News @ M-Media

Tag: Afghanistan

  • အာဖဂန်တွင် ကမ္ဘာ့အကြီးဆုံး ဖျက်အားပြင်းဗုံးကို အမေရိကန် ကြဲချ

    အာဖဂန်တွင် ကမ္ဘာ့အကြီးဆုံး ဖျက်အားပြင်းဗုံးကို အမေရိကန် ကြဲချ

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    – နျူလီးယားမဟုတ်သည့် ဗုံးများတွင် အကြီးဆုံးဖြစ်သည့် GBU-43 ဗုံးကို အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်ဟု အမေရိကန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    နန်ဂါဟာပြည်နယ် အာချင်ခရိုင်တွင် ယမန်နေ့က MC-130 လေယာဉ်ဖြင့် ကြဲချခဲ့ခြင်းဖြစ်သည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှာ ပြောရေးဆိုခွင့်ရှိသူ အဒမ် စတမ့်က ဆိုသည်။

    ‘ဗုံးများ၏မိခင်’ ဟု အမည်တွင်သည့် အဆိုပါ GBU-43 မှာ ၉၇၉၇ ကီလိုဂရမ် အလေးချိန်ရှိပြီး GPS အသုံးပြု ဗုံးဖြစ်ကာ ၂၀၀၃ ခုနှစ် အီရတ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ခြင်းမပြုခင် ရက်ပိုင်းအလို၌ စမ်းသပ်ခဲ့သည်။

    အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ တိုက်ခိုက်မှုမှာ ဒေသအတွင်း အာဖဂန်နှင့် အမေရိကန်တပ်ဖွဲ့များက ပြုလုပ်သော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ၌ ဘေးအန္တရာယ်ကို လျှော့ချရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း TNT အဖျက်စွမ်းအားပြင်း ပစ္စည်း ၁၁ တန်နှင့် ညီမျှသည့် အဆိုပါ GBU-43 ဗုံး၏ ပေါက်ကွဲမှုမှာ ဘက်တစ်ဖက်လျှင် အချင်း ၁.၆ ကီလိုမီတာရှိနိုင်သောကြောင့် အရပ်သားများ အများအပြားသေဆုံးနိုင်ခြေ ရှိနေသည်။

    အာချင်ခရိုင်၏ မိုမန် ဒါရာဒေသတွင် ကြဲချခဲ့ပြီးနောက် ပျက်ဆီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှု စာရင်းကို သိရှိရခြင်း မရှိသေးပေ။

    Ref: Aljazeera

  • ကြေးနီထုတ်ယူရန် အာဖဂန်ရှိ ရှေးဟောင်း ဗုဒ္ဓမြို့တော်တစ်ခုကို တရုတ်ကုမ္ပဏီများ ဖျက်ဆီးဖွယ်ရှိနေ

    ကြေးနီထုတ်ယူရန် အာဖဂန်ရှိ ရှေးဟောင်း ဗုဒ္ဓမြို့တော်တစ်ခုကို တရုတ်ကုမ္ပဏီများ ဖျက်ဆီးဖွယ်ရှိနေ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    Mes Aynak ဗုဒ္ဓမြို့တော်မှ ရုပ်ပွားတော် တစ်ခု

    – မြောအောက်တွင်ရှိနေသည့် ကြေးနီများကို ထုတ်ယူရန်အတွက် အာဖဂန်နစ္စတန်ရှိ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓဘာသာထွန်းကားရာ မြို့တော်တစ်ခုကို တရုတ်ကုမ္ပဏီများက ဖျက်ဆီးရန် စီစဉ်နေသည်ဟု သိရသည်။

    မြို့တော်ကဘူးလ်၏ အရှေ့တောင်ဘက် ၂၅ မိုင်အကွာတွင်ရှိသည့် Mes Aynak မြို့ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ ခန့်က ဗုဒ္ဓဘာသာအမွေအနှစ်များ တည်ရှိရာ မြို့လည်းဖြစ်သည်။

    အာဖဂန် သတ္တုတွင်းနှင့် ရေနံထွက်လုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ ထိုမြို့မှာ ကမ္ဘာ့ ဒုတိယအကြီးဆုံး ကြေးနီထွက်ရာ ဒေသဖြစ်သည်ဟု ဆိုသည်။

    ၂၀၀၇ ခုနှစ် သမ္မတ ဟာမစ်ကာဇိုင်းလက်ထက်တွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော MCC ကို အဆိုပါ မြို့ရှိ ကြေးနီးများ နှစ် ၃၀ ထုတ်ယူရန်အတွက် ကန်ဒေါ်လာ ၃ ဘီလီယံနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး၊ MCC နှင့် အခြားတရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Jiangxi Copper တို့မှာ ကန်ဒေါ်လာ သန်း ၁၀၀ ခန့် တန်ဖိုးရှိမည့် ကြေးနီများကို ဗုဒ္ဓမြို့တော်အောက်မှ ထုတ်ယူရန် စီစဉ်နေသည်။

    ရှေးဟောင်းသုတေသန ပညာရှင်များကမူ အဆိုပါ Mes Aynak မြို့အား ကာကွယ်ရန် ကြိုးစားနေပြီး “Saving Mes Aynak” ဟု အမည်ပေးထားသည့် မှတ်တမ်းရုပ်ရှင်ဖြင့် ထိုအန္တရာယ်ကို ကမ္ဘာသိအောင် ချပြခဲ့သည်။

    “သူတို့ ခွင့်ပြုလိုက်တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ကမ္ဘာ့ဘဏ်ဟာ အာဖဂန်အစိုးရနဲ့ ပူးပေါင်းပြီး ဒီသမိုင်းဝင်နေရာကို ဘေးလွတ်ရာရွှေ့ဖို့ လုပ်နေတယ်။ ဒါပေမယ့် ဒီလိုလုပ်ရပ်ကိုက ရှေးဟောင်းသုတေသနဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေ၊ ဥပဒေတွေကို ချိုးဖောက်နေတာပါပဲ” ဟု အကျိုးအမြတ်မယူသော Integrity Watch Afghanistan အဖွဲ့မှ အဖွဲ့ဝင်ဟောင်း ဂျာဗဒ် နူရာနီက ပြောကြားခဲ့သည်။

    လက်ရှိတွင် အဆိုပါ ဗုဒ္ဓမြို့မှ ရှေးဟောင်းလက်ရာပေါင်း ၂၃၀၀ ခန့်ကို အာဖဂန်အမျိုးသားပြတိုက်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်ဟု သတ္တုတွင်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာဝါရီက ပြောကြားခဲ့သည်။

    မှတ်တမ်းရုပ်ရှင်အရ ထိုဒေသတွင် နေထိုင်သူ အနည်းဆုံ တစ်ဒါဇင်ခန့်ကိုလည်း တစ်ခြားနေရာသစ်သို့ ရွှေ့ပြောင်းခဲ့ပြီး ထိုကဲ့သို့ ကြေးနီတူးဖော်ရေးအစီအစဉ်မှာ အာဖဂန်နစ္စတန်၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှု သုံးသပ်မှု စံနှုန်းကို ပေါ်ပေါ်တင်တင် ချိုးဖောက်ခြင်းဖြစ်ကြောင်း နူရာနီက ထည့်သွင်း ပြောဆိုခဲ့သည်။

    MCC မှ ဒုတိယဥက္ကဌဖြစ်သူ လျှိုကျန်းယီက ထိုဒေသရှိ ရွာသားများကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဖဂန်ကုမ္ပဏီများနှင့် အာဖဂန်ပြည်သူများအတွက် အလုပ်အကိုင် ဖန်တီးပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Mes Aynak ဗုဒ္ဓမြို့တော်မှာ အာဖဂန်အစိုးရအနေဖြင့် ယူနက်စကိုသို့ လျှောက်ထားခြင်းပြုပါက ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ခံရမည့် အနေအထားအထိ ရှိနေသည်ဟု ယူနက်စကိုမှ အကြံပေး တင်မ်ဝီလီယံက ပြောကြားခဲ့သည်။

    “ဒါဒီနေရာဟာ အံ့သြလောက်ဖွယ် မပျက်မယွင်းတည်ရှိမှုနဲ့အတူ အင်မတန်ထူးခြားပြီး နက်နဲလှတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုပါ” ဟု ၀ီလီယံက ဆိုသည်။

    Ref : CNBC

  • အာဖဂန်တွင် အရပ်သား သေဆုံး၊ ဒဏ်ရာရမှု စံချိန်တင်မြင့်တက်

    အာဖဂန်တွင် အရပ်သား သေဆုံး၊ ဒဏ်ရာရမှု စံချိန်တင်မြင့်တက်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၇
    M-Media

    – ၂၀၁၆ ခုနှစ်အတွင်း အာဖဂန်နစ္စတန်၌ အရပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်မှာ စံချိန်တင်အမြင့်ဆုံးအဖြစ် ၁၁၅၀၀ ဦး ရှိခဲ့ပြီး ထိုအထဲမှ ၃ ပုံတစ်ပုံမှာ ကလေးငယ်များဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    နေတိုးအဖွဲ့၏ စစ်ဆင်ရေးပြီးဆုံးပြီးနောက် ၂ နှစ်ကျော် ကြာမြင့်လာသည့်အချိန်တွင် အာဖဂန်၌ အရပ်သားများ သေဆုံးမှု၏ အဓိက အကြောင်းအရင်းမှာ လူနေထူထပ်သည့် နေရာများတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်များအကြား တိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ (UNAMA) က ဆိုသည်။ ထိုအဖွဲ့မှာ ၂၀၀၉ ခုနှစ်ကတည်းက အရပ်သားများ သေဆုံးမှုကို စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

    ၂၀၁၆ ခုနှစ်အတွင်း အာဖဂန်၌ အရပ်သား စုစုပေါင်း ၃၄၉၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူမှာ ၇၉၂၀ ဦး ရှိခဲ့ကာ ၂၀၁၅ ခုနှစ်ကထက် ၃ ရာခိုင်နှုန်း တက်လာခြင်းဖြစ်သည်။

    UNAMA ၏ လူ့အခွင့်အရေးဌာနမှ ဒါရိုက်တာဖြစ်သူ ဒန်နီယဲလ် ဘဲလ်ကမူ ပဋိပက္ခတွင် ပါဝင်နေသူများအနေဖြင့် စစ်မြေပြင်တွင် ထိခိုက်မှုကို လျော့ချရန် ပိုမိုထိရောက်သည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    “သူတို့တွေဟာ ကတိက၀တ်တွေပေးပြီး၊ သူတို့ပေးထားတဲ့ ဒီကတိက၀တ်တွေကို စစ်မြေပြင်မှာ အမှန်တကယ် ကျင့်သုံးဖို့ စလုပ်ရပါမယ်။ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာကို တားဆီးဖို့ ဒါဟာ တစ်ခုတည်းသော လုပ်ရမယ့် နည်းလမ်းပါပဲ” ဟု သူမက ပြောကြားခဲ့သည်။

    သေဆုံးသူအရပ်သားများ၏ ၆၁ ရာခိုင်နှုန်းမှာ တာလီဘန်နှင့် IS တိုကဲ့သို့ လက်နက်ကိုင်အဖွဲ့များကြောင့် ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်တွင် တာလီဘန်ကြောင့် သေဆုံးသူ ၄၉၅၃ ဦး ရှိခဲ့သည်ဟု ကုလက အတည်ပြုခဲ့သည်။ ရှီအာမွတ်စလင်လူ့ အဖွဲ့အစည်းကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည့် IS ကြောင့် ထိခိုက်ဒဏ်ရာရသူစာရင်းမှ ၁၀ ဆတက်လာသည်ဟု စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ရသည်။

    ယခင်က အဖွဲ့ငယ်သာဖြစ်ခဲ့သော IS မှာ ၂၀၁၆ ခုနှစ်အတွင်း အသေခံတိုက်ခိုက်မှုများကို တိုးမြှင့် ပြုလုပ်လာခဲ့ပြီး အနည်းဆုံး ၈၉၉ ဦး သေဆုံး၊ ဒဏ်ရာရခဲ့သည်။ ကုလက အရပ်သားသေဆုံးမှုများကို စာရင်းကောက်ယူပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်မှာ အသေခံဗုံးခွဲမှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု အမြင့်ဆုံးဖြစ်ခဲ့သည်။

    Ref: Aljazeera

  • အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် တာလီဘန်က ထရမ့်ကို တောင်းဆို

    အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် တာလီဘန်က ထရမ့်ကို တောင်းဆို

    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ ထွက်သွားရန် တာလီဘန်တို့က သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းဆိုလိုက်ပြီး ၁၅ နှစ်အတွင်း သွေးမြေကျမှု၊ ထိုခိုက်ပျက်ဆီးမှုတို့မှလွဲ၍ အမေရိကန်မှာ မည်သည့်အောင်မြင်မှုမှ ရရှိခြင်း မရှိဟု ပြောကြားလိုက်သည်။

    တာလီဘန်၏ ၀ဘ်ဆိုက်များတွင် လွှင့်တင်ထားသည့် ဒေါ်နယ်ထရမ့်သို့ အိတ်ဖွင့်ပေးစာတွင် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အမေရိကန်မှာ ဆုပ်လည်းဆူး၊ စားလည်းရူးဖြစ်နေသည့် အခြေအနေတွင် ဒေါ်လာ ထရီလီယံပေါင်းများစွာ သုံးစွဲခဲ့ပြီးနောက် ယုံကြည်မှုလည်း ဆုံးရှုံးသွားခဲ့ပြီဟု ဆိုသည်။

    “ဒါ့ကြောင့် ဒီစစ်ပွဲကို အဆုံးသတ်ဖို့တာဝန်ဟာ ခင်ဗျားရဲ့ ပခုံးပေါ်မှာပါ” ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။

    အမေရိကန်မှာ ၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဗီယက်နမ်စစ်ပွဲပြီးနောက် အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲ ဖြစ်လာခဲ့သည်။ ထို့ပြင် ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သုံးစွဲခဲ့ရကာ အကုန်အကျအများဆုံး စစ်ပွဲလည်းဖြစ်သည်။

    တာလီဘန်ကမူ ၎င်းတို့၏ သူပုန်ထမှုများမှာ ဘာသာရေးအရ၊ အသိပညာအရ၊ အမျိုသားရေးအရ တရားဝင်ပြီး ဥပဒေဘောင်အတွင်းရှိ စံချိန်စံညွှန်းများအားလုံးနှင့် ညီညွတ်သည်ဟုလည်း ဖော်ပြခဲ့သည်။

    အာဖဂန်၌ လက်ရှိတွင် နေတိုးအဖွဲ့ဦးဆာင်ပြီး အာဖဂန် လုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ သီးခြား အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ရှိနေပြီး အမေရိကန်တပ်ဖွဲ့ဝင်များမှာ ၈၄၀၀ ၀န်းကျင် ရှိသည်။

    ထရမ့်ကမူ လက်ရှိတွင် အာဖဂန်နစ္စတန်နှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှမပေးသေးပေ။

    တာလီဘန်၏ ယခု အိတ်ဖွင့်ပေးစာတွင် ဗိုလ်ချုပ်များက တင်ပြသော အခြေအမြစ်မရှိသည့် သတင်းများကို မှီခိုအားထားခြင်းမပြုရန် ထရမ့်ကို သတိပေးခဲ့ပြီး၊ စစ်ပွဲရှိမှ အမေရိကန်မှာ အမြတ်ထွက်ကာ အခြေအနေကောင်းမည်ဖြစ်သောကြောင့် အာဖဂန်တွင် ဆက်လက်တိုက်ခိုက်ရေး၊ ဆက်လက်သိမ်းပိုက်ရေးတို့ကို ဗိုလ်ချုပ်များက အဓိကထား တင်ပြသွားမည်ဖြစ်ကြောင်း၊ ၃၈ နှစ်ကြာ စစ်ပွဲများနှင့် ကြုံတွေ့ခဲ့ရသည့် အာဖဂန်ပြည်သူများမှာ စစ်ပွဲများကို လုံးဝ အဆုံးသတ်ချင်နေပြီဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    အာဖဂန်တွင် တာလီဘန်နှင့် အစိုးရတပ်များ အသီးသီး ထိန်းချုပ်ထားသည့် နယ်မြေပြ မြေပုံ

    Ref: Aljazeera

  • အာဖဂန်တွင် အမျိုးသမီး လေဆိပ်ဝန်ထမ်း ၅ ဦး အသတ်ခံရ

    အာဖဂန်တွင် အမျိုးသမီး လေဆိပ်ဝန်ထမ်း ၅ ဦး အသတ်ခံရ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    kandahar-2

    – အာဖဂန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် သေနတ်သမားများက လေဆိပ် အမျိုးသမီးဝန်ထမ်းများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေဆိပ်ဝန်ထမ်းများမှာ ကားဖြင့် လေယာဉ်ကွင်းသို့ လာရောက်စဉ် အနည်းဆုံး သေနတ်သမား ၃ ဦးက ဆိုင်ကယ်များဖြင့် ၎င်းတို့ကားအား ၀န်းရံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဆာမင် ချက်ပါလ်ဝက်က ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွင်း ကစားမောင်းသူလည်း သေဆုံးခဲ့သည်။

    ကန်ဒါဟာ နိုင်ငံတကာလေဆိပ်မှ ဒါရိုက်တာ အဟ်မဒ်ဒွလ္လာ ဖိုင်ဇီက အဆိုပါ အမျိုးသမီးများမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ ၀န်ထမ်းများဖြစ်ပြီး အမျိုးသမီး ခရီးသွားများ၏ ကိုယ်ခန္ဓာနှင့် အိတ်များကို ရှာဖွေသည့်တာဝန်ကို ထမ်းဆောင်ရကာ၊ ၎င်းတို့မှာ လုံခြုံရေးအတွက် စိုးရိမ်နေရသည်ဟု ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    ကန်ဒါဟာတွင် အိမ်အပြင်ထွက်၍ အလုပ်လုပ်သော အမျိုးသမီးများမှာ တာလီဘန်နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်ထားတိုက်ခိုက်မှု အန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရသည်။

    ၂၀၀၁ ခုနှစ်တွင် တာလီဘန်အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်း အာဖဂန်အမျိုးသမီးများမှာ ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပြသခွင့် ရလာသော်လည်း အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အနိုင်ကျင့်မှုတို့ကို သိသိသာသာ ခံစားနေရဆဲဖြစ်သည်။

    အာဖဂန်ရှေ့နေချုပ်ရုံးက ၂၀၁၆ ခုနှစ်၏ ပထမ ၈ လအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှာ ၃၇၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် တစ်နှစ်လုံတွင်း ၅၀၀၀ ခန့်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကလည်း တာလီဘန်အဖွဲ့မှာ ကန်ဒါဟာ နိုင်ငံတကာ လေယာဉ်ကွင်းကို တိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးခဲ့သည်။

    Ref: Aljazeera