News @ M-Media

Tag: Asean

  • အာဆီယံတွင် 5G ကွန်ယက် ဖြန့်ကျက်ရန် ဟွာဝေးက အဆင်သင့်ရှိနေ

    အာဆီယံတွင် 5G ကွန်ယက် ဖြန့်ကျက်ရန် ဟွာဝေးက အဆင်သင့်ရှိနေ

    နိုဝင်ဘာ ၄၊ ၂၀၁၉
    M-Media

    -အရှေ့တောင်အာရှနိုင်ငံတွေမှာ 5G ကွန်ယက် ဖြန့်ကျက်ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ တရုတ် ဆက်သွယ်ရေးကုမ္ပဏီ Huawei က ပြောကြားလိုက်ပြီး တရုတ်အစိုးရအတွက် စပိုင်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။

    အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ ဟွာဝေးဟာ အဓိကပစ်မှတ်ထားခံရတဲ့ ကုမ္ပဏီတစ်ခုပါ။ တရုတ်အစိုးရဟာ ဟွာဝေးရဲ့ စက်ပစ္စည်းတွေကို အသုံးပြုပြီး တစ်ခြားနိုင်ငံတွေအပေါ် စောင့်ကြည့်လှောက်လှမ်းနိုင်တယ်လို့ ထရမ့်အစိုးရက သတိပေးထားပြီး အမေရိကန်ကုမ္ပဏီတွေ ဟွားဝေးကို နည်းပညာရောင်းချမှုကိုလည်း ပိတ်ပင်ထားပါတယ်။

    ဟွာဝေးကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး နည်းပညာသာလွန်မှုအတွက် ပစ်မှတ်ထားခံရတာလို့ တုန့်ပြန်ထားပါတယ်။

    ဒီလိုသတိပေးမှုတွေ ရှိနေပေမယ့် အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ဟာ 5G ကွန်ယက်အတွက် ဟွာဝေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံကလည်း မကြာခင်မှာ ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

    ဟွာဝေးရဲ့ ဒုတိယဥက္ကဌ အဒ်ဝပ်ဇူက အမေရိကန်နဲ့ တရုတ်တို့ဟာ လက်ရှိမှာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေတဲ့အတွက် မိမိတို့အနေနဲ့ ဒီအခြေအနေကို အလွန် သတိထားနေတယ်လို့ ဒီကနေ့ အရှေ့တောင်အာရှ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    ထိုင်းနိုင်ငံကလည်း 5G ကွန်ယက်အတွက် ဟွာဝေးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထားပြီး ဘန်ဂေါက်က တက္ကသိုလ်ကြီးတစ်ခုမှာ စမ်းသပ်ဆောင်ရွက်ဖို့ ခွင့်ပြုထားပါတယ်။ ကွန်ယက် စမ်းသပ်ဆောင်ရွက်မှုတွေအတွက် ကန်ဒေါ်လာ ၅ ဘီလီယံလောက် သုံးစွဲထားတယ်လို့ ဟွာဝေးကုမ္ပဏီနဲ့ ပြောရေးဆိုခွင့်ရှိသူက အရင်က ပြောကြားထားပြီး အခြား အရှေ့တောင်အာရှ နိုင်ငံတွေက ဒီလိုစမ်းသပ်မှုတွေ လုပ်ဆောင်ပေးဖို့ ဟွာဝေးကို ဖိတ်ခေါ်ထားပါတယ်။

    Ref: CNA

  • မဲခေါင်မြစ်ကိုကိုင်ပြီး အာဆီယံပြည်သူတွေကို တရုတ်က ပြန်ပေးဆွဲထားပြီလား

    မဲခေါင်မြစ်ကိုကိုင်ပြီး အာဆီယံပြည်သူတွေကို တရုတ်က ပြန်ပေးဆွဲထားပြီလား

    အောက်တိုဘာ ၁၇၊ ၂၀၁၉
    M-Media

    မဲခေါင်မြစ်ပေါ်တွင် ဆည်များ ဆောက်လုပ်ထားမှု

    -မဲခေါင်မြစ်ညာမှာ တရုတ်က ဆည်တွေ အမြောက်အများ တည်ဆောက်ထားတာဟာ မြစ်အောက်ပိုင်းက အာဆီယံဒေသကို ပြန်ပေးဆွဲထားသလိုဖြစ်ပြီး အနာဂတ်မှာ အကြပ်ကိုင်ခံရနိုင်ချေတွေ ရှိနေတယ်လို့ ပညာရှင်တွေက သုံးသပ်ပြောကြားလိုက်ပါတယ်။

    တီဘက်ကနေ စတင် စီးဆင်းလာတဲ့ မဲခေါင်မြစ်ဟာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကိုဖြတ်ပြီး ဗီယက်နမ်မှာ အဆုံးသတ်တာ ဖြစ်ပါတယ်။ အဲဒီ မြစ်ပေါ်မှာ တရုတ်က လက်ရှိ ဆည် ၁၁ ခု တည်ဆောက်ထားပြီး နောက်ထပ် ၈ ခု ဆက်ဆောက်ဖို့လည်း စီစဉ်ထားပါတယ်။

    ဒါ့ကြောင့် တရုတ်ဟာ မဲခေါင်မြစ်ရေ စီဆင်းမှုကို ထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်ရှိလာကာ မြစ်အောက်ပိုင်းက အရှေ့တောင်အာရှ နိုင်ငံတွေကို လိုသလို အကြပ်ကိုင်လာနိုင်တာကြောင့် မဲခေါင်မြစ်ဟာ တောင်တရုတ်ပင်လယ်လို နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    အလွတ်တန်း လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ Eugene Chow ရဲ့ ၂၀၁၇ ခုနှစ်က ဆောင်းပါးတစ်ခုမှာ မဲခေါင်မြစ်က တရုတ်ရဲ့ ဆည်တွေကို ‘လက်နက်မှန်း မသိရတဲ့ လက်နက်တွေ’ လို့ သမုတ်ခဲ့ပြီး ‘ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံ ၁ ပုံကို သေနတ်တစ်ချက်မဖောက်ဘဲ ပြန်ပေးဆွဲထားမှု’ လို့ သုံးသပ်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် မိုးခေါင်ရေရှားမှု ကြုံတွေ့တဲ့အခါ မဲခေါင်မြစ်ကရေလွှတ်ပေးဖို့ အာဆီယံနိုင်ငံတွေက တရုတ်ကို မေတ္တာရပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဒါမျိုးအခြေအနေတွေမှာ တရုတ်ဖက်က တစ်ခုခု ပြန်လည်တောင်းဆိုလာလိမ့်မယ်လို့ နယူးဒေလီအခြေစိုက် Center for Policy Research ပရော်ဖက်ဆာ Brahma Chellaney က သုံးသပ်ခဲ့ပါတယ်။

    “နောက်တစ်ကြိမ်ဆို တရုတ်က တစ်ခုခု ပြန်တောင်းလိမ့်မယ်။ ရေမလုံမလောက်ဖြစ်နေတဲ့နိုင်ငံက ဒီတောင်းဆိုမှုကို ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် တရုတ်က ဆည်တွေကို လက်နက်အဖြစ် အသုံးပြုတာပါ။ မိုးခေါင်ရေရှားမှုတွေ ဆိုးဆိုးဝါးဝါးနဲ့ မကြာခဏ ဖြစ်လာတဲ့အချိန်မျိုးမှာ တရုတ်ရဲ့ ဆည်ကွန်ယက်တွေက မြစ်အောက်ပိုင်းနိုင်ငံတွေအပေါ် ပိုပြီး အနိုင်ကျင့်လို့ ကောင်းလာပါလိမ့်မယ်”

    အခုနှစ်အစောပိုင်းမှာ တရုတ် Jinghong Dam ဆည်ရဲ့ ဂိတ်တံခါးတွေကို ပြုပြင်ဖို့ ရေတွေဖောက်ချတဲ့အချိန် ထိုင်းနဲ့ လာအိုတို့မှာ ရေတွေကြီးခဲ့ပြီး၊ ပြင်ပြီးလို့ ရေပြန်ဖြည့်လိုက်တဲ့အခါမှာလည်း အောက်ပိုင်းကို စီးဆင်းလာတဲ့ မဲခေါင်မြစ်ရေဟာ သိသိသာသာကိုလျော့သွားကာ အရှေ့တောင်အာရှနိုင်ငံတွေ ဒုက္ခတွေ့ခဲ့ပါတယ်။

    ဆည်တွေကို လက်နက်အဖြစ် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်က ငြင်းပါတယ်။

    ဗီယက်နမ်နဲ့ လာအို

    တရုတ်က မဲခေါင်မြစ်ရေစီးဆင်းမှုကို ထိန်းချုပ်လိုက်ရင် အဓိကခံစားရမှာက မဲခေါင်မြစ်ကိုမှီကာ စိုက်ပျိုးရေးလုပ်နေတဲ့ ဗီယက်နမ်နိုင်ငံ ဖြစ်ပါတယ်။

    ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လထုတ် National Defense ဂျာနယ်မှာ နိုင်ငံအတွင်း စားနပ်ရိက္ခာလုံလောက်အောင် လုပ်ဆောင်မှုကို အဓိက မဟာဗျူဟာကိစ္စတစ်ခုအဖြစ် ဖော်ပြထားပါတယ်။

    တရုတ်နဲ့ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကိစ္စမှာ ဗီယက်နမ်ဟာ တော်တော်လေးကို တင်းတင်းမာမာ ပြောဆိုတာမျိုးရှိပြီး၊ တရုတ်ကလည်း နောက်ပိုင်းမှာ မဲခေါင်မြစ်ရေနဲ့ ဗီယက်နမ်ကို အကြပ်ကိုင်လာဖို့ ရှိနေပါတယ်။

    မဲခေါင်မြစ်ကို တရုတ်ရဲ့ ထိန်းချုပ်မှုကြောင့် သိသိသာသာ ဒုက္ခရောက်မယ့် နောက်ထပ်နိုင်ငံတစ်ခုက လာအိုဖြစ်ပါတယ်။

    မဲခေါင်မြစ်ပေါ်မှာ ဆောက်လုပ်ထားတဲ့ ‌ဆည်တွေကနေ ဓာတ်အားထုတ်ရောင်းတာ၊ သတ္တုတင်ပို့တာတွေဟာ လာအိုရဲ့ အဓိက ဝင်ငွေရလမ်းဖြစ်ပြီး တရုတ်ကသာ မဲခေါင်မြစ်ရေကို ထိန်းချုပ်လိုက်ရင် လာအိုနိုင်ငံရဲ့ စီးပွားရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်မှာ ဖြစ်ပါတယ်။

    ရေစစ်ပွဲ

    ကျွမ်းကျင်သူတွေက မဲခေါင်မြစ်ကိစ္စကို တောင်တရုတ်ပင်လယ်ကိစ္စနဲ့ နှိုင်းယှဉ်ပြောဆိုကြပေမယ့် တကယ်တမ်း ‘ရေစစ်ပွဲ’ ဖြစ်လာတဲ့အခါမျိုးကျရင် တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေတာထက် ပိုပြီး ရှုပ်ထွေးလာမယ်လို့ သုံးသပ်ထားပါတယ်။

    တောင်တရုတ်ပင်လယ်ကိစ္စမှာ ပိုင်နက်အငြင်းပွားမှုရှိနေပြီး မဲခေါင်မြစ်ကိစ္စမှာ ဒီလိုမဟုတ်တဲ့အတွက် တရုတ်ဖက်အခြမ်းက မဲခေါင်မြစ်ပေါ်မှာ ဘာလုပ်လုပ် နိုင်ငံတကာက ဝင်ရောက်စွက်ဖက်လို့မရပါဘူး။

    မဲခေါင်မြစ်ကို မျှတစွာ စီမံခန့်ခွဲ အသုံးချရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်တစ်ခု ရရှိအောင် အာဆီယံနိုင်ငံတွေက ၁၉၉၅ ခုနှစ်မှာ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မဲခေါင်မြစ်ကော်မရှင် (MRC) က မြစ်ပေါ်မှာ ဆည်ဆောက်မှုကို ၁၀ နှစ်ရပ်ဆိုင်းရေး ၂၀၁၀ ခုနှစ်မှာ အကြံပြုခဲ့ပေမယ့် ဗီယက်နမ်က လက်မခံဘဲ တရုတ်ရဲ့ ဖိအားပေးမှုကြောင့်ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။

    မဲခေါင်မြစ်ကို တရုတ်က ထိန်းချုပ်ထားမှု ပြဿနာဟာ ဒေသတွင်းတွင်မဟုတ်တော့ဘဲ ဒေသပြင်ပကိုပါ ရိုက်ခတ်လာပါတယ်။ အမေရိကန်ရဲ့ လုံခြုံရေးအကျိုးစီးပွားအတွက် အရေးပါတဲ့ တိုင်းပြည်တွေမှာ နောက်ထပ် ၁၀ နှစ်အတွင်း ရေပြဿနာပေါ်ကာ မတည်မငြိမ်ဖြစ်လာလိမ့်မယ်လို့ ၂၀၁၂ ခုနှစ်မှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    နောက်ထပ် ၇ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဟာ ဒီကိစ္စအတွက် ပိုပြီး အသံထုတ်လာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက မဲခေါင်မြစ်ရေဟာ ၁၀ စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးကို ရောက်ရှိလာတယ်လို့ သတိပေးခဲ့ပါတယ်။

    မဲခေါင်မြစ်ကိစ္စမှာ တရုတ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘယ်လိုထိန်းကြောင်းမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဒေသတွင်း လျှပ်စစ်ကဏ္ဍအတွက် အမေရိကန်က ဂျပန်နဲ့ Japan-US Mekong Power Partnership စာချုပ် လက်မှတ်ရေးထိုးထားတာ၊ မဲခေါင်ဒေသတစ်ဝှမ်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနဲ့ တရားမဝင် ကုန်ကူးမှုတွေ တိုက်ဖျက်ရေး အမေရိကန်က ဒေါ်လာ ၁၄ သန်း ထောက်ပံ့ကူညီထားတာတွေတော့ ရှိနေပါတယ်။

    တရုတ်ရဲ့ လွှမ်းမိုးမှုကို တုန့်ပြန်ရေး ရန်ပုံငွေ Countering Chinese Influence Fund ထားရှိ ဆောင်ရွက်မလားဆိုတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လက အမေရိကန်လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီရန်ပုံငွေ အမှန်တကယ် ပေါ်လာမယ်ဆိုရင်တော့ မဲခေါင်မြစ်ရှိရာ အရှေ့တောင်အာရှနိုင်ငံတွေက ငွေကြေးတစ်ချို့ရရှိနိုင်မှာပါ။

    မဲခေါင်မြစ်မှာ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ လုံခြုံရေးအစီအမံတွေ ဘယ်လောက်ပဲ လုပ်ဆောင်ထားပေမယ့် မဲခေါင်မြစ်ရေ အရှေ့တောင်အာရှဖက် မစီးနိုင်အောင် တရုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။

    Ref: Asia Times

    (Asia Times သတင်းဌာန၏ Water war risk rising on the Mekong ဆောင်းပါးမှ ကောက်နှုတ်ကာ ဆီလျော်အောင် ဘာသာပြန်ဆိုတင်ပြခြင်း ဖြစ်ပါသည်)

  • အာဆီယံ ရေတပ်စစ်ရေးလေ့ကျင့်မှု မြန်မာပါဝင်မည်

    အာဆီယံ ရေတပ်စစ်ရေးလေ့ကျင့်မှု မြန်မာပါဝင်မည်

    သြဂုတ် ၂၈၊ ၂၀၁၉
    M-Media

    -လာမယ့်တစ်ပတ်မှာ ပြုလုပ်မယ့် အာဆီယံ ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ မြန်မာရေတပ် ပါဝင်သွားမယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာ ပြောကြားလိုက်ပြီး ဒီလိုပါဝင်တာဟာ အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    အဲဒီစစ်ရေးလေ့ကျင့်မှုကို ထိုင်းပင်လယ်ကွေ့မှာ စက်တင်ဘာ ၂ ရက်နေ့ စတင်မှာဖြစ်ပြီး အမေရိကန်ရေတပ်လည်း ပါဝင်မှာပါ။

    “အာဆီယံအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လေ့ကျင့်မှုမှာ ပါဝင်ဖို့ ကျွန်တော်တို့ကို ဖိတ်ကြားထားပါတယ်” လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

    လေ့ကျင့်မှုဟာ ရာဇ၀တ်မှု၊ ပင်လယ်ဓားပြမှု တားဆီးရေး၊ ရေကြောင်းလုံခြုံရေးတွေကို အဓိကထားမှာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား ထိပ်တန်း စစ်ဖက်အရာရှိ ၃ ဦးကို အမေရိကန်က ခရီးသွားလာခွင့် ပိတ်ပင်ထားတာနဲ့ အခု စစ်ရေးလေ့ကျင့်မှုဟာ သီးခြားစီဖြစ်တယ်လို့ ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ပိတ်ဆို့မှုက ပုဂ္ဂိုလ်ရေးကိစ္စပါ။ ဒီလေ့ကျင့်မှုက အာဆီယံနဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မှုပါ”

    လေ့ကျင့်မှုဟာ အမေရိကန်ရဲ့ အာဆီယံဒေသနဲ့ ဆက်ဆံမှု တိုးမြှင့်ရေး တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဒီလို လေ့ကျင့်ခြင်းအားဖြင့် ဒေသတွင်းလုံခြုံရေးအတွက် အာဆီယံ နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: AFP

  • ၂၀၃၄ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲကျင်းပခွင့်ရရန် အာဆီယံနိုင်ငံများ လျှောက်ထားမည်

    ၂၀၃၄ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲကျင်းပခွင့်ရရန် အာဆီယံနိုင်ငံများ လျှောက်ထားမည်

    ဇွန် ၂၄၊ ၂၀၁၉
    M-Media

    -၂၀၃၄ ခုနှစ် ကမ္ဘ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးအတွက် အာဆီယံနိုင်ငံတွေ ပူးပေါင်း လျှောက်ထားသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မနေ့က အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး အပြီးမှာ ပြောကြားလိုက်ပါတယ်။

    ၄ နှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲကို အာရှတိုက်က တစ်ကြိမ်သာ လက်ခံကျင်းပထားပြီး ၂၀၀၂ ခုနှစ်က တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပူးတွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲဟာ အာရှမြေမှာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ပြိုင်ပွဲ ဖြစ်လာမှာပါ။

    “၂၀၃၄ ခုနှစ် ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲ အာဆီယံမှာ ကျင်းပဖို့ကိစ္စကို ခေါင်းဆောင်တွေက သဘောတူကြပါတယ်။ ဖြစ်နိုင်ရင်ပေါ့။ ဒီအိပ်မက် အမှန်တကယ် ဖြစ်လာရေးအတွက် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကို ထောက်ခံအားပေးကျဖို့ အာဆီယံပြည်သူတွေကို တိုက်တွန်းလိုပါတယ်” လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မနေ့က အပိတ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    အာဆီယံအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မလေးရှားနိုင်ငံကလည်း ဒီကိစ္စကို ကြိုဆိုခဲ့ပါတယ်။

    “တစ်နိုင်ငံတည်းဆိုရင် ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲကို ဘယ်တော့မှ ကျင်းပခွင့်ရမှာ မဟုတ်ပါဘူး။ အာဆီယံနိုင်ငံတွေအားလုံး ပေါင်းလိုက်ရင်တော့ ကျင်းပနိုင်မှာပါ” လို့ မဟာသီက မလေးရှားသတင်းဌာန Ther Star ကို ပြောကြားခဲ့ပါတယ်။

    ကမ္ဘေ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဘရူးနိုင်းတို့ပါဝင်တဲ့ အာဆီယံဒေသမှာ လူဦးရေ သန်းပေါင်း ၆၄၀ ကျော် ရှိပြီး အများစုက ဘောလုံးအားကစားကို ရူးသွပ်ကြသူတွေ ဖြစ်ပါတယ်။

    အာဆီယံဒေသမှာ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေး သဘောထားဟာ ၂၀၁၁ ခုနှစ်လောက်ကတည်းက စတင် ပေါ်ပေါက်လာတာဖြစ်ပြီး ဒေသရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ ပိုမိုပေါင်းစည်းစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ၁၀ နိုင်ငံစလုံးမှာ ပြိုင်ပွဲကို အဆင်ပြေပြေ ကျင်းပနိုင်ရေး၊ ဒေသအတွင်း အကောင်းဆုံးကစားသမားတွေ စုစည်းပြီး ပြိုင်ပွဲမှာ အသင်းတစ်သင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကိစ္စတွေမှာ အခက်အခဲတွေ အများကြီး ရှိနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ ၂၀၂၁ ယူ-၂၀ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲကျင်းပနိုင်ရေး စိတ်ဝင်စားနေတယ်လို့ ဖီဖာက ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ထားပြီး အင်ဒိုနီးရှားနိုင်ငံကလည်း ဒီပြိုင်ပွဲကို တစ်နိုင်ငံတည်း ကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်။

    Ref: Aljazeera

  • တရုတ်၏ BRI စီမံကိန်းကို အဆီယံဒေသမှ လူအများစုက စိုးရိမ်နေ

    တရုတ်၏ BRI စီမံကိန်းကို အဆီယံဒေသမှ လူအများစုက စိုးရိမ်နေ

    ဇန်န၀ါရီ ၇၊ ၂၀၁၉
    M-Media

    ပြီးခဲ့သည့်နှစ်က ဘေဂျင်းတွင် ပြုလုပ်ခဲ့သည့် BRI ပူးပေါင်းဆောင်ရွက်အစည်းအဝေးတွင် မိန့်ခွန်းပြောနေသည့် တရုတ်ဝန်ကြီးချုပ်

    – တရုတ်နိုင်ငံက ဆောင်ရွက်နေတဲ့ Belt and Road Initiative (BRI) စီမံကိန်းဟာ အကြွေးထောက်ချောက်ထဲ ကျရောက်သွားမယ့်အန္တရာယ် ရှိနိုင်တယ်လို့ အာဆီယံနိုင်ငံတွေက ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်က စိုးရိမ်နေကြောင်း လေ့လာမှုအသစ်တစ်ခုမှာ တွေ့မြင်ခဲ့ရပါတယ်။

    ဒီလေ့လာမှုကို စင်ကာအခြေစိုက် သုတေသနအဖွဲ့ ISEAS-Yusof Ishak Institute က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    အာဆီယံနိုင်ငံအားလုံးက အစိုးရတွေ၊ တတ်သိပညာရှင်အသိုင်းအ၀ိုင်း၊ စီးပွားရေးအသိုင်းအ၀ိုင်းက လူပေါင်း ၁၀၀၈ ဦးကို မေးမြန်းရာမှာ ထက်ဝက်ခန့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ Belt and Road Initiative (BRI) စီမံကိန်းဟာ အာဆီယံဒေသကို သူ့လမ်းကြောင်းထဲရောက်လာအောင် ဆွဲခေါ်တာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

    စီမံကိန်း ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောကြားသူက ၃ ပုံတစ်ပုံရှိပြီး၊ ၁၆ ရာခိုင်နှုန်းကတော့ ကျရှုံးလိမ့်မယ်လို့ ယူဆနေပါတယ်။

    ဖြေကြားသူတွေရဲ့ အများစုဖြစ်တဲ့ ၇၀ ရာခိုင်နှုန်းက တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲကို မရောက်ဖို့အတွက် BRI စီမံကိန်းကို သတိထားချဉ်းကပ်ရမယ်လို့ သုံးသပ်ကြပြီး မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံမှာ ဒီလိုအမြင်မျိုး အများဆုံးရှိတာကို တွေ့ရပါတယ်။

    အနောက်နိုင်ငံတစ်ချို့က BRI စီမံကိန်းဟာ အကြွေးထောင်ချောက်ဖြစ်တယ်လို့ စွပ်စွဲထားပြီး တရုတ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

    ISEAS-Yusof Ishak Institute က ပြုလုပ်တဲ့ စစ်တမ်းမှာ ဖြေဆိုသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက တရုတ်ရဲ့ ဒေသတွင်း စီးပွားရေးလွှမ်းမိုးမှုဟာ တော်တော်လေးကို အားကောင်းနေပြီး နောက်ပိုင်းမှာ အမေရိကန်ထက်ပိုပြီး နိုင်ငံရေး၊ မဟာဗျူအရပါ လွှမ်းမိုးမှု ပိုမိုအားကောင်းလာလိမ့်မယ်လို့ ရှုမြင်နေကြပါတယ်။

    ကမ္ဘာတစ်ဝှမ်း အမေရိကန်ရဲ့သြဇာ၊ အရှေ့တောင်အာရှဒေသမှာ အမေရိကန်ရဲ့ ထိတွေ့မှုတွေ ကျဆင်းလာတယ်လို့လည်း ဖြေဆိုသူအများစုက သုံးသပ်ကြပါတယ်။

    တရုတ်ဟာ ‘သူ့ဘက်ကိုယ့်ဖက် မျှကြည့်တတ်တဲ့ အင်အားကြီးနိုင်ငံလား’ လို့ မေးမြန်းရာမှာ ၉၉ ရာခိုင်နှုန်းကျောက် ‘မဟုတ်ဘူး’ လို့ ဖြေကြားခဲ့ပါတယ်။

    အစီရင်ခံစာကို ထုတ်ပြန်သူတွေက ဒီစစ်တမ်းဟာ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ပုံရိပ် မှေးမှိန်နေမှုကို ပြောင်းလဲပစ်ဖို့ သတိပေးခေါင်းဆောင်း ထိုးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင်ဖော်ပြသည့် သတင်းကို ထုတ်နှုတ်ဘာသာပြန်ဆိုခြင်းဖြစ်သည်)