News @ M-Media

Tag: Afghanistan

  • ဗိုလ်ကြီး ဆာဖီယာ ဖေရိုဇီ (သို့မဟုတ်) အာဖဂန်အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှု ပြယုဂ်

    ဗိုလ်ကြီး ဆာဖီယာ ဖေရိုဇီ (သို့မဟုတ်) အာဖဂန်အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှု ပြယုဂ်

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    afghan
    အာဖဂန်နစ္စတန်၏ ဒုတိယမြောက် အမျိုးသမီးလေယာဉ်မှူး ဗိုလ်ကြီး ဆာဖီယာ ဖေရိုဇီ

    – ကလေးငယ်ဘ၀ကို ဒုက္ခသည်အဖြစ် ဖြတ်သန်းခဲ့ရသည့် ဗိုလ်ကြီး ဆာဖီယာ ဖေရိုဇီတစ်ယောက် ယခုတွင်တော့ နိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီး လေယာဉ်မှုးအဖြစ် အာဖဂန်လေတပ်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ကိုင်တွယ်မောင်းနှင်နေရသည်။ ထိုအချင်းအရာက အာဖဂန် အမျိုးသမီးများ စစ်တပ်သို့ ပိုမိုဝင်ရောက်လာစေရေး ကြိုးပမ်းမှု၏ လက္ခဏာတစ်ရပ်လည်း ဖြစ်လေသည်။

    အသက် ၂၆ နှစ်အရွယ်ရှိ ဖေရိုဇီ၏ ဘ၀လက်တွဲဖော်က တပ်ဖွဲ့တစ်ခုတည်းမှ လေယာဉ်မှူးဖြစ်ပြီး၊ ၎င်းတို့မှာ တာလီဘန်များ၏ သူပုန်ထမှုကို တွန်းလှန်ရာတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန် ကြိုစားနေသော အာဖဂန်လေတပ်၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

    “စစ်ယူနီဖောင်းကို ၀တ်လိုက်တဲ့အခါမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မ အရမ်းအရမ်းကို ဂုဏ်ယူမိပါတယ်” ဟု မြို့တော်ကဘူးလ်ရှိ လေတပ်အခြေစိုက်စခန်းတွင် လောဉ်မောင်းနှင်ရန် ပြင်ဆင်နေသည့် ဖေရိုဇီက ပြောကြားခဲ့သည်။ သူမ မောင်းနှင်သည့် လေယာဉ်က စစ်တပ်အတွက် သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုသည့် C-208 လေယာဉ် ဖြစ်သည်။

    ၂၀၀၁ ခုနှစ်က အမေရိကန်ဦးဆောင်သည့် ကျူးကျော်တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွအစိုးရ ပြုတ်ကျပြီး ၁၆ နှစ်နီးပါး ကြာညောင်းလာသည့်အချိန်တွင် အာဖဂန်အမျိုးသမီးများမှာ လွှတ်တော်၊ အစိုးရအဖွဲ့နှင့် စစ်တပ်တို့အပါအ၀င် လူ့အဖွဲ့အစည်းတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် စိုင်းပြင်းနေကြသည်။ သို့သော် အမျိုးသမီးများမှာ အိမ်တွင်းပုန်းရမည်ဟု အများစုက ယူဆနေပြီး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် အာဖဂန် ရှေးရိုးစွဲလူ့အဖွဲ့အစည်းတွင် ၎င်းတို့မှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ပင် ရှိနေသေးသည်။

    ၁၉၉၀ ပြည့်နှစ်များက အာဖဂန် စစ်ဘုရင်များအကြား ပြည်တွင်းစစ်ဖြစ်စဉ် ဖေရိုဇီမှာ ကလေးသာ ရှိသေးပြီး ၎င်း၏မိသားစုမှာ ကဘူးလ်ရှိနေအိမ်မှ ထွက်ပြေးကာ ပါကစ္စတန်တွင် ခိုလှုံခဲ့ရသည်။ ထို့နောက် တာလီဘန်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း အာဖဂန်သို့ ပြန်လာခဲ့သည်။

    တာလီဘန်အလွန် အာဖဂန်တွင် အထက်တန်းကျောင်းတက်ခဲ့သည့် ဖေရိုဇီမှာ အမျိုးသမီးများ စစ်တပ်ထဲသို့ဝင်ရန် တိုက်တွန်းသည့် တီဗီကြော်ငြာတစ်ခုကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဘွဲ့ရပြီးနောက်ပိုင်းတွင် သူမမှာ စစ်တက္ကသိုလ်သို့ တက်ရောက်ရန် စာရင်းပေးခဲ့ပြီး ဆက်သွယ်ရေးအရာအရှိတစ်ဦးအဖြစ် လေ့လာသင်ယူခဲ့သည်။ ထို့နောက် လေတပ်တွင် အမျိုးသမီး လေယာဉ်မှူးများ အလိုရှိနေသည်ဟု စစ်တက္ကသိုလ်တွင် ကြေငြာမှုနှင့် ကြုံတွေ့ရပြန်သည်။

    သူမနှင့် အခြား အမျိုးသမီး ၁၂ ဦးမှာ ထိုနေရာအတွက် လျှောက်ထားခဲ့ကြပြီး သင်တန်းတက်ရောက်ရန် စမ်းသပ်မှုကိုတော့ ဖေရိုဇီတစ်ယောက်တည်းသာ အောင်မြင်ခဲ့သည်။

    နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်ရှိ လေတပ်စခန်းတွင် သင်တန်းတက်နေစဉ် ဖေရိုဇီမှာ ဗိုလ်ကြီး မိုဟာမက် ဂျာဝဒ် နာဂျာဖီနှင့် တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် သူမ၏ခင်ပွန်း ဖြစ်လာခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ လွန်ခဲ့သည့် ၂ နှစ်က အိမ်ထောင်ကျခဲ့ခြင်းဖြစ်ပြီး၊ နာဂျာဖီက ဇနီးသည်၏ ရည်ရွယ်ချက်အတွက် အပြည့်အ၀ ထောက်ခံအားပေးခဲ့သည်။

    ၂၀၁၅ ခုနှစ် သင်တန်းအောင်မြင်ခဲ့ပြီးနောက် ဖေရိုဇီမှာ နာဂစ်ဟုခေါ်သည့် သမီးငယ်လေးတစ်ဦးကို မွေးဖွားခဲ့သည်။ သမီးငယ်လေးမှာ ယခုအတွင် အသက် ၈ လ ရှိပြီဖြစ်ပြီး ဖေရိုဇီမှာလည်း လေယာဉ်မှူးအဖြစ် အလုပ်ပြန်ဝင်နေလေပြီ။ အာဖဂန်စစ်တပ်တွင် ဖေရိုဇီမှာ ဒုတိယမြောက် အမျိုးသမီးလေယာဉ်မှူးဖြစ်ပြီး လက်ရှိတွင် အခြားအမျိုးသမီး ၅ ဦးမှာလည်း လေယာဉ်မှူးသင်တန်း တက်ရောက်နေ၏။

    ၂၀၁၃ ခုနှစ်က ဗိုလ်ကြီး နီလိုဖာရ် ရဟ်မာနီမှာ နှစ်ပေါင်း ၃၀ အတွင်း အာဖဂန်၏ ပထမဆုံး အမျိုးသမီးလေယာဉ်မှူး ဖြစ်လာခဲ့သည်။ သူမမှာ နိုင်ငံတွင် ဂျက်လေယာဉ်မောင်းရသည့် ပထမဆုံး အမျိုးသမီးလေယာဉ်မှူးလည်း ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များက ဆိုဗီယက်မှ ကျောထောက်နောက်ခံပြုထားသည့် အစိုးရလက်ထက်တွင် အာဖဂန်၌ ရဟတ်ယာဉ်မောင်းနှင်သော အမျိုးသမီး လေယာဉ်မှူးများ ရှိခဲ့သည်။ ရဟ်မာနီမှာ လက်ရှိတွင် ပိုကြီးမားသော C-130 သယ်ယူပို့ဆောင်ရေးလေယာဉ် မောင်းနှင်နိုင်ရန်အတွက် အမေရိကန်တွင် သွားရောက် သင်တန်းတက်နေသည်။

    ဖေရိုဇီကတော့ အခြားအမျိုးသမီးများအနေဖြင့် သူမကိုကြည့်၍ အားကျစေချင်သည်ဟု ပြောကြားခဲ့သည်။

    “အမျိုးသမီးတစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေ တော်တော်များများကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို တစ်နည်းနည်းနဲ့တော့ ရင်ဆိုင်ဖြေရှင်းရတာပါပဲ”

    အာဖဂန်၏ ၁၉၅၀၀၀ သော စစ်အင်အားတွင် အမျိုးသမီးစစ်သည်မှာ ၁၈၀၀ ၀န်းကျင်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး မိုဟာမက် ရဒ်မာနစ်ရှ်က ဆိုပြီး၊ အမေရိကန်နှင့် နေထိုးအဖွဲ့တို့က ကျောထောက်နောက်ခံပြုထားသည့် အာဖဂန်စစ်တပ်မှာ လာမည့် ၇ နှစ်အတွင်း လက်ရှိ အရေအတွက်၏ ၁၀ ရာခိုင်နှုန်းအထိ တိုးလာရေး ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။

    အာဖဂန်၏ လေတပ်မှာ လေယာဉ် အစီး ၁၀၀ ကျော်သာရှိသည့် တပ်ငယ်လေးဖြစ်ပြီး နှစ်ပေါင်းများစွာကြာ လစ်လျူရှုခြင်း ခံခဲ့ရသည်။ သို့သော်လည်း ၂၀၁၅ ခုနှစ်တွင် နေတိုးအဖွဲ့နှင့် အမေရိကန်တို့က သင်တန်းများပေးခြင်း၊ လက်နက်ကိရိယာများ တပ်ဆင်ပေးခြင်းဖြင့် အင်အားကြီးမားလာစေရန် အာရုံစိုက် ဆောင်ရွက်ခဲ့သည်။ အာဖဂန်လေတပ်ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ အပေါ့စား တိုက်လေယာဉ်များမှာ ယခုနှစ်အတွင်း စစ်ဆင်ရေးများတွင် ပါဝင်နေသော်လည်း သူပုန်များအား အဓိကတိုက်ခိုက်မှုကို နေတိုးအဖွဲ့ကသာ ပြုလုပ်နေခြင်းဖြစ်သည်။

    အာဖဂန်လေတပ်၏ အဓိကအခန်းကဏ္ဍမှာ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေကြီးရေလျှံခြင်း၊ ရေခဲတောင်များ ပျော်ဆင်းခြင်း၊ မြေပြိုခြင်းနှင့် အခြားသော ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသူများကို ကူညီပေးလျက် ရှိနေသည်။

    Ref: AP

  • ကဘူလ်းဗလီ ဗုံးခွဲခံရ၊ ၂၀ ကျော်သေဆုံး

    ကဘူလ်းဗလီ ဗုံးခွဲခံရ၊ ၂၀ ကျော်သေဆုံး

    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    shia

    – အာဖန်နစ္စတန်မြို့တော် ကဘူးလ်ရှိ ရှီအာဗလီဝတ်ကျောင်းတော်တစ်လုံးကို အသေခံဗုံးခွဲသမားတစ်ဦးက ယနေ့တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့သည်ဟု အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ဒါရုလ်အေမန်ရပ်ကွက်ရှိ ဘကွာရ်-အွလ်-အူလွမ် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး ကဘူးလ်ရဲတပ်ဖွဲ့အကြီးအကဲ အဘ်ဒူလ် ရဟ်မန် ရာဟီမီကမူ အမြောက်အများဒဏ်ရာရခဲ့ကာ သေးဆုံးသူအရေအတွက် မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

    ရှီအာဝတ်ပြုသူများမှာ အာရ်ဘာအင်း အထိမ်းအမှတ်အခမ်းအနားပြုလုပ်ရန်အတွက် ဗလီဝတ်ကျောင်းတော်အတွင်း စုရုံးစဉ် ထိုကဲ့သို့ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများတွင် အာဖဂန်စစ်သား ၂ ဦးလည်း ပါဝင်ခဲ့သည်။ ထိုဗုံးခွဲမှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    ယခုနှစ်အစောပိုင်းကလည်း နိုင်ငံမြောက်ပိုင်း၌ ရှီအာမွတ်စလင်များ အာရှူရာနေ့အခမ်းအနားအတွက် စုရုံးနေစဉ် ဗုံးကွဲမှုဖြစ်ပွားခဲ့ပြီး ၁၄ ဦး သေဆုံးခဲ့သည်။

    သြဂုတ်လက ကဘူလ်မြို့ရှိ ရှီအာမွတ်စလင်များနေထိုင်ရာ ဟာဇာရာရပ်ကွက်၌ ဆန္ဒပြမှုအတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၈၅ ဦး သေဆုံးခဲ့ကာ ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုဖောက်ခွဲမှုအတွက် IS အကြမ်းဖက်အဖွဲ့က ၎င်းတို့လက်ချက်ဟု ကြေငြာခဲ့သည်။

    Ref: Aljazeera

  • အာဖဂန်အတွင် အမေရိစစ်တပ်၏ ရာဇ၀တ်မှုများအတွက် ICC စုံစမ်းမည်

    အာဖဂန်အတွင် အမေရိစစ်တပ်၏ ရာဇ၀တ်မှုများအတွက် ICC စုံစမ်းမည်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်၏ အာဖဂန်စစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုများနှင့်ပတ်၍ စုံစမ်းစစ်ဆေးမှုတစ်ခုကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က လာမည့် ရက်သတ္တပတ်များအတွင်း ပြုလုပ်သွားမည်ဟု Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

    ယုံကြည်ရလောက်သည့် ရင်းမြစ်များ၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန်စစ်သားများ၊ တာလီဘန် သောင်းကျန်းသူများအပြင်၊ အာဖဂန်အစိုးရနှင့်ပါ ဆက်နွယ်နိုင်သည့် စစ်ပွဲအတွင်း ဥပဒေချိုးဖောက်မှုများအတွက် ပြည့်ဝပြီး ခြွင်းချင်းကင်းသော စုံစမ်း စစ်ဆေးမှုတစ်ခု စတင်ရန် သီတင်းပတ်အနည်းငယ်သာလိုတော့ကြောင်း ICC ရှေ့နေချုပ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    အကယ်၍ အဆိုပါ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်မည်ဆိုပါက ယင်းသို့စစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်မည်ဖြစ်ပြီး ICC မှာ ယခင်က အာဖဂန်တွင် အမေရိကန်စစ်သားများက ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် အရေးယူမှုပြုလုပ်ရန် မစဉ်းစားခဲ့ဖူးချေ။

    အဆိုပါ စုံစမ်းစစ်ဆေးမှုကို ယခုနှစ်နှောင်းပိုင်းတွင် စတင်မည်ဟု ခန့်မှန်းရပြီး၊ အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့မှာ မကြာသေးမီက ICC ရုံးစိုက်ရာ The Hague မြို့သို့ သွားရောက်ခဲ့ကာ စုံစမ်းစစ်ဆေးမှု၏ ဖြစ်နိုင်ချေကို သိရှိရန်ဖြစ်နိုင်သည်ဟု Foreign Policy က ထည့်သွင်းဖော်ပြခဲ့သည်။

    Ref : RT

  • ကဘူးလ်ရှိ ရှီယိုက်ဗလီဝတ်ကျောင်းတော်တွင် တိုက်ခိုက်မှုဖြစ်

    ကဘူးလ်ရှိ ရှီယိုက်ဗလီဝတ်ကျောင်းတော်တွင် တိုက်ခိုက်မှုဖြစ်

    အောက်တိုဘာ ၁၂၊ ၂၀၁၆
    M-Media

    kabul-3

    – အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး၌ ရှီယိုက်မွတ်စလင်များ ဘာသာရေး အထိမ်းအမှတ်အခမ်းအနား ပြုလုပ်နေစဉ်အတွင်း သေနတ်သမားများက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    မြို့အနောက်ပိုင်း ကဘူးလ်တက္ကသိုလ်အနီးရှိ ကာတီဗလီဝတ်ကျောင်းတော်တွင်ဖြစ်ပြီး အစ္စလာမ့်ပြက္ခဒိန်၏ ပထမဆုံးလဖြစ်သော မုဟရမ် ၁၀ ရက်နေ့တွင် ကျရောက်သည့် အာရူရာနေ့အခမ်းအနားကို ပြုလုပ်နေစဉ် တိုက်ခိုက်မှု ဖြစ်ပွာခဲ့ခြင်းဖြစ်သည်။

    အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ အသေခံတိုက်ခိုက်ရေးသမားမှာ ရဲတပ်ဖွဲ့ဝင် ယူနီဖောင်းဝတ်ကာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သူ တစ်ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီး ဆဒစ် ဆီဒီကီက ဆိုသည်။

    သေနတ်သမားမှာ ဗလီဝတ်ကျောင်းတော်အား စောင့်နေသည့် ရဲတ်ဖွဲ့ဝင်တစ်ဦးကို ပစ္စတိုဖြင့်ပစ်သတ်ကာ ၎င်း၏ ရိုင်ဖယ်သေနတ်ကိုယူ၍ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုအတွင်း သေနတ်သမား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။

    ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့အစည်းကမှ တာဝန်မယူသေးပေ။

    ရှီယိုက်မွတ်စလင်များမှာ တမန်တော် မုဟမ္မဒ်သခင်၏ မြေးတော် အီမာမ် ဟူစိန် ကွယ်လွန်မှုအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားများကို အာရှုရာနေ့ ရောက်ရှိတိုင်း ကျင်းပမပြုလုပ်လ့ရှိကြသည်။

    IS နှင့် တာလီဘန်တို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများမှာ ရှီယိုက်မွတ်စလင်များကို ဖောက်ပြန်ရေးသားများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ ဗလီဝတ်ကျောင်းတော်များ၊ စုရုံးမှုများကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

    Ref: Aljazeera

  • သမ္မတနှင့် သားသတ်သမားတို့၏ လောင်းကြေးထပ်ခံရသည့် အာဖဂန်နိုင်ငံရေးအခင်းအကျင်း

    သမ္မတနှင့် သားသတ်သမားတို့၏ လောင်းကြေးထပ်ခံရသည့် အာဖဂန်နိုင်ငံရေးအခင်းအကျင်း

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    kabul
    အာဖဂန်နစ္စတန်၊ ကဘူးလ်မြို့တွင် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ ဦးဆောင်သော ဟိဇ်ဘီအစ္စလာမီအုပ်စုနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနေသည့် အရှ်ရဖ် ဂနီ

    – ကဘူးလ်မြို့၏သားသတ်သမား ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် သဘောတူညီချက်ရယူလိုက်သော အာဖဂန်သမ္မတအဖို့ နိုင်ငံရေးအရ အသာစီးရသွားသော်လည်း ယင်းလုပ်ဆောင်ချက်က နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်လာစေနိုင်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က အာဖဂန်အစိုးရသည် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် စစ်ဘုရင် တဖြစ်လဲ ၀န်ကြီးချုပ်ဟောင်း ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ရာ မျှော်လင့်ချက်ရော စိုးရိမ်စရာပါ မြင့်တက်လာခဲ့သည်။ အဓိကရသောင်းကျန်းသူအုပ်စုတစ်စု၏ ခေါင်းဆောင်ဖြစ်သူမှ ပထမဆုံး လက်နက်ချရန် သဘောတူညီခြင်း၊ နိုင်ငံ့ဥပဒေအောက်၌ ခိုလှုံခြင်းနှင့် မြေပေါ်နိုင်ငံရေးလမ်းကြောင်းသို့ ၀င်ရောက်ခြင်းဖြစ်၍ အဆိုပါသဘောတူစာချုပ်သည် မျှော်လင့်ချက်ကို သယ်ဆောင်လာစေသည်။

    သို့သော် ဟိက်မတ်ယာ၏ ဦးလှည့်ခြင်းက နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုပြဿနာများအား ဒလဟော သွန်ချပေးလိုက်သလို ဖြစ်သွားနိုင်ပေသည်။ နိုင်ငံ့အနာဂတ်ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်၏။

    “ကဘူးလ်မြို့မှသားသတ်သမား” ဟု အမည်တွင်သည့် ဟိက်မတ်ယာထံ၌ အငြင်းပွားဖွယ်သမိုင်းကြောင်း ရှိနေသည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က သူသည် ကွန်မြူနစ်ခေါင်းဆောင်များနှင့်အတူ အာဏာသိမ်းရန် အနည်းဆုံးနှစ်ကြိမ် ကြံစည်ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။

    ၁၉၉၀ နှစ်များမှ အာဖဂန်ပြည်တွင်းစစ်ပွဲကာလအတွင်း သူ၏ အာဏာရရေးကြိုးပမ်းမှု၌ ဥဇဘက်ခေါင်းဆောင် ဗိုလ်ချုပ် အဗ်ဒုလ်ရရှီးဒ်ဒေါ့စ်သူးမ်နှင့် ဟာဇရာခေါင်းဆောင် အဗ်ဒုလ် အလီ မဇာရီ စသော သူ၏ ဂိုဏ်းကွဲမဟာရန်သူတော်များနှင့်ပင် မဟာမိတ်ဖွဲ့ခဲ့သူဖြစ်သည်။

    ၎င်းနောက် မဟာမိတ်အားလုံးနီးပါးများထံမှ ခွဲထွက်ဘက်ပြောင်းပြီး မိမိ၏ကျော်စောမှုနောက်ကိုသာ အဖန်တလဲလဲ လိုက်ပါသူဖြစ်၍ စဉ်းလဲကောက်ကျစ်သည့်၊ ယုံကြည်ကိုးစားမှုနှင့်မထိုက်တန်သည့် စရိုက်သဘာဝ ရှိနေသည်။

    အကြံကြီးမှုများ

    လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က သူသည် နိုင်ငံအများအပြားမှ ထောက်လှမ်းရေးအေဂျင်စီများနှင့် ပတ်သက်ဆက်နွှယ်ခဲ့သူလည်းဖြစ်သည့်အပြင်၊ အလွန်အကြံကြီးပြီး အာဏာအတွက် ရက်စက်ရန် လက်မတွန့်သူတတ်သူ ဖြစ်ခဲ့၏။

    အာဖဂန်ပြည်တွင်းစစ်အတွင်း သမ္မတဖြစ်ရေးတိုက်ပွဲတွင် ဟိက်မတ်ယာသည် ကဘူးလ်မြို့အား ဒုံးကျည်များ ထောင်ချီသုံးကာ ဗုံးမိုးရွာစေခဲ့သဖြင့် သောင်းနှင့်ချီသော မြို့နေလူထုများ သေကြေဒဏ်ရာရခဲ့ကြသည်။

    သူသည် မိမိ၏ပြိုင်ဖက်များကို အမြစ်လှန်နိုင်ရန်၊ အာဏာရရှိရန် လူမျိုးရေးတင်းမာမှုများကို သွတ်သွင်းမီးမွှေးခဲ့သဖြင့် နာမည်ဆိုးတွင်ထားသူလည်း ဖြစ်ပြန်သည်။ ဤငြိမ်းချမ်းရေးစာချုပ်သစ်တွင် သူ၏နောက်ကြောင်းရာဇ၀င်ကဏ္ဍတိုင်းက သူ၏ ကြမ်းကြုတ်ရက်စက်ခြင်းနှင့် အာဏာမက်မောခြင်းအား ညွှန်ပြလျက်ရှိနေသည်။

    ကဘူးလ်မြို့ရှိ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ဖြစ်လွယ်ပျက်လွယ် အပြောင်းအလဲများနိုင်သော အနေအထား၌ရှိနေ၏။ နိုင်ငံ့ဒေသအများအပြားတွင် မလုံခြုံမှုများက အဆက်မပြတ် ခြိမ်းခြောက်နေ၏။ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းတည်ထောင်သော အမျိုးသားညီညွတ်ရေးအစိုးရ – National Unity Government (NUG) အတွင်း၌ အုပ်စုကွဲအားပြိုင်နေမှုများက ဤအပြောင်းအလဲများနိုင်သော အခြေအနေကို ထပ်မံအားဖြည့်ပြီး လူမျိုးရေးတင်းမာမှုအား အသစ်တဖန် မြင့်တက်သွားစေခဲ့သည်။

    ဗဟိုအစိုးရ၏ ပျော့ကွက်က စစ်ဘုရင်များကို အင်အားဖြည့်ပေးရာရောက်ပြီး အာဏာကို အချည်းနှီး ဖြစ်စေခဲ့သည်။ အာဖဂန်နစ္စတန်သို့ ဟိက်မတ်ယာ၏ ပြန်လှည့်လာမှုသည် နိုင်ငံရေးအခင်းအကျင်းအား ထပ်ဆင့် ရှုပ်ထွေးစေနိုင်သည်သာမက နိုင်ငံရေး၊ လူမျိုးရေးနှင့် ဂိုဏ်းကွဲတင်းမာမှုများဆိုင်ရာ လှိုင်းဂယက်တစ်ခု အသစ်တဖန် ဖုံးလွှမ်းလာနိုင်ပေသည်။

    အကယ်၍ သူသည် ပြည်တွင်းစစ်ကာလအတွင်း ပြုမူခဲ့သကဲ့သို့ အာဏာရရှိရေးနှင့် ပြိုင်ဖက်ဖြိုလှဲရေးအတွက် လူမျိုးရေးကို ရှေ့ဆက်အသုံးချသည့် လမ်းကြောင်းကို ရွေးချယ်ပါက လူမျိုးရေးတင်းမာမှုများကို ထပ်မံ ဆိုးရွားလာစေတော့မည်ဖြစ်သည်။

    kabul-2
    ကဘူးလ်မြို့ အာဖဂန်အစိုးရနှင့် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားထုတ်လွှင့်ချက်ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် အာဖဂန်ပြည်သူများ 

    ၁၉၈၀ ခုနှစ်များကပင် ဟိဇ်ဘီ အစ္စလာမီသည် တာဂျစ်တို့၏ အဓိကအုပ်စုကွဲတစ်ခုဖြစ်သော ဂျမအတ်သီ အစ္စလာမီနှင့် ပြိုင်ဖက် ဖြစ်နေခဲ့၏။ ဤနိုင်ငံရေးပြိုင်ဖက် လက်နက်ကိုင်အုပ်စုနှစ်စုလုံးမှာ ဒီမိုကရေစီဘက်တော်သားများဖြစ်သော်လည်း ဟိက်မတ်ယာ၏ ဦးလှည့်လာမှုမှာကား နိုင်ငံရေးအရရော၊ ၎င်းတို့အကြား ပြင်းထန်သည့်ပဋိပက္ခကိုပါ မီးထတောက်စေမည့် အဓိကလောင်စာတစ်ရပ်ဖြစ်နေပေသည်။

    ခေတ်သစ်အာဖဂန်နစ္စတန်၌ လက်ခံကျင့်သုံးနေသော လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် ရေးသားတင်ပြခွင့်၊ အမျိုးသမီးများအခွင့်အရေး၊ အပြန်အလှန်လေးစားမှုအခြေတည် နိုင်ငံရေးပြိုင်ဆိုင်ခြင်း အစရှိသည်တို့အပေါ် ဟိက်မတ်ယာဖက်မှ လက်ခံသည့် အရိပ်အယောင် မပြသနိုင်သေးပေ။

     

    နိုင်ငံရေးခြေလှမ်းသာဖြစ်သည်

    ဟိက်မတ်ယာအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ခေါ်ဆောင်လိုက်သည့် သမ္မတ အရှ်ရဖ် ဂနီ၏ ပင်မရည်ရွယ်ချက်သည် နိုင်ငံရေးအရသာဖြစ်၏။

    စောင့်ကြည့်မှုအရ NUG ၏ ပုံဖော်ချက်ဖြစ်သော အာဏာခွဲဝေခြင်း သဘောတူညီချက်အရ ဟိက်မတ်ယာသည် သူ၏ပြိုင်ဖက် အမှုဆောင်ချုပ် အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့် သူ့အုပ်စုကို ပခုံးချင်းယှဉ်နိုင်မည့် အခြေခံပါဝါလိုအပ်ချက်များ လစ်ဟင်းလျက်ရှိနေသေးသည်။

    ဟိက်မတ်ယာ၏ တစ်ကျော့ပြန်လာခြင်းက သူ၏ပြိုင်ဖက်အုပ်စုကွဲ ဂျမအတ်သီ အစ္စလာမ်မီအုပ်စုမှ အာဏာရလာသည့် အဗ်ဒုလ္လာဟ်နှင့် ဂနီတို့အကြားရှိ သြဇာချိန်ခွင်လျှာအား ထိုးနှက်မှု ဖြစ်လာနိုင်၏။ သမ္မတ ဂနီ၏ လူမျိုးနွယ် ပက်ရှ်တွန်းမှ မျိုးကွဲအုပ်စုဖြစ်သော အရှေ့ပိုင်းဂီလ်ဇာအီတို့အကြားရှိ ဟိက်မတ်ယာ၏သြဇာလွှမ်းမိုးမှုက ဂနီအတွက် အဗ်ဒုလ္လာဟ်နှင့် ဂျမအတ်အုပ်စု၏ ဖိအားပေးမှုအပေါ် ရင်ဆိုင်ရေး၌ အသုံးတည့်လှချေသည်။

    ထို့အပြင် ဂနီအတွက် ၂၀၁၄ ခုနှစ်တွင် အနားယူသွားပြီး အာဏာပြန်လည်ရယူရန် အပူတပြင်းဖြစ်နေသော သမ္မတဟောင်း ဟာမစ်ကာဇာအီ(ဟာမစ်ကာဇိုင်း)၏ သြဇာနှင့်အာဏာကို ချိန်ညှိထိုးဆွခြင်း၌လည်း အထောက်အကူဖြစ်စေနိုင်၏။ NUG အတွင်း မညီညွတ်မှုကြောင့် အာဖဂန်နစ္စတန်၏ ပြည်တွင်း နိုင်ငံရေးနှင့် လုံခြုံရေးအနေအထား ပိုမို ဆိုးဝါးလာရသည်ဟု လူအများက ယုံကြည်လျက်ရှိကြသည်။

    ဟိက်မတ်ယာ၏ နိုင်ငံရေးသမိုင်းက ကာဇာအီထက် ပိုမိုခြေလှမ်းကျယ်သဖြင့် Loya Jirga (ခေါ်) နိုင်ငံရေးအကူးအပြောင်းတစ်ရပ်ဖြစ်သော အမျိုးသားရေးညှိနှိုင်းတိုင်ပင်မှု ထပ်မံပျက်ပြယ်မသွားအောင် လိုအပ်သည်ရှိသော် ကာဇာအီ၏ အာဏာပြန်ရရေးအပေါ် ကာကွယ်ခြင်း၌ ဟိက်မတ်ယာအနေနှင့် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာပေမည်။

    ဤသဘောတူညီချက်အား ဖြစ်မြောက်စေရေးနှင့်ပတ်သက်ပြီး ပါကစ္စတန်၏သဘောထားကမူ ပဟေဠိ ဖြစ်နေဆဲပင်။ ပါကစ္စတန်က ဟိက်မတ်ယာအား ကာလရှည် ပံ့ပိုးကာကွယ်ပေးခဲ့ပြီး လက်ရှိတွင် သူနှင့် သူ၏မိသားစုအား ခိုလှုံခွင့်ပေးထားသည်။ ယခုငြိမ်းချမ်းရေးပဋိညာဉ်အပေါ် ပါကစ္စတန်မှ တရားဝင်တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသေးလင့်ကစား ၎င်းတို့၏နှုတ်ဆိတ်နေမှုက လျစ်လျူရှုထားခြင်းသဘောလည်း မသက်ရောက်ပေ။

    kabul-3
    အရှ်ရဖ်ဂနီကို အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့်အတူ တွေ့ရစဉ် 

    ပါကစ္စတန်၏ထောက်ခံအားပေးမှု
    ပါကစ္စတန်၏ထောက်ခံအားပေးမှု မပါဘဲ ဟိက်မတ်ယာသည် အရေးကြီးသည့် နိုင်ငံရေးဆုံးဖြတ်ချက်ကို ပြုလုပ်မည်မဟုတ်။ ကဘူးလ်နှင့် အစ္စလာမဘတ်အကြားရှိ ဆက်ဆံရေးမှာ မည်သည့်အခါမှ မတိုးတက်စဖူး။ NUG မှာလည်း စတင်ထူထောင်သည့် ၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံရေးနှင့်လုံခြုံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်ဖြစ်နေသည်။ ယင်းသဘောတူညီမှုကို ထောက်ခံသည့်အသွင်ဆောင်ခြင်းမှာ တိုက်ရိုက်အကျိုးအမြတ်တစ်ရပ် ရှိမရှိ ရှင်းလင်းစွာ မသိနိုင်သေးပါ။

    ဖြစ်နိုင်ချေအလားအလာနှစ်ရပ်ရှိ၏။ ပါကစ္စတန်သည် အာဖဂန်၌ အိန္ဒိယ၏ သြဇာကြီးထွားလာမှုအား ဖြိုလှဲရန် ဟိက်မတ်ယာကို အသုံးချခြင်း ဖြစ်နိုင်သည်။ နောက်တစ်ချက်မှာ အိန္ဒိယနှင့် အာဖဂန်နစ္စတန်အကြား ဖက်လှဲတကင်းရှိနေမှုက ၎င်း၏နိုင်ငံလုံခြုံမှုအတွက် အန္တရာယ်တစ်ရပ်အဖြစ် ရှုမြင်ထားသည်။

    ၁၉၈၀ နှစ်များတွင် ဆိုဗီယက်အား စတင် ခုခံတိုက်ခိုက်ချိန်ကတည်းက မူဂျာဟစ်ဒင်အုပ်စုများအကြားဟိက်မတ်ယာသည် ကက်ရှမီးယားနယ်ရှိ သူပုန်များအား မီးမွှေးပေးနိုင်သည့် ပြိုင်ဖက်ကင်းသူဖြစ်ခဲ့သည်။

    အိန္ဒိယသားများအား ဆန့်ကျင်မုန်းတီးမှု ဟူသော ဟိက်မတ်ယာ၏ကျောထောက်နောက်ခံက အာဖဂန်ရှိ အိန္ဒိယကြီးစိုးမှုကို ဖြိုလှဲရေး၌ အသုံးချနိုင်မည်ဟု အစ္စလာမာဘတ်က နားလည်ထားဟန်ရှိ၏။ ဤသည်မှာ ဖြစ်နိုင်ချေ ပထမအချက်တည်း။

    ဒုတိယအချက်မှာ ချည့်နဲ့နေသော ကဘူးလ်အုပ်ချုပ်ရေးအပေါ် ပါကစ္စတန်မှ အာဏာလွှမ်းရန် ကြိုးစားလာမှု၌ အခြေတည်နေ၏။ အာဖဂန်၏ ယိုင်နဲ့နေပြီဖြစ်သော နိုင်ငံရေးအခင်းအကျင်း (နှင့်) ကဘူးလ်၌ အရှိန်မြင့်နေသော အစ္စလာမဘတ်၏ သြဇာလွှမ်းမိုးမှုတို့ကို ဟိက်မတ်ယာ၏ ဦးလှည့်ဝင်လာမှုဖြင့် အကြွင်းမဲ့ ရှုပ်ထွေးသွားစေမည်ဟု ပါကစ္စတန်က ယုံကြည်ထားဟန်ရှိသည်။

    ဂနီအတွက်တော့ ဟိက်မတ်ယာအား ခေါ်ယူခြင်းမှာ နိုင်ငံရေးအသာစီးရမှု ဖြစ်သည်။ သို့ပင်သို့ငြား ၎င်း၏ ပြန်ရောက်လာမှုက နိုင်ငံရေးတည်ငြိမ်မှုကို အထောက်အကူပြုမည်လော သို့မဟုတ် ထိခိုက်စေမည်လော မသိနိုင်သေးပေ။

    အကယ်၍ ဟိက်မတ်ယာသည် ခွေးမြီးကောက်ကျည်ထောက်စွပ်သည့် ဥာဉ်အတိုင်း အာဖဂန်၏ လက်ရှိဒီမိုကရေစီစနစ်ကို လက်မခံဘဲ ငြိမ်းချမ်းရေးပဋိညာဉ်အပေါ် သဘောထားမဖြောင့်မှန်ပါက – ဂနီအစိုးရထံ၌သာ လုံးလုံးလျားလျား တာဝန်ရှိပေတော့မည်။ နိုင်ငံရေးအခင်းအကျင်းမှာ တိုးတက်မှုမဖြစ်ထွန်းဘဲ အဆိပ်ခံသလို ဖြစ်တော့မည်။ ဒီမိုကရေစီထောက်ခံသည့် ခေတ်သစ် အာဖဂန်နစ္စတန်မြေအတွင်းမှာပင် အန္တရာယ်တွင်းတူးရာ ရောက်ပေမည်။ ပြင်ပမှ သူဆောင်ယူလာသော နိုင်ငံရေးစနစ်ထက် ဆိုးဝါးသွားနိုင်သည်။

    ဟိက်မတ်ယာသည် အာဖဂန်နစ္စတန်၏ အကြမ်းကြုတ်ဆုံး စစ်ဘုရင်တစ်ဦး ဟူသော ခေါင်းစဉ်အောက်တွင် ရှိနေဆဲ။ သို့ဖြစ်ရာ ဂနီသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု နှစ်ခုစလုံးအပေါ် လောင်းကြေးတစ်ရပ်၏ ပန္နက်တိုင်ကို စိုက်ထူမိလေပြီ။

    (ကဘူးလ်အခြေစိုက်ပညာရှင်၊ အာဖဂန်နစ္စတန်ရေးရာနှင့် နိုင်ငံရေးကျွမ်းကျင်သူ သုတေသီအဖွဲ့ဝင် နဂျစ် ရှရဖီ၏ Al Jazeera ဖော်ပြချက်ပါ Ashraf Ghani’s gamble with ‘butcher of Kabul’ အတွေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)