News @ M-Media

Tag: Australia

  • မဲလ်ဘုန်းမြို့ရှိ တရုတ်သူဖုန်းစားဂိုဏ်းကို သြဇီအာဏာပိုင်များ ဖြိုခွင်း

    မဲလ်ဘုန်းမြို့ရှိ တရုတ်သူဖုန်းစားဂိုဏ်းကို သြဇီအာဏာပိုင်များ ဖြိုခွင်း

    ဇူလိုင် ၅၊ ၂၀၁၉
    M-Media

    မဲလ်ဘုန်းမြို့လယ်ကောင်မှ သူဖုန်းစားတစ်ဦး

    -ငွေကြေးတောင်းရမ်းခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် လုပ်ဆောင်နေတဲ့ ဂိုဏ်းတစ်ခုကို နှိမ်နှင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သြစတေးလျ အာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အသက် ၆၅ နှစ်ကနေ ၇၂ အကြား ရှိကြတဲ့ အဲဒီ လူ ၇ ဦးဟာ အလည်အပတ် ဗီဇာနဲ့ သြစတေးလျနိုင်ငံထဲကို ၀င်ရောက်လာတာဖြစ်ပြီး မဲလ်ဘုန်းမြို့လယ်ကောင်မှာ ငွေကြေးတောင်းရမ်းတဲ့အလုပ် လုပ်နေကြတာ ဖြစ်ပါတယ်။ အိမ်ခြေမဲ့လို့ပြောပေမယ့် သူတို့တွေမှာ နေထိုင်စရာအိမ်တွေ ရှိတယ်လို့ မဲလ်ဘုန်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    “မဲလ်ဘုန်း မြို့သူမြို့သားတွေရဲ့ သနားကြင်နာမှုကနေ ငွေရှာဖို့ သူတို့ တိုင်းပြည်ထဲ ရောက်လာကြတာပါ။ ကျွန်တော်တို့ ရက်ရောပေမယ့် ဒီလိုလုပ်ရပ်မျိုးကိုတော့ သည်းမခံပါဘူး” လို့ မဲလ်ဘုန်းမြို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျွန် တရာဗဂ်လီနီက ပြောကြားခဲ့ပါတယ်။

    ဖမ်းဆီးမှုအတွင်း ငွေသား သြဇီဒေါ်လာ ၁၀၀၀ (ကန်ဒေါ်လာ ၇၀၀)၊ သြဇီဒေါ်လာကို တရုတ်ငွေလဲထားတဲ့ ဖြတ်ပိုင်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ သြစတေးလျနိုင်ငံရဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ပရော်ဖက်ရှင်နယ် ငွေကြေးတောင်းရမ်းမှုဟာ ရာဇ၀တ်မှုမြောက်ပါတယ်။ ဖမ်းဆီးမှုတွေကို ရဲတပ်ဖွဲ့နဲ့ ကယ်တင်ခြင်းတပ် Salvation Army တို့ ပူးပေါင်းကာ တနင်္လာ၊ အင်္ဂါနေ့တွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ငွေကြေးတောင်းရမ်းသူတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့လက အွန်လိုင်းမှာ
    ပြန့်နှံ့သွားပြီးတဲ့နောက် မဲလ်ဘုန်းမြို့မှာ ပရော်ဖက်ရှင်နယ် သူဖုန်းစားဂိုဏ်းတွေ ရှိနေမှုကို လူတွေက အာရုံစိုက်လာကြပြီး နောက်ပိုင်းမှာ ဖမ်းဆီးတဲ့အထိ ဖြစ်လာတာ ဖြစ်ပါတယ်။

    ကယ်တင်ခြင်းတပ်က ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ပရော်ဖက်ရှင်နယ် သူဖုန်းစားတစ်ယောက်ဟာ ပျမ်းမျှ တစ်နေ့ကို သြဇီဒေါ်လာ ၄၀၀ လောက် ၀င်ငွေရှိပြီး ဒါဟာ သာမန်အလုပ်သမားတစ်ယောက်ရဲ့ ၆ ရက်လုပ်ခနဲ့ ညီမျှပါတယ်။

    Ref: CNA

  • ကလေးများအပေါ် လိင်စော်ကားမှုဖြင့် ဗာတီကန်မှ ထိပ်တန်း ခရစ်ယာန်ဘုန်းကြီး ထောင် ၆ နှစ်ကျ 

    ကလေးများအပေါ် လိင်စော်ကားမှုဖြင့် ဗာတီကန်မှ ထိပ်တန်း ခရစ်ယာန်ဘုန်းကြီး ထောင် ၆ နှစ်ကျ 

    မတ် ၁၃၊ ၂၀၁၉
    M-Media

    သြစတေးလျ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်

    – တစ်ချိန်က ဗာတီကန်ရဲ့ ဘဏ္ဍာရေးအကြီးအကဲနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အကြံပေး ဖြစ်ခဲ့တဲ့ သြစတေးလျ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်ဟာ ကက်သလစ်ဘုရားကျောင်းမှာ ကျူးလွန်ခဲ့တဲ့ ကလေးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ဒီကနေ့မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။

    အသက် ၇၇ နှစ်အရွယ်ရှိတဲ့ ပဲလ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရားစွဲခံရတာဖြစ်ပြီး ၁၉၉၆ ခုနှစ်က မဲလ်ဘုန်းမြို့ ခရစ်ယာန်ကက်သလစ်ဘုရားကျောင်း St Patrick မှာ အရွယ်မရောက်သေးတဲ့ ယောက်ျားလေး ၂ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက် ၅ ခုအတွက် အပြစ်ရှိကြောင်း တွေ့ခဲ့ရတယ်လို့ ဂျူရီအဖွဲ့က
    ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဂျူရီအဖွဲ့အကြီးအကဲ တရားသူကြီး ပီတာကစ်က ပဲလ်ရဲ့လုပ်ရပ်ဟာ ကျူးလွန်ခံရတဲ့ ယောက်ျားလေးနှစ်ဦးရဲ့ ဘ၀အပေါ် သိသိသာသာ ရိုက်ခတ်မှုရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအထဲက တစ်ဦးဟာ မူးယစ်ဆေးစွဲပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

    ပဲလ်ဟာ ထောင်ဒဏ် အမြင့်ဆုံး နှစ် ၅၀ အထိ ချမှတ်နိုင်တဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

    ခရစ်ယာန်ကက်သလစ် သာသနာပိုင်အဖွဲ့ရဲ့ တတိယအမြင့်ဆုံးတာဝန်ကို ထမ်းဆောင်ခဲ့သူ ပဲလ်ဟာ ကက်သလစ်ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ပြဿနာမှာ အရေးယူခံရတဲ့ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ပဲလ်ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ပြီးခဲ့တဲ့သြဂုတ်လမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့ကို ဗာတီကန် ဘဏ္ဍာစိုးရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

    ပဲလ်ဟာ ခရစ်ယာန်ကက်သလစ် သာသနာရဲ့ အဓိကရပ်တည်ချက်တွေဖြစ်တဲ့ လိင်တူလက်ထပ်မှု ဆန့်ကျင်ရေး၊ အမျိုးသမီးများ ရဟန်းဘ၀ခံယူမှု ဆန့်ကျင်ရေးတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    ကျူးလွန်ခံရသူများ ဖွင့်ဟ

    “ကမ္ဘာတစ်ဝှမ်းမှာ ကလေးငယ်တွေအပေါ် ကျူးလွန်မှု စွဲချက်တွေနဲ့ တရားစွဲခံထားရတဲ့ ခရစ်ယာန်ဘုန်းကြီးပေါင်း ၇ ထောင်လောက် ရှိပါတယ်။ ဒီပြဿနာရဲ့ နောက်ဆက်တွဲအကျိုးတွေကို ဒီလူတွေ ခံစားဖို့အချိန် ကျပြီလို့ ကျွန်တော်ထင်ပါတယ်” လို့ တစ်ချိန်က ဒီလိုကိစ္စမျိုး ကျူးလွန်ခံခဲ့ရသူ ဂျွန်လောရင့်စ်က ပြောကြားခဲ့ပါတယ်။ သူဟာ ပဲလ်ကို အမိန့်ချမယ့် တရားရုံးမှာ လာရောက် ဆန္ဒပြသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

    ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရသူတွေအများစုနဲ့ ဖွဲ့စည်းထားတဲ့ Care Leavers Australiasia Network အဖွဲ့က ပဲလ်ရဲ့ပြစ်ဒဏ်ဟာ မလုံလောက်ပေမယ့်၊ သူ အကျဉ်းထောင်ကိုသွားရမှာကို ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်ကက်သလစ်သာသနာအတွင်း ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုနဲ့ပတ်သက်လို့ သြစတေးလျအစိုးရက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးရာမှာ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း သြစတေးလျက ကက်သလစ်ဘုန်းကြီးတွေရဲ့ ၇ ရာခိုင်နှုန်းလောက်ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုပေါင်းမြောက်များစွာ လုပ်ဆောင်ခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပြီး မိန်းကလေးတွေဆိုရင် အသက် ၁၁ နှစ်၊ ယောက်ျားလေးတွေဆိုရင် အသက် ၁၂ လောက်အထိ ငယ်ရွယ်သူတွေပါ ကျူးလွန်ခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝှမ်းက ကက်သလစ် ကာဒီနယ်တွေကို ဖိတ်ခေါ်ကာ ဖေဖော်ဝါရီလက ဗာတီကန်မှာ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အမြစ်ပြတ် ဖြေရှင်းသွားမယ်လို့ ပုပ်ရဟန်းမင်းကြီးက ကတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • Boeing 737 Max 8 လေယာဉ် ပျံသန်းမှုပိတ်သည့် နိုင်ငံပေါင်း ၄၀ ကျော်လာ

    Boeing 737 Max 8 လေယာဉ် ပျံသန်းမှုပိတ်သည့် နိုင်ငံပေါင်း ၄၀ ကျော်လာ

    မတ် ၁၃၊ ၂၀၁၉
    M-Media

    Boeing 737 Max 8 လောယာဉ်

    – တနင်္ဂနွေနေ့က အီသီယိုးပီးယားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ Boeing 737 Max 8 အမျိုးအစားလေယာဉ်ကို ပိတ်ပင်တဲ့နိုင်ငံဟာ လက်ရှိအချိန်မှာ ၄၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    Ethiopian လေကြောင်းလိုင်းက အဲဒီလေယာဉ်ဟာ ကင်ညာကနေ အီသီယိုးပီးယားကိုအသွား ပျံတက်ပြီး ၆ မိနစ်အကြာမှာ ပျက်ကျသွားခဲပြီး လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၅၇ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။ ဒါဟာ ၅ လအတွင်း Boeing 737 Max အမျိုးအစားလေယာဉ် ဒုတိယမြောက် ပျက်ကျမှုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က အမျိုးအစားတူ လေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးပါတယ်။

    အီသီယိုးပီးယားကလေယာဉ် ပျက်ကျပြီးတဲ့နောက် Boeing 737 Max လေယာဉ်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုတွေအပေါ် သံသယတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့နိုင်ငံတွေက ဒီလေယာဉ် အသုံးပြုမှုကို ရပ်ဆိုင်းတာတွေ ပြုလုပ်လာပါတယ်။

    ဥရောပသမဂ္ဂက သူတို့အနေနဲ့ Boeing 737 Max လေယာဉ်ပျံသန်းမှုကို ရပ်ဆိုင်းထားမယ်လို့ မနေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေငြာချက်ထွက်မလာခင်ကတည်းက သြစတြီးယား၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ အိုက်စလက်၊ အိုင်ယာလန်၊ ယူကေ၊ နယ်သာလန်တို့လို အဖွဲ့ဝင်နိုင်ငံတွေ၊ သြစတေးလျ၊ မလေးရှား၊ စင်ကာပူ၊ အိုမန်၊ တူရကီနိုင်ငံတို့က သူတို့နိုင်ငံ အခြေစိုက် လေကြောင်းလိုင်းတွေမှာ ဒီလေယာဉ် မပျံသန်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

    တစ်ချို့နိုင်ငံတွေက Max 8 အမျိုးအစားကိုသာ ပျံသန်းခွင့်ပိတ်ပေမယ့်၊ နိုင်ငံတစ်ချို့က 737 Max မော်ဒယ်အောက်က အမျိုးအစား အားလုံးကို ပျံသန်းခွင့် ပိတ်ထားပါတယ်။

    Boeing 737 Max လေယာဉ်ပျံသန်းမှု ရပ်ဆိုင်းတဲ့ နိုင်ငံတွေထဲမှာ တရုတ်က အစောဆုံးဖြစ်ပြီး အီသီယိုးပီးယားအဖြစ်အပျက် ဖြစ်ပွားပြီး နောက်တစ်ရက်အကြာမှာပဲ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ Boeing 737 Max 8 လေယာဉ်တွေကို အများဆုံးအသုံးပြုတဲ့နိုင်ငံတွေထဲမှာ တရုတ်လည်းပါဝင်ပြီး ၉၇ စင်း ရှိနေပါတယ်။

    နိုင်ငံကြီးတွေထဲမှာ ကနေဒါနဲ့ အမေရိကန်တို့ကသာ Boeing 737 Max လေယာဉ်တွေကို ဆက်လက်အသုံးပြုနေတာ ဖြစ်ပါတယ်။

    အီသီယိုးပီးယားနဲ့ အင်ဒိုနီးရှားက Boeing 737 Max 8 လေယာဉ် ပျက်ကျမှုတွေဟာ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားမျိုး မရှိပေမယ့် လေယာဉ်အမျိုးအစားတူညီမှု၊ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျမှု စတဲ့ တူညီနေတဲ့ အချက်တွေကြောင့် စိုးရိမ်မှုတွေ ရှိလာခဲ့ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို ပျံသန်းခွင့် ယာယီရပ်ဆိုင်းရတာ ဖြစ်ပါတယ်။

    အမေရိကန်အာဏာပိုင်တွေကတော့ Boeing 737 Max 8 လေယာဉ်တွေကို ပြန်လည်စစ်ဆေးဖို့ ဘိုးအင်းကုမ္ပဏီကို အမိန့်ပေးထားပါတယ်။

    လက်ရှိ Boeing 737 Max 8 လေယာဉ်ကို ပျံသန်းမှု ပိတ်ပင်ထားတဲ့ နိုင်ငံတွေထဲက တစ်ချို့ကတော့ သြစတေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိုက်စလန်၊ အိုင်ယာလန်၊ အီတလီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဇီလန်၊ နယ်သာလန်၊ အိုမန်၊ ပိုလန်၊ စင်ကာပူ၊ တူရကီ၊ ယူအေအီးနဲ့ ယူကေတို့ ဖြစ်ပါတယ်။

    Ref: CNN

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာ

    မဲလ်ဘုန်းမြို့လယ်ကောင်တွင် ဓားဖြင့်လိုက်ထိုးမှုကြောင့် လူတစ်ဦးသေဆုံး
    ==============
    သြစတေးလျနိုင်ငံမှာ မနေ့က ဆိုမာလီနွယ်ဖွား အမျိုးသားတစ်ဦး ဓားနဲ့လိုက်ထိုးမှုအကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်သူဟာ မြို့လယ်ကောင်မှာ ဂက်စ်အိုးတွေတင်ထားတဲ့ကားကိုး မီးရှို့ခဲ့ပြီး မပေါက်ကွဲခဲ့ဘဲ အဲဒီနောက်မှာ ဒီအမျိုးသားက လမ်းသွားလမ်းလာတွေကို ဓားနဲ့လိုက်ထိုးခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကနေ ရရှိတဲ့ဒဏ်ရာကြောင့် ဓားသမားဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ သြဇီအာဏာပိုင်တွေက ဒီအဖြစ်အပျက်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ ပြောပေမယ့် ဓားသမားဟာ ဘယ်အဖွဲ့အစည်းနဲ့မှ တိုက်ရိုက် ပတ်သက်မှုမရှိဘူးလို့ ဆိုပါတယ်။

    ရုရှားအတွက် သူလျှိုလုပ်ပေးမှုဖြင့် သြစတြီးယားက ဗိုလ်မှူးဟောင်းတစ်ဦးကို စစ်ဆေး
    ==================
    ရုရှားအတွက် ၁၉၉၀ ပြည့်နှစ်တွေကတည်းက သူလျှိုလုပ်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဗိုလ်မှူးဟောင်းတစ်ဦးကို စစ်ဆေးနေတယ်လို့ သြစတြီးယားဝန်ကြီးချုပ် ဆီဘက်စတီယန် ကာ့ဇ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဥရောပနိုင်ငံတွေကို ရုရှားက လျှို့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ်ဆိုတဲ့သတင်းဟာ အရင်ကလည်း ထွက်ခဲ့ဖူးပြီး နယ်သာလန်က သူတို့နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ ဓာတုလက်နက် ထိန်းချုပ်ရေးရုံးချုပ်ကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဖို့ ကြံစည်တယ်ဆိုတဲ့စွဲချက်နဲ့ ဧပြီလမှာ ရုရှားနိုင်ငံသား ၄ ဦးကို နှင်ထုတ်ခဲ့ပါတယ်။ ကာ့ဇ်က နယ်သာလန်ကိစ္စနဲ့ အခု သြစတြီးကိစ္စသာ အမှန်တွေဖြစ်မယ်ဆိုရင် ဥရောပနဲ့ ရုရှားအကြား ဆက်ဆံရေးတိုးတက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး ဖြေရှင်းချက် တောင်းထားပါတယ်။

    သီရိလင်္ကာသမ္မတက လွှတ်တော်ကို ဖျက်သိမ်း၊ ဇန်န၀ါရီတွင် ရွေးကောက်ပွဲကျင်းပမည်
    ==================
    သီရိလင်္ကာ သမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ဇန်န၀ါရီ ၅ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်လို့ မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဆရီဆီနာဟာ ပြီးခဲ့တဲ့လက အခြေခံဥပဒေနဲ့ဆန့်ကျင်ကာ ၀န်ကြီးချုပ် ရာနီးလ် ၀စ္စကရီမီဆင်ဟီကို ရာထူးကထုတ်ပယ်ခဲ့ပြီး သမ္မတဟောင်း ရာဂျာပက်ဆာကို ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သီရိလင်္ကာမှာ နိုင်ငံရေးမတည်မငြိမ်မှု စဖြစ်လာခဲ့ပြီး အခုလို လွှတ်တော်ကို ဖျက်သိမ်းမှုဟာ အခြေအနေကို ပိုဆိုးသွားစေနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။

    အာဖဂန်ငြိမ်းချမ်းရေးအတွက် ရုရှားတွင် ဆွေးနွေး
    ===============
    အမေရိကန်ရဲ့ ကျူးကျော်မှုအပြီး အာဖဂန်မှာ ၁၇ နှစ်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ရုရှားကဦးဆောင်ပြီး မနေ့က ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား တိုက်ရိုက် ငြိမ်းချမ်ရေးဆွေးနွေးဖို့ သဘောတူညီချက် မရခဲ့ပါဘူး။ ရုရှားဟာ ဒီအစည်းအဝေးအတွက် အမေရိကန်၊ အီရန်၊ တရုတ်၊ ပါကစ္စတန်နဲ့ အလယ်အာရှက နိုင်ငံ ၅ နိုင်ငံကို ဖိတ်ကြားခဲ့ပါတယ်။  ဒီဆွေးနွေးပွဲကို အိန္ဒိယကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ပြီး အာဖဂန်ကိစ္စမှာ အိန္ဒိယက ပထမဆုံးပါဝင်မှု ဖြစ်ပါတယ်။ ကာတာအခြေစိုက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာကလည်း အမေရိကန်ကိုယ်စားလှယ်နဲ့ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Aljazeera

  • သြဇီမှ အသက် ၁၆ နှစ်အရွယ်လူငယ်က Apple ကုမ္ပဏီ၏ ကွန်ပျူတာကွန်ယက်ကို ဖောက်ထွင်း

    သြဇီမှ အသက် ၁၆ နှစ်အရွယ်လူငယ်က Apple ကုမ္ပဏီ၏ ကွန်ပျူတာကွန်ယက်ကို ဖောက်ထွင်း

    သြဂုတ် ၁၈၊ ၂၀၁၈
    M-Media

    – ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ရဲ့ ကွန်ပျူတာကွန်ယက်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး ဖိုင်တွေ၊ သုံးစွဲသူတွေရဲ့ အချက်အလက်အသေးစိတ်တွေကို ရယူခဲ့တယ်လို့ သြစတေးလျက ဆယ်ကျော်သက် ကျောင်းသားတစ်ဦးက ၀န်ခံလိုက်ပါတယ်။

    အသက် ၁၆ နှစ်သာရှိသေးတဲ့ အဲဒီလူငယ်လေးဟာ မဲလ်ဘုန်းမြို့ ဆင်ခြေဖုန်းကဖြစ်ပြီး Apple ရဲ့ လုံခြုံရေးစနစ်ကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ဖန်တီးကာ ပမာဏ ၉၀ ဂီဂါဘိုက်လောက်ရှိတဲ့ ဖိုင်တွေကို ဒေါင်းလုတ်ချခဲ့တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က သူ့ရဲ့နေအိမ်ကို ၀င်ရောက်ရှာဖွေရာမှာ hacky hack hack ဆိုတဲ့ ဖိုလ်ဒါအောက်မှာ သိမ်းဆည်းထားတဲ့ ဖိုင်ပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဥပဒေကြောင်းအရ ဒီလူငယ်လေးရဲ့အမည်ကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    လူငယ်လေးကတော့ သူဟာ Apple ကို နှစ်ခြိုက်မိပြီး အပျော်သဘောနဲ့ ဖောက်ထွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    Age ဆိုတဲ့ သတင်းစာက ဖော်ပြရာမှာ သိမ်းဆည်းရမိတဲ့ Apple ကွန်ပျူတာ နှစ်လုံးက serial နံပါတ်တွေဟာ Apple ရဲ့ စနစ်ထဲကို ၀င်ရောက်တဲ့ နံပါတ်တွေနဲ့ သွားတူနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    မဲလ်ဘုန်းက ကလေးသူငယ်တရားရုံးမှာ ဒီအမှုကို ကြားနာခဲ့ရာမှာ ကျူးလွန်သူလူငယ်ရဲ့ ရှေ့နေဖြစ်သူက သူ့အမှုသည်ဟာ အပျော်သက်သက် ဖောက်ထွင်းခဲ့တာဖြစ်ကြောင်း၊ ဟက်ကာတွေရဲ့ အတွင်းစည်းမှာ အရေးပါသူတစ်ယောက် ဖြစ်တဲ့အတွက် ဒီကိစ္စရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်တာဟာ အမှုသည်အတွက် အန္တရာယ်ရှိစေမှာဖြစ်ကြောင်း လျှောက်လှဲခဲ့ပါတယ်။

    ဒီဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး Apple က အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI ကို တိုင်ကြားခဲ့ပြီး FBI ကတစ်ဆင့် သြစတေးလျရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ Apple ကတော့ ဖောက်ထွင်းမှုအတွင်း ဘာတွေပါသွားလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    Ref: RT