News @ M-Media

Tag: 2013qurbani

  • ကျိုက်ထိုမြို့တွင် အီးဒ် အထိမ်းအမှတ် မိတ်ဆုံ ညစာစားပွဲ ပြုလုပ်

    ကျိုက်ထိုမြို့တွင် အီးဒ် အထိမ်းအမှတ် မိတ်ဆုံ ညစာစားပွဲ ပြုလုပ်

    အောက်တိုဘာ ၂၃၊ ၂၀၁၃
    M-Media
    KK

    ကျိုက်ထို ။ ။ အစ္စလာမ်သာသနာဝင်များ၏ အထွတ်အမြတ်ထားရာ အီသွလ်အသွဟာနေ့ အထိမ်းအမှတ် အိဒ်မိတ်ဆုံ ညစာ စားပွဲတစ်ရပ်ကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ကြီးမှူး၍ မနေ့က အောက်တိုဘာ ၂၂-ရက်နေ့တွင် ကျိုက်ထိုမြို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

    မိတ်ဆုံစားပွဲကို မြန်မာနိုင်ငံရှိ ဘာသာကြီး ၄-ခုဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှလည်း တက်ရောက်ခဲ့ကြပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး၊၊ ပထမတန်းစစ်ဦးစီးမှူး၊ မြို့နယ် ဒုဦးစီးမှူးနှင့်အဖွဲ့များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် သာသနာရေးမှူးများ၊ ဌာနဆိုင်ရာများမှလည်း တက်ရောက်ကြပြီး ဖိတ်ကြားထားသော ဧည်သည့်များလည်း တက်ရောက်ခဲ့ကြသည်။

    ကျိုက်ထိုမြို့တွင် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်စွာ နေထိုင်ကြပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် သွေးစည်းညီညွတ်ရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို အတူ ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းစွာရှိနေကြောင်းလည်းသိရသည်။

    Ref: 22-10-03 မြန်မာ့အလင်း

  • အီးဒ်နေ့မှာ ရွှေတိဂုံ ကို ဗုံးခွဲဖို့ အကြမ်ဖက်သမားများ ကြံစည်ခဲ့ကြောင်း KNU ပြော၊ လွန်ခဲ့သည့် ၂ ရက် အစိုးရသတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါအချက်မပါဝင်ခဲ့

    အောက်တိုဘာ၊ ၂၀
    M-Media

    phdo nyein maung

    မြန်မာနိုင်ငံအတွင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ အောက်ခြေအဖွဲ့ဝင်တွေ ပါဝင်နေပြီး အခုထိ နောက်ကွယ်ကနေ ဘယ်သူကြိုးကိုင်နေတယ် ဆိုတာကို မသိရသေးသလို အခုလို ကြံစည်မှုတွေရဲ့နောက်မှာ နိုင်ငံရေးရည်ရွယ်ချက် တခုခု ရှိပုံထောက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းနဲ့ နမ့်ခမ်းမြို့တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဗုံးကွဲမှုတွေ ၊ ဗုံးတွေ့မှုတွေဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားအောင်၊ အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပျက်ပြားအောင် စီစဉ်ဆောင်ရွက် ခဲ့တာသာဖြစ်တယ်လို့ KNU ကရင် အမျိုးသား အစည်းရုံးမှ တာဝန်ရှိသူတွေက ဒီကနေ့ပြောကြားပါတယ်။

    လက်ရှိဗုံးဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ တရားခံတွေကို KNU ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကစစ်ဆေးတဲ့ အခါမှာတော့ ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံဘုရားကြီးကိုပါ ဗုံးဖောက်ခွဲဖို့ အထိ ကြံစည်ခဲ့တာကို တွေ့ရတယ်လို့ ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။

    ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့ တရားခံတွေကို စစ်ဆေးမေးမြန်းကြည့်ခဲ့တဲ့အခါမှာ သာသနိက အဆောက်အအုံတွေ ကိုပါ ဖောက်ခွဲရေးလုပ်ဖို့ ကြံစည်ခဲ့တာကိုတွေ့ရပြီး မူဆလင် ဘာသာဝင်တွေရဲ့ အစ်နေ့မှာ ရွှေတိဂုံဘုရားမှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေဖြစ်ဖို့အထိ ကြံစည်ခဲ့တာ ကိုတွေ့ရတယ်-လို့လည်း သူကပြောပါတယ်။

    လက်ရှိအချိန်မှာတော့ KNu အောက်ခြေပိုင်းမှလည်း အခုလို ဗုံးဖောက်ခွဲမှုတွေ လုပ်ခဲ့တဲ့ လူတွေကို သိနိုင်အောင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကိုယ်တိုင် ကရင် ပြည်နယ်ပြန်ရောက်ရင် အောက်ခြေထိ ကိုယ်တိုင် မေးမြန်းစုံစမ်းမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

    လွန်ခဲ့သည့် ၂ ရက် အောက်တိုဘာ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့  လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဆိုပါ အချက်ကို ထုတ်ဖော်ထည့်သွင်းရှင်းလင်းသွားတာကို မတွေ့ခဲ့ရပါဘူး။

    ကိုးကား VOA,RFA
    ဓာတ်ပုံ အောင်ရဲမောင်မောင်/ဗွီအိုအေ (မြန်မာပိုင်း)

  • ရန်ကုန် ကုရ်ဘာနီ အတွက် ရွာသာကြီးဇုန်အား ဖျက်သိမ်း

    ရန်ကုန် ကုရ်ဘာနီ အတွက် ရွာသာကြီးဇုန်အား ဖျက်သိမ်း

    အောက်တိုဘာ ၁၄၊ ၂၀၁၃
    M-Media
    K K

    ရန်ကုန် ။ ။ အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်သည့် အစ္စလာမ်သာသနာဝင်များ၏ အိဒ်နေ့တွင် ကုရ်ဘာနီပြုရန် ရန်ကုန်တိုင်းအတွင်း ဇုန် ၄-ခု သတ်မှတ်ပေးထားသော်လည်း ရွာသာကြီးဇုန်အား မနေ့က ဖျက်သိမ်းလိုက်ကြောင်းသိရသည်။

    အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့မှ ကုရ်ဘာနီကော်မတီသို့ ဆက်သွယ်မေးမြန်းရာ

    “ဟုတ်ပါတယ်။ ရွာသာကြီးဇုန်ကို ဖျက်သိမ်းလိုက်ပါတယ်။ အစက ကွင်းတစ်ခု ပေးထားပြီး နောက်တော့ သားသတ်ရုံမှာလုပ်ဖို့ ပြောပါတယ်။ သြော် မွတ်စလင်မ်သားသတ်ရုံ မဟုတ်ပါဘူးခင်ဗျ။ အစိုးရ သားသတ်ရုံပါ။ ပထမက အဲ့ဒီသားသတ်ရုံရှေ့က ကွင်းထဲမှာပေးတာ။ အဲဒီရုံ အရှေ့ပိုင်းမှာ ရွံ့ဗွက်တွေကလည်း တအားများတယ်။ အနောက်ပိုင်းမှာကျတော့လည်း ကာရံဖို့ လုပ်တော့ ဘုန်းကြီးတွေက ဆန္ဒပြမယ်လို့ကြားတယ်။ ဒါနဲ့ အဲဒီရုံအတွင်းမှာ လုပ်လို့ မြို့နယ်ကတဆင့် ခရိုင်က အမိန့်ကျတယ်။ အဲဒီအတွင်းမှာလည်း ဗွက်တွေက ရှိနေတော့ မလုပ်တော့ပဲ ကော်မတီအနေနဲ့ ဖျက်လိုက်တာပါ။  ဒါကြောင့် တခြား ကျန်တဲ့ ၃-ဇုန်ကို မျှသွားပြီး လုပ်ကြမယ်။ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်ပိုင်း ဇုန်တွေပါ။”

    တခြားတားဆီးမှု၊ အနှောင့်အယှက်များရှိသည်လားဟု မေးမြန်းရာတွင်

    “တခြား အတားဆီးကတော့ မရှိပါဘူး။ လောလောဆယ်တော့ ဒီကိစ္စလေးတစ်ခုပဲ ရှိပါတယ်။”

    ကုရ်ဘာနီကွင်းတွေကို အခုလို အဝေးမှာထားပေးတဲ့အပေါ် အိဒ်နေ့မှာ ပြဿနာတစ်ရပ်ရပ် ဖန်တီးလာနိုင်တယ်လို့ မွတ်စလင်မ်တွေအနေနဲ့ စိုးရိမ်သောက ဖြစ်ပြီး ပြောဆိုနေကြတာကို ကြားသိပါသလားဟု မေးမြန်းမှုကို
    “အဲလို သတင်းတွေကတော့ ထွက်နေတယ်။ ပြဿနာကတော့ အစတော့ ရှာနေကြတယ်။ ခုနက ပြောသလို ဒါကို သိုသိုသိပ်သိပ်လုပ်ဖို့တော့ အားလုံးကို မှာထားတယ်။ ဖြစ်လာ မဖြစ်လာကတော့ ပြောလို့မရဘူး။ သမ္မတ ရှိနေတဲ့အချိန်တောင် ဖြစ်အောင် လုပ်သေးတာပဲ။ သူတို့ဘက်ကတော့ လုံခြုံရေး ပြောနေတာပဲလေ။ ဒီရက်ပိုင်းဆို ရန်ကုန်မှာလည်း ဗုံးတွေ ဆက်တိုက်ပေါက်နေတယ်။ ဒါတွေက ပြောလို့မရဘူး။ အခြေအနေ အချိန်အခါ ကြည့်ပြီး လုပ်ဆောင်သွားဖို့ပဲ လိုပါတယ်။ ကြိုပြီးတော့ message ပေးလိုက်ပြန်ရင်လည်း ဖွသလို ဖြစ်သွားမှာ စိုးရိမ်ရတယ်။ ကျွန်တော်တို့တွေက ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါကြောင့် ငြိမ်းချမ်းမှု ဖြစ်အောင်တော့ ကျွန်တော်တို့ လုပ်ရပါမယ်။”လို့ M-Media ကို ဖြေကြားခဲ့ပါတယ်။

    အီးဒ်နေ့တွင် ပြဿနာဖန်တီးမှု တစ်စုံတစ်ရာမပေါ်ပေါက်စေဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးလိုသော ဆန္ဒများက မွတ်စလင်မ်ထုတစ်ရပ်လုံးမှာ ရှိနေပြီး၊ စိုးရိမ်သောကလည်း ဖြစ်နေကြကြောင်း မွတ်စလင်မ်အများစုထံမှ သိရှိရပါတယ်။

  • ပြဿနာရှောင်ရှားနိုင်ရန် ကျောင်းကုန်းမြို့မှ မွတ်စလင်မ်များ ကုရ်ဗာနီ အီးဒ်နေ့အား ၁ ရက်နောက်ရွှေ့ကာ ပြုလုပ်ကြမည်။

    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media
    KK

    7.-Pic-Kyaung-Gone
    ကျောင်းကုန်းမြို့မှ ဗလီဝတ်ကျောင်း (ဓါတ်ပုံ ဧရာဝတီ)

    ကျောင်းကုန်း ။              ။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆူပူအကြမ်းဖက်မှု ဖြစ်စေမည့် ကိစ္စရပ်တစ်ခုပေါ်ပေါက်ခဲ့ပြီး ထပ်မံဖြစ်ပွားမရှိအောင် ထိန်းသိမ်းနိုင်ခဲ့သည့် ကျောင်းကုန်းမြို့တွင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်မည့် အီးဒ်နေ့အစား အောက်တိုဘာ ၁၇-ရက်နေ့မှ အီးဒ်နေ့အထိမ်းအမှတ်ပြုလုပ်မည်ဟု သိရှိရပါတယ်။

    အခုလာမယ့် အောက်တိုဘာ ၁၆-ရက်နေ့သည် မွတ်စလင်မ်များ၏ ကုရ်ဗာနီအိဒ်နေ့ဖြစ်ပြီး ကျောင်းကုန်းမှာ သံဃာတော်တွေရဲ့ တရားပွဲနဲ့တိုက်နေတဲ့ အတွက် အောက်တိုဘာ ၁၇-ရက်နေ့သို့  ပြောင်းရန် တိုင်းဝန်ကြီးချုပ်မှ ပြောကြားသည်ဆိုသည့် သတင်းများလည်း ပေါ်ထွက်လာသောကြောင့် ကျောင်းကုန်းမြို့သို့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

    “ရက်ရွှေ့လိုက်တာတော့ ဟုတ်ပါတယ်။ အာဏာပိုင်ကတော့ ရွှေ့ခိုင်းတာမဟုတ်ပါဘူး။ အခုလို ရက်က ထိတ်တိုက်ဆုံနေတယ်။ မနေ့က ၀န်ကြီးချုပ်လာတော့ ဘာသာပေါင်းစုံနဲ့စုံတယ်။  အစည်းအဝေးလုပ်တယ်။ အခုတရားပွဲက အိဒ်နေ့နဲ့တိုက်နေတယ်။ အဲဒါကို သူတို့ ရွှေ့ဖို့လည်း ကြိုးစားတယ်။ တရားပွဲဖိတ်စာတွေဝေတာ၊ ပြင်ဆင်တာ အားလုံးကလည်း လုပ်ပြီးသားဖြစ်နေတယ်။  ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ မြို့ပေါ်က ဗုဒ္ဓဘာသာဝင်တွေကလည်း တချို့ကပြောတယ် ကုန်ကျစရိတ်ကို သူတို့ပြန်ပေးမယ် တရားပွဲကို ရက်ရွှေ့ဖို့ပြောတယ်။ တချို့က လက်ခံမှုမရှိလို့ သူတို့ Time table အရ လုပ်ရမှာဖြစ်လို့ ဒီရက်ကိုပဲ လုပ်ရမယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှူးကလည်း ကျွန်တော်တို့ကို မေတ္တာရပ်ခံတယ်။”လို့ ကျောင်းကုန်းဒေသခံက ပြောပါတယ်။

    “သူတို့ကတော့ ရွှေ့တာမျိုးမလုပ်ဘူး ကျွန်တော်တို့တွေ ရွှေ့တာ မရွှေ့တာက ကျွန်တော်တို့အပိုင်းလို့ ပြောပါတယ်။ သူတို့ရဲ့ Time Table အရ တခြားမြို့နယ်တွေလည်း ရှိတဲ့အတွက် အခုက ရွှေ့လို့မရဘူး။ ပထမတစ်ကြိမ်တုန်းက သူတို့က ၆-ရက်နေ့ကနေ ၁၆-ရက်နေ့ကို ရွှေ့ထားတာလည်းရှိတယ်။ အီးဒ်နေ့ကိုလည်း သူတို့ သတိမထားဘူးပြောတယ်။

    ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုပါပဲ ကျောင်းက စာမေးပွဲရက်က အိဒ်နေ့နဲ့တိုက်တယ်။ ဒါပေမယ့် အခုတော့ အီးဒ်နေ့က အားလုံးပိတ်ရက်ဖြစ်နေတော့ ရက်ပြန်ရွှေ့လိုက်တယ်။

    အိဒ်နေ့ကိုတော့ ၀တ်ပြုမယ်ဆိုရင်တော့ လုံခြုံရေးတော့ပေးမှာပါ။ ဒါပေမယ့် အောက်တိုဘာ ၅-ရက်နေ့က ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က ပြဿနာအကျယ်အကျယ် ပြန်လုပ်ပြန်ဖြစ်လာမှာလည်း မလိုလားဘူး။ ဒါကြောင့် ၀န်ကြီးချုပ်နဲ့ဆုံတဲ့ အစည်းအဝေးခန်းမထဲမှာပဲ မွတ်စလင်မ်ဘက်က တချို့ တိုင်ပင်ဆုံးဖြတ်ပြီး ကျွန်တော်တို့တွေကပဲ အောက်တိုဘာ ၁၇-ရက်နေ့ကို ရွှေ့လိုက်တာပါ”လို့ ကျောင်းကုန်းဒေသခံ တစ်ဦးမှ ထပ်မံ ပြောဆိုပြန်ပါတယ်။

    အစ္စလာမ်သာသနာဝင်များ၏ အထွတ်အမြတ်ထားရာ အီးဒ်အထိမ်းအမှတ်နေ့ထူး ၂-ရက်တည်းသာရှိပြီး ယခု အိဒွလ်အဿွာဟာတစ်ရက်သာ ဘာသာရေးအထိမ်းအမှတ်နေ့အဖြစ် နိုင်ငံတော် အစိုးရမှ အသိအမှတ်ပြု၍ အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ပေးထားခြင်းဖြစ်ရာ ယခုကဲ့သို့ ရက်ရွှေ့ပြောင်းရခြင်းအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ကျောင်းကုန်းမှ မွတ်စလင်မ်များအနေနှင့် အကောင်းဆုံးအခြေအနေတစ်ခုကို ဖန်တီးပြုမူလိုက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

  • အီးဒ်နေ့အတွက် လုံခြုံရေးစိုးရိမ်၊ ကုရ်ဗာနီ အလှူငွေများကို အကြမ်းဖက်ခံ ဒုက္ခသည်များကို လှူဒါန်းမည်ဟုသိရ

    အီးဒ်နေ့အတွက် လုံခြုံရေးစိုးရိမ်၊ ကုရ်ဗာနီ အလှူငွေများကို အကြမ်းဖက်ခံ ဒုက္ခသည်များကို လှူဒါန်းမည်ဟုသိရ

    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media
    သူရိန်

    img444
    ရန်ကုန်   ။      ။        အောက်တိုဘာ ၉ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ အီဒွလ်အသွာဟာ နေ့မြတ်တွင် လုံခြုံရေး အပြည့်အ၀ပေးရန် တင်ပြထားခဲ့ရာ ယခုတိုင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တစုံတရာ ပြန်ကြားခြင်းမရှိသေးကြောင်း အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှလည်း ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေ။

    ကုရ်ဗာနီ အလှူရှင်များအနေဖြင့် ယခုနှစ်တွင် လုံခြုံရေးကို အထူးစိုးရိမ်နေကြကြောင်း၊ ကောလဟာလများ လွှင့်ထားခြင်းများရှိကြောင်း၊ အစိုးရပိုင်းအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆိုပါနေ့တွင် လုံခြုံရေးစီမံထားသင့်ကြောင်း အစ္စလာမ်ဘာသာဝင်များ အကြား ပြောဆိုလျက်ရှိကြသည်။ အစ္စလာမ်ဘာသာသာရေး အဖွဲ့ကြီးအနေဖြင့် အစိုးရက လုံခြုံရေးအပြည့်အ၀ပေးမည်ဟု ယုံကြည်ထားသော်လည်း ကုရ်ဗာနီ အလှူရှင်များအနေဖြင့် စိုးရိမ်သောကများ ရှိနေဆဲပင်ဖြစ်သည်။

    အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒွလ်အဿွာဟာ နေ့မြတ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဇုန် ၄ဇုန်ခွဲကာ ကုရ်ဗာနီစွန့်လှူမှု အလှူဒါနကို ပြုလုပ်ခွင့်ပြုကြောင်း အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ သိရသည်။ အဆိုပါ ဇုန် ၄ ဇုန်မှာ (၁) အရှေ့ပိုင်းဇုန် (ဒဂုံမြို့သစ်အရှေ့ပိုင်း-အင်းဝလမ်း ၊ စက်မှုဇုန်၊ ရွာသာကြီးအနီး)၊ (၂) အနောက်ပိုင်းဇုန် (လှိုင်သာယာမြို့နယ်-အပြင်ပဒန် ပန်းလှိုင်မြစ်ကမ်း၊ ပန်းလှိုင်တံတားဘေး-ယခင်နေရာ)၊ (၃) တောင်ပိုင်းဇုန် (ဒလမြို့နယ်၊ ကမာကဆစ်ဗလီးဝင်းအတွင်း)၊ (၄) မြောက်ပိုင်းဇုန် (ထောက်ကြန့်မြို့နယ်- ဘောလုံးကွင်းရပ်ကွက်၊ (၄) လမ်း၊ မြို့ရှောင်လမ်း- နဆင်းဘိုင် နွားခြံ) ဟု အစ္စလာမ် အဖွဲ့ချုပ်ကြီး၏ ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။

    ယခုနှစ် ကုရ်ဗာနီရေးရာ ဗဟိုကော်မတီကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၅ဖွဲ့မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇုန် ၄ဇုန် အတွက် ဇုန်ကော်မတီများကိုမူ သက်ဆိုင်ရာ ဗလီအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများဖြင့် ဖွဲ့စည်းထားကြောင်း ဗဟိုကော်မတီမှထုတ်ပြန်သော ပြန်တမ်းများအရ သိရသည်။ ထို့ပြင် တာမွေမြို့နယ်တွင်လည်း မြို့နယ်အဆင့် အီဒွလ်အသွာဟာနေ့ ကျင်းပရေးကော်မတီကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် ပါဝင်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်အတွင်းရှိ ဗလီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ ပါဝင်ဖွဲ့စည်းကာ လုံခြုံရေးအစီအမံများညှိနှိုင်း ပြုလုပ်နေကြောင်း သိရသည်။

    ကုရ်ဗာနီ အလှူပြုလုပ်မည့် အလှူရှင်များမှ ပေးအပ်သော သရေချပ်ဖိုးငွေများကို မိတ္ထီလာနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အဓိကထား လှူဒါန်းသွားမည်ဟု ဆိုသည်။ ထိုပြင် အဆိုပါ သရေချပ်ဖိုးငွေများကို စာသင်ကျောင်းများ၊ အခြားသော အခြေခံ အဆောက်အဦများ ပြန်လည် တည်ထောင်ရေးအတွက် လျာထားသည် ဟုလည်း သိရသည်။ ကုရ်ဗာနီပြုလုပ်ရန် ဖောင်(လျှောက်လွှာ)များကို အောက်တိုဘာလ ၁၁-ရက်နေ့မှ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း တောင်ပိုင်းခရိုင်ဇုန် ဒလ ကမာကဆစ်ဗလီကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    အစိုးရ၏ အီဒွလ်အဿွာဟာနေ့ အများပြည်သူ အလုပ်ပိတ်ရက် ကြေညာချက်နှင့် စပ်လျဉ်းပြီး သုံးသပ်သူတစ်ဦးက “အစိုးရက ဖော်ပြတဲ့နေရာမှာ ကျွန်တော်တို့ အီးဒ်နေ့ကို ဘက္ကရီးအီးဒ်ဆိုပြီး သုံးတယ်။ ဘက္ကရီးဆိုတာမျိုးက အခြားဘာသာစကားပါ။ ဒါအင်္ဂလိပ်အစိုးရလက်ထက်မှာ သုံးခဲ့တာပေါ့။ အင်္ဂလိပ် အစိုးရရဲ့ စနက်ပါ။ ဥပမာအားဖြင့် အင်္ဂလိပ်က ကျွန်တော်တို့ကို မဟာမေဒင်လို့သုံးတယ်။ တရားရုံးဥပဒေတချို့မှာ ဒီလိုပဲရှိနေတယ်။ ဒါမှားပါတယ်။ ကျွန်တော်တို့က အစ္စလာမ်ဘာသာပါ။ ဒီလိုပဲပေါ့။ ကျွန်တော်တို့ အစ္စလာမ်က နွားအီးဒ် (ဘက္ကရီး အီးဒ်) လုပ်နေတာ မဟုတ်ဘူး။ အီဒွလ်အဿွာဟာနေ့လို့ ကြေညာရင် လုံလောက်ပါတယ်။ အီးဒ်ဆိုတာ အာရဗီဝေါဟာရအရ အစ္စလာမ့်တရားတော်က ခွင့်ပြုထားတဲ့နေ့ပါ။ မှားယွင်းတဲ့ အသုံးများ သုံးနှုန်းနေခြင်းဟာ ပြည်သူတွေကို ၀ိဝါဒကွဲပြားစေပါတယ်” ဟု ထောက်ပြပြောဆိုခဲ့ပါတယ်။

    အီဒွလ်အဿွာဟာနေ့မြတ်သည် အစ္စလာမ်ဘာသာဝင်များ၏ အထိမ်းအမှတ်နေ့များတွင် တစ်ရက်အပါအ၀င်ဖြစ်ပြီး ကုရ်ဗာနီပြုခြင်းဆိုသည်မှာ တမန်တော်ကြီး အီဗရာဟင်(အ.စ)၏ ထာဝရဘုရားရှင် အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖြင့် ပြုလုပ်သော မြတ်သော အလှူဒါနကျင့်စဉ် တစ်ရပ်ဖြစ်သည်။ ယခုအခါ အစ္စလာမ် ဆန့်ကျင်ရေး ပုတ်ခတ်လှုံ့ဆော်မှုများတွင် အီဒွလ်အဿွာဟာနေ့မြတ်နှင့် ကုရ်ဗာနီ အစီအစဉ်များကို တလွဲပုံဖော်လျက်ရှိကြပြီး ဘာသာဝင်ပြည်သူများအကြား ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်လျက်ရှိကြသည်။ အဆိုပါကိစ္စကို နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းမတ်ဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာ ပြည်သူများက လိုလားလျက်ရှိကြသည်။

    အစ္စလာမ့်အဖွဲ့ကြီးမှ ထုတ်ပြန်ကြေညာထားသော လိုက်နာရန် စည်းကမ်းချက်များ

    1

    2