News @ M-Media

Tag: Australia

  • ပိုက်ဆံတွင် ၂၈ ရက်အထိ  ကိုဗစ်ပိုးရှင်သန်နိုင်ကြောင်း သုတေသနတစ်ခုတွင် တွေ့ရှိ

    ပိုက်ဆံတွင် ၂၈ ရက်အထိ ကိုဗစ်ပိုးရှင်သန်နိုင်ကြောင်း သုတေသနတစ်ခုတွင် တွေ့ရှိ

    အောက်တိုဘာ ၁၂၊ ၂၀၂၀
    M-Media

    -Covid-19 ဗိုင်းရပ်စ်ဟာ ပိုက်ဆံနဲ့ ဖုန်းတို့လို မျက်နှာပြင်ပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်တယ်လို့ ဩစတေးလျ သုတေသနအဖွဲ့က ပြောကြားလိုက်​ပြီး ဒါဟာ အရင်ကသိထားတဲ့ ရှင်သန်နိုင်ချိန်ထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ဟာ ချောင်းဆိုတာ၊ နှာချေတာ၊ စကားပြောဆိုတာတွေက ထွက်လာတဲ့ အရည်စက်၊ အမှုန်စက်လေးတွေကို ထိတွေ့ရာကနေ ကူးစက်နိုင်ပြီး၊ လေထဲကနေတစ်ဆင့်ပါ ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားတစ်ချို့လည်း ရှိပါတယ်။

    အရင်ကလေ့လာမှုအရ ကိုဗစ်ပိုးဟာ မှန်၊ ငွေစက္ကူ၊ ပလက်စတစ်နဲ့ စတီးမျက်နှာပြင်ပေါ်မှာ ၂ ရက်နေ ၃ ရက်အထိသာ ရှင်သန်နိုင်တယ်လို့ သိထားတာပါ။

    ဩစတေးလျသုတေသနအေဂျင်စီ CSRIO က အခန်းအပူချိန်နဲ့ အမှောင်ထဲမှာ ထပ်မံလေ့လာခဲ့ရာမှာ ကိုဗစ်ပိုးဟာ ပြောင်ချောတဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ သာမန်တုပ်ကွေးပိုးကတော့ ၁၇ ရက်အထိသာ အသက်ရှင်နိုင်ပါတယ်။

    ပူပြင်းတဲ့အခြေအနေအောက်မှာ ပိုးမြန်မြန်သေတတ်ပြီး ပိတ်စလို မျက်နှာပြင်မျိုးမှာတော့ ၁၄ ရက်ထပ်ကျော်ရင် ကူးစက်နိုင်ခြေ မရှိဘူးဆိုလို့လည်း သုတေသနပညာရှင်တွေက ဆိုပါတယ်။

    CSRIO ရဲ့ အခုထုတ်ပြန်ချက်ကို ဆေးပညာရှင်တစ်ချို့က ဝေဖန်နေကြပါတယ်။

    အင်္ဂလန်နိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်က ပရော်ဖက်ဆာ ရွန်အက္ကလက်စ်က ဒီထုတ်ပြန်ချက်ဟာ လူထုကြားထဲမှာ ထိတ်လန့်မှုကိုသာ ဖြစ်ပေါ်စေပြီး၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်စက်တွေမှာ ပါလာတဲ့ ဗိုင်းရပ်စ်ဟာ ပြင်ပမှာ နာရီပိုင်းလောက်သာ ရှင်သန်နိုင်တယ်လို့ မိမိယူဆကြောင်း ပြောကြားခဲ့ပါတယ်။

    စတီးမျက်နှာပြင်ပေါ်မှာ ကိုဗစ်ဗိုင်းရပ်စ် အချိန်တော်တော်ကြာ ရှင်သန်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ဟာ အသားထုတ်စက်ရုံတွေက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ကိုဗစ်ကူးစက်မှု အကြောင်းအရင်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ CSRIO ရဲ့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • တီဘီကာကွယ်ဆေးကို COVID-19 ကုသရာတွင် စမ်းသပ်အသုံးပြုမည်

    တီဘီကာကွယ်ဆေးကို COVID-19 ကုသရာတွင် စမ်းသပ်အသုံးပြုမည်

    မတ် ၃၁၊ ၂၀၂၀
    M-Media

    -တီဘီရောဂါ ကာကွယ်ဆေး Bacillus Calmette-Guerin (BCG) ကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အလားအလာရှိတဲ့ဆေးအဖြစ် သတ်မှတ်ကာ ဩစတေးလျသိပ္ပံပညာရှင်တွေက ဧပြီလ ၆ ရက်နေ့မှာ စတင် စမ်းသပ်တော့မှာ ဖြစ်ပါတယ်။

    “ဘယ်ဆေးကကောင်းတယ်၊ ဘယ်ဆေးကတော့ဖြင့် ဆိုးတယ်ဆိုတာကို ၃ လလောက်အတွင်း သိရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဆေးစမ်းသပ်မှုပိုင်းမှာ ​တော်တော်မြန်မြန်ဆန်ဆန်ကို ဆောင်ရွက်နေတာပါ” လို့ ဩစတေးလျအမျိုးသားတက္ကသိုလ် မျိုးရိုးဗီဇပညာရှင် ဂေတန် ဘာရ်ဂီယိုက ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း လူ ၇ သိန်းကျော်ကူးစက်နေပြီး၊ ၄ သောင်းနီးပါး သေဆုံးလာတဲ့ COVID-19 ကုသဆေးနဲ့ ကာကွယ်ဆေး ရရှိဖို့အတွက် နိုင်ငံတကာသိပ္ပံပညာရှင်တွေဟာ အရင်တုန်းကထက်ပိုတဲ့ ကြိုးစားအားထုတ်မှုတွေ လုပ်ဆောင်နေပြီး၊ ဇွန်လနှောင်းပိုင်းလောက်ရောက်ရင် အဆင်သင့်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

    ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့က သုသေသနပညာရှင်တွေကတော့ လာမယ့်တစ်ပတ်ကနေစပြီး BCG ​ဆေးကို ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၄၀၀၀ လောက်မှာ စတင်စမ်းသပ်မှာဖြစ်ပါတယ်။ စမ်းသပ်မှုမှာပါဝင်သူတွေဟာ BCG ဆေး၊ ဒါမှမဟုတ် တုပ်ကွေးပျောက်ဆေး၊ ဒါမှမဟုတ် ဆေးခုစလုံးပေါင်းစပ်ထားတာတွေ တစ်ခုခု ထိုးခံရမှာဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားပြောင်းအလဲကို သု​တေသနပညာရှင်တွေက စောင့်ကြည့်မှာဖြစ်ပါတယ်။

    “အလုပ်ဖြစ်မယ်လို့ထင်လို့ ဒါကို ကျွန်တော်တို့ စမ်းသပ်တာပါ။ စမ်းသပ်မှုမှာ ဘာဖြစ်လာမလဲဆိုတာကိုပဲ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်” လို့ ပရော်ဖက်ဆာ ​နီဂဲလ် ကာတစ်က ပြောကြားခဲ့ပါတယ်။

    ဒီကထွက်လာတဲ့ရလဒ်ကိုကြည့်ပြီး COVID-19 ရောဂါ ကူးစက်နေသူတွေမှာ ထပ်မံစမ်းသပ်မှာ ဖြစ်ပါတယ်။ ဒါပေ့မယ့် ရလဒ်ဟာ စက်တင်ဘာလောက်မှ သိရဖို့ ရှိပါတယ်။

    တီဘီရောဂါ ​တိုက်ဖျက်ဖို့အတွက် ထုတ်လုပ်ထားတဲ့ BCG ဆေးကို ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းက ကျောင်းသားကျောင်းသူပေါင်း သန်း ၁၃၀ လောက်ကို ထိုးနှံထားပြီး ဖြစ်ပါတယ်။ ဆေးဟာ ကလေးငယ်တွေရဲ့ ကိုယ်ခံစွမ်းအားကို ပိုမိုအားကောင်းစေပြီး၊ တိုက်ခိုက်စွမ်းအားမြင့်တဲ့ ရောဂါပိုးတွေကို ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    အီဘိုလာကုသရာမှာ အသုံးပြုတဲ့ remdesivir ဆေး၊ ကလိုရိုကွင်း၊ AIDS နဲ့ ငှက်ဖျားတိုက်ဖျက်ဆေးတွေကို ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးပညာရှင်တွေက COVID-19 ကုသရာမှာ အသုံးပြုနေကြပါတယ်။

    Ref: Asia Times

  • ကမ္ဘာ့အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းတွေက ဘာတွေလဲ

    ကမ္ဘာ့အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းတွေက ဘာတွေလဲ

    ဇန်နဝါရီ ၁၅၊ ၂၀၂၀
    M-Media

    -ကမ္ဘာပေါ်က အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၁၀ ခုကို AirlineRatings.com က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ရာမှာ ဩစတေးလျ နိုင်ငံပိုင်လေကြောင်းလိုင်း Qantas က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

    AirlineRatings.com ဟာ ကမ္ဘာတစ်ဝှမ်းက ‌လေကြောင်းလိုင်းပေါင်း ၄၀၅ ခုလောက်ကို စောင့်ကြည့်နေတာဖြစ်ပြီး အန္တရာယ်အကင်းဆုံးလို့ ယူဆရတဲ့ လေကြောင်းလိုင်းတွေစာရင်းကို နှစ်စဉ် ထုတ်ပြန်လေ့ ရှိပါတယ်။

    Qantas လေကြောင်းလိုင်းဟာ ၂၀၁၄ ခုနှစ် ၂၀၁၇ ခုနှစ်အထိ အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ လေကြောင်းလိုင်းပေါင်း ၂၀ လောက် အန္တရာယ်အကင်းဆုံးအဖြစ် ပူးတွဲရပ်တည်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်မှာ Qantas လေကြောင်းလိုင်းက အဆင့် ၁၊ နယူးဇီလန်ရဲ့ Air New Zealand လေ‌ကြောင်းလိုင်းက အဆင့် ၂၊ ထိုင်ဝမ်ရဲ့ EVA Air လေကြောင်းလိုင်းက အဆင့် ၃၊ ယူအေအီးအခြေစိုက် Etihad Airways လေကြောင်းလိုင်းက အဆင့် ၄၊ ကာတာရဲ့ Qatar Airways လေကြောင်းလိုင်းက အဆင့် ၅ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

    အရပ်ဖက်လေကြောင်းအဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ သုံးသပ်မှုတွေ၊ မတော်တဆဖြစ်မှု မှတ်တမ်း၊ လေယာဉ်တွေရဲ့ သက်တမ်း၊ ဘဏ္ဍာရေးအခြေအနေ၊ လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးမှုတွေကို သုံးသပ်ကာ ဒီစာရင်းကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ထိပ်တန်းနေရာမှာ ရှိခဲ့တဲ့ British Airways၊ ANA, American Airlines နဲ့ United လေကြောင်းလိုင်းတွေကတော့ အခုနှစ် အန္တရာယ်အကင်းဆုံးစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

    ကမ္ဘာ့ အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၁၄ ခု

    Ref: CNN

  • ဩတေးလျအရှေ့ကမ်းရိုးတန်းတောမီး ထိန်းချုပ်မရသည့်အခြေအနေ ဖြစ်လာ

    ဩတေးလျအရှေ့ကမ်းရိုးတန်းတောမီး ထိန်းချုပ်မရသည့်အခြေအနေ ဖြစ်လာ

    ဇန်နဝါရီ ၄၊ ၂၀၁၉
    M-Media

    -အပူချိန်မြင့်တက်လာတာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဩစတေးလျနိုင်ငံ အရှေ့ကမ်းရိုးတန်းမှာ တောမီးလောင်မှုဟာ ထိန်းချုပ်လို့မရဘဲ အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်ရှိလာတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    စနေနေ့ညနေပိုင်းအထိ ဗစ်တိုးရီးယားပြည်နယ်က မီးလောင်မှု ၁၄ ခု၊ နယူးဆောက်သ်ဝေးလ်ပြည်နယ်က ၁၁ ခုတို့ကို အရေးပေါ်အခြေအနေ၊ ဘေးလွတ်ရာရွှေ့ပြောင်းရမယ့် အခြေအနေမအဖြစ် အသတ်မှတ်ထားရပါတယ်။ နိုင်ငံအရှေ့ပိုင်းက ပြည်နယ်တွေမှာ မီးလောင်မှု ၁၅၀ ကျော် ထပ်မံဖြစ်ပွားခဲ့ပါတယ်။

    ဩစတေးလျ နိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ‌တောမီး စတင်လောင်ကျွမ်းတာဖြစ်ပြီး သေဆုံးသူ ၂၃ ဦးရှိကာ သိန်းနဲ့ချီတဲ့လူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ သေဆုံးမှုနဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့ရမှုရဲ့ ထက်ဝက်လောက်ဟာ အခုတ်တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာပါ။

    တောမီးလောင်မှုဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကထက် ပိုမိုဆိုးဝါးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ အာဏာပိုင်တွေမှာ ရှိလာပါတယ်။

    နယူးဆောက်သ်ဝေးလ်ပြည်နယ် အာဏာပိုင်တွေက မီးလောင်နေတဲ့ တစ်ချို့ဒေသတွေမှာ ဘေးလွတ်ရာရွှေ့ပြောင်းရမယ့်အချိန်ဟာ နောက်ကျနေပြီလို့ ပြည်သူတွေကို သတိပေးခဲ့ပါတယ်။

    မီးသတ်သမားတွေကို ကူညီဖို့အတွက် ဗဟိုအစိုးရဟာ စစ်ဖက်အရန်တပ်တွေကို ဆင့်ခေါ်ခဲ့သလို၊ ‌ရေတပ်က ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး စစ်သင်္ဘော ‌၃ စီးအထိ အသုံးပြုလာပါတယ်။

    Ref: Reuters

  • ဩစတေးလျတောမီးလောင်မှု အန္တရာယ်ကြီးလာ

    ဩစတေးလျတောမီးလောင်မှု အန္တရာယ်ကြီးလာ

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -ဩစတေးလျ အရှေ့တောင်ပိုင်းမှာ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ တောမီးလောင်ကျွမ်းမှုဟာ အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်ရှိလာတာကြောင့် အာဏာပိုင်တွေက ထောင်နဲ့ချီတဲ့ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေးခဲ့ပါတယ်။

    နွေရာသီရောက်တိုင်း ဩစတေးလျမှာ တောမီးလောင်ကျွမ်းမှု ပုံမှန်ဖြစ်လေ့ရှိပေမယ့် အခုနှစ်မှာတော့ အရင်နှစ်တွေကထက်စောပြီး တောမီးလောင်မှုတွေ ဖြစ်ပေါ်လာတာပါ။ ဗစ်တိုးရီးယား၊ နယူးဆောက်သ်ဝေးလ်စ်နဲ့ ဆောက်ဩစတေးလျတွေအပါအဝင် ပြည်နယ်တော်တော်များများမှာ လက်ရှိ တောမီးလောင်မှုကို ခံစားနေရပြီး အပူချိန်မြင့်တက်မှုနဲ့ လေတိုက်နှုန်းပြင်းထန်မှုကြောင့် မီးသတ်သမားတွေဟာ မီးညှိမ်းသက်ရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။

    ဗစ်တိုးရီးယားပြည်နယ်က နာမည်ကျော် East Gippsland ဒေသမှာ လူပေါင်း ၃ သောင်းကျော်လောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့အတွက် အာဏာပိုင်တွေက တိုက်တွန်းထားသလို၊ လာရောက်လည်ပတ်သူအားလုံးကို အကူအညီမပေးနိုင်ဘူးလို့ သတိပေးထားပါတယ်။

    ဆောက်သ်ဩစတေးလျပြည်နယ်မှာလည်း အပူချိန်ဟာ ၄၀ ဒီဂရီဆဲလ်စီးယက်စ်အထိရှိနေပြီး အာဏာပိုင်တွေက ပြည်သူတွေအတွက် အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

    အခုနှစ်နွေရာသီအတွင်း ဩစတေးလျမှာ တောမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀ ဦးရှိလာပြီး နေအိမ်ပေါင်း တစ်ထောင်ကျော်၊ မြေဧက ဧက ၇.၄ သန်းကျော် မီးလောင်ပျက်ဆီးခဲ့ပါတယ်။ မီးလောင်မှုကထွက်လာတဲ့ မီးခိုးတွေရဲ့ အန္တရာယ်ကြောင့် ကလေးငယ်တွေ နေအိမ်ထဲမှာပဲကစားဖို့ မြို့တော်တော်များများမှာ သတိပေးချက် ထုတ်ပြန်ထားသလို အားကစားပြိုင်ပွဲတွေကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Aljazeera