News @ M-Media

Tag: Australia

  • အလုပ်ရှင်များက ၀န်ထမ်းများကို အလုပ်ချိန်ပြင်ပ ဆက်သွယ်ခိုင်းစေမှု တားဆီးရေးဥပဒေတစ်ခု သြစတေးလျ ပြဌာန်းမည်

    အလုပ်ရှင်များက ၀န်ထမ်းများကို အလုပ်ချိန်ပြင်ပ ဆက်သွယ်ခိုင်းစေမှု တားဆီးရေးဥပဒေတစ်ခု သြစတေးလျ ပြဌာန်းမည်

    သြဂုတ် ၂၇၊ ၂၀၂၄
    M-Media

    -အလုပ်ချိန်နောက်ပိုင်း အလုပ်ရှင်က အလုပ်နဲ့ပတ်သက်တဲ့ ဆက်သွယ်ပြောဆိုမှုတွေကို လစ်လျူရှုနိုင်ရေး အာမခံချက်ပေးမယ့် ဥပဒေတစ်ခုကို သြစတေးလျက စက်တင်ဘာ ၂ ရက်နေ့မှာ စတင် အသက်သွင်းတော့မှာ ဖြစ်ပါတယ်။

    “Right To Disconnect” လို့ အမည်ပေးထားတဲ့ အဲဒီဥပဒေအရ အလုပ်ချိန်ပြင်ပ ဆက်သွယ်ခိုင်းစေမှုတွေကို မလုပ်ပေးရင် အရေးယူတတ်တဲ့ အလုပ်ရှင်တွေကို တားဆီးအရေးယူသွားမှာ ဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ စတင်ပြီး အိမ်ကနေအလုပ်လုပ်တဲ့ဓလေ့ ကမ္ဘာမှာ ပိုမိုထွန်းကားလာပြီးတဲ့နောက် အလုပ်ချိန်ပြင်ပ ၀န်ထမ်းတွေရဲ့ ကိုယ်ပိုင်အချိန်တွေမှာပါ အလုပ်ရှင်တွေက အီးမေလ်း၊ စာတိုနဲ့ ဖုန်းတွေကနေတစ်ဆင့် ဆက်သွယ် ခိုင်းစေမှု မြင့်တက်လာခဲ့တာဖြစ်ပါတယ။

    ဒီဓလေ့ကြောင့် သြစတေးလျ ၀န်ထမ်းတစ်ဦးဟာ ၂၀၂၃ ခုနှစ်အတွင်း လုပ်ခလစာမရဘဲ အချိန်ပို အနည်းဆုံး ၂၈၁ နာရီ လုပ်ပေးခဲ့ရတယ်ဆိုတာ လေ့လာဆန်းစစ်မှုတွေမှာ တွေ့ရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ယှဥ်ရင် ကန်ဒေါ်လာ ၈၈ ဘီလီယံလောက် ၀န်ထမ်းတွေဖက်က နစ်နာနေတာ ဖြစ်ပါတယ်။

    Right To Disconnect လို ဥပဒေမျိုး ပြဌာန်းထားတာ ကမ္ဘာမှာ သြစတေးလျအပြင် နောက်ထပ် အနည်းဆုံး နိုင်ငံ ၂ ဒါဇင်လောက်ရှိနေပြီး ဥရောပနဲ့ လက်တင်အမေရိက နိုင်ငံတွေ ဖြစ်ပါတယ်။

    Ref: Reuters

  • သြစတေးလျရှိ အထင်ကရနေရာတွင် မိုးကြိုးပစ်၍ လူ ၄ ဦး သေဆုံး

    သြစတေးလျရှိ အထင်ကရနေရာတွင် မိုးကြိုးပစ်၍ လူ ၄ ဦး သေဆုံး

    ဖေဖော်၀ါရီ ၁၉၊ ၂၀၂၄

    M-Media 


    -သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က နာမည်ကျော် အဆောက်အဦး Sydney Opera House နားမှာ မိုးကြိုးပစ်တဲ့အတွက် လူ ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ 

    ဆစ်ဒနီမှာ ဖေဖော်၀ါရီ ၁၉ ရက်နေ့ မနက်ပိုင်းကစလို့ မိုးသက်မုန်တိုင်းတွေ ကျရောက်နေတာပါ။ မုန်တိုင်းကြောင့် အိမ်ခြေတစ်သောင်းလောက် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ 

    မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအတွင်း ဆစ်ဒနီမှာ မိုးကြိုးပစ်ခတ်မှုပေါင်း ၇၅၀၀၀ လောက် ရှိခဲ့ပါတယ်။ 

    Sydney Opera House နားက ပန်းခြံမှာ မိုးကြိုးပစ်မှုအတွင်း အသက် ၃၆ နှစ်အရွယ် စုံတွဲနဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးတို့အပါအ၀င် ၄ ဦး သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

    ဒဏ်ရာရသူကတော့ ၄ ဦး ရှိခဲ့ပါတယ်။ 

    Ref: Reuters 

  • သြစတေးလျမှာ ငါးသန်းချီးသေဆုံးပြီး ကမ်းပေါ်လာတင်နေတာ ဘာနမိတ်လဲ

    သြစတေးလျမှာ ငါးသန်းချီးသေဆုံးပြီး ကမ်းပေါ်လာတင်နေတာ ဘာနမိတ်လဲ

    မတ် ၁၈၊ ၂၀၂၃

    M-Media


    – သြစတေးလျနိုင်ငံ နယူးဆောက်သ်၀ေးလ် ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ ငါးသန်းချီ သေဆုံးပြီး ကမ်းပေါ်လာတင်နေတာကို မနေ့က တွေ့ခဲ့ရပါတယ်။ 

    မီနင်ဒီဆိုတဲ့မြို့က ဒီအဖြစ်အပျက်ဟာ ဒါလင်ဘာကာ မြစ်မှာဖြစ်ပေါ်နေတဲ့ အပူလှိုင်းကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

    ဒီမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ပြီး အခုတစ်ကြိမ် ထပ်ကြုံရတာပါ။ ကမ္ဘာကြီးပူးနွေးလာမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလည်း ဖြစ်ပါတယ်။ 

    စက်မှုထွန်ကားတဲ့ ခေတ်ကကာလနောက်ပိုင်း ကမ္ဘာကြီးရဲ့အပူချိန်ဟာ ၁.၁ စင်တီဂရိတ် တိုးလာပြီး၊ ကာဘွန်ထုတ်လွှတ်မှုကို မလျှော့ချနိုင်ရင် ဒီထက်ဆက်ပြီး တိုးဖို့ ရှိနေပါတယ်။

    ဒါလင်ဘာကာမြစ်ဟာ သြစတေးလျက ရေအရင်းအမြစ်ကွန်ယက်တွေထဲမှာ အရေးပါပြီး မီနင်ဒီမြို့ခံတွေကလည်း ဒီမြစ်ကို အမှီပြုရပ်တည်နေရတာ ဖြစ်ပါတယ်။

    ပြည်နယ်အာဏာပိုင်တွေကတော့ ငါးတွေ အခုလို သန်းနဲ့ချီ သေဆုံးမှုရဲ့ အကြောင်းအရင်းအသေးစိတ်ကို ဗဟိုအစိုးရရဲ့ အကူအညီနဲ့ အဖြေရှာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: BBC 

  • အမေရိကန်နှင့်ပေါင်းကာ ဩစတေးလျက အသံထက်မြန်သည့်ဒုံးကျည် ထုတ်လုပ်မည်

    အမေရိကန်နှင့်ပေါင်းကာ ဩစတေးလျက အသံထက်မြန်သည့်ဒုံးကျည် ထုတ်လုပ်မည်

    ဒီဇင်ဘာ ၂၊ ၂၀၂၀
    M-Media

    -အမေရိကန်နဲ့ ပူးပေါင်းပြီး အသံထက်မြန်တဲ့ ဒုံးကျည်တွေ ဖန်တီးထုတ်လုပ်သွားမယ်လို့ ဩစတေးလျ ကာကွယ်ရေးဝန်ကြီးက မနေ့မှာ ပြောကြားလိုက်ပြီး ဒါဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွား ခြိမ်းခြောက်ခံရမှုကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ တရုတ်နဲ့ ရုရှားတို့က အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ဖန်တီးထုတ်လုပ်နေတာ ဖြစ်ပါတယ်။

    ဩစတေးလျက အခုထုတ်လုပ်မယ့် ဒုံးကျည်ဟာ အသံထက် ၅ ဆ မြန်မှာဖြစ်ပြီး ခြေရာခံဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဩစတေးလျ ကာကွယ်ရေးဝန်ကြီး လင်ဒါရေနိုးလ်ဒ်က ဒီစီမံကိန်းဟာ မိမိတို့ရဲ့ ကာကွယ်ရေးစွမ်းအားကို ရုတ်ချည်းပြောင်းလဲစေမယ့် စီမံကိန်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ စီမံကိန်းအတွက် ဘယ်လောက်ကုန်ကျမယ်ဆိုတာနဲ့ ဘယ်တော့ အသုံးပြုနိုင်မယ်ဆိုတာကိုတော့ ဝန်ကြီးက ပြောကြားခဲ့ခြင်း မရှိပါဘူး။

    အမေရိကန် ခေတ္တကာကွယ်ရေးဝန်ကြီး မီခေးလ် ကရတ်စီယို့စ်က စီမံကိန်းဟာ အနာဂတ် အသံထက်မြန်တဲ့ နည်းပညာ သုတေသနအတွက် အရေးပါပြီး၊ အမေရိကန်နဲ့ မဟာမိတ်တွေကို ဒီနယ်ပယ်မှာ ဦးဆောင်သူတွေ ဖြစ်လာစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဩစတေးလျဟာ လတ်တလောမှာ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်နေတာပါ။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စဖြစ်ခဲ့တဲ့ ကိုဗစ်ကပ်ရောကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းက စုံစမ်းစစ်ဆေးဖို့ ဩစတေးလျက တိုက်တွန်းခဲ့ပြီးတဲ့နောက် တရုတ်ဟာ ဩစတေးလျထုတ်ကုန်တွေအပေါ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။

    ဩစတေးလျ စစ်သားတစ်ယောက်ဟာ အာဖဂန်ကလေးငယ်ရဲ့ လယ်ပင်းမှာ ဓားတင်ထားတဲ့ပုံစံ ဖန်တီးထားတဲ့ ပုံတုတစ်ပုံကို တရုတ်အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပြီးတဲ့နောက် တရုတ်နဲ့ ဩစတေးလျတို့အကြား တင်းမာမှုဟာ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

    ကာကွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူတွေက တရုတ်ဟာ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ချထားပြီးပြီ ဒါမှမဟုတ် ချထားဖို့ နီးစပ်နေပြီလို့ သုံးသပ်ထားပါတယ်။

    Ref: Aljazeera

  • မိမိတို့ အထူးတပ်ဖွဲ့ဝင်များ အာဖဂန်တွင် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟု ဩစတေးလျ ထုတ်ပြန်

    မိမိတို့ အထူးတပ်ဖွဲ့ဝင်များ အာဖဂန်တွင် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟု ဩစတေးလျ ထုတ်ပြန်

    နိုဝင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံမှာ မိမိတို့အထူးတပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေအပေါ် တရားလက်လွတ် သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ ဩစတေးလျနိုင်ငံက မနေ့မှာ တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    အာဖဂန်မှာ တာဝန်ထမ်းဆောင်တဲ့ ဩစတေးလျ တပ်ဖွဲ့ဝင်တွေဟာ ကလေးငယ်တွေနဲ့ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေ ရှိခဲ့ပြီး ဒါဟာ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်လို့ရနိုင်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာ ဩစတေးလျအစိုးရက စုံစမ်းစစ်ဆေးမှုတွေ စတင် ပြုလုပ်ခဲ့တာပါ။

    ဩစတေးလျ ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် အန်ဂက်စ် ကမ်းဘဲလ်က အထူးတပ်ဖွဲ့ဝင်တွေဟာ အကျဉ်းသားတွေ၊ လယ်သမားတွေနဲ့ အခြား အရပ်သားတွေကို ​သတ်ဖြတ်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုမှာတွေရှိခဲ့ရကြောင်း၊ ဒီမှားယွင်းမှုအတွက် အာဖဂန်ပြည်သူတွေကို အနူးအညွတ်တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ လေကြောင်းအထူးတပ်ရင်းက အများစုအပါအဝင် အထူးတပ်ဖွဲ့ဝင် ၂၅ ဦးက အာဖဂန်ပြည်သူ ၃၉ ယောက်ကို တရားလက်လွတ် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက် ၂၃ ခုအကြောင်းကို ဖော်ပြထားပါတယ်။ ဒီအဖြစ်အပျက်တွေအတွက် ခိုင်မာတဲ့ သက်သေအထောက်အထား အချက်အလက်တွေကို ရရှိခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    “တွေ့ရှိချက်တွေအရဆိုရင် စစ်သည်တော်ကျင့်ဝတ်နဲ့ စောင့်ထိန်းရမယ့် တန်ဖိုးတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှု ဖြစ်ပါတယ်။ အရပ်သားတွေနဲ့ အကျဉ်းသားတွေကို တရားလက်လွတ်သတ်ဖြတ်မှုတွေကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး”

    ကျူးလွန်ထားသူအချို့ဟာ အခုအချိန်အထိ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေပြီး၊ တပ်ကနေ ထွက်သွားသူတွေလည်း ရှိပါတယ်။ စုစုပေါင်း တပ်ဖွဲ့ဝင် ၁၉ ဦးပါဝင်ခဲ့တဲ့ အဖြစ်အပျက် ၂၃ ခုကို ရာဇဝတ်မှုအဖြစ် ဆက်လက်စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို လွှဲပြောင်းခဲ့ပါတယ်။

    ဩစတေးလျကာကွယ်ရေးတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ဂျိမ်းစ် ဂေနော်ရက်လည်း ကျူးလွန်မှုတွေရဲ့ သဘောသဘာဝနဲ့ ပြင်းထန်မှုတွေဟာ လက်ခံဖို့ခက်တဲ့အထိ ဖြစ်ခဲ့ကြောင်း၊ ဩစတေးလျတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ထိန်းချုပ်မှုအောက်ရှိတဲ့ အာဖဂန်ပြည်သူတွေကို ရက်ရက်စက်စက် ဆက်ဆံခဲ့တယ်ဆိုတဲ့ နောက်ထပ်စွပ်စွဲမှုတွေလည်း ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးမှုအတွင်း မျက်မြင်သက်သေ ၄၂၃ ဦးကို စစ်ဆေးခဲ့ပြီး၊ စာရွက်စာတမ်း ၂ သောင်းကျော်၊ ဓာတ်ပုံ ၂၅၀၀၀ ကျော်ကို ကြည့်ရှုသုံးသပ်ခဲ့တယ်လို့ နယူးဆောက်ဝေးလ်ပြည်နယ် တရားရုံးချုပ် တရားသူကြီး ပေါလ် ဘရီရီတန်က ပြောကြားခဲ့ပါတယ်။

    အစီရင်ခံစာအပြည်စုံဟာ စာမျက်နှာ ၅၃၁ မျက်နှာရှိပြီး လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ၊ ရှေ့ဆက်ဆောင်ရွက်ရမယ့် ​ရာဇဝတ်မှုဆိုင်ရာ ကိစ္စတွေမှာ သက်ရောက်နိုင်မယ့် အချက်အလက်တွေကို တည်းဖြတ်ကာ မနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera