News @ M-Media

Tag: Afghanistan

  • အာဖဂန်မှထွက်ပြေးလာသည့် ၃ နှစ်အရွယ်ကလေးငယ် က​နေဒါရောက်လာ

    အာဖဂန်မှထွက်ပြေးလာသည့် ၃ နှစ်အရွယ်ကလေးငယ် က​နေဒါရောက်လာ

    စက်တင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -တာလီဘန်တွေ သိမ်းပိုက်ပြီးတဲ့နောက် အာဖဂနစ္စတန်ကနေ မိတကွဲဖတကွဲ ထွက်ပြေးလာရတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်လေးဟာ ၂ ပတ်တာ ကြာမြင်ခဲ့ပြီးတဲ့နောက် ကနေဒါကို ရောက်လာပြီလို့ သိရပါတယ်။

    အာဖဂန်မှာ ကျန်ခဲ့တဲ့ မိသားစုတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရတာကြောင့် ဒီကလေးငယ်ကို အလီလို့သာ သတင်းဌာနတွေက ဖော်ပြပါတယ်။ တာလီဘန်လက်ကနေ လွတ်ရာကျွတ်ရာ ထွက်ပြေးရကြတဲ့ အာဖဂန်ပြည်သူတွေထဲမှာ အဖော်မပါဘဲ တစ်ယောက်တည်းဖြစ်နေတဲ့ အလီလေးရဲ့သတင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိတ်ဝင်စားခဲ့ကြတာပါ။

    ပြီးခဲ့တဲ့လက ကာဘူးလ် လေဆိပ်နားမှာဖြစ်ပွားပြီး ၁၇၅ ဦးသေဆုံးခဲ့တဲ့ အလ်ကိုင်းဒါးရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကနေ အလီတစ်ယောက် လွတ်မြောက်လာခဲ့ပေမယ့် မိသားစု၊ ညီအစ်ကိုမောင်နှမတွေနဲ့ တကွဲတပြားစီဖြစ်ခဲ့ရပါတယ်။

    ကယ်ဆယ်ရေးလေယာဉ်နဲ့ ကာတာနိုင်ငံကို ရောက်သွားခဲ့ပြီးတဲ့နောက် အဲဒီကနေတစ်ဆင့် ဖခင်ရှိရာ ကနေဒါနိုင်ငံကို တနင်္လာနေ့က ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ဖခင်ဟာ ကနေဒါနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေတာ ၂ နှစ်ရှိနေပါပြီ။ တစ်ကိုယ်တည်းဖြစ်နေတဲ့ အလီရဲ့ ခရီးစဉ်တစ်ခုလုံးကို နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများ အကူအညီပေးရေးအဖွဲ့ (IOM) က ကူညီဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

    ၂၀၀၁ ခုနှစ် အာဖဂန်ကို ကျူးကျော်တိုက်ခိုက်မှုမှာ အမေရိကန်နဲ့အတူ ပါဝင်ခဲ့တဲ့ ကနေဒါက တာလီဘန်လက်ကနေလွတ်အောင် ထွက်ပြေးလာတဲ့ အာဖဂန်ပြည်သူ ၂ သောင်းကို လက်ခံအခြေချခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

    “ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး တိုးတက်ကောင်းမွန်အောင် ကနေဒါရဲ့ ကြိုးပမ်းမှုမှာ အာဖဂန်ပြည်သူတွေက အသက်နဲ့ရင်းပြီး ကူညီပေးခဲ့ကြတာပါ။ ကျွန်တော်တို့အပေါ်မှာ ဒီကျေးဇူးတွေရှိပါတယ်။ သူတို့တွေ ဘေးအန္တရာယ်ကင်းရေး ကျွန်တော်တို့ ဆက်လက်ပြီး ကြိုးပမ်းအားထုတ်သွားမှာပါ” လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး မာ့ခ် ဂါနူရဲ့ ​ပြီးခဲ့တဲ့လ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဩဂုတ်လ ၁၅ ရက်နေ့ တာလီဘန်က အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ထောင်သောင်းချီတဲ့ အာဖဂန်ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက ကာဘူးလ်မြို့လေဆိပ်မှာ ဩဂုတ်လ ၃၀ ရက်နေ့အထိ ကယ်ဆယ်ရေးလေယာဉ်တွေ ပျံသန်းပေးခဲ့သလို၊ အာဖဂန်နဲ့ နယ်စပ်ချင်းထိနေတဲ့ ပါကစ္စတန်၊ ဥစဘက်ကစ္စတန် စတဲ့နိုင်ငံတွေကလည်း ခိုလှုံလာတဲ့ အာဖဂန်ပြည်သူတွေကို လက်ခံပေးခဲ့ပါတယ်။

    ကုလသမဂ္ဂ ကလေးသူငယ်များအဖွဲ့ UNICEF က ဩဂုတ်လအတွင်း ကဘူးလ်လေဆိပ်ကနေ မိဘအုပ်ထိန်းသူ မပါတဲ့ ကလေးငယ် ၃၀၀ လောက်ကို ကယ်တင်ပေးခဲ့ရပြီး ကာတာ၊ ဂျာမနီနဲ့ အခြားနိုင်ငံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီကလေးငယ်တွေဟာ ကမ္ဘာပေါ်က အချို့တဲ့ဆုံးကလေးငယ်တွေဖြစ်ကာ မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်အောင် ဆောင်ရွက်ပေးကြဖို့ UNICEF အကြီးအကဲ ဟန်ရီယက်တာ ဖိုးက တိုက်တွန်းခဲ့ပါတယ်။

    “လေဆိပ်မှာ ၀ရုန်းသုန်းကားဖြစ်တဲ့အချိန်၊ ကယ်ဆယ်ရေးလေယာဉ်နဲ့ ရုတ်တရက် ပါသွားတဲ့အချိန်မှာ မိတကွဲ ဖတကွဲဖြစ်သွားတာကြောင့် ဒီကလေးတွေ ဘယ်လောက်အထိ စိုးရိမ်ထိတ်လန့်နေမလဲဆိုတာ ကျွန်မ စဉ်းစားလို့တောင် မရပါဘူး”

    အခုလအစောပိုင်း ဂျာမနီက Ramstein လေတပ်စခန်းကို သွားရောက်စဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က မိတကွဲ ဖတကွဲဖြစ်နေတဲ့ အာဖဂန်ကလေးငယ်တွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။

    “သားတို့သမီးတို့ အမေရိကန်ကို လာဖို့အတွက် အမေရိကန်ပြည်သူတွေက လက်ကမ်းကြိုဆိုနေကြပါတယ်”

    အမေရိကန်က အာဖဂန်ပြည်သူ ၅ သောင်းကို လက်ခံနေရာချပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • သေဆုံးပြီဆိုသည့် အလ်ကိုင်းဒါးခေါင်းဆောင်၏ ဗီဒီယိုထွက်လာ၊ မိမိတို့နှင့်မဆိုင်ဟု တာလီဘန်ငြင်းချက်ထုတ်

    သေဆုံးပြီဆိုသည့် အလ်ကိုင်းဒါးခေါင်းဆောင်၏ ဗီဒီယိုထွက်လာ၊ မိမိတို့နှင့်မဆိုင်ဟု တာလီဘန်ငြင်းချက်ထုတ်

    စက်တင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    အလ်ကိုင်းဒါးအဖွဲ့ရဲ့ ခေါင်းဆောင် အလ် ဇာဝါဟီရီ

    -သေဆုံးသွားခဲ့ပြီလို့ သတင်းထွက်နေတဲ့ အလ်ကိုင်းဒါးအဖွဲ့ရဲ့ ခေါင်းဆောင် အလ် ဇာဝါဟီရီ မိန့်ခွန်းပြောတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့တစ်ပတ်မှာ ပေါ်ထွက်လာပါတယ်။

    ၉/၁၁ တိုက်ခိုက်မှု နှစ် ၂၀ ပြည့်တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်ထွက်လာတဲ့ မိနစ် ၆၀ ကြာ အဲဒီဗီဒီယိုမှာ ၉/၁၁ တိုက်ခိုက်မှုပြုလုပ်တဲ့ လေယာဉ်ပြန်ပေးသမား ၁၉ ဦးကို ချီးကျူးခဲ့ပြီး အမေရိကန်ဟာ အရင်တုန်းက မခံစားခဲ့ရဖူးတဲ့ ထိခိုက်နာကျင်မှုမျိုးကို ခံစားခဲ့ရတယ်လို့ ဇာဝါဟီရီက ဆိုပါတယ်။

    ဒါ့အပြင် ဂျေရုစလင်ကို ဂျူးဇာတ်သွင်းဖို့လုပ်နေတဲ့ အစ္စရေးရဲ့ဆောင်ရွက်မှုကို တားဆီးဟန့်တားနေကြတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းကို ချီးကျူးချင်ကြောင်း၊ အာဖဂန်နစ္စတန်မှာလည်း အမေရိကန်တွေရှုံးနိမ့်နေပြီဖြစ်ကြောင်း သူက ပြောပါတယ်။

    အခုနှစ်ဖေဖော်ဝါရီလက ဆီးရီးယားမှာရှိတဲ့ ရုရှားတပ်ဖွဲ့ကို အလ်ကိုင်းဒါးတွေက တိုက်ခိုက်ခဲ့မှုကိုလည်း ဒီဗီဒီယိုမှာ ဇာဝါဟီရီက ထည့်သွင်းပြောဆိုသွားပါတယ်။ ဒါပေမယ့် တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်နိုင်မှုကို မပြောခဲ့ပါဘူး။

    အာဖဂန်နစ္စတန်မှာ ရှိမယ်လို့ယူဆရတဲ့ အသက် ၇၀ အရွယ် ဇာဝါဟီရီတစ်ယောက် သေဆုံးသွားပြီလို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ သတင်းထွက်ခဲ့ပေမယ့် အမေရိကန်နဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေက အတည်မပြုနိုင်ခဲ့ပါဘူး။

    အခုထွက်လာတဲ့ ဗီဒီယိုဟာ လတ်တလောရိုက်ထားတဲ့ ဗီဒီယိုလား၊ သေဆုံးတယ်လို့ သတင်းမထွက်ခင် ရိုက်ထားတဲ့ဗီဒီယိုလားဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

    ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်ကို အုပ်စိုးခဲ့တဲ့ တာလီဘန်အဖွဲ့ဟာ အလ်ကိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင်နဲ့ အဖွဲ့တစ်ခုလုံးကို လက်ခံ​နေရာပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ်အစောပိုင်း အမေရိကန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်မှာ အလ်ကိုင်းဒါးအပါအဝင် ဘယ်အကြမ်းဖက်အဖွဲ့အစည်းကိုမှ အာဖဂန်ပိုင်နက်မှာ လက်ခံမှာမဟုတ်ဘူးလို့ တာလီဘန် ကတိပေးထားပါတယ်။

    အလ်ကိုင်းဒါးခေါင်းဆောင် အလ်ဇာဝါဟီရီ အာဖဂန်မှာရှိနေတယ်ဆိုတဲ့ သတင်းတွေကို တာလီဘန်ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် နအင်းက ရုရှားသတင်းဌာန Sputnik နဲ့ အင်တာဗျူးမှာ ငြင်းဆိုခဲ့ပါတယ်။

    “ဒီပြောကြားမှုက အလိမ်အညာပါ။ အမှန်တရားနဲ့ တခြားစီပါပဲ”

    Ref: RT, Republic World

  • အမျိုးသမီးများ တက္ကသိုလ်တက်ရာတွင် လိုက်နာရမည့်စည်းကမ်းများ တာလီဘန် ထုတ်ပြန်

    အမျိုးသမီးများ တက္ကသိုလ်တက်ရာတွင် လိုက်နာရမည့်စည်းကမ်းများ တာလီဘန် ထုတ်ပြန်

    စက်တင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -တက္ကသိုလ်တွေမှာ ပညာသင်ယူတဲ့အခါ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို တာလီဘန်က မနေ့မှာ ထုတ်ပြန်လိုက်ပြီး ဟီဂျဘ်ပုဝါဆောင်းဖို့၊ အမျိုးသား၊ အမျိုးသမီး သီးခြားစီခွဲကာ သင်ယူဖို့တွေ ပါဝင်ပါတယ်။

    ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် တာလီဘန်ရဲ့ ပထမအကြိမ် အုပ်စိုးမှုအတွင်း အမျိုးသမီးတွေကို ပညာသင်ယူခွင့်၊ အလုပ်လုပ်ခွင့် မပေးခဲ့သလို၊ အုပ်ထိန်းသူအမျိုးသားမပါရင် အမျိုးသမီးတွေ အပြင်ထွက်ခွင့်ပါ မရပါဘူး။ ဒါပေမယ့် အခုတစ်ကြိမ်မှာတော့ တင်းကြပ်မှုတွေကို လျှော့ပေါ့ပေးမယ်လို့ တာလီဘန်က ပြောထားပါတယ်။

    တာလီဘန်ရဲ့ အဆင့်မြင့်ပညာရေးဝန်ကြီး အဘ်ဒူလ် ဘာကီ ဟက်ကာနီက သူတို့ရဲ့ ပညာရေးမူ၀ါဒကို မနေ့က သတင်စာရှင်းလင်းပွဲလုပ်ပြီး ချပြရာမှာ အမျိုးသမီးတွေ ပညာသင်ကြားမှုနဲ့ သက်ဆိုင်တဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

    အရင်တစ်ကြိမ်ကလို အမျိုးသမီးတွေကို ပညာသင်ကြားခွင့် ပိတ်ပင်မှာမဟုတ်တော့ဘဲ ဘွဲ့လွန်အထိ ပညာသင်ကြားခွင့်ရမယ်လို့ ဟက်ကာနီက ဆိုပါတယ်။

    “လက်ရှိရှိနေတဲ့အနေအထားပေါ်မှာ ကျွန်တော်တို့ တည်ဆောက်သွားမှာပါ”

    ဒါပေမယ့် အမျိုးသား၊ အမျိုးသမီး ရောနှောပညာသင်ကြားမှုကို ခွင့်ပြုမှာမဟုတ်ဘဲ တက္ကသိုလ်တွေမှာ သီးခြားအတန်းတွေ လုပ်ပေးရမှာဖြစ်ကြောင်း၊ ဒီလိုမလုပ်ပေးနိုင်ရင် လိုက်ကာအသုံးပြုကာ အမျိုးသား၊ အမျိုးသမီး ခွဲထားရမှာဖြစ်ကြောင်း ဟာက်ကာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တာလီဘန်ရဲ့ ပညာရေးမူဝါဒတွေထဲမှာ အမျိုးသမီးတွေ ​ဟီဂျဘ် မဖြစ်မနေဝတ်ရမယ်ဆိုတဲ့အချက်ပါဝင်ပြီး ခေါင်းဆောင်ပုဝါကို ရည်ညွှန်းတာလား၊ ဒါမှမဟုတ် မျက်နှာပါဖုံးရတဲ့ ဝတ်ရုံကို ရည်ညွှန်းတာလားဆိုတာ ဟက်ကာနီက အသေးစိတ် မပြောသွားပါဘူး။

    အမျိုးသမီးတွေကို အမျိုးသမီးဆရာမတွေသာ စာသင်ကြားရမှာဖြစ်ပြီး၊ ဆရာမ မလုံလောက်ရင် ဆရာတွေက လိုက်ကာကာတာ၊ ဒါမှမဟုတ် ဗီဒီယိုစခရင်တဲ့သင်တာမျိုးတွေ လုပ်နိုင်တယ်လို့ ဟက်ကာနီက ဆိုပါတယ်။ တက္ကသိုလ်တွေမှာသင်ကြားတဲ့ ဘာသာရပ်တွေကို ပြန်လည်သုံးသပ်သွားမယ်လို့ သူက ပြောပါတယ်။

    အာဖဂန်တက္ကသိုလ်တွေက ဘွဲ့ရတဲ့သူတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာတက္ကသိုလ်တွေက ဘွဲ့ရသူတွေနဲ့ ရင်ဘောင်တန်းနိုင်တာမျိုး လိုချင်တယ်လို့လည်း ဟက်ကာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တာလီဘန်ဟာ ဩဂုတ်လ ဒုတိယပတ်မှာ အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာတော့ အစိုးရအဖွဲ့ကို ထုတ်ပြန်ခဲ့ပါတယ်။

    တာလီဘန်ရဲ့မူဝါဒကို မကြိုက်တဲ့အတွက် မြို့တော်ကာဘူးလ်မှာ အမျိုးသမီးတွေ ဆန္ဒပြတာမျိုး ရှိခဲ့ပြီး၊ ကာဘူးလ်တက္ကသိုလ်မှာ အမျိုးသမီး ၃၀၀ လောက် ​တာလီဘန်ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုတစ်ခု ပြီးခဲ့တဲ့တစ်ပတ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။

    Ref: Aljazeera

  • တာလီဘန်မူဝါဒကို လက်ခံကြောင်း အာဖဂန်အမျိုးသမီးများ ဆန္ဒထုတ်ဖော်

    တာလီဘန်မူဝါဒကို လက်ခံကြောင်း အာဖဂန်အမျိုးသမီးများ ဆန္ဒထုတ်ဖော်

    စက်တင်ဘာ ၁၁၊ ၂၀၂၁
    M-Media

    -တာလီဘန်အစိုးရရဲ့ မူဝါဒတွေကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို အာဖဂန်အမျိုးသမီးတွေက ဒီကနေ့မနက် ကဘူးလ်တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

    ဒီဆန္ဒထုတ်ဖော်ပွဲမှာ အမျိုးသမီး ၃၀၀ လောက်ပါဝင်ပြီး တာလီဘန်က ထုတ်ထားတဲ့ စည်းကမ်းအတိုင်း မျက်နှာပါအဝင် တစ်ကိုယ်လုံးကိုဖုံးထားတဲ့ ဝတ်ရုံတွေ ဝတ်ဆင်ထားကြကာ တာလီဘန်အလံတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

    ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ် တာလီဘန်ရဲ့ အုပ်ချုပ်မှုကာလအတွင်း အာဖဂန်အမျိုးသမီးတွေဟာ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်၊ တစ်ယောက်တည်း အပြင်သွားလာခွင့် ပိတ်ပင်ခံရတာလို ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အခုတစ်ခေါက်အာဏာရပြီးတဲ့နောက် ကန့်သတ်ချုပ်ချယ်မှုတွေကို ဖြေလျော့ပေးပြီး အမျိုးသမီးတွေကို ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်ပေးမယ်လို့ တာလီဘန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    တာလီဘန်ရဲ့ ပညာရေးအာဏာပိုင်အဖွဲ့က တက္ကသိုလ်တွေမှာ ကျောင်းတက်ရင် အမျိုးသမီးတွေ တစ်ကိုယ်လုံးဖုံးထားတဲ့ဝတ်ရုံတွေ ဝတ်ရမှာဖြစ်ပြီး၊ အနည်းဆုံး ယောကျ်ားလေးနဲ့ မိန်းကလေး သီးသန့်ခွဲကာ အလယ်မှာ လိုက်ကာ ကာထားရမယ်လို့ ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

    ဒီကနေ့ ကာဘူးလ်တက္ကသိုလ်က တာလီဘန်ထောက်ခံပွဲမှာ အမျိုးသမီးတစ်ချို့က အနောက်နိုင်ငံတွေကိုရှုတ်ချကြောင်း တာလီဘန်ကို ထောက်ခံကြောင်း ဟောပြောခဲ့ကြပါတယ်။ နိုင်ငံတစ်ဝှမ်း တာလီဘန်ကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒပြမှုဟာ အာဖဂန်အမျိုးသမီးအားလုံးကို ကိုယ်စားမပြုဘူးလို့လည်း သူတို့က ဆိုပါတယ်။

    ဟောပြောမှုတွေပြီးတဲ့နောက် အဲဒီအမျိုးသမီးတွေဟာ တက္ကသိုလ်အပြင်ကလမ်းမှာ တာလီဘန်အလံတွေဝှေ့ယမ်းပြီး ချီတက်ခဲ့ကြပါတယ်။

    Ref: AFP

  • ဆင်းရဲမွဲတွေမှုဒဏ်ကို အာဖဂန်ပြည်သူ ၉၇ ရာခိုင်နှုန်းအထိ ခံရနိုင်ဟု ကုလသတိပေး

    ဆင်းရဲမွဲတွေမှုဒဏ်ကို အာဖဂန်ပြည်သူ ၉၇ ရာခိုင်နှုန်းအထိ ခံရနိုင်ဟု ကုလသတိပေး

    စက်တင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    -နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် အာဖဂနစ္စတန်မှာ ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက် နေထိုင်ရသူအရေအတွက်ဟာ လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

    အာဖဂန်နစ္စတန်ရဲ့ လူဦးရေတစ်ဝက်လောက်ဟာ လက်ရှိမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ မနေ့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအဖွဲ့ UNDP ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံရဲ့ GDP ကျဆင်းမှုကြောင့် ဆင်းရဲမွဲတေမှုဟာ နောက်ထပ် ၂၅ ရာခိုင်နှုန်းအထိ တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    “ဘက်ဂျက်ပြဿနာရှိတယ်။ အရံငွေပြဿနာရှိတယ်။ အရံငွေဆိုရင် ဒေါ်လာ ၉ ဘီလီယံလောက် ဆိုင်းငံ့ခံထားရတယ်။ ကုန်သွယ်ရေးပြဿနာရှိတယ်။ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးမှာ အခက်အခဲအတားအဆီးတွေရှိတယ်” လို့ UNDP ရဲ့ အာဖဂန်ဌာနေကိုယ်စားလှယ် အဘ်ဒူလာ အလ် ဒါဒါရီက ပြောပါတယ်။

    နိုင်ငံတစ်နိုင်ငံ ဒီလိုအခြေအနေမျိုးရောက်လာရင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့စည်းတွေက ပူးပေါင်းကူညီလေ့ရှိပေမယ့် တာလီဘန်အုပ်စိုးနေတဲ့ အာဖဂန်နစ္စတန်မှာတော့ ဒါမျိုးဖြစ်လာမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

    တာလီဘန်မသိမ်းပိုက်ခင်ကတည်းက အာဖဂန်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို အဓိကမှီခိုနေရတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂကတော့ သူတို့ရဲ့ အကူအညီပေးရေးလုပ်သားတွေကို ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ တာလီဘန်ကို တောင်းဆိုထားပါတယ်။

    အာဖဂန်နစ္စတန်နိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ရင်ဆိုင်ရဖွယ်ရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက အခုသီတင်းပတ်အစောပိုင်းမှာ ပြောကြားထားပြီး နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကလည်း တိုင်းပြည်ရဲ့ အားနည်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ​ပြိုလဲဖွယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။

    လက်ရှိ အာဖဂန်နစ္စတန်က ပြည်သူတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်နေရပြီး နှစ်ရှည် မိုးခေါင်ရေရှားမှု၊ ကိုဗစ်ကပ်ရောဂါ၊ နိုင်ငံရေးမတည်ငြိမ်မှု စတာတွေကြောင့် ဖြစ်ပါတယ်။

    Ref: Aljazeera