News @ M-Media

Tag: Afghanistan

  • အာဖဂန်တွင် နိုင်ငံခြားငွေ သုံးစွဲမှုကို တာလီဘန်က ပိတ်ပင်

    အာဖဂန်တွင် နိုင်ငံခြားငွေ သုံးစွဲမှုကို တာလီဘန်က ပိတ်ပင်

    နိုဝင်ဘာ ၃၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်မှာ နိုင်ငံခြားငွေ ကိုင်ဆောင်အသုံးပြုမှုကို တာလီဘန်အစိုးရက ပိတ်ပင်လိုက်ပြီး ပြိုလဲလုဖြစ်နေတဲ့ စီးပွားရေးအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

    ဩဂုတ်လက တာလီဘန်အုပ်စိုးမှုနောက်ပိုင်း အာဖဂန်နစ္စတန်မှာ စီးပွားရေးကျဆင်းမှုနဲ့ အကြီးအကျယ် ကြုံတွေ့နေရတာပါ။ အာဖဂန်စီးပွားရေးဟာ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုအပေါ် မှီခိုနေရပြီး တာလီဘန် အုပ်စိုးမှုကြောင့် အဲဒီအထောက်အပံ့တွေ မရတော့ပါဘူး။ ဘဏ်လုပ်ငန်းလည်း ပြိုလဲလုနီးနီးဖြစ်နေပြီး၊ အလုပ်လက်မဲ့ ပိုများလာတာ၊ မိုးခေါင်ရေရှားမှုကြောင့် စားနပ်ရိက္ခာပြတ်လတ်တာ စတဲ့ ပြဿနာတွေကို အာဖဂန်ပြည်သူတွေ ကြုံတွေ့နေရပါတယ်။

    တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ် အွန်လိုင်းမှာ မနေ့က လွှင့်တင်တဲ့ ကြေငြာချက်မှာ နိုင်ငံသားတွေ၊ ဆိုင်ရှင်တွေ၊ ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး ငွေပေးငွေယူလုပ်တဲ့အခါမှာ နိုင်ငံခြားငွေ မသုံးစွဲကြဖို့ အမိန့်ထုတ်လိုက်ကြောင်း၊ မလိုက်နာရင် ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    အာဖဂန်နစ္စတန်စျေးကွက်မှာ အမေရိကန်ဒေါ်လာအသုံးပြုမှု တွင်ကျယ်ပြီး၊ နယ်စပ်ဒေသမှာတော့ ကုန်သွယ်ရေးနဲ့ စီးပွာ​ရေး လွယ်ကူဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေက ငွေကြေးတွေကို သုံးစွဲနေရတာ​ ဖြစ်ပါတယ်။

    အမေရိကန်နဲ့ အခြားဥရောပနိုင်ငံတွေက ဘဏ်တွေမှာ သိမ်းထားတဲ့ အာဖဂန်နစ္စတန်ပိုင်ငွေ ဒေါ်လာ ၉.၅ ဘီလီယံလောက်ရှိနေပြီး ဒါကို ပြန်လည်ရရှိဖို့အတွက် တာလီဘန်အဖွဲ့က ကြိုးစားနေပါတယ်။

    နိုင်ငံခြားငွေ အသုံးပြုခြင်းဟာ တိုင်းပြည်ရဲ့စီးပွားရေးကို ထိခိုက်စေတယ်လို့လည်း မူဂျာဟစ်က ပြောပါတယ်။ တာလီဘန် အာဏာရပြီးနောက်ပိုင်း အာဖဂန်နစ္စတန် ငွေကြေးဖြစ်တဲ့ ‘အာဖဂါနီ’ တန်ဖိုးဟာ စံချိန်တင် ကျဆင်းခဲ့ပြီး စားသုံးကုန်နဲ့ လူသုံးကုန်ပစ္စည်း စျေးတွေကလည်း အလွန်အမင်း မြင့်တက်လာပါတယ်။

    စီးပွားရေး ကျပ်တည်းမှုတွေ၊ မိုးခေါင်ရေရှားမှုတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အာဖဂန်လူဦးရေ ၃၉ သန်းရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၂၈ သန်းလောက်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

    Ref: Aljazeera

  • အငတ်ဘေးကြုံရတော့မည့် အာဖဂန်ပြည်သူများကို ကူညီရန် ကုလအကြီးအကဲက G20 အဖွဲ့ကို မေတ္တာရပ်ခံ

    အငတ်ဘေးကြုံရတော့မည့် အာဖဂန်ပြည်သူများကို ကူညီရန် ကုလအကြီးအကဲက G20 အဖွဲ့ကို မေတ္တာရပ်ခံ

    အောက်တိုဘာ ၃၀၊ ၂၀၂၁
    M-Media

    -စီးပွားရေးပြိုလဲပြီး စားနပ်ရိက္ခာပြတ်လပ်ကာ အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့မယ့် အာဖဂန်ပြည်သူတွေကို ကူညီပေးကြဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲက စက်မှုနိုင်ငံများအဖွဲ့ G20 ကို တိုက်တွန်းလိုက်ပါတယ်။

    G20 အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးကို အခုတစ်ပတ် စနေ၊ တနင်္ဂနွေနေ့မှာ ကျင်းပမှာပါ။

    မနေ့က AP သတင်းဌာနဲ့ အင်တာဗျူးမှာ ကုလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မာတင်ဂရစ်ဖ်က အာဖဂန်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေဟာ အလွန်အမင်း မြင့်တက်လာတယ်လို့ ​ပြောကြားခဲ့ပါတယ်။

    အသက် ၅ နှစ်အောက် အာဖဂန်ကလေးငယ်တွေရဲ့ ထက်ဝက်လောက်ဟာ ဆိုးဆိုးရွားရွား အဟာရချို့နဲ့မှုနဲ့ ကြုံရမယ့်အန္တရာယ်ရှိနေပြီး၊ ဝက်သက်ရောဂါလည်း ပြည်နယ်တိုင်းမှာ ဖြစ်ပွားနေကြောင်း၊ စားနပ်ရိက္ခာ ပြတ်လတ်မှုကြောင့် အဟာရချို့တဲ့တာ၊ ရောဂါဘယထူပြောတာ၊ သေဆုံးတာတွေကို ကြုံလာရနိုင်​ကြောင်း ဂရစ်ဖ်က သတိပေးခဲ့ပါတယ်။

    လက်ရှိမှာ အာဖဂန်ပြည်သူ ၄ သန်းကို ကုလစားနပ်ရိက္ခာအဖွဲ့ WFP က ထောက်ပံ့ထားရပြီး၊ ဒီအရေအတွက်ဟာ ၁၂ သန်းအထိ ဖြစ်လာဖို့ ရှိနေပါတယ်။ အခုနှစ်ကုန်အထိ အာဖဂန်ပြည်သူတွေကို ထောက်ပံ့နိုင်ဖို့ ကန်ဒေါ်လာ သန်း ၂၀၀ လိုအပ်နေတယ်လို့လည်း WFP က အခုတစ်ပတ်အတွင်းမှာ ထုတ်ပြောထားပါတယ်။

    အာဖဂန်ပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာ ပြတ်လတ်မှုဟာ ၂ နှစ်ဆက် မိုးခေါင်ရေရှားတာ၊ တာလီဘန်က တိုင်းပြည်ကို အုပ်စိုးပြီးနောက်ပိုင်း စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုဖူလှုံရေး ယန္တရားတွေ ပျက်ဆီးသွားတာတွေကြောင့် ဖြစ်တယ်လို့လည်း ဂရစ်ဖ်က ပြောပါတယ်။

    တာလီဘန်အာဏာရပြီးနောက်ပိုင်း ကမ္ဘာ့အလှူရှင်နိုင်ငံတွေက အာဖဂန်အပေါ်ပေးနေတဲ့ ထောက်ပံ့မှုတော်တော်များများကို ရပ်ဆိုင်းလိုက်ပါတယ်။

    ဂရစ်ဖ်က လက်ရှိ အာဖဂန်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အလျင်အမြန် ကူညီဖြေရှင်းပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: AP

  • အာဖဂန်တွင် လူဦးရေထက်၀က်ကျော် ငတ်မွတ်သေဆုံးမည့်အန္တရာယ် ရှိနေ

    အာဖဂန်တွင် လူဦးရေထက်၀က်ကျော် ငတ်မွတ်သေဆုံးမည့်အန္တရာယ် ရှိနေ

    အောက်တိုဘာ ၂၅၊ ၂၀၂၁
    M-Media

    -တာလီဘန်လက်အောက်မှာ ကျရှုံးနိုင်ငံဖြစ်တော့မယ့် အာဖန်နစ္စတန်ကို မကယ်တင်နိုင်ရင် လူသန်းချီ အငတ်ဘေးဆိုက် သေဆုံးမယ့်အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂက နိုင်ငံတကာအသိုင်းအ၀ိုင်းကို သတိပေးလိုက်ပါတယ်။

    အာဖဂန်နစ္စတန်ဟာ သြဂုတ်လ တာလီဘန်မအုပ်စိုးခင် အရင်ကတည်းက နိုင်ငံတကာရဲ့ ကူညီမှုနဲ့ ရပ်တည်နေရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တာလီဘန်က တစ်နိုင်ငံလုံး သိမ်းပိုက်လိုက်တဲ့အချိန်မှာ အလှုရှင်နိုင်ငံတွေက သူတို့ရဲ့ ကူညီထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

    ကုလ စားနပ်ရိက္ခာအဖွဲ့ (WFP) အကြီးအကဲ ဒေးဗစ် ဘီစလေက အာဖဂန်လူဦးရေ ၃၉ သန်းရဲ့ ထက်၀က်ကျော်ဖြစ်တဲ့ ၂၂.၈ သန်းဟာ စားနပ်ရိက္ခာပြတ်လတ်မှုကို ကြုံတွေ့နေရပြီး ငတ်မွတ်ခေါင်းပါးမှုဆီ ဦးတည်နေပြီလို့ သတိပေးခဲ့ပါတယ်။ တာလီဘန်မအုပ်စိုးခင် လွန်ခဲ့တဲ့ နှစ်လအရင်က ဒီအရေအတွက်ဟာ ၁၄ သန်းသာ ရှိခဲ့တာပါ။

    “ကလေးတွေ သေကြတော့မယ်။ လူတွေ ငတ်မွတ်ကြတော့မယ်။ အခြေအနေတွေ တော်တော်ကို ဆိုးရွားတော့မှာပါ”

    သူတို့အစိုးရကို အသိအမှတ်ပြုဖို့၊ ကူညီထောက်ပံ့မှုတွေ ပြန်ပေးဖို့ တာလီဘန်က ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုထားပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ တွန့်ဆုတ်နေပါတယ်။

    ရာသီဥတုဖောက်ပြန်မှုကလည်း အာဖဂန်က စားနပ်ရိက္ခာ ပြတ်လတ်မှုကို ပိုမိုဆိုးရွားစေပါတယ်။ ကုလကတော့ စားနပ်ရိက္ခာ မလုံလောက်တဲ့ အာဖဂန်ပြည်သူ ၂၃ သန်းကို ကူညီပေးဖို့အတွက် တစ်လကို ကန်ဒေါ်လာ သန်း ၂၂၀ လောက် လိုအပ်တယ်လို့ ဆိုပါတယ်။

    တာလီဘန်အစိုးရဟာ သူတို့ မသိမ်းပိုက်ခင်က ရှိခဲ့တဲ့ စီးပွားရေးအနေအထား ပြန်ရောက်အောင် မလုပ်နိုင်သေးသလို အစိုးရ၀န်ထမ်းတွေကိုလည်း လခမပေးနိုင်ပါဘူး။ နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဖဂန်မြို့နေလူထုကလည်း ကျေးလက်ဒေသကလူတွေနည်းတူ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို ကြုံတွေ့လာရပါတယ်။

    Ref: Aljazeera

  • ပညာသင်ခွင့် ပြန်မရတော့မည်ကို စိုးရိမ်နေသည့် အာဖဂန်မှဆယ်ကျော်သက် မိန်းကလေးများ

    ပညာသင်ခွင့် ပြန်မရတော့မည်ကို စိုးရိမ်နေသည့် အာဖဂန်မှဆယ်ကျော်သက် မိန်းကလေးများ

    အောက်တိုဘာ ၁၈၊ ၂၀၂၁
    M-Media

    -မေလအတွင်း IS အဖွဲ့က သူမတက်နေတဲ့ မိန်းကလေးကျောင်းကို ဗုံးခွဲတိုက်ခိုက်စဉ်မှာ အတန်းဖော် ဒါဇင်နဲ့ချီ သေဆုံးခဲ့တာကို အာမေနာတစ်ယောက် မျက်မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူမကတော့ ပညာဆက်လက်ဆည်းပူးဖို့ စိတ်ပိုင်းဖြတ်ထားသူပါ။

    ပြီးခဲ့တဲ့လ တာလီဘန်အစိုးရရဲ့ တားမြစ်ပိတ်ပင်မှုကြောင့် နိုင်ငံအတွင်းက အခြား အလယ်တန်းကျောင်းသူတွေလိုပဲ အာမေနာတစ်ယောက် ကျောင်းပြန်မတက်ရတော့ပါဘူး။

    “သမီးကျောင်းပြန်တက်ချင်တယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ချင်တယ် တောက်ပတဲ့အနာဂတ်ကို ရှာ​ဖွေချင်တယ်။ ဒါပေမယ့် အခု သမီးကျောင်းမတက်ရတော့ပါဘူး။ ဒီအ​ခြေအနေအတွက် စိတ်မသက်မသာ ဖြစ်မိပါတယ်။ တာလီဘန်တွေ ပြန်လာကတည်းက စိတ်မကောင်းစရာတွေ၊ စိတ်ဆိုးစရာတွချည်းပါပဲ” လို့ အသက် ၁၆ နှစ်အရွယ် အာမေနာက AFP သတင်းဌာနကို ပြောပါတယ်။

    သူမဟာ ကာဘူးလ်မြို့အနောက်ပိုင်းမှာ နေထိုင်သူပါ။

    စက်တင်ဘာ ၁၈ ရက်နေ့က တာလီဘန်အစိုးရဟာ အလယ်တန်းကကျောင်းက အမျိုးသားဆရာတွေ၊ အသက် ၁၃ နှစ်နဲ့အထက် ကျောင်းသားတွေ ကျောင်းပြန်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ အကြမ်းဖက်မှုတွေကြောင့် ရပ်ထားရတဲ့ ပညာသင်နှစ်ကို ပြန်လည်စတင်ဖို့ပါ။

    ဒါပေမယ့် ဆရာမတွေနဲ့ ကျောင်းသူတွေအတွက် တာလီဘန်က ဘာမှ မထုတ်ပြန်ပါဘူး။

    အစ္စလာမ့်ဥပဒေအရ လုံခြုံရေးနဲ့ ကျား၊ မ သီးသန့် ခွဲထားရေးကို အကောင်အထည်ဖော်ပြီးနောက်ပိုင်းမှသာ အလယ်တန်းကျောင်းသူတွေကို ကျောင်းတက်ခွင့်ပေးမယ်လို့ နောက်ပိုင်းမှာ တာလီဘန်က ထုတ်ပြန်ပါတယ်။ အာဖဂန်က ကျောင်းတော်တော်များများမှာ ကျား၊ မ ခွဲထားပြီးသား ဖြစ်ပါတယ်။

    ကွန်ဒုဇ်ပြည်နယ်လို တစ်ချို့နေရာတွေက အထက်တန်းကျောင်းအနည်းငယ်မှာ မိန်းကလေးငယ်တွေ ကျောင်းပြန်သွားခွင့်ရနေပြီး တာလီဘန်က ဒါကို ချီတက်ပွဲတွေနဲ့ လူသိအောင် လုပ်တောမျိုးတွေ ရှိနေပါတယ်။

    တာလီဘန်ရဲ့ ပညာရေးဝန်ကြီးက အလယ်တန်းကျောင်းသူတွေ ကျောင်းပြန်သွားနိုင်ရေး မူဘောင်တစ်ခုကို မကြာခင် ကြေငြာမယ်လို့ အကြောင်းကြားခဲ့ကြောင်း ကုလသမဂ္ဂက ကလေးသူငယ် ကူညီစောင့်ရှောက်ရေးအဖွဲ့ UNICEF ရဲ့ အကြီးအကဲတစ်ဦးက သောကြောနေ့မှာ ထုတ်ပြောပါတယ်။

    အခုအချိန်မှာတော့ လူဦးရေ ၃၉ သန်းရှိတဲ့ အာဖဂန်နစ္စတန်မှာ မြို့တော် ကာဘူးလ်အပါအဝင် နိုင်ငံတစ်ဝှမ်းက ကျောင်းသူအများစုဟာ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရပါတယ်။

    မူလတန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပုဂ္ဂလိက တက္ကသိုလ်တွေမှာ အမျိုးသမီးတွေ တက်ရောက်ခွင့်ရပေမယ့် အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ သွားလာလှုပ်ရှားမှုကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားပါတယ်။

    မျှော်လင့်ချက်မရှိ

    အာမေနာနေထိုင်တဲ့နေရာက Sayed Al-Shuhada အထက်တန်းကျောင်းနဲ့ သိပ်မဝေးပါဘူး။ အဲဒီကျောင်းဟာ မေလက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး မိန်းကလေးငယ်အများစုအပါအဝင် ၈၅ ဦး သေဆုံးခဲ့ပါတယ်။

    “အပြစ်မဲ့တဲ့ မိန်းကလေးတွေ သေခဲ့ကြတာပါ။ အသက်ငင်နေတဲ့သူတွေ ဒဏ်ရာရသူတွေက သမီးမျက်လုံးနဲ့ တပ်အပ် မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သမီး ကျောင်းဆက်တက်ချင်နေတုန်းပါပဲ”

    ပုံမှန်ဆို အာမေနာလေးဟာ သူမအနှစ်သက်ဆုံးဖြစ်တဲ့ ဇီဝဗေဒဘာသာရပ်ကို သင်ယူနေရမှာပါ။ ဒါ​ပေမယ့် အခုတော့ စာအုပ်ပုံကြားမှာ ဘာမှလုပ်စရာမရှိဘဲ ပိတ်မိနေပါတယ်။ သူမရဲ့အိပ်မက်ဟာ ဂျာနယ်လစ်တစ်ယောက် ဖြစ်ဖို့ဖြစ်ပြီး အာဖဂန်နစ္စတန်မှာ ဒီအိပ်မက်အတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ဆယ်ကျော်သက်အရွယ် အာမေနာက ဆိုပါတယ်။

    မွေးချင်းတွေက သူမကို ကူညီကြသလို၊ စာသင်ကျောင်းဗုံးခွဲတိုက်ခိုက်မှုကြောင့် စိတ်ဒဏ်ရာရနေတဲ့ ညီမဖြစ်သူကို အိမ်လာပြီးဆေးကုပေးတဲ့ စိတ်ရောဂါဆရာဝန်ကလည်း စာသင်ပေးပါတယ်။

    “ကျောင်းမတက်နိုင်လည်း အိမ်မှာပဲ စာသင်ပါ။ အိမ်မှာစာသင်ရင် အနာဂတ်မှာ တစ်ခုခုတော့ ဖြစ်လာလိမ့်မယ်- လို့ သူတို့က ပြောပါတယ်။ သမီးအစ်ကိုက အိမ်ကို ပုံပြင်စာအုပ်တွေ ယူလာတယ်။ သမီးလည်း ဖတ်ဖြစ်ပါတယ်။ သတင်းတွေကိုလည်း သမီး အမြဲတမ်းစောင့်ကြည့်ပါတယ်”

    ယောင်္ကျားလေးတွေ ပညာသင်ခွင့်ရပြီး မိန့်က​လေးတွေက ဘာ့ကြောင့် ပညာသင်ခွင့်မရလဲဆိုတာကို အာမေနာတစ်ယောက် နားမလည်ပါဘူး။

    “လူ့အဖွဲ့အစည်းရဲ့ တစ်ဝက်လောက်က အမျိုးသမီးတွေဖြစ်ပြီး၊ နောက်တစ်ဝက်က အမျိုးသားတွေပါ။ အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ ဘာကွာခြားချက်မှ မရှိပါဘူး။ သမီးတို့ ဘာကြောင့် ပညာသင်ခွင့်မရတာလဲ။ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းမဟုတ်လို့လား။ ဘာလဲ ယောင်္ကျားလေးတွေမှာပဲ အနာဂတ်ရှိတာလား”

    တိုးတက်မှုတစ်ချို့

    ၂၀၀၁ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့တပ်ဖွဲ့တွေ တာလီဘန်ကို ဖြုတ်ချခဲ့ပြီးတဲ့နောက် အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေ ပညာရေးနဲ့ပတ်သက်ပြီး တိုးတက်မှုတွေ ရှိခဲ့ပါတယ်။

    စာသင်ကျောင်းအရေအတွက် ၃ ဆလောက်တိုးလာပြီး အမျိုးသမီးတွေ ပညာတတ်မှုနှုန်းကလည်း နှစ်ဆတက်ကာ ၃၀ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီတိုးတက်မှုကို မြို့ပေါ်လောက်မှာသာ တွေ့ရပါတယ်။

    “လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အာဖဂန်အမျိုးသမီးတွေဟာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်” လို့ ကာဘူးလ်မြို့ အလယ်တန်းကျောင်းက အသက် ၂၁ နှစ်အရွယ် ဆရာမ နာဆရင် ဟာဆာနီက ပြောပါတယ်။ အခုတော့ သူမရဲ့ကျောင်းမှာ မူလတန်းကလေးတွေကိုသာ စာသင်ပေးနေရပါတယ်။

    လက်ရှိအခြေအနေဟာ ကျောင်းသားတွေ၊ ဆရာတွေကို စိတ်ဓာတ်ကျစေတယ်လို့ ဟာဆာနီက ဆိုပြီး၊ တာလီဘန်ရဲ့မူဝါဒကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

    “ကျွန်မတို့သိတဲ့ အစ္စလာမ်သာသနာက အမျိုးသမီးတွေ ပညာသင်ကြားမှုနဲ့ အလုပ်လုပ်ကိုင်မှုကို ပိတ်ပင်မထားပါဘူး”

    သူမဟာ တာလီဘန်ရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုကို မခံရဘူးလို့လည်း ဟာဆာနီက ပြောပါတယ်။

    လူ့အခွင့်အရေးအဖွဲ့ Amnesty International က သင်ရိုးမှာ အားကစားဘာသာရပ် ထည့်သွင်းသင်ကြားတဲ့ အထက်တန်းကျောင်းဆရာမတစ်ဦး အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာ၊ ဆင့်ခေါ်တရားစွဲဆိုတာတွေ ခံခဲ့ရတယ်လို့ ပြောပါတယ်။

    ၁၉၉၆-၂၀၀၁ အုပ်စိုးမှုကထက် တာလီဘန်ဟာ နည်းနည်းလောက် ပြောင်းလဲမလားဆိုပြီ။ ဟာဆာနီက မျှော်လင့်နေဆဲပါ။ အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ အမျိုးသားအုပ်ထိန်းသူတစ်ဦးမပါရင် အပြင်တောင်ထွက်ခွင့် မရပါဘူး။

    အိပ်မက်တွေ ပျောက်ဆုံး

    ၂၀၀၁ ခုနှစ်နောက်ပိုင်း မွေးဖွားခဲ့တဲ့ ဇိုင်နဘ် (အမည်လွှဲ) တစ်ယောက် အရင်အချိန်တွေကို မမှီလိုက်ဘဲ တစ်ကျော့ပြန် တာလီဘန်က မတားမြစ်ခင်အထိ. ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ခဲ့သူပါ။

    ပြီးခဲ့တဲ့လမှာ ယောင်္ကျားလေးတွေ ကျောင်းပြန်တက်တာကို ပြတင်းပေါက်ကနေ ထိုင်ကြည့်ပြီး အသက် ၁၂ နှစ်အရွယ် ဇိုင်နဘ်တစ်ယောက် ယူကြုံးမရ ဖြစ်ခဲ့ပါတယ်။

    “အခြေအနေတွေ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်ဆိုတာ ထင်ရှားပါတယ်” လို့ ဇိုင်နဘ်က ပြောပါတယ်။

    သူမရဲ့အမ အသက် ၁၆ နှစ်အရွယ် မာလာလေး (အမည်လွှဲ) ဆို စိတ်ပျက်အားငယ်မှု၊ ကြောက်ရွံ့မှုတွေကြောင့် မျက်ရည်နဲ့မျက်ခွက်ပါ။

    မာလာလေးဟာ အိမ်မှာ သန့်ရှင်းရေးလုပ်တာ၊ ပန်းကန်းဆေးတာ၊ အဝတ်လျှော်တာတွေနဲ့ပဲ အချိန်ကို ဖြတ်သန်းနေရပါတယ်။

    ဖိအားတွေအရမ်းများနေတဲ့ မိခင်ကြီးရှေ့မှာ မငိုမိအောင် သတိထားနေရတယ်လို့ သူမက ပြောပါတယ်။

    ဆယ်ကျော်သက်အရွယ် မာလာလေးဟာ အမျိုးသမီးအခွင့်အရေး မြှင့်တင်ပေးဖို့၊ အမျိုးသားတွေက အမျိုးသမီးတွေရဲ့အခွင့်အရေး ပိတ်ပင်တာကို တိုက်ဖျက်ဖို့ အိပ်မက်တွေ ရှိနေတာပါ။

    “ကျောင်းတက်ဖို့၊ တက္ကသိုလ်တက်ဖို့ဆိုတာတွေက ကျွန်မရဲ့ အခွင့်အရေးပါ။ အခုတော့ အိပ်မက်တွေ၊ အစီအစဉ်တွေအားလုံး မြေမြှုပ်သင်္ဂြိုဟ်ခံလိုက်ရပါပြီ”

    Ref: AFP

  • ဘာမီယန် ဗုဒ္ဓဆင်းတုတော် ၂ ဆူ ပြင်ဆင်မှု ဆက်လုပ်နိုင်ရေး တာလီဘန်က ယူနက်စကိုကို ဖိတ်ခေါ်ထား

    ဘာမီယန် ဗုဒ္ဓဆင်းတုတော် ၂ ဆူ ပြင်ဆင်မှု ဆက်လုပ်နိုင်ရေး တာလီဘန်က ယူနက်စကိုကို ဖိတ်ခေါ်ထား

    အောက်တိုဘာ ၈၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်မှာ ဖျက်ဆီးခံထားရတဲ့ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနေရာကို တာလီဘန်က လက်ရှိမှာ လုံခြုံရေးယူပေးထားပြီး ပြင်ဆင်မှုတွေ ဆက်လုပ်နိုင်ရေး ကုလသမဂ္ဂ ရှေးဟောင်းအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ယူနက်စကို (UNESCO) ကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ အရင်က ဗာမီယန်ဒေသ ကျောက်ဆောင်တွေမှာ ထွင်းထုတည်ထားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူကို တာလီဘန်တွေ ပထမအကြိမ် အုပ်စိုးစဉ် ၂၀၀၁ ခုနှစ်က ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။ တိုင်းပြည်ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို မဖျက်ဆီးဖို့ ကမ္ဘာ့နိုင်ငံတွေက အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် တာလီဘန်က လက်မခံဘဲ အဖွဲဝင်ရာချီနဲ့ ၃ ပတ်ကြာ တစ်စစီ ဖြိုချဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

    ဗာမီယန် ဗုဒ္ဓရုပ်ပွားတော်တွေကို ဖောက်ခွဲဖျက်ဆီးရာမှာ အဓိကတာဝန်ရှိသူတွေထဲက တစ်ဦးဖြစ်တဲ့ မိုဟာမက် ဟာဆန် အက်ဟွန်ဟာ လက်ရှိမှာတော့ တာလီဘန်အစိုးရမှာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေပါတယ်။ အခုတစ်ခေါက် အာဏာရယူမှုမှာတော့ တိုင်းပြည်က သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်မယ်လို့ တာလီဘန်က ကတိပြုထားပါတယ်။

    လက်ရှိမှာတော့ ‘ဤ ဗုဒ္ဓဆင်းတုတော်များကို ၂၀၀၁ ခုနှစ်တွင် တာလီဘန်အာဏာပိုင်များက ဖျက်ဆီးခဲ့သည်’ လို့ ရေးထိုးထားတဲ့ ကဗျည်းမော်ကွန်းနားမှာ တာလီဘန်တပ်ဖွဲ့ဝင် ၂ ဦး စောင့်ကြပ်ကာ လုံခြုံရေး ယူပေးထားပါတယ်။

    “အရင်ကကိစ္စနဲပတ်သက်ပြီး ကျွန်တော် မှတ်ချက်မပေးလိုပါဘူး။ အဲဒီတုန်းက ကျွန်တော် တော်တော်ငယ်သေးတယ်။ အဲဒီတုန်းက အဲဒီလိုလုပ်ခဲ့တာဟာ အကြောင်းတစ်ခုခုတော့ ရှိမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ တိုင်းပြည်က သမိုင်းအမွေအနှစ်တွေကို ကျွန်တော်တို့ ထိန်းသိမ်းကာကွယ်သွားမယ်ဆိုတာ သိပ်သေချာပါတယ်။ ဒါဟာ ကျွန်တော်တို့ တာဝန်ပါ” လို့ ဗာမီယန်ဒေသ ယဉ်ကျေးမှုဆိုင်ရာရုံးရဲ့ အကြီးအကဲ တာလီဘန်အဖွဲ့ဝင် ဆိုက်ဖူ ရာမန် မိုဟာမာဒီက ပြောပါတယ်။

    အရင် အာဖဂန်အစိုးရလက်ထက်တုန်းက ဗာမီယန်ရုပ်ပွားတော်တွေကို ပြန်လည်တည်ထားနိုင်ရေး ယူနက်စကိုရဲ့ ကူညီမှုနဲ့ ကန်ဒေါ်လာ သန်း ၂၀ ကျော် အကုန်အကျခံ ဆောင်ရွက်ခဲ့တာပါ။

    ဒါပေမယ့် ဩဂုတ်လအလယ် အာဖဂန်နစ္စတန်ကို တာလီဘန်က သိမ်းပိုက်လိုက်တဲ့အချိန်မှာ ယူနက်စကို တာဝန်ရှိသူတွေအားလုံး တိုင်းပြည်က ထွက်သွားကြပါတယ်။ တာလီဘန်က ဆင်းတု​တော်တွေ ပြန်လည်တည်ထားရေး ဆက်လက်လုပ်ဆောင်ဖို ယူနက်စကို ဖိတ်ခေါ်ထားတယ်လို့လည်း မိုဟာမာဒီက ဆိုပါတယ်။

    ဗာမီယန်ဗုဒ္ဓဆင်းတုတော်ရှိရာ နေရာအနီးက ဂိုထောင်တွေမှာ သိမ်းဆည်းထားတဲ့ ဆင်းတုတော် အစိတ်အပိုင်းတွေ အခိုးခံလိုက်ရတယ်လို့ ယူနက်စကို တာဝန်ရှိသူတွေနဲ့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

    မိုဟာမာဒီက ဒီလိုအခိုးခံလိုက်ရတဟာ သူတို့အဖွဲ့တွေ ဒီနေရာကို မသိမ်းပိုက်မီကဖြစ်ပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ကာ ရုပ်ပွားတော်အစိတ်အပိုင်းတွေ ပြန်ရအောင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: AFP