News @ M-Media

Tag: 1982 citizenship law

  • NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    စက်တင်ဘာ ၁၁ ၊ ၂၀၁၆
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။
    .
    Identity Card for National Verification

    (NVC) နှင့် ပတ်သတ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
    .
    M-Media- အရင်ဆုံး NVC ဆိုတာ ဘယ်လိုလူတွေကို ထုတ်ပေးလို့ရလည်းဆိုတာ ရှင်းပြပေးပါလား။
    .
    ဦးခင်မောင်ချို- ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ်-၁၃ (၁) အရ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူတွေကိုသာ အပိုဒ်-၁၃(၄) အရ ယာယီသက်သေခံ လတ်မှတ်သစ်တစ်ခု (NVC) ထုတ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် အားလုံးဟာ ယာယီသက်သေခံလတ်မှတ် ကိုင်ဆောင်ထားတဲ့သူတွေ မဟုတ်ကြတဲ့အတွက် သူတို့ကို အစုလိုက် အပြုံလိုက် NVC တွေ ထုတ်ပေးဖို့ မလိုအပ်ပါဘူး။
    .
    M-Media-  နိုင်ငံသားအထောက်အထား တင်ပြနိုင်မှု အားနည်းရင်ရော ဘယ်လိုလုပ်လို့ရနိုင်မလဲ။
    .
    ဦးခင်မောင်ချို- အထောက်အထားတင်ပြနိုင်မှု အားနည်းရင် (ဒါမှမဟုတ်) မည်သည့်နိုင်ငံသား အမျိုးအစားမှာ အကျုံးဝင်ကြောင်း အတည်ပြုဖို့ ဒိဟဖြစ်နေရင် (ဒါမှမဟုတ်) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ပြဌာန်းချက်တွေနဲ့ အကျုံးမဝင်ဘူး (သို့) NVC ကိုင်ဆောင်သူတွေထဲကမှ လျှောက်ထားလာရင် လျှောက်ထားသူ (အလွှာရှင်) ရဲ့ ဆန္ဒအလျှောက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၆၅ အရ လျှောက်ထားဖို့ ညွှန်ပြပါလိမ့်မယ်။ (ပုဒ်မ -၆၅။    ။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက ဗဟိုအဖွဲ့ကို လျှောက်ထားနိုင်သည်) ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစီစစ်ပေးဖို့ လိုအပ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား နိုင်ငံသားအမျိုးအစားအလိုက် ထုတ်ပေးဖို့မှလည်း အချိန်ယူဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက် အလွှာရှင်ဟာ အချိန်ကာလကြာမြင့်နိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။ NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းပါးသွားနိုင်ပါတယ်။
    .
    M-Media- မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံသားဖြစ်ဖို့အတွက် နည်းလမ်းတွေရော ဘယ်လိုမျိုးတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို-     မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်အများစုဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေပဲ ဖြစ်ကြပါတယ်။ ၁၉၄၇ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၀၊ ၁၉၇၄ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၁၄၅(ခ) နဲ့ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ရပ်က ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေကို အသိအမှတ်ပြု အတည်ပြုထားပြီးတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆ ကလည်း ထပ်မံအတည်ပြုထားပါတယ်။
    နောက်ပြီး ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ-၁၄ တွင် “ဥပဒေ ပြဌာန်းချက် တစ်ရပ်ရပ်ကို အခြားဥပဒေတစ်ရပ်ရပ်ဖြင့် ရုပ်သိမ်းရင် (က) ရုပ်သိမ်းခြင်း ခံရသော ပြဌာန်းချက်ရဲ့ အာဏာသက်ရောက်ခြင်းကို မထိခိုက်စေရ။ ထို့ပြင် ယင်းဥပဒေ ပြဌာန်းချက်အရ နည်းလမ်းတကျ ပြုလုပ်ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ။(ခ) ရုပ်သိမ်းခြင်းခံရသော ပြဌာန်းချက်အရ ရရှိခဲ့သည့်ရပိုင်ခွင့် သို့မဟုတ် အခွင့်အရေးကို မထိခိုက်စေရ” လို့ ပြဌာန်းထားပါတယ်။ အဲ့ဒီအခွင့်အရေးတွေဟာ ဒီနေ့တိုင် တည်မြဲနေတဲ့အတွက် ဒီဥပဒေအရ အစ္စလာမ်ဘာသာဝင် အများအပြားဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေ ဖြစ်ကြပါတယ်။
    .
    M-Media-  အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနေကြတာကိုရော ဆရာ ဘာများပြောချင်ပါသလဲ။
    .
    ဦးခင်မောင်ချို-     သွေးနှောဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သတ်ပြီးတော့ ဒီအသုံးအနှုန်းဟာ နိုင်ငံသား ဥပဒေ၊ နည်းဥပဒေတွေမှာ မပါဝင်တဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းချက် တစ်စုံတစ်ရာ မရှိပဲနဲ့ သွေးနှော လို့ ခေါ်ဝေါ် သုံးနေကြတာဟာ တည်ဆဲ ဥပဒေတွေနဲ့ ညီညွတ်ခြင်း မရှိပါဘူး။ ဥပဒေတစ်ရပ် ပြဌာန်းဖို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အမိန့် အသီးသီး ရှိပါတယ်။ ညွှန်ကြားချက် အမိန့်တွေဟာ ဥပဒေ၊ နည်းဥပဒေတွေကို မကျော်လွန်နိုင်ပါဘူး။ အဲ့ဒီတော့ အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနှုန်းနေခြင်းဟာ ဥပဒေနဲ့ မညီညွှတ်ပါဘူး။
    .
    M-Media-  ဘာသာရေးအရ ခွဲခြားဆက်ဆံခံနေရတာတွေလည်း ရှိနေတယ်၊ အဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါလဲ။
    .
    ဦးခင်မောင်ချို-     အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေဟာ ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် ဘွဲ့လတ်မှတ် မထုတ်ယူနိုင်သူတွေ အများအပြား ရှိနေပါတယ်။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်သင်ရှေ့နေတွေ၊ အထက်တန်းရှေ့နေတွေ လိုင်စင်လျှောက်ရာမှာလည်း အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေလည်း သတ်မှတ်ချက်တွေ ပြည့်စုံပါလျှက်နဲ့ နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေတက်ဖို့ ဝင်ခွင့်မရကြပါဘူး။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရူံးမှုတွေလည်း များပြားနေပါတယ်။ ဘာသာရေးအရ ခွဲခြားရာ ရောက်နေတဲ့အတွက် အခုလုပ်ရပ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေပါတယ်။
    .
    M-Media-  နိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရကရော ဘယ်လို တာဝန်အပိုင်းတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၇၄ အရ မြန်မာနိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေန့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေကပဲ တည်ဆဲဥပဒေတွေနဲ့အညီ အဆုံးအဖြတ် ပေးနိုင်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေဟာ နိုင်ငံတော်အစိုးရကို တာဝန်ခံပေးပြီး မြန်မာနိုင်ငံသား လုပ်ငန်းရပ်တွေကို အကောင်အထည်ဖော်ရပါတယ်။ ပုဒ်မ-၇၀(ခ) အရ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာ အပြီးအပြတ် ဖြစ်ပါတယ်။
    .
    M-Media-  ဆရာ့အနေနဲ့ တခြားဘာများ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိပေမယ့်လည်း ဒီဥပဒေဟာ တည်ဆဲဖြစ်နေတဲ့အတွက် ဒီဥပဒေအရသာ ဆုံးဖြတ်လို့ ရပါမယ်။ နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ်မှာ အစ္စလာမ်ဘာသာဝင်တွေကို တည်ဆဲဖြစ်နေတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီစစ်ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံ လိုပါတယ်။

  • “လူမျိုးရေး ဘာသာရေး ခွဲခြားဖိနှိပ်မှု့ကို ရှေ့တန်း တင်ရေးဆွဲထားသော ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် ကမ္ဘာ့အံ့ဖွယ်၂၀၀၈ ဖွဲ့စည်းပုံ”

    “လူမျိုးရေး ဘာသာရေး ခွဲခြားဖိနှိပ်မှု့ကို ရှေ့တန်း တင်ရေးဆွဲထားသော ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် ကမ္ဘာ့အံ့ဖွယ်၂၀၀၈ ဖွဲ့စည်းပုံ”

    စက်တင်ဘာ ၁ ၊ ၂၀၁၆
    ဆောင်းပါးရှင်-ဂျက်ဖရီတင်အုန်း(R.I.T.ရန်ကုန်စက်မှု့တက္ကသိုလ်)
    1982
    ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း  ၇၀၀၀ ကျော် ရှိသည်။ နိုင်ငံပေါင်း ၂၀၀ ကျော်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၇ နိုင်ငံသာရှိသည်။ လူမျိုးပေါင်း ၅၀၀၀ ကျော် ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် အာဆီယံ နိုင်ငံ ၁၁ နိုင်ငံတွင် အင်ဒိုနီးရှားနိုင်ငံသည် လူဦးရေသန်းပေါင်း ၂၀၀ ကျော်ရှိခြင်းကြောင့် လူဦးရေအများဆုံးဖြစ်သည်  ပြောဆိုသုံးစွဲသော တိုင်းရင်းသား ဘာသာစကားပေါင်းမှာလည်း အင်ဒိုနီးရှားနိုင်ငံတွင်  ၂၅၀ ကျော်ရှိကြောင်း သိရသည်။

    သို့သော် အင်ဒိုနီးရှားရှိ လူမျိုးစုများသည် ပြည်တွင်း ပြည်ပ ဘယ်နေရာရောက်ရောက် မိမိတို့ကိုယ်ကို အင်ဒိုနီးရှား လူမျိုး များအနေဖြင့်သာ ဂုဏ်ယူဝင့်ကြွား ပြောဆိုကြသည် ကို တွေ့ရသည် သို့သော် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံသည်  ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက် ၄ နာရီ မီနစ် ၂၀ တွင် ဗြိတိသျှ နယ်ချဲ့လက်အောက်မှ  လွတ်လပ်ရေးရ ရှိခဲ့သည် ထူးဆန်းသည်မှာ ကမ္ဘာပေါ်တွင် မကြားဖူး မကြုံဖူး မတွေ့ဖူးသော အရာများ မရှိသည့်အရာများကို မြန်မာနိုင်ငံတွင် မြင်ရ တွေ့ရ ကြားရမည် ဖြစ်သည် မြန်မာနိုင်ငံတွင် မတူကွဲပြားသော ဘာသာဝင်များ အပေါ်ခွဲခြား ဆက်ဆံဖိနှိပ်သည့် နိုင်ငံသား ဥပဒေတစ်ရပ်၏ လက်သည် အမှန် ပဲ့ကိုင်ရှင်မှာ ဗိုလ်ရှုမောင် ခေါ် ဗိုလ်နေဝင်း ဖြစ်သည်။

    ၁၉၆၂ ခုနှစ် တွင်  စစ်တပ် အားကိုးဖြင့် လူထုအာဏာကို သိမ်းယူခဲ့သော  ဗိုလ်ချုပ်နေဝင်းသည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင် နှင့်  တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်တွင်ပင် ဖို/မ ကိစ္စရေးရာများ
    တွင် နာမည်ပျက် စာရင်းဝင်ခဲ့သူဖြစ်သည်။ ပမာပြရလျင် လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်တို့ဧရာဝတီတိုင်းရှိ ကရင်ရွာများကို လွတ်လပ်ရေး အတွက် စည်းရုံးရေးကိစ္စဖြင့် ရွာတစ်ရွာတွင် ရောက်ရှိနေစဉ် ကရင်ရွာသူကြီး တစ်ဦးက ဗိုလ်ချုပ်အောင်ဆန်းအား
    ” ဗိုလ်နေဝင်း အရက်မူးပြီး ကရင်မလေးများအား ဆွဲလား ရမ်းလား လုပ်နေသည် အရက်မူးပြီး သောင်းကျန်းနေသည်”ဟု တိုင်တမ်းရာ ဗိုလ်ချုပ်က ဒေါသထွက်ကာ “ဒီလိုကောင်မျိုးကို အပြတ်ရှင်း ဆုံးမလိုက်တာ ကောင်းတယ် ဒို့တွေ နာမယ်ပျက်တယ်” ပာုပြောဆိုပြီး  ရွာကို လိုက်သွားမည့် အချိန်တွင် ဗိုလ်ချုပ် နှင့် မယားညီအစ်ကိုတော်စပ်သူ သခင် သန်းထွန်း က   နားချ ဖြောင်းဖြပြောဆိုမှု့ကြောင့် ဗိုလ်နေဝင်း  အသက်ချမ်းသာရာ ရခဲ့ဖူးကြောင်း ဗိုလ်ချုပ် အကြောင်းတစေ့ တစောင်း စာအုပ်များတွင် ဖတ်မှတ်ခဲ့ဖူးပါသည် ။

    နိုင်ငံရေး အစဉ်အလာ စစ်စွမ်းရည် မဟာဗျူဟာ များနှင့်ပတ်သက်၍ ထင်ရှားကျော်ကြားခြင်း မရှိသည့် ဗိုလ်နေဝင်းသည် ၁၉၆၂ ခုမတ်လ ၂ ရက်တွင် ပါလီမန် ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းခဲ့သည် ပြည်သူလူထုရွေးချယ် တင်မြှောက်ထားသော ဝန်ကြီးချုပ် ဦးနု အစိုးရထံမှ နိုင်ငံတော် အာဏာကိုသိမ်းယူခဲ့သည် တော်လှန်ရေးကောင်စီ အမည်တတ်ပြီး တိုင်းပြည်၏ ကယ်တင်ရှင်ကြီး ပုံစံ ဖန်တီးခဲ့သည်။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၌ လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၏ ၉-၁၂-၁၉၇၂ နေ့စွဲဖြင့် ထုတ်ပြန်ထားချက်၌ တိုင်းရင်းသား လူမျိုးစုပေါင်း ၁၄၄ မျိုး ပါရှိသည်။ ၂၃-၂-၁၉၇၃ နေ့စွဲပါ နိုင်ငံတော်ပိုင် သတင်းစာများ၌ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၄၃ မျိုးရှိကြောင်း ကမ္ဘာသို့တရားဝင် ကြေညာခဲ့သည်။

    ထို့ပြင် ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလပါတီ)ဖြင့် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ထူထောင်ခဲ့သည် ” ခိုင်းတာလုပ် ခံမပြောနဲ့ ခုံပြုတ်သွားမည့်စနစ်သစ် “တစ်ရပ်ကို ထူထောင်ခဲ့သည် ဗိုလ်ချုပ်ကြီးနေဝင်းသည် အာဏာရှိစဉ်တစ်လျောက်လုံး “မ” ကိစ္စရေးရာတွင် နာမယ်ပျက်စာရင်းဝင်ခဲ့သူဖြစ်သည် ။

    ထို့အပြင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ( မဆလ) တစ်ပါတီ အာဏာရှင်ကြီး ဦးနေဝင်းသည် ၎င်း၏အာဏာကို အစွမ်းကုန် အသုံးချကာ ၁၉၄၇ ခု မြန်မာနိုင်ငံသား ဥပဒေကို ဖျက်သိမ်းကာ တရုတ်မုန်း အိန္ဒိယမုန်း “မူဝါဒစနစ်ကို အသက်သွင်းသည့်အနေဖြင့် မြန်မာနိုင်ငံသား ဥပဒေတစ်ရပ်ကို မဆလ တစ်ပါတီ အာဏာရှင်စနစ်တွင် လက်ညှိုးထောင် ခေါင်းညိတ်လုပ်သည့် ဥပဒေပညာရှင် ဆိုသူများဖြင့် ရေးဆွဲစေခဲ့သည်  မဟာဗမာ လူမျိုးကြီး ဝါဒကို အဓိကထား ရည်ရွယ်၍  အခြားဘာသာဝင်များကို နှိမ့်ချလိုသော ရည်ရွယ်ချက်ဖြင့်  လူမျိုးရေး ဘာသာရေး ခဲင်္ွခြားလိုမှု့ဖြင့် ရေးဆွဲထားသော ဥပဒေသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပင်ဖြစ်သည်။

    ထိုဥပဒေတွင် ဥပဒေပုဒ်မပေါင်း ၇၆ ခု ပါရှိသည်  ထိုဥပဒေကို တစ်ပါတီ အာဏာရှင်ကြီးဗိုလ်နေဝင်း၏ ရာနှုန်းပြည့် ဆန္ဒအရ  မဖြစ်ဖြစ်အောင်  ဥပဒေနှင့်ပတ်သက်လာလျှင် အလွန်အားထားယုံကြည် ကိုးစားခြင်းခံရသူ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မတိုင်ခင်က  သမ္မတဟောင်းလည်း ဖြစ်ခဲ့ဖူးသူ ဥပဒေပညာရှင်ကြီး ဒေါက်တာမောင်မောင် က ဦးဆောင်ရေးဆွဲခဲ့ပါသည်။

    ထိုဥပဒေကို  မဆလ တစ်ပါတီခေတ်၌ ရေးဆွဲ အတည်ပြု အကောင်အထည်ဖော်နိုင်ရန် တရုတ်သွေးနှောကြီး သမ္မတဦးစန်းယုမှ လက်မှတ်ရေးထိုးခဲ့သည်။  သို့သော် ရုတ်တရက် ထိုဥပဒေ အသက် မဝင်ခင်ပင် ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု တစ်ရပ်လုံး၏ ဒီမိုကရေစီတောင်းဆို ဆန္ဒပြသည့် အရေးတော်ပုံကြီး ၈ရက် ၈လ ၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံး(၈၈၈၈) အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့  သည် ထိုအရေးတော်ပုံကြီးကို ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်သော စစ်တပ်က ၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်တွင် ဖြိုခွင်းပြီး  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေး အဖွဲ့(နဝတအစိုးရအဖွဲ့)ကို တည်ထောင်ခဲ့သည် နဝတ စစ်အစိုးရ လက်ထက်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို စတင် အသက်သွင်း  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

    ထိုဥပဒေနှင့်ပတ်သက်၍ ကမ္ဘာ့ ဥပဒေ ပညာရှင်များ နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ဥပဒေရေးရာ အထူးကျွမ်းကျင်သူများ လေ့လာ ဆန်းစစ်ပြီးသောအခါ အံ့သြ တုန်လှုပ်ခဲ့ရသည။် လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့် လုံးဝကိုက်ညီမှု့ မရှိသော ကိုးကွယ်သည့် ဘာသာတရားအပေါ်အခြေခံ၍ လူမျိုးရေး ခွဲခြားမှု့ကို လုပ်ထားသော တစ်ဘက်သတ်  နိုင်ငံသားဥပဒေဖြစ်သည်။ မဆလ တစ်ပါတီခေတ်တွင် အသက်မဝင်သေးသော ထို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ၁၉၈၈ ခုစက်တင်ဘာလ ၁၈ ရက်တွင် အာဏာသိမ်းခဲ့သော ဗိုလ်နေဝင်း၏တပည့်များ” နဝတ” စစ်အစိုးရ ” နအဖ “စစ်အစိုးရ များက တည်ဆဲဥပဒေ အဖြစ်  မဖြစ်ဖြစ်အောင် အာဏာကုန်သုံးကာ အကောင်ထည်ဖော်ခဲ့သည်။  ထူးခြားချက်တစ်ရပ်အနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေထဲတွင် မြန်မာနိုင်ငံတွင် “တိုင်းရင်းသား ၁၃၅ မျိုးသာရှိသည် ဗုဒ္ဓဘာသာဝင် မဟုတ်သူများသည် သွေးနှောများ” ဖြစ်ကြသည် ဟူ၍ မည်သည့်နေရာမျှ ဖော်ပြထားခြင်း အလျင်း မရှိပေ။

    ယနေ့အလုပ်သမား လူဝင်မှု့ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဌာန လဝက ဝန်ထမ်းများသည်  ခေတ်အဆက်ဆက်တွင် လူမျိုး ၁၃၅မျိုးနှင့် သွေးနှောဟူသော စကားကို ထည်လဲသုံးကာ ဗုဒ္ဓဘာသာ မဟုတ်သူများကို ပါးစပ်မိန့်များ အထက်အမိန့်များ ညွှန်ကြားချက်များဖြင့် ဥပဒေမဲ့ ခွဲခြားဆက်ဆံ လာသည်မှာ ယခုလို NLD အရပ်သားအစိုးရ လက်ထက်တိုင် ပြောဆိုနေ ဆဲဖြစ်သည်ကိုတွေ့ ရပေသည်။  ဗေဒင် ယတြာအလွန်အားကိုးသူ အာဏာရှင်ကြီး ဦးနေဝင်းသည်” ၉ ဂဏန်း “ကို အလွန်ကြိုက်သူ့ဖြစ်သည်။ နိုင်ငံခြားသို့ခရီးထွက်ခြင်း ဥပဒေများ ပြဌာန်းခြင်း အကျဉ်းသားများ လွှတ်ပေးခြင်း စသည့် ကိစ္စတို့ကို ပြုလုပ်တိုင်း” ၉ နဝင်းချေ “ပုံစံ  ယတြာအမျိုးမျိုးဖြင့် မြန်မာပြည်ကြီးကို ၂၆ နှစ်ကြာ တစ်ပါတီအာဏာရှင်စနစ်ဆို့းဖြင့် အုပ်ချုပ်ခဲ့သောကြောင့် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းများထဲ မြန်မာနိုင်ငံ ပါဝင်သွားခဲ့သည်။ ထို့ကြောင့်လည်း ဦးနေ ဝင်း၏ “ကိုးနဝင်းယတြာဖြင့်” တိုင်းရင်းသား ၁၄၄ မျိုးထဲမှ လူမျိုးစု ၉ မျိုးကို အာဏာရှင်ပီပီ ဖြုတ် ဖျက်ကာ အစဖျောက်ကာ သမိုင်းလိမ်ကာ မြန်မာနိုင်ငံတွင် လူမျိုး၁၃၅ မျိုး လုပ်ပစ်ခဲ့ကြောင်း ကွယ်လွန်သွားသူ ၁၉၈၂ နိုင်ငံသားဥပဒေပဲ့ကိုင်ရှင်ကြီး ဒေါက်တာမောင်မောင် အသိဆုံးဖြစ်သည်။

    အထူးမီးမောင်းထိုးပြ လိုသည်မှာ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း ၁၉၇၄ ခုနှစ်ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းသည် တိုင်းရင်းသားများ နိုင်ငံသားစစ်စစ်များအဖြစ် မြန်မာနိုင်ငံတွင် သစ္စာရှိရှိ တာဝန်သိသိဖြင့် သမိုင်းကြောင်းကောင်းစွာ နေခဲ့ကြပါသည်။

    ထို့အပြင်   တစ်ပါတီ အာဏာရှင်ကြီးဦးနေဝင်း၏ ဗေဒင်ယတြာ ယုံပုံကို မီးမှောင်းထိုးပြရလျင်   ၁၉၈၈ ခုစက်တင်ဘာလ ၁၈ ရက် ဗိုလ်ချုပ်ကြီးစောမောင်ကို အာဏာ သိမ်းယူစေခဲ့သည့်နေ့ ကို လေ့လာကြည့်လျင် အလွယ်တကူ သိနိုင်ပါသည်( စက်တင်ဘာလသည် ၉ လမြောက်လ ဖြစ်သည် ၁၈ ရက်ဂဏန်းသည် စုစု ပေါင်းလိုက်လျှင် ၉ ရသည်)

    နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှု့တည်ဆောက်ရေးအဖွ့ဲ့ နဝတ ကို အမည်ပြောင်းလိုက်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွဲ့ဖြိုးရေးအဖွဲ့ နအဖ စစ်အစိုးရများ(စစ်အာဏာရှင်များ) အလိုကျ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်တပ်ကြီးစိုးရေးမူဖြစ်သည်  ဒေါ်အောင်ဆန်းစုကြည်  သမ္မတ လုံးဝ မဖြစ်ရေးအတွက် ဦးသန်းရွှေအလိုကျ  တရားသူကြီးချုပ် ဦးအောင်တိုးက နေ့မအား ညမအား ရေးဆွဲပေးခဲ့သော ဥပဒေဖြစ်သည်။ ဦးသန်းရွှေ ဖုန်းဆက်ခေါ်တိုင်း ဦးအောင်တိုးခမျာ အထူးကု ဆေးခန်းကို ပြေးခဲ့ရသည့် အကြိမ်ပေါင်းမှာ မနည်းတော့ကြောင်းကို စာရေးသူ၏  မိတ်ဆွေအပေါင်းအသင်းများ  လက်ဘက်ရည် စကားဝိုင်းများတွင် ပြောခဲ့သည်ကို စာရေးသူ ကိုယ်တိုင် ကြားခဲ့ဖူးသည်။  ဦးသန်းရွှေ သည်  ထို ၂၀၀၈ ဖွဲ့စည်းပုံတွင်ရဟန်းရှင်လူ ကျောင်းသားပြည်သူ လူထုကြီးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သော စစ်အာရှင်များနှင့်အပေါင်းပါများကို မည်သည့်အခါမျှ အရေးယူလို့မရအောင် နောက်ကြောင်းပြန် တရားစွဲလို့မရအောင်  အထူးကြိုတင် စီစဉ်ထားသည် ထို့ပြင် ၂၀၀၈ မေလ ၅ ရက် တွင်ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းအပြီး ဇွတ်အတင်း အတည်ပြု ခဲ့သောကြောင့် ပြည်သူလူထု အချို့နှင့် နိုင်ငံရေးအကဲခတ်များက ထိုဥပဒေကို နာဂစ် ဥပဒေ ဟုလည်း ခေါ်ကြသည်၂၀၀၈ နာဂစ်ဖွဲ့စည်းပုံသည် ကမ္ဘာပေါ်တွင် အပြင်ရ အခက်ဆုံး ဖွဲ့စည်းပုံတစ်ခု ဖြစ်သည်ကို လေ့လာ မိသည်။  အလားတူ ၁၉၈၂ မြန်မာနိင်ငံသားဥပဒေမျိုးကို လည်း ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်တွင် တွေ့နိုင်မည်မဟုတ်ပေ။

    ထို ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် အပြင်ရ အခက်ဆုံး  ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံနှင့်  ကုလသမဂ္ဂအဖွဲ့ကြီး၏ ပဋိဥာဉ်နှင့် နိုင်ငံတကာစံနှုန်းများနှင့်လုံးဝ ကိုက်ညီမှု့မရှိသော ၁၉၈၂ ခုမြန်မာနိုင်ငံသား ဥပဒေကို  မြန်မာပြည်တွင် တွေ့နိုင်ပါသေးသည။်  တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံး တစ်ယောက်လောက် ကန့်ကွက်နေသ၍ ထို ၂၀၀၈ ဖွဲ့စည်းပုံကို ကမ္ဘာတည်သရွေ့  ပြင်လို့ ရနိုင်မည် မဟုတ်ပေ။ အရှေ့တောင်အာရှတွင် တစ်ချိန်က စစ်အာဏာရှင်စနစ် ထွန်းတောက်ခဲ့သော  အင်ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံကို အတုခိုးကာ ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ထို အင်ဒို ဖွဲ့စည်းပုံတွင် တပ်မတော်သား ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်း လွှတ်တော်ထဲတွင် ပါနေခဲ့သည် ယခု အချိန်တွင် အင်ဒိုနီးရှား လွှတ်တော်တွင်   စစ်တပ်ကိုယ်စားလှယ်များ မပါဝင်တော့ကြောင်း သတိပြုဖို့လိုပေလိမ့်မည်။

    အချုပ်ဖြင့်ဆိုရသော် နိုင်ငံတစ်ခု၏ ဥပဒေတစ်ရပ်ဟူသည် နိုင်ငံသားများ လိုက်နာနိုင်သော နိုင်ငံသားများ၏ ဘဝ လုံ့ခြုံမှု့ အကျိုးစီးပွါးကာကွယ်မှု့ကို အာမခံသော အရာများကိုသာ ပြဌာန်း သင့်ပေသည။် လူတစ်စု လူတစ်ဖွဲ့  လူမျိုးစုတစ်ရပ် အခွင့်ထူးခံလူတန်းစား တစ်ရပ်ကောင်းစားရေး အတွက် ထိုသူတို့ အကျိုးစီးပွါးအတွက် ရည်ရွယ်၍ ရေးဆွဲပြဌာန်းထားခြင်းမျိုးမဖြစ်သင့်ပေ “ငါနှင့်မတူ ငါ့ရန်သူ”ဟူ၍ သဘောထားကာ အတ္တဆံဆံရေးဆွဲခဲ့လျင် “အင်အားကြီးသူ အနိုင်ယူသည့် တောရိုင်းတိရစ္ဆာန်များ၏ ဥပဒေတစ်ရပ်သာ “ဖြစ်နေပါ၍ အထူး ရှောင်ရှားဖို့လိုပါလိမ့်မည်။  ကမ္ဘာ့အလယ် ရှက်စရာလည်း အလွန်ကောင်းပါလိမ့်မည် ယနေ့လို ကမ္ဘာကြီး ရွာပုံစံ ဖြစ်နေချိန်တွင် လူယဉ်ကျေး တိုင်းပြည်များ၏ လက်ညှိုးထိုးခြင်း  ကို ခံရမည်မှာ အသေအချာပင် ဖြစ်သည် ယနေ့သည် နောက် မကျသေးပါ ပြင်စရာ ရှိသည်ကို ပြင်မည် ပြောင်းစရာရှိသည့် မူဝါဒ တို့ကို ပြောင်းမည် ဆိုပါက သမိုင်းမှတ်ကျောက်တင်မည့်သူများမှာ ဦးနှောက်ရှိသည့် မြန်မာနိုင်ငံသား များပင် ဖြစ်ပေလိမ့်မည်သာတည်း။

    ဂျက်ဖရီတင်အုန်း(R.I.T.ရန်ကုန်စက်မှု့တက္ကသိုလ်)

     

    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။

  • နိုင်​ငံသားစိစစ်​​ရေးကတ်​ပြား(နိုင်​-၆(က))ကိုင်​ထားတိုင်း နိုင်ငံသားလား

    နိုင်​ငံသားစိစစ်​​ရေးကတ်​ပြား(နိုင်​-၆(က))ကိုင်​ထားတိုင်း နိုင်ငံသားလား

    M-Media
    သူ့အမြင်ကဏ္ဍ
    ဧပြီ ၂၉ ၊ ၂၀၁၆

    ဆောင်းပါးရှင် – မောင်သာ.K

    ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂)တွင် နိုင်ငံသားဖြစ်ခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၃ မှ ပုဒ်မ ၂၂ အထိ ပြဌာန်းပါရှိပါသည်။ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၂(ခ)တွင် နိုင်ငံသားဆိုသည့်စကားရပ်မှာ မြန်မာနိုင်ငံသားကို ဆိုလိုကြောင်း အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ ထိုဥပဒေပုဒ်မ-၂(စ)တွင် နိုင်ငံသားလက်မှတ်ဆိုသည်မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေအရဖြစ်စေ၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေအရဖြစ်စေ၊ ဤဥပဒေအရဖြစ်စေ ထုတ်ပေးသော နိုင်ငံသားလက်မှတ်ကို ဆိုသည်ဟုလည်း အဓိပ္ပါယ်ဖွင့်ထားပါသည်။

    မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၇၅(ဤဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်အလို့ငှာ ဝန်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၃/၈၃ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို (၂၀-၉-၁၉၈၃)နေ့က ထုတ်ပြန်ခဲ့ပါသည်။

    ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေမှာ ပြည်သူ့လွှတ်တော်မှ ပြဌာန်းသည့် ဥပဒေအမှတ်-၄/၁၉၈၂ ဖြစ်သော်လည်း ထိုဥပဒေအာဏာတည်သည့်ရက်ကို ထည့်သွင်းပြဌာန်းထားခြင်းမရှိသည့်အပြင် နောင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ဆုံးဖြတ်ချက်များအရလည်း ထိုဥပဒေအတည်ပြုသည့်နေ့ရက်ကို ပြဌာန်းကြေညာထုတ်ပြန်ခဲ့ခြင်းမရှိဘဲ နိုင်ငံသားဆိုင်ရာ နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းတွင်သာ နိုင်ငံသားဥပဒေအာဏာတည်သည့်နေ့ရက်ကို (၁၅-၁၀-၁၉၈၂)နေ့ဟု ဝန်ကြီးအဖွဲ့မှ ထည့်သွင်းကြေညာခဲ့ပါသည်။

    နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် နိုင်ငံသားလက်မှတ်အဖြစ် ပုံစံ(နိုင်-၆)ပန်းရောင်အဖုံးပါ စာအုပ်ကို နမူနာအဖြစ် ထည့်သွင်းဖော်ပြထားပါသည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပြဌာန်းသည့်နေ့ကစ၍ ယနေ့တိုင် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေတွင် ဧည့်နိုင်ငံသားနှင့် ပြုနိုင်ငံသားအခန်း ပါဝင်နေရာ ထိုဥပဒေသည် ထိုစဉ်က အတည်ရှိနေသည့် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်နှင့် အညီအညွတ်မဖြစ်ခဲ့သဖြင့် ဥပဒေပြဌာန်းသည့်၁၉၈၂ မှ ၁၉၈၈ ခုနှစ် နဝတအစိုးရက နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူသည့်နေ့အထိ ၆နှစ်ကျော်တိုင် Dead Law အဖြစ်ရှိနေရာက ၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရမည့်သူများနှင့် မဲဆန္ဒရှင်များ၏စာရင်းများကို ပြုစုမဲဆန္ဒပေးနိုင်ရန်အတွက် ထိုသေနေသော ဥပဒေကို နဝတအစိုးရက ပြန်လည်အသက်သွင်းခဲ့ပြီး နိုင်ငံသားဖြစ်သင့်သူများကို ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြား ပုံစံ(နိုင်-၆(က))ကို ထုတ်ပေးပြီး စိစစ်ခဲ့သည်။

    ပြည်တွင်းနေသူတစ်ဦးသည် မြန်မာနိုင်ငံသားဟုတ်/မဟုတ် သေချာစွာ စိစစ်ပြီးမှ ပုံစံ(နိုင်-၆)ကို ပေးရမည်ဖြစ်ရာ၊ ယခုအဆင့်တွင် ထိုသူနိုင်ငံသားဟုတ်/မဟုတ် စိစစ်နိုင်ရန်အတွက် ပုံစံ(နိုင်-၆(က)) ခေါ် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုသာ လဝကဦးစီးဌာနမှ ယာယီထုတ်ပေးခြင်းဖြစ်ပါသည်။ ထိုပုံစံ(နိုင်-၆(က)) ကိုင်ဆောင်ထားသူသည် နိုင်ငံသားဥပဒေပုဒ်မ-၂(စ)တွင် အတိအလင်းပြဌာန်းထားသော ဤဥပဒေအရ ထုတ်ပေးသောနိုင်ငံသားလက်မှတ်ပုံစံ(နိုင်-၆)ကို ကိုင်ဆောင်ခွင့်မရရှိသေးမီ ထိုဥပဒေပုဒ်မ-၂(ခ)ပါ မြန်မာနိုင်ငံသားဟု တထစ်ချ မှတ်ယူမည်မဟုတ်ပါ။ နိုင်ငံသားဟုတ်/မဟုတ် စိစစ်ခံယူရသည့် အဆင့်သာဖြစ်ပါသည်။

    နိုင်ငံသားလက်မှတ်ပုံစံ (နိုင်-၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပုံစံ (နိုင်-၆(က))ဆိုသည်မှာ တန်ဖိုးအရ အလွန်ကွာခြားသော စာရွက်စာတမ်း(၂)မျိုး ဖြစ်ပါသည်။

    နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်း အပိုဒ်-၃၆တွင် နိုင်ငံသားလက်မှတ်ပုံစံ(နိုင်-၆)ကို အတုပြုလုပ်လျှင် ထောင်ဒဏ်(၁၅)နှစ် ကျခံစေရမည်ဟု သတ်မှတ်ထားပြီး၊ လုပ်ထုံးလုပ်နည်း အပိုဒ်-၃၇ တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပုံစံ (နိုင်-၆(က))ကို အတုပြုလုပ်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ဖော်ပြပါရှိပါသည်။ သာမန်စာရွက်စာတမ်း တစ်စောင်ကို အတုပြုလုပ်သကဲ့သို့သောပြစ်ဒဏ်(၇)နှစ်ထက်မပိုသော ပြစ်ဒဏ်ကျခံကြရပါသည်။

    စီရင်ထုံးများအရဆိုပါလျှင် ပုံစံ (နိုင်-၆(က))ကို အတုပြုလုပ်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၄၆၈ အရ (၇)နှစ်ထက်မပိုသော ပြစ်ဒဏ်နှင့် ငွေဒဏ်ကို ချမှတ်ပြီး၊ ပုံစံ(နိုင်-၆)ကို အတုပြုလုပ်လျှင် နိုင်ငံသားဥပဒေပုဒ်မ-၂၁ အရ ထောင်ဒဏ်(၁၅)နှစ်နှင့် ငွေဒဏ်ကို ကျခံကြရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ပုံစံ(နိုင်-၆)၏ တန်ဖိုးနှင့် ပုံစံ(နိုင်-၆(က))၏တန်ဖိုးမှာ အလွန်ခြားနားပါသည်။

    ပုံစံ(နိုင်-၆)တွင် ၁၉၄၈ ခုနှစ်က ဥပဒေ(၂)ရပ်အရ ထုတ်ပေးထားသည့် UCC ခေါ် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ခွင့်ရရှိသူများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်ဟု ဝင့်ကြွားစွာ ပြောဆိုနိုင်ကြမည်ဖြစ်သော်လည်း ပုံစံ(နိုင်-၆(က))ကိုင်ဆောင်ခွင့် ရရှိထားသူများသည် မိမိတို့ကိုယ်ကိုယ် နိုင်ငံသားများဖြစ်ပါသည်ဟု ဝင့်ကြွားစွာ ပြောဆိုနိုင်မည်မဟုတ်ပါ။

    ဤသို့သောအခြေအနေတွင် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅(ခ)တွင် ဖော်ပြထားသော ‘ဤဥပဒေ အာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည်’ ဟု ပြဌာန်းထားသည့် အခွင့်အရေးကို (၁၉၄၈ခုနှစ်၊ ဥပဒေနှစ်ရပ်အရ ထုတ်ပေးထားသည့် UCC ခေါ် နိုင်ငံသားလက်မှတ် ထုတ်ယူရရှိထားသူများမှအပ) မည်သူမျှ တရားဝင် ရရှိခံစားနိုင်ရမည်မဟုတ်ပါ။

    နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထိုလက်မှတ်ကို ပြသပြောဆိုနိုင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူမှာ နိုင်ငံသားဟုတ်/မဟုတ် စိစစ်သည့်အဆင့်သာရှိသေးသဖြင့် ပုံစံ(နိုင်-၆)ကို ကိုင်ဆောင်ခွင့်ရရှိမှသာ နိုင်ငံသားအစစ်အမှန် ဖြစ်ပါသည်။

    နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူသည် နိုင်ငံသားလက်မှတ် မရရှိသေးမီအချိန်အတွင်း နိုင်ငံသားဖြစ်သည်ဟု လွှတ်တော်နှစ်ရပ်က အသိအမှတ်ပြုလိုပါလျှင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဒီဂရီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က ယာယီပြဌာန်းပေးရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ အမိန့်မရှိဘဲ ပုံစံ(နိုင်-၆(က)) ခေါ် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများသည် မိမိတို့ကိုယ်မိမိ တင်းပြည့်နိုင်ငံသားသယောင်သယောင် ဝင့်ကြွားနေမှုများသည် တည်ဆဲဥပဒေများကို နားမလည်ဘဲ ဂုဏ်မောက်နေမှုသက်သက်သာ ဖြစ်ပေတော့သည်။ ။

  • လွှတ်တော် ကိုယ်စားလှယ်လောင်း မွေးဖွားစဉ် မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုသည့် ဝိရောဓိ

    လွှတ်တော် ကိုယ်စားလှယ်လောင်း မွေးဖွားစဉ် မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုသည့် ဝိရောဓိ

    အောက်တိုဘာ ၂၁ ၊ ၂၀၁၅
    M-Media
    ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ ရေးသည်။

    3069019.large

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း(၁)၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဃ) ၌လွှတ်တော် ကိုယ်စားလှယ်ဆိုသည့် စကားရပ်တွင် (၁) ပြည်သူ့လွှတ်တော်၊ (၂) အမျိုးသားလွှတ်တော် (၃) တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။ ပုဒ်မခွဲ (ခ) တွင် လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်တစ်ရပ်သို့ ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်ကိုသော် လည်းကောင်း….. ဟုဖော်ပြထားပါသည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၂၅)၊ ပုဒ်မခွဲ (ခ) တွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်) ရွေးကောက်တင်မြှောက်ခံနိုင်ခြင်း အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိကြောင်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးဦးက လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်နိုင်သည်ဟု အတိအလင်း ပြဌာန်းထားပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ဥပဒေတို့အရ ကန့်ကွက်ခွင့်ရှိသူမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူ ရွေးကောက်ခံမည့် မဲဆန္ဒနယ်မြေမှ ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကသာ လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။

    အဆိုပါပြဌာန်းချက် အရ ကန့်ကွက်သူသည် ၎င်းမဲဆန္ဒ နယ်မြေတွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းသာ ဖြစ်ရမည့် အပြင် ကန့်ကွက်ရာတွင်လည်း လုံလောက်သော အထောက်အထား (Sufficient Documents) များဖြင့် တင်ပြ ကန့်ကွက် ရမည်ဖြစ်ကြောင်း ထင်ရှားပါသည်။ အခြားမည်သူတစ်ဦး တစ်ယောက်ကမျှ ခိုင်လုံသော အထောက်အထားမဲ့ ကန့်ကွက်ခွင့်ရှိကြောင်း ပြဌာန်းချက်လုံးဝ မပါရှိပါ။ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာကို ကန့်ကွက်သူမှာ (လ.ဝ.က) ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးဖြစ်နေပါက ယင်းကန့်ကွက်ချက်မှာ ဥပဒေနှင့်အညီ ညီညွတ်ခြင်း မရှိကြောင်း မြင်သာပါသည်။ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲကသာ စိစစ်ပြီး အမိန့် ချမှတ်နိုင်ပါသည်။

    ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း-၂၊ နိုင်ငံသားဖြစ်မှု ပုဒ်မ-၁၀ ၌ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် နိုင်ငံသား တစ်မျိုးတည်းသာ ရှိရမည်။သီခြားနိုင်ငံသားဟူ၍ မရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံသား ဟူ၍သာရှိရမည် ဟုပြဌာန်းထားပါသည်။ ထို့ကြောင့် ထိုဥပဒေကို ပြဌာန်း အတည်ပြုချိန်က နိုင်ငံခြားသား မဟုတ်သော၊ နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ဆောင်သူ မဟုတ်သော၊ နိုင်ငံသားအဖြစ် ရွေးချယ်ရန် မလိုအပ်သောသူအားလုံး နိုင်ငံသားဖြစ်ကြောင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) ခုနှစ်အရ ထင်ရှားပါသည်။ နိုင်ငံခြားသားနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကိုလိုနီ အုပ်ချုပ်ရေးခေတ် ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေ (The Foreigners Act) ကို ပြဌာန်းခဲ့ပါသည်။

    ရည်ရွယ်ချက်မှာ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့် မရှိဘဲ ဖြတ်သန်းသွားလာခြင်း၊ ခရီးသွားခြင်းတို့ကို တားဆီးရန် အတွက် ဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ (၁) ၌ “နိုင်ငံခြားသား “ဆိုသည်မှာ မြန်မာနိုင်ငံသား မဟုတ်သူကို ဆိုလိုသည်ဟု အတိအလင်းပြဌာန်း ထားပါသည်။ ယင်းဥပဒေပုဒ်မ ၆ တွင် ပုဒ်မ(၅) အရ ကြေငြာထားသည့် အရပ်ဒေသသို့ ရောက်ရှိ လာသော နိုင်ငံခြားသားများသည် ယင်းဥပဒေအရ ခန့်အပ်ထားသော အရာရှိထံ သတင်းပို့ရမည်ဖြစ်ပါသည်။ ယင်းဥပဒေအရ အဆိုပါ နိုင်ငံခြားသားကို လတ်မှတ်ထုတ်ပေးရပြီး၊ လတ်မှတ်မပါဘဲ သွားလာနေထိုင်သူ နိုင်ငံခြားသားများအား မည်သို့ အရေးယူနိုင်ကြောင်း ပြဌာန်းထားပါသည်။ ဖောက်ဖျက်သူနိုင်ငံခြားသားအား ပြည်နှင်နိုင်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံလူဦးရေကို ယနေ့လူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပြီး နိုင်ငံသားနှင့် နိုင်ငံခြားသားကို မည်သို့ထိန်းချုပ်ခဲ့ကြောင်း မြင်သာပါသည်။ ထို့ကြောင့် ထိုအချိန်က နိုင်ငံခြားသား လက်မှတ် မကိုင်ဆောင်သောသူများကို နိုင်ငံသားအဖြစ် မှတ်ယူနိုင်ကြောင်း မြင်သာပါသည်။

    ၁၉၄၀ပြည့်နှစ် မြန်မာနိုင်ငံအက်ဥပဒေအမှတ်-၇ဖြင့် (၂၃.၃.၁၉၄၀) ရက်တွင် နိုင်ငံခြားသားများ မှတ်ပုံတင်အက်ဥပဒေ (The Registration of Foreigners Act) ကို (၂၈.၃.၁၉၄၀) ရက်တွင် အာဏာ တည်စေခဲ့ပါသည်။ လွတ်လပ်ရေး မတိုင်ခင်ကာလဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ ၂ (က) တွင် “နိုင်ငံခြားသား” ဟူသည် နိုင်ငံခြားသားများဥပဒေ (၁၈၆၄) တွင် အဓိပယ် ဖော်ပြထားသည့် “နိုင်ငံခြားသား” ကို ဆိုလိုကြောင်း အတိအလင်းပြဌာန်းထားပါသည်။ ယင်းဥပဒေအရ ထိုအချိန်က မြန်မာနိုင်ငံတွင် ရှိနေသော နိုင်ငံခြားသားများ မှတ်ပုံတင်ပြီးဖြစ်ရာ နိုင်ငံခြားသား မှတ်ပုံတင်မကိုင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၀ အရ တစ်မျိုးတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။ နိုင်ငံခြားသား မဟုတ်ကြောင်း သက်သေ ထင်ရှားပြနိုင်သူများသည် နိုင်ငံသားဖြစ်ပါသည်။

    ၁၉၄၀ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင် ဥပဒေအရ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေကို ပြဌာန်းခဲ့ပါသည်။ လွတ်လပ်ရေး ကာလဖြစ်ပါသည်။ ယင်း ဥပဒေသည် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ (၄.၁.၁၉၄၉) ရက်တွင် စတင်အာဏာတည်ခဲ့ပါသည်။ ယင်းနည်း ဥပဒေ အရ မြန်မာနိုင်ငံအတွင်း သွားလာနေထိုင်သော နိုင်ငံခြားသားများကို မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြားသား မှတ်ပုံတင် မကိုင်ဆောင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ နိုင်ငံသားများသာဖြစ်ကြောင်း မြင်သာပါသည်။

    ထို့နောက် (၁၉၄၇) ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်) များ အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေ ပုဒ်မ-၂ (င) အရ “နိုင်ငံခြားသား” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသား မဟုတ်သဖြင့် ထိုအချိန်က ရ နိုင်ငံခြားသားမဟုတ်သူများသည် “နိုင်ငံသား” ဖြစ်ကြောင်း မြင်သာပါသည်။ ယင်းဥပဒေပုဒ်မ-၂ (ဆ) အရ နိုင်ငံခြားသားများအား “ပြည်တွင်း ဝင်ရောက်နေထိုင်ခွင့် လက်မှတ်”  ထုတ်ပေးသဖြင့် ယင်းလတ်မှတ် ကိုင်ဆောင်သူ မဟုတ်သူများသည် နိုင်ငံသားများပင် ဖြစ်ပါသည်။ ထိုအချိန်အထိ နိုင်ငံသားများသည် မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ရခြင်း မရှိသေးသည်ကို သတိပြုသင့်ပါသည်။

    ဤကဲ့သို့ မြန်မာနိုင်ငံတွင် “နိုင်ငံသား” နှင့် “နိုင်ငံခြားသား” ကွဲပြားစေရန် ၁၈၆၄- ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေမှသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေပြဌာန်းပြီး စတင် အာဏာတည်သည့် (၄-၁-၁၉၄၉) ရက်ထိ နိုင်ငံခြားသား မဟုတ်သည့် နိုင်ငံသားများသည် မည်သည့်နိုင်ငံသား လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) အရ နိုင်ငံသားအဖြစ် တရားဝင်ရပ်တည်နေသူများ ဖြစ်ပါသည်။

    ၎င်းနောက် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေပုဒ်မ-၂ တွင် အဆိုပါ မှတ်ပုံတင် စာရင်းကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်စာရင်းဟုခေါ်တွင် ရမည်ဖြစ်ကြောင်း ပြဌာန်းချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးမှာ နိုင်ငံသားနှင့် နိုင်ငံခြားသားများရှိရာ နိုင်ငံခြားသားမဟုတ်သူများအား မည်သူဖြစ်ကြောင်း သက်သေခံကဒ်ပြားထုတ်ပေးရန် ပြဌာန်းထားပါသည်။ ပုဒ်မ-၇ အရ သက်သေခံကဒ်ပြားတွင် အမည် ကျား/မ၊ အသက်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာတိုင်းပြည်၊ နိုင်ငံသားစသည့် အကြောင်းအရာ ဖော်ပြချက်များကို ရေးသွင်းရပါသည်။ အမျိုးသား မှတ်ပုံတင်ဖြစ်ပါသည်။ ၎င်းမှတ်ပုံတင်အရ နိုင်ငံခြားသား မဟုတ်ကြောင်း ထင်ရှားနေရာ ထိုသူများသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ကြောင်း ထင်ရှားသည်။

    ၁၉၁၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေဒပုဒ်မ-၂ (ဃ) အရ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကဒ်ပြား (အမျိုးသားမှတ်ပုံတင်) ထုတ်ပေးပါသည်။ ပုဒ်မ ၈ (၁) အရ မှတ်ပုံတင်စာရင်းပုံစံ-၁ ပြုလုပ်ပါသည်။ ပုဒ်မ- ၁၂ (၁)အရ အသက် (၁၂) နှစ်ပြည့်ပြီးသူအားသက်သေခံကဒ်ပြား ထုတ်ပေးပါသည်။ အဆိုပါ သက်သေခံကဒ်ပြားသည် နိုင်ငံခြားသားကို ထုတ်ပေးခြင်းမရှိပါ။ ပုဒ်မ-၃၃ ၌ အထက်ပါနည်းဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံခြားသားများသည် နည်းဥပဒေ ၂၉၊၃၁ မှတစ်ပါး အခြားဥပဒေများနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေရမည်ဟု ဖော်ပြထားပါသည်။

    ယင်းဥပဒေပုဒ်မ ၃၃ (က)(ခ) တို့အရ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသား မှတ်ပုံတင်နည်း ဥပဒေများအရ မှတ်ပုံတင် ထားသည့် နိုင်ငံခြားသားများသည် ဤနည်းဥပေ ဒအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားဖြစ်သည်ဟု ဆိုလိုခြင်းကြောင့် နိုင်ငံခြားသား မှတ်ပုံတင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင် သက်သေခံကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။

    နိုင်ငံခြားသားများမှတ်ပုံတင်သည့် နည်းဥပဒေများ အရ ထုတ်ပေးသည့် သက်သေခံလတ်မှတ်သည် ဤနည်းဥပဒေအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြား ဖြစ်သည်ဟုဆိုလိုခြင်းကြောင့် နိုင်ငံခြားသားမှတ်ပုံ တင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင်သက်သေခံ ကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။

    ၎င်းနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စုသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ ၁၉၄၈ ခုနှစ် အက်ဥပဒေ အမှတ် – ၂၆ ကို (၃.၈.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေ မတိုင်မီအချိန်ထိ ၁၉၄၉ ခုနှစ်အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေတို့အရ အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြားကို မည်သူ့ကိုမျှ ထုတ်ပေးခြင်း မရှိသေး၍ နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်သူများမှအပ ကျန်နိုင်ငံသားများ မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ခွင့်မရှိသေးကြောင်း တွေ့မြင်နိုင်ပါသည်။ အမျိုးသားမှတ်ပုံတင် (၃-ခေါက်ချိုး) ကို ၁၉၅၆ ခုနှစ်ခန့်ကမှ ထုတ်ပေးသည်ဟု သိရပါသည်။ မှတ်ပုံတင်မရမီသေဆုံးသူများ၏ အထောက်အထားကို တင်ပြနိုင်မည် မဟုတ်သကဲ့သို့ သေဆုံးသည့်အခါ သက်ဆိုင်ရာသို့ အပ်လိုက်ရသူများ၏ အထောက်အထားကိုလည်း တင်ပြနိုင်မည် မဟုတ်ကြောင်း မြင်သာပါသည်။

    ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန် ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား ခံယူလိုသော နိုင်ငံသား မဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထား ခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသား လက်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေ ပုဒ်မခွဲ (က) (ခ)(ဂ)(ဃ) (င) နှင့်ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇- ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။

    ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန်ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသားခံယူလိုသော နိုင်ငံသားမဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထားခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသားလတ်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေပုဒ်မခွဲ (က)(ခ)(ဂ)(ဃ)(င)နှင့် ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။

    ထိုသို့လျှောက်ထားခွင့်ရှိသူများသည် နိုင်ငံခြားသားများသာဖြစ်ကြောင်း ၁၉၄၈-ခုနှစ် နိုင်ငံသားရွေးချယ်ရေးဥပဒေပုဒ်မ-၈၊ ပုဒ်မခွဲ(၃) အရထင်ရှားပါသည်။ ပုဒ်မခွဲ(၃) တွင်လျှောက်ထားသူသည် နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်ကြောင်း မြန်မာနိုင်ငံတော်၏ကျေးဇူး သစ္စာကို စောင့်သိရိုသေမည်ဖြစ်ကြောင်း ကျမ်းကျိန် သစ္စာပြုရမည်ဖြစ်ကြောင်း ဖော်ပြထားချက်အရ သိသာထင်ရှားပါသည်။

    ထို့နောက် ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၁၉၄၈-ခုနှစ် အက်ဥပဒေ အမှတ်- ၆၆) ကို (၄.၄.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေပုဒ်မ-၃(၁) အရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၁၁ (က) အလို့ဌာ တိုင်းရင်းသား တစ်မျိုးမျိုးဆိုသည်မှာ ၁၉၄၈ခုနှစ် မြန်မနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၃ (၁) တွင် ဖော်ပြထားသော လူမျိုးအမည်များ အပြင် ၁၈၂၃-ခုနှစ်မတိုင်မီ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သောနယ်မြေတစ်ခုခု၌ မိမိတို့၏ ပင်ရင်းတိုင်ပြည်အဖြစ် အခြေစိုက်နေထိုင်ခဲ့သော မျိုးနွယ်စုများသည်လည်း “မြန်မာနိုင်ငံ တိုင်းရင်းသား” ဖြစ်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။ ပြည်ထောင်စုနယ်မြေဆိုသည်မှာလည်း ယခုတည်ရှိသော နယ်မြေမဟုတ်ဘဲ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နယ်မြေများကို ရည်ညွှန်းကြောင်းလည်း ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) အရမြင်သာပါသည်။ ထိုနယ်မြေဆိုသည်မှာ ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏပျံ့နှံ့ရာနယ်မြေ ဖြစ်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတော်လွတ်လပ်ရေးအက်ဥပဒေပူဒ်မ-၂(၂) တွင်ဖော်ပြထားသော နယ်မြေများကို ဆိုလိုပါသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂ (က) အရ “ယခင်ကဘုရင်ခံမှ တဆင့်ဗြိတိသျှဘုရင်မင်းမြတ် စီရင်အုပ်ချုပ်ခဲ့သော နယ်မြေအားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သည်” ဟုဆိုထ်ားပါသည်။

    ထို့ကြောင့် ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၁) အရ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နိုင်ငံသားများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသားများ အဖြစ် တည်ရှိနေသည်ဟု ပြဌာန်းချက် အရလည်း နိုင်ငံသားဖြစ်မှုမှာ အလွန်ရှင်းလင်းပါသည်။ ယင်းဥပဒေများအရ တိုင်းရင်းသားဖြစ်ခွင့်ပင်ရှိသူများကို နိုင်ငံသားခွဲခြားရန် မသင့်ကြောင်း မြင်သာပါသည်။ ၁၉၄၇-ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) ပါနယ်မြေတွင် မွေးဖွားခဲ့သူများသည် ပုဒ်မ-၁၁(ခ) အရ မြန်မာနိုင်ငံတွင်ပါဝင်လတ္တံသော အာဏာ ပိုင်နက်တွင်မွေးဖွားသူများပင် ဖြစ်ပါသည်။ ထိုသူများသည် ပုဒ်မ-၁၁(ဂ) ပါ အာဏာပိုင်နက်တွင် မွေးဖွားသူအဖြစ်လည်း အကျူံးဝင်ပါသည်။ ပုဒ်မ-၁၁(ဃ) အရ အဆိုပါ အာဏာပြန့်ရာနယ်မြေတွင် မွေးဖွားခဲ့ပြီး ယင်းအခြေခံဥပဒေ အာဏာတည်သည့်နေ့ရက် မတိုင်မီ သို့မဟုတ် ၁-၁-၁၉၄၂ ရက်မတိုင်မီ (၁၀) နှစ်အတွင်း အနည်းဆုံး ၈-နှစ် ထို အာဏာပိုင်နက်အတွင်း နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ထာဝရနေထိုင်ရန်ကြံရွယ်၍ နိုင်ငံသား အဖြစ်ရွေးချယ်သူတိုင်းသည်လည်း နိုင်ငံသားဖြစ်ပါသည်။

    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၂)အရ၊ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုတွင် အနည်းဆုံး ဘိုးဘွားအားလုံး လက်ထက်မှစ၍ မိမိတို့၏ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက်နေထိုင်ခဲ့သည့် အပြင် မိမိ၏မိဘနှစ်ပါးနှင့် တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသားဟု မှတ်ယူရမည်ဟု ပြဌာန်းချက်အရ ပြည်ထောင်စု နယ်မြေ တစ်ခုခုတွင် အဘိုး၊အဘွားတို့သည် ပင်ရင်းတိုင်ပြည်အဖြစ် မျိုးဆက်မပြတ်ထာဝစဉ် အခြေစိုက်နေထိုင်လာ ခဲ့သည့် အပြင် မိဘနှစ်ပါးနှင့် မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့လျှင် နိုင်ငံသားပင် စီစစ်ရန် အကြောင်းမရှိတော့ဘဲ ယင်းဥပဒေပြဌာန်းချက် အရ မြန်မာနိုင်ငံသားဖြစ်ပြီးသူများသည် ယခုလည်း နိုင်ငံသားပင်ဖြစ်ကြောင်း ထင်ရှားနေပါသည်။

    ထို့ပြင်၁၉၄၈ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က)(ခ)(ဂ) တို့အရ မွေးဖွားသူများသည်လည်း ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက နိုင်ငံသားဖြစ်ပြီး သူများသည် နိုင်ငံသားများဖြစ်ပါသည်။ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က) အရ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာတည်ပြီးမှ မြန်မာနိုင်ငံသား မိဘ တစ်ပါးပါးမှ ပြည်ထောင်စုမြန်မာနိုင်ငံတွင် မွေးဖွားသူသည်လည်း နိုင်ငံသားဖြစ်ပါသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၄၆၌ နိုင်ငံသားဖြစ်ပြီးသူများ အားလုံး နိုင်ငံသားပင်ဖြစ်ကြောင်း ပြဌာန်းချက် အရ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက အထက်ဖော်ပြပါ ဥပဒေများ အရ နိုင်ငံသားဖြစ်ပြီးသူများအား နိုင်ငံသားစီစစ်ရန်ပင် မလိုတော့ဘဲ နိုင်ငံသားဖြစ်သည်ဟု မှတ်ယူရပါမည်။ ထို့ကြောင့် ထိုသူများနှင့်မိဘနှစ်ပါးအား ၁၉၈၂-ခုနှစ်တွင် နိုင်ငံသား ဥပဒေဖြင့် စီစစ်ရန် မလိုကြောင်း မြင်သာပါသည်။

    လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀ (င) အရ၊ မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘ တစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသားသည် ရွေးကောက်ပွဲတွင် တင်မြှောက်ခံ ပိုင်ခွင့်မရှိစေရဟူသည့် ပြဌာန်းချက်သည် ဥပဒေနှင့် ဆန့်ကျင်နေပါသည်။ အတိအလင်းနိုင်ငံခြားသားဖြစ်သော မိဘများနှင့်သာ သက်ဆိုင်စေသင့်ပါသည်။ ပုဒ်မ-၈ (က)(ခ)(ဂ) ပါ အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား၊အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဆိုသည့် ပြဌာန်းချက် အရ (၂၀၀၈-ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ယင်းဥပဒေအရ ၁၉၈၉၊ ၁၉၉၀ ခုနှစ်ခန့်က နိုင်ငံသားစီစစ်ခြင်းမပြုမီ ကွယ်လွန်ခဲ့ကြသော အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြား ကိုင်ဆောင်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများစွာ ရှိပါသည်။ အမျိုးသားမှတ်ပုံတင် မပေါ်သေးခင်က ကွယ်လွန်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများစွာလည်း ရှိပါသည်။ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ခံ ပိုင်ခွင့်ပြုသည်ဆိုလျှင် အလားတူအခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ရွေးချယ် တင်မြှောက်ခံ ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။

    သာဓကအားဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကာလ (၂၀၁၅) ခုနှစ်တွင် အသက်(၇၀) ခန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးအား ၎င်း၏မိဘနှစ်ပါးက ၎င်းအား (၁၉၄၅)  ခုနှစ်ခန့်က မွေးဖွားရမည်ဖြစ်ပါသည်။ ၎င်းကိုမွေးဖွားပြီးနောက် အမျိုးသားမှတ်ပုံတင် သက်သေခံ လက်မှတ် ထုတ်ပေးခြင်းမတိုင်မီ ၎င်းမိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့လျှင် မည်သည့် အထောက်အထားမျှ ရှိမည် မဟုတ်ပါ။ ထိုသို့ဆိုလျှင် အဆိုပါကိုယ်စားလှယ်လောင်း၏ မိဘနှစ်ပါး၏ မိဘများဖြစ်ကြသော ဘိုးဘွားများမှာ ပို၍ပင် အထောက်အထားရှိရန် အကြောင်းရှိမည် မဟုတ်ပါ။

    ထို့ကြောင့်၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ လည်းကောင်း၊ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေအရ လည်းကောင်း၊ နိုင်ငံသားဖြစ်ပြီးသော မိဘနှစ်ပါးက မွေးဖွားသူသည် နိုင်ငံသားဖြစ်ကြောင်း မှတ်ယူနိုင်သည်ဖြစ်ရာ၊ ၎င်းအားမွေးဖွားစဉ်က မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ပြီးသူများဖြစ်ကြောင်း ထင်ရှားနေပါ သဖြင့် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိပြီး ၊ပုဒ်မ-၈ (ခ) နှင့် ညီညွတ်ပါသည်။ ပုဒ်မ-၁၀ (ခ) နှင့် ငြိစွန်းခြင်းမရှိသော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ပါသည်။

    သို့ဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းကို မွေးဖွားစဉ်က မိဘနှစ်ပါးနိုင်ငံသားဖြစ်ရမည်ဆိုသည့် ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်သည် ယခင်တည်ရှိခဲ့ပြီးသော ဥပဒေများနှင့် ဝိရောဓိမဖြစ်စေရန်နှင့် ယင်းဥပဒေများအရ ရရှိပြီးဖြစ်သော နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေသင့်ကြောင်း တင်ပြအပ်ပါသည်။

  • ဂေါ်ရခါးသွေး၊ မြန်မာပြည်ချစ်စိတ်နဲ့ စီတာဒေဝီ၏ ပျောက်ဆုံးသွားသော အိပ်မက်များ

    ဂေါ်ရခါးသွေး၊ မြန်မာပြည်ချစ်စိတ်နဲ့ စီတာဒေဝီ၏ ပျောက်ဆုံးသွားသော အိပ်မက်များ

    TheYangonTimes‬ မှ ကူးယူဖော်ပြသည်။
    – မင်းညီ ရေးသည်။
    .1546084_973983885953865_2547262867942476917_n
    ”အတန်းထဲမှာ မှတ်ပုံတင်မရှိတဲ့လူတွေ မတ်တတ် ရပ်ဆိုရင် ကျွန်မတစ်ယောက်တည်း အမြဲတမ်းမတ်တတ် ရပ်ရတယ်။ ဆယ်တန်းစာမေးပွဲဖြေတုန်းကဆိုရင် ကျွန်မ တော်တော်လေးဝမ်းနည်းပြီး ငိုခဲ့ရတယ်။ ဘဝမှာ စိတ်အ နှောင့်အယှက်ဖြစ်ရဆုံးအချိန်ပဲ။ နောက်ဆုံး ဆရာမတွေ က ပြုနိုင်ငံသားကတ်(လျှောက်ထား ဆဲအနေ)နဲ့ ဖြေခွင့်ရ အောင်လုပ်ပေးလို့ ဆယ်တန်းဖြေခွင့်ရခဲ့တာပါ”။
    .
    သူ့နာမည်က စီတာဒေဝီ။ ရာမလက္ခဏာ ဇာတ်တော် ထဲက သီတာဒေဝီ မင်းသမီးရဲ့နာမည်လို့ဆိုရင် မမှားပါဘူး။ မြန်မာတွေက သီတာဒေဝီ(T)နဲ့ စာလုံးပေါင်းပြီး အိန္ဒိယ၊ နီပေါစတဲ့နိုင်ငံတွေမှာတော့ စီတာဒေဝီ(S)နဲ့ စာလုံးပေါင်း ပါတယ်။ ဒါကြောင့် ဂေါ်ရခါးသွေးပါတဲ့သူ့ကို မိဘတွေက စီတာဒေဝီလို့ နာမည်ပေးခဲ့တာပါ။ ဒါပေမဲ့ မူလတန်းကျောင်း စတက်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာကျောင်းနေရင် မြန်မာ နာမည်ရှိရမယ်ဆိုပြီး ဆရာ၊ဆရာမတွေက သူ့ကို မအိမွန် လို့ နာမည်ပြောင်းပေးခဲ့ပါတယ်။ ဒါကြောင့် သူ့နာမည်ဟာ ဆယ်တန်းအောင်လက်မှတ်မှာ မအိမွန်ဖြစ်နေပြီး မှတ်ပုံ တင်ထဲမှာတော့ စီတာဒေဝီဖြစ်နေခဲ့ရတာပါ။
    .
    ဇာတ်တော်ထဲက သီတာဒေဝီမင်းသမီးလေးရဲ့အလှ ကို မမြင်ဖူးကြပေမယ့် မြစ်ကြီးနားမြို့ Palm Spring ဟို တယ်မှာ လာရောက် တည်းခိုသူတွေကတော့ စီတာဒေဝီ ကို မိန်းမချောလေးတစ်ယောက်လို့ အားလုံးက အသိအ မှတ်ပြုကြပါတယ်။ သူက အဲဒီဟိုတယ်မှာ ဧည့်သည်တွေ ကောင်းကောင်းမွန်မွန်စားသောက်နိုင်အောင် ဝန်ဆောင် မှုပေးနေတဲ့ ဝန်ထမ်းတစ်ယောက်ပါ။
    .
    စီတာဒေဝီရဲ့အဘိုးအဘွားနှစ်ဖက်စလုံးဟာ ပထမ ကမ္ဘာစစ်မဖြစ်ခင် ကတည်းက ဗြိတိသျှစစ်တပ်နဲ့ အတူ မြန်မာ နိုင်ငံထဲကိုရောက်လာကြတဲ့ နီပေါ (ဂေါ်ရခါး) လူမျိုးတွေပါ။ စီတာရဲ့အဘိုးနှစ်ယောက်စလုံးဟာ အင်္ဂလိပ်စစ် တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဒုတိယကမ္ဘာ စစ်အတွင်း ဖက်ဆစ်ဂျပန်တွေကို မြန်မာပြည်ထဲက တိုက်ထုတ်ရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်တဲ့ ဗမာ့တပ်မတော်နဲ့အတူ ရှေ့တန်းက ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူတွေလို့ သိရပါတယ်။
    .
    ၁၉၄၈ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာတော့ စီတာဒေဝီရဲ့အဘိုးတွေဟာ အင်္ဂ လိပ် စစ်တပ်နဲ့အတူ အိန္ဒိယကို ပြန်လည်လိုက် ပါခြင်း မပြုတော့ဘဲ မြန်မာ့တပ်မတော်ထဲမှာ ဆက်လက်တာဝန်ထမ်းဆောင်ရင်း မြန်မာပြည် တွင်းရောင်စုံ သူပုန်သောင်းကျန်းမှု အန္တရာယ်ကို ကာကွယ်ခဲ့ပါတယ်။
    .
    စီတာဒေဝီရဲ့အမေဘက်က အဘိုးနာမည်က ဆွတ်ချက်ထရီပါ။ ကလောမှာရှိတဲ့ အင်္ဂလိပ်စစ်တပ်မှာ တာဝန်ထမ်းဆောင်ရင်း ပင်းတယသူ ဒေါ်မိုကုမာရီနဲ့ အိမ် ထောင်ကျပါတယ်။ ဒေါ်မိုကုမာရီရဲ့ မိဘတွေကလည်း နီပေါနိုင်ငံကနေ အင်္ဂလိပ်တပ်နဲ့ အတူ မြန်မာပြည်ထဲကို ရောက်လာသူတွေပါ။ ဆွတ်ချက်ထရီနဲ့ ဒေါ်မို ကုမာရီတို့ နှစ်ဦးကနေ စီတာရဲ့အမေဖြစ်လာမယ့် ဗစ္စနိုးမာယာကို မွေးဖွားခဲ့ပါတယ်။
    .
    စီတာရဲ့အဖေဘက်က အဘိုးကလည်း ဒုတိယကမ္ဘာ စစ်တုန်းက နမ္မတီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂေါ်ရခါး စစ်သားတစ်ယောက်ပါပဲ။ အဲဒီနမ္မတီးစစ်တပ်မှာပဲ (Bean) ဘင့်ကုမာရီနဲ့အိမ်ထောင်ကျပြီး စီတာဒေဝီရဲ့ အဖေကိုးလ် ဗဟာဒူးကို မွေးခဲ့ပါတယ်။
    .
    ကိုးလ်ဗဟာဒူးနဲ့ ဗစ္စနိုးမာယာတို့နှစ်ဦး လက်ထပ်ပြီး စီတာဒေဝီအပါအဝင် မောင်နှမလေးယောက်ကို မွေးဖွား ခဲ့ပါတယ်။ သူတို့မိသားစုဟာ မျိုးရိုး အစဉ်အဆက် မြန်မာ ပြည်မှာ မွေးဖွားကြီးပြင်းခဲ့ သူတွေဖြစ်ပေမယ့် လက်ရှိအ ချိန်ထိ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရပါဘူး။ နှစ်ဖက်အဘိုးတွေက မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ စစ်သားကြီးတွေဖြစ်ခဲ့ပေမယ့် သားသမီးနဲ့ မြေးတွေကတော့ မြန်မာနိုင်ငံသားဖြစ် ခွင့်မရကြဘဲ ပြု နိုင်ငံသား အစိမ်းရောင်ကတ်နဲ့ နေထိုင်နေကြရပါတယ်။
    .
    မြန်မာပြည်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဂေါ်ရခါးလူမျိုးတွေရဲ့အခန်းကဏ္ဍကို မေ့ပျောက်ထားလို့ မရပါဘူး။ မြန်မာ့တပ်မတော်မှာ တိုက်ရည်ခိုက်ရည် အင်မတန်ထူးချွန်ခဲ့တဲ့ ဂေါ်ရခါး စစ်ဗိုလ် စစ်သားတွေ များစွာရှိခဲ့ပါတယ်။ ( ဥပမာ။ ။ အောင်ဆန်း သူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) – တပ်သား (ကျဆုံး) / အမှတ် (၄) ခြေလျင်တပ်ရင်း) မြန် မာ့လက်ရွေးစင်ဘောလုံးသမား ဆပ်ဗဟာဒူးဆိုရင်လည်း အာရှအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ခံရတဲ့အထိ မြန်မာ့ ဂုဏ်ဆောင် ဂေါ်ရခါး သွေးပါသည့် ထူးချွန်ဘော်လုံးသမား ဖြစ်ခဲ့ပါသည်။
    .
    ဒီလိုပဲ မြန်မာပြည်ကို အသက်ပေးပြီး ချစ်ကြတဲ့ ဂေါ်ရခါးစစ်ဗိုလ် စစ်သားများစွာ မြန်မာ့သမိုင်း မှာ များစွာရှိခဲ့ပါတယ်။ ဒီအချိန်မှာ အဲဒီပုဂ္ဂိုလ်ကြီးတွေသာ ရှိနေဦးမယ်ဆိုရင် ‘ပြုနိုင်ငံသားကတ်’ကိုင်ထားရတဲ့ သူတို့ သားသမီးမြေးမြစ်တွေအတွက် ဘယ်လိုခံစားကြရမလဲဆို တာ စဉ်းစားစရာပါပဲ။ သေချာတာကတော့ သူတို့ ပျော်နိုင်ကြမယ်လို့တော့ မထင်ပါဘူး။
    .
    စီတာဒေဝီဟာ ၂ဝဝ၅ခုနှစ်မှာ ရပ်စောက် (ဗထူးတပ်မြို့) က ဆယ်တန်းအောင်ခဲ့ပြီး တောင်ကြီးတက္ကသိုလ်မှာ မြန်မာစာအဓိကနဲ့ ပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။
    .
    ”ကျွန်မခန္ဓာကိုယ်ထဲမှာ ဂေါ်ရခါးသွေးတွေ စီးဆင်းနေပေမယ့် မြန်မာပြည်မှာမွေးလို့ ကျွန်မ မြန်မာပြည်ကို ချစ်တယ်။ မြန်မာ လူမျိုးဖြစ်ရတာ ဂုဏ်ယူတယ်။ ဒါကြောင့် တက္ကသိုလ်တက်တော့ မြန်မာစာ အဓိကယူ တယ်”။ သူဟာ ၂ဝ၁၁ ခုနှစ်မှာ တောင်ကြီး တက္ကသိုလ်က မြန်မာစာအဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူ ငယ်စဉ်ကတည်းက အမြဲစိတ်ကူးယဉ်ခဲ့တဲ့ ကျောင်းဆရာမ အလုပ်ကိုရဖို့ ကြိုးစားခဲ့ပါတယ်။ ပညာရေးကောလိပ်တက် ပြီး မူလတန်းကျောင်းဆရာမဖြစ်ဖို့ သူဟာ တောင်ကြီး ပညာရေးကောလိပ်ကို ဝင်ခွင့်လျှောက်လွှာတင်ခဲ့ပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့အိပ်မက်တွေ တစ်စစီ ရိုက်ချိုးဖျက် ဆီးခံလိုက်ရတဲ့ အကြောင်းပြန်ကြားချက် တစ်ခု ရောက် လာခဲ့ပါတော့တယ်။
    .
    ‘ပြုနိုင်ငံသားဖြစ်နေပါသဖြင့် ဖြေဆိုခွင့်မရှိပါ’တဲ့။
    .
    အဲဒီမှတ်ချက်လေးဟာ ဘဝမှာ ဆို့နင့်ကြေကွဲစရာ အကောင်းဆုံးလက်ခံရရှိတဲ့ ပြန်စာတစ်စောင်ပဲလို့ စီတာ ဒေဝီက ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ(ပြုနိုင်ငံသား) ကတ်ကိုင်ထားသူတွေဟာ မြန်မာပြည်မှာ ဘာအတွက် အတန်းပညာသင်ကြားနေကြသလဲဆိုတာကို သူ မေးခွန်း ထုတ်ခဲ့ပါတယ်။
    .
    ”အစိုးရအလုပ်လုပ်ခွင့်မရဘူးဆိုတာ သိလိုက်ရတော့ ကျွန်မ အရမ်းဝမ်းနည်းမိတယ်။ တစ်ဆက်တည်းမှာပဲ ဘာ ဖြစ်လို့ကျောင်း တက်မိပါလိမ့်။ ဘာဖြစ်လို့ ဆယ်တန်း ဖြေမိပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် နောင်တရတယ်။ ကျောင်းတက်မိလို့ ပိုက်ဆံလဲအများကြီးကုန်ရတယ်”။
    .
    မြန်မာပြည်မှာ သူဝါသနာပါတဲ့ ကျောင်းဆရာမ အလုပ်ကို လုပ်ခွင့်မရတော့တဲ့အချိန်မှာ စီတာဒေဝီ ဟာ စင်ကာပူကို ၂ဝ၁၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ၂ဝ၁၃ စက်တင် ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူ ခရီးစဉ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲပြုလုပ်တဲ့အခမ်းအနားကို စီတာဒေဝီလည်း တက်ရောက်ခဲ့ပါတယ်။ စင်ကာပူမှာနေရတဲ့ လေးနှစ်တာကာလ အတွင်းမှာ အဲဒီ နေ့ရက်လေးဟာ သူ့အတွက် အပျော်ဆုံးနေ့ရက်လေးပဲ လို့ ဆိုပါတယ်။
    .
    စီတာဒေဝီဟာ၂ဝ၁၄ခုနှစ် အောက်တိုဘာမှာ မြန် မာပြည်ကိုပြန်လာခဲ့ပြီး ကန်တော်ကြီးဟိုတယ်မှာ ဖွင့်လှစ် ထားတဲ့ ဟိုတယ်ဝန်ဆောင်မှုသင်တန်းကို တက်ရောက်ခဲ့ ပါတယ်။
    .
    ”မိသားစုစားဝတ်နေရေးကြောင့် ကျွန်မ ဟိုကိုသွား ရတယ်။ အဲဒီမှာလုံးဝမပျော်ဘူး။ မြန်မာပြည်ကိုပဲ သတိ ရနေတယ်။ မြန်မာပြည်ကိုပဲချစ်တယ်”။
    .
    ဟိုတယ်ဝန်ဆောင်မှု သင်တန်းအပြီးမှာ လုပ်ငန်းအ တွေ့အကြုံရဖို့ မြစ်ကြီးနားမြို့က Palm Spring ဟိုတယ်မှာ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ သူဟာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ၊ နီပေါနဲ့ ဓနုဘာသာစကားအပါအဝင် စုစုပေါင်း ဘာသာစကားခြောက်မျိုးတိတိ တတ်ထားလို့ ဧည့်သည်တွေနဲ့ ဆက်ဆံရာမှာတော့ များစွာအကျိုးသက် ရောက်မှုရှိခဲ့ပါတယ်။ အဲဒီဟိုတယ်မှာ လာရောက်တည်းခို ကြတဲ့ UNDP တို့ UNICIEF တို့လို ကုလသမဂ္ဂအဖွဲ့ အစည်းတွေရဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲတွေမှာ မကြာခဏ ဆိုသလို သူ့က စကားပြန်ဝင်လုပ်ပေးရလေ့ရှိပါတယ်။
    .
    ”ကျွန်မတို့အိမ်မှာ မိသားစုဝင်တွေအားလုံး နီပေါ စကားပဲပြောကြတာပါ။ အမျိုးထဲမှာ အိန္ဒိယတွေရှိလို့ အိန္ဒိယစကားလဲပြောဖြစ်ပါတယ်။ စလုံးမှာ လေးနှစ်လောက်အလုပ်လုပ်ခဲ့တော့ တရုတ်စကားလဲ ကောင်းကောင်းတတ်သွား တယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကြီးလာတော့ ငယ်သူငယ်ချင်းတွေအားလုံးက ဓနုတွေလေ။ ဒါကြောင့် ဓနုစကားလဲ ကောင်းကောင်းပြောတတ်ပါတယ်။ အင်္ဂလိပ် စကားကတော့ ကျောင်းမှာလဲသင် ကိုယ်လဲစိတ်ဝင်စား ဆိုတော့ အဆင်ပြေအောင် ပြောနိုင်ပါတယ်။ ခုတောင် ကချင်စကား စသင်နေပြီ”။
    .
    စီတာဒေဝေရဲ့မောင်လေးက ဆယ်တန်းဖြေထားပြီး တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်အမှုထမ်း ချင်နေသူပါ။ ညီမလေးက ရှစ်တန်းကျောင်းသူဆိုပေမယ့် သူကတော့ အဘိုးတွေလိုမျိုး စစ်တိုက်ရတာကို ဝါသနာပါလို့ စစ်သမီးဖြစ်ချင် တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိပ်မက်တွေဖြစ်လာဖို့ကတော့ ထင်သလောက် လွယ်ကူနိုင်ပ့ါမလား။
    .
    ”ကျွန်မကိုယ်တိုင် အစိုးရအလုပ်လုပ်ခွင့်မရတော့ သူ တို့အတွက် ဖြစ်နိုင်၊မဖြစ်နိုင် မသိတော့ဘူး”လို့ စီတာက ပြောပါတယ်။
    .
    သူ့ရဲ့ဖခင်(ကိုးလ်ဗဟာဒူး)ဟာ ၂ဝဝ၇ခုနှစ် ကွယ်လွန် ချိန်အထိ FRC (Foreign Registration Card ) အဖြူ ကတ်နဲ့ပဲ နေထိုင်ခဲ့ရတာပါ။ ခုချိန်မှာတော့ မိခင်(ဗစ္စနိုး မာယာ)အပါအဝင် မိသားစုတစ်ခုလုံးဟာ ပြုနိုင်ငံသား (အစိမ်းကတ်)နဲ့ နေထိုင်နေရပေမယ့် နိုင်ငံသားဖြစ်ခွင့် ပန်း ရောင်(နိုင်)ကတ်ကို မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့မျိုး နွယ်စုက နီပေါချက်ထရီမျိုးနွယ်စုပါ။ မြန်မာပြည်မှာတော့ ဂေါ်ရခါးလို့ လူသိများပါတယ်။ ချက်ထရီ(ထာပါ) ဇာတ်မို့ ဟိန္ဒူဘာသာ ကိုးကွယ်ကြပေမယ့် ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူတွေဖြစ်ပါတယ်။
    .
    ”မှတ်ပုံတင်ထဲမှာတော့ ဗုဒ္ဓဘာသာတစ်ခုပဲ ဖြည့်ထား တယ်။ ပုံမှန်အားဖြင့် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေပဲ သွားဖြစ်ပါတယ်”လို့ စီတာက ရှင်းပြပါတယ်။ နီပေါနိုင်ငံမှာ အဘိုးအဘွားတွေရဲ့ ဆွေးမျိုးရင်းခြာတွေ ရှိနေသေးလို့ တစ်နေ့နေ့မှာ အဲဒီကို သွားလည်နိုင်အောင် ကြိုးစားနေ တယ်လို့ သူက ဆက်ပြောတယ်။ ဒါ့အပြင် အဲဒီနိုင်ငံမှာရှိတဲ့ အဘိုးရဲ့ဆွေမျိုးတွေဆီက happy dipawalli ဆုတောင်း ပို့စ်စကတ်လေးတွေ အမြဲပို့ပေးတယ်လို့လည်း ဆိုပါတယ်။
    .
    စီတာတို့မိသားစုအဖို့ လက်ရှိကိုင်ဆောင်ခွင့်ရထား တဲ့ အစိမ်းရောင်ကတ်ရဖို့တောင် အခက်အခဲမျိုးစုံနဲ့ ငွေ ကြေးများစွာ အကုန်ခံထားခဲ့ရတာပါ။ အဲဒီကတ်လေးက သူ့မျှော်လင့်ချက်တွေကို မဖြည့်စွမ်းပေးနိုင်ခဲ့သလို သူ့အိပ် မက်တွေကလည်း အရောင်ပြယ်လွင့်ခဲ့ပါပြီ။ အခုချိန်မှာ စီတာရဲ့အသက်က၂၉နှစ်ထဲ ဝင်နေပါပြီ။
    .
    သူဖြစ်ချင်တဲ့ အစိုးရကျောင်းဆရာမဘဝက အိပ်မက်တစ်ခုလိုပဲ ပျောက် ပျက်သွားခဲ့ပါပြီ။ အဲဒါနဲ့ပတ်သက်ပြီး သူ့ရင်ဘတ်ထဲက ဝမ်းနည်းစကားသံလေးက”ဝင်ခွင့်စာမေးပွဲမအောင်လို့ အဖြူအစိမ်းဝတ် ကျောင်းဆရာမဘဝကိုမရခဲ့ရင်လဲ ကျွန်မ ဖြေသိမ့်နိုင်ပါတယ်။ အခုတော့ အဲဒီဝင်ခွင့်အဆင့်လေး အတွက် လျှောက်လွှာတင် ခွင့်တောင်မရလိုက်တဲ့ ကိုယ့် ဘဝကို ကိုယ်အရမ်း ဝမ်းနည်းမိတယ်။ ဖြစ်လေရာဘဝတိုင်း ဒီအဖြစ်မျိုး မကြုံပါရစေနဲ့လို့ပဲ ဆုတောင်းပါတယ်”။

    https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.334119789940281/973983885953865/?type=1&theater