News @ M-Media

Tag: Afghanistan

  • တာလီဘန်အုပ်စိုးမှုနောက်ပိုင်း အာဖဂန်မီဒီယာလုပ်ငန်း ထက်ဝက်ခန့် ပိတ်ပစ်ရ

    တာလီဘန်အုပ်စိုးမှုနောက်ပိုင်း အာဖဂန်မီဒီယာလုပ်ငန်း ထက်ဝက်ခန့် ပိတ်ပစ်ရ

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ပြန်လည်အုပ်စိုးပြီးနောက်ပိုင်း မီဒီယာလုပ်ငန်းရဲ့ ထက်ဝက်နီးပါးလောက် ပိတ်ပစ်လိုက်ရပြီး တိုင်းပြည်စီးပွားရေးအခြေအနေ ဆိုးရွားလာတာနဲ့ တာလီဘန်ရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေကြောင့် ဖြစ်တယ်လို့ မီဒီယာစောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

    တာလီဘန်ဟာ ဩဂုတ်အလယ်ပိုင်းကစတင်ပြီး အာဖဂန်နစ္စတန်ကို ပြန်လည်အုပ်စိုးခဲ့တာပါ။

    နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) နဲ့ အာဖဂန်လွတ်လပ်သော ဂျာနယ်လစ်အသင်း (AIJA) တို့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ မီဒီယာလုပ်ငန်းရဲ့ ၄၃ ရာခိုင်နှုန်းလောက် ပိတ်ပစ်လိုက်ရပြီး ဂျာနယ်လစ် စုစုပေါင်း ၆၀ ရာခိုင်နှုန်းလောက် အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ ဖော်ပြထားပါတယ်။

    တာလီဘန်မအုပ်ချုပ်ခင်အချိန်က အာဖဂန်နစ္စတန်မှာ မီဒီယာလုပ်ငန်း ၅၄၃ ခု ရှိနေရာကနေ၊ အခုနှစ် နိုဝင်ဘာ အကုန်မှာတော့ ၃၁၂ ခုသာ ရှိတော့တာ ဖြစ်ပါတယ်။ မီဒီယာလုပ်ငန်း ၂၃၁ ခု ပိတ်ပစ်လိုက်ရပြီး ဂျာနယ်လစ် ၆၄၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားတာ ဖြစ်ပါတယ်။

    ဒီလိုပိတ်ပစ်ရတဲ့ အဓိကအကြောင်းအရင်းတွေက တိုင်းပြည်စီးပွားရေး ပြိုလဲလာတာနဲ့ တာလီဘန်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့်ဖြစ်တယ်လို့ RSF နဲ့ AIJA တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကဘူးလ်အခြေစိုက်ရုပ်သံ Shamshad TV ရဲ့ သတင်းမန်နေဂျာ အဘစ် အဲဟ်ဆက်က ကြော်ငြာကရတဲ့ဝင်ငွေတွေ လျော့ကျမှုက မီဒီယာလောကကို အလွန်အမင်း ထိခိုက်စေပြီး၊ တာလီဘန်အစိုးရရဲ့ ကန့်သတ်ချက်တွေကလည်း လုပ်ငန်းကို နစ်နာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်ရဲ့ မီဒီယာကဏ္ဍမှာ အထိခိုက်ဆုံးက အမျိုးသမီး မီဒီယာသမားတွေဖြစ်ပြီး တာလီဘန် အုပ်စိုးပြီးနောက်ပိုင်း မီဒီယာလောကမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီး ၈၄ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။

    Ref: Aljazeera

  • ဒုက္ခရောက်နေသည့် အာဖဂန်ပြည်သူများအတွက် OIC က ရန်ပုံငွေထူထောင်ကာ ကူညီမည်

    ဒုက္ခရောက်နေသည့် အာဖဂန်ပြည်သူများအတွက် OIC က ရန်ပုံငွေထူထောင်ကာ ကူညီမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန် ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ရေး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ကူညီပေးဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ​က ကတိပြုလိုက်ပါတယ်။

    ဩဂုတ်လက တာလီဘန်တွေ သိမ်းပိုက်အုပ်စိုးပြီးနောက်ပိုင်း အာဖဂန်စီးပွားရေး သိသိသာသာ ကျဆင်းသွားပြီး၊ ဘဏ်လုပ်ငန်း ပြိုလုမတတ်ဖြစ်လာတာ၊ ကုန်စျေးနှုန်းတက်တာ၊ ငွေတန်ဖိုးကျဆင်းတာတွေ ဖြစ်နေတာပါ။ တာလီဘန်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအတွက် အာဖဂန်ပိုင်ငွေတွေကို နိုင်ငံတကာဘဏ်တွေက တာလီဘန်ထံ ပြန်လွှဲမပေးသေးဘဲ အစိုးရဝန်ထမ်းတွေ လခမရတဲ့ အနေအထားမျိုးလည်း ဖြစ်နေပါတယ်။

    ဒီပြဿနာတွေနဲ့ မိုးခေါင်ရေရှားမှုလို သဘာ၀ဘေး အန္တရာယ်ကြောင့် အာဖဂန်ပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေကို အကြီးအကျယ် ကြုံတွေ့နေရပါတယ်။

    OIC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အာဖဂန်က အခြေအနေတွေကို ချက်ခြင်းမဖြေရှင်းနိုင်ရင် ၀ရုန်းသုန်းကားဖြစ်လိမ့်မယ်လို့ မနေ့က OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ကြေငြာချက်မှာ အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်ကာ အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ၂၀၂၀ ခုနှစ် ပထမ ၃ လအတွင်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    အာဖဂန်ကိုအုပ်စိုးတဲ့ တာလီဘန်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး သတ်မှတ်ချက်တွေ၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ လေးစားလိုက်လာဖို့လည်း OIC ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

    အစည်းအဝေးကို တာလီဘန်က ခန့်ထားတဲ့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီရ်ခန်း မွတ်သကီ တက်ရောက်ခဲ့ပေမယ့် တရားဝင်ထုတ်ပြန်တဲ့ အစည်းအဝေးဓာတ်ပုံမှာ မွတ်သကီ ပါဝင်ခြင်း မရှိပါဘူး။ ဒါဟာ တာလီဘန်အစိုးရကို OIC က တရားဝင်အသိအမှတ်မပြုသေးကြောင်း ဖော်ပြမှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • အာဖဂန်ပြည်သူများအတွက် နိုင်ငံတကာအသိုင်းက ဒေါ်လာ သန်း ၂၈၀ ထောက်ပံ့ကူညီမည်

    အာဖဂန်ပြည်သူများအတွက် နိုင်ငံတကာအသိုင်းက ဒေါ်လာ သန်း ၂၈၀ ထောက်ပံ့ကူညီမည်

    ဒီဇင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်မှာ ကြုံတွေ့နေရတဲ့ အဟာရချို့တဲ့မှုနဲ့ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်ရေး ကန်ဒေါ်လာ သန်း ၂၈၀ ကူညီသွားဖို့ ကမ္ဘာ့နိုင်ငံတွေက သဘောတူလိုက်ပါတယ်။

    အလှူရှင်တွေဟာ အာဖဂန်ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအဖွဲ့(ARTF) ကနေတစ်ဆင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကို သန်း ၁၈၀၊ ကုလရဲ့ ကလေးငယ်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (UNICEF) ကို သန်း ၁၀၀ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

    ဒီထောက်ပံ့မှုဟာ အာဖဂန်ပြည်သူတွေ စားနပ်ရိက္ခာ ဖူလှုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားကောင်းစေရေးတို့အတွက် ဖြစ်ပါတယ်။

    တာလီဘန်သိမ်းပိုက်ပြီးတဲ့ သြဂုတ်လကစလို့ အာဖဂန်နစ္စတန်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကို ပိုမိုခံစားနေရတာပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပံ့ကူညီမှုတွေ ရပ်ဆိုင်းလိုက်သလို နိုင်ငံခြားဘဏ်တွေမှာ အပ်ထားတဲ့ အာဖဂန်နိုင်ငံပိုင်ငွေ ဒေါ်လာ ၉ ဘီလီယံကိုလည်း တာလီဘန်ကို လွှဲမပေးသေးပါဘူး။

    အာဖဂန်လူဦးရေရဲ့ ထက်၀က်ဖြစ်တဲ့ ၂၃ သန်းလောက် စားလောင်မွတ်သိပ်မှုကို ရင်ဆိုင်နေရပြီး၊ အဲဒီအထဲက ၉ သန်းနီးပါးဟာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နဲ့ ရင်ဆိုင်ရတော့မယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

    ARTF ကို ကမ္ဘာ့ဘဏ်က(World Bank) စီမံတာဖြစ်ပြီး တာလီဘန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို မချိုးဖောက်စေဘဲ နိုင်ငံတကာက လှူဒါန်းတဲ့ငွေတွေကို အာဖဂန်ပြည်သူတွေထံရောက်ရှိဖို့ ဆောင်ရွက်ပေးနေတာပါ။

    အခုလှူဒါန်းမှူကြောင့် UNICEF ဟာ လူပေါင်း ၁၂.၅ သန်းကို အရေးပါတဲ့ အခြေခံ ကျန်းမာရေးစာင့်ရှောက်မှုတွေ ပေးကာ၊ လူ ၁ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်မှာ ဖြစ်သလို WFP ကလည်း လူ ၂.၇ သန်းကို စားနပ်ရိက္ခာထောက်ပံ့ကာ၊ မိခင်နဲ့ကလေး ၈၄၀၀၀၀ လောက်ကို အဟာရဆိုင်ရာ ကူညီမှုတွေ ပေးနိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်လုပ် လက်နက်များဖြင့် တာလီဘန်က စစ်အင်အားပြ

    အမေရိကန်လုပ် လက်နက်များဖြင့် တာလီဘန်က စစ်အင်အားပြ

    နိုဝင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -အမေရိကန်နဲ့ ရုရှားတို့က ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုထားတဲ့ စစ်ရေးပြပွဲတစ်ခုကို တာလီဘန်က တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး သူပုန်အဖွဲ့တစ်ခုကနေ အမြဲတမ်းစစ်တပ်တစ်ခုအဖြစ်ပြောင်းဖို့ ကြိုးစားနေတာကို ဖော်ထုတ်ပြသတာလည်း ဖြစ်ပါတယ်။

    အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ အာဖဂန်အစိုးရ ပြိုလဲစဉ် ဩဂုတ်လမှာ တာလီဘန်က အာဖဂန်နစ္စတန်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ စစ်လက်နက်ပစ္စည်း တော်တော်များများကိုလည်း ရရှိခဲ့ပါတယ်။

    တပ်သားသစ် ၂၅၀ သင်တန်းဆင်းပွဲနဲ့အတူ မနေ့ကပြုလုပ်တဲ့ စစ်ရေးပြပွဲအခမ်းအနားမှာ အမေရိကန်လုပ် လက်နက်တပ်စစ်သုံးယာဉ် M117 တွေ ပါဝင်ခဲ့ပြီး၊ ရုရှားလုပ် MI-17 ရဟတ်ယာဉ် ပျံဝဲတာကိုလည်း တွေ့ခဲ့ရပါတယ်။ တာလီဘန်စစ်သားတော်တော်များများက အမေရိကန်လုပ် M4 ရိုင်ဖယ်တွေကို ကိုင်ဆောင်ထားပါတယ်။

    တာလီဘန်ဟာ သူတို့အစိုးရကို နိုင်ငံတကာက လက်ခံလာအောင် ကြိုးစားနေသလို တပ်ဖွဲ့ကိုလည်း အမြဲတမ်းစစ်တပ်အဖြစ် အသွင်ပြောင်းဖို့ လုပ်ဆောင်နေပါတယ်။ တာလီဘန်တိုက်ခိုက်ရေးသမားတွေ အရင်ဝတ်နေကြ ရိုးရာ အင်္ကျီရှည်နဲ့ ဘောင်းဘီနေရာမှာ ပုံမှန်စစ်ယူနီဖောင်းအစားထိုးသွားမှာဖြစ်ပြီး၊ အာဖဂန်အစိုးရဟောင်းလက်ထက်က လေယာဉ်မှူးတွေနဲ့ စစ်ဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူခန့်အပ်သွားမယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

    ၂၀၀၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အမေရိကန်က အာဖဂန်အစိုးရကိုပေးတဲ့ စစ်ရေးအကူအညီတန်ဖိုးဟာ ဒေါ်လာ ၂၈ ဘီလီယံဖိုးလောက် ရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်သုံးယာဉ်၊ အမှောင်ခွင်း ကိရိယာ၊ ​လေယာဉ်တွေ၊ ထောက်လှမ်းရေးစနစ်တွေ စသဖြင့် ပါဝင်ပါတယ်။

    တာလီဘန်က အာဖဂန်ကိုသိမ်းပိုက်ချိန် အာဖဂန်စစ်သားတွေဟာ လေယာဉ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဝင်ရောက်ခိုလှုံသွားခဲ့ပေမယ့်၊ လေယာဉ်တစ်ချို့ကို တာလီဘန်က ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်များများ အသုံးပြုနိုင်လဲဆိုတာ မသိရပါဘူး။

    အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်ကနေ ပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာ လေယာဉ် အစီး ၇၀နဲ့လက်နက်တပ် စစ်သုံးယာဉ်တစ်ချို့ကို ဖျက်ဆီးခဲ့ပြီး၊ လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုလည်း သုံးလို့မရအောင် လုပ်ခဲ့ပါတယ်။

    Ref: Reuters

  • အာဖဂန်ရှိ မိန်းကလေးကျောင်း ၁၀ ကျောင်းကို တူရကီပြန်ဖွင့်

    အာဖဂန်ရှိ မိန်းကလေးကျောင်း ၁၀ ကျောင်းကို တူရကီပြန်ဖွင့်

    နိုဝင်ဘာ ၅၊ ၂၀၂၁
    M-Media


    -အာဖဂန်နစ္စတန်က မိမိတို့ တည်ထောင်ထားတဲ့ အမျိုးသမီးစာသင်ကျောင်း ၁၄ ကျောင်းက ၁၀ ကျောင်းကို ပြန်ဖွင့်လိုက်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က မနေ့က​ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

    တူရကီအစိုးရက အထောက်အပံ့ပေးထားတဲ့ အကူအညီပေးရေးအဖွဲ့ Maarif Foundation ဟာ အာဖဂန်နစ္စတန်မှာ စာသင်ကျောင်းပေါင်း ၈၀ ဖွင့်လှစ်ထားပြီး အဲဒီအထဲက ၁၄ ကျောင်းက အမျိုးသမီးသီးသန့်ကျောင်းတွေ ဖြစ်ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး Cavusoglu က တူရကီဟာ အာဖဂန်အမျိုးသမီးတွေကို ပံ့ပိုးကူညီရေး သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်နေပြီး မိမိကိုယ်တိုင်လည်း တာလီဘန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံကာ နိုင်ငံအတွင်းက အဖွဲ့အစည်းအားလုံး သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်လို့ မနေ့က လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ အကြံပြုနေတာနဲ့ မလုံလောက်ပါဘူး။ ဒါ့ကြောင့် Maarif Foundation က စီမံနေတဲ့ ကျောင်း ၁၄ ကျောင်းက ၁၀ ကျောင်းကို ပြန်ဖွင့်လိုက်ပါတယ်”

    တူရကီဟာ အာဖဂန်မှာ သံရုံးဆက်လက်ထားရှိတဲ့ တစ်ခုတည်းသော နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲမှာ အာဖဂန်တစ်နိုင်ငံလုံးအဆင့် ပထမရခဲ့တဲ့ သမီးငယ် ဆီလီဂျီ အစ္စမာအီလ်ကို တူရကီမှာ ကျောင်းလာတက်ဖို့ ပညာတော်သင်ဆု ပေးခဲ့တယ်လို့လည်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    “တူရကီအစိုးရရဲ့ ပညာသင်ဆုအဖြစ် ဆီလီဂျီ အစ္စမာအီလ်ဟာ တူရကီမှာ ဆေးကျောင်းတက်ခွင့်ရမှာပါ။ တာလီဘန်တွေဆီက သူမရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း ကျွန်တော်တို့ ရရှိထားပါတယ်”

    တာလီဘန်အုပ်စိုးမှုနောက်ပိုင်း နိုင်ငံတကာအကူအညီတွေ ရပ်သွားတာ၊ စီးပွားရေး ပြိုလဲလုနီးနီးဖြစ်နေတာ၊ မိုးခေါင်ရေရှားတာတွေကြောင့် အာဖဂန်ပြည်သူတွေဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး Cavusoglu က မိမိတို့အနေနဲ့ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တူရကီဟာ ကဘူးလ်မြို့မှာရှိတဲ့ နိုင်ငံတကာလေဆိပ်ကို စီမံဖို့လည်း တာလီဘန်နဲ့ ဆွေးနွေးနေပါတယ်။

    တာလီဘန်ဟာ ဩဂုတ်လက တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စက်တင်ဘာလမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမယ့် အလယ်တန်းကျောင်းမှာ မိန်းကလေးငယ်တွေကို တက်ခွင့် မပေးပါဘူး။

    Ref : Al Arabiya