News @ M-Media

Tag: 88Students_leaders

  • ဒေါ်အောင်ဆန်းစုကြည် ခေတ်အလွန် အတိုက်အခံ ခေါင်းဆောင် အဆင့်သင့်ရှိပြီလား ?

    ဒေါ်အောင်ဆန်းစုကြည် ခေတ်အလွန် အတိုက်အခံ ခေါင်းဆောင် အဆင့်သင့်ရှိပြီလား ?

    သြဂုတ် ၂၀ ၊ ၂၀၁၅
    M-Media
    မူရင်းဆောင်းပါးရှင်- မင်းဇင်
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    Suu-Aug19
    ရန်ကုန်မြို့ ခရိုင်တရားရုံး တစ်ခုတွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ရေး သွင်းလျှောက်ထားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ရဲအောင်သူ AFP)

    လာမယ့်လအနည်းငယ်အတွင်း မြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲ စတင်တော့မှာပါ။ ဘာဖြစ်လာမလဲဆိုတာ မရေရာသေးပါဘူး။ ဒါပေမယ့် အသေချာဆုံးတစ်ခုကတော့ ရှိနေပါတယ်။ နိုဗယ်ဆုရှင်နဲ့ အတိုက်အခံဒီမိုကရေစီခေါင်းဆောင် အကျော်အမော် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်ခွင့် မရှိတော့ပါဘူး။ သူမကို နိုင်ငံ့ခေါင်းဆောင်ဖြစ်မလာအောင် တားမြစ်ချက်တွေ ပါဝင်နေတဲ့ လက်ရှိဖွဲ့စည်းပုံစည်းမျဉ်းကို စစ်တပ်ကြီးစိုးနိုင်ငံရေးအစုအဖွဲ့ကြီးက ပြောင်းလဲဖို့လိုလားတဲ့ အရိပ်အယောင် အလျဉ်းမပြသနေလို့ဖြစ်ပါတယ်။

    တစ်ခါ အတိုက်အခံအုပ်စုဖက်မှာလည်း ဦးဆောင်သူ လစ်လပ်ခြင်း အလားအလာ စတင်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က မိမိနောက်ဆက်ခံသူ ပျိုးထောင်မွေးထုတ်ရေးကို ငြင်းပယ်လိုက်မှုက ပြဿနာတွေ ၀ိုင်းရံလာစေပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်ဖို့လျာထားတဲ့ ရွေးကောက်ပွဲကနေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ ဒီမိုကရေစီဘက်တော်သားနိုင်ငံရေးသမား မျိုးဆက်သစ်တစ်ရပ်ကို ပျိုးထောင်မွေးထုတ်ပေးနိုင်မယ့် အခိုင်အမာအခွင့်အလမ်းကြီးတစ်ရပ် ဖြစ်လာဖို့ရှိပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီတစ်ခုထဲအတွက် မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိ မဲဆန္ဒနယ်တိုင်းမှာ ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ဖို့ အရည်အသွေးပြည့်ကိုယ်စားလှယ်လောင်းတွေကို NLD မှာ လုံလုံလောက်လောက် မရှိသေးတာတွေ့ရတယ်။ သို့တိုင် သူမက ပါတီရဲ့အမတ်လောင်းစာရင်းထဲ သွေးသစ်လောင်းနိုင်မယ့် အခွင့်အရေးတစ်ခု ရရှိလိုက်ချိန်မှာ ကန့်ကွက်ငြင်းပယ်ခဲ့ပါတယ်။

    အင်အားအကြီးဆုံး ဒီမိုကရေစီပါတီ NLD (နဲ့) ၈၈ မျိုးဆက်တို့ ပေါင်းစည်းတာကို သူမရဲ့ပါတီအဖွဲ့ဝင်အများစုရော လူထုကပါ မြင်တွေ့လိုနေကြပါတယ်။ ၈၈ မျိုးဆက်မှာ မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်ပေါ်စေတဲ့ ကျောင်းသားဦးဆောင် ၁၉၈၈ အရေးအခင်းက ခေါင်းဆောင်များ ပါဝင်နေကြပါတယ်။ အဲ့ဒီကာလတုန်းက စစ်အာဏာရှင်အစိုးရဟာ လှုပ်ရှားတက်ကြွသူ အများအပြားကို သတ်ဖြတ် သုတ်သင်ခဲ့တယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်များကို ပါတီရဲ့အမတ်လောင်းစာရင်းသွင်းဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီက တိုက်တွန်းခဲ့ကြတယ်။ NLD ရဲ့အမတ်လောင်း အဖြစ်ယှဉ်ပြိုင်ဖို့ တင်သွင်းလျှောက်ထားလာသူ အယောက် ၂၀ ကျော်(အရေအတွက် အတိအကျ မသိရ)အနက် တစ်ဦးတည်း ကိုသာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာကြောင့် သူမကိုထောက်ခံသူများ ပါးစပ်အဟောင်းသားဖြစ်သွားကုန်တယ်။

    ၈၈ မျိုးဆက်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က အာဏာရှင်ဆန့်ကျင်တော်လှန်မှု အခန်းကဏ္ဍမှာ မဟာမိတ်ဟောင်းတွေ ပါ။ ကျောင်းသားများရဲ့ တော်လှန်ရေးက ဒေါ်စုကြည်ကို လူထုရဲ့ နံပါတ်တစ် နိုင်ငံရေးခေါင်းဆောင် ဘ၀ ရောက်လာအောင် တွန်းပို့ပေးခဲ့တာပါ။ ကျောင်းသားအင်အားစု/သမဂ္ဂရဲ့ အမှတ်အသား ခွပ်ဒေါင်းပုံကိုပင်လျှင် NLD ပါတီရဲ့အမှတ်တံဆိပ် အဖြစ် အသုံးပြုထားတာပါ။ ရာစုနှစ်တစ်ခုရဲ့လေးပုံတစ်ပုံကျော်မျှ ၈၈ မျိုးဆက် အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ ကြံ့ကြံ့ခံ ရပ်တည်ပေးခဲ့ရုံတင်မကပါဘူး – အဲ့ဒီသစ္စာတရား အတွက် ထောင်နန်းစံခြင်း အပါအ၀င် အကျိုးဆက်ကြမ်းကြမ်း ခံစားလာခဲ့ရတာပါ။ သူမရဲ့ အရာမထင်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး (သမ္မတနေရာ ၀င်ပြိုင်ခွင့်ရရေး) ကမ်ပိန်းကာလ တစ်လျှောက်လုံးမှာပင်လျှင် အဲ့ဒီအဖွဲ့သားတွေက သူမဖက်က ရပ်တည်ပေးခဲ့ကြတာပါ။

    အင်အားစုအသစ်တစ်ရပ် အပေါ် NLD ခေါင်းဆောင်များ ပယ်ချလိုက်မှုကြောင့် အံအားသင့်ကုန်ကြတာ မဆန်းတော့ပါဘူး။ ၁၇ နှစ်တာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး နိုင်ငံရေးကြယ်ပွင့်တစ်ခုအဖြစ် ရေပန်းစားလာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကို ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်လိုက်တဲ့အပေါ် လေ့လာသူများစွာကလည်း အကြီးအကျယ် အံ့သြကုန်ကြတာပါပဲ။

    သူမရဲ့ဆုံးဖြတ်ချက်က နိုင်ငံအ၀ှန်းမှာ NLD တက်ကြွလှုပ်ရှားသူများရဲ့ စောဒတက်မှုတွေ၊ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေကို မကြုံစဖူး ဖြစ်ပေါ်သွားစေပါတယ်။ သူမဟာ ပါတီရဲ့မူဝါဒလမ်းစဉ်ကို ပေယျာလကန်ပြုလိုက်တယ်လို့ ဆိုကြပါတယ်။ အဆိုပါဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်လျှောက်ဖို့ငြင်းဆန်သူ NLD အဖွဲ့ဝင် အများအပြားဟာ ပါတီကထုတ်ခံရသလို မိမိသဘောနဲ့ နှုတ်ထွက်သွားတာလည်း တော်တော်များပြားလာပါတယ်။

    NLD နဲ့ ၈၈ မျိုးဆက် နှစ်ဖက်စလုံးရဲ့အတွင်းသတင်းအရ ဒီဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချမှတ်ခြင်းလို့ သိခဲ့ရပါတယ်။  “နိုင်ငံရေးအရ သြဇာကြီးသူတွေ အဖွဲ့ဝင်သစ်ဖြစ်လာမှာကို စိုးရိမ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီ သို့မဟုတ် တိုင်းပြည်ပလ္လင်အတွက် သူမက ဘယ်ပြိုင်ဖက်ကိုမှ မလိုလားလို့ပါပဲ” ဆိုပြီး ပါတီရဲ့ထိပ်တန်းခေါင်းဆောင်ဟောင်းတစ်ဦးက ဆိုပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်ပိုင်းတွေရဲ့အဆိုအရ  “လူသစ်တွေကို လက်ခံလိုက်ရင် ပါတီတွင်း ကွဲပြဲဖို့ လှုံ့ဆော်သလို ဖြစ်သွားမျာစိုးတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သိရပါတယ်။

    ဒီဝိရောဓိက ဝေဒနာတစ်ခု ဖြစ်ခဲ့ပါပြီ။ တစ်ချိန်က “အကြောက်တရားမှ ကင်းလွတ်ဖယ်ခွာရေး” ဒဿနကို ပြတ်ပြတ်သားသား ထုတ်ဖော်လက်ကိုင်ပြုခဲ့သူဟာ ခုချိန်မှာကျတော့ အကြောက်တရားထဲ လှောင်ပိတ်မိသွားပုံရပါတယ်။

    ဒေါ်စုကြည်ရဲ့ ငြင်းပယ်ချက်က ၈၈ မျိုးဆက်တစ်ဖွဲ့တည်းအပေါ်သာလျှင် သက်ရောက်မှု ရှိတာမဟုတ်ပါဘူး။ အခြားသော နိုင်ငံရေး မဟာမိတ်များနဲ့လည်း ဆက်ဆံရေးမှာ ကသီလင်တ ဖြစ်သွားစေပါတယ်။ ဒေသခံတိုင်းရင်းလူနည်းစုဝင်များ ကြီးစိုးရာ မဲဆန္ဒနယ်အားလုံး နီးပါးပါမကျန် ၀င်ရောက်အရွေးခံမယ်လို့ NLD က လတ်တလော ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီတိုင်းရင်းသားတွေထံမှာ ကိုယ်စားပြုကိုယ်ပိုင်ပါတီများ ရှိကြပြီး NLD နဲ့ မိတ်သဟာယများပါ။ ဗဟိုအစိုးရရဲ့ အာဏာရှင်မူဝါဒအပေါ် ဆန့်ကျင်မှု တူညီနေကြလို့ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒနယ်များနဲ့ပတ်သက်ပြီး လူနည်းစုတိုင်းရင်းသားပါတီများနဲ့  ညှိနှိုင်းဖို့ မစဉ်းစားဘဲ ဒေသခံနိုင်ငံရေးအုပ်စုများကို တစ်သီးပုဂ္ဂလ ရွေးကောက်ပွဲပြိုင်ဖက်များအဖြစ် သဘောထားကြောင်း ပြောင်ပြောင်တင်းတင်း ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချိန်က NLD ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသား ပါတီများကို သင့်မြတ်အောင် ဦးအောင်လမ်းကြောင်းပေးခဲ့သူ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက – ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီဟာ တိုင်းရင်းသားပါတီများ အပေါ် ရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး လိမ်ညာတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။

    NLD ဟာ မိမိအပေါ် အခိုင်အမာ ရပ်တည်ထောက်ခံလေ့ရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းများနဲ့လည်း ဆက်ဆံရေး အားနည်းနေပါတယ်။ လူထုဆန္ဒပြမှုတွေကို အစိုးရဖြိုခွင်းမှုအပေါ် ရှုတ်ချဖို့ပျက်ကွက်မှု အပါအ၀င် ဒီမိုကရေစီသဘောတရားတွေကို လျဏ်လျူရှုခဲ့တယ်လို့ ဒီအုပ်စုများက NLD ကို စွပ်စွဲခဲ့ပါတယ်။ အထူးသဖြင့် မကြာသေးမီက ပညာရေးပြုပြင်ပြောင်းလဲရေး ဥပဒေအတွက် ကျောင်းသား သပိတ်တွေမှာပေါ့။ ဇွန်လအတွင်း မဲပေးခွင့် စာရင်း အလွဲအချော်တွေကို စစ်ဆေးပြင်ဆင်ရေးအတွက် NLD တာဝန်ရှိသူများက အရပ်ဖက် လူ့အဖွဲ့အစည်းများရဲ့အကူအညီကို တောင်းခံခဲ့တယ်။ အဖွဲ့ပေါင်းစုံထဲက တစ်ဒါဇင်မျှသော အုပ်စုတွေကသာ NLD နဲ့ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်။ အဲ့ဒီကတည်းကစပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှု ကျဆင်းလာပါတယ်။

    ဒါဆိုရင် ဒေါ်စုဟာ မိမိရဲ့တံတားတွေကို ဘာကြောင့် ဒီလိုမီးရှို့ပစ်တဲ့အမှုကို ပြုရပါသလဲ ?  ဖြစ်နိုင်ချေ အဖြေနှစ်ရပ်ကို တွေ့ရပါတယ်။

    ပထမတစ်ချက်ကတော့ – NLD အပြတ်အသတ် အနိုင်ရဖို့ သူမ ဦးဆောင်နိုင်တုန်းပဲလို့ သူမ ယုံကြည်နေလို့ ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင်ရပ်တည်ချက်ပေါ် အားထားခြင်းဖြင့် အောင်ပွဲဆီ အရောက်လှမ်းနိုင်မယ်လို့ သူမက စွဲမြဲစွာ ယုံကြည်ထားတယ်။ လူထုတွေ့ဆုံပွဲတွေမှာ သူမက  “ပါတီကိုသာ မဲပေးကြပါ။ ကိုယ်စားလှယ် အမတ်လောင်းတွေရဲ့ ဂုဏ်အရည်အသွေးတွေ၊ ဘယ်သူဘယ်ဝါဆိုတာတွေကို ကြည့် မနေကြပါနဲ့” ဆိုပြီး ပြောဆို တိုက်တွန်းနေပါတယ်။ NLD ဟာ ကျော်ကြားလူကြိုက်များမှုကြောင့် အနိုင်ရပြီး အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖွယ်ရှိတယ်လို့ လေ့လာသူများက ယုံကြည်ကြတယ်။ ဒါပေမယ့် စစ်အစိုးရဟောင်း လက်ထက် ရေးဆွဲခဲ့တဲ့ လက်ရှိအသုံးပြုဆဲဖွဲ့စည်းပုံ အခြေခံဥပဒေထဲက သမ္မတနေရာ သို့မဟုတ် အစိုးရပိုင်းဆိုင်ရာ ကန့်သတ်မှုတွေကိုပင်လျှင် ထိန်းချုပ်နိုင်စွမ်း မရှိသေးပါဘူး။

    ဒုတိယအချက်ကတော့ – ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းနဲ့ မိမိရဲ့နိုင်ငံရေးမိတ်သဟာယအဖြစ် ထင်သာမြင်သာ တည်ဆောက်ထားပါတယ်။ နိုင်ငံရေးအထာနပ်ပြီး ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ဦးရွှေမန်းကို သမ္မတနေရာ အတွက် ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုထောက်ခံပေးနိုင်တယ်လို့ NLD အတွင်းပိုင်းလူတစ်ချို့က ခန့်မှန်းထားခဲ့ကြပြီးဖြစ်တယ်။ ဦးရွှေမန်း အာဏာရလာခဲ့ရင် နောင်တစ်ချိန် သမ္မတနေရာအတွက် သူမ ၀င်ရောက် အရွေးခံနိုင်ရေးအပါအ၀င် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ပြုလုပ်လိမ့်မယ်လို့ သူမ မျှော်လင့်ထားတယ်။ သူမရဲ့ ကာလရှည် မဟာမိတ်များစွာကို မထေမဲ့မြင် ပြုမူနေခြင်း ဆိုတာထက် သူမဆီမှာ ဒီမဟာဗျူဟာရှိကြောင်း  နားလည်ပေးနိုင်အောင် ရှင်းပြခဲ့ရင် အကောင်းဆုံးပေါ့။

    မည်သို့ပင်ဆိုစေ ဒီအစီအစဉ်ကို စစ်ဗိုလ်ချုပ်များက ဖျက်ဆီးလိုက်ပါပြီ။ သြဂုတ် ၁၂ ရက်က ပါတီတွင်းအတွင်းကြိတ်အာဏာသိမ်းပွဲလို့ အချို့ကင်ပွန်းတပ်တဲ့ ကိစ္စ ဖြစ်ခဲ့တယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူးက ဖယ်ရှားလိုက်ပါတယ် (ဒါဟာ ပါလီမန်ထဲရှိနေတဲ့ သူ့ပါဝါအူတိုင်ကို ဓားပြတိုက်ယူလိုက်ခြင်းပါပဲ)။ ခုချိန်မှာ သူ့ကံကြမ္မာဟာ ယိုင်လဲချည့်နဲ့နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့မဟာမိတ်ဖွဲ့ထားမှု ဆိုတာလည်း ခိုင်မာသွားပါပြီ (ပြိုင်ဖက်နိုင်ငံရေးပါတီနဲ့ အဆက်အသွယ်ရှိခြင်းကြောင့် ဦးရွှေမန်းကို ဖယ်ရှားလိုက်ခြင်းဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆို ခွင့်ရှိသူက ပြောခဲ့ပါတယ်)။ နိုင်ငံရေး အရ ဦးရွှေမန်းကို ဒေါက်ဖြုတ်လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအလွန် အပေးအယူ လမ်းကြောင်းထက် နှာတစ်ဖျား သာသွားတယ်လို့ ဆိုရမှာပါပဲ။ အာဏာရ ထိပ်သီးပိုင်းထဲက မဟာမိတ်တစ်ဦး လက်လွှတ် ဆုံးရှုံးသွားရခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်အ ဖို့ သမ္မတမျှော်မှန်းချက်နောက်ဆုံး အခွင့်အရေး အဆုံးသတ်သွားစေရာ ရောက်ပါတယ်။

    နိုင်ငံရေးသဟာယတွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေချော်သွားတဲ့ မဟာဗျူဟာက ပါတီအတွင်း ခေါင်းဆောင်ပိုင်း လစ်ဟာမှုကို ဖြစ်သွားစေရုံ တင်မကပါဘူး။ ရွေးကောက်ပွဲ အလွန်ကာလမှာ အဓိက အတိုက်အခံပါတီကြီး ကွဲပြဲသွားစရာပင် ဖြစ်နိုင်ဖွယ် ရှိနေပါတယ်။ သူမရဲ့ အာဏာရှင်ဆန်ဆန်ခေါင်းဆောင်မှုပုံဟန်၊ ပါတီအရည်အသွေးခိုင်မာအောင် မတည်ဆောက်နိုင်မှု၊ ရွေးကောက် ပွဲအောင်နိုင်ပြီး ရင်လည်း အခွင့်အရေးသမားတွေ စီးဝင်လာနိုင်မှုများက အနာဂတ်မှာ ပါတီပြိုကွဲနိုင်ချေ ပိုများသွားစေနိုင်ပါတယ်။

    အောင်ဆန်းစုကြည်ခေတ်လွန် ကာလ အတွက် အတိုက်အခံ အင်အားစုများအနေနဲ့ ဒုတိယအလွှာခေါင်းဆောင် ကဏ္ဍကို ပြင်းပြင်းထန်ထန် မပြင်ဆင်ထားဘူးဆိုရင် ဒီမိုကရေစီအရေးတော်ပုံ ပြဿနာအပြင်းစား ကြုံတွေ့နိုင် ပါတယ်။ နိုဝင်ဘာလရွေးကောက်ပွဲမှာ NLD က မဲအပြတ်အသတ်နဲ့နိုင်စေဦးတော့ – မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ခပ်ဆင်ဆင်လေး တူညီတဲ့ ပန်းတိုင်ဆီကိုပင်လျှင် ဆိုက်ရောက်ဖို့ ခရီးရှည်ကြီး ဆက်ရဦးမှာပါ။ ဒါပေမယ့် တကယ်လို့ ဒီမိုကရေစီ အရေးတော်ပုံအောင်နိုင်ရေး အတိုက်အခံခေါင်းဆောင် မျိုးဆက်သစ်တွေကို နောက် တစ်ကြိမ် သွေးသစ်လောင်းနိုင်မယ် ဆိုရင်တော့ ထင်မှတ်ထားတာထက် ပန်းတိုင်ရောက်ဖို့ ပိုပြီး မြန်ဆန်သွားနိုင်ပါကြောင်း။

    +++++++++++++++++++++++++

    Foreign Policy ၏ဖော်ပြချက်  ဆောင်းပါးရှင် မင်းဇင်ရဲ့ Is Burma’s Opposition Ready for the Post-Aung San Suu Kyi Era ? ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် ဆစ်ဒနီမှ မြန်မာ မိသားစုများ တွေ့ဆုံ ဆွေးနွေးမှု

    ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် ဆစ်ဒနီမှ မြန်မာ မိသားစုများ တွေ့ဆုံ ဆွေးနွေးမှု

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    ပေးပို့သူ- သိန်းမိုးဝင်း (ဆစ်ဒနီ)

    ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ နှင့် စမ်းချောင်းကိုကိုကြီး တို့သည် ဇွန်လ ၂၀ ရက်တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှ မြန်မာအရေး တက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါဆွေးနွေးပွဲကို သြစတြေးလျရောက် မြန်မာ မွတ်စလင်မ် အဖွဲ့မှ ခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။

    Burmese Muslim Association (NSW) ဥက္ကဌ ကိုအောင်ဇေယျမှ အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်မှု မအောင်မြင်ခဲ့ဘူးဆို နောက်တခြား ဘာနည်းလမ်းများ ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ ဆွေးနွေးချက်ကို ကိုဂျင်မီ၊ ကိုမင်းကိုနိုင်တို့မှ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။



    Burmese Muslim Association (NSW) EC member ကိုသိန်းမိုးဝင်းရဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြုပြင်ရေး ဆိုင်ရာ အကြံပြုဆွေးနွေချက်ကို ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့မှ ပြန်လည်ဆွေးနွေး ခဲ့ကြပါတယ်။

    အလားတူ Burmese Muslim Association (NSW) ဥက္ကဌဟောင်း ဒေါ်အေးအေးမှ Sydney ရှိ မြန်မာ မိသားစုဝင်များ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ မြန်မာပြည်တွင်း မည်သို့ထိရောက်မှု ရှိတယ်ဆိုတာ ၈၈ ခေါင်းဆောင်၏ သဘောထားနှင့် ကြိုးပမ်းမှုများရဲ့ အခြေအနေကိုရော သိလိုကြောင်းဆွေးနွေးခဲ့ရာ ကိုမင်းကိုနိုင်မှ ၈၈ ကျောင်းသားများ၏ သဘောထားမှာ အပြစ်ရှိသူနှင့် အပြစ်မဲ့သူဟူ၍သာ ခွဲခြားမြင်ပါကြောင်း၊ အပြစ်မဲ့သူသည် ဒီအသားရောင်/ ဒီဘာသာကိုးကွယ်၍ အကာအကွယ်ပေးရန်မလိုသလို အပြစ်ရှိသူသည် ဒီအသားရောင်/ ဒီဘာသာကိုးကွယ်၍ အကာအကွယ်ပေးရမည်ဟု တရားသေခံယူမှုမျိုး လူမျိုးစွဲ ဘာသာစွဲ ဘက်လိုက်ခံယူမှုမျိုး လုံးဝမရှိပါကြောင်း၊ ထိုခံယူချက် ရပ်တည်ချက်ကြောင့်လဲ တစ်ချို့ အမျိုးမျိုး ဝေဖန်ကြောင်းပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

  • မဟာသန္တိသုခ ကျောင်းတိုက်ကို သိမ်းယူမှုအပေါ် ၈၈ ငြိမ်း/ပွင့်မှ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်

    ဇွန် ၁၂၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။ ။ မဟာသန္တိသုခ ကျောင်းတိုက်ကို သိမ်းယူမှုအပေါ် ၈၈ မျိုးဆက် ပွင့်လင်းငြိမ်းချမ်းရေးမှ ၎င်းလုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ကြေညာချက် တစ်စောင်ကို ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

    “အဲ့ဒီညကဖြစ်သွားတဲ့ ဖြစ်ရပ်ဟာ တကယ်ကိုရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။ သာသာနာ့နဲ့ ပတ်သက်တဲ့ကိစ္စရပ်ကို အခုလို အင်အားသုံးပြီးဖြေရှင်းတာဟာ မသင့်တော်ပါဘူး။ ကျွန်တော်တို့အဖွဲ့က ဒါကို ကန့်ကွက်ပါတယ်” ဟု ၈၈ မျိုးဆက်မှ ကိုဂျင်မီကဆိုသည်။

    ၎င်းကျောင်းတိုက်အား သိမ်းယူမှုအပေါ် သီတဂူဆရာတော်ကြီးမှလည်း ကျောင်းတိုက်အတွင်းက သံဃာတော်တွေကို ခေါ်ဆောင်သွားသည်မှာ သင့်လျော်မှု မရှိကြောင်းနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက်ကိုလည်း ထိခိုက်မည်ကို စိုးရိမ်မိကြောင်း မိန့်ကြားခဲ့ကြောင်း သိရသည်။

    မဟာသန္တိသုခကျောင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ နေ့လည် ၂ နာရီတွင် ကျင်းပခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ယင်းမဟာသန္တိသုခကျောင်းသည် နိုင်ငံတော်အစိုးရက သံဃနာယကအဖွဲ့သို့ ရေစက်ချလှူဒါန်းပြီးဖြစ်၍ ၀ိနည်းအရ ပီနန်ဆရာတော်ကြီးထံသို့ ပြန်လည် လွဲပြောင်းပေးရန် မဖြစ်ကြောင်း၊ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့မှ ပီနန်ဆရာတော်ကြီးအား ကျောင်းမှထွက်ခွာရန် အကြိမ်ကြိမ်စာပေးပို့ခဲ့သော်လည်း လိုက်နာမှုမရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးဌာနမှ တာဝန်ရှိသူများကပြောကြားခဲ့ကြောင်း သိရသည်။

    ထိုကျောင်းတွင် သီတင်းသုံးလျှက်ရှိသော သံဃာတော်များနှင့် နေထိုင်ခဲ့သော လူပုဂ္ဂိုလ်များသည် တရားမ၀င်နေထိုင်ခဲ့သောကြောင့် ဥပဒေကြောင်းအရ စီစစ်အရေးယူသွားမည်ဖြစ်ကြောင်း သာသာနာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

    မဟာသန္တိသုခကျောင်းတိုက်ကို တိုင်း သံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား တစ်ထောင်ကျော်ဖြင့် ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်တွင် ထိုကျောင်းတိုက်အား ၀င်ရောက်စီးနင်း၍ သံဃာတော်များအား ဖယ်ရှားပြီး ကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့ပါသည်။

    88

  • မူဝါဒချမှတ်ရန် မြို့နယ် ပေါင်းစုံမှ ၈၈ မျိုးဆက် (ပွင့်/လင်း) ကွန်ရက်များ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးမည်။

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄
    M-Media
    လမင်း
    DSC02355
    ရန်ကုန်။       ။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဟာ ဆိုင်းဘုတ်တစ်ခု အဖွဲ့အစည်းတစ်ခု မဟုတ်ပါဘူးလို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) နိုင်ငံတဝှမ်းမှာ ရှိတဲ့ ကွန်ရက်တွေ အားလုံးတွေ့ဆုံဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောကြားခဲ့ပါသည်။

    “ကျွန်တော်တို့ ၈၈ အဖွဲ့ဟာ ဆိုင်းဘုတ်တစ်ခု အဖွဲ့အစည်းတစ်ခု မဟုတ်ပါဘူး။ အဲဒီအဖွဲ့ရှိတဲ့မြို့ဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိပြီး ပွင့်ပွင့်လင်းလင်းဖြစ်စေချင်တဲ့ သဘောပါ။ ကျွန်တော်တို့အဖွဲ့က တစ်ဦးတစ်ယောက်က ထောက်ပံ့ထားတဲ့ အဖွဲ့မျိုးလည်း မဟုတ်ပါဘူး” ဟု ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။

    ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) သည်မြန်မာနိုင်ငံ အနှံ့အပြားတွင်ရှိသည့် မြို့နယ်ရုံးများကိုခေါ်ယူတွေ့ဆုံပြီး မူဝါဒချမှတ်ရန်၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအကြောင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ကိုပြုလုပ်ခဲ့ပါသည်။

    မြို့နယ်ဆက်ဆံရေးရုံးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါသည်။ မြို့နယ်ပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များ ၂၀၀ ကျော်တက်ရောက်ပြီး ရရှိသောဆွေးနွေးချက်များကို စုစည်းတင်ပြသွားမည်ဖြစ်ပြီး စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရပါသည်။

  • ပူးတွဲ ကြေညာချက်နဲ့ ပြင်နည်း အရင်ပြင်ကိစ္စ (မျိုးမြင့်ချို)

    ပူးတွဲ ကြေညာချက်နဲ့ ပြင်နည်း အရင်ပြင်ကိစ္စ (မျိုးမြင့်ချို)

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင်- မျိုးမြင့်ချို

    88 and NLD Statement

    အခု ၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီ နိုင်ငံရေးအရ ဒုတိယအကြိမ်တွေ့ကြတယ်။ လိုလားအပ်တဲ့ ကိစ္စကောင်းလို့ မြင်တယ်။ တရားဝင် မျက်နှာချင်းဆိုင်ကြတာဖြစ်လို့ တရားမဝင်သဘော (အလွတ်သဘော) အပြင်မှာပြောတာတွေစဲ သွားရုံမက တရားဝင် ထုတ်ပြန်မှုတွေလည်း ထွက်လာလိမ့်မယ်။ နှစ်ဖက်ထုတ်ပြန်ချက်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးမှာ ခက်ခဲတင်းကျပ်နေတဲ့ အခန်း(၁၂)ပါ (ပုဒ်မ-၄၃၆)ကိုပြင်ဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ အတိအလင်းပြောတယ်။ ပထမအကြိမ်တွေ့တုန်းက ငြိမ်းချမ်းချောမွေ့စွာပြုပြင်ပြောင်းလဲရေး ပူးပေါင်းမယ် ဘာညာပြောပေမယ့် ဘယ်နည်းနဲ့ပြင်မလဲကို အရင်ကလည်း မပြော ခုလည်းမပြောဘူး။ ဆိုလိုတာက လွှတ်တော်တွင်း/ပ ဘယ်နည်းမှလို့ မပြောဘူး။ လွှတ်တော်တွင်း နည်းလို့ ပြောရအောင်ကြတော့လည်း ၈၈-ငြိမ်း/ပွင့်က လွှတ်တော်ထဲ တစ်ယောက်မှ မရှိသလို နိုင်ငံရေးပါတီလည်း မဟုတ်ပြန်ဘူး။ လွှတ်တော်ပြင်ပ နည်းလို့ ပြောရအောင်ကြလည်း လူထု တိုက်ပွဲလို့ တဘက်ကမြင်သွား မလားကြောင့်ကြနေဟန်ပဲ။

    သူတို့ပြောတဲ့ (အခန်း-၁၂) ပါ (ပုဒ်မ-၄၃၆)က… ((ပုဒ်မ ၄၃၆ ပုဒ်မ ၄၃၆ (က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ))အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅)ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ခ) ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့်ပြဋ္ဌာန်းချက်များမှ အပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်ထောက်ခံ ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်)လို့ ဆိုတာဖြစ်ပါတယ်။

    “ကွင်း ၂ ခုခတ်ပြထားတဲ့ ပုဒ်မတွေပြင်ချင် အရင်ဆုံး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် (၇၅)ရာခို င်နှုန်းကျော်က လွှတ်တော်ထဲမှာ ထောက်ခံရုံနဲ့တင် မရသေးဘူး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး မဲလာပေးသူတွေရဲ့ ထက်ဝက်ကျော်ထောက်ခံမှု ပါရမှ ပြင်”လို့ ဆိုတာပါပဲ။ ချုပ်ပြီးမြင်လွယ်အောင်ပြောရရင် ဖွဲ့စည်းပုံပါ ဥပဒေတွေကို ပြင်ချင် သပ ဆိုရင် ပြင်နည်း(၂)နည်းရှိတယ်။ တနည်းက လွှတ်တော်ထဲတင် ပြီးတဲ့နည်း၊ နောက် တနည်းက လွှတ်တော်ထဲတင် မပြီးသေးဘူး ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲလုပ် ထောက်ခံမဲ တဝက်ကျော် ရမှပြင် ဆိုတဲ့နည်းပဲ။ လွှတ်တော်ထဲတင် ပြင်လို့ရနိုင်မယ်ဆိုတဲ့ ပုဒ်မတွေကို “၇၅ ပလပ်စ် ဝမ်း” လို့ပြောပြီး၊ လွှတ်တော်ထဲနဲ့ တင် မပြီးသေးဘဲ လူထုဆန္ဒခံယူပွဲမဲ ထက်ဝက်ကျော်ရမှပြင်ပုဒ်မတွေကိုတော့ “၇၅ ပလပ်စ်ဝမ်းနှင့် ပြည်လုံးကျွတ် ထက်ဝက်ကျော်”လို့ အတိုချုပ်သုံးပါရစေ။
    88 and NLD
    ၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီက အဲ့ဒီပုဒ်မ(၄၃၆)ကိုပြင်ရေးမှာ ပူးပေါင်းမယ်လို့ဆိုတာက ပြင်သင့်သော ပုဒ်မများပြင်ရေး ကောက်သင်းကောက်ပြောနေတာကို လွှတ်ချလိုက်ပြီး “ကောက်ပင်ရိတ်လှီး အပြီးအပြတ်” လုပ်မယ်လို့  အဓိပ္ပါယ်ဖြစ်ပါတယ်။ တနည်းပြောရရင် တစ်ခုခြင်းပြော မနေတော့ဘူး တစ်ခုချင်းတွေအားလုံးကို တစ်ခုတည်းနဲ့ပြင်ပစ်မယ့် လမ်းပါ။ အဲ့ဒီလမ်းအတိုင်းလျှောက်ရင် ခုပြောပြောနေကြတဲ့ (ပြင်သင့်သော ပုဒ်မများပြင်ရေး အသံ) အပေါ်(ပြင်နည်းများအရင်ပြင်ရေး အသံ) လွှမ်းလာမှာသေချာပါပြီ။ အင်န်အယ်လ်ဒီကပြင်ချင်တဲ့ ပုဒ်မတွေ ထဲမှာ တချို့က ၇၅ ပလပ်စ် ဝမ်း တွေဖြစ်ပြီး တချို့ကတော့ ၇၅ ပလပ်စ် ဝမ်းနှင့် ပြည်လုံးကျွတ် ထက်ဝက်ကျော်တွေလည်း ပါနေတာတွေ့ရပါတယ်။ ကောက်သင်းကောက် ဟိုဟာပြင်မယ် ဒီဟာပြင်မယ်ပြောနေတာ ထက်စာရင် ခုလိုမျိုး ပြင်နည်း အရင်ပြင်မယ်လို့ပြောတာ နိုင်ငံရေးပိုဆန်ပြီး ကစားကွက်လည်း ပိုကျယ်သွားပါတယ်။ ကျယ်တယ်ဆိုပေမယ့် သူ့ကွင်းထဲမှာ ကစားရမှာဖြစ်ပြီး ကစားဘက်တွေက တပြိုင်တည်းမှာ ဒိုင်လည်းဖြစ် စည်းကြပ်လည်းဖြစ်တာ ထင်ရှားပါတယ်။ မိမိက ကီးပလေယာ ဟုတ်/မဟုတ်လည်း ရှိပါသေးတယ်။

    ဒီအိုင်ဒီယာကို အရင်ဆုံး စပြောချပြတာ ကိုကိုကြီးလို့ ကျနော် မှတ်မိနေတယ်။ ဖွဲ့စည်းပုံပြင်ရေးထက် ယုံကြည်မှု တည်ဆောက်ရေးက ပိုအရေးကြီးတယ်ဆိုတဲ့ စကား မပြောခင်ကတည်းကလို့ မှတ်မိနေပါတယ်။ ဒီအိုင်ဒီယာကို ၈၈-ငြိမ်း/ပွင့်ထဲမှာ ကျအောင် အရင်လုပ်ပြီးမှ အပြင်ထုတ်ယူလာတာလို့ ဆိုနိုင်မှာပါ။ အပြင်မထုတ်ခင်မှာ အတွင်းကြိတ် ကြိတ်နေ ရတာတွေ အခြားဘက်တွေနဲ့ အပေးအယူလုပ်ခဲ့ရ တာတွေလည်း မုချရှိမှာပါ။ (မှတ်ချက်-ဒီနေရာမှာဆိုတဲ့အခြားဘက်တွေထဲမှာ စစ်အုပ်စု ထိပ်သီးတွေဖြစ်တဲ့ ဗိုလ်ရွှေမန်းတို့ ဗိုလ်သိန်းစိန်တို့ မပါဘူးလို့ တပ်အပ်သေချာတော့ မပြောနိုင်ပါ) ခု အပြင်ထုတ်လာတဲ့အခါ အင်န်အယ်လ်ဒီနဲ့ ဒီအခြေခံပေါ်ပေါင်း လုပ်ကြမယ်ဆိုတဲ့ အဆင့် အနေထိ သိမ်းယူ သယ် မသွားနိုင်ခဲ့တာဟာ ၈၈-ငြိမ်း/ပွင့်တွေရဲ့ နိုင်ငံရေး ကျင်လည်မှုလို့ဆိုရင် မှားမယ် မထင်ပါ။ ဒါနိုင်ငံရေးပါ။ မကြိုက်ရင် ဆန့်ကျင်ရုံရှိပါတယ်။

    အင်န်အယ်လ်ဒီ ဘက်ကကြည့်ပြန်တော့လည်း ဒီအပေးအယူဟာ သူ့အတွက် ကိုယ့်ရှူးကိုယ်ပတ် ချောင်ပိတ် မိနေရာကနေ အသက်ရှူချောင် စေခဲ့တာပါ။ အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်မယ် သာပြောတာပါ ဘယ်နည်းနဲ့ပြင်မယ်လို့ တိတိကျကျ မပြောနိုင်တာမျိုး၊ ပြင်မပေးရင်ဘာလုပ် မလဲမေးလာတိုင်း ဝေ့လည်ကြောင်ပတ် အဖြေမျိုးနဲ့ ရှောင်ထွက်ပြီး အီလည်လည်လုပ်နေရတာကြာပါပြီ။ လူထုနည်း(လွှတ်တော်ပြင်ပနည်း)လည်း မသွား၊ လွှတ်တော်ထဲက စိတ်ကောင်းရှိတဲ့ စစ်သား တစ်ယောက်မျှော်တော်ပုံကလည်း အလုပ် မဖြစ်၊ ဗိုလ်သိန်းစိန်နဲ့ ဗိုလ်ရွှေမန်း အလှည့်ကျတွဲကတဲ့ ဇာတ်ကလည်း တခန်းရပ်လုလု၊ လေးဦးလေး ဖလှယ်မေတ္တာရပ်ခံချက်ကလည်း သဲထဲရေသွန်ဖြစ်၊ ဒီကြားထဲ လက်တောက်လောက်လေးတွေနဲ့ တန်းညှိ အတိုက်လည်းခံရ၊ သင်္ကန်းဝတ်တွေနဲ့ လှည့်တည်ပေး စတာတွေ အတောမသတ်နဲ့ လုံးလည် ချာလည်လိုက်နေတာပါ။ ရှေ့လည်းဆက် တိုးစရာမရှိ နောက်လည်းပြန် ဆုတ်ဖို့ ခက်နဲ့ လေထဲ တန်းလန်းကြီးဖြစ်နေတဲ့ အဖြစ်ကနေ လွတ်သွားပါတယ်။

    စစ်အုပ်စုဘက်ကလည်း ခုလို ပြင်နည်းအရင်ပြင် လိုင်းကျသွားတာ ကြိတ်ဝမ်းသာ လက်ခမောင်းခတ်နေမှာမလွဲပါပဲ။ လက်ရှိပြောနေတဲ့ ကောက်သင်းကောက်ပြင်ရေးတွေကို တစ်ခုချင်းလိုက်ပြော လိုက်လိုက်ရှင်းနေရတဲ့ဒုက္ခက လွတ်သွားပါတယ်။ သူတို့ နိုင်ငံတကာကို ထွက်ထွက် နိုင်ငံတကာကပဲအထဲလာလာ တွေ့လို့ မေးကြပြောကြပြီဆို ပုဒ်မ ၅၉/စ က မပါမပြီးပါ။ မီဒီယာတွေက တည်ပြီးမေးလည်း ဒီပုဒ်မက ရှေ့ဆုံးကပါ။ ခုလို “ပြင်နည်းအရင်ပြင်” လိုင်း ကျသွားတော့ စစ်ဗိုလ်တွေ တယောက်တပေါက် တယောက်တနေရာ အမျိုးမျိုးခွဲပြီး ကလိန်စေ့ ငြမ်းစင်နေရတာတွေ ကနေလည်း အသက်သာကြီး သက်သာသွားရပါပြီ။ လွှတ်တော်ပြင်ပပြင်ရေး(လူထုလှုပ်ရှားမှုနည်း) နည်းကို အင်န်အယ်လ်ဒီနဲ့ ၈၈-ငြိမ်း/ပွင့်ပေါင်းပြီး ဇက်သတ်ပေးတာလို့ ယူဆပြီး ဝမ်းအသာကြီးသာကာ ဒီလမ်းကြောင်းကို နှပ်ကြောင်းပေးဇောင်း တင်ပြီး ပြောကြတော့မှာ သေချာသလောက်ပါ။

    လူထုဘက်ကကြည့်ရင်တော့ ဇဝေဇဝါမရေမရာအတွေးတွေနဲ့ပဲ ချာချာလည်နေရဦးမယ့်ကိန်းပါ။ ၈၈ ငြိမ်း/ပွင့်တွေနဲ့ ဒေါ်စုတွေ့ကြတယ် ဆိုတော့ ဝမ်း အသာကြီးသာ မျှော်အလင့်ကြီးလင့်ခဲ့ကြတဲ့ ရာခိုင်နှုန်းအတော် များပါတယ်။ ဒေါ်စုအပေါ် မေတ္တာထား ချစ်ခင်မှုကြောင့် ဒေါ်စု တိမ်းခဲ့ခြေလှမ်းတွေ၊ ယိမ်းခဲ့တဲ့ကတိတွေ၊ ကျွံခဲ့တဲ့စကားကို ခွင့်လွှတ် နားလည်ရုံမက စာနာဂရုဏာ ပိုတောင်သက်ခဲ့ကြတာလည်း လက်တွေ့ပါ။ ဒီမေတ္တာ ဂရုဏာတွေကြောင့်ပဲ လူထုဟာ စကားလုံးတွေနဲ့ နှစ်သိမ့်မှုကို စိတ်အရှည်ကြီး ရှည်ခဲ့ကြတာပါ။ ခုလည်း စိတ်အရှည်ကြီး ရှည်နေ လိမ့်ဦးမယ်လို့ထင်ရပါသေးတယ်။ ဘက်ပေါင်းစုံမတရားမမျှတမှုတွေ မကျေနပ်ချက်တွေနဲ့ ပွင့်ထွက်အုံကြွလာမယ့် လူထုဘက်ကလည်း တခုခုများဖြစ်လာလေဦး မလားအတွေးနဲ့ စောင့်တော့ကြည့်ကြမှာပါ။

    ပြန်ချုပ်ရရင် ဒီလမ်းကြောင်း ဘယ့်လောက်အောင်မြင်/မမြင်က စစ်အုပ်စု (ကာ/လုံနဲ့ကြံ့ဖွံ့) လက်ထဲမှာပဲရှိနေတယ် ဆိုငြားလည်း လေးဦး လေးဖလှယ် (၈၈/အင်န်အယ်လ်ဒီ/စစ်အုပ်စု/လူထု) ယာယီဘဝင်ကျစရာမို့ ထီးလိုမင်းလို သဘောတော့ ပါပါတယ်။ နောက်မှ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်တာတို့ ဆင့်ခေါင်းခွေးမချီနိုင်တို့ဆိုကာ ငြိုငြင်ခံရမယ့် အရေးလည်း မြင်ရမလားတွေးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါနိုင်ငံရေးပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ စစ်အုပ်စုရဲ့ အသက်ဗူးပါ။ ၂ဝဝ၈ ဟာ အာဏာပြဿနာပါ။ ၂ဝဝ၈ ကိုမရှင်းရင် ဗမာ့နိုင်ငံရေးဟာ ရှင်းလင်းလွယ်ကူစရာ မမြင်ပါ။

    မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁၆၊ ၂ဝ၁၄)
    ဓါတ်ပုံအညွှန်း-အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်များနှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များ ရှေ့လုပ်ငန်းစဉ်များ ပူးတွဲဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံစည်းဝေးနေကြစဉ်
    Photo-The 88 Generation Peace and Open Society FB