News @ M-Media

Tag: Asean

  • ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး

    ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး

    ASEAN ထိပ်သီးညီလာခံ (Myanmar State Counsellor Office)

    ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ မူစလင်ဒုက္ခသည်တွေ အရေး ဆွေးနွေး ပြောဆိုခဲ့ကြပေမဲ့လို့၊ ဒီဆွေးနွေးပွဲကနေ ထုတ်ပြန်တဲ့ ကြေညာချက် မူကြမ်းထဲမှာတော့ ရိုဟင်ဂျာအရေး ထည့်သွင်း ထုတ်ပြန်တာ မရှိပါဘူး။ ဒီအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch က စိတ်ပျက်မိတဲ့အကြောင်း ပြောဆိုထားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

    ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီသီတင်းပတ်ထဲ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကနေထုတ်ပြန်ဖို့ရှိနေတဲ့ ကြေညာချက် မူကြမ်းထဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတာနဲ့ပတ်သက်လို့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။ ဒီကနေ့ အာဆီယံ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ သတင်းထောက်တဦးက ရိုဟင်ဂျာ ဒုက္ခသည်အရေး ဆွေးနွေးခဲ့ခြင်းမရှိ မေးခွန်း ထုတ်ခဲ့ပါတယ်။ ဒီအပေါ် ဖိလစ်ပိုင်သမ္မတရဲ့ ပြောခွင့်ရ ဟယ်ရီ ရော့ကီ Harry Roque က ခုလို ပြောဆိုသွားပါတယ်။

    “အားလုံး စုံညီ အစည်းအဝေးမှာတော့ ရိုဟင်ဂျာတွေရဲ့အရေး ဆွေးနွေးခဲ့တယ်ဆိုတာကို ကျနော် အတည်ပြု ပြောနိုင်ပါတယ်။ အထူးသဖြင့် ဒီကိစ္စနဲ့ ပတ်သက်နေတဲ့ နိုင်ငံ နှစ်နိုင်ငံက တင်သွင်း ဆွေးနွေးခဲ့တာပါ။ အထူးသဖြင့် မြန်မာနိုင်ငံက ဒီ ရိုဟင်ဂျာကိစ္စကို ပြောပါတယ်။ ပထမဆုံးအချက်ကတော့ သူတို့အနေနဲ့ ကိုဖီအာနန် အစီရင်ခံစာနဲ့အညီ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ လူသားချင်း စာနာမှုအကူအညီတွေကို လက်ခံကြိုဆိုတဲ့အကြောင်း၊ ပြီးတော့… ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြီးတာနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးကို သီတင်းပတ် သုံးပတ်အတွင်း အပြီးသတ် လုပ်ဆောင် သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။”

    ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေရဲ့ ကြေညာချက်မူကြမ်းမှာ ထည့်သွင်း ဖော်ပြထားခြင်း မရှိတဲ့အပေါ် စိတ်ပျက်မိတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့ကလည်း ပြောဆိုထားပါတယ်။ အခုဖြစ်ရပ်က အာဆီယံအဖွဲ့ကြီးအနေနဲ့ ထိရောက်မှုမရှိဘူးဆိုတာကို ပြသရာ ရောက်သလို၊ အရှေ့တောင်အာရှ ဒေသမှာ လူ့အခွင့်အရေး အခြေအနေ ဆုတ်ယုတ်နေတာကို ဖော်ပြလိုက်တာပဲလို့ Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ မူစလင်တွေကို ပြည်နယ်ထဲကနေ ထွက်ပြေးအောင် စနစ်တကျ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒါဟာ လူသားထု တခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်တယ်လို့ မစ္စတာ Robertson က ပြောပါတယ်။

    “လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတာ ကျနော်တို့ တွေ့ရပါတယ်။ ဒီလိုဖြစ်နေတယ် ဆိုတာကို ကုလသမဂ္ဂ အကြီးတန်း အရာရှိတဦးကလည်း အတည်ပြုထားတာပါ။ သူမ အနေနဲ့ နယူးယောက်မြို့ကို ပြန်သွားပြီး ဒီကိစ္စ ဖိအားပေး ပြောဆိုတာတွေ အပြင် နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ဖို့အတွက် ငွေကြေးရန်ပုံငွေ တောင်းခံတာတွေ လုပ်ဆောင် နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ ဒါက အပေါ်ယံ တွေ့ရတဲ့အခြေအနေပဲ ရှိပါသေးတယ်။ ကျနော်တို့ အနေနဲ့ကတော့ လာမယ့်ရက် အနည်းငယ်… နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ဖို့ရှိပါတယ်။ ကျနော်တို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေ ကတော့ ကုသမဂ္ဂ အထူးကိုယ်စားလှယ် တွေ့ရှိတာတွေနဲ့ အတော်ကြီးတူပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေကို နေရပ်ကနေ ထွက်ခွာအောင် ရည်ရွယ်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားတာတွေ၊ မတရားပြုကျင့်တာတွေ စနစ်တကျ ကျူးလွန်ခဲ့တယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။”

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေသလို၊ သူ့အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့အခါ ရိုဟင်ဂျာ ဒုက္ခသည်အရေး ဖိအားပေး ပြောဆိုဖို့ လိုအပ်တယ်လို့လည်း မစ္စတာ Robertson က ပြောပါတယ်။

    “၀န်ကြီး Tillerson အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောစေချင်တာကတော့ ဒီကိစ္စက ပျောက်ပျက်သွားမယ့် ကိစ္စတခု မဟုတ်ဘူး ဆိုတာနဲ့ တကယ့်ကို ဆိုးရွားတဲ့ သိသာထင်ရှားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို တာဝန်ခံ ပြောဆိုဖို့ တိုက်တွန်းစေချင်ပါတယ်။ ဒါဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်ပါတယ်။ သီတင်းပတ် ခြောက်ပတ် – ရှစ်ပတ်လောက် ကာလအတွင်း လူ ၆ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ အခြေအနေမျိုးမှာ အမေရိကန်အနေနဲ့ ဘာမှမဖြစ်သလိုမျိုး မြန်မာအစိုးရနဲ့ ဒီအတိုင်း ဆက်ဆံမနေသင့်ပါဘူး။ ဒီပြဿနာရဲ့ ပမာဏကို ဒေါ်အောင်ဆန်းစုကြည် နားလည်ရမှာဖြစ်သလို၊ နိုင်ငံခြားရေးဝန်ကြီး Tillerson အနေနဲ့လည်း မြန်မာအစိုးရက ခုလို ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာမယ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေလို နိုင်ငံတကာ နဲ့ရော၊ အမေရိကန်နဲ့ပါ ဆက်ဆံရေးမှာပါ ထိခိုက်လာနိုင်တယ် ဆိုတာကို နားလည်အောင် ပြောဖို့ လိုအပ်ပါတယ်။”

    ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သူ… ပဋိပက္ခဒေသ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ထဲကနေ အလုံးအရင်းနဲ့ ထွက်ပြေးအောင် လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ ဆိုပြီး၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ၊ နှိပ်စက်ညှင်းပမ်း ခံရတာတွေနဲ့ ပတ်သက်လို့ ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံးမှာ တင်ပြဖို့အထိ ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လက ရခိုင်ပြည်နယ်တွင်းက လုံခြုံရေးကင်စခန်း အများအပြားကို ARSA အကြမ်းဖက်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီအပေါ် တုံ့ပြန်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားသုံး နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာမူစလင် ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားတာပါ။ ဒါပေမဲ့ မြန်မာအစိုးရ ဘက်ကတော့ ဒီလိုနိုင်ငံတကာရဲ့ စွပ်စွဲပြောဆိုမှုတွေကို ငြင်းဆန်ထားပြီး၊ သူတို့အနေနဲ့ အကြမ်းဖက်သမားတွေကိုသာ ပစ်မှတ်ထား နှိမ်နင်းနေတာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။

  • ဒေသတွင်း လွယ်ကူစွာသွားလာနိုင်ရေး အာဆီယံနိုင်ငံများ သဘောတူညီချက် ရရှိ

    ဒေသတွင်း လွယ်ကူစွာသွားလာနိုင်ရေး အာဆီယံနိုင်ငံများ သဘောတူညီချက် ရရှိ

    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – ယမန်နေ့က ပြုလုပ်ခဲ့သည့် ၂၃ ကြိမ်မြောက် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံနိုင်ငံများအကြား ခရီးသွားလာမှု အားကောင်းစေရေး အစီအမံများ ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများက လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ဒေသတွင်း လေကြောင်းလိုင်းများ လွတ်လပ်စွာ ၀န်ဆောင်မှုပေးနိုင်ရေး၊ လေကြောင်းခရီးစဉ်များ လုံခြုံရေးနှင့် အဆင်ပြေချောမွေ့စေရေး၊ နယ်စပ်ဖြတ်ကျော်မှုများ အဟန့်အတားမရှိ လုပ်ဆောင်နိုင်ရေး စသည့်အချက်များ ပါဝင်ကြောင်း စင်ကာပူ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာ
    န၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အာဆီယံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ဘတ်စ်ကားများ၊ ခရီးသွားလမ်းညွှန်များ လွယ်ကူစွာ သွားလာနိုင်ရေး အတွက်လည်း ပို့ဆောင်ရေးဝန်ကြီးများက သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

    ခရီးသည်များအား ကုန်လမ်းသွားယာဉ်များဖြင့် နယ်စပ်ဖြတ်ကျော်နိုင်စေရေး အာဆီယံ သဘောတူညီချက် မူဘောင်အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီမှာ ခရီးသွားယာဉ်များကဲ့သို့ အချိန်အတိအကျဖြင့် ပြေးဆွဲသော ကားများမဟုတ်သည့် ဘတ်စ်ကား ၅၀၀ စီ ခွဲတမ်းဖြင့် အဖွဲ့ဝင်နိုင်ငံများအတွင်း တိုက်ရိုက် ၀င်ထွက်သွားလာခွင့် သို့မဟုတ်၊ တစ်ဆင့်ခံ ၀င်ထွက်သွားလာခွင့်ကို ရရှိမည်ဖြစ်သည်။

    လေကြောင်းခရီးများတွင် နှောင့်နှေးကြန့်ကြာမှုများ လျှော့ချရေး၊ ပျံသန်းမှုစရိတ်လျှော့ချရေးနှင့် လေကြောင်းစီမံခန့်ခွဲမှု အားကောင်းစေရေးတို့အတွက် ၀န်ကြီးများမှာ အာဆီယံ လေကြောင်းသွားလာမှု စီမံခန့်ခွဲရေးအစီအစဉ်တစ်ခုကိုလည်း ရေးဆွဲသတ်မှတ်ခဲ့ကြသည်။

    ထို့ပြင် ဒေသတွင်း လေကြောင်းလိုင်းများ လွတ်လပ်စွာ ၀န်ဆောင်မှုပေးနိုင်ရေးအတွက် သဘောတူညီချက် ၂ ကို ၎င်းတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

    Ref : CNA

  • ရခိုင်ပြည်နယ်တွင် ARSA အဖွဲ့က တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အာဆီယံ ကြေငြာချက်ထုတ်

    ရခိုင်ပြည်နယ်တွင် ARSA အဖွဲ့က တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အာဆီယံ ကြေငြာချက်ထုတ်

    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရမှုကို မိမိတို့အနေနဲ့ ရှုတ်ချပြီး မတည်ငြိမ်မှုတွေကြောင့် ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးအတွက် ၀မ်းနည်းကြေကွဲရတယ်လို့ အာဆီယံဥက္ကဌက ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    အာဆီယံနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပြီနောက်ပိုင်းမှာ ထုတ်ပြန်တဲ့ ဒီကြေငြာချက်မှာ ရခိုင်ပြည်နယ်ကိစ္စဟာ သမိုင်းကြောင်းဆိုင်ရာ နက်ရှိုင်းမှုနဲ့အတူ လူ့အဖွဲ့အစည်းတွေအကြား ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကို မိမိတို့အနေနဲ့ အသိအမှတ်ပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

    ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်း ပျက်ဆီးစေတဲ့၊ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကို ရှုတ်ချကြောင်း၊ အခြေအနေ ပိုမိုဆိုးရွားစေမယ့် လုပ်ရပ်တွေကို ဒီအဖြစ်အပျက်မှာ ပါဝင်သူတွေအနေနဲ့ ရှောင်ရှားဖို့ တိုက်တွန်းပါကြောင်း၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား နီးနီးကပ်ကပ် ဆွေးနွေးမှုအပါအ၀င် ရေရှည်ခံမယ့် အဖြေတွေကို ရှာဖွေရမယ်ဆိုတာ မိမိတို့ သဘောတူကြောင်း၊ ဒါမှသာ ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းတွေအားလုံး ပြန်လည် ထူထောင်နိုင်မှာဖြစ်ကြောင်း ကြေငြာချက်က ဆိုပါတယ်။

    အရပ်သားတွေ အန္တရာယ်ကင်းဖို့၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့၊ လူမှုစီးပွား အခြေအနေတွေကို ပြန်လည်ဖော်ဆောင်ဖို့၊ နိုင်ငံသားစီစစ်ရေးလုပ်ငန်းကတစ်ဆင့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ မြန်မာအာဏာပိုင်တွေရဲ့ အားထုတ်ကြိုးပမ်းမှုကို ကြိုဆိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားခဲ့ပါတယ်။

    ထိခိုက်ခံစားရသူအားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA Centre) ကနေတစ်ဆင့် အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပြီး မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သဟာဇာတဖြစ်ရေး၊ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီပေးသွားမယ်လို့လည်း အာဆီယံ ဥက္ကဌရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မစ္စတာ ကိုဖီအန်နန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်က အကြံပြုချက်တွေကို ဆက်လက်အကောင်အထည်ဖော်သွားဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပြီး၊ ဒါတွေကို အကောင်အထည်ဖော်ဖို့ ၀န်ကြီးအဆင့် ကော်မတီတစ်ခု ဖွဲ့စည်းထားမှုကိုလည်း ကြိုဆိုခဲ့ကြပါတယ်။

    Ref: Asean.org

     

  • Amnesty International က ရွေးချယ်သည့် အာဆီယံ၏ စံထားရမည့် အမျိုးသမီး ၆ ဦး

    Amnesty International က ရွေးချယ်သည့် အာဆီယံ၏ စံထားရမည့် အမျိုးသမီး ၆ ဦး

    မတ် ၉၊ ၂၀၁၇
    M-Media

    – မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ‘နိုင်ငံတကာ အမျိုးသမီးများနေ့’ ကို ကမ္ဘာတစ်ဝှမ်းက ဆင်နွှဲခဲ့ကြပြီး လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Amnesty International က အရှက်ရမှု၊ ခြိမ်းခြောက်မှု၊ ထောင်တွင်းအကျဉ်းချမှု၊ အကြမ်းဖက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အရှေ့တောင်အာရှေဒေသအတွင်း လူ့အခွင့်အရေးအတွက် မားမား ရပ်တည်နေတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၆ ဦးကို ရွေးချယ်ခဲ့ပါတယ်။

    “လူ့အခွင့်အရေးမှတ်တမ်းတွေအတွက် ဂုဏ်ယူလောက်တဲ့ အစိုးရမျိုး အရှေ့တောင်အာရှမှာ များများစားစား မရှိပါဘူး။ ဒါပေမယ့် ဒီဒေသတွင်းမှာ မတရားမှုကို ဆန့်ကျင်ဖို့ အန္တရာယ်ဆိုးတွေကို ရဲရဲဝင့်ဝင့် ရင်ဆိုင်နေကြတဲ့ အမျိုးသမီးတွေကတော့ မရေမတွက်နိုင်ပါဘူး” လို့ Amnesty International ရဲ့ အရှေ့တောင်အာရှနဲ့ အာရှပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ ချမ်ပါ ပတေးလ်က မှတ်ချက်ပြုခဲ့ပါတယ်။

    “အခုနှစ် ‘နိုင်ငံတကာ အမျိုးသမီးများနေ့’ မှာ ကျွန်တော်တို့အနေနဲ့ ဒေသတွင်းက လူတော်တော်များများ အတုယူစရာကောင်းတဲ့၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေက ရှုတ်ချစရာမဟုတ်ဘဲ ချီကျူးစရာကောင်းနေတဲ့ နိုင်ငံ ၆ ခုက အမျိုးသမီး ၆ဦးကို ဂုဏ်ပြုချင်ပါတယ်”

    ၁။ ဆီရီကန် ချာရိုအန်ဆီရီ – ထိုင်း (Sirikan Charoensiri)

    ရှေ့နေတစ်ယောက်ဖြစ်တဲ့ သူမဟာ နိုင်ငံတကာဥပဒေက အာမခံပေးထားတဲ့ လူ့အခွင့်အရေးကို ငြိမ်းချမ်းစွာ ကာကွယ်မှုကြောင့် စုံစမ်းစစ်ဆေး၊ တရားစွဲဆိုခံရတဲ့ သူတွေကို အမြဲတမ်းလိုလို ကာကွယ်ပေးသူတစ်ယောက် ဖြစ်ပါတယ်။ ပြီးတာ့ သူမဟာ ထိုင်းလူ့အဖွဲ့အစည်းမှာ ဦးစီးဦးဆောင်ပြုနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ နိုင်ငံတော် သစ္စာဖောက်မှု၊ လူ ၅ ဦးထက် ပိုမစုရဆိုတဲ့ ဥပဒေကို ချိုးဖောက်မှုကြောင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခြင်းကို ခံခဲ့ရသူပါ။ ဒါဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွက် အရေးယူခံရတဲ့ ပြည်သူတွေကို တရားရုံးမှာ ကာကွယ်ပေးခဲ့မှုနဲ့ ဆက်စပ်ပြီး စွဲချက်တင်ခံ ရတာလည်း ဖြစ်ပါတယ်။

    ပေါန်ပန် ခွန်ကာချွန်ကစ်၊ အန်ချာနာ ဟီမီနာတို့အပါအ၀င် ထိုင်းနိုင်ငံမှာ တရားမျှတမှုအတွက် အလုပ်လုပ်နေကြတဲ့ လူ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးတွေလည်း ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တွေ၊ အရှက်ရစေမှုတွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။

    ၂။ မာရီယာ ချင် အဘ်ဒူလာ – မလေးရှား (Chin Abdullah)

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ မာရီယာဟာ တရားစွဲဆိုခံရမှုမရှိဘဲ ထိန်းသိမ်းခံရကာ ၁၁ ရက်လောက် တိုက်ပိတ်ခံခဲ့ရပါတယ်။ အသက် ၆၀ အရွယ်ရှိပြီး သားသမီး ၃ ဦးရဲ့ မိခင်ဖြစ်သူ မာရီယာဟာ စကားပြော ပျော့ပြောင်းသူဖြစ်ပြီး ပါလီမန်ဒီမိုကရေစီကို ထိခိုက်စေတဲ့ လုပ်ရပ်တွေအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ (ဂ)၊ လုံးခြုံရေးဆိုင်ရာ ပြစ်မှုအက်ဥပဒေအရ ဖမ်းဆီး ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။

    ဒီပြင်းထန်တဲ့ ဥပဒေဟာ တရားရေးဆိုင်ရာ ဆောင်ရွက်မှုတွေမရှိဘဲ လူတစ်ယောက်ကို လျှို့ဝှက်နေရာမှာ ကာလကြာရှည်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။ မာရီယာရဲ့ တစ်ခုတည်းသော ရာဇ၀တ်မှုက ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့နဲ့ ကောင်းမွန်တဲ့ အစိုးရဖြစ်ရေး တိုက်တွန်းတဲ့ ‘Bersih’ ဆန္ဒပြမှုမှာ မလေးပြည်သူ ထောင်ပေါင်းများစွာနဲ့အတူ ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်မှုဖြစ်ပါတယ်။

    မာရီယာဟာ Bersih ဆန္ဒပြမှုနဲ့ ဆက်စပ်ပြီး ရာဇ၀တ်မှု ပုဒ်မအမျိးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ မလေးရှားက တက်ကြွလုပ်ရှားသူ ၁၅ ယောက်ထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ နောက်ပြီ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပွဲတွေကို ဆောင်ရွက်မှု၊ ပူးပေါင်းပါဝင်မှုအတွက်လည်း ၂၀၁၂ ငြိမ်းချမ်းစွာ ဆန္ဒပြမှု အက်ဥပဒေနဲ့ အကြိမ်ကြိမ် စစ်ဆေးမေးမြန်း တရားစွဲဆိုမှုကိုလည်း မာရီယာက ခံခဲ့ရပါတယ်။

    ၃။ တက်ပ် ဗန်နီ – ကမ္ဘောဒီးယား (Tep Vanny)

    အိမ်ယာအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဗန်နီဟာ ၂၀၁၆ သြဂုတ်လတည်းက ဖနွမ်းပင်ရဲ့ Prey Sar CC2 အကျဉ်းထောင်မှာ ဖမ်းဆီး အကျဉ်းချခံခဲ့ရပါတယ်။ သူ့ကို ဒီလိုအကျဉ်းချခြင်းဟာ သူမရဲ့ အသံကို တိတ်သွားအောင်နဲ့ အခြားသော တက်ကြွလှုပ်ရှားသူတွေကို ကျောချမ်းစရာ သတင်းစကား ပေးလိုက်တာဖြစ်ပါတယ်။

    ဗန်နီနဲ့ သူ့ရဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေဟာ မြို့တော် ဖနွမ်ပင်ရဲ့ Boeung Kak Lake ဒေသမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ အတင်းအဓမ္မရွှေ့ပြောင်းခံရမှုနဲ့ ပတ်သက်ပြီး ၁၀ နှစ်နီးပါးလောက် ဆန္ဒပြခဲ့တာ ဖြစ်ပြီး အာဏာပိုင်တွေရဲ့ ရန်လိုတဲ့ တုန့်ပြန်မှုတွေကို ရရှိခဲ့ပါတယ်။

    သူနဲ့ အခြားအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေဟာ ဒီကိစ္စအတွက် တရားလက်လွတ် ဖမ်းဆီးခံရတာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရပြီး သူတို့ရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွက် တရားမဲ့တဲ့ တရားစွဲဆိုမှုနဲ့ ထောင်ချခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ဆက်လက် ရပ်တည်သွားဖို့ ဆုံးဖြတ်ထားကြပါတယ်။

    ၄။ လီလာ ဒီ လီမာ – ဖိလစ်ပိုင် (Leila de Lima)

    ပြီးခဲ့တဲ့လမှာ သမ္မတ ဒူတာတေးဟာ ဝေဖန်သူ တော်တော်များများကို နှုတ်ဆိတ်စေဖို့ သူ့ရဲ့ မူးယစ်လုပ်ငန်းအပေါ် စစ်ဆင်နွှဲမှုကို တိုးချဲ့ လုပ်ဆောင်ခဲ့ပါတယ်။ တရားရေးဝန်ကြီးဟောင်းနဲ့ ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် ဥက္ကဌဟောင်းဖြစ်တဲ့ အထက်လွှတ်တော်အမတ် လီလာ ဒီ လီမာဟာ နိုင်ငံရေးလှုံ့ဆော်မှု စွဲချက်တွေနဲ့ တရားစွဲဆိုခံရပြီး လက်ရှိ မနီလာက ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ရုံးချုပ်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။ ပြစ်မှုထင်ရှားမယ်ဆိုရင်တော့ သူမဟာေ
    ထာင်ဒဏ် ၁၂ နှစ်လောက်အထိ ကျမှာပါ။

    စစ်ဆင်ရေးမှာ လူပေါင်း ၂၀၀၀ ကျော်လောက် သေဆုံးမှုအတွက် နိုင်ငံတကာက တရားလက်လွတ် သတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိတဲ့အချိန် ပြီးခဲ့တဲ့နှစ် သြဂုတ်လက အထက်လွှတ်တော် ကြားနာမှုအတွင်းမှာ လီမာဟာ သဘောထားကွဲလွဲတဲ့စကားတွေ ပြောဆိုခဲ့တာကြောင့် ဒူတာတေးဟာ လီမာကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒူတာတေးဟာ လီမာကို ဦးတည်တဲ့ အားမနာပ ပြောဆိုမှုတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့လ
    လူထုကိုပြောကြားတဲ့ မိန့်ခွန်းမှာ သူသာ လီမာဖြစ်ရင် ကြိုးဆွဲချသေမယ်လို့ ပြောကြားခဲ့ပါတယ်။

    သူ့ကို ရဲတပ်ဖွဲ့က ဖမ်းမခေါ်သွားခင် အချိန်လေးမှာ လီမာက “ကျွန်မကို ဖမ်းဆီးမှုဟာ အာဏာကို ဆာလောင်နေတဲ့၊ အကျင့်ပျက်ခြစားပြီး အလွဲသုံးစားလုပ်နေတဲ့ အစိုးရ ပြန်လည်ရောက်ရှိလာတဲ့ လက္ခဏာဆိုး တစ်ခုလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    ၅။ တရန် သီ နဂါ – ဗီယက်နမ် (Trần Thị Nga)

    နဂါဟာ မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ပြီး ဟာနမ်ပြည်နယ်အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူလည်း ဖြစ်ပါတယ်။ သူမဟာ ဇန်န၀ါရီလက ဗီယက်နမ် ရာဇ၀တ်မှု အက်ဥပဒေအောက်က အပိုဒ် ၈၈ ဖြစ်တဲ့ နိုင်ငံတော်ကို ဆန့်ကျင်သည့် ၀ါဒဖြန့်မှု ပြုလုပ်ခြင်းဆိုတဲ့ ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီပုဒ်မကို ဗီယက်နမ်အစိုးရက သဘောထားကွဲလွဲသူတွေကို ကာလရှည် ထောင်ဒဏ်ချမှတ်မှုအတွက် အသုံးပြုလေ့ရှိပါတယ်။ ဗီယက်နမ်မှာ ယုံကြည်ချက်ကြောင့် အ
    ကျဉ်းချခံနေရသူ အကျဉ်းသား ၉၃ ဦးမှာ နဂါလည်း ပါဝင်ပါတယ်။

    ထိုင်ဝမ်မှာ အလုပ်လုပ်ရင်း ရွှေ့ပြောင်းလုပ်သားတစ်ယောက်အဖြစ် ကျူးလွန်းမှုတွေကို ခံခဲ့ရတဲ့ နဂါဟာ ဆိုးဆိုးရွားရွား ယာဉ်တိုက်မှုတစ်ခုကနေ ပြန်ကောင်းလာတဲ့အခါမှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သင်ယူလေ့လာခဲ့ပါတယ်။ဗီယက်နမ်ကို ပြန်လာပြီးနောက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မနားမနေ အသိပညာပေးခဲ့ပြီး ‘ဗီယက်နမ်အမျိုးသမီး လူ့အခွင့်အရေး ကွန်ယက်’ ကိုလည်း ၀င်ရောက်ခဲ့ပါတယ်။ လှုပ်ရှားမှုတစ်ချို့မှာ နဂါဟာ သာမန်အ၀တ်အစားဝတ်ထားတဲ့
    အမျိုးသားတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုယ်ထိလက်ရောက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေဟာ သူမရဲ့ သားသမီး ၄ ယောက်အရှေ့မှာ ဖြစ်ပွားခဲ့တာပါ။

    ၆။ ဝေေ၀နု – မြန်မာ (Wai Wai Nu)

    ဝေေ၀နုဟာ သူမရဲ့ မွေးချင်း ၂ ယောက်၊ မိသတွေနဲ့အတူ မြန်မာစစ်အစိုးရလက်ထက်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ သူတို့အားလုံးဟာ အခန်းတစ်ခုထဲမှာ ပိတ်ထားခံရပြီး ရှေ့နေငှားခွင့် မပေးသလို၊ စကားပြောခွင့်လည်း မပေးခဲ့ဘဲ တရားစွဲဆိုပြီး ထောင်ချခဲ့ပါတယ်။ အဲဒီအချိန်မှာ ဝေေ၀နုဟာ အသက် ၁၈ နှစ်အရွယ် ဥပဒေကျောင်းသူဖြစ်ပြီး သံတိုင်တွေရဲ့အနောက်မှာ ၁၇ နှစ် နေရမယ်လို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

    အကျဉ်းထောင်ထဲမှာ မတရားမှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ဝေေ၀နုဟာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေစလုပ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ တိုင်းပြည်မှာ တရားမဲ့မှုတွေ ပပျောက်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့အတူ အကျဉ်းထောင်ထဲက ထွက်လာခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်မှာ ဥပဒေနဲ့ ကျောင်းပြီးခဲ့ပြီးနောက် Women’s Peace Network-Arakan နဲ့ Justice for Women လူ့အခွင့်အရေးအဖွဲ့နှစ်ခုကို တည်ထောင်ခဲ့ပါတယ်။

    ဝေေ၀နုဟာ မြန်မာနိုင်ငံက အဖိနှိပ်ချုပ်ချယ်ခံ ရိုဟင်ဂျာလူ့အဖွဲ့အစည်းကဖြစ်ပြီး တန်းတူညီမျှမှု၊ သည်းခံမှုတို့ကို မြှင့်တင်ပေးဖို့အတွက် အာဝဇ္ဇန်းရွှင်ရွှင်နဲ့ အကြောက်အရွံ့မရှိ အသိပညာပေးမှုတွေကို လုပ်ဆောင်နေသူတစ်ယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။

    Ref: amnesty.org

  • အာဆီယံ ၃ နိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ယမန်နှစ်တွင် လူ ၁ သိန်းကျော် သေဆုံး

    အာဆီယံ ၃ နိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ယမန်နှစ်တွင် လူ ၁ သိန်းကျော် သေဆုံး

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    haze

    – ၂၀၁၅ ခုနှစ်အတွင်း အရှေ့တောင်အာရှတွင် မီးခိုးငွေ့များကြောင့် သေဆုံးသူဦးရေမှာ ၁ သိန်းကျော်ရှိခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်နှင့် ကိုလံဘီယာတက္ကသိုလ်တို့မှ သုတေသီများက ခန်းမှန်းတွက်ချက်ကာ ပြောကြားခဲ့သည်။

    အင်ဒိုနီးရှား တောမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် မီးခိုးဖုံးလွှမ်းမှု နောက်ဆက်တွဲအဖြစ် အင်ဒိုနီးရှားတစ်ဝှမ်းနှင့် အိမ်နီးချင်း စင်ကာပူ မလေးရှားတို့တွင် ဖြစ်ပွားခဲ့သည့် သေဆုံးမှုများကို တွက်ချက်ထားခြင်ဖြစ်ပြီး အင်ဒိုနီးရှားတွင် ၁၉ ယောက်မျှသာ သေဆုံးခဲ့သည်ဆိုသော အာဏာပိုင်များ၏ ထုတ်ပြန်မှုနှင့် အလွန်အမင်း ကွာဟနေသည်။

    “တကယ်လို့ ဘာပြောင်းလဲမှုမှ မလုပ်ဘူးဆိုရင်တော့ ဒီသေမန်းတမန်မီးခိုးမြူတွေက တစ်နှစ်ပြီးတစ်နှစ် သေဆုံးမှုနှုန်းတွေ မြင့်တက်စေမှာပါ။ အဓိကအချက်ကို ချက်ခြင်း မဆောင်ရွက်ဘူးဆိုရင် လူ့အသက်ဆုံးရှုံးမှုတွေဟာ ရာဇ၀တ်မှုတစ်ခု ဖြစ်လာမှာပါ” ဟု Greenpeace Indonesia လှုပ်ရှားမှုကို ဆောင်ရွက်နေသည့် ယူယွန် အင်ဒရာဒီက ပြောကြားခဲ့သည်။

    ထိုတွက်ချက်ထုတ်ပြန်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှား ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မည့်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    အင်ဒိုနီးရှားတွင် ဆီအုံးပင်နှင့် စက္ကူပျော့ဖက်ပင် စိုက်ပျိုးရန်အတွက် မြေနေရာများ အမြန်ရှင်းလစ်ပစ်ရန် သစ်တောကို မီးရှို့ရာမှ ပေါ်ထွက်လာသည့် ယင်းမီးခိုးများမှာ နှစ်စဉ်ကြုံတွေ့နေကျ ပြဿနာတစ်ခု ဖြစ်နေသည်။

    ယခုထုတ်ပြန်လိုက်သည့် အချက်အလက်ကို Environmentl Research Letters တွင် ဖော်ပြထားပြီး ဂြိုဟ်တုအချက်အလက်များ၊ မီးခိုးအုပ်ဆိုင်းရာဒေသမှ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ၊ လေထုညစ်ညမ်းမှု တိုင်းတာရေး စခန်းများ စသည်တို့မှ ရရှိသည့် အချက်အလက်များကို ပေါင်းစပ်ဖော်ထုတ်မှုအရ ယမန်နှစ်က ထိုသုံးနိုင်ငံတွင် လူပေါင်း ၁၀၀,၃၀၀ ဦးမှာ ပုံမှန်ထက်စော၍ သေဆုံးခဲ့သည်ဟု တွေ့ ရှိခဲ့ရသည်။

    အင်ဒိုနီးရှားတွင် ၉၁၆၀၀ ဦး၊ မလေးရှားတွင် ၆၅၀၀ ဦး၊ စင်ကာပူတွင် ၂၂၀၀ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

    Re : Bangkokpost