၊ ဥပဒေကို အသုံးမပြုပဲဖြစ်နေတဲ့ကိစ္စရပ်များစွား ရှိခဲ့ကြောင်း၊ ရှိပြီးသားဥပဒေကို ဟန့်တားခွင့်များ ဆုတ်ယုတ်နေသည်များလည်းရှိကြောင်း၊ ယခု ဟောပြောပွဲသည် ဥပဒေ၏ ရေသောက်မြစ်ကို အဓိက ရှာဖွေခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်အခါသည် ဘာသာကိုအကြောင်းပြုပြီး လူမျိုးသတ်မှတ်လေ့ရှိပြီး ကိုးကွယ်သည့် ဘာသာကိုကြည့်၍ ဥပဒေကို သတ်မှတ်သည့် အခြေအနေများ ရှိနေသည့် အတွက် ယခုလို ဟောပြောပွဲပြုလုပ်ရသည်ကို နားလည်စေလိုကြောင်း၊ ယခုလို ဟောပြောဆွေးနွေးပွဲများတွင် လိုအပ်၍ ဆွေးနွေးပါက ခိုင်ခိုင်လုံလုံဆွေးနွေးတတ်ရန် လိုအပ်ကြောင်း၊ အင်တာနက်နှင့် ဖေ့ဘွတ် စာမျက်နှာများတွင် ပြောကြားနေကြသလို မပြောမိကြစေရန် အထူးမေတ္တာရပ်ခံကြောင်း”ကို မ.မ.လ ဌာနချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ ဟောပြောပွဲနိဂုံးချုပ်စကားတွင် ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
  • မြန်မာ မွတ်စလင်မ် နှင့် နိုင်ငံသား အခွင့်အရေး
    မြန်မာ မွတ်စလင်မ် နှင့် နိုင်ငံသား အခွင့်အရေး
    ဧပြီ-၁၉-၂၀၁၃
    ဆောင်းပါးရှင်- ဇော်မင်းထွေး
    ဒီမိုကရေစီအကူးအပြောင်းကာလ မြန်မာပြည်၏ အပြောင်းအလဲများသည် မူလက လွန်စွါမှပင် ငြင်သာသည်ဟုထင်ရငြား လတ်တလော နိုင်ငံရေး ထွက်ပေါက်ရှာမှုများ နှင့် လူမျိုးရေး အဓိကရုဏ်းတို့က မြန်မာပြည်သည် စစ်မှန်သည့် အပြောင်းအလဲကို ဖော်ဆောင်နိုင်ပါ့မလား ဆိုသည်မှာ သံသယဖြစ်ဖွယ်ရှိလာသည်။ အပြောင်းအလဲဆိုသည်မှာ အတိတ်နှင့်လက်ရှိ အချိန်တို့တွင် ဖြစ်ပေါ်နေသောအနေအထားနှင့် စနစ်တို့ကို လက်မခံနိုင်သောကြောင့် ပိုကောင်းသည့် အနေအထား တစ်ရပ်ကို ဖန်တီးခြင်းဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည်။ သို့လင့်ကစား လက်ရှိကျွန်တော်တို့ လူ့အသိုင်းအဝိုင်း၏ ပရမ်းပတာမျှော်လင့်ချက်နှင့် တလွဲအသုံးချလိုသည့် ကိုယ်ကျိုးရှာစိတ်ဓာတ်များအကြား ပေါက်ဖွားလာခါစ အပြောင်းအလဲမှာ မည်သို့ ဆိုးရွားစွာ ပုံသွင်းခံရမည်ကို မတွေးဝံစရာပင် ဖြစ်သည်။ မှန်ပါသည်။ စနစ်ဟောင်းအကြား အကျဉ်းချ ခံထားရသည့် ဦးနှောက်များနှင့် ကြီးပြင်းလာကြသော ကျွန်တော်တို့ သဘောထား မကြီးနိုင်ကြသေးသည်မှာ အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စရာသည်။ သို့ပေငြား ယခုလက်ရှိ ဖြစ်ပေါ်နေသော အနေအထားတို့ကို သုံးသပ်ချက်များအရ မြန်မာပြည်သူများသည် စစ်မှန်သည့်အပြောင်းအလဲကို အကယ်စင်စစ်လိုလားရဲ့လား ဟူသည့် အချက်မှာမေးခွန်းထုတ်စရာပင်ဖြစ်သည်။
    တိုင်းပြည်တည်ဆောက်ရေးတွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော “Social Capital” ဟူသည့် လူမှုအရင်းကို အသုံးချရေးအတွက် လူတိုင်းပူးပေါင်း ဆောင်ရွက်ရေးတို့မှာ နိုင်ငံ စည်ပင်ဖွံ့ဖြိုးရေးအတွက် အသက်သွေးကြောများ သဖွယ်ဖြစ်သည်။ သို့ပေငြား အမျိုးသား စည်းလုံးညီညွတ်ရေးကို မျက်ကွယ်ပြုလိုသော မျိုးချစ်အမည်ခံ အဖျက်သမားများနှင့် အမျိုးသားရေး ခေါင်းစဉ်အောက်တွင် လူမျိုးရေးမုန်းတီးမှုကို အသက်သွင်းနေကြသော နောက်ပြန်ဆွဲ ဝါဒီတို့အကြား မြန်မာပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာ ဝိုးတဝါးနှင့် အချိန်မရွေးပျောက်ပျက်သွားနိုင်သော အနေအထားတွင်ရှိနေသည်။
    ယခုလတ်တလော အွန်လိုင်းမီဒီယာများနှင့် လူမှုရေးဝက်ဘ်ဆိုဒ်များတွင် တွေ့နေရသော ပို့စ်အများစု၊ ကွန်းမန့်များနှင့် လုပ်ကြံဓာတ်ပုံအချို့တို့သည် လူမျိုးရေးမုန်းတီးမှုကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖန်တီးနေကြလျက်ရှိပြီး ကနဦးတွင် ရိုဟင်ဂျာဆန့်ကျင်ရေးအသွင်ဖြင့် ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းတွင် အစ္စလာမ် ဆန့်ကျင်ရေးကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြကာ မြန်မာပြည်တွင်းရှိ လူနည်းစုမွတ်စလင်မ်များအား တိုက်ဖျက်ရေး ဟူသည့် ခေါင်းစဉ်သို့ အသွင်ပြောင်းသွားကြသည်။
    ထိုအချက်ကထူးပြီး မဆန်းလှ။ အသိဥာဏ်အမှောင်တိုက်ထဲ ပိတ်မိနေသော လူတစ်စု၏ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပြီး၊ ယခင်ကလည်းရှိခဲ့သည်၊ ယခုလည်းလုပ်နေသည်၊နောင်လည်းဆက်လက် ရှိသွားမည်ဖြစ်သည်။ သို့သော် ကျွန်တော့်အတွက် ထူးဆန်းနေသည်ကား နိုင်ငံကိုချစ်လှပါသည် ဆိုသော နိုင်ငံရေးသမား ကြီးများက ရေငုံနှုတ်ပိတ် နေကြသည်။ နောက်ကိုပြန်မလှည့်ပါဆိုသော ပုဂ္ဂိုလ်များက မျက်ကွယ် ပြုထားကြသည်။ ပွင့်လင်းလာပါသည်ဆိုသော မီဒီယာက သတင်းထိန်ချန်ထားကြသည်။ ထို့ထက်ပိုပြီး ဆိုးသည်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယက်မသဖွယ် ပဲ့ကိုင်ထိန်းသိမ်းပေးရန်တာဝန်ရှိသော လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း(NGO) များနှင့် အဆိုပါ NGO တို့၏ တာဝန်ရှိသည့်သူများကပါ ဝိုင်းဝန်းမြောက်ထိုးပင့်ကော် လုပ်ကြလေပြန်သည်။ အဆိုးရွားဆုံးအနေဖြင့်မူကား အတိုက်အခံ နိုင်ငံရေးပါတီတို့၏ ခေါင်းဆောင်ပိုင်းတစ်ချို့နှင့် ပါတီဝင် အများစုကပါ မွတ်စလင်မ် ဆန့်ကျင်ရေးကို ပေါ်ပေါ်တင်တင် ထောက်ခံအားပေးပြီး ကိုယ်ထိလက်ရောက် ပါဝင်ပတ်သတ် ကြလေသောအခါ … တိုင်းပြည်၏ အနာဂတ်အတွက် ကျွန်တော်လွန်စွာမှပင် တုန်လှုပ် ခြောက်ခြားမိပါသည်။
    ထိုမျှသာမကသေးအတန်ငယ် သဘောထားပျော့ပြောင်းသူများက အကြမ်းဖက်မှု ကို လက်မခံပေငြား ၎င်းတို့၏ နှုတ်ထွက် စကားတို့တွင် မြန်မာ မွတ်စလင်မ်များသည် ဧည့်သည်များ ဖြစ်သောကြောင့် အိမ်ရှင်ဖြစ်သူ ဗုဒ္ဓဘာသာဝင်များနှင့် သင့်မြတ်အောင် နေထိုင်ရမည်ဟူသော သြ၀ါဒများခြွေလာကြသော အခါ လွန်စွာမှပင် ခံပြင်းမိသည်။ ထိုစကားလုံးသည် အပေါ်ယံအားဖြင့် လူတစ်ချို့အတွက် နားထောင်ကောင်းပေငြား လူ့အခွင့်အရေးနှင့်နိုင်ငံသား အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှု ချိုးဖေါက်ခြင်း(တနည်း) အနုနည်းဖြင့် အကြမ်းဖက်ခြင်းသာ ဖြစ်သည်။ ယခု ဆယ်စုနှစ်တွင်း ခိုးဝင်လာပါသည်ဟု စွပ်စွဲခံထားရသော သူများအား ထားရှိသော မြန်မာပြည်သူတို့၏ သဘောထားအပေါ်ကျွန်တော်မှတ်ချက်မပေးလိုပါ။ သို့ပေငြား ယခင့်ယခင်က ဖွဲ့စည်းပုံ အခြေခံဥပဒေများ အရရော ယခုလက်ရှိ 2008 ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရပါ၊ နိုင်ငံသား ဖြစ်ပြီးသူ မြန်မာမွတ်စလင်မ်များအပေါ် ဧည့်သည်ဟူ၍ သတ်မှတ်ဆက်ဆံ နေခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါသည်။ ယခုဆောင်းပါးတွင် ကျွန်တော်သည် နိုင်ငံသားဖြစ်မှုအား သတ်မှတ်ခြင်း၊ နိုင်ငံသားဟူသည့် အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များနှင့် နိုင်ငံသား အခွင့်အရေးနှင့် ဆက်ဆိုင်သော မြန်မာပြည်၏ ဥပဒေပြဌာန်းချက်များအား ဆွေးနွေးမည် ဖြစ်ပါသည်။
    ရှေးဦးစွာဆွေးနွေးလိုသည်မှာ ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးတို့က သဘောတူညီသတ်မှတ်မှုပြုပြီးသော နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များကို တင်ပြဆွေးနွေးလိုပါသည်။ နိုင်ငံသား ဖြစ်ပြီးသော ပြည်သူတို့အပေါ် မည်သည့်အုပ်ချုပ်သူအစိုးရကမျှ ဧည့်သည်ဟူ၍ သတ်မှတ်လို့မရပါ။ ရှေးဦးစွာ အခြေချမှုနှင့် ကာလရှည်ကြာအတည်တကျ နေထိုင်မှုတို့အပေါ် မူတည်၍ သတ်မှတ်ချက်များ ကွဲပြားနိုင်သော်လည်း ဥပဒေ၏ရှေ့မှောက်တွင် မည်သည့် နိုင်ငံသားမဆို ရပိုင်ခွင့်မှာ ထပ်တူကျသည်သာဖြစ်၏။
    သို့ဖြစ်ပေရာ အောက်တွင်ဖေါ်ပြမည်ဖြစ်သော နိုင်ငံသားဖြစ်မှုအပေါ်တွင် ကွဲပြားသောသတ်မှတ်ချက်များကို ဆွေးနွေးသွားမည်ဖြစ်သည်။
    Ethnicity (လူမျိုးစု ဖြစ်ခြင်း)
    လူမျိုးစုဖြစ်ခြင်းသည် အစုအဖွဲ့အပေါ်အခြေခံသည်။ ယေဘုယျအားဖြင့် တူညီသော မျိုးဗီဇနှင့် ၀ိသေသလက္ခဏာများ (ဥပမာ – ဘာသာစကားတူခြင်း၊ သမိုင်းအမွေအနှစ် တူညီခြင်း၊ ယဉ်ကျေးမှုတူညီခြင်း) စသည်တို့ဖြစ်ကြသည်။ အများအားဖြင့်လူမျိုးစု ဖြစ်ခြင်းသည် ပထ၀ီအနေအထားအရ နေရာဒေသ တစ်ခုတည်းတွင် အတူတကွ ယှဉ်တွဲနေထိုင်ခြင်း၊တူညီသော စားသောက်နေထိုင်မှု ပုံစံရှိခြင်း၊ ကိုးကွယ်ရာ အယူအဆတူညီခြင်းတို့သည် လူမျိုးစုဟုခေါ်တွင် သတ်မှတ်ရာ၌ အရေးပါလှသည်။
    Race (လူမျိုးနွယ်ဆက်)
    လူမျိုးနွယ်ဆက်ဟူသည် Ethnicity (လူမျိုးစု) နှင့် ဆင်တူပေငြား လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အသွင်သဏ္ဍာန်၊ အသားအရောင်၊စသည်တို့နှင့် ပိုမိုပတ်သက် ဆက်စပ်သည်။ လူမျိုးနွယ်ဆက်ဟူသည် ဇီဝသဘောတရားအရ သတ်မှတ်ထားမှုဖြစ်ပြီး ဆင်းသက်ရာ မျိုးဗီဇတူညီခြင်း (ဥပမာ – ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အရိုးအဆစ် တည်ဆောက်မှု၊မေးရိုး အသွင်သဏ္ဍာန်) အစရှိသည့် တူညီမှုများအပေါ်တွင် အခြေခံ၍ သတ်မှတ်ခြင်းဖြစ်သည်။
    Nationality (အမျိုးသား/နိုင်ငံသားဖြစ်မှု)
    (အမျိုးသား/နိုင်ငံသားဖြစ်မှု) သတ်မှတ်ရာတွင် အဓိကအားဖြင့် လူပုဂ္ဂိုလ်၏ မွေးဖွားရာ နိုင်ငံပေါ် အခြေခံခြင်း (သို့) Citizen နိုင်ငံသား သတ်မှတ်ချက် နှင့် ဘောင်ဝင်မှုတို့အပေါ် မူတည်သည်။ သို့သော် ရံဖန်ရံခါတွင် နိုင်ငံသား ဖြစ်မှုကို ထိုပုဂ္ဂိုလ်၏ လက်ရှိ အခြေတကျ နေထိုင်ရာဒေသ (သို့) အမျိုးသားရေး လက္ခဏာများ ထပ်တူကျခြင်း စသည်အားဖြင့်လည်း သတ်မှတ်လေ့ရှိသည်။ ဥပမာ လူတစ်ဦးသည် နိုင်ငံ A တွင်မွေးဖွားခဲ့ငြား နိုင်ငံ B သို့ ထာဝရ ရွှေ့ပြောင်း နေထိုင်မည်ဆိုပါက ယင်းပုဂ္ဂိုလ်အားနိုင်ငံ B အနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက နိုင်ငံသားဖြစ်မှုကို ခွင့်ပြုပေးရမည်ဖြစ်သည်။ နိုင်ငံသားဖြစ်မှု သတ်မှတ်ရာတွင် အရေးပါသော အခြားအချက်တစ်ချက်မှာ အချို့မျိုးနွယ်စုများသည်ပြည်နယ် အတည်တကျ သတ်မှတ် ထားပေးမှု မရှိငြား (သို့) နိုင်ငံတကာက အသိအမှတ်ပြုမှု နည်းပါးငြား ယင်းမျိုးနွယ်စုများ အနေဖြင့် နိုင်ငံသားဖြစ်မှုတွင် ရပိုင်ခွင့် အပြည့်အ၀ရှိသည် ဟူ၍ သတ်မှတ်ထားသည်။ (ဥပမာ – ပါလက်စတိုင်းများ၊ ကာ့ဒ်လူမျိုးများနှင့် တမီလ်လူမျိုးများ)
    Citizen(နိုင်ငံသားဖြစ်ခြင်း)
    နိုင်ငံသား ဖြစ်ခြင်းသည် သတ်မှတ် နိုင်ငံတစ်ခုတွင် မွေးဖွားခြင်း (သို့) အခြားနိုင်ငံတစ်ခုသို့ ရောက်ရှိစဉ်မွေးဖွါးမှုပြုခြင်း (သို့) အခြားနိုင်ငံသား/သူ တစ်ဦးနှင့် လက်ထက်မှု ပြုခြင်း (သို့)စရိုက်လက္ခဏာနှင့် ၀ိသေသ တူညီခြင်းတို့ အပေါ်မှုတည်၍ အသိအမှတ်ပြုခြင်း စသည်အားဖြင့် ပုံစံအမျိုးမျိုးနှင့်သတ်မှတ် လက်ခံထားကြသည်။ နိုင်ငံသား ဖြစ်ခြင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက အဆိုပါပုဂိုလ်သည် တင်းပြည့် နိုင်ငံသား ဖြစ်၍ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ရရှိရမည်ဖြစ်သည်။ (ဥပမာ မဲပေးခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်)
    သို့ဖြစ်ပေရာမည်သည့် လူမျိုးစု၊ မျိုးနွယ်ဆက်၊ တိုင်းရင်းသားတို့မှ ဆင်းသက်လာသည်ဖြစ်စေ၊ သို့တည်းမဟုတ် ကာလရှည်ကြာရွှေ့ပြောင်းနေထိုင်မှု မှနိုင်ငံသားဖြစ်ခွင့်နှင့် ကိုက်ညီမှုရှိသောကြောင့် နိုင်ငံသားဖြစ်လာသည်ဖြစ်စေ မည်သည့်နိုင်ငံသားမဆို အဆိုပါတိုင်းပြည်အပေါ် သစ္စာစောင့်သိမှု ပြုရမည် ဖြစ်ပြီး အပြန်အလှန်အားဖြင့်လည်း နိုင်ငံတော်မှ နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ပေးရန်လိုအပ်သည်။
    ဆက်လက်၍ မြန်မာပြည်၏ ယခင့်ယခင် ဖွဲ့စည်းပုံ အခြေခံဥပဒေများအရသော်လည်းကောင်း၊ တည်ဆဲဥပဒေများအရသော် လည်းကောင်း၊ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားတို့၏ အခွင့်အရေးသတ်မှတ်ချက်များကို ဆက်လက်ဆွေးနွေးသွားပါမည်။ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ဟူသည်ကို –
    – Personborn of parents both of whom are nationals of the Republic of the Union of Myanmar
    (က)  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှမွေးဖွားသူ
    – Personwho is already a citizen according to law on the day this Constitution comesinto operation.(ခ) ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဌာန်းသည့် နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ
    –  Sect: 345, 2008 constitution
    အဆိုပါအတိုင်းဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ သို့ဖြစ်သောကြောင့်၊ လူတစ်ဦးအနေဖြင့် ၄င်းကိုယ်တိုင်ကော၊ ၄င်း၏မိဘနှစ်ပါးကပါ မြန်မာပြည်တွင် မွေးဖွါးသည်ဆိုပါက၊ မြန်မာနိုင်ငံသားဖြစ်ခွင့်ကို အလိုအလျောက်ရရှိပြီး ဖြစ်သည်။ ၄င်းအပြင် အခြေခံဥပဒေကြီးက နိုင်ငံသားတို့၏ အခွင့်အရေးနှင့်ပတ်သက်၍ပြဆိုရာတွင်
    – Equalrights before the law  and  legal protection
    နိုင်ငံတော်သည်မည်သူ့ကိုမဆို ဥပဒေအရာတွင်တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်။
    –  Non-discrimination based on race,birth, religion, official position, status, culture, sex andwealth
    နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်းပြု၍ ခွဲခြားမှု မရှိစေရ။ ယင်းအပြင် တန်းတူအခွင့်အရေး အနေဖြင့် –
    –  Equalopportunity
    (a) Publicemployment
    (b) Occupation
    (c) Trade
    (d) Business
    (e) Technical know-how and vocation
    (f) Exploration of art, science and technology.
    sect:347, sect:348, Sect:349
    ဖေါ်ပြပါမူရင်းအတိုင်း တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအခွင့်အရေး တန်းတူရှိရမည်ဟူ၍ လည်းကောင်း၊ မျိုးနွယ်၊ ကိုးကွယ်ယုံကြည်မှု၊ရာထူးရာခံ၊ ယဉ်ကျေးမှု၊ ဥစ္စာဓန၊ လိင်သဘာဝ စသည်အားတို့ဖြင့် ခွဲခြားဆက်ဆံမှုမပြုရ ဟူ၍လည်းကောင်း ဖေါ်ပြပါရှိပြီးဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ မည်သည့်နေရာတွင်မျှ မည်သည့်နိုင်ငံသားတို့ကအိမ်ရှင်ဖြစ်၍ မည်သို့သော နိုင်ငံသားတို့က ဧည့်သည် ဖြစ်သည်ဟူ၍ ဖွင့်ဆိုထားခြင်းအလျဉ်းမရှိငြား၊ လူပုဂိုလ် အချို့တို့၏ အိမ်ရှင်၊ဧည့်သည်ဟူသည့် အယူအဆကိုတွင်တွင်ပြောဆိုနေခြင်းမှာ လွန်စွာမှပင် ရယ်ဖွယ်ကောင်းလှသည်။
    အထက်ဖေါ်ပြပါအချက်များကို ထောက်ရှုခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် တိုင်းပြည်တည်ဆောက်ရေးကိုအမှန်တကယ် လိုလားသည် ဆိုပါက လူတစ်ဦးခြင်းစီ၏ ဖြစ်တည်မှု၊ နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့် ၄င်းတို့၏ တန်ဖိုးတို့ကို လက်ခံလေးစားပေးမှု ပြုရမည်ဖြစ်ပြီး ၄င်းတို့၏ အသက်ရှင်သန် ရပ်တည်မှုနှင့် ဂုဏ်သိက္ခာရှိမှု တို့ကိုအသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ပေးမှု ပြုရမည်ဖြစ်သည်။
    ထို့အပြင် နိုင်ငံသားတို့၏ နောက်ဆက်တွဲအခွင့်အရေးများ အဖြစ်အခြေခံဥပဒေမှ ပြဌာန်းထားသေးသည်တို့မှာ –
    –  TheRight to life, dignity and personal freedom  (sect:44,353, 354, 355)
    –  Freedomof opinion and expression
    –  Peacefulassembly
    –  Freedomof association and organization
    –  Theright to language, culture ,  literature, education and health ( sect:22,28,366)
    –  Forcelabor, enslaving and anti-trafficking in person are prohibited. (sect:358, 359)
    –  Religiousfreedom ( sect:34)
    စသည်ဖြင့်အသက်ရှင်ခွင့်၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်၊ လွပ်လပ်စွာနေထိုင်ခွင့်၊ လွပ်လပ်စွာဖေါ်ပြ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ အကျိုးပြု အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ပညာရေး ကျန်းမာရေးတို့တွင် တန်းတူညီမျှရပိုင်ခွင့်နှင့် စောင့်ထိန်းခွင့်၊ အတင်းအကျပ် အလုပ်စေခိုင်းခြင်း နှိပ်စက်ကလူပြုခြင်းတို့မှ အကာအကွယ်ရရှိခွင့်၊ လွပ်လပ်စွာ ကိုးကွယ်ခွင့် တို့ကိုသတ်မှတ် ပြဌာန်းပေးထားပြီး ဖြစ်ပေရာ၊ မြန်မာပြည်တွင် ပေါက်ဖွါးသော မိဘကမွေးဖွါးသည့်၊မြန်မာပြည်သား ကျွန်တော်တို့ မြန်မာမွတ်စလင်မ် အားလုံး၏ ရပိုင်ခွင့်တို့နှင့် အကျုံးဝင်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။
    ယင်းအပြင်အရေးအကြီးဆုံး အချက်အနေဖြင့် အပိုဒ် ၃၆၄ တွင် ပြဌာန်းထားသည်မှာ “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် “ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက်ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေ ပြဌာန်းနိုင်သည်။” ဟူ၍ အတိအလင်း ဖေါ်ပြထားသည်။
    ထို့အတွက်ကြောင့် လူမျိုးရေးမုန်းတီးမှုကို အသက်သွင်းသူများ၊ ဘာသာရေး အမြင်ကျဉ်းမြောင်းသူများ၊ ဘာသာရေးအကြောင်းပြ အမုန်းတရား သွတ်သွင်းသူများသည်မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သို့သော ပုဂ္ဂိုလ်ဖြစ်နေသည် ဖြစ်စေ၊ ဥပဒေကို ချိုးဖေါက်သူများဖြစ်ကြသည်။ လူ့အခွင့်အရေးကို မျက်ကွယ်ပြု ချိုးဖောက်သူများ ဖြစ်ကြသည်။ ယင်းအပြင် ထိုကဲ့သို့ အပြုအမူမျိုးကို မြင်တွေ့ကြားသိရပါလျက် မျက်ကွယ်ပြုနေသူများ၊ နှုတ်ဆိတ်နေကြသူများ၊ အားပေးအားမြောက်ပြုနေကြသူများသည်လည်း တိုင်းပြည်အား အဖျက်အမှောင့်လမ်းကြောင်းသို့ ပို့ဆောင်ပေးနေသောတရားခံများ ဖြစ်မှန်းမသိ ဖြစ်နေကြသည်ကို သတိပြုသင့်သည်။
    အချုပ်အားဖြင့် ဆိုရသော် ယနေ့လက်ရှိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံနေရသူများမှာ မြန်မာမွတ်စလင်မ် တစ်မျိုးတည်းသာမဟုတ်။ ကျန်တိုင်းရင်းသား လူမျိုးစုများ အပါအ၀င် ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများသည်လည်း ဆိုးဆိုးရွားရွားလူ့အခွင့်အရေး ချိုးဖေါက်ခံနေရသည်သာ ဖြစ်သည်။ သို့ပေငြား လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရာတွင် မိမိလူမျိုးတစ်မျိုးတည်း အခွင့်အရေးရပြီးရော၊ တစ်ခြားလူမျိုးများက ဆက်လက်ပြီး အခွင့်အရေးများ မရပါစေနှင့် ဟူသည့် စိတ်ဓာတ်မျိုးက လူပီသသော စိတ်ထားမျိုးမဟုတ်ချေ။ ထို့ပြင် မြန်မာမွတ်ဆလင်မ် များအနေနှင့်လည်း မိမိတို့အရေးကိုသာလျှင် ကွက်ကွက်လေး မတွေးပဲနိုင်ငံသားပီသသော စိတ်ဓာတ်ဖြင့် တိုင်းပြည်၏ အရေးကိစ္စ အားလုံးတို့တွင် အနစ်နာခံ အပင်ပန်းခံဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သားအားလုံး၏ ကောင်းကျိုးကို ဖေါ်ဆောင်ရာတွင် တာဝန်ယူစိတ်များပြသရန်လိုအပ်သည်။ ကျန်တိုင်းရင်းသား ပြည်သူများအားလုံးအနေဖြင့် လည်း မိမိတို့အရေးကိုသာရှေ့တန်းတင် ဆောင်ရွက်ခြင်းမပြုပဲ တစ်တိုင်းပြည်လုံးအရေးကို ပြည်ထောင်စုသား စစ်စစ်စိတ်ဓာတ်မျိုးဖြင့် ဖန်တီးပုံဖေါ်သွားရမည်ဖြစ်သည်။ ပြိုင်တူတွန်းမှ ရွေ့နိုင်မည့် အပြုသဘောဆောင်သည့်အပြောင်းအလဲ များကိုမြင်တွေ့လိုပါက ကျွန်တော်တို့ သဘောထားကြီးရန်၊ စည်းလုံးညီညွတ်ရန်လိုအပ်သည်။သို့မဟုတ်ပါက မည်သည့် ပြုပြင်ပြောင်းလဲမှုမျိုးကို ဖေါ်ဆောင်သည်ဖြစ်ပါစေ သမင်မွေးရင်းကျားစားရင်း အဖြစ်မျိုးဖြင့် အဟောသိကံ ဖြစ်နေဦးမည်မှာ မုချမလွဲပင်ဖြစ်သည်။
    ========================
  • နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂ နိုင်ငံသား ဥပဒေ
    နေမင်း (Eastern Star)
    နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ
    justice3
    ၂၀၁၂-ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ လွန်ခဲ့သော နှစ် ၃၀ က ပြဌာန်းခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်သံများကြားနေရပါသည်။ ဘင်္ဂါလီဟုခေါ်ခံရသူများ၊ ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်သူများဘက်မှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်လိုကြသကဲ့သို့ အမျိုးသားရေးစိတ်ဓါတ်အခံဖြင့် တိုင်းရင်းသားလူမျိုးသစ်တစ်မျိုး ဖန်တီးမှုကို လက်မခံနိုင်သောအုပ်စုများကလည်း ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေကို ပြောင်းလဲ ပြင်ဆင်စရာမလို။ အစစပြီးပြည့်စုံသော ဥပဒေဖြစ်သည်ဟု ပြောဆိုဝေဖန်သံများ၊ ထောက်ခံ ဆန္ဒပြုမှုများကိုလည်း မြင်တွေ့ရပါသည်။ ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင် လုပ်နေကြသည်ဟု စွပ်စွဲသံများကိုလည်း ကြားရပါ၏။ ၂၁-ရာစု ကမ္ဘာ့ရွာကြီးတွင် ယခင်က ပြည်တွင်းပြဿနာဟု သတ်မှတ်ထားသော အရာများသည် ယနေ့  နိုင်ငံတကာဆိုင်ရာ ပြဿနာဖြစ်လာနိုင်သည်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သတိရှိရှိ ဝေဖန်သိမြင်ဖို့ လိုအပ်လာကြောင်း အသိပေးလိုသဖြင့် ဤစာတမ်းကို ရေးသားရခြင်းဖြစ်ပါသည်။
    1982 Lawလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအား ပယ်ဖျက်သင့်ကြောင်း အဆိုတင်သွင်းဆွေးနွေးသူ အမျိုးသားလွှတ်တော်အမတ်များအား ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ မည်သည့်အခန်း မည်သည့်ပုဒ်မသည် အားနည်းနေကြောင်း၊ ပြင်ဆင်ရန်လိုကြောင်း၊ တိကျစွာ အတည်ပြုထောက်ပြပေးသင့်ပါသည်ဟု ၆.၁၁.၂၀၁၂ လွှတ်တော်အစည်းဝေးတွင် အကြံပြုသွားသည်ဟု သိရပါသည်။ အလားတူ နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနောက်ဥရောပခရီးစဉ်တစ်ခုတွင် ရခိုင်ပြည်နယ်မှ လူမှုပဋိပက္ခများအကြောင်း သတင်းထောက်တစ်ဦးက စူးစမ်းမေးမြန်းသောမေးခွန်းတစ်ခုကို နိုင်ငံသားဥပဒေ၏ အားနည်းချက်ကြောင့်ဖြစ်ရသည်ဟု တစ်နေရာတွင် ထင်မြင်ချက်ပေးခဲ့၏။ အခြားတစ်နေရာတွင် နိုင်ငံသားဥပဒေ၏ အားနည်းချက်ဆိုသည်မှာ ဘယ်အချက်ကို ဆိုလိုပါသလဲဟု အမေးခံရသောအခါ မိမိအဆိုပါနိုင်ငံသား ဥပဒေကို ကောင်းစွာ မလေ့လာရသေးဟု ၀န်ခံစကားပြောလိုက်ရသည်ဟု သတင်း ဂျာနယ်ဖတ်သူများက ကျွန်တော့်အား လာရောက်ပြောကြားရင်း နိုင်ငံခေါင်းဆောင်လုပ်မည့်သူများ အကဲဆတ်လှသည့် ကိစ္စများကို လွယ်လွယ်မပြောသင့်ကြောင်း၊ ယခုလည်း ဥပဒေသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ပြည်တွင်းမှာ အပြောများ၍ ပြည်ပက မေးလာပါလျှင် ဘယ်လိုဖြေကြ၊ ပြောကြမည်မသိပါ။ ခင်ဗျားလည်း ရှေ့နေ တစ်ယောက်ဖြစ်ခဲ့သဖြင့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ဘယ်လိုမြင်ပါသလဲဟု မေးမြန်းတာ မကြာခဏ ကြုံနေရပါသည်။
    အဆိုပါပုဂ္ဂိုလ်များအတွက် ဤစာတမ်းသည် ကျွန်တော်၏ ကိုယ်တွေ့အမြင်နှင့် သုံးသပ်ချက် အဖြေဖြစ်ပါသည်။
    ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းတွင် နေထိုင်ခဲ့သော ရန်ကုန်မွေးဇာတိ တိုင်းရင်းသား ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် ဦးအောင်မြင့် (ခ) Mr. L.Ambrosejustice4 အသက် ၆၂-နှစ်ရှိသူအပေါ် ၁၉၄၇-ခုနှစ်၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အရေးယူ ခံရမှုနှင့်ပတ်သက်၍ ကျွန်တော်၏ တပည့် ရှေ့နေ ဦးကျော်ညွန့်က ဗဟိုတရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံသဖြင့် ၁၉၈၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်တော် လက်ခံဆောင်ရွက်ခဲ့ပါသည်။
    အမှုဖြစ်စဉ်အကျဉ်းချုပ်မှာ ဦးအောင်မြင့်၏သမီး Mrs. P. Ambrose, 121, Mills Street, Queens Park, W.A.6107 နေသူက တစ်ကွဲတစ်ပြားစီနေထိုင်ရသည့်အဖြစ်ကို လွမ်းဆွတ်လှသဖြင့် မိဘများကို တွေ့လိုကြောင်း ၁၉၈၂-ခုနှစ်ခန့်ကစ၍ အကြိမ်ကြိမ် မှာကြားဖိတ်ခေါ်သည်ကို သွားရောက်ရန်အတွက် မိဘများကလည်း သမီးထံ သွားရောက်နိုင်ရေး အကြိမ်ကြိမ် မဆလအစိုးရလက်အောက်ခံ ပြည်ထဲရေးဌာနတွင် Passport နှင့် Visa များရရှိအောင် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။ ပွဲစားများ၏ အကြံပေးချက်အရ Passport မယူပဲ Certificate of Identity (C of I) ကို ယူ၍ နိုင်ငံခြားထွက်လို့ရကြောင်း (C of I) မှာ အလွယ်တကူ ရယူနိုင်ကြောင်းပြောသည်ကို ယုံကြည်ပြီး ဦးအောင်မြင့်သည် ပြည်ထဲရေးဌာနမှ (C of I) ကို လျှောက်ထားရယူခဲ့ပါသည်။
    ပြည်ထဲရေးဌာနမှ ၃.၆.၁၉၈၅ ရက်နေ့တွင် (C of I) လက်မှတ်အမှတ် ၁၁၇၄ ကို ဦးအောင်မြင့်အား ထုတ်ပေးခဲ့ပြီး အဆိုပါလက်မှတ်သည် မြန်မာနိုင်ငံအတွင်း ၂.၆.၈၆ နေ့အထိ အတည်ဖြစ်သည်ဟု လည်းကောင်း၊ ဦးအောင်မြင့်သည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာသွားပြီး ၃-လအကြာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်ဟုလည်းကောင်း အဆိုပါလက်မှတ်တွင် ဖော်ပြထားပါသည်။ (အဆိုပါ C of I ကို ပူးတွဲ-၁ အဖြစ် ဖော်ပြထားပါသည်။)
    justice 1ဦးအောင်မြင့်သည် ၂၉.၆.၈၅ နေ့တွင် BAC လေကြောင်းခရီးစဉ် UB 221 နှင့် ဘန်ကောက်မှတဆင့် သြစတြေးလျသို့ သွားရောက်ခဲ့ပြီး ၁-လခန့်အကြာတွင် မြန်မာနိုင်ငံတွင်ကျန်ရှိသော ဇနီးဖြစ်သူက နှလုံးရောဂါ အသည်းအသန်ဖြစ်၍ မသေမီ တွေ့လိုပါသည်ဟု အကြောင်းကြားခြင်းခံရပါသည်။ ဦးအောင်မြင့်အနေဖြင့် ဇနီးနှင့်သမီးကြား  ဗျာများခဲ့ရပြီး နောက်ဆုံးအခြေအနေ ကြုံနေရသော ဇနီးထံပြန်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် မိမိလက်ဝယ်ရှိ (C of I)သည် မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ပြန်လို့ ရမရ ဒွိဟဖြစ်စရာရှိသဖြင့် Camberra ရှိ မြန်မာသံရုံးသို့ ၇.၈.၈၅ နေ့စွဲဖြင့် တရားဝင် စာရေသားမေးမြန်းမှု ပြုခဲ့ပါသည်။ ၉.၈.၈၅ နေ့ နေ့လည် ၂-နာရီခန့်တွင် သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ် မစ္စက်လင့် ဆိုသူထံမှ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ် ရှိနေသေးသဖြင့် (C of I) သက်တမ်း ၃-လအတွင်း မြန်မာနိုင်ငံသို့ အချိန်မီပြန်နိုင်ကြောင်း ပထမဦးစွာ ဖုန်းဖြင့်ပြန်ကြားခဲ့သည်။ ထို့နောက် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော် သံရုံးမှ စာဖြင့် အောက်ပါအတိုင်း သဘောထားမှတ်ချက် ထပ်မံပေးပို့ခဲ့ပါသည်။ အဆိုပါစာကို ဦးအောင်မြင့်မှ တရားရုံးတွင် သက်သေခံ ၃ အဖြစ် တင်ပြထားပါသည်။ အဆိုပါစာကို ပူးတွဲ-၂ အဖြစ် ဖော်ပြထားပါသည်။
    ဦးအောင်မြင့်သည် သံရုံးမှ တယ်လီဖုန်းဖြင့် အကြောင်းပြန်ကြားချက် ရလျှင်ရချင်း မြန်မာနိုင်ငံရှိ နှလုံးရောဂါသည် ဇနီးသည်ထံ အမြန်ပြန်နိုင်ရေး ကြိုးစား ဆောင်ရွက်ခဲ့ရာ ၂၄.၄.၈၅ ရက်နေ့တွင် မင်္ဂလာဒုံလေဆိပ်သို့ ထိုင်းလေကြောင်းဖြင့် ခရီးစဉ်အမှတ် TG-305  နှင့် ညနေ ၄-နာရီအချိန် ဘန်ကောက်မြို့မှတဆင့် ပြန်လည်ဝင်ရောက်ခဲ့ပါသည်။ လေဆိပ်တွင် လ၀ကဌာနမှ လူဝင်မှုကြီးကြပ်ရေး လတ်တလောဥပဒေပုဒ်မ ၃(၁) ၁၃(၁)အရ ဦးအောင်မြင့်အား ဖမ်းဆီးတရားစွဲဆိုမှု ပြုခဲ့ပါသည်။ လ၀ကဌာနမှ ဦးအောင်မြင့်သည် နိုင်ငံသားဥပဒေပုဒ်မ-၁၆ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇တို့အရ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲခဲ့ပြီဖြစ်၍ မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်မပါရှိပဲ ၀င်ရောက်ခွင့်မရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း လ၀က ဦးစီးမှူးက တရားရုံးတွင် ထွက်ဆိုသွားပါသည်။
    အဆိုပါအမှုတွင် ဦးအောင်မြင့်၏ မူလ မင်္ဂလာဒုံမြို့နယ် ပြစ်မှုကြီးအမှုအမှတ် (၁၇၃၂/၈၅) တရားရုံးရှေ့နေ ဦးကျော်ညွန့်က လိုက်ပါ ဆောင်ရွက်ခဲ့ပြီး ဦးအောင်မြင့်လက်ဝယ်ရှိ (C of I) justice2သက်တမ်းမှာ ကုန်ဆုံးခြင်းမရှိသေး၍ မြန်မာနိုင်ငံသားအဖြစ် တရားဝင် တည်ရှိဆဲဖြစ်ကြောင်း သြစတြေးလျရှိ မြန်မာနိုင်ငံ သံရုံးမှ ဦးအောင်မြင့်ထံ တရားဝင် ပြန်ကြားကြရန်လည်း ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားဖြစ် ပြန်ခွင့်ရှိကြောင်း ဖော်ပြပါရှိသဖြင့် ဦးအောင်မြင့် မြန်မာနိုင်ငံသို့ပြန်လာခြင်းသည် ဥပဒေနှင့်အညီဖြစ်၍ အပြစ်မရှိကြောင်း၊ ခုခံချေပ ဖြေရှင်းခဲ့ပါသည်။
    မင်္ဂလာဒုံတရားရုံးမှ ဦးအောင်မြင့်အပေါ် လ၀က (အရေးပေါ်ပြဌာန်းချက်) အက်ဥပဒေပုဒ်မ-၁၃(၁)အရ ငွေဒဏ် ၂၀၀ ထမ်းဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၆-လ ကျစေဟု အမိန့်ချခဲ့ပါသည်။ တိုင်းတရားရုံးကလည်း အောက်ရုံးအမိန့်ကိုပင် ထပ်ဆင့်အတည်ပြုပါသည်။ ယင်းအမှု ဗဟိုတရားရုံးတက်ရောက်ရန် အောက်ရုံးရှေ့နေ ဦးကျော်ညွန့် လွှဲအပ်သဖြင့် ကျွန်တော်သည် ဦးအောင်မြင့်အမှုကို ဗဟိုတရားရုံးအတွက် လိုက်ပါဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်က အမှုသည် ဦးအောင်မြင့် ယခုဘယ်မှာလဲဟုမေးမြန်းရာ ဦးအောင်မြင့်၏ မိတ်ဆွေများက မြို့နယ်တရားရုံးက စွဲဆိုသောအမှု၏ ဒဏ်ငွေ ၂၀၀ ကို ဦးအောင်မြင့်က ချက်ချင်းပေးဆောင်ခဲ့သော်လည်း လ၀ကမှ ဦးအောင်မြင့်သည် ယခု မြန်မာနိုင်ငံသားမဟုတ်တော့ကြောင်း မည်သည့်နိုင်ငံသားဟုလည်း သတ်မှတ်ရန်မဖြစ်နိုင်ပဲ နိုင်ငံမဲ့ဖြစ်သွားပြီဖြစ်၍ အင်းစိန်ထောင်အတွင်း ထည့်ထားရမည်ဖြစ်ကြောင်း ပြောဆိုပြီး အင်းစိန်ထောင်သို့ခေါ်သွားပြီဖြစ်ကြောင်း ပြောပါသည်။
    ၁-လနှင့် ၂၅-ရက်အတွင်း မွေးရာပါ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား၊ ရန်ကုန်ဇာတိဖွား ပုဂ္ဂိုလ်တစ်ယောက် နိုင်ငံမဲ့ဖြစ်သွားစေသည့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေ၏ အစွမ်းကို အထူးပင် တုန်လှုပ်သွားပါသည်။ ထို့ကြောင့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုလည်း အပြန်ပြန်အလှန်လှန် လေ့လာဖြစ်ခဲ့ပါသည်။ နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေကို လေ့လာလိုသဖြင့် ရှာဖွေရာ ၁၉၈၆-ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်း လ၀ကမြို့နယ် ဦးစီးမှုအဆင့်ပင်တွင် စုံစမ်းမရခဲ့ပါ။ ရန်ကုန်မြို့ ကမ်းနားလမ်း ၆-ထပ်လုံးရှိ လ၀က တိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးထံတွင် ရှားရှားပါးပါး လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇ ကို ကူးယူမှတ်သားခွင့်ရခဲ့ပါသည်။ စာအုပ်တစ်အုပ်လုံး ဖတ်ရှုခွင့်မရပါ။ ထို့ကြောင့် အဆိုပါရှားပါးလှသော လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရှုလိုသဖြင့် ကြိုးစားလုပ်ဆောင်ရင်း ကံအားလျော်စွာ ထိုစဉ်က ၀န်ကြီးချုပ်ရုံးနှင့်သက်ဆိုင်သော ဌာနတစ်ခုမှ ညွှန်မှူးတစ်ယောက် ကူညီသောကြောင့် ထိုစာအုပ်တစ်အုပ်ကို ရရှိခဲ့ပါသည်။ နိုင်ငံသား လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရသဖြင့် ထိုစဉ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားများကိုင်ဆောင်ထားသော အမျိုးသား မှတ်ပုံတင်များသည် အနာဂတ်တွင် နိုင်ငံသားစိစစ်ရေးကတ်များကို ပြောင်းလဲ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကာလ လွန်မြောက်ပြီးမှ နိုင်ငံသားစာအုပ်ကို ပြောင်းလဲကိုင်ဆောင်ရမည်ဖြစ်ကြောင်း နမူနာကတ်နှင့် စာအုပ်ကိုပါ လုပ်ထုံးလုပ်နည်းစာအုပ်တွင် ပူးတွဲပါရှိသည်ကို တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါသည်။
    justice5ထို့ကြောင့် ယနေ့ ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့် ရသည့်သူများ ငါတို့တော့ မြန်မာနိုင်ငံသား ဖြစ်ပြီဟု ၀မ်းမြောက်မှု မစောကြစေချင်ပါ။ ယခု မြန်မာနိုင်ငံ ပြည်သူအားလုံး နိုင်ငံသားဖြစ်ထိုက်မဖြစ်ထိုက် စိစစ်ခံနေရသည်မှာ မြန်မာနိုင်ငံသားဥပဒေ စတင်ပြဋ္ဌာန်းသည့် ၁၉၈၂-ခုနှစ်မှရေတွက်လျှင် နှစ်ပေါင်း ၃၀-ကျော်တော့မည်ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီးမှစ၍ လွှတ်တော်အမတ်များအပါအ၀င် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်စရာမလို အစစပြည့်စုံသော ဥပဒေဖြစ်သည်ဟု ထောက်ခံပြောဆိုသူများထဲတွင် မြန်မာနိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေတွေပါရှိသော နိုင်ငံသားစာအုပ်ကိုင်ဆောင်ခွင့်ရသူ မည်သူပါရှိပါသနည်းဟု အလျဉ်းသင့်၍ ကျွန်တော် မေးလိုပါသည်။
    ကျွန်တော်သည် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့် အထက်ပါဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ ၂၀.၉.၈၃ နေ့စွဲပါ ၀န်ကြီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများကို လေ့လာခဲ့ပြီးနောက် ဗဟို တရားရုံးသို့ ဦးအောင်မြင့်ကိုယ်စား ပြစ်မှုပြင်ဆင်မှုအတွက် (၁၀၄(ခ)/၁၉၈၆)ကို ၂၄.၂.၈၆ နေ့တွင် တင်သွင်းမှုပြုခဲ့ပါသည်။ အမှုတင်သွင်းသည့်အခါ အမှုတွဲစိစစ်လက်ခံသူ တရားရေးအရာရှိနှင့် ပြဿနာပေါ်ပါသည်။ ကျွန်တော်က လျှောက်ထားသူအမှုသည် ဦးအောင်မြင့်၏အမည်အောက်တွင် (နိုင်ငံမဲ့အကျဉ်းသား အင်းစိန်ထောင်)ဟု ဖော်ပြထားချက်ကို တရားရေးအရာရှိက အထူးအဆန်းဖြစ်နေသဖြင့် အမှုတွဲတွင် ခပ်ကြောင်ကြောင် အရေးအသားများရေးသည်ကို တရားသူကြီးများက မကြိုက်ကြောင်း (နိုင်ငံမဲ့အကျဉ်းသား)ဟူသောအသုံးအနှုန်းကို ပြင်ဆင်ရေးသားရန် တောင်းဆိုပါသည်။ ကျွန်တော်က မိမိအမှုသည် ဦးအောင်မြင့် အကျဉ်းထောင်ထဲ ရောက်နေခြင်းမှာ ယခုပြင်ဆင်မှုတင်သွင်းသော အမှုကြောင့် ရောက်နေခြင်းမဟုတ်ကြောင်း ယခုပြင်ဆင်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်သော ဒဏ်ငွေ ၂၀၀ ကို ပေးဆောင်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ငွေပေးဆောင်ရသော အမှု၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် နိုင်ငံမဲ့သူဖြစ်၍ အင်းစိန်ထောင်အတွင်း ရောက်ရှိနေထိုင် ရသူဖြစ်သဖြင့် နိုင်ငံမဲ့အကျဉ်းသား အသုံးအနှုန်းကို မပြင်နိုင်ကြောင်း ဤအသုံးအနှုန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မိမိလက်ခံမည်ဖြစ်ကြောင်း ကျွန်တော်က ပြန်လည်ရှင်းလင်းခဲ့ရပါသည်။
    အထက်ပါအတိုင်း ပြဿနာရှိသော အမှုဖြစ်သဖြင့် ဤအမှုနှင့်ပတ်သက်၍ ကျွန်တော့်ဘက်က လစ်ဟင်းမှုမရှိအောင် အထူးဂရုစိုက်ပြီး လက်ခံသင့် မခံသင့် လျှောက်လဲချက်ကိုလည်း ပြင်ဆင်ထားခဲ့ပါသည်။ ပြင်ဆင်မှုလျှောက်လွှာတွင် “(၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့်ပတ်သက်သော အဓိကအားနည်းချက်အဖြစ် ဤဥပဒေကို ၁၉၈၂-ခုနှစ်တွင် ပြည်သူ့ လွှတ်တော်မှ ပြဌာန်းခဲ့စဉ်ကပင် အာဏာတည်ရမယ့်နေ့ရက် ဖော်ပြပါရှိခြင်းမရှိသောကြောင့် ယင်းဥပဒေသည် ယနေ့တိုင် တရားဝင် အကျိုးသက်ရောက်အာဏာတည်ခြင်း ရှိ/မရှိ ဒွိဟဖြစ်စရာအခြေအနေ ပေါ်ပေါက်နေပါကြောင်း) မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာလည်း ၀န်ကြီးအဖွဲ့က လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ (၂၀.၉.၈၃-နေ့တွင်) အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် နောက်ကျထုတ်ပြန်ခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေကိုလိုက်နာမည့် ပြည်သူများသာမက ယင်းဥပဒေကို အကောင်အထည်ဖော်ရသည့် ဌာနများတွင်ပင် အခက်အခဲများစွာ ရှိနေပါကြောင်း” နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေအရ တာဝန်လွှဲခြင်းခံရသော သြစတြေးလျနိုင်ငံရှိ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာသံရုံးတာဝန်ရှိ သံအရာရှိများက ဦးအောင်မြင့်၏ရည်မှန်းချက်အရ မြန်မာနိုင်ငံသားအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း မြန်မာနိုင်ငံသို့ တရားဝင် ပြန်နိုင်ကြောင်း အဆုံးအဖြတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံ မင်္ဂလာဒုံမြို့နယ်မှ လ၀က အရာရှိများကမူ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားမဟုတ်တော့သဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ ပြန်လာခွင့်မရှိကြောင်း ယခုအခါ ကမ္ဘာပေါ်တွင် နိုင်ငံမရှိသော လူသားတစ်ဦးသာဖြစ်ကြောင်း ထို့ကြောင့် အင်းစိန်ထောင်ထဲတွင်သာ ထည့်ထားရမည့် လူသားတစ်ဦးဖြစ်ကြောင်း ဆန့်ကျင်ကွဲလွဲစွာ အဆုံးအဖြတ်ပေးခဲ့ကြခြင်းက ထင်ရှားသော သာဓကတစ်ရပ်ဖြစ်နေပါကြောင်း၊ ထို့အပြင် ဦးအောင်မြင့်အား ထုတ်ပေးခဲ့သော (C of I) သက်သေခံမှုလက်မှတ်တွင် ပြဋ္ဌာန်းပါရှိသော စည်းကမ်းချက်များသည် လ၀က လတ်တလော အက်ဥပဒေပုဒ်မ-၄(၂)အရ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုထားသော သို့မဟုတ် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များအဖြစ် မှတ်ယူရမည်ဟူသော ပြဌာန်းချက်ကြောင့် သတ်မှတ်ကာလ ၃-လအတွင်း မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ဦးအဖြစ် တရားဝင် ပြန်လာခြင်းဖြစ်ပါကြောင်း တင်ပြလျှောက်ထားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် အထက်ဖော်ပြပါ ပြင်ဆင်မှုလျှောက်လွှာပါ ဥပဒေအချက်အလက်များနှင့် ဆက်စပ်၍ လျှောက်လဲချက်ပေးရန် ထပ်ဆင့်ပြင်ဆင်ခဲ့ရာတွင်
    (၁) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်-၄)တွင် ဥပဒေအာဏာတည်သည့်နေ့ သတ်မှတ်ပြဌာန်းထားခြင်းမရှိသော်လည်း ယင်းဥပဒေ ပုဒ်မ-၆၊ ၃၈၊ ၃၄၊ ၄၅၊ ၅၂၊ ၆၁၊ ၇၂ တို့တွင် ဤဥပဒေအာဏာတည်သည့်နေ့အပေါ် တည်မှီ၍ လုပ်ဆောင်ခွင့်ရှိသည့် အချက်များကို ကန့်သတ်မှုတွေ့ရသဖြင့် ဤဥပဒေ အာဏာတည်သည့်နေ့သည် အလွန်အရေးကြီး အဓိကကျနေပါကြောင်း၊
    (၂) မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၇၅)တွင် ၀န်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု လွှတ်တော်က လုပ်ကိုင်အပ်နှင်းထားသော်လည်း မူလ “မြန်မာနိုင်ငံသားဥပဒေ အာဏာမတည်သရွေ့ ကာလပတ်လုံး ၁၉၇၃-ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေး (တော်လှန်ရေးကောင်စီဥပဒေ အမှတ် -၂၂) အခန်း-၅ “အာဏာမတည်သေးသော ဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များ”ကဏ္ဍ ပုဒ်မ-၁၇(ဂ)တွင် “ယင်းသို့ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ သို့မဟုတ် အမိန့်သည် ယင်းဥပဒေ စတင် အာဏာမတည်သေးသမျှ ကာလပတ်လုံး အကျိုးသက်ရောက်မှု မရှိစေရ”ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၁၆၊ လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇အရ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့ပြီဟု မင်္ဂလာဒုံမြို့နယ် လ.၀.က မှဆုံးဖြတ်၍ အင်းစိန် အကျဉ်းထောင်အတွင်း ထည့်သွင်းထားခြင်းသည် မြန်မာနိုင်ငံအတွင်း အာဏာမတည်သေးသော ဥပဒေလုပ်ထုံးလုပ်နည်း လုပ်ပိုင်ခွင့်ကို အလွဲသုံးရာရောက်ပါကြောင်း၊
    (၃) ယခုအမှုတွင် အရေးကြီးသော ပြဿနာအဖြစ် တင်ပြလိုသောအချက်မှာ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေတွင် ဥပဒေအာဏာတည်သည့်နေ့ကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးခြင်းမရှိဘဲ ချန်လှပ်ထားမှုပင်ဖြစ်ပါသည်။ မ.ဆ.လအစိုးရလွှတ်တော်က ပြဋ္ဌာန်းထားသော မူလဥပဒေများစွာတွင် အာဏာတည်သည့်နေ့ရက်များပါရှိပါလျက် ယခုကဲ့သို့အရေးကြီးလှသော နိုင်ငံသားဥပဒေတွင် ပြဋ္ဌာန်းဖော်ပြရန် ပျက်ကွက် နေပါကြောင်း၊ ယင်းဥပဒေပုဒ်မ-၇၅ တွင် နိုင်ငံသားဥပဒေပြဌာန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ၀န်ကြီးအဖွဲ့အား လုပ်ထုံး လုပ်နည်းများရေးဆွဲ၍ နိုင်ငံတော်ကောင်စီ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု ဖော်ပြထားပါကြောင်း၊ “၀န်ကြီးအဖွဲ့က ရေးဆွဲသော လုပ်ထုံးလုပ်နည်းဥပဒေ၏ ပုဒ်မ-၇ နှင့် ၈ တွင် မြန်မာနိုင်ငံသားဥပဒေတည်သည့်နေ့သည် ၁၉၈၂-ခုနှစ် အောက်တိုဘာလ(၁၅)ရက်ဟု ဖော်ပြပါရှိသည်ကို တွေ့ရပါကြောင်း၊ ၀န်ကြီးအဖွဲ့သည် လွှတ်တော်က ဥပဒေပြဌာန်းသည့်ရက်ကိုပင် ဥပဒေအာဏာတည်သည့်ရက်ဟု မိမိသဘောဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနေသည်ဟု ယူဆပါကြောင်း၊ အမှန်မှာ ဥပဒေပြဋ္ဌာန်းလိုက်ယုံဖြင့် ယင်းဥပဒေသည် အာဏာသက်ဝင်ခြင်း မရှိကြောင်း၊ အာဏာတည်သည့်နေ့ရက် (၀ါ) ဥပဒေ၏ အကျိုးသက်ရောက်စေ၇မည့် နေ့ရက်ကို ဥပဒေရေးဆွဲသူ လွှတ်တော်ကသာ ပြဋ္ဌာန်းပေးမှ တရားဝင်ပါကြောင်း၊
    စကားရပ်များ အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေ အခန်း (၅) ပုဒ်မ-၁၇ပါ ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းထုတ်ပြန်ပြီး ဖြစ်သော်လည်း ယင်းဥပဒေသည် ချက်ချင်းအာဏာတည်သော ဥပဒေ၊ ချက်ချင်း အာဏာမတည်သော ဥပဒေများဟု ရှိပါကြောင်း။ ယခု နိုင်ငံသား ဥပဒေတွင် “ချက်ချင်း အာဏာတည်စေရမည်” ဟူသော စကားရပ်မပါရှိသလို မည်သည့်အချိန်တွင် အာဏာတည်ရမည်ဟု သတ်မှတ်ဖော်ပြချက်လည်း မပါရှိပါကြောင်း၊ ယင်းအခြေအနေတွင် ၀န်ကြီးအဖွဲ့က (၁၅.၁၀.၈၂)နေ့မှစ၍ နိုင်ငံသား ဥပဒေသည် အာဏာသက်ဝင်သည်ဟု (၂၀.၉.၈၃) ရက်စွဲပါ စာအမှတ် ၃/၆၂(အထူး)၀ဖ ၈၃(၂)ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ်တွင် ၀န်ကြီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်တင့်က လက်မှတ်ရေးထိုး ဖော်ပြထားခြင်းမှာ ဥပဒေပြု လွှတ်တော်၏ လုပ်ပိုင်ခွင့် အာဏာကို ၀န်ကြီးအဖွဲ့ကျူးကျော် လုပ်ဆောင်ရာ ရောက်နေပါကြောင်း။
    ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄)အရ ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်မှာသာရှိပြီး ၀န်ကြီးအဖွဲ့မှာ အခြေခံ ဥပဒေပုဒ်မ-၈၃၊ ၈၄အရ လွှတ်တော်ကိုjustice6 တာဝန်ခံရသည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့သာ ဖြစ်ပါကြောင်း၊ (၁၉၇၃-ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေသည် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိဘဲ တော်လှန်ရေး ကောင်စီ ဥက္ကဌတစ်ဦးတည်းက အချုပ်အချာအာဏာ (၃)ရပ်ကို ကိုင်စွဲအုပ်ချုပ်သော ကာလအတွက် အဓိက ရည်စူးရေးဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာချိန်တွင် ဥပဒေပြုမှုအာဏာ၊ ဥပဒေအာဏာ သက်ဝင်ရမည့် ကာလကို ပြည်သူ့လွှတ်တော်ကသာ သတ်မှတ်ခွင့် ရှိပါသဖြင့် အခြားပုဂ္ဂိုလ် အဖွဲ့အစည်းများတွင် မရှိနိုင်သည်ကို သတိပြုသင့်ပါကြောင်း။)
    စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေပုဒ်မ-၁၇(ဂ)အရ မူလရေးဆွဲ ပြန်ဌာန်းထားသော ဥပဒေအာဏာ မတည်သေးသမျှ ကာလပတ်လုံး ကြိုတင် ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ (သို့မဟုတ်) အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ပြဌာန်းထားမှုအရ ၀န်ကြီးအဖွဲ့၏ နိုင်ငံသား လုပ်ထုံး လုပ်နည်းအမိန့် ကြော်ငြာစာအမှတ် (၁၃/၈၃)သည် မျက်မှောက်ကာလ၌ အကျိုးသက်ရောက်သော၊ ယနေ့တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိသော အမိန့်ဟုတ်မဟုတ် ဗဟိုတရားရုံးတော်မှ အလေးထား ဆုံးဖြတ်ပေးပါရန် အရေးကြီးလှပါကြောင်း။
    အလားတူပင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ရုတ်သိမ်းသော ဥပဒေမှာ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၂)ရပ်သာ ဖြစ်ပါသည်။ ဦးအောင်မြင့်အား (C of I) တရားဝင် ထုတ်ပေးခဲ့သော ၁၉၄၇-လ၀က (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ အပါအ၀င် အခြားဥပဒေ ပြဌာန်းချက်များမှာ တရားဝင် တည်ဆဲ ဥပဒေများအဖြစ် တည်ရှိဆဲ ဖြစ်ပါသည်။
    မိမိအသစ် ပြဌာန်းထားသော ဥပဒေနှင့် ဆန့်ကျင်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များကို ဥပဒေပြုစဉ်ကပင် ပြင်ရန်လိုပါသည်။ ယခု အသစ်ပြဌာန်းထားသာ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၁၆သည် လ၀က လတ်တလော ဥပဒေပုဒ်မ(၂)ဆနှင့် ပုဒ်မ(၃)နှင့်လည်းကောင်း ဆက်စပ် ထုတ်ပေးသော (C of I) ပေါ်ရှိ စည်းကမ်းများ အပါအ၀င် အခြား လူဝင်မှု စည်းကမ်းများကို မပြင်ဆင်ဘဲ အုပ်ချုပ်ရေး အာဏာပိုင် ကိုယ်လိုရာဆွဲ အရေးယူမှု ပြုနေလျှင် မြန်မာနိုင်ငံအတွင်း မလိုလားအပ်သော နိုင်ငံသား ပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း။ ဦးအောင်မြင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားမဟုတ်ဟု သတ်မှတ်လိုသော ဆန္ဒပြင်းပြနေကြသည်ဆိုလျှင်လည်း လ၀က (လတ်တလော) ပုဒ်မ-၄(၂) အရ မြန်မာနိုင်ငံတော် သမ္မတ (နိုင်ငံတော်ကောင်စီဥက္ကဌ)က မြန်မာနိုင်ငံမှ နှင်ထုတ်နိုင်ပါကြောင်း၊ ယခုမူ ဦးအောင်မြင့်အား နိုင်ငံမဲ့ဖြစ်၍ အင်းစိန်အကျဉ်းထောင်ထဲမှာ နေရမည်ဟု အုပ်ချုပ်ရေးအာဏာကိုင်စွဲသူတို့၏လုပ်ရပ်မှာ မည်သည့်ဥပဒေ စံနှုန်းနှင့်မျှ ထိန်းညှိ၍ မရနိင်သောအခြေအနေဖြစ်၍ ဗဟိုတရားရုံးတော်မှ တည့်မတ်ပေးရန် အထူးလိုအပ်နေပါကြောင်း၊
    (၄) U Aung Myint (a) Mr. LAmbrose. “Cases to be citizen of the Socialist Republic of the Union of Burma after three months from the date of depature” and since you departed from buma on 29th June 1985, and as such as you are still a citizen of Burma, we are of the opinion that you can still return to Burma within the period of three months.” ဟု သဘောထား မှတ်ချက်ပေး၍ မြန်မာနိုင်ငံသို့ပြန်နိုင်ကြောင်း လမ်းညွှန်ခဲ့သူပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမအတွင်းဝန်အဆင့် သံတမန်တစ်ဦးဖြစ်ပါသည်။ ၁၉၆၁-ခုနှစ် ဗီယာနာ သံတမန်စာချုပ် (1961 Vienna Convention on Diplomatic relations) ယင်းစာချုပ်အပိုဒ်(၃)အရ ၎င်းသံတမန်သည် မြန်မာနိုင်ငံကိုယ်စားပြု ပြောဆိုဆောင်ရွက်ရသူဖြစ်ပါသည်။ မိမိနိုင်ငံနှင့် နိုင်ငံသားတို့အကျိုးအတွက် အကာအကွယ်ပေးရန် မိမိတာဝန်ထမ်းဆောင်ရာ သြစတြေးလျနိုင်ငံတွင် တာဝန်ရှိသူပုဂ္ဂိုလ်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်၏လမ်းညွှန်ချက်ကိုပင် ယုံကြည်စိတ်ချနိုင်သော အခြေအနေမရှိလျှင် နိုင်ငံခြားရောက် မြန်မာလူမျိုးများအတွက် မိမိသံရုံးကိုပင် အားကိုးရာမရှိဖြစ်သွားနိုင်ပါကြောင်း။
    (၅) ကုလသမဂ္ဂလူ့အခွင့်အရေး ကြော်ငြာစာတမ်း အပိုဒ်-၁၅ တွင် လူသားတိုင်းသည် မိမိနှင့်သက်ဆိုင်ရာနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုထားပါသည်။ အကယ်၍ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက မွေးရာပါနိုင်ငံသား တိုင်းရင်းသား ကရင်လူမျိုး ဦးအောင်မြင့်ကို မြန်မာနိုင်ငံသားအဖြစ် လက်မခံလိုပါက (C of I) ပါ သက်တမ်းတရားဝင်ကျန်ရှိနေသောကြောင့် မြန်မာနိုင်ငံမှ ပြန်ထွက်သွားရန်၊ ယင်းသို့မထွက်ပဲ ငြင်းဆန်လျှင် နိုင်ငံမဲ့ဖြစ်သွားသော ဦးအောင်မြင့်အား ထောင်ထဲသို့ ထည့်ထားမည်ဖြစ်ကြောင်း ရှင်းပြခဲ့လျှင် ဦးအောင်မြင့်သည် မြန်မာနိုင်ငံမှ (C of I) ကိုင်ဆောင်၍ ထွက်သွားချိန်ရပါလျက် ထွက်သွားခွင့်မပေးဘဲ ချက်ချင်း ထောင်ထဲသို့ ဆွဲသွင်းခဲ့သည့်လုပ်ရပ် သည် လူသား၏ နိုင်ငံသားဖြစ်ခွင့်ကို တန်ဖိုးမထားပဲ လူသားချင်းမစာနာ အလွန်ရက်စက်ရာရောက်နေပါကြောင်း၊
    (၆) မကြင်မွှေးနှင့်နိုင်ငံတော် (ပြစ်မှုပြင်ဆင်မှု ၂၅၀(ခ)၁၉၆၈) စီရင်ထုံးကိုထောက်ထား၍ ပြည်သူတို့၏ အန္တရာယ်ကို တရားရုံးမှ စောင့်ရှောက်ကာကွယ်ရန် တာဝန်ဝတ္တရားရှိပုံကို ထောက်ထား၍ ဦးအောင်မြင့်၏ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို နစ်နာမှုမရှိအောင် ကုစားပေးပါရန်အလို့ငှာ ယခုအမှုကို လက်ခံစဉ်းစားပေးတော်မူပါဟု လျှောက်လဲချက်ကို ပြင်ဆင်ထားခဲ့ပါသည်။ ဗဟိုတရားရုံး၌ ဦးအောင်မြင့်အမှု လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော် တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော်တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ဗဟိုတရားရုံးမှ လက်ခံကြားနာ ဆုံးဖြတ်နိုင်သော အခြေအနေမရှိဟု ယူဆပါသောကြောင့် ယင်းအမှုကို အဆုံးအဖြတ်ပေးရန် နိုင်ငံတော်ကောင်စီသို့ လွှဲအပ်လိုက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီ၏ အဆုံးအဖြတ်ကိုသာ စောင့်ဆိုင်းနာယူပါဟု ကျွန်တော်နှင့် အမှုသည် မိသားစုအား ရှင်းပြပါသည်။
    ဦးအောင်မြင့်၏ မိသားစုဝင်များဘက်မှ နိုင်ငံတော်ကောင်စီတွင် ဒေါက်တာမောင်မောင်နှင့် အဆက်အသွယ် ရှိသောကြောင့် နိုင်ငံတော်ကောင်စီနှင့် သက်ဆိုင်သော အမှုကို ၄င်းတို့ကိုယ်တိုင် ဆောင်ရွက်မည်ပြောသဖြင့် ကျွန်တော်နှင့် အမှုသည် ဦးအောင်မြင့် ဆွေမျိုးများအကြား ထိုအချိန်မှစ၍ အမှုကိစ္စလုပ်ငန်း တာဝန်ရပ်စဲသွားခဲ့ပါသည်။
    (၂)နှစ်ခန့် ကြာသည့်တိုင်အောင် နိုင်ငံတော်ကောင်စီသည် ဦးအောင်မြင့်အမှုကို အဆုံးအဖြတ် မပေးခဲ့သဖြင် ၁၉၈၈-ခုနှစ်တွင် မဆလ နိုင်ငံတော် ပြိုကွဲသွားသည့်တိုင် ဗဟိုတရားရုံးမှ စစ်ဆေးစီရင်နိုင်ခြင်း မရှိ၍ နိုင်ငံတော်ကောင်စီသို့ လွှဲပြောင်းတင်ပြထားသော အမှုလက်ကျန် (၂၀)ကျော်တွင် ဦးအောင်မြင့်အမှုလည်း တစ်မှုအဖြစ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသား၊ ကရင်တိုင်းရင်းသား ဦးအောင်မြင့်တစ်ယောက် နိုင်ငံမဲ့ဘ၀ဖြင့် အင်းစိန်ထောင်အတွင်း (၁၃)နှစ်ကျော် ရောက်ရှိပြီးနောက် ၁၉၉၇-ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ၄င်းအမှုကို လက်ခံသင့် မခံသင့် လျှောက်လဲချက်ပေးရန် အမှုခေါ်စာရင်း စစ်အစိုးရခေတ် တရားရုံးချုပ်၌ ပေါ်ပေါက်ခဲ့သည်။
    ကျွန်တော်အနေဖြင့် နိုင်ငံရေးအရ ၁၉၈၈-ခုနှစ်တွင် ပထမတစ်နှစ် ထိန်းသိမ်းခံရစဉ်ကပင် ရှေ့နေလိုင်စင် ရုတ်သိမ်းခံထားရပြီးဖြစ်ကြောင်း၊ ဗဟိုတရားရုံးမှ နိုင်ငံတော်ကောင်စီသို့ အမှုလွှဲအပ်စဉ်ကပင် အမှုလိုက်ပါခွင့်တာဝန် ပြီးဆုံသွားပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေငြာချက် (၄/၈၉)အရ ဦးအောင်မြင့်တစ်ယောက် လွတ်မြောက်ခဲ့ပြီဟု ယူဆခဲ့ပါကြောင်း ယခုအခါတွင် ၄င်းအတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေမရှိသောကြောင့် ၄င်း၏ အခွင့်အရေးများ မဆုံးရှုံးသင့်ပါကြောင်း ဖြေရှင်းလွှာတစ်စောင်ကို တရားရုံးချုပ်သို့ ကျွန်တော်တင်ပြခဲ့ပါသည်။
    ဤစာရေးချိန်အထိ ဦးအောင်မြင့် မိသားစုနှင့် အဆက်အသွယ်မရှိသဖြင့် ဦးအောင်မြင့် အခြေအနေ မည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ တရားရုံးချုပ်က မည်သို့ ဆုံးဖြတ်သည်ကိုလည်း ယနေ့တိုင် မသိသေးပါ။ ကျွန်တော်ကိုယ်တိုင် အလွန်သိချင်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေသည် လွှတ်တော်မှ မူလ ရေးဆွဲစဉ်ကပင် ဥပဒေအာဏာသက်ဝင်စေသည့် ကာလသတ်မှတ်ချက် မပါရှိဘဲ ၀န်ကြီးအဖွဲ့မှ မိမိသဘောဖြင့် ကာလသတ်မှတ်၍ အကောင်အထည် အဖော်မှုသည် ဥပဒေနှင့် ညီမညီ ကျွန်တော်တင်ပြခဲ့သည်ကို မဆလခေတ် ဗဟိုတရားရုံး တရားသူကြီးများကလည်း အလေးထား ဆုံးဖြတ်ရမည့် ပြဿနာဟု ယူဆသောကြောင့်သာ ဦးအောင်မြင့်အမှုကို နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။
    ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ကျွန်တော်၏တင်ပြချက်များသည် မဆလခေတ် ဗဟိုတရားရုံးအဆင့်အထိ လက်ခံ စဉ်းစားပေးခဲ့သော်လည်း ၀န်ကြီးအဖွဲ့နှင့် နိုင်ငံတော်ကောင်စီသည် မိမိတို့အမှားကို တာဝန်မယူပဲ လူညီလျှင် ဤကိုကျွဲဖတ်လိုက်ကြစို့ဟူသည့် သဘောဖြင့် နိုင်ငံသားတစ်ဦး နိုင်ငံမဲ့ ဘ၀ရောက်သွားရသည့် နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းပါ မှားယွင်း အကောင် အထည်ဖော်မှုကို အနည်းငယ်မျှ ပြင်ဆင်ပေးခြင်း မရှိဘဲ မျက်စိမှိတ်၍ ဇွတ်တိုးခဲ့သည်မှာ နှစ်(၃၀) ရှိတော့မည်ဖြစ်ပါသည်။
    နိုင်ငံသားလုပ်ထုံးလုပ်နည်း ကျွဲခတ်၍ နိုင်ငံသားမည်မျှ နိုင်ငံသားဘ၀ ဆုံးရှုံးခဲ့ပြီကို ကျွန်တော် မမှန်းဆနိုင်တော့ပါ။
    ကျွန်တော် လက်လှမ်းမီသမျှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေ၊ နည်းဥပဒေများနှင့် ၎င်းဥပဒေပါ အာဏာတည်မှုဆိုင်ရာ ပြဋ္ဌာန်းချက်အချို့ကို ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ယှဉ်တွဲလေ့လာနိုင်ရန် ရှာဖွေတင်ပြ ပေးလိုက်ပါသည်။
    (၁)    The Registration of Forigners Act (နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ) ပုဒ်မ-၁(၂)
    This act shall come into force on the 28th March 1940.
    ဤအက်ဥပဒေသည် ၁၉၄၀-ခုနှစ် မတ်လ(၂၈)မှစ၍ အာဏာတည်စေရမည်။
    (၂)    The Registration of Forigeners Rules, 1949 (၁၉၄၈-ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ)
    They shall come into force on 4th January 1949.
    ဤနည်းဥပဒေသည် ၁၉၄၉-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှစ၍ အာဏာတည်ရမည်။ ပုဒ်မ-၁(၂)
    (၃)    The Burma Immigation (Emergency Provisions) Act, 1947
    (၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များမှာ) It shall come into force at once.
    ဤအက်ဥပဒေသည် ချက်ချင်းအာဏာတည်စေရမည်။
    (၄)    ၁၉၄၉-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ၊ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၁(၂) ဤအက်ဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြေငြာစာထုတ်ပြန်ကြော်ငြာ၍ သတ်မှတ်သည့်နေ့ရက်၌ အာဏာတည်ရမည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းပါဝင်သော အရပ်ဒေသများကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။
    (၅)    ၁၉၇၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေပုဒ်မ-၁(၂)
    ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
    (၆)    UNION CITIZENSHIP (ELECTION) ACT, 1948
    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
    (၁၉၄၈-ခုနှစ် အက်ဥပဒေအမှတ်-၂၆) (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး)
    Wheres it is necessary to make provision ——- under section 11 (iv) of the constitutions.
    အထက်ပါ ဥပဒေနိဒါန်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပုဒ်မ-၁၁(ဃ) အရ ———— အောက်ပါအတိုင်း အက်ဥပဒေ ပြဋ္ဌာန်းလိုက်သည်ဟု ဖော်ပြထားပါသည်။
    (၇)    The Union Citizenship Act, 1948
    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး) ပုဒ်မ-၁(၂)
    It shall extend to the whole of the Burma and shall be deemed to have come info force on the 4th day of January, 1948.
    ဤအက်ဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးနှင့်သက်ဆိုင်သည်။ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ(၄)၇က်နေ့ ၁၃၀၉-ခု ပြာသိုလပြည့်ကျော် (၉)ရက်နေ့မှစ၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
    (၈)    မြန်မာနိုင်ငံသားဥပဒေ ၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)
    ဤဥပဒေတွင် မြန်မာ နိုင်ငံ၏ မည်သည့်ဒေသတွင် မည်သည့်အချိန်ကစ၍ အာဏာတည်ရမည်ဟု ဖော်ပြပါရှိခြင်း အလျင်းမရှိပါ။ သို့သော်လည်း –
    ဤဥပဒေ၏
    ပုဒ်မ-၆ တွင် ဤဥပဒေ အာဏာတည်သည့်နေ့တွင် —–
    ပုဒ်မ-၃၈ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၄၃ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၄၅ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၅၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ —–
    ပုဒ်မ-၆၁ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ – ၇၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —– ဟု ဥပဒေအာဏာတည်မှုပြဿနာကို ပုဒ်မ-၇ တွင် (၇)ကြိမ် ဖော်ပြထားပါသည်။ ဥပဒေအာဏာတည်မှုပြဿနာသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတွင် မည်ရွေ့မည်မျှ အရေးပါခြင်း ရှိ-မရှိ စဉ်းစားကြပါ။
    မူရင်းဥပဒေအာဏာ မတည်သေးသမျှ ယင်းဥပဒေအပေါ် တည်မှီထုတ်ပြန်ရသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ သို့မဟုတ် အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၇ ပါ ပြဋ္ဌာန်းချက်များကို အလေးထားသုံးသပ်ကြပါ။
    နိုင်ငံသားလုပ်ထုံးလုပ်နည်းများကို လမ်းညွှန်မည့် နိုင်ငံသား ဥပဒေပုဒ်မ-၇၅ ရှိ နိုင်ငံတော်ကောင်စီစကားရပ်၏နေရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူက တာဝန်ယူရမည်ကိုလည်း စဉ်းစားဆုံးဖြတ်ကြပါ။ အထက်ပါ ဥပဒေအကြောင်းအချက်များကို ထည့်သွင်းစဉ်းစားလျှင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုသင့်၊ မသင့် တစ်စုံတစ်ရာ အဖြေထုတ်နိုင်မည်ဟု ကျွန်တော်ယူဆပါသည်။
    ကျွန်တော်သည် ဥပဒေပညာရှင် မဟုတ်ပါ။ မြေလတ်ကျေးလက်မှ တောသားရှေ့နေ ဘ၀ ခေတ္တမျှ ကျင်လည်ခဲ့ဖူးသူသာ ဖြစ်ပါသည်။ နှစ် ၃၀-ခန့်ကြာသည့်တိုင် ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံသားများ စိစစ်ခံနေရဆဲ ဘ၀မှ မလွတ်မြောက်သေးသည့် အတွက် နိုင်ငံသားဥပဒေ အကောင်အထည်ဖော်သည့် လုပ်ထုံးလုပ်နည်းတစ်နေရာတွင် မှားနေသည်က သေချာပါသည်။ မမှားသင့်သည်များ မမှားရအောင် ကျွန်တော်သိသမျှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
    ပညာ+သတိ ကြီးသူများ ဖြစ်ကြပါစေ။
    ဖြစ်ရပါလို၏။
    (နေမင်း)
    မဏ္ဍိုင်ဥပဒေ မဂဇင်းတွင် ဖော်ပြခဲ့သည့် စာတမ်းဖြစ်ပါသည်။
  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပင် ဆန့်ကျင်နေသည့် ၁၉၈၂ နိုင်ငံသားဥပဒေ
    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၂
    M-Media
    ၁၉၈၃ခုနှစ် နိုင်ငံသားနည်း ဥပဒေများတွင် ၁၈၂၃ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်နေထိုင်သူများသည် တိုင်းရင်းသား မျိုးနွယ်စုများ၏ လူမျိုးအမည်များနှင့် တူနေစေကာမူ ထိုသူများသည် တိုင်းရင်းသား မဟုတ်ပါ လို့ ရှင်းရှင်းလင်းလင်းလင်း ဖော်ပြထားတာ တွေ့ရပါတယ်။
    တဖန် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၈(ခ) တွင် နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏  အကျိုးငှာ မွေးရာပါ နိုင်ငံသားမှအပ မည်သူ့ကိုမဆို နိုင်ငံသားသို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရုပ်သိမ်းနိုင်သည်ဟု ဆိုထားပြန်ပါသည်။
    ဒီနေရာမှာ ကျွန်တော် တင်ပြချင်တာကတော့ တည်ဆဲမြန်မာနိုင်ငံသား ဥပဒေမှာပါတဲ့ ၁၈၂၃ခုနှစ်ဆိုသော သက္ကရာဇ်မှာ ယနေ့အချိန်မှာဆိုရင် လွန်ခဲ့သောနှစ်ပေါင်း ၁၉၀လောက်ရှိနေပါပြီ။ ရာစုနှစ်၂ခုနီးပါးလောက် အချိန်အခါ အထောက်အထားတင်ပြရန်မှာ မလွယ်ကူသောကြောင့် တိုင်းရင်းသား တစ်ဦးဦးအား ၁၈၂၃မတိုင်မီ မြန်မာနိုင်ငံသို့ လာရောက်နေထိုင်ကြောင်း အထောက်အထား တင်ပြနိုင်မှ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ရမယ်ဆိုရင် ထိုပုဂ္ဂိုလ်သည်တိုင်းရင်းသားဖြစ်ပါလျက် တိုင်းရင်းသားဖြစ်မှုဆိုသော အခွင့်အရေးကို ဆုံးရှုံးသွားမည်မှာ ဧကန်မုချ။ ထိုပုဂ္ဂိုလ်ဟာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု မခံရသောကြောင့် နိုင်ငံသားဥပဒေပုဒ်မ(၅) အရ မွေးရာပါနိုင်ငံသားဟု အသိအမှတ်ပြုခြင်း မခံရသည့်အပြင် အခန့်မသင့်ရင် ပုဒ်မ ၈(ခ)အရ နိုင်ငံသား အဖြစ်မှတောင် ရုပ်သိမ်းခြင်းခံရနိုင်ပါတယ်။
    ဒါကြောင့်မို့လို့ ၁၉၈၂ နိုင်ငံသားဥပဒေသည် တိုင်းရင်းသားလူမျိုးများအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည်ဟု အတိအကျမပြောနိုင်ပါ။ ဒါ့အပြင် ၁၉၈၃ ခု၊ နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းများအရ နိုင်ငံသားစီစစ်ရေး ကတ်ပြားများပေါ်တွင် လူမျိုး၊ ဘာသာနဲ့ အလုပ်အကိုင်များကို ဖော်ပြထားခြင်းသည် လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း စသည်တို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိ စေရဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၈ နဲ့ လိုက်လျောညီထွေမှု ရှိမရှိကိုလည်း စဉ်းစားစရာဖြစ်နေပါတယ်။ မည်သည့် တိုင်းရင်းသားလူမျိုးဖြစ်သည်၊ မည်သည့် ဘာသာကို ကိုးကွယ်သည်ဆိုတာကို နိုင်ငံသား စီစစ်ရေး ကတ်ပြားများပေါ်တွင် မဖော်ပြဘဲ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ သိရှိလိုပါက သက်ဆိုင်ရာဌာန မှတ်တမ်းများတွင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ ဒေတာဘေ့စ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းထားပါက သက်ဆိုင်ရာမှ အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။
    သို့ဖြစ်ပါ၍ တိုင်းရင်းသားလူမျိုးများ၏ အခြေခံအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ခေတ်သစ်၊ စနစ်သစ်နဲ့ လိုက်လျောညီထွေဖြစ်အောင်၊ ယုတ္တိရှိအောင်၊ လူ့အခွင့်အရေးစံချိန်စံညွှန်းများနဲ့ကိုက်ညီအောင် ပြင်ဆင်ပြီး ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်အဆို တင်သွင်းပြသည့်အတိုင်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေတစ်ရပ် ပြဌာန်းပေးသင့်ပါကြောင်း ဤလွှတ်တော်သို့ အလေးအနက်ထား အကြံပြု တင်ပြအပ်ပါတယ်ခင်ဗျာ။
    ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် ၏ ၁၉၈၂ နိုင်ငံသား ဥပဒေပြင်ဆင်ရေး အဆိုကို ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်အမတ် ဦးရွှေမောင်၏  ထောက်ခံ ဆွေးနွေးချက်ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အချက်အလက်များသည် ရုပ်သံမှတ်တမ်း ၅း၄၀ မိနစ် မှစတင်သည့် ဆွေးနွေးချက်များကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
  • သွေးနဲ့ ဆုံးဖြတ်တဲ့ နိုင်ငံသားစနစ် နာဇီတွေ ထုတ်ခဲ့တဲ့ ဥပဒေနဲ့ တူနေပြီလား?
    သွေးနဲ့ ဆုံးဖြတ်တဲ့ နိုင်ငံသားစနစ် နာဇီတွေ ထုတ်ခဲ့တဲ့ ဥပဒေနဲ့ တူနေပြီလား?
    ဒီဇင်ဘာ ၁၄၊ ၂၀၁၂
    ဦးဦး မှော်ဆရာ
    Nuremberg Laws on Reich Citizenship, 1935 = Union of Bumar Citizenship Acts, 1982
    မြန်မာသံတော်ဆင့် သတင်းစာမျက်နှာမှ
    သွေးနဲ့စပ်ပြီးတော့ နိုင်ငံသားဖြစ်ခွင့် ဆုံးဖြတ်တယ်ဆိုတာကို မိတ်ဆွေတို့ ဘယ်လိုနားလည်ကြသလဲဗျို့.. မြန်မာနိုင်ငံဟာ သွေးနဲ့ ဆုံးဖြတ်တဲ့နိုင်ငံဖြစ်တယ်လို့ ဦးခင်ရီက ပြောလိုက်ပါပြီ ။ ဒီလိုဆုံးဖြတ်တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ် တဲ့။ လုပ်ချလိုက်ပြန်ပြီ ၀န်ကြီးရာ ။ အခန့်မသင့်ရင် ကျနော် မှော်ဆရာလည်း ယိုးဒယားလူမျိုးအဖြစ် ကျမ်းကျိန်စရာမလိုဘဲ လူမျိုးပြောင်းခံရပြီး မောင်းထုတ်နေမှဖြင့ှ် ဒုက္ခ.. ကျနော်သိသလောက် နိုင်ငံအများစုမှာ နိုင်ငံသားအဖြစ် စဉ်းစားတဲ့အခါ ထိုပုဂ္ဂိုလ်မွေးဖွားရာ နိုင်ငံ (jus Soli) ဒါမှမဟုတ် ထိုပုဂ္ဂိုလ်မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသား ဖြစ်မှု (jus sanguinis) ဥပဒေတွေအပြင်၊ မျိုးဆက်နဲ့ စဉ်းစားတာတွေလည်း ရှိပါတယ်။ ဦးခင်ရီပြောသလိုသာဆိုရင် ဘယ်သူနဲ့မှသွေးမနှောဘဲ လူမျိုးတစ်စုထဲ သီးသန့်ကြီး ရှိနေသလားဆိုတာ သိရအောင် ၀န်ကြီးမင်းကိုပဲ အရင်ဆုံး စစ်ဆေးကြည့်သင့် တယ်။ တမျိုးတော့ မထင်လိုက်ပါနဲ့။ တိုင်းပြည်အကျိုးအတွက် မို့ပါ .. ၀န်ကြီးမင်းရဲ့ အပြင်ပန်းသဏ္ဍာန်ကို ကြည့်ရင် အသားရောင်က Indian နဲ့ ပိုနီးစပ်ပေမဲ့၊ မျက်လုံးကတော့ Chinese.. အဲ စိတ်ဓါတ်ကတော့ မြန်မာ မှ မြန်မာ ပဲ။ ဒီတော့ သေချာအောင် ၀န်ကြီးမင်းက စ ပြီး မျိုးဆက်သွေးကိုစစ်ကြည့်တာ ပိုကောင်းလိမ့်မယ်။
    တော်ကြာ ၁၉၇၈ ခုနှစ်က ရိုဟင်ဂျာတွေကို ကမ္ဘာကျော်သွားအောင် လုပ်ပေးခဲ့တဲ့ နဂါးမင်းစစ်ဆင်ရေးကို အစအဆုံး အဓိကဦးစီးပြီး မွတ်ဆလင်တွေကိုနှိပ်ကွပ် မောင်းနှင်ခဲ့တဲ့ ရခိုင်ပြည်နယ်ကောင်စီ ဥက္ကဌဟောင်း ဗိုလ်မှုး ကျော်မောင် လို ဖြစ်နေပါဦးမယ်။ ဗိုလ်မှုးကျော်မောင် နဲ့ သူ့မိန်းမ နှစ်ယောက်လုံးက တကယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ.. ၊ ၁၉၉၀ ရွေကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်ဖို့ နိုင်ငံသား အစစ်ဆေးခံတဲ့အခါကျမှ ဘင်္ဂါလီရခိုင်စစ်စစ်ကြီး ဖြစ်တယ်ဆိုတာပေါ်သွားလို့ ၀င်ပြိုင်ခွင့် မရခဲ့ဘူးလေ..။
    ကျနော်တို့ ပြည်သူတွေဆိုတာ ၀န်ကြီးမင်းလို ဒီကိစ္စနဲ့ပက်သက်ပြီး professional မဟုတ်တော့ ကမ္ဘာပေါ်မှာ အဲဒီလို သွေးနဲ့နိုင်ငံသားဖြစ် မဖြစ်ဆုံးဖြတ်တဲ့ နိုင်ငံ တကယ်ရှိလား ၊ မရှိဘူးလား ဆိုတာ မသိဘူးပေါ့.. ဒါပေမဲ့ သေချာသိတာတစ်ခုတော့ ရှိတယ်ဗျ ။ နာဇီပါတီ အာဏာရလာပြီးနောက် ဂျူးလူမျိုးတွေကို ခွဲခြားနှိပ်ကွပ် ဆက်ဆံဖို့အတွက်ရည်ရွယ်ပြီး ခုဝန်ကြီးမင်းပြောသလိုပဲ သွေးနဲ့ နိုင်ငံသားဖြစ် မဖြစ် ဆုံးဖြတ်တဲ့လို့ ဥပဒေအသစ် ထုတ်ခဲ့ပါတယ်ဗျ ။ ကျနော်တို့ နိုင်ငံသားဥပဒေက နာဇီဥပဒေနဲ့ တူနေတာ ဂုဏ်ယူစရာပဲနော် ၀န်ကြီး .. ။ အဲဒီဥပဒေထွက်လာပြီး ယခင်ထဲကရှိနေတဲ့ ဂျူးတွေဟာ ဒုတိယတန်းစားနိုင်ငံသားတွေ ဖြစ်သွားပြီး တဖြေးဖြေး နဲ့ အစိုးရ၀န်ထမ်း ဖြစ်ခွင့်တွေ ၊ ပညာသင်ကြားခွင့်တွေ ပိတ်ပင်ခံလာရပါတယ်။ နောက်ဆုံး စစ်ကြီး ဖြစ်လာ တော့ အခွင့်ကောင်းယူပြီး ရက်စက်စွာ genocide လုပ်တာပါ ခံခဲ့ရပါတော့တယ်။ ဒါတွေလဲ ၀န်ကြီးမင်း သိပြီးသားတွေပါ။
    Nuremberg Laws on Reich Citizenship, 1935 = Union of Bumar Citizenship Acts, 1982
    နောက်ပြီး ဟင်္သာစီမံချက်တွေ ၊ နဂါးမင်းစစ်ဆင်ရေးတွေ အကြောင်းထည့်ပြောသွားတော့ အဲဒီတုန်းက နိုင်ငံခြားသားဘင်္ဂါလီတွေများ ရောပြီးဝင်ရောက်လာသေးလားလို့ ကျနော်လည်း မဆီမဆိုင်စိုးရိမ်စွာနဲ့ ပြန်လေ့လာကြည့်မိပါတယ်။ အဲဒီတော့မှ ၀န်ကြီးမင်းတို့က ကျနော်တို့ရဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး လိမ်ညာရက်တယ်လို့ ၀မ်းနည်းပက်လက် ဖြစ်သွားရပါတော့တယ် .. ။ ကြည့်ပါဦး။ အဲဒီတုန်းက မြန်မာစစ်တပ်ရဲ့ ဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ သူတွေကို ပြန်လက်ခံတဲ့အခါမှာ ရိုဟင်ဂျာ လူမျိုးများ အဖြစ် လက်ခံ ခဲ့တာတဲ့ ။ ဒါနဲ့များ အဲဒီနာမည်နဲ့လူမျိုး တခါမှမရှိပါဘူး၊ ဒီကလူတွေ မဟုတ်ပါဘူးနဲ့ ခု တမျိုး တော်ကြာတမျိုးနဲ့ အရူးချီးပန်းလျောက်ပြောရင်း လူထုကို အိပ်မက်တွေပေးပြီး အပျော်ကြံခဲ့တာပေါ့လို့ သဘောပေါက်လိုက်ပါတယ်ခင်ဗျာ ..။
    ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူများကို ဟင်္သာစီမံချက်ဖြင့် ပြန်လက်ခံခဲ့သော သက်သေခံစာ
    ကဲဗျာ.အချိန်မရှိသေးလို့လောလောဆယ် ဒီလောက်ပဲ။ ဆက်လာပါဦးမယ် ။ stateless ဆိုတာ ဘာလဲ။ ဘယ်လိုကြောင့် stateless persons တွေ ဖြစ်လာတာလဲ ။ Rohingya ဟာ ဘယ်လို stateless မျိုးလဲ။ UNHCR မဟာမင်းကြီးက ဦးသိန်းစိန်ရဲ့ စကားကို ဘာကြောင့် ပယ်ချခဲ့တာလဲ။ တွေးစရာတွေ သိချင်စရာတွေ အများကြီး .. အဲဒါတွေကိုသိထားမှ လက်တွေ့ကျတဲ့အဖြေကို အကောင်းဆုံးပံ့ပိုးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။
    ဦးဦးမှော်ရာ FB စာမျက်နှာမှ ကူးယူဖော်ပြသည်။
    ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။