News @ M-Media

အီးဒ်နေ့အတွက် လုံခြုံရေးစိုးရိမ်၊ ကုရ်ဗာနီ အလှူငွေများကို အကြမ်းဖက်ခံ ဒုက္ခသည်များကို လှူဒါန်းမည်ဟုသိရ

အောက်တိုဘာ ၁၁၊ ၂၀၁၃
M-Media
သူရိန်

img444
ရန်ကုန်   ။      ။        အောက်တိုဘာ ၉ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ အီဒွလ်အသွာဟာ နေ့မြတ်တွင် လုံခြုံရေး အပြည့်အ၀ပေးရန် တင်ပြထားခဲ့ရာ ယခုတိုင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တစုံတရာ ပြန်ကြားခြင်းမရှိသေးကြောင်း အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှလည်း ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေ။

ကုရ်ဗာနီ အလှူရှင်များအနေဖြင့် ယခုနှစ်တွင် လုံခြုံရေးကို အထူးစိုးရိမ်နေကြကြောင်း၊ ကောလဟာလများ လွှင့်ထားခြင်းများရှိကြောင်း၊ အစိုးရပိုင်းအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆိုပါနေ့တွင် လုံခြုံရေးစီမံထားသင့်ကြောင်း အစ္စလာမ်ဘာသာဝင်များ အကြား ပြောဆိုလျက်ရှိကြသည်။ အစ္စလာမ်ဘာသာသာရေး အဖွဲ့ကြီးအနေဖြင့် အစိုးရက လုံခြုံရေးအပြည့်အ၀ပေးမည်ဟု ယုံကြည်ထားသော်လည်း ကုရ်ဗာနီ အလှူရှင်များအနေဖြင့် စိုးရိမ်သောကများ ရှိနေဆဲပင်ဖြစ်သည်။

အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒွလ်အဿွာဟာ နေ့မြတ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဇုန် ၄ဇုန်ခွဲကာ ကုရ်ဗာနီစွန့်လှူမှု အလှူဒါနကို ပြုလုပ်ခွင့်ပြုကြောင်း အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ သိရသည်။ အဆိုပါ ဇုန် ၄ ဇုန်မှာ (၁) အရှေ့ပိုင်းဇုန် (ဒဂုံမြို့သစ်အရှေ့ပိုင်း-အင်းဝလမ်း ၊ စက်မှုဇုန်၊ ရွာသာကြီးအနီး)၊ (၂) အနောက်ပိုင်းဇုန် (လှိုင်သာယာမြို့နယ်-အပြင်ပဒန် ပန်းလှိုင်မြစ်ကမ်း၊ ပန်းလှိုင်တံတားဘေး-ယခင်နေရာ)၊ (၃) တောင်ပိုင်းဇုန် (ဒလမြို့နယ်၊ ကမာကဆစ်ဗလီးဝင်းအတွင်း)၊ (၄) မြောက်ပိုင်းဇုန် (ထောက်ကြန့်မြို့နယ်- ဘောလုံးကွင်းရပ်ကွက်၊ (၄) လမ်း၊ မြို့ရှောင်လမ်း- နဆင်းဘိုင် နွားခြံ) ဟု အစ္စလာမ် အဖွဲ့ချုပ်ကြီး၏ ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။

ယခုနှစ် ကုရ်ဗာနီရေးရာ ဗဟိုကော်မတီကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၅ဖွဲ့မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇုန် ၄ဇုန် အတွက် ဇုန်ကော်မတီများကိုမူ သက်ဆိုင်ရာ ဗလီအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများဖြင့် ဖွဲ့စည်းထားကြောင်း ဗဟိုကော်မတီမှထုတ်ပြန်သော ပြန်တမ်းများအရ သိရသည်။ ထို့ပြင် တာမွေမြို့နယ်တွင်လည်း မြို့နယ်အဆင့် အီဒွလ်အသွာဟာနေ့ ကျင်းပရေးကော်မတီကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် ပါဝင်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်အတွင်းရှိ ဗလီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ ပါဝင်ဖွဲ့စည်းကာ လုံခြုံရေးအစီအမံများညှိနှိုင်း ပြုလုပ်နေကြောင်း သိရသည်။

ကုရ်ဗာနီ အလှူပြုလုပ်မည့် အလှူရှင်များမှ ပေးအပ်သော သရေချပ်ဖိုးငွေများကို မိတ္ထီလာနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အဓိကထား လှူဒါန်းသွားမည်ဟု ဆိုသည်။ ထိုပြင် အဆိုပါ သရေချပ်ဖိုးငွေများကို စာသင်ကျောင်းများ၊ အခြားသော အခြေခံ အဆောက်အဦများ ပြန်လည် တည်ထောင်ရေးအတွက် လျာထားသည် ဟုလည်း သိရသည်။ ကုရ်ဗာနီပြုလုပ်ရန် ဖောင်(လျှောက်လွှာ)များကို အောက်တိုဘာလ ၁၁-ရက်နေ့မှ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း တောင်ပိုင်းခရိုင်ဇုန် ဒလ ကမာကဆစ်ဗလီကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရ၏ အီဒွလ်အဿွာဟာနေ့ အများပြည်သူ အလုပ်ပိတ်ရက် ကြေညာချက်နှင့် စပ်လျဉ်းပြီး သုံးသပ်သူတစ်ဦးက “အစိုးရက ဖော်ပြတဲ့နေရာမှာ ကျွန်တော်တို့ အီးဒ်နေ့ကို ဘက္ကရီးအီးဒ်ဆိုပြီး သုံးတယ်။ ဘက္ကရီးဆိုတာမျိုးက အခြားဘာသာစကားပါ။ ဒါအင်္ဂလိပ်အစိုးရလက်ထက်မှာ သုံးခဲ့တာပေါ့။ အင်္ဂလိပ် အစိုးရရဲ့ စနက်ပါ။ ဥပမာအားဖြင့် အင်္ဂလိပ်က ကျွန်တော်တို့ကို မဟာမေဒင်လို့သုံးတယ်။ တရားရုံးဥပဒေတချို့မှာ ဒီလိုပဲရှိနေတယ်။ ဒါမှားပါတယ်။ ကျွန်တော်တို့က အစ္စလာမ်ဘာသာပါ။ ဒီလိုပဲပေါ့။ ကျွန်တော်တို့ အစ္စလာမ်က နွားအီးဒ် (ဘက္ကရီး အီးဒ်) လုပ်နေတာ မဟုတ်ဘူး။ အီဒွလ်အဿွာဟာနေ့လို့ ကြေညာရင် လုံလောက်ပါတယ်။ အီးဒ်ဆိုတာ အာရဗီဝေါဟာရအရ အစ္စလာမ့်တရားတော်က ခွင့်ပြုထားတဲ့နေ့ပါ။ မှားယွင်းတဲ့ အသုံးများ သုံးနှုန်းနေခြင်းဟာ ပြည်သူတွေကို ၀ိဝါဒကွဲပြားစေပါတယ်” ဟု ထောက်ပြပြောဆိုခဲ့ပါတယ်။

အီဒွလ်အဿွာဟာနေ့မြတ်သည် အစ္စလာမ်ဘာသာဝင်များ၏ အထိမ်းအမှတ်နေ့များတွင် တစ်ရက်အပါအ၀င်ဖြစ်ပြီး ကုရ်ဗာနီပြုခြင်းဆိုသည်မှာ တမန်တော်ကြီး အီဗရာဟင်(အ.စ)၏ ထာဝရဘုရားရှင် အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖြင့် ပြုလုပ်သော မြတ်သော အလှူဒါနကျင့်စဉ် တစ်ရပ်ဖြစ်သည်။ ယခုအခါ အစ္စလာမ် ဆန့်ကျင်ရေး ပုတ်ခတ်လှုံ့ဆော်မှုများတွင် အီဒွလ်အဿွာဟာနေ့မြတ်နှင့် ကုရ်ဗာနီ အစီအစဉ်များကို တလွဲပုံဖော်လျက်ရှိကြပြီး ဘာသာဝင်ပြည်သူများအကြား ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်လျက်ရှိကြသည်။ အဆိုပါကိစ္စကို နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းမတ်ဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာ ပြည်သူများက လိုလားလျက်ရှိကြသည်။

အစ္စလာမ့်အဖွဲ့ကြီးမှ ထုတ်ပြန်ကြေညာထားသော လိုက်နာရန် စည်းကမ်းချက်များ

1

2

 

Comments

Leave a Reply