News @ M-Media

Tag: Aung Jeyatu Journal

  • ဘာသာရေး စော်ကားရေးသားမှု အောင်ဇေယျတု ဂျာနယ်ကို စာနယ်ဇင်းကောင်စီ ခေါ်ယူဆွေးနွေး

    ဘာသာရေး စော်ကားရေးသားမှု အောင်ဇေယျတု ဂျာနယ်ကို စာနယ်ဇင်းကောင်စီ ခေါ်ယူဆွေးနွေး

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    သတင်း- သူရိန်
    Reply from MPC
    ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ အောင်ဇေယျတုဂျာနယ် အမှတ်(၄၄) တွင် အစ္စလာမ်သာသနာနှင့် တမန်တော်မြတ်မုဟမ္မဒ်(ဆွ) အပေါ် မှားယွင်းသော အသုံးအနှုန်းများဖြင့် ရိုင်းစိုင်းစွာ စော်ကား ပုတ်ခတ် ရေးသားထားခဲ့မှုနှင့် ပတ်သက်ပြီး ပြည်တွင်း ထုတ် အောင်ဇေယျတုဂျာနယ်ကို စာနယ်ဇင်းကောင်စီ(ယာယီ) က ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

    အောင်ဇေယျတုဂျာနယ်တွင် ဘာသာရေး လူမျိုးရေး အမုန်းတရား ပွားများစေသော ရေးသားချက်များ ပါဝင်နေပြီး ဘာသာရေး စော်ကားမှု စိတ်နာကြည်းစေမှု၊ အစ္စလာမ်သာသနာအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ် ရေးသားမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် အရေးအသားများကို အတင့်ရဲစွာ ရေးသားဖြန့်ဝေနေကြောင်း အစ္စလာမ်ဘာသာဝင်(၁၀) ဦးမှ လက်မှတ်ထိုးပြီး အောက်တိုဘာ ၂၂ ရက်နေ့က စာနယ်ဇင်းကောင်စီ(ယာယီ)ကို လိပ်မူ တိုင်ကြားခဲ့တာပါ။

    ထိုသို့ တိုင်ကြားခဲ့ခြင်းအပေါ် ယခုကဲ့သို့ ခေါ်ယူ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နှင့် ဂျာနယ် တာဝန်ခံများမှ နောင်တွင် ပြင်းထန်သော အသုံးအနှုန်းများ မပါဝင်အောင် စိစစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်ဟု  မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ ) ၏ တိုင်ကြားသူများကို အကြောင်းပြန်ကြားသော စာမှာ ဖော်ပြထားပါတယ်။

    နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သော အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီဌာနချုပ် (UNC) မှလည်း အောက်တိုဘာလ (၂၇) နေ့ တွင် နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ထံ လိပ်မူပြီး အစ္စလာမ်ဘာသာ အပေါ် စာနယ်ဇင်းကျင့်ဝတ် ဖောက်ဖျက်ရေးသားမှုများကို အရေးယူပေးရန် တင်ပြခဲ့ကြောင်းလည်းသိရပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ကလည်း အောက်တိုဘာလ ၂၂ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ ဌာနများကို အရေးယူတားမြစ်ပေးရန် ကန့်ကွက် တိုင်ကြားခဲ့ပါတယ်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အနေဖြင့် အစ္စလာမ်ဘာသာ သာသနာ အပေါ် စော်ကား ရေးသားချက်များနှင့် စပ်လျဉ်း၍ အောင်ဇေယျတုဂျာနယ်၏ ၃၁.၁.၂၀၁၄ ရက်နေ့ထုတ် အမှတ် ၇ စာစောင်တွင်လည်း ပါရှိကြောင်းတွေ့ရှိရ၍ ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံတော်အစိုးရထံသို့ တရားဝင် ကန့်ကွက် တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

    Image via-Ali Tintun Oo FB

  • အောင်ဇေယျတု ဂျာနယ် ဘာသာရေး စော်ကားမှု အရေးယူဖို့ သမ္မတထံ စာပို့တိုင်ကြား

    အောင်ဇေယျတု ဂျာနယ် ဘာသာရေး စော်ကားမှု အရေးယူဖို့ သမ္မတထံ စာပို့တိုင်ကြား

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ဘာသာရေး စော်ကားရေးသားသည့် အောင်ဇေယျတုဂျာနယ်အား တည်ဆဲဥပဒေအရ အရေးယူတားမြစ်ပေးရန် သမ္မတထံ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ကန့်ကွက်တိုင်ကြား

    ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသည့် အောင်ဇေယျတုဂျာနယ် အမှတ်(၄၄)တွင် အစ္စလာမ်ဘာသာနှင့် တမန်တော် မုဟမ္မဒ်(ဆွ) သခင်အား စော်ကားထားသည့် အတွက် ဘာသာရေးစော်ကားမှု၊ စိတ်နာကျည်းစေမှု၊ အစ္စလာမ်သာသနာအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရေးသားမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် အရေးအသားများကို အတင့်ရဲစွာ ဖြန့်ဝေနေမှုအား ဆောလျင် ထိရောက်စွာ တည်ဆဲ ဥပဒေများအရ အရေးယူတားမြစ်ပေးရန် အတွက် ကန့်ကွက်တိုင်ကြားစာ တစ်စောင်ကို အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက သမ္မတထံသို့ ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ပေးပို့ခဲ့ကြောင်း သိရသည်။

    အဆိုပါ ကန့်ကွက်တိုင်ကြားစာတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ – ၃၆၂)အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သောဘာသာတို့အား အသိအမှတ်ပြုထားပြီး အဆိုပါ ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်ဟူ၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ – ၃၆၃)တွင် အတိအလင်း ပြဌာန်းပြီးဖြစ်ကြောင်းဖော်ပြထားသည့်အတွက် လူမျိုးရေး၊ ဘာသာရေးအရ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အမျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော အပြုအမူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကြောင်း (ပုဒ်မ – ၃၆၄)တွင် ဖော်ပြထားပြီး ဖြစ်ကြောင်းတို့ ပါရှိသည်။

    ၎င်းကန့်ကွက်တိုင်ကြားစာအရ အောင်ဇေယျတု ဂျာနယ်တွင် ဘာသာရေး စော်ကားရေးသားမှုများကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် နိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ရပ်လုံး စိတ်နာကျည်း ၀မ်းနည်းမှုများခံစားခဲ့ရကြောင်း၊ ၂၀၁၄-ခု ဇန်န၀ါရီလ ၃၁-ရက်နေ့ ၎င်းဂျာနယ် အမှတ်(၇)တွင်လည်း အစ္စလာမ်သာသနာအပေါ် စော်ကားရေးသားခဲ့သည့်အတွက် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် ဖေဖော်ဝါရီလ ၅-ရက်နေ့တွင် နိုင်ငံတော်အစိုးရထံ ကန့်ကွက်တိုင်ကြားမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

    ထိုကဲ့သို့ ဘာသာတစ်ခုအပေါ် အခြားဘာသာတစ်ခုမှ နားလည်မှုလွဲမှားအောင် ရေးသား ဖြန့်ချိမှုကြောင့် ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေကြောင်းနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေသည့်အတွက် နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းရပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားထိခိုက်စေသည့်အတွက် ၎င်းကဲ့သို့ ရေးသားဖြန့်ချိမှုများအား နိုင်ငံတော် တည်ဆဲဥပဒေ ပြဌာန်းချက်များနှင့်အညီ အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆို တင်ပြလိုက်ကြောင်း ဖော်ပြထားပါသည်။

    တိုင်ကြားစာ အပြည့်အစုံကိုအောက်တွင် ဖတ်ရှုနိုင်ပါသည်။

    01 02 03 04

  • အစိုးရ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသည့် ပုံနှိပ်ဂျာနယ်တွင် အစ္စလာမ် သာသနာနှင့် တမန်တော် မုဟမ္မဒ်အား စော်ကားရေးသား

    အစိုးရ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသည့် ပုံနှိပ်ဂျာနယ်တွင် အစ္စလာမ် သာသနာနှင့် တမန်တော် မုဟမ္မဒ်အား စော်ကားရေးသား

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    M-Media
    ဇာဏီ
    Journal
    မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေနှင့်မူပိုင်ခွင့်ရုံးမှ ထုတ်ဝေခွင့် အသိအမှတ်ပြုထားသည့် အောင်ဇေယျတု ဂျာနယ်တွင် အစ္စလာမ်သာသနာနှင့် တမန်တော် မုဟမ္မဒ်(ဆွ)အား စော်ကားရေးသားမှုများ ပြုလုပ်ခဲ့ပြီး အစိုးရ အာဏာပိုင်များမှလည်း ဘာသာတရားတစ်ခုအား စော်ကားရေးသားသည့် အဆိုပါ ဂျာနယ်အား မည်သည့် တားဆီး အရေးယူမှုမှ ပြုလုပ်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။

    အဆိုပါ အောင်ဇေယျတုဂျာနယ် အမှတ် ၄၄ တွင် သူရိယ ဦးအောင်(မောရိသျှ)အမည်ဖြင့် ရေးသားသည့် ‘အစွန်းရောက်ဝါဒ နိဒါန်း’ ဆောင်းပါးနှင့် အရှင်မုနိတ-ဓမ္မာစရိယ အမည်ဖြင့် ရေးသားသည့် “’ဗုဒ္ဓ၏သမိုင်း အမွေအနှစ်များ ဖျက်ဆီးခဲ့သော မိုဟာမက်၏ အစ္စလာမ်မစ် မွတ်ဆလင် ကျူးကျော်စစ်များ’ဟု ခေါင်းစဉ် ရှိသည့်ဆောင်းပါး ၂-ပုဒ်တွင် အစ္စလာမ် ဘာသာဝင်တို့၏ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)အား ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုန်းများဖြင့် မဟုတ်မမှန် စော်ကားရေးကား ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

    မောင်သွေးချွန်ဟု ကလောင်အမည်ရှိသူက က အောင်ဇေယျတု၊ သာကီသွေး အစရှိသည့် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် ဘာသာရေး စာစောင်အဖြစ် ထုတ်ဝေခြင်းဖြစ်ပါတယ်။ ယင်းဂျာနယ်များ စတင်ထုတ်ဝေစဉ် အခါကတည်းကပင် အစ္စလာမ် မုန်းတီးရေး သတင်းနှင့် ဆောင်းပါးများ ထည့်သွင်းရေးသား ထုတ်ဝေနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    ယခုလပိုင်းများအတွင် ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များ ကို အကြမ်းဖက် အဖွဲ့များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ မတရား ဖမ်းဆီးမှုများရှိနေပြီး အဆိုပါရေးသားမှုများကြောင့် အစ္စလာမ်ဘာသာဝင်များအကြား အုံကြွမှုတွေဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပြီး မွတ်စလင်များအား အစွန်းရောက် အကြမ်းဖက်သမား များ အသွင်ပြောင်းလဲနိုင်စေရန် တမင်ဖန်တီးနေခြင်း ဖြစ်သည်ဟုလည်း မွတ်စလင်အများစုက ထင်မြင်နေကြပြီး ဥပဒေဘောင်အတွင်းက ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းမှုများကိုသာ လိုလားကြောင်းလည်း သိရပါတယ်။

    မြန်မာနိုင်ငံမှာ စာပေ လွတ်လပ်ခွင့်ရှိပြီဟု ဆိုသော်လည်း အပတ်စဉ်၊ လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများကို ပုံနှိပ်နှင့် မူပိုင်ခွင့်ဌာန (ယခင် စာပေစိစစ်ရေး)က တင်းကြပ်တဲ့ စည်းကမ်းများနဲ့ ချုပ်ကိုင်မှုများထားရှိကာ အပတ်စဉ် ဂျာနယ် ထွက်သည့်နေ့၌ ဂျာနယ်ကို စာပေနှင့်မူပိုင်ခွင့်ရုံးသို့ ပေးပို့ရကြောင်း၊ ဘာသာရေးနှင့် ပတ်သက်သည့် အငြင်းပွားဖွယ်၊ ပဋိပက္ခဖြစ်ဖွယ် ဆောင်းပါးများကို ဂျာနယ်များတွင် မထည့်ရန် ဂျာနယ်ထုတ်ဝေနေသည့် ဘာသာပေါင်းစုံအား ခေါ်ယူအသိပေးမှုများရှိခဲ့ကြောင်း သိရပါတယ်။

    ထိုကဲ့သို့ ဆောင်ရွက်သော်လည်း ယခုကဲ့သို့ ဘာသာတရားတစ်ခုမှ အခြားတစ်ခုအား ပေါ်ပေါ်ထင်ထင် စော်ကားရေးသားနေသည့် ဂျာနယ်မျိုးအား ဆက်လက် ထုတ်ဝေခွင့်ပြုထားခြင်း၊ မသိကျိုးကျွံပြုနေခြင်းကို ထောက်ရှုခြင်းအားဖြင့် ဘာသာရေး မုန်းတီးမှုများ ဖြစ်ပေါ်လာစေရန် တမင်ဖန်တီး လှုံ့ဆော်နေမှုများကို တရားဝင် ခွင့်ပြုထားပေးတယ်လို့ ထင်မြင်မိကြောင်း၊ ယခုကဲ့သို့ ဘာသာရေး စော်ကားနေမှုများကို ထိရောက်စွာ မတားမြစ်ပါက မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့အလယ်မှာ ပိုမိုအရှက်ရဖွယ်ရာသာ ဆက်လက်ဖြစ်နေမှာဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေပါတယ်။

    Image Credit- MMM