News @ M-Media

Tag: 8888

  • ငယ်ဘ၀ ဒဏ်ရာများ

    ငယ်ဘ၀ ဒဏ်ရာများ

    မောင်လူငယ်

    ကျနော်သည် ဒီအကြောင်းကို မပြောချင် မရေးချင်ဘဲ မေ့ထားခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီးဖြစ်သည်။ မေ့ချင်သော်လည်း မေ့မရသည် မှာ ကျနော်အသက် ၃၀ ရောက်သည်တိုင်ပင်ဖြစ်သည်။


    ထို့နေ့ရောက်တိုင်း ကျနော်ရင်မှာ ငိုမိသလို မမေ့နိုင်သော ဒဏ်ရာများလည်း အဟောင်းမှ အသစ် အသစ် ပြန်ဖြစ်ရသည်။ ကျနော် အသက် ၅ နှစ်သားအရွယ်တွင် မြန်မာသမိုင်းတွင် အထူးခြားဆုံးဖြစ်သော် ၈၈၈၈ အရေးအခင်းနှင့် ကြုံတွေ့ခဲ့ရသည်။ အသက် ၅ နှစ်သားဆိုတော့ နည်းနည်း သိတတ်နားလည်သောအရွယ်ဖြစ်သလို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းသောအရွယ်ပင်ဖြစ်သည်။ ကျနော်သည် ထိုစဉ်အရွယ်တွင် မိခင်ဘက်မှာ အဘိုးအဘွားများနှင့် အတူနေခဲ့ရပြီး အဘိုးအဘွားများ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်။ ကျနော်မိဘများသည် စကားမပြောတတ် နားမကြားသူများဖြစ်ကာ မွေးစဉ်က ကျနော် နားကြားသော်လည်း စကားပြောတတ်အောင် သင်ပေးခဲ့သူမှာ ကျနော် အဘွားနှင့် ကျနော်အဒေါ်ပင်ဖြစ်သည်။

    ဆူးလေးဘုရားလမ်းနှင့် အနော်ရထာလမ်းဒေါင့်တွင် ကျနော် ဘိုးဘွားအိမ်တွင် ကျနော်နေကာ သူငယ်တန်းကို အမက ၅ ကျောက်တံတား (ပန်းဆိုတန်းလမ်း) တွင် စတင်ကျောင်းတတ်ခဲ့ရသည်။ ညနေ ခေါင်းလောင်းထိုး ကျောင်းဆင်းချိန် ကျနော်သည် ၃၃လမ်းရှိ အဒေါ်အိမ်သို့သွားကာ ကျနော်အမနှင့် ဆော့ကစားလေ့ ရှိသည်။ လူကြီးများ၏ စကားဝိုင်းတွင် ၀င်ရောက် နားထောင်လောက်အောင် ကျနော်သည် နားမလည်ခဲ့ပါ။ တခု တော့ ကြားမိတာကတော့ (မဆလ)၊ ကလေးပီပီ ကျနော်ကြားရသော အရာကို နားမလည်ဘဲ ကျနော်အန်တီကြီးကို မေးမိသည်။ မဆလာဝယ်ပြီး ဘာလုပ်မလိုလဲတဲ့ သားကို ကျွေးမလိုလား လို ပြောလိုက်တော့ လူကြီးများက ပြုံးရယ်ကြလေသည်။

    ကျနော် အဘိုးမှာ စာရေးဆရာ ၁ဦးဖြစ်ကာ ထို့စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးလေသည်ကို ကျနော်မှတ်မိလေသည်။  ကျောင်းတက်သောအချိန်မှာ တိုတောင်းကာ ကျောင်းကို ပိတ်လိုက်ရပြီး ဆူးလေရှိ ဘိုးဘွားအိမ်တွင် ကျနော်သာ အချိန်ကုန်နေလေသည်။ ကျနော် မိခင်မှာ  ကျနော်ညီကို မွေးပြီးစ ၆လသားအရွယ် နို့တိုက်နေချိန်ဖြစ်ကာ ကျနော် အား မကြည်အားနိုင်ချေ။ ပျင်းပျင်းနှင့် အိမ်ရှေ့တံခါးနားတွင် ထိုင်ကာ ဟိုဟို ဒီဒီကြည်သော့ လူအအုပ်အုပ် အထွေထွေ ဥပဒေဟို သွားလာနေပြီး လူအုပ်ကြီး များသထက် များလာနေသည်ကို တွေ့မိသည်။

    ရှေ့တန်းတွင် ၀ါးလုံးရှည်ပေါ်တွင် အလံကို ပြောင်းပြန်လှန်ပြီး ထောင်ကာ ကိုင်ဆောင်ချီတက်ကြသည်။ ထူးခြားသည်ကား လေးထောင့်အကွက် မှန်ဘောင်တွင် လူ ၁ဦးပုံကို ကိုင်ထားသူနှင့် အလံကို ပြောင်းပြန်လှန်ထားခြင်းမရှိဘဲ နဂိုအတိုင်းကိုင်ထားသူများ အပြင် နောက်တွင် လူအုပ်ကြီးက ချီတက်နေကြသည်။ ကျနော်သည် ဓာတ်ပုံထဲက လူကို မသိပါ။ စစ်ဝတ်တန်ဆာနှင့်မျက်နှာ တည်ငြိမ်ရင်ကျက်ပုံကြောင့် ကလေးပီပီ သိလိုစိတ်ဖြစ်မိသည်။ နောက်တွင် သိရသည်မှာ အမျိုးသားခေါင်းဆောင်ကြီး မြန်မာပြည်လွတ်လပ်ရေးအတွက် အသက်စွန့်သွားခဲ့ရသော ကိုအောင်ဆန်းဖြစ်ကြောင့် သိရသည်အပြင် အလံကို မူလအတိုင်းထားကိုင်ခြင်းသည် ၁၉၄၇ အလံဖြစ်ကြောင်းလည်း သဘောပေါက်မိသည်။ လူအုပ်ထဲတွင် ကျနော်သဘောကျမိသည်မှာ ကချင်လွယ်အိတ်ကလေးနှင့် ကျောင်းသားများပင်ဖြစ်သည်။ ငယ်ရွယ်သောမျက်နှာများဖြင့် နဖူး ခေါင်းစည်းထားပြီး လက်ပတ်အနီရောင်၊ ၀ါစိမ်းရောင် ပတ်ကာ လူအုပ်များကို ဦးဆောင်နေသည်ကို အားကျမိသည်။ ပြောနေသော အော်သံ၊ ဟစ်ကြွေးသံများကို မှတ်သားထားမိသည်မှာ ဒီအသက်အရွယ်ရောက်သည်တိုင်ပင်ဖြစ်သည်။ အသံတွေကတော့ “တပါတီ အလိုမရှိ ဒီမိုကရေစီ ချက်ချင်းပေး၊ မရရင်ချ ရရင်ချ၊ သားသတ်သမား စိန်လွင်” ဟု ဟစ်ကြွေးကာ ပျံ့လွင့်နေသည်မှာ ကျနော်ပင် စိတ်ဓာတ်တတ်ကြွလာသည်။

    ကြည်နေတုန်းမှာ ပင် ကျောင်းသားကြီး တယောက်က ကလေး ဘာလုပ်နေတာတုန်း၊ ဘာလိုချင်လဲ ဟု မေးတော့ ကျနော်က “ဒေမော်ခဝေကီ” လိုချင်တယ်လို့ မပီမသ ပြောလိုက်တယ်။ သူက သဘောကျပြီး သူ အဖော်တွေကို ဟေ ဒီမှာ ကလေးက ဒီမိုကရေစီတဲ့ လိုချင်တယ်တဲ့။ ကျနော်ကို ၀ိုင်းမြှောက်ပြီး ချီပိုးနေတယ်။ ကျနော်ကို အကိုကြီးနဲ့ လိုက်မလား သွားကြည်မယ် ကလေး လို့ပြောတော့ ကျနော်လည်း လိုက်သွားတယ်။ အိမ်က စိတ်မချလို အဖော်ပါ ထည့်ပေးလိုက်တယ်။ ဆူးလေနဲ့ မြို့တော်ခန်းမဆိုတာ နီးနီးလေးပါ။ လူကြီးတွေ စိတ်ပူတာလဲ သဘာဝကျပါတယ်။ အဲဒီမှာ လူအုပ်တွေကလည်း အများကြီး လူမျိုးဘာသာတောင် မရွေးဘူး။ အော်သံတွေကလည်း အတူတူဘဲ။ “’ဒီမိုကရေစီ ချက်ချင်းပေး”တဲ့။ လူအုပ်ကြီးနဲ့ မျက်နှာချင်းဆိုင်မှာ အစိမ်းရောင် ဖျော့ဖျော့လေး ဆင်တူဝတ်ထားတဲ့ သူတွေ အများကြီးဗျာ။ သူတို့မျက်နှာတွေကလည်း ရန်ဖြစ်တော့မယ် မျက်နှာအတိုင်းဘဲ။ ကိုင်ထားတာကလည်း ကျနော်ဆော့တဲ့ သေနတ်နဲ့ အတော်ကို တူတယ်ဗျာ။ ကျနော်သေနတ်ကတော့ အတော်သေးတယ်။ ထူးတာက ကျနော်သေနတ်မှာ ဓားမတပ်ထားဘူးဗျာ။ သူတို့ထဲက ပခုံးမှာ အစက်ကလေးနဲ့ သူက ထွက်လာပြီး ဘဲနှုတ်သီးလိုလို လန်နေတဲ့ဟာကို ပါးစပ်မှာ တေ့ထားပြီး ပြောပြောနေတယ်။ ဘာတွေပြောမှန်းတောင် မသိဘူး။

    ကျောင်းသားကြီးက ကျနော်ဆီကို လာပြီး ထပ်မေးတယ် ဘာကိုလိုချင်လဲ ဒီမိုကရေစီ နောက်ပြီး ချောကလက်ပေးလိုပြောတာဘဲ။ ကျောင်းသားကြီးက ဝေးဟေးဟေးလို လက်ခုပ် ဖြောင်းဖြောင်းတီးနေပြီး သူက မြေပဲအချိုတောင့် ပေးတော့ ကျနော်စားတယ်။ နောက်တော့ ကျနော် တသက် မမေ့နိုင်တဲ့ ဖြစ်ရပ်လေးက အဲဒီမှာ ဖြစ်ခဲ့ပါတယ်။ ကျနော်ကို မုန့်လေးပေးတဲ့အကိုကြီးက ပေးပြီး ခြေလှမ်း ၃၊ ၄လှမ်း လျှောက်တာ ဒီအချိန်မှာ စစ်တပ်က ပစ်လိုက်တာ မုန့်ကျွေးတယ် အကိုကြိးရဲ့ ရင်ဝကို မှန်ပြီးနေရာမှာတင်လဲသွားတယ်။ အဖြူရောင် အင်္ကျီပေါ်မှာ အနီရောင်တွေ တဖြည်းဖြည်း လွှမ်းလာသလို အကိုကြီးရဲ့ မျက်လုံးက ကျနော်ကို ကြည်နေပြီး လူအုပ်ကြီးက အလဲလဲ အကွဲကွဲဖြစ်ကာ ကျနော်ကို ချီပြီး ပြေးလာသလို ကျနော်အိမ်ကိုလည်းအရောက်ပို့ပေးတယ်။

    ကျနော်တောင် ကလေးပီပီ ငိုမိတယ်။ အကိုကြီးရဲ့ မျက်လုံးတွေက ပြောနေတာက ဘယ်တော့မှ မမေ့ပါနဲ့တဲ့။ ဘိုးဘွားများကို ကျနော်မေးမိတယ်။ သား သေနတ်က ပစ်လိုက်တိုင်း  ရောင်စုံမီးဆလိုက်တွေ ထွက်ပြီး ဟို အစိမ်းရောင်ဝတ်တဲ့သူက ပစ်လိုက်တာ သားကို မုန့်ပေးတဲ့ အကိုကြီး ရင်ဝမှာ အနီရောင်တွေထွက်လာတာ ဘာလို့လဲလို မေးတော့ ဘိုးဘွားတွေက ဘာမှမပြောနိုင်အောင် မျက်နှာမှာ စိတ်မကောင်းဖြစ်တဲ့အမူအရာကို မြင်ရသလို အကိုကြီးရဲ့လဲကျသွားတဲ့ပုံစံဟာ ဒဏ်ရာတခုလို့ ဒီအရွယ်ရောက်တဲ့အထိ ဘယ်လိုမှ မမေ့နိုင်ခဲ့ပါ။ ကျနော်ကဲ့သို့ ကြုံတွေ့ခဲ့ရသူများလည်း ကျနော်ကဲ့သို့ ဖြစ်မည်ကို ခံစားမိပါသည်။

    နိဂုံးချုပ်ဆိုရသော် ကျနော်သည် ထို့ကဲ့သို့သောဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာမည်ကို ကျနော်စိုးရိမ်မိသည်။ မည်သူကိုမျှလည်း မမုန်းသလို ကျနော်အား မုန့်ကျွေးခဲ့သော ကျောင်းသားကြီး၏ လဲကျနေသောပုံစံပေါင်းများစွာကို မမြင်တွေ့လိုတော့သလို နောက်မျိုးဆက်သစ်များကိုလည်း ဒဏ်ရာများ မပေးချင်သည်မှာ ကျနော်ရင်ထဲက ဆန္ဒပင်ဖြစ်သည်။

  • ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြို အထိမ်းအမှတ် အခမ်းအနားကျင်းပ (မန္တလေး)

    ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြို အထိမ်းအမှတ် အခမ်းအနားကျင်းပ (မန္တလေး)

    သြဂုတ်လ၊ ၈ ရက်၊ ၂၀၁၂

    M-Media

    သတင်း/ဓါတ်ပုံ- ပြည့်ပြည့်

    ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနားကို မနေ့က ၈.၈.၂၀၁၂ ရက်နေ့တွင် မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက် ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

    အခမ်းအနားသို့ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ တို့နဲ့အတူ ကျောင်းသားခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ၈၈-မျိုးဆက်များ၊ NLD အဖွဲ့ဝင်များ၊ အခြားအဖွဲ့အစည်းများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့်အတူ ဘာသာပေါင်းစုံမှ လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်။

    အခမ်းအနားကျင်းပရာ ကျောင်းဆောင်အပေါ်ထပ်တွင် ၈၈ အရေးတော်ပုံကာလ ပုံရိပ်များ၊ ထုတ်ဝေခဲ့သော စာစောင်များ၊ မှတ်တမ်းဓါတ်ပုံများကို ပြခန်းပြုလုပ်ခင်းကျင်းပြသထားပြီး Performance ပြုလုပ်ရန်အတွက် အောက်ထပ်ကျောင်းဆောင်ရှေ့တွင် ခင်းကျင်းထားကြောင်း သိရပါတယ်။

    အခမ်းအနားကို ပထမဦးစွာ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပြီး ရေစက်သွန်းချအမျှဝေပြီး ထို့နောက် ဒုတိယပိုင်း အစီအစဉ်အဖြစ် ဆွေးနွေးပွဲ အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတိုးတက်ရေး အတွက် ဘယ်လိုပူးပေါင်းပါဝင်ကြမလဲဆိုပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများရဲ့တင်ပြချက်များကို ၈၈-ကျောင်းသားခေါင်းဆောင်များမှ ပြန်လည်ဆွေးနွေးပေးကြပြီး တတိယပိုင်းအစီအစဉ်အနေဖြင့် ရှစ်လေးလုံးအရေးတော်ပုံအတွင်းကျဆုံးသွားကြသော ဘာသာဝင်အသီးသီးမှ ရဲဘော်များအားရည်စူး၍ ဘာသာပေါင်းစုံမှ စုပေါင်း၍ သက်ဆိုင်ရာဘာသာအလိုက် တောင်းဆုပြုကြပြီး စတုတ္ထ အစီအစဉ်အရ Performance ကို ပြသပြီး အခမ်းအနားကို ရပ်နားလိုက်ကြကြောင်း သတင်းရရှိပါတယ်။

     

    တက်ရောက်လာသူ ၈၈-မျိုးဆက် အများစုကတော့ လွန်ခဲ့တဲ့ ၂၄-နှစ်တာကာလအတွင်းမှာ ပထမဦးဆုံးအကြိမ် ပြန်လည်ပြုလုပ်နိုင်တဲ့ အထိမ်းအမှတ်အခမ်းအနားဖြစ်သလို၊ စုစည်းညီညွတ်စွာတွေ့ရတာကြောင့် မဖော်ပြနိုင်အောင် ပီတိဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။

    ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနား အခမ်းအနားတက်ရောက်ခဲ့သူ တစ်ဦးမှလည်း “ဒီနေ့ ကျွန်မမြင်တွေ့ခဲ့ရတာ မွတ်စလင်တွေလည်း တော်တော်များတယ်၊ ပြီးတော့ ရန်ကုန် NLD က မွတ်စလင်မ်တွေ၊ ပြင်ဦးလွင်၊ စစ်ကိုင်းနဲ့ မန္တလေးဝန်းကျင်က မွတ်စလင်တွေလည်း တက်ရောက် ပါဝင်လာတာတွေ့ရတယ်၊။ နောက်ပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက်ကြိုးပမ်းကြသူတွေထဲမှာ မွတ်စလင်မ်တွေပါဝင်နေတာလည်းတွေ့ရတယ်။

    မွတ်စလင်မ်တွေအနေနဲ့ တိုင်းပြည်အကျိုးအတွက် ခေတ်အဆက်ဆက် ဘယ်တော့မှ နောက်ချန်မနေရစ်ပဲ ပါဝင်ဆောင်ရွက်ခဲ့ကြသလို ပြီးခဲ့တဲ့ ၂၄-နှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ နိုင်ငံ့သမိုင်းဝင်နေ့ အစီအစဉ်မှာလည်း တက်ကြွစွာ ပါဝင်ခဲ့ကြတာတွေကိုမြင်ရတော့ ကျွန်မအလွန်ကို ကြည်နူးဝမ်းသာမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အခမ်းအနားလေးကို ကျွန်မကျေနပ်တယ်။”ဟူ၍ M-Media သို့ ပြောကြားခဲ့ပါတယ်။

     

     

  • ကျွန်မရဲ့ သူရဲကောင်း (ရှစ်လေးလုံးနှစ်ပတ်လည် အမှတ်တရ)

    ပသီ ဝိုင်းဝတ်ရည်မြင့်

    ၈၊၈၊၂၀၁၂

        မိတ်ဆွေအပေါင်းအသင်းနဲ့ဆက်ဆံတဲ့အခါမှာ၊ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာတဲ့အခါမှာ စိတ်ရှည်ပါ၊ သည်းခံခွင့်လွှတ်ပါ၊ မတူညီရင် ညှိကြည့်ပါ၊ မရရင် ဥပက္ခာပြုလိုက်ပါ။ လူတွေကို မိတ်ဆွေမဖြစ်ချင်နေပါစေ ရန်သူမဖြစ်ပါစေနဲ့။ မနာလိုဝန်တိုစိတ်ဟာ ကိုယ့်ဘဝတစ်ခုလုံး ချောက်ထဲကျအောင် တွန်းပို့တတ်တယ်။ ဒါကြောင့် အဲဒီစိတ်နဲ့ဝေးအောင်ရှောင်ပါ။ မာနထား မလွဲမှားပါစေနဲ့။ မခံချင်စိတ် မလွဲမှားပါစေနဲ့။  (ပသီမာလာဆွေ)

    သမီးကျောင်းတက်တဲ့တလျှောက်လုံး အိမ်မှာဆိုရင်တော့ မေမေက သမီးရဲ့ဆရာမပဲပေါ့။ မှတ်မှတ်ရရ သမီး  ၄-တန်း (စတုတ္ထတန်း) ကျောင်းသူဘ၀တုန်းကလေ။ အဲဒီတုန်းက ၁၉၈၈-ခုနှစ်၊ မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို တွန်းလှန်ကြတဲ့ ပြည်သူ့ဆန္ဒတွေ ထုတ်ဖော်ပြလာကြတဲ့ ၈၈-အရေးခင်းဆိုတာ ဖြစ်ပေါ်တဲ့အချိန်ပေါ့။ သမီးတို့ကျောင်းတွေ ဖွင့်ပြီး သိပ်မကြာဘူး။ အရေးအခင်းဖြစ်တာကြောင့် ကျောင်းတွေပိတ်လိုက်တယ်လေ။ အဲဒီအချိန်တွေဟာ သမီး ဘ၀အတွက် ပိုပြီးအမှတ်တရ ဖြစ်စေခဲ့တယ်။ မေမေရဲ့တိကျပြတ်သား ခိုင်မာမှုနဲ့ ရဲရင့်တဲ့သတ္တိအပြည့်ရှိတဲ့စိတ်ဓါတ် တွေကို သမီးမြင်တွေ့ခဲ့ရတဲ့အချိန် ဆိုလည်း မမှားပါဘူး။ အဲဒီအချိန်က သမီးတို့က အိမ်ငှားဘ၀နဲ့နေကြရတဲ့အချိန်လေ။ ဆန္ဒပြမှုတွေ စီတန်းလှည့်လည်မှုတွေ လုပ်ကြတော့ သမီးက လိုက်ကြည့်ရင်းနဲ့ အိမ်ကနေ မန္တလေးဘူတာကြီးရှေ့ ဆေးရုံကြီးနားအထိ ရောက်သွားခဲ့တယ်။ အဲဒီကနေမှ အိမ်ကိုပြန်လာတော့ မေမေက သမီးကို ဘာပြောခဲ့လဲ။ နောက်ကို အဲလိုအဝေးကြီးထိ လိုက်မသွားဖို့ကို သမီးနားလည်အောင်ပြောပြခဲ့ပြီး အဲလို သွားရကောင်းလားလို့ မဆူခဲ့ဘူးနော်။ နောက်ရက်တွေမှာ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်လာတဲ့အချိန် မေမေက သမီးတို့ကို အစ်မ၀မ်းကွဲနဲ့အိမ်မှာထားခဲ့ပြီး အဲဒီဆန္ဒပြမှုတွေမှာ ဂီတအစည်းအရုံး(မန္တလေး)ရဲ့ စစ်ကြောင်းဆိုတာကနေ ပါဝင်တာကိုသမီးသိလာရတယ်။

    မေမေက မြန်မာ့အသံမှာ တေးသံရှင် တစ်ယောက်ဖြစ်တော့ ဂီတအစည်းအရုံးအသင်းဝင်တစ်ယောက်လည်းဖြစ်တာပေါ့။ အဲဒီဆန္ဒပြပွဲတွေနောက်မှာ တရားဟောပွဲတွေပါရှိလာတယ်။ သမီးမှတ်မိတာက ညနေဘက်ဆို ဘုရားကြီး (၄၅-တာ)ကွင်းထဲမှာ တရားပွဲတွေလုပ်ကြတာလေ။ အရှေ့ (၄၅-တာ)၊ အနောက်(၄၅-တာ)မှာ လူတွေဆိုတာ ကွင်းအပြည့်ပဲ။ ညနေတိုင်း မေမေက သမီးကိုခေါ်သွားခဲ့တာ သမီးအမှတ်ရတယ်။ တစ်နေ့တော့ မေမေရယ် သမီးရယ် အရှေ့(၄၅-တာ)ကနေ အနောက်(၄၅-တာ)ကို ရောက်သွားတော့ မထင်မှတ်ပဲ ဖေဖေ့ကိုလည်း တွေ့လိုက်ကြရ တယ်။ အဲဒီတော့မှ ဖေဖေရောမေမေရောဆုံပြီး ရီလိုက်ကြတာ။ ဖေဖေကလည်း အလုပ်ကနေလာတာ။ မေမေကလည်း အိမ်ကနေလာတာ ဟိုမှာ သွားဆုံနေကြတာလေ။ နောက်ပိုင်း သမီးပိုသိလာတဲ့အချိန်မှာ မေမေဟာ စင်မြင့်ထက်ပေါ်မှာ တရားဟောသူနေရာရောက်နေပြီ။ အဲဒီအချိန်မှ သမီးသိလာရ တာက မေမေဟာ ဟိုးအရင်ကတည်းက နိုင်ငံအရေးတွေမှာ စိတ်ဝင်စားစွာပါဝင်နေခဲ့တယ်ဆိုတာကို သေချာသိရတော့တယ်။

    ပထမပိုင်းမှာတော့ တရားပွဲစီစဉ်သူတွေက ဂီတအစည်းအရုံးကိုဖိတ်တယ်။ ဂီတအစည်းအရုံးကမှ တစ်ယောက်တစ်လှည့်စီ လွှတ်တယ်။ နောက်ပိုင်းမှာတော့ တရားဟောပွဲစီစဉ်သူတွေက ‘တေးသံရှင် ဇာဇာမိုးမင်း’ဆိုတဲ့ မေမေ့နာမည် တပ်ပြီးဖိတ်ကြတော့ မေမေက ပင်တိုင်ပြောဟောရတော့တယ်ဆိုတာလည်း သမီးသိခဲ့ရတယ်။ ဒါတွေ အားလုံးမှာ မေမေရဲ့ လက်ဦး ဆရာကတော့ သမီးရဲ့ဖိုးဖိုး မေမေ့ရဲ့ချစ်ဖခင် ပသီဦးကိုကိုလေးပေါ့။ အဲဒီနောက်မှာတော့ ဖေဖေဟာလည်း မေမေရဲ့ ပါရမီဖြည့်ဖက်ပီသစွာ မေမေရဲ့တရားပွဲမှန်သမျှကို လိုက်ပါပြီးအားပေးကူညီခဲ့တယ်။ မေမေနယ်တွေထိ တရားဟော သွားရရင် အိမ်မှာက အစ်မ၀မ်းကွဲရယ်၊ သမီးတို့ ညီအစ်မ(၂)ယောက်ရယ်ပဲရှိကြတော့ အဖွားရယ်၊ အဒေါ်တွေရယ်က တစ်လှည့်စီ လာနေပေးကြတယ်။ အဲဒီအချိန်က လမ်းပန်းဆက်သွယ်ရေးက မလွယ်ကူသေးတော့ မေမေသွားရတဲ့ ခရီးတွေက ကြမ်းတမ်းတယ်။ ဒါပေမယ့် မေမေကတော့ အပြုံးမပျက် အပင်ပန်းခံပြီး သွားလာနေတယ်။ ဖေဖေကလည်း ပါရမီဖြည့်ဖက်ပီသစွာ အပြုံးမပျက် မေမေ့ဘေးကနေ အားပေးခဲ့တာတွေကိုလည်း သမီးမှတ်မိပါတယ် မေမေရယ်။

    မေမေဟောခဲ့တဲ့ တရားပွဲပေါင်း (၁၀၀)ကျော်မှာ သမီးလိုက်ခဲ့ဖူးတဲ့ ၃-ပွဲနဲ့ သွားကြည့် နားထောင်ခဲ့တာ ၁-ပွဲပဲ ရှိတယ်မေမေ။ မဟာမြတ်မုနိဘုရားကြီးရဲ့တောင်ဘက်  တမ္ပ၀တီရပ်နဲ့ ကျွန်းလုံးဥသျှောင် ရပ်ကွက်ရယ်၊ အ-ထ-က(၇)မှာ ဟောခဲ့တဲ့ မေမေ့ရဲ့ဟောပြောမှုတွေကိုတော့ သမီးလိုက်နားထောင် ကြည့်ခွင့်ရခဲ့ဖူး တယ်လေ။ နောက်တစ်ပွဲကတော့ သမီးတို့ရဲ့ ဘေးရပ်ကွက်မှာဟောတဲ့အခါ အစ်မ၀မ်းကွဲနဲ့သမီးရယ်၊ သမီးတို့အိမ်ရှင် အန်တီကြီးတို့မိသားစုရယ်နဲ့ လာကြည့် နားထောင်ဖူးခဲ့တာပါမေမေ။ စင်ပေါ်မှာ မာန်သတ္တိအပြည့်၊ ကြည်လင် ပြတ်သားတဲ့အသံ၊ မေမေ့ရဲ့ဟန်ပန်ကို သမီးအားကျခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုလက်ခုတ်သံတွေကိုလည်း မေမေ့အတွက် သမီးဂုဏ်ယူခဲ့ဖူးတယ်မေမေ။

    အဲဒီထက် အမှတ်ရတာတွေလည်း ရှိသေးတယ်မေမေ။ မှတ်မှတ်ရရ စစ်အာဏာသိမ်းတယ်ဆိုတဲ့ညကပေါ့။ မေမေနဲ့ ဖေဖေက ခါတိုင်းလိုပဲ တရားဟောပွဲသွားတော့ အစ်မ၀မ်းကွဲရယ်၊ သမီးရယ်၊ ညီမလေးရယ်ပဲ အိမ်မှာရှိကြတာပေါ့။ အဲဒီအချိန်မှာ ၀ုန်းဒိုင်းနဲ့ ဆူညံတဲ့အသံတွေ ကြားရတယ်။ ပြီးတော့ တဒိုင်းဒိုင်းနဲ့ အသံတွေကြားရတယ်။ သမီးတို့လည်း ဘာတွေမှန်းမသိခဲ့ဘူး။ အဲဒီအချိန်မှာပဲ အိမ်ရှင်အန်အယ်လ်ကြီးနဲ့အန်တီကြီး(အားလုံးက အန်ကယ်လ်ကြီးနဲ့အန်တီကြီးပဲ ခေါ်ကြတယ်လေ)ရဲ့ သမီးက အိမ်ပေါ်ပြေးတက်လာပြီး သမီးတို့တွေကို ကလေးတွေ ကြမ်းပြင်ပေါ်မှာ ငြိမ်ငြိမ်လေး ၀ပ်နေကြ။ စစ်တပ်အာဏာသိမ်းလို့ သေနတ်တွေပစ်နေပြီဆိုပြီး အဲဒီအန်တီက သမီးတို့နဲ့အတူ လာနေပေးခဲ့တယ်။ အဲဒီတော့မှ သေနတ်သံဆိုတာသမီးကြားဖူးခဲ့တယ်။ ဘာမှန်းတော့မသိဘူး စစ်တပ်အာဏာသိမ်းတယ်ဆိုတာလည်း ကြားဖူးလိုက်တယ်။ နောက်တော့ အဲဒီညမှာပဲ လမ်းတွေလည်း အားလုံးပိတ်လိုက်ကြတယ်တဲ့။ လမ်းတိုင်းလမ်းတိုင်းမှာ သစ်တုံးတွေ၊ သစ်ပင်တွေ၊ ပစ္စည်းတွေပုံပြီး လမ်းတွေမှာ ကားတွေ သွားမရအောင်ပိတ်လိုက်ပြီလို့ ကြားရတော့ အိမ်ပြန်မလာသေးတဲ့ ဖေဖေနဲ့မေမေအတွက် သမီးစိတ်ပူမိတယ်။ မိုးလင်းခါနီးအချိန်မှာတော့ အိမ်ရှေ့က ဆူဆူညံညံ အသံတွေကြောင့် သမီးလည်း နိုးသွားခဲ့တယ်။ အိမ်ရှင်အန်တီကြီးတို့ကလည်း အိမ်ရှေ့မှာရပ်နေတာ တွေ့ရတယ်။ အဲဒီမှာ ဖေဖေနဲ့မေမေကိုလည်း အိမ်ပေါ်ကနေ သမီးလှမ်းမြင်လိုက်ရတယ်လေ။

    ဖေဖေ မေမေတို့နဲ့အတူ တစ်ခြားသူ ၄-၅ ယောက်လည်းတွေ့ရတယ်။ ဘာတွေပြောနေလည်းတော့ သမီးမကြားရဘူး။ ခဏနေတော့ အိမ်ရှင်အန်တီကြီးက အဲဒီသူတွေကို ကျေးဇူးတင်ပါတယ်လို့ပြောတာ ကြားလိုက်တယ်။ သူတို့တွေလည်း ပြန်သွားတယ်။ ဖေဖေမေမေတို့လည်း အိမ်ပေါ်တက်လာကြတယ်။ အိမ်ရှင် အန်အယ်လ်ကြီးတို့လင်မယားရော၊ သူတို့သမီးရော၊ အိမ်အောက်ထပ်က အိမ်ငှား မိသားစုရော အကုန်လုံး အိမ်ပေါ်ရောက်လာကြတယ်။ အိမ်ပေါ်ရောက်တော့ မေမေ့ကို ၀ိုင်းဝန်းပြီးမေးကြတော့တာပေါ့။ ဖေဖေက အားလုံးကို ပြောပြနေတယ်။ အိမ်ရှင်အန်တီကြီးက မာမာရယ် … စိတ်ပူလိုက်ရတာ လို့ပြောတာကိုတော့ မှတ်မိတယ်။ မာမာဆိုတာ မေမေ့နာမည်က (ပသီ)မာလာဆွေဆိုတော့ အားလုံးက မာမာလို့ခေါ်ကြတာလေ။ ဖေဖေပြောပြတာကိုလည်း သမီးနားထဲမှာ အခုထိစွဲနေတုန်းပဲ။ စစ်အာဏာသိမ်းလို့ သေနတ်စပစ်တဲ့အချိန်က မေမေက စင်ပေါ်မှာ တရားဟောနေတဲ့အချိန်။ သေနတ်လည်းပစ်ရော တရားပွဲနားထောင်သူတွေက ရုတ်ရုတ်သဲသဲဖြစ်ပြီး ထပြေးကြတော့မလို ဖြစ်ကုန်တဲ့။ မေမေကပြောတယ် ‘မပြေးကြပါနဲ့ မှန်စရာရှိရင် စင်ပေါ်က ကျွန်မကို အရင်မှန်မှာပါ’ လို့ ပြောလိုက်တယ်။ အဲဒီမှာ လူတွေလည်း ပြန်ထိုင်ကုန်ကြတယ်တဲ့။ အဲလိုပြောလိုက်တဲ့အချိန်မှာပဲ ဟောပြောပွဲက တာဝန်ရှိ လူငယ် ၂-ယောက် စင်ပေါ်တက်သွားပြီး မေမေ့ရဲ့ ဘေးတစ်ဘက်စီကနေ ရပ်ပေးနေကြတယ်။

    မေမေကလည်း တရားကို ပြီးဆုံးအောင် ဆက်ဟောခဲ့တယ်။ အဲဒီတရားပွဲပြီးတော့ လမ်းတွေ ပိတ်နေတော့ ခါတိုင်းလို စက်ဘီးနင်းပြီး ပြန်လာလို့မရတော့ဘူး။ လမ်းတိုင်းလမ်းတိုင်းမှာ ပိတ်ဆို့မှုတွေနဲ့ လူငယ်တွေ ကင်းစောင့်နေကြတယ်။ အဲဒါ ကင်းစခန်း အဆင့်ဆင့် တစ်ဆင့်ပြီးတစ်ဆင့် လိုက်ပို့တာကြောင့် စက်ဘီးတွန်းပြီး ခြေကျင်လျှောက်လာကြရတာကြောင့် အခုလို နောက်ကျသွားကြကြောင်း၊ သမီးတို့တွေကို စောင့်ရှောက်ထားလို့ ကျေးဇူးတင်ကြောင်းပြောတယ်။ အိမ်ရှင်တွေ အောက်ထပ်က အိမ်ငှားတွေကလည်း ကိုယ့်မိသားစုတွေပဲ ဒါတွေပြောစရာမလိုဘူး။ မာမာ နောက်လှည့်မကြည့်နဲ့ ကိုယ်လုပ်စရာရှိတာဆက်လုပ်လို့ပြောတာကိုလည်း သမီးမှတ်မိပါတယ်မေမေ။ အဲဒါတွေက သမီးမျက်စိနဲ့မြင်ပြီး နားနဲ့ကြားခဲ့ရတဲ့ သမီးဂုဏ်ယူခဲ့တဲ့ မေမေ့ရဲ့ အကြောင်းတွေပေါ့။

    နောက်ထပ် မှတ်မိတာတွေလည်း အများကြီးရှိသေးတယ်မေမေ။ မေမေ့ကို ဖမ်းဆီးဖို့ အိမ်မှာလာရှာကြတာ တွေလည်း အခုထိ မျက်စိထဲမှာ ပြန်လည်မြင်ယောင်နေတုန်းပါပဲ။ အဲဒါတွေကိုလည်း သမီးမှတ်မိသလောက်ပြောဦးမယ် မေမေရယ် ……။

    × × × × × × × × ×

    တစ်နေ့ …. ဖေဖေက အလုပ်သွားနေတဲအချိန် …. မေမေက အပြင်သွားနေတဲ့အချိန် …… သမီးနဲ့ ညီမလေးက အိမ်ရှေ့ဝရန်တာမှာ ကစားနေကြတဲ့အချိန်ပေါ့။ အိမ်ရှေ့မှာ ကားတစ်စီးရပ်လာတယ်။ ကားပေါ်ကနေ ယူနီဖောင်း ၀တ်ထားတဲ့လူတစ်စုဆင်းလားတယ်။ ယူနီဖောင်းကတော့ စစ်ယူနီဖောင်းလား ရဲယူနီဖောင်းလား သမီး မမှတ်မိဘူးမေမေ။ အဲဒါနဲ့ အိမ်ရှင်အန်တီကြီးက ဘာကိစ္စရှိလို့လဲလို့မေးတော့ ဒီအိမ်ကို ရှာချင်လို့တဲ့။ အိမ်ရှင်အန်တီကြီးက ဒီအိမ်က ကလေးတွေပဲရှိတယ် လူကြီးတွေ မရှိဘူးလို့ပြောတော့ သူတို့ကဘာမှ မပြောပဲ အိမ်ပေါ်ကို တက်လာကြတယ်။ အိမ်ရှင်အန်တီကြီးကလည်း နောက်ကနေလိုက်တာတယ်။ အဲဒီလူတွေက အိမ်ပေါ်တက်လာပြီး ဖိနပ်လည်းမချွတ်ကြပဲ အိမ်ထဲထိဝင်ပြီး သမီးတို့ အိပ်တဲ့နေရာတွေထိ ဖိနပ်တွေနဲ့တက်ကြတယ်။ အဲဒီမြင်ကွင်းကိုမြင်ရတော့ သမီးလေ အဲဒီလူတွေကို တစ်ခုခုလုပ်ပစ်ချင်စိတ်တွေဖြစ်ပေါ်လာတယ်။

    သူတို့က တစ်အိမ်လုံးလည်း လျှောက်ရှာဖွေမွှေနှောက် လိုက်ကြတာ အလွန်ပဲ။ အဲဒါနဲ့ အစ်မကို မေးမိတယ်။ သူတို့က ဘာလုပ်တာလဲဆိုတော့ အစ်မကပြောတယ် အန်တီမာ့ကို ဖမ်းဖို့လာတာတဲ့။  မေမေ့ကိုဖမ်းဖို့လာတာဆိုတော့ မေမေသာ ပြန်လာလိုက်ရင် ဖမ်းမိသွားမှာလည်းစိုးရိမ်နေမိတယ်။ သမီးလေ သူတို့ကို ကြောက်တာလား၊ နာကြည်းတာလား၊ စိတ်ထဲမှာ ဘယ်လိုဖြစ်လည်းတော့ မမှတ်မိဘူးမေမေ။ သူတို့ကိုပဲ သေချာလိုက်ကြည့်နေမိတယ်။ ပြီးတော့ အိမ်ရှေ့ကိုကြည့်လိုက်နဲ့ပေါ့။ အဲဒီအချိန်မှာပဲ အိမ်ရှင်အန်ကယ်ကြီးက အိမ်ရှေ့မှာရပ်ထားတဲ့ စက်ဘီးလေးကို ဖျတ်ခနဲဆွဲပြီးထွက်သွားတာတွေ့လိုက်တယ်။ သိပ်မကြာပါဘူး အိမ်ရှင် အန်ကယ်လ်ကြီး ပြန်ရောက်လာတယ်။ အိမ်ပေါ်မှလည်း ပစ္စည်းတွေက ပွလန်ကြဲနေတာပဲ။ ခဏနေတော့ ဟိုလူတစ်စုပြန်သွားကြတယ်။

    အန်တီကြီးကလည်း ကဲ … သမီးတို့ ဘာမှစိတ်မပူနေကြနဲ့။ ရှင်းစရာရှိတာ ရှင်းကြဆိုပြီး သူကိုယ်တိုင်လည်း ပစ္စည်းတွေကို စုစည်းရှင်းလင်းပေးတယ်လေ။ ဟိုလူတွေ ကားနဲ့ထွက်သွားမှ အန်ကယ်ကြီးလည်း အိမ်ပေါ်တက်လာတယ်။ ပြီးတော့ သူကပြောပြတယ်။ ခုနက မာမာ ပြန်လာတာ …. လမ်းထိပ်ကနေ ကွေ့ဝင်လာတာ။ ငါလည်း ချက်ချင်းလှမ်းမြင်လိုက်တာနဲ့ စက်ဘီးဆွဲပြီး ချက်ချင်းသွားပြောလိုက်တာ။ တော်သေးတယ်။ ‘မာမာ’ ချက်ချင်း ပြန်လှည့်ထွက်သွားတယ်။ သူတို့တွေ ဘယ်သူမှ မသိလိုက်ကြဘူးတဲ့။ အဲဒီနောက်ပိုင်းရက်တွေမှာလည်း သူတို့တွေ ခဏခဏလာကြတယ်။ ဒါပေမယ့် အမြဲတမ်း လိုလိုပဲ မေမေ ထွက်သွားတဲ့အချိန်၊ မေမေမရှိတဲ့အချိန်ပဲ ဖြစ်ဖြစ်နေတော့ မေမေ့ကို ဖမ်းမမိကြဘူး။ အဲဒီအချိန်က အဖမ်းအဆီးက တအားကြမ်းတယ်တဲ့။

    နိုင်ငံရေးလုပ်သူတွေကို ဖမ်းပြီးရင် နှိပ်စက်တာ တော်တော်ဆိုးဝါးတယ်တဲ့။ ကျင်းတူးပြီး ကျင်းထဲမှာရပ်ခိုင်းပြီး ခါးတစ်ဝက်လောက်ထိ အင်္ဂတေ ကိုင်ထားတာမျိုးထိ လုပ်တယ်တဲ့။ အဲဒီလို အခြေအနေမျိုးတွေကြောင့် အဝေးတစ်နေရာမှာသွားပြီးရှောင်နေဖို့ မေမေ့ကို အားလုံးက တိုက်တွန်းကြတယ်။ ဒါပေမယ့် မေမေက မရှောင်ချင်ဘူးဆိုပြီး နေ့ခင်းဘက်ဆို တရားဟောပြောပွဲ ကိစ္စတွေအတွက်သွား ညမိုးချုပ်မှအိမ်ပြန်အိပ်လုပ်ရတော့တယ်။ ဒီနေရာမှာ သမီးတစ်ခုမှတ်မိသေးတယ်မေမေ။ သမီးတို့ နေတဲ့အိမ်ရဲ့နောက်က ဘုန်းကြီးကျောင်းဝင်းကြီးလေ။ ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေကလည်း ဖေဖေမေမေ တို့ကို တအားခင်တယ်။ ညပိုင်းဆို အိမ်အောက်ထပ်မှာ လူတွေအများကြီးပဲ ၀ိုင်းထိုင်ပြီးစကားတွေပြောကြတယ်။ ဘုန်းကြီးကျောင်းထဲက ဘုန်းတော်ကြီးတွေလည်းပါတယ်။ အဲဒီ စကားတွေ ထိုင်နားထောင်တဲ့အထဲမှာ သမီးလည်းပါတယ်နော်မေမေ။ ဘုန်းတော်ကြီးတွေပြောတာလည်း သမီး မှတ်မိတယ်။ ‘ဒကာကြီးနဲ့ ဒကာမကြီး … ညရေးညတာအတွက် ဘာမှ မစိုးရိမ်နဲ့။ ညအချိန်မတော် တံခါးလာခေါက်ရင် ချက်ချင်းဖွင့်မပေးနဲ့။ ဒကာမကြီး အိမ်နောက်ဖေးကနေ ကျုပ်တို့ ဘုန်းကြီးကျောင်းထဲ ခုန်ချလာခဲ့။ ဦးဇင်း ကျွန်မပါလို့သာပြောပြီး ကျုပ်တို့ဆီ တံခါးသာ ခေါက်လိုက် …။ ဒကာမကြီးတို့နောက်ဖေးအုတ်တံတိုင်း ကျုပ်တို့ ဘုန်းကြီးကျောင်းထဲမှာ လှေကားထောင်ထားပေးမယ်။ ခုန်သာချလာခဲ့လိုက်၊ ဒီကောင်တွေ တကယ်သတ္တိရှိရင် ကျုပ်တို့ ဘုန်းကြီးကျောင်းထဲ လာရဲ လာကြည့်ပါစေ’တဲ့ … တကယ်လည်း သူတို့ပြောသလို ဘုန်းကြီးကျောင်းဘက်မှာ လှေကားထောင်ထားပေးခဲ့တယ်။

    အဲဒီနောက်ပိုင်းတွေမှာ အိမ်ကိုလာပြီး ရှာဖွေမှုတွေများလာတော့ အားလုံးကလည်း မေမေ့ကို အဝေးတစ်နေရာမှာ သွားနေကြဖို့တိုက်တွန်းကြ တော့တယ်။ ဒါနဲ့ပဲ မေမေလည်း အိမ်ကနေ အဝေးကို ခဏသွားနေဖို့ လုပ်တော့တယ်နော်။ ဒီလိုနဲ့ တစ်နေ့ကျတော့ ဖေဖေရယ် သမီးရယ်က စက်ဘီးတစ်စီး၊ မေမေရယ် ညီမလေးရယ်က စက်ဘီးတစ်စီးစီနဲ့ သမီးတို့ထွက်ခဲ့ကြတယ်။ မှတ်မှတ်ရရ အဲဒီအချိန်က သမီးတအားပျော်ခဲ့တယ်။ ဘာလို့လဲသိလားမေမေ။ ဖေဖေနဲ့မေမေက စက်ဘီးတွေကိုယ်စီ နင်းပြီး သမီးတို့မိသားစုလေးယောက်လေ ပျော်ပွဲစား ထွက်လာသလိုပဲ မန္တလေးကနေ ပုလိပ်ထိ စက်ဘီးနဲ့ သွားခဲ့ကြတာလေ။ မြစ်ငယ်တံတားပေါ်စက်ဘီးဖြတ်နင်းကတော့ သမီးမှာပျော်လိုက်တာမေမေရယ်။ ပုလိပ်က ဦးလေးနဲ့ အဒေါ်ဝမ်းကွဲအိမ်ရောက်တော့ သမီးတို့တွေကို ထားခဲ့ပြီး ဖေဖေကတော့ နောက်တစ်ရက်မှာ မန္တလေးကိုပြန်သွား တယ်လေ။ သမီးတို့ညီအစ်မ ၂-ယောက်ရယ် မေမေရယ်က ပုလိပ်မှာပဲ လနဲ့ချီပြီးနေကြတယ်။ ဖေဖေကတော့ မန္တလေးနဲ့ ပုလိပ်ကို သွားလိုက်ပြန်လိုက်ပေါ့။

    အဲဒီအချိန်တွေမှာ သမီးတို့ညီအစ်မတွေကတော့ ဦးလေးနဲ့အဒေါ်ဝမ်းကွဲရဲ့ သမီးတွေနဲ့ ကစားလိုက်ဆော့လိုက်နဲ့ ပျော်လို့ကောင်းနေကြတာပေါ့။ အဲဒီမှာ တော်တော်ကြာကြာနေပြီးတဲ့နောက် သမီးတို့ မန္တလေးကိုပြန်လာကြတယ်။ သမီးတို့အိမ်ကို မပြန်ကြပဲ အဖိုးအဖွား(ဖေဖေ့ဘက်)အိမ်ကို သွားနေခဲ့ကြပြန်တယ်နော်။ ဖိုးဖိုးဖွားဖွားတို့အိမ်မှာလည်း သမီးမှတ်မိတယ်မေမေ။ မတော်တဆ အဲဒီနေရာအထိ မေမေ့ကို လာဖမ်းကြတယ်ဆိုရင် အိမ်ရှေ့ကလာနေတုန်း မေမေနောက်ဖေးကနေ ချက်ချင်းထွက်သွားလို့ရအောင်ဆိုပြီး အဖိုးတို့အိမ်နဲ့ ဘေးအိမ်ကို အပေါက်သေးသေးလေးဖောက်ထားပေးကြတယ်လေ။ အဲဒီမှာလည်း သမီးတို့က ဆော့လို့ကောင်းတုန်းပဲပေါ့။ နောက်တော့ မေမေလည်း အိမ်ကို ပြန်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက် သမီးတို့လည်း အိမ်မှာပဲ ပြန်လာနေကြတော့တယ်။ အိမ်ကတော့ အရင်အိမ်နေရာမဟုတ်တော့ပဲ အိမ်ပြောင်းလိုက်ကြတယ်လေ။ အဲဒီနောက်တော့ မေမေ့ကို လာရှာတာလည်း မရှိတော့ဘူး။ ရွေးကောက်ပွဲလုပ်မယ်ဘာညာဆိုတော့ လွတ်လပ်ခွင့်ပေးလိုက်တဲ့သဘောလို့ သိရတယ်လေ။

    နောက်ပိုင်း ရွေးကောက်ပွဲအတွက် မေမေတို့ ကြိုးစားခဲ့ရတာတွေကိုလည်း သမီးအမှတ်ရဆဲပါ မေမေ။ ဒါတွေအားလုံးက သမီးရဲ့မျက်စိထဲမှာ ရှင်းရှင်းလင်းလင်းကို ပြန်မြင်မိနေတာတွေပါမေမေ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တဲ့မေမေဟာ သမီးအတွက်တော့ သမီးရဲ့ သူရဲကောင်းတစ်ယောက်ပါပဲ မေမေရယ် …………. ။

    နိဗ္ဗာန်သုခဘုံမှာ ထာဝရ နေနိုင်ပါစေ …. မေမေ ။

     

    ပသီဝိုင်းဝတ်ရည် ၏ FB မှာ ခွင့်ပြုချက်တောင်းခံပြီး ဖော်ပြခြင်းဖြစ်ပါသည်။